အခန်း (၃၁၃-၃၁၄)
Vol. 32 Ch. 313-314
🌹Chapter 313
ဖိတ်စာကို အောင်အောင်မြင်မြင် ခိုးယူပြီးနောက် ယန်ရုန်ရနု် ရွှမ်ကျီးကလောင်တံကို မြှောက်လျက် စာသားများ ထပ်ရေးသားလိုက်သည်။
“ယန်ရုန်ရုန်၊ ရှုယင်၊ လျို့လန်၊ မုထုန်နဲ့ ထွင်ထွင်တို့ ကြာနီမြို့တော်ထဲ ဝင်လာတဲ့အချိန်မှာ စစ်ဆေးမေးမြန်းဖို့ တာဝန်ရှိတဲ့ ဝိညာဉ်ကျင့်ကြံသူက မတွေ့ရတာကြာပြီဖြစ်တဲ့ မိတ်ဆွေတစ်ယောက်နဲ့ ဆုံခဲ့ရတယ်၊ ယန်ရုန်ရုန်တို့ အဖွဲ့ကို သေချာစစ်ဆေးဖို့ စိတ်မပါတော့လို့ အပေါ်ယံ သာမန်ကာလျှံကာသာ စစ်ဆေးခဲ့တယ်၊ ယန်ရုန်ရုန်တို့ ငါးယောက် အစီအရင်စည်းဝိုင်းထဲ ဝင်သွားတော့လည်း အစီအရင်က ရုတ်တရက် ချွတ်ယွင်းသွားပြီး သူတို့ရဲ့ သရုပ်မှန်ကို မဖော်ထုတ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် အစီအရင်ကို စောင့်ကြည့်နေတဲ့ ဝိညာဉ်ကျင့်ကြံသူကလည်း တစ်နေကုန် အလုပ်များထားတာကြောင့် ပင်ပန်းပြီး ငိုက်နေလို့ အစီအရင် မူမမှန်တာကို သတိမမူမိခဲ့ဘူး၊ အဲ့တာကြောင့် ယန်ရုန်ရုန်တို့ ငါးယောက်အဖွဲ့ ကြာနီမြို့တော်ထဲကို အခက်အခဲမရှိဘဲ ဝင်ရောက်လာနိုင်ခဲ့တယ်”
ရွှေရောင်စာသားများ ပျောက်ကွယ်သွားသောအခါ ယန်ရုန်ရုန် ရွှမ်ကျီးကလောင်တံကို သိမ်းဆည်းလိုက်ပြီး ဖိတ်စာကို ကိုင်ဆောင်လျက် မြို့တော်ဂိတ်ပေါက်နားသို့ ချဉ်းကပ်လာခဲ့ပါသည်။
မြို့တွင်းသို့ ဝင်ရောက်မည့်လူက သိပ်မများသဖြင့် ယန်ရုန်ရုန်တို့အလှည့်ကို ခပ်မြန်မြန်ပဲ ရောက်ရှိလာခဲ့သည်။ သူမတို့ ငါးယောက်စလုံး ရုပ်ဖျက်ထားကြသဖြင့် အပြင်ပန်းကကြည့်လျှင် သာမန်ဝိညာဉ်ကျင့်ကြံသူများဟုသာ ထင်ရပါသည်။
ဂိတ်စောင့်ဝိညာဉ်ကျင့်ကြံသူသည် ယန်ရုန်ရုန့်လက်ထဲမှ ဖိတ်စာကို ယူဆောင်လိုက်ပြီး ပြဿနာမရှိကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူတို့အကြောင်းကို သေသေချာချာ စစ်ဆေးမေးမြန်းဖို့ ကြံလိုက်စဉ် တစ်စုံတစ်ဦးက သူ့အမည်ကို လှမ်းအော်ခေါ်လိုက်ပါသည်။
အသံလာရာဘက်သို့ ဂိတ်စောင့်လှည့်ကြည့်လိုက်ရာ မတွေ့ရသည်မှာ ကြာပြီဖြစ်သော မိတ်ဆွေးတစ်ဦးဖြစ်နေမှန်း မြင်လိုက်ရကာ အလွန်ပျော်ရွှင်သွားလေသည်။
သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နှုတ်ဆက်ကာ စကားများမရပ်မနား ပြောလေတော့သည်။
ယန်ရုန်ရုန်က ကြားဖြတ်မေးလိုက်သည်။
“ကျွန်မတို့ကို စစ်ဆေးလို့ မပြီးသေးဘူးလား”
ဂိတ်စောင့်ဝိညာဉ်ကျင့်ကြံသူက ယန်ရုန်ရုန့်ကို စိတ်မရှည်စွာ လှည့်ကြည့်လိုက်ပြီး ကျပန်းမေးခွန်းအချို့မေးကာ သံသယဖြစ်စရာ မတွေ့သည်နှင့် သွားခွင့်ပြုလိုက်ပါသည်။
“ရပြီ ရပြီ၊ ဟိုနားက အစီအရင်ထဲမှာ သွားရပ်လိုက်ကြ”
