အခန်း (၂၉၁-၂၉၂)
Vol. 30 Ch. 291-292
🌹Chapter 291
ထိုနေ့ နေ့လယ်ခင်းက ရွာသူကြီး၏ အိမ်တွင် ရွာသားအားလုံး စုဝေးခဲ့ကြသည်။ သို့သော် ရွာသားအရေအတွက်က များလွန်းသဖြင့် အိမ်ထဲတွင် မဆံ့ဘဲ ခြံထဲမှာသာ ခုံပုကလေးများ စီစဉ်ပေးခဲ့ရပါသည်။
အားလုံး နေရာယူပြီးသည်နှင့် ရွာသူကြီးက လှေကားထစ်ပေါ်တွင် မတ်တပ်ရပ်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“မကြာသေးခင်က ငါတို့ရွာထဲ ဧည့်သည်နှစ်ယောက် ရောက်လာတယ်၊ အားလုံးလည်း သိပြီးကြလောက်ပြီပေါ့”
ရွာသားများ ခေါင်းညိတ်လိုက်ကြသည်။ ရွာသားများအကြား ဟုန်ကောလည်း မိဘနှစ်ပါးနှင့်အတူတူ ထိုင်နေပါသည်။ ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သော်လည်း ယန်ရုန်ရုန်နှင့် ရှုယင်တို့ကို မတွေ့ရသဖြင့် အနည်းငယ် စိတ်ပျက်အားလျော့သွားမိပါသည်။
အပြင်ဘက်တွင် စစ်ပွဲများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ရွာသားများကို ရွာသူကြီးပိုင် အသိပေးခဲ့သည်။ သို့သော် ဒီနေရာတွင် အားလုံးနေသာကျနေပြီဖြစ်၍ အလုပ်ရှုပ်ခံပြီး ပြန်ရွှေ့ပြောင်းဖို့လိုမည် မထင်မိကြောင်း ပြောပြခဲ့ပါသည်။
သို့သော် သူတစ်ဦးတစ်ယောက်တည်း၏ အမြင်ဖြစ်၍ အားလုံးကို ဆင့်ခေါ်ပြီး သဘောထားကို မေးမြန်းခဲ့ရခြင်း ဖြစ်သည်။
ထိုစကားများကို ကြားပြီးနောက် ဟုန်ကော မျက်ဝန်းများ တောက်ပသွားခဲ့သည်။ သူမတို့ရွာ ပြောင်းရွှေ့ရမည်ဆိုလျှင် အပြင်လောကကြီးကို သူမ မြင်နိုင်ပါလိမ့်မည်။
ထို့ကြောင့် ဟုန်ကော မဆိုင်းမတွ လက်မြှောက်ကာ အော်ပြောလိုက်သည်။
“သမီးပြောင်းချင်တယ်!”
သူမနှုတ်မှ ထိုစကားလုံးများ ထွက်လာသည်နှင့် အဖေဖြစ်သူက သူမလက်ကို အမြန်ပြန်ဆွဲချပြိး အမေဖြစ်သူက ပါးစပ်ကို လှမ်းအုပ်လိုက်ပါသည်။ ထို့နောက် ပေါက်ကရတွေ ဆက်မပြောဖို့လည်း တီးတိုး သတိပေးခဲ့သည်။
ဟုန်ကော စကားမပြောနိုင်တော့သဖြင့် မျက်လုံးသာပြူးပြကာ မကျေနပ်ကြောင်း ဆန္ဒပြနေသည်။ သူမက အသက် ၁၃ နှစ်ပင် ရှိနေပါပြီ။ ကလေးမဟုတ်တော့ပေ။
ဟုန်ကော၏ အသံကို ကြားသဖြင့် ရွာသူကြီးလည်း ပြုံးသွားသည်။
“ရင်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောရဲတဲ့ ဟုန်ကောက တော်ပါတယ်”
ဟုန်ကော၏ အဖေက အမြန်ရှင်းပြလိုက်ပါသည်။
“ဒီကလေးမလေးကို ကျုပ်တို့ အရမ်းလိုလိုက်ထားမိတာပါ၊ ငယ်ရွယ်သေးတော့ အပြင်လောကကြီး ဘယ်လောက်လှပလိုက်မလဲဆိုပြီး စိတ်ကူးပဲ အမြဲတမ်းယဉ်နေတာ၊ စကားကြီးစကားကျယ်တွေ ပြောနေပေမယ့် သူ့ကို အပြင်မှာတကယ်သွားထားလိုက်ရင် တစ်ရက်တောင် ခံမှာ မဟုတ်ဘူး”
အဖေဖြစ်သူကို ဟုန်ကော မကျေမနပ် လှည့်ကြည့်လိုက်သည်။ သူမက သူပြောသလောက် မပျော့ညံ့ပေ။
