အခန်း (၂၉၇-၂၉၈)
Vol. 30 Ch. 297-298
🌹Chapter 297
ရှုယင်ကို ယန်ရုန်ရုန် အကဲခတ်သည့်အကြည့်ဖြင့် အကြာကြီး စိုက်ကြည့်နေခဲ့သည်။
သူမ ဘာတွေ စိတ်ပူနေမှန်း ရှုယင် သိသဖြင့် ဦးစွာရှင်းပြလိုက်ပါသည်။
“အတွေးမလွန်ပါနဲ့၊ ဒီနေရာမှာ ဘယ်ရတနာမှ အာနိသင်ရှိတာမဟုတ်ဘူး၊ အဲ့ဒီ ရုပ်သေးကြိုးမျှင်လည်း အတူတူပဲ၊ မင်လက်မှာ ချည်လိုက်ရင်တောင် ငါ့ထိန်းချုပ်မှုအောက်ကို ရောက်မသွားပါဘူး၊ အခုအချိန်မှာ အဲ့ဒီကြိုးမျှင်က ခိုင်မာတဲ့ ကြိုးတစ်ချောင်းဆိုတာထက် မပိုဘူး”
ပိုင်ကျဲကြောင့် သူမသေဆုံးသွားခဲ့စဉ်က မြင်ကွင်းကို ယန်ရုန်ရုန် ပြန်မြင်ယောင်မိသည်။ ထိုအချိန်တုန်းက ရှုယင်မှာ ကိုယ့်အသက်ကိုယ်ပင် ဂရုမစိုက်တော့ဘဲ ပိုင်ကျဲအား ရူးသွပ်စွာ တိုက်ခိုက်ခဲ့သည်။
သူ့မျက်လုံးများ သွေးချင်းနီနေခဲ့ပြီး တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကာ အလွန်စုတ်ပြတ်နေခဲ့ပါသည်။
ယန်ရုန်ရုန် မျက်လုံးများကို မှိတ်လိုက်ပြီး ဒီတစ်ခါတော့ သူ့ကို ယုံကြည်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ ကြိုးမျှင်နီကို သူမခါးတွင် ချည်လိုက်ပြီး မြစ်ထဲသို့ ငုပ်ဆင်းသွားတော့သည်။
မြစ်ရေက အရိုးစိမ့်အောင် အေးစက်နေပါသည်။ သို့သော် သူမခန္ဓာကိုယ်ကို ဝိညာဉ်စွမ်းအင်များက ကာကွယ်ပေးထားသဖြင့် အအေးဒဏ်ကို အနည်းငယ်သာ ခံစားရသည်။
ရေနက်ပိုင်းထဲ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့ပြီး နောက်ဆုံးတွင်တော့ မြစ်ကြမ်းပြင်သို့ ရောက်ရှိသွားခဲ့ပါသည်။
မြစ်ကြမ်းပြင်တွင် အလင်းရောင် နည်းပါးပြီး အရာအားလုံးက မှုန်ရီဝေဝါးနေသည်။ ယန်ရုန်ရုန် ဝိညာဉ်စွမ်းအင်များကို မျက်လုံးများ အတွင်းသို့ စုစည်းလိုက်သောအခါ သူမ သူငယ်အိမ်များ အနည်းငယ် လင်းလက်လာခဲ့ပြီး ရှေ့က မြင်ကွင်းများမှာလည်း ရုတ်တရက် ထင်ရှားလာခဲ့ပါသည်။
မြစ်ကြမ်းပြင်ပေါ်မှ မြင်ကွင်းများကို မြင်လိုက်ရသည့်အခါ ယန်ရုန်ရုန် ကြက်သေသေသွားခဲ့ရသည်။
မြစ်ကြမ်းပြင်တွင် အရိုးစုများနှင့် အလောင်းများ ပြန့်ကြဲနေလေသည်။ သေထားသည်မှာမကြာသေးသဖြင့် ၎င်းတို့၏ လည်ပင်းရိုးကို ကိုက်ဖြတ်ကာ အသတ်ခံထားရခြင်းဖြစ်မှန်း ယန်ရုန်ရုန် မြင်နိုင်ပါသည်။
