← Chapters

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

အခန်း (၃၂၅-၃၂၆)

Vol. 33 Ch. 325-326

🌹Chapter 325

ယန်ရုန်ရုန်သည် ကျောက်ချီ ညွှန်ပြသည့်အရပ်တွင် လိုက်လံရှာဖွေခဲ့သည်။

ဘယ်ကြည့်ကြည့်၊ ညာကြည့်ကြည့် မျက်စိတစ်ဆုံးတွင် ပေါင်းပင်၊ ခြုံပင်များမှလွဲ၍ ဘာမှမရှိပေ။ သို့သော် ကျောက်ချီနှင့် မိစ္ဆာသားရဲ၊ ဝိညာဉ်သားရဲများကတော့ ဤနေရာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေကြလေသည်။

ပိုင်ကျဲနတ်သားရဲ ပျောက်ကွယ်မသွားခင်က ဝူရှန်းနှင့် လင်ကျန်းတို့ကို ရှာဖွေဖို့ သူမကို မှာကြားသွားခဲ့သည်။ သို့သော် ဤနေရာတွင် ပေါင်းပင်ခင်းကြီးသာ ရှိပြီး တောင်ဟူသည်ကို မဆိုဦးနှင့် ရွှံ့ပုံလေးတစ်ပုံကိုပင် မတွေ့ရချေ။

‘ပိုင်ကျဲရဲ့ အရိပ်အမြွက်က မှားယွင်းနေတာလား…’

မဖြစ်နိုင်ပေ။ ပိုင်ကျဲ၏ အရိပ်အမြွက်ကသာ မှားယွင်းနေလျှင် ဧကရာဇ်မင်းကြီးက သူ့ကို အမြန်အဆန် နှုတ်ပိတ်လိုက်မှာ မဟုတ်ပါ။

ဧကရာဇ်မင်းကြီး အသည်းအသန် လှုပ်ရှားလိုက်ရပုံကို ကြည့်ခြင်းအားဖြင့် ထိုအရိပ်အမြွက်မှာ အလွန်အရေးကြီးကြောင်း ပြသနေလေသည်။

ယန်ရုန်ရုန် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း သူမအာရုံထဲ လျှို့ဝှက်သော့ချက်ကို ရှာဖွေဖို့ စဉ်းစားတွေးတောနေခဲ့သည်။ အတိတ်ဘဝက သူမမှာ အလွန်အကြံအစည်ကြီးသူဖြစ်ရာ ခွန်းလွင်နယ်မြေ ပျက်သုဉ်းမည်ကို ကြိုမသိခဲ့ဘဲနေမည် မဟုတ်ပေ။

ထို့ကြောင့် သော့ချက်တစ်ခုကို ကြိုတင်စီစဉ်ထားခဲ့မှာ သေချာပါသည်။

ထိုအတွေးဖြင့် ယန်ရုန်ရုန့် ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့ရသည်။ သူမချန့်ခွင်းအိတ်ထဲသို့ လက်နှိုက်ကာ ခြောက်သွေ့နေသည့် ရောင်စုံ ငှက်မွေးလေးကို ထုတ်လိုက်သည်။

ထိုငှက်မွေးလေးက အမှန်တရားကို ရှာဖွေဖို့ သော့ချက်ဖြစ်နေနိုင်ပါသည်။

ငှက်မွေးလေးကို ယန်ရုန်ရုန် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ဝိညာဉ်စွမ်းအင်အချို့ ထည့်သွင်းလိုက်သည်။ နဂိုက ခြောက်သွေ့နေခဲ့သည့် ငှက်မွေးလေး ရုတ်တရက် စိုစွတ်တောက်ပလာခဲ့သည်။ သို့သော် ထူးခြားချက်က ဤမျှသာ ဖြစ်သည်။

ဝိညာဉ်စွမ်းအင်က မလုံလောက်သေးပုံပေါ်သဖြင့် ယန်ရုန်ရုန် လက်ချောင်းထိပ်ကို ကိုက်ကာ သွေးတစ်စက် ချလိုက်ပါသည်။ သူမ၏ သွေးစက်ကလေးက ငှက်မွေးပေါ် ကျရောက်သွားပြီး ငှက်မွေး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ထို့နောက် ရောင်စုံငှက်မွေးလေး လေပေါ်သို့ ပျံတက်သွားခဲ့သည်။ ၎င်းသည် ယန်ရုန်ရုန့်ကို တစ်ပတ်ပတ်ပြီးနောက် သူမ၏ ဝတ်ရုံထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သွားခဲ့တော့သည်။

ယန်ရုန်ရုန်သည် သူမအဝတ်အစားထဲ တစ်စုံတစ်ခု လှုပ်ရှားနေသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် ဝတ်ရုံထဲသို့ လက်နှိုက်ကာ ငှက်ပေါက်လေးကို ဆွဲထုတ်လိုက်လေသည်။

ငှက်ပေါက်လေးမှာ ရောင်စုံငှက်မွေးကို နှုတ်သီးဖြင့် ကိုက်ထားပြီး မျက်လုံးလေးများမှာလည်း ထိတ်လန့်မှုကြောင့် ပြူးကျယ်နေလေသည်။ ရုတ်တရက်ပေါ်လာသော ရောင်စုံငှက်မွေးကြောင့် သူအလွန်ထိတ်လန့်သွားပုံရသည်။

ထိုငှက်မွေးကို ယန်ရုန်ရုန့်ထံသို့ ပြန်ထွေးထုတ်ပေးဖို့ နှုတ်သီးဟလိုက်သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် ငှက်ပေါက်လေး သတိလစ်သွားလေတော့သည်။

ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားပြီး ငှက်ပေါက်လေး၏ ခန္ဓာကိုယ်ကို လှုပ်ခါရင်း ခေါ်လိုက်သည်။

“စနစ်ရေ”

ငှက်ပေါက်လေး မျက်လုံးပွင့်မလာသော်လည်း ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ အနီရောင် အလင်းလုံးလေးတစ်လုံး ထွက်ပေါ်လာခဲ့သည်။ စနစ်နှင့် ပထမဆုံးအကြိမ် ဆုံခဲ့စဉ်ကလည်း ထိုကဲ့သို့ အနီရောင်အလင်းလုံးအသွင်ဖြစ်မှန်း ယန်ရုန်ရုန် မှတ်မိပါသည်။

ထိုအလင်းလုံး ပြန်ပေါ်လာရခြင်းအကြောင်းအရင်းမှာ ရွှမ်နျောင်ငှက်ပေါက်လေး၏ ခန္ဓာကိုယ်အတွင်းမှ စနစ် ပြန်ထွက်လာသည့်သဘောပင်။

ယန်ရုန်ရုန် ရင်တုန်သွားပြီး အနီရောင်အလင်းလုံးလေးကို မျက်တောင်မခတ်စိုက်ကြည့်နေခဲ့သည်။ ထိုအလင်းလုံးနှင့် ရောင်စုံငှက်မွေးတို့ ပေါင်းစည်းသွားသောအခါ ရောင်စုံငှက်မွေးပျောက်ကွယ်သွားပြီး အလင်းလုံးကလည်း ကြီးမားသထက် ကြီးမားလာပြီး နောက်ဆုံးတွင် မီးတောက်ကဲ့သို့ အနီရောင်ငှက်မွေးများ ဖုံးလွှမ်းနေသည့် ချုံးမင်ငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားခဲ့တော့သည်။

ချုံးမင်ငှက်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ၎င်း၏ ရွှေရောင် မျက်ဝန်းများထဲတွင် ယန်ရုန်ရုန်၏ မျက်နှာက ရှင်းရှင်းလင်းလင်း ထင်ဟပ်နေပါသည်။

ယန်ရုန်ရုန် မဝံ့မရဲ ခေါ်ကြည့်လိုက်သည်။

“စနစ်… နင်လား”

ချုံမင်ငှက်က နှုတ်သီးဟကာ အော်မြည်လိုက်လေသည်။

“ကျလိ ကျလိ!”

ယန်ရုန်ရုန့် နားထဲတွင်တော့ ထိုငှက်အော်သံက စနစ်၏ အသံအဖြစ် အလိုလျောက် ပြောင်းလဲသွားခဲ့ပါသည်။

“ကျုပ်ပါ!”

ယန်ရုန်ရုန်လည်း သူမလက်ထဲတွင် သတိလစ်နေသည့် အဝါရောင်ငှက်ပေါက်လေးကို ငုံ့ကြည့်ရင်း ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။

“ဒါဆို ဒီတစ်ကောင်ကကော”

ချုံးမင်ငှက်က အမြန်ရှင်းပြလိုက်သည်။

“အဲ့တာ ကျုပ်ယာယီ ငှားယူခဲ့တဲ့ ခန္ဓာကိုယ်ပါ၊ အခု ကျုပ်ရဲ့ ခန္ဓာကိုယ်အစစ်ကို ပြန်ရပြီဆိုတော့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အဲ့ဒီငှက်ပေါက်လေး မေ့သွားပြီး သတိရလာတဲ့အခါကျရင် သူ့မိဘတွေဆီ ပြန်သွားပါလိမ့်မယ်”

၎င်း၏ မူလခန္ဓာကိုယ်ကို ပြန်လည်ရရှိသွားခြင်းကြောင့်လား မသိနိုင်သော်လည်း ချုံးမင်ငှက်၏အသံမှာ ပုံမှန်ထက် ပိုကျယ်လောင်စူးရှနေပြီး ခေါင်းမော့ရင်ကော့လျက် အတော်လေး စိတ်ကြီးဝင်နေပုံရသည်။

ယန်ရုန်ရုန်သည် သတိလစ်နေသော ငှက်ပေါက်လေးကို ဝတ်ရုံထဲ ပြန်ထည့်သိမ်းထားလိုက်ပါသည်။

ထို့နောက် ချုံးမင်ငှက်ကို သူမ အကဲခတ်ကြည့်လိုက်သည်။ စနစ်၏ သရုပ်မှန်ကို သူမ သံသယဝင်ခဲ့ဖူးပါသည်။ ၎င်းသည် ရုတ်တရက် ပေါ်လာပြီး ဘာအကြောင်းပြချက်မှမရှိဘဲ သူမကို ရွေးချယ်ကာ ဤကျင့်ကြံခြင်းလောကထဲသို့ မစ်ရှင်များနှင့် အတူ အတင်းအကျပ် ပို့ဆောင်ခဲ့သည်။

ယခုတော့ အားလုံး ရှင်းလင်းသွားခဲ့ပါပြီ။ စနစ်ဟူသည်မှာ ဟန်ပြသာဖြစ်ကာ ၎င်း၏ မူလအသွင်က ဒဏ္ဍာရီလာ ချုံးမင်ငှက်ပင်ဖြစ်သည်။

ယန်ရုန်ရုန် မျက်လုံးများကို မှေးကာ မေးလိုက်သည်။

“အဲ့တာကြောင့် ငါ့ကို မူလကမ္ဘာဆီ နင်ပြန်မပို့နိုင်ခဲ့တာကိုး… အစကတည်းက ပြန်ပို့ဖို့ အစီအစဉ်မှ မရှိခဲ့တာ၊ ဟုတ်တယ်မလား”

သူပြောခဲ့သည့် “စနစ် error များ” “ကုဒ်အမှားအယွင်းများ”ဟူသည်မှာ ဆင်ခြေဆင်လက်များသာ..

