အခန်း (၂၈၇-၂၈၈)
Vol. 29 Ch. 287-288
🌹Chapter 287
ရှုယင်၏ မှတ်ဉာဏ်ထဲတွင်တော့ ယောင်ယောင်ဟူသည်မှာ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သူဖြစ်ကာ အမြဲတမ်း ဂရုတစိုက် ယုယပေးရမည့် လှပသည့် ကြွေရုပ်ကလေးတစ်ရုပ်လိုပင်။
သို့သော် ယခု သူ့ရှေ့တွင်ထိုင်နေသည့် ယန်ရုန်ရုန်ကတော့ ဆုံးဖြတ်ချက်ပြတ်သားပြီး အင်အားလည်းကြီးမားသည်။ ကလဲ့စားချေလိုစိတ်လည်း ပြင်းထန်သည်။
အန္တရာယ်များသည့် ရန်သူနှင့် ရင်ဆိုင်ရသည့်အချိန်မှာပင် ကြောက်ရွံ့မှုအလျှင်းမရှိပေ။ ချပ်ဝတ်တန်ဆာဆင်မြန်းထားသည့် သူရဲကောင်းတစ်ယောက်ပမာ မဆိုင်းမတွ ရှေ့ဆက်တိုးဖို့ အသင့်ဖြစ်နေသည်။
ဒါကသာ သူမ၏ ပုံစံအစစ်အမှန်ဖြစ်မှန်း ရှုယင် နားလည်လိုက်ပါသည်။
ယခင်က သူမြင်ခဲ့ရသည့်အရာအားလုံးမှာ သူမ သေသေချာချာဖန်တီးခဲ့သည့် မျက်နှာဖုံးတစ်ခုသာ…။
ယန်ရုန်ရုန် မတ်တပ်ထရပ်လိုက်သည်။ “သွားကြစို့”
ရှုယင်က ချက်ချင်း မထသေးဘဲ သူမကို ရီဝေစွာ ငေးကြည့်နေသည်။ “ဘယ်ကိုသွားမှာလဲ”
အသိသာဆုံးအဖြေတစ်ခုကို ပေးနေရသကဲ့သို့ ယန်ရုန်ရုန် စိတ်မရှည်စွာ ပြန်ဖြေလိုက်ပါသည်။
“ပိုင်ကျဲနတ်သားရဲကိုရှာဖို့ လျှို့ဝှက်နယ်မြေကို သွားရမှာပေါ့! အဲ့ဒီနတ်သားရဲက အရာရာကို သိမြင်နိုင်တယ်ဆို၊ အဲ့ဒီ ‘ကောင်းကင်ဘုံ အရှင်သခင်’ရဲ့ သရုပ်မှန်ကို သိရအောင် သွားမေးမလို့လေ”
“လောစရာမလိုပါဘူး၊ ရေလေးဘာလေးသောက်ပြီး ခဏလောက်နားပါဦး”
ပြောပြောဆိုဆိုနှင့် ယန်ရုန်ရုန့်ထံသို့ အခါးရည်ခွက်တစ်ခွက် တွန်းပေးလိုက်ပါသည်။
ဗျိုင်းဖြူငှက်မွေးကလောင်တံမှ ဖန်တီးထားသည့် ပုံပြင်ကမ္ဘာထဲ ယန်ရုန်ရုန် သုံးဘဝစာလောက် ဖြတ်သန်းခဲ့ရသည်။ ထိုပုံပြင်ကမ္ဘာထဲမှ လွတ်မြောက်လာပြီးနောက် အသက်ပင်ဝဝ မရှူအားဘဲ ရှုယင်နှင့်အတူ ဝိညာဉ်နယ်မြေသို့ လိုက်လာခဲ့ရပြီး ဟယ့်ပျယ်ချင်း၏ မှတ်ဉာဏ်တွေထဲ ဝင်ရောက်ခဲ့ရသေးသည်။
တစ္ဆေရုပ်သေးများက အခါးရည်နှင့် စားဖွယ်ရာများ တည်ခင်းပေးခဲ့သော်လည်း သူမတစ်ချက်ပင် လှည့်မကြည့်အားခဲ့ပါ။
ထိုမျှလောက်ထိ အလျှင်လိုစရာမလိုဟု ရှုယင် ထင်မိသည်။ အရိပ်နန်းတော်အတွင်း ရက်အနည်းငယ်လောက် အနားယူပြီးမှ လျှို့ဝှက်နယ်မြေသို့ သွားရောက်သင့်ပါသည်။
လျှို့ဝှက်နယ်မြေက ထွက်ပြေးသွားမှာလည်း မဟုတ်ပေ။
သို့သော် ယန်ရုန်ရုန်ကတော့ အနားယူချင်စိတ်မရှိပါ။ သူမလက်ကို ဝှေ့ယမ်းပြီး အခါးရည်ခွက်အား ငြင်းဆန်လိုက်ပါသည်။
“ကျွန်မ ရေမဆာဘူး”
ယခင်က ရှုယင်ကို သူမဒီလိုအချိုးမျိုးနှင့် တစ်ခါမှ မဆက်ဆံဖူးပါ။ ထိုအချိန်တုန်းက ယန်ရုန်ရုန် အားနည်းပျော့ညံ့သည့် အဖြူရောင်ပန်းကလေးပမာ ဟန်ဆောင်ခဲ့ရပြီး သူခိုင်းသမျှ အကုန်လုပ်ပေးခဲ့ရသည်။
