← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

🌹Chapter 301

ရွာသူကြီးပိုင်သည် ဆီမီးအိမ်ကို ရှေ့သို့ တိုးလိုက်ပြီး အသားဖြူဖြူကောင်လေးကို ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ပါသည်။

မျက်မှောင်ကလည်း စက္ကန့်နှင့်အမျှ ပိုကြုတ်လာသည်။

သူ့မှတ်ဉာဏ် ထောင့်တစ်နေရာတိုင်းကို ရှာဖွေခဲ့သော်လည်း ထိုကောင်လေးကို မမှတ်မိခဲ့ပါ။ သို့သော် ထိုကောင်လေးကို သူထူးထူးဆန်းဆန်း ရင်းနှီးနေသလိုခံစားရသည်။

တစ်နေရာရာမှာ တွေ့ဆုံဖူးသကဲ့သို့ ခံစားချက်ပင်။

ထွင်ထွင်ကမူ ငြိမ်သက်စွာပင် မတ်တပ်ရပ်နေခဲ့သည်။ သူ့အသားအရေက အလွန်ဖြူဖွေးနူးညံ့ပြီး မျက်လုံးများကိုလည်း တင်းကျပ်စွာပိတ်ထားသဖြင့် နုနယ်ကာ အန္တရာယ်ကင်းမည့်ပုံစံပေါက်ပါသည်။

ထိုကောင်လေးက ရှေးဟောင်းကျိန်စာသားရဲကြီးလေးပါးအနက်မှ ဟွင်သွမ်းဖြစ်နေလိမ့်မည်ဟု ဘယ်သူမှ သံသယဖြစ်မိကြမည်မဟုတ်ပေ။

နောက်ဆုံးတော့ ရွာသူကြီးပိုင် သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။

“ငါတကယ် အရွယ်ရလာခဲ့ပြီပဲ၊ ဘာမှကို မမှတ်မိတော့ဘူး”

“သူ့နာမည် ထွင်ထွင်တဲ့၊ ကျွန်မ တပည့်လေ”

ယန်ရုန်ရုန်က ပြောသည်။

“သူက မျက်လုံးတွေ နားတွေ မကောင်းဘူး၊ အဲ့တာကြောင့် သာမန်လူတွေလို စကားပြောဆိုဆက်ဆံနိုင်စွမ်းမရှိဘူး၊ ရွာသူကြီး နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ရွာသူကြီးပိုင် နားလည်သွားခဲ့သည်။ ထို့ကြောင့်လည်း ဒီကိုရောက်ရှိလာစဉ်ကတည်းက ထိုကောင်လေး စကားတစ်ခွန်းမှ မပြောခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

ဒုက္ခိတလေးဖြစ်သဖြင့် ထွင်ထွင်ကိုကြည့်သည့် သူ့မျက်ဝန်းများ ကရုဏာသက်သွားခဲ့ရသည်။

ထွင်ထွင်က မမြင်နိုင်သော်လည်း ပတ်ဝန်းကျင်ကို အာရုံအလွန်ခံနိုင်စွမ်းရှိသည်။ ရွာသူကြီး၏ စိတ်ခံစားချက် ပြောင်းလဲမှုကိုပင် အာရုံခံမိသွားပြီး အပြစ်ကင်းစင်သည့် အပြုံးလေးတစ်ခု ပြုံးပြလိုက်ပါသည်။

ထိုအပြုံးကြောင့် ရွာသူကြီးပိုင် ရင်ပိုနာသွားခဲ့ရသည်။

‘ဒီလောက် ဖြူစင်တဲ့ကလေးတစ်ယောက်က ဒီလိုမျိုးဒုက္ခကို ဘာလို့ ခံစားရတာလဲ၊ သနားစရာကောင်းလိုက်တာ၊ ခုချိန်ကစပြီး သူ့ကို သေသေချာချာ ဂရုစိုက်ပေးရမယ်’

ရွာသူကြီးအိမ်၏ အရှေ့ဘက်ခြမ်းကို ခန်းဆောင်နှစ်ခုအဖြစ် ပိုင်းခြားထားသည်။ ပုံမှန်အားဖြင့် ရွာသူကြီးပိုင်က အပြင်ခန်းဆောင်မှာ အိပ်စက်ပြီး အာ့ထိုက်က အတွင်းခန်းဆောင်တွင် အိပ်စက်သည်။

ယခု အတွင်းခန်းဆောင်၏ တံခါးက အနည်းငယ် ပွင့်နေပါသည်။ ထိုကြားထဲမှတဆင့် အာ့ထိုက် အိပ်ရာထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်မှန်း ယန်ရုန်ရုန် မြင်နိုင်လေသည်။

