← Chapters

အခန်း (၃၁၉-၃၂၀)

Vol. 32 Ch. 319-320

အခန်း (၃၁၉-၃၂၀)

Vol. 32 Ch. 319-320

🌹Chapter 319

ထိုမြင်ကွင်းကိုမြင်ပြီး ယောင်ကွမ်းသားတော် ခုနစ်ပါး အလွန် စိုးရိမ်ပူပန်သွားခဲ့ကြသည်။ ယန်ရုန်ရုန့်ကိုပင် အာရုံ မစိုက်အားကြတော့ဘဲ ကြမ္မာရှင်အဘိုးကြီးနား ဝန်းရံကာ ထိတ်လန့်တကြား မေးမြန်းကြလေသည်။

“ဆရာကြီး ဘာဖြစ်တာလဲ!”

အားလုံး အဘိုးကြီးထံ အာရုံရောက်နေကြစဉ် ယန်ရုန်ရုန် ဖျပ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ မျက်စိတစ်မှိတ် အချိန်အတွင်း မြင်းလှည်းထဲသို့ သူမ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

“သွားတော့!”

မြင်းလှည်းဆရာက နှင်တံကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ မြင်းခွာများ မြင့်မားစွာ မြောက်တက်သွားပြီး ၎င်း၏ ကျောပေါ်မှ အတောင်ပံနှစ်ဖက်လည်း ပေါက်လာခဲ့ပါသည်။ မြင်းလှည်းသည်လည်း လျှပ်စီးလို အလျှင်မျိုးဖြင့် အဝေးသို့ ပျံထွက်သွားတော့သည်။

ချင်းလွမ်ဂိုဏ်းခေါင်းဆောင် လင်မယားနှင့် ထျန်းယင်ဂိုဏ်းခေါင်းဆောင်တို့ကလည်း အမြန်အဆန် တုံ့ပြန်ခဲ့ကြသည်။ လင်မယားနှစ်ယောက်က ဇာမဏီငှက်ပြာနှစ်ကောင်ကို ဆင့်ခေါ်ပြီး ထျန်းယင်ဂိုဏ်းခေါင်းဆောင်ကတော့ ရှေးဟောင်းဗျတ်စောင်းတစ်ခုကို ဆင့်ခေါ်ခဲ့ပါသည်။

ဇာမဏီငှက်များမှာ မြင်းလှည်း၏ လမ်းကို ပိတ်ဆို့ဖို့အတွက် ၎င်းတို့၏ အတောင်ပံများကို ဖြန့်လိုက်ကြသည်။ တစ်ဖက်တွင် ဗျတ်စောင်းကလည်း ဝိညာဉ်တုန်ခါသွားစေသည့် အသံလှိုင်းများကို ထုတ်လွှတ်ခဲ့ပါသည်။

ယန်ရုန်ရုန်သည် လိပ်ခွံအဆောင်စက္ကူတစ်ရွက်ကို အေးအေးလူလူ ပစ်လွှတ်လိုက်သည်။ ထိုအဆောင်စက္ကူမှ ဧရာမလိပ်ခွံကြီးအသွင်ပြောင်းကာ မြင်းလှည်းတစ်စင်းလုံးကို လွှမ်းခြုံသွားခဲ့သည်။ ဗျတ်စောင်း အသံလှိုင်းများက လိပ်ခွံနှင့် လာရောက်ရိုက်ခတ်သော်လည်း လိပ်ခွံကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါ။’

ဇာမဏီငှက်များမှာလည်း ရှေ့သို့တိုးကာ မြင်းလှည်းကို ကိုက်ခဲဆုတ်ဖြဲဖို့ ကြိုးစားကြသည်။ သို့သော် လိပ်ခွံ၏ အကာအကွယ်ကြောင့် အနားမကပ်နိုင်ဖြစ်ခဲ့ရသည်။ ၎င်းတို့၏ ချွန်ထက်လှသော နှုတ်သီးနှင့် လက်သည်းတို့က မြင်းလှည်း၏ အနားသတ်ကိုပင် မထိနိုင်ခဲ့ကြပေ။

ထိုမြင်ကွင်းကိုမြင်ပြီး ချင်းလွမ်ဂိုဏ်းခေါင်းဆောင်လင်မယားနှင့် ထျန်းယင်ဂိုဏ်းခေါင်းဆောင်တို့ မျက်နှာ အလွန်ပျက်သွားခဲ့ကြသည်။ ယန်ရုန်ရုန့်ကို သူတို့မယှဉ်နိုင်မှန်း အလွန်သိသာလှပါသည်။ သူတို့၏ တိုက်ခိုက်မှုများကို ခုခံဖို့အတွက် သူမ မျက်နှာပင် ထုတ်ပြစရာမလိုပေ။

ကိုယ့်ကိုယ့်ကိုယ် အရှက်ဆက်ခွဲကြမည့်အစား သူတို့အားလုံး ကြမ္မာရှင်အဘိုးကြီးကိုသာ လှည့်ကြည့်လိုက်ကြသည်။ ယခု‌ရောက်နေသည့် ကျင့်ကြံသူများအနက် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိသူဟူ၍ အဘိုးကြီးတစ်ဦးတည်းသာ ရှိပါသည်။

ထို့အပြင် ဟောကိန်းက သူ့နှုတ်ဖျားမှ ထွက်လာခြင်းဖြစ်ပြီး ကပ်ဘေးသယ်ဆောင်သူကို သုတ်သင်ဖို့ သူကိုယ်တိုင် ဦးဆောင်ခဲ့ခြင်းဖြစ်သဖြင့် သူ့အစွမ်းအစကို ထုတ်ပြသင့်ပါသည်။

ကြမ္မာရှင်အဘိုးကြီးလည်း တံတွေးသီးခြင်း ရပ်တန့်သွားပါပြီ။ သူ့တပည့်သားများ၏ အကူအညီကို လက်ကာပြကာ တားဆီးလိုက်ပြီး မြင်းလှည်အား မော့ကြည့်ကာ လေးနက်စွာ အမိန့်ပေးလိုက်သည်။

“အစီအရင် ခင်းကျင်းလိုက်တော့!”