ထို့ကြောင့် ယန်ရုန်ရုန်နှင့် ရှုယင်တို့ ဂိတ်စောင့်၏ အစစ်အ ဆေးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ကာ ကလေးသုံးယောက်ကို ခေါ်ဆောင်ပြီး အစီအရင်ထဲ ဝင်သွားခဲ့ပါသည်။
ထိုအချိန်တွင် အစီအရင်စည်းဝိုင်းထဲရှိ မှော်သင်္ကေတများမှာ အမှားအယွင်းတစ်ခုခု ကြုံလိုက်ရသကဲ့သသို့ အရောင်မှေးမှိန်သွားခဲ့သည်။ အလယ်တည့်တည့်တွင် ထိုင်နေသည့် ဝိညာဉ်ကျင့်ကြံသူကို ယန်ရုန်ရုန် တစ်ချက် လှမ်းကြည့်လိုက်ပါသည်။
ထိုဝိညာဉ်ကျင့်ကြံသူမှာ မျက်လုံးများကို မှိတ်ထားပြီး ခေါင်းကလည်း အောက်သို့ ဖြည်းဖြည်းချင်း စိုက်ကျနေကာ အိပ်ငိုက်နေမှန်း သိသာလှပါသည်။
ယန်ရုန်ရုန်သည် ရှုယင်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မဆိုတော့ဘဲ ကလေးသုံးယောက်ကို ခေါ်ကာ အစီအရင်ထဲမှ တိတ်တဆိတ် ထွက်လာခဲ့ကြတော့သည်။
ကြာနီမြို့တော်အတွင်းသို့ ရောက်ရှိသွားသည်နှင့် ယန်ရုန်ရုန် ခေါင်းမော့ကြည့်လိုက်ရာ အလွန်မြင့်မားသည့် ယဇ်ပလ္လင်စင်မြင့်ကြီးကို မြင်လိုက်ရသည်။
မြို့တော်အတွင်းရှိ ဝိညာဉ်ကျင့်ကြံသူများအားလုံး ထိုနေရာသို့ စုပြုံ၍ ချီတက်နေကြသည်။ ယန်ရုန်ရုန်တို့ အုပ်စုလည်း လူအုပ်ကြီးထဲ ရောယှက်ကာ ယဇ်ပလ္လင်ထံစင်မြင့်ထံသို့ ရောက်ရှိလာခဲ့ပါသည်။
ထိုနေရာတွင် အခမ်းအနားကို လာရောက်ကြည့်ရှုကြသည့် ဝိညာဉ်ကျင့်ကြံသူများနှင့် ပြည့်နှက်နေခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး အလွန်စည်ကားသိုက်မြိုက်ကာ ဆူညံနေပါသည်။ ယဇ်ပလ္လင်ပေါ်တွင် အခမ်းအနားမစသေးသဖြင့် စောင့်ကြပ်နေကြသည့် အရိုးစုရုပ်သေးအနည်းငယ်မှအပ မည်သူမှ မရှိကြပေ။
ယန်ရုန်ရုန် ရွှမ်ကျီးကလောင်တံကို ထုတ်လိုက်ပြီး သူမလက်ဖဝါးပေါ်တွင် အမြန်ရေးသားလိုက်ပါသည်။
“ယင်ပလ္လင်အောက်က ရက်မတစ်ခု ရုတ်တရက် ကျိုးသွားလို့ စင်မြင့်တစ်ခုလုံး ပြိုကျသွားခဲ့ရတယ်”
ထိုရွှေရောင်စာလုံးများ သူမလက်ဖဝါးပေါ်တွင် လွင့်ပျယ်သွားပြီး ချက်ချင်းဆိုသလိုပင် တစ်ခုခုကျိုးကျသွားသကဲ့သို့ အလွန်ကျယ်လောင်သော အသံကြီးတစ်သံကို ကြားလိုက်ရသည်။ ယဇ်ပလ္လင်စင်မြင့်ကြီးတစ်ခုလုံး တစ်ဖက်သို့ တိမ်းစောင်းသွားပြီး လူအုပ်ကြီးလည်း ကြောက်လန့်တကြားအော်ဟစ်ရင်း ထွက်ပြေးကြတော့သည်။
ယန်ရုန်ရုန်နှင့် ရှုယင်တို့အဖွဲ့ ဘေကင်းလုံခြုံသည့်နေရာတစ်ခုသို့ ဆုတ်ခွာကာ ဆူညံ့ပွက်လောရိုက်နေသည့် အခြေအနေကို အခွင့်ကောင်းယူလျက် ယန်ရုန်ရုန် စာဆက်ရေးသားခဲ့ပါသည်။
“ယဇ်ပလ္လင်စင်မြင့် ပြိုကျသွားခဲ့တာက ဒီနေ့အခမ်းအနားအောင်မြင်မှုအပေါ် သက်ရောက်မှုရှိစေမယ့် ပြဿနာကြီးကြီးမားမားတစ်ခုဖြစ်တယ်၊ အဲ့တာကြောင့် ယဇ်ပလ္လင်မှာ စောင့်ကြပ်နေကြတဲ့ အရိုးစုရုပ်သေးတွေ ယာရှားထံကို သတင်ပေးပို့ဖို့ အပြေးအလွှား ထွက်သွားခဲ့ကြတယ်”
