← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

🌹Chapter 285

ယန်ရုန်ရုန် အေးစက်စွာ ရယ်မောရင်း သူနှင့် ဆက်ပြီးငြင်းခုံမနေချင်တော့သဖြင့် ပေါ့ပေါ့တန်တန်သာ ပြန်ပြောလိုက်သည်။

“မနှိပ်စက်ဖူးဘူးဆိုလည်း မနှိပ်စက်ဖူးဘူးပေါ့”

အတိတ်က အတိတ်မှာ ကျန်ခဲ့ပြီဖြစ်၍ သူမ ထပ်ပြီး မတူးဆွချင်တော့ပါ။

သို့သော် ရှုယင်ကတော့ သူ့မှာအပြစ်မရှိကြောင်းကို သေသေချာချာ ရှင်းပြဖို့ ကြိုးစားနေဆဲပင်။

“အရိပ်နန်းတော်ထဲကနေ မင်းထွက်သွားချင်ရင် ငါ့ကိုပွင့်ပွင့်လင်းလင်း ပြောခဲ့လို့ရတာပဲ၊ ဒါပေမယ့် မင်းတစ်ခါမှ ထုတ်မပြောခဲ့တော့ ငါ့လိုပဲ မင်းကလည်း အပြင်ထွက်ရတာ သဘောမကျတဲ့သူလို့ ငါထင်ခဲ့တာလေ”

အပြင်လောက,က အလွန်ဆူညံပြီး ရှုပ်ထွေးလှပါသည်။ ထို့ကြောင့် ရှုယင် မလိုအပ်ဘဲ အပြင်လူတွေနှင့် မပတ်သတ်ချင်ပါ။

အရိပ်နန်းတော်က အလွန်တိတ်ဆိတ်မှုရှိသည်။ ဒီနေရာမှာဆို သူနှစ်သက်သည့် အရာများကို အနှောင့်အယှက်မရှိဘဲ အာရုံစိုက်ထားနိုင်သကဲ့သို့ လူမှုဆက်ဆံရေးအတွက် ပင်ပန်းရမည်ကိုလည်း စိတ်ပူစရာ မလိုအပ်ပါ။ ထို့ကြောင့် ဒီနေရာမှာ နေထိုင်ရခြင်းက အလွန်သက်တောင့်သက်သာ ရှိသည်ဟု ရှုယင်ခံစားမိပါသည်။

ယန်ရုန်ရုန် မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ဪ အဲ့လိုဆိုရင် အပြစ်ရှိတာ ကျွန်မပေါ့ ဟုတ်လား”

သူမ အရွဲ့တိုက်နေမှန်း လူတိုင်းသိနိုင်သော်လည်း ရှုယင်ကတော့ အမှန်တကယ် ခေါင်းညိတ်လိုက်ပြီး သူမစကားကို ထောက်ခံလိုက်လေသည်။

ထို့အပြင် သူမကို နှစ်သိမ့်ပေးဖို့ပင် ကြိုးစားနေသေးသည်။

“မင်းအပြစ်ကို မင်းသိတာ ကောင်းပါတယ်၊ နောက်ဆို မင်းဖြစ်ချင်တာရှိရင် ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်၊ မျိုသိပ်ထားစရာမလိုဘူး”

မျက်လုံးများ နာကျင်သွားသည်အထိ ယန်ရုန်ရုန် မျက်စပစ်လိုက်မိသည်။ ရှုယင်ကို သူမ လက်မထောင်ပြလိုက်ပါသည်။

“ရှင်က တစ်ခုခုတော့ တစ်ခုခုပဲ! ကျွန်မ အရှုံးပေးလိုက်ပါပြီ!”

ရှုယင်၏ မျက်နှာက ခံစားချက်မဲ့နေဆဲဖြစ်ပြီး အသံကလည်း အေးစက်နေဆဲပင်။

“မင်းနဲ့ငါ့အကြားမှာ အနိုင်တွေ အရှုံးတွေဆိုတာ မရှိဘူး”

ယန်ရုန်ရုန် ဒေါသထွက်လွန်းသဖြင့် ဟက်ဟက်ပက်ပက် ရယ်မောမိပါသည်။

“အခု ရှင့်ကိုယ်ရှင် သိပ်ပြီး မှန်ကန်နေတယ်လို့ ထင်နေတာလား”

“ငါထင်တာကို ငါပြောပြတာပါ၊ ငါမှားတယ်လို့ မင်းထင်ရင် ငါဝန်ခံပေးမယ်၊ မင်းဆန္ဒရှိတဲ့အတိုင်း ငါပြောင်းလဲပေးနိုင်တယ်”

သူမှားမှန်း ဝန်ခံမည်ဟု နှုတ်မှပြောနေသော်လည်း သူ့ရင်ထဲမှာတော့ သူ့ကိုယ်သူ အမှားလုပ်ထားခြင်းမရှိကြောင်း ယုံကြည်နေမှန်း ယန်ရုန်ရုန် ကောင်းကောင်းသိပါသည်။

သူ့ဦးနှောက်က သာမန်လူတစ်ဦးလို အလုပ်လုပ်ခြင်း မဟုတ်သည့်အပြင် သူ့ယုံကြည်ချက်နှင့်သူ နေထိုင်နေသူဖြစ်သဖြင့် သာမန်အတိုင်း စကားပြောဆိုဆက်ဆံ၍ မဖြစ်နိုင်တော့ပေ။

ဒီတိုင်းသာ ဆက်ငြင်းခုံနေပါက ကမ္ဘာကြီးအဆုံးသတ်သွားလျှင်တောင် အဖြေထွက်လာဦးမှာ မဟုတ်ပါ။

