အခန်း (၃၁၇-၃၁၈)
Vol. 32 Ch. 317-318
🌹Chapter 317
ယန်ရုန်ရုန် ခပ်ပါးပါး ပြုံးလိုက်သည်။
“ကျွန်မနာမည် စွန်းဝူခုန်းပါ”
ဝတ်ရုံပြာနှင့် ကျင့်ကြံသူက ချီးကျူးသည်။
“ထူးခြားလိုက်တဲ့ နာမည်ပဲ!”
ယန်ရုန်ရုန် ပြန်မလာသည်မှာ ကြာနေပြီဖြစ်၍ ရှုယင်လည်း မြင်းလှည်းပေါ်မှ ဆင်းလာခဲ့ပါသည်။ ဒီတစ်ခါတော့ သရုပ်ဆောင်ဖို့ မမေ့ခဲ့ပါ။ မြင်းလှည်းပေါ်မှ ခုန်မချတော့ဘဲ မြင်းလှည်းသမား၏ လက်ကို အားပြုကာ ခြေနင်းခုံကို နင်းလျက် ဖြည်းဖြည်းချင်း ဆင်းလာပါသည်။
ယွင်မုန့်မြို့တော်သို့ လာရောက်သူအများစုက ကျင့်ကြံသူများဖြစ်ကြ၍ သာမန်လူသားများကို မြင်ရခဲသည်။ ထို့ကြောင့် မြင်းလှည်းပေါ်မှ ရှုယင် ဆင်းလာသည်နှင့် ကျင့်ကြံသူပေါင်းများစွာက သတိပြုမိသွားကြသည်။
သူ့ဝတ်စားဆင်ယင်ပုံကို အကဲခတ်ကြည့်ခြင်းအားဖြင့် မျိုးရိုးမြင့်သည့် မိသားစုမှ ဖြစ်ဟန်ရသော်လည်း ဖြူဖျော့နေသော မျက်နှာနှင့် ခိုင်မာမှုမရှိသော ခြေလှမ်းများကြောင့် နာမကျန်းဖြစ်နေမှန်း သိသာပါသည်။ ထိုအချက်မှအပ ကျန်သည့် အရာများကိုတော့ မခန့်မှန်းနိုင်ခဲ့ကြချေ။
နာမကျန်းဖြစ်နေသည့် သာမန်လူသားတစ်ယောက်ကို အာရုံမစိုက်ချင်တော့သဖြင့် ကျင့်ကြံသူများ အကြည့်အမြန် လွှဲလိုက်ကြပါသည်။
ရှုယင်ရောက်ရှိလာသောအခါ ယန်ရုန်ရုန်သည် သူမ သိရှိခဲ့ရသည့် အကြောင်းအရာများကို ပြန်ပြောပြခဲ့သည်။ ဘေးတွင် သူစိမ်းများ ရှိနေကြသဖြင့် နှစ်ဦးစလုံး စကားကို အလွန်သတိထားကာ ပြောနေရပါသည်။
လူတန်းရှည်ကြီးကို လှမ်းကြည့်ရင်း ရှုယင် ပြောလိုက်သည်။
“ဒီနေ့တော့ မြို့ထဲကို ဝင်လို့ရနိုင်မယ် မထင်ဘူး”
ယန်ရုန်ရုန်ကလည်း ပြဿနာမရှိကြောင်း ပြန်ပြောခဲ့သည်။ သူမ၏ ရည်ရွယ်ချက်က ယွင်မုန့်မြို့တော်အတွင်းသို့ ဝင်ရောက်ဖို့ မဟုတ်ပေ။ ဆက်သွယ်ရေးအဆောင်စက္ကူတစ်ခုကို အသုံးပြုပြီး လောလောကို ဆက်သွယ်ကာ မြို့တော်တံတိုင်းအပြင်ဘက်တွင် လာရောက်တွေ့ဆုံဖို့သာ အသိပေးလိုက်ပါမည်။
ထိုစဉ် ဝတ်ရုံပြာနှင့် ကျောက်ချီက ရုတ်တရက် ပြောလိုက်သည်။
“မြို့ထဲ အရေးတကြီး ဝင်ဖို့လိုအပ်တယ်ဆိုရင် ကျွန်တော် ကူညီပေးနိုင်တယ်၊ ကျွန်တော့်အတွက် အဖိုးအခလေး နည်းနည်းပေးမယ်ဆိုရင်ပေါ့”
သူ့လက်ချောင်းများကို ပွတ်သပ်ပြလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပါသည်။
သူ၏ ကျွမ်းကျင်လှသော အပြောအဆို အပြုအမူများကို မြင်ပြီး ယန်ရုန်ရုန် အမှန်တရားကို နားလည်သွားခဲ့သည်။ ဒီလူ စကားအများကြီး ပြောခဲ့ခြင်းမှာ ပါးစပ်ဖွာခြင်းကြောင့် မဟုတ်ဘဲ မြို့ထဲဝင်ဖို့ ဘယ်လောက်ခက်ခဲကြောင်း သူမကို သိစေပြီး သူ့အကူအညီကို ကမ်းလှမ်းဖို့ပင် ဖြစ်သည်။
ယန်ရုန်ရုန် ဟန်ဆောင်ပန်ဆောင် မေးလိုက်သည်။
“ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ”
ကျောက်ချီသည် ဘေးဘီဘင်အကဲခတ်ကာ လူပြတ်သွားခါမှ တီးတိုးပြန်ဖြေလိုက်ပါသည်။
“လူတစ်ယောက်ကို အလယ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးစီ”
ယန်ရုန်ရုန် စိတ်ဓာတ်ကျသွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ကျွန်မမှာ လောလောဆယ် အဲ့လောက်အများကြီး မရှိသေးဘူး”
ကျောက်ချီ မယုံကြည်ပါ။
“ခင်ဗျားက အနည်းဆုံး ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိတယ် မဟုတ်လား၊ ကျင့်ကြံခြင်းအဆင့် အဲ့လောက်မြင့်တာကို အလယ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးလေးတောင် မရှိဘူးလား”
ယန်ရုန်ရုန် ဟန်မဆောင်နိုင်တော့ဘဲ အမှန်တကယ် အံ့အားသင့်သွားပါသည်။
“ကျွန်မဝိညာဉ်အသွင်ပြောင်းလဲခြင်း အဆင့်ရှိမှန်း ရှင်ဘယ်လိုသိတာလဲ”
သူမရှေ့က လူသည် အလွန်ဆုံး ရွှေအမြုတေအဆင့်လောက်သာ ရှိနိုင်ပါသည်။ ထို့ကြောင့် သူမ၏ အဆင့်ကို လုံးဝ သိမနေသင့်ပေ။
ကျောက်ချီက မရေရာစွာ ပြန်ဖြေလိုက်သည်။
“ကျွန်တော့်မှာ ကျွန်တော့်နည်းလမ်းနဲ့ကျွန်တော် ရှိပါတယ်၊ ခင်ဗျားတို့ကို ပြောစရာလိုမယ် မထင်ဘူး”
သူ့ကို ယန်ရုန်ရုန် အကဲခတ်လိုက်သည်။ အသက် ၂၀ ဝန်းကျင်ခန့်ရှိပြီး ရုပ်ရည်ပြေပြစ်ကာ မျက်လုံးလျှင်သဖြင့် ပါးနပ်သူတစ်ယောက်ဖြစ်မည်ဟု ထင်ရသည်။ မည်သည့်အမှတ်အသားမှ မပါဝင်သည့် အဆင့်နိမ့် ဝတ်ရုံပြာကိုသာ ဝတ်ဆင်ထားသဖြင့် မည်သည့်ဂိုဏ်းကလာမှန်း ခန့်မှန်းရခက်ပါသည်။
ယန်ရုန်ရုန် မေးလိုက်သည်။
“ရှင့်ကို ဘယ်လိုခေါ်ရမလဲ၊ ဘယ်ဂိုဏ်းက လာခဲ့တာလဲ”
ကျောက်ချီက လက်အုပ်ချီကာ မိတ်ဆက်လိုက်ပါသည်။
“ကျွန်တော့်နာမည် ကျောက်ချီပါ၊ ဂိုဏ်းမရှိတဲ့ တစ်ကိုယ် တော် ကျင့်ကြံသူတစ်ယောက်ပါ”
‘ကျောက်ချီ’ဟူသည်မှာ သူ့အမည်အရင်း မဟုတ်လောက်မှန်း ယန်ရုန်ရုန် ရိပ်စားမိပါသည်။ သို့သော် ခရီးသွားလာနေစဉ် အမည်အတုထားခြင်းက မထူးဆန်းပေ။ သူမတွင်လည်း အမည်တုပေါင်းများစွာ ရှိပါသည်။ ထို့ကြောင့် ဘာမှထပ်မေးတော့ဘဲ ပခုံးသာ တွန့်ပြလိုက်တော့သည်။
“ရှင် မယုံလည်း ကျွန်မ ဘာမှ မတတ်နိုင်ဘူးလေ၊ ကျွန်မခုတလော ဝိညာဉ်ကျောက်တုံးပြတ်လပ်နေလို့ အဲ့လောက်အများကြီး တကယ်မပေးနိုင်ဘူး၊ ထားလိုက်ပါတော့လေ၊ မြို့ထဲ ဒီနေ့ မဝင်တော့ပါဘူး”
ထိုသို့ပြောပြီးနောက် ယန်ရုန်ရုန် လှည့်ထွက်လာခဲ့သည်။ ကျောက်ချီသည် စကားတွေအများကြီးပြောပြီးမှ သူတို့ကို ဒီတိုင်း ထွက်သွားခွင့်ပြုလိုက်လျှင် သဲထဲရေသွန်ဖြစ်ရာ ကျပါလိမ့်မည်။ လက်မလျှော့ချင်သေးသဖြင့် ကျောက်ချီ လှမ်းအော်ကာ ကမ်းလှမ်းလိုက်သည်။
“ကျွန်တော် ဈေးလျှော့ပေးမယ်လေ! တစ်ယောက်ကို အလယ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၈ တုံးပဲ!”