ရွာသူကြီးပိုင် သက်ပြင်းချလိုက်သည်။
“ကလေးတွေ သိလိုစိတ်ပြင်းပြတာ ပုံမှန်ပါပဲ၊ သူတို့ကို ဒီမှာပိတ်လှောင်ထားမိတဲ့ ငါ့မှာပဲ အပြစ်ရှိတာပါ”
ရွာသားများက အမြန်ကန့်ကွက်ကြသည်။
“မဟုတ်တာ၊ ရွာသူကြီးက ကျွန်တော်တို့ကောင်းဖို့အတွက် အဲ့လို ဆုံးဖြတ်ခဲ့ရတာလေ၊ အဲ့ဒီတုန်းကသာ ကျွန်တော်တို့ကို ရွာသူကြီးဦးဆောင်ပြီး ခေါ်ထုတ်မလာခဲ့ရင် စစ်ပွဲထဲမှာ အားလုံး ပျောက်ကွယ်သွားလောက်ပြီ၊ ရွာသူကြီးက ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်မို့လို့ ရွာသူကြီးရဲ့ ဦးဆောင်မှုနောက်ကိုပဲလိုက်ပါ့မယ်၊ ကျွန်တော်တို့ ဒီမှာပဲ ဆက်နေပြီး ဘယ်ကိုမှ မသွားဘူး”
-
ထိုအချိန်တွင် ယန်ရုန်ရုန်နှင့် ရှုယင်တို့က ရွာသူကြီး၏အိမ်ထဲတွင် ရှိနေကြပါသည်။ ပြူတင်းပေါက်မှတဆင့် အပြင်ဘက်က စကားသံများကို ရှင်းရှင်းလင်းလင်း ကြားနိုင်ကြသည်။
ယန်ရုန်ရုန် ပြူတင်းပေါက်ကို အနည်းငယ်ဟလိုက်ပြီး အပြင်ဘက်သို့ ချောင်းကြည့်လိုက်ပါသည်။
လူကြီးတွေအားလုံးနီးပါးက ဆက်နေဖို့ ထောက်ခံကြသည်။ ဟုန်ကောကဲ့သို့ ကလေးအနည်းစုကသာ အပြင်လောကကို တောင့်တပြီး ပြောင်းရွှေ့ချင်ကြသည်။
နောက်ဆုံးတော့ ရွာသူကြီးက အမည်မဖော်ပဲ ဆန္ဒမဲပေးဖို့ ကမ်းလှမ်းလိုက်သည်။ ကလေးများအပါအဝင် ရွာသူရွာသားများအားလုံး မဲပေးပိုင်ခွင့် ရှိပါသည်။
လူတစ်ယောက်စီကို ဝါးချောင်းလေးနှစ်ချောင်းစီ ပေးထားသည်။ ဝါးအရှည်က ဆက်နေဖို့ကို ကိုယ်စားပြုပြီး ဝါးအတိုက ပြောင်းရွှေ့ဖို့ကို ကိုယ်စားပြုပါသည်။
ရွေးချယ်ထားသည့် ဝါးချောင်းလေးကို သစ်သားပုံးတစ်ပုံးထဲ ထည့်ပေးရသည်။
မဲပေးမှုပြီးဆုံးသောအခါ အားလုံးရှေ့တွင် ရွာသူကြီးကိုယ်တိုင် မဲပုံးကိုဖွင့်ပြီး ဝါးချောင်းများကို တစ်ချောင်းချင်း စတင် ရေတွက်ပြခဲ့ပါသည်။
ဟုန်ကောက လည်ဆန့်ကာ ကြည့်နေပြီး မျက်ဝန်းများတွင်လည်း မျှော်လင့်ချက်များဖြင့် တောက်ပနေခဲ့သည်။
ဆက်နေဖို့ ကိုယ်စားပြုသည့် ဝါးချောင်းရှည်များ များသထက်များလာပြီး ပြောင်းရွှေ့ဖို့ ကိုယ်စားပြုသည့် ဝါးချောင်းတိုများကတော့ အလွန်ပင် နည်းပါးလှသည်။
ရလဒ်က ခန့်မှန်းဖို့လွယ်ကူသည်။ ထောင်ယွမ်ရွာ မပြောင်းရွှေ့ဘဲ ဒီနေရာမှာသာ ဆက်လက်နေထိုင်ကြရမည်။
ယန်ရုန်ရုန် ပြူတင်းပေါက်ကို ပြန်ပိတ်လိုက်ပြီး ရှုယင်အား လှည့်မေးလိုက်သည်။
“ဒီထောင်ယွမ်ရွာက တကယ်ပဲ ဝိညာဉ်နယ်မြေထဲမှာ ရှိနေတာလား”
ဝိညာဉ်ဧကရာဇ်တစ်ဦးဖြစ်သည့်အလျောက် ဝိညာဉ်နယ်မြေအကြောင်းကို ရှုယင်ထက် ပိုသိသူ မရှိနိုင်ပါ။ သို့သော် ယခုအချိန်တွင် ရှုယင်ပင် အဖြေအတိအကျ မပေးနိုင်ခဲ့ပေ။
