အခန်း (၂၈၉-၂၉၀)
Vol. 29 Ch. 289-290
🌹Chapter 289
ထောင်ယွမ်ရွာလေးက အမည်နှင့် အမှန်တကယ် လိုက်ဖက်လှသည်။
စိမ်းစိုသည့် တောတောင်များ၊ ကြည်လင် အေးမြသည့် စမ်းချောင်းကလေးများ ရှိရုံသာမကဘဲ ရွာသူရွာသားများကလည်း နွေးထွေးကာ ဧည့်ဝတ် ကျေပွန်ကြပါသည်။
ဟုန်ကော သူစိမ်းနှစ်ယောက်ကို ရွာအတွင်းသို့ ခေါ်လာသောအခါ လူတိုင်း၏ အာရုံစိုက်ရာဖြစ်သွားခဲ့သည်။ လမ်းတစ်လျှောက်လုံး ရွာသားများက ဟုန်ကောကို သူစိမ်းများအကြောင်း မေးမြန်းခဲ့သည်။ ဟုန်ကောကလည်း မေးခွန်းတိုင်းကို စိတ်ရှည်ရှည်နှင့် ပြန်ဖြေပေးခဲ့ပါသည်။
ယန်ရုန်ရုန်နှင့် ရှုယင်တို့နှစ်ယောက် လမ်းပျောက်ကာ ဒီကိုရောက်လာခြင်းဖြစ်ကြောင်း သိလိုက်ရပြီးနောက် ရွာသားများ စိုးရိမ်ပူပန်သွားကြသည်။ အချို့က လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသည့် ဟင်းလျာများကိုပင် ဟုန်ကောလက်ထဲ အတင်းထည့်ပေးလိုက်သေးသည်။
ဧည့်သည်များကို ကောင်းကောင်းဧည့်ခံဖို့နှင့် လိုတာရှိလျှင် ပြောဖို့ကိုလည်း ထပ်ခါတလဲလဲ မှာကြားခဲ့ပါသည်။
ဟုန်ကောအိမ်ပြန်ရောက်သောအခါ ဝါးခြင်းလေးထဲတွင် အိမ်နီးချင်းများ ပေးလိုက်သော အိမ်ချက်ဟင်းလျာများဖြင့် ပြည့်နှက်နေခဲ့လေပြီ။
ဟုန်ကောတို့ မိသားစုတွင် မိသားစုဝင် ၅ ဦးရှိသည်။ ဟုန်ကော၏ အဘွား၊ မိဘနှစ်ပါးနှင့် မောင်လေးတို့ ဖြစ်ကြသည်။
နေ့လယ်စာအတူတူစားဖို့အတွက် ဟုန်ကောပြန်လာမည့်အချိန်ကို သူတို့စောင့်မျှော်နေကြပါသည်။ ဧည့်သည်များ ပါလာလိမ့်မည်ဟု ထင်မထားခဲ့ကြသဖြင့် အံ့အားသင့်ခဲ့ကြသေးသည်။
အမေဖြစ်သူနှင့် အဘွားဖြစ်သူတို့က ထိုင်ခုံများ အမြန်ပြင်ဆင်ပေးပြီး ဧည့်သည်များကို စားပွဲထံသို့ ဖိတ်ကြားကာ ဟုန်ကော၏ မောင်လေးကို မီးဖိုချောင်ထဲ စေလွှတ်ပြီး ပန်းကန်အပို၊ တူအပိုများ သွားယူခိုင်းခဲ့ပါသည်။
အမေဖြစ်သူက ဧည့်သည်များအတွင် ဟင်းလျာများ ထပ်မံချက်ပြုတ်ပေးဖို့ ကြံလိုက်သော်လည်း ဟုန်ကော အမြန်တားလိုက်ပါသည်။
“အမေ ထားလိုက်တော့၊ ရွာထဲက ဒေါ်ကြီးတွေက ဟင်းတွေအများကြီး ထည့်ပေးလိုက်တယ်”
ထို့နောက် ခြင်းထဲမှ ဟင်းလျာများကို တစ်ခုချင်းထုတ်ကာ စားပွဲပေါ်တွင် တည်ခင်းပေးလိုက်လေသည်။ သေးငယ်သည့် လေးထောင့်သဏ္ဌာန် စားပွဲလေးပေါ်တွင် မျိုးစုံသော ဟင်းလျာများဖြင့် ပြည့်နှက်သွားခဲ့တော့သည်။
ဟုန်ကော၏အမေလည်း ကျေနပ်သွားပြီး ယန်ရုန်ရုန်နှင့် ရှုယင်တို့ကို အားမနာတမ်း စားသောက်ကြဖို့ ပြောလိုက်ပါသည်။
စားသောက်နေစဉ် ဟုန်ကောနှင့် သူမ မောင်လေးတို့က ဧည့်သည်များကို ခဏခဏ ခိုးကြည့်နေကြသည်။
ဟုန်ကော မနေနိုင်တော့ဘဲ မေးလိုက်ပါသည်။
“အစ်မယန် ဟင်းတွေကို သဘောကျရဲ့လား၊ အပြင်ဘက်က အစားအသောက်တွေနဲ့ ယှဉ်ရင်ဘယ်လိုလဲ”
ဟုန်ကောအမေက ဟုန်ကောခေါင်းကို ခပ်ဖွဖွခေါက်ကာ ဆူလိုက်သည်။
“အဲ့ဒီအပြင်လောကအကြောင်းပဲ နင်အမြဲတမ်းစဉ်းစားနေမှာလား! အစားအသောက်ချင်းတောင် ယှဉ်ချင်သေးတယ်ပေါ့၊ ငါချက်ကျွေးတာတွေ မကောင်းဘူးဆိုတဲ့ သဘောလား”
ဟုန်ကော ဂုတ်တိုသွားပြီး အမြန်တောင်းပန်လိုက်ရသည်။
“မဟုတ်ပါဘူး! ကမ္ဘာပေါ်မှာ အမေ့လက်ရာသာ အကောင်းဆုံးပဲ! အမေ့လက်ရာကို အကြိုက်ဆုံးပဲ!”