ယန်ရုန်ရုန် ခေါင်းထပ်ခါလိုက်သည်။ မြို့တော်ကို ဝင်ခွင့်ပိတ်ထားသဖြင့် ပြန်ထွက်ဖို့လည်း ခဲယဉ်းပါလိမ့်မည်။ သူမ ကိုယ့်ဒုက္ခကိုယ် မရှာချင်ပါ။
ကျောက်ချီ ထပ်အော်လိုက်ပြန်သည်။
“ကောင်းပြီလေ! ၅ တုံးပဲပေး! အလယ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၅ တုံးပဲ! အဲ့ထက် ဆက်လျှော့မပေးနိုင်တော့ဘူး၊ အဲ့ထက်သက်သာတဲ့ ဈေးနဲ့ လုပ်ပေးတဲ့လူရှိရင် ငါ့ခေါင်းကို ဖြတ်ပြီး ခုံအဖြစ်သာ ခုထိုင်လိုက်တော့”
သူဒီလောက်ထိ ခေါင်းမာနေလိမ့်မည်ဟု ယန်ရုန်ရုန် ထင်မထားခဲ့ပါ။ ထို့ကြောင့် သူမ တဲ့တိုးပြောလိုက်သည်။
“ကျွန်မမှာ ဝိညာဉ်ကျောက်တုံးတစ်တုံးမှ မရှိဘူး”
ကျောက်ချီ ကြက်သေသေသွားပြီး ဒေါသပေါက်ကွဲသွားတော့သည်။
“မင်းငါ့ကို အရူးလာလုပ်နေတာပဲ!”
ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးတွင် ဝိညာဉ်ကျောက်တုံးတစ်တုံးမှ ရှိမနေခြင်းကို သူလုံးဝ မယုံကြည်ပါ။ သူ့ကို အရူးလာလုပ်နေခြင်းဖြစ်မှန်း သိသာသည်။
သူ့အော်သံကြောင့် အနီးနားတွင်ရှိနေသည့် လူအားလုံး ဝိုင်းကြည်ကုန်ကြသည်။ မြို့တော်ဂိတ်ပေါက်အနီးတွင် စောင့်ကျပ်နေကြသည့် ဓားသိုင်းကျင့်ကြံသူများပင် ဆူညံသံများကို သတိထားမိသွားပါသည်။
ပြဿနာမတက်ချင်သဖြင့် ယန်ရုန်ရုန် အလယ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ပေးလိုက်သည်။
“ယွင်မုန့်မြို့တော်နဲ့ ပတ်သတ်တဲ့အကြောင်းတွေ ပြောပြပေးလို့ကျေးဇူးတင်ပါတယ်၊ ဒါရှင့်အတွက် မုန့်ဖိုးပါ၊ ဒါလေးယူပြီး လည်ချောင်းစိုအောင် လက်ဖက်ရည်သွားသောက်လိုက်နော်၊ မြို့တော်ဝင်ဖို့ကတော့ ရှင်စိတ်မပူပါနဲ့၊ ကျွန်မတို့မှာ ကိုယ်ပိုင် နည်းလမ်းရှိပါတယ်”
ဝိညာဉ်ကျောက်တုံးကို မြင်လိုက်ရသည်နှင့် ကျောက်ချီမျက်နှာပေါ်မှ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားသည်။ သာမန်သတင်းလေးတစ်ခု ပေးလိုက်သည်နှင့် အလယ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံး ရရှိလိုက်ခြင်းမှာ သူ့အတွက် အမြတ်ကြီးပါသည်။
ယန်ရုန်ရုန် ပေးသည့် ဝိညာဉ်ကျောက်တုံးကို ယူကာ ကျောက်ချီ ပြုံးဖြီးဖြီး ပြောလိုက်သည်။
“စောစောကတည်းက ပြောရောပေါ့! အထဲဝင်ဖို့ ကိုယ့်နည်းလမ်းနဲ့ကိုယ်ရှိတယ်ဆိုလည်း ပြီးတာပါပဲ၊ ကျွန်တော်မနှောင့် ယှက်တော့ဘူနော်”
ထို့နောက် ကျောက်ချီ လှည့်ထွက်သွားတော့သည်။
ထို့နောက် အခြားကျင့်ကြံသူတစ်ဦးနှင့် စကားသွားးပြောနေသည်ကို ယန်ရုန်ရုန် မြင်လိုက်ရသည်။ သူ၏ ကျွမ်းကျင်လှသော အမူအရာများကို ကြည့်ခြင်းအားဖြင့်း ဤအလုပ်ကို လုပ်နေကျဖြစ်မှန်း သိသာပါသည်။
ထိုစဉ် ရှုယင်က ရုတ်တရက်ပြောလိုက်သည်။
“အဲ့ဒီကျောက်ချီက သွေးရိုးသားရိုး မဟုတ်ဘူး”
ယန်ရုန်ရုန်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ ကျောက်ချီက ရွေအမြုတေအဆင့်သာ ရှိမည်ဟု ထင်ရသော်လည်း သူမ၏ ကျင့်ကြံခြင်းအဆင့်ကို တိတိကျကျ ခန့်မှန်းနိုင်ခဲ့သဖြင့် သံသယဖြစ်စရာ ကောင်းလွန်းပါသည်။
