← Chapters

အခန်း (၃၁၅-၃၁၆)

Vol. 32 Ch. 315-316

အခန်း (၃၁၅-၃၁၆)

Vol. 32 Ch. 315-316

🌹Chapter 315

ယန်ရုန်ရုန်သည် သတိလစ်နေသည့် ယာရှားရှိရာသို့ လျှောက်သွားကာ ဒူးထောက်ချလိုက်သည်။

သူမ၏ ညာဘက်လက်ပေါ်တွင် ငါးမန်းတောင်လက်အိတ်တစ်လုံးကို စွပ်ကာ ယာရှားခေါင်းပေါ် တင်လိုက်ပါသည်။ ထို့နောက် သူမလက်ချောင်းများကို ကွေးလိုက်ပြီး ယာရှား၏ ဦးခေါင်းထဲ ရက်ရက်စက်စက် ထိုးဖောက်ပစ်လိုက်တော့သည်။

ယာရှားမှာ သတိလစ်နေဆဲဖြစ်သော်လည်း ပြင်းထန်လှသည့် နာကျင်မှုကြောင့် မျက်နှာ ရှုံ့တွသွားခဲ့ပြီး တစ်ကိုယ်လုံးလည်း တုန်ခါလာခဲ့ပါသည်။ ယန်ရုန်ရုန့် ညာဘက်လက်က သူ့အသိစိတ်ပင်လယ်ထဲအထိ ဝင်ရောက်ကာ သူ့ဝိညာဉ်ကို ရှာဖွေပြီး ချက်ချင်း ဖျက်ဆီးပစ်ခဲ့သည်။

ယာရှားကဲ့သို့ ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် ကျင့်ကြံသူတစ်ဦးအဖို့ နှလုံးသားကို ထိုးဖောက်ခြင်း၊ လည်ပင်းကို လှီးဖြတ်ခြင်း၊ သို့မဟုတ် တစ်ခေါင်းလုံးကို ဖြတ်တောက်လိုက်ခြင်းတို့ကပင် သေစေနိုင်မှာ မဟုတ်ပေ။ ခန္ဓာကိုယ်အသစ်တစ်ခုကို သိမ်းပိုက်ခြင်း သို့မဟုတ် ပြန်လည်မွေးဖွားလာခြင်းတို့ဖြင့် တစ်နည်းမဟုတ် တစ်နည်းနှင့် ပြန်လည်ရှင်သန်လာတတ်ကြသည်။

၎င်းတို့၏ ဝိညာဉ်ကသာ အကြီးမားဆုံး အားနည်းချက် ဖြစ်ပါသည်။ ထိုဝိညာဉ်ကို ဖျက်ဆီးလိုက်သည်နှင့် သူတို့ ရှင်သန်နိုင်ခြေ မရှိတော့ပေ။

ဝိညာဉ်ပျက်စီးသောအခါ ယာရှား၏ ခန္ဓာကိုယ်သည် သိသာထင်ရှားသောနှုန်းဖြင့် အိုမင်းရင့်ရော်လာခဲ့သည်။ တစ်ချိန်က နူးညံ့ချောမွတ်နေခဲ့သော အသားအရေသည်လည်း ချက်ချင်းဆိုသလိုပင် တွန့်ကျေကာ ဆံပင်များ ဖြူဖွေးသွားပြီး တစ်ကိုယ်လုံး ပိန်လှီကာ အရိုးများ ငေါထွက်လာသည်။

အချိန်တစ်ခဏလေးအတွင်းမှာပင် အသက် ၂၀ အရွယ် လူငယ်လေးဘဝမှ မြင်မကောင်းအောင် အိုမင်းလှသော အဘိုးအိုကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤသည်မှာ သူ၏ အသွင်အစစ်အမှန်ပင်။

အဘိုးကြီး၏ လည်ပင်းကို ယန်ရုန်ရုန် အားပါပါ ဆွဲညှစ်လိုက်သည်။ ထိုအခါ အဘိုးကြီး အသက်ရှူကျပ်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး ခရမ်းရောင်သန်းသွားခဲ့သည်။ ခြေလက်များ ယက်ကန်ယက်ကန်ဖြစ်ကာ မျက်ခွံများ တဆတ်ဆတ် တုန်ခါလာခဲ့သည်။ ပြင်းထန်လှသော ရှင်သန်လိုစိတ်ကြောင့် သတ်မှတ်ချိန်ထက် စောစော သတိရလာခဲ့ပြီး မျက်လုံးများ ဆတ်ခနဲ ပွင့်လာခဲ့သည်။

သူ့ဝိညာဉ်ပျက်စီးနေပြီဖြစ်ကြောင်း ယာရှား သိလိုက်ရသည်။ သူသည် ယခုအခါ ကိုယ့်ကိုယ်ကိုယ်ပင် ကာကွယ်နိုင်စွမ်း မရှိတော့သော အားနည်းသည့် အဘိုးအိုတစ်ဦးသာဖြစ်တော့သည်။ သို့သော် သူ မသေချင်သေးပေ။ ယန်ရုန်ရုန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လျက် ခြောက်ကပ်အက်ကွဲနေသော အသံဖြင့် တောင်းပန်လိုက်ပါသည်။

“ငါ့ကိုမသတ်ပါနဲ့! မင်းဘာပဲလိုချင်လိုချင် ငါပေးပါ့မယ်! ရှားပါးနတ်ရတနာတွေ၊ ဝိညာဉ်ကျောက်တုံးတွေ၊ လျှို့ဝှက်ကျမ်းစာတွေ လိုချင်လား၊ ဒါမှမဟုတ် ငါ့အရိုးစုရုပ်သေးစစ်တပ်နဲ့ ငါ့ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ အသုံးပြုခဲ့တဲ့ လျှို့ဝှက်ကျင့်စဉ်တွေကိုတောင် ပေးနိုင်ပါတယ်! ငါ့မှာရှိသမျှ အကုန်ပေးပါ့မယ်! ငါ့အသက်ကိုသာ ချမ်းသာပေးပါ…”