သူမထံမှ သွေးထုတ်ယူမည်ဆိုလျှင်တောင် မခုခံခဲ့ဘဲ တိတ်တဆိတ် လိုက်လျောပေးခဲ့ပါသည်။
သို့သော် ယခုတော့ သူမ ပွင့်ပွင့်လင်းလင်း ငြင်းဆန်တတ်နေပါပြီ။ ရှုယင်ကို မျက်နှာသာ နည်းနည်းလေးမှ မပေးနိုင်တော့ပါ။
ထူးဆန်းသည်မှာ ရှုယင်ကလည်း စိတ်မဆိုးပေ။ သူမ စိတ်ထဲရှိရာအတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောသရွေ့ သူကျေနပ်ပါသည်။ မဟုတ်ပါက သူမအတွေးတွေကို သူဖောက်မြင်နိုင်မှာ မဟုတ်ပေ။
လျှို့ဝှက်နယ်မြေကို ယန်ရုန်ရုန် အမြန်ဆုံးသွားချင်နေသဖြင့် ရှုယင်လည်း သူမဆန္ဒကို လိုက်လျောပေးပြီး မတ်တပ်ထရပ်လိုက်ပါသည်။
“သွားကြစို့”
ယန်ရုန်ရုန် ထွက်သွားဖို့ပြင်နေသည်ကိုမြင်ပြီး လျို့လန်လည်း ကျန်ရှိနေသေးသော ဝိညာဉ်သစ်သီးများကို တစ်လုတ်တည်း မျိုချပစ်လိုက်သည်။ ထို့နောက် ပါးစပ်ကို သုတ်ကာ ငှက်ပေါက်လေးနှင့် မုထုန်တို့အား လက်တစ်ဖက်စီဖြင့် ဆွဲပြီး ခပ်မြန်မြန်လိုက်လာခဲ့တော့သည်။
သူတို့အဖွဲ့ အရိပ်နန်းတော်အပြင်သို့ ရောက်သောအခါ ရှုယင်က တိမ်နက်များကို ဆင့်ခေါ်ခဲ့သည်။
ထိုတိမ်နက်များက ယန်ရုန်ရုန်တို့အပေါ် ဆင်းသက်လာပြီး အားလုံးကို လွှမ်းမိုးသွားခဲ့သည်။ ကမ္ဘာကြီးအမှောင်ကျသွားသလို ခံစားလိုက်ရပြီး ယန်ရုန်ရုန် ဘာမှ မမြင်ရတော့ပေ။
ဒါ ရှုယင်ကိုယ်တိုင် ဖန်တီးထားသည့် နတ်ရတနာပျံတစ်ခုဖြစ်မှန်း သူမသိပါသည်။ ဤတိမ်နက်များတွင် ကိုယ်တိုင် လမ်းကြောင်းရှာဖွေနိုင်စွမ်းရှိကာ တစ်ရက်လျှင် မိုင်ပေါင်းထောင်နှင့်ချီပြီး ခရီးနှင်နိုင်စွမ်း ရှိသည်။
မြန်လည်းမြန်ဆန်၊ ငြိမ်လည်းငြိမ်သက်ပြီး ဝိညာဉ်ကျောက်တုံးဖြင့် အားဖြင့်ဖို့လည်း မလိုအပ်ပေ။ တစ်ခုတည်းသော အားနည်းချက်ဟူ၍ ပျံသန်းနေစဉ် အမြင်အာရုံကို တိမ်များက ဖုံးလွှမ်းထားသဖြင့် ဘာကိုမှမမြင်နိုင်ခြင်းသာ ရှိသည်။
ရှုယင်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့စဉ်တုန်းက သူ ထိုတိမ်နက်များကို အသုံးပြုပြီး သူမကို အရိပ်နန်းတော်သို့ ခေါ်ဆောင်လာခဲ့ပါသည်။ ထိုစဉ်က နူးညံ့ပျော့ပြောင်းသည့် ပန်းကလေးတစ်ပွင့်ပမာ ဟန်ဆောင်နေရသဖြင့် တစ်လမ်းလုံး တုန်ယင်နေခဲ့ပြီး ရှုယင်နား အားကိုးတကြီးနှင့်သာ ကပ်နေခဲ့ရသည်။
သို့သော် ယခုတော့ တိမ်နက်ပေါ်တွင် သူမတစ်ကိုယ်တည်း လက်ပိုက်ရင်း ခိုင်ခိုင်မာမာ ရပ်တည်နေသည်။ သူမဘေးတွင် သူရှိသည်ဟု ရှုယင်အကြိမ်ကြိမ် နှစ်သိမ့်ပေးခဲ့သော်လည်း ယန်ရုန်ရုန် အသိအမှတ်လုံးဝ မပြုခဲ့ပါ။
တိမ်နက်များ လွင့်စင်သွားသောအခါ အားလုံး၏ အမြင်အာရုံထဲ အလင်းရောင်ပြန်လည် ဝင်ရောက်လာခဲ့သည်။
ယန်ရုန်ရုန် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ဆီးနှင်းများဖုံးလွှမ်းနေသည့် တောင်ထိပ်တစ်ခုကို ရောက်ရှိနေမှန်း သိလိုက်ရပါသည်။
