အခန်း (၃၃၁-၃၃၂)
Vol. 34 Ch. 331-332
🌹Chapter 331
‘သူမ’သည် ရှိသမျှ အားကုန်စိုက်ထုတ်လျက် နှုတ်ခမ်းကို ဟလိုက်ရာ ကြည်လင်အေးမြသော ဝိညာဉ်စမ်းရေများက သူမ ပါးစပ်ထဲ စီးဝင်လာခဲ့ပါသည်။
ထိုဝိညာဉ်စမ်းရေက သူမ၏ ကိုယ်တွင်းအင်္ဂါများကို အားဖြည့်ပေးပြီး နာကျင်မှုကို သက်သာစေခဲ့သည်။ ယခုတစ်ကြိမ် ဖုန့်ဟွိုက်ယွီ ထူမ,ပေးလိုက်ချိန်တွင် သူမသည် နာကျင်မှုကြောင့် တုန်ရီနေခြင်း သို့မဟုတ် အော်ဟစ်ခြင်း မရှိတော့ပေ။
ဖုန့်ဟွိုက်ယွီသည် ချန့်ခွင်းအိတ်ထဲမှ အနုစိတ် ဖန်တီးထားသော ကုတင်တစ်လုံးနှင့် နူးညံ့သည့် အိပ်ရာခင်းများကို ထုတ်လိုက်သည်။
ထို့နောက် သူမကို အသာအယာပွေ့ချီကာ ကုတင်ပေါ်သို့ တင်ပေးလိုက်ပါသည်။ သူမ၏ သွေးမရှိသလို ဖြူရော်နေသည့် မျက်နှာလေးကို ကြည့်ရင်း ဖုန့်ဟွိုက်ယွီ အလွန်ကရုဏာသက်သွားခဲ့ရသည်။
ထို့နောက် ဘေးပတ်လည်တွင်ရှိနေသည့် အပျက်အစီးများကို လှည့်ကြည့်လိုက်သည်။ သူယူဆောင်လာပေးခဲ့သော ပန်းကလေးများ၊ ဝိညာဉ်လိပ်ပြာကလေးများနှင့် တံတားလေးများအားလုံး အစိတ်စိတ်အမွှာမွှာဖြစ်ကာ ပျက်စီးနေခဲ့ပါပြီ။
သူ့ရင်ထဲ ဒေါသမီးတောက်များ တောက်လောင်သွားခဲ့သည်။
“ဒါဘယ်သူ့လက်ချက်လဲ”
‘သူမ’က ပြန်မဖြေဘဲ အားနည်းပျော့ညံ့သော အသံဖြင့်သာ တောင်းဆိုလိုက်လေသည်။
“နောက်တစ်ခါ ဒီကို မလာပါနဲ့တော့…”
ဖုန့်ဟွိုက်ယွီ မှင်သက်သွားခဲ့ရသည်။
“ဘာလို့လဲ”
‘သူမ’သည် ဝိညာဉ်မဲ့နေသော အရုပ်တစ်ရုပ်ပမာ အဆုံးထုအမောင်ထုထဲသို့ ငေးကြည့်ရင်း ခံစားချက်မဲ့စွာ ပြောလိုက်ပါသည်။
“ကျွန်မရှင့်ကို မုန်းတယ်၊ ထပ်မတွေ့ချင်တော့ဘူး၊ အဲ့ဒီအကြောင်းပြချက်က လုံလောက်ပြီမဟုတ်လား”
ဖုန့်ဟွိုက်ယွီ သူမကို မှင်သက်စွာ စိုက်ကြည့်နေမိသည်။ သူမ နှုတ်မှ ထိုစကားလုံးများ ထွက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။
နောက်ကွယ်က အကြောင်းအရင်းကို ဖုန့်ဟွိုက်ယွီ နားမလည်သော်လည်း ယန်ရုန်ရုန်ကတော့ နားလည်ပါသည်။
‘သူမ’သည် ဖုန့်ဟွိုက်ယွီကို ဧကရာဇ်မင်းကြီး ဖမ်းမိသွားမည်စိုးရိမ်သဖြင့် ပြန်မလာရန် နှင်လွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ ဤအထီးကျန်ဘဝကို နေသားကျနေပြီဖြစ်၍ တစ်ယောက်တည်း ဆက်နေထိုင်သွားလို့ ရပါသည်။
ဖုန့်ဟွိုက်ယွီသည် ‘သူမ’စကားလုံးများကို ပြန်ရုတ်သိမ်းမည့်အချိန်အား စောင့်မျှော်နေသကဲ့သို့ အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့ပါသည်။
သို့သော် ‘သူမ’ကတော့ မျက်နှာသာ လွှဲထားပြီး စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ နောက်ဆုံးတော့ ဖုန့်ဟွိုက်ယွီလည်း ရွေးချယ်စရာမရှိတော့ဘဲ ထွက်သွားခဲ့ရတော့သည်။
