← Chapters

အခန်း (၃၀၉-၃၁၀)

Vol. 31 Ch. 309-310

အခန်း (၃၀၉-၃၁၀)

Vol. 31 Ch. 309-310

🌹Chapter 309

ယန်ရုန်ရုန်သည် လောလောနှင့် အဆက်အသွယ်ရရှိပြီးနောက် နှင်းလွင်ပြင်ထက်တွင် လှေပျံကို ရပ်နားထားခဲ့ပါသည်။

သူ့အစ်ကိုကြီးနှင့် တတိယအစ်ကိုတို့ကို တွေ့ရတော့မည်ဟု သိလိုက်ရသဖြင့် ထွင်ထွင် အလွန်စိတ်လှုပ်ရှားသွားကာ ရွက်တိုင်ပေါ်တွင် မတ်တပ်ရပ်ပြီး လည်ပင်းဆန့်ရင်း အဝေးသို့ ငေးမျှော်ကြည့်နေခဲ့ပါသည်။

သို့သော် သူ့မျက်လုံးများကိုတော့ ယခင်အတိုင်း ပိတ်ထားဆဲဖြစ်၍ ဘာမှ မမြင်နိုင်ပေ။ အနံ့အာရုံဖြင့်သာ အရာရာကို ရှာဖွေနေရပါသည်။

သိပ်မကြာလိုက်ဘဲ အလွန်ရင်းနှီးနေသည့် ရနံ့တစ်ခုကို သူရရှိသွားခဲ့သည်။

သူ့အစ်ကိုကြီးတို့၏ ရနံ့များပင်…

ထွင်ထွင် အလွန်စိတ်လှုပ်ရှားသွားပြီး အော်ဟစ်လိုက်ပါသည်။

“အစ်ကိုကြီး၊ တတိယအစ်ကို!”

လောလောသည်လည်း လျို့လန်၊ မုထုန်တို့နှင့်အတူ လှေပျံနားသို့ ချဉ်းကပ်လာခဲ့ပါသည်။ ကုန်းပတ်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် ထွင်ထွင်က စိတ်မရှည်လက်မရှည် ပြေးလွှားလာပြီး သူ့အစ်ကိုများကို အော်ခေါ်လိုက်လေသည်။

ထွင်ထွင်ကိုမြင်သောအခါ မုထုန်လည်း သိသိသာသာ ပျော်ရွှင်သွားခဲ့ပါသည်။

“စတုတ္ထညီလေး!”

သူတို့သုံးယောက်အနက် အကြီးဆုံးဖြစ်သော လျို့လန်သာ တည်ငြိမ်နေခဲ့သည်။ သူ့ကို ပြေးဖက်ဖို့ ကြိုးစားနေသည့် ထွင်ထွင်ကို တွန်းထုတ်ကာ မျက်မှောင်ကြုတ်လျက် ဆူငေါက်လိုက်ပါသည်။

“ငါမင်းကို သိတောင်မသိဘူး၊ လာမထိနဲ့ကွ!”

သို့သော် ထွင်ထွင်က နားပါကန်းနေသဖြင့် လျို့လန်၏ သတိပေးစကားကို မကြားနိုင်ဘဲ ထပ်ချဉ်းကပ်ဖို့ ကြိုးစားပြန်ပါသည်။

လျို့လန်ဒေါသထွက်လာပြီး ထွင်ထွင်ကို အစွယ်ဖြဲပြကာ မာန်ဖီလိုက်သည်။

“သွားစမ်း!”

ထွင်ထွင်မှာ မျက်စိလည်းမမြင် နားလည်းမကြားနိုင်သော်လည်း အခြားသူများ၏ စိတ်ခံစားချက်ကိုတော့ အာရုံခံနိုင်စွမ်း ရှိပါသည်။

ထို့ကြောင့် လျို့လန်၏ ရန်လိုမှုကို အာရုံခံမိပြီး သူအလွန်ဝမ်းနည်းစွာဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ အစ်ကိုကြီး!”

ဒုက္ခပေါင်းများစွာကို ကျော်ြဖတ်ကာ ညီအစ်ကိုများ ပြန်လည်ဆုံဆည်းခဲ့ရခြင်းဖြစ်သော်လည်း သူ့အစ်ကိုက အလွန်အေးစက်ကာ သူစိမ်းဆန်နေခဲ့ပါသည်။ ညီငယ်တစ်ဦး၏ နှလုံးသားကို အမှန်တကယ် ကွဲကြေသွားစေသည်။

ထွင်ထွင်က မျက်စိမမြင်၊ နားမကြားမှန်း မုထုန်သိသော်လည်း လျို့လန်က မသိပေ။ ယခုချိန်တွင် ထွင်ထွင်မှာ လူစကား နားမလည်ဘဲ အလွန်စိတ်ရှုပ်ဖို့ကောင်းသူတစ်ယောက်ဖြစ်သည်ဟုသာ လျို့လန် တွေးထင်နေမိပါသည်။

