အခန်း (၃၀၅-၃၀၆)
Vol. 31 Ch. 305-306
🌹Chapter 305
ပိုင်ကျဲက အကြံပြုသည်။
“မိန်းကလေးယန်၊ မင်းက ဖုန့်ဟွိုက်ယွီကို မှတ်မိနေပြီးသားဆိုတော့ ရှုယင်ရဲ့ သရုပ်မှန်ကိုလည်း ခန့်မှန်းပြီးလောက်ကောပေါ့၊ နားလည်မှုတွေ ထပ်လွဲမလာအောင် အမှန်တရားကို သေသေချာချာ ရှင်းပြလိုက်သင့်တယ်”
ထိုစကားကြားပြီး ရှုယင် နားရွက်ထောင်သွားသည်။
“ဘာအမှန်တရားလဲ၊ မင်းငါ့ကို ဖုံးကွယ်ထားတာတွေ ဘယ်လောက်တောင် ရှိနေတာလဲ”
အခြေအနေတွေ ဒီအထိတောင် ရောက်လာပြီဖြစ်၍ ဘာမှထပ်ပြီးဖုံးကွယ်ထားစရာမလိုတော့ဟု ယန်ရုန်ရုန် ခံစားလိုက်ရပါသည်။ အားလုံးကို ထုတ်ဖော်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ဘယ်ဘက်လက်ကို မြှောက်ကာ သူမလက်ကောက်ဝတ်တွင် စည်းနှောင်ထားသည့် ကြိုးနီလေးကို ပြသလိုက်ပါသည်။
“အရင်ဘဝက ရေစက်ရှိခဲ့လို့ ကျွန်မတို့နှစ်ယောက်အပေါ်မှာ သံယောဇဉ်ချည်ကြိုး အလုပ်ဖြစ်ခဲ့တာလို့ ရှင်ပဲပြောခဲ့တာ မဟုတ်ဘူးလား၊ ရှင့်ရဲ့အတိတ်ဘဝအကြောင်းကို တစ်ခါမှ မစဉ်းစားဖူးဘူးလား”
ရှုယင် ရုတ်တရက် ကြက်သေသေသွားခဲ့သည်။ သူ့နှလုံးသားထဲ အဖြေတစ်ခု အလိုလိုပေါ်လာခဲ့ပါသည်။
“အတိတ်ဘဝတုန်းက… ငါ ဖုန့်ဟွိုက်ယွီ ဖြစ်ခဲ့တာလား”
ယန်ရုန်ရုန် ခေါင်းလည်းမညိတ်၊ ခေါင်းလည်းမခါခဲ့ပေ။ ထို့ကြောင့် ပိုင်ကျဲကိုသာ ရှုယင် လှည့်ကြည့်လိုက်သည်။
ပိုင်ကျဲက ခေါင်းအနည်းငယ်ညိတ်ကာ အတည်ပြုပေးလိုက်ပါသည်။
ဒီလိုဖြစ်လာလိမ့်မည်ဟု ရှုယင်လုံးဝ ထင်မထားခဲ့ပေ။ သူဒေါသထွက်နေခဲ့ရသည့် ‘အစားထိုးခံ’ဟူသည်မှာ သူ့စိတ်ကူးသက်သက်သာဖြစ်နေပြီး တကယ်တမ်းတွင် သူနှင့် ဖုန့်ဟွိုက်ယွီတို့က တစ်ဦးတစ်ယောက်တည်းသာ ဖြစ်ကြသည်။
ထို့ကြောင့်လည်း ယန်ရုန်ရုန့်ကို စတင်ဆုံတွေ့လိုက်သည့်အချိန်ကတည်းက သူစွဲလမ်းခဲ့ရခြင်း ဖြစ်ပါလိမ့်မည်။ သူမအပေါ်ထားသည့် သူ့ချစ်မေတ္တာက စိတ်ဝိညာဉ်ထဲထိပါ ကမ္ပည်းရေးထိုးထားပြီးသားဖြစ်ခြင်းကြောင့်ပင်။
သူ့ဝိညာဉ်ရှိနေသေးသရွေ့ ဘဝတွေ ဘယ်လောက်ပဲ ဖြတ်သန်းရပါစေ၊ ဘယ်လိုလူမျိုးပဲ ဖြစ်လာခဲ့ပါစေ သူမကို ချစ်မိနေဦးမှာတော့ မလွဲဧကန်ပင်။
ရှုယင်ခေါင်းထဲ အတွေးပေါင်းစုံတိုးဝင်လာခဲ့သည်။ သူ့ဒေါသ ဖြည်းညှင်းစွာ ပျက်ပြယ်သွားခဲ့ပြီး ယန်ရုန်ရုန့်ကို ကြည့်သည့် သူ့အကြည့်များမှာလည်း လေးနက်သွားခဲ့သည်။
သူ့ခံစားချက်ကို ထုတ်ဖော်ဖို့ တစ်ခုခုပြောရန် ကြည့်လိုက်သည့်အချိန်မှာပင် ယန်ရုန်ရုန်က ပိုင်ကျဲအား လှည့်မေးလိုက်ပါသည်။
“လူတစ်ဦးတစ်ယောက်တည်းက နောက်ဘဝမှာ လူလေးယောက်အဖြစ် ပြန်ဝင်စားဖို့ဆိုတာ ဖြစ်နိုင်လား”
ရှုယင်မှင်သက်သွားသည်။ ပိုင်ကျဲပင် အံ့အားသင့်သွားခဲ့ရပါသည်။
“လူလေးယောက် ဟုတ်လား”
