← Chapters

အခန်း (၃၂၉-၃၃၀)

Vol. 33 Ch. 329-330

အခန်း (၃၂၉-၃၃၀)

Vol. 33 Ch. 329-330

🌹Chapter 329

ယန်ရုန်ရုန်၏ ဝိညာဉ်မှာ ရင်းနှီးနေသော အမှောင်ထုထဲ နောက်တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

သို့သော် ယခုတစ်ကြိမ်တွင် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုကို သူမ ချက်ချင်း သတိထားမိလိုက်သည်။ မူလက ဤနေရာတွင် အဆုံးမဲ့သော အမှောင်ထုသာ ရှိခဲ့သည်။ ယခုမူ ထိုအမှောင်ထုများအကြား အလင်းရောင်လေးအချို့ တဖျပ်ဖျပ် လင်းလက်နေသည်ကို မြင်ရပါသည်။

အနီးကပ် ကြည့်ရှုလိုက်သည့်အခါ မီးလင်းနေသည့် ဝိညာဉ်လိပ်ပြာလေးအချို့ကို ယန်ရုန်ရုန် တွေ့လိုက်ရသည်။ ၎င်းတို့က လေထဲတွင် ပျံသန်းကခုန်နေကြပြီး လှပသော အလင်းတန်းများကို ချန်ထားရစ်ခဲ့ကြသည်။

၎င်းတို့အောက်တွင် တောက်ပသော ပန်းခင်းကြီးတစ်ခု ရှိနေကာ အနီးနားတွင်လည်း ငါးကလေးများ ပျော်ရွှင်စွာ ကူးခတ်နေကြသည့် မြစ်တစ်စင်းပေါ်တွင် တံတားတစ်စင်းကို ခွဆောက်ထားပါသည်။

ဖုန့်ဟွိုက်ယွီမှာ မြစ်ကမ်းနံဘေးတွင် ငါးထိုင်မျှားနေလေသည်။

ရောင်စုံဝတ်ရုံနှင့် ‘သူမ’ကတော့ ပန်းခင်းများအကြား လှဲလျောင်းနေပါသည်။ အနီးနားတွင် ရှိနေသည့် နွယ်ပင်ပေါ်မှ သစ်သီးလေးတစ်လုံးကို ခူးကာ သေချာကြည့်လိုက်ပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

ထိုသစ်သီး၏ အရသာက အလွန်ချဉ်စူးလှသဖြင့် သူမ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ရသည်။ သို့သော် ပြန်ထွေးမထုတ်ဘဲ အတင်းအကျပ် မျိုချလိုက်ပါသည်။

ထိုမြင်ကွင်းကိုမြင်ပြီး ဖုန့်ဟွိုက်ယွီ ရယ်မောမိလေသည်။

“အဲ့တာကို နွေဦးပန်းနွယ်လို့ ခေါ်ကြတယ်၊ ပုံမှန်အားဖြင့် အလှဆင်ဖို့ သုံးကြတာ၊ အဲ့ဒီနွယ်က သီးတဲ့အသီးက အရမ်းချဉ်လို့ စားတဲ့လူ မရှိသလောက်ပဲ”

ထိုပန်းနွယ်ပင်ကို ‘သူမ’ မကျေမနပ် ကြည့်လိုက်ပြီး လိပ်ပြာကလေးများနှင့်သာ ဆက်လက်ဆော့ကစားနေခဲ့ပါသည်။

ဖုန့်ဟွိုက်ယွီသည် သူဖမ်းမိထားသော ငါးကို အသားလွှာလေးများဖြစ်သွားအောင် ခပ်ပါးပါး လှီးဖြတ်ကာ သူမကို မြည်းစမ်းကြည့်ခိုင်းလိုက်သည်။ ငါး၏ အသားမှာ နူးညံ့ပြီး အရည်ရွှမ်းလှသဖြင့် အလွန်အရသာရှိခဲ့ပါသည်။

ညဦးပိုင်းရောက်သောအခါ ဖုန့်ဟွိုက်ယွီ ပြန်ဖို့ ပြင်ဆင်ရသည်။ သူမသည် သူ့ကို မခွဲနိုင်မခွာရက်သော အကြည့်မျိုးဖြင့် ကြည့်နေခဲ့လေသည်။

သူမ၏ မျှော်လင့်တောင့်တနေသော မျက်ဝန်းလေးများကို မြင်သောအခါ ဖုန့်ဟွိုက်ယွီ စိတ်မကောင်းဖြစ်သွားပြီး ချော့မော့ကာ ကတိပေးလိုက်ပါသည်။

“နောက်တစ်ခါကျရင် တခြားပျော်စရာကောင်းတာတွေ ယူလာပေးဦးမယ်နော်”

ယခင်တစ်ခေါက် သူမကို ပန်းချီကားထဲသို့ ခေါ်ဆောင်သွားပြီးကတည်းက သူမကို ဤနေရာကြီးမှ အမှန်တကယ် ခေါ်ထုတ်သွားနိုင်ရန် ဖုန့်ဟွိုက်ယွီ တိတ်တဆိတ် ကတိပြုခဲ့ပါသည်။