“ဒါက လျှို့ဝှက်နယ်မြေလေ၊ ပုံမှန်မဟုတ်တဲ့ နေရာတစ်ခုပဲ၊ ထောင်ယွမ်ရွာကို အခြားတစ်နေရာကနေ ဒီကို ရွှေ့ပြောင်းလာတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ဝိညာဉ်နယ်မြေထဲမှာ လုံးဝ ရှိမနေတာလည်း ဖြစ်နိုင်တယ်၊ ဧကန္တ တစ်ယောက်ယောက်က နေရာနှစ်ခုကို ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတစ်ခု ဖွင့်ပေးသွားတာ ဖြစ်လောက်တယ်”
ယန်ရုန်ရုန် ထပ်မေးလိုက်သည်။
“ရွာသူကြီးပိုင် ဒီမှာဆက်နေချင်တာက သူပြောသလိုပဲ ဒီပတ်ဝန်းကျင်နဲ့အသားကျနေလို့လား၊ ဒါမှမဟုတ် ဒီနေရာက လျှို့ဝှက်နယ်မြေတစ်ခုဖြစ်နေလို့ ရွာသားတွေ ထွက်သွားလို့မရမှန်း သူ့ရင်ထဲမှာ သိနေလို့လား”
ရှုယင် တိတ်ဆိတ်နေခဲ့သည်။ သူ့တွင်လည်း ထိုသံသယများ ရှိနေပါသည်။
ယန်ရုန်ရုန် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။
“ရွာသူကြီးက ကျွန်မရှာနေတဲ့ ပိုင်ကျဲနတ်သားရဲဖြစ်နိုင်တယ်လို့ ခံစားနေရတယ်… ဒါပေမယ့် ဖူရှန်းကြေးမုံထဲမှာ ဘာလို့သူ့အသွင်အစစ် ပေါ်မလာတာလဲ”
ရှုယင်က အသိပေးလိုက်သည်။
“ငါတို့ ယူလာတဲ့ နတ်ရတနာတွေအားလုံး ဒီမှာအလုပ်မဖြစ်ဘူးလေ”
ယန်ရုန်ရုန် ကြက်သေသေသွားခဲ့သည်။
သူမ အားလုံး နားလည်သွားခဲ့ပါပြီ။ အရေးအကြီးဆုံးအချက်ကိုမှ သူမ မေ့လျော့သွားခဲ့သည်။ ဒီနေရာတွင် အခြားနတ်ရတနာများ အလုပ်မဖြစ်သဖြင့် ဖူရှန်းကြေးမုံလည်း အာနိသင် မရှိလောက်ပါ။
ထို့ကြောင့် ရွာသူကြီး၏ အသွင်အစစ်အမှန်ကို ဖူရှန်းကြေးမှုံမှ ဖော်မပြနိုင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။
-
နေဝင်ချိန်ကို ရောက်ရှိလာပြီး ကောင်းကင်ကြီးက ပုစွန်ဆီရောင်သန်းနေပြီဖြစ်သည်။ ရွာသူကြီးပိုင်က ဝါးချောင်းလေးများကို ပြန်သိမ်းရင်း လေးလေးနက်နက် သတိပေးလိုက်ပါသည်။
“နောက်ကျနေပြီ၊ အားလုံးကိုယ့်အိမ်ကိုယ် ပြန်ကြတော့၊ ဒီနေ့ည အိမ်တံခါးတွေ ပြူတင်းပေါက်တွေ သေသေချာချာ ပိတ်ထားဖို့ မမေ့ကြနဲ့၊ ပြီးတော့ အပြင်လည်း မထွက်ကြနဲ့”
ရွာသားများ မတ်တပ်ပြန်ရပ်လိုက်ကြပြီး ရွာသူကြီးကို နှုတ်ဆက်ကာ အိမ်ပြန်သွားခဲ့ကြပါသည်။
အခန်းထဲတွင် ရွာသူကြီး၏ သရုပ်မှန်အကြောင်း ယန်ရုန်ရုန် စဉ်းစားနေဆဲဖြစ်သည်။ ထိုစဉ် ရွာသူကြီး၏ သတိပေးစကားများကို ကြားလိုက်ရကာ သံသယထပ်ဝင်သွားခဲ့ပါသည်။
“ရွာသူကြီးရဲ့ စကားတွေက နည်းနည်း ထူးဆန်းနေတယ်…”
ရှုယင်ကလည်း ထောက်ခံသည်။ ညအချိန်တွင် လမ်းကို သေချာမမြင်ရသဖြင့် အပြင်မထွက်ခိုင်းသည်မှာ သဘာဝ ကျသော်လည်း ရွာသူကြီးပိုင်၏ လေသံက အန္တရာယ်တစ်ခုခုကို သတိပေးနေသည့် အသွင်ဆောင်နေပါသည်။
ရွာသူကြီး၏ စကားကို သုံးသပ်ကြည့်ခြင်းအားဖြင့် ညဘက် ရွာထဲတွင် တစ်စုံတစ်ခု ဖြစ်ခဲ့ဖူးပုံပေါ်သည်။
