အခန်း (၂၉၅-၂၉၆)
Vol. 30 Ch. 295-296
🌹Chapter 295
ညမိုးချုပ်၍ ရွာသားအားလုံး အိပ်ပျော်သွားသောအခါ ယန်ရုန်ရုန်နှင့် ရှုယင်တို့ ရွာသူကြီးအိမ်ထဲမှ တိတ်တဆိတ် ခိုးထွက်လာခဲ့ကြပါသည်။
ည၏အမှောင်ထုကို ဖြတ်ကျော်ကာ ရွာ၏ အရှေ့ဘက်စွန်းတွင်ရှိသည့် မြစ်ငယ်ထံသို့ သူတို့နှစ်ယောက် ရောက်ရှိ လာခဲ့ကြသည်။
ယန်ရုန်ရုန့်ဝတ်ရုံထဲမှ ငှက်ပေါက်လေး ခေါင်းပြူထွက်ကာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရင်း သူ့ခန္ဓာကိုယ်လေး တုန်ယင်သွားခဲ့သည်။ ညကြီးသန်းခေါင် သရဲခြောက်သည့် နေရာတစ်ခုကို လာဖို့က တော်ရုံသတ္တိနှင့် မရပေ။
သူ့တွင် ထိုကဲ့သို့သတ္တိမျိုးမရှိမှန်း ကိုယ့်ကိုယ်ကိုယ် နားလည်သဖြင့် ယန်ရုန်ရုန့်ဝတ်ရုံထဲသာ ပြန်ဝင်ပုန်းနေလိုက်ပါသည်။
ညဘက်တွင် မြစ်ရေက ထူးထူးခြားခြား ပိုမိုမှောင်မိုက်နေပြီး အောက်ခြေမရှိသည့် ရေခဲကန်ကြီးတစ်ခုဟုပင် ထင်ရသည်။
ယန်ရုန်ရုန် သုန်မှုန်စွာ ပြောလိုက်သည်။
“ဒီမြစ်ထဲက ကျိန်စာစွမ်းအင်တွေ မနက်တုန်းကထက် ပိုထူထပ်နေတာပဲ”
ရှုယင်လည်း ရေပြင်ကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒီမြစ်ထဲမှာတစ်ခုခု ပုန်းကွယ်နေတာဖြစ်နိုင်တယ်၊ အဲ့တာကို ရှာတွေ့ရင် ခြောက်လှန့်မှုတွေ နောက်ကွယ်က အမှန်တရားကို သိနိုင်လိမ့်မယ်”
ယန်ရုန်ရုန် ထောက်ခံလိုက်သည်။ ညဘက်မှ ရွေးလာခဲ့ရသည့်အကြောင်းအရင်းကလည်း ရေနက်ထဲတွင် ပုန်းကွယ်နေသည့် အရာကို ဆွဲထုတ်နိုင်ဖို့ ဖြစ်ပါသည်။
သို့သော် သူမ မလှုပ်ရှားနိုင်ခင် ရှုယင်က ဦးအောင် လှုပ်ရှားလိုက်သည်။
“ဒီမှာစောင့်နေ၊ ငါဆင်းကြည့်လိုက်မယ်၊ ခဏနေ ပြန်လာခဲ့မယ်”
ထို့နောက် ရှုယင် အရိပ်နက်ကြီးတစ်ခုအသွင်ပြောင်းကာ မြစ်ရေထဲသို့ တိုးဝင်သွားခဲ့တော့သည်။
ယန်ရုန်ရုန် သူ့ကို အချိန်မီ မတားလိုက်နိုင်ဘဲ မြစ်ကမ်းပေါ်မှာသာ တိတ်တဆိတ် စောင့်နေလိုက်ရပါသည်။
မြစ်ရေစီးသံက စီးချက်ကျကျ ထွက်ပေါ်နေပြီး ညလေပြည်ကလည်း အရိုးထဲထိစိမ့်အောင် အေးစက်နေပါသည်။ ယန်ရုန်ရုန့်ကို ဝိညာဉ်စွမ်းအင်များက ကာကွယ်ပေးထားဖြင့် အအေးဒဏ်ကို မခံစားရသော်လည်း ဘာကြောင့်မှန်းမသိဘဲ စိတ်တွေ အလိုလို လေးလံနေခဲ့သည်။
ထိုစဉ် ရုတ်တရက်ဆိုသလို မြစ်ရေမျက်နှာပြင်ပေါ်မှ အလွန်ကြီးမားသည့် ကျိန်စာစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ ထိုကျိန်စာစွမ်းအင်များက ခပ်မြန်မြန် ပျံ့နှံ့သွားခဲ့ပြီး မြစ်နှင့် အနီးဆုံးတွင် ရပ်နေသည့် ယန်ရုန်ရုန့်ကို အရင်ဆုံး ထိမှန်သွားခဲ့ပါသည်။
အလွန်ထူထပ်သည့် ကျိန်စာစွမ်းအင်များက သူမခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ ယန်ရုန်ရုန် မျက်နှာပျက်သွားခဲ့ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။
ထို့နောက် ဝိညာဉ်စွမ်းအင်များကို အသုံးပြုလျက် သူမခန္ဓာကိုယ်ထဲ ကျိန်စာစွမ်းအင်များ မဝင်ရောက်နိုင်အောင် အကာအရံတစ်ခု ဖန်တီးလိုက်ပါသည်။
‘မြစ်ထဲမှာတစ်ခုခု ဖြစ်သွားတာလား!’
