← Chapters

အခန်း (၃၂၃-၃၂၄)

Vol. 33 Ch. 323-324

အခန်း (၃၂၃-၃၂၄)

Vol. 33 Ch. 323-324

🌹Chapter 323

လျို့လန်သည် စံအိမ်ကြီးကို တစ်ပတ်ပတ်ကာ ရှာဖွေကြည့်ခဲ့သော်လည်း ပျောက်ဆုံးသွားသည့် လူများ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။ ထို့ကြောင့် နောက်ဆုံးတွင် ညလယ်စာမစားရတော့သည့်အတွက် အစားထိုးသည့်အနေဖြင့် အိုးထဲက ငါးစွပ်ပြုတ်များကိုသာ ကုန်အောက်သောက်ပစ်ခဲ့တော့သည်။

ထိုစဉ် စံအိမ်ကြီး၏ ဝင်ပေါက်ရှေ့၌ ဆူညံသံများ ကြားရကာ သူ့မေမေ အန္တရာယ်ရှိနေမည်စိုးသဖြင့် အပြေးရောက်လာခဲ့သည်။

ဝတ်ရုံပြာနှင့် ကျင့်ကြံသူအား ယန်ရုန်ရုန် ဓားရွယ်ထားသည်ကို လျို့လန် မြင်သောအခါ သူ့မေမေကို အန္တရာယ်ပြုဖို့ ကြိုးစားနေသည့် လူဆိုးတစ်‌ယောက်ဖြစ်မည်ဟု အလိုလို ကောက်ချက်ချလိုက်ပါသည်။

ထို့ကြောင့် အစွယ်များကို ဖြဲပြကာ သူ၏ ဖောင်းအိနေသော မျက်နှာလေးကို ကြောက်စရာကောင်းသွားစေအောင် မာန်ဖီပြလိုက်လေသည်။

လျို့လန်ကို ယန်ရုန်ရုန် လှမ်းတားလိုက်ပြီး သူ့ညီအစ်ကိုများနှင့်အတူတူ မြင်းလှည်းထံသို့ ပြန်သွားကာ အနားယူဖို့သာ ပြောလိုက်ပါသည်။ ကျန်သည့်ကိစ္စများကို သူမနှင့် ရှုယင်တို့နှစ်ယောက် ကိုင်တွယ်နိုင်သည်ဟု ဆိုခဲ့သည်။

လျို့လန်က နှုတ်ခမ်းစူကာ မကျေမနပ်ဖြစ်နေသေးသည်။

“သားမအိပ်ချင်သေးဘူး”

သူထွက်မသွားချင်သေးဘဲ သူ့မေမေအနားမှာသာ နေထိုင်ကာ ကာကွယ်ပေးချင်ပါသည်။

ထင်မှတ်မထားစွာဖြင့် ထိုအခိုက်အတန့်တွင် ကျောက်ချီက ရုတ်တရက် လှမ်းအော်လိုက်သည်။

“အစ်ကိုကြီး!”

ယန်ရုန်ရုန် ဇဝေဇဝါဖြစ်သွားပြီး ကျောက်ချီကို လှည့်ကြည့်လိုက်သည်။ လျို့လန်ကတော့ ဂျီကျနေဆဲပင်။ ကျောက်ချီ၏ အော်သံကို လျို့လန်ကြားသော်လည်း သူ့ကို ခေါ်ဝေါ်နေခြင်းဖြစ်မှန်း မသိခဲ့ပါ။

ထို့ကြောင့် ကျောက်ချီကို လျစ်လျူရှုလိုက်ပြီး ယန်ရုန်ရုန့် ဝတ်ရုံစကိုသာ ဆွဲကာ ဂျီဆက်ကျနေလေသည်။

“မေမေ၊ သားကို မောင်းမထုတ်ပါနဲ့”

ယန်ရုန်ရုန့် စိတ်ထဲ သံသယစိတ်တစ်ခုဖြစ်ပေါ်လာသည်။ ဝူဝမ့်ဓားကို ပြန်သိမ်းကာ လျို့လန်၏ ဆံပင်များကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

“ဟုတ်ပါပြီ၊ အဲ့တာဆို မုထုန်နဲ့ ထွင်ထွင်တို့ကို သွားခေါ်လာခဲ့၊ သုံးယောက်စလုံးကို မေမေပြောစရာရှိတယ်”

ဒီတစ်ခါတော့ လျို့လန် မငြင်းဆန်တော့ဘဲ ကျန်နှစ်ယောက်ကို ရှာဖွေဖို့ အပြေးထွက်သွားလေတော့သည်။

ကျောက်ချီက “အစ်ကိုကြီး” ဟု နှစ်ကြိမ်နှစ်ခါလောက် ထပ်ခေါ်သော်လည်း လျို့လန်က လျစ်လျူသာ ရှုထားလေသည်။

ကျောက်ချီကို စိတ်ဝင်တစားကြည့်ရင်း ယန်ရုန်ရုန် တဲ့တိုးမေးလိုက်သည်။

“ရှင်က ချုံးချီလား”

ကျောက်ချီ ခေတ္တတိတ်ဆိတ်သွားသော်လည်း အမှန်အတိုင်း ပြန်ဖြေခဲ့သည်။

“ဟုတ်တယ်”

ယန်ရုန်ရုန် ပြုံးလိုက်သည်။

“ရှင်ငြင်းမယ်လို့ ထင်ထားတာ”

“ငြင်းစရာမှမလိုတော့တာ”