ညနေဆည်းဆာ နေရောင်က ဟုန်ကော၏ မျက်နှာလေးပေါ် ကျရောက်လာသဖြင့် ပိုမိုတောက်ပသွားစေခဲ့သော်လည်း သူမ မျက်ဝန်းများကတော့ စိတ်ပျက်အားလျော့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဟုန်ကော၏ အဖေဖြစ်သူက အိပ်ငိုက်နေသည့် သားငယ်ကို ကျောပေါ်တွင် တင်ကာ မိသားစုကို ပြောလိုက်သည်။
“မှောင်တော့မယ်၊ အိမ်မြန်မြန် ပြန်ကြစို့”
ဒါကိုကြားပြီး ဟုန်ကောလည်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်နှာအနည်းငယ် ဖြူရော်သွားခဲ့သည်။ သူမ စိတ်ပျက်နေဖို့ အချိန်မရှိတော့ဘဲ မိသားစုနှင့်အတူ အိမ်သို့ ခပ်မြန်မြန် ပြန်သွားခဲ့တော့သည်။
သူမတို့မိသားစုတင်မဟုတ်ဘဲ ရွာထဲရှိ ရွာသူရွာသားများအားလုံး အလျှင်လိုနေကြပါသည်။ ဖော်ရွေတတ်သည့် ရွာလေးဖြစ်၍ ပုံမှန်ဆို လမ်းမပေါ်တွင် အချင်းချင်း စကားစမြည်ပြောသင့်သော်လည်း ယခုတော့ စကားပြောချိန်ပင်မရှိဘဲ လမ်းကို ခပ်သုတ်သုတ်လျှောက်ကာ အိမ်ပြန်နေကြလေသည်။
ယန်ရုန်ရုန်နှင့် ရှုယင်တို့ထံ ရွာသူကြီးပိုင် ပြန်ရောက်လာပြီး နွေးထွေးစွာ ပြောလိုက်သည်။
“မိုးတောင်ချုပ်တော့မယ်၊ မင်းတို့ အပြင်ထွက်ဖို့ အဆင်မပြေလောက်ဘူး၊ ငါ့အိမ်မှာပဲ ဒီနေ့ည တည်းလိုက်ပါလား”
ထောင်ယွမ်ရွာတွင် ညဘက်ဘာတွေဖြစ်နေသလဲ ယန်ရုန်ရုန် သိချင်သဖြင့် တွေဝေမနေတော့ဘဲ လက်ခံလိုက်ပါသည်။
“ကျေးဇူးတင်ပါတယ် ရွာသူကြီး၊ ကျွန်မတို့ကို ဒီနေ့ည တည်းခိုခွင့်ပြုတဲ့အတွက် ကျေးဇူးတင်လက်ဆောင်လေး ပေးပါရစေ”
ထို့နောက် ငွေတုံးတစ်တုံးကို ထုတ်ကာ ရွာသူကြီးအား ပေးလိုက်ပါသည်။
ရွာသူကြီးပိုင်က ချက်ချင်း လက်ကာပြလိုက်သည်။
“အဲ့ဒီငွေတွေ မယူနိုင်ပါဘူး၊ မင်းတို့နှစ်ယောက်က ဂုဏ်သရေရှိဧည့်သည်တွေပဲ၊ မင်းတို့ကို တစ်ညတာ တည်းခိုခွင့် ပြုရတာ ငါ့အတွက် ဂုဏ်ယူစရာပါ၊ ဘာလို့ ငွေယူရမှာလဲ”
ထို့နောက် ခပ်မြန်မြန် လှည့်ထွက်သွားလေတော့သည်။ ထိုငွေကို သူအမှန်တကယ် မယူချင်သည့်ပုံစံပင်။
ယန်ရုန်ရုန်ကလည်း ဖိအားမပေးခဲ့ပါ။
ခေတ္တကြာသောအခါ သူတို့ကို ညစာစားဖို့ အာ့ထိုက်လာခေါ်ခဲ့ပါသည်။ ကောင်လေးက အမှန်တကယ် ရှက်တတ်ပြီး ‘ညစာ’ဟု တစ်ခွန်းတည်းသာ ပြောကာ အမြန်ပြန်ပြေးသွားခဲ့သည်။
သူတို့လေးယောက် ဧည့်ခန်းထဲတွင် စုဝေးကာ ထိုင်လိုက်ကြသည်။ စားပွဲပေါ်တွင် ဟင်းလျာငါးမျိုး၊ ဟင်းရည်တစ်မျိုး တည်ခင်းထားလေသည်။ ရိုးရှင်းသော်လည်း အသားငါးနှင့် အသီးအရွက်မျှမျှတတ ပါဝင်ပါသည်။
ရွာသူကြီးပိုင်က သေရည်အိုးတစ်အိုးကို ထုတ်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။
“ဒါငါကိုယ်တိုင် ချက်ထားတဲ့ ဆန်အရက်လေ၊ အရည်အသွေးတော့ အရမ်းကြီး မကောင်းနိုင်ပေမယ့် မြည်းစမ်းကြည့်ပါဦး”