အဆုံးမဲ့ အမှောင်ထုထဲ ယန်ရုန်ရုန်နှင့် သူမ၏ အတိတ်ဘဝက ပုံရိပ်တို့သာ ကျန်ခဲ့သည်။ သူမတို့နှစ်ယောက်က တစ်ဦးတစ်ယောက်တည်းသာ ဖြစ်၍ သူမ၏ နာကျင်မှုများကို ယန်ရုန်ရုန်လည်း ခံစားနိုင်ပါသည်။
ယန်ရုန်ရုန် ဝမ်းနည်းသွားစဉ် သူမ၏ အတိတ်ပုံရိပ်က ညာဘက်လက်ကို မြှောက်ကာ ဝတ်ရုံထဲမှ ကြေးမုံတစ်ချက် ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။
၎င်းမှာ ဖူရှန်းကြေးမုံပင်…
ထိုကြေးမုံမှတဆင့် ခွန်းလွင်နယ်မြေအတွင်းရှိ ဖုန့်ဟွိုက်ယွီကို သူမ မြင်နေရသည်။ ဖူရှန်းကြေးမုံ၏ ကြည်လင်ပြတ်သားမှုမှာ အလွန်ပင် ကောင်းမွန်လှပြီး ပုံကြီးချဲ့၍ပင် ကြည့်ရှုနိုင်သေးသည်။
‘သူမ’က မျက်နှာပြင်ကို နှစ်ချက်ပုတ်လိုက်ရာ ကြေးမုံတစ်ချပ်လုံး ဖုန့်ဟွိုက်ယွီ၏ ပုံရိပ်ဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက် ဘယ်တော့မှ ငြီးငွေ့နိုင်မည်မဟုတ်သည့် အကြည့်မျိုးဖြင့် သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့ပါသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ယန်ရုန်ရုန် ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့သည်။
ထို့ကြောင့်လည်း ဖုန့်ဟွိုက်ယွီကို ‘သူမ’ပြတ်ပြတ်သားသား နှင်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သူမတွင် ဖူရှန်းကြေးမုံ ရှိနေခြင်းကြောင့်ပင်…
နောက်နောင် ဖုန့်ဟွိုက်ယွီကို သတိရသည့်အခါ ဧကရာဇ်မင်းကြီးကို ကြောက်စရာမလိုဘဲ ဖူရှန်းကြေးမုံမှတဆင့် ကြည့်ရှုနိုင်ပါလိမ့်မည်။ အလွန်ပါးနပ်သည့် အကြံအစည်ပင်ဖြစ်သည်။
သို့သော် တစ်ခဏပင် မကြာလိုက်ဘဲ ကုတင်ပေါ်မှ ‘သူမ’ဝုန်းခနဲ ထထိုင်လိုက်သည်ကို ယန်ရုန်ရုန် မြင်လိုက်ရသည်။
အကြောင်းအရင်းမှာ ဖုန့်ဟွိုက်ယွီတစ်ယောက် ဧကရာဇ်မင်းကြီးအား သွားတွေ့ဖို့ပြင်နေသည့် မြင်ကွင်းအား ဖူရှန်းကြေးမုံထဲ မြင်လိုက်ရခြင်းကြောင့်ပင်။
‘သူမ’ ဘာမှမပြောခဲ့သော်လည်း သူယူဆောင်လာပေးသည့် လက်ဆောင်များကို ဖျက်ဆီးခဲ့သူမှာ ဧကရာဇ်မင်းကြီး ဖြစ်နိုင်သည်ဟု ဖုန့်ဟွိုက်ယွီ ကောက်ချက်ချခဲ့ပါသည်။ ‘သူမ’ နာကျင်ခဲ့ရသည်များကလည်း ဧကရာဇ်မင်းကြီးနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သတ်ဆက်နွယ်နေရမည်။
ထို့ကြောင့် ဧကရာဇ်မင်းကြီးကို ဖုန့်ဟွိုက်ယွီ သွားတွေ့ခဲ့ပြီး ဖြေရှင်းချက် တောင်းဆိုခဲ့သည်။ ရလဒ်မှာတော့ မှန်းဆထားသည့်အတိုင်းပင် ဧကရာဇ်မင်းကြီးက အမှန်အတိုင်း ထုတ်မပြောခဲ့ချေ။
အစပိုင်းတွင် ဆင်ခြေပေးကာ လိမ်ညာရန်ကြိုးစားသော်လည်း မအောင်မြင်သည့်အခါ ဖုန့်ဟွိုက်ယွီကို ထွက်သွားဖို့ အမိန့်တော်ထုတ်ပြန်ခဲ့သည်။