လျို့လန်စိတ်မလွတ်ခင် ထွင်ထွင်၏ လက်ကို မုထုန်အမြန်လာဆွဲကာ တားလိုက်ပါသည်။

မုထုန်သည် ထွင်ထွင်ကို အခြေအနေ ရှင်းပြဖို့ ကြိုးစားသော်လည်း ထွင်ထွင်က ဘာမှ မကြားနိုင်သဖြင့် လေကုန်ရုံသာ ရှိခဲ့ပါသည်။ ထို့ကြောင့် မုထုန်ပင် အလွန်စိတ်ရှုပ်ထွေးသွားပြီး ခေါင်းကုတ်မိလေသည်။

ရှေးယခင်က သူတို့ညီအစ်ကိုလေးဦးတွင် ရွှေလက်ကောက် တစ်ကွင်းစီ ရှိခဲ့ကြသည်။ ထိုလက်ကောက်များကို ဝတ်ဆင်ထားပါက အစ်ကိုဖြစ်သူတို့၏အသံကို ထွင်ထွင်ကြားနိုင်ပါသည်။ သို့သော် မဟာကပ်ဘေးကြီး ကျရောက်စဉ်က ထိုလက်ကောက်များ ပျက်စီးခဲ့ရသည်။

မုထုန် လက်လျှော့ခါနီးဆဲဆဲအချိန်တွင် ယန်ရုန်ရုန်က ‘လျှိ့ဝှက်ဆက်သွယ်ခြင်း’အဆောင်စက္ကူများကို သူ့လက်ထဲ ထိုးထည့်ပေးလိုက်ပါသည်။

မုထုန်လည်း ထိုအဆောင်များကို ရတနာများပမာ လက်ခံလိုက်ပြီး တစ်ရွက်ကို ချက်ချင်း ဆုတ်ဖြဲပစ်လိုက်ပါသည်။ ထိုအခါ သူ့အသံက ထွင်ထွင်၏ အာရုံထဲသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။

“စတုတ္ထညီလေး! အစ်ကိုကြီးက ခေါင်းဒဏ်ရာရထားလို့ အတိတ်မေ့နေတာ! အတိတ်ကအကြောင်းတွေကို သူဘာမှ မမှတ်မိဘူး!”

ထွင်ထွင် တုန်လှုပ်သွားခဲ့သည်။

“အစ်ကိုကြီး ဘယ်လိုဖြစ်ရတာလဲ၊ သူ့ကိုဘယ်သူလုပ်လိုက်တာလဲ!”

ယန်ရုန်ရုန် ချောင်းအနည်းငယ်ဟန့်ကာ ပြောလိုက်သည်။

“အဟမ်း ငါလုပ်စရာကိစ္စလေးတွေ ရှိသေးလို့ နင်တို့အေးအေးဆေးဆေး စကားပြောကြပါ၊ ကြီးကြီးမားမား ကိစ္စမရှိရင် ငါ့ကိုလာမရှာကြနဲ့နော်၊ ကိစ္စရှိရင်တောင် လာမရှာကြနဲ့ဟယ်”

ထို့နောက် လျှပ်စီးလိုအလျှင်နှင့် သူမ လစ်ထွက်သွားတော့သည်။

သူမနောက်သို့ လျို့လန် ပြေးလိုက်သွားချင်သော်လည်း မုထုန်နှင့် ထွင်ထွင်တို့က တားဆီးထားကြပါသည်။ ညီငယ်နှစ်ယောက်က လျို့လန်၏ လက်တစ်ဖက်စီကို ချုပ်ထားကြပြီး ညီအစ်ကိုများ စကားအေးဆေး ပြောကြမည်ဟု ခေါင်းမာစွာ တိုက်တွန်းနေခဲ့သည်။

လောလောလည်း သူတို့ကိုအနှောင့်အယှက် မပြုတော့ဘဲ တိတ်တဆိတ် ထွက်လာခဲ့တော့သည်။

-

ယန်ရုန်ရုန် လှေအတွင်းပိုင်းသို့ ဝင်သွားခဲ့ပြီး တံခါးများ၊ ပြူတင်းပေါက်များကို ပိတ်လိုက်သည်။ ထို့နောက် သူမ ချန့်ခွင်းအိတ်ထဲမှ ကြယ်မှုန်လေးကို ထုတ်လိုက်ပါသည်။

ပိုင်ကျဲနတ်သားရဲ၏ ဝိညာဉ်ပျောက်ကွယ်သွားခဲ့စဉ်က ဖြစ်ပေါ်လာသည့် ကြယ်မှုန်များစွာထဲမှ တစ်ခုပင် ဖြစ်သည်။

ထိုကြယ်မှုန်လေးကို ယန်ရုန်ရုန် စိုက်ကြည့်လိုက်ပြီး ပိုင်ကျဲ ပျောက်ကွယ်မသွားခင်က နောက်ဆုံးပြောခဲ့သည့် စကားလုံးများကို ပြန်စဉ်းစားခဲ့ပါသည်။ ဧကရာဇ်မင်းကြီးကိုယ်တိုင်ပင် အသည်းအသန် တားဆီးလိုက်ရသဖြင့် အရေးကြီးသည့် အချက်အလက်တစ်ခုဖြစ်နေနိုင်သည်။

ထိုကြယ်မှုန်အား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ ဝိညာဉ်စွမ်းအင်အချို့ ထည့်သွင်းဖို့ ယန်ရုန်ရုန် ကြိုးစားလိုက်ပါသည်။