သို့သော် ယခုချက်ချင်း ခေါ်ထုတ်သွားဖို့ဟူသည်မှာ မဖြစ်နိုင်သေးသဖြင့် အပြင်လောကမှ ပစ္စည်းပေါင်းစုံကို သူမ ရှိရာ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်သို့သာ ခိုးယူလာခဲ့ရသည်။

ထိုပန်းကလေးများ၊ လိပ်ပြာကလေးများနှင့် မြစ်ချောင်းတို့အားလုံးက ခွန်းလွင်နယ်မြေမှ ဖြစ်ကြပါသည်။ ၎င်းတို့၏ ရှင်သန်နိုင်စွမ်းက အားကောင်းလှသဖြင့် နေရောင်မရှိသော်လည်း ပုံမှန်အတိုင်း ကြီးထွားနိုင်စွမ်း ရှိပေသည်။

“ရှင် ခွန်းလွင်ကို ပြန်တော့မှာလား”။ သူမက မျှော်လင့်တကြီးမေးသည်။

“အင်း”

“ခွန်းလွင်ဆိုတာ ဘယ်လိုနေရာမျိုးလဲ”

ဖုန့်ဟွိုက်ယွီ ချက်ချင်းပြန်မဖြေခဲ့ဘဲ ကတိစကားတစ်ခွန်းသာ ပြုခဲ့ပါသည်။

“မင်းမျက်လုံးနဲ့ ကိုယ်တိုင် မြင်နိုင်အောင် လုပ်ပေးမယ်”

ဖုန့်ဟွိုက်ယွီ ကတိတည်ခဲ့သည်။ သူနောက်တစ်ကြိမ် ထပ်ရောက်လာသောအခါ ကြေးမုံတစ်ချပ်ကို ယူဆောင်လာခဲ့ပါသည်။

“ဒါကို ဖူရှန်းကြေးမုံလို့ ခေါ်တယ်၊ ဒီကြေးမုံကနေတဆင့် ခွန်းလွင်နယ်မြေကို မြင်နိုင်လိမ့်မယ်”

ဖုန့်ဟွိုက်ယွီသည် ကြေးမုံမျက်နှာပြင်ကို သူ့လက်ချောင်းထိပ်လေးဖြင့် ခပ်ဖွဖွ ပုတ်လိုက်သည်။ ကြေးမုံ၏ အနက်ရောင် မျက်နှာပြင် လှိုင်းထသွားခဲ့ပြီး တေးသီဆိုနေသော ငှက်ကလေးများ၊ မွှေးရနံ့သင်းပျံ့နေသော ပန်းပွင့်ကလေးများ၏ လှလှပပ ပုံရိပ်လေးများ အထင်းသား ပေါ်လာခဲ့ပါသည်။

ထိုပုံရိပ်တို့ကို ညွှန်ပြရင်း ဖုန့်ဟွိုက်ယွီ ရှင်းပြလိုက်သည်။

“ဒါကို ဝူရှန်းလို့ခေါ်တယ်၊ ဟိုဘက်က လင်ကျန်းတဲ့၊ နေရာ နှစ်ခုစလုံးက ခွန်းလွင်နယ်မြေအတွင်းမှာ တည်ရှိတာ”

ခွန်းလွင်နယ်မြေအတွင်းတွင် ဖုန့်ဟွိုက်ယွီ နေထိုင်မှန်း သူမ သိပါသည်။ သူမထံ ယူဆောင်လာပေးသည့် ပစ္စည်းတိုင်းကလည်း ခွန်းလွင်နယ်မြေမှ ဖြစ်ရမည်။ ထို့ကြောင့် သူမ အလွန်စိတ်ဝင်စားခဲ့ရသည်။

ဖူရှန်းကြေးမုံ၏ မျက်နှာပြင်ကို မျှော်လင့်တကြီး ငေးကြည့်ရင်း ထိုခွန်းလွင်နယ်မြေကို ကိုယ်တိုင်သွားရောက်ချင်စိတ်များ တဖွားဖွား ပေါ်လာခဲ့ပါသည်။

သူမ၏ အမူအရာလေးကို ကြည့်ရင်း ဖုန့်ဟွိုက်ယွီလည်း သူမကို ခေါ်ထုတ်သွားချင်စိတ်များ ပိုမိုပြင်းထန်လာခဲ့သည်။ သို့သော် ဤနေရာမှာ ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်၏ အမြင့်ဆုံးနေရာဖြစ်ပြီး စွမ်းအားကြီး အစောင့်အရှောက်များနှင့် အကာအရံများစွာလည်း ရှိနေသည်။

လောကသုံးပါးတွင် အခိုင်မာဆုံး လှောင်အိမ်ကြီးဟုပင် တင်စားခေါ်ဝေါ်ထိုက်သဖြင့် သူ့အသက်ကို ရင်းလျှင်ပင် သူမကို ဘေးကင်းကင်းနှင့် ခေါ်ထုတ်သွားနိုင်မည် မဟုတ်ပေ။

ထိုတစ်ခေါက် ဖုန့်ဟွိုက်ယွီ ပြန်သွားသောအခါ ဖူရှန်းကြေးမုံကို တမင်ချန်ထားရစ်ခဲ့သည်။ ဤနည်းဖြင့် သူမအနားတွင် ရှိမနေလျှင်တောင် သူမသည် ကြေးမုံမှတဆင့် သူ့ကို မြင်နိုင်ပါလိမ့်မည်။