ယန်ရုန်ရုန့်တွင်လည်း မေးစရာမေးခွန်းများစွာရှိနေပါသည်၊။ သေရည်မူးသွားလျှင် အချက်အလက်နှိုက်ထုတ်ဖို့ ပိုမို လွယ်ကူသွားနိုင်သည်။
🌹Chapter 292
ထို့ကြောင့် ယန်ရုန်ရုန် သေရည်ခွက်ကို ကိုင်မြှောက်ကာ ရွာသူကြီးပိုင်အား ပြုံးပြလိုက်ပါသည်။
“အခုလို ဧည့်ဝတ်ကျေပွန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရွာသူကြီး၊ ရွာသူကြီးအတွက် လေးစားသမှုနဲ့ ဒီတစ်ခွက် အရင်ဆုံး သောက်ပါရစေ”
ထို့နောက် ယန်ရုန်ရုန် တစ်ကျိုက်တည်း မော့ချပစ်လိုက်သည်။ သေရည်က ပြင်းအားသိပ်မရှိဘဲ လန်းဆန်း ချိုမြိန်သည့် အရသာရှိသဖြင့် ယန်ရုန်ရုန့်အကျိုက်နှင့် ကိုက်ညီပါသည်။
အလွန်တက်ကြွနေသည့် ယန်ရုန်ရုန့်ကို ကြည့်ရင်း ရွာသူကြီးပိုင်လည်း ရွှင်ပျသွားပြီး အားရပါးရ တစ်ခွက် မော့လိုက်သည်။
သေရည်များ တစ်ခွက်ပြီးတစ်ခွက် သောက်ခဲ့ကြရင်း ညစာစားပွဲဝိုင်းလေးက ပိုမိုနွေးထွေးသက်ဝင်လာခဲ့ပါသည်။
ယန်ရုန်ရုန်က ကျင့်ကြံသူတစ်ဦးဖြစ်၍ ခွက်တစ်ထောင်လောက် သောက်လျှင်ပင် မမူးနိုင်ပါ။ သို့သော် ဘာကြောင့်မှန်းမသိဘဲ သူမခေါင်းတွေ လေးလံမူးဝေလာသလို ခံစားနေရသည်။
ထို့ကြောင့် နဖူးကို လက်ဖြင့်ထောက်ရင်း စားပွဲအစွန်းတွင် မှီကာ ရွာသူကြီးပိုင်ကို မော့ကြည့်လိုက်သည်။ ရွာသူကြီးပိုင်၏ ပါးနှင့် နှာခေါင်းများ နီရဲနေပါသည်။ သူလည်း အနည်းငယ် မူးနေပုံရသည်။
မေးမြန်းစရာများ ရှိသေးသည်ကို မမေ့သေးသဖြင့် ယန်ရုန်ရုန် လေးလေးလံလံ မေးလိုက်ပါသည်။
“ရွာသူကြီး… ညဘက် ရွာသားတွေကို ဘာလို့အပြင်ထွက်ခွင့်မပေးတာလဲ၊ ရွာထဲမှာ… တစ်ခုခု ဖြစ်နေလို့လား”
ရွာသူကြီးပိုင်လည်း စားပွဲအစွန်းကို မှီရင်း သက်ပြင်းအရှည်ကြီး ချလိုက်ပါသည်။
“လတ်တလောက ကိစ္စတချို့ ဖြစ်ပျက်ထားလို့ပါ၊ ဒါပေမယ့် မင်းတို့နဲ့ ဘာမှ မသက်ဆိုင်ဘူး၊ မနက်ဖြန်လောက်ဆို မင်းတို့ ပြန်သင့်ပြီ”
ရွာသူကြီးပိုင်၏ ပုံစံက အခက်အခဲတစ်ခုခုနှင့် ရင်ဆိုင်နေရသည့် ပုံစံဖြစ်မှန်း သိသာသဖြင့် ယန်ရုန်ရုန် အားတင်းကာ မေးလိုက်သည်။
“ကျွန်မတို့က ဒီကိုလာရခဲတယ်လေ ရွာသူကြီးရဲ့၊ ရက်နည်းနည်းလောက် ဆက်နေချင်သေးတာပေါ့၊ ရွာသူကြီးက ကျွန်မတို့ကို ဘာလို့ မောင်းထုတ်ချင်ရတာလဲ”
ရွာသူကြီးပိုင်က ရှင်းပြသည်။
“မောင်းထုတ်တာ မဟုတ်ရပါဘူး၊ မင်းတို့ကို အန္တရာယ်ထဲ မပါစေချင်လို့ပါ”
ယန်ရုန်ရုန် ရယ်မောလိုက်သည်။
“မေ့သွားပြီလား ရွာသူကြီး၊ ကျွန်မတို့က ကျင့်ကြံသူတွေလေ! တိမ်တွေစီးပြီး တောင်တွေကိုလည်း ရွှေ့နိုင်တယ်! ကျွန်မတို့ကို ဘယ်လိုအရာက အန္တရာယ်ပေးနိုင်မှာမို့လို့လဲ၊ ပြောစရာရှိတာ ပြောပြစမ်းပါ၊ ကျွန်မတို့ ကူညီပေးရင် ကူညီပေးနိုင်မှာပေါ့”
