အခန်း (၃၀၇-၃၀၈)
Vol. 31 Ch. 307-308
🌹Chapter 307
ယန်ရုန်ရုန် တစ်ကောင်ချင်း ရေတွက်ပြလိုက်သည်။
“ထောင်ထျဲ၊ ဖီရှို့နဲ့ ထောင်ဝူတို့လည်း ရှိတယ်”
ပိုင်ကျဲ မျက်လုံးများ ဖြည်းဖြည်းချင်း ပြူးကျယ်လာပြီး သူ့မျက်နှာပေါ်မှ အံ့အားသင့်တုန်လှုပ်မှုတို့ကိုလည်း ဖုံးကွယ်မရတော့ပေ။
“သူတို့… သူတို့အားလုံး အသက်ရှင်နေသေးတာလား”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။
“အားလုံး လျှို့ဝှက်နယ်မြေအပြင်ဘက်မှာ စောင့်နေကြတယ်၊ ရှင်လည်း ကျွန်မနဲ့အတူတူ လိုက်လာရင် သူတို့ကို တွေ့ရမှာပေါ့”
ပိုင်ကျဲ အချိန်အတော်ကြာအောင် မှင်သက်သွားခဲ့ပြီး ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလေတော့သည်။
“ဟားဟားဟားဟား! ဒါဆို အားလုံး သေသွားခဲ့တာ မဟုတ်ဘူးပေါ့! ရှင်သန်သူတွေ ရှိနေသေးတာပဲ! ကောင်းတယ် သိပ်ကောင်းတယ်!”
သို့သော် ရယ်မောရင်းနှင့် သူ့ပါးပြင်ပေါ် မျက်ရည်များ စီးကျလာခဲ့သည်။
“ဒါပေမယ့် ငါကတော့ ထွက်သွားလို့မရဘူး၊ ထွက်သွားလို့ မရတော့ပါဘူး…”
တစ်စုံတစ်ခုကို ရိပ်စားမိသွားပြီး ယန်ရုန်ရုန် ခန့်မှန်းကြည့်ဖို့ ကြိုးစားသည်။
“ရှင်က…”
သူမ သံသယကို ပိုင်ကျဲ အတည်ပြုပေးလိုက်ပါသည်။
“ငါက သေပြီးသားပဲ”
ယန်ရုန်ရုန် သူ့ကို ရီဝေစွာ စိုက်ကြည့်လိုက်သည်။
ပိုင်ကျဲ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး မျက်ရည်များကို ပါးပြင်ပေါ်သို့ ဆက်လက် စီးကျစေခဲ့ပါသည်။
“အဲ့ဒီ မဟာကပ်ဘေးကြီးက ကြမ်းကြုတ်ပြင်းထန်လွန်းတယ်… သက်ရှိသတ္တဝါအားလုံးနီးပါး သုတ်သင်ခံခဲ့ရတာ၊ ငါလည်း အဲ့ဒီ ကြမ္မာဆိုးက မလွတ်မြောက်ခဲ့ဘူး၊ ဒါပေမယ့် ငါ့နှလုံးသားထဲမှာရှိတဲ့ စွဲလမ်းမှုတွေက ပျောက်ကွယ်မသွားခဲ့ဘူး၊ ငါ့ဝိညာဉ် မလွတ်မြောက်နိုင်ခဲ့ဘဲ လူသားလောကထဲမှာပဲ ကျင်လည်ခဲ့ရတယ်၊ မင်းအခုမြင်နေရတဲ့ငါက အထီးကျန်ဝိညာဉ် တစ်စွန်းတစ်စပါပဲ…”
အမှန်တရားကို ထုတ်ဖော်လိုက်သည်နှင့် သူ့ခန္ဓာကိုယ် မှေးမှိန်သွားခဲ့ပြီး ဝိညာဉ်အသွင် ပြောင်းလဲသွားခဲ့သည်။
ယန်ရုန်ရုန့် အာရုံထဲ အတွေးတစ်ခု ရုတ်တရက်ပေါ်လာသဖြင့် မျက်နှာအနည်းငယ် ပျက်သွားခဲ့သည်။
“ရှင်က ဝိညာဉ်တစ်ကောင်ဆိုရင် ထောင်ယွမ်ရွာသားတွေကကော… သူတို့လည်း…”
သူမသံသယကို ပိုင်ကျဲ ချက်ချင်း ငြင်းဆန်လိုက်ပါသည်။
“ရွာသားတွေက သက်ရှိလူသားတွေပါ၊ အရင်တုန်းက စစ်ပွဲမီးတွေကနေ ထွက်ပြေးလာကြရင်း ဒီနေရာကို မတော်တဆ ရှာတွေ့ခဲ့ကြတာ၊ ခြေဦးတည့်ရာလျှောက်သွားနေကြတဲ့ သူတို့တွေကို ငါမကြည့်ရက်လို့ ဒီနေရာမှာ နေခွင့်ပေးခဲ့တာ”
ထို့နောက် သူ့မျက်လုံးများကို ပြန်ဖွင့်ပြီး ခြေဖျားအောက်က မြေကြီးကို ငုံ့ကြည့်ကာ ပိုမိုလေးနက်သော အသံဖြင့် ဆိုလိုက်သည်။
