← Chapters

အခန်း (၃၀၃-၃၀၄)

Vol. 31 Ch. 303-304

အခန်း (၃၀၃-၃၀၄)

Vol. 31 Ch. 303-304

🌹Chapter 303

“ပိုင်ကျဲ… ပိုင်ကျဲ…”

ရွာသူကြီးပိုင် ထိုအမည်ကို ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။ သူ့မျက်နှာထက်ရှိ အမူအရာမှာ ရီဝေမှု၊ ဇဝေဇဝါဖြစ်မှု၊ သဘောပေါက်နားလည်မှုနှင့် နောက်ဆုံးတွင်တော့ ချောက်ချားမှုအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘာလို့ ငါ ဖြစ်နေရတာလဲ”

ဒါကိုမြင်ပြီး ယန်ရုန်ရုန် ချက်ချင်း မေးလိုက်သည်။

“မှတ်မိသွားပြီလား၊ ရှင်ဘယ်သူလဲဆိုတာ မှတ်မိသွားပြီလား”

ပြင်းထန်လှသော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသကဲ့သို့ ရွာသူကြီးပိုင်မှာ တစ်ကိုယ်လုံး အေးခဲသွားခဲ့ရသည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ခြောက်ကပ်အက်ကွဲနေသောအသံဖြင့် သူရေရွတ်လိုက်တော့သည်။

“ငါက ပိုင်ကျဲပဲ!”

ယခုချိန်တွင် အမှန်တရားကို သူရင်ဆိုင်ရပါတော့မည်။

“မနေ့ညက အမှောင်ထုထဲမှာ ပုန်းကွယ်ပြီး မင်းကို စောင့်ကြည့်နေခဲ့တာ ငါပဲ၊ ဒီနေ့ည မင်းအခန်းထဲကို ခိုးဝင်လာတဲ့လူကလည်း ငါပဲ၊ အဲ့ဒီ ဝိညာဉ်ကျင့်ကြံသူတွေကို သတ်ဖြတ်ပစ်ခဲ့တာလည်း ငါပဲ… အားလုံးကို ငါလုပ်ခဲ့တာ!”

ရွာသူကြီးပိုင် လက်များကို အောက်သို့ချလိုက်ပြီး ခေါင်းကို မော့လိုက်သည်။ ဝဝဖိုင့်ဖိုင့် သူ့မျက်နှာပေါ်တွင် ငွေဖြူရောင် သားမွေးများပေါက်လာပြီး နဖူးပေါ်မှ ဦးချိုများ ပေါက်လာခဲ့သည်။

သူ့ခြေလက်များ ထူထပ်လာပြီး ချွန်ထက်သော လက်သည်းများ ထွက်လာကာ ကျောပေါ်မှလည်း အတောင်ပံတစ်စုံ ဖြန့်ထွက်လာခဲ့ပါသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ရွာသူကြီးပိုင်မှာ ရှေးဟောင်းနတ်သားရဲ ပိုင်ကျဲအဖြစ် အသွင်ပြောင်းလဲသွားခဲ့တော့သည်။

သို့သော် သူ့ကိုယ်သူ အသွင်ပြောင်းလဲသွားမှန်း သိပုံမရဘဲ ယန်ရုန်ရုန့်ကို မလှုပ်မယှက် ဆက်စိုက်ကြည့်နေခဲ့ပါသည်။

သူရူးသွပ်သွားပြီး ထပ်မံတိုက်ခိုက်လာမည်ကိုစိုးသဖြင့် ယန်ရုန်ရုန် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ခုခံကာကွယ်ဖို့ အသင့်ပြင်ထားလိုက်သည်။

သို့သော် အချိန်အတန်ကြာသည့်တိုင်အောင် ရွာသူကြီးပိုင် သို့မဟုတ် ပိုင်ကျဲနတ်သားရဲက အန္တရာယ်ပြုမည့် အရိပ်အယောင်မပြခဲ့ပေ။

ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရသည့်အလား သူ့မျက်ဝန်းများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ ထိုမျက်လုံးများ ပြန်ပွင့်လာသောအခါ သူ့အကြည့်က အလွန်အေးချမ်းနေခဲ့ပါသည်။

“ငါ့အကြောင်းကို ဘယ်တုန်းက သိသွားခဲ့တာလဲ”

“ကျွန်မတို့စဆုံကတည်းက ရိပ်မိခဲ့ပါတယ်၊ ဒါပေမယ့် သက်သေခိုင်ခိုင်လုံလုံ မရှိခဲ့လို့သာ ကျွန်မ ခန့်မှန်းချက်ကို အတည်မပြုနိုင်ခဲ့တာ”

ပိုင်ကျဲက သူ့ကိုယ်သူ အထင်သေးစွာ ပြုံးလိုက်သည်။ သူ့မျက်ဝန်းတွေထဲမှာလည်း ပင်ပန်းနွမ်းနယ်မှုများ အထင်းသား ပေါ်နေလေသည်။

“ကြည့်ရတာ ငါ့ဟန်ဆောင်မှုက တော်တော်လေး ညံ့ဖျင်းတဲ့ပုံပဲ”

