← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

🌹Chapter 299

ဟွင်သွမ်း အသက်တစ်ချက် ရှူသွင်းလိုက်ရာ မြစ်ထဲတွင် ပြည့်နှက်နေသည့် ကျိန်စာစွမ်းအင်အားလုံး သူ့ကိုယ်ထဲ ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။

ကျိန်စာစွမ်းအင် ပြဿနာကို ဖြေရှင်ပြီးပြီဖြစ်ကာ ရွာသူကြီးပိုင် ရူးသွပ်သွားမှာကိုလည်း စိတ်ပူစရာမလိုတော့သဖြင့် ယန်ရုန်ရုန် သိချင်သည့်အရာများကို မေးမြန်းဖို့ အချိန်ရသွားခဲ့ပါပြီ။

ထို့ကြောင့် ဟွင်သွမ်းကို အာရုံထဲမှတဆင့် ထပ်မံဆက်သွယ်လိုက်သည်။

“ဟွင်သွမ်း၊ ငါဒီကို ရောက်လာမယ်ဆိုတာ နင်အစောကြီးကတည်းက ကြိုသိနေတာလား”

ဟွင်သွမ်းက ရိုးရိုးသားသား ပြန်ဖြေသည်။

“ဟုတ်တယ်”

ယန်ရုန်ရုန် ထပ်မေးသည်။

“ဘယ်လိုသိနေတာလဲ”

“တစ်ယောက်ယောက် ပြောပြသွားလို့”

ထိုလူ့အကြောင်းကို ယန်ရုန်ရုန် သိချင်သဖြင့် ချက်ချင်း မေးမြန်းခဲ့သည်။

ဟွင်သွမ်းက စိတ်ဖိစီးသွားဟန်ဖြင့် ပြန်ဖြေသည်။

“ငါလည်းသိပ်မသိဘူး၊ အဲ့ဒီလူက မီးခိုးရောာင်ဝတ်ရုံခြုံထားတာ မျက်နှာကိုလည်း ဖုံးကွယ်ထားတယ်၊ သူ့အသံကိုပါ မန္တန်တစ်ခုခုသုံးပြီး ပြောင်းလဲထားတာ၊ ယောက်ျားလား မိန်းမလားဆိုတာတောင် မသိဘူး၊ ဒီကို သိပ်မကြာခင် မိန်းကလေး ကျင့်ကြံသူတစ်ယောက် ရောက်လာမယ်ဆိုတာပဲ ပြောသွားတယ်၊ အဲ့ဒီကျင့်ကြံသူရဲ့ သွေးကိုရအောင်ယူနိုင်ရင် ဒီအချုပ်အနှောင်ကနေ ငါလွတ်မြောက်နိုင်မယ်တဲ့”

ယန်ရုန်ရုန် ရင်ထဲ လေးလံသွားခဲ့သည်။

‘မီးခိုးရောင်ဝတ်ရုံနဲ့လူပဲလား…’

ချင်းရှားလျှို့ဝှက်နယ်မြေအတွင်းရှိ ကောင်းကင်ဘုံနန်းတော်မှာကော၊ ကျောက်ပြာရေကန်အတွင်းမှာကော၊ ယခု ထောင်ယွမ်ရွာ၏ မြစ်ကြမ်းပြင်မှာပါ မီးခိုးရောင်ဝတ်ရုံနှင့်လူတစ်ယောက် အမြဲတမ်း ရှိနေခဲ့သည်။

ထိုမီးခိုးရောင်ဝတ်ရုံနှင့်ပုဂ္ဂိုလ်တို့၏ သရုပ်မှန်ကို လျှို့ဝှက်ထားကြသော်လည်း ရည်ရွယ်ချက်များကတော့ အလွန်ရိုးရှင်းပါသည်။

သူမကို သုတ်သင်ဖို့သာ…

ဟယ့်ပျယ်ချင်း၏ အဖြစ်အပျက်နှင့် ချိတ်ဆက်မိပြီး ထိုမီးခိုးရောင်ဝတ်ရုံနှင့်လူတို့ကလည်း ဟယ့်ပျယ်ချင်းလိုပဲ ‘ကောင်းကင်ဘုံအရှင်သခင်’မှ ရွေးချယ်ထားသည့် ကံကြမ္မာသားတော်များ ဖြစ်ကြလိမ့်မည်ဟု ယန်ရုန်ရုန် ခန့်မှန်းမိသည်။

ထိုသားတော်များက ‘ကပ်ဘေးသယ်ဆောင်သူ’ကို သုတ်သင်ပြီး သက်ရှိသတ္တဝါအားလုံးကို ကယ်တင်ဖို့ဟူသည့် ခေါင်းစဉ်အောက်တွင် လှုပ်ရှားကြပြီး သူမကို ရှင်းထုတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြသည်။

အလောင်းကောင် ရုပ်ကြွင်းများဘက်သို့ ယန်ရုန်ရုန် မျက်နှာလှည့်ကာ အေးစက်စွာ မေးလိုက်သည်။

“အဲ့ဒီ အလောင်းကောင်တွေကိုကော မီးခိုးရောင်ဝတ်ရုံနဲ့လူက ထိန်းချုပ်ထားတာလား”