မူလက လက်သည်းခွံအရွယ်သာ ရှိသော ကြယ်မှုန်လေးက ရုတ်တရက် ကြီးမားသွားခဲ့ပြီး လေပေါ်မြောက်တက်ကာ ယန်ရုန်ရုန့်ခေါင်းပေါ်သို့ အရှိန်ဖြင့် ပြန်ပြုတ်ကျလာခဲ့သည်။

ထိုကြယ်မှုန်ကို ယန်ရုန်ရုန် တားဆီးချင်ခဲ့သော်လည်း စိတ်ကို အားတင်းလိုက်ပြိး သူမပေါ်သို့ ကျရောက်ခွင့် ပြုလိုက်သည်။

သူမနဖူးနှင့် ထိုကြယ်မှုန်တို့ ထိတွေ့မိသောအခါ နာကျင်မှုကို မခံစားရဘဲ နွေးထွေးပြီး နူးညံ့သည့် ခံစားချက်တစ်ခုကိုသာ ခံစားခဲ့ရပါသည်။ သူမ မျက်လုံးများ အလိုလျောက် မှိတ်သွားခဲ့သည်။ အာရုံများ ရီဝေနေစဉ် ဆူညံသံပေါင်းစုံက သူမနားထဲ တိုးဝင်လာခဲ့သည်။

သူမ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ မီးပင်လယ်ကြီးတစ်ခုထဲသို့ ရောက်ရှိနေခဲ့ပါသည်။

ကောင်းကင်ပေါ်မှ မီးလောင်ကျွမ်းနေသော ဥက္ကာခဲပေါင်းများစွာ ကြွေကျလာခဲ့သည်။ တောင်တန်းကြီးများ အပိုင်းပိုင်း ကွဲအက်လာကာ နေမင်းနှင့် လမင်းတို့တွင်လည်း အရောင်အသွေးများ မရှိကြတော့ပေ။

မရေမတွက်နိုင်အောင် များပြားသော ဝိညာဉ်သားရဲများက ဦးတည်ရာမဲ့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ မီးတောက်မီးလျှံများအကြား ကြောက်လန့်တုန်လှုပ်မှု၊ စိတ်ပျက်အားလျော့မှုတို့၏ အော်သံများ နားမခံနိုင်အောင် ထွက်ပေါ်နေခဲ့ပါသည်။

ထိုမြင်ကွင်းကို ယန်ရုန်ရုန် ရီဝေစွာ စိုက်ကြည့်နေခဲ့ပြီး ဘာတွေဖြစ်နေမှန်းလည်း နားမလည်နိုင်ခဲ့ပေ။ ထိုစဉ် သူမ အနောက်မှ အလွန်သွေးပျက်ချောက်ချားနေသည့် အသံတစ်သံ ထွက်ပေါ်လ‌ေလေသည်။

“ဘာတွေဖြစ်နေတာလဲ သခင်ကြီးပိုင်ကျဲ ၊ ကပ်ဘေးသယ်ဆောင်သူ သေသွားတာတောင် မဟာကပ်ဘေးကြီးက ရပ်တန့်မသွားဘဲ ဘာလို့ ကျရောက်လာခဲ့တာလဲ!”

ယန်ရုန်ရုန် ချက်ချင်း နောက်လှည့်ကြည့်လိုက်ပါသည်။ ဒဏ်ရာအပြင်းအထန် ရရှိထားသည့် နတ်သားရဲ ၇ ကောင် ၈ ကောင်ခန့် မြေပေါ်တွင် ဒူးထောက်နေကြသည်ကို သူမ မြင်လိုက်ရသည်။ မျိုးနွယ်ချင်း မတူညီကြသော်လည်း သူတို့ မျက်ဝန်းတွေထဲက စိတ်ပျက်အားလျော့မှုနှင့် ချောက်ချားမှုတို့ကတော့ ထပ်တူကျနေခဲ့ပါသည်။

သူတို့မေးခွန်းများအတွက် ပိုင်ကျဲတွင် စိတ်ကျေနပ်စရာ အဖြေမရှိခဲ့ပါ။ ဘာကြောင့် ဒီလိုတွေဖြစ်လာရကြောင်းကို သူကိုယ်တိုင်လည်း မသိခြင်းကြောင့်ပင်။

နတ်သားရဲများက ဒီလိုအဆုံးသတ်မျိုးကို လက်သင့်မခံနိုင်သဖြင့် ပိုင်ကျဲနတ်သားရဲအား နောက်ဆုံးတစ်ကြိမ် ဟောကိန်းထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါသည်။

ပိုင်ကျဲ မျက်လုံးမျာကို မှိတ်လိုက်ပြီး ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ လျှို့ဝှက်ချက်များကိုရှာဖွေခဲ့သည်။ ပိုင်ကျဲနတ်သားရဲသည် အရာခပ်သိမ်း၏ စိတ်ခံစားချက်များကို နားလည်နိုင်စွမ်းရှိကာ အတိတ်နှင့် အနာဂတ်တို့ကို မြင်နိုင်စွမ်းရှိသည့် ပါရမီဖြင့် မွေးဖွားလာသူဖြစ်၍ ဟောကိန်းများစွာကို ထုတ်ခဲ့ဖူးပါသည်။

ဒီတစ်ကြိမ်ကတော့ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို နောက်ဆုံးအကြိမ် ရှာဖွေခြင်း ဖြစ်ပါလိမ့်မည်။