ယန်ရုန်ရုန်က စိတ်ဝင်တစား မေးသည်။

“ထောင်ထျဲ၊ ထောင်ဝူနဲ့ ဟွင်သွမ်းတို့အားလုံး ချုပ်နှောင်ခံထားခဲ့ရတာ၊ ရှင့်ကျတော့ ဘာလို့ လွတ်လွတ်လပ်လပ် သွားလာနေနိုင်တာလဲ”

ကျောက်ချီ ထူးထူးဆန်းဆန်းမျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

“အဲ့ဒီမေးခွန်းက မင်းကိုယ်မင်း ပြန်မေးသင့်တာ”

ယန်ရုန်ရုန် မျက်ခုံးတစ်ဖက် ပင့်လိုက်လေသည်။

“အဲ့တာ ကျွန်မနဲ့ ဘာဆိုင်လို့လဲ”

ကျောက်ချီက သူ့ခန္ဓာကိုယ်ကို တွန့်လိမ်ပြလိုက်သည်။

“ဒီကြိုးတွေ အရင်ဖြည်ပေး”

ရှုယင်ကို ယန်ရုန်ရုန် တစ်ချက်ကြည့်လိုက်သည်။ ရှုယင်က လက်ချောင်းလေးများကို ခတ်လိုက်ရာ ရုပ်သေးကြိုးမျှင်များ သူ့လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကျောက်ချီသည် မြေပြင်ပေါ်မှ အလူးအလဲထကာ ထုံကျဉ်နေသော သူ့လက်များကို ပွတ်သပ်နေတော့သည်။ ထို့နောက် ယန်ရုန်ရုန့်မျက်နှာကို ကြည့်ရင်း တစ်စုံတစ်ခုကို မှတ်မိသွားသကဲ့သို့ ပြောလိုက်လေသည်။

“အစကတော့ အဲ့ဒီလူနဲ့ မင်းတူနေတာ တိုက်ဆိုင်တာပဲဖြစ်မှာလို့ ငါထင်ခဲ့တာ… တကယ်ကြီး တစ်ယောက်တည်း ဖြစ်နေလိမ့်မယ် ထင်မထားဘူး၊ ငါအကဲခတ်တာ မှားသွားတယ်”

ယန်ရုန်ရုန်သည် သူမ၏ မျက်နှာကို ကိုင်ကြည့်ရင်း အတွေးများသွားခဲ့သည်။

“ရှင် ကျွန်မနဲ့ ဟိုးအရင်ကတည်းက ဆုံခဲ့ဖူးတဲ့ ပုံပဲနော်”

အတိတ်အကြောင်းကို ပြန်တွေးရသဖြင့် ကျောက်ချီ အတော်လေး စိတ်ရှုပ်ထွေးသွားခဲ့သည်။

“အဲ့ဒီအချိန်တုန်းက မင်းကို ပျော်ရွှင်အောင်လုပ်ပေးဖို့ ဖုန့်ဟွိုင်ယွီက စိတ်ဝင်စားစရာကောင်းတဲ့ ရတနာတွေကို နေရာတိုင်းမှာ လိုက်ရှာခဲ့တာ…၊ ငါ့ကိုတောင် အိမ်မွေးတိရိစ္ဆာန်တစ်ကောင်အဖြစ် ဖမ်းဆီးပြီး မင်းကစားဖို့ လက်ဆောင် ပေးခဲ့သေးတယ်”

ထိုမှတ်ဉာဏ်က သူ့အတွက် အလွန်အရှက်ရစရာကောင်းပါသည်။ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် အငြှိုးအနည်းငယ် ထားမိဆဲပင်။

သူက ရှေးဟောင်းကျိန်စာသားရဲကြီး လေးပါးထဲမှ တစ်ပါး၊ ချုံးချီပင် ဖြစ်သည်။ သူ၏ ကြောက်မက်ဖွယ်ရာ ဂုဏ်သတင်းက သမုဒ္ဒရာကြီးလေးစင်းကို ဖြတ်ကျော်လျက် အရပ်ရှစ်မျက်နှာတိုင်းကို ပျံ့နှံ့ခဲ့ဖူးသည်။ သူ့ကို မြင်ရလျှင် မတုန်လှုပ်သူဟူ၍ မရှိပေ။

သို့သော် ဖုန့်ဟွိုက်ယွီက သူ့ကို ဖမ်းဆီးပြီး ထိုအမျိုးသမီး၏ အိမ်မွေးတိရိစ္ဆာန်အဖြစ် ထားပစ်ခဲ့သည်။ သူ့ဂုဏ်သိက္ခာကို မြေကြီးထဲ ချနင်းခံလိုက်ရသလိုပင်။

ယန်ရုန်ရုန်ကတော့ ဒါတွေကို ဘာမှမမှတ်မိသဖြင့် အပြစ်ရှိသလို မခံစားရပါ။ ထို့အစား ပို၍ပင် စိတ်ဝင်စားသွားခဲ့သေးသည်။

“ပြီးတော့ ဘာဆက်ဖြစ်သေးလဲ”

ချုံးချီက စိတ်မကြည်မသာဖြင့် ဆက်ပြောသည်။

“ဖုန့်ဟွိုက်ယွီက ငါ့ကို ခွန်းလွင်နယ်မြေမှာ အကျယ်ချုပ်နဲ့ ချုပ်နှောင်ထားခဲ့တာ၊ မင်းလည်း ငါ့ဆီမကြာခဏ လာလည်လေ့ ရှိတယ်၊ နောက်တော့ မင်းစိတ်ပျော်စေဖို့အတွက် မိစ္ဆာသားရဲတွေ၊ ဝိညာဉ်သားရဲတွေကို သူထပ်ဖမ်းခဲ့သေးတယ်၊ ဒါပေမယ့် တစ်နေ့ကျတော့ ငါတို့အားလုံးကို သူရုတ်တရက်ကြီး လွှတ်ပေးခဲ့တယ်”

