အခန်း (၃၁၁-၃၁၂)
Vol. 32 Ch. 311-312
🌹Chapter 311
လောလော ရုတ်တရက် ပေါင်ထောင်းကာ ထအော်လိုက်သည်။
“လက်စသပ်တော့ မင်းကိုး! အဲ့ဒီအချိန်တုန်းက တစ်စုံတစ်ယောက် ပျော်ရွှင်စေဖို့အတွက် ခွန်းလွင်နယ်မြေသခင်က ကမ္ဘာအနှံ့ခရီးနှင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ရတနာတွေ အသည်းအသန်ရှာဖွေခဲ့တာ… မင်းအတွက်ဖြစ်နေတာကိုး!”
သူ့အော်သံကြောင့် ယန်ရုန်ရုန် လန့်ဖျပ်သွားပြီး ဆွံ့အသွားခဲ့ရသည်။
“ကျွန်မရှင့်ကို စကားတွေအများကြီး ပြောခဲ့တဲ့အထဲကမှ အဲ့တစ်ချက်တည်းကိုပဲ ရှင်စိတ်ဝင်စားတာလား”
လောလောက သူမကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အဲ့တာ အရမ်းထူးတဲ့သတင်းနော်! အရင်တုန်းက အဲ့ဒီကိစ္စကို လူတွေ ဘယ်လောက်သုံးသပ်ခဲ့ကြလဲ မင်းမသိဘူး၊ ဘယ်လောက်တောင် လှတဲ့ နတ်သမီးလေးမို့လို့ ခွန်းလွင်နယ်မြေသခင်ကိုတောင် ဒီလောက်ထိ ရူးသွပ်သွားစေခဲ့တာလဲ ဆိုတာ အားလုံး သိချင်နေခဲ့ကြတာ၊ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေမှာရှိတဲ့ နာမည်ကျော် မိန်းကလေးအားလုံးကို လူတွေ ခန့်မှန်းခဲ့ကြပေမယ့် မင်းဖြစ်နေလိမ့်မယ်လို့တော့ ဘယ်သူမှ မခန့်မှန်းမိခဲ့ကြဘူး၊ ဟာကွာ… အရင်တုန်းကသာ အဲ့ဒီကိစ္စပေါ်သွားရင် လောကသုံးပါးမှာ အရမ်းကို ပွက်လောရိုက်သွားခဲ့မှာ၊ အဲ့ဒီလူတွေ ပါးစပ်အဟောင်းသား ဖြစ်သွားမယ့်မြင်ကွင်းကို မြင်ယောင်ကြည့်ရုံနဲ့ ငါရယ်ချင်လာပြီ!”’
ထိုသို့ပြောပြီးနောက် သူအမှန်တကယ်လည်း ဟက်ဟက် ပက်ပက် ရယ်မောလိုက်ပါသည်။
ယန်ရုန်ရုန်ကတော့ ရယ်စရာကောင်းသည်ဟု မထင်မိဘဲ လောလောကို မျက်နှာသေဖြင့် ကြည့်နေသည်။ သူရယ်လို့ဝမှ အသံပြန်တိတ်သွားလေသည်။
ရယ်ရလွန်း၍ ထွက်လာသော မျက်ရည်များကိုသုတ် ရင်း သူပြောလိုက်သည်။
“စိတ်မကောင်းစရာပဲ… မဟာကပ်ဘေးကြီး ကျရောက်လာတော့ အဲ့ဒီလူတွေ အားလုံး သေသွားကြတာ၊ ဒီလောက် အံ့ဩဖို့ကောင်းတဲ့ သတင်းကိုတောင် ငါပြောမပြနိုင်တော့ဘူးပေါ့”
သူ့မျက်နှာကို ကြည့်ခြင်းအားဖြင့် အမှန်တကယ် စိတ်မကောင်းဖြစ်နေမှန်း ယန်ရုန်ရုန် သိနိုင်ပါသည်။
“ဝိညာဉ်စက္ကူတချို့ ပူဇော်ပြီး သူတို့ကို ပြောပြလို့ရတာပဲ”
သူမက စကားအဖြစ် ပြောလိုက်ခြင်း ဖြစ်သော်လည်း လောလောက အတည်ယူကာ ခေါင်းခါလျက် သက်ပြင်း ချလိုက်လေသည်။
“မရဘူးလေ…ငါတို့လို မသေမျိုးတွေ၊ နတ်ဆိုးမိစ္ဆာတွေ၊ ဝိညာဉ်သားရဲတွေအတွက် သေခြင်းတရားအလွန်မှာ ဘာမှ မရှိတော့ဘူး၊ ငါတို့ဝိညာဉ်တွေက တမလွန်ကို ရောက်နိုင်မှာ မဟုတ်လို့ စက္ကူတွေ ပူဇော်လည်း သူတို့မကြားနိုင်ဘူး”
လောလော အနည်းငယ် လွမ်းဆွေးသွားမိသည်။ မသေမျိုးများက ထာဝရရှင်သန်နိုင်စွမ်းရှိသဖြင့် လူတိုင်းလူတိုင်း မသေမျိုးဖြစ်လာဖို့ အားသွန်ခွန်စိုက် ကြိုးစားနေကြသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် မသေမျိုုးတစ်ယောက် သေဆုံးသွားလျှင် ၎င်း၏ ဝိညာဉ်မှာ ထာဝရ ပျောက်ကွယ်သွားမည်ဖြစ်ပြီး ပြန်ဝင်စားဖို့ပင် မဖြစ်နိုင်တော့ပါ။