ယန်ရုန်ရုန် အကြည့်ကို ပြန်လွှဲလိုက်ပြီး အပြင်ခန်းဆောင်ကို စတင် စစ်ဆေးတော့သည်။

အခန်းမှာ ကျဉ်းမြောင်းပြီး ပရိဘောဂများမှာလည်း ရိုးရှင်းလှသည်။ လူတစ်ယောက် ပုန်းခိုဖို့ လုံလုံလောက်လောက် ကြီးမားသည့်နေရာဟူ၍ ကုတင်အောက်နှင့် ဗီရိုထဲမှာသာ ရှိသည်။

ရွာသူကြီး၏ ခွင့်ပြုချက်ဖြင့် နှစ်နေရာစလုံးကို ယန်ရုန်ရုန် စစ်ဆေးခဲ့ပါသည်။ ဗီရိုထဲတွင် အဝတ်အစားများမှအပ အခြားရှိမနေဘဲ ကုတင်အောက်တွင်လည်း ဗလာကျင်း ဖြစ်နေသည်။

ကျူးကျော်သူ ပုန်းကွယ်နေခြင်းမရှိသည်မှာ ထင်ရှားသည်။

သို့သော် မကြာသေးခင်က ဒီအခန်းထဲတွင် တစ်စုံတစ် ယောက် လှုပ်ရှားနေခဲ့သည်ကို ယန်ရုန်ရုန် ကျိန်းသေပေါက် အာရုံခံမိခဲ့ပါသည်။ သူမ၏ နတ်အာရုံက လွဲမှားနိုင်သည့်အရာ မဟုတ်ပေ။

စဉ်းစားရင်းနှင့် အိပ်ရာပေါ်သို့ ယန်ရုန်ရုန် အကြည့်ရောက်သွားခဲ့သည်။ စောင်များက အလွန် ရှုပ်ပွေနေသည်။ ဆူညံသံများကို စစ်ဆေးဖို့ ရွာသူကြီးပိုင် အလောတကြီး ထခဲ့ရသဖြင့် သေသေချာချာစီရီဖို့ အချိန်မရှိခဲ့သည့် ပုံပင်။

ယန်ရုန်ရုန် ရုတ်တရက် ကိုယ်ကိုင်းလိုကက်ပြီး စောင်များထဲသို့ လက်နှိုက်ကာ စမ်းကြည့်လိုက်ပါသည်။

ရွာသူကြီးပိုင်၏ မျက်နှာက ချက်ချင်း နေရခက်သွားခဲ့သည်။

“မိန်းကလေးယန် ဘာလုပ်နေတာလဲ”

အိမ်ထောင်မရှိသည့် မိန်းကလေးငယ်တစ်ဦးက ယောက်ျားတစ်ဦး၏ အိပ်ရာကို ဒီလို စစ်ဆေးနေခြင်းမှာ အတော်လေး မသင့်တော်ရာကျပါသည်။

သို့သော် ယန်ရုန်ရုန့်တွင် အားနာနေဖို့ စိတ်ကူးမရှိပေ။

သူမလက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ရွာသူကြီးဘက်သို့လှည့်ကာ လေးလံစွာ ပြောလိုက်သည်။

“ဒီအိပ်ရာထဲမှာ အနွေးဓာတ်မရှိဘူး”

ရွာသူကြီးပိုင် ကြက်သေသေသွားခဲ့သည်။

“ဟင်”

သူမဘာကို ဆိုသလိုသလဲ သူနားမလည်ပေ။

သို့သော် ရှုယင်ကတော့ ချက်ချင်းနားလည်သွားခဲ့ပါသည်။ ရွာသူကြီးကို အေးစက်သည့် မျက်လုံးများဖြင့် သံသယကြီးစွာ သူလှည့်ကြည့်လိုက်သည်။

ယန်ရုန်ရုန်က တည်တည်ငြိမ်ငြိမ် ရှင်းပြသည်။

“ကျွန်မအော်သံကို ကြားတာနဲ့ ရွာသူကြီး အိပ်ရာထဲက ချက်ချင်းထွက်လာတာလို့ ပြောခဲ့တယ်နော်၊ အိပ်ထဲကနေ တံခါးအထိရောက်ဖို့က အကြာကြီးမလှမ်းရပါဘူး၊ အဲ့တာကြောင့် ရွာသူကြီးရဲ့ အိပ်ရာထဲမှာ ကိုယ်အနွေးဓာတ် နည်းနည်း ရှိနေသေးသင့်တယ်လေ”

ရွာသူကြီးလည်း နောက်ဆုံးတော့ နားလည်သွားပုံရပြီး မျက်မှောင်ကြုတ်သွားခဲ့ပါသည်။

“ငါ လိမ်နေတာလို့ မင်းပြောချင်တာလား”

ရွာသူကြီး၏ သရုပ်မှန်ကို ဖော်ထုတ်နိုင်မည့်အချိန်အား ယန်ရုန်ရုန် စောင့်မျှော်နေခဲ့သည်မှာ အလွန်ကြာပါပြီ။ ယခုက အခွင့်ကောင်းဖြစ်သဖြင့် သူမလက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ပါ။