အေးစက်သည့် လေပြင်းများက သားရဲဟိန်းသံပမာ တဝေါဝေါ တိုက်ခတ်နေသည်။ သူမကို ဝိညာဉ်စွမ်းအင်များက ကာကွယ်ပေးထားသဖြင့် အအေးဒဏ်ကို ကြောက်စရာမလိုသော်လည်း လေပြင်းကြောင့် သူမဆံနွယ်နှင့် ဝတ်ရုံများ ရှုပ်ပွသွားခြင်းကတော့ စိတ်ရှုပ်စရာကောင်းပါသည်။
ယန်ရုန်ရုန် လိပ်ခွံအဆောင်စက္ကူတစ်ရွက်ကို ဆုတ်ဖြဲလိုက်သည်။ ထိုအခါ ကိုယ်ပျောက်လိပ်ခွံတစ်ခု ပေါ်လာပြီး သူမတို့ တစ်ဖွဲ့လုံးကို ကာကွယ်ပေးလိုက်သဖြင့် လေပြင်းဒဏ်မှ သက်သာရာရသွားခဲ့ကြသည်။
ရှုယင်က ရှေ့မှ ဦးဆောင်လမ်းပြပေးခဲ့သည်။ ဒီနေရာကြီးမှာ မူလက ရေကန်တစ်ကန်ဖြစ်သော်လည်း အအေးဒဏ်ကြောင့် ရေများခဲပြီး ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ချောမွတ်နေသည့် ရေခဲပြင်ပေါ် ရှုယင် ခြေလှမ်းကျယ်ကျယ် လှမ်းနေလေသည်။
ယန်ရုန်ရုန်၊ လျို့လန်နှင့် မုထုန်တို့လည်း နောက်မှ လိုက်လာကြသည်။ ငှက်ပေါက်လေးကတော့ ပျံသန်းရမှာ ပျင်းရိနေသဖြင့် ယန်ရုန်ရုန့်ပခုံးပေါ်တွင်သာ နားပြီးလိုက်လာခဲ့ပါသည်။
ဒီနေရာကြီးက အတော်လေး ဝေးလံခေါင်ဖျားပြီး လူသူကင်းမဲ့လွန်းသဖြင့် လမ်းတစ်လျှောက်လုံး လူရိပ်တစ်ရိပ်ပင် မမြင်ခဲ့ရပေ။
ယန်ရုန်ရုန်က ရုတ်တရက် မေးလိုက်သည်။
“ရှင်ပြောတော့ ဝိညာဉ်ကျင့်ကြံသူတွေအများကြီး ရတနာရှာဖို့ လျှို့ဝှက်နယ်မြေထဲ အလုအယက်ဝင်ခဲ့ကြတာဆို၊ သူတို့ ဘာဖြစ်သွားကြလဲ၊ ဘာတွေရှာတွေ့ခဲ့ကြလဲ”
ရှုယင် နောက်ပြန်လှည့်မကြည့်ဘဲ ဖြေလိုက်သည်။ “တစ်ယောက်မှ ပြန်ထွက်မလာခဲ့ဘူး”
ယန်ရုန်ရုန့် ခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ ထိုအကြောင်းအရင်းကြောင့်ပဲ မကြာသေးခင်က သူမ ဇဝေဇဝါဖြစ်ခဲ့ရပါသည်။
လျှို့ဝှက်နယ်မြေအကြောင်းကို သိကြသည့် ဝိညာဉ်ကျင့်ကြံသူပေါင်းများစွာ ရှိနေလျှင် ဒီနေရာမှာ လူစည်ကားနေသင့်သည်။ ယခုတော့ တစ်ဦးတစ်ယောက်မှ ရှိမနေပေ။
အမှန်တော့ ဝင်သွားကြသည့် ဝိညာဉ်ကျင့်ကြံသူများ တစ်ယောက်မှ ပြန်မထွက်မလာနိုင်ခဲ့ခြင်းကြောင့်သာ…။
ရတနာများက ဆွဲဆောင်မှုရှိသော်လည်း အသုံးပြုဖို့အတွက် ကိုယ်တိုင်အသက်ရှင်နေမှ ဖြစ်ပါမည်။ ရှေ့တွင် သာဓကပေါင်းများစွာ ရှိနေသဖြင့် အခြားဝိညာဉ်ကျင့်ကြံသူများကလည်း စိတ်ရှိတိုင်း မဝင်ရဲကြတော့ပေ။
သို့သော် ချက်ချင်းဆိုသလို ယန်ရုန်ရုန် ခြေလှမ်းများ ပြန်စခဲ့ပါသည်။
‘အနာခံမှ အသာစံရမှာတဲ့’
ရှေ့တွင် နဂါးသိုက်၊ ကျားသိုက်များ ရှိနေလျှင်ပင် အဆုံးထိ လျှောက်လှမ်းရပါမည်။
သိပ်မကြာလိုက်ဘဲ ယန်ရုန်ရုန်တို့အဖွဲ့ အက်ကွဲကြောင်းကြီးတစ်ခုကို တွေ့ရှိသွားခဲ့ကြသည်။ ချောမွတ်နေသည့် ရေခဲပြင်ပေါ်တွင် အကြောင်းအရင်းတစ်ခုခုကြောင့် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်နေလေသည်။