ယန်ရုန်ရုန် အသက်ဝဝရှူလိုက်ပြီး ဒေါသကို ချုပ်တည်းလိုက်ကာ စကားလမ်းကြောင်းပြောင်းလဲလိုက်ပါသည်။

“ရှင့်ဖာသာရှင် ပြောင်းချင်ပြောင်း မပြောင်းချင်နေ၊ ကြိုက်သလိုသာလုပ်၊ ကျွန်မနဲ့ ဘာမှ မသက်ဆိုင်ဘူး၊ အခုလောလောဆယ် ဟယ့်ပျယ်ချင်းနဲ့ပတ်သတ်တဲ့အကြောင်းတွေ ကျွန်မ အကုန်ကြားချင်တယ်”

သူမ မျက်နှာကို ရှုယင် မျက်တောင်မခတ် စိုက်ကြည့်ရင်း မေးလိုက်သည်။

“မင်းအခုထိ မပျော်သေးဘူး၊ ဘာဖြစ်လို့လဲ”

ယန်ရုန်ရုန် မျက်နှာသေနှင့် အေးစက်စွာ ပြန်ဖြေလိုက်သည်။

“အဲ့တာ ရှင့်အလုပ်မဟုတ်ဘူး၊ ဟယ့်ပျယ်ချင်းအကြောင်းသာ ပြောပြစမ်းပါ”

ရှုယင်က လူတွေနှင့် ပတ်သတ်ဆက်ဆံရသည်ကို သဘောမကျပါ။ လူ့နှလုံးသားက ရှုပ်ထွေးပြီး ခန့်မှန်းရခက်လှသည်။ လူ့စိတ်ကို သူခန့်မှန်း၍ မရသလို ခန့်မှန်းချင်စိတ်လည်းမရှိပေ။

သို့သော် သူ့တွင် အလွန်စူးရှသည့် အာရုံခံစားမှုတစ်ခု ရှိနေသည်။ ယခု ယန်ရုန်ရုန် စိတ်မပျော်မရွှင် ဖြစ်နေမှန်း သူအာရုံခံနိုင်ပါသည်။

သို့သော် ရှုယင် နားမလည်နိုင်ပေ။ သူ့ဘက်က အလျှော့ပေးထားပြီး ‘မှားကြောင်း’ ဝန်ခံပြီးသည့်တိုင် သူမ ဘာကြောင့် မပျော်မရွှင်ဖြစ်နေရသေးသည်ကို လုံးဝ နားမလည်နိုင်ပါ။

စဉ်းစား၍မရတော့သဖြင့် ရှုယင် စိတ်ရှုပ်ထွေးမှုများကို ခေတ္တ ဘေးဖယ်ထားလိုက်တော့သည်။

“ဒီနေရာမှာ စကားပြောလို့ အဆင်မပြေဘူး၊ မင်းမြေအောက်ခန်းကို မကြိုက်ဘူးဆိုရင် အပေါ်ထပ်မှာ ခဏသွားထိုင်ရအောင်”

အရိပ်နန်းတော်၏ အပေါ်ထပ်များကို ရှုယင် လက်ညှိုးထိုးပြလိုက်သည်။ အပေါ်ထပ်များတွင် တံခါးများ၊ ပြူတင်းပေါက်များ ရှိသဖြင့် အပြင်ဘက်က ရှုခင်းများကို မြင်နိုင်ပါသည်။ ထို့ကြောင့် မြေအောက်ခန်းများလောက် စိတ်ဖိစီးစရာမကောင်းပါ။

ယန်ရုန်ရုန် သဘောတူလိုက်သည်။ သူမတို့အဖွဲ့ နန်းတော်ထဲသို့ ဝင်လာခဲ့ပြီး အပေါ်ထပ်သို့ တက်လာခဲ့ပါသည်။

ယန်ရုန်ရုန် စားပွဲတစ်လုံးတွင် ထိုင်လိုက်သည်နှင့် တစ္ဆေရုပ်သေးတစ်ကောင် ရောက်လာပြီး အခါးရည်နှင့် ဝိညာဉ်သစ်သီးများကို သယ်ဆောင်လာခဲ့သည်။ ထိုတစ္ဆေရုပ်သေးက ပန်းရောင်ဝတ်စုံလေး ဝတ်ထားသည့် ငယ်ငယ်ရွယ်ရွယ် လှလှပပ မိန်းကလေးတစ်ဦးဖြစ်သည်။

သူမ၏ လှုပ်ရှားမှုများက ပေါ့ပါးသွက်လက်ကာ သာမန်လူတစ်ယောက်နှင့် မခြားလှပါ။ သို့သော် အနီးကပ် ကြည့်ရှုလိုက်သောအခါ သူမ၏ အသားအရေက အလွန်ဖြူဖျော့လွန်းနေပြီး နှုတ်ခမ်းတွင် အရောင်အသွေးကင်းမဲ့ကာ မျက်လုံးများက အသက်မဲ့နေပါသည်။

အစားအသောက်များကို စားပွဲပေါ် သိမ်သိမ်မွေ့မွေ့ တည်ခင်းပေးပြီးနောက် ခေါင်းငုံ့လျက် အသံတစ်သံမှ မထွက်ဘဲ ပြန်လှည့်သွားခဲ့သည်။

ယန်ရုန်ရုန် ဝိညာဉ်သစ်သီးများကို ငှက်ပေါက်လေး၊ လျို့လန်နှင့် မုထုန်တို့ထံ တွန်းပို့ပေးလိုက်ပါသည်။ သူတို့သုံးယောက် ပျော်ပျော်ကြီး စားသောက်ခဲ့ကြသည်။

သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ရှုယင်ကို ကြည့်ကာ ယန်ရုန်ရုန်ပြောလိုက်သည်။

“အခု ပြောလို့ရပြီမလား”

ရှုယင်က သူ့ညာဘက်လက်ကို ကမ်းပေးသည်။

“မင်းလက်ပေး”

ယန်ရုန်ရုန် သူ့ကို မယုံသင်္ကာကြည့်လိုက်သည်။

“ဘာလုပ်ဖို့လဲ”

“ဟယ့်ပျယ်ချင်းရဲ့ မှတ်ဉာဏ်တွေကို မျှဝေပေးမလို့လေ”

“ဒီတိုင်း ပါးစပ်နဲ့ပြောလို့မရဘူးလား”

“ငါဒီတိုင်း ပါးစပ်နဲ့ပြောရင် မင်းယုံမှာလား”

ယန်ရုန်ရုန် သေချာစဉ်းစားလိုက်ပြီး ယုံနိုင်မှာမဟုတ်ကြောင်း နားလည်သွားခဲ့သည်။ ရှုယင်အပေါ်တွင် သူမအမြဲတမ်း သံသယအနည်းငယ် ရှိခဲ့ခြင်းကြောင့် သူ့စကားလုံးများကို အပြည့်အဝ ယုံကြည်နိုင်မှာ မဟုတ်ပါ။

ရှုယင်က ရှင်းပြသည်။

“ကိုယ်တိုင်မျက်စိနဲ့ တပ်အပ်မြင်ရတဲ့အရာကိုသာ အပြည့်အဝ ယုံကြည်နိုင်မှာပေါ့၊ မဟုတ်ရင် မင်းငါ့ကို သံသယဝင်နေဦးမှာပဲ”

ယန်ရုန်ရုန် ခေတ္တတွန့်ဆုတ်သွားပြီးနောက် သူမ ညာဘက်လက်ကို ဆန့်ထုတ်ကာ သူ့လက်ဖဝါးထဲ ထည့်ပေးလိုက်ပါသည်။

ရှုယင်၏ လက်ချောင်းများက အလွန်သွယ်လျပြီး လက်ဖဝါးက အေးစက်နေသည်။ သူ့လက်ချောင်းများကို အုပ်ကာ သူမလက်ကို ဆုပ်ကိုင်လိုက်သောအခါ ရေခဲတိုက်ထဲ ရောက်ရှိသွားသလို ယန်ရုန်ရုန် ခံစားခဲ့ရသည်။

အလွန့်အလွန် အေးစက်နေသဖြင့် ယန်ရုန်ရုန့် လက်ချောင်းများ အလိုလို ကွေးသွားခဲ့ပါသည်။

ရှုယင်က သူမကို မော့ကြည့်သည်။ “အေးလို့လား”

ယန်ရုန်ရုန်က အသေးအဖွဲကိစ္စများအတွက် အချိန်မဖြုန်းချင်သဖြင့် အမြန်တိုက်တွန်းလိုက်သည်။

“မအေးပါဘူး၊ စ,စရာရှိတာသာ မြန်မြန်စ”

သူမ အမှန်အတိုင်းပြောနေခြင်း ဟုတ်မဟုတ် အကဲခတ်နေသည့်အလား သူမ မျက်နှာကို ရှုယင်သေချာ စိုက်ကြည့်နေပါသည်။ ခေတ္တကြာသောအခါ သူ့လက် ရုတ်တရေက် နွေးထွေးလာသည်ကို ယန်ရုန်ရုန် ခံစားလိုက်ရသည်။

သူမ အံ့အားသင့်မိပါသည်။ ရှုယင်နှင့် သူမ စတင်ဆုံတွေ့စဉ်ကတည်းက သူ့လက်မှာ နွေးထွေးမှုစိုးစင်းမျှ မရှိဘဲ အမြဲတမ်း လူသေတစ်ဦးလို အေးစက်နေခဲ့သည်။ သူ့ထံမှ နွေးထွေးမှုကို ခံစားရဖူးသည်မှာ ယခုက ပထမဆုံးအကြိမ် ဖြစ်နိုင်ပါသည်။

ယန်ရုန်ရုန့် လက်ချောင်းလေးများ ပြေလျော့သွားသည်ကို ရှုယင် သတိထားမိပြီး သူ့ခန့်မှန်းချက် မှန်ကန်သွားကြောင်း သိလိုက်ပါသည်။ သူမက အအေးကြောက်တတ်သည်။ ထိုအချက်ကို သူ့စိတ်ထဲ သေသေချာချာ မှတ်သားထားလိုက်ပါသည်။

“မျက်လုံး မှိတ်လိုက်”

ဘေးမှာ ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြသည့် ကလေးသုံးယောက်ကို ယန်ရုန်ရုန် လှည့်ကြည့်လိုက်သည်။ သူတို့သာ အနားမှာရှိနေလျှင် ရှုယင် မကောင်းကြံမှာကို သူမ စိတ်ပူစရာမလိုပါ။

ထို့ကြောင့် ယန်ရုန်ရုန် မျက်လုံးများကို မှိတ်လိုက်သည်။ လက်ဖဝါးမှတဆင့် သူမ ခန္ဓာကိုယ်ထဲသို့ အေးစိမ့်မှုအချို့ စီးဝင်လာသည်ကို ခံစားမိပါသည်။ ထို့နောက်တွင်တော့ ထူးခြားသည့် မှတ်ဉာဏ်အချို့ကို သူမ မြင်တွေ့ခဲ့ရသည်။

