← Chapters

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

🌹Chapter 293

ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။

“အိပ်မက်ပဲ ဖြစ်လောက်မှာပါ”

ရှုယင် ဘာမှပြန်မပြောသော်လည်း ထိုကိစ္စကို ရင်ထဲမှာ မှတ်သားထားလိုက်ပြီး နောက်မှ သေသေချာချာ ဆက်လက် စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ထို့နောက် ရှုယင် စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။

“မနေ့ညက ငါတို့သောက်ခဲ့တဲ့ သေရည်က ထူးဆန်းတယ်လို့ မထင်ဘူးလား”

ယန်ရုန်ရုန် ခေတ္တ မှင်သက်သွားခဲ့ပြီး ခေါင်းညိတ်လိုက်ပါသည်။

“ထူးဆန်းတယ်”

သူမက ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးဖြစ်၍ လူသားတစ်ယောက်၏ သေရည်က သူမကို မူးသွားအောင် လုပ်နိုင်စွမ်း မရှိသင့်ပါ။

သို့သော် မနေ့ညက ဆန်အရက်ကတော့ သူမကို အမှန်တကကယ် မူးဝေသွားစေခဲ့သည်။ သံသယဖြစ်စရာ အလွန်ကောင်းပါသည်။

မနက်စာစားချိန်တွင် မနေ့ညက ဆန်အရက်ကို အလွန်ကြိုက်နှစ်သက်ကြောင်းနှင့် ရွာသူကြီးပိုင်ထံမှ နှစ်အိုးလောက် ဝယ်ယူသွားချင်ကြောင်း ယန်ရုန်ရုန် ပြောခဲ့သည်။

သူဖန်တီးထားသည့် သေရည်ကို အလွန်နှစ်သက်သည်ဟု ကြားရသဖြင့် ရွာသူကြီးပိုင် ပျော်ရွှင်သွားခဲ့ပါသည်။ ထို့ကြောင့် သိုလှောင်ခန်းထဲဝင်ကာ သေရည်နှစ်အိုး ချက်ချင်း သွားယူလာခဲ့သည်။

ယန်ရုန်ရုန်က အဖိုးအခပေးမည်ဟု ခေါင်းမာနေသဖြင့် ရွာသူကြီး ရွေးချယ်စရာမရှိဘဲ ငွေများကို လက်ခံလိုက်ရပါသည်။

မနက်စာစားပြီးနောက် ယန်ရုန်ရုန်နှင့် ရှုယင်တို့ အခန်းဆီ ပြန်သွားကြပြီး သေရည်ကို စစ်ဆေးခဲ့ကြသည်။

အရောင်ကော အရသာကော သာမန်ဆန်အရက်နှင့် မခြားနားလှပါ။ ထိုသေရည်ထဲ ဝိညာဉ်စွမ်းအင်များကိုလည်း အာရုံမခံနိုင်ခဲ့ပေ။ ရှုယင်ကလည်း ထူးခြားချက်ဘာမှ မတွေ့ရကြောင်း သူမကို အချက်ပြခဲ့သည်။

ယန်ရုန်ရုန် သေရည်အိုးကို ပြန်ချထားလိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့ပါသည်။

“ဒါဆို မနေ့ညက ကျွန်မ ဘယ်လိုမူးသွားခဲ့တာလဲ…”

ရှုယင်လည်း ခေတ္တစဉ်းစားကာ ပြောလိုက်သည်။

“သေရည်က ပြဿနာမရှိရင် လူမှာ ပြဿနာရှိနေတာကော မဖြစ်နိုင်ဘူးလာား”

ယန်ရုန်ရုန် ချက်ချင်း နားလည်သွားသည်။

“ရှင်ဆိုလိုတာက… ဆန်အရက်ကို သူကိုယ်တိုင်ချက်ထားတာဆိုတဲ့ ရွာသူကြီးပိုင်မှာ ပြဿနာရှိနေတာလား”

သံသယအဆင့်သာ ရှိသေးသဖြင့် ရှုယင် အဖြေတိတိကျကျ မပေးနိုင်ခဲ့ပေ။

ထိုအချိန်တွင် တစ်ချိန်လုံးငြိမ်နေခဲ့သည့် ငှက်ပေါက်လေးက ရုတ်တရက် ခေါင်းပြူထွက်ကာ ယန်ရုန်ရုန့်ကို တကျိကျိ အော်ပြောလိုက်ပါသည်။

“ပိုင်ကျဲနတ်သားရဲက သေရည်တွေကို ကြိုက်နှစ်သက်ပြီး သေရည်ဖန်တီးတဲ့နေရာမှာလည်း အရမ်းထူးချွန်တယ်လို့ လောလဟာလတွေ ကြားဖူးတယ်၊ သူ့လက်နဲ့ ဖန်တီးထားတဲ့ သေရည်တွေက အရသာရှိရုံတင်မကဘူး သာမန်ထက် ထူးကဲထက် အာနိသင်တွေလည်း ရှိနေတယ်တဲ့”