“ကျွန်မပြောတာ မယုံရင် ရွာသူကြီးကိုယ်တိုင် စမ်းကြည့်လို့ရတယ်”

ပြောပြောဆိုဆိုနှင့် ယန်ရုန်ရုန် လမ်းဖယ်ပေးလိုက်ပြီး ‘ကြွပါ’ဟူသော အမူအရာမျိုး လုပ်ပြလိုက်ပါသည်။

ရွာသူကြီး တွန့်ဆုတ်သွားခဲ့သည်။ သူမကို လျစ်လျူရှုထားဖို့ ရင်ထဲမှ အသံတစ်ခုက တွန်းအားပေးနေခဲ့သော်လည်း အမှန်တရားကို သိချင်စိတ်က ပိုမိုအားသန်နေခဲ့သည်။

ထို့ကြောင့် အိပ်ရာဆီ လျှောက်သွားကာ စောင်အောက်ကို သူစမ်းကြည့်လိုက်ပါသည်။

ယန်ရုန်ရုန် ပြောခဲ့သည့်အတိုင်းပင်။ အိပ်ရာက အေးစက်နေပြီး နွေးထွေးမှု စိုးစင်းမျှ မရှိပါ။ လူတစ်ယောက် အိပ်စက်ထားသည့် အိပ်ရာနှင့် မတူလှပေ။

ရွာသူကြီး အံ့အားသင့်တုန်လှုပ်သွားခဲ့ပြီး အချိန်အတော်ကြာအောင် မှင်သက်သွားခဲ့ပါသည်။

ယန်ရုန်ရုန် သူ့ကို သေချာအကဲခတ်ကြည့်လိုက်သောအခါ အမှန်တကယ် တုန်လှုပ်နေခြင်းဖြစ်မှန်း မြင်လိုက်ရသည်။

‘သူတကယ် မသိဘူးပဲ…’

သူမအာရုံထဲ ခန့်မှန်းချက်ပေါင်းစုံ ဝင်ရောက်လာခဲ့သည်။

ယန်ရုန်ရုန် အစမ်းသဘောဖြင့် မေးကြည့်သည်။

“ရွာသူကြီးမှာ အိပ်နေရင်း လမ်းထလျှောက်တတ်တဲ့အကျင့် ရှိလား”

ရွာသူကြီးပိုင် ရီဝေသွားသည်။

“ငါမသိဘူး… မရှိဘူးထင်တာပဲ… ငါလည်း သေချာမပြောနိုင်ဘူး”

ပြောပြောဆိုဆိုနှင့် ရွာသူကြီးပိုင် မူးဝေသွားပြီး ခန္ဓာကိုယ်အနည်းငယ် ယိမ်းယိုင်သွားခဲ့သည်။

ယန်ရုန်ရုန်က သူ့ကို လှမ်းထိန်းပေးလိုက်ကာ အိပ်ရာစွန်းတွင် ထိုင်စေလိုက်သည်။

ရွာသူကြီးပိုင် လက်တစ်ဖက်ကို အားထောက်ပြုကာ ထိုင်နေရပြီး မျက်နှာကလည်း အတော်လေး ဖြူရော်နေပါသည်။

“ရွာသူကြီး နေမကောင်းဘူးလား”

ယန်ရုန်ရုန် စိုးရိမ်တကြီး မေးလိုက်သည်။

ရွာသူကြီးပိုင် ခေါင်းခါပါသည်။

“ကောင်းပါတယ်၊ ခေါင်းလေးနည်းနည်း မူးနေတာပဲ ရှိတာ”

သူ့အခြေအနေကိုမြင်ပြီး ယန်ရုန်ရုန် ဆက်ဖိအားမပေးရက်တော့သဖြင့် နှုတ်ဆက်လိုက်ပါသည်။

“ရွာသူကြီး နားလိုက်တော့လေ၊ ကျွန်မ မနက်ဖြန်မှ ပြန်လာခဲ့မယ်နော်”

သို့သော် ရွာသူကြီးပိုင်က သူမကို လှမ်းတားလိုက်သည်။

“အဲ့ဒီလူကို မြင်လိုက်ရလား၊ သူ့ပုံစံက ဘယ်လိုလဲ၊ သူ… သူငါနဲ့ တူနေတာလား”

မေးခွန်းအဆုံးတွင် တစ်စုံတစ်ခုကို ချုပ်တည်းထားရသကဲ့သို့ သူ့အသံက အလွန်နှေးကွေးသွားခဲ့ပါသည်။

သူ့ကိုယ်သူ ညကြီးသန်းခေါင်း မိန်းကလေးတစ်ဦးကို ချောင်းကြည့်နိုင်သည့် လူတစ်ယောက်ဟု မယုံကြည်ချင်ပါ။ သို့သော် သက်သေများအရ သူက အဓိက သံသယရှိသူ ဖြစ်လာခဲ့သည်။