အလောင်းကောင်များကို ထိန်းချုပ်ခဲ့သူက မီးခိုးရောင်ဝတ်ရုံနှင့်လူပဲ ဖြစ်နေမှာ သေချာသလောက် ရှိပါသည်။ သို့သော် ဒီတစ်ခေါက် မီးခိုးရောင်ဝတ်ရုံနှင့်လူက မည်သူဖြစ်နိုင်မည်နည်း။

ဟွင်သွမ်းက သူမ သံသယကို အတည်ပြုပေးလိုက်သည်။

“မီးခိုးရောင်ဝတ်ရုံနဲ့လူ ထွက်မသွားခင်တုန်းက အဲ့ဒီဝိညာဉ်ကျင့်ကြံသူတွေရဲ့ ဝိညာဉ်တွေကို ထုတ်ယူသွားတာ၊ သူတို့ဝိညာဉ်တွေကို သန့်စင်ပြီး သူ့ကိုယ်ကျိုးအတွက် အသုံးချဖို့ ရည်ရွယ်ထားပုံရတယ်”

ထိုဝိညာဉ်များကို သန့်စင်ပြီးသည်နှင့် သူအလိုရှိသည့်အတိုင်း ထိန်းချုပ်နိုင်ပါလိမ့်မည်။

မြစ်ထဲတွင် အလောင်းကောင်များစွာ ရှိနေသော်လည်း ရှုယင် တစ္ဆေတစ်ကောင်မှ ဆင့်မခေါ်နိုင်ခဲ့ခြင်းမှာ ၎င်းတို့၏ ဝိညာဉ်ကို အစောကြီးကတည်းက နုတ်ယူခံခဲ့ရခြင်းကြောင့်ပင်။

ယန်ရုန်ရုန် ရင်တုန်သွားခဲ့ပြီး ရုတ်တရက်ပြောလိုက်သည်။

“အဲ့ဒီဝိညာဉ်ကျင့်ကြံသူတွေရဲ့ ဝိညာဉ်ကို မီးခိုးရောင်ဝတ်ရုံနဲ့လူက နုတ်ယူသွားတာဆိုရင် နျို့တာ့လန်ရဲ့ ဝိညာဉ်ကိုလည်း သူပဲနုတ်ယူသွားတာ ဖြစ်နိုင်မလား”

များသောအားဖြင့် အခြားသူများ၏ ကိစ္စကို ရှုယင် စိတ်မဝင်စားတတ်သော်လည်း ယန်ရုန်ရုန် စိတ်ပူပန်နေသည်ကို မြင်သဖြင့် သူပြန်ဖြေလိုက်ပါသည်။

“ဖြစ်နိုင်ပါတယ်”

“ဝိညာဉ်တွေကိုလည်း သန့်စင်နိုင်တယ်၊ အလောင်းကောင်တွေကိုလည်း ထိန်းချုပ်နိုင်တယ်ဆိုတော့… ဒီတစ်ခေါက် မီးခိုးရောင်ဝတ်ရုံနဲ့လူက ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေနိုင်တယ်…”

ထို့နောက် ရှုယင်ကိုကြည့်ကာ ယန်ရုန်ရုန် မေးလိုက်သည်။

“အဲ့ဒီဝိညာဉ်ကျင့်ကြံသူရဲ့ ခွန်အားကို ရှင်ဘယ်လို မြင်မိလဲ၊ ရှင်စိတ်ထဲမှာ သံသယဖြစ်မိတဲ့လူရှိလား”

ရှုယင် မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

“ငါ့လောက် မစွမ်းဘူး”

ထိုသို့ပြောပြီးသည်နှင့် ရုပ်သေးကြိုးမျှင်များကိုင်ထားသည့် လက်ကို မြှောက်လိုက်သည်။ ထိုအခါ ရုပ်သေးကြိုးမျှင်များအားလုံး တုန်ခါသွားပြီး အလောင်းကောင်အားလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပါသည်။

ထို့နောက် ယန်ရုန်ရုန့်ကို ‘ဘယ်လိုလဲ’ဟူသည့် အမူအရာမျိုးဖြင့် လှည့်ကြည့်လိုက်သည်။

ယန်ရုန်ရုန် စိတ်ညစ်သွားပြီး ကိုယ့်နဖူးကိုယ် ပြန်ရိုက်ကာ ပြောလိုက်သည်။

“ကျွန်မအရေးကြီးကိစ္စတွေ လေးလေးနက်နက် ပြောနေတာနော်”

ရှုယင်က မေးအနည်းငယ် ငေါ့လိုက်သည်။

“ငါ့ပုံစံက မလေးနက်တဲ့ပုံစံ ပေါက်နေလို့လား”

ယန်ရုန်ရုန် ဆွံ့အသွားသည်။

စိတ်မမှန်သည့် ဒီလူနှင့် စကားဆက်မပြောချင်တော့သဖြင့် ကမ်းပေါ်အရင်ပြန်တက်ဖို့ ယန်ရုန်ရုန် ဆုံးဖြတ်လိုက်ပါသည်။

“အရင်ပြန်ကြရအောာင်”

ရွာကိုပြန်ရောက်သည့်အခါ နျို့တာ့လန်ကို ထပ်သွားတွေ့ပြီး သူမသံသယများကို အတည်ပြုပါမည်။