ထိုစကားကို ကြားလိုက်ရသောအခါ သူမ အိပ်မက်ထဲတွင် ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးအား ငွေဖြူရောင်ဆံနွယ်နှင့် အမျိုးသားပေးခဲ့ဖူးသော ကျော့ဟွားသေရည်အကြောင်းကို ယန်ရုန်ရုန် ချက်ချင်း အမှတ်ရသွားခဲ့သည်။ ထိုသေရည်က ငှက်ပေါက်လေး၏ ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိပါသည်။

ပိုက်ကျဲနတ်သားရဲကိုယ်တိုင် ထိုသေရည်ကို ဖန်တီးပြီး ငွေဖြူရောင်ဆံနွယ်နှင့်လူအား လက်ဆောင်ပေးခဲ့ခြင်း ဖြစ်လိမ့်မည်။

ယန်ရုန်ရုန် လက်နောက်ပစ်ကာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း ရေရွတ်နေပါသည်။

“အဲ့ဒီကောလဟာလတွေသာ အမှန်ဆိုရင် အားလုံး အဓိပ္ပာယ်ရှိသွားပြီ၊ အခု ပိုင်ကျဲရဲ့ သရုပ်မှန်ကို ဖော်ထုတ်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှာဖို့နဲ့ သူ့ဆီက အမှန်တရားကို ‌မေးမြန်းဖို့က နံပါတ်တစ် ဦးစားပေးပဲ”

ထိုစဉ် တံခါးခေါက်သံထွက်ပေါ်လာသည်။ ယန်ရုန်ရုန် တံခါးသွားဖွင့်ပေးလိုက်ရာ ရွာသူကြီးပိုင်ကို မြင်လိုက်ရပါသည်။

ရွာသူကြီးပိုင်က သူမကို ဖော်ဖော်ရွေရွေ ပြုံးပြကာ ပြောလိုက်သည်။

“တစ္ဆေနဲ့ ဆုံခဲ့တဲ့ ရွာသားကို တွေ့ချင်တယ်လို့ မင်းမနေ့ညက ပြောခဲ့တယ်မလား၊ အခု သူ့အိမ်ကို လိုက်ပို့ပေးလို့ရတယ်၊ မင်းအခုသွားဖို့ အဆင်ပြေလား”

ယန်ရုန်ရုန် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ “ပြေပါတယ်”

ရွာသူကြီးပိုင်က အာ့ထိုက်ကို အိမ်မှာနေခဲ့ဖို့ မှာကြားပြီး ယန်ရုန်ရုန်နှင့် ရှုယင်တို့ကို အပြင် ခေါ်ဆောင်လာခဲ့ပါသည်။ နေ့ဘက်တွင် ထောင်ယွမ်ရွာကလေးက ပုံမှန်အတိုင်း အေးချမ်းသာယာနေခဲ့သည်။

ရွာသူကြီး အပြင်ထွက်လာသည်ကို မြင်ပြီး အိမ်နီးချင်းများက နှုတ်ဆက်ဂါဝရပြုခဲ့ကြပါသည်။ ရွာသူကြီးကလည်း လူတိုင်းကို ပြန်နှုတ်ဆက်ခဲ့ပြီး ခပ်ဝိုင်းဝိုင်း သူ့မျက်နှာက နွေးထွေးသောအပြုံးတစ်ခုဖြင့် အမြဲတမ်းတောက်ပနေခဲ့သည်။

မကြာမီ သူတို့ပန်းတိုင်သို့ ရောက်ရှိလာခဲ့ကြသည်။

တစ္ဆေနှင့် ဆုံတွေ့ခဲ့သည်ဟူသော ရွာသား၏ အမည်က နျို့တာ့လန်ဖြစ်သည်။ ရွာသူကြီး ပြောပုံအရဆို ယခင်က ထိုလူမှာ အရပ်ရှည်ရှည်နှင့် ကျန်းမာကြံ့ခိုင်ပြီး အလွန်သတ္တိရှိပါသည်။ ထို့ကြောင့် သူ့ကို ‘သတ္တိခဲကြီးနျို့’ဟုပင် အမည်ပြောင် ပေးထားကြသည်။

သို့သော် ထိုတစ္ဆေနှင့် ဆုံတွေ့ပြီးကတည်းက အပြင်းအထန် နာမကျန်းဖြစ်ပြီး ကိုယ်အလေးချိန်များ သိသိသာသာ လျော့ကျသွားခဲ့သည်။ ထို့အပြင် အလွန်လည်း ကြောက်တတ်လာခဲ့သည်။ လေပြည်တစ်ချက် တိုးဝှေ့သဖြင့် မြင်ပင်ကလေးများ လှုပ်ရှားသွားသည်ကိုပင် သူကြောက်ရွံ့နေတတ်ပါသည်။

တာ့လန်၏ မိသားစုလည်း အလွန်စိတ်သောက ရောက်နေခဲ့ရသည်။ ရွာသူကြီးကိုမြင်သည်နှင့် အိမ်ထဲ ချက်ချင်း ဖိတ်ကြားပြီး ဒုက္ခများကို စတင်ရင်ဖွင့်ခဲ့တော့သည်။

ရွာသူကြီးက ထိုစကားလုံးများကို အကြိမ်ပေါင်းများစွာ ကြားဖူးပြီးသား ဖြစ်ပါသည်။ သို့သော် နျို့မိသားစု၏ ရင်ဖွင့်စကားများကို သူစိတ်ရှည်ရှည် ထပ်နားထောင်ခဲ့သည်။ ရံဖန်ရံခါ နှစ်သိမ့်စကားအချို့ပင် ပြောခဲ့ပါသေးသည်။