ထိုအမိန့်သံကိုကြားပြီး တပည့်သားခုနစ်ဦးက ချက်ချင်းလူစုခွဲကာ နတ်ရတနာများကို ဝေ့ယမ်းရင်း မန္တန်များ ရွတ်ဆိုကြတော့သည်။

ထိုမြင်ကွင်းကိုကြည့်ကာ အခြားသူတွေအားလုံး အံ့ဩတကြီး ဖြစ်နေကြရသည်။ ၎င်းမှာ ‘ကြယ်ခုနစ်ပွင့် မိစ္ဆာနှင်အစီအရင်’ဖြစ်မှန်း သူတို့ မှတ်မိပါသည်။

အဘိုးအိုသည် ထိုအစီအရင်ကို သူ့တပည့်ခုနစ်ဦး၏ ထူးခြားသော ပါရမီများနှင့် ကိုက်ညီစေရန် ရာစုနှစ်နှင့်ချီ၍ သုတေသနပြုကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယောင်ကွမ်းဂိုဏ်း၏ စွမ်းအားအကြီးမားဆုံး အစီအရင်လည်း ဖြစ်ပါသည်။

ထိုအစီအရင်ကို ခင်းကျင်းပြီးသည်နှင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့် ရောက်နေသည့် ကျင့်ကြံသူကိုပင် ထာဝရ ပိတ်လှောင်ပစ်နိုင်စွမ်းရှိသွားလိမ့်မည်။

မြင်းလှည်းထဲတွင် ရှုယင်၏ မျက်ဝန်းများ အေးစက်သွားခဲ့ပြီး သူ့လက်ဖျားထိပ်ရှိ ရုပ်သေးကြိုးမျှင်များ စတင် လှုပ်ခါနေခဲ့ပါပြီ။

“ငါသွားရှင်းလိုက်မယ်”

ယန်ရုန်ရုန်က ကန့်ကွက်သည်။

“မလိုဘူး”

သူမကို ဇဝေဇဝါဖြစ်စွာကြည့်ရင်း ရှုယင် ပြောလိုက်သည်။

“ငါတို့ရဲ့ စွမ်းအားနဲ့သာဆို သူတို့ကိုသတ်ဖို့ ဘာမှ မခဲယဉ်းနိုင်ဘူးး၊ ဘာလို့ ထွက်ပြေးမှာလဲ၊ မင်းစိတ်ပျော့သွားပြီလား”

ယန်ရုန်ရုန် ခံစားချက်မဲ့စွာ ပြန်ဖြေလိုက်သည်။

“သူတို့ကို သတ်ဖို့က မခက်ဘူး၊ ခက်တာက အဲ့လိုလုပ်လိုက်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေပဲ၊ ဧကရာဇ်မင်းကြီးက ကျွန်မနဲ့ ကျင့်ကြံခြင်းလောကတို့ကြားထဲ ပဋိပက္ခဖြစ်ပွားလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မရဲ့ သရုပ်မှန်ကို အဘိုးကြီးဆီ ဖွင့်ပြောခဲ့တာ၊ ကျွန်မသာ အဲ့ဒီကျင့်ကြံသူတွေ အကုန်လုံးကို သတ်ပစ်လိုက်ရင် ဧကရာဇ်မင်းကြီးရဲ့ ထောင်ချောက်ထဲ ကွက်တိဝင်သွားသလို ဖြစ်သွားမှာပေါ့၊ ကျွန်မက ကပ်ဘေးသယ်ဆောင်သူ ဟုတ်မနေရင်တောင် လူတွေအားလုံးက ကျွန်မကို မကောင်းဆိုးဝါးတစ်ကောင်လို မြင်သွားကြလိမ့်မယ်”

ထိုအကြံအစည်က ယုတ်ညံ့သည့်အပြင် အလွန်လည်း စိတ်ရှုပ်ဖို့ကောင်းပါသည်။ ယန်ရုန်ရုန် အတော်လေး ရွံရှာမိသည်။

ကျောက်စိမ်းဖြူရုပ်တုကို စောစောစီးစီးဖျက်ဆီးခဲ့မိသည်ကိုပင် သူမ နောင်တရနေပါပြီ။ ထိုရုပ်တုနှင့် သူမခဏလောက် ဆက်ပြီးကစားခဲ့သင့်သည်။ သူမတွင် တစ်စုံတစ်ယောက်ကို နာကျင်အောင်လုပ်နိုင်သည့် နည်းလမ်းများစွာ ရှိနေပါသေးသည်။