ထိုမှတ်ဉာဏ်များက ဟယ့်ပျယ်ချင်း၏ မှတ်ဉာဏ်များ ဖြစ်ကြသည်။ ဒီဘဝတွင် သူကြုံတွေ့ခဲ့ရသမျှ အရာအားလုံး သူမမျက်စိရှေ့တွင် ရုပ်ရှင်ပြသလို ပေါ်လာခဲ့သည်။

မွေးဖွားချိန်မှစ၍ အရွယ်ရောက်လာသည်အထိ နှစ်ရာချီအောင် ရှုပ်ထွေးသော အတွေ့အကြုံများပင်…။

ဟယ့်ပျယ်ချင်း၏ အမေက ဗျိုင်းမိစ္ဆာတစ်ကောင်ဖြစ်ပြီး လူသားတစ်ဦးနှင့် ချစ်ကြိုက်မိကာ ဟယ့်ပျယ်ချင်းကို မွေးဖွားခဲ့သည်။ ထိုလူသားက ဝိညာဉ်ရင်းမြစ်မရှိသည့် သာမန်လူသားတစ်ဦးဖြစ်၍ သူ့သက်တမ်းက အလွန် တိုတောင်းလွန်းပါသည်။

အဖေဖြစ်သူ အသက်အရွယ် ကြီးရင့်ပြီး သေဆုံးသွားသောအခါ ဟယ့်ပျယ်ချင်းက သူ့အမေနှင့်အတူ မိစ္ဆာနယ်မြေသို့ လိုက်ပါလာခဲ့သည်။

သို့သော် မိစ္ဆာမျိုးနွယ်က လူသားသွေးတစ်ဝက်ပါနေသော ထို ‘မျိုးမစစ်’ကလေးကို လက်မခံနိုင်ခဲ့ကြပါ။ ထို့ကြောင့် ငယ်စဉ်ဘဝကတည်းက နှိမ့်ချမှုများ၊ ခွဲခြားဆက်ဆံမှုများကို ဟယ့်ပျယ်ချင်း ခံစားခဲ့ရသည်။

ပျော့ညံ့သည့် လူသားတစ်ဦးနှင့် ချစ်ကြိုက်ခဲ့သော သူ့အမေကိုလည်း တစ်ကြိမ်မက အပြစ်တင်ခဲ့ဖူးပါသည်။ သူ့အဖေသာ မိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်ခဲ့လျှင်၊ သူ့ကိုယ်ထဲမှာ လူသားသွေးတွေသာ စီးဆင်းမနေခဲ့လျှင် သူ့ဘဝ ဒီလောက်ခက်ခဲခဲ့မှာ မဟုတ်ပါ။

အမေဖြစ်သူ၏ ဘဝကလည်း မိစ္ဆာကျင့်ကြံသူများအကြားတွင် မလွယ်ကူလှပေ။ သို့သော် သားဖြစ်သူအတွက် အခက်အခဲအားလုံးကို တောင့်ခံခဲ့ပါသည်။ သို့သော် သားဖြစ်သူကပင် သူမဘက်တွင် ရှိမနေသည်ကို သိလိုက်ရပြီးနောက် စိတ်ဓာတ်ကျကာ ကျန်းမာရေး ဆိုးရွားလာခဲ့ပြီး ဝမ်းနည်းပူဆွေးမှုများနှင့်အတူ သေဆုံးသွားခဲ့ရတော့သည်။

သူမ သေဆုံးပြီးနောက် ဟယ့်ပျယ်ချင်းကို စောင့်ရှောက်မည့်လူ မရှိတော့ဘဲ သူ့ဘဝက ပိုမိုဆိုးရွားလာခဲ့ပါသည်။ သူ့ကို ငှက်မွေးမျိုးနွယ်က မောင်းထုတ်ခဲ့ကြသဖြင့် ခြေဦးတည့်ရာ လေလွင့်ခဲ့ရသည်။

တစ်နေ့တွင် စွမ်းအားမြင့်ဝိညာဉ်သားရဲတစ်ကောင်၏ ပိုင်နက်အတွင်းသို့ မတော်တဆ ဝင်သွားခဲ့မိကာ အမဲလိုက်ခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရရှိလျက် သေလုမျောပါး ဖြစ်ခဲ့ရပါသည်။

ဟယ့်ပျယ်ချင်း သေအံ့ဆဲဆဲ ဖြစ်နေချိန်တွင် ကောင်းကင်ပေါ်မှ ‘ကောင်းကင်ဘုံအရှင်သခင်’တစ်ပါး ဆင်းသက်လာပြီး ကယ်တင်ပေးခဲ့လေသည်။

🌹Chapter 286

ဟယ့်ပျယ်ချင်း၏ မှတ်ဉာဏ်အတွင်း ထိုကောင်းကင်ဘုံအရှင်သခင်၏ ပုံရိပ်မှာ အလွန်အမင်း ဝေဝါးနေပါသည်။ သူ့တစ်ကိုယ်လုံးကို အဖြူရောင်အလင်းများက ဖုံးလွှမ်းထားသဖြင့် ယောက်ျားတစ်ဦး၏ အသွင်ရှိကြောင်းကိုသာ ခန့်မှန်းနိုင်သည်။

ထိုကောင်းကင်ဘုံအရှင်သခင်က ဟယ့်ပျယ်ချင်း၏ ဒဏ်ရာများကို ကုသပေးခဲ့ရုံတင်မကဘဲ သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် လူသားသွေးတစ်ဝက်ကိုပါ ဖယ်ရှားပေးကာ မိစ္ဆာစစ်စစ် ဖြစ်လာစေခဲ့သည်။