“ဒီနေရာက ငါ့ရဲ့ သင်္ချိုင်းမြေပဲ… ငါသေသွားပြီဆိုပေမယ့် ငါ့ရဲ့အရိုးတွေမှာ ဝိညာဉ်စွမ်းအင် အကြွင်းအကျန်တွေ ရှိနေသေးတယ်၊ ရွာသားတွေ အေးအေးချမ်းချမ်း နေနိုင်ပြီး အပြင်လူတွေ ဝင်မလာနိုင်အောင်လို့ အဲ့ဒီစွမ်းအင်တွေကို အသုံးချပြီး ရွာပတ်လည်မှာ အကာအရံတစ်ခု တည်ဆောက်ထားခဲ့တယ်”
နေ့ဘက်ဆိုလျှင် သူက သဘောကောင်းကြင်နာတတ်သော ရွာသူကြီးပိုင် ဖြစ်သည်။
ညရောက်လျှင်တော့ ပိုင်ကျဲနတ်သားရဲအသွင်ပြောင်းကာ တစ်ရွာလုံးကို ကင်းလှည့် စောင့်ကြပ်ပေးတတ်ပါသည်။
အပြစ်မဲ့သော သက်ရှိသတ္တဝါများကို ကယ်တင်ဖို့က သူ့ပင်ကိုယ်တာဝန်ဖြစ်ပြီး သူ့နှလုံးသားထဲက အကြီးမားဆုံး စွဲလမ်းမှုလည်း ဖြစ်သည်။
ထိုစွဲလမ်းမှုကြောင့်ပဲ သူ့ဝိညာဉ် မလွတ်မြောက်နိုင်ခဲ့ခြင်းပင်။
ပိုင်ကျဲ စိတ်အနည်းငယ် ပြန်တည်ငြိမ်သွားပြီး ဆက်ပြောလိုက်သည်။
“ငါ့အရိုးတွေထဲက ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းတော့မယ်၊ ထောင်ယွမ်ရွာရဲ့ အကာအရံတွေလည်း အားနည်းသထက် အားနည်းလာပြီ၊ အဲ့တာကြောင့်လည်း မင်းတို့နဲ့ အဲ့ဒီဝိညာဉ်ကျင့်ကြံသူတွေ ရွာဝင်ပေါက်ကို ရှာနိုင်ခဲ့ကြတာပေါ့”
ထို့နောက် ယန်ရုန်ရုန်ရှေ့တွင် သူဒူးထောက်လိုက်ပြီး တောင်းဆိုလေတော့သည်။
“မကြာခင် ငါ့ဝိညာဉ်စွမ်းအင်တွေ လုံးဝ ကုန်ခမ်းသွားတော့မယ်၊ အဲ့ဒီအချိန်ကျရင် ထောင်ယွမ်ရွာက ဝိညာဉ်နယ်မြေထဲ လုံးဝ ကျရောက်သွားလိမ့်မယ်၊ အဲ့ဒီဝိညာဉ်ကျင့်ကြံသူတွေက ရွာသားတွေကို ချမ်းသာပေးမှာမဟုတ်ဘူး၊ ငါတောင်းပန်ပါတယ်၊ သူတို့ကို ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုရောက်အောင် ခေါ်သွားပေးပါ”
ယန်ရုန်ရုန် သူ့ကို စိုက်ကြည့်လိုက်သည်။
“ရှင်ကကော”
“ငါထွက်သွားလို့မရဘူး၊ ငါ့အရိုးတွေက ဒီမှာရှိနေတာမို့လို့ ဒီနေရာကြီးကနေ တစ်သက်လုံးထွက်သွားနိုင်မှာ မဟုတ်ဘူး”
သူ့အသံက အလွန်ဝမ်းနည်းညှိုးငယ်နေသဖြင့် ယန်ရုန်ရုန့် နှလုံးသားကိုပင် လေးလံသွားစေခဲ့သည်။
ရိုးသားဖြူစင်ပြီး ဖော်ရွေတတ်သည့် ရွာသားများအကြောင်းကို ယန်ရုန်ရုန် ပြန်တွေးကာ တွန့်ဆုတ်မှုမရှိဘဲ သဘောတူလိုက်ပါသည်။
“ကျွန်မ သူတို့ကို ခေါ်ထုတ်သွားပြီး ရေရှည်နေထိုင်နိုင်မယ့် နေရာတစ်ခုကို ရှာပေးလိုက်ပါ့မယ်”
ပိုင်ကျဲ ခေါင်းမော့လာပြီး သူမ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။
သူ့နှလုံးသားထဲမှာ အပြစ်ရှိစိတ်နှင့် နောင်တစိတ်တို့က ပြည့်လျှံထွက်နေပါပြီ။
ယခု ယန်ရုန်ရုန်က သူမကိုယ်သူမ အနိုင်နိုင်ကာကွယ်နေရချိန်ဖြစ်သော်လည်း သူတစ်ပါးကို ကာကွယ်ဖို့ ဝန်ထုပ်ဝန်ပိုးဖို့ လိုလိုလားလား ထမ်းပေးခဲ့သည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူမက စိတ်နှလုံးဖြူစင်သူဖြစ်ကာ အခြေအနေအရပ်ရပ်ကို နားလည်ပေးနိုင်စွမ်းရှိသူ ဖြစ်ကြောင်း သိနိုင်ပါသည်။
ထိုအချိန်တုန်းကသာ သူတို့အားလုံး အစွဲအလမ်းများကို ဘေးဖယ်ထားခဲ့ကြလျှင်၊ မာနများကို ချိုးနှိမ်ပြီး သူမနှင့် စကားအေးအေးဆေးဆေး ထိုင်ပြောခဲ့ကြလျှင် အများအကျိုးအတွက် သူမကိုယ်သူမ စတေးဖို့ လက်ခံနိုင်ခဲ့လောက်ပြီး ဒီလိုအခြေအနေထိ ရောက်လာခဲ့မှာ မဟုတ်လောက်ပါ။
