အခန်း (၃၂၇-၃၂၈)
Vol. 33 Ch. 327-328
🌹Chapter 327
ထိုဆုံးဖြတ်ချက်က မီးပုံထဲဝင်တိုးမည့် ပိုးဖလံတစ်ကောင်ပမာ ဖြစ်နေနိုင်မှန်း ယန်ရုန်ရုန် သိသော်လည်း နောက်ဆုံးအကြိမ်အဖြစ် အရာရာကို လောင်းကြေးထပ်ပြီး စွန့်စားရပါမည်။
ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးလည်း တိုးညှင်းစွာ သက်ပြင်းချမိသည်။
“ကောင်းပါပြီ၊ ဒီဆုံးဖြတ်ချက်အတွက် မင်းနောင်တမရဖို့ ငါမျှော်လင့်ပါတယ်”
သူမသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ မျက်လုံးများကို မှိတ်လိုက်သည်။ သူမ၏ ဝတ်ရုံပေါ်မှ ရောင်စုံငှက်မွေးများမှာ မီးတောက်မီးလျှံများအဖြစ် ပြောင်းလဲသွားပြီး တစ်ခဏအတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
သူမ၏ ပုံရိပ်သည် မီးတောက်များအတွင်း ပျောက်ကွယ်သွားသည်နှင့်အမျှ သံသရာခွင်းဘုံအတွင်းရှိ အပူချိန်မှာလည်း ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ ရှုပ်ထွေးနေသော ပုံရိပ်များသည်လည်း မီးလောင်ကျွမ်းသွားသကဲ့သို့ ပုံပျက်ပန်းပျက်ဖြစ်ကာ အရည်ပျော်ကျလာတော့သည်။
ယန်ရုန်ရုန် ချွေးများ ရွှဲနစ်သွားခဲ့သည်။ ထိုစဉ် သူမခြေဖျားအောက်ရှိ မြေပြင်ရုတ်တရက် ပျောက်ကွယ်သွားပြီး ဧရာမ တွင်းနက်ကြီးတစ်ခုက အစားထိုး ဝင်ရောက်လာခဲ့သည်။ ယန်ရုန်ရုန်လည်း ထိုတွင်းနက်ကြီးထဲသို့ ချက်ချင်း ပြုတ်ကျသွားခဲ့တော့သည်။
ခဏအကြာတွင် မြေပြင်တစ်ခုပေါ်သို့ ယန်ရုန်ရုန် အသာအယာ ဆင်းသက်နိုင်ခဲ့သည်။ ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ရာ အလွန်ခမ်းနားထည်ဝါပြီး ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် နန်းတော်ကြီးတစ်ခုထဲသို့ ရောက်ရှိနေမှန်း သိလိုက်ရပါသည်။
ထိုနေရာတွင် သူမအပြင် ရုပ်ရည်ပြေပြစ်သည့် ဝတ်ရုံဖြူနှင့် အမျိုးသားတစ်ဦးလည်း ရှိနေသည်။
ထိုအမျိုးသားက စစ်တုရင်ခုံတစ်ခုံကို ငုံ့ကြည့်နေပြီး နောက်ထပ်ရွှေ့မည့်အကွက်ကို စဉ်းစားနေပုံရသည်။ ဧည့်သည် ရောက်လာသည်ကို အာရုံခံမိသဖြင့် ခေါင်းမော့လာကာ ယန်ရုန်ရုန်နှင့် မျက်လုံးချင်းဆုံသွားခဲ့ရာ အချိန်များပင် ရပ်တန့်သွားသလား ထင်မှတ်ရသည်။
နောက်ဆုံးတော့ အဖြူရောင်ဝတ်ရုံနှင့်အမျိုးသားက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပါသည်။
“မင်းရောက်လာပြီပေါ့”
သူ့အသံမှာ အေးစက်ပြီး သူစိမ်းဆန်သော်လည်း ယန်ရုန်ရုန့်အဖို့ ထူးဆန်းစွာဖြင့် ရင်းနှီးနေသလို ခံစားရပါသည်။
ဟယ့်ပျယ်ချင်း၏ ပုံပြင်ကမ္ဘာထဲတွင် ချီလမ်းကြောင်းသွေဖည်မှုကို ခံစားခဲ့ရစဉ်က သူမ အိပ်မက်ထဲ အကြိမ်ကြိမ်အခါခါ ကြားခဲ့ရသည့် ယောက်ျားတစ်ဦး၏ အသံကို ယန်ရုန်ရုန် အမှတ်ရသွားခဲ့သည်။ ထိုအသံက သူမရှေ့ရှိ အမျိုးသား၏ အသံနှင့် ထပ်တူညီနေပါသည်။
ယန်ရုန်ရုန် သတိကြီးကြီး ကပ်ထားကာ မေးလိုက်သည်။
“ရှင်က ဧကရာဇ်မင်းကြီးလား”
အမျိုးသားက ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။