ဝိညာဉ်နတ်ဘုရားအဆင့် ရှိသူတစ်ဦးဖြစ်သည့်အလျောက် ယာရှားမှာ ဝိညာဉ်ဧကရာဇ်ပြီးလျှင် ဒုတိယ စွမ်းအားအကြီးမားဆုံးသော ဝိညာဉ်ကျင့်ကြံသူဖြစ်ပါသည်။

ထို့ကြောင့် သူ့တွင် အလွန်အဖိုးတန်သည့် နတ်ရတနာများ ရှိနေမှာ သေချာသည်။ သာမန်ကျင့်ကြံသူများသာဆို ထိုကမ်းလှမ်းချက်မျိုးကို မက်မောနိုင်သော်လည်း ယန်ရုန်ရုန်ကတော့ စိတ်မဝင်စားပေ။

စည်းစိမ်ကို လိုချင်တပ်မက်မှုရှိသော်လည်း သူမအသက်ကို ပိုပြီး တန်ဖိုးထားပါသည်။ ယာရှားက ဧကရာဇ်မင်းကြီး၏ လက်အောက်ငယ်သားဖြစ်ပြီး သူတို့ပန်းတိုင်က သူမကို သုတ်သတ်ဖို့သာ ဖြစ်သည်။ သူမ ရှင်သန်ချင်လျှင် ကိုယ့်ဘက်မှ လက်ဦးမှုရအောင် အရင်ဆုံး သုတ်သင်ပစ်ရပါမည်။

သေရေးရှင်ရေးနှင့် ပတ်သတ်လာလျှင် ညှိနှိုင်းမှုဟူသည် မရှိပေ။

ယန်ရုန်ရုန်သည် လက်ထဲ အားထပ်ထည့်လိုက်ရာ ဂျွတ်ခနဲမြည်သံနှင့်အတူ ယာရှား၏ လည်ပင်းရိုး ကျိုးပဲ့သွားလေတော့သည်။ ယာရှားတစ်ယောက် ချက်ချင်းအသံတိတ်သွားကာ၊ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်နှာပေါ်မှာလည်း ချောက်ချားမှု ပုံရိပ်များက ထင်ကျန်ရစ်ခဲ့သည်။

နောက်ဆုံးထွက်သက်ထိတိုင်အောင် သူ့လို ဝိညာဉ်နတ်ဘုရားအဆင့်ရှိသူတစ်ဦးက ဒီလိုအသေဆိုးမျိုးနှင့် သေဆုံးသွားရလိမ့်မည်ဟု လက်ခံနိုင်ခဲ့ပုံမပေါ်ပါ။ သူ့ကို သတ်ပစ်ခဲ့သည့် မိန်းကလေး၏ အမည်ကိုပင် မသိခဲ့ရပါချေ။

-

ယန်ရုန်ရုန် မတ်တပ်ပြန်ရပ်လိုက်ပြီး စားပွဲပေါ်ရှိကျောက် စိမ်းဖြူရုပ်တုလေးကို ကြည့်လိုက်သည်။ ထို့နောက် ရုပ်တုလေးအနား လျှောက်သွားပြီး ကောက်ယူလိုက်ပါသည်။

သူမလက်ပေါ်တွင် ဝတ်ထားသည့် ငါးမန်းတောင်လက်အိတ်တွင်လည်း သွေးများစွန်းထင်းနေပါပြီ။ ထိုသွေးများက ရုပ်တုအပေါ် စွန်းထင်းကာ တစ်ချိန်က ဖြူဖွေးသန့်စင်နေခဲ့သည့် ရုပ်တုကလေး ညစ်ထေးသွားတော့သည်။

ရုပ်တုကို ယန်ရုန်ရုန် ငုံ့ကြည့်လိုက်သည်။ ထိုရုပ်တုမှာ ဓားတစ်လက်ကို ကိုင်ဆောင်ထားသည့် ခန့်ခန့်ညားညား ယောက်ျားတစ်ဦး၏ အသွင်ဖြစ်သည်။ မျက်နှာကို သေသေချာချာ ကြည့်လိုက်သောအခါ ဖုန့်ဟွိုက်ယွီနှင့်ပင် အနည်းငယ်ဆင်နေမှန်း မြင်လိုက်ရပါသည်။

“ရှင်က ဒီလိုပုံစံရှိတာပေါ့ ဧကရာဇ်မင်းကြီး”

ရုပ်တုက သူမကို တည်ငြိမ်စွာသာ စိုက်ကြည့်နေသည်။ ၎င်း၏ မျက်လုံးများထဲ ကရုဏာငွေ့ အရိပ်အယောင်အချို့ပင် မြင်ရပါသည်။

ယန်ရုန်ရုန် ထိုရုပ်တုကလေးကို ကိုင်ပြီး စားပွဲနှင့် ခေါက်လိုက်ရာ တဒေါက်ဒေါက်မြည်သွားသည်။

ယန်ရုန်ရုန် ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။

“ဒါက ရှင့်မျက်နှာအစစ်အမှန်လို့ ကျွန်မယုံကြည်မယ် ထင်နေတာလား၊ ဖုန့်ဟွိုက်ယွီကို ကျွန်မအထင်လွဲအောင်လို့ သူနဲ့ပုံစံချင်းတူအောင် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား၊ မဖြစ်နိုင်တာ… ရှင်က ဧကရာဇ်မင်းကြီးတစ်ပါးဆို၊ အဲ့လောက် အောက်တန်းကျ၊ ကလေးဆန်ပြီး၊ ယုတ်ညံ့တဲ့ လုပ်ရပ်မျိုးတွေကို မလုပ်လောက်ပါဘူး ဟုတ်တယ်မလား”