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားခဲ့သည်။
“အဲ့တာဆို ဖုန့်ဟွိုက်ယွီနဲ့ ကျွန်မတို့က ဘာလို့ ပြန်ဝင်စားလာခဲ့ကြတာလဲ”
ထိုအချက်က အဓိပ္ပာယ်မရှိလှပါ။ လောလောလည်း ထိုအချက်ကို နားမလည်နိုင်ပေ။
“မင်းနဲ့ ဖုန့်ဟွိုက်ယွီတို့ အဲ့ဒီအချိန်တုန်းက တစ်ခုခု လုပ်ခဲ့ကြလို့နေမှာပေါ့၊ သူစိမ်းတွေမသိနိုင်ပေမယ့် မင်းတို့ နှစ်ယောက်ပဲ သိနိုင်လိမ့်မယ်၊ မင်းမှတ်ဉာဏ်တွေကို ပြန်ရရင် အားလုံး ရှင်းလင်းသွားပါလိမ့်မယ်”
ယန်ရုန်ရုန်လည်း သံသယများကို ခေတ္တဘေးဖယ်ထားလိုက်ရတော့သည်။
လောလောက မေးပွတ်လျက် ဆိုသည်။ “ရှန်းဝမ်ချင်း၊ လင်းယွမ်၊ ဟမ်ယဲ့နဲ့ ရှုယင်တို့အားလုံးက ဖုန့်ဟွိုက်ယွီ ပြန်ဝင်စားတဲ့လူတွေလို့ မင်းသံသယဖြစ်နေတာမလား၊ အဲ့တာသာ အမှန်ဆို ခွန်းလွင်နယ်မြေဘယ်မှာရှိလဲ သူတို့အားလုံး သိနေနိုင်တယ်”
ယန်ရုန်ရုန်လည်း ထိုသို့ ထင်မိပါသည်။ သို့သော် လောလောက အပျော်ကို ဖျက်လိုက်သည်။
“ငါရှန်းဝမ်ချင်းကို မမြင်ဖူးသေးပေမယ့် လင်းယွမ်၊ ဟမ်ယဲ့နဲ့ ရှုယင်တို့ သုံးယောက်စလုံးကို မြင်ဖူးတယ်၊ အဲ့ဒီသုံးယောက်က ခွန်းလွင်နယ်မြေအကြောင်းကို သိပုံမပေါ်ဘူးနော်”
ယန်ရုန်ရုန်တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်မက ဒီတိုင်း စမ်းသပ်ကြည့်တာပါ၊ အလုပ်ဖြစ်ရင် ကောင်းတာပေါ့၊ အလုပ်ဖြစ်မလာရင်လည်း ကိစ္စမရှိပါဘူး”
ထိုစကားကိုကြားပြီး လောလောလည်း ဘာမှ ဆက်မပြောတော့ပေ။ ထိုနေ့မှာပင် သူတို့ လမ်းခွဲခဲ့ကြသည်။
လောလောက လှေပျံကို ယူဆောင်ကာ ရွာသားများကို အိမ်အသစ်ရှာဖွေပေးဖို့အတွက် လူသားနယ်မြေသို့ ထွက်သွားခဲ့ပါသည်။ တစ်ဖက်တွင် ယန်ရုန်ရုန်၊ ရှုယင်၊ လျို့လန်၊ မုထုန်၊ ထွင်ထွင်နှင့် ငှက်ပေါက်ကလေးတို့က ဝိညာဉ်နယ်မြေအတွင်း ကျန်ရစ်ခဲ့ကြသည်။
-
ရှုယင်က တိမ်နက်များကို ဆင့်ခေါ်လိုက်ပြီး ယန်ရုန်ရုန်နှင့် အခြားသူများကို အရိပ်နန်းတော်သို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။
အတန်ကြာ ခွဲခွာခဲ့ရသော်လည်း အရိပ်နန်းတော်မှာတော့ ယခင်အတိုင်း ရှိနေဆဲပင်။ မှောင်မိုက်ပြီး ကြက်သီးထစရာကောင်းနေကာ သရဲရုပ်ရှင်ကားတစ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုနှင့်ပင် တူလှပါသည်။
ယန်ရုန်ရုန် ဒီနေရာကြီးမှာ ကြာကြာဆက်နေဖို့ အစီအစဉ်မရှိသဖြင့် လုပ်စရာရှိသည့်အလုပ်ကို အမြန်ဆုံးလုပ်ဖို့ ရှုယင်ကို တိုက်တွန်းခဲ့ပါသည်။
ရှုယင်၏ သံသယရှိသူ စာရင်းထဲတွင် လူငါးဦးသာ ပါဝင်သည်။ ထို့နောက် ဝိညာဉ်ဧကရာဇ်အမိန့်တော်ကို ထုတ်ပြန်ကြေညာပြီး ထိုငါးဦးအား အရိပ်နန်းတော်သို့ ဆင့်ခေါ်ခဲ့ပါသည်။ ဝိညာဉ်ဧကရာဇ်အမိန့်တော်ကို ထုတ်ပြန်လိုက်သည်နှင့် ဝိညာဉ်နယ်မြေအတွင်းရှိ မည်သူမှ မနာခံဘဲ မနေဝံ့ကြပေ။