ရွာသားများလန့်မသွားစေဖို့အတွက် ယန်ရုန်ရုန်က ဟွင်သွမ်းကို လူသားအသွင် ပြောင်းခိုင်းခဲ့သည်။

သူတို့သုံးယောက် မြစ်ကမ်းပေါ် ပြန်တက်လာခဲ့ကြပါသည်။

ယန်ရုန်ရုန် အန္တရာယ်ကျရောက်နေပြီထင်သဖြင့် ငှက်ပေါက်လေး ကမ်းပေါ်တွင် တစ်ချိန်လုံး ဆွေ့ဆွေ့ခုန်နေခဲ့ရသည်။ ယန်ရုန်ရုန်နှင့် ရှုယင်တို့ ဘေးကင်းကင်း ပြန်တက်လာကြသည်ကိုမြင်ခါမှ သက်ပြင်းအရှည်ကြီးချနိုင်တော့သည်။

ထို့နောက် အတောင်များကို ခတ်ကာ ယန်ရုန်ရုန့်ထံ ပျံသန်းသွားခဲ့သည်။

“နောက်ဆုံးတော့ ပြန်လာကြပြီပေါ့! စိတ်ပူလွန်းလို့သေတော့မှာပဲ!”

ငှက်ပေါက်လေးကို ယန်ရုန်ရုန် ကောက်လိုက်ပြီး သူမပခုံးပေါ် တင်ကာ မေးလိုက်သည်။

“ရွာထဲမှာ ထူးထူးခြားခြား ဘာတွေဖြစ်သေးလဲ”

ငှက်ပေါက်လေးက မျက်ရည်များသုတ်လျက် အမှန်အတိုင်း ပြန်ဖြေလိုက်ပါသည်။

“ကျွန်ုပ်တစ်ချိန်လုံး စောင့်ကြည့်နေတာ၊ ရွာထဲမှာ တိတ်ဆိတ်နေတုန်းပဲ၊ ဘာအသံမှ မကြားရဘူး”

ယန်ရုန်ရုန် သူ့ခေါင်းလေးကို ပုတ်ပေးလိုက်သည်။

“တော်တယ်”

ဒီတစ်ခေါက် ကျိန်စာစွမ်းအင်များကို အချိန်မီ ထိန်းချုပ်နိုင်ခဲ့သဖြင့် ရွာသူကြီးပိုင် သတိထားမိပုံမပေါ်ပါ။

ထို့နောက် လူပိုတစ်ယောက် ပါလာသည်ကို ငှက်ပေါက်လေး သတိထားမိသွားသည်။

သူ့ပုံစံက အသက် ၁၃ - ၁၄ နှစ်ခန့် ရှိမည့်ပုံပေါက်ပြီး မီးခိုးနက်ရောင် ဆံနွယ်များကို ခပ်မြင့်မြင့် စုကာစည်းထားသည်။ အစိမ်းရောင်အဝတ်အစားများကိုဝတ်ကာ ခါးတွင် အနီရောင်ဆွဲသီးတစ်ခုကို ချိတ်ဆွဲထားသည်။ သူ့ပုံစံက သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ် ရှိသော်လည်း မျက်လုံးများကိုတော့ တင်းကျပ်စွာမှိတ်ထားပါသည်။

ယန်ရုန်ရုန်က မိတ်ဆက်ပေးလိုက်သည်။ “သူက ဟွင်သွမ်း၊ လျို့လန်နဲ့ မုထုန်တို့ရဲ့ ညီပဲ”

ငှက်ပေါက်လေး မှင်သက်သွားပြီး ဟွင်သွမ်းကို အကဲခတ်ကာ ရေရွတ်လိုက်သည်။

“ဒါ ဒဏ္ဍာရီထဲက ဟွင်သွမ်းပေါ့… သူဘာလို့ မျက်လုံးကန်းနေတာလဲ”

ယန်ရုန်ရုန်က ရှင်းပြသည်။

“မျက်လုံးကန်းနေရုံတင်မဟုတ်ဘူး နားလည်းမကြားဘူး”

ငှက်ပေါက်လေး ပို၍ပင် အံ့အားသင့်သွားခဲ့ရပြီး အနည်းငယ် ကရုဏာသက်သွားမိပါသည်။

“သနားစရာကောင်းတဲ့ သားရဲပါလား”

ဟွင်သွမ်းကတော့ ထိုစကားလုံးများကို မကြားနိုင်ပါ။ သူ့အစ်ကိုကြီး၊ တတိယအစ်ကိုတို့နှင့် ဆုံရမည့်အချိန်ကိုသာ စိတ်ဝင်စားသည်။

ယန်ရုန်ရုန်က သူ့ကို ရက်ပိုင်းလောက် ထပ်စောင့်ခိုင်းခဲ့ပါသည်။

“ဒီမှာ ငါတို့ လုပ်စရာကိစ္စတွေ ရှိသေးတယ်၊ လုပ်စရာရှိတာတွေ လုပ်ပြီးမှ လျို့လန်၊ မုထုန်တို့နဲ့ ပြန်ဆုံနိုင်မှာ”