ယန်ရုန်ရုန့်ရင်ထဲ ထိုသံသယရှိနေခဲ့သည့်မှာ အတော်ကြာပါပြီ။ ယခုတော့ သူမ သံသယကို ဖွင့်ဟနိုင်ခဲ့လေပြီ။
“တကယ်တော့ ကျွန်မ ယောက်ျားလေးယောက်နဲ့ ဆုံဖူးတယ်၊ သူတို့အားလုံးက ဖုန့်ဟွိုက်ယွီနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆင်တူနေကြတယ်၊ ဘယ်တစ်ယောက်က ဖုန့်ဟွိုက်ယွီ ပြန်ဝင်စားတာလဲ ကျွန်မ မပြောတတ်ဘူး၊ ဒါမှမဟုတ်… သူတို့လေးယောက်စလုံးက ဖုန့်ဟွိုက်ယွီ ပြန်ဝင်စားတာပဲလား”
ရှုယင် ချက်ချင်းပင် ဒေါသပြန်ထွက်လာသည်။ သူက ဖုန့်ဟွိုက်ယွီ ပြန်ဝင်စားခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ဒေါသပြေကာစရှိသေးချိန် အခြားသုံးယောက်ကလည်း သူ့နည်းတူ လူဝင်စားများဖြစ်နေနိုင်ကြောင်းကို သိလိုက်ရလေသည်။
ထိုသုံးယောက်က ဘယ်သူဘယ်ဝါမှန်း ရှုယင် စဉ်းစားဖို့ပင် မလိုပေ။
“အဓိပ္ပာယ်မရှိတာ! ငါ့မှာ ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ဟမ်ယဲ့တို့နဲ့ တူတာ ဘာမှမရှိဘူး! ငါတို့က လူတစ်ယောက်တည်းက ပြန်ဝင်စားလာတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!”
ရှုယင်၏ ပေါက်ကွဲသံများကို ယန်ရုန်ရုန် လျစ်လျူရှုလိုက်ပြီး ပိုင်ကျဲကိုသာ စိုက်ကြည့်ကာ အဖြေတစ်ခု စောင့်မျှော်နေခဲ့ပါသည်။
ပိုင်ကျဲ အချိန်အတော်ကြာအောင် စဉ်းစားလိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြန်ပြောလိုက်သည်။
“ဝိညာဉ်တစ်ခုတည်းကနေ လေးခုခွဲထွက်သွားဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ရပေမယ့် ဖုန့်ဟွိုက်ယွီလုပ်နိုင်တဲ့ လုပ်ရပ်မျိုးပဲ၊ အဲ့ဒီတုန်းက သေရေးရှင်ရေးအခြေအနေတစ်ခုကြောင့် သူ့ဝိညာဉ်ကို လေးခုခွဲထုတ်နိုင်ခဲ့ရင် ရှင်သန်နိုင်ခြေ ပိုမြင့်နိုင်တယ်လေ”
ယန်ရုန်ရုန် ထပ်မေးသည်။
“ဖုန့်ဟွိုက်ယွီက ဘယ်လိုသေသွားခဲ့တာလဲ”
ပိုင်ကျဲ ခေါင်းခါလိုက်သည်။
“ငါပြောလို့မရဘူး၊ ပြောပြလို့မရဘူး”
“မဟာကပ်ဘေးနဲ့ သက်ဆိုင်နေတာလား”
ပိုင်ကျဲက အတည်လည်းမပြု၊ ငြင်းလည်းမငြင်းဆန်ခဲ့ပါ။
“မင်းမှတ်ဉာဏ်တွေ ပြန်ရတဲ့အခါ အားလုံး သိရပါလိမ့်မယ်”
ယန်ရုန်ရုန်က ထပ်ပြောသည်။
“ကျွန်မ အခုပဲ သိချင်တာ”
သူမ မျက်ဝန်းထဲက နာကျည်းမှုနှင့် စိတ်ဖိစီးမှုတို့ကို မြင်ပြီး ပိုင်ကျဲက နူးညံ့သိမ်မွေ့စွာ နှစ်သိမ့်ပေးလိုက်ပါသည်။
“စိတ်မလောပါနဲ့၊ ဒီအထိတောင် ရောက်လာခဲ့ပြီပဲ၊ မင်းရှာဖွေတဲ့ အမှန်တရားနဲ့ အရမ်းနီးစပ်နေလောက်ပါပြီ”
ယခင်တုန်းက ပိုင်ကျဲလည်း စိတ်မရှည်ခဲ့သဖြင့် အရာရာကို အစွန်းရောက်အောင် လုပ်ခဲ့ကာ မဟာအမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိပါသည်။ ယန်ရုန်ရုန့်ကို သူ့လို အမှားမျိုးနှင့် မကြုံတွေ့စေချင်ပေ။