ရုပ်တုလေးမှာ မလှုပ်မယှက်ဘဲ ဆက်လက်ငြိမ်သက်နေဆဲပင်။ သို့သော် ၎င်း၏ မျက်လုံးများအတွင်းမှ ကရုဏာအရိပ်အယောင်များ ပျောက်ကွယ်သွားပြီး အလွန်အေးစက်ကာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အကြည့်မျိုးက အစားထိုးဝင်ရောက်လာသည်ဟု ယန်ရုန်ရုန် ခံစားမိပါသည်။

သူမ ထပ်ရယ်မောလိုက်ပါသည်။

“အိုး… ကြည့်ရတာ ချက်ကောင်းကို ထိသွားတယ်ထင်တယ်”

ထို့နောက် သူမလက်အိတ်ပေါ်မှ သွေးများကို ရုပ်တုပေါ်သို့ ရည်ရွယ်ချက်ရှိရှိ သုတ်ပစ်လိုက်သည်။ နောက်ဆုံးတော့ ရုပ်တုလည်း သည်းမခံနိုင်တော့ဘဲ စကားပြန်ပြောခဲ့တော့သည်။

“မင်းဒီလိုဖြစ်သွားလိမ့်မယ်လို့ ငါထင်မထားဘူး”

အသံမှာ ယောက်ျားသံလား မိန်းမသံလား ခွဲခြား၍ မရသော်လည်း ယန်ရုန်ရုန့်အတွက်တော့ ထူးဆန်းစွာဖြင့် ရင်းနှီးနေသလို ခံစားရပါသည်။ ခက်ခက်ခဲခဲ စဉ်းစားလိုက်ရပြီးနောက် သူမ မှတ်မိသွားခဲ့သည်။

ဟယ့်ပျယ်ချင်းဖန်တီးခဲ့သော ပုံပြင်ကမ္ဘာထဲတွင် သူမ ပိတ်မိပြီး ချီလမ်းကြောင်းသွေဖည်မှုကို ခံစားခဲ့ရစဉ် သူမနားထဲ တစ်စုံတစ်ယောက်က ‘သက်ရှိသတ္တဝါအားလုံးအတွက်’ဟူ၍ ထပ်ခါတလဲလဲ ပြောနေခဲ့ပြီးပြီး သူမကိုယ်သူမ စတေးဖို့ ဖိအား ပေးခဲ့ဖူးသည်။ ထိုအသံမှာ ယခု ရုပ်တုထံမှ ထွက်လာသည့် အသံနှင့် ထပ်တူကျနေပါသည်။

ယန်ရုန်ရုန် ဝမ်းသာသွားသည်။

“ကျွန်မကလည်း ရှင့်လို့ ဧကရာဇ်မင်းကြီးတစ်ပါးက ဒီလောက်ထိ အရှက်မဲ့လိမ့်မယ်လို့ ထင်မထားပါဘူး”

ရုပ်တုက နာကျင်နေသော အသံဖြင့် ဆိုလိုက်သည်။

“ကမ္ဘာလောကကြီးအပေါ် ကောင်းကျိုးပြုနိုင်လိမ့်မယ်အထင်နဲ့ ငါမင်းကို ပျိုးထောင်ပေးခဲ့တာ၊ ဒါပေမယ့် ယောက်ျားတစ်ယောက်အတွက်နဲ့ လောကကြီးကို မင်းစွန့်ပစ်ခဲ့တယ်၊ ငါမင်းကို အရမ်းစိတ်ပျက်မိတယ်”

ထိုကဲ့သို့သော ကြီးကြီးကျယ်ကျယ်စကားလုံးများကို ယန်ရုန်ရုန် စိတ်ပျက်လာပါပြီ။ ထို့အပြင် ဒီသတ္တဝါပြောသမျှကို သူမ တစ်လုံးမှ မယုံကြည်ပေ။

ယန်ရုန်ရုန် လှောင်ပြုံးပြုံးလိုက်သည်။

“အရင်တုန်းက သောက်ရေးမပါတဲ့ ဟောကိန်းတစ်ခုအတွက် ကျွန်မကို အတင်းအကျပ် စတေးခိုင်းခဲ့တာ ရှင်တို့ပဲ မဟုတ်ဘူးလား၊ ရှင်းပါးစပ်ထဲရောက်မှ ယောက်ျားတစ်ယောက်အတွက်နဲ့ လောကကြီးကို စွန့်ပစ်ခဲ့တယ်ဆိုပြီး ဘယ်လိုဖြစ်သွားရတာလဲ”

ရုပ်တုက အေးစက်စွာ ရှင်းပြလိုက်သည်။

“မင်းက သက်ရှိသတ္တဝါအားလုံးကို ကာကွယ်ပေးဖို့ဆိုတဲ့ တာဝန်နဲ့ မွေးဖွားလာခဲ့တာ၊ မင်းရဲ့အသက်တစ်ချောင်းကို စတေးပြီး အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်မှာက မင်းအတွက် ဂုဏ်ယူစရာပဲ၊ အရင်တုန်းက မင်းရဲ့စိတ်နဲ့သာဆို ဒီတာဝန်ကို လျစ်လျူရှုခဲ့မှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းဖုန့်ဟွိုက်ယွီနဲ့ ဆုံခဲ့တယ်၊ မင်းနှလုံးသားထဲကို တစ်ကိုယ် ကောင်းစိတ်တွေ ရိုက်သွင်းပေးခဲ့တာ သူပဲ၊ သူသာ မရှိရင် မင်းထွက်ပြေးသွားခဲ့မှာ မဟုတ်ဘူး၊ ပြဿနာတွေလည်း ဒီအခြေအနေထိ ရောက်လာခဲ့မှာ မဟုတ်ဘူး”