ဟွင်သွမ်း စိတ်မရှည်သော်လည်း ဘာမှမတတ်နိုင်ပေ။ ထို့ကြောင့် ကိုယ့်ကိုယ့်ကိုယ်သာ ရင်ထဲမှာ နှစ်သိမ့်လိုက်သည်။ နှစ်ပေါင်းများစွာ စောင့်ခဲ့ပြီးပြီဖြစ်၍ ရက်ပိုင်းလောက်က မပြောပလောက်တော့ပေ။

လျို့လန်နှင့် မုထုန်တို့ကဲ့သို့ ဟွင်သွမ်းတွင် အမည်ပြောင်ရှိမရှိ ယန်ရုန်ရုန် မေးကြည့်လိုက်သည်။

“ငါ့အစ်ကိုတွေကတော့ ငါ့ကို ထွင်ထွင်လို့ ခေါ်ကြတယ်”

ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။

‘ထွင်ဆိုတာ ဝက်ပေါက်ကို ခေါ်တာမလား၊ ဘယ်သူက ကိုယ့်ညီကိုယ် ဝက်ပေါက်လို့ နာမည်ပေးမှာလဲ’

သို့သော်လည်း ဟွင်သွမ်ကတော့ သူ့အမည်ပြောင်ကို ပြဿနာရှိသည်ဟု မထင်မိပေ။ သူအားတက်သရော ရှင်းပြလိုက်သည်။

“ဒုတိယအစ်ကိုက ငါ့ကို ထွင်ထွင်လို့ ခေါ်ရတာ ကြိုက်တယ်၊ နောက်တော့ အစ်ကိုကြီးနဲ့ တတိယအစ်ကိုတို့လည်း ထွင်ထွင်လို့ လိုက်ခေါ်ကြတာ၊ ထွင်ထွင်ဆိုတဲ့နာမည်က ငါနဲ့လိုက်တယ်တဲ့၊ ငါလည်း အဲ့ဒီနာမည်ကို သဘောကျပါတယ်”

ပျော်ရွှင်နေသည့် သူ့စိတ်ကလေးကို မဖျက်ဆီးလိုသဖြင့် ယန်ရုန်ရုန် အလိုက်တသင့်သာ ချီးကျူးပေးလိုက်သည်။

“အင်း၊ ချစ်စရာကောင်းတဲ့ နာမည်လေးပါ”

သူမ၏ ချီးကျူးစကားကြောင့် ဟွင်သွမ်း ပိုပျော်ရွှင်သွားသည်။

‘ငါ့အစ်ကိုတွေက တကယ်အမြင်ရှိတာပဲ!’

ထို့နောက် ကမ်းပေါ်တက်လာစဉ်ကတည်းက တိတ်ဆိတ်နေခဲ့သည့် ရှုယင်ကို ယန်ရုန်ရုန်လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမပေါ်က ရုပ်သေးကြိုးမျှင်အား ပြန်ဖြည်ပေးဖို့ အသိပေးလိုက်ပါသည်။

ရှုယင် မလှုပ်ခဲ့ပေ။

ယန်ရုန်ရုန် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး အေးစက်စွာမေးလိုက်သည်။

“ရှင်ကတိဖျက်မလို့တော့ မဟုတ်ပါဘူးနော်”

ဖုံးကွယ်ထားလို့မရတော့မှန်း သိလိုက်သဖြင့် ရှုယင် အမှန်အတိုင်း ပြောပြလိုက်တော့သည်။

“အဲ့တာ ရုပ်သေးကြိုးမျှင်မဟုတ်ဘူး၊ သံယောဇဉ်ချည်ကြိုးပဲ၊ တစ်ခါစည်းနှောင်လိုက်ရင် တစ်သက်လုံး ပြန်ဖြည်လို့ မရတော့ဘူး”

ထို့နောက် သူ့ညာဘက်လက်ကို မြှောက်ပြလိုက်သည်။ ဝတ်ရုံလျှောကျသွားသောအခါ သူ့ညာဘက်လက်တွင်လည်း အနီရောင်ကြိုးမျှင်တစ်ခုကို ချည်ထားမှန်း ပေါ်လာခဲ့ပါသည်။

ယခင်က သူစုဆောင်းခဲ့သည့် ယန်ရုန်ရုန့်သွေးများကို တစ္ဆေရုပ်သေးများ ဖန်တီးဖို့ အသုံးမပြုခဲ့ပါ။

သူမ၏ သွေးများကို ဘဝသုံးပါးကျောက်တိုင် ပေါင်းစပ်ပြီး သူ့နှလုံးသွေးကိုပါ ထည့်သွင်းလျက် နှစ်ပေါင်းများစွာ အားထုတ်ကာ ‘သံယောဇဉ်ချည်ကြိုး’ကို ဖန်တီးခဲ့သည်။

ထိုကြိုးက ရုပ်သေးကြိုးမျှင်နှင့် ဆင်တူသော်လည်း အာနိသင်ကတော့ အတော်လေး ခြားနားပါသည်။

ရုပ်သေးကြိုးမျှင်က တစ္ဆေရုပ်သေးများကို ထိန်းချုပ်ဖို့ အသုံးပြုရခြင်းဖြစ်ပြီး သံယောဇဉ်ချည်ကြိုးကမူ ဝိညာဉ်နှစ်ခုကို စည်းနှောင်ပေးခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် သူ့ဝိညာဉ်နှင့် ယန်ရုန်ရုန်၏ ဝိညာဉ်မှာ ယခု စည်းနှောင်သွားပြီဖြစ်ရာ တစ်သက်လုံး ခွဲခွာနိုင်မှာ မဟုတ်တော့ပေ။