အမှန်တော့ ယန်ရုန်ရုန်နှင့် ရှုယင်တို့နှစ်ဦးစလုံး ပိကူးအဆင့်ကို ရောက်ရှိခဲ့သည်မှာ ကြာပြီဖြစ်၍ သာမန်လူသား အစားအစာများကို မစားဖူးသည်မှာလည်း အတော်ကြာခဲ့ပါပြီ။
အထူးသဖြင့် ရှုယင်က လူမှုဆက်ဆံရေး ကင်းမဲ့သဖြင့် ပိကူးအဆင့်သို့ မရောက်ခင်မှာပင် အစာမစားရစေဖို့ ပိကူးဆေးလုံးများကိုသာ အားကိုးခဲ့သည်။
ထို့ကြောင့် ဒီလို ပူပူနွေးနွေးအစားအသောက်များကို ထိုင်စားနေရသည်မှာ သူ့အတွက် အထူးအဆန်းဖြစ်ကာ နေရခက်လှသည်။
သို့သော် နဂိုကတည်းက စကားနည်းသူဖြစ်၍ သူ့အတွေးများကို ရင်ထဲတွင်သာ ထားခဲ့ပြီး သူ့မျက်နှာကလည်း ခန့်မှန်းရ ခက်အောင် တည်ငြိမ်နေခဲ့ပါသည်။ ဒီနေရာနှင့် သူကိုက်ညီမှုမရှိမှန်း ဘယ်သူမှ မရိပ်မိခဲ့ပေ။
ရှုယင်၏ ပိန်ပိန်ပါးပါး ဖြူဖြူဖျော့ဖျော့ ပုံစံနှင့် တစ်ချိန်လုံး တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေပုံတို့ကို မြင်ကာ ဟုန်ကော၏အဘွား စိတ်မကောင်းဖြစ်သွားသည်။
ထို့ကြောင့် အဆီနှင့်အသား အညီအမျှပါသော ဝက်သားအတုံးကြီးများကို သူ့ပန်းကန်ထဲ ရက်ရက်ရောရော ထည့်ပေးလိုက်ပါသည်။
“လူလေးက ပိန်လိုက်တာ၊ အစားကို သေချာမစားဘူးနဲ့တူတယ်၊ မင်းတို့လို အသက်အရွယ်တွေက အစားကို ဝအောင် စားမှ အရပ်ရှည်ပြီး ကြံ့ခိုင်မှာ၊ အဲ့တာမှ ကျန်းကျန်းမာမာ နေနိုင်မှာပေါ့”
သူ့ပန်းကန်ထဲ တောင်လိုပုံနေသည့် စားစရာများကို ရှုယင် ခေတ္တစိုက်ကြည့်နေမိသည်။ နောက်ဆုံးတော့ ဘာမှ မပြောတော့ဘဲ ဝက်သားတစ်တုံးကို ယူကာ ဖြည်းဖြည်းချင်း စားနေလိုက်တော့သည်။
သူလိမ်လိမ်မာမာနှင့် စကားနားထောင်နေသည်ကို မြင်ပြီး ဟုန်ကော၏ အဘွားကျေနပ်စွာ ပြုံးလိုက်သည်။ ထို့နောက် ယန်ရုန်ရုန့်ကိုလည်း အားမနာဘဲ စားသောက်ဖို့ လှည့်ပြောခဲ့ပါသည်။
ယန်ရုန်ရုန် ပါးများ ဖောင်းသွားသည်အထိ စားသောက်ကာ အဆက်မပြတ် ချီးကျူးခဲ့သည်။
“ဒေါ်လေးနဲ့ အဘွားတို့က အချက်အပြုတ်အရမ်းကောင်းကြတာပဲ! အကုန်လုံး အရသာရှိတယ်!