ထို့အပြင် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးရှေ့တွင် အလွန်တည်ငြိမ်နေခဲ့ပြီး သာမန် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးတွင် ရှိနေသင့်သည့် ရိုသေကြောက်ရွံ့မှုမျိုး အလျှင်းမရှိပေ။
ထိုလူ့တွင် လျှို့ဝှက်ချက်ကြီးကြီးမားမားတစ်ခု ရှိနေမှာ သေချာပါသည်။
သို့သော် ယန်ရုန်ရုန် စစ်ဆေးမေးမြန်းဖို့ စိတ်ကူးမရှိပါ။ မြင်းလှည်းပေါ်သို့ ပြန်လည်ရောက်ရှိသည်နှင့် လောလောကို သူမ ဆက်သွယ်လိုက်သည်။ လောလောမှာ လမ်းခရီးတွင် ရှိနေဆဲဖြစ်ကာ မနက်ဖြန်မှ ရောက်လာပါလိမ့်မည်။ သူ့ကို မြို့ထဲ မဝင်ခိုင်းတော့ဘဲ မြို့ပြင်ရှိ စားသောက်ဆိုင်လေးတစ်ဆိုင်မှာပဲ ဆုံဖို့ အသိပေးလိုက်သည်။
အားလုံးစီစဉ်ပြီးနောက် ယန်ရုန်ရုန် အနားယူဖို့ ပြင်လိုက်သည်။ ညနေစောင်းပြီဖြစ်ကာ မနက်ဖြန် လောလောနှင့်ဆုံရတော့မည်။ နဂိုကတည်းက အိမ်တွင်းအောင်းဖြစ်သည့် ရှုယင်လည်း သူမနှင့်အတူ မြင်းလှည်းထဲတွင်သာ အတူရှိနေရခြင်းကို ကျေနပ်နေခဲ့ပါသည်။
ယန်ရုန်ရုန် ဘာမှလုပ်စရာမရှိဘဲ ပျင်းရိလာသဖြင့် သစ်ကြားသီးလက်တစ်ဆုပ်စာနှင့် ကျောက်စိမ်းဖြူ ရုပ်တုတို့ကို ထုတ်လိုက်သည်။ ထို့နောက် ရုပ်တုကို တူတစ်ချောင်းပမာ အသုံးပြုကာ သစ်ကြားသီးများကို ထုခွဲနေလေသည်။ ရုပ်တုက အတော်လေး အသုံးဝင်သည်ဟု ဆိုနိုင်သည်။ တစ်ချက်ထုလိုက်ရုံနှင့် အခွံများကွဲထွက်သွားပါသည်။
အတန်ကြာလာသောအခါ ရုပ်တုလည်း သည်းမခံနိုင်တော့ဘဲ အော်ပြောလိုက်လေသည်။
“တော်လောက်ပြီ!”
ထိုရုပ်တုကို ရှုယင် ချက်ချင်း လှည့်ကြည့်လိုက်သည်။
“အဲ့ဒီရုပ်တုက ဘာလို့စကားပြောနိုင်တာလဲ”
ယန်ရုန်ရုန် ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်သည်။
“ဂရုစိုက်မနေနဲ့”
ထို့ကြောင့် ရုပ်တု ဘယ်လောက်ပဲ အော်နေပါစေ ရှုယင် ဘာမှမကြားသလို လျစ်လျူရှုခဲ့သည်။ ထိုရုပ်တုထဲတွင် ဧကရာဇ်မင်းကြီး၏ ဝိညာဉ်အစအနလေးတစ်ခု ရှိနေပါသည်။ ထို့ကြောင့် ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်တွင် ရှိနေသည့် ဧကရာဇ်မင်းကြီးမှာ ယန်ရုန်ရုန် လုပ်သမျှကို ခံစားနေရသည်။
ဤသို့ အရှက်ခွဲခံရခြင်းထက် ထိုရုပ်တုကို ဖျက်ဆီးပစ်လိုက်လျှင်ပင် ပိုသက်သာဦးမည်ဟု သူတွေးနေမိလောက်သည်။
သစ်ကြားသီးများကို စားသုံးပြီးနောက် ယန်ရုန်ရုန် ရွှမ်ကျီးကလောင်တံကို ထုတ်ကာ ရုပ်တုပေါ်တွင် ပုံစဆွဲတော့သည်။ ရုပ်တု၏ အရှေ့ဘက်တွင် လိပ်ပုံ၊ အနောက်ဘက်တွင် ဝက်ခေါင်းပုံနှင့် နဖူးပေါ်တွင် စာလုံးအကြီးကြီးများဖြင့် စာသားတစ်ကြောင်း ရေးသားလိုက်ပါသည်။
“ငါက ငတုံးငအ ငှက်ကြီးပါ”
ဧကရာဇ်မင်းကြီး: “…”
ဒေါသထွက်လိုက်တာ! ဒေါသထွက်လိုက်တာ!!
အပြင်ဘက်တွင် မိုးချုန်းသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ကြီး၏ အခြေအနေကို သတိထားမိသွားကာ အော်သတိပေးလိုက်လေသည်။
“ရုတ်တရက်ကြီး ဘာလို့ မိုးမှောင်သွားတာလဲ၊ မုန်တိုင်းလာနေပြီထင်တယ်! အားလုံး မိုးခိုစရာနေရာ မြန်မြန်ရှာကြ!”