နောက်တစ်နေ့ကူးသောအခါ ဝိညာဉ်ကျင့်ကြံသူလေးဦး အရိပ်နန်းတော်သို့ သုတ်သုတ်ပျာပျာ ရောက်လာခဲ့ကြသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းကို ရှုယင် သေသေချာချာ စစ်ဆေးမေးမြန်းခဲ့သော်လည်း ထူးခြားသည့်အချက် မတွေ့ခဲ့ရပေ။
ထို့ကြောင့် သူတို့လေးဦးကို ပြန်လွှတ်လိုက်ပြီး နောက်ဆုံးကျန်ရစ်နေသူအား သူ့ကိုချက်ချင်း လာတွေ့ဖို့ ဒုတိယဝိညာဉ်ဧကရာဇ်အမိန့်တော်ကို ထုတ်ပြန်ခဲ့ပါသည်။
သို့သော် ထိုလူပေါ်မလာခဲ့ပေ။ ထို့ကြောင့် ရှုယင်လိုချင်နေသည့်အဖြေကို ရလိုက်ရပါပြီ။
ထိုနောက်ဆုံးကျန်ရစ်သူ၏ အမည်ကို ယန်ရုန်ရုန်အား မိတ်ဆက်ပေးလိုက်သည်။
“သူ့နာမည်က ယာရှားလို့ ခေါ်တယ်၊ သူ့ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်နတ်ဘုရားအဆင့်ကို ရောက်နေပြီမို့လို့ ဝိညာဉ်နယ်မြေထဲမှာ ငါပြီးရင် စွမ်းအားအကြီးဆုံးလို့ပြောလို့ရတယ်၊ သူက ရုပ်သေးထိန်းချုပ်တဲ့ပညာမှာ အထူးကျွမ်းကျင်ပြီး စစ်တပ်တစ်တပ်စာလောက် ကြီးမားတဲ့ အရိုးစုရုပ်သေးတွေကို ဖန်တီးထားလို့ ဝိညာဉ်အရိုးစုစစ်သူကြီးလို့ ကျော်ကြားတယ်၊ ငါအမိန့်တော် နှစ်ခါလောက်ထုတ်ပြန်တာတောင် ရောက်မလာဘူးဆိုတော့ သူလိပ်ပြာမလုံလို့ ငါ့ကို မျက်နှာချင်းမဆိုင်ရဲတဲ့ သဘောပဲ”
ယန်ရုန်ရုန်က ချက်ချင်းပြောလိုက်သည်။
“သူမလာနိုင်ဘူးဆိုရင် ကျွန်မတို့ သွားတွေ့ပေးရမှာပေါ့”
“အင်း”
သို့သော် သူတို့ထွက်ခွာဖို့ ပြင်လိုက်စဉ်မှာပင် အရေးကြီးသတင်းတစ်ခုကို ကြားလိုက်ရသည်။
ဝိညာဉ်အရိုးစုစစ်သူကြီး ပုန်ကန်လေပြီ။
ထိုသတင်းက ဝိညာဉ်နယ်မြေတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။ ယခင်တုန်းက ဝိညာဉ်နယ်မြေဟူသည်မှာ ဝိညာဉ်နတ်ဘုရားများနှင့် ဝိညာဉ်စစ်သူကြီးများက ကိုယ့်နယ်မြေကိုယ် အုပ်ချုပ်ကာ အချင်းချင်း တိုက်ခိုက်နေကြသည့် စစ်မြေပြင်တစ်ခု ဖြစ်ခဲ့ဖူးသည်။
သို့သော် ရှုယင်၏ ကျင့်ကြံခြင်းမှာ ဝိညာဉ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားစဉ်ကတည်းက သမိုင်းတွင် ပထမဦးဆုံးသော ဝိညာဉ်ဧကရာဇ်ဖြစ်လာခဲ့ကာ ဝိညာဉ်နယ်မြေတစ်ခုလုံးလည်း ငြိမ်သက်သွားခဲ့ရပါသည်။
ဝိညာဉ်နတ်ဘုရားများနှင့် ဝိညာဉ်စစ်သူကြီးများ၏ ရင်ထဲ ဘာတွေဘယ်လိုပဲ ရှိနေခဲ့ပါစေ အနည်းဆုံးတော့ အပေါ်ယံတွင် ရှုယင်အား ရိုသေလေးစားခဲ့ကြသည်။ ဘယ်သူမှ ပြဿနာမရှာရဲခဲ့ကြပါ။
အချိန်ကြာလာသည်နှင့်အမျှ ဝိညာဉ်ကျင့်ကြံသူများအားလုံး ထိုအေးချမ်းတည်ငြိမ်သည့် ဘဝနှင့် အသားကျလာခဲ့ကြသည်။ ယခုအချိန်ကျမှ တစ်စုံတစ်ယောက်က ရုတ်တရက် ထပုန်ကန်လိုက်သဖြင့် အားလုံး ထိတ်လန့်ချောက်ချားသွားခဲ့ရသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကာယကံရှင်ဖြစ်သည့် ရှုယင်ကမူ အလွန်တည်ငြိမ်နေခဲ့ပါသည်။ ထိုသတင်းကိုကြားပြီး မျက်ခုံးပင် မလှုပ်ခဲ့ပေ။