“အဲ့ဒီနောက် မဟာကပ်ဘေးကြီး ကျရောက်လာတယ်၊ တောင်တွေပြို၊ မြေတွေအက်ကွဲပြီး လောကသုံးပါးစလုံး ပျက်ကိန်းဆိုက်ခဲ့ရတာ၊ ငါသေရတော့မယ်လို့ ထင်လိုက်ပေမယ့် ရုတ်တရက် မင်းပေါ်လာပြီး ငါ့ကို ကယ်တင်ပေးသွားတယ်၊ မင်းဒဏ်ရာတွေ အပြင်းအထန် ရနေပြီး ဝိညာဉ်ပါ ပျောက်ကွယ်သွားတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရခဲ့ရတာ၊ ငါတို့ညီအစ်ကိုလေးယောက်ရဲ့ အသက်ကို မင်းကယ်တင်ပေးနိုင်တယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် အပြန်အလှန်အနေနဲ့ မင်းအတွက် ငါတစ်ခုခု ပြန်လုပ်ပေးရမယ်တဲ့”

ထို ‘တစ်ခုခု’ဟူသည်မှာ အလွန်အရေးပါသည့် အချက်အ လက်ဖြစ်နိုင်မှန်း ယန်ရုန်ရုန် အာရုံခံမိသည်။ ထို့ကြောင့် သူမ လေးနက်စွာ မေးလိုက်သည်။

“ဘာများလဲ”

ထိုစဉ် မုထုန်၊ ထွင်ထွင်တို့နှင့်အတူတူ လျို့လန် ပြန်ရောက်လာလေသည်။

“မေမေ! သားသူတို့ကို ခေါ်လာပြီ!”

ယန်ရုန်ရုန်လည်း ချုံးချီနှင့် စကားပြောနေခြင်းကို ခေတ္တရပ်တန့်လိုက်ရသည်။ ချုံးချီသည် မုထုန်နှင့် ထွင်ထွင်တို့ကို မြင်လိုက်ရသောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး “တတိယညီလေး! စတုတ္ထညီလေး!” ဟု အော်ခေါ်လိုက်သည်။

မုထုန် ခေတ္တကြက်သေသေသွားပြီး ချုံးချီကို မှတ်မိသွားခဲ့ကာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဒုတိယအစ်ကိုလား”

သူ့သရုပ်မှန်ကို သက်သေပြဖို့အတွက် ချုံးချီသည် ချက်ချင်းပဲ သားရဲအသွင် ပြန်ပြောင်းပြလိုက်ပါသည်။ သူ့ခန္ဓာကိုယ်အား ဝါညိုရောင် သားမွေးများက ဖုံးလွှမ်းသွားပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်တို့ပေါ်တွင်တော့ အဖြူရောင် သားမွေးများက ဖုံးအုပ်ထားလေသည်။

သူ့ပုံစံက ဧရာမ ကြောင်ကြီးတစ်ကောင်နှင့် တူသော်လည်း ကျောပေါ်တွင် အတောင်ပံများပေါက်နေကာ လင်းယုန်ကဲ့သို့ လက်သည်းများနှင့် ရှည်လျား ပိန်ပါးသော အမြီးတို့လည်း ရှိသည်။

မုထုန်နှင့် ထွင်ထွင်တို့လည်း အပျော်လွန်သွားခဲ့ပြီး ၎င်းတို့၏ သားရဲအသွင်ကို ချက်ချင်း ပြန်ပြောင်းလိုက်ကြသည်။ ထို့နောက် ချုံးချီပေါ်သို့ ခုန်အုပ်ကာ ခေါင်းချင်း ပွတ်သပ်ရင်း အချိန်ကြာမြင့်စွာ ဝေးကွာနေခဲ့ရသော ညီအစ်ကိုများ ပြန်လည်ဆုံတွေ့ရသည့်အတွက် စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ကို ဖော်ပြနေကြတော့သည်။

လျို့လန်တစ်ဦးတည်းသာ ထိုသုံးယောက် ဘာကြောင့် သားရဲအသွင်ပြောင်းလိုက်ကြမှန်း နားမလည်နိုင်ဘဲ အူတူတူ ဖြစ်နေခဲ့ပါသည်။

ယန်ရုန်ရုန်က ရှင်းပြသည်။

“အဲ့တာ သားရဲ့ညီအစ်ကိုတွေပဲ”

ချုံးချီသည် လျို့လန်ကို မျှော်လင့်တကြီး မော့ကြည့်လိုက်ပြီး ညီအစ်ကိုများ အောင်ပွဲခံသည့်အထဲ ပါဝင်လာဖို့ စောင့်မျှော်နေခဲ့ပါသည်။ သို့သော် လျို့လန်က ဘာမှမမှတ်မိသဖြင့် ချုံးချီအနားသို့ ကပ်ရန် စိတ်ကူးမရှိခဲ့ပေ။

ချုံးချီ မှင်သက်သွားခဲ့သည်။ မုထုန်က ကိုယ်စားဝင်ရှင်းပြလိုက်ပါသည်။

“အစ်ကိုကြီး ဒဏ်ရာအပြင်းအထန်ရပြီး မှတ်ဉာဏ်တွေ ဆုံးရှုံးသွားခဲ့တာ”