ဖုန့်ဟွိုက်ယွီကလည်း ထွက်သွားဖို့ ငြင်းဆန်ခဲ့သဖြင့် သူတို့နှစ်ဦး အင်အားသုံး တိုက်ခိုက်ကြတော့သည်။ သူတို့နှစ်ဦး၏ စွမ်းအားများမှာ တူညီနေသဖြင့် နှစ်ဦးစလုံး ဒဏ်ရာအသီးသီးရရှိကာ တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။
ဧကရာဇ်မင်းကြီး နေထိုင်သည့် ကောင်းကင်ဘုံနန်းတော်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရသည်။ ဧကရာဇ်မင်းကြီး၏ ဂုဏ်သိက္ခာသည်လည်း မြောင်းထဲထိ ထိုးကျခဲ့ရကာ ရင်ထဲမှာ နာကျည်းမိသော်လည်း အပြင်ပန်းတွင်တော့ ‘သဘောထားကြီးသူ’အဖြစ် ဆက်လက် ဟန်ဆောင်ခဲ့ရသည်။
သတင်းကြား၍ ရောက်ရှိလာသော မသေမျိုးများက ဖုန့်ဟွိုက်ယွီကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။
ထို့နောက် သူ့ကို ခွန်းလွင်နယ်မြေသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ပိုင်ကျဲက သူ့ဒဏ်ရာများကို ကုသပေးခဲ့ပြီး စိတ်အေးအေးထားဖို့နှင့် ဧကရာဇ်မင်းကြီးကို တိုက်ရိုက် ရင်မဆိုင်ဖို့ တိုက်တွန်းမှာကြားခဲ့ပါသည်။
‘သူမ’သည် ဖူရှန်းကြေးမုံမှတဆင့် ဖုန့်ဟွိုက်ယွီကို ကြည့်ရင်း သူ၏ သွေးမဲ့ဖြူဖျော့နေသော မျက်နှာနှင့် ပြင်းထန်လှသော ဒဏ်ရာများကို မြင်ပြီး စိတ်မကောင်းဖြစ်ခဲ့ရသည်။
ပိုင်ကျဲက အချိန်အကြာကြီး ဖြောင်းဖြခဲ့သော်လည်း ဖုန့်ဟွိုက်ယွီကတော့ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်…။ သူ့မျက်ဝန်းများက အလွန်မှောင်မိုက်ကာ တစ်စုံတစ်ခုကို ကြံစည်နေပုံရသည်။ ပိုင်ကျဲနတ်သားရဲ၏ စကားများကို နားထောင်ဖို့ စိတ်ကူးရှိပုံမရပါ။
နောက်ဆုံးတော့ ပိုင်ကျဲလည်း မတတ်သာတော့ဘဲ ဖုန့်ဟွိုက်ယွီ စိတ်လိုက်မာန်ပါ ထပ်မလုပ်နိုင်စေရန် စောင့်ကြည့်ဖို့အတွက် ခွန်းလွင်နယ်မြေအတွင်းရှိ မိစ္ဆာသားရဲနှင့် ဝိညာဉ်သားရဲတို့ကို တာဝန်ပေးခဲ့ပြီး ခွန်းလွင်နယ်မြေအတွင်းမှ ထွက်လာခဲ့တော့သည်။
ပိုင်ကျဲ ထွက်သွားပြီး သိပ်မကြာဘဲ ဖုန့်ဟွိုက်ယွီလည်း ခွန်းလွင်နယ်မြေအတွင်းမှ ထွက်လာခဲ့ပြန်ပါသည်။ သားရဲများက သူ့ကို တားဆီးဖို့ ကြိုးစားကြသော်လည်း ဖုန့်ဟွိုက်ယွီ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့် သူတို့အားလုံး လွင့်စင်သွားခဲ့ရသည်။
သူ့ပုံစံကို ကြည့်ရသည်မှာ ဧကရာဇ်မင်းကြီးနှင့် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ဖို့ ကြံရွယ်ထားသည့်ပုံပင်။
ထိုမြင်ကွင်းကို ဖူရှန်းကြေးမုံမှတဆင့် ကြည့်ရှုကာ ‘သူမ’ စိုးရိမ်ပူပန်စိတ် ကြီးမားခဲ့ရသည်။