ထိုအတွေးဖြင့် ပိုင်ကျဲ၏ အနက်ရှိုင်းဆုံး နှလုံးသားနေရာမှ ထပ်မံ နာကျင်သွားခဲ့ရပြန်သည်။
“ငါတောင်းပန်ပါတယ်၊ ငါတို့မှားသွားခဲ့တယ်… ငါတို့ လုံးဝ မှားသွားခဲ့ပါတယ်”
ညကောင်းကင်ယံတွင် လျှပ်စီးများ ထပ်လင်းလက်လာပြီး မိုးချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ မကြာမီ ကျရောက်လာတော့မည့် မုန်တိုင်းတစ်ခု၏ ကြောက်စရာ လက္ခဏာပင်။
ပိုင်ကျဲ၏ သဘောထားကို ဧကရာဇ်မင်းကြီးက သဘောတူညီမှုမရှိမှန်း သိသာပါသည်။
ပိုင်ကျဲ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ အချိန်တွေကုန်နေပြီဖြစ်မှန်း သူသိပါသည်။
ဧကရာဇ်မင်းကြီး၏ စိတ်ကို သူကောင်းကောင်း နားလည် သည်။ ယခု ယန်ရုန်ရုန် ရှိနေသည့်နေရာကို အတိအကျ သိလိုက်ရပြီ ဖြစ်ရာ လူတွေလွှတ်ပြီး သုတ်သင်ခိုင်းတော့မှာ သေချာပါသည်။
“မင်းမှာ တခြားမေးစရာရှိသေးလား၊ မရှိရင် ဒီနေရာကြီးကနေ အမြန်ဆုံးထွက်သွားကြတော့”
ယန်ရုန်ရုန်က ချက်ချင်းဆိုသည်။
“နောက်ဆုံးမေးခွန်းတစ်ခုမေးဦးမယ်၊ ရှင့်ရဲ့ ဧကရာဇ်မင်းကြီး ဘယ်မှာလဲ”
ပိုင်ကျဲက ပြန်မေးသည်။
“ဘာလို့သိချင်ရတာလဲ”
“သူ့ကို သွားတွေ့မလို့”
ယန်ရုန်ရုန့် မျက်ဝန်းတွေထဲ သတ်ဖြတ်လိုစိတ်များ ပြင်းပြနေသည်ကို မြင်ပြီး ပိုင်ကျဲ ရင်တုန်သွားခဲ့သည်။
“မလုပ်…”
သူမကို ဖြောင်းဖြဖို့ ကြိုးစားသော်လည်း ကောင်းကင်ဘုံမိုးကြိုးတစ်ချက်ကြောင့် စကားစပြတ်သွားခဲ့သည်။
ဒီတစ်ခါ မိုးကြိုးက ပိုင်ကျဲကို ချိန်ရွယ်ထားခြင်းပင်။
ပိုင်ကျဲ အချိန်မီရှောင်လိုက်ရာ မိုးကြိုးဒဏ်မှ သီသီလေး လွတ်သွားခဲ့ပါသည်။ မိုးကြိုးကြောင့် မည်းနက်သွားသည့် မြေပြင်ကိုကြည့်ရင်း ပိုင်ကျဲမျက်နှာ မှောင်မိုက်သွားခဲ့သည်။
ယန်ရုန်ရုန့်ကို သူ့အကြောင်း ထုတ်မပြောဖို့ ဧကရာဇ်မင်းကြီးက သတိပေးနေခြင်းဖြစ်မှန်း ပိုင်ကျဲ သိသည်။
ပထမတော့ ပိုင်ကျဲ ဘာမှမပြောဖို့ ရည်ရွယ်ထားသော်လည်း ဧကရာဇ်မင်းကြီး၏ ခြိမ်းခြောက်မှုကြောင့် သူ့စိတ် ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ဧကရာဇ်မင်းကြီး၏ နှလုံးသားထဲ ပုန်းလျှိုနေသည့် ချောက်ချားမှု တစ်ခုကို သူအာရုံခံမိခဲ့ခြင်းကြောင့်ပင်။
ဧကရာဇ်မင်းကြီးသာ အမှန်တရားဘက်မှာ အမှန်တကယ် ရှိနေလျှင် ယန်ရုန်ရုန် လာရှာမှာကို ကြောက်ရွံ့နေစရာအကြောင်း မရှိပေ။
အရာရာက သူယုံကြည်ထားသလောက် မရိုးရှင်းနိုင်တော့ပါ။
ထိုအတွေးဖြင့် ပိုင်ကျဲ တွန့်ဆုတ်မနေတော့ဘဲ ယန်ရုန်ရုန့်ကို ဖွင့်ပြောလိုက်တော့သည်။
“ဧကရာဇ်မင်းကြီးက ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်ရဲ့ အပေါ်မှာ ရှိနေတယ်၊ အဲ့ဒီကို ဝင်ရောက်ဖို့ မင်းမသေမျိုး ဖြစ်လာမှရမယ်”
ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ဖို့ဟူသည်မှာ သာမန်ကျင့်ကြံသူများအတွက် စိတ်ကူးယဉ်အိပ်မက်သာ ဖြစ်နိုင်သော်လည်း ယန်ရုန်ရုန်ကတော့ သာမန်ကျင့်ကြံသူ မဟုတ်မှန်း ပိုင်ကျဲ သိနေပါသည်။
သူမ မှတ်ဉာဏ်များကို ပြန်လည် ရရှိလိုက်သည်နှင့် ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်သို့ တက်လှမ်းနိုင်ပါလိမ့်မည်။
ပိုင်ကျဲ၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဘုံမိုးကြိုးပေါင်းများစွာ ဆင်းသက်လာသည်။ မိုးကြိုးများက များပြားလွန်းသဖြင့် ထောင်ယွမ်ရွာတစ်ရွာလုံးကို ပြာကျအောင် ဖျက်ဆီးပစ်တော့မည့်အလား ထင်ရသည်။
ပိုင်ကျဲ မရှောင်တိမ်းနိုင်တော့ပေ။ သူ့ဝိညာဉ်ခန္ဓာကိုယ် ထိုးဖောက်ခံလိုက်ရသည်။
သူ့မှိန်မှိန်ပျပျ ခန္ဓာကိုယ်လည်း မီးခိုးပမာ လှုပ်ခါသွားပြီး အလွန်အားပျော့လာခဲ့ပါသည်။
သူ့အခြေအနေသူ ဂရုမစိုက်အားဘဲ ယန်ရုန်ရုန်အား သူအော်ပြောလိုက်သည်။
“သွားကြတော့! အခုချိန်ထွက်မသွားရင် ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး!”
ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ သစ်သားလှေရုပ်လေးတစ်ရုပ်ကို ထုတ်လိုက်သည်။ ထိုလှေရုပ်လေးက လူပေါင်း ၁၀၀ ကျော် ဆံ့သော နတ်ရတနာပျံတစ်ခု ဖြစ်ပါသည်။
သို့သော် ဒီနေရာမှာ နတ်ရတနာများအား အသုံးပြု၍ မရသဖြင့် ပိုင်ကျဲကို ကြည့်ကာ သူမ တောင်းဆိုလိုက်သည်။
“အကာအရံကို ဖျက်သိမ်းပေးလို့ရမလား”
အကာအရံကို ဖျက်သိမ်းလိုက်သည့်အခါ နတ်ရတနာများနှင့် အဆောင်စက္ကူများကို အသုံးပြုနိုင်မည်ဖြစ်သော်လည်း ထောင်ယွမ်တစ်ရွာလုံး ဝိညာဉ်နယ်မြေထဲ ကျရောက်သွားပါလိမ့်မည်။
ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့် မိုးကြိုးများကို ပိုင်ကျဲ မော့ကြည့်လိုက်သည်။ ဒီတစ်ခါတော့ ဧကရာဇ်မင်းကြီးက သူ့ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ထားပုံရသည်။
ရွာသားတို့၏ အိမ်များကို ပိုင်ကျဲ လှမ်းကြည့်လိုက်ပါသည်။ ရွာသားအားလုံးနီးပါးက ပုန်းနေကြသော်လည်း တစ်စုံတစ်ဦးကတော့ စပ်စုချင်စိတ်ကို ထိန်းမရခဲ့ပေ။
ထိုလူက ဟုန်ကောပင်။
ပြူတင်းပေါက်ကို ဟစိလေးဖွင့်ကာ အပြင်ဘက်သို့ ဟုန်ကော ချောင်းကြည့်နေလေသည်။ ကောင်းကင်ပေါ်တွင် မိုးကြိုးလျှပ်စီးများနှင့် ပြည့်နှက်နေသည်ကို သူမ မြင်ခဲ့ရပြီး ချိုင့်ဝှမ်းများ ထူထပ်နေသည့် မြေပြင်ပေါ်တွင် ရပ်နေသည့် ပိုင်ကျဲနတ်သားရဲကိုလည်း မြင်လိုက်ရပါသည်။
သူတို့ အကြည့်ချင်း ဆုံသွားခဲ့ကြသည်။
ဟုန်ကော၏မျက်ဝန်းများ တုန်လှုပ်သွားခဲ့ပြီး ထိတ်လန့်မှုကြောင့် အသက်ရှူဖို့ပင် မေ့လျော့သွားခဲ့သည်။ သူမကို ထိုသားရဲကြီး လာစားတော့မည်ဟု ထင်လိုက်သော်လည်း နောက်တစ်ခဏတွင် ထိုသားရဲကြီးက နူးညံ့သိမ်မွေ့စွာ ပြုံးပြရင်း သူမကို ပြောလိုက်သည်။
“ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ ကလေး”
🌹Chapter 308