ထိုအရိုးစုများဘေးတွင် ကျိုးပဲ့ပျက်စီးနေသည့် နတ်ရတနာများကိုလည်း ယန်ရုန်ရုန်မြင်နိုင်သည်။ အားလုံးက တစ္ဆေရုပ်သေး ဖန်တီးဖို့ အသုံးပြုရသည့် ရတနာများဖြစ်နေပါသည်။
ထို့ကြောင့် ထိုအရိုးစုများက ဝိညာဉ်ကျင့်ကြံသူများဖြစ်ကြမည်ဟု ယန်ရုန်ရုန် ကောက်ချက်ချလိုက်သည်။ တစ်ခါက ထောင်ယွမ်ရွာသို့ ဝိညာဉ်ကျင့်ကြံသူများ ရောက်လာဖူးသည်ဟု ဟုန်ကော ပြောဖူးပါသည်။
ရွာသူကြီးက သူတို့ကို မောင်းထုတ်ခဲ့သည်ဟု ဆိုသော်လည်း သူတို့ အမှန်တကယ် ထွက်သွားခဲ့ကြပုံမပေါ်ပေ။ ထို့အစား အသတ်ခံလိုက်ရပြီး မြစ်ထဲသို့ ပစ်ချခံထားရသည်။
သက်ရှိထင်ရှားရှိစဉ်က တစ္ဆေဝိညာဉ်များနှင့် ထိတွေ့ခဲ့ကြသူများဖြစ်၍ သေဆုံးပြီးနောက်တွင်လည်း ၎င်းတို့၏ အရိုးစုများတွင် ကြက်သီးထစရာ တစ္ဆေရောင်ဝါများ စွဲကျန်နေပါသေးသည်
မြစ်ကြမ်းပြင်၏ ချိုင့်ဝှမ်းတစ်ခုတွင် ကျောက်တိုင်ကြီးတစ်တိုင်ကို စိုက်ထူထားသည်။ ကျောက်တိုင်မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးပြီး ဆန်းကြယ်သော မှော်သင်္ကေတများကို ရေးထွင်းထားပါသည်။
ထိုကျောက်တိုင်တွင် တုပ်နှောင်ခံထားရသည်က ဧရာမ သားရဲကြီးတစ်ကောင်ပင်။
ထိုသားရဲကြီးမှာ ခေါင်းစိုက်ကျနေပြီး မလှုပ်မယှက် အိပ်စက်နေပုံရသည်။
‘ရေအောက်ထဲမှာ ပိတ်မိနေတဲ့ သားရဲတစ်ကောင်… ကျိန်စာစွမ်းအင်တွေနဲ့ မှော်သင်္ကေတတွေ…’
ထိုအချက်များကြောင့် ကျောက်ပြာရေကန်ထဲ ထောင်ဝူသားရဲနှင့် ဆုံတွေ့ခဲ့ရသည့် အဖြစ်ကို ပြန်အမှတ်ရစေသည်။ သူမရင်ထဲ သံသယများဖြစ်တည်လာခဲ့ပါသည်။
‘ဒီကောင်လည်း ရှေးဟောင်းကျိန်စာသားရဲကြီး လေးပါးထဲက တစ်ပါးဖြစ်နေမလား’
ထိုသားရဲကြီးအနား ယန်ရုန်ရုန် သတိကပ်ကာ ချဉ်းကပ်လာခဲ့သည်။
သူ့ထံ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို အာရုံခံမိပြီး သားရဲကြီးလည်း ခေါင်းကို ဖြည်းညှင်းစွာ မော့လာခဲ့ပါသည်။
၎င်း၏ ခန္ဓာကိုယ်တွင် မီးခိုးနက်ရောင် သားမွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း နဖူးနှင့် ကျောတို့ပေါ်တွင်တော့ နီနီတောက်တောက် အမွေးများ ရှိနေပါသည်။ ခေါင်းက ခွေးတစ်ကောင်နှင့် ဆင်တူပြီး ၎င်း၏ မျက်ခုံးများ အထက်မှ ဦးချိုကြီးနှစ်ချောင်း ထိုးထွက်နေသည်။