ထိုစဉ် စနစ်၏အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“အရေးပေါ် ပရိုတိုကောကို စတင်လိုက်ပါပြီ၊ စနစ်မှ အချိန်ကို ပြန်လည်သတ်မှတ်ပါတော့မယ်၊ ကျေးဇူးပြုပြီး အသင့်ပြင်ဆင်ထားပေးပါ စနစ်ပိုင်ရှင်”

ယန်ရုန်ရုန် မျက်လုံးများကို မှိတ်လိုက်ပြီး ပြင်းထန်သော အင်အားတစ်ခု၏ ဆွဲငင်ရာသို့ သူမ၏ ဝိညာဉ်ကို စေလွှတ်ပေးလိုက်တော့သည်။

-

ခဏအကြာတွင် ယန်ရုန်ရုန် မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။ ထင်မှတ်ထားသည့်အတိုင်းပင် သံသရာခွင်းဘုံထဲသို့ ပြန်လည်ရောက်ရှိနေခဲ့ပါသည်။

ရောင်စုံဝတ်ရုံနှင့်အမျိုးသမီးက လေးနက်စွာမေးသည်။

“သေချာရဲ့လား၊ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူ့ကို တွေ့ရင်တောင် ယှဉ်နိုင်မှာ မဟုတ်ဘူးနော်၊ မင်းကို အလွယ်လေး သတ်ပစ်လိုက်နိုင်တယ်”

ယန်ရုန်ရုန် မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

“သေချာတယ်! ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်ကို ပို့ပေးပါ!”

သူမ၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိလိုစိတ် အလွန်ပြင်းပြင်နေပါပြီ။ ထိုကဲ့သို့ ပြန်လည်ရရှိနိုင်ဖို့ အလျှင်မြန်ဆုံးနည်းလမ်းက ထပ်ခါတလဲလဲ သေဆုံးဖို့သာ ဖြစ်သည်။

သူမ သေဆုံးသွားတိုင်း အတိတ်ဘဝ၏ မှတ်ဉာဏ်အစိတ်အပိုင်းတစ်ခုကို ပြန်လည်ရရှိမည်ဆိုလျှင် နောက်ထပ် အကြိမ်အနည်းငယ်လောက် အသေခံဖို့ သူမ ဝန်မလေးပါ။

ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးက သံသရာခွင်းဘုံကို ထပ်မံဖွင့်လိုက်ပြန်သည်။ ကောင်းကင်ဘုံသို့ ယန်ရုန်ရုန် တတိယအကြိမ်မြောက် ရောက်ရှိလာခြင်းဖြစ်၍ ဧကရာဇ်မင်းကြီးကို EXP ရဖို့ တိုက်ခိုက်ရမည့် NPC တစ်ကောင်ပမာ စိုက်ကြည့်လိုက်ပါသည်။

ဧကရာဇ်မင်းကြီးက နယ်ရုပ်တစ်ရုပ်ကို ခုံပေါ်ချလိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည်။ သူ့အကြည့်က နူးညံ့သိမ်မွေ့သည်ဟု ထင်ရသော်လည်း အလွန်ပြင်းထန်သည့် ဖိအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

ယန်ရုန်ရုန်ကတော့ ဘာကိုမှဂရုစိုက်ပုံမပေါ်ဘဲ ဝူဝမ့်ဓားကို ဆွဲထုတ်ကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

ရလဒ်ကတော့ မှန်းဆထားသည့်အတိုင်းပင်။

ဧကရာဇ်မင်းကြီးမှာ ဘာမှမဖြစ်ဘဲ ယန်ရုန်ရုန်ကတော့ ဓားဖြင့်အထိုးခံရကာ သွေးအိုင်ထဲ လဲကျနေခဲ့ပါသည်။ သူမ၏ မျက်နှာမှာ သွေးမဲ့ဖြူရော်နေပြီး အသက်ရှူသံများ အားနည်းနေသော်လည်း သူမ၏ မျက်ဝန်းများတွင် သေခြင်းတရားကို ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

သူမသည် ဧကရာဇ်မင်းကြီးကို စေ့စေ့စိုက်ကြည့်ကာ စကားတစ်ခွန်းကို အားယူလျက် ရေရွတ်လိုက်သည်။

“သုံးကြိမ်မြောက်…”

သူမကို သူသတ်ပစ်ခဲ့သည်မှာ သုံးကြိမ်မြောက် ရှိပါပြီ။ အချိန်ကို နောက်ပြန်ဆုတ်နိုင်စွမ်းရှိသော်လည်း သေဆုံးစဉ်တွင် ခံစားခဲ့ရသည့် နာကျင်မှုများကတော့ နှလုံးသားထဲထိ စွဲထင်ကျန်ရစ်နေဆဲပင်ဖြစ်သည်။ ထိုနာကျင်မှုများကို စုဆောင်းထားပြီး နောင်တစ်ချိန်တွင် သူ့ကို ဆယ်ဆတိုးကာ ပြန်ပေးဖို့ ရည်ရွယ်ထားပါသည်။