ထိုသို့ တွေးမိသော်လည်း ရှုယင်ပြန်ရောက်မလာသေးသဖြင့် အကြောင်းအရင်းကို မသိနိုင်ပါ။
ကျိန်စာစွမ်းအင်များက ဆက်လက်ပျံ့နှံ့နေပြီး ထောင်ယွမ်ရွာထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။ အိပ်စက်နေသည့် ရွာသားများက ဘာမှ မသိကြသေးပါ။
သူတို့၏ သာမန်လူသားခန္ဓာကိုယ်များက ဒီလိုကျိန်စာစွမ်းအင်မျိုးကို ခုခံနိုင်မှာမဟုတ်ပေ။ ထို့ကြောင့် သူတို့ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပါက ကျိန်းသေပေါက် အသက်ဆုံးရှုံးကြရလိမ့်မည်။
‘ရွာထဲကို ပျံ့မသွားအောင် တားမှဖြစ်မယ်!’
ယန်ရုန်ရုန် ရှေ့တစ်လှမ်းတိုးကာ မြစ်ထဲသို့ ခုန်ချပြီး ကျိန်စာစွမ်းအင်များ၏ ဇာစ်မြစ်ကို ရှာဖွေဖို့ ကြံလိုက်ပါသည်။ သို့သော် ထိုအချိန်တွင် ရွာထဲမှ ကမ္ဘာမြေတုန်ခါသွားလောက်သည့် ကျားဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုဟိန်းသံကြီးတွင် အမျက်ဒေါသများ အပြည့်ပါဝင်နေသဖြင့် ကြားလိုက်ရုံနှင့် ခေါင်းကျိန်းသွားစေပါသည်။
ယန်ရုန်ရုန် ထိတ်လန့်ကာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။
အမှောင်ထုထဲမှ ဧရာမ ကျားဖြူကြီးတစ်ကောင် ပြေးထွက်လာခဲ့သည်။ ၎င်း၏ ရောင်ဝါများက အလွန် ကြမ်းကြုတ်ရန်လိုနေပြီး အမြန်နှုန်းကလည်း ကြောက်စရာကောင်းလောက်အောင် မြင့်မားသည်။
အနားသို့ ရောက်လာသောအခါ ထိုသတ္တဝါက ကျားတစ်ကောင်စစ်စစ် မဟုတ်မှန်း ယန်ရုန်ရုန် မြင်လိုက်ရသည်။ ၎င်းတွင် ကျားတစ်ကောင်၏ ဦးခေါင်းရှိသော်လည်း ခန္ဓာကိုယ်က ခြင်္သေ့တစ်ကောင်၏ ခန္ဓာကိုယ်မျိုးဖြစ်သည်။
၎င်း၏ လည်ပင်းပေါ်တွင် လည်ဆံမွေးထူထူများရှိပြီး ခေါင်းပေါ်တွင် ကြက်သွေးရောင် ဦးချိုကြီးများပေါက်နေကာ တစ်ကိုယ်လုံးကို ငွေဖြူရောင်သားမွေးများက ဖုံးအုပ်ထားပြီး ကျောပေါ်တွင်လည်း အတောင်ပံနှစ်ဖက် ရှိနေပါသည်။
ယန်ရုန်ရုန် ကြက်သေသေသွားခဲ့သည်။
‘အဲ့တာ ဒဏ္ဍာရီထဲက ပိုင်ကျဲနတ်သားရဲရဲ့ အသွင်မဟုတ်လား!’
မြေပေါ်သို့ ပိုင်ကျဲ ဆင်းသက်လာသောအခါ မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ ကျိန်စာစွမ်းအင်များလည်း ကြောက်လန့်သွားဟန်ဖြင့် နောက်ဆုတ်သွားခဲ့သည်။ မြစ်ထဲမှ ကျိန်စာစွမ်းအင်များပင် ထပ်ထွက်မလာတော့ပေ။
ပိုင်ကျဲ၏ မျက်လုံးများက သွေးချင်းနီနေပြီး သတ်ဖြတ်ချင်စိတ်များ ဖုံးလွှမ်းနေပါသည်။ မျက်နှာတစ်ခုလုံး အလွန် ခက်ထန်တင်းမာနေကာ လူသားတစ်ဦး၏ အသံဖြင့် သူမေးလိုက်သည်။
“မင်းဘာလုပ်လိုက်တာလဲ!”
ထိုအသံကို ယန်ရုန်ရုန် ချက်ချင်း မှတ်မိလိုက်ပါသည်။ ရွာသူကြီးပိုင်၏ အသံပင်။
‘ရွာသူကြီးပိုင်က တကယ် ပိုင်ကျဲနတ်သားရဲပဲ!’