“ငါပါပဲ”
သူသည် အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံလှသော မျက်နှာတစ်ခုကို ပိုင်ဆိုင်ထားသည်။ မျက်ဝန်းများထဲတွင် ကရုဏာတရားများဖြင့် ပြည့်နှက်နေသယောင်ရှိသည်။ သူ၏ ခန္ဓာကိုယ်မှ နူးညံ့သိမ်မွေ့သည့် အရှိန်အဝါများလည်း ဖြာထွက်နေသည်။
ထိုကဲ့သို့ စွမ်းအားမြင့် မသေမျိုးတစ်ယောက်၏ နွေးထွေးကြင်နာတတ်ပုံရသော အသွင်အပြင်သည် မည်သူ့ကိုမဆို သတိလက်လွတ်ဖြစ်သွားစေနိုင်သည်။
သို့သော် ယန်ရုန်ရုန်ကတော့ သတိကပ်ထားဆဲပင်။ ထိုလူက သူမကို ကောင်းကင်ဘုံမိုးကြိုးနှင့် အကြိမ်ကြိမ်အခါခါ ပစ်ခတ်ပြီး သုတ်သင်ဖို့ ကြိုးစားခဲ့သူဖြစ်မှန်း သူမ မမေ့သေးပါ။
ဧကရာဇ်မင်းကြီးက ညာဘက်လက်ကို မြှောက်ကာ ယန်ရုန်ရုန့်ကို ထိုင်ဖို့ လက်ဟန်ပြလိုက်ပါသည်။
“မတွေ့ရတာ တော်တော်တောင် ကြာပြီပဲ၊ ထိုင်ပါဦး၊ စစ်တုရင် တစ်ပွဲလောက် ကစားရအောင်”
ယန်ရုန်ရုန်သည် သူ့အနားသို့ လျှောက်သွားခဲ့ပြီး စစ်တုရင်ခုံကို ငုံ့ကြည့်လိုက်ပါသည်။ ဧကရာဇ်မင်းကြီးက အဖြူရောင် နယ်ရုပ်များကို ကိုင်ကာ ကစားနေသည်။
ခုံပေါ်တွင် အဖြူရောင်နယ်ရုပ်များက ပိုများနေပြီး အမှတ်မဲ့ကြည့်လိုက်လျှင် အဖြူရောင်များက အသာစီးရနေသယောင် ရှိပါသည်။ သို့သော် ဗျူဟာတစ်ခုလုံးကို သေသေချာချာ ဆန်းစစ်ကြည့်လိုက်လျှင် အဖြူရောင်နယ်ရုပ်များသည် ဟိုတစ်စ ဒီတစ်စ ပျံ့နှံ့နေသည်။
ဤပွဲကို အပြတ်အသတ်အနိုင်ယူဖို့ ဟူသည်မှာ ဧကရာဇ်မင်းကြီးအတွက် မလွယ်ကူလှပါ။
ယန်ရုန်ရုန်သည် စစ်တုရင်ခုံကို လျစ်လျူရှုလိုက်ပြီး ဧကရာဇ်မင်းကြီးထံသို့ အကြည့်လွှဲလိုက်သည်။ ထိုအခါ သူမကို ဧကရာဇ်မင်းကြီး စူးစူးရှရှ စိုက်ကြည့်နေမှန်း သတိထားမိသွားပါသည်။
သူ့အကြည့်က အရိုးထဲထိစိမ့်အောင် အေးစက်လွန်းလှသည်။
ယန်ရုန်ရုန်လည်း အလိုလျောက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိပြီး နက်ရှိုင်းသော အသံဖြင့် ဆိုလိုက်သည်။
“ကျွန်မရှင်နဲ့ စစ်တုရင် ကစားဖို့ လာခဲ့တာမဟုတ်ဘူး”
ဧကရာဇ်မင်းကြီးက သူမကို လမ်းမှားရောက်နေသည့် ကလေးတစ်ယောက်ပမာ ကြည့်ကာ ခပ်ပါးပါး ပြုံးလိုက်ပါသည်။ သူ့လက်ထဲတွင် အဖြူရောင်နယ်ရုပ်တစ်ရုပ်ကို လှည့်ကစားရင်း အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။
“ဒါဆို ဘာလာလုပ်တာလဲ”
ယန်ရုန်ရုန့် လက်ချောင်းများ လှုပ်ခါသွားပြီး သူမ၏ ညာဘက်လက်ဖဝါးပေါ်တွင် ဝူဝမ့်ဓား ပေါ်လာခဲ့သည်။ ဓားရိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း သူမ တစ်လုံးချင်း ပြောလိုက်ပါသည်။
“ရှင့်ကို သတ်ဖို့ လာခဲ့တာ”
ဧကရာဇ်မင်းကြီး၏ မျက်နှာပေါ်မှအပြုံး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။ သူအလွန် ပျင်းရိသွားပုံရပြီး အဖြူရောင် နယ်ရုပ်ကလေးကို ပြန်ပစ်ချလိုက်လေသည်။
“မင်းအခုထိမပြောင်းလဲသေးဘူးပဲ… အရင်လို ခေါင်းမာပြီး ရူးမိုက်နေတုန်းပဲ”
နယ်ရုပ်ကလေးက သေတ္တာထဲ ဘုတ်ခနဲမြည်အောင် ပြန်ပြုတ်ကျသွားခဲ့သည်။