ဒါကိုကြားပြီး ရွာသူကြီးပိုင် စိတ်ယိမ်းယိုင်သွားပုံရသည်။
သို့သော် သံသယဖြင့် သူမေးလိုက်ပါသည်။
“မင်းတို့နှစ်ယောက်က ဘယ်ဂိုဏ်းကလာခဲ့တာလဲ သိခွင့်ရှိမလား”
“ဟွေ့လုံဂိုဏ်းပါ”
ယန်ရုန်ရုန့်ကို ရှုယင် ထူးထူးဆန်းဆန်း လှည့်ကြည့်လိုက်သည်။
ထိုဂိုဏ်းအမည်က ကြားရုံနှင့်ပင် အိပ်ငိုက်ချင်စရာကောင်းပါသည်။ ရွာသူကြီးပိုင်လည်း ထိုအမည်ကို ဆန်းကြယ်သည်ဟု ခံစားရပြိး သံသယပိုကြီးလာခဲ့သည်။
“မင်းတို့က ရာဇဝင်ထဲက ကျင့်ကြံသူတွေလို တကယ် အစွမ်းထက်ကြတာလား”
သေရည်ခွက်လွတ်တစ်ခွက်ကို ယန်ရုန်ရုန် ကောက်ကိုင်လိုက်ပြီး လက်ချောင်းများဖြင့် အသာအယာညှစ်လိုက်သည်။ ထိုအခါ ကြွေခွက်လေး ချက်ခင်း အမှုန့်ကြေသွားခဲ့တော့သည်။ သူမ လက်ဖဝါးကို ပြန်ဖြန့်လိုက်သောအခါ ဖြူဖွေးသည့် အမှုန့်များက ကြမ်းပြင်ပေါ် ဖြာကျသွားခဲ့ပါသည်။
ထိုမြင်ကွင်းကြောင့် ရွာသူကြီးပိုင်ကော အာ့ထိုက်ကော မှင်သက်သွားခဲ့ရသည်။
အာ့ထိုက်က အစာပင် မျိုမကျတော့ဘဲ တွေးလိုက်မိပါသည်။ ‘မိုက်…မိုက်လိုက်တာ!’
ဒီနေရာတွင် ယန်ရုန်ရုန်ယူဆောင်လာသည့် အဆောင်စက္ကူများနှင့် နတ်ရတနာများက အာနိသင် မရှိသော်လည်း သူမ ကျင့်ကြံခြင်းစွမ်းအားများကတော့ အကောင်းအတိုင်း ရှိနေပါသေးသည်။
သေရည်ခွက်တစ်ခွက်ကို ခွဲပြရသည်မှာ သူမအတွက် ရေသောက်ရသလောက် လွယ်ကူသည်။ ထို့နောက် ယန်ရုန်ရုန် ဝံ့ကြွားစွာ ပြုံးရင်း ရွာသူကြီးပိုင်ကို မေးလိုက်သည်။
“ဘယ်လိုလဲ ရွာသူကြီး”
ရွာသူကြီးပိုင်လည်း သံသယမဖြစ်ရဲတော့ပေ။ ထို့ကြောင့် ခါးမတ်မတ်ထိုင်ကာ လေးလေးနက်နက် ရှင်းပြလိုက်တော့သည်။
“ဇာတ်လမ်းက လွန်ခဲ့တဲ့တစ်လလောက်ကစတာ၊ ရွာသားတစ်ယောက် သူ့ယောက္ခမအိမ်ကို သွားလည်ရင်းနဲ့ သေရည်သောက်တာ နည်းနည်းများသွားပြီး အိမ်ပြန်နောက်ကျခဲ့တယ်၊ အပြန်လမ်းမှာ တစ္ဆေတစ်ကောင်နဲ့ တွေ့ပြီး သတ်စားခံရလုနီးပါး ဖြစ်ခဲ့တာ၊ ကံကောင်းလို့ သူအပြေးမြန်ပြီး အသက်အန္တရာယ်က လွတ်ခဲ့တယ်၊ အိမ်ပြန်ရောက်တော့ သူအပြင်းဖျားပြီး ကယောင်ကတမ်းတွေ အကြာကြီး ပြောခဲ့တာ၊ အခု သက်သာနေပြီဆိုပေမယ့် သူ့ပုံစံက ကျပ်မပြည့်တော့သလို ဖြစ်သွားတယ်”
“အဲ့ဒီနောက်ပိုင်း အိမ်နှစ်အိမ်က ခွေးတွေကြောင်တွေလည်း ညကြီးသန်းခေါင် အပြင်ထွက်သွားကြပြီး သေသွားကြတာ၊ အရိုးပေါ်အရေတင်နေတဲ့ အလောင်းတွေပဲ ပြန်တွေ့ခဲ့ရတယ်၊ တစ်ခုခုက သူတို့ရဲ့ အသက်ဓာတ်ကို စုပ်ယူလိုက်သလို ပုံစံမျိုးပဲ၊ အသေဆိုးနဲ့ သေသွားရတာမို့လို့ နောက်ထပ် ရွာသားတွေအန္တရာယ်နဲ့ ကြုံရမှာစိုးလို့ ညဘက် အပြင်ထွက်ခွင့် ငါပိတ်ပင်ခဲ့တာ၊ ထူးဆန်းတာက အားလုံး အိမ်ထဲမှာပဲနေပြီး တံခါးတွေ ပြူတင်းပေါက်တွေ လုံလုံခြုံခြုံ ပိတ်ထားကြရင် အဲ့ဒီတစ္ဆေတွေက ပေါ်မလာတတ်ဘူး”