ယန်ရုန်ရုန် အသက်ဝဝရှူလိုက်ပြီး ဒေါသကို ချုပ်တည်းလိုက်ပါသည်။ မဟာကပ်ဘေးကြီးနှင့် ပတ်သတ်သည့် ကိစ္စများကို မေးခွင့်မရှိသဖြင့် အခြားအကြောင်းအရာများကိုသာ မေးမြန်းလိုက်တော့သည်။
“ကျွန်မနဲ့ ဖုန့်ဟိုက်ယွီ ဘယ်လို ပတ်သတ်ခဲ့တာလဲ”
ရှုယင်လည်း ချက်ချင်း နားစွင့်လိုက်ပြီး ပိုင်ကျဲကို မျက် တောင်မခတ်စိုက်ကြည့်လိုက်သည်။ သူလည်း ထိုအဖြေကို ကြားချင်ပါသည်။
ပိုင်ကျဲ အခက်တွေ့သွားဟန်ဖြင့် အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားလေသည်။
“အဲ့တာကိုတောင် ပြောပြလို့မရဘူးလား”
“ပြောပြလို့မရတာမဟုတ်ဘူး၊ ဘယ်လိုပြောရမှန်း မသိတာပါ”
“ဒါဆိုလည်း အစကနေ ပြန်ပြောပေါ့”
ပိုင်ကျဲ သေသေချာချာစဉ်းစားလိုက်ပြီး နောက်ဆုံးတော့ ဖြည်းဖြည်းချင်း ရှင်းပြတော့သည်။
“အဲ့ဒီတုန်းက မင်းကြောင့် မဟာကပ်ဘေးကြီး ကျရောက် လာပြီး သက်ရှိသတ္တဝါအားလုံး ပျက်သုဉ်းရမယ်ဆိုတဲ့ ဟောကိန်းကို ဖုန့်ဟွိုက်ယွီ ကြားခဲ့ရတယ်၊ အဲ့တာကြောင့် လွင်ဟွေ့ကြေးမုံကိုသုံးပြီး ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်ရဲ့ တားမြစ်နယ်မြေထဲဝင်သွားခဲ့တယ်၊ မင်းကို သတ်ဖို့ ရည်ရွယ် ထားပေမယ့် မသတ်နိုင်ခဲ့တဲ့အပြင် မင်းအပေါ် ခံစားချက်တွေပါ ရှိလာခဲ့တယ်”
“အဲ့ဒီအချိန်ကစပြီး မင်းကို မကြာမကြာ လာခိုးတွေ့ပြီး မင်သဘောကျအောင်လို့ လက်ဆောင်တွေပါ ယူလာတတ်တယ်၊ မင်းနဲ့ နီးစပ်သထက် နီးစပ်လာပြီး ငါ့ရဲ့ဟောကိန်းကိုတောင် မေးခွန်းပြန်ထုတ်လာခဲ့တယ်၊ မင်းက ကပ်ဘေးသယ်ဆောင်သူ မဖြစ်နိုင်ဘူးလို့ သူယုံကြည်နေလို့ ငါ့ဟောကိန်းကို ပြန်ဖျက်သိမ်းခိုင်းခဲ့တယ်၊
“ဒါပေမယ့် ဟောကိန်းတစ်ခုကို ပြန်ဖျက်သိမ်းလို့ရနိုင်မှာတဲ့လား၊ အဲ့လို အဓိပ္ပာယ်မဲ့တဲ့ တောင်းဆိုချက်ကို ငါကန့်ကွက်ခဲ့တယ်၊ ငါ့အမြင်မှာတော့ ဖုန့်ဟွိုက်ယွီက မင်းလှည့်စားတာကို ခံခဲ့ရလို့ အမှားအမှန်ကို စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိတော့တာပဲ၊ အဲ့တာကြောင့် ငါသူ့အပေါ် အရမ်းစိတ်ပျက်ခဲ့ရတယ်”
ထို့နောက် ပိုင်ကျဲ ခါးသီးစွာ ရယ်မောလိုက်ပါသည်။
“မင်းက ကပ်ဘေးသယ်ဆောင်သူဖြစ်တယ်လို့ ငါဟောကိန်း ထုတ်လိုက်ကတည်းက လူတိုင်းငါ့ဟောကိန်းကို ယုံကြည်ခဲ့ကြတယ်၊ ဖုန့်ဟိုက်ယွီတစ်ယောက်တည်းသာ သံသယဖြစ်ခဲ့တာ၊ ငါသာသူ့စကားကို နားထောင်ခဲ့ရင် အဲ့ဒီကြမ္မာဆိုးနဲ့ ကြုံခဲ့ရမှာ မဟုတ်ဘူး၊ ငါ့ရဲ့ မောက်မာမှုက ငါ့ကို မျက်ကန်းဖြစ်စေခဲ့တာပဲ”
အတိတ်ကိုပြန်လှည့်ကြည့်လျှင် မိုက်မဲခေါင်းမာခဲ့သည့် သူ့ကိုယ်သူ ပြန်မြင်ရသည်။
ပိုင်ကျဲပြောပြသည့် အကြောင်းအရာများက သူမအိပ်မက်ထဲမှ အကြောင်းအရာများနှင့် ကိုက်ညီမှု ရှိသည်ဟု ယန်ရုန်ရုန်တွေးလိုက်မိပါသည်။ တစ်လောကလုံးက သူမကို ကပ်ဆိုးသယ်ဆောင်သူဟု ခေါင်းစဉ်တပ်ထားကြသော်လည်း ဖုန့်ဟွိုက်ယွီတစ်ဦးတည်းသာ သူမကို ယုံကြည်ပြီး ဘေးမှာခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့သည်။
