အခန်း (၃၂၁-၃၂၂)
Vol. 33 Ch. 321-322
🌹Chapter 321
ယန်ရုန်ရုန်သည် ချင်းယောင်၏ စိန်ခေါ်မှုကို လက်ခံလိုက်ပြီး ဝူဝမ့်ဓားကို ကိုင်ဆွဲလျက် မြင်းလှည်းပြူတင်းပေါက်မှ ခုန်ထွက်လာခဲ့လေသည်။
သူမတို့ နှစ်ဦးစလုံးက ဝိညာဉ်အသွင်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့် ရှိကြသဖြင့် ခွန်အားများက တူညီနေပါသည်။ ဓားအချင်းချင်း ရိုက်ခတ်သံများအကြား စူးရှသည့် ဓားစွမ်းအင်များက အရပ်မျက်နှာပေါင်းစုံသို့ လွင့်စင်သွားခဲ့ကာ ကောင်းကင်ဘုံရှိ တိမ်နက်များပင် အပိုင်းပိုင်း ပြတ်သွားခဲ့ရသည်။
အောက်ဘက်ရှိ ကျင့်ကြံသူများကလည်း အမျိုးသမီးနှစ်ယောက်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို လည်ပင်းတရှည်ရှည်ဖြင့် မောကြည့်နေကြပြီး အံ့ဩချီးကျူး၍မဆုံး ဖြစ်နေကြပါသည်။
သို့သော် အမှန်တကယ်တော့ ယန်ရုန်ရုန်နှင့် ချင်းယောင်တို့နှစ်ယောက်စလုံး တစ်ဦးကိုတစ်ဦး သေစေလိုသော ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေကြခြင်း မဟုတ်ပေ။
သူမတို့ဓားချင်း ထပ်မံရိုက်ခတ်သောအခါ ချင်းယောင်က တိုးညှင်းစွာ မေးလိုက်ပါသည်။
“ယွင်မုန့်မြို့ကို ဘာလို့ လာခဲ့တာလဲ”
ယန်ရုန်ရုန် ခေတ္တ တွန့်ဆုတ်မိသော်လည်း အမှန်အတိုင်းပြောပြဖို့ ဆုံးဖြတ်လိုက်ပါသည်။
“ကျွန်မ ခွန်းလွင်နယ်မြေကို ရှာဖွေဖို့ လာခဲ့တာ၊ ရှေးခေတ်က မဟာကပ်ဘေးကြီးနောက်ကွယ်က အမှန်တရားကို သိချင်လို့လေ”
ချင်းယောင်သည် ခြေဖျားထောက်လျက် အနောက်သို့ အလျင်အမြန်ဆုတ်လိုက်ရာ သူမတို့နှစ်ဦးအကြား အနည်းငယ် ဝေးကွာသွားခဲ့သည်။
သို့သော် နောက်တစ်ခဏမှာပင် ချင်းယောင် ရှေ့သို့ ပြန်တက်လာပြီး သူမဓားနှင့် ယန်ရုန်ရုန့်မျက်နှာကို ချိန်ရွယ်လိုက်ပါသည်။ ယန်ရုန်ရုန်လည်း ဝူဝမ့်ဓားကိုထုတ်ပြီး ကာကွယ်လိုက်ရာ ဓားချင်းရိုက်ခတ်သံက ချွင်ခနဲမြည်အောင် ပဲ့တင်သံထပ်သွားခဲ့သည်။
ဓားချင်း ရိုက်ခတ်သည့်အားက ကြီးမားလွန်းသဖြင့် လေထုပင် အရောင်ပြောင်းလဲသွားသည့်အလား ခံစားရသည်။ ယခု နှစ်ယောက်သား ပြန်လည် နီးကပ်သွားပြီဖြစ်ရာ ချင်းယောင် ထပ်မေးလိုက်ပါသည်။
“မဟာကပ်ဘေးကြီးသာ အစစ်အမှန်ဖြစ်နေရင် ကမ္ဘာပေါ်ကျရောက်မလာအောင် နင်တားဆီးပေးနိုင်မှာလား”
ယန်ရုန်ရုန် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ကျွန်မ မပြောတတ်ဘူး၊ အကောင်းဆုံး ကြိုးစားပေးနိုင်ရုံပဲ ရှိတယ်”
ယန်ရုန်ရုန့်ဘက်မှ အသေအချာ ကတိမပေးနိုင်သည်ကို မြင်သော်လည်း ချင်းယောင် စိတ်ပျက်မသွားခဲ့ပေ။ ထို့အစား သူမ ရှင်းပြလိုက်သည်။
“ကပ်ဘေးသယ်ဆောင်သူအကြောင်း ငါတို့ပထမဆုံးသိခဲ့ရတုန်းက နင်မဖြစ်နိုင်ဘူးလို့ မတ်လေးဝမ်ချင်းက အသေ အချာ ယုံကြည်နေခဲ့တယ်၊ ငါတို့လင်မယားနှစ်ယောက်ကလည်း ဝမ်ချင်းရဲ့ သုံးသပ်ချက်ကို ယုံကြည်တယ်”
ယန်ရုန်ရုန် ခေတ္တမှင်သက်သွားခဲ့သဖြင့် သူမ၏ လှုပ်ရှားမှုများမှာလည်း အနည်းငယ် နှောင့်နှေးသွားခဲ့ရသည်။
ယန်ရုန်ရုန့်ရင်ဘတ်အတွင်းသို့ ချင်းယောင်၏ဓား စိုက်ဝင်ခါနီးဆဲဆဲတွင် ချင်းယောင် အချိန်မီ သတိပေးလိုက်သည်။
“ရှောင်လိုက်!”