ယန်ရုန်ရုန်သည် ရုပ်တုကို စားပွဲနှင့် ထပ်ရိုက်လိုက်ပြီးနောက် အေးအေးလူလူ ပြောလိုက်သည်။

“ကျွန်မက ဘာလို့ တစ်ကိုယ်ကောင်းမဆန်သင့်တာလဲ၊ လူတိုင်းလူတိုင်း တစ်ကိုယ်ကောင်းဆန်နေကြတာကို ကျွန်မက ဘာလို့တစ်ကိုယ်ကောင်းဆန်လို့ မရတာလဲ”

ရုပ်တုက လေးနက်စွာ ဆိုသည်။

“ကျန်တဲ့သူတွေ တစ်ကိုယ်ကောင်းဆန်ချင် ဆန်လို့ရတယ်၊ မင်းတစ်ယောက်တည်းသာ တစ်ကိုယ်ကောင်းဆန်လို့မရတာ”

ထိုစကားလုံးများက အလွန်ပင် တစ်ဖက်သတ်ဆန်လွန်းပါသည်။ ယန်ရုန်ရုန် ဒေါသထွက်သင့်သော်လည်း မထွက်ဘဲ သေချာစဉ်းစားလိုက်သည်။

“စိတ်ဝင်စားစရာပဲ… ကျွန်မမှာ တစ်ကိုယ်ကောင်းဆန်ခွင့်မရှိဘူးတဲ့လား၊ လူတစ်ယောက်ဖြစ်လာပြီဆိုရင် တစ်ကိုယ် ကောင်းစိတ်ဆိုတာ ဒွန်တွဲပါလာမှာပဲ၊ ကျွန်မက လူသားဟုတ်မနေရင်တော့ တစ်မျိုးပေါ့… ဒါပေမယ့် ကျွန်မက လူသားမဟုတ်ရင် ဘာလဲ”

သူမစကားလုံးများက အချိတ်အဆက်မရှိဘဲ အဓိပ္ပာယ်မဲ့နေသလို ခံစားရပါသည်။ သို့သော် သူမ အမှန်တရားနှင့် အလွန်နီးစပ်နေပြီဖြစ်မှန်း ရုပ်တုကတော့ သိပုံရသည်။ ထို့ကြောင့် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့ပြီး စကားတစ်ခွန်းမှ ထပ်မဟခဲ့တော့ပါ။

ယန်ရုန်ရုန် နက်နက်နဲနဲစဉ်းစားရင်း ရုပ်တုကို စားပွဲခုံစောင်းနှင့် ထပ်ခေါက်ပစ်လိုက်ပြန်သည်။

ဒုတ် ဒုတ် ဒုတ်…

ထိုစဉ် အပြင်ဘက်မှ ခြေသံများ ရုတ်တရက်ထွက်ပေါ်လာပြီး အော်သံများကိုပါ ကြားလိုက်ရသည်။

“သခင်ကြီးယာရှား၊ အထဲမှာရှိလား၊ ယဇ်ပလ္လင်စင်မြင့်ကြီး ပြိုလဲသွားလို့ အခမ်းအနားကို ဆက်ကျင်းပလို့မရတော့ဘူး! ကျေးဇူးပြုပြီး ဖြေရှင်းပေးပါဦး!”

တံခါးကို ပြင်းပြင်းထန်ထန် ထုရိုက်နေကြသဖြင့် အပြင်ဘက်ကလူများ အတော်လေး စိတ်ချောက်ချားနေကြမှန်း သိသာပါသည်။

ယန်ရုန်ရုန် အတွေးများကို ရပ်တန့်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် အေးစက်နေပြီဖြစ်သည့် ယာရှား၏ အလောင်းကို ငုံ့ကြည့်လိုက်သည်။ သူမ ဒီမှာ ကြာကြာဆက်နေ၍ မဖြစ်တော့ပါ။

ထို့ကြောင့် ပြူတင်းပေါက်တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ခုန်ထွက်ရင်း တစ်ချိန်တည်းမှာပင် စာကြည့်ခန်းထဲက အစီအရင်ကို ရုတ်သိမ်းလိုက်သည်။ အကာအရံများ ပျောက်ကွယ်သွားသည်နှင့် စာကြည့်ခန်းအခန်းတံခါး ပွင့်သွားခဲ့ပြီး ဝိညာဉ်ကျင့်ကြံသူပေါင်းများစွာ ဝင်လာခဲ့ပါသည်။

အခန်းထဲတွင် မှန်ကွဲစများ ပြန့်ကျဲနေပြီး အလယ်တွင် အိုမင်းရင့်ရော်နေသော ယာရှားတစ်ယောက် မျက်လုံးအစုံ ပြူးကျယ်ကာ သေဆုံးနေသည်ကို အားလုံး မြင်လိုက်ရသည်။

မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် မြို့စားစံအိမ်တစ်ခုလုံး ထိတ်လန့်တကြား အော်ဟစ်သံများဖြင့် ပြည့်နှက်သွားခဲ့တော့သည်။

🌹Chapter 316

ယာရှား၏ ရုတ်တရက် သေဆုံးမှုကြောင့် မြို့စားစံအိမ်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့သည်။ ယန်ရုန်ရုန်လည်း ထိုအခြေအနေကို အခွင့်ကောင်းယူကာ စံအိမ်ထဲမှ ပြန်ထွက်လာခဲ့ပါသည်။