အကျယ်အဝန်းက တစ်ကြိမ်လျှင် လူတစ်ယောက်စာလောက် ဝင်ဆံ့ပါသည်။
ရှုယင်က ထိုအက်ကွဲကြောင်းဘေးတွင် ရပ်တန့်လိုက်ပြီး နောက်မှလိုက်လာသည့် ယန်ရုန်ရုန့်ကို လှည့်ပြောလိုက်သည်။
“ရောက်ပြီ၊ လျှို့ဝှက်နယ်မြေက အထဲမှာပဲ”
အက်ကွဲကြောင်းက မှောင်မိုက်နေသဖြင့် ယန်ရုန်ရုန် အထဲကို မမြင်ရပါ။ သူမ ဝိညာဉ်ကျောက်တုံးတစ်တုံးထုတ်ကာ အောက်သို့ ပစ်ချလိုက်သည်။
မမြင်ရသည့် အားတစ်ခု၏ စုပ်ယူခြင်းကို ခံလိုက်ရသကဲ့သို့ အက်ကွဲကြောင်းထဲ ဝိညာဉ်ကျောက်တုံး ဒုတ်ခနဲမြည်အောင် ပြုတ်ကျသွားပြီး ပျောက်ကွယ်သွားခဲ့ပါသည်။
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်။ ဒီလျှို့ဝှက်နယ်မြေက ထူးခြားပါသည်။ ရှေ့တွင် ကံကောင်းခြင်းရှိနေမလား ကံဆိုးခြင်းရှိနေမလား မပြောနိုင်သဖြင့် အခြားဘယ်သူ့ကိုမှ မစွန့်စားစေချင်ပါ။
ထို့ကြောင့် ရှုယင်ကို မော့ကြည့်ပြီး သူမပြောလိုက်သည်။ “ရှင်ဒီမှာ နေခဲ့ပြီး အခြေအနေကို စောင့်ကြည့်ပေးထားပါ”
ရှုယင်က ငြင်းဆန်သည်။ “ဒါဝိညာဉ်နယ်မြေ၊ ငါ့ပိုင်နက်ပဲ၊ ဒီနေရာကို မင်းတို့အားလုံးထက် ငါအကျွမ်းတဝင် ပိုရှိတယ်၊ အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်လာရရင် ငါနည်းလမ်းတစ်ခုခု အမြန်စဉ်းစားနိုင်တယ်”
သူ့စကားက အဓိပ္ပာယ်ရှိပါသည်။ ထို့ကြောင့် လျို့လန်နှင့် မုထုန်တို့ဘက်သို့လှည့်ကာ ယန်ရုန်ရုန် ပြောလိုက်သည်။
“နင်တို့နှစ်ယောက် ဒီမှာနေခဲ့ပြီး အခြေအနေကြည့်ပေးထား”
လျိုု့လန် မပျော်မရွှင်ဖြစ်သွားသည်။ “မရဘူး! မေမေ့နဲ့ပဲ လိုက်ခဲ့ချင်တာ!”
ယန်ရုန်ရုန်က သူ့ခေါင်းလေးကို ပွတ်ပေးရင်း နူးညံ့သိမ်မွေ့စွာ ချော့ပြောလိုက်သည်။
“အပေါ်မှာတစ်ယောက်ယောက်တော့ နေပေးမှ ဖြစ်မှာလေ၊ ဒါမှ မေမေ စိတ်အေးအေးနဲ့ သွားလို့ရမှာပေါ့၊ မေမေ အကူအညီတောင်းတာကို လက်ခံပေးပါနော်၊ ဟုတ်ပြီလား”
အမေဖြစ်သူ၏ တောင်းဆိုချက်ကို လျို့လန် မငြင်းဆန်ရက်ခဲ့ပါ။ ထို့ကြောင့် စိတ်ပျက်လက်ပျက် ခေါင်းငုံ့ရင်း လက်ခံလိုက်ရတော့သည်။
“ပြီးရော…”
ယန်ရုန်ရုန် သူ့နဖူးလေးကို နမ်းလိုက်သည်။ “လျို့လန်လေးက လိမ္မာလိုက်တာ”
လျို့လန်မျက်နှာ နီမြန်းသွားပြီး သူမဝတ်ရုံစကို ဆွဲကာ ပူဆာလိုက်သည်။ “မေမေ မြန်မြန်သွားပြီး မြန်မြန် ပြန်လာခဲ့နော်၊ သားကိုအကြာကြီး စောင့်နေရအောင်မလုပ်နဲ့၊ သားစိတ်ပူမိမှာ”
သူ့ခေါင်းလေးကို ယန်ရုန်ရုန် ထပ်ပွတ်ပေးလိုက်သည်။ “အချိန်ကတော့ နည်းနည်းယူရမှာပေါ့၊ လုံခြုံတဲ့တစ်နေရာရာမှာ နားနေလိုက်လေ၊ ဒီမှာ ရပ်စောင့်နေစရာမလိုပါဘူး”
လျို့လန်က ခေါင်းမာနေသည်။။ “မနားဘူး! သားဘယ်မှမသွားဘူး! မေမေပြန်လာတဲ့အထိ ဒီမှာပဲစောင့်မှာ!”