ပိုင်ကျဲက အကာအရံကို ဖျက်သိမ်းလိုက်သည်နှင့် ထောင်ယွမ်ရွာလေးကို ဝန်းရံထားသည့် တောအုပ်များ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။ ထို့အစား အရပ်မျက်နှာအနှံ့မှ ယုတ်ညံ့သည့် တစ္ဆေစွမ်းအင်များက အစားထိုး ဝင်ရောက်လာခဲ့ပါသည်။
မူလက အေးချမ်းသာယာနေသည့် ပတ်ဝန်းကျင်လေး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အဆုံးမဲ့ နှင်းလွင်ပြင်ကြီး တစ်ခုပေါ်လာကာ အရိုးစိမ့်သွားစေလောက်သော အအေးဓာတ်များက တစ်ရွာလုံးကို လွှမ်းခြုံသွားခဲ့သည်။
ဤသည်မှာ ထောင်ယွမ်ရွာ၏ သရုပ်မှန်ပင်။
ယန်ရုန်ရုန် လှေရုပ်လေးကို လေထဲ မြှောက်လိုက်ပြီး လက်သင်္ကေတအချို့ ဖော်ဆောင်လိုက်သည်။ မူလက လက်ဖဝါးအရွယ်သာရှိသော လှေရုပ်ကလေးမှာ ချက်ချင်းဆိုသလို ဧရာမ လှေပျံကြီးအဖြစ် အသွင်ပြောင်းသွားခဲ့ပါသည်။
ထို့နောက် ရွာသားများကို ဝိညာဉ်စွမ်းအင်ဖြင့် ပင့်မ,ကာ ကုန်းပတ်ပေါ်သို့ သူမ တင်ပေးခဲ့သည်။
ရုတ်တရက်ဖြစ်ပေါ်လာသော အပြောင်းအလဲများကြောင့် ရွာသားများမှာ ထိတ်လန့်ကုန်ပြီး ခြေထောက်များပင် မခိုင်တော့ဘဲ ကုန်းပတ်ပေါ်ရောက်သည်နှင့် လဲကျသွားကြကာ မလှုပ်ရှားနိုင်တော့ပါ။
ဟုန်ကောတစ်ယောက်တည်းသာ ကုန်းကုန်းကွကွထလာပြီး လှေစွန်းသို့ တွားသွားကာ အောက်သို့ ငုံ့ကြည့်လိုက်ပါသည်။
အောက်တွင် ယန်ရုန်ရုန်၊ ရှုယင်နှင့် ထိုငွေဖြူရောင် ဝိညာဉ်သားရဲကြီးတို့ကို သူမ မြင်လိုက်ရသည်။ သူမကို ထိုသားရဲကြီး စကားပြောခဲ့စဉ်က သူ့အသံကို ဟုန်ကော အလွန်ရင်းနှီးလွန်းသဖြင့် ချက်ချင်း မှတ်မိသွားခဲ့ပါသည်။
ရွာသူကြီး ဘိုးဘိုးပိုင်၏ အသံပင်။
ဟုန်ကော မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။ ရွာသူရွာသားများ အားလုံးကို အမြဲတမ်း ကြည့်ရှုစောင့်ရှောက်ခဲ့သည့် သဘောကောင်းကောင်း အဘိုးအိုက ဝိညာဉ်သားရဲတစ်ကောင် ဖြစ်နေလေသည်။
ကောင်းကင်ဘုံမိုးကြိုးများကလည်း မသက်ညှာဘဲ ဆက်လက်ဆင်းသက်လာပြီး အလွန်အားကောင်းသည့် နှင်းမုန်တိုင်းတစ်ခုကပါ ရောက်ရှိလာခဲ့သည်။ လှေပျံကြီးပေါ်တွင် ကိုယ်ပိုင်အကာအရံရှိသဖြင့် လေဒဏ်၊ နှင်းဒဏ်များကို ခံနိုင်ရည်ရှိပါသည်။
ပိုင်ကျဲနတ်သားရဲ၏ အကာအရံမရှိတော့သောအခါ ကောင်းကင်ဘုံမိုးကြိုးကြောင့် ထောင်ယွမ်ရွာထဲက အိမ်ကလေးများ တစ်စစီ ကျိုးပဲ့သွားရသည်။ ပရိဘောဂပစ္စည်းများမှာ လေပြင်းနှင့်အတူ လွင့်ပါသွားပြီး စိုက်ခင်းလေးများကိုလည်း နှင်းစက်များက နင်းခြေသွားခဲ့သည်။
ရွာထဲရှိ အရာအားလုံး စက္ကန့်ပိုင်းအတွင်းမှာပင် ပျက်စီးသွားခဲ့ရတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း နှစ်ပေါင်းများစွာ မက်ခဲ့ရသည့် အိပ်မက်လှလှလေးတစ်ခုမှ ရုတ်တရက် နိုးထလာသကဲ့သို့ ပိုင်ကျဲ ခံစားလိုက်ရသည်။ ယခု အေးချမ်းသာယာသည့် ဘဝလေး အဆုံးသတ်သွားခဲ့ပါပြီ။ ‘ရွာသူကြီးပိုင်’ ပိုင်ဆိုင်သည့် အရာအားလုံး အငွေ့ပျံသွားခဲ့လေပြီ။