ယန်ရုန်ရုန်လည်း မီးအလင်းတောက်အဆောင်စက္ကူ လက်တစ်ဆုပ်စာကို ထုတ်ကာ ပစ်လွှတ်လိုက်သည်။ ထိုအဆောင်များ လေထဲတွင် ပေါက်ကွဲသွားပြီး ဧကရာဇ်မင်းကြီးထံသို့ မီးတောက်မီးလျှံများ လွင့်စင်လာခဲ့သည်။
သို့သော် ဧကရာဇ်မင်းကြီးက မီးတောက်မီးလျှံများကို မရှောင်ရှားခဲ့ဘဲ စူးစူးရှရှ စိုက်ကြည့်နေခဲ့ပါသည်။
မီးတောက်များက သူ့မျက်နှာနှင့် ၃ လက်မခန့်အကွာတွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထို့နောက် လမ်းကြောင်းပြောင်းကာ ပိုမိုပြင်းထန်သော အရှိန်အဟုန်ဖြင့် ယန်ရုန်ရုန့်ထံသို့ ပြန်လည် ဦးတည်လာတော့သည်။
ယန်ရုန်ရုန်သည် ထိုမီးတောက်များကို ဝူဝမ့်ဓားဖြင့် ခုတ်ပိုင်းပစ်လိုက်သည်။ ဓားသွားတစ်ခုလုံးကို စူးရှထက်မြက်သည့် ဓားရောင်ဝါက လွှမ်းခြုံသွားခဲ့ပြီး ဧကရာဇ်မင်းကြီး၏ နှလုံးသားတည့်တည့်သို့ ဝူဝမ့်ဓားကို ထိုးစိုက်ပစ်လိုက်ပါသည်။
ဧကရာဇ်မင်းကြီးက လှုပ်ရှားမှု မရှိသေးဘဲ ယန်ရုန်ရုန့်ကို ကြည့်ရုံသာ ကြည့်နေသည်။
အလွန်အားကောင်းသည့် ခုခံမှုတစ်ခုကို ယန်ရုန်ရုန်ခံစားလိုက်ရပြီး သူမ၏ ဓားချက်လည်း ထိန်းမရအောင် နှေးကွေးသွားခဲ့သည်။ သူမခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို စုစည်းလိုက်ပြီး အံကြိတ်လျက် ထိုခုခံမှုကို ထိုးခွင်းဖို့ ကြိုးစားပါသည်။
အလွန်အမင်း အားစိုက်ထုတ်ပြီးနောက် နောက်ဆုံးတွင် သူမ၏ ဓားဦးသည် ဧကရာဇ်မင်းကြီး၏ ရင်ဘတ်ကို ထိသွားခဲ့သည်။ သို့သော် တစ်လက်မပင် ရှေ့ဆက်တိုး၍ မရတော့ချေ။
ဝူဝမ့်ဓားသွားမှာ အလွန်ကြောက်ရွံ့သွားသည့်ပမာ တုန်ယင်သွားခဲ့သည်။ သူမ၏ ညာဘက်လက်တစ်ချောင်းလုံး ထုံကျဉ်သွားခဲ့ပြီး လက်ဖဝါးများ ပူလောင်ပြင်းပြကာ နာကျင်လာသည်။ လက်မနှင့် လက်ညှိုးကြားရှိ အရေပြားမှာလည်း ပေါက်ပြဲထွက်ကာ သွေးများ စီးကျလာတော့သည်။
ဧကရာဇ်မင်းကြီးသည် သူမ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။
“မင်းရဲ့အစွမ်းက ဒီလောက်ပဲလား”
ယန်ရုန်ရုန် စကားပြန်မပြောခဲ့ပေ။ သူမ၏ နားထင်ပေါ်မှ ချွေးစက်များ စီးကျနေသည်။
သူမ လက်မလျှော့သေးဘဲ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်တိုင်းကို စုစည်းကာ ဓားကို ရှေ့ဆက်တိုးဖို့ ကြိုးစားနေပါသည်။
ဧကရာဇ်မင်းကြီး၏ မျက်လုံးထဲ စိတ်ပျက်မှုများ အထင်းသားပေါ်လာသည်။
“ငါ့ရှေ့မှာတောင် ဒီလိုပေါ်လာရဲတယ်ဆိုတော့ ငါနဲ့ ယှဉ်ပြိုင် တိုက်ခိုက်နိုင်မယ် ထင်ခဲ့တာ… မင်းကို အထင်ကြီးလွန်းခဲ့မိတာပဲ၊ ဒီလိုမှန်းသိရင် အစောကြီးကတည်းက ချက်ချင်းသတ်ပစ်ခဲ့ပါတယ်၊ ဘာလို့ အဲ့လောက် အလုပ်ရှုပ်ခံဖို့လိုမှာလဲ”
ပြောပြောဆိုဆိုနှင့် ဧကရာဇ်မင်းကြီး မျက်နှာလွှဲလိုက်သည်။ ယန်ရုန်ရုန့်အပေါ်သို့ ကြောက်စရာကောင်းအောင် ကြီးမားသည့် ဝိညာဉ်ဖိအားတစ်ခု ကျရောက်လာခဲ့သည်။
ဝူဝမ့်ဓား၏ ဓားသွားမှာ တစ်လက်မချင်း အက်ကွဲလာသည်။ ယန်ရုန်ရုန်လည်း ထိုဖိအားကို ခံစားနေရပြီး သွေးများ အန်ထွက်လာခဲ့သည်။