မိသားစုစိတ်အခြေအနေ အနည်းငယ်တည်ငြိမ်သွားခါမှ သူတို့ရောက်လာရသည့် အကြောင်းအရင်းကို ရွာသူကြီးပိုင် ဖွင့်ပြောခဲ့သည်။ နျို့မိသားစုက ရွာသူကြီးကို လေးစားသဖြင့် သူ့တောင်းဆိုချက်ကို မဆိုင်းမတွ လက်ခံလိုက်ပါသည်။

“လိုက်ခဲ့ကြပါ”

သူတို့အားလုံး နျို့တာ့လန်နေထိုင်သည့် အခန်းသို့ ရောက်ရှိလာခဲ့သည်။ လောလောဆယ် နျို့တာ့လန်တစ်ယောက် အခန်းထောင့်တွင် တစ်ယောက်တည်း ရီဝေစွာ ထိုင်နေပါသည်။

တံခါးဖွင့်သံကြားသောအခါ ကြောက်လန့်လွန်းသဖြင့် ဗီရိုထဲပင် ပြေးဝင်ပုန်းခဲ့သည်။ နျို့မိသားစုက ဒါမျိုးနှင့် အသားကျနေပြီဖြစ်၍ ဗီရိုတံခါးကို သွားဖွင့်ကာ အချိန်အတော်ကြာအောင် ချော့မြူပြီးနောက် နျို့တာ့လန်ကို ပြန်ဆွဲထုတ်လာခဲ့ပါသည်။

နျို့တာ့လန်ကို ယန်ရုန်ရုန် သေသေချာချာ အကဲခတ်လိုက်သည်။ သူက အတော်လေး အရပ်ရှည်ပါသည်။ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ခြင်းအားဖြင့် ယခင်က ကြံ့ကြံ့ခိုင်ခိုင်ရှိခဲ့ဖူးမှန်း သိသာသည်။

ကံမကောင်းစွာဖြင့် ယခု သူ့ပုံစံမှာ ပိန်ပါးလွန်းသဖြင့် လေတိုက်လျှင် လဲသွားတော့မည့်ပုံစံမျိုးပင် ပေါက်နေလေသည်။ ခါးလည်းကုန်းနေပြီး မျက်လုံးများအောက်တွင် ညိုမဲစွဲနေကာ အတော်လေး စိတ်ချောက်ချားနေပုံရပါသည်။

ရွာသူကြီးပိုင်က နျို့တာ့လန်ကို နှုတ်ဆက်ဖို့ ကြိုးစားသည်။ သို့သော် သူ့နှုတ်မှ စကားတစ်ခွန်းထွက်လာသည်နှင့် တာ့လန် ကြောက်လန့်တကြား တုန်ယင်သွားပြီး သူ့မိဘတွေနောက် ပြေးပုန်းခဲ့ပါသည်။

နျို့လင်မယားနှစ်ယောက်လည်း ခါးခါးသီးသီးနှင့် ရှင်းပြလိုက်ရသည်။

“စိတ်မရှိပါနဲ့ ရွာသူကြီး၊ အဲ့ဒီတစ္ဆေကို မြင်ပြီးကတည်းက တာ့လန် ဒီလိုပဲကြောင်အအ ဖြစ်သွားတာ၊ အဝတ်အစားလဲတာ အစားအသောက်စားတာကအစ အကုန်လိုက်လုပ်ပေးနေရတယ်၊ ညဘက် အိပ်ရင်လည်း အိပ်မက်ဆိုးတွေ မကြာခဏ မက်ပြီး သူ့နောက်ကို တစ္ဆေတစ်ကောင်လိုက်နေပါတယ်လို့ အော်ဟစ်နေတာ၊ အဲ့တာကြောင့် တစ်မိသားစုလုံး တော်တော်လေး စိတ်ဆင်းရဲနေရပါတယ်”

ရှင်းပြပြီးနောက် လင်မယားနှစ်ယောက် သက်ပြင်းချမိပါသည်။ ဒီလိုနေ့ရက်ဆိုးတွေ အမြန်ဆုံး အဆုံးသတ်ပါစေဟုလည်း ဆုတောင်းနေမိသည်။

နျို့တာ့လန် ဝိညာဉ်ဆုံးရှုံးလိုက်ရခြင်းဖြစ်မည်ဟု ယန်ရုန်ရုန် သံသယဝင်မိပါသည်။ လူသားတစ်ဦးတွင် စိတ်ဝိညာဉ်သုံးခုနှင့် ရုပ်ဝိညာဉ်ခုနစ်ခုတို့ ရှိသည်။ ၎င်းတို့ထဲမှ ဝိညာဉ်အချို့ ပျောက်ဆုံးသွားလျှင် တာ့လန်ကဲ့သို့ လက္ခဏာများ ပြလာပါလိမ့်မည်။