ချုံးမင်ငှက် အနည်းငယ် လိပ်ပြာမလုံဖြစ်သွားခဲ့ပြီး ထောင်နေသည့်ခေါင်းပါ အနည်းငယ် နိမ့်ဆင်းသွားခဲ့ကာ သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားပါသည်။

“ကျုပ်ကို အပြစ်လာတင်လို့မရဘူးလေ! ကျုပ်က ခင်ဗျားကိုယ်တိုင်စီစဉ်ခဲ့တာတွေကိုပဲ လိုက်နာခဲ့ရတာ”

ယန်ရုန်ရုန် မျက်ခုံးတစ်ဖက်ပင့်ကာ ဆက်ပြောဖို့ အချက်ပြလိုက်သည်။

ချုံးမင်ငှက်လည်း တံတွေးမျိုချလျက် ဇာတ်ကြောင်းအစုံအလင်ကို ရှင်းပြလေတော့သည်။

“အဲ့ဒီတုန်းက ခင်ဗျား ဒဏ်ရာတွေ အပြင်းအထန်ရပြီး အချိန်လည်းသိပ်မကျန်တော့ဘူး၊ ခင်ဗျားရဲ့ ဝိညာဉ်ကို ခင်ဗျားကိုယ်တိုင် ဆွဲထုတ်ပြီး ပြန်လည်ဝင်စားခြင်းကြေးမုံကို သုံးပြီးတော့ တခြားကမ္ဘာတစ်ခုကို ပို့ဆောင်ခဲ့တယ်၊ နောက် ၅ နှစ်အကြာမှာ ခင်ဗျားကို ခေတ်သစ်ကမ္ဘာကနေ ပြန်သွားခေါ်ရမယ်လို့ ခင်ဗျားမသေခင် ညွှန်ကြားခဲ့တယ်၊ ‘စနစ်’ဆိုတာလည်း ကျုပ်ကို ခင်ဗျားသတ်မှတ်ပေးခဲ့တဲ့ နာမည်တစ်ခုပဲ၊ အဲ့ဒီခေတ်သစ်ကမ္ဘာမှာ ‘ကူးပြောင်းခြင်း’ဆိုတဲ့ အကြောင်း အရာက မထူးဆန်းလို့ ခင်ဗျားလက်ခံနိုင်ဖို့ ပိုလွယ်ကူလိမ့်မယ်တဲ့”

မိမိခန္ဓာအတွင်းမှ ဝိညာဉ်ကို ပြန်ဆွဲထုတ်ဖို့ဟူသည်မှာ အလွန်ကြောက်စရာကောင်းလွန်းပါသည်။ ယန်ရုန်ရုန် ဘာမှ မမှတ် မိသော်လည်း မြင်ယောင်ကြည့်ရုံနှင့်တင် ကြက်သီးထသွားခဲ့ရသည်။

သူမ မျက်မှောင်ကြုတ်လျက် ဆက်မေးလိုက်သည်။

“အဲ့တာဆို ဇာတ်လိုက်မင်းသားလေးယောက်ရဲ့ နှလုံးသားကို အရယူဖို့ ဆိုတာကကော၊ အဲ့တာလည်း ငါ့အကြံပဲလား”

ချုံးမင်ငှက်မှာ အချိန်အကြာကြီး ထစ်ငေါ့သွားခဲ့ပြီး သူ့မျက်လုံးများကလည်း ရှုယင်ကိုသာ မကြာခဏ လှမ်းကြည့်နေခဲ့သည်။

ယန်ရုန်ရုန် ချက်ချင်း နားလည်လိုက်ပါသည်။ ချုံးမင်ငှက်ထံမှ အကြည့်မလွှဲသေးဘဲ ရှုယင်ကို လက်ညှိုးထိုးပြကာ သူမ မေးလိုက်သည်။

“အဲ့တာ သူ့အကြံကောင်းပေါ့ ဟုတ်လား”

ရှုယင်သည် ငှက်စကား နားမလည်သဖြင့် သူ့ကို ယန်ရုန်ရုန် ရုတ်တရက်ကြီး လက်ညှိုးထိုးနေသည်ကို မြင်သောအခါ မှင်သက်သွားခဲ့ရသည်။

‘ဘာလို့ ငါ့ကို လက်ညှိုးထိုးနေတာလဲ၊ ငါဘာလုပ်မိလို့လဲ…’

ချုံးမင်ငှက်က သူ့လုပ်ရပ်အတွက် ဖြောင့်ချက်ပေးပြန်သည်။

“ခွန်းလွင်နယ်မြေသခင်က ခင်ဗျားကို နောက်ဆုံးထွက်သက်ထိတိုင်အောင် ဂရုစိုက်ပေးခဲ့တာ၊ ခင်ဗျားကလည်း သူ့ကို နောင်ဘဝကျရင် ပြန်လာရှာမယ်လို့ ကတိပေးခဲ့တယ်၊ ခင်ဗျားတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်ရှိနေကြတာဆိုတော့ ကျုပ်က ဇာတ်လိုက်မင်းသား လေးယောက်ရဲ့ နှလုံးသားကို အရယူမယ်ဆိုတဲ့ မစ်ရှင်ကို ထည့်သွင်းပြီး ခင်ဗျားတို့ ပြန်လည်ဆုံဆည်းနိုင်မယ့် ကံကြမ္မာကို နည်းနည်းလေး တွန်းအားပေးလိုက်တာပါ”