စနစ်က အရေးပေါ် ပရိုတိုကောကို ဖွင့်လှစ်လိုက်သည်။ သူမ၏ ဝိညာဉ်သည်လည်း ခန္ဓာကိုယ်ထဲမှ ထွက်ခွာပြီး အမှောင်ထုထဲ ပြန်ရောက်လာခဲ့ပါသည်။

ထိုအခါ ပန်းခင်းထဲတွင် ဘောလုံးလေးသဖွယ် ကွေးနေသည့် သူမ၏ အခြားပုံရိပ်ကို မြင်လိုက်ရသည်။ သူမ၏ မျက်နှာမှာ စက္ကူပမာ ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှာလည်း အလွန်ပြင်းထန်သည့် နာကျင်မှုကို တောင့်ခံနေရသကဲ့သို့ တုန်ယင်နေပါသည်။

လိပ်ပြာကလေးများက သူမဘေးပတ်လည်တွင် ပျံသန်းနေပြီး ရံဖန်ရံခါ ပါးကလေးများကို ပွတ်သပ်ကာ နာကျင်မှုတို့ကို သက်သာအောင် နှစ်သိမ့်ပေးနေပုံရသည်။

ယန်ရုန်ရုန် ရှေ့ဆက်တိုးသွားဖို့ ကြံလိုက်စဉ် နှင်းဖြူရောင် ဝတ်ရုံနှင့် ဧကရာဇ်မင်းကြီး ရုတ်တရက် ပေါ်လာခဲ့သည်။ အမှောင်ထုထဲ ရောက်ရှိနေသည့် ပန်းခင်းများနှင့် မြစ်တံတားတို့ကို သူမျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

ထိုအရာများက ဤနေရာတွင် ရှိမနေသင့်ပေ။ ဤနေရာထဲ တစ်စုံတစ်ယောက် ခိုးဝင်လာပြီး အပြင်လောကမှ ပစ္စည်းများကို ယူဆောင်လာခြင်းသာ ဖြစ်နိုင်သည်။

ဧကရာဇ်မင်းကြီးသည် လက်တစ်ဖက်ကို မြှောက်လိုက်ရာ ဝိညာဉ်စွမ်းအင်တစ်ချက် ဖြာထွက်သွားခဲ့ပြီး လိပ်ပြာကလေးများ အပိုင်းပိုင်းပြတ်ကာ မြေပေါ်သို့ ကျဆင်းသွားကြသည်။ ပန်းကလေးများလည်း ချက်ချင်းဆိုသလိုပင် ညှိုးနွှမ်း ခြောက်သွေ့သွားခဲ့ပြီး မြစ်ရေမျာ ခမ်းခြောက်ကာ တံတားသည်လည်း အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ပျက်စီးသွားတော့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် အလှတရားများအားလုံး ပျောက်ကွယ်သွားခဲ့ရသည်။

ဧကရာဇ်မင်းကြီးသည် လိပ်ပြာများကိုနင်းခြေရင်း သူမအနားသို့ လျှောက်လှမ်းလာခဲ့သည်။ နာနာကျင်ကျင် ရုန်းကန်နေရသည့် သူမကို ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် ခါးကိုင်းကာ သူ့လက်ကို သူမနဖူးပေါ်သို့ တင်လိုက်ပါသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်ပေါ်၌ မှော်သင်္ကေတ အမြောက်အများ ပေါ်လာခဲ့သည်။ ထိုသင်္ကေတများက ဓားသွားများပမာ သူမ၏ အသားကို လှီးဖြတ်ပြီး အရိုးများကို ချိုးပစ်ခဲ့ကာ ခန္ဓာကိုယ်အတွင်းပိုင်းမှ အရာရာကို ဖျက်ဆီးပစ်ခဲ့သည်။

သူမသည် မသေနိုင်သဖြင့် နာကျင်မှုများအကြား ခိုကိုးရာမဲ့စွာသာ ရုန်းကန်နေရပါသည်။

ထိုစဉ် ဧကရာဇ်မင်းကြီးက သူမ၏ မျက်နှာကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ သူ၏ အသံမှာလည်း ပျို့အန်ချင်စရာ ကောင်းလောက်အောင် နူးညံ့ချိုသာနေပါသည်။

“နာကျင်ရမှန်း ငါသိပါတယ်၊ ဒါပေမယ့် မတတ်နိုင်ဘူးလေ၊ ကောင်းကင်တာအိုရဲ့ စွမ်းအင်တွေ တဖြည်းဖြည်း ယုတ်လျော့လာနေပြီ… မကြာခင် ပျောက်ကွယ်သွားတော့မယ်လို့ ငါခံစားနေရတယ်၊ ကောင်းကင်တာအိုသာ မရှိရင် လောကသုံးပါးစလုံး ဒုက္ခရောက်ရလိမ့်မယ်”