ယန်ရုန်ရုန် အမြန်ရှင်းပြလိုက်သည်။
“ကျွန်မတို့ တစ္ဆေခြောက်လှန့်မှုတွေအကြောင်း စုံစမ်းဖို့ လာခဲ့တာပါ၊ အဲ့ဒီကျိန်စာ စွမ်းအင်တွေက မြစ်ထဲကနေ ထွက်လာတာ၊ ကျွန်မတို့နဲ့ ဘာမှမဆိုင်ဘူး!”
သို့သော် ပိုင်ကျဲနတ်သားရဲ၏ အခြေအနေက တစ်စုံတစ်ခု မှားယွင်းနေပါသည်။ စဉ်းစားဆင်ခြင်ဉာဏ် ရှိပုံမပေါ်ဘဲ ဘယ်လိုရှင်းပြချက်ကိုမှ နားမထောင်နိုင်ခဲ့ပေ။
“မင်းတို့လည်း အရင်က ဝိညာဉ်ကျင့်ကြံသူတွေနဲ့ မခြားဘူး… မင်းတို့အားလုံး သေသင့်တယ်!”
ပိုင်ကျဲ အတောင်များဖြန့်ကာ ယန်ရုန်ရုန့်ကို ခုန်အုပ်လိုက်ပါသည်။
ယခုအချိန်တွင် ဘယ်လိုအဆောင်စက္ကူ၊ ဘယ်လိုနတ်ရတနာမျိုးကိုမှ ယန်ရုန်ရုန် ထုတ်သုံးလို့မရသလို သူမ၏ ဝူဝမ့်ဓားကပင် သာမန် သံဓားတစ်ချောင်းဖြစ်နေခဲ့ပါသည်။
ထို့ကြောင့် သူမ ခန္ဓာကိုယ်ကိုပဲ အားကိုးပြီး ပိုင်ကျဲ၏ တိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး ရှောင်တိမ်းကာ အော်ပြောလိုက်သည်။
“ကျွန်မကိုသတ်လိုက်လို့ ဘာမှထူးမှာ မဟုတ်ဘူး! ပြဿနာရင်းမြစ်က မြစ်ထဲမှာ ရှိနေတာ! အဲ့ဒီ ကျိန်စာစွမ်းအင်တွေကို ရပ်တန့်ချင်ရင် မြစ်ထဲမှာ ရှိနေတဲ့အရာကို တားဆီးမှဖြစ်မယ်!”
ပိုင်ကျဲက ဘာမှမကြားနိုင်ပေ။ ရွာကိုထိခိုက်အောင် လုပ်နေသည့် တရားခံက ယန်ရုန်ရုန်ဖြစ်သည်ဟုသာ ယုံကြည်နေသည်။ သူမကို ရအောင် သတ်ပစ်ရမည်။
ယန်ရုန်ရုန်မှာ ကျိန်စာစွမ်းအင်များကိုလည်း ခုခံနေရသလို၊ တစ်ချိန်တည်းမှာပင် ပိုင်ကျဲ၏ တိုက်ခိုက်မှုများကိုလည်း ရှောင်တိမ်းနေရပါသည်။ ထို့ကြောင့် သူမ၏ ဝိညာဉ်စွမ်းအင်မျာ ကြောက်စရာကောင်းအောင် ကုန်ခမ်းလာခဲ့သည်။
ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းလာသည်နှင့်အမျှ လှုပ်ရှားမှုများလည်း ထိန်းမနိုင်သိမ်းမရ နှေးကွေးလာခဲ့သည်။ ဆန့်ကျင့်ဘက်အနေဖြင့် ပိုင်ကျဲကတော့ ကြမ်းကြုတ်သထက် ကြမ်းကြုတ်လာခဲ့ပါသည်။
ငှက်ပေါက်လေး ဝတ်ရုံထဲမှ ပျံထွက်လာပြီး ယန်ရုန်ရုန်ထွက်ပြေးနိုင်ရန် ပိုင်ကျဲနတ်သားရဲကို အာရုံလွှဲပေးဖို့ ကြိုးစားပါသည်။
သို့သော် သူ့ခန္ဓာကိုယ်သေးသေးလေးနှင့် ပိုင်ကျဲကို မယှဉ်နိုင်သဖြင့် နှစ်ချက်လောက် ရိုက်လိုက်ရုံနှင့် ငှက်ပေါက်လေး လွင့်ထွက်သွားခဲ့သည်။
မြေပေါ် အရှိန်ဖြင့်ပြုတ်ကျကာ ငှက်ပေါက်လေး သွေးများအန်ထွက်ပြီး သတိလစ်သွားလေတော့သည်။
နောက်ဆုံးမှာတော့ ပိုင်ကျဲလက်မှ ယန်ရုန်ရုန် မလွတ်မြောက်နိုင်ခဲ့ပေ။ သူမ လှုပ်ရှားမှုများ စက္ကန့်ပိုင်းလောက် နှောင့်နှေးသွားသည်နှင့် ပိုင်ကျဲသားရဲက မြေပေါ်ဖိကာ ချုပ်နှောင်ပစ်လိုက်ပါသည်။
ပိုင်ကျဲ၏ စူးရှသည့် လက်သည်းများက သူမဝတ်ရုံကိုဖောက်ပြီး အသားထဲစိုက်ဝင်နေသဖြင့် သွေးများ စီးကျလာခဲ့သည်။