ရှုယင် မျက်မှောင်ကြုတ်သွားသည်။

“အဲ့တာဆို ငါတို့ ဒီမှာပဲထိုင်ပြီး သူများတိုက်ခိုက်တာကို ငြိမ်ခံရမှာလား”

“ဘယ်ဟုတ်ပါ့မလဲ”

ယန်ရုန်ရုန်သည် လျို့လန်ကို ဆင့်ခေါ်လိုက်ပြီး သူ့ခေါင်းလေးကို ပုတ်ပေးလျက် အပြုံးဖြင့် တောင်းဆိုလိုက်သည်။

“အဲ့ဒီလူတွေကို ခြောက်လှန့်ပြီး မောင်းထုတ်ဖို့ မေမေ့ကို ကူညီပေးပါလား”

လျို့လန်က ခေါင်းမော့ရင်ကော့လျက် ကတိပေးလိုက်ပါသည်။

“ကိစ္စမရှိဘူး!”

ထိုအခါ မုထုန်နှင့် ထွင်ထွင်တို့ပါ ရောက်လာကြပြီး သူတို့အစ်ကိုကြီးနှင့်အတူ တာဝန်ထမ်းဆောင်မည်ဟု ဆိုနေကြပါသည်။

လောလော သူတို့ကို စက်ဆုပ်စွာ ကြည့်လိုက်သည်။

“ငါ့နောက်ကလိုက်ပြီး ငါ့ကို နှောင့်နှေးအောင် မလုပ်ကြနဲ့”

မုထုန်က ကောင်းကင်ဘုံကို တိုင်တည်ကာ အစ်ကိုကြီးခိုင်းသည့်အတိုင်းသာ လုပ်မည်ဖြစ်ကြောင်း သစ္စာဆိုခဲ့ပါသည်။ မမြင်မကြားနိုင်သည့် ထွင်ထွင်သည်လည်း သံယောင်လိုက်ကာ ခေါင်းညိတ်လိုက်ပါသည်။

နောက်ဆုံးတော့ လျို့လန် သဘောတူလိုက်ရတော့သည်။ သူ့လက်ဖောင်းဖောင်းလေးများကို ခါးပေါ်တင်လျက် စိတ်ကြီးဝင်စွာ ပြောလိုက်သည်။

“ငါ့ကို အဲ့လောက်တောင်းတောင်းပန်ပန် ပြောနေကြတာဆိုတော့ ခေါ်သွားပေးလိုက်ပါ့မယ်”

မုထုန်ပျော်ရွှင်သွားပြီး ဆက်သွယ်မှုအဆောင်တစ်ခုသုံးကာ ထွင်ထွင်ကိုလည်း အသိပေးလိုက်သည်။ ဒီလိုနှင့် ယန်ရုန်ရုန် ပေးအပ်ထားသည့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ ညီအစ်ကိုသုံးယောက်သား မြင်းလှည်းထဲမှ ပျော်ပျော်ရွှင်ရွှင် ထွက်လာခဲ့ကြတော့သည်။

ကြယ်ခုနစ်ပွင့် မိစ္ဆာနှင့်အစီအရင် ပြီးဆုံးခါနီးဆဲဆဲအချိန်တွင် မြင်းလှည်းထဲမှ ကျိန်စာသားရဲသုံးကောင် ရုတ်တရက် ခုန်ထွက်လာခဲ့သည်။

လျို့လန်တို့သုံးဦး လေထဲတွင် သားရဲအသွင်ပြောင်းလဲသွားကြပြီး အရွယ်အစားကလည်း အဆမတန် ကြီးမားသွားခဲ့ကြရာ မြင်ရသူတိုင်း ထိတ်လန့်ချောက်ချားသွားခဲ့ကြပါသည်။

ကြမ္မာရှင်အဘိုးကြီးက အသက်အရွယ်အကြီးရင့်ဆုံးနှင့် ဗဟုသုတအရှိဆုံးဖြစ်ရာ ထိုသားရဲသုံးကောင်ကို မြင်ပြီး မျက်လုံးပြူးမျက်ဆံပြူးဖြစ်ကာ အံ့အားသင့်တုန်လှုပ်သွားခဲ့ရသည်။

“ရှေးဟောင်းကျိန်စာသားရဲကြီးလေးကောင်ထဲက… ထောင်ထျဲ၊ ထောင်ဝူနဲ့ ဟွင်သွမ်းတို့ပဲ!”

အစ်ကိုအကြီးဆုံးဖြစ်သည့် ထောင်ထျဲက တိုက်စစ်ကို ဦးဆောင်ခဲ့သည်။ ၎င်း၏ ဧရာမပါးစပ်ကြီးကိုဟကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပါသည်။

ကြောက်စရာဟိန်းသံကြီးနှင့်အတူ အလွန်အားကောင်းသည့် ကျိန်စာစွမ်းအင်များ ဖြာထွက်လာကာ ယောင်ကွမ်းသားတော်ခုနစ်ယောက်ကို ရိုက်ခတ်သွားတော့သည်။

ထိုခုနစ်ဦးမှာ အဝေးသို့ လွင့်ထွက်သွားပြီး မြေပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျကာ သွေးများအန်ထွက်ကုန်ကြသည်။ ကြယ်ခုနစ်ပွင့် မိစ္ဆာနှင့်အစီအရင်လည်း ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရသည်။