ရွှမ်ကျီးကလောင်တံကို ယန်ရုန်ရုန် ဆင့်ခေါ်ဖို့ ကြိုးစားလိုက်သော်လည်း ဧကရာဇ်မင်းကြီးက အခွင့်အရေး မပေးခဲ့ပါ။ အဖြူရောင် နယ်ရုပ်တစ်ရုပ်က သူမ ဦးခေါင်းခွံထဲ ဖောက်ဝင်သွားပြီး ဝိညာဉ်သန္ဓေကိုပါ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖျက်ဆီးပစ်လိုက်သည်။
အော်သံပင် ထွက်မလာနိုင်ခင် သူမ၏ အမြင်အာရုံများ မှောင်အတိကျသွားပြီး နေရာမှာပင် ချက်ချင်း သေဆုံးသွားခဲ့တော့သည်။
ယန်ရုန်ရုန်၏ ရုပ်အလောင်းမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူမ မျက်လုံးများကလည်း ရလဒ်ကို လက်မခံနိုင်သည့်အလား ပြူးကျယ်နေသည်။
သို့သော် သူမ၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး လေထဲတွင် လွင့်မျောနေခဲ့ပါသည်။
စစ်တုရင် ဆက်ကစားဖို့ ပြန်ထိုင်လိုက်သည့် ဧကရာဇ်မင်းကြီးလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရသည်။ ယန်ရုန်ရုန့် ဝိညာဉ်လွင့်မျောနေသည့် နေရာထံသို့ သူလှည့်ကြည့်လိုက်ပါသည်။
ယန်ရုန်ရုန့်ကို သူ မြင်နိုင်ပုံရသည်။ သူ၏ အေးဆေးတည်ငြိမ်လှသော မျက်နှာပေါ်တွင် ပထမဦးဆုံးသောအကြိမ်အဖြစ် တုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လာခဲ့ပါသည်။
ယန်ရုန်ရုန်မှာ သေဆုံးပြီးသားဖြစ်သော်လည်း ရင်တွေတုန်နေသလို ခံစားရသည်။ သူမဝိညာဉ်ကို ဧကရာဇ်မင်းကြီး ရှာတွေ့သွားပြီဖြစ်၍ အလွတ်ပေးမှာမဟုတ်မှန်း ယန်ရုန်ရုန် သိနေသည်။
ကံကောင်းစွာဖြင့်ပ စနစ်၏အသံက အချိန်မီ ထွက်ပေါ်လာခဲ့ပါသည်။
“စနစ်ပိုင်ရှင်၏ အသက်စွမ်းအားများ ပျောက်ကွယ်သွားပါပြီ၊ အရေးပေါ်ပရိုတိုကောကို အလိုလျောက် စတင်ပါတော့မယ်”
ယန်ရုန်ရုန့်ဝိညာဉ် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။
ခေတ္တကြာသောအခါ ရင်းနှီးနေသည့် အမှောင်ထုတစ်ခုထဲ သူမ ပြန်ရောက်လာခဲ့ပါသည်။ သူမ ရှေ့တွင် လူရိပ်နှစ်ခု ရှိနေသည်။
အတိတ်ဘဝက သူမနှင့် ဖုန့်ဟွိုက်ယွီတို့ပင်။
သူမက ရောင်စုံဝတ်ရုံကို ဆင်မြန်းထားဆဲဖြစ်ပြီး အမှောင်ထုထဲတွင် ငှက်မွေးများက တောက်ပနေခဲ့ပါသည်။ ဖုန့်ဟွိုက်ယွီကတော့ ပြာဖျော့ဖျော့ ဝတ်ရုံကို ပြောင်းလဲဝတ်ဆင်ထားပြီး သူ့ငွေဖြူရောင်ဆံနွယ်များကို ကျောက်စိမ်း ဆံထိုးဖြင့် စုကာ ထုံးထားရာ သူ့နဖူးပေါ် ဆံမျှင်တစ်ချောင်းက ဖြာကျနေပါသည်။ ရုတ်တရက်ကြည့်လိုက်လျှင် လက်ရာမြောက်သည့် ကျောက်စိမ်းရုပ်တုလေးနှင့် ဆင်တူလှသည်။
“အပြင်လောကကြီးကို မင်းတစ်ခါမှ မမြင်ဖူးဘူးလို့ ပြောတယ်နော်၊ ငါမင်းကို အခုပြပေးမယ်”
ထို့နောက် ဖုန့်ဟွိုက်ယွီ စာလိပ်တစ်ခုကို ထုတ်လိုက်သည်။ ထိုစာလိပ်ကို ဖြည်းဖြည်းချင်း ဖြန့်လိုက်သောအခါ အလွန်စည်ကားလှသည့် ဈေးတန်းကြီးတစ်ခု၏ ပုံရိပ်မှာ သူတို့ရှေ့တွင် ထင်ထင်ရှားရှား ပေါ်လာခဲ့ပါသည်။
တစ်ခဏအကြာတွင် ထိုပန်းချီကားထဲမှ ပုံရိပ်များ သက်ဝင်လှုပ်ရှားလာခဲ့သည်။