ယန်ရုန်ရုန် မနေနိုင်ဘဲ မေးကြည့်မိသည်။
“ယာရှား ဘာလို့ ပုန်ကန်တာလဲဆိုတာ ရှင်မသိချင်ဘူးလား”
ရှုယင် အေးစက်စွာ ဖြေလိုက်သည်။
“သူမင်းကို ဒုက္ခပေးဖို့ ကြံစည်ခဲ့တာကို ငါသိသွားလို့လေ၊ ဒီကိစ္စကို အေးအေးချမ်းချမ်း ဖြေရှင်းလို့မရတော့မှန်း သူသိတယ်၊ သူသေလည်း မသေချင်လို့ ပုန်ကန်ဖို့ပဲ ရွေးချယ်လိုက်ရတာ”
ယန်ရုန်ရုန် လှောင်ပြုံးပြုံးလိုက်သည်။
“အဲ့တာဆို ရှင့်နှလုံးသားထဲက ကျွန်မရဲ့ အရေးပါမှုကို သူအထင်ကြီးလွန်းနေတာပဲ”
ရှုယင်က မျက်နှာသေဖြင့် ပြန်ချေပသည်။
“မင်းကသာ ငါ့နှလုံးသားထဲက မင်းရဲ့အရေးပါမှုကို လျှော့တွက်လွန်းနေတာ”
ယန်ရုန်ရုန် ထွက်သွားစဉ်ကတည်းက ရှုယင် ပိုပြီး အထီးကျန်ဆန်လာခဲ့သည်။ သူမအကြောင်း ဘာမှမထူးလျှင် အရိပ်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာများတွင်သာ အောင်းကာ ကမ္ဘာကြီးနှင့် မသက်ဆိုင်သည့် အထီးကျန် အရိပ်တစ်ခုပမာ နေထိုင်ခဲ့ပါသည်။
ယန်ရုန်ရုန့်ကို သူအလွန်ဂရုစိုက်မှန်း ဝိညာဉ်နယ်မြေထဲက ကျင့်ကြံသူအားလုံး သိကြသည်။
ယန်ရုန်ရုန်တစ်ဦးတည်းသာ မသိခြင်း ဖြစ်ပါလိမ့်မည်။
ယောက်ျားတို့၏ အပြောချိုချိုများအပေါ် ယန်ရုန်ရုန် ယဉ်ပါးခဲ့သည်မှာ ကြာပါပြီ။ ယခုအချိန်တွင် အချစ်အကြောင်းကို မစဉ်းစားချင်ပါ။
သူမကို မကောင်းကြံစည်ခဲ့ဖူးသည့်လူအားလုံးကို အမှောင်ထုထဲမှ ဆွဲထုတ်ကာ အားလုံးနှင့် စာရင်းရှင်းပြီး သူမ၏ မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေဖို့သာ စိတ်ဝင်စားပါသည်။
မြစ်ထဲတွင် အရိုးစုရုပ်သေးများကို ထိန်းချုပ်ပြီး သူမကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့သူမှာ ယာရှားဖြစ်မှန်း သေချာသလောက် ရှိနေပါပြီ။ ထိုအကြွေးကို ကျိန်းသေပေါက် ခြေရမည်။
ထို့အပြင် အငြှိုးအတေးမရှိပါဘဲ သူမကို ဘာကြောင့် သတ်ချင်ရကြောင်းကို မျက်နှာချင်းဆိုင်ကာ မေးမြန်ချင်ပါသည်။
သူသည်လည်း ဟယ့်ပျယ်ချင်းကဲ့သို့ပင် ဧကရာဇ်မင်းကြီးမှ ရွေးချယ်ထားသည့် ကံကြမ္မာသားတော်တစ်ယောက် ဖြစ်နေနိုင်ပါသည်။
-
ယာ့ရှန်း ပုန်ကုန်ကြောင်း ကြေညာပြီးသည့်နောက်တွင် ဝိညာဉ်နယ်မြေအတွင်း စစ်မက်များ ချက်ချင်း ဖြစ်ပေါ်ခဲ့တော့သည်။ မရဏတောင်ကြားလမ်းမှ သူ့အရိုးစုရုပ်သေးစစ်တပ်များကို ဦးဆောင်လျက် အနီးဆုံးတွင် ရှိနေသည့် ကြာနီမြို့တော်ကို ယာရှား အရင်ဆုံး သိမ်းပိုက်ခဲ့ပါသည်။
မြို့ထဲတွင် အညံ့မခံသည့်လူအားလုံကို သက်ညှာခြင်းမရှိဘဲ သတ်ဖြတ်ခဲ့ကြသည်။
သုံးရက်အတွင်း မြို့တော်အတွင်းရှိ ဝိညာဉ်ကျင့်ကြံသူ ထက်ဝက်ကျော် သေဆုံးခဲ့ရသည်။ ထိုစစ်မက်မီးများ ကောင်းကင်ပေါ်အထိ ထိုးတက်ကာ ကြောက်စရာကောင်းလွန်းသဖြင့် အနီးနားရှိ ဝိညာဉ်ကျင့်ကြံသူများအားလုံး ထွက်ပြေးကုန်ကြပါသည်။