ထိုမြင်ကွင်းကိုမြင်ပြီး ရပ်ကြည့်နေကြသူများအားလုံး သွေးပျက်ချောက်ချားကာ သားရဲများ၏အစာ မဖြစ်ရစေဖို့အတွက် အရပ်မျက်နှာပေါင်းစုံသို့ ထွက်ပြေးကြလေတော့သည်။

‌ယောက်ယက်ခတ်နေသည့် လူအုပ်ကြီးထဲ တစ်ဦးတည်းသောသူမှာတော့ မလှုပ်မယှက် ငြိမ်သက်နေဆဲဖြစ်သည်။

ယင်းမှာ ကျောက်ချီဖြစ်ကာ သူသည် မျက်လုံးအစုံကို ပြူးကျယ်လျက် ကျိန်စာသားရဲကြီးသုံးကောင်ကို စိုက်ကြည့်နေသည်။ နှုတ်မှလည်း သူတစ်ဦးတည်းသာ ကြားနိုင်သော လေသံမျိုးဖြင့် ရေရွတ်နေလေသည်။

“အစ်ကိုကြီး၊ တတိယညီလေးနဲ့ စတုတ္ထညီလေးတို့….”

ကြမ္မာရှင်အဘိုးကြီးက ဒဏ်ရာရရှိနေသော သူ့တပည့်သားများကို အပြေးသွားကာကွယ်ပေးလိုက်သည်။ ကြောက်စရာကောင်းသည့် သားရဲကြီးသုံးကောင်ကိုကြည့်ရင်း သူအံကြိတ်လိုက်ပါသည်။

“ယန်ရုန်ရုန်! မင်းက ရှေးဟောင်းမိစ္ဆာတွေနဲ့ ပူးပေါင်းရဲတယ်ပေါ့! ငါ့ရဲ့ဟောကိန်းက မှန်ကန်တယ်၊ မင်းက ကမ္ဘာမြေကို ပျက်သုဉ်းစေမယ့် ကပ်ဘေးသယ်ဆောင်သူ အစစ်အမှန်ပဲ!”

သူ့မေမေကို စော်ကားနေသည့် ထိုအဘိုးကြီး၏ စကားလုံးများကို ကြားသောအခါ ထောင်ထျဲသားရဲ အလွန်ဒေါသပေါက်ကွဲသွားပြီး အဘိုးကြီးအား လက်သည်းဖြင့် ခုန်အုပ်လိုက်သည်။

ကြမ္မာရှင်အဘိုးကြီးက သံလိုက်အိမ်မြှောက်တစ်လုံးကို ထုတ်လိုက်ရာ ၎င်းမှာ အရွယ်အစား အလွန်ကြီးမားသွားခဲ့ပြီး သူ့ရှေ့တွင် ဒိုင်းကာတစ်ခုအဖြစ် ကာကွယ်ပေးလိုက်ပါသည်။ ၎င်း၏ ကိုယ်ထည်ပေါ်မှ ရွှေရောင်မှော်သင်္ကေတများ လင်းလက်လာပြီး ထောင်ထျဲ၏ ကြမ်းကြုတ်သော တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။

သို့သော် သံလိုက်အိမ်မြှောင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ သူနှင့် ဝိညာဉ်စည်းနှောင်ထားသည့် ရတနာဖြစ်၍ ကြမ္မာရှင်အဘိုးကြီးလည်း ထိုထိခိုက်မှုကို ခံစားခဲ့ရပါသည်။ သူ့မျက်နှာ ဖြူရော်သွားခဲ့ပြီး ရင်ဘတ်ကို လက်ဖြင့် ဖိလျက် မြေပေါ်သို့ ဒူးထောက်လျက်သား လဲကျသွားခဲ့သည်။

ထောင်ထျဲက နောက်တစ်ချက် ထပ်ခုတ်ဖို့ ပြင်လိုက်စဉ် ယန်ရုန်ရုန် လှမ်းတားလိုက်ပါသည်။

“သူ့ကို မသတ်နဲ့ လျို့လန်”

သူ့မေမေ၏ အမိန့်ကို မလွန်ဆန်နိုင်သဖြင့် ထောင်ထျဲသားရဲ သတ်ချင်ဖြတ်ချင်စိတ်ကို ချုပ်တည်းကာ လက်သည်းများအား ပြန်သိမ်းလိုက်ပါသည်။

ကြမ္မာရှင်အဘိုးကြီးသည် သူ့ကိုယ်သူ ယနေ့သေရတော့မည်ဟုပင် ထင်ထားခဲ့သည်။ သို့သော် ယန်ရုန်ရုန်က သားရဲကြီးကို ရုတ်တရက် တားလိုက်လေသည်။

ကြမ္မာရှင်အဘိုးအို စိတ်ရှုပ်ထွေးစွာဖြင့် စိန်ခေါ်လိုက်သည်။

“ငါ့ကိုသတ်ချင်ရင်လည်း သတ်ပစ်လိုက်စမ်းပါ! ဘာလို့ ကြောင်သူတော်ကြွက်သူခိုးလာလုပ်နေတာလဲ”

ယန်ရုန်ရုန်သည် မြင်းလှည်း ပြူတင်းပေါက်တွင်မှီရင်း အဘိုးကြီးကို ငုံ့ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ကျွန်‌မကို ကြောင်သူတော်ကြွက်သူခိုးလို့ထင်ချင်လည်း ထင်ပေါ့”