အချိန်အတော်ကြာသောအခါ သူ့မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။ နတ်သားရဲများ၏ စောင့်ကြည့်မှုအောက်တွင် ပိုင်ကျဲ ဖြည်းညှင်းစွာ ပြောလိုက်ပါသည်။

“မဟာကျိန်စာသားရဲကြီးလေးပါးနဲ့ ကပ်ဘေးသယ်ဆောင်သူတို့ကို ငါမြင်ခဲ့တယ်… သူတို့ကြားမှာ အပေးအယူတစ်ခု လုပ်ခဲ့ကြတယ်”

နတ်သားရဲတစ်ကောင်က မေးသည်။

“ဘယ်လိုအပေးအယူမျိုးလဲ…”

ပိုင်ကျဲက ဖြည်းညှင်းစွာ ခေါင်းခါလိုက်ပါသည်။

“သူတို့စကားကို ငါမကြားနိုင်ခဲ့ဘူး၊ မဟာကျိန်စာသားရဲကြီးလေးပါးရဲ့လက်ထဲ ကပ်ဘေးသယ်ဆောင်သူ တစ်ခုခု ထည့်ပေးလိုက်တာကိုပဲ မြင်တယ်၊ သူထည့်ပေးလိုက်တဲ့ အဲ့ဒီအရာထဲမှာ… မျှော်လင့်ချက် အလင်းရောင်လေးတစ်ခုကို ငါမြင်ခဲ့ရတယ်… သက်ရှိသတ္တဝါအားလုံးအတွက် ကောင်းကင်ဘုံတာအိုက နောက်ဆုံးချန်ထားပေးခဲ့တဲ့ မျှော်လင့်ချက်လေးတစ်ခုပဲ”

ထိုသို့ပြောပြီးနောက် ပိုင်ကျဲနတ်သားရဲ ဆက်၍ ထိန်းထားနိုင်စွမ်းမရှိတော့ပေ။ သူမြေပေါ်သို့ လဲကျသွားခဲ့ပြီး နောက်ဆုံးဝိညာဉ်စွမ်းအင်လက်ကျန်များလည်း ကုန်ခမ်းသွားခဲ့ကာ သူ့အသက်စွမ်းအားများ ဆက်တိုက်ဆိုသလို လျော့နည်းလာခဲ့ပါသည်။

နတ်သားရဲများက သူ့ဘေးနားတွင် ဝန်းရံကာ သူ့အမည်ကို အော်ခေါ်နေကြသည်။

အနီးနားတွင်ရပ်နေသည့် ယန်ရုန်ရုန့်ကိုတော့ ဘယ်သူမှ မမြင်ကြပါ။ ဒီကမ္ဘာကြီးထဲတွင် သူမ အမှန်တကယ် ရှိမနေသည့် ပုံစံပင်။

ယန်ရုန်ရုန် ငြိမ်ငြိမ်သက်သက်ရပ်ကာ ပိုင်ကျဲကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူ့အတွက် အဆုံးသတ်နီးပြီမှန်း သိလိုက်ရသဖြင့် ပိုင်ကျဲ အံကြိတ်ကာ နောက်ဆုံးစကားတစ်ခွန်းကို ဆိုခဲ့ပါသည်။

“ဝူရှန့်ယွဲ့(ဝူတောင်ရဲ့လမင်း)၊ လင်ကျန်းရှမ့်(မြစ်ကမ်းနံဘေးကမသေမျိုး)… အဲ့တာကိုရှာ… မင်းတို့ အဲ့တာကို ရှာရမယ်”

ယခုအခြေအနေတွင် သူမကို ပိုင်ကျဲ မမြင်သင့်သော်လည်း ထိုစကားလုံးများက သူမအတွက် ရည်ရွယ်သည်ဟု ခံစားနေရသည်။

ပိုင်ကျဲ နောက်ဆုံးထွက်သက်ကို ရှိုက်လိုက်ပြီးနောက် ယန်ရုန်ရုန့်ရှေ့မှ မြင်ကွင်းများအားလုံး အငွေ့ပျံကာ ပျောက်ကွယ်သွားခဲ့သည်။

မျက်စိတစ်မှိတ်အချိန်အတွင်း သူမ လှေပျံပေါ်သို့ ပြန်ရောက်လာခဲ့ပါသည်။

ယန်ရုန်ရုန် အတွးနွံထဲ နစ်မျောသွားခဲ့သည်။ ထိုမြင်ကွင်းမှာ ပိုင်ကျဲ၏ မှတ်ဉာဏ်ပဲ ဖြစ်ရမည်။

သူ့နောက်ဆုံးဟောကိန်းကို ဖော်ပြဖို့ သူမအတွက် ထိုကြယ်မှုန်လေးအား ချန်ထားပေးခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

ဝူရှန်းယွဲ့၊ လင်ကျန်းရှမ့်…

“ဝူရှန်း” (ဝူတောင်) နှင့် “လင်ကျန်း) (မြစ်ကမ်းနံဘေး) ဟူသည်မှာ တည်နေရာများ၏ အမည်ဖြစ်ပုံရသည်။ သို့သော် ထိုနေရာနှစ်ခုကို သူမ တစ်ခါမှ မကြားဖူးသဖြင့် ဘယ်မှာ တည်ရှိနေမှန်းလည်း မသိနိုင်ပေ။