ယန်ရုန်ရုန် မတတ်သာတော့ဘဲ သူ့ကို လိပ်ခွံအဆောင်စက္ကူအမြောက်အများသာ ပေးခဲ့တော့သည်။ တောင်ပေါ်တွင် လေအလွန်ထန်သဖြင့် ထိုအဆောင်များက လျို့လန်နှင့် မုထုန်တို့ကို ကာကွယ်ပေးပါလိမ့်မည်။
ထိုအဆောင်စက္ကူလေးများကို အဖိုးတန် ရတနာများလို လျို့လန် သိမ်းဆည်းလိုက်သည်။ ထို့အပြင် အစားအသောက်များနှင့် ပြည့်နှက်နေသည့် သိုလှောင်လက်စွပ်တစ်ကွင်းလည်း ယန်ရုန်ရုန် ပေးခဲ့ပါသည်။ လျို့လန် ပျော်ပျော်ကြီးလက်ခံလိုက်သည်။
ထို့နောက် ယန်ရုန်ရုန် ဆက်သွယ်ရေးအဆောင်တစ်ခုကို အသုံးပြုကာ လောလောကို ဆက်သွယ်လိုက်သည်။ ဟမ်ယဲ့ကို မိစ္ဆာတစ်ထောင်နန်းတော်သို့ လုံလုံခြုံခြုံပြန်လည်ပို့ဆောင်ပြီးပြီဖြစ်မှန်း အတည်ပြုနိုင်ခဲ့ပါသည်။
ယခု ဝိညာဉ်နယ်မြေထံသို့ လောလော ထွက်လာနေပြီဖြစ်သည်။ နှင်းဖုံးတောင်၏ တည်နေရာအတိအကျကို လောလောအား ပေးလိုက်ပြီး လျို့လန်၊ မုထုန်တို့နှင့် လာဆုံဖို့ ယန်ရုန်ရုန် ညွှန်ကြားလိုက်သည်။
အားလုံးကို စီစဉ်ပေးပြီးနောက် ငှက်ပေါက်လေးကို ခေါ်ဆောင်ပြီး အက်ကွဲကြောင်းထဲသို့ ယန်ရုန်ရုန် ခုန်ဆင်းသွားလေတော့သည်။ ရှုယင်လည်း တွန့်ဆုတ်မှုမရှိဘဲ နောက်မှ လိုက်သွားခဲ့ပါသည်။
🌹Chapter 288
အမှောင်ထုများ ကင်းစင်သွားသောအခါ မှိန်ပျပျအလင်းရောင်ရှိသည့် တောင်ဂူတစ်လုံးထဲ သူမတို့ ရောက်ရှိနေသည်ကို ယန်ရုန်ရုန် မြင်လိုက်ရသည်။
သူမ နတ်အာရုံကိုလွှင့်ကာ စစ်ဆေးကြည့်လိုက်သော်လည်း အံ့အားသင့်ဖိုကောင်းစွာဖြင့် လေထုထဲတွင် ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စပင် ရှိမနေခဲ့ချေ။
ဆိုလိုသည်က ဤနေရာတွင် ကျင့်ကြံသူများ မရှိကြသလို ကောင်းကင်ဘုံရတနာများ၊ ကမ္ဘာမြေရတနာများလည်း ရှိနေနိုင်မည် မဟုတ်ပေ။
ယန်ရုန်ရုန် မနေနိုင်ဘဲ မေးကြည့်လိုက်သည်။
“ရှင်တစ်ခုခု မှားမသွားတာ သေချာရဲ့လား၊ ဒီနေရာက လျှို့ဝှက်နယ်မြေ ဟုတ်ရဲ့လား”
ရှုယင်လည်း အနည်းငယ် ထူးဆန်းသလို ခံစားမိပါသည်။
“အရင်ဆုံး အပြင်ထွက်ကြည့်ကြရအောင်”
ရှေ့ကဦးဆောင်ပြီး ရှုယင် လှိုဏ်ဂူထဲမှ ထွက်သွားခဲ့သည်။ သို့သော် အဝနားသို့ ရောက်သောအခါ သူ့ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး အချိန်အတော်ကြာအောင် မှင်သေသွားခဲ့လေသည်။
ယန်ရုန်ရုန်လည်း သိချင်စိတ်ဖြင့် ခြေလှမ်းကို ခပ်သွက်သွက်လျှောက်ကာ လိုက်လာခဲ့ပါသည်။
လှိုဏ်ဂူ၏ အပြင်ဘက်တွင် တောပန်းလေးများပွင့်နေသည့် တောင်ပတ်လမ်းလေးတစ်ခုရှိသည်။ တောပန်းလေးများ၏ ပွင့်ဖတ်လေးများပေါ်တွင် လိပ်ပြာကလေးများ ပျံသန်းကခုန်နေပါသည်။
တောင်ပတ်လမ်း၏ တစ်ဖက်တစ်ချက်စီတွင် ကွင်းပြင်ကျယ်ကြီးများ ရှိနေသည်။ ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်တွင် ပိတ်ကြမ်းအင်္ကျီများ ဝတ်ဆင်ထားသည့် လယ်သမားများက လယ်ထဲတွင် အားသွန်ခွန်စိုက် အလုပ်လုပ်နေကြပါသည်။
တောင်ပတ်လမ်း၏အဆုံးတွင် တန်းစီနေသည့် တဲအိမ်လေးများကို မြင်ရသည်။ နေ့အချိန်ဖြစ်၍ အိမ်ရှင်မများက ချက်ပြုတ်ရင်း အလုပ်များနေကြသဖြင့် အိမ်တိုင်း၏ မီးခိုးတိုင်များမှ မီးခိုးငွေ့များ တရိပ်ရိပ် ထွက်ပေါ်လာနေပါသည်။