ထို့ကြောင့် ကုတင်ပေါ်မှ ခုန်ဆင်းကာ ခြေဗလာနှင့် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း နောက်ဆုံးတွင်တော့ စိတ်ကို အားတင်းပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တော့သည်။
ထို့နောက် သူမ တင်ပလ္လင်ခွေကာ ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လျက် အသက်ဝဝ ရှူလိုက်သည်။ သူမ၏ ဝိညာဉ်စွမ်းအင် အားလုံးကို အသုံးပြုကာ ‘ကောင်းကင်တာအို’အား အာရုံခံလိုက်ပါသည်။
မရေမတွက်နိုင်အောင် များပြားသည့် ‘သန့်စင်ခြင်း’များကြောင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကလည်း အလွန်ထူထပ်နေခဲ့ပါပြီ။
တစ်ခါတစ်ရံတွင် ကောင်းကင်တာအိုက သူမကို ခေါ်ယူနေသည်ဟုပင် ခံစားရတတ်သည်။ စကားဖြင့်ဖော်ပြ၍ မရနိုင်လောက်အောင် ထူးခြားသော ခံစားချက်တစ်ခုပင်…။
ကောင်းကင်တာအိုက အသွင်ကင်းမဲ့သော်လည်း အရာခပ်သိမ်းကို ထိန်းချုပ်ထားသည်။ ၎င်းမှာ နေဝင်ခြင်း၊ နေထွက်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်း စသည့်အရာအားလုံး၏ အစီအစဉ်ပင် ဖြစ်သည်။ ကောင်းကင်တာအိုသာ ဆန္ဒရှိလျှင် အရာခပ်သိမ်း၏ ဖြစ်တည်မှုကို ပြောင်းလဲပစ်နိုင်စွမ်း ရှိပါသည်။
ယခင်က ကောင်းကင်တာအိုကို သူမ လက်မခံချင်ဘဲ လက်ခံခဲ့ရသည်။ ယခုလို ကောင်းကင်တာအိုကို သူမဘက်မှ လိုလိုလားလား အာရုံခံဆက်သွယ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
မမြင်နိုင်သည့် စွမ်းအားတစ်ခုက သူမမခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ပျံ့နှံ့သွားခဲ့သည်။ သူမသည် တဖြည်းဖြည်းနှင့် မိမိကိုယ်ကိုယ် မေ့လျော့သော အခြေအနေသို့ ရောက်ရှိသွားပြီး ခန္ဓာကိုယ်ပေါ်တွင် နွေးနွေးထွေးထွေး မှိန်မှိန်ပျပျ အလင်းရောင်လေး လင်းလာခဲ့သည်။
သူမ၏ ဆံနွယ်များမှာ လေမတိုက်ဘဲ နူးညံ့သိမ်မွေ့စွာ လွင့်မျောနေခဲ့ပြီး ဝတ်ရုံပေါ်မှ ရောင်စုံငှက်မွေးများလည်း အထက်သို့ ပျံတက်သွားပြီး လှပဆန်းကြယ်သည့် တည်နေရာတစ်ခုအဖြစ် ယှက်နွယ်သွားခဲ့တော့သည်။
ယန်ရုန်ရုန် ကြက်သေသေသွားကာ တီးတိုး ရေရွတ်လိုက်မိသည်။
“ဒါ… သံသရာခွင်းဘုံပဲ…”
‘သူမ’မျက်လုံးများ ပြန်ပွင့်လာပြီး လက်တစ်ကမ်းတွင် ရှိနေသော သံသရာခွင်းဘုံကို အံ့ဩတကြိး ကြည့်နေမိသည်။ အောင်မြင်သွားပြီဖြစ်မှန်း သူမ သိလိုက်ပါသည်။
ဤနေရာကြီးက သူမကို ထာဝရပိတ်လှောင်ထားမည့် လှောင်အိမ်အကျဉ်းခန်းကြီးတစ်ခုဖြစ်သည်။ သို့သော် ဤလှောင်အိမ်ကြီးက ကောင်းကင်တာအို၏ စွမ်းအားကို ယှဉ်နိုင်စွမ်းမရှိပါ။ အမှန်တော့ လောကရှိမည်သည့်အရာကမှ ကောင်းကင်တာအိုကို ယှဉ်နိုင်စွမ်း မရှိကြပေ။
ထို့ကြောင့် ကောင်းကင်တာအို၏ စွမ်းအားကို ခေတ္တငှားယူပြီး ‘သူမ’ သံသရာခွင်းဘုံ ဝင်ပေါက်ကို ဖွင့်လှစ်ခဲ့သည်။