သူမသည် ထိုပန်းချီကားကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များမှာ သူတို့၏ ဘဝအတွက် ရုန်းကန်လှုပ်ရှားရင်း အလုပ်များနေကြလေသည်။
အမျိုးသမီးများက အဝတ်များကိုရက်လုပ်ရင်း အတင်းအ ဖျင်းပြောနေကြသည်။ ဈေးသည်များက ၎င်းတို့၏ ကုန်ပစ္စည်းများကို သယ်ဆောင်ရင်း လမ်းများပေါ်တွင် လှည့်လည်ရောင်းချနေကြသည်။ ကလေးများမှာတော့ လမ်းကြိုလမ်းကြားထဲ ပျော်ပျော်ရွှင်ရွှင် ကစားနေကြသည်။
သူတို့၏ ရယ်မောသံလေးများကလည်း ပန်းချီထဲမှ ပျံ့လွင့်လာခဲ့သည်။
ဤသည်မှာ သာမန်လူသားများ၏ နွေးထွေးလှသော ကမ္ဘာလောကကြီးပင်ဖြစ်သည်။ အထီးကျန်အမှောင်ထုထဲတွင်သာ ထာဝရ နေထိုင်ခဲ့ရသည့် သူမအဖို့ တစ်ခါမှမကြုံခဲ့ရဖူးသည့် အရာများပင်ဖြစ်ပေသည်။
🌹Chapter 328
ပန်းချီကားအတွင်းရှိ ကလေးတစ်ယောက်ကို ‘သူမ’ လက်ညှိုးထိုးပြကာ စိတ်ဝင်တစား မေးလိုက်သည်။
“သူ့လက်ထဲမှာ ဘာကိုင်ထားတာလဲ”
ဖုန့်ဟွိုက်ယွီလည်း သူမ ညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ သကြားရည်လူးထားသည့် မက်ခေါက်သီးတစ်ချောင်းကို ပျော်ပျော်ရွှင်ရွှင်စားသောက်နေသည့် ကလေးငယ်တစ်ဦးကို မြင်လိုက်ရသည်။
ဖုန့်ဟွိုက်ယွီ ရှင်းပြလိုက်လေသည်။
“အဲ့တာကို ထန်ဟူလူလို့ခေါ်တယ်၊ များသောအားဖြင့် မက်ခေါက်သီးတွေကို သကြားရည်လူးထားတာလေ၊ အရသာက ချိုချိုချဉ်ချဉ်နဲ့မို့လို့ ကလေးတွေ သိပ်ကြိုက်ကြတာ”
“မက်ခေါက်သီးဆိုတာဘာလဲ”
သူမ ထပ်မေးပြန်သည်။
ဖုန့်ဟွိုက်ယွီကလည်း စိတ်ရှည်ရှည်နှင့် ပြန်ဖြေပေးလိုက်ပါသည်။
“အရမ်းချဉ်တဲ့ အသီးတစ်မျိုးပဲ”
“သူဘာလုပ်နေတာလဲ”
ပန်းချီကားထဲက အခြားအစိတ်အပိုင်းတစ်ခုကို ညွှန်ပြပြီး သူမ ထပ်မေးလိုက်သည်။
“ဂျုံနယ်နေတာလေ၊ ခဏနေရင် အဲ့ဒီမုန့်သားကို ဖြန့်ပြီး အထဲမှာ အသားတွေ အစာပလာတွေ ထည့်ပြီးတော့ ဖက်ထုပ်လုပ်လိမ့်မယ်”
“ဖက်ထုပ်ဆိုတာ ဘာလဲ”
“အရသာအရမ်းရှိတဲ့ အစားအသောက်တစ်မျိုးပေါ့”
“ဒီလူကကော ဘာလုပ်နေတာလဲ”
“မြစ်ကမ်းနံဘေးမှာ ငါးမျှားနေတာလေ၊ သူဖမ်းမိတဲ့ ငါးတွေကို အရသာရှိအောင် ချက်ပြုတ်လို့ရတယ်”
“ဒါက ဘာလဲ”
“အဲ့တာကြောင်လေးလေ၊ တစ်ယောက်ယောက်က အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးထားတာ”
“အိမ်မွေးတိရိစ္ဆာန်ဟုတ်လား”
“ခွေး၊ ကြောင်၊ ယုန်၊ ငှက် စတဲ့ တိရိစ္ဆာန်တွေပေါ့၊ သူတို့က ချစ်ဖို့ကောင်းပြီး ယဉ်ပါးကြတော့ လူတွေက အိမ်မှာ မွေးထားပြီး ကျွေးမွေးစောင့်ရှောက်ကြထားတာလေ”
သူမ၏ မျက်နှာပေါ်က အူတူတူ အမူအရာလေးကို မြင်သောအခါ အဆုံးမဲ့အမှောင်ထုထဲ နေထိုင်ခဲ့ရသဖြင့် ထိုကဲ့သို့သော တိရိစ္ဆာန်များကို သူမ မြင်ဖူးလောက်မှာ မဟုတ်မှန်း ဖုန့်ဟွိုက်ယွီ နားလည်သွားခဲ့ပါသည်။ ထိုတိရိစ္ဆာန်လေးများ ဘယ်လောက်ထိ ချစ်ဖို့ကောင်းမှန်း သူမ သိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဖုန့်ဟွိုက်ယွီသည် သူမ၏ လက်ကို ရုတ်တရက်ဆုပ်ကိုင်ကာ ပြောလိုက်သည်။
“ငါနဲ့လိုက်ခဲ့”