ရံဖန်ရံခါ စာကလေးများကလည်း လမ်းမပေါ်မှ ဖြတ်သန်းကာ ပျံသန်းသွားကြပြီး တကျိကျိ အော်မြည်သွားကြသည်။
ဘယ်လိုပဲကြည့်ကြည့် သာမန် လယ်တောရွာလေးတစ်ရွာ၏ မြင်ကွင်းများပင်။
သို့သော် ဒီနေရာက ရှေးဟောင်းနတ်သားရဲတစ်ကောင်ရှိနေသည့် လျှို့ဝှက်နယ်မြေ ဖြစ်သင့်ပါသည်။ ဝိညာဉ်ကျင့်ကြံသူများ မက်မောကြသည့် နတ်ရတနာများနှင့် ပြည့်နှက်နေသင့်သလို ဝင်လာသူတိုင်း ပြန်မထွက်နိုင်လောက်အောင် အန္တရာယ်များနေသင့်သည်။
သို့သော် ယခု သူတို့မြင်နေရသည့်မြင်ကွင်းက မျှော်လင့်ထားသည်နှင့် လားလားမှ မသက်ဆိုင်ပေ။
ယန်ရုန်ရုန် ထပ်မေးသည်။
“ကျွန်မတို့ နေရာမှန်ရောက်လာတာ သေချာရဲ့လား”
ရှုယင်ပင် ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာမိပါပြီ။ ‘ငါနေရာမှားသွားတာများလား…’
ယန်ရုန်ရုန် အသက်ဝဝရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားလိုက်သည်။
“ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် ဒီအထိရောက်လာပြီဆိုမှတော့ နည်းနည်းပါးပါး လျှောက်ကြည့်ကြတာပေါ့”
ယန်ရုန်ရုန် မြေကျုံ့အဆောင်စက္ကူတစ်ရွက်ကိုထုတ်ကာ ခန္ဓာကိုယ်ပေါ်တွင် ကပ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပါသည်။
သူမ ရွာဆီသွားဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်။ ဒီအဆောင်စက္ကူကို အသုံးပြုလျှင် ခြေတစ်လှမ်း လှမ်းလိုက်ရုံနှင့် မီတာ ၃၀ အကွာအဝေးကို တန်းရောက်နိုင်ပါသည်။ ထို့ကြောင့် အချိန်ကုန်သက်သာစေသည်။
သို့သော် ယန်ရုန်ရုန် ခြေလှမ်းလိုက်သည့်အခါ မီတာ ၃၀ အကွာသို့ ရောက်မသွားခဲ့ပေ။
ယန်ရုန်ရုန် ကြက်သေသေသွားပြီး အဆောင်စက္ကူကို ငုံ့ကြည့်လိုက်ပါသည်။ အဆောင်စက္ကူက သူမဝတ်ရုံပေါ်တွင် ကပ်နေဆဲဖြစ်သည်။
‘အဆောင်စက္ကူရှိနေသေးတာကို ဘာလို့အလုပ်မဖြစ်တာလဲ…’
သူမ ခေါင်းထဲ အတွေးတစ်ခုဝင်ရောက်လာခဲ့သည်။
‘ဧကန္တ ဒီနေရာမှာ အဆောင်စက္ကူတွေ သုံးလို့မရတာများလား’
ထိုသီအိုရီကို စမ်းသပ်ဖို့အတွက် ယန်ရုန်ရုန် အဆောင်စက္ကူမျိုးစုံကို ထုတ်လိုက်ပြီး တစ်ခုချင်း အသုံးပြုကြည့်လိုက်သည်။ ရလဒ်များကတော့အတူတူပင်။ တစ်ခုမှ အာနိသင်မရှိခဲ့ပါ။
အဆောင်စက္ကူများသာမကဘဲ သူမ၏ အခြားနတ်ရတနာများကိုလည်း သုံး၍ မရခဲ့ပေ။
ရှုယင်ကို သူမ လှည့်ကြည့်လိုက်သည်။ သူမ၏ တိတ်တဆိတ် တောင်းဆိုမှုကို နားလည်သွားသည့်အလား ရှုယင် ညာဘက်လက်ကို မြှောက်လိုက်ပါသည်။
သူ့လက်ဖဝါးပေါ်တွင် ဝိညာဉ်ဆင့်ခေါ်တံခွန်တိုင် ပေါ်လာခဲ့သည်။ ထို့နောက် လက်သင်္ကေတဖော်ဆော်ကာ တစ္ဆေဝိညာဉ်များကို ဆင့်ခေါ်ဖို့ ကြိုးစားလိုက်ပါသည်။
အချိန်အတော်ကြာအောင် စောင့်ပြီးသည့်တိုင်အောင် တစ္ဆေတစ်ကောင်မှ ရောက်မလာခဲ့ပေ။
ယခုတော့ ရှုယင်ပါ မျက်မှောင်ကြုတ်သွားရလေပြီ။
ပုံမှန်အားဖြင့် နေရာတစ်ခုတွင် လူအချို့ သေဆုံးဖူးလျှင် ကျိန်းသေပေါက် တစ္ဆေများရှိနေပါလိမ့်မည်။ တစ္ဆေများ ရှိနေလျှင် ရှုယင် ဆင့်ခေါ်နိုင်လိမ့်မည်။
ယခု တစ္ဆေတစ်ကောင်မှ ရောက်မလာသဖြင့် ဒီနေရာတွင် လူတစ်ဦးတစ်ယောက်မှ မသေဖူးသည့်သဘော သက်ရောက်နေလေသည်။