ထို့နောက် ယာရှားသည် ကြာနီမြို့တော်အတွင်း ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ကာ ဝိညာဉ်နယ်မြေတစ်ခုလုံးကို ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
သူပုန်ကန်ရသည့် အကြောင်းအရင်းက ဝိညာဉ်ဧကရာဇ်ဘေးတွင် ရှိနေသည့် အမျိုးသမီးကျင့်ကြံသူမှာ သက်ရှိသတ္တဝါ အားလုံးကို ပျက်သုဉ်းစေမည့် ကပ်ဘေးသယ်ဆောင်သူ ဖြစ်နေခြင်းကြောင့်ဟု ဆိုခဲ့သည်။
ကပ်ဘေးသယ်ဆောင်သူသည် ဝိညာဉ်နယ်မြေအား အကြွင်းမဲ့ပျက်သုဉ်းစေမည်ဖြစ်၍ အချိန်မီ သုတ်သင်ပစ်မှ ရပါမည်။ သို့သော် ဝိညာဉ်ဧကရာဇ်ကို ကပ်ဘေးသယ်ဆောင်သူက စိတ်ညှို့ထားသဖြင့် စဉ်းစားဆင်ခြင်ဉာဏ်များ ပျောက်ကွယ်နေသည်။
ကပ်ဘေးသယ်ဆောင်သူကို သုတ်သင်ပြီး ဝိညာဉ်နယ်မြေကို ကယ်တင်ပေးနိုင်ဖို့အတွက် ရွေးချယ်စရာမရှိဘဲ သူ့စစ်တပ်ကို ဦးဆောင်ကာ ပုန်ကန်ခဲ့ရခြင်းဖြစ်သည်ဟု ယာရှား ဝါဒဖြန့်ခဲ့ပါသည်။
🌹Chapter 312
ယာရှားသည် သူ၏ ပုန်ကန်မှုအတွက် အလွန်ထည်ဝါသော အကြောင်းပြချက်များကို လုပ်ကြံဖန်တီးပြီး ဝိညာဉ်ကျင့်ကြံသူ နောက်လိုက်များစွာကိုပါ စည်းရုံးနိုင်ခဲ့သည်။
ကပ်ဘေးသယ်ဆောင်သူကို သုတ်သင်ရှင်းလင်းဖို့ ဟူသည်မှာ ကောင်းကင်ဘုံ အရှင်သခင်မှ ပေးအပ်ထားသည့် တာဝန်တစ်ခု ဖြစ်သည်ဟု သူတို့အားလုံး ယုံကြည်နေကြသည်။ ထိုကပ်ဘေးသယ်ဆောင်သူကို သုတ်သင် ရှင်းလင်းဖို့အတွက် ‘ကောင်းကင်အမိန့်တော်’ဟူသော မဟာမိတ်တစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။
ထိုအကြောင်းကို ကြားပြီးနောက် ယာရှားသည်လည်း ဟဲ့ပျယ်ချင်းနည်းတူ ဧကရာဇ်မင်းကြီး ရွေးချယ်ထားသည့် ‘ကံကြမ္မာသားတော်’တစ်ယောက် ဖြစ်မည်ဟု ယန်ရုန်ရုန် ယုံကြည်သွားပါသည်။
ဧကရာဇ်မင်းကြီးပေးအပ်ထားသည့် တာဝန်ကိုပြီးမြောက် အောင် လုပ်ဆောင်ရန် ပုန်ကန်နေခြင်းလား၊ သို့မဟုတ် ‘ကောင်းကင်အမိန့်တော်’ဟူသည့် အမည်ကို အလွဲသုံးစားလုပ်ကာ ဝိညာဉ်ဧကရာဇ်၏ ပလ္လင်ကို လုယူရန် ကြံစည်နေခြင်းလားဆိုသည်ကိုတော့ ယာရှားကိုယ်တိုင်သာ သိပါလိမ့်မည်။
သူ့အတွေးများကို ယန်ရုန်ရုန် ခန့်မှန်းဖို့ စိတ်ကူးမရှိပါ။ ရန်သူဖြစ်ကြောင်း အတည်ပြုနိုင်သည်နှင့် သူမ လုပ်ဆောင်ရမည့်အရာ တစ်ခုသာ ရှိပါသည်။ ရန်သူကို သုတ်သင်ပစ်ဖို့ပင်။
လက်ဦးမှုရယူနိုင်သူက အသာစီးရကာ လက်နှေးသူကတော့ ကပ်ဆိုက်ရပါလိမ့်မည်။ သူမထံ ရန်သူများ ရောက်လာသည့်အချိန်အထိ စောင့်မနေနိုင်ပါ။ သူမကို ရှာမတွေ့နိုင်ခင်မှာပင် ရန်သူတွေ ကျဆုံးသွားအောင် နှိမ်နင်းပစ်ရပါမည်။
မကြာသေးမီက ‘ကောင်းကင်အမိန့်တော်’အဖွဲ့သည် ကြာနီမြို့တော်တွင် ယဇ်ပလ္လင်အခမ်းအနားတစ်ခုကို ကျင်းပရန် ပြင်ဆင်ခဲ့ကြသည်။ ၎င်းတို့၏ မဟာမိတ်အဖွဲ့အစည်းကို ပိုမို ခိုင်မာသွားစေမည့် သွေးသစ္စာဆိုပွဲဟု ဆိုနိုင်သည်။
ဆိုလိုသည်မှာ ကြာနီမြို့တော်တွင် ယာရှား ရှိနေဦးမည်ဖြစ်သည်။ သူ့အတွက် အံ့အားသင့်စရာ လက်ဆောင်လေးပေးဖို့ ယန်ရုန်ရုန် ကြံရွယ်ထားပါသည်။