ထိုစာသားများ ပျောက်ကွယ်သွားပြီးနောက် ယန်ရုန်ရုန် ခေါင်းမော့ကြည့်လိုက်ရာ ယဇ်ပလ္လင်စင်မြင့်ကြီး အတော်လေး ပြိုလဲနေပြီဖြစ်မှန်း မြင်လိုက်ရပါသည်။ မကြာသေးခင်က စောင့်ကြပ်နေခဲ့ကြသည့် အရိုးစုရုပ်သေးများအားလုံးလည်း အောက်သို့ ခုန်ချလိုက်ကြသည်။
အရိုးစုရုပ်သေးတစ်ကောင်က ယာရှားအား သတင်းပေးပို့ဖို့အတွက် မြို့စားစံအိမ်သို့ အပြေးအလွှား ထွက်သွားခဲ့ပါသည်။
ယန်ရုန်ရုန်က ရှုယင်ကို တီးတိုးပြောလိုက်သည်။
“ဒီမှာစောင့်နေ၊ ကျွန်မ ပြန်လာခဲ့မယ်”
ထို့နောက် လျှပ်စီးလိုအလျှင်နှင့် သူမ ပျောက်ကွယ်သွားတော့သည်။
ရှုယင်သည်လည်း သူမ နေခိုင်းသည့်နေရာတွင်သာ စောင့်နေခဲ့သည်။ ယန်ရုန်ရုန် စွန့်ပစ်သွားမှာကို သူမကြောက်ပါ။ သူနှင့်ယန်ရုန်ရုန်တို့ နှစ်ဦးအကြား သံယောဇဉ်ချည်ကြိုးဖြင့် စည်းနှောင်ထားသည်။ သူမ ဘယ်ကိုပဲသွားသွား ရှုယင် ရှာတွေ့နိုင်ပါလိမ့်မည်။
အမေဖြစ်သူ ထွက်သွားသည်ကိုမြင်ပြီး လျို့လန် နောက်မှလိုက်သွားဖို့ ကြံသော်လည်း ရှုယင်က သူ့ခေါင်းကို ဖိကာ ချုပ်ထားသည်။
“သူပြန်လာတဲ့အချိန်ထိ ဒီမှာစောင့်လို့ မင်းအမေပြောသွားတယ်”
လျို့လန်က အထွန့်တက်ချင်သည်။
“ဒါပေမယ့်…”
ရှုယင် သူ့ကို အေးစက်စွာကြည့်ရင်း သတိပေးလိုက်ပါသည်။
“ဘာမှ ဒါပေမယ့်လို့ မရဘူး၊ မင်းအမေစကားကို နားထောင်၊ သူပြန်ရောက်လာလို့ မင်းကိုရှာမတွေ့ရင် ဒေါသထွက်သွားလိမ့်မယ်”
လျို့လန်သာ သာမန်ကလေးတစ်ယောက်ဆို ကြောက်ရွံ့ပြီး ငိုယိုသွားလောက်သည်။ ကံကောင်းစွာဖြင့် လျို့လန်က သတ္တိရှိပါသည်။ သို့သော် သူ့အမေဖြင့် ခြိမ်းခြောက်သောအခါ လျို့လန် ဂုတ်တိုသွားရသည်။
သူ့အမေကို ဒေါသမထွက်စေချင်သဖြင့် စကားနားထောင်ပြီး လိုက်မသွားတော့ဘဲ လိမ်လိမ်မာမာသာ စောင့်နေဖို့ လျို့လန်ဆုံးဖြတ်လိုက်တော့သည်။
သို့သော် လျို့လန် မကျေနပ်ပါ။ ရှုယင်ကို စွေကြည့်ကာ စိတ်ကောက်ကောက်ဖြင့် ဆိုလိုက်သည်။
“ကျွန်တော် ခင်ဗျားကို သဘောမကျဘူး၊ ခင်ဗျားကို ကျွန်တော့်ပထွေးအဖြစ် မလိုချင်ဘူး”
ရှုယင်၏ မျက်နှာကတော့ ရေခဲတမျှ အေးစက်နေဆဲပင်။
“ဪ”
လျို့လန်က မကျေမနပ် ဆက်ပြောသည်။
“ရှန်းဝမ်ချင်း၊ လင်းယွမ်နဲ့ ဟမ်ယဲ့တို့အားလုံး ကျွန်တော့်အပေါ် အရမ်းကောင်းကြတယ်၊ သူတို့ကို ကျွန်တော့်ပထွေးတွေအဖြစ် လက်ခံနိုင်ပေမယ့် ခင်ဗျားတော့ မပါဘူး၊ ခင်ဗျားကို မုန်းတယ်!”
ရှုယင် အေးအေးလူလူ ပြန်ချေပသည်။
“ကိစ္စမရှိဘူး၊ မင်းကလည်း ယောင်ယောင်ရဲ့ သားအရင်းမှ မဟုတ်တာ”
လျို့လန်: “…”
‘အား!!! ဒေါသထွက်စရာ ဒီကောင့်ကို ကိုက်စားပစ်ချင်လိုက်တာ!’