ရှင်းပြပြီးနောက် ချုံးမင်ငှက်မှာ ခေါင်းမော့ရင်ကော့သွားပြန်သည်။ ကာယကံရှင်၏ ခွင့်ပြုချက်မပါဘဲ သူကိုယ်တိုင်ထည့်သွင်းထားသော ဇာတ်ညွှန်းအတွက် အတော်လေး ဂုဏ်ယူနေပုံရပါသည်။

ယန်ရုန်ရုန် အတတ်နိုင်ဆုံး အောင့်အည်းသည်းခံခဲ့သော် လည်း နောက်ဆုံးတွင်တော့ ပေါက်ကွဲမိတော့သည်။ ချုံးမင်ငှက်၏ ခေါင်းကို အားဖြင့် ခပ်ပြင်းပြင်း ဖြတ်ရိုက်လိုက်လေသည်။

ဤငှက်စုတ်ကြောင့် သူမ နှစ်ပေါင်း ၂၀၀ တိုင်အောင် ‘တဏှာရူး’တစ်ယောက်ပမာ နေထိုင်ခဲ့ရခြင်း မဟုတ်ပါလား။

သူသာ ကြားထဲမှ ဝင်မရှုပ်ခဲ့လျှင် ဤကမ္ဘာထဲသို့ ကူးပြောင်းလာပြီးနောက် တစ်ဆင့်ချင်း ကျင့်ကြံကာ မကောင်းဆိုးဝါးများကို နှိမ်နင်းရင်း ကျင့်ကြံခြင်းအဆင့် တက်လှမ်းနိုင်သည်။ စနစ်စတိုးဆိုင်မှ နတ်ရတနာများကို ဝယ်ယူပြီး စွမ်းအားကို တိုးမြှင့်ကာ နောက်ဆုံးတွင် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ပါလိမ့်မည်။

အလွန်စိတ်ဝင်စားစရာကောင်းမည့် ‘အမျိုးသမီး လူစွမ်းကောင်း’ ဇာတ်လမ်းမျိုးကို ထိုငှက်စုတ်က ‘အချစ်ရူး’ဇာတ်လမ်းအဖြစ် ပြောင်းလဲပစ်ခဲ့ခြင်းသာ။

ယန်ရုန်ရုန်၏ ရိုက်ချက်ကြောင့် ချုံးမင်ငှက်လည်း နာနာကျင်ကျင် အော်ဟစ်ပြီး အတောင်များခတ်ကာ ကောင်းကင်ပေါ်သို့ ပျံပြေးလေတော့သည်။ ၎င်း၏ ရှည်လျားလှသော အမြီးနီနီမှ မီးပွားများ လွင့်စင်ကာ ကျန်ခဲ့သည်။

ယန်ရုန်ရုန်ကလည်း အလွတ်မပေးဘဲ ဝတ်ရုံလက်များကို မ,တင်ကာ ချုံးမင်ငှက်နောက်ကို ပြေးလိုက်ပြီး ဆက်လက် ရိုက်နှက်လေတော့သည်။

ချုံးမင်ငှက်က အသည်းအသန် တောင်းပန်သည်။

“ကျုပ် မှားပါတယ်! ထပ်မလုပ်တော့ပါဘူး! မရိုက်ပါနဲ့တော့! အရေးကြီးကိစ္စကိုတောင် မပြောရသေးဘူး!”

အရေးကြီးကိစ္စဟူသည့် စကားကို ကြားခါမှ ယန်ရုန်ရုန်ရုန် ဒေါသကို ယာယီချုပ်တည်းလိုက်သည်။

“ပြောစမ်း!”

“လင်ကျန်းနဲ့ ဝူရှန်းတို့ကို ခင်ဗျားရှာချင်တာ မဟုတ်ဘူးလား၊ ကျုပ်ကူညီပေးနိုင်တယ်!”

စကားဆုံးသည်နှင့် ချုံးမင်ငှက် အတောင်များကို ခါပစ်လိုက်ရာ ၎င်း၏ ဧရာမငှက်မွေးနီများမှ မီးပွားများစွာ ဖြာကျလာခဲ့သည်။ ထိုမီးပွားများ မြေပြင်နှင့်ထိတွေ့သောအခါ မီးတောက်နီနီများအဖြစ် ပြောင်းလဲ လောင်ကျွမ်းသွားသော်လည်း ယန်ရုန်ရုန်ကတော့ အပူရှိန်ကို လုံးဝ မခံစားရပေ။

မီးတောက်များ အပေါ်သို့ မြင့်တက်လာပြီး ကောင်းကင်ပြာကြီးကိုပင် နီရဲသွားစေသည်။ ကောင်းကင်နီကြီး၏ အောက်တွင် အလွန်ရှည်လျား မြင့်မားသည့် တောင်တန်းကြီးများနှင့် ၎င်းတို့၏ အခြေတွင် စီးဆင်းနေသော မြစ်ရှည်ကြီးတစ်စင်း ပေါ်လာခဲ့တော့သည်။

ထိုမြင်ကွင်းကိုမြင်ပြီး ကျောက်ချီ ထိတ်လန့်တကြား အော်လိုက်မိသည်။

“အဲ့…အဲ့တာ ခွန်းလွင်နယ်မြေ မဟုတ်လား!”