သို့သော် မဖြစ်နိုင်ပါ။ လူ့ဘဝတွင် အို၊ နာ၊ သေခြင်းတရားများကို ရှောင်လွှဲ၍ မရပေ။ ကျင့်ကြံသူများဖြစ်နေလျှင်ပင် သက်တန်းအကန့်အသတ်ရှိကြသည်။ ကျင့်ကြံဖို့မဖြစ်နိုင်သည့် ဝိညာဉ်စွမ်းအင်ကင်းမဲ့နေသော ဒီလိုနေရာမျိုးမှာဆို ပိုဆိုးပါလိမ့်မည်။
နှစ် ဆယ်ဂဏန်းသာ သက်တမ်းရှိကြသော သာမန်လူသားများ နေထိုင်သည့် နေရာတစ်ခုတွင် လူတစ်ဦးတစ်ယောက်မှ မသေဖူးသည်မှာ မဖြစ်နိုင်လှပေ။
ထို့နောက် သူကိုယ်တိုင် ဖန်တိးထားသည့် တစ္ဆေများကို ရှုယင်ဆင့်ခေါ်ဖို့ ကြိုးစားသည်။ မအောင်မြင်ခဲ့ပေ။
သူ့လက်အောက်ငယ်သားများကိုပင် ဆင့်မခေါ်နိုင်ခဲ့ပါ။
ရှုယင် မျက်မှောင်ကြုတ်သထက် ကြုတ်လာသည်။ “ဒီနေရာက တော်တော်ထူးဆန်းတာပဲ”
ခပ်လှမ်းလှမ်းတွင် ရှိနေသည့် တည်ငြိမ်အေးချမ်းလှသော ကျေးရွာလေးကို ငေးကြည့်ကာ ယန်ရုန်ရုန် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ထူးဆန်းတာ ကောင်းတဲ့လက္ခဏာပဲ၊ ကျွန်မတို့ နေရာမှားပြီး ရောက်လာတာမဟုတ်ဘူးဆိုတဲ့ သဘောပေါ့၊ သွားကြစို့၊ အဲ့ဒီရှေးဟောင်းနတ်သားရဲကို မြန်မြန်ရှာပြီး ကျွန်မ တွေ့ချင်နေတဲ့ နတ်သားရဲဟုတ်မဟုတ် စစ်ကြည့်ကြမယ်”
ယန်ရုန်ရုန် အဆောင်စက္ကူများကို ပြန်သိမ်းလိုက်ပြီး ရှေ့သို့ ဆက်လျှောက်လာခဲ့ပါသည်။
သူတို့ တောင်ပတ်လမ်းကလေးအတိုင်း လျှောက်လှမ်းလာခဲ့ကြသည်။ အနီးနားရှိ စမ်းချောင်းလေးထဲတွင် ငန်းမတစ်ကောင်က ငန်းသားပေါက်လေးများကို ဦးဆောင်ပြီး ကူးခတ်နေသည်။ စိမ်းစိုသော တောင်တန်းများ၊ ကြည်လင်သော စမ်းချောင်းကလေးများ၊ ရောင်စုံလိပ်ပြာကလေးများနှင့် နွေးထွေးသည့် လေပြည်လေညှင်းတို့ကြောင့် အတော်လေး စိတ်အပန်းပြေစရာကောင်းပါသည်။
ယန်ရုန်ရုန် သက်ပြင်းချမိသည်။ “ကျွန်မသာ သာမန်လူသားတစ်ယောက်ဆို ဒီလိုနေရာမျိုးမှာ နေချင်မိမှာပဲ”
သူမကို ရှုယင် လှည့်ကြည့်လိုက်သည်။ သူမက အရိပ်နန်းတော်ထဲတွင် သူနှင့်အတူ နှစ်ပေါင်း ၃၀ ခန့်ကြာအောင် နေထိုင်ခဲ့သူဖြစ်သည်။
ရှုယင်မှာ ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ပြီး အထီးကျန်ဆန်သည့် နေရာမျိုးကို သဘောကျသဖြင့် သူမလည်း သူ့လိုပဲ သဘောကျလိမ့်မည်ဟု ထင်ထားခဲ့မိပါသည်။
သို့သော် ဒီလို ရိုးရှင်းသည့် တောဓလေ့ ဘဝမျိုးကို သူမ သဘောကျနေလိမ့်မည်ဟု ရှုယင် တစ်ခါမှ မတွေးမိခဲ့ဖူးပါ။
လမ်းတွင် အသက် ၁၃ - ၁၄ နှစ်အရွယ်ရှိသည့် ကောင်မလေးတစ်ယောက်နှင့် သူတို့ဆုံခဲ့ရသည်။ ထိုကောင်မလေး၏ ဆံနွယ်ထဲတွင် အနီရောင်ချည်ပန်းလေးနှစ်ပွင့်ကို ထိုးထားပြီး အပြာရောင် ပန်းပွင့်ပုံစံ အင်္ကျီလေးကို ဝတ်ဆင်ထားသည်။
သူမ လက်မောင်းပေါ်တွင် အဝတ်အုပ်ထားသည့် ဝါးခြင်းလေးတစ်လုံးကိုလည်း ချိတ်ထားသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခြင်းထဲမှ ပန်းကန်ခွက်ယောက်အချင်းချင်း တိုက်ခတ်သံများ တချွင်ချွင် ထွက်ပေါ်နေပါသည်။
သူစိမ်းများကို မြင်သောအခါ ထိုကောင်မလေး ခြေလှမ်းများ ရပ်တန့်သွားသည်။ ယန်ရုန်ရုန့်ကို စိတ်ဝင်စားနေသော မျက်လုံးများဖြင့် အချိန်အတော်ကြာအောင် အကဲခတ်ပြီးနောက် ရှုယင်ထံ အကြည့်ရောက်သွားသောအခါ သူမ မျက်နှာမှာ အတော်လေး သတိကြီးသွားခဲ့ကာ ကြောက်ရွံ့မှုအနည်းငယ်ပင် ပေါ်လာပါသည်။