ဟုန်ကော၏ အမေနှင့် အဘွားတို့လည်း ပျော်ရွှင်သွားကြသည်။
အားလုံးဗိုက်ပြည့်အောင် စားသောက်ပြီးကြသည်နှင့် ယန်ရုန်ရုန်က ပန်းကန်များ ကူဆေးပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ဧည့်သည်များကို အလုပ်မခိုင်းသင့်ဟု ဆိုတာ တွန်းထုတ်ခဲ့ကြပါသည်။
ဟုန်ကောက ယန်ရုန်ရုန့်ကို အိမ်နောက်ဖေးသို့ ခေါ်သွားခဲ့သည်။
“ကျွန်မအခန်းထဲမှာ ခဏလောက်နားလိုက်လေ၊ ပြီးကျရင် အစ်မတို့ကို ရွာသူကြီးဆီ ခေါ်သွားပေးမယ်၊ သူက ဗဟုသုတအရမ်းရှိတော့ အစ်မတို့အတွက် လမ်းရှာပေးနိုင်လောက်မှာပါ”
ယန်ရုန်ရုန် အခွင့်အရေးယူပြီး မေးလိုက်သည်။
“ညီမတို့ ရွာသူကြီးနာမည်က ဘာတဲ့လဲ”
“ရွာသူကြီးပိုင်လေ၊ သူ့နာမည်အပြည့်အစုံကိုတော့ မသိဘူး၊ အားလုံးက အဘိုးပိုင်လို့ပဲ ခေါ်ကြတယ်”
ယန်ရုန်ရုန် ရင်တုန်သွားခဲ့သည်။
‘ရွာသူကြီးရဲ့ မျိုးရိုးနာမည်က ပိုင်တဲ့လား… ဒါတိုက်ဆိုင်တာပဲလား’
သူ့အကြောင်းကို ယန်ရုန်ရုန် စိတ်ဝင်စားသွားသဖြင့် အမြန်ပြောလိုက်ပါသည်။
“အစ်မ မအိပ်ချင်သေးပါဘူး၊ ရွာသူကြီးပိုင်ကို အခုပဲ သွားတွေ့ကြရအောင်လေ”
သူမ အိမ်ပြန်ချင်သဖြင့် စိတ်လှုပ်ရှားနေသည်ဟုသာ ဟုန်ကော ယူဆလိုက်ပြီး သဘောတူလိုက်ပါသည်။
“ဟုတ်ပြီ!”
ထောင်ယွမ်ရွာလေးက သေးငယ်ပြီး အိမ်ခြေ ၅၀ ခန့်သာ ရှိသည်။ ထို့ကြောင့် ဟုန်ကော၏ အိမ်မှ ရွာသူကြီးအိမ်သို့ လမ်းအနည်းငယ်သာ လျှောက်ရပါသည်။
အသက် ၁၀ နှစ်ဝန်းကျင်ရှိသည့် အာ့သိုက်ဟု အမည်ရသော ကောင်လေးတစ်ဦးက တံခါးလာဖွင့်ပေးလေသည်။
“အာ့သိုက်၊ နင့်အဘိုး အိမ်မှာရှိလား၊ ဒီကဧည့်သည်တွေ သူ့အကူအညီလိုလို့တဲ့”
ဟုန်ကောက မေးသည်။
အာ့သိုက်က ဝဝတုတ်တုတ်နှင့် ချစ်စရာကောင်းသော်လည်း သူစိမ်းများနှင့်တွေ့လျှင် ရှက်တတ်သည်။ သူစိမ်းနှစ်ယောက်ကို ခိုးကြည့်လိုက်ပြီး တံခါးနောက်တွင် ပုန်းကာ တီးတိုး ပြန်ပြောလိုက်ပါသည်။
“အဘိုးရှိတယ်၊ ဝင်ခဲ့ပါ”
ဟုန်ကောက ယန်ရုန်ရုန်တို့ကို ရွာသူကြီး၏ ခြံထဲသို့ ခေါ်လာခဲ့သည်။ ခြံက သေးငယ်သော်လည်း သပ်သပ်ရပ်ရပ် ရှိပါသည်။
အာ့ထိုက်က ယန်ရုန်ရုန်တို့ ထိုင်စောင့်ဖို့အတွက် ခုံပုလေးတွေ ယူပေးပြီး သူ့အဘိုးကို ခေါ်ဖို့ ထွက်သွားခဲ့သည်။
ခေတ္တကြာတော့ ရွာသူကြီး ရောက်ရှိလာခဲ့ပါသည်။
“ဧည့်သည်နှစ်ယောက် ရောက်လာတယ်လို့ ကြားမိပါတယ်၊ အဲ့တာ မင်းတို့နှစ်ယောက်ဖြစ်မယ် ဟုတ်စ”
ရွာသူကြီးပိုင်က ဆိုသည်။
သူ့ပုံစံက အသက် ၅၀ ဝန်းကျင်အရွယ်ရှိမည်ဟု ထင်ရပြီး ငွေရောင်ဆံသားများရှိကာ မျက်နှာလုံးလုံးဝိုင်းဝိုင်း သဏ္ဌာန်ရှိသည်။ သူပြုံးလိုက်သောအခါ မျက်ဝန်းထောင့်တွင် ပေါ်ပေါ်လာတတ်သည့် အရေးအကြောင်းများက သူ့ကို သဘောကောင်းမည့် ပုံစံမျိုး ပိုပေါက်စေပါသည်။