🌹Chapter 318
ယန်ရုန်ရုန်သည် မြင်းလှည်းပြူတင်းပေါက်မှ ခေါင်းပြူထွက်ကာ အပေါ်သို့ မော့ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကောင်းကင်ပေါ်တွင် တိမ်နက်များ ဖုံးလွှမ်းလာပြီး လျှပ်စီးများတဖျပ်ဖျပ် လင်းလက်လာခဲ့သည်။
ထိုနောက် သူမဘေးတွင် ထိုင်နေသည့် ရှုယင်ကို လှည့်ကြည့်ကာ ရုပ်သေးကြိုးမျှင်များ ခေတ္တငှားပေးဖို့ တောင်းဆိုလိုက်သည်။ ရှုယင်ကလည်း တစ်ခွန်းမှ ပြန်မမေးဘဲ ရုပ်သေးကြိုးနီအခွေလေးကို ပေးလိုက်ပါသည်။
ယန်ရုန်ရုန် ပြူတင်းပေါက် အပြင်ဘက်သို့ ခုန်ထွက်လိုက်ပြီး မြင်းလှည်း၏အမိုးပေါ်သို့ တက်သွားခဲ့သည်။ ထို့နောက် ရုပ်သေးကြိုးမျှင်ကို အသုံးပြုကာ ကျောက်စိမ်းဖြူရုပ်တုကလေးကို မြင်းလှည်းအမိုး၏ အလယ်ဗဟိုတည့်တည့်တွင် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားလိုက်သည်။
ခိုင်ခံ့မှုရှိမရှိ စစ်ဆေးရန် ရုပ်တုကို တစ်ချက်လောက် တွန်းကြည့်ပြီးခါမှ မြင်းလှည်းအတွင်းသို့ ယန်ရုန်ရုန် ပြန်ဝင်လာခဲ့ပါသည်။
ထိုအခါမှ ရှုယင်က မေးလိုက်သည်။
“မင်းဘာလုပ်လိုက်တာလဲ”
ယန်ရုန်ရုန်သည် ပျော့ပြောင်းသည့် ထိုင်ခုံပေါ်တွင် ပျင်းပျင်းရိရိ မှီထိုင်လိုက်ပြီး လူယုတ်မာအပြုံး ပြုံးလိုက်သည်။
“မိုးကြိုးပစ်တော့မှာမြင်လို့ ကျွန်မတို့မြင်းလှည်းအတွက် မိုးကြိုးလွှဲတစ်ခု တပ်ပေးထားလိုက်တာလေ”
‘မိုးကြိုးလွှဲ’ဟူသည့် အရာကို ရှုယင်တစ်ခါမှ မမြင်ဖူးသော်လည်း အမည်ကို ကြားရုံနှင့် လုပ်ဆောင်ချက်ကို ခန့်မှန်းနိုင်ပါသည်။ ရှုယင်ကို ထိုရုပ်တု၏ ရာဇဝင်အကြောင်း ယန်ရုန်ရုန် အကြမ်းဖျင်း ရှင်းပြလိုက်ပြီး နောက်ဆုံးတွင် ကလေးဆိုးတစ်ဦးသဖွယ် ပြုံးလိုက်သည်။
“အဲ့ဒီရုပ်တုထဲမှာ သူ့ဝိညာဉ်အစအနတစ်ခုကို ထည့်သွင်းထားတယ်၊ အခု ရုပ်တုကို ခေါင်မိုးပေါ်မှာ ချည်ထားတာဆိုတော့ ကျွန်မကို ကောင်းကင်ဘုံမိုးကြိုးနဲ့ တိုက်ခိုက်ရဲရင် သူ့ကိုယ်သူ တိုက်ခိုက်လိုက်သလို ဖြစ်သွားမှာပဲ၊ သူတကယ် လုပ်ရဲသလားဆိုတာ ကျွန်မ ကြည့်ချင်သေးတယ်”
ဧကရာဇ်မင်းကြီးကလည်း အမှန်တကယ် ရက်စက်တတ်သူဖြစ်သည်။
ကောင်းကင်ဘုံမိုးကြိုးတစ်ချက် ဆင်းသက်လာပြီး မြင်းလှည်းပေါ်သို့ တည့်တည့်မတ်မတ် ထိမှန်သွားခဲ့သည်။ အမိုးပေါ်တွင် ချည်ထားသည့် ကျောက်စိမ်းဖြူရုပ်တုလေးလည်း တစ်စစီပျက်စီးသွားခဲ့ပြီး မြင်းလှည်းတစ်စင်းလုံး ကြမ်းတမ်းစွာ လှုပ်ခါသွားခဲ့သည်။
အနီးနားတွင် ရှိနေသည့် ကျင့်ကြံသူများအားလုံး လန့်ဖျပ်သွားကာ မြင်းလှည်းထံသို့ လှည့်ကြည့်ကုန်ကြပါသည်။ ယန်ရုန်ရုန်သည် မြင်းလှည်းတံခါးကို တွန်းဖွင့်လျက် အောက်သို့ ခုန်ချလိုက်သည်။ ထို့နောက် မည်းနက်နေသည့် မြင်းလှည်းအမိုးကို လှမ်းကြည့်ရင်း မျက်ခုံးတစ်ဖက် ပင့်လိုက်ပါသည်။