ယန်ရုန်ရုန်ကတော့ မျှမျှတတ သုံးသပ်ပေးလိုက်သည်။

“တကယ်တော့ ရှင်ဟန်ဆောင်ကောင်းခဲ့ပါတယ်၊ ရှင်ကပိုင်ကျဲနတ်သားရဲဖြစ်နိုင်တယ်လို့ ကျွန်မ ကြိုသိထားလို့သာ ရှင်လုပ်တဲ့အရာအားလုံးက သံသယဖြစ်စရာတွေ ဖြစ်လာခဲ့တာ”

အတွင်းဘက်ခန်းဆောင်၏ အနည်းငယ်ဟနေသော အခန်းတံခါးကို ပိုင်ကျဲ ငေးကြည့်ရင်း ရုတ်တရက် ခေါ်လိုက်သည်။

“အာ့ထိုက်”

တံခါးနောက်မှ တိုးတိုးညှင်းညှင်းအသံလေးထွက်လာပြီး အနည်းငယ် လှုပ်ခါသွားခဲ့လေသည်။ တံခါးနောက်တွင် တစ်ယောက်ယောက် ပုန်းနေမှန်း သိသာပါသည်။

မကြာမီ တံခါးပွင့်လာပြီး အာ့ထိုက် ခေါင်းငုံ့ကာ ထွက်လာခဲ့သည်။

အမှန်တကယ်တော့ သူပြန်အိပ်သွားခြင်းမဟုတ်ဘဲ တံခါးအနောက်မှာ ပုန်းကာ ယန်ရုန်ရုန်တို့၏ စကားကို ခိုးနား ထောင်နေခြင်း ဖြစ်ပါသည်။

ပိုင်ကျဲက သူ့အမည်ကို ထပ်ခေါ်လိုက်သည်။

အာ့ထိုက် မဝံ့မရဲခေါင်းမော့ကြည့်လိုက်ပါသည်။ သို့သော် သူ့အဘိုး၏ လက်ရှိအသွင်ကို မြင်သောအခါ ကြောက်လန့်တ ကြား ထခုန်လိုက်မိသည်။ ထို့နောက် နံရံကိုကျောကပ်သွားသည်အထိ နောက်သို့ဆုတ်ကာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပါသည်။

“ခင်… ခင်ဗျား ဘယ်သူလဲ”

ပိုင်ကျဲ သက်ပြင်းချလိုက်သည်။

“ဘိုးဘိုးပါ အာ့ထိုက်”

အဘိုးဖြစ်သူ၏အသံကို အာ့ထိုက် မှတ်မိပါသည်။ သို့သော် ဒီသားမွေးဖြူ မကောင်းဆိုးဝါးကြီးက သူ့ဘိုးဘိုးဖြစ်လိမ့် မည်ဟု မယုံကြည်နိုင်ပါ။

ထို့ကြောင့် အာ့ထိုက် ခေါင်းကို အသည်းအသန် ခါယမ်းရင်း အမှန်တရားကို ငြင်းဆန်နေခဲ့လေသည်။

“မဖြစ်နိုင်တာ! ခင်ဗျားက ဘိုးဘိုးမဟုတ်ဘူး! ခင်ဗျားသူ့ကို စားလိုက်တာမလား! မကောင်းဆိုးဝါးကြီး! ဘိုးဘိုးကို ပြန်ပေး!”

နောက်ဆုံးတွင် အာ့ထိုက် လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပိုင်ကျဲအား ပြေးထိုးလေတော့သည်။

ပိုင်ကျဲက တုပ်တုပ်မျှ မလှုပ်ခဲ့ဘဲ ကောင်လေးကို ထိုးခွင့်ပေးလိုက်ပါသည်။ သူ့အသက်နှင့် ပြန်ပေးဆပ်ရမည်ဟု အာ့ထိုက် အော်ဟစ်ကြိမ်းမောင်းလာသောအခါ ပိုင်ကျဲလည်း ရွေးချယ်စရာမရှိတော့ဘဲ ကောင်လေး၏ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ရတော့သည်။

အာ့ထိုက် မျက်လုံးများ ချက်ချင်းပိတ်သွားပြီး လဲကျသွားခဲ့သည်။ ပိုင်ကျဲက သူ့ခန္ဓာကိုယ်လေးကို အမြန် ထိန်းဖမ်းကာ အိပ်ရာဆီ ခေါ်သွားပြီး စောင်သေသေချာချာ ခြုံပေးလျက် အိပ်စက်စေခဲ့သည်။

ပြီးခါမှ ယန်ရုန်ရုန်နှင့် ရှုယင်တို့ကို သူလှည့်ပြောခဲ့ပါသည်။

“အပြင်မှာ စကားပြောရအောင်”

-

သူတို့အဖွဲ့ အိမ်ထဲမှ ထွက်လာကြပြီး ဆိတ်ငြိမ်နေသည့် နောက်ဖေးခြံထဲ ဆင်းလာခဲ့ကြသည်။

ညကောင်းကင်ယံမှာ ကြယ်များကင်းမဲ့ကာ လမင်းပင်မရှိဘဲ ပိန်းပိတ်အောက် မှောင်နေသည့် ပိတ်ကားချပ်ကြီးတစ်ချပ်သဖွယ် ဖြစ်နေတော့သည်။