ရှုယင်သည် သူမအစီအစဉ်ကို ကြားပြီးနောက် ကူညီပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ယန်ရုန်ရုန်ကလည်း မကန့်ကွက်ခဲ့ပါ။
ယာရှားပုန်ကန်မှု၏ ပစ်မှတ်မှာ ရှုယင်နှင့် ယန်ရုန်ရုန်တို့နှစ်ဦးစလုံးဖြစ်သည်။ တစ်နည်းအားဖြင့် သူမတို့နှစ်ဦးမှာ တစ်ကိုင်းတည်းနားသည့် ငှက်နှစ်ကောင်ဖြစ်၍ ဘုံရန်သူကို ပူးပေါင်း တိုက်ခိုက်သင့်ပါသည်။
သူတို့နှစ်ဦး သဘောတူညီမှု ရရှိသွားပြီးနောက် အသေးစိတ်ကို စတင်ဆွေးနွေးခဲ့ကြသည်။ သူထိန်းချုပ်နိုင်သည့် တစ္ဆေရုပ်သေးပမာဏက ယာရှား၏ အရိုးစုရုပ်သေးစစ်တပ်အောက် မနိမ့်ကြောင်း ရှုယင် ရှင်းပြခဲ့သည်။ ထို့အပြင် သူ့တစ္ဆေ ရုပ်သေးများက တိုက်ရည်ခိုက်ရည် ပိုထူးချွန်ကြသည်။
ထို့ကြောင့် အမှန်တကယ် စစ်မက်ဖြစ်ပွားလာလျှင် သူတို့အနိုင်ရနိုင်ခြေက ပိုမြင့်ပါသည်။
သို့သော် ယန်ရုန်ရုန်ကတော့ စစ်မက်ဖြစ်ပွားလာသည်ထိ စောင့်လျှင် ဒုက္ခများနိုင်သည်ဟု ထင်မိပါသည်။ လူအင်အားများစွာ လိုအပ်ပြီး အရေးအကြီးဆုံးက အချိန်လည်း ကုန်ရလိမ့်မည်။
သူမတွင် လုပ်စရာ အလုပ်များစွာ ရှိသဖြင့် အချိန်အကြာကြီး ဆွဲနေ၍ မဖြစ်ပါ။ ထို့ကြောင့် အချိန်တိုအတွင်း ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခုကိုသာ လိုချင်သည်။
သူမ ဘယ်လိုဆောင်ရွက်ဖို့ စီစဉ်ထားကြောင်း ရှုယင် မေးကြည့်သောအခါ ယန်ရုန်ရုန်၏ အဖြေက ရိုးရှင်းပါသည်။
“ဓားပြကို ဖမ်းဖို့ ဓားပြခေါင်းဆောင်ကို အရင်ရှာရတယ်၊ ကျွန်မ ကြာနီမြို့တော်ထဲ ခိုးဝင်ပြီး ယာရှားကို သုတ်သင်လိုက်မယ်”
ရှုယင်က သတိပေးသည်။
“ကြာနီမြို့တော်က အခု ယာရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာနော်၊ နေရာတိုင်းမှာ သူ့လူတွေချည့်ပဲ၊ မင်းအထဲဝင်နိုင်မှာမဟုတ်ဘူး၊၊ အကယ်၍ ဝင်နိုင်ခဲ့ရင်တောင် သူ့ကို ရှာဖို့ ခက်လိမ့်မယ်၊ ယာရှားက သတိကြီးတယ်၊ လူရှေ့သူရှေ့ထွက်လာတယ်ဆိုတာ ရှားတယ်”
ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ ကလောင်တံတစ်ချောင်းကို ထုတ်ကာ အသာအယာ ပြုံးလိုက်ပါသည်။
“ဒါကိုပဲ အားကိုးရတော့မှာပေါ့”
သူမလက်ထဲက ကလောင်တံကို ရှုယင် အကဲခတ်ကြည့်လိုက်ပါသည်။ မီးခိုးဖြူရောင် ငှက်မွေးများရှိကာ အဖြူရောင် ကိုယ်ထည်ရှိပြီး ထိပ်ဖျားတွင် ရွှေရောင်သန်းနေသည်။ ၎င်းမှာ ဟယ့်ပျယ်ချင်းသေဆုံးပြီးနောက် ကျန်ရစ်ခဲ့သည့် ဗျိုင်းဖြူငှက်မွေးကလောင်တံပင်။
ထိုကလောင်တံသည် လောကနိယာမကို ပြောင်းလဲနိုင်စွမ်းရှိကာ အလွန်ရှားပါးသည့် ရတနာတစ်ခုဖြစ်ပါသည်။
ရှုယင် မျက်မှောင်ကြုတ်သွားသည်။
“အဲ့တာ ဟယ့်ပျယ်ချင်းနဲ့ ဝိညာဉ်စည်းနှောင်ထားတဲ့ ရတနာ မဟုတ်ဘူးလား၊ သူကလွဲပြီး တခြားဘယ်သူမှ မသုံးနိုင်ဘူးလေ”
“ကျွန်မကိုယ်တိုင် မသုံးနိုင်ပေမယ့် ကျွန်မရဲ့ ရွှမ်ကျီးကလောင်တံနဲ့ ပေါင်းစပ်လိုက်လို့ရတယ်”