-
ယန်ရုန်ရုန်သည် အရိုးစုရုပ်သေးနောက်သို့ ခြေရာခံလိုက်လာပြီး လမ်းတွင်လည်း ရွှမ်ကျီးကလောင်တံကို ကိုင်ဆောင်လျက် အဆက်မပြတ် ရေးသားနေခဲ့သည်။
“အရိုးစုရုပ်သေးက အလျှင်လိုနေတာကြောင့် နောက်မှာ လူတစ်ယောက်ပါလာမှန်း သတိမထားမိခဲ့ဘူး”
အရိုးစုရုပ်သေးက အလွန်လျှင်မြန်ပြီး နောက်ကိုလည်း တစ်ကြိမ်ပင် လှည့်မကြည့်ခဲ့ပါ။ မြို့စားစံအိမ်နှင့် နီးကပ်လာသောအခါ ယန်ရုန်ရုန် ထပ်ရေးလိုက်ပြန်သည်။
“အရိုးစုရုပ်သေး အရှိန်အဟုန်အပြည့်နဲ့ ပြေးလာခဲ့တာကြောင့် ခလုတ်တိုက်မိပြီး မြေပြင်နဲ့ ဆောင့်မိပြီးတော့ သတိလစ်သွားခဲ့တယ်”
ထို့နောက် ချက်ချင်းဆိုသလို အရိုးစုရုပ်သေး တစ်စုံတစ်ခုနှင့် ခလုတ်တိုက်မိပြီးမြေပေါ်လဲကျကာ ၎င်း၏ ဦးခေါင်းခွံပေါ်တွင် မြင်သာသော အက်ကွဲကြောင်းကြီးပင် ထင်သွားခဲ့ပါသည်။ ထို့နောက် မလှုပ်မယှက် ငြိမ်သက်သွားခဲ့တော့သည်။
ယန်ရုန်ရုန်လည်း အပြေးအလွှားရောက်လာပြီး ဖော်ရွေတတ်သည့် မြို့သူတစ်ယောက်ပမာ ဟန်ဆောင်ကာ အရိုးစုရုပ်သေးကို ကူတွဲပေးလျက် စံအိမ်ဝင်ပေါက်နားထိ ခေါ်လာကာ အစောင့်များကို အော်ပြောလိုက်ပါသည်။
“မြန်မြန်! မြို့စားယာရှားကို အမြန်အသိပေးလိုက်! ယဇ်ပလ္လင်ကြီး ပြိုကျသွားပြီ!”
စံအိမ်ရှေ့တွင် စောင့်ကြပ်နေသည့် အရိုးစုရုပ်သေးနှစ်ကောင်က ယန်ရုန်ရုန့်ကို မသိသော်လည်း ယန်ရုန်ရုန့် လက်ထဲက အရိုးစုရုပ်သေးကိုတော့ သိကြပါသည်။
ထို့အပြင် မကြာသေးခင်က အလွန်ကျယ်လောင်သော အသံကြီးတစ်သံကိုလည်း သူတို့ ကြားခဲ့ကြသည်။ ထို့ကြောင့် အရိုးစုရုပ်သေးတစ်ကောင် အစီရင်ခံဖို့အတွက် အထဲသို့ ပြေးဝင်သွားတော့သည်။
ယန်ရုန်ရုန်က ကျန်ရစ်ခဲ့သော အစောင့်ကို ကြည့်ကာ မေးသည်။
“ဒီရုပ်သေး ဒဏ်ရာရထားတယ်၊ ကျွန်မသူ့ကို အထဲထိ ကူသယ်ပေးရဦးမလား”
မျှော်လင့်မထားစွာဖြင့် အစောင့်က အေးစက်စွာ ပြောလိုက်ပါသည်။
“မလိုဘူး၊ သူ့ကို ဒီမှာထားခဲ့ပြီး မင်းပြန်တော့”
အထဲသို့ ခိုးဝင်ဖို့ ထင်သလောက် လွယ်ကူသည့်ပုံမပေါ်ပါ။ ယန်ရုန်ရုန်လည်း ရွေးချယ်စရာမရှိတော့ဘဲ လေးလံလှသည့် အရိုးစုရုပ်သေးကို အောက်သို့ချကာ ရွှမ်ကျီးကလောင်တံကို ထုတ်ရင်း ဖော်ဖော်ရွေရွေ မေးလိုက်တော့သည်။
“ရှင့်နာမည် ဘယ်လိုခေါ်လဲမသိဘူး”
သူမဘာတွေကြံနေမှန်း မသိသည့် အရိုးစုရုပ်သေးက ရိုးရိုးသားသား ပြန်ဖြေခဲ့ပါသည်။
“ငါ့ကို အမှတ်စဉ် ပင်း-၉၇ အဖြစ် သတ်မှတ်ထားတယ်”
အရိုးစုရုပ်သေးတိုင်းတွင် အမည်မရှိပါ။ အမှတ်စဉ်များသာ ရှိကြသည်။ အမှတ်စဉ်တစ်ခု သေဆုံးသွားလျှင် ရုပ်သေးနောက်တစ်ခုနှင့် အစားထိုးခံရပါလိမ့်မည်။
ယန်ရုန်ရုန် ခပ်ပါးပါး ပြုံးလိုက်သည်။
“နားလည်ပါပြီ”
ထို့နောက် ရွှမ်ကျီးကလောင်တံကို ကိုင်ကာ ယန်ရုန်ရုန် အမြန်ရေးသားလိုက်သည်။
“အရိုးစုရုပ်သေး အမှတ်စဉ် ပင်း-၉၇ ရုတ်တရက်ကြီး အိပ်ငိုက်လာပြီး သမ်းဝေလိုက်မိတယ်၊ ပြီးတော့ ဂိတ်တံခါးကို ကျောမှီရင်း ခပ်မြန်မြန်ပဲ အိပ်ပျော်သွားခဲ့တော့တယ်၊ အရမ်းလှပပြီး ရှည်လျားတဲ့ အိပ်မက်လေးတစ်ခုပါ မက်ခဲ့တာပေါ့…”
ယန်ရုန်ရုန်၏ အမူအရာက အနည်းငယ် ထူးဆန်းနေသည်ဟု ပင်း-၉၇ တွေးမိသွားပြီး စစ်ဆေးမေးမြန်းဖို့ ကြံလိုက်စဉ်မှာပင် ရုတ်တရက်ကြီး အလွန်အိပ်ငိုက်လာခဲ့သည်။