ထို့ကြောင့် ဟယ့်ပျယ်ချင်းမှာ ဖော်မပြတတ်အောင် ဝမ်းမြောက်သွားခဲ့ပြီး သူ့ဘဝတစ်ခုလုံးနှင့်ရင်းကာ ကောင်းကင်ဘုံ အရှင်သခင်ကို ကျေးဇူးပြန်ဆပ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ကမ္ဘာပေါ်သို့ ‘ကပ်ဘေးသယ်ဆောင်သူ’တစ်ဦး ရောက်ရှိလာတော့မည်ဟု ကောင်းကင်ဘုံအရှင်သခင်က ဆိုခဲ့သည်။

ကောင်းကင်ဘုံတာအို၏ စွန့်ပယ်ခြင်းကို ခံထားရသည့် ထိုသတ္တဝါက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ပျက်သုဉ်းသွားစေမည့် မဟာကပ်ဘေးကြီးတစ်ခုအား သယ်ဆောင်လာလိမ့်မည်ဟု ဆိုသည်။

ထိုကပ်ဘေးကို တားဆီးပြီး သက်ရှိသတ္တဝါအားလုံးကို ကယ်တင်ပေးဖို့အတွက် ကောင်းကင်ဘုံအရှင်သခင်က ‘ကံကြမ္မာသားတော်များ’ဟူသည့် အဖွဲ့တစ်ဖွဲ့ကို ရွေးချယ်တည်ထောင်ခဲ့သည်။

၎င်းတို့၏ တာဝန်က တစ်ခုတည်းသာ ရှိပါသည်။ ‘ကပ်ဘေးသယ်ဆောင်သူ’အား ဘယ်လိုနည်းလမ်းမျိုးနှင့်မဆို သုတ်သင်ပစ်ဖို့ပင်။

ဟယ့်ပျယ်ချင်းကလည်း ထိုကံကြမ္မာသားတော်များထဲမှ ရွေးချယ်ခံသားတော်တစ်ယောက် ဖြစ်သည်။ ကံကြမ္မာသားတော်တစ်ဦးဖြစ်ခွင့်ရသည်ကို အလွန်ဂုဏ်ယူနေခဲ့ပြီး သူ့ကို ပေးအပ်ထားသည့် တာဝန်အား ကျေပွန်အောင် အစွမ်းကုန်ထမ်းဆောင်မည်ဟု သစ္စာဆိုခဲ့ပါသည်။

ကောင်းကင်ဘုံအရှင်သခင်က အမျိုးသမီးတစ်ဦး၏ ပုံတူပန်းချီကို ဟယ့်ပျယ်ချင်းအား ပေးအပ်ခဲ့ပြီး ထိုပန်းချီထဲရှိ အမျိုးသမီးက ‘ကယ်ဘေးသယ်ဆောင်သူ’ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုပုံတူပန်းချီကို ယန်ရုန်ရုန် သေချာအာရုံစိုက်လိုက်ပါသည်။ ထိုပန်းချီထဲရှိ အမျိုးသမီး၏ ရုပ်ရည်ကို သူမ အလွန်တရာမှ ရင်းနှီးနေလေသည်။

သူမကိုယ်တိုင် ဖြစ်နေခြင်းကြောင့်ပင်။

ထို့နောက် ဗျိုင်းဖြူငှက်မွေးကလောင်တံကို ဟယ့်ပျယ်ချင်းအား ချီးမြှင့်ရင်း ကောင်းကင်ဘုံအရှင်သခင်က ညွှန်ကြားခဲ့သည်။

“ဒီကလောင်တံက လောကနိယာမတွေကို ပြောင်းလဲနိုင်စွမ်းရှိတယ်၊ ‘ကပ်ဘေးသယ်ဆောင်သူ’ကို သုတ်သင်တဲ့အခါမှာ အကူအညီဖြစ်ပါလိမ့်မယ်၊ ဒီတာဝန်ပြီးမြောက်တဲ့အခါ မင်းရဲ့နာမည်ကို ငါ့မှတ်တမ်းထဲမှာ ကျိန်းသေပေါက် ရေးထွင်းပေးမယ်၊ အဲ့ဒီအခါ မသေမျိုးဖြစ်လာဖို့ဆိုတာလည်း မခဲယဉ်းတော့ပါဘူး”

ဟယ့်ပျယ်ချင်းက ထိုကလောင်တံကို အဖိုးအတန်ဆုံး ရတနာတစ်ပါးလို လက်ခံခဲ့ပြီး ကျေးဇူးတင် ဝမ်းမြောက်လွန်းသဖြင့် မျက်ရည်ပင် ကျခဲ့ရသည်။

ဟယ့်ပျယ်ချင်း မြေပေါ်တွင် ပြားပြားဝပ်လျက် ကောင်းကင်ဘုံအရှင်သခင်ကို နှုတ်ဆက်ခဲ့သည်။

ထို့နောက်ပိုင်း ကောင်းကင်ဘုံအရှင်သခင်ကို ဟယ့်ပျယ်ချင်း ထပ်မတွေ့ရတော့ပါ။ ငှက်မွေးမျိုးနွယ်စုဆီ သူပြန်လာခဲ့ပြီး မိစ္ဆာစစ်စစ်ဖြစ်သွားခဲ့ပြီဖြစ်၍ အခြားမိစ္ဆာများ၏ ခွဲခြားဆက်ဆံမှုကိုလည်း မခံရတော့ပေ။