သူမက ကိုယ့်ကိုယ်ကိုယ်ကာကွယ်သည့်စကာမျိုး တစ်ခွန်းမှမပြောခဲ့ပေ။ ထို့ကြောင့် အဘိုးအိုကို ပို၍ပင် စိတ်တိုသွားစေသည်။

အဘိုးအို ဒေါသဖြင့် အံကြိတ်ရင်း ကြုံးဝါးလိုက်သည်။

“မင်းဒီနေ့ ပြေးလို့လွတ်သွားတယ်ဆိုရင်တောင် ကျင့်ကြံခြင်းလောကတစ်ခုလုံးက မင်းကို အမဲလိုက်ကြတော့မှာ၊ ဒီကိစ္စက သက်ရှိသတ္တဝါအားလုံးရဲ့ ရှင်သန်ရေးနဲ့ သက်ဆိုင်နေတာ၊ လူသားတွေ၊ နတ်ဆိုးတွေ၊ မိစ္ဆာတွေ၊ ဝိညာဉ်တွေ… မင်းကို ဘယ်သူမှ အလွတ်ပေးမှာမဟုတ်ဘူး!”

🌹Chapter 320

အမှန်တကယ်တော့ ကြမ္မာရှင်အဘိုးကြီးသည် ကပ်ဘေးသယ်ဆောင်သူအကြောင်းကို ဂိုဏ်းကြီးများထံသို့ တိတ်တဆိတ် သတင်းပို့ခဲ့ပြီးပါပြီ။

ယခုအချိန်လောက်ဆို ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများ လမ်းတစ်ဝက်ပင် ရောက်ရှိနေလောက်ပြီဖြစ်ပြီး မကြာမီ ယွင်မုန့်မြို့သို့ ရောက်ရှိလာပါတော့မည်။

ယခုလုပ်ဖို့ ကျန်ရှိသည်ဆိုလို့ ယန်ရုန်ရုန့်ကို အချိန်ဆွဲထားဖို့ပင် ဖြစ်သည်။

အဘိုးကြီး၏ ခြိမ်းခြောက်စကားများကို ယန်ရုန်ရုန် မမှုခဲ့ပါ။ သူမ အေးအေးဆေးဆေးပင် ပြန်မေးလိုက်သည်။

“ရှင့်ဟောကိန်းက လုံးဝမှန်ကန်တယ်ဆိုတာ သေချာရဲ့လား”

အဘိုးကြီးက မဆိုင်းမတွ ပြန်ဖြေသည်။

“သေချာတာပေါ့!”

ယန်ရုန်ရုန် ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။

“ဟင်း”

အဘိုးကြီးက အရှက်ရသွားဟန်ဖြင့် ဒေါသပိုကြီးသွားခဲ့သည်။

“မင်းဘာရယ်တာလဲကွ!”

“ဘာမှမဟုတ်ပါဘူး၊ ရှင့်ကို ပုံပြင်လေးတစ်ပုဒ်ပြောပြချင်လို့”

အကြောင်းအရာ ရုတ်တရက် ပြောင်းလဲသွားသဖြင့် အဘိုးကြီး မှင်သက်သွားခဲ့သည်။ သို့သော် အချိန်ဆွဲနိုင်ဖို့အတွက် သူ မငြင်းဆန်ခဲ့ဘဲ ယန်ရုန်ရုန့်ကို ဆက်ပြောစေခဲ့ပါသည်။

အားလုံး၏ စောင့်ကြည့်မှုအောက်တွင် ယန်ရုန်ရုန် ပုံပြင်တစ်ပုဒ်ကို စပြောပြခဲ့သည်။

“ဟိုးရှေးရှေးတုန်းက လောကရဲ့ အရာခပ်သိမ်းကို နားလည်နိုင်စွမ်းရှိတဲ့ ပိုင်ကျဲနတ်သားရဲက ကမ္ဘာပေါ်ကို မဟာကပ်ဘေးကြီးတစ်ခု ကျရောက်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တယ်၊ အဲ့ဒီမဟာကပ်ဘေးကြီးထဲမှာ သက်ရှိသတ္တဝါအားလုံး ပျက်သုဉ်းဖို့ ကံကြမ္မာပါလာခဲ့တယ်၊ မဟာကပ်ဘေးကြီးကို တားဆီးနိုင်မယ့်တစ်ခုတည်းသော နည်းလမ်းက ကပ်ဘေးသယ်ဆောင်သူကို သုတ်သင်ပစ်ဖို့ပဲ”

ပထမတော့ စစ်ကူများထံသာ စိတ်ရောက်နေသဖြင့် ကြမ္မာရှင်အဘိုးကြီးမှာ စိတ်ဖိစီးနေခဲ့ရသည်။ ယန်ရုန်ရုန်ပြောပြသည့် ပုံပြင်ကိုလည်း ဂရုမစိုက်အားခဲ့ပါ။

သို့သော် ‘ကပ်ဘေးသယ်ဆောင်သူ’ဟူသည့် အမည်ကို ကြားလိုက်ရသည်နှင့် အဘိုးကြီး မျက်လုံးများ ဝိုင်းစက်သွားပြီး အံ့အားသင့်စွာ မေးလိုက်ပါသည်။

“အဲ့တာ အမှန်ပဲလား၊ အရင်တုန်းကလည်း ကပ်ဘေးသယ်ဆောင်သူတွေ ရှိခဲ့ဖူးတာလား”