နာကျင်မှုကြောင့် ယန်ရုန်ရုန့်မျက်နှာ ဖြူဖျော့သွားခဲ့သည်။ ပိုင်ကျဲ၏ လက်သည်းများကို သူမလက်ဖြင့် ဆုပ်ကိုင်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
“ပိုင်ကျဲ… သတိရပါတော့”
ရာဇဝင်ထဲတွင် ပိုင်ကျဲနတ်သားရဲက အရာခပ်သိမ်းကို နားလည်ပြီး ကြင်နာတတ်သည့်စိတ်ထားရှိကာ အပြစ်မဲ့သူကို ဘယ်တော့မှ မသတ်ဖြတ်တတ်ပေ။
သို့သော် သူမရှေ့တွင်ရှိနေသည့် သတ္တဝါက လုံးဝဆန့်ကျင် ဘက်ဖြစ်နေပါသည်။ ရက်စက်သည်၊ ကြမ်းကြုတ်သည်၊ သတ်ချင်ဖြတ်ချင်စိတ် အပြည့်ရှိနေသည်။ သူ့ကို ယုတ်ညံ့သည့် အရာတစ်ခုခုက ပူးကပ်ထားသလားဟုပင် ယန်ရုန်ရုန် သံသယဝင်မိပါသည်။
ပိုင်ကျဲကို အသိစိတ်ဝင်လာအောင် သူမ စကားပြောဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ပိုင်ကျဲက သူမစကားကို လုံးဝ လျစ်လျူရှုထားသည်။
ယန်ရုန်ရုန့်ကို သွေးဆာလောင်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
“ကပ်ဘေးသယ်ဆောင်သူက သက်ရှိအားလုံးကို ဒုက္ခပေးမှာပဲ၊ မင်းကိုသတ်ပစ်မှဖြစ်မယ်!”
ယန်ရုန်ရုန် မယုံကြည်နိုင်မှုဖြင့် မျက်လုံးများ ပြူုးကျယ်သွားခဲ့ရသည်။
‘ပိုင်ကျဲနတ်သားရဲကတောင် ငါ့ကို ကပ်ဘေးသယ်ဆောင်သူလို့ ဘာလို့ထင်နေရတာလဲ၊ သူလည်း ကောင်းကင်ဘုံအရှင်သခင်နဲ့ တစ်ဖွဲ့တည်းလား’
ပိုင်ကျဲက သူမကို ထပ်စဉ်းစားဖို့ပင် အခွင့်အရေးမပေးခဲ့ပါ။ လက်ကို အားဖြင့်ထပ်ဖိချလိုက်ရာ ၎င်း၏ လက်သည်းကြီးများက ယန်ရုန်ရုန့်ရင်ဘတ်ထဲသို့ ဖောက်ဝင်သွားခဲ့သည်။
သတိလစ်နေသည့် ငှက်ပေါက်လေး၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ခါလာခဲ့ပြီး ယန်ရုန်ရုန်လည်း ကြားဖူးနေသည့် စနစ်၏အသံကို ထပ်ကြားလိုက်ရပါသည်။
“စနစ်ပိုင်ရှင်ရဲ့ အသက်စွမ်းအားတွေ ပျောက်ကွယ်သွားပါပြီ၊ စနစ်မှ အရေးပေါ် ပရိုတိုကောကို စတင်ပါတော့မယ်!”
သူမခန္ဓာကိုယ် ပေါ့ပါးသထက် ပေါ့ပါးလာသည်ကို ယန်ရုန်ရုန် ခံစားမိသည်။
အောက်သို့ ငုံံ့ကြည့်လိုက်သောအခါ သူမက လေထဲလွင့်မျောနေသည့် အလင်းပေါက်ဝိညာဉ်တစ်ခု ဖြစ်နေပါပြီ။ သူမခန္ဓာကိုယ်ကတော့ သွေးအိုင်ထဲတွင် လှဲလျောင်းလျက် ကျန်ခဲ့ပြီး ရင်ဘတ်ထဲတွင် အပေါက်ကြီးတစ်ပေါက် ရှိနေကာ မျက်လုံးများ ပြူးကျယ်နေသည်။၊
ပတ်ဝန်းကျင်ရှိ အရာအားလုံး ဝေဝါးသွားခဲ့ပြီး အဆုံးမရှိသည့် အမှောင်ထုများက ဖုံးလွှမ်းလာခဲ့သည်။
ထိုအမှောင်ထုထဲတွင် ရင်းနှီးနေသည့် လူရိပ်နှစ်ခုကို ယန်ရုန်ရုန် မြင်ခဲ့ရပါသည်။
သူမနှင့်တစ်ထေရာတည်း တူညီသည့် ရောင်စုံဝတ်ရုံအမျိုးသမီးနှင့်၊ ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ဟမ်ယဲ့၊ ရှုယင်တို့ လေးယောက်စလုံး ပေါင်းစပ်ထားသလို မျက်နှာမျိုးနှင့် ငွေဖြူရောင်ဆံနွယ်အမျိုးသားတို့ပင် ဖြစ်သည်။
ရောင်စုံဝတ်ရုံနှင့်အမျိုးသမီးက မြေပေါ်တွင် ထိုင်ပြီး သေရည်အိုးတစ်အိုးကို ကိုင်ထားသည်။ သူမ နှုတ်ခမ်းများကလည်း သေရည်ကြောင့် စိုစွတ်နေပြီး မျက်နှာက အေးစက်တည်ငြိမ်နေပါသည်။