တစ်ဦးက သေဆုံးသွားလျှင်ပင် ထိုတစ်ဦး၏ ဝိညာဉ်မှာ ကျန်ရစ်သူ၏ နံဘေးတွင် အမြဲတမ်း ရှိနေပေးရပါလိမ့်မည်။

🌹Chapter 300

သံယောဇဉ်ချည်ကြိုး၏ အာနိသင်အစစ်အမှန်ကို သိလိုက်ရပြီးနောက် ယန်ရုန်ရုန် အတိုင်းထက်အလွန် ဒေါသထွက်သွားခဲ့သည်။

ရှုယင်၏ ဝတ်ရုံလည်ခွံကို အားဖြင့်ဆွဲကိုင်ကာ ဒေါသမီးများတောက်လောင်နေသော မျက်ဝန်းများဖြင့် မေးလိုက်သည်။

“ကျွန်မဆန္ဒမပါဘဲနဲ့ ရှင့်မှာ အဲ့လို ဆုံးဖြတ်ပိုင်ခွင့် ရှိလို့လား!”

သူမ ဒေါသထွက်မှာကို ရှုယင် ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ပြန်လည်ခုခံခြင်းမရှိဘဲ ဖြည်းညှင်းစွာ ပြန်ပြောလိုက်ပါသည်။

“သံယောဇဉ်ချည်ကြိုးကို ဘဝသုံးပါးကျောက်တိုင်ကနေ ဖန်တီးထားတာ၊ အဲ့ဒီကျောက်တုံးရဲ့ ရာဇဝင်ကို မင်းသိလား”

ယန်ရုန်ရုန် မျက်မှောင်ပိုကြုတ်သွားခဲ့သည်။ သူမ ကောင်းကောင်းကြီးသိပါသည်။

မုန့်ရှီးမြို့တွင် ဟယ့်ပျယ်ချင်းကလည်း ထိုဘဝသုံးပါးကျောက်တိုက်ကို အခြေတည်၍ သုံးဘဝ ပြန်လည်ဝင်စားခြင်း ခွေးသွေးဇာတ်လမ်းများကို ဖန်တီးခဲ့သေးသည်။

ယန်ရုန်ရုန် ဒေါသတကြီး အော်ငေါက်လိုက်သည်။

“စကားလမ်းကြောင်းမလွှဲနဲ့! အဲ့ဒီကျောက်တိုင်အကြောင်း ကျွန်မ ဂရုမစိုက်ဘူး၊ ဒီသောက်ကြိုးကို ဘယ်လိုပြန်ဖြည်ရမလဲဆိုတာပဲ သိချင်တာ!”

ရှုယင်က တည်တည်ငြိမ်ငြိမ်ပဲ ဆက်ရှင်းပြခဲ့သည်။

“ဘဝသုံးပါးကျောက်တိုင်က မရဏမြစ်ရဲ့အဆုံးမှာ ရှိတယ်၊ အတိတ်ဘဝတွေတုန်းက နက်ရှိုင်းတဲ့ ရေစက်ရှိပြီး နောင်ဘဝမှာ ပြန်ဆုံဆည်းဖို့ ကတိပြုခဲ့ကြသူတွေပဲ အဲ့ဒီကျောက်တိုင်ပေါ်မှာ နာမည်ရေးထွင်းနိုင်စွမ်း ရှိတယ်၊ ဒီသံယောဇဉ်ချည်ကြိုးလည်း ထိုနည်းလည်းကောင်းပဲ၊ အတိတ်ဘဝက ရေစက်ပါလာတဲ့ လူနှစ်ဦးကိုပဲ စည်းနှောင်ပေးနိုင်စွမ်းရှိတယ်၊ ငါတို့ကြားမှာ အဲ့လိုရေစက်ပါမလာဘူးဆိုရင် ဒီကြိုးကို ထိနိုင်ဖို့နေနေသာသာ မြင်တောင် မြင်နိုင်မှာမဟုတ်ဘူး”

ရှုယင် ရှင်းပြရင်းနှင့် သူမမျက်ဝန်းတွေထဲ စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

ယန်ရုန်ရုန် မှင်သက်သွားခဲ့ပြီး ဝတ်ရုံကို ဆုပ်ကိုင်ထားသည့် သူမ လက်ချောင်းများလည်း အလိုလို ပြေလျော့သွားခဲ့ရသည်။

ရှုယင်က သူမကို မျက်တောင်မခတ် ဆက်စိုက်ကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။

“ငါမင်းကို အဲ့ဒီကြိုးမပေးခင်တုန်းက အလုပ်ဖြစ်ပါ့မလားဆိုတာတောင် မသိခဲ့ဘူး၊ ဒီတိုင်း အကောင်းဆုံးအတွက် မျှော်လင့်ရင်း စမ်းသပ်ကြည့်လိုက်တာ… ပထမဆုံးအကြိမ်မှာတင် အောင်မြင်သွားလိမ့်မယ်လို့ တကယ်ထင်မထားဘူး”