ယန်ရုန်ရုန်သည် ပိုင်ကျဲကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။ သူမတွင် မေးခွန်းတွေ များပြားလွန်းသဖြင့် ဘယ်ကစရမှန်းမသိ ဖြစ်နေခဲ့ပါသည်။

နောက်ဆုံးတွင်တော့ ပိုင်ကျဲကသာ စကားစလိုက်ရသည်။

“မင်းတို့နှစ်ယောက်စလုံးကို ထပ်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး”

ယန်ရုန်ရုန် ထိတ်လန့်သွားခဲ့သည်။

“ရှင်ကျွန်မတို့ကို သိတယ်လား”

“သိတာပေါ့”

ပြောပြောဆိုဆိုနှင့် ပိုင်ကျဲ၏ အကြည့်က ရှုယင်ထံ ရောက်ရှိသွားကာ သူ့မျက်ဝန်းများ အလွန်ရှုပ်ထွေးသွားခဲ့ပါသည်။

ယန်ရုန်ရုန်က အလျှင်အမြန် ဆက်မေးသည်။

“အသေးစိတ်ရှင်းပြလို့ရမလား”

“အရာအားလုံးကို မင်းတို့ မေ့လျော့သွားကြတဲ့ပုံပဲ၊ ဒါပေမယ့် အကောင်းဆုံးအတွက်ပဲဖြစ်မှာပါ၊ အတိတ်က နာကျင်စရာမှတ်ဉာဏ်တွေကို မင်းတို့နှလုံးသားထဲမှာ ထည့်သိမ်းထားဖို့ မလိုအပ်ဘူး”

ဒီလို ရိုးအီနေသည့် နှစ်သိမ့်စကားများကို နားထောင်ဖို့အတွက်နှင့် ယန်ရုန်ရုန် ဒီလောက် ဒုက္ခခံခဲ့ရခြင်း မဟုတ်ပေ။ ထို့ကြောင့် သူမ ချက်ချင်း ပြန်ချေပလိုက်သည်။

“အတိတ်က ဘာတွေပဲဖြစ်နေပါစေ ကျွန်မ အမှန်တရားကို သိချင်တယ်! အကြောင်းအရင်းကိုတောင် မသိရဘဲ ကျွန်မကို တိရိစ္ဆာန်တစ်ကောင်လို အမဲလိုက်နေကြတာမျိုးကို လက်မခံနိုင်ဘူး!”

သူမကို ပိုင်ကျဲ တည်ငြိမ်စွာ ကြည့်နေသည်။

“အနာဂတ် တစ်နေ့နေ့မှာ မင်းအားလုံး မှတ်မိသွားမှာပါ”

ထိုကဲ့သို့ မရေရာသည့် အဖြေမျိုးကို ယန်ရုန်ရုန် လက်မခံနိုင်ပါ။

“ကျွန်မ အဖြေကို အခုချက်ချင်းသိချင်တာ!”

သို့သော် ပိုင်ကျဲက ခေါင်းခါသည်။

“လောကကြီးထဲက အရာအားလုံးမှာ ကံစီမံထားတဲ့ လမ်းကြောင်းကိုယ်စီ ရှိကြတယ်၊ မင်းသိဖို့အကြောင်းဖန်တဲ့အရာကို သိကိုသိလာရလိမ့်မယ်၊ ငါအရာရာကို လက်လွှတ်စပါယ်‌ ပြောလိုက်လို့မဖြစ်ဘူး”

ယန်ရုန်ရုန် အလွန်စိတ်ဖိစီးလာပါသည်။ သို့သော် ပိုင်ကျဲနတ်သားရဲက အလွန်ခေါင်းမာနေသဖြင့် သူမလည်း ဘာမှ မတတ်နိုင်ပေ။

“ပြီးတာပဲ၊ ကျွန်မ အတိတ်အကြောင်းကို မမေးတော့ဘူး၊ ဒါပေမယ့် တခြားအကြောင်းအရာတစ်ခု မေးလို့ရလား”

ပိုင်ကျဲက နူးညံ့သိမ်မွေ့စွာ ပြ်မေးသည်။

“ကပ်ဘေးသယ်ဆောင်သူအကြောင်း သိချင်တာ မဟုတ်လား”

ယန်ရုန်ရုန် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါသည်။ “ဟုတ်တယ်”

အကြောင်းအရင်းမရှိ ထိုခေါင်းစဉ်တပ်ခံလိုက်ရခြင်းကြောင့် သူမ ဒုက္ခများစွာ ရောက်ခဲ့ရခြင်းပင်။

ထို့ကြောင့် အမှန်တရားကို သိရမှဖြစ်ပါမည်။

ညလေပြည်က ပိုင်ကျဲ၏ လေးလံနေသောအသံကို သယ်ဆောင်လာခဲ့သည်။

“ကပ်ဘေးသယ်ဆောင်သူဆိုတဲ့ နာမည်က… ငါ့နှုတ်ဖျားကနေ ပထမဆုံး ထွက်လာခဲ့တာ”

ယန်ရုန်ရုန် ကြက်သေသေသွားခဲ့သည်။

ပိုင်ကျဲ၏ မျက်ဝန်းများတွင် နောင်တတရားများနှင့် ပြည့်နှက်နေခဲ့သည်။

“ငါစိတ်မကောင်းပါဘူး၊ မင်းကို ဒုက္ခရောက်စေခဲ့တာ ငါပါပဲ”