သို့သော် ယန်ရုန်ရုန်လည်း ထိုကဲ့သို့ အခြေအနေမျိုးနှင့် တစ်ခါမှ မကြုံဖူးသဖြင့် သူမခန့်မှန်းချက် မှန်ကန်မလား မသေချာနိုင်ပါ။ ထို့ကြောင့် ခေါင်းအနည်းငယ်စောင်းကာ ဘေးတွင်ရှိနေသည့် ရှုယင်ကို တီးတိုး မေးလိုက်သည်။

“ပြဿနာက ဘာလဲ ရှင်မြင်လား”

အသန်မာဆုံး ဝိညာဉ်ကျင့်ကြံသူဖြစ်သည့် ရှုယင်က ဝိညာဉ်များ၊ တစ္ဆေများအကြောင်း အလွန်နားလည်တတ်ကျွမ်းပါသည်။

ယန်ရုန်ရုန့်ကို သူစိတ်မပျက်စေခဲ့ပါ။ နျို့တာ့လန်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် အဖြေပေးနိုင်ခဲ့ပါသည်။

“ဒီလူ့ ဝိညာဉ် မပြည့်မစုံဖြစ်နေတယ်”

ယန်ရုန်ရုန် ဆုံးဖြတ်ချက် ခိုင်မာသွားသည်။ နျို့မိသားစုကို သူမ မေးလိုက်ပါသည်။

“အဲ့ဒီတစ္ဆေကို နျို့တာ့လန် ဘယ်နားမှာ တွေ့ခဲ့တာလဲ သိခွင့်ရှိမလား”

သူမဘာကြောင့် ထိုမေးခွန်းကို လာမေးနေသလဲ နျို့လင်မယား နားမလည်ပါ။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း ပြန်ဖြေသင့် မဖြေသင့် ဝေခွဲရခက်သွားခဲ့သည်။

ထိုအခါ ရွာသူကြီးပိုင်က အချိန်ကိုက် ဝင်ရှင်းပြပေးလိုက်ပါသည်။

“မိန်းကလေးယန်က ဟွေ့လုံဂိုဏ်းကလာတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ၊ သူက အရမ်းအစွမ်းထက်တယ်၊ အဲ့ဒီတစ္ဆေဖမ်းဖို့ ငါကိုယ်တိုင် သူ့ကို ဖိတ်ကြားထားတာ၊ မင်းတို့သိထားသမျှ သူ့ကို ပြောပြလိုက်ပါ”

ဒါကိုကြားပြီး နျို့လင်မယားနှစ်ယောက် အလွန်အံ့အားသင့်သွားခဲ့ကြသည်။ ဒီလိုငယ်ရွယ်လှပသည့် မိန်းကလေးတစ်ယောက်က အစွမ်းထက်သည့် ကျင့်ကြံသူတစ်ဦးဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲံကြပါ။

ရွာသူကြီးကို သူတို့အပြည့်အဝ ယုံကြည်သဖြင့် မိန်းကလေးယန်က တစ္ဆေဖမ်းပေးနိုင်သည်ဟု ဆိုလျှင် ကျိန်းသေ ဖမ်းပေးနိုင်လိမ့်မည်ဟု နျို့မိသားစု ယုံကြည်ပါသည်။

ထို့ကြောင့် နျို့မိသားစု ထပ်ပြီး တွန့်ဆုတ်မနေတော့ဘဲ ဇာတ်လမ်းအပြည့်အစုံကို အသေးစိတ် ပြောပြခဲ့တော့သည်။ ရွာသူကြီးပိုင် ပြောပြခဲ့သည်များနှင့် ထပ်တူညီသော်လည်း နျို့မိသားစုက အသေးစိတ်ကျကျ ပိုပြောပြနိုင်ပါသည်။

ရွာ၏ အရှေ့ဘက်စွန်းတွင် ရှိသော မြစ်ငယ်လေးတစ်စင်းဘေးတွင် တာ့လန် တစ္ဆေတစ်ကောင်နှင့် ဆုံခဲ့ရခြင်း ဖြစ်ကြောင်း ယန်ရုန်ရုန် သိလိုက်ရသည်။ ထိုနေ့ညက သူတစ်ယောက်တည်း ရှိနေ၍ ဘာကို မြင်ခဲ့ရသလဲ အခြား ဘယ်သူမှ မသိနိုင်ပါ။

တစ္ဆေနှင့်တွေ့ပြီးနောက် နျို့တာ့လန် အိမ်ကို လေးဖက်ထောက်လျက်သား ပြန်ပြေးလာရသည်။ သူ့မိသားစုနှင့် တွေ့သောအခါ သူ့ဆံပင်များ ရှုပ်ပွနေပြီး ဘောင်းဘီများ စိုရွှဲနေကာ ဖိနပ်တစ်ဖက်ပင် ပျောက်နေသည်။ မျက်နှာက စက္ကူပမာ ဖြူဖပ်ကာ အလွန်သွေးပျက်ချောက်ချားနေခဲ့ပါသည်။

ထိုနေ့ညက ဘာတွေကြုံတွေ့ခဲ့ရကြောင်း မိသားစုက မေးမြန်းဖို့ ကြိုးစားသော်လည်း ဘယ်လောက်ပဲ မေးမြန်းပါစေ တာ့လန် ခေါင်းသာအသည်းအသန် ခါနေခဲ့သည်။