ယန်ရုန်ရုန်သည် အနောက်သို့ အလျင်အမြန်ဆုတ်လိုက်သဖြင့် ဓား၏ဖျားထိပ်မှာ သူမ၏ ဝတ်ရုံနှင့် ရှပ်ထိသွားခဲ့သည်။ စူးရှလှသည့် ဓားရောင်ဝါကြောင့် သူမတစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပါသည်။
ယန်ရုန်ရုန် မနေနိုင်ဘဲ ပြန်မေးလိုက်သည်။
“ဘာလို့လဲ”
ချင်းယောင် ဓားကို ပြန်ဆွဲယူရင်း ဖြေလိုက်သည်။
“မတ်လေးဝမ်ချင်းက လူကဲခတ်တဲ့နေရာမှာ အရမ်းတော်တယ်၊ ပြီးတော့ ငါကလည်း လက်တွေ့သမားပဲ၊ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ဟောကိန်းတွေထက် ငါ့မျက်စိနဲ့မြင် ငါ့နားနဲ့ ကြားရတာတွေကိုပဲ ယုံကြည်တတ်တယ်၊ ငါသိထားတဲ့ စန်းချွမ်ဆိုတာ ကမ္ဘာကြီးကို ကပ်ဆိုက်စေမယ့်လူမျိုး မဟုတ်ဘူး”
ယန်ရုန်ရုန့် နှလုံးသားထဲ ခံစားချက်ပေါင်းစုံ ရောထွေးသွားခဲ့သည်။ ပိုင်ကျဲနတ်သားရဲ၏ ဟောကိန်းကို လူတိုင်းက ယုံကြည်ကြလိမ့်မည်ဟု သူမ ထင်ထားခဲ့ပြီး သူမကို ယုံကြည်သည့်လူတွေ ရှိနေလိမ့်မည်ဟု ယန်ရုန်ရုန် မျှော်လင့်မထားခဲ့ပါ။
ချင်းယောင်က ထပ်မံ တိုက်ခိုက်ရင်း ဆိုလိုက်သည်။
“အစကတော့ မတ်လေးဝမ်ချင်းက နင့်ကို ဒီမှာလာတွေ့မလို့ပဲ၊ ဒါပေမယ့် နင်က ကပ်ဘေးသယ်ဆောင်သူဆိုတာ သိလိုက်ရတော့ နင့်ကို ဖမ်းချုပ်ဖို့အတွက် တခြားဂိုဏ်းတွေအားလုံး ဒီကို ဦးတည်ပြီး ထွက်လာကြတယ်၊ အဲ့တာကြောင့် ဝမ်ချင်း အစီအစဉ် အမြန်ပြောင်းလိုက်ရပြီး နင့်အတွက် အချိန်ရအောင် အဲ့ဒီဂိုဏ်းတွေကို အချိန်ဆွဲပေးထားတယ်”
ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ရှန်းဝမ်ချင်းသည် သူမအတွက်နှင့် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ရင်ဆိုင်ရပါလိမ့်မည်။
ယန်ရုန်ရုန့် ပခုံးပေါ်တွင် တာဝန်များ ပိုလေးလံလာသလို ခံစားရသည်။ မူလက သူမ၏ အမှန်တရား ရှာပုံတော်မှာ သူမတစ်ကိုယ်တည်း အတွက်သာဖြစ်သော်လည်း ယခုတော့ ရှန်းဝမ်ချင်းနှင့် ရှမ့်ယွင်ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အနာဂတ်သည်လည်း ထိုအမှန်တရားအပေါ် မူတည်နေပါပြီ။
သူမ ကျရှုံး၍ မဖြစ်တော့ပေ။
ချင်းယောင်၏ ဓားချက် နောက်တစ်ကြိမ် တိုးဝင်လာသောအခါ ယန်ရုန်ရုန် ဘေးသို့ ရှောင်လိုက်ပြီး ချင်းယောင်၏ ခါးထံသို့ ပစ်မှတ်ထားကာ ဝူဝမ့်ဓားကို ဝှေ့ယမ်းလိုက်ပါသည်။
ချင်းယောင် ရှောင်နိုင်လိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။
သို့သော် ချင်းယောင်က မလှုပ်မယှက်ငြိမ်သက်နေခဲ့သည်။ ထို့ကြောင့် ဝူဝမ့်ဓားချက်က သူမ၏ ဝတ်ရုံများကို ဖြတ်သွားသည်။ ယန်ရုန်ရုန် မျက်နှာပျက်သွားပြီး ဝူဝမ့်ဓားကို ပြန်ဆွဲယူဖို့ ကြိုးစားလိုက်ပါသည်။
သို့သော် ချင်းယောင်ကာ ဝူဝမ့်ဓားကို ဖမ်းဆုပ်ကာ သူမ၏ ဝမ်းဗိုက်ထဲ စိုက်ဝင်စေလျက် အလွန်ရှည်လျား နက်ရှိုင်းသည့် ဒဏ်ရာတစ်ခုဖြစ်အောင် ဆွဲပစ်လိုက်သည်။
ယန်ရုန်ရုန် စိတ်ချောက်ချားသွားလေသည်။
“ရှင်ဘာလုပ်လိုက်တာလဲ!”