“ကောင်းကင်တာအို ပြန်လည်မွေးဖွားနိုင်ဖို့အတွက် ကိုယ်ထည်တစ်ခုကို ငါရှာဖွေရမယ်၊ ကိုယ်ထည်တွေအများကြီး ငါရှာဖွေခဲ့ပေမယ့် ကောင်းကင်တာအိုရဲ့ စွမ်းအားကို ဘယ်သူမှ ခံနိုင်ရည်မရှိခဲ့ဘူး၊ မင်းတစ်ယောက်တည်းပဲ… မင်းတစ်ယောက်တည်းသာ ခံနိုင်ရည် ရှိခဲ့တာ၊ ကောင်းကင်တာအိုရဲ့ ရွေးချယ်မှုကို ခံရတယ်ဆိုတာ မင်းအတွက် ဂုဏ်ယူစရာပါပဲ၊ သက်ရှိသတ္တဝါအားလုံးကို ကာကွယ်ဖို့ဆိုတဲ့ လေးလံတဲ့တာဝန်ကို မင်းပခုံးထမ်းသယ်ဆောင်ရမယ်၊ မင်းအခု ခံစားနေရတာက မဆိုသလောက် နာကျင်မှုလေးပါ… ခဏလောက် သည်းခံလိုက်ရင် မကြာခင် ပျောက်ကွယ်သွားလိမ့်မယ်”

🌹Chapter 330

ယန်ရုန်ရုန် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

သို့သော် ဒေါသပိုထွက်စရာများက ကျန်ရှိနေပါသေးသည်။

ဧကရာဇ်မင်းကြီးသည် ‘သူမ’၏ ဆံနွယ်ပေါ်မှ ပန်းတစ်ပွင့်ကို ဆွဲယူလိုက်ပြီး လက်ထဲတွင် အသာအယာ ချေမွပစ်လိုက်ကာ ဘေးသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် အပြုံးဖြင့် ဆိုလိုက်သည်။

“မင်းကို တစ်ယောက်ယောက် လာခိုးတွေ့နေမှန်း ငါသိတယ်၊ ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြချင်လား”

‘သူမ’သည် မျက်လုံးများကို မှိတ်ထားပြီး နှုတ်ဆိတ်နေခဲ့သည်။

ဧကရာဇ်မင်းကြီးက နူးနူးညံ့ညံ့ဖြင့် ဆက်လက်ဖြောင်းဖြခဲ့သည်။

“ငါတို့ သဘောတူထားပြီးသား မဟုတ်ဘူးလား၊ မင်းက ဒီထဲမှာပဲ တိတ်တဆိတ် အေးအေးဆေးဆေး နေထိုင်ပြီး ငါကလွဲလို့ ဘယ်သူနဲ့မှ မတွေ့ရဘူးဆိုတာလေ၊ အခုတော့ အဲ့ဒီသဘောတူညီချက်ကို မင်းဘက်က ဖောက်ဖျက်လိုက်တာပဲ၊ စည်းမျဉ်းစည်းကမ်းအရဆိုရင် မင်းကို အပြစ်ပေးရမှာပေါ့၊ ဒါပေမယ့် ဒီထဲကို ခိုးဝင်လာတာ ဘယ်သူဘယ်ဝါမှန်း မင်းပြောပြမယ်ဆိုရင် ဒီတစ်ခါတော့ ငါမင်းကို ခွင့်လွှတ်ပေးလိုက်မယ်၊ ဘယ်လိုသဘောရလဲ”

‘သူမ’ တစ်ခွန်းမဟခဲ့ပေ။

ဧကရာဇ်မင်းကြီး စိတ်ပျက်လက်ပျက် သက်ပြင်းချမိသည်။

“ခေါင်းမာပြီး ရူးမိုက်လိုက်တာ… ဒါဆို ငါလည်းရွေးချယ်စရာမရှိဘဲ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာရတော့မှာပေါ့၊ ဒီတစ်ခါ နှစ်ဆတိုးပြီး သန့်စင်ခံရမယ်၊ မင်းခံနိုင်ရည်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”

ကောင်းကင်တာအိုအတွက် ပြီးပြည့်စုံသော ကိုယ်ထည်တစ်ခု ဖြစ်စေဖို့ သူမ၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ်အခါခါ ဖျက်ဆီးပြီး ပြန်လည်တည်ဆောက်ရသည်။ ထိုလုပ်ငန်းစဉ်ကို ‘သန့်စင်ခြင်း’ဟု ခေါ်ဝေါ်ကြပါသည်။

ထို့အပြင် ကောင်းကင်တာအို၏ ‘ကိုယ်ထည်’အဖြစ် ရွေးချယ်ခံရသည့်နေ့မှစ၍ သူမကို ဤအမှောင်ထုထဲမှာသာ ပိတ်လှောင်ထားခဲ့ကြပြီး ပြင်ပလောကနှင့် အဆက်အသွယ် လုံးဝ ဖြတ်တောက်ထားကြသည်။ ဤနည်းလမ်းကို အသုံးပြုမှသာ သူမ၏ စိတ်နှင့်ခန္ဓာကိုယ်မှာ ပြင်ပလွှမ်းမိုးမှုများ မရှိဘဲ စင်ကြယ်နေလိမ့်မည်ဟု ယူဆထားကြလေသည်။

ဧကရာဇ်မင်းကြီး ထွက်ခွာသွားသော်လည်း သူမ၏ နာကျင်မှုများက မပြီးဆုံးသေးပေ။

သူမသည် ပျက်စီးယိုယွင်းနေသော ပန်းခင်းများအကြား တွားသွားနေရသည်။ သူမ၏ ခန္ဓာကိုယ် တစ်စတစ်စ ပျက်စီးလာပြီး သွေးများ အဆက်မပြတ် စိမ့်ထွက်နေပါသည်။ အရိုးများ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ကာ အသစ်တစ်ဖန် ပြန်လည်တည်ဆောက်ခြင်းကို ခံရသည်။