ငွေဖြူရောင်ဆံနွယ်နှင့် အမျိုးသားက သူမနှင့် မျက်နှာချင်း ဆိုင်တွင် ထိုင်နေပြီး သူမ မျက်ဝန်းတွေထဲ စေ့စေ့စိုက်ကြည့်ကာ မေးလိုက်သည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
🌹Chapter 296
ဒီမြင်ကွင်း… ဒီစကားတွေ…
အရာအားလုံးက ရင်းနှီးနေသည်။
ယန်ရုန်ရုန် ချက်ချင်း မှတ်မိသွားခဲ့ပါသည်။
‘အရင်တစ်ခေါက်က ဇာတ်လမ်းအဆုံးသတ်ရဲ့ အဆက်ပဲမဟုတ်လား’
ထိုအတွေးဖြင့် ယန်ရုန်ရုန် အသက်ရှူအောင့်ကာ နားစွင့်ထားလိုက်သည်။ ထိုရောင်စုံဝတ်ရုံနှင့်အမျိုးသမီးက ဘယ်သူ ဘယ်ဝါဖြစ်မှန်း သူမ အလွန်သိချင်နေပါသည်။
ရောင်စုံဝတ်ရုံနှင့်အမျိုးသမီးကလည်း အမှန်တကယ်ဇဝေဇဝါဖြစ်သွားဟန်ဖြင့် မှင်သက်သွားခဲ့သည်။
“နာမည်ဟုတ်လား”
ယန်ရုန်ရုန်ကော၊ ငွေဖြူရောင်ဆံနွယ်နှင့်အမျိုးသားကော ကြက်သေသေသွားခဲ့ကြသည်။ ထိုစကားက သာမန်လူတစ်ယောက် ပြောသင့်သည့် စကားမျိုးမဟုတ်ပေ။
ငွေဖြူရောင်ဆံနွယ်နှင့် အမျိုးသားက တွန့်ဆုတ်စွာ မေးလိုက်သည်။
“မင်းမှာ… နာမည်မရှိဘူးလား”
အမျိုးသမီးက ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။
“မရှိဘူး”
ငွေဖြူရောင်ဆံနွယ်နှင့် အမျိုးသား အလွန် အံ့အားသင့်သွားခဲ့ရသည်။ လောကကြီးတွင် အမည်မရှိဘဲ ရှင်သန်နေသည့် လူတစ်ယောက် ရှိနေလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိဖူးချေ။
ထို့ကြောင့် သူ မနေနိုင်ဘဲ မေးကြည့်လိုက်ပါသည်။
“မင်းမှာ နာမည်မရှိရင် တခြားသူတွေက မင်းကို ဘယ်လိုခေါ်ကြလဲ”
“တခြားသူတွေဆိုတာ မရှိဘူး”
ထိုလူ ထပ်မံမှင်သက်သွားခဲ့ရပြန်သည်။
“ဟင်”
ငွေရောင်ဆံနွယ်နှင့်အမျိုးသားက အနည်းငယ်တုံးအသည်ဟု ထိုအမျိုးသမီးထင်လိုက်သော်လည်း သေရည်တိုက်ထားသည့် မျက်နှာကြောင့် စိတ်မရှည်မှုကို ချုပ်တည်းလိုက်ပါသည်။
သူမ မျက်မှောင်အနည်းငယ်ကြုတ်လျက် ရှင်းပြလိုက်သည်။
“ဒီမှာကျွန်မတစ်ယောက်တည်းပဲရှိတယ်၊ တခြားသူတွေဆိုတာ မရှိဘူး”
အခြားသူများနှင့် ထိတွေ့ဆက်ဆံရန် မလိုခဲ့သောကြောင့် သူမအတွက် ‘အမည်’ဟူသည်ကိုလည်း မလိုအပ်ခဲ့ခြင်းဖြစ်သည်။ ရင်နာစရာအဖြေတစ်ခုဖြစ်သော်လည်း သူမမျက်နှာက အလွန်တည်ငြိမ်နေခဲ့ပါသည်။
အထီးကျန်မှုကို ထိုအမျိုးသမီး ဒီလိုတည်တည်ငြိမ်ငြိမ် လက်ခံထားခြင်းကြောင့်ပဲ ငွေဖြူရောင်ဆံနွယ်နှင့် အမျိုးသားရင်ထဲ အနည်းငယ် ခါးသီးသွားခဲ့ရပါသည်။
သူ မနေနိုင်ဘဲ ထပ်မေးကြည့်လိုက်သည်။
“ဒီနေရာနေထွက်သွားပြီး အပြင်လောကကြီးကို မမြင်ချင်ဘူးလား”
အမျိုးသမီးက ခေါင်းခါသည်။
“ကျွန်မ သွားခွင့်မရှိဘူး”
သူမစကား၏ အဓိပ္ပာယ်ကို ထိုလူရိပ်စားမိသွားပြီး မေးလိုက်သည်။
“တစ်ယောက်ယောက်က မင်းကို ဒီမှာ ချုပ်နှောင်ထားလို့လား”
ဒီတစ်ခါတော့ အမျိုးသမီးက အဖြေပြန်မပေးတော့ဘဲ သေရည်တစ်ခွက်သာ တိတ်တဆိတ် မော့သောက်လိုက်ပါသည်။