သူ့မျက်လုံးတွေ အလိုလို ပိတ်သွားခဲ့ပြီး အကျယ်ကြီး သမ်းဝေကာ ဂိတ်တံခါးကို ကျောမှီလျက် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လျှောကျရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။
🌹Chapter 314
မြို့စားစံအိမ်ထဲ ဝင်သွားသည့် အရိုးစုရုပ်သေးသည် ညီလာခံ ခန်းမဆောင်အထိ အပြေးအလွှား ရောက်လာခဲ့သည်။
ထိုအချိန်တွင် ယာရှားတစ်ယောက် ရာထူးမြင့် ဝိညာဉ်ကျင့်ကြံသူအချို့နှင့် စကားပြောဆိုနေပါသည်။ အားလုံး ပြုံးပြုံးပျော်ပျော်ရှိနေကြပြီး ၎င်းတို့၏ နယ်မြေချဲ့ထွင် စိုးမိုးရေး အစီအစဉ်များအတွက် ယုံကြည်ချက် အပြည့်အဝ ရှိနေကြပုံပေါ်သည်။
အရိုးစုရုပ်သေးတစ်ကောင် ရုတ်တရက် ဝင်လာသည်ကိုမြင်ပြီး သူတို့အားလုံး စကားစ ဖြတ်လိုက်ကြသည်။ ယာရှားက အနည်းငယ် မကျေမနပ်ဖြစ်မိသော်လည်း သူ့အရိုးစုရုပ်သေးများက သစ္စာရှိမှန်း သူသိပါသည်။ ထို့ကြောင့် အရေးပေါ်အခြေအနေမဟုတ်ဘဲ ဒီလို မဆင်မခြင် ပြုလုပ်မှာ မဟုတ်လောက်ပေ။
“အားလုံး စကားဆက်ပြောနှင့်ကြပါ၊ ကျုပ်ခဏနေ ပြန်လာခဲ့မယ်”
ဝိညာဉ်ကျင့်ကြံသူများကို ယာရှား မှာကြားလိုက်ပြီးနောက် ခန်းမဆောင်ထဲမှ ထွက်လာခဲ့ပါသည်။
စာကြည့်ခန်းထဲကို ရောက်သည်နှင့် အရိုးစုရုပ်သေးကို ယာရှား တိုးညှင်းစွာ မေးလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ”
အရိုးစုရုပ်သေးက ဒူးတစ်ဖက် ထောက်ချကာ အစီရင်ခံလိုက်သည်။
“ယဇ်ပလ္လင်စင်မြင့်ကြီး ရုတ်တရက် ပြိုုကျသွားပါတယ်”
ယာရှားမျက်နှာ အလွန်ဖြူရော်သွားခဲ့လေသည်။
“ဘာကွ! ဘယ်…ဘယ်လိုဖြစ်ရတာလဲ”
မနေ့ညမှ ယဇ်ပလ္လင်ကို သူကိုယ်တိုင် စစ်ဆေးခဲ့ပါသည်။ အားလုံး အဆင်ပြေချောမွေ့ခဲ့သည်။ ယခု အခမ်းအနား စတင်မည့်အချိန်ရောက်ခါမှ ရုတ်တရက် ပြိုကျသွားလေသည်။
တိုက်ဆိုက်မှုဟူသည်များကို ယာရှား မယုံကြည်တတ်သဖြင့် အရိုးစုရုပ်သေးကို စိုက်ကြည့်ကာ သေချာ မေးမြန်းလိုက်သည်။
“မင်းမျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာာလား”
အရိုးစုရုပ်သေးက သူသတင်းကြားခဲ့ရပုံအဆင့်ဆင့်ကို အတိအကျ ပြန်ပြောပြခဲ့သည်။ ယာရှားက ကိုယ်တိုင် စစ်ဆေးမေးမြန်းလို၍ သတင်းလာပို့သည့် အရိုးစုရုပ်သေးနှင့် ၎င်းနှင့်အတူပါလာသော မိန်းကလေးကျင့်ကြံသူတို့ကို ချက်ချင်း ခေါ်လာရန် အမိန့်ပေးလိုက်ပါသည်။
အရိုးစုရုပ်သေး ပြန်လည်ထွက်ခွာသွားသောအခါ စာကြည့်ခန်းထဲတွင် ယာရှားတစ်ဦးတည်းသာ ကျန်ခဲ့တော့သည်။
ယာရှား နောက်လှည့်လိုက်ပြီး ကိုယ်လုံးပေါ်ကြေးမုံကြီးတစ်ချပ်ပေါ်က သူ့ရုပ်ပုံကိုသူ ပြန်ကြည့်လိုက်သည်။ သူ့ပုံစံက အသက် ၂၀ ဝန်းကျင် ရှိမည်ဟုသာ ထင်ရသော်လည်း အမှန်တော့ နှစ်တစ်ထောင် သက်တမ်းရှိနေပါပြီ။
သူသည် ရွှေရောင်ပန်းခက်ပုံများပါသော တန်ဖိုးကြီးမားလှသည့် အနက်ရောင်ဝတ်ရုံကို လွှမ်းခြုံထားပြီး လေးလံသော ရွှေသရဖူကို ဆောင်းထား၍ အလွန်ခန့်ညားထည်ဝါလှပါသည်။ သို့သော် သူ၏ ကိုယ်လုံးမှာ ပိန်လှီလှပြီး ပါးများ ချိုင့်ဝင်နေကာ မျက်လုံးများမှာလည်း ကျဲပါးလှပါသည်။
ဝတ်ကောင်စားလှများ ဝတ်ဆင်ထားသော်ငြား ခမ်းနားထည်ဝါသည့် ခံစားချက်မျိုးကို မပေးစွမ်းနိုင်ဘဲ ရုတ်တရက်ကြည့်လိုက်လျှင် ဧကရာဇ်တစ်ပါး၏ အဝတ်အစားများကို ဆင်မြန်းထားသည့် သူတောင်းစား တစ်ဦးနှင့်သာ တူနေလေတော့သည်။