ယန်ရုန်ရုန် လုံးဝ နားမလည်နိုင်တော့ပါ။

“ဘာလို့လဲ၊ ကျွန်မလည်း ဘာအမှားမှ မလုပ်မိဘဲနဲ့၊ ဘာလို့ ကပ်ဘေးသယ်ဆောင်သူလို့ ခေါင်းစဉ်တပ်ခံလိုက်ရတာလဲ”

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နက္ခတ်တွေကြည့်ရင်းနဲ့ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေပေါ်ကို မဟာကပ်ဘေးကြီးတစ်ခု ကျရောက်လာလိမ့်မယ်လို့ ငါတွက်ချက်မိခဲ့တယ်၊ အဲ့ဒီမဟာကပ်ဘေးကြီးကို ကျရောက်လာစေမယ့်ပုဂ္ဂိုလ်ကို ကပ်ဘေးသယ်ဆောင်သူလို့ ခေါ်ဝေါ်ခဲ့တယ်… အဲ့ဒီကပ်ဘေးသယ်ဆောင်သူက မင်းပဲ”

ယန်ရုန်ရုန်၏ လက်မခံနိုင်ဖြစ်နေသော မျက်နှာကို ကြည့်ရင်း ပိုင်ကျဲ တိုးညှင်းစွာ သက်ပြင်းချလိုက်ပါသည်။

“ငါအရာခပ်သိမ်းကို နားလည်မှန်း ကမ္ဘာကြီးက သိပါတယ်၊ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေမှာ ငါမသိတဲ့အရာဆိုတာ မရှိဘူး၊ ငါတွက်ချက်ခဲ့သမျှအရာအားလုံး မှားယွင်းသွားတယ်ဆိုတာ မရှိဘူး၊ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ငါအမှားလုပ်မိမယ်ဆိုတာ ငါကိုယ်တိုင်တောင် မသိခဲ့ဘူ”

“သက်ရှိသတ္တဝါတွေကို ဒုက္ခမသင့်စေချင်လို့ မဟာကပ်ဘေးကြီး ကျရောက်မလာအောင် ငါတားဆီးချင်ခဲ့တယ်၊ အဲ့တာကြောင့် တခြားသူတွေကို ကပ်ဘေးသယ်ဆောင်သူအကြောင်း ငါပြောပြခဲ့တာ၊ မင်းကို သုတ်သင်လိုက်ရင် မဟာကပ်ဘေးကြီး အဆုံးသတ်သွားလိမ့်မယ်လို့ အားလုံး ထင်ခဲ့ကြတယ်၊ ဒါပေမယ့် ငါတို့အားလုံး မှားယွင်းခဲ့ကြပါတယ်…၊ မဟာကပ်ဘေး… အဲ့ဒီမဟာကပ်ဘေးကြီးက ငါတို့တစ်တွေအားလုံးအတွက် အပြစ်ဒဏ်ဖြစ်နေခဲ့တာ…”

စကားအဆုံးတွင် ပိုင်ကျဲ၏ မျက်နှာမှာ အလွန်ဝမ်းနည်းညှိုးငယ်နေပြီး နောင်တတရားများနှင့် ပြည့်နှက်နေခဲ့သည်။

“ငါမှားသွားခဲ့တယ်… ကံကြမ္မာအကြောင်းကို ငါဖွင့်မပြောခဲ့သင့်ဘူး… ငါ့ကိုယ်ငါ အရာခပ်သိမ်း သိမြင်သူလို့ အထင်မကြီးခဲ့သင့်ဘူး၊ ငါတောင်းပန်ပါတယ်”

စကားဆုံးသည်နှင့် ပိုင်ကျဲ ဒူးထောက်ချလိုက်ပြီး သူ၏ သားရဲအသွင်နှင့် မြေပြင်ပေါ် ပြားပြားဝပ်ကာ ယန်ရုန်ရုန့်ကို ထပ်ခါတလဲလဲ တောင်းပန်နေခဲ့ပါသည်။

ယန်ရုန်ရုန် သူ့ကို ရီဝေစွာ စိုက်ကြည့်ရင်း သူမနှလုံးသားထဲက အရေးကြီးဆုံး မေးခွန်းကို မေးလိုက်တော့သည်။

“အဲ့တာဆို… ကျွန်မက တကယ်ပဲ ကပ်ဘေးသယ်ဆောင်သူပေါ့”

ပိုင်ကျဲ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံးတော့ အဖြေပြန်ပေးခဲ့ပါသည်။

“ဟုတ်လည်းဟုတ်သလို မဟုတ်လည်းမဟုတ်ဘူး”

ယန်ရုန်ရုန် နားမလည်ပေ။

ပိုင်ကျဲ ခေါင်းမော့လာခဲ့ပြီး သူမကို နူးညံ့သိမ်မွေ့စွာ ကြည့်ရင်း ဖြည်းညှင်းစွာ ရှင်းပြလိုက်ပါသည်။

“မဟာကပ်ဘေးကြီးက မင်းကြောင့် စတင်ခဲ့တာ မှန်ပေမယ့် မင်းမှာ အပြစ်မရှိပါဘူး၊ မင်းက အပြစ်ကင်းစင်ခဲ့တယ်”