ချင်းယောင် ခပ်ပါးပါး ပြုံးလိုက်ပါသည်။
“တိုက်ပွဲတစ်ခုမှာ သွေးထွက်သံယိုရှိသင့်တာပေါ့၊ မဟုတ်ရင် ဘယ်သူကယုံကြည်မှာလဲ”
“ဒါပေမယ့်…”
ချင်းယောင် နူးညံ့ခိုင်မာသည့် လေသံဖြင့် စကားကို ဖြတ်ပြောလိုက်သည်။
“သွားတော့… နင်လုပ်စရာရှိတာ သွားလုပ်တော့၊ ဒီကအခြေအနေတွေ ငါထိန်းထားလိုက်မယ်”
ယန်ရုန်ရုန်အသက်ဝဝ ရှူလိုက်သည်။ တစ်ဖက်လူ၏ အနစ်နာခံမှုကို သူမ အလကားဖြစ်စေ၍ မရပါ။
“ကောင်းပါပြီ”
ချင်းယောင်သည် ဓားကို လွှတ်ချလိုက်ပြီး ဒဏ်ရာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ အော်လိုက်ပါသည်။
“အား! နင်… နင်ဒီလောက်ထိ သန်မာလာလိမ့်မယ်လို့ ငါထင်မထားဘူး၊ ငါနင့်ကို အထင်သေးလိုက်မိပြီ၊ ဒီတိုက်ပွဲမှာ… နင်နိုင်ပါတယ်… နင်သွားလို့ရပြီ…”
ထို့နောက် သူမ မျက်လုံးများကို မှိတ်လိုက်ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့တော့သည်။
ရှမ့်ယွင်ဂိုဏ်းသားများက ဓားပျံများဖြင့် အပေါ်သို့ ပျံတက်လာပြီး ချင်းယောင်၏ ခန္ဓာကိုယ်ကို အမိအရဖမ်းလိုက်ကြသည်။ ယန်ရုန်ရုန်လည်း ချင်းယောင်ကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်ကာ ဝူဝမ့်ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်လျက် မြင်းလှည်းထဲသို့ ပြန်ဝင်လာခဲ့ပြီး လေးနက်စွာ အမိန့်ပေးလိုက်တော့သည်။
“မြန်မြန် သွားတော့!”
မြင်းလှည်းသည် လေးတစ်လက်မှထွက်လာသော မြှားတစ်စင်းပမာ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားခဲ့သည်။ ထောင်ထျဲ၊ ထောင်ဝူနှင့် ဟွင်သွမ်းတို့လည်း အတောင်များကို အားဖြင့်ခပ်ရင်း မြင်းလှည်းနောက်မှ လိုက်သွားခဲ့ကြတော့သည်။
မျက်စိတ်တစ်မှိတ်အချိန်အတွင်း ယန်ရုန်ရုန်တို့ တစ်ဖွဲ့လုံး ပျောက်ကွယ်သွားခဲ့လေသည်။
ကြမ္မာရှင်အဘိုးကြီး အလွန်ထိတ်လန့်သွားပြီး ယန်ရုန်ရုန့်ကို ဖမ်းဆီးဖို့ သူ့လူများအား အမိန့်ပေးလိုက်ပါသည်။ သို့သော် လက်ချည့်ဗလာဖြင့်သာ ပြန်လာခဲ့ကြရသည်။
ရွေးချယ်စရာမရှိတော့သဖြင့် ယွင်မုန့်မြို့တော်ကို ပြန်လည်ဖွင့်လှစ်စေခဲ့ပြီး အားလုံးကို ဝင်ခွင့်ပြုကာ ချင်းယောင်အတွက် ဆေးပညာကျင့်ကြံသူတစ်ဦးကို အမြန်ရှာဖွေရတော့သည်။ ထို့အပြင် ယန်ရုန်ရုန်ကြောင့် ချင်းယောင် ဒဏ်ရာရရှိခဲ့ကြောင်း ရှမ့်ယွင်ဂိုဏ်းခေါင်းဆောင် နန်ခယ့်ထံ သတင်းပို့ခဲ့ပါသည်။
ပွဲပြီးသွားပြီဖြစ်သဖြင့် မြို့ပြင်ပရှိ ကျင့်ကြံသူများလည်း လူစုခွဲလိုက်ကြသည်။ ထိုနေရာတွင် ကျောက်ချီ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပါသည်။
မြင်းလှည်းထွက်ခွာသွားသည့်အရပ်သို့ ကျောက်ချီ အချိန်အတန်ကြာအောင် ငေးကြည့်နေခဲ့မိသည်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုခုကို ချလိုက်သည့်အလား မြင်းလှည်းနောက်သို့ ပြေးလိုက်သွားခဲ့တော့သည်။
လမ်းတွင်လည်း မကြာခဏ ရပ်တန့်ကာ ထောင်ထျဲ၊ ထောင်ဝူနှင့် ဟွင်သွမ်းတို့၏ ရနံ့ကို ရနိုင်သေးကြောင်း သေချာမှ ဆက်လိုက်လာခဲ့ပါသည်။
အတန်ကြာသောအခါ ၎င်းတို့၏ ရနံ့များ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ကျောက်ချီလည်း ဘယ်အရပ်ကို ဆက်လိုက်ရမှန်းမသိဖြစ်သွားကာ လေထဲတွင် ပတ်ချာလည်နေတော့သည်။
ထို့နောက် သည်းမခံနိုင်တော့ဘဲ အော်ဟစ်မိလေသည်။
“အစ်ကိုကြီး! တတိယညီလေးနဲ့ စတုတ္ထညီလေးတို့! မင်းတို့ ဘယ်မှာလဲ!”