ယန်ရုန်ရုန် အမှန်အတိုင်း ပြန်ဖြေလိုက်ပါသည်။

“ကျွန်မ လူရိပ်တစ်ခုပဲ မြင်ခဲ့တာ၊ အဲ့ဒီလူ ပြူတင်းပေါက်ကနေ ခုန်ထွက်သွားတာလေ၊ အရမ်းမြန်ပြီး မှောင်ကလည်း မှောင်နေတော့ ယောက်ျားတစ်ယောက်ဆိုတာပဲ ခန့်မှန်းမိတယ်၊ တခြားဘာမှ မမြင်လိုက်ဘူး”

“ပြူတင်းပေါက်က ခုန်ထွက်သွားတာ…”

ရွာသူကြီး ရေရွတ်လိုက်ပြီး သူ့မျက်နှာကလည်း ပိုမို ရီဝေသွားခဲ့သည်။

တစ်စုံတစ်ခုကို အမှတ်ရသွားသကဲ့သို့ သူ့ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ လက်ထိပ်တွင် အနက်ရောင်အစက်ကလေးတစ်စက် ရှိနေသည်ကို မြင်လိုက်ရသည်။

ယန်ရုန်ရုန် အနားတိုးကြည့်လိုက်သည့်အခါ သေးငယ်သည့် သစ်သားစလေးတစ်ခု အရေပြားထဲ စိုက်ဝင်နေခြင်း ဖြစ်မှန်း တွေ့လိုက်ရပါသည်။

ရွာသူကြီးအိမ် အနောက်ဘက်ခြမ်းရှိ ပြူတင်းပေါက်ဘောင်များက အနည်းငယ် ကြမ်းတမ်းသည်ကို သူမ မှတ်မိသည်။ ပြူတင်းပေါက် အဖွင့်အပိတ်လုပ်သည့်အခါ အတော်လေး သတိမူရပါသည်။ မဟုတ်ပါက လက်ထဲကို သစ်သားစများ စိုက်ဝင်သွားနိုင်သည်။

“အဲ့ဒီသစ်သားစက ဘယ်ကရောက်လာတာလဲ”

သူမ မေးလိုက်သည်။

ရွာသူကြီး ခါးသီးစွာ ရယ်မောလိုက်ပါသည်။

“ငါလည်းမသိဘူး၊ ငါအိပ်နေတဲ့အချိန် မင်းအော်သံကြားလို့ နိုးလာခဲ့တာ၊ နိုးလာတော့ ငါ့လက်မ နည်းနည်းနာနေသလို ခံစားခဲ့ရတယ်၊ ဒါပေမယ့် ဂရုမစိုက်ခဲ့မိဘူး၊ မင်းသာ ပြူတင်းပေါက်ကနေ သူခိုးခုန်ထွက်သွားတဲ့အကြောင်းကို မပြောပြခဲ့ရင် ငါသတိရမှာတောင် မဟုတ်ဘူး”

ထို့နောက် သူ့လက်ကို ပြန်ချလိုက်ကာ မျက်မှောင်ကြုတ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြန်ပြေလျော့သွားခဲ့သည်။

“ဧကန္တ… ဧကန္တ မင်းအခန်းထဲ ညကြီးသန်းခေါင် ခိုးဝင်လာတဲ့ သူခိုးက… ငါပဲ ဖြစ်နိုင်မယ်ထင်တယ်”

ထိုသို့ဆိုရင်း ယန်ရုန်ရုန်နှင့် အကြည့်ချင်းမဆုံရဲသည့်အတွက် သူ့ခေါင်းကို ငုံ့ထားမိသည်။

သူအလွန်အရှက်ရမိပါသည်။ ရွာသူကြီးတစ်ဦးအဖြစ်ပင် ဆက်ရှိမနေသင့်တော့ပေ။ ယန်ရုန်ရုန် အထင်သေးစက်ဆုပ်ပြီး ဒေါသပေါက်ကွဲမည့်အချိန်ကို သူစောင့်နေလိုက်သည်။

သို့သော် ယန်ရုန်ရုန်ကတော့ အတော်လေး တည်ငြိမ်နေခဲ့ပါသည်။

သူမ လေးလေးနက်နက် ပြောလိုက်သည်။

“တကယ်တော့ ဒီနေ့ညတစ်ညတည်းမဟုတ်ဘူး၊ မနေ့ညကလည်း ကျွန်မအခန်းထဲ တစ်ယောက်ယောက် ဝင်လာသေးတယ်၊ အဲ့ဒီလူက ကျွန်မအိပ်နေတုန်း အရိပ်ထဲကနေ အကြာကြီး စောင့်ကြည့်နေခဲ့တာ”