အလွန်ပြင်းထန်သော နာကျင်မှုကြောင့် သေဆုံးခြင်းကိုပင် တောင့်တမိတော့သည်။

ဤအဆုံးမဲ့ အမှောင်ထုကြီးထဲ သူမ နှစ်ပေါင်းမည်မျှ ကုန်ဆုံးခဲ့သည်ကို မသိသလို၊ ပြင်ပလောကကြီးက ဘယ်လိုပုံစံ ရှိကြောင်းကိုလည်း သူမ မသိပါ။ သူမတွင် လောကီအာရုံတက်မက်မှုများမရှိသလို ရှင်သန်ခြင်းဟူသည့် အဓိပ္ပာယ်ကိုလည်း နားမလည်နိုင်ခဲ့ပါ။

‘ကမ္ဘာလောကကြီး၏ သက်ရှိသတ္တဝါအားလုံး’ဟူသည်က မည်သည့်အရာကို ကိုယ်စားပြုမှန်းပင် သူမ မသိခဲ့ပေ။

သူမ မရှင်သန်ချင်ပါ။ သေဆုံးခြင်းကိုသာ လိုလားသည်။

ထိုမြင်ကွင်းကို ငေးကြည့်ရင်း ယန်ရုန်ရုန့် မှတ်ဉာဏ်ထဲ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သော နာကျင်မှုများမှာ နှလုံးသားထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာခဲ့သည်။ ထိုအခါ ယန်ရုန်ရုန်တစ်ယောက် မထိန်းချုပ်နိုင်တော့ဘဲ ငိုကြွေးမိတော့သည်။

သူမ၏ အမြင်အာရုံသည်လည်း ဝေဝါးသွားခဲ့ရသည်။

မကြာမီ အရာအားလုံး ပျောက်ကွယ်သွားပြီး ရင်းနှီးနေသည့် စနစ်၏အသံကို ကြားလိုက်ရပြန်သည်။

“အရေးပေါ်ပရိုတိုကောကို စတင်လိုက်ပါပြီ၊ စနစ်မှ အချိန်ကိုပြန်လည်သတ်မှတ်ပေးပါတော့မယ်၊ ကျေးဇူးပြုပြီး အသင့်ပြင်ဆင်ထားပေးပါစနစ်ပိုင်ရှင်”

အလွန်ပြင်းထန်သည့် ဆွဲငင်အားကြီးတစ်ခု ပြန်လည်ရောက်ရှိလာသည်။ ယန်ရုန်ရုန်၏ ဝိညာည်လည်း ထိုဆွဲအားနောက်သို့ လွင့်ပါသွားခဲ့သည်။

ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိသွားပြီးနောက် မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ သံသရာခွင်းဘုံထဲ ပြန်လည်ရောက်ရှိနေပြီဖြစ်မှန်း ယန်ရုန်ရုန် မြင်လိုက်ရပါသည်။

ရောင်စုံဝတ်ရုံနှင့် သူမက လေးနက်စွာမေးသည်။

“သေချာရဲ့လား၊ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူ့ကို တွေ့ရင်တောင် ယှဉ်နိုင်မှာ မဟုတ်ဘူးနော်၊ မင်းကို အလွယ်လေး သတ်ပစ်လိုက်နိုင်တယ်”

ယန်ရုန်ရုန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူမ၏ မျက်ဝန်းများ နီမြန်းနေပြီး ရင်ဘတ်မှာလည်း ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူမသည် အံကိုတင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်ပါသည်။

“သေချာတယ်! အခုချက်ချင်း ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ကို သွားမယ်! အဲ့ဒီခွေးဧကရာဇ်ကို သတ်ပစ်ရမယ်”

ယန်ရုန်ရုန်၏ ရုတ်ခြည်းဆန်သော ဒေါသကြောင့် ရောင်စုံဝတ်ရုံနှင့်အမျိုးသမီး မှင်သက်သွားခဲ့ကာ သူမ၏ မျက်နှာပေါ် အံ့အားသင့်မှုအရိပ်အယောင်များ ရိပ်ပြေးသွားခဲ့လေသည်။

“ငါပြောပြီးပြီလေ၊ သူက မင်းယှဉ်နိုင်တဲ့ အဆင့်မဟုတ်…”

“အခုချက်ချင်း! ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ကို အခုချက်ချင်းပို့ပေး!”

ယန်ရုန်ရုန် စကားဖြတ်ပြောလိုက်သည်။

ရောင်စုံဝတ်ရုံနှင့် အမျိုးသမီးလည်း ရွေးချယ်စရာမရှိတော့ဘဲ နှုတ်ဆိတ်လိုက်ရတော့သည်။ သူမ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း မှုန်ရီဝေဝါးသွားခဲ့ပြီး သံသရာခွင်းဘုံလည်း ထပ်မံပွင့်သွားခဲ့လေသည်။

ယန်ရုန်ရုန် မျက်တောင်တစ်ချက် ခတ်လိုက်ရာ ခမ်းနားလှပသည့် နန်းတော်ကြီးထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဧကရာဇ်မင်းကြီးသည် စစ်တုရင်ခုံပေါ်မှ မျက်လုံးခွာကာ ရုတ်တရက်ပေါ်လာသော မိန်းကလေးကို မော့ကြည့်လိုက်ပါသည်။ ထို့နောက် ခပ်ပါးပါးပြုံးလျက် ပြောလိုက်သည်။