ဝီညာဉ်အစအန၏ ခံစားချက်များမှာ ဧကရာဇ်မင်းကြီး၏ ပင်မခန္ဓာကိုယ်နှင့် ဆက်နွယ်နေပါလိမ့်မည်။ ယခု ကောင်းကင်ဘုံမိုးကြိုးးကြောင့် ထိုဝိညာဉ်အစအနလေး ပျက်စီးသွားပြီဖြစ်၍ ဧကရာဇ်မင်းကြီးကိုယ်တိုင်လည်း အတွင်းထဲမှအပြင်အထိ အရှင်လတ်လတ် မီးရှို့ခံရသော ခံစားချက်ကို ခံစားသွားရလောက်သည်။
ယန်ရုန်ရုန် လက်နှစ်ဖက်ကို ကျောနောက်ပစ်လျက် ကောင်းကင်ကြီးကို မော့ကြည့်ကာ ရွှင်ရွှင်ပျပျ မေးလိုက်ပါသည်။
“ဘယ်လိုအရသာရှိလဲ”
ဧကရာဇ်မင်းကြီး အလွန်ဒေါသထွက်သွားပုံရပြီး မိုးချုန်းသံများ ပိုမိုကျယ်လောင်လာသည်။ ကောင်းကင်ဘုံမိုးကြိုးများ ထပ်မံကျဆင်းလာဦးမည်ဟု သူမ ထင်ထားခဲ့သော်လည်း အချိန်အတော်ကြာသည်အထိ ရောက်မလာခဲ့ပေ။
ဧကရာဇ်မင်းကြီးက အမျက်ဒေါသကြီးမားနေသော်လည်း မတိုက်ခိုက်သေးပါ။ သူကြောက်ရွံ့နေ၍ မဖြစ်နိုင်ဘဲ အကွက်ကြီးကြီးမားမား ရွှေ့ဖို့အတွက် အသင့်ပြင်ဆင်နေခြင်းဖြစ်နိုင်ပါသည်။
သူမ ခန့်မှန်းချက် မှန်ကန်သည်။ ရုတ်တရက်ဆိုသလို ယွင်မုန့်မြို့တော်အတွင်းမှ ဆယ်ချီသော ကျင့်ကြံသူများ ပျံထွက်လာကြသည်။
ထိုကျင့်ကြံသူများက ယန်ရုန်ရုန်နှင့် မြင်းလှည်းတို့ကို ဝိုင်းရံလိုက်ကြသည်။ တစ်ယောက်ချင်းစီ၏ လက်ထဲတွင် နတ်ရတနာတစ်ပါးစီ ရှိကြပြီး ၎င်းတို့၏ မျက်နှာများမှာလည်း မှောင်မိုက်ကာ သတ်လိုဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။
တိုက်ဖို့ခိုက်ဖို့အတွက် သူတို့ ရောက်လာခဲ့ခြင်းဖြစ်မှန်း သိသာပါသည်။ ဘေးပတ်လည်တွင် ရှိနေသည့် ကျင့်ကြံသူများကလည်း အန္တရာယ်ကို အာရုံခံမိကြပြီး ပျာပျာသလဲလဲ ထွက်ပြေးကုန်ကြသည်။
အချို့က ရောက်လာသူများကို သိနေသဖြင့် အချင်းချင်း တီးတိုးပြောကြလေသည်။
“ဟိုမှာကြည့်စမ်း! အဲ့ဒီလူတွေကို ဦးဆောင်လာတဲ့လူက ယောင်ကွမ်းနန်းဆောင်ရဲ့ ဂိုဏ်းခေါင်းဆောင်ကြီး မဟုတ်လား! ကြမ္မာရှင်အဘိုးအိုလို့လည်း ခေါ်ကြတယ်၊ သူနဲ့ပါလာတဲ့ လူငယ်တွေက ယောင်ကွမ်းသားတော်ခုနစ်ပါးလို့ လူသိများတဲ့ သူ့တပည့်ရင်းတွေပဲ”
နောက်တစ်ယောက်က ဆိုသည်။
“ယောင်ကွမ်းနန်းဆောင်တစ်ခုတည်း မဟုတ်ဘူးဟ၊ ချင်းလွမ်ဂိုဏ်းနဲ့ ထျန်းယင်ဂိုဏ်းတို့လည်း ရောက်နေကြတယ်၊ အဲ့ဒီဝတ်ရုံစိမ်းနဲ့ လင်မယားကိုမြင်လား၊ အဲ့တာ ချင်းလွမ်ဂိုဏ်းခေါင်းဆောင်နဲ့ သူ့ဇနီးပဲ၊ ပြီးတော့ အဖြူရောင်ဝတ်ရုံနဲ့ အဲ့ဒီလှလှပပ မိန်းကလေးက ထျန်းယင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ပဲ”
ယွင်မုန့်မြို့တော်၏ အဓိကဂိုဏ်းကြီးသုံးခုဖြစ်သည့် ယောင်ကွမ်းဂိုဏ်း၊ ချင်းလွမ်ဂိုဏ်းနှင့် ထျန်းယင်ဂိုဏ်းတို့၏ ခေါင်းဆောင်များ အတူတူ ရောက်ရှိလာကြသဖြင့် ပြဿနာကြီးကြီးမားမားတစ်ခုဖြစ်နေမှန်း သိသာပါသည်။
ဘေးမှ ဝိုင်းကြည့်နေကြသူများက အနည်းငယ် ကြောက်ရွံ့မိသော်လည်း ပွဲကြီးပွဲကောင်းကို မလွတ်ချင်ပါ။ ထို့ကြောင့် ဘယ်သူမှ ထွက်မသွားခဲ့ကြပေ။