သံသရာခွင်းဘုံမှတဆင့် သူမ သွားလိုသည့်နေရာတိုင်းကို သွားရောက်နိုင်ပါသည်။ ထို့ကြောင့် သံသရာခွင်းဘုံထဲသို့ သူမ မဆိုင်းမတွ ဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာပြန်ပါသည်။
“အရေးပေါ်ပရိုတိုကောကို အောင်မြင်စွာ စတင်လိုက်ပါပြီ၊ စနစ်မှ အချိန်အား ပြန်လည်သတ်မှတ်ပါတော့မယ်၊ စနစ်ပိုင်ရှင်ကို အန္တရာယ်မကြုံတွေ့ခင် အချိန်ကာလအား ပြန်လည်ပို့ဆောင်ပေးပါမယ်၊ ကျေးဇူးပြုပြီး အသင့်ပြင်ထားပေးပါ”
တစ်ခေါင်းလုံး မူးဝေနောက်ကျိသွားပြီးနောက် ယန်ရုန်ရုန်၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။
သူမ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သံသရာခွင်းဘုံထဲသို့ ပြန်လည်ရောက်ရှိနေခဲ့ပါပြီ။ ရောင်စုံဝတ်ရုံ ဆင်မြန်ထားသည့် ‘ယန်ရုန်ရုန်’က လေးနက်စွာ မေးလိုက်သည်။
“သေချာရဲ့လား၊ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူ့ကို တွေ့ရင်တောင် ယှဉ်နိုင်မှာ မဟုတ်ဘူးနော်၊ မင်းကို အလွယ်လေး သတ်ပစ်လိုက်နိုင်တယ်”
ယန်ရုန်ရုန် ပြန်မဖြေခဲ့ဘဲ သူမ၏ လက်နှစ်ဖက်ကိုသာ ငုံ့ကြည့်လိုက်မိသည်။
မကြာသေးခင်က ထိုမှတ်ဉာဏ်ထဲတွင် သူမ၏ အတိတ်ပုံရိပ်သည် ကောင်းကင်တာအိုအား ပထမဆုံးအကြိမ်အဖြစ် လက်ခံနိုင်ခဲ့သည်။ ထို ထူးထူးဆန်းဆန်း ခံစားချက်ကြီးက သူမခန္ဓာကိုယ်ထဲ ဆက်လက်ကျန်ရှိနေဆဲဖြစ်ကာ သူမ၏ ကျင့်ကြံခြင်းစွမ်းအားများလည်း အဆမတန် မြင့်တက်လာခဲ့သည်။
မူလက သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ဝိညာဉ်အသွင်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့် ဖြစ်သော်လည်း ယခုတော့ မဟာအောင်မြင်ခြင်းအဆင့်အထိ တဟုန်ထိုး တက်လှမ်းသွားခဲ့လေပြီ။
🌹Chapter 332
ယုတ္တိရှိရှိဆိုရလျှင် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်မှ မဟာအောင်မြင်ခြင်းအဆင့်ထိ တက်လှမ်းနိုင်ဖို့အတွက် ကောင်းကင်မိုးကြိုးဒဏ်ခတ်ခြင်းကို ကျော်ဖြတ်ရမည်ဖြစ်သည်။
သို့သော် ယန်ရုန်ရုန်မှာ သံသရာခွင်းဘုံအတွင်းသို့ ရောက်ရှိနေခြင်းဖြစ်၍ ကောင်းကင်ဘုံမိုးကြိုးများက သူမထံသို့ မရောက်ရှိနိုင်ခဲ့ပေ။ ထို့ကြောင့် သူမသည် ဒဏ်ခတ်မှုကို ရင်ဆိုင်စရာမလိုအပ်ဘဲ အဆင့်တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
အတိတ်က မှတ်ဉာဏ်များ တဟုန်ထိုး ပြန်လည်ဝင်ရောက်လာသောအခါ သူမနှင့် သူမ၏ အတိတ်ပုံရိပ်တို့မှာ တစ်သားတည်းဖြစ်စ ပြုလာခဲ့ပါပြီ။
ယန်ရုန်ရုန် လက်ချောင်းများကို ဖြည်းညှင်းစွာ ကွေးလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ရုတ်တရက် အော်လိုက်လေသည်။
“ငါနားလည်သွားပြီ!”