သူ့မေးခွန်းကို ယန်ရုန်ရုန်ပြန်မဖြေခဲ့ဘဲ သူမပုံပြင်ကို ဆက်ပြောပြခဲ့သည်။

“အားလုံးက ပိုင်ကျဲရဲ့ ဟောကိန်းကို ယုံကြည်ပြီး ကပ်ဘေးသယ်ဆောင်သူကို သုတ်သင်ရှင်းလင်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်၊ ကပ်ဘေးသယ်ဆောင်သူ သေဆုံးသွားတော့ ကပ်ဘေးကို တားဆီးနိုင်ခဲ့ပြီလို့ ထင်ခဲ့ကြပေမယ့် မဟာကပ်ဘေးက ကျရောက်လာခဲ့တုန်းပဲ၊ အဲ့တာဘာလို့လဲ ရှင်သိလား”

အဘိုးအို ခေတ္တမျှကြက်သေသေသွားပြီး ငြင်းဆန်ပစ်လိုက်သည်။

“မဖြစ်နိုင်တာ! ကျင့်ကြံခြင်းလောကထဲ မဟာကပ်ဘေးကျရောက်ဖူးတဲ့အကြောင်း ငါလည်းတစ်ခါမှ မကြားဖူးပါလား!”

ယန်ရုန်ရုန် ပြိုင်မငြင်းခဲ့ဘဲ ယွင်မုန့်မြို့တော်ထံသို့ လှမ်းကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အရင်တုန်းက ဒီနေရာကြီးကို ယွင်မုန့် စိမ့်မြေလို့ ခေါ်တယ်၊ ပိုင်ကျဲနတ်သားရဲ နေထိုင်ခဲ့တဲ့ နေရာကြီးပေါ့၊ မဟာကပ်ဘေးကြီး ကျရောက်လာတုန်းက ပိုင်ကျဲနတ်သားရဲ အသက်ဆုံးရှုံးခဲ့ရရုံတင်မကဘူး ယွင်မုန့် စိမ့်မြေလည်း ပျက်စီးသွားခဲ့ရတယ်”

အဘိုးကြီးက ဆက်လက်ငြင်းဆန်နေဆဲပင်။

“မဖြစ်နိုင်ဘူး! မင်းမဟုတ်တာတွေ ပြောနေတာ!”

ယန်ရုန်ရုန် မဲ့ပြုံးပြုံးလျက် သူ့ကို ကြည့်လိုက်သည်။

“ရှင့်ရဲ့ အာရုံက အနာဂတ်ကို ခန့်မှန်းနိုင်တယ်ဆိုပြီး အတိတ်ကိုကျတော့ မမြင်နိုင်ဘူးလား”

အဘိုးကြီး ရုတ်တရက် နှုတ်ဆိတ်သွားခဲ့သည်။ ဗေဒင်နက္ခတ်ပညာဖြင့် အတိတ်ကို ပြန်လည်ကြည့်ရှုနိုင်စွမ်း ရှိပါသည်။ သို့သော် အတိတ်ဟူသည် ဖြစ်ပျက်ပြီးသားဖြစ်ကာ ပြောင်းလဲ၍မရသဖြင့် ကျင့်ကြံသူများအတွက် အသုံးမဝင်ဟု သတ်မှတ်ထားခဲ့ကြသည်။

ထို့ကြောင့် အဘိုးအိုသည် အမြဲတမ်း အနာဂတ်ကိုသာ တွက်ချက်လေ့ရှိပြီး အတိတ်ကို ပြန်လှည့်မကြည့်တတ်ပေ။

ယန်ရုန်ရုန်၏ ဆိုလိုရင်းက ရိုးရှင်းပါသည်။ သူမ လိမ်ညာနေသလားသိချင်လျှင် ယွင်မုန့်မြို့တော်၏ သမိုင်းကြောင်းကို တွက်ချက်ကြည့်လိုက်ဖို့သာ လိုအပ်သည်။

သူမ၏ တည်ငြိမ်အေးဆေးလှသော အမူအရာကို ကြည့်ခြင်းအားဖြင့် ယန်ရုန်ရုန်သည် အမှန်တရားကို ပြောနေခြင်း ဖြစ်မှန်း သိသာပါသည်။

အဘိုးကြီး၏ ရင်ထဲ သံသယများစတင်ဖြစ်တည်လာခဲ့သည်။

‘သူပြောနေတာ အမှန်တရားတွေပဲလား…’

အဘိုးကြီး အတွေးလွန်နေစဉ် တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်လိုက်ပါသည်။

“အဲ့တာဘယ်သူတွေလဲ!”

အဘိုးကြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရာ ဓားပျံစီးရင်း သူတို့ထံ ချဉ်းကပ်လာသည့် ရာနှင့်ချီသော ကျင့်ကြံသူပေါင်းများစွာကိုမြင်လိုက်ရပါသည်။ သူချက်ချင်း စိတ်ဓာတ် တက်ကြွသွားခဲ့သည်။ စစ်ကူများ ရောက်လာခဲ့လေပြီ။

ထိုစစ်ကူများ နီးကပ်လာသောအခါ ကျင့်ကြံခြင်းလောက၏ နံပါတ်တစ်ဂိုဏ်းဖြစ်သော ရှမ့်ယွင်ဂိုဏ်းမှ ကျင့်ကြံသူများဖြစ်ကြောင်း အားလုံးမြင်လိုက်ရပါသည်။ ၎င်းတို့ကို ဦးဆောင်လာသူမှာ ဂိုဏ်းခေါင်းဆောင်ကြီး နန်ခယ့်၏ ဇနီးဖြစ်သူ ချင်းယောင်ပင် ဖြစ်သည်။