တရားခံကို ရှာဖွေဖို့ စံအိမ်ကို ပိတ်ချဖို့လိုအပ်ကြောင်း အားလုံးသတိရသွားချိန်မှာတော့ အချိန်နှောင်းသွားပြီ ဖြစ်သည်။ ယန်ရုန်ရုန်မှာ အရိပ်အယောင်ပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့ပါပြီ။

တစ်ချိန်တည်းမှာပင် မြို့တော်အတွင်း ယဇ်ပလ္လင်စင်မြင့်ကြီး ပြိုကျသဖြင့် အရိုးစုရုပ်သေးစစ်တပ်မှာ အရှင်သခင် ကင်းမဲ့သွားကာ ကျောက်ရုပ်ပမာ ရပ်တန့်သွားခဲ့သည်။ အချိန်အတော်ကြာသည်အထိ ယာရှား ပေါ်မလာသေးသဖြင့် ဝိညာဉ်ကျင့်ကြံသူများအကြား စိုးရိမ်ပူပန်မှုများ ပျံ့နှံ့လာခဲ့သည်။

မူလက ယာရှားနှင့် ပူးပေါင်းဖို့ ကြံရွယ်ထားကြသည့် ဝိညာဉ်ကျင့်ကြံသူများလည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိကာ ကြာနီမြို့တော်မှ ပြန်လည်ထွက်ခွာတော့မည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် မြို့တော်ဂိတ်ပေါက်မှ ဝိညာဉ်ကျင့်ကြံသူပေါင်း များစွာ တန်းစီကာ ပြန်လည်ထွက်ခွာသွားခဲ့ကြတော့သည်။

ရှုယင်သည် မူလနေရာတွင် ရပ်စောင့်နေဆဲဖြစ်ပြီး ယန်ရုန်ရုန်ထွက်သွားသည့်ဘက်ကို အေးစက်စွာ ငေးကြည့်နေခဲ့သည်။ သူ့အမြင်အာရုံအတွင်းသို့ ရင်းနှီးနေသည့် လူရိပ်တစ်ခု တိုးဝင်လာသောအခါ သူ့မျက်ဝန်းများ ချက်ချင်း နွေးထွေး သွားခဲ့ပါသည်။

ယန်ရုန်ရုန် ပြန်ရောက်လာလေပြီ။

လျို့လန်သည် အမြောက်ဆံလေးတစ်ခုပမာ ဒိုင်းကနဲ ပြေးထွက်သွားပြီး ယန်ရုန်ရုန့်လက်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပါသည်။

“မေမေ! မေမေပြန်လာပြီ! လျို့လန်က အရမ်းစိတ်ပူနေတာ!”

ယန်ရုန်ရုန်လည်း သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် အနီးနားတွင် တိတ်တဆိတ် မတ်တပ်ရပ်နေသည့် ရှုယင်ကို လှမ်းကြည့်ရင်း အပြုံးဖြင့် ပြောလိုက်ပါသည်။

“လုပ်စရာရှိတာတွေ လုပ်ပြီးသွားပြီ၊ ကျွန်မတို့ ဒီနေရာကနေ ထွက်သွားလို့ရပြီ”

သူမ ဘာတွေလုပ်ခဲ့သလဲ ရှုယင် မမေးတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်ပါသည်။

“အင်း သွားကြစိုံ”

သူမတို့ငါးယောက် လူအုပ်ကြီးနှင့်အတူ မြို့တော်ဂိတ်ပေါက်သို့ ချဉ်းကပ်လာခဲ့ကြသည်။ သခင်မရှိတော့သည့် အရိုးစုရုပ်သေးများက ကျောက်ရုပ်ပမာ ရပ်တန့်နေသဖြင့် ဘာစစ်ဆေးမှုမှ ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါ။

ယာရှားအပေါ် သစ္စာစောင့်သိသည့် ဝိညာဉ်ကျင့်ကြံသူအချို့ကသာ လူတွေကို ထွက်မသွားဖို့ တားဆီးနေကြပါသည်။ ကံမကောင်းစွာဖြင့် လူအင်အားမမျှလှဘဲ အလွန်သောင်းကျန်းနေသည့် လူအုပ်ကြီးကြားထဲ သူတို့ပါ ညပ်ပါသွားခဲ့သည်။

မြို့တော်ဂိတ်ပေါက်အပြင်ဘက်သို့ ပြန်ရောက်သောအခါ နတ်ရတနာပျံများ ကိုယ်စီဆင့်ခေါ်လျက် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြတော့သည်။

ယန်ရုန်ရုန်နှင့် ရှုယင်တို့သည်လည်း လူအုပ်ကြီးနှင့် ရောယှက်ကာ ကြာနီမြို့တော်မှ အောင်အောင်မြင်မြင် ထွက်လာနိုင်ခဲ့ပါသည်။

သုံးရက်ခန့်အကြာမှ ယာရှားသေဆုံးသွားသည့်အကြောင်း ဝိညာဉ်နယ်မြေအတွင်း ပျံ့နှံ့သွားခဲ့သည်။ ခေါင်းဆောင်သေဆုံးသွားပြီဖြစ်၍ ကောင်းကင်အမိန့်တော် မဟာမိတ်အဖွဲ့မှာလည်း အလျှင်အမြန်ပဲ ပြိုကွဲသွားခဲ့ပါသည်။ မဟာပုန်ကန်မှုကြီးလည်း ကျဆုံးသွားခဲ့ရသည်။ ယာရှားတစ်ယောက် စာကြည့်ခန်းထဲတွင် အသေဆိုးနှင့် သေဆုံးသွားခြင်း ဖြစ်မှန်း အားလုံးသိကြသော်လည်း တရားခံကို ရှာမတွေ့ခဲ့ကြပါ။