စကားဆုံးသည်နှင့် ပန်းချီကားထဲသို့ သူမကို ဆွဲခေါ်သွားခဲ့သည်။ နှစ်ယောက်စလုံး ပျောက်ကွယ်သွားသောအခါ ပန်းချီကားလေးမှာ ကြမ်းပြင်ပေါ်သို့ အသာအယာ လွင့်ကျသွားခဲ့ပါသည်။
ယန်ရုန်ရုန် အပြေးရောက်လာပြီး ထိုပန်းချီကားလေးကို ငုံ့ကြည့်လိုက်သည်။ စည်ကားသိုက်မြိုက်လှသော လူအုပ်ကြီးကြားတွင် ဖုန့်ဟွိုက်ယွီနှင့် သူမ၏ အတိတ်ဘဝပုံရိပ်တို့ကို ချက်ချင်းပင် ရှာတွေ့သွားခဲ့ပါသည်။
ဖုန့်ဟွိုက်ယွီသည် သူမကို ပထမဦးဆုံး ထန်ဟူလူတစ်ချောင်း ဝယ်ကျွေးခဲ့သည်။ ထို့နောက် အငွေ့ထောင်းထောင်း ထနေသော ဖက်ထုပ်ပူပူနွေးနွေးများကိုလည်း သွားမြည်းစမ်းခဲ့သည်။
ချိုချိုချဉ်ချဉ်အရသာရှိသော ထန်ဟူလူနှင့် မွှေးပျံ့လှသည့် ဖက်ထုပ်တို့၏ အရသာကို ပထမဆုံးအကြိမ်အဖြစ် မြည်းစမ်းလိုက်ရသောအခါ သူမ၏ မျက်လုံးလေးများ ပြူးကျယ်သွားခဲ့ရသည်။ လောကကြီးတွင် ဤကဲ့သို့သော ထူးထူးခြားခြား အရသာများ ရှိနေလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးတောခဲ့ဖူးချေ။
ထို့နောက် သူတို့နှစ်ယောက် ငါးသွားမျှားခဲ့ကြသည်။ ရေထဲမှ ငါးတစ်ကောင် ခုန်ထွက်လာပြီး ရေစက်ကလေးများ လွင့်စင်သွားသည်ကို မြင်သောအခါ သူမသည် ကလေးတစ်ယောက်လို ပျော်ရွှင်စွာ အော်နေတော့သည်။
“တစ်ကောင်မိသွားပြီ!”
ဖုန့်ဟွိုက်ယွီသည် ထိုငါးကို အနီးနားရှိ စားသောက်ဆိုင်ဆီ ယူသွားပြီး အရသာရှိသည့် ငါးစွပ်ပြုတ်တစ်ပန်းကန် ချက်ပြုတ်ခိုင်းလိုက်သည်။ သူမသည် ပန်းကန်ထဲ တစ်စက်မကျန် ကုန်အောင် သောက်ခဲ့သည်။
ဗိုက်ဝသွားသောအခါ ကြောင်ကလေးများ၊ ခွေးကလေးများနှင့် ဆော့ကစားဖို့ သူမကို ဖုန့်ဟွိုက်ယွီ ခေါ်သွားခဲ့သည်။ ထိုတိရိစ္ဆာန်လေးများ၏ နူးညံ့လှသော အမွေးလေးများကို ပထမဆုံးအကြိမ် ထိတွေ့လိုက်ရပြီး ချစ်စရာကောင်းသော အော်သံလေးများကို ကြားလိုက်ရချိန်တွင် သူမ၏ နှလုံးသားမှာလည်း နူးညံ့ပျော့ပြောင်းသွားခဲ့ရပါသည်။
ပန်းချီထဲက အရာအားလုံးမှာ သက်ဝင်လွန်းလှသည်။ ပြန်ရမည့်အချိန်ကို ရောက်သည့်တိုင်အောင် သူမ မပြန်ချင်သေးပါ။ ဖုန့်ဟွိုက်ယွီရင်ထဲမှာလည်း ခါးသီးသွားခဲ့ရသည်။
ပန်းချီကားက ဘယ်လောက်ပဲ သက်ဝင်နေခဲ့ပါစေ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ အရသာရှိသည့် အစားအ သောက်များ၊ ချစ်စရာကောင်းသည့် တိရိစ္ဆာန်လေးများအားလုံးက အတုအယောင်များသာ ဖြစ်ကြသည်။
အိပ်မက်တစ်ခုလိုပင် သူတို့ ထွက်ခွာသွားသည်နှင့် အရာရာ ပျောက်ကွယ်သွားပါလိမ့်မည်။ အဆုံးမဲ့သည့် အမှောင်ထုထဲကိုသာ သူမ ပြန်သွားရလိမ့်မည်။
သူတို့နှစ်ယောက် ပန်းချီကားထဲမှ ပြန်ခုန်ထွက်လာသောအခါ ပန်းချီကားဘေးတွင် ထိုင်နေသည့် ယန်ရုန်ရုန်နှင့် ဝင်တိုက်မိကြလေသည်။
ယန်ရုန်ရုန် ထိတ်လန့်သွားပြီး ကမ္ဘာကြီးတစ်ခုလုံး ပတ်ချာ လည်သွားသလို ခံစားလိုက်ရသည်။ ဖုန့်ဟွိုက်ယွီနှင့် ရောင်စုံဝတ်ရုံအမျိုးသမီးတို့လည်း ပန်းချီကားနှင့်အတူ ပျောက်ကွယ်သွားခဲ့ပါသည်။