ကျောက်ချီလည်း လူအုပ်ထဲ တိုးဝင်ပြီး လည်ဆန့်ကာ ယန်ရုန်ရုန့်ကို လှမ်းကြည့်နေသည်။ အနီးနားရှိ လူတစ်ယောက်က ယန်ရုန်ရုန့်အကြောင်းကို သုံးသပ်နေပါသည်။
“သူက ဘယ်သူလဲ၊ သူ့ကြောင့်နဲ့ မြို့တော်ထဲက အကျော် အမော်ကြီးတွေအကုန် ထွက်လာကြတာနော်”
“သူ့ပုံစံက သူစိမ်းတစ်ယောက်လိုပဲ၊ ဒါပေမယ့် ကျင့်ကြံခြင်းအဆင့်ကတော့ တော်တော် မြင့်လိမ့်မယ်ထင်တယ်၊ အနည်းဆုံး ဝိညာဉ်သန္ဓေအဆင့်ရှိနိုင်တယ်”
ကျောက်ချီက သူ့ဝတ်ရုံထဲတွင် ထည့်သိမ်းထားသည့် ဝိညာဉ်ကျောက်တုံးလေးကို လက်ဖြင့်ထိကာ သူတို့စကားကို အမှန်ပြင်ပေးလိုက်ပါသည်။
“ဝိညာဉ်သန္ဓေအဆင့်မဟုတ်ဘူး၊ သူက ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိတယ်”
ထိုစကားကြောင့် ကျောက်ချီကို အားလုံး ဝိုင်းကြည့်လာကြသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို သူဘယ်လို အတိအကျ သိနေကြောင်း အားလုံးမေးမြန်းချင်နေပုံရသည်။
ကျောက်ချီကလည်း အာရုံစိုက်ခံရသည်ကို သဘောကျသဖြင့် သွားဖြီးကာ ပြုံးလိုက်ပါသည်။
“ကျုပ်က သူဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ရှိတာကို သိရုံတင်မဟုတ်ဘူး သူ့နာမည်ကိုပါ သိတယ်”
လူအုပ်ကြီးက သူမအမည်ကို ဝိုင်းမေးကြသည်။ ကျောက်ချီကတော့ ဈေးကိုင်သည့်အနေဖြင့် ပါးစပ်ပိတ်ကာ အားလုံးကို ရင်တမမဖြစ်အောင် လုပ်နေလေသည်။
ထိုအချိန်တွင် ကြမ္မာရှင်အဘိုးကြီးက ယန်ရုန်ရုန့်ကို အော်ပြောလိုက်ပါသည်။
“မင်းက ဟောကိန်းထဲက ကပ်ဘေးသယ်ဆောင်သူ ယန်ရုန်ရုန်မဟုတ်လား!”
လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားခဲ့သည်။ ကျောက်ချီပင် အလွန်မှင်သက်သွားခဲ့ပါသည်။
‘သူ့နာမည်က စွန်းဝူခုန်းမဟုတ်ဘူးလား၊ ဘာလို့ ရုတ်တရက်ကြီး ယန်ရုန်ရုန် ဖြစ်သွားရတာလဲ’
ထို့နောက် နေ့လယ်ခင်းတစ်ခုလုံး သူမနှင့်ပတ်သတ်သည့် ကောလဟာလများအား ကာယကံရှင်ကို ပြန်ပြောပြပြီး အတင်းတုပ်ခဲ့မိသည်ကို ကျောက်ချီ ပြန်အမှတ်ရကာ အရှက်တကွဲအကျိုးနည်း ဖြစ်ရလေတော့သည်။ မျက်နှာပင် မဖော်ရဲတော့ပဲ ဝတ်ရုံဖြင့် အုပ်ထားရပါသည်။
သို့သော် ယန်ရုန်ရုန်ကတော့ လူအုပ်ကြီးကို အာရုံမစိုက်နိုင်သေးပါ။ သူမကို ဝိုင်းရံထားသည့် လူများအားကြည့်ရင်း ခပ်သဲ့သဲ့ ရယ်မောလျက် မေးလိုက်သည်။
“ကျွန်မနာမည်ကို ဘယ်လိုသိကြတာလဲ”
ဤကျင့်ကြံခြင်းလောကထဲသို့ ကူးပြောင်းလာစဉ်ကတည်းက သူမတွင် အမည်ဝှက်များစွာ ရှိခဲ့ပါသည်။ သူမ၏ အမည်အရင်းကို သိသူဟူ၍ အလွန်နည်းပါးသည်။ ဤကြမ္မာရှင်အဘိုးကြီးမှာ သူစိမ်းတစ်ယောက်သာဖြစ်၍ တစ်စုံတစ်ယောက်က သတင်းပေးလိုက်ခြင်းသာ ဖြစ်ပါလိမ့်မည်။
ကောင်းကင်ပေါ်က တိမ်နက်များကို ယန်ရုန်ရုန် ထပ်မံမော့ကြည့်မိသည်။