သူ့မျက်လုံးများကို ယန်ရုန်ရုန်ကြည့်လိုက်သောအခါ သူငယ်အိမ်မရှိဘဲ အဖြူသက်သက် ဖြစ်နေသည်ကို မြင်လိုက်ရပါသည်။
ယန်ရုန်ရုန် လက်ယမ်းပြကြည့်သော်လည်း သားရဲကြီးက တုံ့ပြန်မှုမရှိပေ။ ဒီသားရဲ မျက်လုံးကန်းနေပုံရသည်။
သို့သော် ယန်ရုန်ရုန် သတိမလွတ်ရဲသေးပါ။ သူ့အခြေအနေက ဘာပဲဖြစ်နေပါစေ ရှေးဟောင်းကျိန်စာသားရဲကြီးလေးပါးထဲမှ တစ်ပါးဖြစ်နိုင်သဖြင့် ခွန်အားကို အထင်သေး၍ မရပေ။
သူမ သတိမဲ့ခဲ့ခြင်းကြောင့် ကျောက်ပြာရေကန်တွင် တစ်ခါဒုက္ခခံစားခဲ့ရပြီးပါပြီ။ နောက်တစ်ခါ အမှားအယွင်း အဖြစ်မခံနိုင်တော့ပေ။
နတ်အာရုံလွှင့်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် အန္တရာယ်မရှိကြောင်းသေချာမှ ယန်ရုန်ရုန် စကားစလိုက်ပါသည်။
“ရှင်… ဘယ်သူလဲ”
သားရဲကြီးက မတုံ့ပြန်ပေ။ ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားခဲ့သည်။
‘ဧကန္တ မျက်လုံးလည်းကန်း နားလည်းပင်းနေတာများလား…’
သူမ ထပ်ခေါ်ဆိုကြည့်သော်လည်း မလှုပ်မယှက်ငြိမ်သက်နေဆဲဖြစ်ပြီး ၎င်း၏ အဖြူရောင်မျက်လုံးကြီးများဖြင့်သာ တစ်နေရာရာသို့ စိုက်ကြည့်နေသည်။
ယန်ရုန်ရုန် လက်မလျှော့ချင်သေးဘဲ အသံကိုထပ်ကျယ်ကာ အော်ခေါ်လိုက်သည်။
“ဟေ့! ကျွန်မခေါ်တာ ကြားရလား!”
တုံ့ပြန်မှု မရှိသေးပေ။ ယန်ရုန်ရုန် သေချာသွားခဲ့ပါပြီ။ ဒီသားရဲက မျက်လုံးလည်းကန်း၊ နားလည်းပင်းနေခြင်းသာ ဖြစ်မည်။
မွေးကတည်းက ဒီလိုဖြစ်နေခြင်းလား၊ သို့မဟုတ် တစ်စုံတစ်ဦး၏ လက်ချက်ကြောင့်ပဲလား ဟူသည်ကတော့ တွေးတောစရာပင်။
ယခုအချိန်တွင် လျို့လန်နှင့် မုထုန်တို့ကို ခေါ်ပြီး သူတို့မျိုးနွယ်ဟုတ်မဟုတ် ယန်ရုန်ရုန် စစ်ကြည့်ခိုင်းချင်မိပါသည်။ ကျိန်စာသားရဲစစ်မှန်လျှင် သူတို့အကြား ဆက်သွယ်နိုင်သည့် နည်းလမ်းတစ်ခုခုတော့ ရှိလိမ့်မည်။ ကံမကောင်းစွာဖြင့် လျို့လန်တို့ကို ဆက်သွယ်ဖို့ သူမ အဆောင်စက္ကူများ အသုံးပြုလို့မရပါ။
ထိုစဉ် သားရဲကြီးက ရုတ်တရက် ပြောလိုက်သည်။
“နောက်ဆုံးတော့ ရောက်လာပြီပေါ့”
ယန်ရုန်ရုန် လန့်ဖျပ်သွားခဲ့သည်။
‘ငါလာမှာကို သူကြိုသိနေတာလား’
သားရဲကြီး၏ ခန္ဓာကိုယ်မှ ကျိန်စာစွမ်းအင်များ ဖြာထွက်လာသည်။ မြစ်ကြမ်းပြင်တွင် တိတ်တဆိတ် လှဲလျောင်းနေသည့် အလောင်းများမှာ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ ၎င်းတို့၏ လှုပ်ရှားမှုကြောင့် မြစ်ကြမ်းပြင်မှ အနည်များထကာ ရေပြင်တစ်ခုလုံး နောက်ကျိသွားခဲ့ပါသည်။