သို့သော် သူ့ကျင့်ကြံခြင်းအဆင့်က မြင့်မားလွန်းသဖြင့် သူ့ပုံစံကို လှောင်ပြောင်ရဲသူ မရှိပေ။ သူ့ကို မြင်လိုက်ရသူတိုင်းက သူ့တွင် ‘ခန့်ညားထည်ဝါသော အရှိန်အဝါ’ ရှိကြောင်းနှင့် ဝိညာဉ်ဧကရာဇ်ထက်ပင် ပို၍အစွမ်းထက်ပုံပေါက်ကြောင်း ချီးကျူးထောပနာ ပြုတတ်ပါသည်။
ယာရှား ကြေးမုံထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။ မကြာမီမှာပင် သူသည် ဝိညာဉ်ဧကရာဇ်ကို နှိမ်နင်းပြီး ဝိညာဉ်နယ်မြေ၏ အင်အားအကြီးမားဆုံး ပုဂ္ဂိုလ် ဖြစ်လာတော့မည်။
ထိုစဉ် ကြေးမုံပေါ် အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ပေါ်လာသည်။ ထိုအက်ကွဲကြောင်းက ကြေးမုံမျက်နှာတစ်ခုလုံးကို အလျှင်အမြန်ပင် ပျံ့နှံ့သွားခဲ့သည်။
ခွမ်း!
ကြေးမုံတစ်ချပ်လုံး အစိတ်စိတ်အမွှာမွှာ ကွဲကာ မှန်ကွဲစများ ကြမ်းပြင်ပေါ် ပြုတ်ကျလာခဲ့သည်။
ယာရှန်း ထိတ်လန့်တုန်လှုပ်စွာ နောက်သို့ ဆုတ်လိုက်မိသည်။ ကြေးမုံတစ်ချပ်က အကြောင်းအရင်းမရှိဘဲ ကွဲမသွားနိုင်ပေ။ ယဇ်ပလ္လင်စင်မြင့်ပြိုကျသည့် သတင်းနှင့်ပါ ပေါင်းလိုက်လျှင် နိမိတ်ဆိုးများ ဖြစ်နိုင်သည်။
ရင်ထဲအလွန်လေးလံလာခဲ့ပြီး အလွန်ဆိုးရွားသည့်အရာတစ်ခုခုဖြစ်လာတော့မည်ဟု ယာရှားခံစားလိုက်ရသည်။ ထို့ကြောင့် သူ့သိုလှောင်လက်စွပ်အတွင်းမှ လက်ရောက်မြောက်သည့် ကျောက်စိမ်းဖြူရုပ်တုလေးတစ်ခုကို ထုတ်လိုက်ပါသည်။
ထိုရုပ်တုလေးကို စားပွဲပေါ်တင်ကာ လက်အုပ်နှစ်ဖက်ချီပြီး ဦးချလျက် ယာရှား တီးတိုး ဆုတောင်းလိုက်ပါသည်။
“ကောင်းကင်ဘုံအရှင်သခင်… အရှင်ပေးအပ်ထားတဲ့ တာဝန်ကို ပြီးမြောက်စေဖို့အတွက် ဝိညာဉ်ဧကရာဇ်နဲ့ ရန်သူတွေ ဖြစ်ခဲ့ရပါပြီ၊ မကြာခင်မှာ အခမ်းအနား စတင်ပါတော့မယ်၊ ကျုပ်အောင်မြင်အောင် စောင်မကြည့်ရှုပေးပါ၊ ဝိညာဉ်ဧကရာဇ်ကို သုတ်သင်ပြီး ဝိညာဉ်နယ်မြေကို ထိန်းချုပ်နိုင်တဲ့အခါကျ ယန်ရုန်ရုန့်ရဲ့ ခေါင်းကို ကျုပ်လက်နှစ်ဖက်နဲ့ အရှင့်ထံ ကိုယ်တိုင် ဆက်သပေးပါ့မယ်”
ရုပ်တုကလေးသည် စားပွဲပေါ်တွင် မလှုပ်မယှက် ဆက်လက်ငြိမ်သက်နေခဲ့သည်။ ၎င်း၏ မျက်နှာပြင်မှာ ဖန်သားပြင်ကဲ့သို့ ကြည်လင်နေပြီး ဖျော့တော့သော အဖြူရောင် အလင်းတန်းလေးများ ထွက်ပေါ်နေသဖြင့် သာမန်ပစ္စည်း မဟုတ်မှန်း သိသာပါသည်။
ထိုရုပ်တုကလေးမှာ ကောင်းကင်ဘုံအရှင်သခင်ကိုယ်တိုင် ပေးသနားထားသော ရတနာတစ်ခုဖြစ်ကာ သူအသက်အန္တရာယ်နှင့် ရင်ဆိုင်လာရသည့်အခိုက်အတန့်များတွင် သူ့ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်ဟု ဆိုပါသည်။
ထိုရုပ်တုကလေးကို ယာရှား နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် သိမ်းထားခဲ့သည်။ ကောင်းကင်ဘုံ အရှင်သခင် ဆိုခဲ့သည့်အတိုင်း သူ့ကျင့်ကြံခြင်းလမ်းစဉ်က အခက်အခဲမရှိ အလွန်ချောမွေ့ခဲ့ပြီး ကံကလည်း အလွန်ကောင်းမွန်ကာ ရှားပါးရတနာများကို မကြာခဏ ရှာတွေ့ခဲ့ပါသည်။