ဝိညာဉ်ကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျောက် ထိုကဲ့သို့ ခြောက်လှန့်မှုမျိုးကို ရှုယင် ကောင်းကောင်း နားလည်နိုင်ပါသည်။
ထို့ကြောင့် ယန်ရုန်ရုန် ခေါင်းလေးစောင်းကာ သူ့ကို စိုက်ကြည့်လိုက်ပြီး သူ့အထင်အမြင်ကို ကြားရဖို့ စောင့်နေခဲ့သည်။
နီမြန်းနေသည့် သူမ၏ ပါးကလေးများ၊ ကြည်လည်တောက်ပနေသည့် သူမ၏ မျက်ဝန်းလေးများကို ရှုယင် ငေးကြည့်လိုက်သည်။ သူ့လက်ချောင်းတွေ ယားယံလာပြီး သူမပါးလေးကို ညှစ်ကြည့်ချင်လာပါသည်။
ထို့ကြောင့် သူညှစ်ကြည့်လိုက်သည်။
ပါးတစ်ဖက် ရုတ်တရက် အညှစ်ခံလိုက်ရသောအခါ ယန်ရုန်ရုန် ကြက်သေသေသွားခဲ့သည်။
သေရည်အရှိန်ကြောင့် သူမတုံ့ပြန်မှုက ပုံမှန်ထက်နှေးကွေးနေသဖြင့် ချစ်စရာပိုကောင်းသွားစေပါသည်။ ရှုယင် အသည်းပိုယားလာသော်လည်း ဆက်မလုပ်သင့်တော့မှန်း နားလည်လိုက်သည်။
သူမ ဒေါသမထွက်နိုင်ခင် ရှုယင် လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် လက်ချောင်းလေးများကို အချင်းချင်း ပွတ်သပ်ကာ သူမပါးလေး၏ နူးညံ့နွေးထွေးသော အထိအတွေ့လေးကို ပြန်အမှတ်ရနေခဲ့ပါသည်။
သူလာညှစ်သည့် ပါးတစ်ဖက်ကို ယန်ရုန်ရုန် သုတ်ပစ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ရှင် ဘာလုပ်တာလဲ”
ရှုယင် မျက်တောင်ပင်မခတ်ဘဲ လိမ်ညာလိုက်သည်။
“မင်းပါးပေါ်မှာ ထမင်းစေ့ကပ်နေလို့ ဖယ်ပေးတာ”
ယန်ရုန်ရုန် မယုံသင်္ကာဖြစ်နေသည်။
“ဟုတ်လို့လား”
“ဒါပေါ့”
ယန်ရုန်ရုန် မကျေမနပ် အထွန့်တက်လိုက်လေသည်။
“ထမင်းစေ့ကပ်နေတယ်ဆိုရင်တောင် ဒီတိုင်း ပါးစပ်က ပြောလို့မရဘူးလား၊ ကျွန်မဖာသာ ဖယ်လို့ရတာပဲ၊ ရှင့်အကူအညီ မလိုပါဘူး”
“ငါ့အမှားပါ၊ ထပ်မလုပ်တော့ဘူး”
သူ့တောင်းပန်မှုက မြန်ဆန်လွန်းသဖြင့် ယန်ရုန်ရုန် ဘာမှပင်ဆက်မပြောနိုင်တော့ဘဲ စိတ်လျှော့လိုက်ရပါသည်။
သူတို့နှစ်ယောက်၏ အပြောအဆိုအပြုအမူများကို ကြည့်ရင်း ရွာသူကြီးပိုင် အားလုံးနားလည်လိုက်သည်။ ထို့ကြောင့် ဘာမှဝင်မပြောတော့ဘဲ သေရည်သာ တိတ်တဆိတ် ဆက်သောက်နေလိုက်တော့သည်။
တစ္ဆေနှင့် ကြုံခဲ့ရသည့် ရွာသားအား ယန်ရုန်ရုန် သွားတွေ့ချင်သည်။ သို့သော် မိုးချုပ်နေပြီဖြစ်ကာ သူမ သေရည်လည်း မူးနေသဖြင့် မနက်ဖြန်မှ သွားတွေ့ဖို့ ရွာသူကြီးပိုင်က အကြံပြုပါသည်။
ယန်ရုန်ရုန်လည်း သဘောတူလိုက်ပြီး မတ်တပ်ရပ်ကာ အိမ်နောက်ဘက်သို့ ဒယိမ်းဒယိုင် လျှောက်သွားခဲ့သည်။ နှုတ်မှလည်း ပွစိပွစိ ရေရွတ်နေသေးသည်။
“အဲ့တာ ဘယ်လိုဆန်အရက်မျိုးလဲ၊ ဘာလို့အဲ့လောက်တောင် ပြင်းရတာလဲ”