🌹Chapter 304

သူ့စကားကို ကြားပြီး ယန်ရုန်ရုန် အချို့တစ်ဝက်ကိုသာ နားလည်နိုင်ခဲ့ပါသည်။

“ကျွန်မကို သတ်လိုက်ရုံနဲ့ မဟာကပ်ဘေးကြီးကို မတားဆီးနိုင်ဘူးဆိုရင် အဲ့ဒီမီးခိုးရောင်ဝတ်ရုံနဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက် ဘာလို့ကျွန်မကို သတ်ဖြတ်ဖို့ ကြိုးစားနေကြသေးတာလဲ”

ပိုင်ကျဲ တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

“အသေးငယ်ဆုံး မျှော်လင့်ချက်လေးတစ်ခုကိုတောင် အမြဲတမ်း လက်ကိုင်ထားတတ်တဲ့လူတွေ ရှိနေသေးလို့ပေါ့၊ မဟာကပ်ဘေးကြီး ပျောက်ကွယ်မသွားသေးတာက မင်း ‘အကြွင်းမဲ့’ သေဆုံးမသွားသေးလို့ဖြစ်မယ်လို့ သူတို့ ယုံကြည်နေကြတယ်၊ မင်းရဲ့ဝိညာဉ်ကို ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေပေါ်ကနေ လုံးဝဥဿုံဖယ်ရှားနိုင်မှ မဟာကပ်ဘေးကြီး အမြစ်ပြတ်ပျောက်ကွယ်သွားလိမ့်မယ်လို့ သူတို့ ယူဆထားကြတယ်”

ယန်ရုန်ရုန် ဆွံ့အသွားမိသည်။

တစ်နည်းအားဖြင့် သူမကို အုပ်စုဖွဲ့ အနိုင်ကျင့်နေခြင်းသာ။

တစ်ကြိမ်သတ်ဖြတ်၍ မလုံလောက်သေးသဖြင့် နောက်တစ် ဖန် ထပ်သတ်ဖြတ်ဖို့ပင် ကြိုးစားနေကြသည်။

ယုန်တစ်ကောင်ဖြစ်နေလျှင်ပင် ချောင်ပိတ်ခံရသည့်အခါ ပြန်လည်တိုက်ခိုက်တတ်ပါသည်။ ထို့ကြောင့် ထိုလူတွေ သူမကို တွန်းအားပေးလာသည့်အခါ သူမဘက်ကလည်း နောက် ဆုံးအချိန်ထိ ခုခံသွားမည်ဖြစ်သည်။

ထိုစဉ် ပိုင်ကျဲက ရုတ်တရက် ပြောလိုက်သည်။

“တကယ်တော့ မင်းကို သေစေချင်တာ အားလုံးတော့မဟုတ်ပါဘူး၊ မင်းကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးခဲ့တဲ့ လူတစ်ယောက်ရှိတယ်”

ယန်ရုန်ရုန် မဲ့ပြုံးပြုံးလိုက်သည်။

“အဲ့တာ နှစ်သိမ့်စကားလား”

ပိုင်ကျဲက ပြန်မေးသည်။

“မင်းကို စိတ်သက်သာရာ ရစေလား”

“နည်းနည်းတော့ ရစေတယ် ထင်တာပဲ”

“အဲ့ဒီဲလူက ဘယ်သူလဲ မင်းမသိချင်ဘူးလား”

ပြောပြောဆိုဆိုနှင့် ပိုင်ကျဲ၏ အကြည့်က ရှုယင်ထံ ရောက်ရှိသွားသည်။

သူ့အကြည့်နောက်ကို လိုက်ရင်း ယန်ရုန်ရုန်လည်း ရှုယင်ကို မြင်သွားပါသည်။

ယန်ရုန်ရုန် ရင်တုန်သွားခဲ့ပြီး ဖုန့်ဟွိုက်ယွီဟူသည့်အမည်က သူမအာရုံထဲ ရုတ်တရက် ပေါ်လာခဲ့သည်။

သူမ မနေနိုင်ဘဲ မေးကြည့်လိုက်ပါသည်။

“ဖုန့်ဟွိုက်ယွီဆိုတဲ့လူကို ရှင်သိလား”

ပိုင်ကျဲ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“မင်းမှတ်မိတယ်လာား”

ယန်ရုန်ရုန် မရေရာစွာ ပြန်ဖြေသည်။

“အနည်းအကျဉ်းပါပဲ”

“ဖုန့်ဟွိုက်ယွီကို မင်းမှတ်မိတယ်ဆိုတော့ သူ့သရုပ်မှန်ကိုလည်း မင်းသိသင့်တာပေါ့”

ရှုယင်ကို ပိုင်ကျဲ ထပ်လှည့်ကြည့်လိုက်ပြန်သည်။

ပိုင်ကျဲ၏ အကြည့်များကြောင့် ရှုယင် မှင်သက်နေရပါသည်။ စိတ်ထဲမှလည်း တွေးတောနေမိသည်။

‘သူဘာကို ဆိုလိုတာလဲ၊ ဘာလို့ငါ့ကိုပဲ ခဏခဏကြည့်နေတာလဲ၊ မျက်နှာမှာ တစ်ခုခုပေနေလို့လား’