ချင်းယောင်သည် သူမ၏ တပည့်သားများကို ဦးဆောင်ပြီး မြို့တော်ဂိတ်ပေါက်ရှေ့တွင် ဆင်းသက်လိုက်သည်။ ထို့နောက် ကြမ္မာရှင်အဘိုးကြီးကို သွားကူညီပေးပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“အဆင်ပြေရဲ့လား”

အဘိုးကြီးက သူ့ဒဏ်ရာများကို လျစ်လျူရှုလိုက်ပြီး အလောတကြီး ပြောလိုက်ပါသည်။

“အဲ့တာ ကပ်ဘေးသယ်ဆောင်သူပဲ! မြန်မြန်ဖမ်းလိုက်!”

ချင်းယောင် နောက်သို့လှည့်ကြည့်လိုက်ရာ မြင်းလှည်းထဲမှ ယန်ရုန်ရုန်နှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။

ချင်းယောင်သည် ချောင်းတစ်ချက်ဟန့်ကာ ဖြောင့်မတ်မှန်ကန်သည့် လေသံမျိုးဖြင့် အော်လိုက်ပါသည်။

“ယန်ရုန်ရုန်! နင်ပါလား! နတ်ဆိုးအရှင်သခင်၊ မိစ္ဆာဘုရင်၊ ဝိညာဉ်ဧကရာဇ်တွေနဲ့ နင်ပူးပေါင်းခဲ့တုန်းက ငါတို့နင့်ကို ချက်ချင်း သတ်ပစ်ခဲ့သင့်တာ၊ နင့်ဆရာ ရွှမ်ယွဲ့ဓားသခင် တောင်းပန်ခဲ့လို့သာ ငါတို့ဂိုဏ်းခေါင်းဆောင်က နင့်ကို အသက်ချမ်းသာပေးပြီး ဂိုဏ်းက နှင်ထုတ်ရုံပဲ လုပ်ခဲ့တာ၊ ဒါကို နင်က နောင်တမရဘဲ ပြဿနာ ထပ်ရှာရဲသေးတယ်ပေါ့!”

ချင်းယောင်နောက်က ကျင့်ကြံသူများကို ယန်ရုန်ရုန် အကဲခတ်ကြည့်လိုက်သည်။ ရှန်းဝမ်ချင်းကို သူမ မမြင်မိပါ။

“ရှင်လည်း သူတို့နဲ့အတူ ကျွန်မကို တိုက်ခိုက်ဖို့ ရောက်လာခဲ့တာလား”

ချင်းယောင် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

“အမှန်ပဲ”

ချင်းလွမ်ဂိုဏ်းခေါင်းဆောင်က လှမ်းအော်သည်။

“အဲ့ဒီမိစ္ဆာမက ကမ္ဘာကြီးကို ပျက်စီးစေမှာ! လူတိုင်းမှာ သူ့ကို သုတ်သင်ခွင့်ရှိတယ်!”

ထိုစကားကို သူ၏ တပည့်သားများကလည်း အော်ဟစ်ထောက်ခံနေကြသည်။

ချင်းယောာင်က အားလုံးကို ငြိမ်ငြိမ်သက်သက်နေဖို့ အချက်ပြလိုက်ပါသည်။ ထို့နောက် သူမ လေးနက်စွာ ပြောလိုက်သည်။

“ယန်ရုန်ရုန်က ကျွန်မတို့ ရှမ့်ယွင်ဂိုဏ်းက ဆင်းသက်လာတဲ့လူပဲ၊ ကျွန်မတို့မှတ်တမ်းတွေထဲကနေ သူ့ကို ထုတ်ပစ်လိုက်ပြီ ဆိုရင်တောင် သူ့ရဲ့လုပ်ရပ်တွေအတွက် ကျွန်မတို့မှာလည်း တာဝန်တချို့တဝက် ရှိတယ်၊ အဲ့တာကြောင့် ရှမ့်ယွင်ဂိုဏ်းရဲ့မျက်နှာကိုထောက်ပြီး ကျွန်မတို့ကို ကိုင်တွယ်ခွင့်ပေးပါလို့ တာအိုရောင်းရင်းတို့ကို တောင်းဆိုပါတယ်”

ကျန်ဂိုဏ်းနှစ်ဂိုဏ်း၏ ခေါင်းဆောင်များက ဆုံးဖြတ်နိုင်စွမ်းမရှိကြသဖြင့် ကြမ္မာရှင်အဘိုးကြီးကိုသာ ဝိုင်းကြည့်လိုက်ကြသည်။

အဘိုးကြီးလည်း ခေတ္တတွန့်ဆုတ်သွားပြီးနောက် သဘောတူလိုက်ပါသည်။

ချင်းယောင် ခပ်ပါးပါး ပြုံးလိုက်သည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်”

ထိုသို့ပြောပြီးနောက် ချင်းယောင် တပည့်သားများကို ဦးဆောင်ပြီး လေထဲသို့ ပျံတက်သွားခဲ့ပါသည်။

ယခုဆို ယောင်ကွမ်းသားတော်ခုနစ်ပါးလည်း ဆရာဖြစ်သူပေးသည့် ဆေးလုံးများကို သောက်ပြီး အလူးအလဲ ပြန်ထလာကြပါပြီ။