🌹Chapter 310

ယန်ရုန်ရုန့်ကို လောလော ရှာတွေ့သောအခါ သူမသည် ထိုင်ခုံတစ်လုံးတွင် ရီဝေစွာထိုင်ရင်း တစ်စုံတစ်ခုကို တီးတိုး ရေရွတ်နေပါသည်။

လောလော အနားတိုးလာပြီး သေချာ နားထောင်ကြည့်လိုက်ရာ စကားလုံး ၆ လုံးကို ကြားလိုက်ရသည်။

“ဝူရှန်းယွဲ့၊ လင်ကျန်းရှမ့်…”

ထိုစကားလုံးများကို ရင်းနှီးနေသည်ဟု လောလော ခံစားမိသည်။ သေသေချာချာ စဉ်းစားပြီးနောက် သူရုတ်တရက် မှတ်မိသွားခဲ့ပြီး ပါးစပ်မှ လွှတ်ခနဲ မေးလိုက်မိပါသည်။

“ခွန်းလွင်နယ်မြေကို မင်းရောက်ဖူးတာလား”

သို့သော် သူအမြန်ခေါင်းခါလိုက်ပါသည်။

“မဖြစ်နိုင်တာ၊ မင်းအသက်က ဘယ်လောက်ရှိသေးလို့လဲ၊ ခွန်းလွင်နယ်မြေကို ရောက်ဖူးတာ မဖြစ်နိုင်ပါဘူး”

ယန်ရုန်ရုန် သူ့ကိုဇဝေဇဝါဖြစ်စွာ မော့ကြည့်လိုက်သည်။

“ဘာလို့ ခွန်းလွင်နယ်မြေအကြောင်း ရုတ်တရက်ကြီး ပြောရတာလဲ”

လောလောက သူမထက်ပင် ပို၍ ဇဝေဇဝါဖြစ်နေပါသေးသည်။

“မင်းကကော အဲ့ဒီနာမည်တွေကို ဘာလို့ ရွတ်နေရတာတုန်း”

ယန်ရုန်ရုန်၏ ကြောင်စီစီမျက်နှာကို ကြည့်ပြီး သူမ အမှန်တကယ် နားမလည်မှန်း ရိပ်မိကာ လောလော ရှင်းပြလိုက်ပါသည်။

“ဝူရှန်းနဲ့ လင်ကျန်းတို့ဆိုတာ ခွန်းလွင်နယ်မြေအတွင်းမှာ တည်ရှိကြတာလေ၊ မင်းအဲ့နာမည်တွေ ရွတ်နေတာ ကြားမိလို့ အဲ့ဒီကို ရောက်ဖူးမယ် ထင်သွားတာ”

ယန်ရုန်ရုန် မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်း မတ်တပ်ထရပ်ကာ မေးလိုက်သည်။

“ရှင်က ဝူရှန်းနဲ့ လင်ကျန်းတို့ဆီ ရောက်ဖူးလို့လား၊ ကျွန်မကို ခေါ်သွားပေးလို့ရမလား”

လောလော သက်ပြင်းချလိုက်သည်။။

“ဝူရှန်းနဲ့ လင်ကျန်းတို့ဆိုတာ ခွန်းလွင်နယ်မြေသခင်ရဲ့ ပိုင်နက်တွေပဲ၊ အဲ့ဒီလူက ထူးဆန်းတယ်၊ လူတွေနဲ့ ပတ်သတ်ရတာကို သဘောမကျဘဲ အမြဲတမ်းလိုလို တစ်ယောက် တည်းပဲ နေတတ်တယ်၊ သူနဲ့ စကားနည်းနည်း ပြောနိုင်တာဆိုလို့ ပိုင်ကျဲတစ်ယောက်ပဲ ရှိတာ၊ ခွန်းလွင်သခင်ရဲ့ ခွင့်ပြုချက်မရဘဲ အပြင်လူတွေ ခွန်းလွင်နယ်မြေကို ဝင်ခွင့်မရှိဘူး၊ ငါလည်း သူနဲ့ မရင်းနှီးတော့ အထဲကိုတစ်ခါမှ မရောက်ဖူးဘူး၊ ပိုင်ကျဲ ပြောတာကို ကြားဖူးလို့သာ လင်ကျန်းနဲ့ ဝူရှန်းတို့အကြောင်း သိနေတာ၊ ခွန်းလွင်မှာ အဲ့လိုနေရာနှစ်ခု ရှိတယ်၊ ရှုခင်းတွေက အရမ်းလှပလွန်းလို့ ပြင်ပလောကြီးကိုတောင် မေ့လျော့သွားစေတယ်တဲ့”

ယန်ရုန်ရုန် ခေါင်းမာစွာ ထပ်မေးသည်။

“အဲ့တာဆို ခွန်းလွင်နယ်မြေဘယ်နားမှာ ရှိလဲဆိုတာ ရှင်သိလား”

“ယေဘုယျ ဘယ်အရပ်ကို သွားရမလဲဆိုတာလောက်ပဲသိတာ၊ တည်နေရာအတိအကျတော့ မပြောတတ်ဘူးလေ”