သူမ ပြန်မဖြေချင်သည်ကိုမြင်ပြီး ငွေဖြူရောင်ဆံနွယ်နှင့်လူလည်း စကားလမ်းကြောင်း လွှဲလိုက်သည်။
“မင်းအတွက်မင်း နာမည်တစ်ခုခု မပေးချင်ဘူးလား”
သူမက ချက်ချင်း ပြန်ဖြေသည်။
“မလိုပါဘူး”
“ဘာလို့ မလိုရမှာလဲ၊ မင်းမှာ နာမည်မရှိရင် နောက်ပိုင်း ငါလာလည်တဲ့အခါ မင်းကိုဘယ်လိုခေါ်ရမှန်းမသိ ဖြစ်နေမှာပေါ့၊ အဲ့လိုဆို အဆင်မပြေဘူးလေ”
သူမကို ထပ်လာတွေ့ဦးမည်ဟု ပြောသောအခါ ထိုအမျိုးသမီး ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူမလက်ထဲက သေရည်အိုးကို ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်ပါသည်။
“အဲ့တာဆို ကျွန်မကို ကျော့ဟွားလို့ ခေါ်ပါ”
ငွေဖြူရောင်ဆံနွယ်နှင့်လူ ရယ်ချင်သွားသည်။
“အဲ့လောက် အပျင်းမကြီးနဲ့လေ၊ ကျော့ဟွားဆိုတာ သေရည်နာမည် မဟုတ်ဘူးလား၊ မင်းအတွက် ထူးခြားတဲ့နာမည်တစ်ခုကို လိုအပ်တာ၊ အဲ့ဒီနာမည်ကို ကြားလိုက်တာနဲ့ မင်းကိုဆိုလိုမှန်း သိနိုင်မယ့် နာမည်မျိုးပေါ့”
အမျိုးသမီးက ပြန်မေးသည်။
“အဲ့တာဆို ရှင့်နာမည်က ဘာလဲ”
“ဖုန့်ဟွိုက်ယွီ”
ထိုစကားလုံးများကို သူမ မသိမည်စိုးသဖြင့် ငွေရောင်ဆံနွယ်နှင့်လူက မှောက်ကျထားသည့် သေရည်အချို့ကို လက်ချောင်းဖြင့်တို့ကာ မြေပေါ်တွင် စာလုံးသုံးလုံး ရေးပေးလိုက်ပါသည်။
ဖုန့်(လေ) ဟွိုက်(မြစ်) ယွီ(မိုး)
ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးက ထိုစာလုံးသုံးလုံးကို အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“နာမည်က ကောင်းသားပဲ၊ ကျွန်မကိုလည်း ရှင်ပဲ နာမည်ရွေးပေးလိုက်လေ”
ဖုန့်ဟွိုက်ယွီ မေးပွတ်ကာ စဉ်းစားလိုက်သည်။ သူ့အာရုံထဲ မိန်းကလေးနာမည်ပေါင်းများစွာ ပေါ်လာပုံရသည်။ သူမကို သေချာအကဲခတ်ကြည့်လိုက်ပြီး သူမဝတ်ရုံပေါ်က ရောင်စုံငှက်မွေးများကို သတိပြုမိသွားပါသည်။
ထိုငှက်မွေးများက နူးညံ့အိစက်မည့်ပုံပေါက်ပြီး ထိချင်ကိုင်ချင်စိတ်များ တဖွားဖွားပေါ်လာစေသည်။ ထိုစဉ် ထူးဆန်းသည့် တွန်းအားတစ်ခုကြောင့် သူ့နှုတ်မှ စကားလုံးအချို့ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
“ရုန်ရုန်”
ထိုအမည်က မှော်ဆန်နေပုံရပြီး စောင့်ကြည့်နေသည့် ယန်ရုန်ရုန့်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။
ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးက စိတ်ဝင်တစား မေးလိုက်ပါသည်။
“အဲ့ဒီနာမည်ရဲ့အဓိပ္ပာယ်က ဘာလဲ”
ဖုန့်ဟွိုက်ယွီ နှုတ်မှ ရုတ်တရက် ထွက်သွားခြင်းဖြစ်သော်လည်း ပြန်ရုတ်သိမ်း၍ မရတော့သဖြင့် အကြောင်းပြချက်ပေးဖို့ အမြန်ကြိုးစားရတော့သည်။