သူ့အသံမှာ လေထဲတွင် ပဲ့တင်သံထပ်သွားခဲ့သော်လည်း တိတ်ဆိတ်မှုကိုသာ ပြန်လည်ရရှိခဲ့သည်။ သူ့ညီအစ်ကိုများ၏ ရနံ့က ဘာကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရမှန်းလည်း ကျောက်ချီ နားမလည်နိုင်ပေ။
‘ငါလမ်းများ မှားသွားတာလား’
အမှန်တော့ ကျောက်ချီ နေရာမှန်ကို ရောက်ရှိနေပါသည်။ မကြာသေးခင်ကပင် ယန်ရုန်ရုန်တို့အဖွဲ့ ထိုနေရာသို့ ရောက်ရှိလာခဲ့ကြသော်လည်း ယန်ရုန်ရုန်က ရှုယင်ကို မရဏလမ်းကြောင်း ဝင်ပေါက်တစ်ခု ဖွင့်စေခဲ့သည်။ ထို့နောက် မြင်းလှည်းနှင့်တကွ ထိုဝင်ပေါက်ထဲ ဝင်ခဲ့ပါသည်။
ဝင်ပေါက်ပျောက်ကွယ်သွားသောအခါ သူမတို့၏ ရောင်ဝါ၊ ရနံ့ စသည်တို့ပါ ပျောက်ကွယ်သွားခဲ့သည်။
ကျောက်ချီအချိန်အတော်ကြာအောင် ဆက်လက်ရှာဖွေခဲ့သည်။ သူ့ညီအစ်ကိုများ ရှိမနေကြတော့မှန်း သေချာကာမှ စိတ်ပျက်လက်ပျက် လှည့်ပြန်သွားခဲ့ပါသည်။
ကျောက်ချီ ထွက်သွားပြီး သိပ်မကြာလိုက်ဘဲ လေထဲတွင် အနက်ရောင်အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုအက်ကွဲကြောင်း ကျယ်ပြန့်သွားသောအခါ အတွင်းဘက်မှ ယန်ရုန်ရုန် ထွက်လာခဲ့ပါသည်။
မူလကတော့ မရဏလမ်းကြောင်းထဲမှာသာ ပုန်းခိုနေဖို့ ယန်ရုန်ရုန် အစီအစဉ်ရှိခဲ့သည်။ ထိုနေရာသည် သီးခြားကမ္ဘာတစ်ခုဖြစ်၍ ကျင့်ကြံခြင်းလောက,က ဘယ်လောက်ပဲ ရှာဖွေပါစေ ရှာတွေ့နိုင်မှာ မဟုတ်ပါ။
ထိုနေရာတွင် အစစအရာရာ ပြည့်စုံသော်လည်း အားနည်းချက်တစ်ခုသာ ရှိသည်။
လိုင်းမမိခြင်းပင်။
ယန်ရုန်ရုန်သည် ဆက်သွယ်ရေးအဆောင်စက္ကူတစ်ခုကို သုံးလျက် လောလောအား ဆက်သွယ်ပြီး အစီအစဉ်များ ပြောင်းလဲသွားပြီဖြစ်၍ နေရာအသစ်တစ်ခုတွင် တွေ့ဆုံဖို့လိုအပ်ကြောင်း ပြောပြချင်ခဲ့သည်။ မရဏလမ်းကြောင်းထဲ သူမအဆောင်စက္ကူပေါင်းများစွာကို အသုံးပြုခဲ့သော်လည်း လောလောကို ဆက်သွယ်၍ မရခဲ့ပါ။
ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ မရဏလမ်းကြောင်းထဲမှ ပြန်ထွက်လာခဲ့ရသည်။ သူမနောက်တွင် ရှုယင်၊ လျို့လန်၊ မုထုန်နှင့် ထွင်ထွင်တို့လည်း ပါလာခဲ့ပါသည်။
လူသူကင်းမဲ့သည့်နေရာတစ်ခုသို့ ရောက်ရှိနေကြခြင်းဖြစ်၍ လောလောဆယ်တော့ ဘေးကင်းလုံခြုံကြပါသေးသည်။ ယန်ရုန်ရုန် ဆက်သွယ်ရေးအဆောင်စက္ကူတစ်ရွက်ကို ထပ်ထုတ်ကာ ဆုတ်ဖြဲပစ်လိုက်သည်။ မကြာမီ လောလော၏ အသံကို ကြားလိုက်ရပါသည်။
“ဟေး သခင်မ၊ ဘာဖြစ်လို့လဲ”
ယန်ရုန်ရုန် အမြန်ရှင်းပြလိုက်သည်။
“ငါ့သရုပ်မှန် ပေါ်သွားပြီ၊ ယွင်မုန့်မြို့နားကို ငါကပ်လို့မရတော့ဘူး၊ ငါတို့ဆုံမယ့်နေရာပြောင်းမှ ဖြစ်တော့မယ်”
လောလောလည်း စိတ်ပျက်သွားခဲ့ရသည်။ သူတို့ ဆုံပင်မဆုံရသေးဘဲ အလှည့်အပြောင်းတွေက များလွန်းနေပါသည်။ ရှေ့လျှောက် ဘာတွေဆက်ဖြစ်လာဦးမလဲ မပြောနိုင်ပေ။
လောလော အကြံပြုလိုက်သည်။
“ယွင်မုန့်မြို့တော်ရဲ့ အရှေ့ဘက်မှာ စွန့်ပစ်ထားတဲ့ စံအိမ်ကြီးတစ်လုံးရှိတာ ငါမှတ်မိတယ်၊ အဲ့ဒီမှာ ငါ့ကို စောင့်နေလိုက်”
ယန်ရုန်ရုန် သဘောတူလိုက်လေသည်။
🌹Chapter 322
ယန်ရုန်ရုန်တို့အဖွဲ့သည် ယွင်မုန့်မြို့တော် အရှေ့ဘက်ရှိ စံအိမ်ဟောင်းကြီးကို အလျှင်အမြန်ပဲ ရှာတွေ့သွားခဲ့ကြသည်။