အလွန်ကြီးမားသည့် အင်အားတစ်ခု၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ယန်ရုန်ရုန့်နားထဲ စနစ်၏ အသံထွက်ပေါ်လာခဲ့သည်။
“အရေးပေါ် ပရိုတိုကောကို ဖွင့်လိုက်ပါပြီ၊ စနစ်မှ အချိန်ကို ပြန်လည်သတ်မှတ်ပါတော့မယ်၊ စနစ်ပိုင်ရှင် ကျေးဇူးပြုပြီး အသင့်ပြင်ဆင်ထားပေးပါ”
ချက်ချင်းဆိုသလိုပင် ယန်ရုန်ရုန့်ဝိညာဉ်က ခန္ဓာကိုယ်ထဲ ပြန်ဝင်ရောက်လာခဲ့သည်။ သူမကို ဧကရာဇ်မင်းကြီး မသတ်ခင်က အချိန်ကာလကို ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု ထင်ထားသော်လည်း သူမ မျက်လုံးများ ပွင့်လာသောအခါ သံသရာခွင်းဘုံထဲ ပြန်လည်ရောက်ရှိနေခဲ့ပါသည်။
အရောင်အသွေးစုံလင်လှသည့် ပုံရိပ်များအကြား ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးက သူမကို လေးလေးနက်နက် မေးမြန်းနေလေသည်။
“သေချာရဲ့လား၊ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူ့ကို တွေ့ရင်တောင် ယှဉ်နိုင်မှာ မဟုတ်ဘူးနော်၊ မင်းကို အလွယ်လေး သတ်ပစ်လိုက်နိုင်တယ်”
ယန်ရုန်ရုန် ချက်ချင်း မတုံ့ပြန်ိုင်ခဲ့ပေ။ သူမသည် ဆုံးဖြတ် ချက် မချခင် အချိန်ကာလသို့ အမှန်တကယ် ပြန်ရောက်လာခဲ့လေသည်။
ပုံမှန်အားဖြင့် စနစ်၏ အရေးပေါ်ပရိုတိုကောက သူမကို အန္တရာယ်နှင့် မကြုံတွေ့မီအချိန်ကာလကို ပြန်လည် ပို့ဆောင်ပေးလေ့ရှိသည်။ ယခုလို အချိန်ထိ ပြန်လည်ရောက်ရှိလာရသည်ကို ကြည့်ခြင်းအားဖြင့် ဧကရာဇ်မင်းကြီး ရှေ့မှောက်သို့ သူမရောက်ရှိသွားသည်နှင့် သူမ၏ ကံကြမ္မာကို အဆုံးအ ဖြတ်ပေးပြီးသားဖြစ်မှန်း သိသာလှပါသည်။
ဧကရာဇ်မင်းကြီးကို သူမ မသတ်နိုင်ပါ။ ရလဒ်ကို ပြောင်းလဲနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဟူ၍ သူမ၏ဆုံးဖြတ် ချက်ကို ပြောင်းလဲပစ်လိုက်ဖို့သာ ရှိသည်။
ထိုအတွေးဖြင့် ယန်ရုန်ရုန့်မျက်နှာ အလွန်မှောင်မိုက်သွားခဲ့ရသည်။
ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးက ထပ်မေးသည်။
“မင်းဘာကို ရွေးချယ်မှာလဲ”
ယန်ရုန်ရုန်၏ အဖြေကတော့ ပြောင်းလဲမသွားခဲ့ပေ။
“ကျွန်မ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ကို တက်လှမ်းပြီး ဧကရာဇ်မင်းကြီးနဲ့ ရင်ဆိုင်မယ်!”
“မင်းမှာ တစ်ခါပဲ ရွေးချယ်ခွင့်ရှိတာနော်”
အမျိုးသမီးက သတိပေးသည်။
“မဆုံးဖြတ်ခင် သေချာ စဉ်းစားပါ”
“ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ”
ယန်ရုန်ရုန် မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
စနစ်က ၎င်း၏ မူလအသွင်ဖြစ်သော ချုံးမင်ငှက် အသွင်ကို ပြန်လည်ရရှိလိုက်ပြီဖြစ်၍ အရေးပေါ်ပရိုတိုကော အသုံးပြုနိုင်စွမ်းအား ဆုံးရှုံးလိုက်ရမည်ကို ယန်ရုန်ရုန် စိတ်ပူနေခဲ့သည်။
သို့သော် ယခုအတွေ့အကြုံကြောင့် သူမ၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားခဲ့ပါပြီ။ အရေးပေါ်ပရိုတိုကောက အလုပ်လုပ်နေဆဲဖြစ်၍ သူမ သေသွားလျှင်ပင် ထပ်ကြိုးစားနိုင်ပါသည်။
‘ဒါဆို ဘာကြောက်စရာရှိသေးလို့လဲ လုပ်စရာရှိတာ လုပ်ရမှာပေါ့!’