ယခုတော့ ပိုင်ကျဲဟူသည်မှာ ဝိညာဉ်အကြွင်းအကျန်လေးတစ်ခုထက် မပိုတော့ပေ။
ရှုယင် အနက်ရောင်ဆီစိမ်စက္ကူထီးတစ်လက်ကို ဖွင့်လိုက်သည်။ ‘လ,ယုတ်ထီး’ဟုလည်း ခေါ်ဆိုကြသည့် ၎င်း၏ မျက်နှာပြင်မှာ မင်ကဲ့သို့ မည်းနက်နေပြီး အလယ်တည့်တည့်တွင် ကြက်သွေးရောင်ရှိသည့် လပြည့်တစ်စင်းကို ရေးဆွဲထားသည်။ ၎င်း၏ လက်ကိုင်ကို တစ္ဆေရိုးဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ထိတွေ့လျှင် အေးစက်စက် ခံစားချက်ကို ရသည်။
လေနှင့် နှင်းတို့က ထိုထီးကို ကြောက်ရွံ့ပုံရပြီး အဝေးမှ ရှောင်ကွင်းသွားကြသည်။ ထိုထီးအောက်တွင် ယန်ရုန်ရုန်နှင့် ရှုယင်တို့ ဘေးကင်းကင်းနှင့် နားခိုနိုင်ကြပါသည်။
မိုးကြိုးဒဏ်များအကြား ပိုင်ကျဲ၏ ခန္ဓာကိုယ်က မှေးမှိန်သထက် မှေးမှိန်လာခဲ့သည်။ ယန်ရုန်ရုန့်ကိ ငေးကြည့်ရင်း သူရုတ်တရက် မေးလိုက်ပါသည်။
“မနေ့ညက ဆန်အရက်… တကယ်အရသာရှိရဲ့လား”
ထိတ်လန့်စရာအခြေအနေတစ်ခုတွင် ထိုမေးခွန်းက ထူးဆန်းလို့နေပါသည်။ ယန်ရုန်ရုန် ဇဝေဇဝါဖြစ်သွားသော်လည်း ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“ချိုမြိန်တဲ့ အရသာနဲ့ အရမ်းကို ကောင်းပါတယ်”
ပိုင်ကျဲက ကျယ်ကျယ်ပြန့်ပြန့် ပြုံးသည်။
“ဒါဆို ဖုန့်ဟွိုက်ယွီ ငါ့ကို မလိမ်ခဲ့ဘူးပဲ၊ မင်းက တကယ် စိတ်ထားဖြူစင်ပြီး နှလုံးသားနူးညံ့တဲ့ မိန်းကလေးပဲ”
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်။
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ရမှာလား”
ပိုင်ကျဲ ရယ်မောလိုက်ပါသည်။
“ငါက အမှန်တရားကို ပြောပြတာပါ၊ မင်းက ဖီရှို့နဲ့ တခြားသူတွေရဲ့ အသက်ကိုလည်း ချမ်းသာပေးခဲ့တယ်၊ ရွာသူရွာသားတွေကိုလည်း ကယ်တင်ပေးခဲ့တယ်၊ မင်းကတကယ် လူကောင်းတစ်ယောက်ပါ”
ယန်ရုန်ရုန်လည်း ထို ‘လူကောင်း’ဟူသည့် ဂုဏ်ပုဒ်ကို မျက်နှာသေနှင့် လက်ခံလိုက်ပြီး မေးလိုက်ပါသည်။
“ရှင် နောက်ဆုံးပြောခဲ့ချင်တာ ရှိလား”
“မင်းနဲ့ ဖုန့်ဟွိုက်ယွီတို့ အသက်ရှင်နေကြသေးတာကို သိရုံနဲ့ ငါစိတ်အေးရပါပြီ၊ မင်းက ကပ်ဘေးသယ်ဆောင်သူ ဖြစ်ပေမယ့် ရှင်သန်ခြင်းရဲ့ နောက်ဆုံးမျှော်လင့်ချက်လေးဆိုလည်း ဟုတ်တယ်၊ ကံမကောင်းစွာနဲ့ ငါ့အချိန် ကုန်လွန်တော့မှာမို့လို့ မင်းအတွက် လုပ်ပေးနိုင်တာ သိပ်မရှိတော့ဘူး၊ တစ်ခုပဲ… ငါမင်းကို နည်းနည်းလောက် လမ်းညွှန်ပြသပေးနိုင်တယ်”
ယန်ရုန်ရုန် စိတ်ဝင်စားသွားသည်။
“ဘာများလဲ”
သို့သော် ပိုင်ကျဲ ပါးစပ်ဟလိုက်သည်နှင့် အလွန်တရာ အားကောင်းပြင်းထန်သည့် ကောင်းကင်ဘုံမိုးကြိုးတစ်ချက် ဆင်းသက်လာခဲ့ပြီး သူ့ဝိညာဉ်ကို တစ်စစီဖြစ်အောင် ဖြိုခွင်းလိုက်တော့သည်။
ပိုင်ကျဲ၏ ဝိညာဉ်မှာ မရေမတွက်နိုင်အောင် များပြားသော ကြယ်မှုန်လေးများအဖြစ် ပြိုကွဲသွားပြီး နှင်း၊လေတို့နှင့်အတူ လွင့်ပါသွားခဲ့တော့သည်။
ယန်ရုန်ရုန် ကြက်သေသေသွားပြီး မျက်လုံးများပြူးကျယ်ကာ အော်ခေါ်လိုက်သည်။
“ပိုင်ကျဲ!”