အကြမ်းထည်များဖြင့် ဖန်တီးထားသည့် ရိုးရိုးရှင်းရှင်း မီးခိုးရောင်ဝတ်ရုံကို ခြုံထားသော်လည်း အလွန်သန့်ရှင်းသပ်ရပ်ကာ အဖာအထေး ကင်းမဲ့နေလေသည်။
ဟုန်ကောက ရှင်းပြပေးလိုက်သည်။
“ဟုတ်တယ် သူတို့ပါပဲ! တောင်ပေါ်မှာ လမ်းပျောက်သွားကြလို့ ဒီကို ရောက်လာကြတာတဲ့၊ သမီးသူတို့ကို အိမ်ခေါ်သွားပြီး နေ့လယ်စာကျွေးထားတယ်”
ရွာသူကြီးပိုင်က ဟုန်ကောကို ပြုံးပြုလိုက်သည်။
“တော်တယ် တော်တယ် ဟုန်ကော၊ ငါတို့ဆီကို ဧည့်သည်တွေ လာခဲလို့ ရောက်လာတဲ့အခါ ဧည့်ဝတ်ကျေပွန်ရမယ်”
ရွာသူကြီး၏ ချီးကျူးမှုကိုခံရသဖြင့် ဟုန်ကော ဂုဏ်ယူဝံ့ကြွားသွားခဲ့ပါသည်။
ရွာသူကြီးက သူ့ဝတ်ရုံထဲမှ စက္ကူဖြင့်လိပ်ထားသည့် အထုပ်လေးအချို့ကို ထုတ်ကာ ဟုန်ကောအား ပေးလိုက်သည်။
“ဒီသကြားလုံးကို မောင်လေးနဲ့အတူတူစား”
ထိုသကြားလုံးကို မြင်သောအခါ ဟုန်ကော၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဘိုးဘိုးပိုင်!”
ဟုန်ကော မိတ်ဆွေအသစ်များကို လှည့်ကြည့်ရင်း ခေတ္တတွန့်ဆုတ်သွားခဲ့သည်။ သို့သော် သူမ မိသားစု စိတ်မပူရလေအောင် အိမ်ပြန်တော့ဖို့ ယန်ရုန်ရုန်ပြောလိုက်ပါသည်။
ရွာသူကြီးပိုင်ကလည်း ဧည့်သည်များကို သေချာဧည့်ခံပေးမည်ဟု အာမခံသဖြင့် ဟုန်ကော စိတ်ချသွားပြီး သကြားလုံးများကိုယူဆောင်ကာ အိမ်သို့ပြန်သွားလေတော့သည်။
ထို့နောက် အာ့ထိုက်ကို ရွာသူကြီးပိုင် လှည့်ပြောလိုက်သည်။
“အခါးရည်ခတ်ဖို့ ရေနွေးလေးဘာလေး သွားကျိုပါဦး”
အာ့ထိုက်လည်း အမိန့်နာခံပြီး ထွက်သွားခဲ့သည်။
ကလေးများ မရှိတော့သည့်အခါ အခန်းထဲ လူကြီးသုံးယောက်သာ ကျန်ခဲ့ပါသည်။ ရွာသူကြီးပိုင်၏ အကြည့်က ယန်ရုန်ရုန်နှင့် ရှုယင်တို့ထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး နူးညံ့သိမ်မွေ့စွာ မေးလိုက်သည်။
“မင်းတို့နှစ်ယောက် ဘယ်ကလာခဲ့တာလဲဆိုတာ သိခွင့်ရှိမလား”
🌹Chapter 290
သဘောကောင်းပြီး နူးညံ့သိမ်မွေ့လှသည့် ရွာသူကြီးကို ယန်ရုန်ရုန် တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ သို့သော် ဘယ်လိုပဲ ကြည့်ပါစေ သာမန် လူသားအဘိုးအိုတစ်ဦးထက် မပိုပေ။
ရွာသူကြီး၏ မေးခွန်းကို ကြားပြီး ယန်ရုန်ရုန် တွန့်ဆုတ်ချင်ယောင် ဆောင်ပြလိုက်သည်။
ရွာသူကြီးပိုင်က ထပ်မေးသည်။
“အခက်အခဲတစ်ခုခု ရှိလို့လား၊ ပြောဖို့အဆင်မပြေတဲ့ကိစ္စဆိုရင် မမေးခဲ့သလိုပဲ သဘောထားလိုက်ပါ”
ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။
“အဲ့လိုမဟုတ်ပါဘူး၊ ကျွန်မ ဘယ်လိုရှင်းပြရမလဲမသိ ဖြစ်နေလို့ပါ၊ တကယ်တော့ ကျွန်မတို့နှစ်ယောက်က ကျင့်ကြံသူတွေပါ၊ ကျင့်ကြံသူတွေဆိုတာ ဘာလဲ ရွာသူကြီးသိလား”
ရွာသူကြီး၏ မျက်နှာကို ယန်ရုန်ရုန် စေ့စေ့ကြည့်ရင်း သူ့တုံ့ပြန်မှုကို စောင့်နေခဲ့သည်။