အခြားမိစ္ဆာကျင့်ကြံသူတွေလိုပဲ သာမန်ဘဝကို နေထိုင်ခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ထဲတွင် လူသားသွေးများ ရှိခဲ့ဖူးသည်ဟူသော ရာဇဝင်ကိုပင် အားလုံး မေ့လျော့သွားခဲ့ကြပါသည်။

ဟယ့်ပျယ်ချင်း ဝီရိယရှိရှိ ကျင့်ကြံခဲ့သည်။ အဆက်အသွယ်များလည်း တည်ဆောက်ခဲ့သည်။ လူမှုဆက်ဆံရေး ကောင်းမွန်ပြီး ဂုဏ်သတင်းလည်း မွှေးသဖြင့် နှောင်းမိစ္ဆာဘုရင်ကြီး၏ ယုံကြည်မှုကို ရရှိကာ မိစ္ဆာမျိုးနွယ်အကြီးအကဲ ရာထူးကို ရရှိခဲ့ပါသည်။

လွန်ခဲ့သည့် နှစ် ၅၀ ခန့်က မိစ္ဆာမိဖုရား သေဆုံးသွားပြီးနောက် နှောင်းမိစ္ဆာဘုရင် စိတ်ဓာတ်ပြိုလဲကာ နာမကျန်း ဖြစ်ခဲ့ရသည်။

အကြီးအကဲတစ်ဦးဖြစ်သည့် ဟယ့်ပျယ်ချင်းက နှောင်းမိစ္ဆာဘုရင်ကို အနီးကပ်ပြုစုခွင့်ရခဲ့ပါသည်။ သို့သော် နှောင်းမိစ္ဆာဘုရင်၏ အခြေအနေမှာ တိုးတက်မလာသည့်အပြင် ပိုပိုပြီး ဆိုးရွားလာခဲ့သည်။

မိစ္ဆာမိဖုရားကြီး၏ သေဆုံးမှုကြောင့် နှောင်းမိစ္ဆာဘုရင် ရင်ကွဲနာကျနေသည်ဟု မိစ္ဆာကျင့်ကြံသူအားလုံးက ယုံကြည်ထားကြသော်လည်း နောက်ကွယ်တွင်တော့ ဟယ့်ပျယ်ချင်းက မိစ္ဆာဘုရင်၏ ကျန်းမာရေးကို ပိုမိုဆိုးရွားအောင် လုပ်ကြံနေခြင်း ဖြစ်ပါသည်။

မိစ္ဆာမျိုးနွယ်အတွင်း ပြည်တွင်းစစ်များဖြစ်ပွားသောအခါ ဟယ့်ပျယ်ချင်း အခွင့်အရေးကို အရယူပြီး ဟမ်ယဲ့ထံသို့ လုပ်ကြံသတ်ဖြတ်သူများ စေလွှတ်ခဲ့သည်။ သို့သော် လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်ခဲ့ဘဲ ဟမ်ယဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါသည်။

ထို့နောက်ပိုင်း ဟမ်ယဲ့ကိုအမဲလိုက်ဖို့အတွက် နေရာတိုင်းသို့ လုပ်ကြံသတ်ဖြတ်သူများ ဟယ့်ပျယ်ချင်း စေလွှတ်ခဲ့သည်။ ယန်ရုန်ရုန်၏ ကာကွယ်ပေးမှုကြောင့် ဟမ်ယဲ့မှာ လုပ်ကြံသတ်ဖြတ်သူများလက်မှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ရပါသည်။

ထိုမျှသာမကသေးဘဲ ယန်ရုန်ရုန်၏ အကူအညီဖြင့် မိစ္ဆာမျိုးနွယ်စုထံ ဟမ်ယဲ့ ပြန်လာနိုင်ခဲ့ကာ မိစ္ဆာဘုရင်အဖြစ် ထီးနန်းကို ပိုင်ဆိုင်ရရှိခဲ့သည်။

ဟယ့်ပျယ်ချင်းက ဟန်ဆောင်ကောင်းခဲ့သဖြင့် သူ့သရုပ်မှန်ကို ဘယ်သူမှ မမြင်ခဲ့ကြပါ။ မိစ္ဆာမျိုးနွယ်၏ ဂုဏ်သတင်းမွှေးသော အကြီးအကဲတစ်ဦးအဖြစ် အချိန်အတော်ကြာအောင် တည်ရှိနေနိုင်ခြံသည်။

မျိုးနွယ်စုအတွင်းရှိ ပဋိပက္ခပြဿနာများကြောင့် ယန်ရုန်ရုန်၏ ဘေးကင်းလုံခြုံမှုအတွက် ဟမ်ယဲ့ စိတ်မချသဖြင့် ဟယ့်ပျယ်ချင်းလက်ထဲ ယုံယုံကြည်ကြည်နှင့် အပ်နှံခဲ့ပါသည်။

“အခု ပဋိပက္ခတွေက အရမ်းပြင်းထန်နေတယ်၊ ငါ့ဘေးမှာ ကျူးကျူးဆက်နေရင် ဘေးကင်းမှာ မဟုတ်ဘူး၊ သူ့ကို အပြင်ဘက်မှာ ခဏလောက် နေခိုင်းရလိမ့်မယ်၊ သူ့ကို ငါ့ကိုယ်စား မင်းပဲစောင့်ရှောက်ပေးပါ၊ အခုချိန်မှာ ငါယုံကြည်နိုင်တာဆိုလို့ မင်းတစ်ယောက်တည်းပဲ ရှိတယ်၊ ကျူးကျူး အန္တရာယ်ကြုံလာရတဲ့အခါ ငါ့ကို ချက်ချင်း သတိပေးပါ”