ပြောပြောဆိုဆိုနှင့် နောက်ထပ် ကျောက်စိမ်းရောင် ကလောင်တံတစ်ချောင်းကို ယန်ရုန်ရုန် ထုတ်ပြလိုက်ပြန်ပါသည်။ ၎င်းမှာ သူမဝိညာဉ်နှင့် စည်းနှောင်ထားသည့် ရွှမ်ကျိးကလောင်တံပင်။
ကျင့်ကြံခြင်းလောကတွင် ပစ္စည်းတစ်ခု၏ အရည်အသွေးကို တိုးမြှင့်ရန်အတွက် ကျင့်ကြံသူများက ရတနာနှစ်ပါးကို ပေါင်းစပ်လေ့ရှီပါသည်။ သို့သော် ထိုသို့ပေါင်းစပ်ခြင်းများက ကျရှုံးနိုင်ခြေ မြင့်သည်။ ရတနာများ၏ အဆင့်မြင့်လေလေ ကျရှုံးနိုင်ခြေ ပိုများလေလေဖြစ်သည်။ အကယ်၍ ကျရှုံးသွားခဲ့လျှင် မူရင်း ရတနာ နှစ်ပါးစလုံး ပျက်စီးရလိမ့်မည်။
ကလောင်တံနှစ်ချောင်းကို တစ်ဖက်စီကိုင်ထားသည့် ယန်ရုန်ရုန့်ကို ကြည့်ရင်း ရှုယင် စိတ်ပူသွားခဲ့သည်။
“မင်းရဲ့ ရွှမ်ကျီးကလောင်တံက အဆင့်မြင့်ပေမယ့် ဗျိုင်းဖြူကလောင်တံကလည်း အဆင့်မနိမ့်ဘူးနော်၊ သူတို့အဆင့်က တူတူလောက်ပဲရှိတယ်၊ ဗျိုင်းဖြူကလောင်တံကို ဝါးမျိုဖို့ ရွှမ်ကျီးကလောင်တံကို တောင်းဆိုဖို့က အရမ်းခက်ခဲလိမ့်မယ်၊ မအောင်မြင်လောက်ဘူး”
ယန်ရုန်ရုန်ကတော့ ယုံကြည်မှု ပြည့်ဝနေပါသည်။
“တစ်ခါတုန်းက ဗျိုင်းဖြူကလောင်တံနဲ့ ရေးဆွဲထားတဲ့ ဇာတ်လမ်းတွေကို ကျွန်မ ရွှမ်ကျီးကလောင်တံကိုသုံးပြီး ပြုပြင်ခဲ့ဖူးတယ်၊ အဲ့တာကြောင့် ရွှမ်ကျီးကလောင်တံက ပိုပြီး အားသာမှန်း သိသာပါတယ်၊ အခု ဗျိုင်းဖြူကလောင်တံက သခင်လုပ်သူကို ဆုံးရှုံးလိုက်ရပြီး မိစ္ဆာစွမ်းအင်တွေလည်း ချို့တဲ့နေပြီမို့လို့ စွမ်းအားတော်တော်လေး နိမ့်ကျနေပြီ၊ ကျွန်မကတော့ ရွှမ်ကျီးကလောင်တံကို နေ့တိုင်းလိုလို စွမ်းအင်ဖြည့်ပြီး ပျိုးထောင်ထားတယ်၊ တစ်ခုက အားနည်းနေတဲ့အချိန် တစ်ခုက အားကောင်းနေတာဆိုတော့ အောင်မြင်နိုင်ခြေ မြင့်ပါတယ်”
သူမ မကြိုးစားကြည့်ဘဲ အရှုံးပေးမှာ မဟုတ်မှန်း ရှုယင် နားလည်ပါသည်။
“ဒါဆိုလည်း ကြိုးစားကြည့်လိုက်ပေါ့”
ထိုနေ့မှာပင် ယန်ရုန်ရုန်သည် ဗျိုင်းဖြူကလောင်တံကို ပြန်လည်သန့်စင်ပြီး ၎င်း၏ စွမ်းအားကို အနိမ့်ဆုံးဖြစ်သွားအောင် ဖိနှိပ်ပစ်ခဲ့သည်။
လုပ်ငန်းစဉ်က ရိုးရှင်းမည့်ပုံစံပေါက်သော်လည်း ကိုယ်ရော စိတ်ပါ ပင်ပန်းရပါသည်။ ထို့ကြောင့် ယန်ရုန်ရုန် ခုနစ်ရက်တိုင်တိုင် တံခါးပိတ်ကာ ဗျိုင်းဖြူကလောင်တံကို သန့်စင်ခဲ့ရသည်။ ထို့နောက် ရွှမ်ကျီးကလောင်တံကို မီးပြင်းဖိုထဲ ထည့်သွင်းကာ ပေါင်းစပ်ခြင်းကို စတင်ခဲ့ပါသည်။
နောက်ထပ် ၇ ရက်ခန့်ကြာမှ တံခါးပြန်ပွင့်လာခဲ့သည်။ ရွှမ်ကျီးကလောင်တံအသစ်ကို ကိုင်ရင်း ယန်ရုန်ရုန် ပြန်ထွက်လာခဲ့ပါသည်။ သူမ ပင်ပန်းနေပုံရသော်လည်း မျက်ဝန်းများက ပျော်ရွှင်နေမှန်း ရှုယင် မြင်နိုင်သည်။
ယန်ရုန်ရုန် ကလောင်တံကို မြှောက်ပြကာ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။
“ကျွန်မ လုပ်နိုင်ပါတယ်လို့ ပြောသားပဲ!”