ထိုနေ့ညကအဖြစ်အပျက်ကို ပြန်စဉ်းစားရမှာ သူအလွန်ကြောက်ရွံ့နေပုံရပြီး အတင်းဖိအားပေးလိုက်ပါက အရူးတစ်ယောက်လို အိမ်ပြင် ထွက်ပြေးသွားတတ်သဖြင့် မိသားစုကလည်း ထပ်မမေးရဲတော့ပါ။

ရွာအရှေ့ဘက်စွန်းရှိ ထိုမြစ်ထံသို့ သွားကြည့်ချင်သည်ဟု ယန်ရုန်ရုန် တောင်းဆိုခဲ့သည်။

ထိုအခါ ရွာသူကြီးပိုင်က နျို့မိသားစုကို နှုတ်ဆက်ပြီး ယန်ရုန်ရုန်နှင့် ရှုယင်တို့ကို ခေါ်ဆောင်ကာ ရွာအရှေ့ဘက်သို့ ဦးတည်ခဲ့တော့သည်။

🌹Chapter 294

မြစ်ငယ်လေးဘေးတွင် ယန်ရုန်ရုန် မတ်တပ်ရပ်ရင်း နက်ရှိုင်းသည့် ရေပြင်ထဲသို့ ငုံ့ကြည့်နေသည်။

မြစ်အကျယ်က ကျဉ်းမြောင်းသော်လည်း အံ့အားသင့်ဖို့ကောင်းစွာ နက်ရှိုင်းနေပါသည်။ မြစ်ကမ်းနံဘေးတွင် ချောမွတ်သည့် ကျောက်တုံးများစွာ ပြန့်ကျဲနေလေသည်။

ရွာသူကြီးပိုင်က ထိုကျောက်တုံးများကို လက်ညှိုးထိုးပြပြီး ရှင်းပြလိုက်သည်။

“ပုံမှန်ဆို ရွာသားတွေ ဒီကိုလာပြီး အဝတ်လျှော်လေ့ရှိတယ်လေ၊ ဒါပေမယ့် အဲ့ဒီခြောက်လှန့်မှုတွေ စဖြစ်ပြီးကတည်းက ဘယ်သူမှ မြစ်ဘေးမှာ ကြာကြာမနေရဲကြတော့ဘူး၊ ရေလာခပ်ပြီး အိမ်မှာပဲ လျှော်ဖွပ်ကြတော့တယ်”

ယန်ရုန်ရုန် ကိုယ်အနည်းငယ်ကိုင်းကာ မြစ်ရေလက်တစ်ဆုပ်စာလောက် ခပ်ကြည့်လိုက်ပါသည်။ မြစ်ရေက ရေခဲတမျှ အေးစက်နေပြီး ကျိန်စာစွမ်းအင် အငွေ့အသက်အနည်းငယ်ကိုလည်း သယ်ဆောင်ထားလေသည်။

ယန်ရုန်ရုန် မျက်မှောင်ကြုတ်လိုက်မိသည်။

‘ဒီလိုနေရာမျိုးမှာ ကျိန်စာစွမ်းအင်က ဘာလို့ရှိနေတာလဲ… ထူးဆန်းလိုက်တာ…’

“ဒီမြစ်ထဲမှာ လူတစ်ယောက်ယောက် သေဖူးလား”

ယန်ရုန်ရုန် မေးလိုက်သည်။

ရွာသူကြီးပိုင် ခေါင်းခါပြလိုက်ပါသည်။

ယန်ရုန်ရုန် မတ်တပ်ရပ်လိုက်ပြီး လက်ကို လက်ကိုင်ပဝါဖြင့် ခြောက်သွားအောင် သုတ်ရင်း ပြောလိုက်သည်။

“လောလောဆယ်တော့ ပြန်ကြရအောင်”

အပြန်လမ်းတွင် ရွာသူကြီးပိုင် မနေနိုင်ဘဲ မေးလိုက်မိသည်။

“မိန်းကလေးယန် သဲလွန်စတစ်ခုခုများ ရှာတွေ့ခဲ့သလား”

“မတွေ့သေးဘူး၊ ခဏလောက် ထပ်စောင့်ရအောင်၊ မနက်ဖြန် တစ်ခုခုထူးလာနိုင်တယ်”

ရွာသူကြီး သိပ်နားမလည်သော်လည်း အရိပ်အကဲကြည့်တတ်သူဖြစ်၍ ထပ်မမေးတော့ပါ။

ယန်ရုန်ရုန်နှင့် ရှုယင်တို့ကို သူ့အိမ်သို့ ပြန်ခေါ်လာခဲ့သည်။ နောက်တစ်ည တည်းခိုရဦးဖြစ်၍ ရွာသူကြီးက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါသည်။

နေ့လယ်စာအတွက် ချိုမြိန်သည့် ကြက်စွပ်ပြုတ်တစ်အိုး ချက်ပြုတ်ပေးခဲ့သည်။ ရွာသူကြီးပိုင်၏ အချက်အပြုတ်စွမ်းရည်က အလွန်ကောင်းမွန်သဖြင့် ပုံမှန်ဆို အစားအသောက်ကို စိတ်မဝင်စားတတ်သည့် ရှုယင်ပင် နှစ်ပန်းကန်လောက် ကုန်အောင်စားခဲ့ပါသည်။