အန္တရာယ်ကို အာရုံခံမိပြီး ယန်ရုန်ရုန် အပေါ်ပြန်တက်ဖို့ ကြိုးစားသည်။ သူမက မြန်ဆန်သော်လည်း အလောင်းကောင်များက ပိုမိုမြန်ဆန်ပါသည်။
ပိရမစ်တစ်ခုသဖွယ် တစ်လောင်းပေါ်တစ်လောင်းထပ်ကာ ထိပ်ဆုံးထိရောက်ရှိလာပြီး ပုပ်သိုးနေသော လက်များဖြင့် ယန်ရုန်ရုန့် ခြေထောက်ကို ဆုပ်ကိုင်လိုက်ကြသည်။
ယန်ရုန်ရုန် ဝူဝမ့်ဓားကိုထုတ်ကာ အလျားလိုက် ခုတ်ချပစ်လိုက်သည်။ တစ်ချက်တည်းနှင့် သူမ ခြေထောက်ကို ဆွဲထားသောလက်များအား ဖြတ်ပစ်နိုင်ခဲ့ပါသည်။
လက်ပြတ်သွားသောအလောင်းများက အခြားသို့ လွင့်စင်သွားသော်လည်း ပိုမိုကြံ့ခိုင်သည့် အလောင်းတစ်လောင်းက အပေါ်သို့ လှမ်းခုန်ပြီး ယန်ရုန်ရုန့်ကို ဖမ်းချုပ်ဖို့ ကြိုးစားပါသည်။
ယန်ရုန်ရုန် ဓားဖြင့် ရှေ့သို့ ထိုးစိုက်လိုက်ရာ အလောင်း ကောင်၏ ရင်ဘတ်ထဲ ဖောက်ဝင်သွားခဲ့သည်။
သာမန်လူဆိုလျှင် ချက်ချင်းသေဆုံးသွားမည်ဖြစ်သော်လည်း ဤအလောင်းမှာမူ စက္ကန့်ပိုင်းမျှသာ ရပ်တန့်သွားပြီး ဓားသွင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ယန်ရုန်ရုန့်ထံ ချဉ်းကပ်လာခဲ့ပါသည်။
မကြာမီ ယန်ရုန်ရုန့်လက်ကို သူ့လက်ကြီးဖြင့် ထိတွေ့လာခဲ့သည်။
အေးစက်စက် ချွဲကျိကျိ အထိအတွေ့ကြောင့် ယန်ရုန်ရုန် ကြက်သီးမွေးညှင်းများ ထသွားမိသည်။
အလောင်းကောင်၏ ခန္ဓာကိုယ်ကို ခြေထောက်ဖြင့် အားပါပါ ဆောင့်ကန်လိုက်ရာ အဝေးသို့ လွင့်ထွက်သွားခဲ့သည်။ သို့သော် ယန်ရုန်ရုန့် လက်ပေါ်တွင်တော့ ကုတ်ရာကြီး သုံးခု ထင်ကျန်ခဲ့ပါသည်။
ထိုကုတ်ရာများက မျက်စိတစ်မှိတ်အချိန်အတွင်း ဖူးရောင်လာပြီး သွေးနက်များ စိမ့်ထွက်လာသည်။ သူမ အလောင်းအဆိပ် မိနေပြီဖြစ်မှန်း ယန်ရုန်ရုန်သိလိုက်ပါသည်။
ထိုအဆိပ်က သေစေနိုင်ပြီး သာမန်လူတစ်ယောက်သာဆို ချက်ချင်းသေသွားပါလိမ့်မည်။ သူမက ကျင့်ကြံခြင်းအဆင့် မြင့်မားသဖြင့် မသေနိုင်သော်လည်း သူမညာဘက်လက်ကို ထိန်းချုပ်ရ ခက်ခဲလာခဲ့သည်။
မြစ်ကြမ်းပြင်ရှိ သားရဲကြီးလည်း သွေးနံ့ကိုရကာ ချက်ချင်း ကြမ်းကြုတ်လာခဲ့သည်။
“မြန်မြန်! ငါ့ကို သွေးမြန်မြန်ပေး!”