“ရုန်ရုန်ဆိုတာ စိမ်းလန်းစိုပြည်ခြင်းလို့ အဓိပ္ပာယ်ရတယ်၊ မြက်ပင်လေးတွေ စိမ်းစိုသလို၊ မိုးမခပင်တွေ နူးညံ့သလို၊ ရေမျက်နှာပြင်ပေါ်က လှပတဲ့ လှိုင်းကလေးတွေလိုပဲ၊ ငါ့ရဲ့ ဇာတိမြေမှာ အဲ့လို ရှုခင်းမျိုး ရှိတယ်၊ နောက်ပိုင်း အခွင့်အရေးရရင် မင်းကို ခေါ်သွားချင်တယ်”
အနည်းငယ် ပုံကြီးချဲ့ရာကျသည်ဟု ထင်မိသော်လည်း ထိုအမျိုးသမီး လက်ခံလိုက်ပါသည်။
“အဲ့တာဆို အခုချိန်ကစပြီး ကျွန်မနာမည် ရုန်ရုန်ဖြစ်သွားပြီ”
သူမကို လာတွေ့မည့်သူဟူ၍ ဖုန့်ဟွိုက်ယွီတစ်ယောက်တည်းသာရှိပြီး သူမ၏ အမည်ကို ခေါ်ဆိုမည့်သူဟူ၍လည်း သူတစ်ယောက်တည်းသာ ရှိနိုင်သဖြင့် သူကြိုက်သည့် အမည်ကို ရွေးချယ်ခွင့်ပေးလိုက်ပါမည်။
ဖုန့်ဟွိုက်ယွီက စမ်းခေါ်ကြည့်လိုက်သည်။
“ရုန်ရုန်”
ထိုခေါ်သံကို ကြားပြီး ရောင်စုံဝတ်ရုံနှင့်အမျိုးသမီးကော ယန်ရုန်ရုန်ကော ပြိုင်တူ ပြန်ထူးလိုက်မိပါသည်။
“အင်း”
“ဟင်”
ယန်ရုန်ရုန့်အသံ ထွက်ပေါ်လာသည်နှင့် သူမရှေ့က မြင်ကွင်းများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထို့နောက် အရာရာ ပျောက်ကွယ်သွားခဲ့ကာ ရင်းနှီးနေသည့် စနစ်၏ အသံ ထွက်ပေါ်လာခဲ့ပါသည်။
“အရေးပေါ်ပရိုတိုကောကို စတင်လိုက်ပါပြီ၊ စနစ်မှ အချိန်ကို ပြန်လည်သတ်မှတ်နေပါပြီ၊ ကျေးဇူးပြုပြီး အသင့်ပြင်ဆင်ထားပေးပါ စနစ်ပိုင်ရှင်”
အလွန်ပြင်းထန်သည့် အားတစ်ခု၏ ဆွဲငင်မှုကို ယန်ရုန်ရုန် ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ ရှုခင်းများ ရောထွေးဝေဝါးသွားခဲ့သည်။
သူမ သတိပြန်လည်လာသည့်အခါ ထောင်ယွမ်ရွာ၏ အရှေ့ဘက်စွန်းရှိ မြစ်ငယ်လေးဘေးသို့ ပြန်ရောက်နေခဲ့ပါသည်။
သူမ အလောင်းက မြေပေါ်တွင်ရှိနေဆဲပင်။ ရင်ဘတ်က ဒဏ်ရာပေါက်မှ သွေးမထွက်တော့သော်လည်း သူမ မျက်လုံးများကတော့ ရုတ်ခြည်းဆန်သော သေခြင်းတရားကို လက်မခံနိုင်သည့်ပမာ ပြူးကျယ်နေပါသေးသည်။
ထိုစဉ် ရှုယင်ပြန်ရောက်လာခဲ့သည်။ ယန်ရုန်ရုန်၏ သေဆုံးမှုကို လက်မခံနိုင်ဘဲ သူရူးသွပ်သွားခဲ့ပြီး ပိုင်ကျဲနတ်သားရဲကို သဲကြီးမဲကြီး တိုက်ခိုက်ခဲ့လေသည်။
ရှုယင်ကို ဒီလို ထိန်းချုပ်မှုလွတ်နေသည့် ပုံစံမျိုးနှင့် ယန်ရုန်ရုန် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူ့မျက်လုံးများ နီရဲနေပြီး အံများကို အသံမြည်အောင် ကြိတ်နေကာ ဆံပင်များ ရှုပ်ထွေးနေခဲ့သည်။
သူ့ခန္ဓာကိုယ်ကို တစ္ဆေစွမ်းအင်များအား စားသုံးခွင့်ပြုလိုက်ရာ လူမကျ တစ္ဆေမကျသည့် သတ္တဝါတစ်ကောင်အဖြစ် အသွင်ပြောင်းကာ သူ့စွမ်းအားများ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပါသည်။
ပိုင်ကျဲကို သတ်ဖြတ်ဖို့ ရှုယင် စိတ်ပိုင်းဖြတ်ထားသည်။ ယန်ရုန်ရုန့်ကို သတ်ခဲ့သည့် သားရဲအား တစ်စစီ စုတ်ဖြဲကာ ပြာကျသည်အထိ ဖျက်ဆီးပစ်မည်။
ရှုယင်က ရူးသွပ်နေသော်လည်း ပိုင်ကျဲနတ်သားရဲက ပိုရူးသွပ်ပါသည်။ သူတို့နှစ်ယောက် အနိုင်အခံအရှုံးမပေးဘဲ တစ်ဦးကိုတစ်ဦး အားကုန်ထုတ်သုံးကာ တိုက်ခိုက်ခဲ့ကြသည်။ ရန်သူကို သတ်ဖြတ်နိုင်မည်ဆိုလျှင် ကိုယ့်အသက်ကိုယ် စတေးရလျှင်တောင် ဂရုစိုက်ပုံမပေါ်တော့ပါ။