ထိုအတွေးဖြင့် သူ့ဝတ်ရုံထဲမှ ကြေးမုံတစ်ချပ်ထုတ်ကာ မျက်နှာကို စစ်ကြည့်လိုက်ပါသည်။ သူ့မျက်နှာပေါ်တွင် သန့်ရှင်းနေပြီး ဘာမှ မရှိပေ။

ပိုင်ကျဲ၏ စကားများကြောင့် ယန်ရုန်ရုန် ရီဝေနေစဉ် ကြေးမုံတစ်ချပ်ထုတ်ပြီး အူကြောင်ကြောင်လုပ်နေသည့် ရှုယင်ကို မြင်ကာ ဆွံ့အသွားခဲ့ရသည်။

“ရှင်ဘာလုပ်နေတာလဲ”

ရှုယင် ကြေးမုံကို ပြန်သိမ်းလိုက်ပြီး မျက်နှာတည်ဖြင့် ရှင်းပြလိုက်သည်။

“မင်းတို့နှစ်ယောက် ငါ့ကိုပဲလာလာကြည့်နေလို့ ငါ့မျက်နှာပေါ်မှာ တစ်ခုခုပေနေလား စစ်ကြည့်နေတာ”

ယန်ရုန်ရုန်နှင့် ပိုင်ကျဲတို့ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့သည်။

“မင်းကိုကြည့်နေရတဲ့အကြောင်းအရင်းက ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့ အရမ်းတူနေလို့ပါ”

ပိုင်ကျဲက ဆိုသည်။

ရှုယင် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့၏။

“ဖုန့်ဟွိုက်ယွီဆိုတဲ့လူလား”

“ဟုတ်တယ်”

ရှုယင်ခေါင်းထဲ အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။

ထို့နောက် ယန်ရုန်ရုန့်ဘက်သို့ ဆတ်ခနဲလှည့်ကာ အေးစက်သောမျက်နှာဖြင့် စွပ်စွပ်စွဲစွဲမေးလိုက်တော့သည်။

“ငါ့နားကို ချဉ်းကပ်ဖို့ မင်းခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့အကြောင်းအရင်းက ငါ့ကို ဖုန့်ဟွိုက်ယွီနဲ့တူတယ်လို့ ထင်လို့ပေါ့ ဟုတ်လား၊ မင်းငါ့ကို အစားထိုးတစ်ယောက်လို သဘောထားခဲ့တာမဟုတ်လား!”

ရှုယင်တွင် ဒီလောက်ထိ စိတ်ကူးယဉ်နိုင်စွမ်းရှိလိမ့်မည်ဟု ယန်ရုန်ရုန် ထင်မထားမိခဲ့ပါ။ သူမ အမှန်တကယ် ဆွံ့အသွားခဲ့ရသည်။

ရှုယင်ကတော့ သူမ၏ တိတ်ဆိတ်မှုကို အဖြေတစ်ခုလို မှတ်ယူရင်း ဒေါသပိုထွက်သွားခဲ့ပါသည်။

“မင်းငါ့မျက်နှာကို ကြည့်လိုက်တဲ့အချိန်တိုင်း မင်းခေါင်းထဲမှာ တခြားယောက်ျားတစ်ယောက်အကြောင်း စဉ်းစားနေခဲ့တာပေါ့ ဟုတ်လား၊ သူက မင်းရဲ့ ‘လရောင်ဖြူ’ဆိုရင် ငါကကော၊ ငါကကော မင်းအတွက်ဘာလဲ!”

ပုံမှန်ဆို ဘယ်လိုကိစ္စမျိုးနှင့်ပဲ ကြုံတွေ့ရပါစေ ရှုယင် အမြဲလိုလို တည်ငြိမ်အေးစက်နေတတ်သည်။ သူယခုလို တည်ငြိမ်မှု ပျက်ယွင်းသွားသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

သူတို့နှစ်ယောက် ရန်ဖြစ်မှာကို ပိုင်ကျဲ မမြင်ချင်သဖြင့် ကြားဝင်ဖြေပေးဖို့ ကြိုးစားသည်။

“မင်းထင်သလို မဟုတ်ပါဘူး၊ တကယ်တော့ ဖုန့်ဟွိုက်ယွီဆိုတာ…”

“ပါးစပ်ပိတ်ထား!”

ရှုယင် စူးစူးရှရှအော်တားလိုက်သည်။ သူ့မျက်ဝန်းနက်တွေမှာလည်း ရန်လိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“အဲ့ဒီနာမည်ကို ကျုပ်ထပ်မကြားချင်ဘူး!”

ပိုင်ကျဲလည်း စိတ်ပျက်လက်ပျက်ဖြင့် ပါးစပ်ပိတ်လိုက်ရပြီး ‘ငါလည်းမတတ်နိုင်’ဟူသော အကြည့်မျိုးဖြင့် ယန်ရုန်ရုန့်ကို ကြည့်လိုက်ပါသည်။

ယန်ရုန်ရုန် ကိုယ့်နဖူးကိုယ်ပွတ်ရင်း မေးလိုက်သည်။

“ရှုယင်… ရှင့်ခေါင်းထဲမှာ ဘာတွေရှိနေတာလဲ”

ယခုချိန်တွင် ဒေါသစိတ်ကြောင့် ရှုယင် ရူးသွပ်လုနီးပါးဖြစ်နေပါပြီ။ ယန်ရုန်ရုန် အသုံးချသည်ကို သူခံနိုင်ရည်ရှိသော် လည်း တစ်စုံတစ်ယောက်အတွက် အစားထိုးခံဖြစ်ရမှာကိုတော့ လုံးဝ လက်သင့်မခံနိုင်ပေ။

“ငါမှားလို့လား! မင်းရင်ထဲမှာ အဲ့ဒီကောင်ပဲ ရှိနေတာ မဟုတ်ဘူးလား!”