ထိုကဲ့သို့ အရှက်မဲ့သော လုပ်ရပ်မျိုးကို လုပ်နိုင်သူဟူ၍ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်တွင် ပုန်းခိုနေသော ဧကရာဇ်မင်းကြီးသာ ရှိလိမ့်မည်။ သူမ၏ အပြောင်အပျက်လုပ်ရပ်များကြောင့် အမျက်ဒေါသထွက်သွားပြီး ထိုဂိုဏ်းသုံးခုထံ သူမ၏ သရုပ်မှန်ကို ဖော်ပြခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
သူမကို အငှားဓားဖြင့် သတ်ဖြတ်ပစ်ဖို့ ကြိုးစားနေခြင်းပင်။
ထိုအကြောင်းအရာများကို နားမလည်သည့် ကြမ္မာရှင်အဘိုးကြီးကတော့ ခက်ထန်စွာ ပြောလိုက်ပါသည်။
“ငါကျင့်ကြံနေတုန်း ကောင်းကင်ဘုံဆီက ညွှန်ကြားချက်ကို ရခဲ့တယ်၊ ငါတို့ကို ကောင်းကင်ဘုံလမ်းစဉ်က လမ်းပြပေးခဲ့တာ”
ထျန်းယင်ဂိုဏ်းခေါင်းဆောင်ကလည်း အေးစက်စွာ ဝင်ပြောလိုက်သည်။
“အဘိုးကြီးရဲ့ အာရုံတွေကို အစက သံသယဖြစ်ခဲ့မိပေမယ့် သူပြောတာမှန်နေတဲ့ပုံပဲ၊ ကပ်ဘေးသယ်ဆောင်သူကို ဒီနေ့ ဒီနေရာမှာပဲ ငါတို့ သုတ်သတ်ပစ်မယ်”
ချင်းလွမ်ဂိုဏ်းခေါင်းဆောင် လင်မယားကလည်း အမိန့်ပေးလိုက်သည်။
“အသာတကြည် အညံ့ခံပါ မိစ္ဆာမ!”
ယန်ရုန်ရုန် မကြောက်ရွံ့ပါ။ လူအင်အားများပြားသော်လည်း ၎င်းတို့အနက် အသန်မာဆုံးဖြစ်သော ကြမ္မာရှင်အဘိုးကြီးမှာ ဝိညာဉ်အသွင်ပြောင်းလဲခြင်း အလယ်တန်းအဆင့်သာရှိသည်။ ကျန်သောသူများက ဝိညာဉ်သန္ဓေအဆင့်၊ ရွှေအမြုတေအဆင့် စသည်ဖြင့်သာ ရှိကြပါသည်။
ယန်ရုန်ရုန်သည် ရွှမ်ကျီးကလောင်တံကို ထုတ်လိုက်ပြီး လက်ချောင်းများအကြား ပေါ့ပေါ့ပါးပါး လှည့်ကာ မေးလိုက်သည်။
“ရှင်တို့အားလုံး ပြိုင်တူ တိုက်ခိုက်ကြမှာလား၊ တစ်ယောက်ချင်းစီ လာတိုက်ခိုက်မှာလား”
သူမ၏ မောက်မာမှုကြောင့် ကြမ္မာရှင်အဘိုးကြီး ဒေါသထွက်သွားပုံရသည်။
“ရိုင်းစိုင်းလိုက်တဲ့ မိန်းကလေး! အဲ့လောက် မရဲတင်းစမ်းနဲ့!”
ကြမ္မာရှင်အဘိုးကြီး၏ အသံမှာ ဝိညာဉ်စွမ်းအင်များကြောင့် မိုးချုန်းသံကဲ့သို့ ဟိန်းထွက်သွားခဲ့သည်။
ဘေးမှကြည့်နေသူများလည်း ထိုဖိအာားအောက်တွင် မျက်နှာများ ဖြူဖျော့ကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် နတ်ရတနာများကိုယ်စီ ဆင့်ခေါ်လိုက်ြပါသည်။
သို့သော် ယန်ရုန်ရုန်ကတော့ လုံးဝ ဂရုမစိုက်ခဲ့ဘဲ ရွှမ်ကျီးကလောင်တံကိုမြှောက်ကာ လျှင်မြန်စွာ ရေးသားလိုက်ပါသည်။
“ကြမ္မာရှင်အဘိုးကြီး ဒေါသထွက်လွန်းလို့ အသက်ရှူမှားပြီး ကိုယ့်တံတွေးနဲ့ကိုယ် ပြန်သီးပြီး သေလုမျောပါး ဖြစ်သွားခဲ့ရရှာတယ်”
ရွှေရောင်စာလုံးများ လေထဲတွင် ခေတ္တမျှ ဝဲပျံနေခဲ့ပြီး ပျောက်ကွယ်သွားခဲ့ပါသည်။
ဒေါသထွက်လွန်းသဖြင့် ကြမ္မာရှင်အဘိုးကြီး သွေးများတက်လာပြီး ယန်ရုန်ရုန့်ကို ဖမ်းဆီးဖို့ တပည့်သားများကို အမိန့်ပေးရန် ကြံလိုက်သည်။ သို့သော် အသက်ရှူတစ်ချက်မှားကာ သူ့တံတွေးနှင့်သူ ပြန်သီးသွားခဲ့လေသည်။
အဘိုးကြီး၏ မျက်နှာမှာ ဒေါသကြောင့် နီရဲတွတ်နေခဲ့ပြီး ထိန်းမနိုင်သိမ်းမရ တဟွတ်ဟွတ် ချောင်းဆိုနေလေတော့သည်။