အကြီးဆုံးတပည့်က တီးတိုးမေးလိုက်သည်။

“ဆရာကြီး၊ ဂိုဏ်းချုပ်ကတော် တောင်းဆိုတာကို ဘာလို့အလွယ်တကူ သဘောတူလိုက်ရတာလဲ”

အဘိုးကြီးက ရှမ့်ယွင်ဂိုဏ်းသားများကို ငေးကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်ပါသည်။

“ရှမ့်ယွင်ဂိုဏ်းဆိုတာ ကျင့်ကြံခြင်းလောကရဲ့ နံပါတ်တစ်ဂိုဏ်းပဲလေ၊ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက အမြဲတမ်း မှန်ကန်ခဲ့တယ်၊ အားလုံးအတွက် ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခုခုပေးနိုင်မှာပါ”

တပည့်ဖြစ်သူက ရှပ်ထွေးသောအကြည့်ဖြင့် ကြည့်ကာ ထပ်မေးသည်။

“အကြောင်းအရင်းအစစ်အမှန်ကို ကျွန်တော်တို့ သိခွင့်ရှိမလား”

အဘိုးကြီးက သူ့ရင်ဘတ်ကို လက်ဖြင့်ဖိကာ ချောင်းနှစ်ချက်ဆိုးလိုက်ပြီး ရှင်းပြလိုက်ပါသည်။

“အခုလောလောဆယ် အားလုံးထဲမှာ ချင်းယောင်က စွမ်းအားအကြီးမားဆုံးပဲ၊ အဲ့တာကြောင့် သူပြောတာကို သဘောတူရမှာပေါ့”

ထိုအဖြေကို ကြားခါမှ တပည့်သား ပါးစပ်ပိတ်သွားတော့သည်။

ထောင်ထျဲသည် ရှမ့်ယွင်ဂိုဏ်းသားများကို အစွယ်ဖြဲပြရင်း မာန်ဖီနေပါသည်။ သို့သော် ချင်းယောင်က ကြောက်ရွံ့မှု မရှိပေ။

ယန်ရုန်ရုန့်ကို သူမ ကမ်းလှမ်းလိုက်သည်။ “ငါတို့ရှမ့်ယွင်ဂိုဏ်းဆိုတာ ဂုဏ်သိက္ခာအရှိဆုံး ဂိုဏ်းတစ်ခုပဲ၊ အင်အားသုံးပြီး အနိုင်ကျင့်တယ်လို့ လူတွေမပြောရအောင် တစ်ယောက်ချင်းတိုက်ခိုက်ဖို့ ငါနင့်ကို စိန်ခေါ်တယ်၊ တကယ်လို့ နင်နိုင်ရင် ထွက်သွားလို့ရမယ်၊ မဟုတ်ရင်တော့ ငါတို့ဖမ်းဆီးတာကို ခံရမယ်”

ထို့နောက် သူမချန့်ခွင်းအိတ်ထဲမှ ဓားတစ်လက်ကိုထုတ်ကာ ယန်ရုန်ရုန့်ထံ ပစ်ပေးလိုက်ပါသည်။

“အဲ့တာ နင့်ဝူဝမ့်ဓားပဲ၊ ငါနင့်ကို ပြန်ပေးလိုက်ပြီ၊ ဒါဆို ငါတို့နှစ်ယောက်စလုံးမှာ လက်နက်တွေ ရှိသွားပြီနော်၊ တရားမျှတတဲ့ တိုက်ခိုက်မှုလို့ သတ်မှတ်လို့ရပြီ”

ယန်ရုန်ရုန် ဓားကို လှမ်းဖမ်းလိုက်ပါသည်။ သခင်ဖြစ်သူနှင့် ပြန်လည်ဆုံဆည်းနိုင်ပြီဖြစ်၍ ဝူဝမ့်ဓားမှာလည်း ပျော်ရွှင်သွားပုံရပြီး တုန်ခါကာ အသံမြည်နေတော့သည်။

ယန်ရုန်ရုန်သည် ဓားရိုးကို ပွတ်ရင်း ချင်းယောင်ကို မော့ကြည့်လိုက်သည်။ သို့သော် ချင်းယောင်က သူမကို မျက်စိတစ်ဖတ် ဖျပ်ခနဲ မှိတ်ပြလိုက်လေသည်။

ယန်ရုန်ရုန် ခေတ္တ မှင်သက်သွားခဲ့ရသည်။

“ဂိုဏ်းချုပ်ကတော်…”

ချင်းယောင် ဘာမှပြန်မပြောပေ။ သူမ၏ ဓားကို ဆွဲထုတ်ရင်း အော်လိုက်သည်။

“စကားမများနဲ့တော့! သေဖို့အသင့်ပြင်ထား!”

ယန်ရုန်ရုန်လည်း အခြေအနေကို အနည်းငယ် ရိပ်မိသွားပါသည်။ သူမကို ချင်းယောင် အမှန်တကယ် ဖမ်းဆီးဖို့ အစီအစဉ်ရှိပုံမရပါ။

ထို့ကြောင့် ရှုယင်၊ ထောင်ထျဲ၊ မုထုန်နှင့် ထွင်ထွင်တို့ကို ဝင်မပါဖို့ ယန်ရုန်ရုန် အချက်ပြလိုက်ပါသည်။

All Chapters