ထိုစံအိမ်ကြီး၏ ခြံတံခါးပေါ်တွင် ဖုန်မှုန့်များနှင့် ပင့်ကူအိမ်များ ဖုံးလွှမ်းနေသော ဆိုင်းဘုတ်ကြီးတစ်ခုကို ချိတ်ဆွဲထားပါသည်။ အတွင်းဘက်ရှိ အဆောက်အဦးတိုင်းမှာ ပျက်စီးယိုယွင်းနေပြီး ခြံဝန်းကြီးတစ်ခုလုံးမှာလည်း ပေါင်းပင်နွယ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေပါသည်။
ဤစံအိမ်ကြီးကို စွန့်ပစ်ထားသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း ထင်ရှားလှပါသည်။
ထိုနေရာတွင် ကြာကြာနေဖို့ အစီအစဉ်မရှိကြသဖြင့် ယန်ရုန်ရုန်သည် စံအိမ်ကြီးကို တစ်ပတ်လောက်သာ စစ်ဆေးကြည့်ရှုခဲ့သည်။ ထူးခြားမှု မရှိမှန်း သေချာသည့်အခါ ခြံဝန်းထဲရှိ နေရာလွတ်တစ်ခုတွင် မြင်းလှည်းကို ရပ်တန့်ဖို့ ရှုယင်အား ပြောလိုက်ပါသည်။
ဒီနေ့ညအဖို့တော့ မြင်းလှည်းထဲမှာသာ အိပ်စက်ဖို့ စီစဉ်ထားကြသည်။
ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများ ရှာမတွေ့စေဖို့အတွက် မြင်းလှည်း၏ ပတ်လည်တစ်ဝိုက်တွင် အစီအရင်တစ်ခုကို ယန်ရုန်ရုန် ခင်းကျင်းခဲ့ပါသည်။
ထိုအစီအရင်က ပြင်ပလူများ၏ မျက်စိကို လှည့်စားနိုင်ပြီး သူမတို့ တည်ရှိရာနေရာကို ရေကန်တစ်ခုအဖြစ်သာ မြင်တွေ့စေမည်ဖြစ်သည်။ နတ်ဝိညာဉ်သန္ဓေအဆင့်နှင့် အထက်ရှိသူများသာ နတ်အာရုံကို သေချာအသုံးချပြီး မစစ်ဆေးလျှင် ထိုအစီအရင်အတွင်း ဖုံးကွယ်ထားသည့်အရာကို ရှာတွေ့ဖို့ ခက်ခဲပါလိမ့်မည်။
-
ညသန်းခေါင်ယံအချိန် မျက်လုံးပိတ်ကာ ကျင့်ကြံနေသည့် ယန်ရုန်ရုန်သည် ရုတ်တရက် နိုးကြားလာခဲ့သည်။
မြင်းလှည်းအပြင်ဘက်တွင် လှုပ်ရှားမှုအချို့ ရှိနေသည်ကို အာရုံခံမိလိုက်ခြင်းကြောင့်ပင်။
သူမတစ်ဦးတည်း မဟုတ်ပါ။ ဘေးတွင် အိပ်ငိုက်နေကြသည့် လျို့လန်၊ မုထုန်၊ ထွင်ထွင်တို့လည်း မျက်လုံးများ တစ်ပြိုင်တည်း ပွင့်လာကြပြီး မြင်းလှည်းပြူတင်းပေါက်သို့ လှည့်ကြည့်လိုက်ကြသည်။
ယန်ရုန်ရုန်လည်း နတ်အာရုံကို ချက်ချင်းလွှင့်လိုက်သည်။ သူမ၏နတ်အာရုံက မြင်းလှည်းကိုဗဟိုပြု၍ ပင့်ကူအိမ်ပမာ ပြန့်ကျက်သွားခဲ့ပြီး စံအိမ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါသည်။
နေ့ဘက်တွင် တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည့် စံအိမ်ကြီးမှာ ညသန်းခေါင်သို့ ရောက်သောအခါ ရုတ်တရက် သက်ဝင်စည်ကားလာခဲ့သည်။ ခြံဝန်းအတွင်းရှိ အဆောက်အဦးတိုင်းတွင် မီးအိမ်များဖြင့် လင်းလက်နေလေသည်။
လူတစ်စုံက ခြံဝန်းထဲတွင်ထိုင်ကာ ရယ်ရယ်မောမော စကားပြောနေကြပြီး အချို့ကမူ ချက်ပြုတ်ဖို့အတွက် မီးများမွှေးနေကြသည်။ အချို့က သံထည်ပစ္စည်းများ သွန်းလုပ်နေကြပြီး အချို့က အဝတ်အစားများ ချုပ်လုပ်နေကြသည်။
သာမန်အခြေအနေ ဆိုလျှင်တော့ ထိုမြင်ကွင်းမှာ မဆန်းကျယ်လှသည့် တစ်နေ့တာဘဝမြင်ကွင်းများ ဖြစ်နိုင်ပါသည်။ သို့သော် ဤစံအိမ်ဟောင်းကြီးကို စွန့်ပစ်ထားကြသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ထို့ကြောင့် အခြေအနေက အလွန်ချောက်ချားစရာ ကောင်းလွန်းနေလေသည်။