ချုံးချီ မျက်မှောင်ကြုတ်သွားလေသည်။

“သူ့ကို ဒဏ်ရာရအောင် ဘယ်သူလုပ်တာလဲ”

ထောင်ဝူလည်း မသိကြောင်း ပြန်ပြောလိုက်သည်။ ချုံးချီမှာ ပင်ကိုယ် သဘောထားသေးသိမ်ပြီး အငြှိုးအတေး ကြီးတတ်သူဖြစ်လေသည်။

ထို့ကြောင့် အံကြိတ်ရင်း ကြမ်းကြုတ်သော မျက်လုံးများဖြင့် ကြုံးဝါးလိုက်သည်။

“အစ်ကိုကြီးကို နာကျင်အောင် လုပ်ခဲ့တဲ့လူကိုတွေ့ရင် အရှင်လတ်လတ် အရေခွံနွှာပစ်မယ်!”

ယန်ရုန်ရုန် ချောင်းအနည်းငယ်ဟန့်ကာ စကားလမ်းကြောင်းလွှဲလိုက်လေသည်။

“အားလုံးက တစ်လှေတည်းစီးတဲ့လူတွေ ဖြစ်သွားပြီဆိုတော့ အဆင်ပြေတာပေါ့၊ ကျောက်ချီ… ရှင့်လူတွေအားလုံးကို ထွက်လာခိုင်းလိုက်၊ ကျွန်မတို့ စကားအေးအေးဆေးဆေး ပြောကြရအောင်”

ခဏအကြာတွင် အဆောက်အဦးတိုင်းရှိ မီးအိမ်များ ပြန်လည် လင်းလက်လာခဲ့သည်။ သူတို့အားလုံး စံအိမ်ခြံဝန်းထဲတွင် စုဝေးခဲ့ကြလေသည်။

ရှေးဟောင်းကျိန်စာသားရဲကြီးများ ဖြစ်ကြသော ချုံးချီ၊ ထောင်ဝူနှင့် ဟွင်သွမ်းတို့ တစ်တန်းတည်း ထိုင်ကာ အလွန် ပျော်ရွှင်နေကြသည်။

လျို့လန်တစ်ယောက်တည်းသာ နှုတ်ခမ်းကြီး စူနေလေသည်။ သူ့မေမေအနားတွင် ထိုင်ချင်သော်လည်း ချုံးချီနှင့် ထောင်ဝူက သူ့ကို အလယ်မှာ ညှပ်ထားပြီး အလွတ်မပေးကြပေ။ အလွန်စိတ်ရှုပ်ဖို့ကောင်းပါသည်။

မကြာသေးခင်က ပျောက်ကွယ်သွားသည့် သတ္တဝါများလည်း ပြန်လည်ပေါ်ပေါက်လာပြီး ၎င်းတို့၏ အသွင်မှန်များကို ထုတ်ပြခဲ့ကြသည်။

အချို့က မိစ္ဆာသားရဲများဖြစ်ပြီး အချို့က ဝိညာဉ်သားရဲများဖြစ်ကာ အမျိုးအစားစုံလင်လွန်းလှသည်။

ချုံးချီ စိတ်ရွှင်နေသဖြင့် ယန်ရုန်ရုန် မေးဖို့ပင် မလိုအပ်ဘဲ ချက်ချင်း ရှင်းပြလိုက်ပါသည်။

“သူတို့တွေက ခွန်းလွင်နယ်မြေမှာ နေထိုင်ခဲ့ကြတဲ့သားရဲတွေလေ၊ မဟာကပ်ဘေးကြီးကြောင့် ခွန်းလွင်နယ်မြေ ပျက်စီးသွားတုန်းက သူတို့တွေ သွားစရာနေရာမရှိတော့ဘဲ သေလုမျောပါးဖြစ်ခဲ့ကြတာ၊ မင်းက သူတို့ကို ငါ့ဆီ လွှတ်ပေးခဲ့ပြီး အတူတူ ရှင်သန်ကြဖို့ မှာခဲ့တာ”

“နှစ်ပေါင်းများစွာ ကြာတဲ့အထိ ‘ဧကရာဇ်မင်းကြီး’ ရှာတွေ့သွားမှာကြောက်လို့ ငါတို့ ဂရုတစိုက်နဲ့ ပုန်းခိုနေခဲ့ကြတယ်၊ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် သံထည်လုပ်ငန်းနဲ့ အပ်ချုပ်လုပ်ငန်းတွေကို သင်ယူခဲ့ကြရတယ်၊ သူတို့လုပ်ထားတဲ့ ပစ္စည်းတွေကို ငါက အပြင်မှာသွားရောင်းပြီး နေ့စဉ်သုံးရိက္ခာပစ္စည်းတွေအတွက် ဝိညာဉ်ကျောက်တုံးနဲ့ လဲလှယ်ခဲ့ရတာပေါ့”

ထိုနှစ်တို့၏ အခက်အခဲများကို ပြန်လည်စဉ်းစားမိသောအခါ မိစ္ဆာနှင့် ဝိညာဉ်သားရဲများအားလုံး စိတ်မကောင်း ဖြစ်ခဲ့ကြရပါသေးသည်။ ဘဝက မလွယ်ကူခဲ့ပေ။

ယန်ရုန်ရုန်က မေးသည်။

“ဒါဆို ဟွေ့လုံဂိုဏ်းဆိုတာကကော ဘာလဲ”