🌹Chapter 326

မိစ္ဆာသားရဲများနှင့် ဝိညာဉ်သားရဲများအားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြပြီး ခွန်းလွင်နယ်မြေအတွင်း ရယ်မောပျော်ရွှင်စွာ ဆော့ကစားနေကြတော့သည်။

အခြေအနေတစ်ခုလုံးမှာ မဟာကပ်ဘေးကြီး မကျရောက်မီက နေ့ရက်များအတိုင်း ပြန်လည်ရောက်ရှိသွားသလို ကြည်နူးစရာ ကောင်းလွန်းပါသည်။

ထိုစဉ် ဝိညာဉ်လိပ်ပြာနီလေးတစ်ကောင်သည် ယန်ရုန်ရုန့် ပခုံးပေါ်သို့ တိတ်တဆိတ် လာရောက်နားခိုခဲ့သည်။ ယန်ရုန်ရုန် လက်ချောင်းလေးများကို မြှောက်ကာ ထိုလိပ်ပြာလေး၏ အတောင်ပံကို အသာအယာ ထိတွေ့လိုက်ရာ လိပ်ပြာလေးသည် လေပေါ်ပျံတက်သွားပြီး သူမ၏ မျက်စိရှေ့တွင် ခေတ္တ ဝဲပျံနေကာ ရှေ့သို့ တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့တော့သည်။

ယန်ရုန်ရုန်လည်း ထိုလိပ်ပြာလေးနောက်သို့ အလိုလို လိုက်လာခဲ့မိသည်။ ဝိညာဉ်လိပ်ပြာလေး၏ လမ်းပြဦးဆောင်မှူဖြင့် ဝူတောင်တန်းနှင့် လင်းမြစ်တို့၏ နယ်နိမိတ်သို့ သူမ ရောက်ရှိလာခဲ့သည်။ ဝူတောင်ပေါ်မှ ရေများသည် လင်းမြစ်အတွင်းသို့ အဆက်မပြတ် စီးဆင်းနေပြီး အလွန်ကြီးမားသည့် ရေတံခွန်ကြီးတစ်စင်းကို ဖြစ်ပေါ်နေစေသည်။

ဝိညာဉ်လိပ်ပြာလေးက ထိုရေတံခွန်အတွင်းသို့ ပျံသန်းပျောက်ကွယ်သွားလေသည်။

မြစ်ကမ်းနံဘေးတွင် ရပ်ကျန်နေခဲ့သည့် ယန်ရုန်ရုန့်ကို စိုစွတ်သည့် မြူငွေ့များက ဖုံးလွှမ်းသွားခဲ့ပြီး အရာရာမှာ မှုန်ရီဝေဝါးသွားခဲ့သည်။ ထိုစဉ် ရှေ့တည့်တည့်မှ သူမ၏ အမည်ကို ခေါ်ဆိုနေသော ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရပါသည်။

“ရုန်ရုန်…”

သူမ၏ အမည်ကို ခေါ်ဆိုနေသည့်လူအား မြင်ချင်သဖြင့် ယန်ရုန်ရုန် ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူမသည် မြစ်ကမ်းနံဘေးတွင် ရပ်နေခြင်းဖြစ်၍ ရှေ့သို့ ခြေလှမ်းလိုက်လျှင် မြစ်ထဲသို့ ပြုတ်ကျသွားရမည်ဖြစ်သော်လည်း ထူးဆန်းစွာဖြင့် မြေပြင်ပေါ် လမ်းလျှောက်နေသကဲ့သို့ အခိုင်အမာ လျှောက်လှမ်းနိုင်ခဲ့သည်။

တောက်ပနေသည့် ကောင်းကင်ကြီးကို တိမ်နက်များက ရုတ်တရက် ပိတ်ဖုံးသွားပြီး လျှပ်စီးများ တဖျပ်ဖျပ် လင်းလက်လာခဲ့သည်။ ထို့နောက် ကျယ်လောင်လှသော မိုးချုန်းသံကြီးနှင့်အတူ ကောင်းကင်ဘုံမိုးကြိုးတစ်စင်း ကျဆင်းလာတော့သည်။

စူးရှလှသည့် အလင်းရောင်များက မြူခိုးများကို ဖြတ်သန်းကာ ယန်ရုန်ရုန့်ကို အသိစိတ်ပြန်ကပ်သွားစေခဲ့သည်။

ယန်ရုန်ရုန် သတိပြန်ဝင်လာသောအခါ ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်မိသည်။ မြူငွေ့များ သိသိသာသာ လွင့်စင်သွားပြီဖြစ်ကာ သူမသည် အောက်ခြေမမြင်ရသော လင်းမြစ်၏ မျက်နှာပြင်ပေါ်တွင် မတ်တပ်ရပ်နေသည်။ ရှေ့တွင်လည်း မြူဆိုင်းနေသည့် ရေတံခွန်းကြီးတစ်စင်း ရှိနေပါသည်။

ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရာ တိမ်နက်များ ထူထပ်နေပြီး အလင်းရောင်တို့ မှေးမှိန်ကာ စက္ကန့်ပိုင်းအတွင်း ညအချိန်ရောက်သွားသလားဟုပင် ထင်ရစေသည်။