‘ဒါဆို ဖုန့်ဟွိုက်ယွီ သေသွားရတာက ငါနဲ့ သက်ဆိုင်နေတာလား…’
သူမကြောင့် ဖုန့်ဟွိုက်ယွီ သေဆုံးသွားပြီး ဝိညာဉ်လေးခုအဖြစ် အမှန်တကယ် ကွဲထွက်လာခဲ့ခြင်းဆိုလျှင် သူမ ကူးပြောင်းလာပြီးနောက် ထိုလေးဦးထံ ချဉ်းကပ်ဖို့ စနစ်မစ်ရှင်ပေးခဲ့ခြင်းကပင် ကြိုတင်စီစဉ်ထားသည့် အစီအစဉ်တစ်ခု ဖြစ်နေနိုင်ပါသည်။
ထို့ကြောင့် ဒီကမ္ဘာသို့ သူမ ကူးပြောင်းလာရခြင်းကိုပင် တစ်စုံတစ်ဦးက အကွက်ကျကျ စီစဉ်ထားခြင်း ဖြစ်နိုင်လေသည်။
အားလုံး၏ နောက်ကွယ်က ကြိုးကိုင်သူမှာ ဘယ်သူဘယ်ဝါဖြစ်မှန်း သူမ မသိပေ။ နောက်မှ စနစ်ကိုသာ သေသေချာချာ စစ်ဆေးမေးမြန်းကြည့်ရပါမည်။
အချိန်တိုအတွင်း သူမခေါင်းထဲ အတွေးပေါင်းစုံဝင်လာခဲ့သည်။ သို့သော် သူမ စိတ်ကို ရှင်းလင်းကာ ထပ်မေးခဲ့ပါသည်။
“ကံကြမ္မာသားတော်ဆိုတဲ့လူတွေကကော ဘာတွေလဲ”
ပိုင်ကျဲက တိုးညှင်းစွာ ဖြေလိုက်သည်။
“ဘာကံကြမ္မာသားတော်မှ မရှိခဲ့ဘူး၊ အဲ့ဒီ ရွေးချယ်ခံလူတွေဆိုတာ မင်းကို ရှင်းထုတ်ဖို့ အသုံးချခံခဲ့ရတဲ့ လက်နက်တွေသက်သက်ပဲ”
“ဘယ်သူ့လက်နက်တွေလဲ၊ အဲ့ဒီ လျှို့ဝှက်‘ကောင်းကင်ဘုံအရှင်သခင်’ရဲ့ လက်နက်တွေလား”
ကောင်းကင်ဘုံအရှင်သခင်ကို ‘လျှို့ဝှက်သည်’ဟု သူမပြောပုံလိုက်အားကြားပြီး ပိုင်ကျဲ ရယ်မောမိပါသည်။
“ကမ္ဘာကြီးက သူ့ကို ကောင်းကင်ဘုံအရှင်သခင်လို့ ခေါ်ကြပေမယ့် ငါတို့ ကတော့ သူ့ကို ဧကရာဇ်မင်းကြီးလို့ ခေါ်ရတာကို ပိုအသားကျတယ်၊ သူက ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်ထဲမှာ အမြင့်မြတ်ဆုံး နတ်မင်းကြီးပဲ၊ ကောင်းကင်ဘုံ တာအိုအောက်က နတ်ဘုံမှာ အကြီးအကဲဆုံးသော ပုဂ္ဂိုလ်ပေါ့”
ပိုင်ကျဲ ရှင်းပြနေရင်း ညကောင်းကင်ပေါ် လျှပ်စီးများ ရုတ်တရက် လင်းလက်လာခဲ့သည်။ ပိုင်ကျဲ တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ကောင်းကင်ယံကြီးအား မော့ကြည့်လိုက်ပါသည်။
မကြာမီ မိုးရွာတော့မည် ထင်သည်။
ယန်ရုန်ရုန် မျက်ခုံးပင့်သွားသည်။
“အဲ့တာဆို ကျွန်မကို သုတ်သင်ဖို့ ဒီလောက်ထိ ခက်ခက်ခဲခဲ ကြိုးစားခဲ့တာ ရှင်တို့ရဲ့ ဧကရာဇ်မင်ကြီးပဲပေါ့ ဟုတ်လား”
ပိုင်ကျဲ၏ စိတ်အခြေအနေမှာ ရှုပ်ထွေးနေသည်။
ထိုလူ့အား ခုခံကာကွယ်ပေးသည့်အလား စကားဆိုလိုက်ပါသည်။
“ဧကရာဇ်မင်းကြီးက တစ်လောကလုံးကို စောင့်ရှောက်ပေးတာ၊ မင်းကို ဒီလိုရက်ရက်စက်စက် တိုက်ခိုက်နေရတယ်ဆိုတာကလည်း မဟာကပ်ဘေးကြီး ကျရောက်မလာအောင် တားဆီးပြီး သက်ရှိသတ္တဝါအားလုံး ပျက်သုဉ်းမသွားအောင် ကာကွယ်ပေးဖို့ပဲ”
🌹Chapter 306
ယန်ရုန်ရုန်က သရော်သည်။