-

နေ့လယ်ခင်းတွင် ယန်ရုန်ရုန်နှင့် ရှုယင်တို့ ရွာထဲ လျှောက်ကြည့်ကြသည်။ ရွာသားများက ရိုးသားပြီး ဖော်ရွေကြသဖြင့် သူမတို့ကို အားတက်သရော နှုတ်ဆက်ခဲ့ကြပါသည်။

လမ်းတွင် ဟုန်ကောနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ကြသေးသည်။

ယန်ရုန်ရုန်တို့ကို မြင်လိုက်သည်နှင့် ဟုန်ကော မျက်လုံးများ အရောင်တောက်သွားပြီး အပြေးအလွှား လာနှုတ်ဆက်ခဲ့သည်။

ဟုန်ကောက ဟင်းသီးဟင်းရွက်များ သွားခူးဖို့ ထွက်လာခြင်းဖြစ်ကြောင်း သိလိုက်ရပြီးနောက် ယန်ရုန်ရုန် ကူညီပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ဟုန်ကောကလည်း မဆိုင်းမတွ လက်ခံခဲ့ပါသည်။

ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ ရောက်သောအခါ ဟုန်ကော အင်္ကျီလက်များ ပင့်တင်ပြီး အလုပ်စခဲ့သည်။ ယန်ရုန်ရုန်နှင့် ရှုယင်တို့လည်း ကူညီပေးခဲ့ကြပါသည်။

အလုပ်လုပ်ရင်း စကားစမြည် ပြောဖြစ်ကြသည်။ ဟုန်ကောက ရွာပြင်ရှိ ပြင်ပလောကကြီးကို အလွန် စိတ်ဝင်စားသဖြင့် မေးခွန်းများစွာ မေးခဲ့ပါသည်။ ယန်ရုန်ရုန်ကလည်း စိတ်ရှည်လက်ရှည်နှင့် ပြန်ဖြေပေးခဲ့သည်။

ဟုန်ကော မေးစရာမေးခွန်းကုန်သွားသောအခါ ယန်ရုန်ရုန်က ပြန်မေးလိုက်သည်။

“ညီမတို့ရွာကို အပြင်လူတွေ တစ်ခါမှ ရောက်မလာဖူးဘူးလား”

ဟင်းသီးဟင်းရွက်ခူးနေသည့် ဟုန်ကော၏ လက်များ ရုတ်တရက် နှေးကွေးသွားခဲ့သည်။ သူမ ခေတ္တ တွန့်ဆုတ်သွားပြီးနောက် ရှင်းပြလိုက်ပါသည်။

“ဟိုးအရင်တုန်းက ရောက်လာဖူးတဲ့ လူတွေ ရှိပါတယ်၊ ဒါပေမယ့် သူတို့က လူကောင်းတွေ မဟုတ်ကြဘူး၊ ရွာသားတွေကို ထိခိုက်အောင်လုပ်မှာစိုးလို့ ရွာသူကြီးပိုင်က အကုန်လုံးကို မောင်းထုတ်လိုက်တာ”

ယန်ရုန်ရုန် စိတ်ဝင်စားဟန်ပြုကာ ထပ်မေးသည်။

“ဘယ်ကို မောင်းထုတ်လိုက်တာလဲ”

ဟုန်ကော ခေါင်းခါသည်။

“မသိဘူး၊ အားလုံးထွက်သွားကြပြီး တစ်ခါမှ ထပ်မမြင်ရတော့ဘူး”

“သူတို့ပုံစံက ဘယ်လိုမျိုးလဲ”

ထိုအခါ ဟုန်ကောက ရှုယင်ကို လှစ်ခနဲ ခိုးကြည့်လိုက်ပြီး ယန်ရုန်ရုန့်ကို တီးတိုးပြောလိုက်ပါသည်။

“သူတို့ကို ကြည့်ရတာ… အစ်မဘေးက အစ်ကိုကြီးနဲ့ နည်းနည်းတူတယ်လို့ ခံစားရတယ်”

ထို ‘အပြင်လူများ’ဟူသည်မှာ ရှုယင်လိုပဲ ဝိညာဉ်ကျင့်ကြံသူများဖြစ်နိုင်ကြောင်း ယန်ရုန်ရုန် ချက်ချင်း နားလည်လိုက်သည်။

ဝိညာဉ်ကျင့်ကြံသူများ၏ ကျင့်စဉ်နည်းလမ်းများက အတော်လေး ထူးခြားပြီး တစ္ဆေဝိညာဉ်များနှင့် အမြဲတမ်းလိုလို ထိတွေ့ရ၍ နှစ်တွေကြာလာသည်နှင့်အမျှ ထိုကျင့်ကြံသူများတွင် အခြားသူများ ထိတ်လန့်ရသည့် အေးစက်စက် တစ္ဆေရောင်ဝါမျိုး ဖုံးလွှမ်းလာတတ်ကြသည်။

ရှုယင်ကို ပထမဆုံးမြင်ခဲ့ရသည့်အချိန်တုန်းက ဟုန်ကော၏ ကြောက်ရွံ့နေသည့် အမူအရာကို ယန်ရုန်ရုန် ပြန်အမှတ်ရမိပါသည်။