လူသတ်သမားနှင့် ပတ်သတ်သည့် ကောလဟာလများ ပျံ့နှံ့လာသည်။ ၎င်းတို့အနက် ဝိညာဉ်ဧကရာဇ် ရှုယင်သည် အဓိကသံသယရှိသူဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်နယ်မြေအတွင်း ယာရှားထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူဟူ၍ ရှုယင်တစ်ဦးတည်းသာ ရှိခြင်းကြောင့်ပင်။

ရှုယင်တစ်ဦးတည်းကသာ ယာရှားကို တိတ်တဆိတ်သတ်ဖြတ်ပြီး အစအန ဖျောက်သွားနိုင်သည်ဟု အားလုံးယူဆခဲ့ကြသည်။ ထိုယူဆချက်များကို ရှုယင်ကလည်း ငြင်းဆန်ဖို့ စိတ်ကူးမရှိခဲ့ပေ။

-

ထိုအချိန်တွင် ယန်ရုန်ရုန်သည် ဆက်သွယ်ရေးအဆောင်စက္ကူတစ်ခုကို အသုံးပြုပြီး လောလောကို ဆက်သွယ်ခဲ့ပါသည်။ ထောင်ယွမ်ရွာသားများကို ရှမ့်ယွင်ဂိုဏ်းအနီးရှိ မြို့ငယ်တစ်မြို့သို့ ပို့ဆောင်ပေးခဲ့သည်ဟု လောလောက ဆိုသည်။ ရှမ့်ယွင်ဂိုဏ်းခေါင်းဆောင် နန်ခယ့်ကလည်း ထိုရွာသားများကို ကာကွယ်ပေးမည်ဟု ဆ်ိုသဖြင့် ယန်ရုန်ရုန် စိတ်အေးနိုင်ပါပြီ။

ထို့အပြင် ရွှမ်ယွဲ့ဓားသခင် ရှန်းဝမ်ချင်းနှင့်လည်း လောလော ဆုံခဲ့ပါသည်။ ထင်မှတ်ထားသည့်အတိုင်းပင် ရှန်းဝမ်ချင်းက ယန်ရုန်ရုန့်အကြောင်းကို မေးမြန်းခဲ့ကာ သူမကို အလွန့်အလွန် တွေ့ချင်နေသည်ဟု ဆိုခဲ့သည်။

လောလောလည်း ယန်ရုန်ရုန်ညွှန်ကြားထားသည့်အတိုင်း သူမကို တွေ့ချင်လျှင် ခွန်းလွင်နယ်မြေသို့ လာခဲ့ရမည်ဟု ရှန်းဝမ်ချင်းအား ပြန်ပြောခဲ့သည်။

ယခု ရှမ့်ယွင်ဂိုဏ်းမှ လောလော ပြန်ထွက်လာပြီဖြစ်ပြီး သူတို့ဘယ်မှာပြန်ဆုံသင့်ကြောင်း ယန်ရုန်ရုန့်ကို မေးမြန်းခဲ့ပါသည်။

ယန်ရုန်ရုန်က ဆိုသည်။

“ခွန်းလွင်နယ်မြေကို ရှာရမှာဆိုတော့ အဲ့ဒီနေရာနဲ့ နီးတဲ့နေရာတစ်ခုခုမှာ ဆုံကြတာပေါ့”

လောလောက အကြံပြုလိုက်သည်။

“ယွင်မုန့် စိမ့်မြေမှာ ဆုံကြမလား”

ယွင်မုန့်စိမ့်မြေဟူသည်မှာ ပိုင်ကျဲ အသက်ရှင်စဉ်က နေထိုင်ခဲ့သည့် နေရာတဖြစ်သည်။ ခွန်းလွင်နယ်မြေနှင့် အလွန် နီးကပ်ပါသည်။ ထို့ကြောင့် ပိုင်ကျဲနှင့် ခွန်းလွင်နယ်မြေသခင်တို့မှာ အိမ်နီးချင်းများကဲ့သို့ ဖြစ်ခဲ့ကြသည်။

ပိုင်ကျဲက ခွန်းလွင်နယ်မြေထံသို့ မကြာခဏ အလည်သွားတတ်ပြီး ခွန်းလွင်နယ်မြေသခင်သည်လည်း ပိုင်ကျဲထံသို့ သွားကာ သေရည်ကောင်းများ တောင်းခံတတ်ပါသည်။

မဟာကပ်ဘေးကြီး ကျရောက်ပြီးနောက် ခွန်းလွင်နယ်မြေတစ်ခုလုံး ပျက်စီးသွားခဲ့ရကာ ယွင်မုန့်စိမ့်မြေသည်လည်း မီးလောင်ပြာကျခဲ့ရသည်။ သို့သော် ယွင်မုန့်စိမ့်မြေတည်ရှိရာ နယ်မြေတွင် ဝိညာဉ်စွမ်းအင်များ ပြည့်ဝပါသည်။ ထို့ကြောင့် လူသားကျင့်ကြံသူများစွာနှင့် ဝိညာဉ်သားရဲများစွာတို့ ထိုနယ်မြေကို ခပ်မြန်မြန်ပဲ သတိထားမိသွားခဲ့ကြသည်။

ရာစုနှစ်များ ကြာလာသည်နှင့်အမျှ ယွင်မုန့်စိမ့်မြေမှ ယွင်မုန့်မြို့တော်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး မသေမျိုးဂိုဏ်းအချို့ပင် အခြေချ နေထိုင်လာကြသည်။

ဆုံမည့်နေရာကို အတည်ပြုပြီးနောက် ယန်ရုန်ရုန် အဆက်အသွယ် ဖြတ်တောက်လိုက်သည်။ ထို့နောက် ရှုယင်ကို သူမ နှုတ်ဆက်လိုက်ပါသည်။