ယန်ရုန်ရုန် အပျော်လွန်သွားခဲ့သည်။ ခွန်းလွင်နယ်မြေသို့ သွားရောက်ကာ ဝူရှန်းနှင့် လင်ကျန်းတို့ကို ရှာဖွေဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့ပါသည်။

ပိုင်ကျဲမသေဆုံးခင်က နောက်ဆုံးဟောကိန်းမှာ ခွန်းလွင်နယ်မြေကို ညွှန်ပြနေသည်။ ထို့ကြောင့် ခွန်းလွင်နယ်မြေတွင် လျှို့ဝှက်ချက်များ ကျိန်းသေပေါက် ရှိနေနိုင်သည်။

အမှန်တရားကို သိရဖို့ ယန်ရုန်ရုန် မစောင့်နိုင်တော့ပေ။

သို့သော် လောလောကတော့ သူမလောက် မပျော်နိုင်သေးပါ။ သူသတိပေးလိုက်သည်။

“မဟာကပ်ဘေးကြီး ကျရောက်လာတုန်းက ခွန်းလွင်နယ်မြေတစ်ခုလုံး ပျက်စီးသွားခဲ့တာနော်၊ သက်ရှိတစ်ကောင်တလေတောင် မရှင်သန်နိုင်ခဲ့ဘူး၊ လင်ကျန်းနဲ့ ဝူရှန်းတို့လည်း ပျောက်ကွယ်သွားလောက်ပြီ ထင်တယ်”

ယန်ရုန်ရုန် ခေတ္တကြက်သေသေသွားသော်လည်း စိတ်အမြန် ပြန်ထိန်းနိုင်ခဲ့ပါသည်။

ခွန်းလွင်နယ်မြေ ပျက်သုဉ်းခဲ့ရမှန်း လောလောပင် သိနေလျှင် ပိုင်ကျဲက မသိစရာအကြောင်း မရှိပေ။ သို့သော် လင်ကျန်းနှင့် ဝူရှန်းတို့ကို ရှာဖွေဖို့အတွက် သူ့အသက်ကိုပင်ရင်းပြီး သတိပေးခဲ့ပါသည်။

ဒါကိုကြည့်ခြင်းအားဖြင့် ထိုနေရာများက ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ကမ္ဘာကြီးထံမှ ပုန်းကွယ်နေခြင်းသာ ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် ယန်ရုန်ရုန် ဆိုလိုက်သည်။

“ဘာပဲဖြစ်ဖြစ်ပါလေ၊ ကျွန်မကိုယ်တိုင် ခွန်းလွင်နယ်မြေကို သွားပြီး စစ်ဆေးကြည့်ရမယ်”

လောလောလည်း အခြားရွေးချယ်စရာမရှိတော့သဖြင့် သူမနှင့်အတူ လိုက်ဖို့ ဆုံးဖြတ်ရတော့သည်။

“ငါလည်း ဘာမှလုပ်စရာမရှိလို့ မင်းနဲ့အတူလိုက်ခဲ့မယ်”

-

ခွန်းလွင်နယ်မြေသို့ မသွားခင် ယန်ရုန်ရုန့်တွင် ဆောင်ရွက်စရာ တာဝန်တစ်ခု ရှိနေပါသေးသည်။ ထောင်ယွမ် ရွာသားများကို ဘေးကင်းလုံခြုံသည့် နေရာတစ်ခုသို့ ပို့ဆောင်ပေးဖို့ပင်။

ခက်တော့ မခက်လှပေ။ လှေပျံဖြင့် ဝိညာဉ်နယ်မြေအတွင်းမှ ထွက်ခွာကာ လူသားနယ်မြေအတွင်းသို့ ဝင်ရောက်လျက် ရှမ့်ယွင်ဂိုဏ်းအနီးတွင် သူတို့အတွက် နေရာတစ်ခု ရှာဖွေပေးလိုက်ပါမည်။

အမြင့်မြတ်ဆုံး ဂိုဏ်းတစ်ခုဖြစ်သည့်အလျောက် ရှမ့်ယွင်ဂိုဏ်းက ၎င်းတို့ကဲ့သို့ သာမန်လူသားများကို လိုလိုလားလား ကြိုဆိုပါလိမ့်မည်။ ရှမ့်ယွင်ဂိုဏ်း၏ အကာအကွယ်ဖြင့် ထောင်ယွမ်ရွာသားများ အနာဂတ်တွင် ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ကြပါလိမ့်မည်။

ရှုယင်ကို သူမအစီအစဉ် ပြောပြလိုက်ပြီး နှုတ်ဆက်ဖို့ ပြင်လိုက်သည်။ ရှုယင်က ဝိညာဉ်ဧကရာဇ်ဖြစ်သည်ကို သူမ မမေ့ပေ။

လူသားကျင့်ကြံသူများနှင့် ဝိညာဉ်ကျင့်ကြံသူများက သမိုင်းတစ်လျှောက်လုံး မဟာရန်သူတော်များ ဖြစ်ခဲ့ကြသည်။ ယန်ရုန်ရုန်သာ သူ့ကို ရှမ့်ယွင်ဂိုဏ်းသို့ ခေါ်သွားပါက ကျိန်းသေ စစ်မက်ဖြစ်ပွားပါလိမ့်မည်။