ယန်ရုန်ရုန့် အာရုံထဲ အတွေးပေါင်းစုံဝင်ရောက်လာပြီး အမှားအမှန် ဝေခွဲမရဖြစ်သွားခဲ့သည်။

ယခင်တုန်းကသာဆို “အတိတ်ဘဝ၊ နောက်ဘဝ” ဆိုသည်များကို သူမ လှောင်ပြောင်မိလောက်သည်။ သို့သော် ရောင်စုံဝတ်ရုံနှင့်အမျိုးသမီး၊ ငွေဖြူရောင်ဆံနွယ်နှင့်အမျိုးသားတို့အား အကြိမ်ကြိမ်အခါခါ မြင်မက်ပြီးနောက်မှာတော့ သူမ၏ ယုံကြည်ချက်များ ယိမ်းယိုင်လာခဲ့ရသည်။

ထိုအမျိုးသမီးက သူမနှင့် ရုပ်ချင်းတူညီနေရုံသာမကဘဲ အမည်ချင်းလည်း တူညီနေပါသည်။

ထို့အပြင် ဖုန့်ဟွိုက်ယွီဟုအမည်ရသည့် ငွေဖြူရောင်ဆံနွယ်နှင့်လူလည်း ရှိသေးသည်။ သူ့မျက်နှာက ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ဟမ်ယဲ့နှင့် ရှုယင်တို့ အားလုံးကို ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေသည်။ ဒါတိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်ပါ။

ထိုအမျိုးသမီးက သူမ၏ အတိတ်ဘဝ ဖြစ်နေနိုင်သည်။

သူမ လက်ကောက်ဝတ်ပေါ်ရောက်နေသည့် သံယောဇဉ်ချည်ကြိုးကို ယန်ရုန်ရုန် ငေးကြည့်လိုက်ပြီး မသေချာမရေရာ ဖြစ်သွားခဲ့သည်။

‘အဲ့တာ အမှန်ပဲလား… လူတွေမှာ တကယ်ပဲ အတိတ်ဘဝဆိုတာ ရှိတာလား’

ယခုချိန်တွင် သူမ၏ အိပ်မက်ထဲမှ ရောင်စုံဝတ်ရုံနှင့်အမျိုးသမီး၏ သရုပ်မှန်ကို သိလိုစိတ်များ အထွတ်အထိပ်ကို ရောက်ရှိနေပါပြီ။ ယန်ရုန်ရုန် အမှန်တရားကို အသည်းအသန် လိုအပ်နေလေပြီ။

ထိုအတွေးဖြင့် သူမ တိတ်တဆိတ် လှည့်ထွက်လာခဲ့တော့သည်။

ငှက်ပေါက်လေးလည်း အတောင်များကို အသည်းအသန်ခတ်ရင်း အနောက်မှလိုက်လာခဲ့ပါသည်။

“ဖြည်းဖြည်းသွားပါ စနစ်ပိုင်ရှင်ရဲ့! ညကြီးမင်းကြီး ဒီလောက်မှောင်နေတာ ချော်လဲမှာ မကြောက်ဘူးလား!”

ထွင်ထွင်က မျက်လုံးကန်းနေသဖြင့် လမ်းကိုမမြင်ရသော်လည်း အနံ့အာရုံဖြင့် ယန်ရုန်ရုန့်ကို ရှာဖွေနိုင်သည်။

နောက်ဆုံးတွင် မြစ်ကမ်းနံဘေး၌ ရှုယင်တစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

သူ့လက်ကောက်ဝတ်ပေါ်မှ ကြိုးနီလေးကို ရှုယင် ငုံ့ကြည့်လိုက်ပါသည်။ ဒီကြိုးလေးမှာ သူနှင့် ယန်ရုန်ရုန်တို့ နှစ်ဦးသာ သိမြင်ထိတွေ့နိုင်သော မျဉ်းကလေးတစ်ကြောင်းပင်။

ဆိုလိုသည်က သူတို့နှစ်ဦးကြား နက်ရှိုင်းသည့် သံယောဇဉ်နှောင်ကြိုးတစ်ခု ရှိနေပါသည်။ သေဆုံးခြင်းရှင်သန်ခြင်း သံသရာများကြောင့် ပြတ်တောက်မသွားနိုင်သည့် ရေစက်တစ်ခုပင်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ အရှားပါးဆုံး ရတနာတစ်ပါးကဲ့သို့ ထိုကြိုးနီလေးကို ရှုယင် တယုတယ ပွတ်သပ်လိုက်သည်။ ပုံမှန်ဆို အေးစက်တည်တံ့နေတတ်သည့် သူ့မျက်နှာပေါ် အလွန်ပါးလွှာသည့် အပြုးနုတစ်ခု ပေါ်လာခဲ့ပါသည်။

‘ဒါဆို ယန်ရုန်ရုန်နဲ့ ငါနဲ့ အတိတ်ဘဝတုန်းက ကတိသစ္စာပြုခဲ့ကြတာပေါ့…’

သူတီးတိုး ရေရွတ်လိုက်မိသည်။

“ကောင်းလိုက်တာ…”

အတိတ်ဘဝက မပြီးပြတ်သေးသည့် ရေစက်ကံကြမ္မာကို ပြန်လည်လျှောက်လှမ်းခွင့်ရသည်မှာ အမှန်တကယ် ကောင်းမွန်လှပါသည်။