ကျောက်ချီ ချက်ချင်း ပြန်ဖြေလိုက်ပါသည်။

“အဲ့တာ မင်းနဲ့ငါနဲ့ တိုင်ပင်သဘောတူခဲ့တဲ့ စကားဝှက်တစ်ခုပဲလေ၊ မင်းက အချိန်အကြာကြီး ပျောက်ကွယ်သွားရတော့မယ်၊ ဒါပေမယ့် တစ်နေ့ကျရင် ပြန်လာခဲ့မယ်လို့ မင်းကိုယ်တိုင် ပြောခဲ့တာ၊ ပြီးတော့ မင်းရဲ့ မှတ်ဉာဏ်တွေပျောက်ဆုံးသွားပြီး အသွင်အပြင်ပါ ပြောင်းလဲသွားနိုင်တယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် ‘ဟွေ့လုံဂိုဏ်း’ဆိုတဲ့ စကားလုံးကို မေ့မှာ မဟုတ်ဘူးတဲ့၊ အဲ့ဒီစကားလုံးတွေကို မြင်တာနဲ့ ငါပြောတာမှန်သမျှကို မင်းယုံကြည်လိမ့်မယ်တဲ့၊ ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးမှာ အဲ့ဒီစကားလုံးတွေရဲ့အဓိပ္ပာယ်ကို မင်းကလွဲပြီး နားလည်တဲ့လူ မရှိနိုင်လို့ပဲ”

🌹Chapter 324

ယန်ရုန်ရုန်သည် သူမကိုယ်သူမ ‘ဟွေ့လုံဂိုဏ်း’၏ တပည့်ပါဟူ၍ လုပ်ကြံဇာတ်ထွင်ခဲ့ဖူးသော်လည်း ထိုစကားလုံး သုံးလုံးက သူမထံသို့ ပြန်လည်ရိုက်ခတ်လာလိမ့်မည်ဟု ထင်မထားခဲ့ပါ။

ယခင်တုန်းက သူမ သံသယဝင်ခဲ့ဖူးသည်။

ဤကမ္ဘာသို့ သူမ ရောက်ရှိလာခြင်းသည် တစ်စုံတစ် ယောက်၏ လျှို့ဝှက်စီစဉ်မှု သို့မဟုတ် ပူးပေါင်းကြံစည်မှုကြောင့် ဖြစ်နေနိုင်မည်လား။

ယခုတော့ ထိုသို့ လျှို့ဝှက်စီစဉ်ခဲ့သူမှာ သူမကိုယ်တိုင်ပင် ဖြစ်နိုင်ခြေ အလွန်များနေပါပြီ။

သူမ သေဆုံးရတော့မည်ကို သူမ သိခဲ့သည်။ သူမ ပြန်ရောက်လာမည် ဆိုသည်ကိုလည်း သူမ သိခဲ့သည်။ ထို့ကြောင့် အနာဂတ်က သူမအတွက် သူမကိုယ်တိုင် အရာရာ စီစဉ်ပေးခဲ့သည်။

သူမ ဖြတ်သန်းခဲ့ရသည့် ခြေလှမ်းတိုင်းကို ပြန်စဉ်းစားကြည့်လျှင် ချင်းရှားလျှို့ဝှက်နယ်မြေနှင့် ထောင်ထျဲသားရဲ၊ ဖမ့်လိုင်မသေမျိုးကျွန်းနှင့် ဖူရှန်းကြေးမုံ၊ ညမဲ့မြို့တော်နှင့် ဖီရှို့သားရဲ၊ ကျောက်ပြာရေကန်နှင့် ထောင်ဝူသားရဲ၊ ထောင်ယွမ်ရွာနှင့် ဟွင်သွမ်းသားရဲ၊ ယခုတော့ ဟွေ့လုံဂိုဏ်းနှင့် ချုံးချီသားရဲ…

အားလုံးက တိုက်ဆိုင်မှုဟု ထင်ရသော်လည်း တိုက်ဆိုင်မှုက များလွန်းနေပါသည်။

သေချာစဉ်းစားကြည့်လျှင် အားလုံးက အချိတ်အဆက်ရှိနေသော အကွက်ကျကျ စီစဉ်မှုတစ်ခုသာ ဖြစ်သည်။

ယန်ရုန်ရုန် ရယ်မောလိုက်မိသည်။ အတိတ်ဘဝက သူမမှာ အတော်လေး ရက်စက်တတ်ပုံရသည်။ အခြားသူတွေအားလုံးအပေါ် ကြံစည်ခဲ့ရုံသာမကဘဲ အနာဂတ်ဘဝအတွက်ပါ အကွက်ကျကျ တွက်ချက် ကစားခဲ့လေသည်။

ကျောက်ချီ မှင်သက်သွားသည်။

“မင်းဘာရယ်တာလဲ”

ယန်ရုန်ရုန် အဖြေမပေးဘဲ ပြန်မေးလိုက်သည်။

“ရှင့်ကို ကျွန်မတစ်ခုခု လုပ်ခိုင်းခဲ့တယ်လို့ ပြောတယ်နော်၊ အဲ့တာ ဘာလဲ”

“အဲ့ဒီတုန်းက မင်းထွက်မသွားခင် ငါ့ကို ဒီငှက်မွေးလေး ပေးခဲ့တာ၊ အနာဂတ်မှာ ခွန်းလွင်နယ်မြေကို ရှာဖွေဖို့ မင်းရောက်လာတဲ့အခါ အဲ့ဒီငှက်မွေးကို မင်းလက်ထဲ ပြန်ထည့်ပေးရမယ်လို့ မှာခဲ့တယ်”