“လောကမှာရှိတဲ့ သက်ရှိသတ္တဝါတွေအားလုံးရဲ့ အသက်က အရေးပါပေမယ့် ကျွန်မအသက်ကတော့ အရေးမပါဘူးပေါ့ အဲ့လိုလား”
ပိုင်ကျဲက အဖြေမပေးဘဲ မေးခွန်းတစ်ခုဖြင့်သာ တုံ့ပြန် သည်။
“လူတစ်ဦးတစ်ယောက်ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ တစ်လောကလုံးရဲ့ ဘေးကင်းလုံခြုံမှု ဘယ်အရာက ပိုအလေးသာလဲ”
ယန်ရုန်ရုန် နာကျည်းချက် ပိုပြင်းသွားခဲ့သည်။ စတေးခံရခြင်းထက် စတေးခံရသည်ကို ငြင်းဆန်ခွင့်မရှိသည်အား ပိုမို မုန်းတီးမိပါသည်။
“ဘယ်လောက်တောင် မြင့်မြတ်လိုက်တဲ့ အကြောင်းပြချက်လဲ၊ သက်ရှိသတ္တဝါအားလုံးရဲ့ အသက်နဲ့ ယှဉ်လိုက်ရင် ကျွန်မလို တစ်ဦးတစ်ယောက်တည်းရဲ့အသက်က တန်ဖိုးမဲ့တာပေါ့”
ပိုင်ကျဲလည်း ရှက်ရွံ့မိပါသည်။
“ငါစိတ်မကောင်းပါဘူး…”
ယန်ရုန်ရုန့် မျက်ဝန်းထဲက သရော်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။
“ရှင်အခုလို လိပ်ပြာမလုံဖြစ်ပြီး နောင်တရနေတာက ကျွန်မကို စတေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့်မဟုတ်ဘဲ ကျွန်မကို စတေးလည်း အသုံးဝင်မှာမဟုတ်တဲ့အကြောင်း နားလည်သွားလို့မလား၊ ရှင့်ရဲ့ ဟောကိန်းသာ အမှန်တကယ် ဖြစ်လာခဲ့ရင်၊ ကျွန်မကို သတ်လိုက်လို့ မဟာကပ်ဘေးကြီး တကယ်ရပ်တန့်သွားခဲ့ရင် ရှင်လည်း ရှင့်ရဲ့ ဧကရာဇ်မင်းကြီးလိုပဲ ကျွန်မကို မဆိုင်းမတွ စတေးမှာပဲမဟုတ်လား”
ပိုင်ကျဲ နှုတ်ဆိတ်သွားခဲ့သည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် သူတီးတိုး ရေရွတ်လိုက်ပါသည်။
“ငါ စိတ်မကောင်းပါဘူး…”
ဒီစကားလုံးတွေပဲ…
အပေါ်ယံတွင် နူးညံ့ချိုသာသော စကားလုံးများဖြစ်နိုင်သော်လည်း ယန်ရုန်ရုန့်အပေါ်တွင်တော့ အရိုးထဲထိ အေးစိမ့်သွားစေနိုင်သော အာနိသင်မျိုး ရှိသည်။
ယန်ရုန်ရုန် ရုတ်တရက် အော်ရယ်ပစ်လိုက်သည်။
ယခင်ဘဝက မှတ်ဉာဏ်များ ရှိမနေလျှင်ပင် သူမ ခန့်မှန်းနိုင်ပါသည်။
သူမက မဟာကပ်ဘေးကြီးကို ကျရောက်စေမည့် ကပ်ဘေးသယ်ဆောင်သူ ဟူသည့်အကြောင်း ပေါက်ကြားသွားသည့်အခါ မသေမျိုးတိုင်း၊ နတ်ဆိုးမိစ္ဆာတိုင်း သူမကို သတ်ဖို့ ကြိုးစားခဲ့ကြလိမ့်မည်။
သူမက လူတိုင်း၏ ပစ်မှတ်ထားရာ ဖြစ်ခဲ့လိမ့်မည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြား များပြားလှသည့် သက်ရှိသတ္တဝါများအနက် သူမကို အသက်ရှင်စေချင်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့လောက်ပါ။ နောက်ဆုံး သူတို့ ဆန္ဒရှိသည့်အတိုင်း သူမ သေဆုံးခဲ့ရသည်။
သို့သော် မဟာကပ်ဘေးကြီးက မရပ်တန့်သွားခဲ့ပေ။ သက်ရှိသတ္တဝါများအားလုံး သေခြင်းတရားကို ရင်ဆိုင်ခဲ့ကြရလိမ့်မည်။
ထိုသို့ တွေးမိသောအခါ ယန်ရုန်ရုန့်ရင်ထဲ ဖော်မပြနိုင်အောင် ကျေနပ်သွားခဲ့သည်။
သူတို့နဲ့ထိုက်တာ သူတို့ရတာပဲ!