ဧကရာဇ်မင်းကြီး၏ လက်ချက်ဖြစ်မှန်း ယန်ရုန်ရုန်သိပါသည်။ သူမ ရှေ့ဆက်မတိုးနိုင်အောင် ပိတ်ဆို့တားဆီးနေခြင်းပင်။

သို့သော် ယန်ရုန်ရုန် အရှုံးမပေးနိုင်ပါ။ အကြည့်ကို ပြန်လွှဲလိုက်ပြီး ရေတံခွန်၏ အလယ်ဗဟိုဆီသို့ ခိုင်မာသော ခြေလှမ်းများဖြင့် ဆက်လက် လျှောက်လှမ်းလာခဲ့ပါသည်။

ထိုစဉ် ကောင်းကင်ဘုံမိုးကြိုးတစ်စင်း ထပ်မံကျဆင်းလာပြန်သည်။ ယန်ရုန်ရုန့်ကို ထိခါနီးဆဲဆဲအချိန်တွင် တစ္ဆေရုပ်သေးတစ်ကောင် ရုတ်တရက် ပေါ်လာပြီး ကာကွယ်ပေးခဲ့ပါသည်။ မိုးကြိုးနှင့် ထိမှန်သောအခါ ထိုတစ္ဆေရုပ်သေး ပြာကျသွားခဲ့ရသည်။

ယန်ရုန်ရုန်သည် အနောက်တွင် ရှိနေသော ရှုယင်ကို လှည့်ကြည့်လိုက်သည်။ ရှုယင်က ပြတ်တောက်သွားသော ရုပ်သေးကြိုးမျှင်တစ်ချောင်းကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး အတားအဆီးအားလုံးကို သူရှင်းလင်းပေးမည်ဖြစ်၍ သူမကို ရှေ့ဆက်လျှောက်လှမ်းဖို့သာ အချက်ပြလိုက်ပါသည်။

သူမ တစ်ချိန်လုံးရှာဖွေခဲ့ရသည့် အမှန်တရားမှာ ထိုရေတံခွန်ထဲတွင် ရှိနေမှန်း ယန်ရုန်ရုန် သိသည်။ ခြေလှမ်း ၉၉ လှမ်း လှမ်းခဲ့ပြီးပြီဖြစ်ရာ နောက်ဆုံးခြေလှမ်းသို့ ရောက်ရှိခါမှ နောက်ပြန်လှည့်၍ မရတော့ပါ။

ရှုယင်ကို ယုံကြည်ဖို့ ယန်ရုန်ရုန် ဆုံးဖြတ်လိုက်ပြီး ရှေ့သို့တည့်တည့် ဆက်လျှောက်သွားခဲ့သည်။ သို့သော် သူမ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း များစွာသော ကောင်းကင်ဘုံမိုးကြိုးများ တစ်ပြိုင်တည်း ဆင်းသက်လာခဲ့သည်။

သူမကို အမှုန့်ခြေပစ်ဖို့ ကြံရွယ်ထားသည့်အလား တိုက်ခိုက်မှုက ရက်စက် ကြမ်းကြုတ်လှပါသည်။

ရှုယင်သည်လည်း သူ့ဝိညာဉ်ဆင့်ခေါ်တံခွန်တိုင်ကို စတေးလိုက်ပြီး ရာနှင့်ချီသော တစ္ဆေဝိညာဉ်များကို တစ်ပြိုင်တည်း ဆင့်ခေါ်လိုက်သည်။ ထိုတစ္ဆေများက စူးစူးဝါးဝါး အော်ဟစ်ပြီး ယန်ရုန်ရုန့်အပေါ်တွင် တံတိုင်းကြီးတစ်ခုသဖွယ် စုပေါင်း ကာရံပေးလိုက်ကြသည်။

ကောင်းကင်ဘုံမိုးကြိုးများက ယန်ရုန်ရုန့်ကို မထိနိုင်သဖြင့် တစ္ဆေများကိုသာ ပြာကျသွားသည်အထိ ဒေါသတကြီး ပစ်ခတ်လေတော့သည်။

တစ္ဆေပေါင်းရာနှင့်ချီပြီး ဆုံးရှုံးလိုက်ရသော်လည်း ရှုယင် မတွန့်ဆုတ်ခဲ့ပါ။ ဧကရာဇ်မင်းကြီး ဤမျှလောက်နှင့် လက်လျှော့မှာ မဟုတ်မှန်း ရှုယင် သိသဖြင့် သူလေ့ကျင့်ပေးထားသည့် တစ္ဆေရုပ်သေးအားလုံးကို ဆင့်ခေါ်လိုက်သည်။

ခွန်းလွင်နယ်မြေအတွင်း သောင်းချီသော တစ္ဆေရုပ်သေးများ စုဝေးလာကြသည်မှာ အံ့ဖွယ် မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ ရှုယင်သည် ဧကရာဇ်မင်းကြီးအား နောက်ဆုံးထွက်သက်ထိ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်မှာ ထင်ရှားလှပါသည်။

ထိုမြင်ကွင်းကို မြင်သောအခါ လောလောနှင့် ကျိန်စာသားရဲကြီး လေးပါးလည်း ၎င်းတို့၏ သားရဲအသွင်များ ပြန်ပြောင်းကာ ယန်ရုန်ရုန့်အား ကာကွယ်ပေးခဲ့ကြသည်။

ယန်ရုန်ရုန်သည် သူတို့ ရယူပေးထားသည့် အချိန်ကို အလဟဿ အပြုန်းတီးမခံနိုင်သဖြင့် ရေတံခွန်ထံသို့ အလျှင်အမြန် ပြေးသွားခဲ့တော့သည်။

‘ဂျိန်း!’