ထိုပြင်းထန်သည့် တိုက်ပွဲက ကြာကြာမခံခဲ့ဘဲ စနစ်က အချိန်ကို နောက်ပြန်ဆုတ်ခဲ့ပါသည်။
မြင်ကွင်းများအားလုံး အလွန်လျှင်မြန်စွာ နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။ ပိုင်ကျဲနတ်သားရဲက ရွာထဲ ပြန်ရောက်သွားခဲ့ပြီး ကျိန်စာစွမ်းအင်များကလည်း မြစ်ထဲ ပြန်စီးဝင်သွားခဲ့သည်။
ယန်ရုန်ရုန့် ရင်ဘတ်ပေါ်ရှိ ဒဏ်ရာအပေါက်ကြီးလည်း ပြန်ပိတ်သွားကာ မြေပေါ်ရှိ သွေးများ ပျောက်ကွယ်သွားခဲ့သည်။
“အချိန်ကို ပြန်လည်သတ်မှတ်ပြီးပါပြီ၊ ကံကောင်းပါစေ စနစ်ပိုင်ရှင်”
စနစ်အသံ ပျောက်ကွယ်သွားသည်နှင့် ယန်ရုန်ရုန် မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။ သူမ ယခု မြစ်ကမ်းနံဘေးတွင် မတ်တပ်ရပ်နေပြီး ရှုယင်က သူမကို စကားပြောနေသည်။
“ဒီမှာစောင့်နေ၊ ငါဆင်းကြည့်လိုက်မယ်၊ ခဏနေ ပြန်လာခဲ့”
“မလိုဘူး!”
ယန်ရုန်ရုန်ချက်ချင်း ကန့်ကွက်လိုက်သည်။
ရှုယင်က လေးနက်စွာ ပြောသည်။
“မြစ်ထဲမှာ အခြေအနေဘယ်လိုရှိမှန်း မသိရလို့ အန္တရာယ်ရှိနိုင်တယ်၊ မင်းအခု နတ်ရတနာတွေကော အဆောင်စက္ကူတွေကော သုံးလို့ရတာမဟုတ်ဘူး၊ မင်းရေထဲဆင်းဖို့ အဆင်မပြေဘူး၊ အဲ့တာကြောင့် ငါဆင်းလိုက်တာ ပိုသင့်တော်တယ်”
ထိုကျိန်စာစွမ်းအင်များ၏ ဇာစ်မြစ်က ရေအောက်တွင်ရှိနေမှန်း ယန်ရုန်ရုန် သိပြီးပြီဖြစ်သည်။ ထိုကျိန်စွမ်းအင်ကြောင့် ပိုင်ကျဲနတ်သားရဲ စိတ်လွတ်သွားမည်ကိုလည်း ကြိုသိနေပါသည်။ ထို့ကြောင့် ထိုကျိန်စာစွမ်းအင်များ ပျံ့နှံ့မသွားစေဖို့ သူမကိုယ်တိုင် ကြိုးစားတားမြစ်ရလိမ့်မည်။
ရှုယင်က ထပ်ငြင်းခုံချင်သော်လည်း ယန်ရုန်ရုန်ကတော့ အချိန်မဖြုန်းချင်တော့ပါ။ ထို့ကြောင့် ငှက်ပေါက်လေးကို ဆွဲထုတ်ပြီး ကုန်းပေါ်တင်ပေးကာ မြစ်ထဲ ခုန်ချသွားခဲ့တော့သည်။
သူမ ရေငုပ်ခါနီးဆဲဆဲအချိန်တွင် ရှုယင်က အနီရောင်ကြိုးမျှင်တစ်ချောင်းကို ပစ်ပေးလိုက်ပါသည်။
“အဲ့ဒီကြိုးကို မင်းလက်ကောက်ဝတ်မှာ ချည်ထားပြီး အန္တရာယ်တစ်ခုခု ကြုံလာရရင် ဆွဲလိုက်”
ယန်ရုန်ရုန် ထိုကြိုးနီကို ဖမ်းယူလိုက်သည်။
ထိုကြိုးနီက ရုပ်သေးကြိုးမျှင်ဖြစ်ပြီး ထိတွေ့လိုက်လျှင် အေးမြနူးညံ့သည့် ခံစားချက်ကိုပေးစွမ်းသော်လည်း ဓားဒဏ်၊ မီးဒဏ်၊ ရေဒဏ်အားလုံးကို ခံနိုင်ရည်ရှိအောင် ခိုင်မာကာ အဆုံးမရှိအောင် ရှည်လျားသည်။
တစ္ဆေရုပ်သေးများဖန်တီးသည့်နေရာတွင် ရှုယင်အဓိက အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းလည်းဖြစ်သည်။
ထိုရုပ်သေးကြိုးမျှင်၏ စည်းနှောင်ခြင်းကို ခံလိုက်ရသည်နှင့် ခန္ဓာကိုယ်က ရှုယင်ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိသွားပါလိမ့်မည်။