ထို့နောက် ကျောက်ချီသည် ဝတ်ရုံထဲ အချိန်အကြာကြီး နှိုက်လိုက်ပြီးနောက် ခြောက်သွေ့နေသည့် ရောင်စုံ ငှက်မွေးလေး တစ်ချောင်းကို ထုတ်ပေးလိုက်ပါသည်။

သူ့လက်ထဲမှ ထိုငှက်မွေးလေးကို ယန်ရုန်ရုန် ယူသွားသောအခါ ကျောက်ချီ သိသိသာသာ စိတ်သက်သာရာရသွားခဲ့ပြီး သက်ပြင်းရှည်ကြီးချမိတော့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူ့ညီအစ်ကိုများ၏ အသက်ကို ကယ်တင်ဖို့နှင့် မဟာကပ်ဘေးကြီးတွင် ပျောက်ကွယ်မသွားစေဖို့ ကျောက်ချီမှာ ရွေးချယ်စရာမရှိခဲ့ဘဲ ယန်ရုန်ရုန်၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ရပါသည်။

ထို့နောက် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ခွန်းလွင်နယ်မြေအနားတွင်သာ နေထိုင်ခဲ့ပြီး ယန်ရုန်ရုန် ပြန်ရောက်လာမည့်အချိန်ကို စောင့်နေခဲ့ရသည်။

ယခုတော့ သူကတိတည်ခဲ့ပြီဖြစ်၍ ပြန်လည် လွတ်လပ်သွားခဲ့ပါပြီ။ ယခုချိန်မှစ၍ သူ့ညီအစ်ကိုများနှင့်အတူ သမုဒ္ဒရာကြီး လေးစင်းကို ဖြတ်ကျော်လျက် အလိုရှိရာသို့ သွားနိုင်ပါတော့မည်။

ယန်ရုန်ရုန်လည်း သူမလက်ထဲက ရောင်စုံငှက်မွေးလေးကို စစ်ဆေးကြည့်လိုက်ပါသည်။ ရင်းနှီးနေသလို ခံစားခဲ့ရပြီး ကြာကြာမစဉ်းစားရဘဲ သူမ မှတ်မိသွားခဲ့သည်။

ထိုရောင်စုံဝတ်ရုံနှင့် အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်တွင် ဤကဲ့သို့ ငှက်မွေးမျိုးကို သူမ မြင်ခဲ့ဖူးသည်။ ထိုအမျိုးသမီး၏ ကိုယ်ပေါ်မှ ငှက်မွေးများက နူးညံ့တောက်ပနေခဲ့သော်လည်း ယန်ရုန်ရုန့် လက်ထဲမှ ငှက်မွေးကတော့ ခြောက်သွေ့ ထိုင်းမှိုင်း နေခဲ့ပါသည်။

သူမသည် ထိုငှက်မွေးလေးကို ပွတ်သပ်ရင်း ဘာအတွက် အသုံးဝင်နိုင်မလဲ စဉ်းစားနေခဲ့သည်။

ကျောက်ချီက သူသိထားသမျှကို ပြောပြပြီးပြီဖြစ်၍ သူ့တာဝန်ပြီးဆုံးသွားခဲ့ပါပြီ။ နောက်ဆက်ဖြစ်လာမည့်အရာများက သူနှင့် မသက်ဆိုင်တော့ပေ။

ထို့ကြောင့် သူ့ညီအစ်ကိုများကို ခေါ်ထုတ်သွားပြီး သူတို့ကြုံတွေ့ခဲ့ရသည်များကို စကားလက်ဆုံကျနေတော့သည်။

ညတာက အလျှင်အမြန်ပဲ ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့ မိုးသောက်ချိန်ရောက်သောအခါ စံအိမ်ကြီးထံသို့ လောလော အသည်းအသန် ရောက်လာခဲ့သည်။

သူမတို့ ခွန်းလွင်နယ်မြေကို ရှာဖွေမည်ဖြစ်ကြောင်း သိလိုက်ရသောအခါ မိစ္ဆာသားရဲနှင့် ဝိညာဉ်သားရဲများက အတူတူ လိုက်ခဲ့ချင်သည်ဟု တောင်းဆိုကြပါသည်။ သူတို့အားလုံး ခွန်းလွင်နယ်မြေသို့ ပြန်လည်ဝင်ရောက်ကာ ယခင်ကလို ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း ဘဝမျိုးနှင့် နေထိုင်ချင်ကြသည်။

ယန်ရုန်ရုန်လည်း အလွယ်တကူ သဘောတူလိုက်ပါသည်။ ထိုသတ္တဝါများက ခွန်းလွင်နယ်မြေတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသူများဖြစ်၍ သူတို့ကိုပါ ခေါ်ဆောင်သွားလျှင် ခွန်းလွင်နယ်မြေကို ရှာဖွေဖို့ ပိုမို လွယ်ကူသွားနိုင်ပါသည်။

ကျောက်ချီကတော့ သူ့အလုပ်ပြီးပြီဖြစ်၍ သူတစ်ပါး၏ အရှုပ်တွေထဲ ဝင်မပါချင်တော့ပေ။ ထို့ကြောင့် သူ့ညီအစ်ကို သုံးယောက်ကို ခေါ်ဆောင်ပြီး ထွက်သွားဖို့ ကြံရွယ်လိုက်ပါသည်။

သို့သော် လျို့လန်ကတော့ သူနှင့်အတူ မလိုက်ချင်ဘဲ နေခဲ့ဖို့သာ ခေါင်းမာနေလေသည်။ ယန်ရုန်ရုန့် ခြေထောက်ကို ဖက်ထားပြီး အော်ဟစ်ငိုယိုကာ သောင်းကျန်းနေခဲ့ပါသည်။

“မေမေနဲ့ပဲ လိုက်မယ်! မေမေသားကို မထားခဲ့ပါနဲ့!”