🌹Chapter 302

ရွာသူကြီးပိုင် ဆတ်ခနဲ ခေါင်းထောင်လာခဲ့ပြီး မျက်နှာတစ်ခုလုံး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်။

“ငါ… ငါမင်းကို တစ်ကြိမ်မက ခိုးကြည့်ခဲ့တယ်ဟုတ်လား၊ ငါ… ငါက…”

သူ့လုပ်ရပ်အတွက် အကြောင်းပြချက်ပေးဖို့ စကားလုံးပင် ရှာမရတော့ဘဲ လက်တစ်ဖက်မြှောက်ကာ သူ့ပါးကိုသူ စူးခနဲ ဖြတ်ရိုက်ပစ်လိုက်တော့သည်။

ဒီအသက်အရွယ်ရောက်ခါမှ အောက်တန်းကျသည့် လုပ်ရပ်ကို သူလုပ်ရက်သည်။ အမှန်တကယ် ခွင့်လွှတ်နိုင်စရာအကြောင်း မရှိပေ။

သို့သော် ယန်ရုန်ရုန်ကမူ တဏှာစိတ်ကြောင့် ရွာသူကြီးပိုင် ထိုလုပ်ရပ်များကို လုပ်ခဲ့သည်ဟု မမြင်မိပေ။

သူမ တည်ငြိမ်စွာ မေးလိုက်သည်။

“ရွာသူကြီး… ကပ်ဘေးသယ်ဆောင်သူဆိုတာဆို ကြားဖူးလား”

ပထမတော့ ရွာသူကြီးပိုင် ဘာမှ နားလည်ပုံမရပါ။ သို့သော် သူ့မျက်နှာက ဖြည်းဖြည်းချင်း ရီဝေလာခဲ့သည်။ နောက်ဆုံးတော့ ရင်ထဲ ပဋိပက္ခများစွာ ဖြစ်လာသကဲ့သို့ နာကျင်သွားခဲ့ပါသည်။

တစ်စုံတစ်ခုကို အသည်းအသန် ချုပ်တည်းထားရသကဲ့သို့ သူ့ခေါင်းကိုလည်း လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

“မသိဘူး ငါဘာမှမသိဘူး! ငါ့ကို ဘာမှလာမမေးနဲ့တော့၊ ငါမသိဘူး… ငါမသိပါဘူး…”

ထိုစကားလုံးများကို ဓာတ်ပြားဟောင်းကြီးပမာ ထပ်ခါတလဲလဲ ရေရွတ်နေတော့သည်။

သူတစ်စုံတစ်ခုကို မှတ်မိနေသော်လည်း အရှိတရားကို လက်မခံနိုင်သကဲ့သို့ ထိုမှတ်ဉာဏ်များကို တိုက်ထုတ်ပစ်ဖို့ ကြိုးစားနေခြင်းဖြစ်မည်ဟု ယန်ရုန်ရုန် ခန့်မှန်းလိုက်သည်။

ယုတ္တိရှိရှိဆိုရလျှင် သူ့ကို အနားပေးသင့်နေပြီဖြစ်ကာ ယန်ရုန်ရုန်ထွက်သွားသင့်ပါပြီ။

သို့သော် သူမ မလှုပ်ခဲ့ပေ။ ထိုမျက်နှာဖုံးကို ခွာချနိုင်ဖို့ အလွန်နီးစပ်နေပါပြီ။ အမှန်တရားနှင့် လက်တစ်ကမ်းအလိုကို ရောက်ခါမှ လက်လျှော့လိုက်ရခြင်းကို သူမ လက်မခံနိုင်ပေ။

ထို့ကြောင့် ယန်ရုန်ရုန် ဆက်မေးသည်။

“တကယ်တော့ ရှုယင်နဲ့ ကျွန်မ ဒီနေ့ည မအိပ်ခဲ့ကြဘူး၊ ရွာအရှေ့ဘက်စွန်းက မြစ်ဆီသွားခဲ့ကြာတာ၊ ရွာထဲက ခြောက်လှန့်မှုတွေ နောက်ကွယ်က အမှန်တရားကို သိနိုင်ဖို့ မြစ်ကြမ်းပြင်ထိ ဆင်းခဲ့ကြတာလေ၊ ကျွန်မတို့ ဘာတွေ ရှာတွေ့ခဲ့သလဲ ရွာသူကြီးသိလား”

ရွာသူကြီးပိုင် ခေါင်းကိုပို၍ပင် တင်းကျပ်အောင် ဆုပ်ကိုင်ထားခဲ့သည်။

သူ့ဝဝဖိုင့်ဖိုင့် မျက်နှာပေါ်တွင် အရောင်အသွေးမဲ့နေပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ယင်နေသည်။ နားကိုပိတ်၊ မျက်စိကိုလည်း မှိတ်ထာားသည်။ ထိုသို့ပိတ်ထားလျှင် အရာရာကို မျက်ကွယ်ပြုနိုင်လိမ့်မည်ဟု ထင်ထားသည့်ပုံပင်။