ယန်ရုန်ရုန်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်ပြီး ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးလည်း ဘာမှဆက်မပြောတော့ပေ။ သူမ၏ နောက်ဆုံးလက်ကျန် စွမ်းအားများကို အသုံးပြုလျက် သံသရာခွင်းဘုံကို ပြန်ဖွင့်ပြီး ယန်ရုန်ရုန့်ကို ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်သို့ ပို့ဆောင်ပေးခဲ့ပါသည်။
ယန်ရုန်ရုန်သည်လည်း ခမ်းနားလှပသည့် နန်းတော်ကြီးသို့ တစ်ဖန် ပြန်ရောက်လာခဲ့သည်။ ဘေးပတ်လည်တွင် ဝိညာဉ်စွမ်းအင်များက အိပ်မက်ပမာ များပြားလွန်းပါသည်။
သို့သော် ယန်ရုန်ရုန် အာရုံမလွဲခဲ့ဘဲ သူမ၏ ပစ်မှတ်ကို ချက်ချင်းရှာဖွေလိုက်သည်။
မလှမ်းမကမ်းတွင် နှင်းဖြူရောင်ဝတ်ရုံနှင့် ဧကရာဇ်သည် စစ်တုရင်ခုံကို အာရုံစိုက်နေလေသည်။ ယန်ရုန်ရုန် ရောက်လာသည့်အသံကို ကြားသောအခါ သူခေါင်းမော့ကြည့်လျက် ပြုံးပြလိုက်သည်။
“မင်းရောက်လာပြီပဲ”
စကားပင် မဆုံးသေးချိန်တွင် ယန်ရုန်ရုန် ဝူဝမ့်ဓားကို ဆွဲထုတ်လိုက်ပြီး အသေခံတိုက်ခိုက်တော့မည့်အလား သူ့ထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။
ဧကရာဇ်မင်းကြီး၏ အပြုံးလည်း အေးခဲသွားရသည်။ သူမ ဒီလောက်ထိ အလျှင်လိုနေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ နှုတ်ပင်မဆက်ရသေးဘဲ တိုက်ခိုက်ဖို့ ကြိုးစားနေလေသည်။
သို့သော် ဧကရာဇ်မင်းကြီး၏ အံ့အားသင့်မှုက ခေတ္တမျှသာဖြစ်ပြီး ပြန်လည် တည်ငြိမ်သွားခဲ့ပါသည်။
ဒီတစ်ကြိမ်မှာတော့ ဧကရာဇ်မင်းကြီးကို မထိနိုင်ခင်မှာပင် ဝူဝမ့်ဓား ကျိုးပဲ့သွားခဲ့သည်။
ဧကရာဇ်မင်းကြီးသည် ဘာမှမလုပ်ဘဲ ရုပ်နေရုံသာ ဖြစ်သော်လည်း ယန်ရုန်ရုန် တစ်လက်မပင် မလှုပ်ရှားနိုင်ခဲ့ပါ။ ကြီးမားသည့် ဝိညာဉ်ဖိအားတစ်ခုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ရပ်တန့်သွားခဲ့ရသည်။
သူမခန္ဓာကိုယ်ပေါ်သို့ တောင်အစင်းပေါင်းများစွာ ဖိနှိပ်ထားသကဲ့သို့ ခံစားနေရသည်။ အရိုးများ တစ်စတစ်စ ကျိုးကျေကာ ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မရတော့ဘဲ ပြိုလဲကျသွားတော့သည်။
ပါးစပ်မှ သွေးများ အန်ထွက်လာပြီး သူမ၏ အမြင်အာရုံကိုလည်း သွေးရောင်များက ဖုံးလွှမ်းသွားခဲ့လေသည်။
ဧကရာဇ်မင်းကြီးက သူမကို အဆင့်မရှိသည့် ပုရွက်ဆိတ်တစ်ကောင်ပမာ အထင်အမြင်သေးစွာ ငုံ့ကြည့်လိုက်သည်။ ထို့နောက် လက်ချောင်းတစ်ချောင်းကို ခပ်ဖွဖွ လှုပ်ရှားလိုက်ရုံနှင့် သူမ၏ အသက်ကို အလွယ်တကူ အဆုံးသတ်ပေးခဲ့ပါသည်။
စနစ်၏ အသံကို ယန်ရုန်ရုန် ထပ်ကြားလိုက်ရပြန်သည်။
“စနစ်ပိုင်ရှင်၏ အသက်စွမ်းအားများ ပျောက်ကွယ်သွားပါပြီ၊ အရေးပေါ် ပရိုတိုကောကို အလိုလျောက် စတင်နေပါပြီ”
သူမ၏ ဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းမှ ချက်ချင်း ထွက်လာခဲ့သည်။ ဧကရာဇ်မင်းကြီးကလည်း သူမ၏ ဝိညာဉ်ရှိရာ ထံသို့ တည့်တည့်စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့ပါသည်။
ယခုတစ်ကြိမ်တွင်တော့ ယန်ရုန်ရုန့်တွင် ထိတ်လန့်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း အလျှင်းမရှိတော့ချေ။ ဧကရာဇ်မင်းကြီးကို လက်ခလယ်ထောင်ပြရင်း ယန်ရုန်ရုန် နောက်ဆုံးအနေနှင့် ဒေါသတကြီး ကြုံးဝါးခဲ့လေသည်။
“ရှင် စောင့်နေစမ်းပါ… ကျွန်မ ပြန်လာခဲ့မယ်!”