ထိုတာဝန်ကို ဟယ့်ပျယ်ချင်း တလေးတစား လက်ခံခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ကျူးကျူးက မိစ္ဆာဘုရင်မအသစ်ဖြစ်ချင်၍ ဟမ်ယဲ့ကို နှောင့်ယှက်နေခြင်းဖြစ်သည်ဟူသော ကောလဟာလများ ချက်ချင်း လွှင့်ခဲ့ပါသည်။

ထို့ကြောင့် ကျူးကျူးကို မိစ္ဆာကျင့်ကြံသူများက အလွန်မုန်းတီးသွားကြပြိး နှိပ်ကွပ်ခဲ့ကြသည်။ ဟမ်ယဲ့ထံမှ ဖြေရှင်းချက် သွားတောင်းဖို့ ယန်ရုန်ရုန် ကြံရွယ်ခဲ့သော်လည်း သူမကို ဝင်ခွင့်မပေးဖို့နှင့် ဟမ်ယဲ့ အလုပ်များနေကြောင်း ပြောဖို့ ဟယ့်ပျယ်ချင်းက အမိန့်ပေးခဲ့သည်။

ထို့နောက် ယန်ရုန်ရုန်ပိုင်ဆိုင်သည့် ပစ္စည်းအားလုံးကို မိစ္ဆာတစ်ထောင်နန်းတော်အတွင်းမှ လွှင့်ပစ်ခဲ့လေသည်။

ယန်ရုန်ရုန် ခိုကိုးရာမဲ့သွားပြီး သွားစရာနေရာလည်း မရှိတော့သဖြင့် ပူကျစ်တောင်မှာသာ သွားပုန်းနေခဲ့ရပါသည်။ ဟမ်ယဲ့ကို မျက်နှာလိုမျက်နှာရလုပ်ချင်သည့် မိစ္ဆာကျင့်ကြံသူအချို့က ဟယ့်ပျယ်ချင်း၏ မြှောက်ပင့်ပေးမှုကြောင့် ပူကျစ်တောင်သို့ ရောက်လာပြီး ယန်ရုန်ရုန်နေထိုင်သည့် လှိုဏ်ဂူကို တိုက်ခိုက်ခဲ့ကြသည်။

သူမ သေဆုံးသွားလောက်ပြီဟု ဟယ့်ပျယ်ချင်းထင်ထားခဲ့သော်လည်း ယန်ရုန်ရုန် လွတ်မြောက်လာခဲ့ပါသည်။

ယန်ရုန်ရုန် မတော်တဆကျန်ခဲ့သည့် ရွှမ်ကျီးကလောင်တံက ဟယ့်ပျယ်ချင်းလက်ထဲ ကျရောက်သွားခဲ့သည်။ သူမ အသက်ရှင်နေသေးလျှင် ထိုကလောင်တံကို ပြန်လာရှာမည်မှန်းသိသဖြင့် ကျောက်ပြာရေကန်ထဲ ထည့်ကာ ထောင်ချောက် ဆင်ထားခဲ့ပါသည်။

နှစ်ပေါင်း ၅၀ ခန့် ကြာသောအခါ သူထင်ထားသည့်အတိုင်းပဲ မိစ္ဆာနယ်မြေသို့ ယန်ရုန်ရုန် ပြန်ရောက်လာခဲ့သည်။ ထို့ကြောင့် ဟူချင်းပိုင်ကို တိတ်တဆိတ် ဆက်သွယ်ကာ ကျောက်ပြာရေကန်ထဲတွင် အသင့်စောင့်နေခိုင်းခဲ့သည်။

ယန်ရုန်ရုန် ရေကန်ထဲ ရောက်ရှိလာသောအခါ ဟူချင်းပိုင်က လုပ်ကြံသတ်ဖြတ်ရမည်။ ဟယ့်ပျယ်ချင်း၏ အစီအစဉ်က ဟာကွက်ကင်းကာ ပြီးပြည့်စုံခဲ့သော်လည်း ယန်ရုန်ရုန့်တွင် စနစ်ရှိနေမှန်း သူ မသိခဲ့ချေ။

စနစ်၏ အကူအညီဖြင့် အချိန်ကို နောက်ပြန်ဆုတ်နိုင်ခဲ့ခြင်းကြောင့် ယန်ရုန်ရုန် အသက်ရှင်သန်ခဲ့ရုံတင်မကဘဲ ဟူချင်းပိုင်၏ သရုပ်မှန်ကိုပါ ဖော်ထုတ်နိုင်ခဲ့သည်။

အချိန်တွေ ကုန်ဆုံးနေပြီဖြစ်ကာ သဲလွန်စများကို ချိတ်ဆက်မိပြီး သူ့ထံ ဟမ်ယဲ့ရောက်ရှိလာတော့မည်ဖြစ်ကြောင်းကို ဟယ့်ပျယ်ချင်း သိနေသဖြင့် ချက်ချင်း လှုပ်ရှားခဲ့ရသည်။

ယန်ရုန်ရုန်နှင့် ဟမ်ယဲ့တို့ ခိုက်ရန်ဖြစ်ပွားပြီး လမ်းကွဲသွားကြတော့အခါ ဟယ့်ပျယ်ချင်း အခွင့်အရေးတစ်ခု ရရှိလိုက်သလို ခံစားလိုက်ရသည်။ သူ့ကို မျှားခေါ်ဖို့ ယန်ရုန်ရုန် ထောင်ချောက်ဆင်ထားခြင်း ဖြစ်နေလျှင်တောင် သူထောင်ချောက်ထဲ ပြေးဆင်းရပါလိမ့်မည်။