ယန်ရုန်ရုန့်အာရုံထဲ ခန့်မှန်းချက်ပေါင်းစုံဝင်လာပြီး အပြင်မှာဘာတွေဖြစ်နေသလဲ ကိုယ်တိုင် ထွက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ထို့ကြောင့် နတ်အာရုံကို ပြန်လည်ရုတ်သိမ်းကာ အပြင်ထွက်ဖို့ အခန်းတံခါးကိုဖွင့်လိုက်စဉ် တံခါးလာခေါက်ဖို့ ကြံနေသည့် ရှုယင်နှင့် တည့်တည့်တိုးလေသည်။
ရှုယင်လည်း အပြင်ဘက်မှ ထူးထူးခြားခြားအခြေအနေကို အာရုံခံမိပုံရပါသည်။
သူမတို့နှစ်ယောက် အတူတူထွက်လာခဲ့ကြပြီး လျို့လန်၊ မုထုန်နှင့် ထွင်ထွင်တို့လည်း နောက်မှ လိုက်လာကြသည်။ သူမတို့ငါးဦး မြင်းလှည်းထဲမှ ထွက်လိုက်သောအခါ စံအိမ်အတွင်းတွင် ရှိနေသည့် လူများက “ရေကန်”တစ်ကန်နှင့် တူသည့်နေရာတစ်ခုမှ သူစိမ်းငါးဦး ရုတ်တရက်ထွက်လာသည်ကိုသာ မြင်လိုက်ကြရသည်။
ထို့ကြောင့် ယောက်ျားမိန်းမ၊ လူကြီးလူငယ်၊ ကျားမမရွေး ကြက်သေသေသွားခဲ့ကြသည်။ Pause ခလုတ်ကို နှိပ်လိုက်သည့်အလား ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့တော့သည်။
ယန်ရုန်ရုန် အားလုံးကို အကဲခတ်ကြည့်လိုက်ရာ ၎င်းတို့မှာ သာမန်လူသားများ မဟုတ်ကြမှန်း သတိထားမိသွားပါသည်။ ၎င်းတို့သည် ပုံရိပ်ယောင်ပညာများကို အသုံးပြု၍ လူသားအသွင်ပြောင်းထားကြသော ဝိညာဉ်သားရဲများ သို့မဟုတ် မိစ္ဆာသားရဲများ ဖြစ်နိုင်သည်။
လျို့လန် နှာခေါင်းရှုံ့ကာ အနံ့ခံကြည့်လိုက်သည်။ ထိုသတ္တဝါများက ‘လူသားများ’မဟုတ်ကြမှန်း လျို့လန်လည်း ရိပ်စားမသိွားခဲ့ပါသည်။
လူသားများကို မစားရဟု သူ့မေမေက အမိန့်ထုတ်ထားသော်လည်း သားရဲများကို မစားရဟုတော့ အမိန့်ထုတ်မထားပါ။ ထို့ကြောင့် လျို့လန် နှုတ်ခမ်းကိုသပ်ကာ မျက်လုံးထဲ ဆာလောင်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်လာခဲ့သည်။
ညသန်းခေါင်အချိန်ဖြစ်၍ ညလယ်စာစားဖို့ အချိန်ကောင်းပင်။
ထင်မှတ်မထားစွာဖြင့် မျက်စိတစ်မှိတ်အချိန်အတွင်း သူတို့ရှေ့က လူအားလုံး ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ စံအိမ်အတွင်းရှိ မီးများလည်း ချက်ချင်း ငြိမ်းသတ်သွားခဲ့သည်။ သို့သော် ချက်ပြုတ်ဖို့နှင့် ပစ္စည်းများသွန်းလုပ်ဖို့ အသုံးပြုရသည့် ကိရိယာများကတော့ ကျန်ခဲ့လေသည်။
စံအိမ်ကြီးတစ်ခုလုံး ရုတ်ခြည်းဆိုသလို ပြန်လည်တိတ်ဆိတ်ခြောက်ကပ်သွားခဲ့တော့သည်။
အိုးတစ်လုံးထဲ ပွက်ပွက်ဆူနေသည့် ငါးစွပ်ပြုတ်ကို ယန်ရုန်ရုန် လှမ်းကြည့်လိုက်ပြီး သူမတို့ မြင်ခဲ့ရသည်က ပုံရိပ်ယောင်မဟုတ်မှန်း အတည်ပြုနိုင်ခဲ့ပါသည်။ ထူးခြားသည့်အရာတစ်ခုကို တွေ့ရှိလျှင် စုံစမ်းစစ်ဆေးရမည်မှာ မလွဲဧကန်ပင်။ လူစုခွဲကာ ရှာဖွေဖို့ ရှုယင်တို့ကို သူမအကြောင်းကြားလိုက်ပါသည်။
အဆောက်အဦးတိုင်းကို ယန်ရုန်ရုန် ရှာဖွေခဲ့သည်။ အပြင်ပန်းက ဟောင်းနွမ်းစုတ်ပြတ်နေသည့် အဆောက်အဦးများသဏ္ဌာန်ဖြစ်သော်လည်း အတွင်းပိုင်းများကတော့ အတော်လေး သေသေသပ်သပ် ရှိနေသည်ကို ယန်ရုန်ရုန် သတိထားမိခဲ့သည်။
စားပွဲ၊ ထိုင်ခုံ၊ ကုတင်အစရှိသော ပရိဘောဂအစုံအလင် ရှိသလို မီးဖိုချောင်များထဲတွင်လည်း ဆန်နှင့် အသားခြောက်များကိုပင် သိုလှောင်ထားကြောင်း သူမ တွေ့ခဲ့ရပါသည်။