ရွာသူကြီးပိုင် ခေတ္တ အံ့အားသင့်သွားခဲ့ပြီး မျက်မှောင်ကို ဖြည်းညှင်းစွာ ကြုတ်လိုက်သည်။
“ကျင့်ကြံသူတွေအကြောင်း ကြားဖူးပါတယ်၊ သူတို့တွေက အရမ်းစွမ်းအားကြီးပြီး တိမ်တွေမြူတွေ စီးနိုင်စွမ်းရှိတယ်လို့ ပြောကြတယ်၊ ထူးဆန်းတဲ့ ပညာရပ်တွေအများကြီးကို တတ်ကျွမ်းကြပြီး အချို့ဆို မသေမျိုးတောင် ဖြစ်သွားကြတယ်လို့ ပြောကြတယ်၊ တကယ်လို့ မင်းတို့က တောတောင်တွေ ပင်လယ်တွေကို ရွှေ့နိုင်စွမ်းရှိတဲ့ ကျင့်ကြံသူတွေဆိုရင် ဘယ်လိုဖြစ်ပြီး တောင်ပေါ်မှာ လမ်းပျောက်လာရတာလဲ”
သူတို့၏ သရုပ်မှန်ကို ရွာသူကြီး သံသယဝင်နေသည်မှာ သိသာပါသည်။
ယန်ရုန်ရုန်က ဇာတ်လမ်းဆင်ထားပြီးသားဖြစ်၍ ရှက်ကိုးရှက်ကန်း ရယ်ပြလိုက်သည်။
“အမှန်အတိုင်းပြောရရင် ကျွန်မတို့ လမ်းပျောက်နေတာမဟုတ်ပါဘူး၊ လူတစ်ယောက်ကိုရှာဖို့ ဒီကို ရောက်လာတာပါ”
သူမလိမ်ညာခဲ့မှန်း သိလိုက်ရသော်လည်း ရွာသူကြီးပိုင် စိတ်မဆိုးပါ။
“အဲ့တာက ထုတ်ပြောလို့မရတဲ့အရာမှ မဟုတ်တာ၊ ပွင့်ပွင့်လင်းလင်း ပြောခဲ့သင့်တာပေါ့၊ လျှို့ဝှက်ထားစရာမလိုပါဘူး”
ထို့နောက် သူဆက်မေးသည်။ “မင်းတို့ဘယ်သူ့ကို ရှာနေတာလဲ၊ ရွာထဲက လူတိုင်းကို ငါသိတယ်၊ နာမည်ပြောပြရင် ငါကူညီပေးနိုင်လောက်တယ်”
ယန်ရုန်ရုန် အမည်တစ်ခုကို ဖြည်းညှင်းစွာ ရွတ်ပြလိုက်သည်။
“ပိုင်ကျဲ…”
ရွာသူကြီးပိုင် ကြက်သေသေသွားခဲ့သည်။
အံ့အားသင့်သွားသည့် သူ့ပုံစံကို မြင်ပြီး ယန်ရုန်ရုန် မေးကြည့်လိုက်ပါသည်။
“ပိုင်ကျဲကို သိတာလား”
ရွာသူကြီးပိုင်က အဖြေတန်းမပေးဘဲ ယန်ရုန်ရုန့်ကို ခေါင်းအစခြေအဆုံး အကဲခတ်ကာ ဇဝေဇဝါ မေးလိုက်ပါသည်။
“မင်းတို့က ပိုင်ကျဲနဲ့ ဘယ်လိုပတ်သတ်လို့လဲ၊ ဘာလို့ သူ့ကို လိုက်ရှာနေတာလဲ”
သူ့စကားနှင့် အမူအရာတို့ကို ကြည့်ခြင်းအားဖြင့် ထိုအမည်ကို သူရင်းနှီးနေမှန်း သိသာသည်။
ယန်ရုန်ရုန် အပျော်လွန်သွားသော်လည်း စကားကို ဂရုတစိုက် ရွေးချယ်ပြောဆိုခဲ့သည်။
“တကယ်တော့ ပိုင်ကျဲနဲ့ ကျွန်မတစ်ခါမှ မဆုံဖူးပါဘူး၊ ဒါပေမယ့် သူက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေတို့အကြောင်း အားလုံး သိတယ်လို့ ကြားမိတယ်၊ ဒီလောကကြီးမှာ သူ မသိတဲ့အရာဆိုတာ ဘာမှမရှိဘူးတဲ့၊ ကျွန်မနားမလည်နိုင်တဲ့ ကိစ္စလေးတွေ ရှိလို့ သူ့ကို မေးမြန်းဖို့အတွက် လာခဲ့တာပါ”
ရွာသူကြီးပိုင်က ရယ်မောသည်။
“ဒါဆိုရင်တော့ မင်းတို့မှားသွားပြီထင်တယ်၊ ငါက ထောင်ယွမ်ရွာမှာပဲ တစ်သက်လုံး နေလာတာ၊ ရွာပြင်တစ်ခါမှမထွက်ဖူးဘူး၊ ငါအလုံးစုံသိတာဆိုလို့ ဒီရွာထဲက အကြောင်းတွေပဲ ရှိတယ်”
ယန်ရုန်ရုန် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ရှင်က ပိုင်ကျဲလား!”