ကျောက်စိမ်းရောင် ရွှမ်ကျီးကလောင်တံတွင် ယခုရွှေရောင်ခပ်ဖျော့ဖျော့ လင်းနေပြီး ကလောင်တံ၏ အဆုံးတွင် သေးငယ်သော အဖြူရောင်ဗျိုင်းငှက်မွေးလေးတစ်ခု တွဲလောင်းကျနေပါသည်။
ယန်ရုန်ရုန် လက်ချောင်းကလေးများဖြင့် ကလောင်တံကို လှည့်လိုက်သောအခါ ကြယ်ပွင့်ကလေးများလို ပိုမို တောက်ပသွားခဲ့သည်။
ယန်ရုန်ရုန်၏ ကလေဆန်သောအမူအရာကို ရှုယင်မြင်ရခဲပါသည်။ ချစ်စရာကောင်းသည်ဟု ထင်မှတ်မိ၍ ရှုယင် ချီးကျူးစကား ဆိုလိုက်သည်။
“ယောင်ယောင်က တကယ်တော်တာပဲ”
သူမ၏ အပြုအမူက ချီးကျူးခံချင်နေသော ကလေးတစ်ယောက်လို ဖြစ်နေသည်ကို သတိထားမိသွားသဖြင့် ယန်ရုန်ရုန် အပြုံးကို အမြန်ပြန်သိမ်းလိုက်ပြီး ချောင်းနှစ်ချက် ဟန့်လိုက်ပါသည်။ သူမ ပျော်ရွှင်မနေဘဲ လုပ်စရာရှိသည်ကို ဆက်လက် လုပ်ဆောင်ရပါမည်။
ယနေ့က ယာရှား အခမ်းအနားကျင်းပမည့်နေ့ဖြစ်သည်။ ထို့ကြောင့် ရှုယင်နှင့် ယန်ရုန်ရုန်တို့ အချိန် ထပ်ဆွဲမနေကြတော့ဘဲ ထွက်လာခဲ့ကြတော့သည်။
လျို့လန်က မကျန်ခဲ့ချင်သဖြင့် ယန်ရုန်ရုန်တို့နှင့်အတူ လိုက်လာခဲ့သည်။ ထိုအခါ မုထုန်နှင့် ထွင်ထွင်တို့လည်း သူတို့အစ်ကိုကြီးနောက်ကို ထပ်ကြပ်မကွာ လိုက်လာခဲ့ကြသည်။ နောက်ဆုံးမှာတော့ အားလုံးကို ယန်ရုန်ရုန် ခေါ်လာခဲ့ရပါတော့သည်။
တိမ်နက်များကို စီးနှင်းရင်း မိုင်ပေါင်းတစ်ထောင်ကျော်ခန့်ကို တစ်ရက်တည်းနှင့် ဖြတ်သန်းကာ မကြာမီ ကြာနီမြို့တော်သို့ ရောက်ရှိလာခဲ့သည်။ မြို့ထဲ တန်းမဝင်သေးဘဲ အနီးနားရှိ တောင်ကုန်းတစ်ခုပေါ်တွင် ဆင်းသက်ခဲ့ကြသည်။ ကလေးသုံးယောက်နှင့် ခရီးသွားနေသော ဝိညာဉ်ကျင့်ကြံသူ လင်မယားနှစ်ယောက်အဖြစ် ယန်ရရုန်တို့ ရုပ်ဖျက်ခဲ့ကြပါသည်။
အခမ်းအနားသို့ တက်ရောက်နိုင်ဖို့အတွက် ယာရှားသည် ဖိတ်ကြားစာများကို နေရာအနှံ့သို့ ပို့ပေးထားသည်။ ဝိညာ်ကျင့်ကြံသူတိုင်း ကျင့်ကြံခြင်းအဆင့်မရွေး မြို့တော်အတွင်းသို့ ဝင်ရောက်ခွင့်ရှိကြသည်။ ထို့ကြောင့် မြို့တော် ဂိတ်တံခါးများကို ကျယ်ကျယ်ပြန့်ပြန်ဖွင့်ထားသဖြင့် ခိုးဝင်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ပါသည်။
သို့သော် သူတို့ ဂိတ်ပေါက်နား ရောက်ရှိလာသောအခါ အဝင်ဝတွင် ဝိညာဉ်ကျင့်ကြံသူများနှင့် အရိုးစုရုပ်သေးများစွာ စောင့်ကြပ်နေကြသည်ကို မြင်လိုက်ရသည်။ မြို့တော်တွင်းသို့ ဝင်ရောက်မည့်လူတိုင်းအား အသေအချာ စစ်ဆေးနေကြပြီး တစ်စုံတစ်ခု မူမှန်သည်နှင့် ချက်ချင်း သတ်ဖြတ်ပစ်ကြပါသည်။
မြို့တွင်းသို့ ဝင်ရောက်မည့်လူများအား စစ်ဆေးဖို့အတွက် မြို့တော် ဂိတ်ပေါက်တွင် အစီအရင်ငယ်တစ်ခုကိုပင် ခင်းကျင်းထားလေသည်။
ယန်ရုန်ရုန် ရွှမ်ကျီးကလောင်တံကို ထုတ်ကာ လေထဲတွင် ရေးသားလိုက်သည်။
“ကြာနီမြို့တော်ထဲကို ဝင်ဖို့ ပြင်ဆင်နေတဲ့ ဝိညာဉ်ကျင့်ကြံသူတစ်ယောက်နဲ့ မြို့တော်ဂိတ်ပေါက်နားမှာ ယန်ရုန်ရုန် ဆုံတွေ့ခဲ့တယ်၊ အဲ့ဒီဝိညာဉ်ကျင့်ကြံသူ နာမကျန်းဖြစ်နေလို့ ရုတ်တရက် မူးလဲသွားတဲ့အချိန် ယန်ရုန်ရုန် သွားကူညီပေးခဲ့ပြီး သူ့လက်ထဲက ဖိတ်စာကို မသိမသာခိုးယူခဲ့တယ်”
ရွှေရောင်စာလုံးများ လေထဲတွင် ခေတ္တလွင့်မျောနေပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ရှေ့နားဆီမှ ဘုန်းကနဲမြည်သံတစ်သံ ထွက်ပေါ်လာခဲ့ပါသည်။ ဝိညာဉ်ကျင့်ကြံသူတစ်ဦး မူးလဲသွားခြင်းပင်။
ထိုကျင့်ကြံသူအနားသို့ ယန်ရုန်ရုန် ပြေးသွားခဲ့ပြီး ကူညီချင်ယောင် ဟန်ဆောင်ကာ သူ့လက်ထဲမှ ဖိတ်ကြားစာကို တိတ်တဆိတ် ခိုးယူလိုက်တော့သည်။