ထိုလူများ သို့မဟုတ် သတ္တဝါများက ဤနေရာတွင် နေထိုင်ကြသော်လည်း စွန့်ပစ်ခံထားရသည့်ပုံစံပေါက်အောင် ရည်ရွယ်ချက်ရှိရှိ ခြေရာဖျောက်ထားခြင်းဖြစ်မှန်း သိသာပါသည်။
ယန်ရုန်ရုန်သည် ရှုယင်ကို သွားရှာလိုက်ရာ စံအိမ်ကြီး၏ ခြံတံခါးဝတွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ယန်ရုန်ရုန်ရောက်လာသည်ကို သတိထားမိသောအခါ ခြံတံခါးဝပေါ်ရှိ ဆိုင်းဘုတ်ကိုညွှန်ပြကာ ရှုယင် ပြောလိုက်သည်။
“ဟိုမှာကြည့်စမ်း”
ရှုယင်ဘေးသို့ ယန်ရုန်ရုန် ရောက်ရှိလာပြီး ဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။ နေ့ဘက်တွင် ဖုန်မှုန့်များ ပင့်ကူအိမ်များဖြင့် ဖုံးလွှမ်းနေသဖြင့် သေချာမမြင်ခဲ့ရသော်လည်း ယခုတော့ သန့်ရှင်းသပ်ရပ်နေသည့် ဆိုင်းဘုတ်ပေါ်တွင် အနီရောင် စာလုံးသုံးလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။
ဟွေ့လုံဂိုဏ်း…
သူမအမြင်မှားနေသည်ဟု ထင်သဖြင့် ရှုယင်ကို အမြန်အတည်ပြုခိုင်းလိုက်သည်။ ရှုယင်က သူမ အမြင်မမှားကြောင်းနှင့် ထိုစာလုံးများမှာ အမှန်တကယ် ‘ဟွေ့လုံဂိုဏ်း’ဖြစ်ကြောင်း ပြောပြခဲ့သည်။
ယန်ရုန်ရုန် မယုံကြည်နိုင်ဖြစ်နေဆဲပင်။
ထို့ကြောင့် ချန့်ခွင်းအိတ်ထဲမှ ဖူရှန်းကြေးမုံကိုထုတ်ကာ ဆိုင်းဘုတ်ထံသို့ ချိန်ရွယ်လိုက်ပါသည်။ ကြေးမုံပေါ်တွင် စာလုံးသုံးလုံးက ထင်ထင်ရှားရှားပေါ်နေသည်။ ‘ဟွေ့လုံဂိုဏ်း’ဟူသည့် စာလုံးများပင်။
ယန်ရုန်ရုန် ဖူရှန်းကြေးမုံကို အောက်ပြန်ချလိုက်ပြီး ဆိုင်းဘုတ်အား ရီဝေစွာ ငေးကြည့်ရင်း ကံတရားကြီးက သူမကို နဖူးတစ်ချက်လာတောက်သွားသလို ခံစားချက်မျိုး ခံစားလိုက်ရပါသည်။
“ဒီကမ္ဘာကြီးမှာ… ဟွေ့လုံဂိုဏ်းဆိုတာ တကယ်ရှိနေတာပဲ”
ထိုစဉ် ရှုယင်၏ မျက်လုံးများ ရုတ်တရက်စူးရှသွားခဲ့ပြီး ခြံတံခါး၏ ညာဘက်တွင်ရှိနေသည့် ခြင်္သေ့ကျောက်ရုပ်ကြီးဘက်သို့ လှည့်ကာ အေးစက်စွာ အော်လိုက်သည်။
“ဘယ်သူလဲ ထွက်လာခဲ့စမ်း!”
ယန်ရုန်ရုန်လည်း ပျက်စီးယိုယွင်းနေသည့် ကျောက်ရုပ်ကြီးထံသို့ လှည့်ကြည့်လိုက်ပါသည်။ မှိန်ပျပျ လရောင်အောက်တွင် မြင်သာသည့်ထူးခြားချက်မရှိသော်ငြား ထိုရုပ်တု၏ အနောက်ဘက်တွင် အသက်ရှူသံအချို့ ရှိနေသည်ကို သူမလည်း အာရုံခံမိပါသည်။
ရှုယင် လက်တစ်ချောင်းကို ဝှေ့ယမ်းလိုက်ရာ ရုပ်သေးကြိုးမျှင်တစ်ချောင်း လွင့်ပျံသွားပြီး ခြင်္သေ့ရုပ်တုကြီးကို နှစ်ခြမ်းပိုင်းပစ်လိုက်လေသည်။ ထိုအခါ အနောက်တွင်ပုန်းနေသည့်လူ ဘူးပေါ်သလို ပေါ်လာခဲ့ပါသည်။
ထိုလူမှာ အပြာရောင်ဝတ်ရုံကို ခြုံထားပြီး အလွန်စူးရှပါးနပ်သည့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။ အခြားသူမဟုတ်ဘဲ မနက်ခင်းတုန်းက ယွင်မုန့်မြို့တော်ရှေ့တွင် ယန်ရုန်ရုန်တို့ ဆုံခဲ့ရသည့် ကျောက်ချီပင် ဖြစ်သည်။
သူ့ကိုမြင်သောအခါ ယန်ရုန်ရုန် မျက်မှောင်အလိုလိုကြုတ်သွားပါသည်။
“ရှင်ပါလား၊ ကျွန်မတို့ကို နောက်ယောင်ခံ လိုက်နေတာလား”
ကျောက်ချီကလည်း ဤနေရာတွင် ယန်ရုန်ရုန်တို့နှင့် လာဆုံရလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ထို့ကြောင့် အမြန်ငြင်းဆန်လိုက်သည်။
“မဟုတ်ပါဘူး!”