ရောင်စုံဝတ်ရုံနှင့် ‘ယန်ရုန်ရုန်’လည်း မှင်သက်သွားပြီး သူမကို ဇဝေဇဝါဖြစ်စွာ ကြည့်နေရှာသည်။
တောက်ပနေသော မျက်လုံးများဖြင့် ယန်ရုန်ရုန် ရေရွတ်လိုက်ပါသည်။
“အရင်ကတော့ ဒီနေရာမှာ သံသရာခွင်းဘုံရှိနေလို့ ငါ့ကို မလာနိုင်အောင် ဧကရာဇ်မင်းကြီး တားဖို့ကြိုးစားခဲ့တာလို့ ထင်ခဲ့တာ… ဒါပေမယ့် အခုတော့ ငါနားလည်သွားပြီ၊ သူတကယ်ကြောက်ရွံ့နေတာက ငါ့မှတ်ဉာဏ်တွေ ပြန်ရသွားမှာကိုပဲ! ငါ့မှတ်ဉာဏ်တွေ ပြန်ရတာနဲ့ ငါ့ကျင့်ကြံခြင်းစွမ်းအားတွေလည်း ပြန်ရောက်လာလိမ့်မယ်၊ အဲ့ဒီအခါ ငါက သူ မထိန်းချုပ်နိုင်တဲ့ အတိတ်က အစွမ်းထက်တဲ့ပုဂ္ဂိုလ်မျိုး ပြန်ဖြစ်သွားမှာကို သူသိပ်ကြောက်နေတာ!”
ထိုအတွေးဖြင့် ယန်ရုန်ရုန် ဆုံးဖြတ်ချက်တစ်ခု ပြတ်ပြတ်သားသား ချလိုက်ပြီး အခိုင်အမာ ကြုံးဝါးလိုက်ပါသည်။
“ငါကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ကို သွားပြီး ဧကရာဇ်မင်းကြီးနဲ့ ရင်ဆိုင်မယ်!”