ယန်ရုန်ရုန် ကန်ပစ်လိုက်သည့် အလောင်းကောင်က မြစ်ကြမ်းပြင်ပေါ်ရှိ ကျောက်တုံးတစ်တုံးနှင့် တိုက်မိပြီး ခြေတစ်ချောင်း ကျိုးသွားခဲ့သည်။
သို့သော် နာကျင်ပုံမရဘဲ ချိုင့်ဝှမ်းကြီးထံသို့ လေးဖက် ထောက်ကာ ပြေးလာပြီး သူ့လက်ဖျားထိပ်ရှိ သွေးတစ်စက်ကို ကျောက်တိုင်ကြီးပေါ်သို့ သုတ်ပ့စ်လိုက်ပါသည်။
ကျောက်တိုင်ပေါ်ရှိ မှော်သင်္ကေတများ ချက်ချင်း အသက်ဝင်လာခဲ့သည်။ အနီရောင်အလင်းများထွက်လာပြီး ကျောက် တိုင်ပေါ်တွင် မြွေများအလား လှုပ်ရှားသွားခဲ့သည်။
ယန်ရုန်ရုန် ရင်တုန်သွားပါသည်။ ထိုမြင်ကွင်းကို သူမ ကောင်းကောင်းကြီး မြင်ဖူးနေသည်။ သံသယဖြစ်စရာမလိုအောင် သားရဲကြီးအချုပ်အနှောင်မှ လွတ်မြောက်ပါတော့မည်။
သူမ ညာဘက်လက်ကို ထိန်းချုပ်၍ မရတော့သော်လည်း အလောင်းကောင်များက သူမနောက်သို့ လိုက်လာနေဆဲပင်။ ဓားကိုတောင် မနည်းကိုင်ထားရသဖြင့် အလောင်းကောင်များလက်ထဲ ရောက်ရှိသွားလျှင် လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ပါ။
ထို့ကြောင့် ထိုအလောင်းကောင်များနှင့် အဝေးဆုံးသို့ ရောက်အောင်သာ ထွက်ပြေးလာခဲ့သည်။
သားရဲကြီး၏ ခန္ဓာကိုယ် ဖြည်းဖြည်းချင်း မတ်လာခဲ့ပြီး သံကြိုးများကို တစ်ချောင်းပြီးတစ်ချောင်း ချိုးဖျက်ပစ်လိုက်သည်။ သားရဲကြီး အချုပ်အနှောင်မှ လွတ်မြောက်သွားခဲ့လေပြီ။
ကျိန်စာစွမ်းအင်များ ကြမ်းတမ်းစွာ ဖြာထွက်လာပြီး တစ္ဆေရောင်ဝါများနှင့် ရောယှက်သွားဖြင့် ပြင်းထန်လှသော ဖိအားကြောင့် ယန်ရုန်ရုန် အသက်ရှူဖို့ပင် ခက်ခဲလာခဲ့သည်။
သူမ ဘယ်ဘက်လက်ကို မြှောက်ကာ ရုပ်သေးကြိုးမျှင်ကို ကိုင်ပြီး အားပါပါ ဆောင့်ဆွဲပစ်လိုက်တော့သည်။
သူမထံသို့ ရှုယင်ရောက်လာဖို့ အချိန်အနည်းငယ် ကြာနိုင်မှန်း ယန်ရုန်ရုန်သိပါသည်။ ထို့ကြောင့် ဝူဝမ့်ဓားကို ဘယ်ဘက်လက်ဖြင့် ပြောင်းကိုင်ကာ အလောင်းကောင်များကို ခေတ္တခုခံထားဖို့ အသင့်ပြင်လိုက်သည်။
အံ့အားသင့်ဖို့ကောင်းစွာဖြင့် ရုပ်သေးကြိုးမျှင်ကို ဆွဲလိုက်သည်နှင့်တစ်ပြိုင်နက် ရှုယင် ဘွားခနဲ ပေါ်လာခဲ့သည်။
နောက်ကျိနေသည့် ရေနက်ပိုင်းထဲ ယန်ရုန်ရုန်က ရုပ်သေးကြိုးမျှင်အစွန်းတစ်ဖက်ကို ကိုင်ထားပြီး ရှုယင်က အခြားတစ်ဖက်ကို ကိုင်ထားသည်။
အထက်မှ အဟုန်ဖြင့် ဆင်းသက်လာသည့် ရှုယင်ကို ကြည့်ရင်း ယန်ရုန်ရုန် မျက်လုံးများ ပြူးကျယ်သွားခဲ့ရပါသည်။
‘သူ ဘာလို့ အဲ့လောက်မြန်ရတာလဲ’
ရှုယင်က ရုပ်သေးကြိုးမျှင်နောက်ကို လိုက်လာရင်း ယန်ရုန်ရုန့်ဘယ်ဘက်လက်ကို ဆုပ်ကိုင်ကာ သူ့ရင်ခွင်ထဲ အခိုင်အ မာဆွဲသွင်းလိုက်သည်။
ထို့နောက် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်အောင် များပြားသော ရုပ်သေးကြိုးမျှင်များ ထွက်ပေါ်လာပြီး အနောက်မှ လိုက်လာသော အလောင်းကောင်များအားလုံးကို စည်းနှောင်ပစ်ခဲ့ပါသည်။