ယန်ရုန်ရုန် သေသွားသည်နှင့် သူ့တာဝန်ပြီးမြောက်သွားတော့မည်။ သူ့အသက်ကို စတေးရမည်ဆိုလျှင်တောင် မဟာကပ်ဘေးကြီးတစ်ခုကို သူတားဆီးပေးနိုင်ပါလိမ့်မည်။ ထို့ကြောင့် မှန်ကန်သည့် လမ်းစဉ်ကို လျှောက်လှမ်းခဲ့သဖြင့် မြင့်မြတ်သည့် သေဆုံးခြင်း ဖြစ်ပေလိမ့်မည်။

-

ဟယ့်ပျယ်ချင်း၏ မှတ်ဉာဏ်များ အဆုံးသတ်သွားခဲ့သည်။ ယန်ရုန်ရုန် မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ရှုယင်၏ ‌အေးစက်စက် မှောင်မိုက်သော အကြည့်များကို မြင်လိုက်ရပြန်သည်။

သူမ လက်ကို ပြန်ဆွဲယူကာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပါသည်။

ဟူချင်းပိုင်ကော၊ ဟယ့်ပျယ်ချင်းကော သူမကို ကပ်ဘေးသယ်ဆောင်သူတစ်ယောက်ဟု ယုံကြည်ခဲ့ကြသည်။ သူတို့ကိုယ်သူတို့ ကမ္ဘာကြီးကို ကာကွယ်နေသည်ဟု ယုံကြည်ခဲ့ကြသည်။ မှန်ကန်သည်ဟု ထင်သောလမ်းကို သူတို့ လျှောက်လှမ်းခဲ့ကြပြီး သေအံ့ဆဲဆဲအချိန်မှာပင် နောင်တမရခဲ့ကြပါ။

ထိုကဲ့သို့ စိတ်ဓာတ်မျိုးက အမှန်တကယ် သူရဲကောင်းဆန်လှပါသည်။

‘သူတို့က သူရဲကောင်းတွေဆိုရင် ငါကဘာလဲ…’

သူမ ဘာအမှားမှ မလုပ်ခဲ့ပါ။ ဘယ်ကရောက်လာမှန်းမသိသည့် ‘ကောင်းကင်ဘုံအရှင်သခင်’ဆိုသူက သူမကို ကပ်ဘေးသယ်ဆောင်သူဟု အမည်တပ်လိုက်ရုံနှင့် သူမ သေဆုံးပေးရမည်တဲ့လား…။

‘လုံးဝ မဖြစ်စေရဘူး!’

ယန်ရုန်ရုန် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ကောင်းကင်ဘုံက သူမကို သေစေချင်သည် ဆိုလျှင်တောင် ကံစီမံရာကို သူမ လက်မခံနိုင်ပါ။

ထိုကောင်းကင်ဘုံအရှင်သခင်က သူမ၏ အသက်ကို လိုချင်နေသည်။ ထို့ကြောင့် သူဘယ်သူဘယ်ဝါပဲ ဖြစ်နေပါစေ သူမ၏ ရန်သူဖြစ်သွားပါပြီ။ သူမက ရန်သူတိုင်းကို မသက်ညှာတတ်ပေ။

ဟယ့်ပျယ်ချင်း၏ မှတ်ဉာဏ်များကို မြင်ပြီးသားဖြစ်သည့် ရှုယင်ကလည်း နောက်ကွယ်မှကြိုးကိုင်သူမှာ ထိုကောင်းကင်ဘုံအရှင်သခင်ဖြစ်မှန်း သိနေပါပြီ။

ဆုံးဖြတ်ချက်ပြတ်သားနေသော သူမ၏ မျက်ဝန်းများကို ငေးကြည့်ရင်း သူမေးလိုက်သည်။

“မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ”

ယန်ရုန်ရုန် မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

“နတ်ဘုရားသိပ်လုပ်ချင်နေတဲ့ အဲ့ဒီ ကောင်းကင်ဘုံအရှင်သခင်ကို မိအောင်ဖမ်းပြီး သတ်ပစ်ရမှာပေါ့!”

“ကပ်ဘေးသယ်ဆောင်သူရဲ့ ဇာစ်မြစ်ကို အရင်စုံစမ်းမယ်လို့ ငါထင်ထားတာ”

ယန်ရုန်ရုန် လှောင်ပြုံးပြုံးလိုက်သည်။

“လူတစ်ယောက်ကို အပြစ်ရှိသူအဖြစ် အမည်တပ်ချင်ရင် ကပ်ဘေးသယ်ဆောင်သူမကလို့ ဘယ်လိုအမည်ပဲဖြစ်ဖြစ် တပ်လို့ရတယ်၊ ကျွန်မက ကပ်ဘေးသယ်ဆောင်သူဖြစ်နေလည်း ဂရုမစိုက်ဘူး၊ ကျွန်မကို သတ်ချင်တဲ့လူတိုင်းကို ကျွန်မကလည်း ပြန်သတ်မှာပဲ!”

ထိုလူက ကောင်းကင်ဘုံအရှင်သခင် အမှန်တကယ်ဖြစ်နေလျှင်ပင် ပလ္လင်ပေါ်မှဆွဲချပြီး ငရဲထိရောက်အောင် သူမကိုယ်တိုင် ပို့ဆောင်ပေးပါမည်။

All Chapters