အလွန်ဆုံးဖြတ်ချက် ပြတ်သားနေသည့် သူမကို ကြည့်ရင်း ရောင်စုံဝတ်ရုံနှင့် ‘ယန်ရုန်ရုန်’လည်း သတိပေးဖို့ စိတ်ကူးမရှိတော့ဘဲ သံသရာခွင်းဘုံကို ဖွင့်ကာ သူမကို ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်သို့ ပို့ဆောင်ပေးခဲ့တော့သည်။
-
ကောင်းကင်ဘုံနန်းတော်သို့ ယန်ရုန်ရုန် ရောက်ရှိလာသည်မှာ ငါးကြိမ်မြောက်ရှိပါပြီ။
ပထမအကြိမ်တွင် စိတ်ဝင်စားမှုအပြည့်ဖြင့် သူမ ရောက်လာခဲ့သည်။ ဒုတိယအကြိမ်တွင်တော့ စမ်းသပ်သည့်သဘောဖြင့် ရောက်လာခဲ့သည်။ တတိယအကြိမ်တွင် ပြတ်သားသော ယုံကြည်ချက်ဖြင့် ရောက်လာခဲ့သည်။ စတုတ္ထအကြိမ်တွင်တော့ နာကျည်းမှုများဖြင့် သူမ ရောက်လာခဲ့သည်။
သို့သော် ဤပဉ္စမအကြိမ်တွင် ယန်ရုန်ရုန်သည် အလွန်တရာ တည်ငြိမ်နေခဲ့ပါသည်။
ဧကရာဇ်မင်းကြီးသည် စစ်တုရင်ခုံမှ အကြည့်လွှဲလိုက်ပြီး ရောက်ရှိလာသည့် ဧည့်သည်တော်ကို မော့ကြည့်ရင်း နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်ပါသည်။
“မင်းရောက်လာပြီပဲ…”
ယန်ရုန်ရုန်ကလည်း ပြန်ပြုံးပြလိုက်သည်။
“နှစ်တွေအကြာကြီး ဒီနေရာမှာ တစ်ယောက်တည်း စစ်တုရင်ကစားခဲ့ရတာ… တော်တော်ပျင်းဖို့ကောင်းမှာပဲနော် ဟုတ်တယ်မလား”
အလွန်တည်ငြိမ်နေသည့် ယန်ရုန်ရုန့်ကို ကြည့်ရင်း ဧကရာဇ်မင်းကြီး၏ အာရုံထဲ အတွေးပေါင်းစုံ ဝင်လာပါသည်။ သို့သော် သူ့မျက်နှာကတော့ တည်ငြိမ်မြဲတည်ငြိမ်နေဆဲပင်။
“အရင်တုန်းက ငါနဲ့ လာကစားတဲ့သူတွေရှိပါတယ်၊ ဒါပေမယ့် အရင်တစ်ခေါက် မဟာကပ်ဘေးကြီး ကျရောက်လာတုန်းက ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်မှာရှိတဲ့ နတ်ဘုရားတွေအားလုံးနီးပါး ပျက်သုဉ်းခဲ့ရတယ်၊ ဒီမှာ တစ်ယောက် တည်းနေရတာ နည်းနည်းတော့ အထီးကျန်ရပေမယ့် ငါနေသားကျနေပါပြီ”
ယန်ရုန်ရုန်သည် သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပါသည်။
“ကျွန်မရှင်နဲ့ တစ်ပွဲလောက် ကစားပေးမယ်”
ဧကရာဇ်မင်းကြီးသည် သူမကို နက်နဲလှသော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
ယန်ရုန်ရုန်က မျက်ခုံးတစ်ဖက်ပင့်ကာ မေးသည်။
“ဘာလဲ ရှင်မကစားချင်ဘူးလား”
ဧကရာဇ်မင်းကြီးက တိုးညှင်းစွာ ရယ်မောလိုက်သည်။
“ငါ့နားမှာ အဖော်ပြုပေးမယ့်လူမရှိတာ အတော်ကြာခဲ့ပြီ၊ မင်းအတူတူကစားပေးမယ်ဆိုတော့လည်း ငါ့အတွက် ဂုဏ်ယူစရာပါပဲ”
စစ်တုရင်ခုံပေါ်ရှိ အရုပ်များကို ယန်ရုန်ရုန် အကဲခတ်လိုက်သည်။ ထို့နောက် ဘာမှသိပ်စဉ်းစာမးနေဘဲ အနက်ရောင် နယ်ရုပ်တစ်ရုပ်ကို ကောက်ယူကာ နေရာချလိုက်ပါသည်။ ထို့နောက် နှုတ်မှလည်း မေးမြန်းလိုက်သည်။
“ကျွန်မရင်ထဲမှာ အမြဲတမ်း သိချင်နေတဲ့ သံသယတစ်ခုရှိတယ်၊ အဲ့ဒီအတွက် ရှင်အဖြေပေးနိုင်မလား”