ထို့ကြောင့်လည်း သူ့စွမ်းအားက ကြောက်စရာကောင်းလောက်အောင် လျှင်လျှင်မြန်မြန် တိုးတက်လာခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ လူသူမသိသည့် ဝိညာဉ်ကျင့်ကြံသူတစ်ဦးအဖြစ်မှ ဝိညာဉ်ဧကရာဇ်ပြီးလျှင် စွမ်းအားအကြီးမားဆုံး ဖြစ်သော ဝိညာဉ်နတ်ဘုရားအဆင့်ကို အချိန်တိုအတွင်း ရောက်ရှိလာခဲ့သည်။
ထိုရုပ်တုကလေးကို ယာရှား ဦးညွှတ်လိုက်ပြီး သူ့ရင်ထဲက ခံစားချက်ဆိုးများကို ဖယ်ရှားဖို့ ကြိုးစားလိုက်ပါသည်။
ဒေါက် ဒေါက်…
တံခါးခေါက်သံ ထွက်ပေါ်လာသည်။ အရိုးစုရုပ်သေး အစီရင်ခံဖို့ ပြန်လာခြင်းဖြစ်မည်ဟု ယူဆကာ ယာရှား နောက်ပင် လှည့်မကြည့်ဘဲ ဆိုလိုက်သည်။
“ဝင်ခဲ့”
တံခါးက ကျွီခနဲမြည်အောင် ပွင့်သွားပြီး ခြေသံများ ထွက်ပေါ်လာသည်။ အရိုးစုရုပ်သေးထံမှ စကားပြောသံ မကြားရသည့်အခါ ယာရှားချက်ချင်း သတိကြီးသွားခဲ့သည်။
ကျောက်စိမ်းဖြူရုပ်တုကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ အရိုးစုရုပ်သေးတစ်ကောင်ကိုသာ မြင်လိုက်ရပါသည်။
သူ့ရုပ်သေးဖြစ်မှန်း မြင်လိုက်ရသည့်အခါ ယာရှာ စိတ်အေးသွားသည်။ သူသည် သံသယကြီးသူ၊ ရက်စက်တတ်သူ ဖြစ်ကာ မည်သူ့ကိုမှ မယုံကြည်တတ်ပါ။ သူကိုယ်တိုင်ဖန်တီးထားသည့် အရိုးစုရုပ်သေးများကိုသာ ယုံကြည်တတ်သည်။
အရိုးစုရုပ်သေးများတွင် ကိုယ်ပိုင်အသိစိတ်မရှိကြပေ။ ၎င်းတို့၏ စကားလုံးတိုင်း၊ လှုပ်ရှားမှုတိုင်းက သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေပါသည်။ သေခိုင်းလျှင်ပင် တွန့်ဆုတ်မှုမရှိဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေကြမည့်သူများ ဖြစ်ကြသည်။ လောကကြီးတွင် သူ့ကို မည်သူပဲ သစ္စာဖောက်နေပါစေ၊ သူ့အရိုးစုရုပ်သေးများကတော့ သစ္စာဖောက်ကြမည် မဟုတ်ပေ။
ထို့ကြောင့် ၎င်းတို့အနားတွင် ရှိနေလျှင် ယာရှားမှာ သတိလွတ်နေတတ်ပါသည်။ ယာရှား ကျောက်စိမ်းဖြူရုပ်တုကို စားပွဲပေါ် ပြန်တင်လိုက်ပြီး အရိုးစုရုပ်သေးကို ဒေါသတကြီး ငေါက်လိုက်သည်။
“ဘာလို့ စကားမပြောတာလဲ၊ မင်းအ,နေတာလား၊ မင်းကို ငါခေါ်ခိုင်းလိုက်တဲ့သူတွေ ပါလာလား၊ ဘယ်မှာလဲ”
“ဘယ်သူ့ကို တွေ့ချင်လို့လဲ”
ယာရှားစိတ်မရှည်တော့ပါ။
“အဲ့ဒီသတင်းလာပို့တဲ့ မိန်းကလေးကျင့်ကြံသူ…”
ယာရှား စကားစ ရပ်သွားခဲ့သည်။ ထိုအသံက မိန်းမတစ်ဦး၏ အသံဖြစ်မှန်း သူသတိထားမိသွားပါသည်။ အရိုးစု ရုပ်သေးတစ်ကောင်၏ အသံမျိုးမဟုတ်ပေ။
ထို့နောက် သူ့ရှေ့ရှိ အရိုးစုရုပ်သေးမှာ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားပြီး သူ့နောက်တွင် ရှိနေသည့် မိန်းကလေး ကျင့်ကြံသူတစ်ဦး အထင်းသား ပေါ်လာခဲ့လေသည်။
ယန်ရုန်ရုန်သည် ရွှမ်ကျီးကလောင်တံကို ဆုပ်ကိုင်ထားပြီး သူမ၏ နှုတ်ခမ်းထက်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ရှိနေပါသည်။ သူမ၏ မျက်ဝန်းများကလည်း စိတ်ကျေနပ်မှုဖြင့် လမ်းခြမ်းကွေးလေးများသဖွယ် ဖြစ်နေပါသည်။
“ရှင်တွေ့ချင်တဲ့လူက… ကျွန်မများ ဖြစ်နေမလား”
ယာရှား မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး နောက်သို့ဆုတ်ကာ အံ့အားသင့်စိတ်၊ ဒေါသစိတ်တို့ဖြင့် အော်ဟစ်လိုက်ပါသည်။
“မင်းဘယ်သူလဲ! ဒီထဲကို ဘယ်လိုရောက်လာတာလဲ! အစောင့်တွေ… အစောင့်တွေ မြန်မြန်လာခဲ့စမ်း! လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ကျူးကျော်လာတယ်!”