သို့သော် ရှုယင်ကတော့ ယွင်မုန့်မြို့တော်အထိ သူမနှင့်အတူ လိုက်လာချင်သည်ဟု ဆိုနေသည်။ ယန်ရုန်ရုန် မျက်မှောင်ကြုတ်ကာ သတိပေးလိုက်လေသည်။

“ရှင်က သာမန်လူတစ်ယောက် မဟုတ်ဘူး၊ ယွင်မုန့်မြို့တော်ဆိုတာ လူသားကျင့်ကြံသူတွေရဲ့ ပိုင်နက်ပဲ၊ ရှင်အဲ့ကို ရောက်သွားရင် ပြဿနာအကြီးအကျယ်တက်လိမ့်မယ်နော်”

ဤသည်မှာ ရှုယင်အတွက်တော့ အသေးအဖွဲပြဿနာတစ်ခုပင်။ သူ့တစ္ဆေစွမ်းအင်များအားလုံးကို ချက်ချင်း ဖိနှိပ်ပစ်လိုက်ပြီး သာမန်လူသားများ ဝတ်ဆင်လေ့ရှိသည့် ပိုးထည်ဝတ်စုံမျိုးကို ပြောင်းလဲဝတ်ဆင်လိုက်ပါသည်။

မျက်စိတစ်မှိတ်အချိန်အတွင်း ဝိညာဉ်ဧကရာဇ်အဖြစ်မှ ဖြူဖျော့ပြီး ခန့်ညားသော သခင်လေးတစ်ဦးအသွင် ပြောင်းသွားသည်။

ထို့နောက် အားနည်းဟန်ဆောင်ကာ ချောင်းအနည်းငယ် ဆိုးပြလိုက်ပါသည်။

“ငါကအခု ခရီးလှည့်လည်သွားလာနေတဲ့ သခင်လေးတစ်ပါးဖြစ်သွားပြီ၊ ရောဂါကုသဖို့ ယွင်မုန့်မြို့တော်ကို ရောက်လာခဲ့တာ၊ ဘယ်လိုသဘောရလဲ”

ယန်ရုန်ရုန် သူ့ကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်သည်။ သူ့ကိုယ်ပေါ်မှ တစ္ဆေစွမ်းအင် စိုးစင်းမျှ မခံစားရတော့ပါ။ ထို့ကြောင့် အလွန်သန့်ရှင်းသပ်ရပ်ပြီး သာမန်ဆန်နေသည်။

သူမကဲ့သို့ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိသူတစ်ဦးပင် မမြင်နိုင်သဖြင့် ယွင်မုန့်မြို့တော်ရှိ သာမန်ကျင့်ကြံသူများက မြင်နိုင်မှာ မဟုတ်ပါ။

သူမ သိထားသလောက်ဆိုလျှင် ယွင်မုန့်မြို့တော်အတွင်းရှိ စွမ်းအားအကြီးမားဆုံးကျင့်ကြံသူက ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သာ ရှိသည်။ ထို့ကြောင့် ရှုယင် အဆင်ပြေပါလိမ့်မည်။

ထို့ကြောင့် ယန်ရုန်ရုန်လည်း သူ့ကို မောင်းထုတ်မနေတော့ဘဲ လိုက်လာခွင့်ပြုလိုက်သည်။

သူတို့ငါးဦး တိမ်နက်စီးလျက် ဝိညာဉ်နယ်မြေအတွင်းမှ ထွက်ခွာလာခဲ့ကြသည်။ လူသားနယ်မြေအတွင်းသို့ ဝင်ရောက်လာသောအခါ ရှုယင်က တိမ်နက်များကို သိမ်းဆည်းပြီး မြင်းလှည်းတစ်စီးဖြင့် အစားထိုးလိုက်သည်။

အပြင်ပန်းတွင် သာမန်ဟုထင်ရသော်လည်း အတွင်းပိုင်းမှာတော့ အလွန်ကျယ်ဝန်းလှပါသည်။ မြည်းလှည်း အတွင်းဘက်တွင် အခန်းငယ်သုံးခန်းနှင့် ခန်းမကြီးနှစ်ခန်းတို့ ပါဝင်ပြီး ပရိဘောဂများလည်း စုံလင်လှသည်။

သက်လတ်ပိုင်း အမျိုးသားတစ်ဦးက မြင်းလှည်းသမားအဖြစ် တာဝန်ယူကာ ယန်ရုန်ရုန်တို့ကို အရိုအသေပြုရင်း လှည်းပေါ်တက်ဖို့ ဖိတ်ကြားလိုက်ပါသည်။ ထိုမြင်းလှည်းသမားကို ယန်ရုန်ရုန် တစ်ချက်ကြည့်လိုက်ရာ တစ္ဆေရုပ်သေးတစ်ကောင် ဖြစ်မှန်း ချက်ချင်းသိလိုက်သည်။

ရှုယင်သည် ပေါ့ပါးသွက်လက်လှသော ခြေလှမ်းများဖြင့် ရထားပေါ်သို့ ခုန်တက်လိုက်ပါသည်။ ၎င်းကို မြင်သောအခါ ယန်ရုန်ရုန်က မျက်မှောင်ကြုတ်သွားပြီး သတိပေးလိုက်သည်။

“ရှင့်ကိုယ်ရှင် ဘယ်သူလဲဆိုတာ မမေ့နဲ့ဦးနော်၊ ရှင်က နာမကျန်းဖြစ်နေတဲ့ သခင်လေးတစ်ယောက်ပဲ”

‘ဘယ်လို နာမကျန်းတဲ့ သခင်လေးက မျောက်လို ခုန်ပေါက်နေမှာလဲ! ဇာတ်ကောင်နဲ့လုံးဝ မလိုက်ဘူး!’