ရှုယင်၏ အေးတိအေးစက်မျက်နှာကြောင့် သူမ ထိတ်လန့်သွားခြင်းဖြစ်မည်ဟု ယန်ရုန်ရုန် တွေးခဲ့မိသော်လည်း ယခုတော့ ထောင်ယွမ်ရွာကို ယခင်က ပြဿနာလာရှာဖူးသည့် ဝိညာဉ်ကျင့်ကြံသူများကြောင့် ဟုန်ကော စိတ်ဒဏ်ရာ ရနေခြင်းဖြစ်မှန်း ယန်ရုန်ရုန် နားလည်လိုက်ရသည်။

ဟုန်ကော စိတ်အေးသွားစေဖို့ ယန်ရုန်ရုန် ရှင်းပြလိုက်ပါသည်။

“ရှုယင်က ညီမအရင်တုန်းက မြင်ခဲ့ဖူးတဲ့ လူဆိုးတွေနဲ့ မတူပါဘူး၊ ညီမကို သူထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး”

ဟုန်ကော နှုတ်ခမ်းကိုက်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

“ကျွန်မ သိပါတယ်၊ အစ်ကိုရှုယင်က ‌အေးတိအေးစက်နိုင်ပေမယ့် အစ်မအပေါ် အရမ်းကောင်းတယ်လေ၊ အစ်မဆန္ဒကို ဘယ်တော့မှ မဆန့်ကျင်သလို သူများတွေကို ဒုက္ခပေးမယ့်လူမျိုးလည်း မဟုတ်ဘူးး”

ရှုယင် ချက်ချင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

“အမှန်ပဲ”

ဟုန်ကော၏ အပြုံး ချက်ချင်း တောက်ပသွားခဲ့ပါသည်။

သူမက ငယ်ရွယ်သော်လည်း အရိပ်အကဲကြည့်တတ်သည်။ ယန်ရုန်ရုန့်အပေါ်တွင် ရှုယင် နက်ရှိုင်းသည့် ခံစားချက်များ ရှိနေမှန်း သူမ မြင်နိုင်ပါသည်။ ရှုယင် ယခုလို ဝန်ခံလိုက်ခြင်းဖြင့် သူမ၏ ခန့်မှန်းချက်တို့ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့လေပြီ။

ရှုယင်ကို ယန်ရုန်ရုန် စိုက်ကြည့်လိုက်ပြီး အရာရာကို ခေါင်းပဲလိုက်ညိတ်မနေဖို့ မျက်လုံးဖြင့် သတိပေးလိုက်ပါသည်။

ထို့နောက် ဟုန်ကောဘက်သို့ ပြန်လှည့်ကာ ရှင်းပြလိုက်သည်။

“ရှုယင်နဲ့ အစ်မနဲ့က အဲ့လိုပတ်သတ်မှုမျိုး မဟုတ်ပါဘူး”

ဟုန်ကောက ကျီစယ်စွာ မေးသည်။

“အဲ့တာဆို ဘယ်လိုပတ်သတ်မှုမျိုးလဲ”

‘သာမန် မိတ်ဆွေတွေ’ဟု ယန်ရုန်ရုန် ပြောချင်ခဲ့သော်လည်း သူမဘက်မှ ရှက်ကိုးရှက်ကန်းဖြင့် အတင်း ငြင်းဆန်နေသည့် သဘောမျိုး သက်ရောက်မည်စိုးသဖြင့် အခြားတစ်မျိုး ပြောင်းပြောလိုက်ပါသည်။

“အစ်မတို့က မောင်နှမတွေလိုပါပဲ”

ရှုယင်၏ လက်ရှိအသွင်က အသက် ၁၅ - ၁၆ နှစ်ခန့်သာ ရှိသဖြင့် သူ့ကို မောင်လေးဟု သတ်မှတ်ရသည်မှာ အများအမြင်တွင် မထူးဆန်းလှပါ။

ဟုန်ကော ရပ်တန့်သွားပြီး တစ်ခုခုကို နားလည်သွားဟန်ဖြင့် ဆိုလိုက်သည်။

“ဪ အဲ့တာဆို ဝမ်းကွဲမောင်နှမတွေလား”

ယန်ရုန်ရုန် ကြောင်စီစီဖြစ်သွားသည်။

“ဘာလို့ အဲ့လိုထင်ရတာလဲ”

“အစ်မတို့နှစ်ယောက်က ရုပ်ချင်းမှမတူတာ!”

ဟုန်ကော မဆိုင်းမတွ ပြန်ဖြေလိုက်ပါသည်။

ယန်ရုန်ရုန် ဆွံ့အသွားရသည်။ ရုပ်ရည်ကိုတော့ လိမ်ညာ၍ မရနိုင်ပေ။

ဟင်းရွက်စိုက်ခင်းထဲမှ ဟုန်ကော မတ်တပ်ပြန်ရပ်လိုက်ပြီး ပညာရှိတစ်ဦးသဖွယ်ဆိုလိုက်သည်။

“တကယ်တော့ ဝမ်းကွဲတွေဆိုလည်း ယူလို့ရပါတယ်၊ ကျွန်မတို့ရွာထဲမှာ အဲ့လိုမျိုးတွေရှိတယ်”