ထို့နောက် ပိုင်ကျဲကို လှည့်ကြည့်ကာ ယန်ရုန်ရုန် အေးစက်စွာ ပြောလိုက်သည်။
“ရှင်တို့အားလုံး ကိုယ့်ကိုယ်ကိုယ် အမှန်တရားဘက်တော်သားတွေလို့ ခံယူပြီး လုပ်စရာရှိတာ ရဲရဲဝံ့ဝံ့ လုပ်နိုင်ခဲ့ကြတာက စတေးခံရမယ့်သူက ရှင်တို့မှမဟုတ်တာ… ကိုယ့်အသားကို လာမထိသေးသရွေ့တော့ ဘယ်နာတတ်ဦးပါ့မလဲ”
ပိုင်ကျဲက မဆိုင်းမတွ ပြန်ဖြေသည်။
“အဲ့ဒီအချိန်တုန်းက ကပ်ဘေးသယ်ဆောင်သူက ငါကိုယ် တိုင် ဖြစ်နေတယ်လို့ ဟောကိန်းထွက်လာခဲ့ရင် ငါ့ကိုယ်ငါ မဆိုင်းမတွ အဆုံးစီရင်ခဲ့မှာပဲ”
ယန်ရုန်ရုန် လက်ခုပ်လက်ဝါးတီးကာ တောက်တောက်ပပ ချီးကျူးပေးလိုက်ပါသည်။
“ရှေးဟောင်းနတ်သားရဲလို့ မပြောရဘူး၊ အများကောင်းကျိုးအတွက် ကိုယ့်အသက်ကိုယ် စတေးမှာပေါ့ ဟုတ်လား၊ လေးစားဖို့ကောင်းလိုက်တာ!”
ထို့နောက် သူမ အပြုံး ရုတ်တရက် အေးစက်သွားပြီး လေသံလည်း ပြောင်းလဲသွားခဲ့သည်။
“ရှင့်မှာ သတ်သေဖို့ ရွေးချယ်ပိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် ကျွန်မကကော၊ အစကနေ အဆုံးအထိ ကျွန်မဘာလိုချင်လဲ ဘယ်သူမှ မမေးခဲ့ကြဘူး၊ ဟောကိန်းထွက်လာတာနဲ့ ကျွန်မကို လူတိုင်းက သေမိန့်ပေးခဲ့ကြတာ၊ ကျွန်မမှာ ငြင်းခုံခွင့်တောင်မရှိလို့ ငြင်းဆန်ခွင့်ဆို ပိုတောင်ဝေးသေးတယ်”
ပိုင်ကျဲ တိတ်ဆိတ်သွားခဲ့သည်။
ယန်ရုန်ရုန် လှောင်ပြောင်လိုက်သည်။
“ရှင်တို့အားလုံး မောက်မာခဲ့ကြတာပါ၊ ကျွန်မကို စကားလာပြောကြည့်ဖို့တောင် ရှင်တို့ မကြိုးစားခဲ့ကြဘူးမလား”
ပိုင်ကျဲ ငြင်းဆန်ချင်ခဲ့သော်လည်း စကားလုံးများက သူ့လည်ချောင်းထဲမှာပင် ပျောက်ကွယ်သွားခဲ့သည်။ သေချာပြန်စဉ်းစားကြည့်လျှင် သူမ မှန်ကန်ပါသည်။
အားလုံးက ယန်ရုန်ရုန့်ကို စတေးမှသာ ကမ္ဘာကြီးကို ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။
သူမခံစားချက်ကို ဘယ်သူမှ ထည့်မတွက်ခဲ့ကြပါ။ အရာခပ်သိမ်းကို နားလည်သည်ဟူသော ပိုင်ကျဲနတ်သားရဲပင် အများအကျိုးအတွက် သူမကို စတေးသင့်သည်ဟု ယုံကြည်ခဲ့မိပါသည်။
အမှန်တော့ ယန်ရုန်ရုန်က စဉ်းစားဆင်ခြင်ဉာဏ် မရှိသူ မဟုတ်ပေ။ သူတို့သာ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့လျှင် သူမကိုယ်တိုင် အနစ်နာခံပေးခဲ့လောက်သည်။
ပိုင်ကျဲနတ်သားရဲ ရုတ်တရက် နားလည်သွားခဲ့ပြီး တီးတိုးရေရွတ်လိုက်မိသည်။
“ဧကန္တ… ဧကန္တ ငါ့ဟောကိန်းက မှားတာ မဟုတ်ဘဲ… ငါတို့ရဲ့ နည်းလမ်းက မှားယွင်းခဲ့တာ ဖြစ်နိုင်တယ်”
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားခဲ့သည်။
‘ဒီလူရုတ်တရက်ကြီး ဘာဖြစ်တာလဲ’
ပိုင်ကျဲ နှလုံးသားထဲ နှစ်ပေါင်းများစွာ ပိတ်ဆို့နေခဲ့သည့် မြူခိုးမြူငွေ့များ ရုတ်တရက် လွင့်ပြယ်သွားခဲ့သည်။ သို့သော် သူစိတ်သက်သာရာ မရခဲ့ပါ။
ထို့အစား ပို၍ပင် နာကျင်သွားပြီး နောင်တတွေလည်း ပိုကြီးမားသွားခဲ့သည်။ ညကောင်းကင်ယံကို မော့ကြည့်ရင်း သူအော်ဟစ်လိုက်တော့သည်။
“ငါတို့မှားသွားပြီ! ငါတို့လုံးဝ မှားသွားခဲ့ပြီ!”
ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်မှ ဧကရာဇ်မင်းကြီး ကြားနိုင်လိမ့်မည် မျှော်လင့်ချက်ဖြင့် သူ့အသံများ အက်ကွဲသွားသည်အထိ အော်ဟစ်ခဲ့သည်။ ယခင်က ပြုလုပ်ခဲ့ဖူးသည့် အမှားအကြောင်း ဧကရာဇ်မင်းကြီးအား အသိပေးကာ တူညီသည့်အမှားမျိုး ထပ်မကျူးလွန်မိအောင် တားဆီးချင်မိသည်။
သို့သော် ဧကရာဇ်မင်းကြီးကတော့ ထိုသဘောထားကို အသိအမှတ်ပြုပုံမပေါ်ပေ။
တိမ်နက်များအကြားမှ စူးရှသည့် မိုးကြိုးသွားတစ်ချက် ဆင်းသက်လာပြီး ယန်ရုန်ရုန့်ထံ ကျရောက်လာခဲ့သည်။
ယန်ရုန်ရုန်လည်း အလျှင်အမြန်တုံ့ပြန်ခဲ့ကာ ဆယ်ပေအကွာကို ရှောင်တိမ်းခဲ့ပါသည်။ ကောင်းကင်ဘုံမိုးကြိုးက မြေပြင်ကို ရိုက်ခတ်သွားသဖြင့် မြေပြင်တစ်ခုလုံး တုန်ခါကာ ဖုန်မှုန့်များ လွင့်စင်သွားခဲ့သည်။
မျက်စိတစ်မှိတ်အချိန်အတွင်း ယန်ရုန်ရုန် မတ်တပ်ရပ်နေခဲ့သည့် နေရာကြီးတွင် မည်းနက်နေသော တွင်းနက်ကြီးတစ်ခုသာ ကျန်ခဲ့တော့သည်။
သူမသာ ခြေတစ်လှမ်းလောက် နောက်ကျသွားလျှင် အရှင်လတ်လတ် အကင်ခံလိုက်ရမှာ သေချာသည်။
ယန်ရုန်ရုန် ခေါင်းမော့ကြည့်လိုက်သောအခါ တိမ်နက်များအကြား ကခုန်လျက် သူမကို အချိန်မရွေး ထပ်မံတိုက်ခိုက်ဖို့ အသင့်ဖြစ်နေသည့် လျှပ်စီးများကို မြင်လိုက်ရပါသည်။
ယန်ရုန်ရုန် ကောင်းကင်ပေါ်သို့ လက်ခလယ်ထောင်ပြလိုက်သည်။
ထိုရိုင်းပျသည့် အပြုအမူကြောင့် ဧကရာဇ်မင်းကြီး ဒေါသပိုထွက်သွားပုံပေါ်ပြီးများစွာသော မိုးကြိုးသွားများ တစ်ပြိုင် တည်းဆင်းသက်လာခဲ့ပါသည်။
ဒီတစ်ခါတော့ ရှောင်တိမ်းဖို့ နည်းလမ်းမရှိတော့ပေ။
ထို့ကြောင့် ယန်ရုန်ရုန် ထွက်မပြေးတော့ဘဲ ကောင်းကင်ဘုံမိုးကြိုးများကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ယခင် ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်းကို ခံခဲ့ရစဉ်က မိုးကြိုးဒဏ်ကို ၃၃ ရက်တိုင်တိုင် ခံစားခဲ့ရသော်လည်း သူမ အသက်ရှင်ခဲ့ပါသည်။
ထို့ကြောင့် ကြောက်စရာမလိုအပ်ပေ။
မိုးကြိုးများ သူမကို ထိမှန်တော့မည့်ဆဲဆဲတွင် ရှုယင်က ရုတ်တရက် ရှေ့မှ ဝင်ကာပေးလိုက်ပါသည်။ ထို့ကြောင့် ကောင်းကင်ဘုံမိုးကြိုးအားလုံးက သူ့ကိုယ်ပေါ်ကိုသာ ကျရောက်သွားခဲ့သည်။
မျက်လုံးများ စူးရှသွားလောက်သော အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ရှုယင်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ပေါ်လာပြီး နဂိုကတည်းက ဖြူဖျော့နေသည့် မျက်နှာလည်း ပိုမို သွေးမဲ့သွားခဲ့ပါသည်။
ယန်ရုန်ရုန့်ကို လှည့်ကြည့်ကာ သူပြောလိုက်သည်။
“မကြောက်နဲ့… ငါရှိတယ်”
သူမ မကြောက်ပါဟု ယန်ရုန်ရုန် ပြန်ပြောချင်ခဲ့သော်လည်း သူ့မျက်ဝန်းတွေထဲက ခိုင်မာမှုကို မြင်ပြီး ထိုစကားလုံးများ သူမလည်ချောင်းထဲ ဆို့နင့်သွားခဲ့ပါသည်။ ဖုန့်ဟွိုက်ယွီကို သူမ သတိရသွားခြင်းကြောင့်ပင်။