ကျောက်ချီမှာ အာခြောက်အောင် ရှင်းပြခဲ့သော်လည်း ကောင်းကင်ဘုံနှင့် ကမ္ဘာမြေမှ ဖြစ်တည်လာသည့် သတ္တဝါဖြစ်သည့်အလျောက် လျို့လန်တွင် အမေမရှိကြောင်း နားဝင်အောင် ပြောမရခဲ့ပါ။ နောက်ဆုံးတွင် လျို့လန် ဒေါသပင်ထွက်သွားပြီး အစွယ်ဖြဲပြလျက် ကျောက်ချီကို ရန်လုပ်ရန် ပြင်နေလေတော့သည်။

အစ်ကိုဖြစ်သူကို တိုက်ခိုက်၍လည်း မရသလို စကားဖြင့်ပြော၍လည်း မရတော့သဖြင့် ကျောက်ချီ ဘာမှ မတတ်နိုင်တော့ပေ။ သူ့အစ်ကိုကြီးကို ဒီတိုင်း ထားခဲ့၍လည်း မဖြစ်သဖြင့် ခွန်းလွင်နယ်မြေရှာပုံတော်ခရီးစဉ်တွင် ကျောက်ချီလည်း မတတ်သာဘဲ လိုက်ပါလာခဲ့ရတော့သည်။

ထို့ကြောင့် ယန်ရုန်ရုန်၏ အဖွဲ့အင်အားမှာ ညတွင်းချင်း အဆပေါင်းများစွာ ပိုမိုကြီးမားလာခဲ့တော့သည်။

-

ထိုအချိန်တွင် ယွင်မုန့်မြို့တော်အတွင်း၌ တစ်ညတာ အနားယူပြီးနောက် ချင်းယောင်၏ ဒဏ်ရာများ ပြန်လည် သက်သာလာခဲ့ပါပြီ။ ကြမ္မာရှင်အဘိုးအိုက အလွန်အာနိသင်ရှိသည့် ဆေးဝါးများကို ယူဆောင်လာပြီး သူမကို လာတွေ့ခဲ့သည်။

ချင်းယောင်လည်း ဆေးလုံးများကို အားမနာဘဲ လက်ခံခဲ့ပြီး ဟောကိန်းအကြောင်းကို မေးမြန်းခဲ့ပါသည်။

ကြမ္မာရှင်အဘိုးအိုက အမှန်အတိုင်း ပြန်ဖြေခဲ့သည်။

“ကောင်းကင်ပေါ်က နက္ခတ်တွေကို လေ့လာရင်း ‘ကပ်ဘေးသယ်ဆောင်သူ’အကြောင်း ကျုပ်သိခဲ့ရတာ၊ နောက်ပိုင်းမှာ သေသေချာချာ တွက်ချက်ကြည့်လိုက်တော့ ကပ်ဘေးသယ်ဆောင်သူ အမှန်တကယ် ရှိနေတာကို အတည်ပြုနိုင်ခဲ့တယ်”

ချင်းယောင်က ဟောကိန်းနှင့် ပတ်သတ်၍ မေးခွန်းဆက်မထုတ်ခဲ့ဘဲ အခြားအကြောင်းအရာကိုသာ မေးမြန်းလိုက်သည်။

“မနေ့က ယွင်မုန့်မြို့တော်ကို ကျွန်မ ရောက်လာတော့ ပိုင်ကျဲနတ်သားရဲနဲ့ ယွင်မုန့်နယ်မြေအကြားက ပတ်သတ်မှုကို ယန်ရုန်ရုန်ပြောနေတာ ကြားမိတယ်၊ အဲ့တာ အမှန်လား အမှားလား”

ကြမ္မာရှင်အဘိုးအို မျက်မှောင်ကြုတ်သွားခဲ့သည်။

“ကျုပ်လည်း အဲ့ဒီကိစ္စကို သေချာမသိဘူး”

ချင်းယောင်က အကြံပြုသည်။

“ယန်ရုန်ရုန့်ကို အခုချက်ချင်း ရှာဖို့မဖြစ်နိုင်သေးဘူးဆိုတော့ သူပြောတဲ့စကား အမှတ်ဟုတ်မဟုတ်ကို အရင်ဆုံး အတည်ပြုကြည့်ကြရအောင်လာား”

ကြမ္မာရှင်အဘိုးအို တွန့်ဆုတ်သွားခဲ့သည်။

“အဲ့လိုလုပ်ဖို့ လိုအပ်လို့လား”

ချင်းယောင်က သူ့သံသယများကို ဖောက်ထွင်းမြင်နိုင်သည့်အလား တဲ့တိုး မေးလိုက်ပါသည်။

“စုံစမ်းစစ်ဆေးလိုက်လို့ ရလာတဲ့ရလဒ်က လူတွေလက်မခံနိုင်တဲ့အရာ ဖြစ်နေမှာကို ရှင်ကြောက်နေတာလား”

အဘိုးအိုမှာ အနည်းငယ် အရှက်ရသွားဟန်ဖြင့် ရှင်းပြလိုက်သည်။

“ပြဿနာတွေကို ပိုရှုပ်အောင်လုပ်ဖို့ မလိုဘူးလို့ ထင်လို့ပါ၊ ယန်ရုန်ရုန်က ကပ်ဘေးသယ်ဆောင်သူဖြစ်တယ်လို့ ကောင်းကင်တာအိုကိုယ်တိုင်က ပြသနေတာဆိုတော့ မဟာကပ်ဘေးကြီးကို တားဆီးဖို့အတွက် သူ့ကို သုတ်သင်လိုက်ဖို့ပဲလိုတာလေ၊ အဲ့ထက် ပိုရှင်းတဲ့အရာ မရှိတော့ဘူး”