သူ့ကို ယန်ရုန်ရုန် ထားခဲ့ဖို့ ကြံနေမှန်း သိလိုက်ရသောအခါ ရှုယင် မကျေမနပ် မျက်မှောင်ကြုတ်မိလေသည်။ သို့သော် ထိုကိစ္စကို တိုက်ရိုက် မကန့်ကွက်ဘဲ မေးခွန်းတစ်ခုသာ မေးလိုက်ပါသည်။

“မင်းဒီတိုင်းပဲ ထွက်သွားတော့မှာလား၊ မင်းရောက်လာမယ့်အကြောင်း ဟွင်သွမ်းကို အသိပေးခဲ့တာ ဘယ်သူလဲ၊ မြစ်ထဲက အလောင်းကောင်တွေကို ထိန်းချုပ်ခဲ့တာ ဘယ်သူလဲ၊ အဲ့တာတွေ မင်းမစုံစမ်းချင်တော့ဘူးလား”

ယန်ရုန်ရုန်လည်း စုံစမ်းချင်ပါသည်။ သို့သော် သူမ ဘယ်လိုစုံစမ်းရမှန်း မသိပေ။ အမှန်တကယ် စုံစမ်းဖို့ဆိုလျှင် အချိန်တွေ အများကြီး ပေးရနိုင်သဖြင့် ထိုပြဿနာကို လောလော ဆယ် ခေတ္တခဏ ဘေးဖယ်ထားကာ ပိုအရေးကြီးသည့် ကိစ္စများကိုသာ အရင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

သူမ တွန့်ဆုတ်နေပုံကို ကြည့်ပြီး ရှုယင် တဲ့တိုးပြောလိုက်သည်။

“ငါမင်းအတွက် စုံစမ်းပေးနိုင်တယ်၊ မကြာခင် အဖြေရလာစေရမယ်”

ယန်ရုန်ရုန် အံ့အားသင့်သွားသည်။

“ဘယ်လိုလုပ်လိုက်တာလဲ၊ ရှင်သဲလွန်စတစ်ခုခု ရထားလို့လား”

“ဝိညာဉ်ကျင့်ကြံသူတွေက ရုပ်သေးထိန်းချုပ်တဲ့ပညာမှာ ထူးချွန်ကြတယ်၊ ဒါပေမယ့် ရုပ်သေးအမျိုးအစားတွေက အများကြီးရှိတာ၊ ဝိညာဉ်ရုပ်သေး၊ အလောင်းကောင်ရုပ်သေး၊ အရိုးရုပ်သေး၊ စက္ကူရုပ်သေး စသဖြင့်ပေါ့၊ အဲ့ဒီ မြစ်ကြမ်းပြင်က သတ္တဝါတွေကို အရိုးရုပ်သေးလို့ သတ်မှတ်နိုင်တယ်၊ အဲ့ဒီတုန်းက ငါသေချာ စစ်ဆေးကြည့်ခဲ့တယ်၊ အဲ့ဒီ အရိုးရုပ်သေးတွေကို ထိန်းချုပ်တဲ့လူ ရွာထဲမှာ ရှိမနေခဲ့ဘူး၊ အဲ့လောက် ရုပ်သေးတွေ အများကြီးကို အဝေးကြီးကနေ ထိန်းချုပ်နိုင်တဲ့ ဝိညာဉ်ကျင့်ကြံသူဆိုတာ ရှားပါးတယ်၊ ငါမေးစရာရှိတဲ့ လူအချို့ကို မေးပြီးတာနဲ့ တရားခံက ဘယ်သူဘယ်ဝါလဲ သိရလိမ့်မယ်”

ရှုယင်၏ သုံးသပ်ချက်က ယုတ္တိရှိပြီး ဖြစ်နိုင်ချေ အလွန်မြင့်ပါသည်။ ယန်ရုန်ရုန်လည်း စိတ်ဝင်စားသွားခဲ့သည်။ သူမကို နောက်ကွယ်မှ ကြံစည်တိုက်ခိုက်နေသူမှာ မည်သူမည်ဝါဖြစ်မှန်း အလွန်သိချင်လှပါသည်။

ထို့ကြောင့် အတန်ကြာအောင် စဉ်းစားပြီးနောက် သူမအစီအစဉ်ကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တော့သည်။

လောလောကို သွားတွေ့ပြီး လူသားနယ်မြေသို့ ရွာသားများကို ပို့ဆောင်ပေးဖို့ ယန်ရုန်ရုန် အကူအညီတောင်းခဲ့ပါသည်။ ထို့နောက် သူမချန့်ခွင်းအိတ်ထဲမှ ဝူဝမ့်ဓားကို ထုတ်ကာ လောလောအား ပေးလိုက်သည်။

“ဒါကျွန်မကို ရှန်းဝမ်ချင်းပေးထားတဲ့ ဝူဝမ့်ဓားပဲ၊ ဓားပေါ်မှာ ရှမ့်ယွင်ဂိုဏ်းရဲ့ တံဆိပ်ပါတယ်၊ ဂိုဏ်းခေါင်းဆောင် နန်ခယ့်ဆီ ယူသွားလိုက်၊ ဒီဓားကို သူမြင်ရင် ရွာသားတွေကို ကူညီပေးဖို့ သဘောတူလိမ့်မယ်၊ အားလုံးပြီးတာနဲ့ ဆက်သွယ်ရေးအဆောင်သုံးပြီး ကျွန်မကိုဆက်သွယ်ပါ”