ရွာသူကြီးပိုင် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါသည်။
“ငါ့နာမည်က ပိုင်ကျဲတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် မင်းတို့ရှာနေတဲ့လူ ဖြစ်နိုင်မယ် မထင်ဘူး”
ယန်ရုန်ရုန် သူ့မျက်နှာကို သေသေချာချာ အကဲခတ်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် လိပ်ပြာမလုံမှု အရိပ်အ ယောင် မတွေ့ရသဖြင့် လိမ်ညာနေပုံမပေါ်ပါ။
သို့သော် သူမကလည်း လက်လျှော့ဖို့အစီအစဉ်မရှိသဖြင့် ချန့်ခွင်းအိတ်ထဲ လက်နှိုက်ပြီး ဖူရှန်းကြေးမုံကို ထုတ်လိုက်ပါသည်။
“ကျေးဇူးပြုပြီး ဒီကြေးမုံထဲ ကြည့်ပေးလို့ရမလား”
ဖူရှန်းကြေးမုံက ကမ္ဘာပေါ်ရှိ ပုံရိပ်ယောင်အားလုံးကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိသည်။ ရွာသူကြီးပိုင်သာ အမှန်တကယ် ပိုင်ကျဲနတ်သားရဲဖြစ်နေလျှင် ကြေးမုံထဲတွင် သူ့အသွင်အစစ်အမှန် ပေါ်နေပါလိမ့်မည်။
သူမတောင်းဆိုချက်က ထူးဆန်းသည်ဟု ရွာသူကြီးပိုင် ထင်မိသော်လည်း သူက အခြားသူများအပေါ် အမြဲတမ်း ကြင်နာတတ်ပါသည်။ အထူးသဖြင့် လူငယ်များအပေါ် ပိုပြီး သဘောကောင်းတတ်သဖြင့် ခေါင်းညိတ်လိုက်ပြီး ယန်ရုန်ရုန့်အား ကြေးမုံကို ယူလာခွင့်ပြုလိုက်သည်။
ထို့နောက် ယန်ရုန်ရုန် ကြေးမုံကို ရွာသူကြီး၏ မျက်နှာထံ ချိန်ရွယ်ကာ မျက်တောင်မခတ် စိုက်ကြည့်လိုက်ပါသည်။
ကြေးမုံမျက်နှာပြင်ပေါ်တွင် ရွာသူကြီးပိုင်၏ မျက်နှာ အထင်းသားပေါ်လာသည်။ ယန်ရုန်ရုန် အချိန်အတန်ကြာအောင် စိတ်ရှည်ရှည်နှင့် စောင့်နေခဲ့သော်လည်း ပြောင်းလဲမှု မရှိခဲ့ပါ။
ထို့ကြောင့် ရွာသူကြီးပိုင်၏ အသွင်အစစ်က သူမတို့မြင်နေရသည့်အတိုင်းသာဖြစ်မှန်း သက်သေပြနိုင်ခဲ့ပါသည်။ သူက အမှန်တကယ် လူသားအဘိုးအိုတစ်ဦးထက် မပိုခဲ့ပေ။
ယန်ရုန်ရုန် ကြေးမုံကို ပြန်ချလိုက်ပြီး မျက်နှာပေါ်မှ စိတ်ပျက်အားလျော့မှုတို့ကိုလည်း မဖုံးကွယ်နိုင်ခဲ့ပါ။ သူမ မှားသွားခဲ့သည့်ပုံပင်။ ဒီအဘိုးကြီးက နတ်သားရဲမဟုတ်ပေ။
ဘေးနားတွင် တစ်ချိန်လုံး တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေသည့် ရှုယင် နောက်ဆုံးတော့ စကားဝင်ပြောခဲ့ပါသည်။
“ရွာထဲမှာ ပိုင်ကျဲနာမည်နဲ့ တခြားလူတွေ ရှိသေးလား”
ရွာသူကြီးပိုင်က ရွာသူရွာသားများအကြောင်း ကောင်း ကောင်းသိသဖြင့် မဆိုင်းမတွ ခေါင်းခါလိုက်ပါသည်။
“မရှိဘူး”
ရှုယင်က ထပ်မေးသည်။
“ရွာသူကြီး အသက်ဘယ်လောက်ရှိပြီလဲ”