ရှုယင်လည်း သူမ၏ အကြံပြုချက်ကို ကျိုးကျိုးနွံနွံနှင့် နာခံလိုက်ပြီး ခေါင်းညိတ်ပြလိုက်ပါသည်။

သူတို့ငါးဦးစလုံး မြင်းလှည်းထဲ ရောက်သည့်အခါ် မြင်းလှည်းသမားက နှင်တံကို ရိုက်ခတ်လိုက်ရာ မြင်းလှည်းသည် ဖြည်းဖြည်းနှင့်မှန်မှန် စတင်လှုပ်ရှားလေသည်။ ခွန်းလွင်နယ်မြေကို အမြန်ဆုံးရှာဖွေနိုင်ဖို့အတွက် နေ့မနား ညမနား ခရီးနှင်ခဲ့ကြသည်။

၅ ရက်ခန့်ကြာပြီးနောက် သူတို့ ယွင်မုန့်မြို့တော်သို့ ရောက်ရှိလာခဲ့ကြပါသည်။

သို့သော် မြို့တော်ဝင်ပေါက်ရှေ့တွင် လူတန်းရှည်ကြီးတစ်ခု ရှိနေလေသည်။ ယန်ရုန်ရုန် မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး အပြာရောင်ဝတ်ရုံနှင့် ကျင့်ကြံသူတစ်ဦးကို မေးမြန်းလိုက်ပါသည်။

ထိုဝတ်ရုံပြာနှင့် ကျင့်ကြံသူက အလွန်ပါးစပ်ဖွာပုံရပြီး မေးခွန်းတစ်ခု အမေးခံရသည်နှင့် စကားကို တရစပ် ပြောလေတော့သည်။

ယွင်မုန့်မြို့တော်တွင် ဂိုဏ်းသုံးခု ရှိသည်။ ၎င်းတို့အနက် ယောင်ကွမ်နန်းဆောင်ဂိုဏ်းဟူသည့် ဂိုဏ်းလည်း အပါအဝင်ဖြစ်သည်။ ယောင်ကွမ်းနန်းဆောင်က တပည့်သားအလွန်နည်းပါးသည့် ဂိုဏ်းငယ်တစ်ခု ဖြစ်သော်လည်း ၎င်းတို့ဂိုဏ်းသားများက ဗေဒင်နက္ခတ်ပညာတွင် တစ်ဖက်ကမ်းကပ် ကျွမ်းကျင်ကြသဖြင့် ကျင့်ကြံခြင်းလောကတွင် နာမည်ကြီးပါသည်။

လွန်ခဲ့သည့် သုံးရက်ခန့်က ယွင်မုန့်မြို့တော်သို့ ကပ်ဘေးတစ်ခု ချဉ်းကပ်လာနေသည်ဟု ယောင်ကွမ်းနန်းဆောင် ဂိုဏ်းခေါင်းဆောင်ကြီးက ဟောကိန်းထုတ်ခဲ့သည်။ ထိုကပ်ဘေးကို ယူဆောင်လာမည့်လူက ယန်ရုန်ရုန်ဟုအမည်ရသည့် ကပ်ဘေးသယ်ဆောင်သူဖြစ်သည်ဟု ဆိုခဲ့သည်။

ဝတ်ရုံပြာနှင့် ကျင့်ကြံသူက လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာပွတ်လျက် မေးလိုက်သည်။

“ယန်ရုန်ရုန်ဆိုတဲ့နာမည်ကို ခင်ဗျားတို့ ကြားဖူးကြတယ်မလား”

ယန်ရုန်ရုန် ခေါင်းညိတ်သည်။ ‘ကြားဖူးတာပေါ့၊ အဲ့တာငါ့နာမည်ပဲဥစ္စာ’

သူမ ခေါင်းညိတ်လိုက်သည်ကိုမြင်ပြီး ဝတ်ရုံပြာနှင့်ကျင့်ကြံသူက စိတ်ပိုလှုပ်ရှားသွားပြီး တံတွေးများ လွင့်စင်သည်အထိ ဆက်ပြောလေတော့သည်။

“ရွှမ်ယွဲ့ဓားသခင်၊ နတ်ဆိုးအရှင်သခင်၊ မိစ္ဆာဘုရင်နဲ့ ဝိညာဉ်ဧကရာဇ်တို့အားလုံးကို မြှူဆွယ်ဖြားယောင်းခဲ့တဲ့ မိန်းကလေးကျင့်ကြံသူနာမည်ကလည်း ယန်ရုန်ရုန်ပဲတဲ့! ဟူး… အဲ့ဒီမိန်းမက တကယ့်ကို မိန်းမယုတ်ပဲ၊ လှေနံ လေးဖက် နင်းရုံတင်မကဘူး သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးဖို့အတွက် မဟာကပ်ဘေးကြီးကိုပါ ဆင့်ခေါ်ဦးမှာတဲ့၊ မိန်းမတစ်ယောက်က အဲ့လောက်ထိ ဒုက္ခများနိုင်မယ်ထင်မထားဘူး၊ အဲ့ဒီ ယန်ရုန်ရုန်ကို ဖမ်းဆီးဖို့အတွက် ယွင်မုန့်မြို့တော်ကို အခုဝင်ခွင့်ပိတ်ထားကြတယ်၊ သူ့ကြောင့် မြို့ထဲကလူတွေအကုန် ဒုက္ခမရောက်အောင်လို့ပေါ့၊ ဒါနဲ့ ကျွန်တော်တို့ စကားပြောနေတာ တော်တော်ကြာပြီ၊ တာအိုရောင်းရင်းရဲ့ နာမည်ကို မသိရသေးဘူးနော်”

All Chapters