“မင်းရောက်လာ…”

သူ့စကားမဆုံးခင်မှာပင် ယန်ရုန်ရုန်က ကြမ်းကြုတ်စွာ ဖြတ်ပြောလိုက်ပါသည်။

“ကောင်းကင်တာအို ပျက်သုဉ်းနေခဲ့တာ ကြာလှပြီ၊ ကျွန်မ ရှိနေသေးလို့သာ အခုချိန်ထိ တောင့်ခံထားနိုင်တာ မဟုတ်လား၊ ကျွန်မက ဘယ်တုန်းကမှ ကပ်ဘေးသယ်ဆောင်သူ မဟုတ်ခဲ့ဘူး!”

ဧကရာဇ်မင်းကြီး မှင်သက်သွားခဲ့သည်။ သူ့မျက်ဝန်းများလည်း တဖြည်းဖြည်း အေးစက်လာခဲ့ပါသည်။

“မင်း မှတ်မိသွားပြီပေါ့ ဟုတ်လား”

ယန်ရုန်ရုန် သူ့ကို အငြှိုးတရားအပြည့်ဖြင့် ပြည့်လိုက်သည်။

“တခြားသူတွေက အမှန်တရားကို မသိကြဘူး၊ ကျွန်မက မဟာကပ်ဘေးကြီးရဲ့ ဇာစ်မြစ်ပဲလို့ သူတို့ မှားယွင်းယုံကြည်နေကြတယ်၊ ဒါပေမယ့် ရှင်… ရှင်ကတော့ အရာအားလုံးကို သိထားပြီးသားပဲ! ဒါပေမယ့် ရှင် ဘာမှ မပြောခဲ့ဘူး၊ ကျွန်မကို လမ်းဆုံးရောက်တဲ့အထိ တွန်းပို့ခဲ့ပြီး ရှင်ကိုယ်တိုင်လည်း အရိပ်ထဲကနေ အမဲလိုက်ခဲ့တာ!”

သူမ၏ ပြတ်သားခက်ထန်သော မေးခွန်းများရှေ့တွင် ဧကရာဇ်မင်းကြီးမှာ အနည်းငယ်မျှပင် အပြစ်ရှိသလို မခံစားရပေ။

“သက်ရှိသတ္တဝါတွေ အားလုံးကို ကာကွယ်ပေးဖို့ ငါဒီလိုလုပ်ခဲ့ရတာ”

“အဲ့ဒီသက်ရှိသတ္တဝါတွေကို သွားသေခိုင်းလိုက်ပါလား!”။ ယန်ရုန်ရုန် ကျိန်ဆဲလိုက်သည်။

“သူတော်ကောင်းကြီးလို ဟန်ဆောင်မနေစမ်းပါနဲ့၊ အဲ့တာတွေအားလုံးကို လုပ်ခဲ့တာ ရှင့်ရဲ့အတ္တအတွက်ပဲ မဟုတ်လား၊ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်နဲ့နဲ့ ရှင့်ရဲ့ ဧကရာဇ်မင်းကြီးဆိုတဲ့ ရာထူးကို ကာကွယ်ဖို့ ရှင်လုပ်ခဲ့တာ!”

ဧကရာဇ်မင်းကြီးက သူမကို အထင်အမြင်သေးစွာ ငုံ့ကြည့်လိုက်သည်။

“ငါ့ရဲ့ ဧကရာဇ်မင်းဆိုတဲ့ ဘွဲ့ကို စွန့်လွှတ်လိုက်လို့ရတယ်၊ ဒါပေမယ့် ပြောစမ်းပါဦး… ဒီကမ္ဘာကြီးမှာ ငါကလွဲပြီး ဘယ်သူက လောကသုံးပါး သက်ရှိသတ္တဝါအားလုံးရဲ့ လေးစားမှုကို ရရှိနိုင်မှာလဲ၊ ငါသာမရှိရင် ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်တင်မကဘူး လောကသုံးပါးစလုံး ဒုက္ခရောက်သွားလိမ့်မယ်၊ ငါ့ကို ကာကွယ်တယ်ဆိုတာ သက်ရှိသတ္တဝါအားလုံးကို ကာကွယ်တာနဲ့အတူတူပဲ”

ယန်ရုန်ရုန် ဒေါသတကြီး ရယ်မောလိုက်မိသည်။

“ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်မနေစမ်းပါနဲ့! အဲ့ဒီ ပလ္လင်ပေါ်မှာ ရှင်ထိုင်နေနိုင်တာက ရှင့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားနဲ့ ဝါရင့်မှုကြောင့်ပဲ၊ စိတ်ဓာတ်နဲ့ စရိုက်အရဆိုရင် ရှင့်လို လောက်ကောင်မျိုးက ငရဲက မစင်တွင်းထဲမှာပဲ ရှိနေသင့်တာ!”