ရှုယင်တစ်ယောက် အသည်းအသန်ဖြစ်နေပြီး ရှင်းပြသည်ကိုပင် နားမထောင်နိုင်တော့သည်ကိုကြည့်ပြီး ယန်ရုန်ရုန် စိတ်လည်းရှုပ်မိသလို ရယ်လည်း ရယ်ချင်လာခဲ့သည်။

ရှင်းပြသည်ကို နားမထောင်ချင်လျှင် သူမဘက်ကလည်း အတင်းအကျပ် ရှင်းပြနေမည်မဟုတ်ပါ။ ထို့ကြောင့် လက်ပိုက်ကာ ခပ်တင်းတင်းပုံစံဖြင့် ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် အမှန်ပဲ၊ ကျွန်မနှလုံးသားထဲမှာ ဖုန့်ဟွိုက်ယွီ အမြဲတမ်းရှိနေခဲ့တာ၊ အဲ့တော့ ဘာဖြစ်လဲ”

ရှုယင် မျက်ဝန်းတွေထဲ သတ်ဖြတ်ချင်စိတ်များ အထင်း သားပေါ်လာသည်။

“အဲ့ဒီ ဖုန့်ဟွိုက်ယွီဆိုတဲ့ကောင် ဘယ်မှာလဲ၊ အဲ့ဒီကောင်ကို ရအောင်ရှာမယ်၊ တစ်စစီဆုတ်ဖြဲပစ်မယ်၊ ပြာကျတဲ့ထိ ခြေမှုန်းပစ်မယ်!”

ပိုင်ကျဲက သတိဝင်ပေးလိုက်သည်။

“ဖုန့်ဟွိုက်ယွီ သေသွားခဲ့တာ နှစ်ပေါင်းတစ်ထောင်ကျော်လောက် ကြာပါပြီ။ ဒါပေမယ့်--”

ရှုယင်က စကားထပ်ဖြတ်လိုက်သည်။ ပုံမှန်ဆို ဖြူဖျော့နေသော သူ့မျက်နှာမှာ အလွန်နီရဲလာပြီး မျက်ဝန်းနက်တွေထဲမှာလည်း မီးများ တောက်လောင်နေပါသည်။

“ဟုတ်တာပေါ့! သူသေသွားလို့ပဲ ယန်ရုန်ရုန်က ကျုပ်ကို အစားထိုးအနေနဲ့ ချဉ်းကပ်ခဲ့တာမဟုတ်လား၊ သူအသက်ရှင်နေသေးရင် ကျုပ်အစားထိုးဖြစ်ခွင့်တောင် ရမှာမဟုတ်ဘူးမလား”

ပိုင်ကျဲ: “အဲ့လို မဟုတ်…”

ရှုယင် အငြှိုးကြီးစွာ အံကြိတ်လိုက်သည်။

“တော်တော့! ခင်ဗျားဘာမှဆက်ပြောဖို့မလိုတော့ဘူး၊ ကျုပ်အားလုံး နားလည်သွားပြီ”

ပိုင်ကျဲ၏ အာရုံထဲ မေးခွန်းသင်္ကေတအကြီးကြီး ပေါ်လာပါသည်။

‘ငါ့စကားကို ဆုံးအောင်တောင် မပြောရသေးဘူး ဘာကို နားလည်တာတုန်း၊ မင်းဘာကို နားလည်သွားတာတုန်း’

ယန်ရုန်ရုန့်ကို ပိုင်ကျဲ စိတ်ပျက်လက်ပျက် ထပ်ကြည့်လိုက်သည်။

‘ငါလည်း ကြိုးစားပါသေးတယ်၊ ဒီကောင်က လုံးဝ ဆေးမမီတော့ဘူး!’

တစ်ဖက်တွင်တော့ ယန်ရုန်ရုန်က တည်ငြိမ်နေဆဲဖြစ်သည်။

ရှုယင် သူမကို ဒေါသအပြည့်ဖြင့် စိုက်ကြည့်နေပါသည်။ သူ့အမူအရာက အလွန်အမင်း နာကျည်းနေပုံပေါက်သော်လည်း လေသံကတော့ ငိုသံပင်ပေါက်လုနီးပါးဖြစ်ကာ တုန်ယင်နေလေသည်။

“သူသေသွားပြီဆိုတာ မင်းသိလို့ သူ့ကိုငါ ပြဿနာသွားရှာမှာကို မကြောက်တာမလား၊ တကယ်ပါပဲလား… ငါဘယ် လောက်ပဲ ကြိုးစားခဲ့ပါစေ လူသေတစ်ယောက်နဲ့တောင် ယှဉ်နိုင်စွမ်း မရှိဘူးး”