ယန်ရုန်ရုန် နည်းနည်းကလေးမှ မကြောက်ရွံ့ခဲ့ပါ။ စာကြည့်ခန်းထဲဝင်မလာခင် အစီအရင်တစ်ခုကို ခင်းကျင်းခဲ့သည်။ စာကြည့်ခန်းထဲမှ အသံများ အပြင်ဘက်သို့ လုံးဝ မထွက်နိုင်ပါ။
ယာရှား လည်ချောင်းကွဲသည်အထိ အော်ဟစ်နေလျှင်ပင် အပြင်ဘက်မှ မည်သူမှ ကြားနိုင်မည် မဟုတ်ပေ။
ယာရှား ထိတ်လန့််တုန်လှုပ်လွန်းသဖြင့် ယန်ရုန်ရုန့်ဘေးတွင် ဝဲပျံနေသော ရွှေရောင်စာသားများကိုပင် သတိမထားမိခဲ့ချေ။ ရွှမ်ကျီးကလောင်တံဖြင့် ယန်ရုန်ရုန် ရေးသားထားသော ဇာတ်ညွှန်းများပင် ဖြစ်သည်။
“အရိုးစုရုပ်သေးနဲ့အတူ မြို့စားစံအိမ်ထဲ ယန်ရုန်ရုန် ဝင်လာခဲ့ပြီး စာကြည့်ခန်းထဲမှာ ယာရှားကို ရှာတွေ့ခဲ့တယ်၊ ယန်ရုန်ရုန် ရုတ်တရက်ကြီး ပေါ်လာလိမ့်မယ်လို့ ယာရှားထင်မထားခဲ့လို့ အရမ်းထိတ်လန့်သွားခဲ့ရတယ်၊ အဲ့ဒီနောက်မှာ မတော်တဆ ချော်လဲပြီးတော့ ခေါင်းနဲ့ စားပွဲခုံရိုက်မိပြီး ချက်ချင်း သတိလစ်သွားခဲ့တော့တယ်”
ယန်ရုန်ရုန့်အနားမှ ယာရှား အမြန်ဆုံးခွာဖို့ ကြိုးစားလိုက်သည်။ အလွန်ထိတ်လန့်ချောက်ချားလွန်းနေသဖြင့် ကြမ်းပြင်ပေါ်ရှိ မှန်ကွဲစတစ်စကို တက်နင်းမိကာ နောက်ပြန်လဲကျသွားခဲ့ရာ ဦးခေါင်းနှင့် စားပွဲခုံစောင်းတို့ ရိုက်မိပြီး တစ်ချက်သာ အော်လိုက်နိုင်သည်။ အမြင်အာရုံများ အမှောင်ကျသွားပြီး မျက်လုံးများမှိတ်ကာ ယာရှား ကြမ်းပြင်ပေါ် ခွေခွေလေး လဲကျသွားတော့သည်။
ရွှမ်ကျီးကလောင်တံကို အဆင့်မြှင့်တင်ပြီးနောက် ဗျိုင်းဖြူကလောင်တံ၏ စွမ်းရည်များကိုပါ ရရှိလိုက်ပြီး ၎င်းဖြင့် ရေးသားထားသည့် ဇာတ်လမ်းများကို လက်တွေ့ဖြစ်လာအောင် လုပ်နိုင်စွမ်းရှိလာပါသည်။
ထိုစွမ်းအားက အလွန်ကောင်းမွန်သည်ဟု ထင်ရသော်လည်း အကန့်အသတ်တော့ရှိသည်။ ပထမအချက်မှာ တစ်ကြိမ်လျှင် လူတစ်ဦးသို့မဟုတ် ပစ္စည်းတစ်ခုကိုသာ ပစ်မှတ်ထားနိုင်စွမ်းရှိသည်။ ထိုပစ်မှတ်ကိုလည်း သူမ မြင်နိုင်စွမ်း ရှိရမည်။ ဒုတိယအချက်မှာ အလွန်ရှည်လျားသည့် ဇာတ်လမ်းများကို ရေးသား၍ မရပေ။
ယာရှားကဲ့သို့ ကျင့်ကြံခြင်းအဆင့်မြင့်မားလွန်းသော ကျင့်ကြံသူတစ်ဦးအတွက် အာနိသင်က ၁၅ မိနစ်ခန့်သာ ကြာရှည်ခံပါလိမ့်မည်။ အချိန်ပြည့်သည်နှင့် သူချက်ချင်း သတိပြန်လည်လာလိမ့်မည်။
သို့သော် ၁၅ မိနစ်ဟူသည်မှာ ယန်ရုန်ရုန့်အတွက် လိုအပ်သည်ထက် ပိုပါသည်။