လောလော ဝူဝမ့်ဓားကို ယူလိုက်ပြီး သေသေချာချာ စစ်ကြည့်ကာ ချီးကျူးလိုက်ပါသည်။

“တော်တော်ကောင်းတဲ့ ဓားပဲ! မင်းအတွက် ရှန်းဝမ်ချင်း တော်တော်ကြိုးစားပေးခဲ့ပုံရတယ်”

ယန်ရုန်ရုန် သူ့ကို တွန်းထုတ်လိုက်သည်။

“စကားမများဘဲ သွားစရာရှိတာ သွားစမ်းပါ”

လောလောက လက်တစ်ဖက်ဖြန့်ကာ အရှက်မရှိ ပြုံးလိုက်သည်။

“ငါအလကား လုပ်မပေးဘူးနော်၊ ခရီးစရိတ် အရင်ပေးဦး!”

ယန်ရုန်ရုန် မျက်စပစ်လိုက်ပြီး ဝိညာဉ်ကျောက်တုံး လက်တစ်ဆုပ်စာ ထုတ်ကာ ကပ်စေးနည်း၏ လက်ထဲ ထိုးထည့်ပေးလိုက်ပါသည်။

လောလော အသေအချာ ရေတွက်လိုက်ပြီး ကျေနပ်သွားပုံရသည်။

“အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဝိညာဉ်ကျောက်တုံးများနှင့် ဝူဝမ့်ဓားတို့ကို သိမ်းဆည်းပြီးနောက် လောလောက မေးသည်။

“ရှန်းဝမ်ချင်းကိုကော တစ်ခုခု ပြောစရာရှိသေးလား”

ယန်ရုန်ရုန်က ခေါင်းခါသည်။

လောလော ထပ်မေးလိုက်သည်။

“မင်းအကြောင်းကို သူမေးရင်ကော ဘယ်လိုဖြေရမလဲ”

ယန်ရုန်ရုန် ခေတ္တစဉ်းစားလိုက်သည်။

“တကယ်လို့ ကျွန်မကို မဖြစ်မနေ တွေ့ချင်တယ်ဆိုရင် ခွန်းလွင်နယ်မြေမှာ လာတွေ့ဖို့ ပြောလိုက်ပါ”

လောလော ဆွံ့အသွားသည်။

“ခွန်းလွင်နယ်မြေ ဘယ်မှာရှိမှန်း သူဘယ်လိုလုပ်သိမှာတုန်း”

ယန်ရုန်ရုန် အဖြေမပေးခဲ့ပါ။ ထို့အစား အလွန်ထူးဆန်းသည့် မေးခွန်းတစ်ခုကိုသာ ပြန်မေးခဲ့သည်။

“ခွန်းလွင်နယ်မြေသခင်ရဲ့ နာမည်ကို ရှင်သိလား”

“သူ့မျိုးရိုးနာမည်က ဖုန့်ဆိုတာပဲ သိတယ်၊ အရင်တုန်းက ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်မှာ ပွဲတော်တွေ တက်ရောက်တုန်းက သူ့ကို သခင်ကြီးဖုန့်လို့ပဲ အားလုံး ခေါ်ကြတာ၊ နာမည်အတိအကျတော့ ငါလည်း မသိဘူး၊ ဘာလို့ ရုတ်တရက်ကြီး မေးရတာလဲ”

ယန်ရုန်ရုန် ပြန်ဖြေသည်။

“သူ့နာမည်အပြည့်အစုံက ဖုန့်ဟွိုက်ယွီ ဖြစ်နိုင်တယ်”

လောလော မှင်သက်သွားသည်။

“သူ့နာမည်အပြည့်အစုံကို မင်းက ဘယ်လိုသိတာလဲ၊ သူနဲ့ ရင်းနှီးလို့လား၊ ဒါပေမယ့် သူသေတာ နှစ် ထောင်နဲ့ချီနေပြီလေ… ဘယ််လိုလုပ်ဖြစ်နိုင်မှာလဲ”

“ကျွန်မသူနဲ့ မရင်းနှီးပါဘူး၊ ဒါပေမယ့် အတိတ်ဘဝတုန်းကတော့ ရင်းနှီးခဲ့လောက်တယ်”

သူမနှင့် သူမ၏အတိတ်ဘဝအကြောင်း၊ ဖုန့်ဟွိုက်ယွီတို့အကြောင်းကို ယန်ရုန်ရုန် အကြမ်းဖျင်း ရှင်းပြလိုက်ပါသည်။ ထိုရှင်းပြချက်များကို နားထောင်ပြီး လောလော ပါးစပ် အဟောင်းသားဖြင့် ကြက်သေသေသွားခဲ့ရလေသည်။

သူလုံးဝ ထင်မထားခဲ့ပေ။ ရှေးခေတ်က ကောလဟာလများ တကယ်မှန်ကန်နေခဲ့သည်။

ခွန်းလွင်နယ်မြေအရှင်သခင်တွင် ချစ်သူတစ်ယောက် အမှန်တကယ်ရှိခဲ့ဖူးသည်ပင်။

All Chapters