စစ်ချီလာသော စစ်တပ်တစ်တပ်၏ ခြေသံများပမာ မိုးချုန်းသံများ ဟိန်းထွက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ အနောက်မှ ဘယ်လို ကြောက်မက်ဖွယ်ရာကောင်းသော အသံများထွက်လာခဲ့ပါစေ ယန်ရုန်ရုန် မရပ်တန့်တော့ပေ။

သူမသည် ခိုင်မာသော စိတ်ဓာတ်ဖြင့် ရေတံခွန်ထဲသို့ ခေါင်းစိုက်ကာ တိုးဝင်ပစ်လိုက်တော့သည်။

အလွန်ကျယ်လောင်သည့် ရေစီးသံများက သူမကို ဝါးမျိုသွားခဲ့သည်။ ခဏတာ ဆူညံသွားပြီးနောက် ကမ္ဘာလောကကြီး တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပါသည်။

ယန်ရုန်ရုန် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူမသည် ပုံသဏ္ဌာန်ပျက်ယွင်းနေသော ရောင်စုံရုပ်ပုံများဖြင့် ဝန်းရံထားသည့် ဟင်းလင်းနယ်ကြီးတစ်ခုကို ရောက်ရှိနေခဲ့သည်။ များပြားရှုပ်ထွေးလှသော အရောင်များကြောင့် ယန်ရုန်ရုန် ခေါင်းပင် မူးလာခဲ့သည်။

‘ဒါဘယ်နေရာကြီးလဲ…’

ထိုစဉ် ရင်းနှီးနေသည့်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြန်သည်။

“ဒါ သံသရာခွင်းဘုံပဲ”

ထိုအသံက သူမ၏ အနောက်ဘက်မှ ထွက်ပေါ်လာခြင်းပင်။

ယန်ရုန်ရုန် ထိတ်လန့်တုန်လှုပ်စွာ နောက်သို့ လှည့်ကြည့်လိုက်ရာ ငါးရောင်ခြယ် ဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးသည် သူမ၏ လက်များကို ဝတ်ရုံထဲ ထည့်ထားပြီး သူမဝတ်ရုံပေါ်ရှိ ရောင်စုံငှက်မွေးများမှာ ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေကာ တောက်ပလွန်းလှပါသည်။

သူမ၏ မျက်နှာကလည်း ယန်ရုန်ရုန်နှင့် တစ်ထေရာတည်း တူညီနေသည်။ အမြွှာတစ်ယောက်ပမာ၊ မှန်တစ်ချပ်ထဲ ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်နေရသည့်ပမာ တူညီခြင်းမျိုးပင် ဖြစ်သည်။

ရောင်စုံဝတ်ရုံနှင့်အမျိုးသမီးက သူမထံ အပြုံးဖြင့် ချဉ်းကပ်လာပြီး တိုးညှင်းပါးလွှာသော လေသံဖြင့် ဆိုလိုက်သည်။

“တစ်နေ့နေ့တစ်ချိန်ချိန် မင်းဒီကို ရောက်လာမယ်ဆိုတာ ငါသိနေတယ်”

ထိုအမျိုးသမီး၏ အသားအရေမှာ ပုံမှန်မဟုတ်ဘဲ ဖြူဖျော့ပြီး တစ်ကိုယ်လုံးလည်း အနည်းငယ် ဝေဝါးနေသည်ကို ယန်ရုန်ရုန် သတိပြုမိသည်။ ထို့ကြောင့် လက်ချောင်းဖြင့် ထိတွေ့ကြည့်လိုက်ရာ သူမ၏ လက်ချောင်းများက ထိုအမျိုးသမီး ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့ပါသည်။

ထိုအမျိုးသမီးက ရှင်းပြသည်။

“ငါက မင်းအရင် သံသရာခွင်းနယ်မြေထဲမှာ ချန်ထားခဲ့တဲ့ နတ်ဝိညာဉ်အစအနလေးတစ်ခုပါပဲ၊ ဝိညာဉ်ဆိုတာ နာမ်ရုပ်မရှိဘူး၊ အဲ့တာကြောင့် မင်းထိတွေ့လို့မရတာ မဆန်းပါဘူး”

ယန်ရုန်ရုန် လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး နှလုံးသားထဲမှာလည်း ရှုပ်ထွေးလှသော ခံစားချက်များဖြင့် လေးလံသွားခဲ့ပါသည်။

“ဒါဆို သံသရာခွင်းဘုံဆိုတာ တကယ်ရှိတာပေါ့…”

ထိုအမျိုးသမီးက ထပ်ပြုံးကာ အေးအေးလူလူ ရှင်းပြလိုက်ပါသည်။

“သံသရာခွင်းဘုံကို မင်းကိုယ်တိုင်ပဲ ဖန်တီးခဲ့တာ၊ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ကနေ ထွက်ခွာပြီး ခွန်းလွင်နယ်မြေမှာ နေထိုင်တဲ့ ဖုန့်ဟွိုက်ယွီကို သွားတွေ့ဖို့အတွက် ဒီဘုံကို မင်းအသုံးပြုခဲ့တာလေ၊ မဟာကပ်ဘေးကြီး ကျရောက်လာတော့ ဒီသံသရာခွင်းဘုံကိုပဲ အသုံးပြုပြီး မင်းရဲ့ဝိညာဉ်ကို တခြားကမ္ဘာဆီ ပို့ဆောင်ခဲ့တယ်၊ နှစ်အနည်းငယ် ကြာတဲ့နောက်မှာ ဒီသံသရာခွင်းဘုံကနေတဆင့်ပဲ ချုံးမင်ငှက်ကို စေလွှတ်ပြီး မင်းရဲ့ဝိညာဉ်ကို ပြန်ခေါ်စေခဲ့တယ်”