“၇၉ နှစ်ရှိပါပြီ”
ယန်ရုန်ရုန် အံ့အားသင့်သွားသည်။
“ဒါပေမယ့် ၅၀ ဝန်းကျင်လို့ပဲ ထင်ရတယ်နော်”
ဒါကိုကြားပြီး ရွာသူကြီးပိုင် အားရပါးရ ရယ်မောလိုက်လေသည်။
“ဟားဟားဟာားဟား စိတ်ပျော်လို့ ကိုယ်နုတာနေမှာပေါ့၊ ပြီးတော့ ငါတို့ရွာက တည်ငြိမ်အေးချမ်းပြီး အရမ်းသာယာတယ်လေ၊ စိုးရိမ်ပူပန်စရာတွေလည်း ဘာမှမရှိတော့ ငယ်ရွယ်တဲ့ပုံ ပေါ်တာပေါ့”
ရှုယင်က ဆက်မေးသည်။
“ခင်ဗျားဘယ်တုန်းက ရွာသူကြီးဖြစ်လာတာလဲ”
ထိုမေးခွန်းက ရွာသူကြီးပိုင်ကို အတိတ်ဆီသို့ ပြန်လည်ခေါ်ဆောင်သွားပုံရသည်။
သူမျက်လုံးအနည်းငယ် မှေးလိုက်ပြီး ဖြည်းညှင်းစွာ ရှင်းပြလိုက်ပါသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်ကပေါ့၊ အဲ့ဒီအချိန်တုန်းက နေရာတိုင်းမှာာ စစ်ပွဲတွေဖြစ်နေတာ၊ လူပေါင်းများစွာကလည်း အိုးမဲ့အိမ်မဲ့ဖြစ်၊ မိသားစုတွေနဲ့ ပြိုကွဲခဲ့ကြရတယ်၊ ငါတို့ရွာလေးကို စစ်ပွဲမီးကူးမလာအောင် ရွာသားတွေကို အကုန်ခေါ်ပြီး ဒီနေရာမှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြတာ၊ ဒီနေရာမှာ နေထိုင်ခဲ့ကြတာ နှစ်တွေတောင် တော်တော်ကြာပြီပဲ”
သူ့စကားလုံးများက ကျိုးကြောင်းဆီလျော်မှု ရှိသသည်ဟု ထင်ရသော်လည်း ယန်ရုန်ရုန်နှင့် ရှုယင်တို့၏ မျက်နှာများကတော့ ထူးဆန်းသွားကြပါသည်။
သူတို့နှစ်ယောက် သိထားပုံအရဆို ဒီနေရာကြီးက လျှို့ဝှက်နယ်မြေတစ်ခုဖြစ်ပြီး အပြင်ဘက်တွင် ဝိညာဉ်နယ်မြေသာ ရှိနေသည်။
ဝိညာဉ်နယ်မြေထဲတွင် သာမန်လူသားများ နေထိုင်ဖို့ မဖြစ်နိုင်ပါ။ ထို့အပြင် လွန်ခဲ့သည့် ရာစုနှစ်အတွင်း စစ်ပွဲများလည်း မရှိခဲ့ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ခြေဟူ၍ ထောင်ယွမ်ရွာမှာ မူလက ဝိညာဉ်လောကတွင် ရှိမနေဘဲ အခြားတစ်နေရာမှ ပြောင်းရွှေ့လာခြင်းသာ ဖြစ်ပါလိမ့်မည်။
ထို့ကြောင့် ယန်ရုန်ရုန် ဝိညာဉ်နယ်မြေအကြောင်း မေးကြည့်လိုက်ပြီး သူ့တုံ့ပြန်မှုကို စောင့်ကြည့်နေခဲ့သည်။
ရွာသူကြီးပိုင်က ဘာမှမသိခဲ့ပါ။ ဝိညာဉ်နယ်မြေအကြောင်း မကြားဖူးသလို ခြေချဖို့ဆို ပိုပင်ဝေးပါသေးသည်။
သူလိမ်ညာနေခြင်းမဟုတ်မှန်း ယန်ရုန်ရုန် မြင်နိုင်သော်လည်း သူမနှလုံးသားထဲ သံသယများ ပိုမို စုပုံလာခဲ့သည်။ ထောင်ယွမ်ရွာ၏ ယခင်တည်နေရာဟောင်းအကြောင်းကို သူမ မေးကြည့်ခဲ့ပါသည်။
ရွာသူကြီးပိုင် သက်ပြင်းချလိုက်လေသည်။