-

ရွာသူကြီးအိမ်သို့ ယန်ရုန်ရုန် ပြန်ရောက်လာခဲ့သည်။ ရွာသူကြီးပိုင်နှင့် အာ့ထိုက်တို့ အိပ်စက်နေကြဆဲဖြစ်ကာ တစ်အိမ်လုံး တိတ်ဆိတ်နေခဲ့ပါသည်။

ရွာသူကြီး၏ အခန်းတံခါးရှေ့ထိ သူမ လျှောက်လာခဲ့ပြီး တံခါးကိုခေါက်ကာ ဖုန့်ဟွိုက်ယွီနှင့် ထိုအမျိုးသမီးတို့အကြောင်း ချက်ချင်းမေးမြန်းချင်စိတ်များ တဖွားဖွားပေါ်လာခဲ့ပါသည်။

သို့သော် သူမ လက်များ တွန့်ဆုတ်နေခဲ့သည်။ လက်ကို မြှင့်လိုက် ချလိုက်နှင့် ဝေခွဲမရဖြစ်နေခဲ့ကာ နောက်ဆုံးတွင်တော့ ဒီတိုင်း လှည့်ထွက်လာခဲ့တော့သည်။

သက်သေခိုင်ခိုင်လုံလုံမရှိဘဲ မေးမြန်းလိုက်လျှင် ရွာသူကြီးပိုင်က ရှေးဟောင်းနတ်သားရဲတစ်ကောင် ဖြစ်ကြောင်းကို ဝန်ခံမှာ မဟုတ်ပါ။

စိုးရိမ်ပူပန်မှုများကို ဖိနှိပ်ရင်း သူမ အိပ်ခန်းဆီသို့ ပြန်လာခဲ့ပါသည်။

သို့သော် အခန်းတံခါးကို ဖွင့်လိုက်သည့်အခါ သူမ ပိတ်ထားခဲ့သည့် ပြူတင်းပေါက်တံခါးများ အလိုလိုပွင့်နေသည်ကို မြင်လိုက်ရသည်။ လူရိပ်တစ်ခုကလည်း ပြူတင်းပေါက်မှ ဖြတ်ကျော်ကာ အပြင်သို့ ထွက်ပြေးသွားခဲ့ပါသည်။

ယန်ရုန်ရုန် နှလုံးရပ်မတတ် ထိတ်လန့်သွားပြီး လှမ်းအော်လိုက်သည်။

“ဘယ်သူလဲ! ရပ်လိုက်စမ်း!”

ထို့နောက် ပြူတင်းပေါက်ကို ကျော်ကာ ခြံနောက်ဖေးသို့ ခုန်ဆင်းလိုက်သည်။

ခြံနောက်ဖေးတွင် ရေတွင်းတစ်တွင်းရှိပြီး အဝတ်များလှမ်းဖို့အတွက် ဝါးလုံးများ ထောင်ထားပါသည်။ ထောင့်စွန်းတွင် မက်မွန်ပင်ကြီးနှစ်ပင်ရှိသည်။

ယန်ရုန်ရုန် တစ်ခြံလုံးကို ဝေ့ကြည့်လိုက်ရာ ထိုလူရိပ်ကို မမြင်ရတော့ပေ။

ထိုစဉ် ထွင်ထွင်နှင့် ရှုယင်တို့လည်း ရောက်ရှိလာကြသည်။ ရှုယင်က မေးသည်။

“ဘယ်သူလဲ မြင်လိုက်လား”

ယန်ရုန်ရုန် ခေါင်းခါပြလိုက်သည်။

ရှုယင် မျက်မှောင်ကြုတ်သွားလေသည်။

“မနေ့ညက မင်းအိပ်နေတုန်း အနားမှာ လာရပ်ကြည့်နေတဲ့လူပဲ ဖြစ်နေမလား”

ယန်ရုန်ရုန်လည်း ထိုသို့တွေးမိပါသည်။ မနေ့ညက သူမ အိပ်စက်နေစဉ် ထိုတဏှာရူး လာရပ်ကြည့်နေခဲ့ပြီး ဒီနေ့ညလည်း ပြန်လာရဲသေးသည်။

ဒီနေ့ည သူမ အခန်းပြင်ရောက်နေလိမ့်မည်ဟု ထိုလူ မျှော်လင့်ထားပုံမပေါ်သဖြင့် လက်ပူးလက်ကြပ်မိသွားခြင်း ဖြစ်သည်။

ထိုတဏှာရူးကို သူမ မိအောင်ဖမ်းရပါမည်။

ယန်ရုန်ရုန် မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားကာ နတ်အာရုံကို ထုတ်လွှင့်လိုက်သည်။

သူမ၏ အသိစိတ်က သေးငယ်သော ရေဘဝဲလက်တံကလေးများပမာ တစ်ခြံလုံးကို လွှမ်းခြုံသွားခဲ့ပါသည်။ အသေးငယ်ဆုံး လှုပ်ရှားမှုတစ်ခုကိုပင် သူမအာရုံထဲ ခံစားမိနိုင်သည်။

ခေတ္တအကြာတွင် ယန်ရုန်ရုန် မျက်လုံးများ ဆတ်ခနဲပြန်ပွင့်လာပြီး ရွာသူကြီးအိမ်အရှေ့ဘက်ခြမ်းကို လှည့်ကြည့်လိုက်သည်။

‘အဲ့ဒီမှာ တစ်ယောက်ယောက် လှုပ်ရှားနေတယ်!’