ထိုစကားဆုံးသောအခါ ထိုအမျိုးသမီး၏ အပြုံးမှာ အနည်းငယ် မှေးမှိန်သွားခဲ့ရသည်။

“အခုလည်း မင်းဆန္ဒရှိရင် သံသရာခွင်းဘုံကို သုံးပြီး အဲ့ဒီတခြားကမ္ဘာကို ပြန်လို့ရတယ်”

ယန်ရုန်ရုန် ကြက်သေသေသွားခဲ့သည်။ ခေတ်သစ်ကမ္ဘာကို ပြန်နိုင်ဖို့အတွက် သံသရာခွင်းဘုံအား သူမ အားကြိုးမာန် တက် ရှာဖွေခဲ့ပါသည်။ ယခုတော့ အခွင့်အရေးက လက်တစ်ကမ်းအလိုကို ရောက်လာခဲ့လေပြီ။

အဖြစ်အပျက်များက ရုတ်ခြည်းဆန်လွန်းသဖြင့် အိပ်မက်တစ်ခုပမာ ခံစားနေရပါသည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ယန်ရုန်ရုန် မေးလိုက်သည်။

“ဒါဆို သံသရာခွင်းဘုံကို သုံးပြီး ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ကို သွားလို့ရနိုင်မလား”

ထိုနေရာတွင် ဧကရာဇ်မင်းကြီး ရှိနေသည်။ ထိုနေရာသို့ တက်လှမ်းနိုင်လျှင် သူနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ပါလိမ့်မည်။

ထိုအမျိုးသမီးကလည်း ယန်ရုန်ရုန်၏ မေးခွန်းကို မျှော်လင့်ထားပုံရသည်။

“မင်းက ဒီသံသရာခွင်းဘုံရဲ့ အရှင်သခင်ပဲ… မင်းသွားလိုရာကို သွားနိုင်ပါတယ်၊ ဒါပေမယ့် မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ ဒီဘုံကို ဖွင့်ဖို့ မလုံလောက်ဘူး၊ ငါမင်းကို ကူညီပေးနိုင်တယ်… ဒါပေမယ့် ငါ့ရဲ့ စွမ်းအားတွေကလည်း သံသရာခွင်းဘုံကို တစ်ကြိမ်တစ်ခါပဲ ဖွင့်ပေးဖို့ လုံလောက်တယ်၊ အဲ့ဒီလက်ကျန် စွမ်းအားတွေကို သုံးလိုက်တာနဲ့ ငါ့ရဲ့ ဝိညာဉ်အပိုင်းအစလည်း ပျောက်ကွယ်သွားတော့မယ်၊ တစ်နည်းအားဖြင့် မင်းမှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတယ်”

ခေတ်သစ်ကမ္ဘာကို ပြန်သွားမလား…

ဒါမှမဟုတ် ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ကို တက်လှမ်းပြီး ဧကရာဇ်မင်းကြီးနဲ့ ရင်ဆိုင်မလား…

အဖြေက စိတ်ကူးတစ်ချက်အတွင်းမှာသာရှိသည်။ ယန်ရုန်ရုန် မတွန့်ဆုတ်ခဲ့ပေ။

“ကျွန်မ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ကို သွားပြီး ဧကရာဇ်မင်းကြီးနဲ့ ရင်ဆိုင်မယ်”

အမျိုးသမီးက မေးသည်။

“သေချာရဲ့လား၊ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူ့ကို တွေ့ရင်တောင် ယှဉ်နိုင်မှာ မဟုတ်ဘူးနော်၊ မင်းကို အလွယ်လေး သတ်ပစ်လိုက်နိုင်တယ်”

ယန်ရုန်ရုန် နှုတ်ခမ်းများ စည်းတင်းသွားခဲ့သည်။ သူမ၏ မျက်နှာ ဖြူဖျော့သွားသော်လည်း မျက်ဝန်းများက ပြတ်သားခိုင်မာနေပါသည်။

“သေချာပါတယ်”

တစ်ချိန်က ‘အိမ်’ပြန်ချင်သည့်အတွက် ခေတ်သစ်ကမ္ဘာကို ပြန်ရောက်နိုင်ဖို့ ယန်ရုန်ရုန် အရာရာကြိုးစားခဲ့ဖူးသည်။ ယခုတော့ ထိုကမ္ဘာက သူမ၏ မူလကမ္ဘာမဟုတ်ဘဲ သူမ၏ ကမ္ဘာအစစ်အမှန်က ဤကျင့်ကြံခြင်းကမ္ဘာသာဖြစ်မှန်း သိခဲ့ရပါပြီ။

ထို့ကြောင့် သူမ ထွက်သွားဖို့ မလိုအပ်တော့ပေ။ ထို့အပြင် အမှန်တရားကို ရှာဖွေပြီး မဟာကပ်ဘေးကြီးအား တားဆီးမည်ဟုလည်း ချင်းယောင်ကို သူမ ကတိပေးထားသည်။

ရှုယင်၊ လောလောနှင့် လျို့လန်တို့အားလုံး သူမကို စောင့်နေကြသည်။ သူမ၏ ကတိကို မပယ်ဖျက်နိုင်ပေ။

All Chapters