“နှစ်တွေတော်တော်ကြာခဲ့ပြီလေ၊ ငါလည်း အသက်အရွယ်ရလာပြီဆိုတော့ မှတ်ဉာဏ်တွေက မကောင်းတော့ဘူး၊ ငါတို့ရွာလေးကို တောင်တစ်လုံးပေါ်မှာ တည်ခဲ့တာဆိုတာပဲ မှတ်မိတယ်၊ အဲ့ဒီတောင်က သိပ်မမြင့်ဘူး၊ ဒါပေမယ့် ရှုခင်းလှပတယ်၊ ငါတို့ လယ်လုပ်၊ အမဲလိုက်ရင်း အသက်မွေးခဲ့ကြတယ်၊ ဘဝက မပြည့်စုံပေမယ့် လွတ်လပ်တယ်၊ အဲ့ဒီနေရာမှာ ရွာသားတွေအားလုံး ပျော်ရွှင်ခဲ့ကြလို့ ဘယ်သူမှ ထွက်မသွားချင်ခဲ့ကြဘူး၊ စစ်ပွဲကြောင့်သာ မဟုတ်ရင် ငါတို့အဲ့ဒီမှာပဲ ဆက်နေဖြစ်ခဲ့မှာပဲ”
ရှင်းပြရင်းနှင့် အတိတ်ကို လွမ်းဆွေးသလို ရွာသူကြီးပိုင်၏ မျက်ဝန်းများ ရီဝေသွားခဲ့သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးမြန်းလိုက်ပါသည်။
“အပြင်မှာ စစ်ပွဲတွေ ဖြစ်နေတုန်းလား”
ယန်ရုန်ရုန် ခေါင်းခါလိုက်သည်။
“မဖြစ်ပါဘူး”
ရွာသူကြီးပိုင် ပြုံးရွှင်သွားခဲ့သည်။
“သိပ်ကောင်းတာပေါ့”
ယန်ရုန်ရုန် သူ့ကို ထပ်ပြီး စမ်းသပ်ခဲ့ပါသည်။
“အပြင်မှာ စစ်ပွဲတွေလည်း မရှိတော့ဘူး၊ အားလုံး တည်ငြိမ်အေးချမ်းသွားပြီဆိုတော့ ရွာသူကြီးတို့ အရင်နေရာမှာ ပြန်နေဖို့ စိတ်ကူးမရှိဘူးလား”
ရွာသူကြီးပိုင် ခေတ္တတွန့်ဆုတ်သွားသော်လည်း နောက်ဆုံးမှာတော့ ခေါင်းခါလိုက်ပါသည်။
“မပြန်တော့ပါဘူး၊ ငါတို့တွေ ဒီမှာနေလာတာ ဆယ်စုနှစ်တွေချီနေပြီ၊ အားလုံးက ဒီမှာအသားကျနေကြပြီလေ၊ ဟိုဟိုဒီဒီ ပြောင်းရွှေ့ပြီး လူတွေကို အလုပ်မရှုပ်စေချင်တော့ဘူး၊ ဒီမှာနေရတာလည်း မဆိုးလှပါဘူး”
ယန်ရုန်ရုန်က ပြန်ချေပသည်။
“ရွာထဲမှာ လူတွေက အများကြီးလေ၊ ရွာသူကြီးလို လူတိုင်းကတော့ ဘယ်တွေးနိုင်ပါ့မလဲ၊ ရွာသားတွေရဲ့ အမြင်ကို အရင်ဆုံး မေးမကြည့်သင့်ဘူးလား”
ရွာသူကြီးအံ့အားသင့်သွားခဲ့ပြီး ရှက်ရွံ့သွားပုံပေါ်သည်။
“မင်းပြောတာ မှန်ပါတယ်၊ ငါသေချာမစဉ်းစားခဲ့မိဘူး၊ ဒီလို ကိစ္စမျိုးအတွက် ရွာသားတွေရဲ့ အမြင်ကိုလည်း မေးကြည့်သင့်တာပေါ့”
ထိုအချိန်တွင် အာ့ထိုက်က ကြေးရေနွေးအိုးတစ်လုံးကို သယ်ဆောင်ပြီး ပြန်ဝင်လာပါသည်။ ကောင်လေး အပူလောင်မည်စိုး၍ ရွာသူကြီးပိုင် မတ်တပ်ရပ်ကာ ရေနွေးအိုးကို အမြန်ယူလိုက်သည်။
ထို့နောက် ယန်ရုန်ရုန်နှင့် ရှုယင်တို့အတွက် အခါးရည်နှစ်ခွက် ငှဲ့ပေးလိုက်ပြီး အာ့ထိုက်ကို ညွှန်ကြားလိုက်ပါသည်။
“ရွာထဲက လူတွေကို သွားပြောလိုက်၊ ငါ့အိမ်ကို အမြန်ဆုံးလာခဲ့ကြပါလို့၊ အားလုံးနဲ့ အရေးတကြီး ဆွေးနွေးစရာကိစ္စ ရှိတယ်”
“ဟုတ်ကဲ့!”