နောက်ဆုံးတော့ ယန်ရုန်ရုန့်ကို ပြန်ကြည့်လိုက်ပြီး သူမ မဝံ့မရဲ မေးလိုက်သည်။
“အစ်မတို့နှစ်ယောက်ကို မမြင်ဖူးဘူး၊ ကျွန်မတို့ ထောင်ယွမ်ရွာက မဟုတ်ကြဘူးမလား”
ထိုအမည်ကို ယန်ရုန်ရုန် မှတ်သားထားလိုက်ပါသည်။
‘ထောင်ယွမ်ရွာ(မက်မွန်ပွင့်ရွာ)တဲ့… လောကပြင်ပက နိဗ္ဗာန်ဘုံလေးပေါ့… နာမည်နဲ့ တကယ်လိုက်ဖက်ပါပေတယ်’
ယန်ရုန်ရုန် မဲ့ပြုံးပြုံးကာ ပြန်ဖြေလိုက်သည်။
“အစ်မတို့ တောင်ပေါ်မှာ ခရီးနှင်ရင်းနဲ့ လမ်းပျောက်သွားပြီး ဒီကို မတော်တဆ ရောက်လာခဲ့ကြတာပါ၊ ရွာထဲမှာ အစ်မတို့ ခဏလောက် နားလို့ရမယ့်နေရာလေးဘာလေး မရှိဘူးလား”
ကောင်မလေးက ရွာပြင်မှ သူစိမ်းများကို တစ်ခါမှမမြင်ဖူးသဖြင့် ကြောက်ရွံ့စိတ်ထက် စိတ်ဝင်စားမှုက အလေးသာသွားပြီး နွေးထွေးသွားခဲ့သည်။
“ကျွန်မတို့မိသားစု ခုလေးတင်ပဲ ချက်ပြုတ်ပြီးကြတာလေ၊ အစ်မတို့ ဆန္ဒရှိရင် ကျွန်မတို့အိမ်မှာ လာနားပြီး နေ့လယ်စာလေးဘာလေး စားလို့ရပါတယ်၊ ကျွန်မအမေချက်တဲ့ ဝက်သားဟင်းက အရမ်းကောင်းတာ!”
ယန်ရုန်ရုန် ကျေးဇူးတင်လိုက်သည်။ “အဲ့တာဆို အားနာနာနဲ့ လက်ခံရတော့မှာပဲ”
“ဒီမှာ ခဏလောက်စောင့်နော်၊ ကျွန်မအဖေဆီ နေ့လယ်စာသွားပို့လိုက်ဦးမယ်၊ ချက်ချင်း ပြန်လာခဲ့မယ်နော်”
ကောင်မလေး လယ်ကွင်းထဲ ပြေးဆင်းသွားပြီး ပေါက်ပြားကိုင်ထားသည့် လယ်သမားတစ်ဦးလက်ထဲ ဝါးခြင်းကို ထည့်ပေးလိုက်သည်။
သူတို့နှစ်ယောက် စကားခေတ္တပြောခဲ့ကြပြီး ကောင်မလေးက သူစိမ်းများထံသို့ လက်ညှိုးထိုးပြလိုက်သည်။ လယ်သမားကလည်း လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ကောင်မလေးကို စကားအနည်းငယ် မှာလိုက်ပါသည်။
ထို့နောက် ကောင်မလေး လက်ဗလာဖြင့် ပြန်ပြေးလာပြီး ယန်ရုန်ရုန်တို့ကို ပြုံးပြလိုက်သည်။
“ဒီကို ဧည့်သည်တွေလာတာ ရှားလို့ ကောင်းကောင်းဧည့်ခံရမယ်လို့ အဖေက မှာလိုက်တယ်၊ ကျွန်မနဲ့ လိုက်ခဲ့ကြနော်”
ရွာဆီလျှောက်လာရင်း သူမတို့အချင်းချင်း မိတ်ဆက်ခဲ့ကြသည်။ ကောင်မလေး၏ အမည်က ဟုန်ကောဖြစ်သည်။ သူမ၏ ပါးကလေးများက အမှန်တကယ်လည်း နှင်းဆီရောင်သန်းနေပါသည်။
ဟုန်ကောက ယန်ရုန်ရုန့်ကို တောက်ပနေသော မျက်လုံးလေးများဖြင့်ကြည့်ကာ မေးလိုက်သည်။
“အစ်မယန်က ကျွန်မတို့ရွာထဲက မိန်းကလေးတွေနဲ့ တခြားစီပဲ၊ အပြင်လောက,က မိန်းကလေးတွေ အားလုံးလည်း အစ်မယန်လိုပဲ လှကြတာလား”
ယန်ရုန်ရုန်လည်း ချီးကျူးခံရသည်ကို နှစ်သက်သဖြင့် ပြုံးကာ ပြန်မေးလိုက်သည်။
“ညီမလေးတို့က ရွာပြင်ကို တစ်ခါမှ မထွက်ဖူးကြဘူးလား”
ဟုန်ကော ခေါင်းခါလိုက်သည်။
“မထွက်ဖူးဘူး၊ သမီးတို့ရွာကလူတွေ အပြင်ထွက်လို့မရဘူး၊ သမီးလည်း မွေးကတည်းက ထောင်ယွမ်ရွာကနေ တစ်ခါမှ ထွက်မသွားဖူးဘူး”
ယန်ရုန်ရုန် စိတ်ဝင်စားသွားကာ မေးလိုက်သည်။
“ဘာလို့လဲ”
ဟုန်ကော ခေါင်းထပ်ခါပြလိုက်ပါသည်။ ဒီတစ်ခါတော့ နှုတ်မှ အဖြေမပေးတော့ပါ။
မသိခြင်းလား သို့မဟုတ် ပြောပြခွင့် မရှိခြင်းလား မသေချာခဲ့ပေ။