သူ့ကိုကြည့်ရင်း ယန်ရုန်ရုန် အပြစ်ရှိသလို ခံစားလိုက်ရပါသည်။

ရွာသူကြီးက သူ့လုပ်ရပ်ကို မေ့ပျောက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေသော်လည်း သူမကတော့ သူ့ကို နိုးထလာအောင် အစွမ်းကုန် ဖိအားပေးနေသည်။ ဒီထိတောင် ရောက်လာခဲ့ပြီဖြစ်၍ နောက်ပြန်ဆုတ်လို့မရတော့ပါ။

အမှန်တရားကိုသိရဖို့ ဗီလိန်နေရာမှ သရုပ်ဆောင်ရမည်ဆိုလျှင်ပင် သူမ မမှုနိုင်တော့ပေ။

“မြစ်ကြမ်းပြင်မှာ အလောင်းတွေအများကြီး တွေ့ခဲ့တယ်၊ အဲ့ဒီအလောင်းတွေ အသက်ရှိတုန်းက ဝိညာဉ်ကျင့်ကြံသူတွေဖြစ်မှန်း ကျွန်မတို့သိတယ်၊ အရင်တုန်းက ရွာကို ဝိညာဉ်ကျင့်ကြံသူတချို့ ရောက်လာဖူးတယ်လို့ ဟုန်ကောကလည်း ပြောတယ်၊ အဲ့ဒီဝိညာဉ်ကျင့်ကြံသူတွေက ရွာသားတွေအပေါ် ဒုက္ခပေးဖို့ ရည်ရွယ်ထားလို့ ရွာသူကြီးက မောင်းထုတ်ပစ်လိုက်တာတဲ့၊ တကယ်တော့… သူတို့ကို သတ်ပြီး မြစ်ထဲမှာ သွားပစ်ခဲ့တာ ရွာသူကြီးပဲ မဟုတ်လား”

ရွာသူကြီး ဆက်ပြီးသည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်တော့သည်။

“ပါးစပ်ပိတ်ထား! တစ်ခွန်းမှ ထပ်မပြောနဲ့!”

သူ့အသံက ကျယ်လောင်လွန်းသဖြင့် အတွင်းခန်းဆောင်ထဲ အိပ်နေသည့် အာ့ထိုက်ပင် လန့်နိုးသွားခဲ့သည်။

“ဘိုးဘိုးလား… ဘိုးဘိုး!”

မြေဖြစ်သူ၏ အသံကြောင့် ရွာသူကြီးပိုင်၏ အသိစိတ်များ ချက်ချင်း ပြန်လည်ဝင်ရောက်လာခဲ့သည်။ သူ့လက်များကို ပြန်ချရင်း အတွင်းခန်းဆောင်မှ ကြောက်လန့်တကြားပြေးထွက်လာသည့် အာ့ထိုက်ကို လှမ်းကြည့်လိုက်သည်။

အာ့ထိုက်က အဘိုးဖြစ်သူ၏ ရင်ခွင်ထဲ ပြေးဝင်ကာ စိုးရိမ်ပူပန်စွာ မေးလိုက်ပါသည်။

“ဘိုးဘိုး၊ ဘာဖြစ်လို့လဲဟင်”

ရွာသူကြီးပိုင် ခါးကိုင်းလိုက်ပြီး သူ့မြေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လျက် စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

ယန်ရုန်ရုန်ကမူ ဘေးတွင်သာ တိတ်တဆိတ် ရပ်ကြည့်နေခဲ့ပါသည်။

အတန်ကြာပြီးနောက် ရွာသူကြီး ခါးကို ပြန်မတ်လိုက်ပါသည်။ သူ့မျက်ဝန်းတွေ စိုစွတ်နေဆဲဖြစ်သော်လည်း စိတ်တော့ ပြန်လည်တည်ငြိမ်သွားခဲ့လေပြီ။

အာ့ထိုက်၏ ခေါင်လေးကို ပွတ်ပေးရင်း သူ့နှစ်သိမ့်ပေးလိုက်ပါသည်။

“ဘာမှမဖြစ်ပါဘူး၊ ဘိုးဘိုး အိပ်မက်ဆိုးတွေ မက်နေလို့ပါ၊ အာ့ထိုက်ကို လန့်သွားအောင်လုပ်မိတဲ့အတွက် ဘိုးဘိုး တောင်းပန်ပါတယ်”

အာ့ထိုက်က အဘိုးဖြစ်သူ၏ မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်ကာ သူ့လက်ဖမိုးကိုလည်း ခပ်သွက်သွက်လေး ပုတ်ပေးလျက် လေးနက်စွာ နှစ်သိမ့်ပေးလိုက်သည်။