စကားအဆုံးတွင် သူ့မျက်ဝန်းများ အနည်းငယ် စိုစွတ်သွားပြီး စိတ်ဓာတ်ယိုင်လဲသွားပုံပေါ်သည်။

ယန်ရုန်ရုန်ကတော့ ပခုံးသာ တွန့်ပြလိုက်သည်။

“မယှဉ်နိုင်လည်း မယှဉ်နဲ့ပေါ့၊ ဘဝကို ဒီတိုင်း ပျော်ပျော်ရွှင်ရွှင် သက်သက်သာသာနဲ့ ဖြတ်သန်းရတာ မကောင်းဘူးလား”

ရှုယင် မျက်ဝန်းများ ပိုမိုနီမြန်းသွားခဲ့သည်။ ဒေါသဖြင့် သူရယ်မောလိုက်ပါသည်။

“ဒီလိုအချိန်မျိုးမှာတောင် ငါ့ကိုနှစ်သိမ့်ဖို့ မင်းပါးစပ်က စကားလေးတစ်ခွန်းတောင် ထွက်မလာဘူးနော်”

ယန်ရုန်ရုန်ပြန်ချေပလိုက်သည်။

“ကျွန်မကို ဘယ်လိုနှစ်သိမ့်ပေးစေချင်လို့လဲ၊ ဖုန့်ဟွိုက်ယွီကို ကျွန်မ မေ့နိုင်ပြီလို့ လိမ်ညာရမှာလား၊ ဖုန့်ဟွိုက်ယွီဆိုတဲ့ နာမည်ကို ဘယ်တော့မှ ထပ်မပြောတော့ပါဘူးလို့ ကတိပေးရမှာလား”

ဖုန့်ဟွိုက်ယွီဟူသည့် အမည်ကို ထပ်ခါတလဲလဲ ကြားနေရသည့်အခါ ရှုယင် ထိုလူ့ကို အုတ်ဂူထဲမှ ဆွဲထုတ်ပြီး အလောင်းကို ရိုက်နှက်ပစ်ချင်စိတ်များပင် တဖွားဖွားပေါ်လာခဲ့ပါသည်။

သူ့နှလုံးသားထဲ လောင်ကျွမ်းနေပြီး သွားတွေအသံမြည်အောင် ကြိတ်နေခဲ့သည်။ မသိလျင် ယန်ရုန်ရုန့်ကို အချိန်မရွေး ပြေးကိုက်တော့မည့် ပုံစံပင်။

“သူက သေသွားပြီကွ!”

ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။

“ဟုတ်တယ် သူသေသွားပါပြီ”

ထိုလူသေအကြောင်း ထပ်မပြောတော့ဖို့နှင့် သူမရှေ့တွင် ရှိနေသည့်လူကိုသာ အာရုံစိုက်ဖို့ ရှုယင် ပြောချင်ခဲ့သည်။ သို့သော် သူမ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ထိုလူ့ကို အမှတ်ရနေဆဲဖြစ်ကာ မေ့ဖျောက်ဖို့လည်း အစီအစဉ်မရှိမှန်း သိသာလှပါသည်။

သူ့ရင်ထဲ မီးတွေတောက်နေသော်လည်း ဖုန့်ဟွိုက်ယွီက သေလူတစ်ယောက် ဖြစ်နေသဖြင့် ဒေါသပုံချစရာ မရှိခဲ့ပါ။ ထိုခံစားချက်ကြီးက အလွန်နာကျင်ရပါသည်။

နောက်ဆုံးတွင်တော့ ရှုယင် မျက်ရည်များအကြားမှ စကားတစ်ခွန်းကို ခက်ခက်ခဲခဲ ပြောနိုင်ခဲ့သည်။

“ယန်ရုန်ရုန်… မင်းလွန်သွားပြီ”

ဤမြင်ကွင်းမှာ နှလုံးသားမဲ့သည့် မိန်းကလေးတစ်ဦးက ချစ်သူကို စွန့်ပစ်နေသည့် ဇာတ်ဝင်ခန်းတစ်ခန်းနှင့် တူလှသည်။

ငှက်ပေါက်လေးပင် မနေနိုင်ဘဲ ဝေဖန်လိုက်လေသည်။

“စနစ်ပိုင်ရှင်က လူယုတ်မာပဲ…”

ငှက်ပေါက်လေးကို ယန်ရုန်ရုန် စူးစူးဝါးဝါး လှည့်ကြည့်လိုက်သည်။

တစ်လောကလုံးက သူမကို လူယုတ်မာဟု ခေါ်နေလျှင်လည်း ကိစ္စမရှိပေ။ သို့သော် စနစ်တွင်တော့ ခေါ်ပိုင်ခွင့်မရှိပါ။

အစကတည်းက ထိုလေးယောက်ကို ချဉ်းကပ်ဖို့ စနစ်ကသာ မစ်ရှင်မပေးခဲ့လျှင် သူမ ဒီလိုအရှုပ်ထုပ်ထဲ ရောက်လာစရာ အကြောင်းမရှိပေ။

ငှက်ပေါက်လေး ဂုတ်တိုသွားပြီး တစ်ခွန်းမှ မဟရဲတော့ချေ။

All Chapters