ချင်းယောင်က ပြန်လည် ချေပသည်။

“ယန်ရုန်ရုန့်ကို သုတ်သင်ပြီးလို့ မဟာကပ်ဘေးကြီးက ရပ်တန့်မသွားဘဲ ကျရောက်လာဦးမယ်ဆိုရင်ကော”

အဘိုးအို ဆွံ့အသွားခဲ့သည်။

“အဲ့လိုတော့ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား”

“မဖြစ်နိုင်ဘူးတဲ့လား”

အဘိုးအို နှုတ်ဆိတ်သွားခဲ့သည်။ ချင်းယောင်၏ ပင်ကိုယ်စရိုက်အရဆိုလျှင် ယခုလောက်ဆို ဒေါသ ပေါက်ကွဲနေလောက်ပြီ ဖြစ်သော်လည်း အရေးကြီးကိစ္စဖြစ်၍ ဒေါသကို ထိန်းထားရပါသည်။

“ယွင်မုန့်စိမ့်မြေမှာ အရင်တုန်းက မဟာကပ်ဘေးကြီး တကယ်ကျရောက်ခဲ့ဖူးလားဆိုတာ အတည်ပြုနိုင်ရင် ယန်ရုန်ရုန် ပြောခဲ့တာတွေက အမှန်ဟုတ်လား မဟုတ်လား ဆုံးဖြတ်နိုင်လိမ့်မယ်၊ သူအမှန်ပြောနေတာဆိုရင် ကပ်ဘေးသယ်ဆောင်သူကို သတ်လိုက်ရင်တောင် မဟာကပ်ဘေးကြီးကို တားဆီးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သဘောပဲ၊ အားလုံးက အလိမ်အညာတွေဆိုရင် ကောင်းကင်တာအိုရဲ့ အမိန့်တော်ကို ဘာလို့ နာခံနေရဦးမှာလဲ”

ကြမ္မာရှင် အဘိုးအို တီးတိုး ရေရွတ်လိုက်သည်။

“ဒါပေမယ့် ကောင်းကင်တာအိုက ကောင်းကင်တာအိုပဲလေ၊ ကျုပ်တို့တွေ ကောင်းကင်ဘုံရဲ့ အလိုကို လွန်ဆန်လို့ ဖြစ်ပါ့မလား”

ချင်းယောင်က အေးစက်စွာ တစ်လုံးချင်း ဖြေလိုက်သည်။

“ကျင့်ကြံခြင်းဆိုတာကိုက ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းပဲ မဟုတ်လား”

အဘိုးအိုတွင် ပြောစရာစကား မကျန်တော့ပေ။ အချိန်အတော်ကြာအောင် တွန့်ဆုတ်သွားပြီးနောက် ချင်းယောင်၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး ယွင်မုန့်စိမ့်မြေတွင် ယခင်က အမှန်တကယ် မဟာကပ်ဘေးကြီး ကျရောက်ခဲ့ဖူးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

-

ယန်ရုန်ရုန်သည် ရှေ့က ခြောက်ကပ်နေသော မြေရိုင်းလွင်ပြင်ကြီးကို ကြည့်ကာ မယုံကြည်နိုင်စွာ မေးလိုက်သည်။

“အဲ့တာ ခွန်းလွင်နယ်မြေဆိုတာ သေချာရဲ့လား”

လောလော၊ ကျောက်ချီနှင့် ဝိညာဉ်သားရဲများအားလုံး ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍ အရာရာ ပြောင်းလဲသွားခဲ့လျှင်တောင် ခွန်းလွင်နယ်မြေ၏ ယေဘုယျတည်နေရာကို သူတို့ မှတ်မိကြပါသေးသည်။

ယန်ရုန်ရုန် ခါးထောက်လျက် ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ မျက်စိတစ်ဆုံးတွင် ပေါင်းပင်များမှအပ အခြား မရှိပေ။

ခွန်းလွင်နယ်မြေ ပျက်သုဉ်းသွားသည်ဟု ကြားခဲ့ရစဉ်က လွန်လွန်ကြူးကြူး တင်စားထားခြင်းဖြစ်မည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်မှာတော့ ဘာဆိုဘာမှ မရှိတော့လောက်အောင် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

သူမသည် လောလောနှင့် ကျောက်ချီတို့ကို အားကိုးတကြီးလှည့်ကြည့်ကာ မေးလိုက်သည်။

“ဒါဆို လင်ကျန်းနဲ့ ဝူရှန်းတို့ ဘယ်နားမှာရှိခဲ့တာလဲ မှတ်မိကြသေးလား”

လောလောက ခွန်းလွင်နယ်မြေကို မရောက်ဖူးသဖြင့် မသိကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

နောက်ဆုံးတော့ ခွန်းလွင်နယ်မြေတွင် အချိန်အကြာကြီး နေထိုင်ခဲ့ဖူးသည့် ကျောက်ချီကသာ အရပ်မျက်နှာတစ်ဖက်ကို ညွှန်ပြရင်း ဆိုလိုက်ပါသည်။

“ငါအကြမ်းဖျင်းမှတ်မိသလောက်တော့ ဝူရှန်းနဲ့ လင်ကျန်းတို့က အဲ့ဒီဘက်မှာ ရှိခဲ့ကြတာ…”

All Chapters