ကြယ်မှုန်လေးတစ်ပွင့်က သူမပခုံးပေါ်သို့ ကျရောက်လာခဲ့သည်။ ရှုယင်က ထိုကြယ်မှုန်လေးကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ဖမ်းရင်း သူမကို ကမ်းပေးလိုက်ပါသည်။
ယန်ရုန်ရုန်လည်း ထိုကြယ်မှုန်လေးကို ယူလိုက်ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ ပိုင်ကျဲ မကြာခင် ထွက်သွားရတော့မည်ဖြစ်မှန်း သူမ သိထားသော်လည်း ဒီလိုရုတ်ခြည်းဆန်လိမ့်မည်ဟုတော့ ထင်မထားခဲ့ပါ။
သူ နောက်ဆုံးပြောချင်ခဲ့တဲ့ စကားက ဘာများလဲ…
“သွားချိန်တန်ပြီ”
ရှုယင်က သတိပေးလိုက်သည်။
ယန်ရုန်ရုန်လည်း အသိစိတ်ပြန်ကပ်သွားပြီး ကြယ်မှုန်လေးကို ချန့်ခွင်းအိတ်ထဲထည့်ကာ အမှောင်ထုထဲ ခြေနင်းလျက် ရှုယင်နှင့်အတူ လှေပျံပေါ်သို့ တက်သွားခဲ့တော့သည်။
-
ယန်ရုန်ရုန်နှင့် ရှုယင်တို့ ရုတ်တရက်ပေါ်လာခြင်းကြောင့် ရွာသားများ လန့်ဖျပ်သွားကြသည်။
ယခုဆို အာ့ထိုက်လည်း သတိရလာပြီဖြစ်၍ ယန်ရုန်ရုန့်လက်ကို အတင်းပြေးဆွဲကာ စိုးရိမ်တကြီး မေးမြန်းလိုက်ပါသည်။
“သားဘိုးဘိုး ဘယ်မှာလဲ၊ အဲ့ဒီအဖြူရောင်မကောင်းဆိုးဝါးကြီး သူ့ကို စားလိုက်ပြီလား”
အာ့ထိုက်၏ စကားကို ကြားခါမှ ယခုလှေပေါ်တွင် ရွာသူကြီးမှအပ အားလုံးရှိနေသည်ကို ရွာသားများ သတိပြုမိသွားခဲ့ကြသည်။
ယန်ရုန်ရုန့် နှလုံးသား လေးလံသွားခဲ့ပါသည်။
“ရွာသူကြီးပိုင် ထွက်သွားပြီ”
သူမ တိုးညှင်းစွာ ပြန်ဖြေခဲ့သည်။
ရွာသားများက သူမအနား ဝိုင်းအုံလာပြီး ရွာသူကြီးပိုင် ဘယ်ကို ထွက်သွားကြောင်း အလုအယက် မေးမြန်းကြသည်။
ယန်ရုန်ရုန်က ဖြေပေးလိုက်သည်။
“အရမ်းဝေးတဲ့နေရာတစ်ခုကို ထွက်သွားတာ၊ သူပြန်လာတော့မှာ မဟုတ်ဘူး…”
ဒါကိုလက်မခံနိုင်သေးဘဲ ရွာသားများက အသည်းအသန် ထပ်မေးကြသည်။
နောက်ဆုံးတော့ ရှုယင်ကသာ ခံစားချက်မဲ့သော မျက်နှာနှင့် အေးစက်စွာ အဖြေပေးခဲ့ပါသည်။
“သူသေပြီ”
ရွာသားများ မယုံကြည်နိုင် ဖြစ်သွားကြသည်။
မနက်ကမှ ကျန်းကျန်းမာမာရှိနေသေးသည် ရွာသူကြီးမှာ ရုတ်တရက်ကြီး ဘာကြောင့် သေဆုံးသွားရမည်နည်း။ အာ့ထိုက်ပြောသလို မကောင်းဆိုးဝါးအစားခံလိုက်ရခြင်းပဲလား။
အာ့ထိုက် ကုန်းပတ်ပေါ် လဲကျသွားခဲ့ပြီး အဘိုးဖြစ်သူအတွက် ယူကျုံးမရဖြစ်စွာ ငိုကြွေးနေခဲ့သည်။ ရွာသူကြီးက သူ့အဘိုးအရင်းမဟုတ်မှန်း သိသော်လည်း စစ်ပွဲထဲတွင် သူ့မိသားစုသေဆုံးသွားစဉ်ကတည်းက ရွာသူကြီးပိုင်မှာ သူ့ကို ကျွေးမွေးပြုစုစောင့်ရှောက်ပြီး မေတ္တာအစစ်အမှန်နှင့် ပျိုးထောင်ပေးခဲ့သည်။
အာ့ထိုက်အတွက်တော့ ရွာသူကြီးပိုင်က မိသားစုအစစ်အမှန်ပင်။
ယခုတော့ အာ့ထိုက် မိဘမဲ့ ပြန်ဖြစ်သွားခဲ့ရလေပြီ။
ယန်ရုန်ရုန် ဘာမှမပြောခဲ့ပါ။ ရှုယင်ကလည်း မျက်မှောင် ကြုတ်လို့နေသည်။
ထိုစဉ် ဆူညံသံများအကြား စူးစူးဝါးဝါးအော်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“အော်မနေကြနဲ့!”