နေ့ဘက်တုန်းက သူမတို့နောက် ခေတ္တလိုက်ခဲ့သော်လည်း သူမတို့ရုတ်တရက် ပျောက်ကွယ်သွားသောအခါ လက်လျှော့ပြီး လှည့်ပြန်လာခဲ့ပါသည်။
ယန်ရုန်ရုန်က မယုံသင်္ကာဖြင့် ထပ်မေးသည်။
“အဲ့တာဆို ညကြီးသန်းခေါင် ဒီမှာပုန်းပြီး ဘာလုပ်နေတာလဲ”
ကျောက်ချီသည် လက်နှစ်ဖက်ကို ပွတ်ကာ ရှက်ကိုးရှက်ကန်းပြုံးလိုက်ပါသည်။
“ငါလည်း ဒီနားက လမ်းကြုံဖြတ်သွားမိတာပါ၊ ခုနက ဒီစွန့်ပစ်စံအိမ်ကြီးထဲမှာ လူရိပ်တွေ့မိလို့ ဘာတွေဖြစ်နေတာလဲ သိချင်လို့ လာကြည့်တာလေ၊ မင်းတို့နဲ့ ထပ်ဆုံရလိမ့်မယ်ထင်မထားဘူး၊ ဘာပြဿနာမှ မရှိဘူးဆိုတော့ မနှောင့်ယှက်တော့ဘူးနော်၊ ငါသွားတော့မယ်”
ကျောက်ချီ လစ်ထွက်ဖို့ ကြိုးစားသော်လည်း ရှုယင်က သူ့ကို အလွတ်ပေးဖို့ အစီအစဉ်မရှိပါ။ ရုပ်သေးကြိုးမျှင်တစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာပြီး ကျောက်ချီ၏ ခြေသလုံးကို ရစ်ပတ်ကာ နောက်သို့ ဆွဲဆောင့်လိုက်သည်။
ကျောက်ချီလည်း ဟန်ချက်ပျက်သွားပြီး မြေကြီးပေါ်သို့ မျက်နှာနှင့်တည့်တည့် လဲကျသွားတော့သည်။ ထို့နောက် ရုပ်သေးကြိုးမျှင်များစွာက သူ့ခြေလက်များကို တင်းတင်းကျပ်ကျပ် တုပ်နှောင်လိုက်လေသည်။
ထွက်ပြေး၍ မရနိုင်တော့မှန်း သိလိုက်ရသောအခါ ကျောက်ချီ သံကုန်အော်ဟစ်လေတော့သည်။
“မင်းတို့ဘာလုပ်တာလဲကွ! ငါက လူကောင်းတစ်ယောက်နော်! အပြစ်မဲ့တဲ့လူကို ဒီတိုင်းသတ်လိုက်လို့မရဘူး!”
သူ့အကြံအစည်ကို ဖောက်ထွင်းမြင်နိုင်သည့်အလား ယန်ရုန်ရုန် မျက်ခုံးတစ်ဖက် ပင့်လိုက်ပါသည်။
“ဒီမှာအန္တရာယ်ရှိနေတဲ့အကြောင်း ရှင်ဘယ်သူ့ကို သတိပေးဖို့ကြိုးစားနေတာလဲ၊ ကြည့်ရတာ ခုနက ကျွန်မတို့ တွေ့ခဲ့ရတဲ့သူတွေ သိပ်ဝေးဝေးကို မရောက်ကြသေးဘူးထင်တယ်၊ သူတို့ ဒီနားမှာပဲ ရှိလိမ့်မယ်”
ကျောက်ချီ အော်ဟစ်နေသည်ကို ရပ်တန့်လိုက်ပြီး ဟန်ဆောင်ပန်ဆောင် ပြုံးလိုက်သည်။
“မင်းဘာတွေပြောနေတာလဲ၊ ငါနားမလည်ဘူး၊ ဒီမှာငါတစ်ယောက်တည်းပဲရှိတာ၊ ဒီရွာအကြောင်း ဘာမှမသိဘူး”
ယခုချိန်ထိတောင် ခေါင်းမာနေသေးသည့် ကျောက်ချီကို ကြည့်ရင်း ယန်ရုန်ရုန် ဝူဝမ့်ဓားကိုထုတ်ကာ သူ့လည်ပင်းဝတည့်တည့်သို့ ရွယ်လိုက်ပါသည်။ ထို့နောက် မဲ့ပြုံးပြုံးလျက် ခြိမ်းခြောက်လိုက်သည်။
“ကျွန်မရှင့်ကို အခုသတ်ပစ်လိုက်ရင် ရှင့်ရဲ့ရောင်းရင်းတွေ လာကယ်ကြမယ်ထင်လား”
ကျောက်ချီမျက်နှာ အလွန်မှောင်မိုက်သွားခဲ့ပြီး အံကြိတ်လျက်ပြောလိုက်သည်။
“မင်းငါ့ကို မသတ်နိုင်ပါဘူး”
“ဘာလို့လဲ”
ယန်ရုန်ရုန် အေးအေးလူလူ ပြန်မေးလိုက်သည်။
ကျောက်ချီ အဖြေပေးဖို့ ကြံလိုက်စဉ် လျို့လန်က အပြေးအလွှား ရောက်ရှိလာလေသည်။