ဧကရာဇ်မင်းကြီးကတော့ မတုန်မလှုပ် တည်ငြိမ်နေဆဲပင်။

“ဧကရာဇ်မင်းကြီးရယ်လို့ ဖြစ်လာကတည်းက လောကသုံးပါးအတွက် ငါအရာရာ ပေးဆပ်ခဲ့တာကို အားလုံး သိကြတယ်၊ ငါ့ရဲ့ အောင်မြင်မှုတွေကို မင်းပါးစပ်က ထွက်လာတဲ့ စကားလုံးလေးအချို့နဲ့ ဖျက်ဆီးပစ်လိုက်လို့မရဘူး၊ မင်းဒီအထိ ရောက်လာခဲ့တာဆိုတော့ သေဖို့ ပြင်ဆင်ထားပြီးသား ဖြစ်ရမယ်၊ ပြောချင်တာတွေလည်း ပြောပြီးသွားပြီဆိုတော့ ကျေနပ်လောက်ကောပေါ့၊ မင်းသွားချင်တဲ့နေရာကို ငါအရောက်ပို့ပေးလိုက်ပါ့မယ်”

ယန်ရုန်ရုန်သည် မကြောက်မရွံ့ဘဲ ဝူဝမ့်ဓားကို ဆွဲထုတ်ကာ ရှေ့သို့ ပြေးဝင်သွားတော့သည်။

“ကိုယ့်အရည်အချင်းကိုယ် မသိတာပဲ!”

ဧကရာဇ်မင်းကြီးက စက်ဆုပ်စွာ ဆိုလိုက်သည်။

ထို့နောက် အလွန်ပြင်းထန်သည့် ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ ယန်ရုန်ရုန် အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားတော့သည်။

သူမ၏ ဝိညာဉ်က လေပေါ် လွင့်မျောသွားခဲ့သော်လည်း ဧကရာဇ်မင်းကြီးကို စိုက်ကြည့်နေဆဲပင်။

ဧကရာဇ်မင်းကြီးလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး သူမ၏ ဝိညာဉ်ကို မော့ကြည့်ကာ ထိတ်လန့်သွားခဲ့ရသည်။

“မင်းဘယ်လို…”

သူ့စကားမဆုံးနိုင်ခင် ယန်ရုန်ရုန်၏ ဝိညာဉ်ပျောက်ကွယ်သွားခဲ့လေသည်။ စနစ်မှ အရေးပေါ်ပရိုတိုကောကို ထပ်မံ ဖွင့်လိုက်ခြင်းပင်။

သူမ၏ ဝိညာဉ်သည် ရင်းနှီးနေသော အမှောင်ထုထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ရောင်စုံဝတ်ရုံနှင့် ‘သူမ’မှာ ညှိုးနွမ်းပျက်စီးနေသော ပန်းခင်းထဲတွင် လဲကျနေပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့ကာ အသက်ရှူသံမှာလည်း ပျောက်ကွယ်လုနီးပါး တိုးညှင်းနေပါသည်။

ထိုစဉ် ဖုန့်ဟွိုက်ယွီတစ်ယောက် ပျော်ရွှင်နေသော မျက်နှာဖြင့် ရောက်လာခဲ့ပြန်သည်။

“ရုန်ရုန်၊ ဒီတစ်ခေါက် ဘာယူလာလဲ ကြည့်လိုက်…”

စကားပင်မဆုံးသေးဘဲ ဖုန့်ဟွိုက်ယွီ ရပ်တန့်သွားခဲ့ရသည်။ ပျက်စီးနေသော ပတ်ဝန်းကျင်နှင့် မြေပေါ်တွင် အသက်ငင်နေသော ‘သူမ’ကို တွေ့လိုက်ရခြင်းကြောင့်ပင်။

မျက်စိတစ်မှိတ်အချိန်အတွင်း သူမဘေးသို့ ဖုန့်ဟွိုက်ယွီ ရောက်ရှိသွားခဲ့သည်။

သူမကို ထူပေးဖို့ လက်ကမ်းလိုက်သော်လည်း သူ့လက်နှင့် သူမခန္ဓာကိုယ်ကို ထိတွေ့လိုက်သည်နှင့် သူမ တုန်ယင်သွားခဲ့ပြီး လည်ချောင်းအတွင်းမှ နာနာကျင်ကျင် ညည်းညူသံများ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ဖုန့်ဟွိုက်ယွီလည်း ထပ်မထိရဲတော့ပေ။

“ဘာဖြစ်တာလဲ… ဒီမှာ ဘာတွေဖြစ်သွားတာလဲ!”

ဖုန့်ဟွိုက်ယွီ ထိတ်လန့်တုန်လှုပ်စွာ မေးမြန်းလိုက်ပါသည်။

‘သူမ’သည် နာကျင်မှုကို အောင့်ခံရင်း အသက်ပြင်းပြင်းရှူကာ စကားလုံးတစ်လုံးကိုသာ အားယူပြောလိုက်သည်။

“ရေ…”

ဖုန့်ဟွိုက်ယွီလည်း ချန့်ခွင်းအိတ်ထဲမှ ကျောက်စိမ်းဘူးခွံတစ်လုံးကို ချက်ချင်း ဆွဲထုတ်ကာ ဘူးအဆို့ကို ဖွင့်လိုက်ပြီး သူမနှုတ်ခမ်းနားသို့ တေ့ပေးလိုက်ပါသည်။

All Chapters