ယခင်ဘဝတုန်းက လူတိုင်း သူမကို သေစေချင်ကြသော်လည်း ဖုန့်ဟွိုက်ယွီ တစ်ဦးတည်းကသာ သူမဘေးမှာ ရပ်တည်ပေးခဲ့သည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအားလုံးတွင် သူမကို အသက်ဆက်ရှင်စေချင်သူဟူ၍ ဖုန့်ဟွိုက်ယွီ တစ်ဦးတည်းသာ ရှိပါသည်။
သူမ မျက်တောင်လေးများ လှုပ်ခါသွားခဲ့ပြီး နှလုံးသားထဲ ခံစားချက်ပေါင်းစုံ ရောထွေးသွားခဲ့သည်။
ဆူညံသံများက ကျယ်လောင်လွန်းသဖြင့် ရွာသူရွာသားများပင် နိုးလာကြပါပြီ။ အိမ်တိုင်းတွင် ဖယောင်းတိုင်မီးများ လင်းလာသော်လည်း တစ္ဆေကောလဟာလများကြောင့် ဘယ်သူမှ ပြူတင်းပေါက်ဖွင့်ပြီး မကြည့်ရဲခဲ့ကြပေ။
ပိုင်ကျဲက ယန်ရုန်ရုန့်ကို ထပ်တောင်းပန်သည်။
“ငါတောင်းပန်ပါတယ်”
ယန်ရုန်ရုန်၏ မျက်နှာထားက ပြောင်းလဲခြင်းမရှိပါ။ ဒီနေ့ည ထိုစကားလုံးများကို အကြိမ်ကြိမ် ကြားခဲ့ပြီးဖြစ်၍ ထုံနေပါပြီ။
ပိုင်ကျဲကလည်း နှုတ်ဖြင့် တောင်းပန်၍ အသုံးမဝင်နိုင်မှန်း နားလည်သွားပါသည်။
“ဧကရာဇ်မင်းကြီးက ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်မှာ စွမ်းအားအကြီးမားဆုံး နတ်မင်းကြီးပဲ၊ သူ့အမည်မှာ ယန်လင်စွမ်းအားရှိတယ်၊ သူ့အမည်ကို ခေါ်ဆိုလိုက်တဲ့လူတိုင်းကို သူအာရုံခံနိုင်တယ်”
ဆိုလိုသည်မှာ ‘ဧကရာဇ်မင်းကြီး’ဟု သူ့နှုတ်မှ ထွက်သွားစဉ်ကတည်းက သူနှင့် ယန်ရုန်ရုန်တို့၏ တည်နေရာကို ဧကရာဇ်မင်းကြီး ရှာတွေ့သွားခဲ့ပါပြီ။
ကြာကြာဆက်နေနိုင်တော့မှာ မဟုတ်မှန်း သိလိုက်သဖြင့် ယန်ရုန်ရုန် အမြန်ပြောလိုက်သည်။
“ကျွန်မမှာ မေးစရာမေးခွန်းနည်းနည်း ရှိသေးတယ်၊ ရှင်ဖြေပေးနိုင်မလား”
ပိုင်ကျဲနတ်သားရဲကို ခက်ခက်ခဲခဲ ရှာဖွေထားရခြင်းဖြစ်၍ သူမအမြဲတမ်း သိချင်နေခဲ့သည့် မေးခွန်းများကို ရှင်းရှင်း လင်းလင်းဖြစ်အောင် မေးမြန်းသင့်ပါသည်။
ဒီတစ်ခါ အခွင့်အရေးကို ဆုံးရှုံးလိုက်ရလျှင် နောက်ထပ် အခွင့်အရေးရနိုင်ဖို့ မသေချာတော့ပေ။
ပိုင်ကျဲကလည်း အပြစ်ရှိသလို ခံစားနေရသဖြင့် သူမတောင်းဆိုချက်ကို လက်ခံလိုက်ပါသည်။
ယန်ရုန်ရုန် ပထမဆုံးမေးခွန်းကို မေးလိုက်သည်။
“ရွာအရှေ့ဘက်စွန်းက မြစ်ကြမ်းပြင်မှာ ဟွင်သွမ်းသားရဲကို ဘယ်သူ ချုပ်နှောင်သွားခဲ့တာလဲ”
ပိုင်ကျဲ မှင်သက်သွားသည်။ ထို့ကြောင့်လည်း ထိုကောင်လေးကို သူရင်းနှီးသလို ခံစားခဲ့ရခြင်းဖြစ်ပါလိမ့်မည်။ ထိုကောင်လေးမှာ ရှေးဟောင်းကျိန်စာ သားရဲကြီး လေးပါးထဲမှ ဟွင်သွမ်း ဖြစ်နေခြင်းကြောင့်ပင်။
ပိုင်ကျဲ၏ မျက်နှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။
“သူ့ကိုချုပ်နှောင်ခဲ့တဲ့လူကပဲ သူ့ကို လွတ်မြောက်အောင် ပြန်လုပ်ပေးနိုင်တယ်”
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်။ ထိုကျိန်စာသားရဲများကို ချုပ်နှောင်ခဲ့သူက သူမကိုယ်တိုင် ဖြစ်နေလိမ့်မည်ဟု ခန့်မှန်းခဲ့ဖူးသော်လည်း ယခင်ဘဝက မှတ်ဉာဏ်များ သူမတွင် မရှိသဖြင့် အကြောင်းအရင်းကို မသိနိုင်ခဲ့ပါ။
“ကျွန်မက သူတို့ကို ဘာလို့ ချုပ်နှောင်ခဲ့ရတာလဲ”
ယန်ရုန်ရုန် မေးလိုက်သည်။
ပိုင်ကျဲ အံ့အားသင့်သွားခဲ့သည်။
“သူတို့ ဟုတ်လား၊ ဟွင်သွမ်းအပြင် ဘယ်သူတွေ ရှိသေးလို့လဲ”