“အိပ်မက်ဆိုတာ အတုတွေလေ၊ ဘိုးဘိုးကြောက်စရာ မလိုဘူး”

ရွာသူကြီးပိုင် ထပ်မံငိုချင်လာပြန်သည်။ မျက်ရည်များကို ထိန်းချုပ်ဖို့ အသက်ဝဝ ရှူလိုက်ပါသည်။

“ပြန်အိပ်တော့နော်၊ မနက်ဖြန်မနက်ကျရင် မင်းကြိုက်တဲ့ အသားပေါက်စီ ဘိုးဘိုးလုပ်ကျွေးမယ်”

အာ့ထိုက် စိုးရိမ်နေဆဲပင်။

“ဘိုးဘိုး တကယ် အဆင်ပြေရဲ့လား”

“တကယ်ပြေပါတယ်၊ ပြန်အိပ်တော့နော်”

ရွာသူကြီးက အာ့ထိုက်ကို ခပ်ဖွဖွလေး တွန်းထုတ်လိုက်သည်။ အာ့ထိုက် နောက်သို့ တစ်ချက်ပြန်လှည့်ကြည့်ကာ အိပ်ခန်းထဲ ပြန်ဝင်သွားတော့သည်။

အိပ်ခန်းတံခါးပိတ်သွားသည်နှင့် ယန်ရုန်ရုန့်ဘက်သို့ ရွာသူကြီး ပြန်လှည့်လာခဲ့ပါသည်။ သူ့အသံက ခြောက်ကပ် အက်ကွဲနေခဲ့သည်။

“တကယ်တော့… ငါတစ်ခုခု ပုံမှန်မဟုတ်တာကို ဟိုးအရင်ကတည်းက သတိထားမိခဲ့ပါတယ်၊ တစ်ခါတလေကျရင် အိပ်ရာဝင်ခဲ့တာ သေချာပေမယ့် မနက်မိုးလင်း အိပ်ရာနိုးလာတော့ ငါ့ဖိနပ်မှာ ရွှံ့တွေပေနေတာကို မြင်ရတယ်၊ တစ်ခါတလေကျရင် ငါ့အဝတ်အစားတွေပေါ်မှာ အဖြူရောင် တိရိစ္ဆာန်သားမွေးတွေကို မြင်ရတယ်၊ ဘယ်လို တိရိစ္ဆာန်ရဲ့ သားမွေးလဲဆိုတာလည်း မသိဘူး၊ အများကြီးလည်း မစဉ်းစားရဲခဲ့ဘူး၊ ငါအိပ်မက်တွေ အများကြီး မက်ခဲ့တယ်၊ အိပ်မက်တွေထဲမှာ လူတွေက ငါ့ကို သတ်ချင်နေကြတာ၊ ငါ့ကိုယ်ငါ ကာကွယ်ဖို့အတွက် အဲ့ဒီလူတွေကို ငါပြန်သတ်ခဲ့ရတယ်၊ အဲ့တာတွေက… အဲ့တာတွေက အိပ်မက်သက်သက်ပဲလို့ ငါထင်ထားခဲ့တာ”

ရွာသူကြီး ခန္ဓာကိုယ် ထပ်ကိုင်းသွားခဲ့ပြီး မျက်နှာကိုလက်ဖြင့်အုပ်ကာ နာနာကျင်ကျင် ညည်းသံများ ပေါ်လာခဲ့ပါသည်။

တစ်စုံတစ်ခု မူမမှန်သည်ကို သူအမြဲတမ်း အာရုံခံမိခဲ့သည်။ သို့သော် သူ့နှလုံးသားထဲမှ အသံတစ်ခုက သူ့ကို အတွေးမလွန်ဖို့ နှစ်သိမ့်ခဲ့ပါသည်။ ထိုအသံ၏ စေရာအတိုင်း ဝိညာဉ်ပူးကပ်ခံရသူတစ်ယောက်ပမာ သူလိုက်နာခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားခဲ့ရသည်။

အားလုံးရှေ့တွင် သူက သာမန်ရွာသူကြီးတစ်ယောက်ထက် မပိုခဲ့ပေ။ သို့သော် ယခုတော့ ယန်ရုန်ရုန်က ထိုမျက်နှာဖုံးကို ခွာချကာ အမှန်တရားကို ဖော်ထုတ်ခဲ့ပါပြီ။

ရွာသူကြီးပိုင် စိတ်ပြိုလဲသွားပြီး လက်ချောင်းများအကြား ငိုကြွေးကာ ရေရွတ်လိုက်သည်။

“ငါတကယ် လူသတ်ခဲ့မိတာလား၊ အဲ့လောက်ယုတ်ညံ့တဲ့အရာတွေအများကြီး လုပ်ခဲ့မိတာလား”