ရှုယင် ခေါင်းညိတ်လိုက်ပြန်သည်။

ယန်ရုန်ရုန် သူ့ကို စူးစူးဝါးဝါး လှည့်ကြည့်လိုက်သည်။ ရှုယင်လည်း ခေါင်းငုံ့ကာ ဟင်းသီးဟင်းရွက်များကိုသာ အားစိုက်ကာ ဆက်ခူးနေတော့သ်ည။

ဒါကိုမြင်ပြီး ဟုန်ကော၏ အပြုံး ပိုကျယ်သွားခဲ့သည်။

“အစ်ကိုရှုယင်က အစ်မစကားကို တကယ်နားထောင်တာပဲ၊ အိမ်ထောင်ပြုတဲ့အခါ ကိုယ့်မိန်းမစကား နားထောင်တဲ့ ယောက်ျားကို ယူသင့်တယ်လို့ အမေက ပြောတယ်၊ အဲ့တာမှ ဘဝမှာ ပျော်ရွှင်ရမှာတဲ့”

ဒီကောင်မလေးကို ယန်ရုန်ရုန် အရှုံးပေးလိုက်ရပါပြီ။ ထိုအကြောင်းအရာကို ဆက်ပြောရမှာ ကြောက်လန့်လာသဖြင့် စကားလမ်းကြောင်းအမြန်လွှဲလိုက်သည်။

“ရွာထဲမှာ တစ္ဆေတွေခြောက်လှန့်နေတဲ့အကြောင်း ကြားမိလာား”

‘တစ္ဆေ’ဟူသည့် အသံကို ကြားလိုက်ရသည်နှင့် ဟုန်ကော၏ အပြုံး အေးခဲသွားခဲ့သည်။ သူမတစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထကာ ပြန်ဖြေလိုက်ပါသည်။

“ကြားတာပေါ့၊ အဲ့ဒီကိစ္စကြောင့် ညဘက် ဘယ်သူမှ အပြင်မထွက်ရဲကြတော့ဘူး၊ ကျွန်မလည်း တစ်ယောက်တည်း အိပ်ရမှာကြောက်လို့ ခုရက်ပိုင်းထဲ အဘွားနဲ့ပဲ အတူတူ ကပ်အိပ်တာ”

“အဲ့ဒီ တစ္ဆေကိစ္စတွေအပြင် ရွာထဲမှာ တခြားထူးထူးဆန်းဆန်းဖြစ်ရပ်တွေဘာတွေ ရှိသေးလား”

“ခုတလော ကြက်တွေ၊ ဘဲတွေ အကြောင်းအရင်းမရှိ ပျောက်သွားတတ်တယ်”။ ဟုန်ကောက ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။ “ရွာသားတွေက မြွေပါ ဆွဲတာလို့ ပြောပေမယ့် ကျွန်မကတော့ တစ္ဆေတွေ ဖမ်းစားတာလို့ပဲ ထင်တာ”

“ဘာလို့အဲ့လိုထင်ရတာလဲ’

“အဲ… ရွာသားတွေအားလုံးက ညဘက် အိမ်ထဲမှာပဲ တံခါးပိတ်နေကြတာလေ၊ တစ္ဆေက လူတွေကို ဖမ်းမစားနိုင်တော့ တိရိစ္ဆာန်တွေကိုပဲ ဖမ်းစားရတာပေါ့ မဟုတ်ဘူးလား”

ရိုးရှင်းသည့် အဖြေတစ်ခုဖြစ်သော်လည်း အဓိပ္ပာယ်တော့ ရှိပါသည်။ ယန်ရုန်ရုန် အတွေးနွံထဲ နစ်သွားခဲ့ပြန်သည်။

ဟုန်ကောက ပြန်မေးသည်။

“အစ်မ ဘာလို့အဲ့တာတွေ မေးနေတာလဲ၊ အဲ့ဒီခြောက်လှန့်မှုတွေအကြောင်း စုံစမ်းမလို့လား”

ယန်ရုန်ရုန် ပြုံးလိုက်သည်။

“ဒီတိုင်း စိတ်ဝင်စားလို့ မေးကြည့်တာပါ”

ထို့နောက် ဟင်းရွက်ခြင်းကို ဟုန်ကောလက်ထဲ ပြန်ထည့်ပေးလိုက်သည်။

“ဒီလောက်ဆို လုံလောက်ပြီလား”

“ရပြီ အများကြီးပဲ! နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်! ဒီနေ့ည ကျွန်မတို့အိမ်မှာ ညစာလာစားပါလား”

ယန်ရုန်ရုန် ယဉ်ယဉ်ကျေးကျေး ငြင်းဆန်လိုက်ပြီး ရှုယင်နှင့်အတူ ရွာသူကြီးအိမ်သို့ ပြန်လာခဲ့ပါသည်။

လမ်းတွင် ရှုယင်ကို သူမ တီးတိုးပြောလိုက်သည်။

“ဒီနေ့ည မြစ်ဆီသွားကြည့်မလို့”

ရှုယင်ကလည်း မျှော်လင့်ထားပြီးသားဖြစ်၍ ချက်ချင်း ပြန်ပြောလိုက်ပါသည်။

“ငါလည်း လိုက်ခဲ့မယ်”

All Chapters