ဟုန်ကောကို အားလုံး လှည့်ကြည့်လိုက်ကြသည်။ သူမ မျက်ဝန်းများ နီမြန်းနေပြီး ပါးပြင်ပေါ်တွင်လည်း မျက်ရည်များဖြင့် စိုရွှဲလို့နေသည်။ ဝမ်းနည်းနာကျင်မှုများကို အံကြိတ်သည်းခံကာ အာ့ထိုက်ကို ဆွဲထူပေးရင်း သူမ ရှိုက်ကြီးတငင်ပြောလိုက်ပါသည်။
“ဘိုးဘိုးပိုင် တကယ်မရှိတော့ဘူး၊ ငါ့မျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာ၊ သူ့ကို မကောင်းဆိုးဝါး စားသွားတာ မဟုတ်ဘူး”
ထိုငွေဖြူရောင် ဝိညာဉ်သားရဲကြီး မိုးကြိုးပစ်ခံရပြီး ကြယ်မှုန်လေးများအဖြစ် လွင့်ပျယ်သွားသည်ကို သူမ မြင်ခဲ့ရသည်။ လူတိုင်းကို ပြုံးပြတတ်သော၊ သဘောကောင်းကြင်နာတတ်သည့် အဘိုးကြီး ထာဝရ ပျောက်ကွယ်သွားပြီဖြစ်မှန်း သူမ နားလည်ပါသည်။
ရွာသားများက လှေစွန်းသို့သွားကာ အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။ အောက်တွင် လူရိပ်တစ်ရိပ်မှ မရှိတော့ဘဲ သူတို့ရွာကလေး၏ အပျက်အစီးများနှင့် လေထဲလွင့်မျောနေသည့် ကြယ်မှုန်ကလေးများကိုသာ မြင်ခဲ့ရသည်။
ရွာသားတစ်ဦးက မေးသည်။
“မကောင်းဆိုးဝါးစားသွားတာ မဟုတ်ဘူးဆိုရင် သူဘယ်လို သေသွားတာလဲ”
ရွာသူကြီးပိုင်က သူတို့အားလုံး ကြောက်ရွံ့နေကြသည့် ‘မကောင်းဆိုးဝါး’ဖြစ်သည်ဟု ဟုန်ကော မပြောရက်ခဲ့ပါ။ သူတို့နှလုံးသားထဲက ရွာသူကြီး၏ ဖြူစင်နေသော ပုံရိပ်ကို သူမ မဖျက်ဆီးလိုပေ။
“ဘိုးဘိုးပိုင်က လူကောင်းတစ်ယောက်ပါ”
ဟုန်ကော ပြောလိုက်သည်။
“သူ့အချိန်ကုန်လွန်သွားပြီမို့လို့ နတ်ဘုံနတ်နန်းမှာ စံစားဖို့ ကောင်းကင်ဘုံက သူ့ကို ဆင့်ခေါ်ခဲ့တာ၊ အဲ့ဒီမိုးကြိုးတွေ၊ လေပြင်းမုန်တိုင်းတွေက… ဘိုးဘိုးပိုင်ကို ကောင်းကင်ဘုံက ဆင့်ခေါ်တဲ့ အခမ်းအနားတွေပါ…”
ရွာသားများ မယုံကြည်နိုင်ကြသေးသော်လည်း တိတ်ဆိတ်သွားခဲ့ကြပါသည်။ အာ့ထိုက်က မျက်ရည်များဖြင့် မေးလိုက်သည်။
“ဘိုးဘိုးပိုင်ကို သားဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလာား”
ဟုန်ကောက သူ့မျက်ရည်များကို သုတ်ပင်းရင်း လေးလေးနက်နက် ဆိုလိုက်သည်။
“ဘယ်သူပြောလဲ၊ သူ မရှိတော့ဘူးဆိုပေမယ့် သူ့ဝိညာဉ်က ကြယ်ပွင့်ကလေးတွေ ဖြစ်လာတယ်လေ၊ သူ့ကို သတိရရင် ညကောင်းကင်ကြီးကို မော့ကြည့်လိုက်ရုံပဲပေါ့”
-
ထောင်ယွမ်ရွာကလေး၏ အကာအရံများ ပျောက်ကွယ်သွားသောအခါ ဝိညာဉ်ကျင့်ကြံသူများစွာ ချက်ချင်းဆိုသလို ရောက်ရှိလာကြသည်။
၎င်းတို့ထဲတွင် ဝင်ပေါက်၌ စောင့်နေခဲ့ကြသော လောလော၊ လျို့လန်နှင့် မုထုန်တို့လည်း ပါဝင်ပါသည်။
နှင်းစက်များနှင့် ရောယှက်ပျောက်ကွယ်သွားသည့် ကြယ်မှုန်ကလေးများကို ငေးကြည့်ရင်း လောလော သုန်မှုန်သွားခဲ့သည်။
ထို့နောက် ဒူးတစ်ဖက်ထောက်ချကာ ရေခဲပြင်ကို လက်ဖြင့် တို့ထိလိုက်ပါသည်။
“ကောင်းကောင်သွားပါ… အစ်ကိုကြီးပိုင်ကျဲ”
မြေပြင်ပေါ်သို့ ကြယ်စင်မှုန်ကလေးများ ဖြည်းဖြည်းချင်း ကျဆင်းလာပြီး ရေခဲလွှာများနှင့် တသားတည်း ပေါင်းစပ်သွားခဲ့တော့သည်။