ယန်ရုန်ရုန် နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။

“ကျွန်မမြင်ရသလောက်တော့ ရှင်လုပ်ခဲ့တဲ့အရာတွေ အားလုံးက ထောင်ယွမ်ရွာကို ကာကွယ်ပေးဖို့ လုပ်ခဲ့တာချည့်ပဲ၊ လူတိုင်းရဲ့အမြင်မှာ ရှင်က ‘လူကောင်း’တစ်ယောက် မဟုတ်နိုင်ပေမယ့် စစ်မှန်တဲ့ ရွာသူကြီးတစ်ယောက်တော့ ဟုတ်တယ်”

သူမစကားလုံးများက သူ့အတွက် အနည်းငယ် အားဖြစ်စေခဲ့ပါသည်။

ရွာသူကြီးပိုင် ငိုကြွေးနေသည်ကို ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ပြီး ယန်ရုန်ရုန့်ကို မော့ကြည့်ကာ မေးလိုက်သည်။

“တကယ်တမ်း ငါက… ဘယ်သူလဲ”

နီမြန်းနေသော သူ့မျက်ဝန်းများထဲ ယန်ရုန်ရုန် စေ့စေ့စိုက်ကြည့်ကာ တစ်လုံးချင်း မေးလိုက်သည်။

“ရှင်တကယ် ဘာမှမမှတ်မိဘူးလား”

ရွာသူကြီး ခေါင်းခါလိုက်ပါသည်။ “ငါ့နာမည်က ပိုင်ကျဲဆိုတာရယ်၊ ထောင်ယွမ်ရွာရဲ့ ရွာသူကြီးဖြစ်လို့ ဒီရွာကို ကာကွယ်ပေးရမယ်ဆိုတာရယ်ပဲ မှတ်မိတယ်၊ အဲ့တာကလွဲပြီး ကျန်တာဘာမှ မမှတ်မိဘူး”

“ကပ်ဘေးသယ်ဆောင်သူဆိုတာကိုကော၊ ရှင်တကယ် မသိဘူးလား”

ထိုစကားလုံးက သူ့အတွက် ကြောက်စရာကောင်းလောက်အောင် အရေးပါနေပုံရသည်။ ထိုစကားလုံးကို ကြားလိုက်သည်နှင့် မျက်နှာပျက်ကာ နှုတ်ခမ်းတွေ တုန်ယင်သွားပြီး စကားတွေလည်း ထစ်ငေါ့သွားခဲ့သည်။

“ငါ… ငါတစ်နေရာရာမှာ ကြားဖူးသလိုပဲ၊ ဒါပေမယ့် မမှတ်မိဘူး၊ တကယ်မမှတ်မိနိုင်ဘူး၊ အဲ့… အဲ့ဒီနာမည်ကို ငါသဘောမကျဘူး၊ မင်းအဲ့ဒီနာမည်ကို ရွတ်လိုက်တိုင်း ငါရင်တုန်သွားတယ်၊ ငါကြောက်တယ်၊ အပြစ်ရှိသလို ခံစားရတယ်၊ ပြီးတော့ နောင်တတွေလည်း ရတယ်…”

ထို့နောက် သူ့ခါးကို ထပ်ကိုင်းလိုက်ပြီး မွမ်းကျပ်စရာ ခံစားချက်များမှ လွတ်မြောက်ချင်သည့်အလား ခေါင်းကို ဆုပ်ကိုင်ထားခဲ့သည်။

သို့သော် သူ့တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ခုကို အသေအချာသိနေမှန်း ယန်ရုန်ရုန် ပြောနိုင်ပါသည်။

ထို့ကြောင့် သူမ ဒူးထောက်လိုက်ပြီး သူ့မျက်နှာပေါ် လက်များကို ဖယ်ရှားကာ မျက်ဝန်းများကို စေ့စေ့ စိုက်ကြည့်လိုက်သည်။

“ကပ်ဘေးသယ်ဆောင်သူတစ်ယောက် ဘာလို့ ရှိလာခဲ့ရတာလဲ”

ရွာသူကြီး ရီဝေစွာ ရေရွတ်လိုက်သည်။

“ငါမသိဘူး…”

ယန်ရုန်ရုန်၏ လေသံက ပိုမိုစူးရှလာခဲ့လေသည်။

“ရှင်သိတယ်၊ ရှင်အရာအားလုံးကို သိတယ်၊ ရှင်က ရှေးဟောင်းနတ်သားရဲ ပိုင်ကျဲ ဖြစ်နေလို့ပဲ၊ အရာခပ်သိမ်းရဲ့ သဘာဝကို နားလည်နိုင်စွမ်းရှိပြီး အတိတ်နဲ့အနာဂတ်ကို မြင်နိုင်စွမ်းရှိတယ်၊ ဒီလောကကြီးမှာ ရှင်မသိတဲ့အရာဆိုတာ မရှိဘူး”

All Chapters