ရွာသူကြီးအိမ်အရှေ့ဘက်ခြမ်းတွင် ရွာသူကြီးနှင့် အာ့ထိုက်တို့ နေထိုင်ကြသည်။ အပြင်ဘက်က ဆူညံသံများကို ကြားလိုက်ခြင်းကြောင့်လားမသိ၊ ဖယောင်းတိုင်မီးများ လင်းနေပါသည်။

ရွာသူကြီးအိမ် အရှေ့ဘက်ခြမ်းသို့ ယန်ရုန်ရုန် ချီတက်လာခဲ့သည်။ ရှုယင်နှင့် ထွင်ထွင်တို့လည်း နောက်မှ လိုက်လာခဲ့ကြပါသည်။

ယန်ရုန်ရုန်တို့ တံခါးရှေ့သို့ ရောက်သည်နှင့် တစ်စုံတစ် ယောက်က တံခါးကို အတွင်းဘက်မှ ဆွဲဖွင့်လိုက်လေသည်။

ဆီမီးအိမ်တစ်လုံးကို ကိုင်လျက် ရွာသူကြီးပိုင် ထွက်လာပါသည်။ အဝတ်အစားဖရိုဖရဲနှင့် ဆံပင်များလည်း ရှုပ်ပွနေကာ ယခုမှ လန့်နိုးလာသည့် ပုံစံမျိုးနှင့် မျက်လုံးများ အလွန်လေးလံနေသည်။

“မိန်းကလေးယန်၊ ခုနက အော်သံကြားလိုက်တယ်၊ အိမ်ထဲ သူခိုးကပ်လို့လား”

ယန်ရုန်ရုန် သူ့ကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်မအခန်းထဲက လူတစ်ယောက် ထွက်ပြေးသွားတာကို မြင်လိုက်ရလို့ပါ၊ ရွာသူကြီးရဲ့ခန်းဆောင်ထဲ ဝင်သွားတာ မြင်လိုက်တယ်”

အမှန်တော့ ထိုလူ အမှန်တကယ်ဝင်သွားသည်ကို သူမ မမြင်ခဲ့ရပါ။ ရွာသူကြီးကို အကဲခတ်ရန်အတွက် လိမ်ပြောလိုက်ခြင်းသာ။

ရွာသူကြီး ထိတ်လန့်တကြားဖြစ်ကာ မျက်လုံးပြူးသွားသည်။

“ငါ့ခန်းဆောင်ထဲ ဝင်သွားတယ်ဟုတ်လာား၊ မဖြစ်နိုင်တာ၊ အထဲမှာ အာ့ထိုက်နဲ့ငါ တစ်ချိန်လုံးရှိနေတာ၊ ဘယ်သူဝင်လာတာမှ မတွေ့မိပါဘူး”

ရှုယင်က တည်ငြိမ်စွာ ဝင်ပြောသည်။ “ရွာသူကြီးတို့အိပ်နေလို့ ကျူးကျော်သူ အလစ်ဝင်လာတာကို သတိမထားမိခဲ့တာကော မဖြစ်နိုင်ဘူးလာား”

ရွာသူကြီး ထိတ်လန့်သွားသည်။ ထိုသို့အမှန်တကယ် ဖြစ်နေနိုင်ပါသည်။

ယန်ရုန်ရုန်က အခွင့်ကောင်းယူကာ တောင်းဆိုလိုက်သည်။

“အားလုံး ဘေးကင်းစေဖို့ ကျွန်မတို့ အထဲဝင်ရှာကြည့်လို့ရမလား”

ရွာသူကြီးပိုင် တွန့်ဆုတ်သွားခဲ့သည်။

“အာ့ထိုက် အိပ်နေတုန်းပဲ…”

“ဒီတိုင်း ရှာကြည့်ရုံပါ၊ အသံမထွက်စေရဘူး”

အချိန်အတန်ကြာအောင် တွန့်ဆုတ်သွားပြီးနောက် ရွာသူကြီး ခွင့်ပြုပေးလိုက်ပါသည်။

“ကောင်းပြီ၊ ဝင်ခဲ့ကြပါ”

တံခါးကို ကျယ်ကျယ်ဖွင့်ပေးကာ ယန်ရုန်ရုန်နှင့် ရှုယင်တို့ကို အထဲဝင်ခွင့်ပေးလိုက်ပါသည်။ သို့သော် နောက်ဆုံးတွင်ပါလာသည့် ထွင်ထွင်ကို မြင်သောအခါ သူချက်ချင်း တားဆီးလိုက်သည်။

“မင်းဘယ်သူလဲ၊ မင်းကို… ရင်းနှီးနေသလိုပဲ”

ထိုစကားကိုကြားပြီး ယန်ရုန်ရုန် ခြေလှမ်းရပ်ကာ ရွာသူကြီးကို ပြန်လှည့်ကြည့်လိုက်ပြီး တိုးညှင်းစွာ မေးလိုက်သည်။

“သူ့ကို သိလို့လား”

All Chapters