သူမ လဲကျသွားမည်စိုးသဖြင့် ရှုယင်က တွဲကူပေးဖို့ ကြိုးစားလိုက်ပါသည်။ သို့သော် ယန်ရုန်ရုန်က တွန်းထုတ်ကာ ပြောသည်။
“ကျွန်မ ရှင့်အကူအညီမလိုဘူး၊ ကိုယ့်ဖာသာကိုယ်လျှောက်နိုင်တယ်”
ရှုယင်လည်း သူမနောက်မှ တိတ်တဆိတ်သာ လိုက်လာနိုင်ခဲ့သည်။ ယန်ရုန်ရုန် အခန်းထဲဝင်သွားပြီး တံခါးကို ပိတ်လိုက်သည့်တိုင်အောင် ရှုယင် ထွက်မသွားသေးပါ။
အခန်းထဲက ဖယောင်းတိုင်မီးများ ငြိမ်းသွားပြီး အသံများတိတ်သွားခါမှ ရှုယင် ဘေးချင်းကပ်လျက်အခန်းထဲ ဝင်ပြီး အနားယူခဲ့ပါသည်။
-
ညအချိန်တွင် အမှောင်ထုက ကြီးစိုးထားသည်။ ထောင်ယွမ်ရွာထဲရှိ အိမ်တိုင်းအိမ်တိုင်း တံခါးများ၊ ပြူတင်းပေါက်များကို တင်းတင်းကျပ်ကျပ် လုံလုံခြုံခြုံ ပိတ်ထားကြသည်။
လမ်းမပေါ်တွင် လူသူကင်းမဲ့နေပြီး သိုး၊ နွား အစရှိသည့် တိရိစ္ဆာန်များကိုပင် လုံလုံခြုံခြုံ ထိန်းသိမ်းထားကြသည်။ တစ်ရွာလုံး ချောက်ချားစရာကောင်းအောင် တိတ်ဆိတ်နေခဲ့ပါသည်။
ထိုနေ့ညက ယန်ရုန်ရုန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ပါ။ သူမအိပ်ရာဘေးတွင် တစ်စုံတစ်ယောက် မတ်တပ်လာရပ်နေသလို ခံစားခဲ့ရသည်။
သို့သော် သူမ မျက်ခွံတွေ ပေါင်ချိန်တစ်ထောင်လောက် လေးလံနေသလို ခံစားနေရသဖြင့် မဖွင့်နိုင်ခဲ့ပါ။ အာရုံတွေလည်း ရီဝေနေခဲ့ပြီး အိပ်မက်နှင့် လက်တွေ့ကိုပင် မခွဲခြားနိုင်တော့ပေ။
သူမ မျက်လုံးများ အမှန်တကယ် ပြန်ပွင့်လာသောအခါ မနက်ပင် မိုးလင်းနေပါပြီ။ ပြူတင်းပေါက် ခန်းဆီးမှတဆင့် နေရောင်ခြည်သဲ့သဲ့လေး အနည်းငယ် ဖြာကျနေခဲ့သည်။
ယန်ရုန်ရုန် အိပ်ရာပေါ်မှ အားပြုကာ ထလိုက်ပြီး ကိုက်ခဲနေသော နားထင်များကို ပွတ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ယောက် ရပ်နေသည်ဟု ခံစားခဲ့ရသော နေရာကို လှည့်ကြည့်လိုက်ပါသည်။
သို့သော် ဘယ်သူမှ ရှိမနေပေ။
‘ငါတကယ် အိပ်မက်မက်ခဲ့တာလား…’
ယန်ရုန်ရုန် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပြီး သမ်းဝေရင်း အပြင်သို့ ထွက်လာခဲ့သည်။
သူမကို မြင်သောအခါ ရှုယင် မှင်သက်သွားခဲ့ပါသည်။
“မင်းပုံစံက ဆိုးရွားလိုက်တာ၊ ညက အိပ်မပျော်ဘူးလား”
ယန်ရုန်ရုန် ခေတ္တတွန့်ဆုတ်သွားသော်လည်း သူမ သံသယများကို မျှဝေဖို့ ဆုံးဖြတ်လိုက်ပါသည်။
“မနေ့ညက ကျွန်မအိပ်ပျော်သွားတော့ ကျွန်မဘေးမှာ တစ်ယောက်ယောက် လာရပ်ကြည့်နေသလို ခံစားခဲ့ရတယ်၊ ဘယ်လောက်ကြာကြာ ရပ်ကြည့်နေတာလဲ မပြောတတ်ဘူး၊ အိပ်မက်လား လက်တွေ့လားဆိုတာလည်း ဝေခွဲမရဘူး”
ရှုယင် မျက်မှောင်ကြုတ်သွားသည်။
“ငါသွားစစ်ကြည့်ပေးမယ်”
ယန်ရုန်ရုန့်အခန်းကို ရှုယင် သေသေချာချာ စစ်ဆေးရှာဖွေခဲ့သော်လည်း ပုံမှန်မဟုတ်သည့်အရာ ဘာမှမတွေ့ခဲ့ရပေ။