ဧကရာဇ်မင်းကြီးသည်လည်း အဖြူရောင် နယ်ရုပ်တစ်ရုပ်ကို ကောက်ယူလိုက်သည်။ သို့သော် ယန်ရုန်ရုန်ကဲ့သို့ လျှင်မြန်ပြတ်သားမှုမရှိဘဲ စစ်တုရင်ခုံကို စိုက်ကြည့်ရင်း ရွှေ့ရမည့်အကွက်ကို သေသေချာချာစဉ်းစားကာ ပြောလိုက်ပါသည်။
“မေးကြည့်ပါ”
အချိန်အတော်ကြာမှ သူ့လက်ထဲရှိ အဖြူရောင်နယ်ရုပ်ကို နေရာချနိုင်ခဲ့ပါသည်။
ယန်ရုန်ရုန်သည် ဒုတိယနယ်ရုပ်ကို ကောက်ယူကာ လက်ထဲတွင် ကစားရင်း အေးအေးလူလူ မေးလိုက်သည်။
“ကျွန်မကို ကောင်းကင်တာအိုက ကိုယ်ထည်အဖြစ် ရွေးချယ်ခဲ့တာလို့ အရင်က ရှင်ပြောခဲ့ဖူးတယ်နော်၊ နောက်ပိုင်း ကျွန်မခန္ဓာကိုယ်ကို အကြိမ်ကြမ်သန့်စင်ပြီးတဲ့နောက်မှာ ကောင်းကင်တာအိုနဲ့ ပေါင်းစည်းသွားခဲ့တယ်၊ တစ်နည်းအားဖြင့် ကျွန်မက ကောင်းကင်တာအိုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီ၊ အဲ့တာဆို ကျွန်မက ကပ်ဘေးသယ်ဆောင်သူပါဆိုတဲ့ ဟောကိန်းတစ်ခုကို ကောင်းကင်တာအိုက ဘာလို့ ထုတ်ပြန်ခဲ့ရတာလဲ၊ အဲ့ဒီအချက်နှစ်ချက်က တစ်ခုနဲ့တစ်ခု အတိုက်အခံ ဆန့်ကျင်ဘက်ဖြစ်နေသလို မခံစားရဘူးလား”
စကားဆုံးသည်နှင့် သူမလက်ထဲက အနက်ရောင်နယ်ရုပ်ကို အသံကျယ်ကျယ်မြည်အောင် ပစ်ချလိုက်ပါသည်။
ဧကရာဇ်မင်းကြီး၏ မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် အေးစက်သွားခဲ့ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
ယန်ရုန်ရုန်က သူ့အဖြေကို စောင့်မနေဘဲ ဆက်ပြောခဲ့ပါသည်။
“ပိုင်ကျဲနတ်သားရဲရဲ့ ဟောကိန်းကတော့ မှားနိုင်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး၊ ပြီးတော့ ကျွန်မကိုယ်ထဲမှာ ရှိနေတဲ့ စွမ်းအားတွေက ကောင်းကင်တာအိုကနေ ဖြစ်တည်လာတာဆိုတာကလည်း မှားနိုင်စရာအကြောင်း မရှိဘူး၊ နှစ်ခုစလုံးက အမှန်ဆိုရင်… မှားနေတဲ့ တစ်ခုတည်းသောအရာက ကောင်းကင်တာအိုကိုယ်တိုင်ပဲ ဖြစ်နိုင်လိမ့်မယ်”
ဧကရာဇ်မင်းကြီး၏ မျက်နှာ ရုတ်တရက် မှောင်မိုက်သွားခဲ့သည်။
“မင်းစကားကို ဆင်ခြင်ပြော!”
ယန်ရုန်ရုန်သည် ကြောက်ရွံ့မှုမရှိဘဲ သူမျက်ဝန်းတွေထဲ စေ့စေ့စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။
“ကောင်းကင်တာအိုက ကျွန်မနဲ့အတူရှိနေတာလေ… အဲ့တာဆို ကျွန်မကို သုတ်သင်ဖို့ ဟောကိန်းတစ်ခုကို ဘာလို့ ထုတ်ပြန်ရမှာလဲ၊ အဖြေကနေ မေးခွန်းကို ပြန်စဉ်းစားကြည့်ရအောင်… ကောင်းကင်တာအိုက ကျွန်မကို သေစေချင်တယ်၊ သူ့ရဲ့ ကိုယ်ထည်ဖြစ်တဲ့ ကျွန်မကို ပျက်သုဉ်းစေချင်တာ၊ ကိုယ်ထည်မရှိရင် ကောင်းကင်တာအိုလည်း ပျောက်ကွယ်သွားရလိမ့်မယ်၊ အဲ့လိုတွေးကြည့်မယ်ဆိုရင် ကောင်းကင်တာအိုကိုယ်တိုင်က ဆက်ပြီး ဖြစ်တည်ဖို့ မလိုလားတော့လို့ပဲ၊ သူကိုယ်တိုင်က ပျောက်ကွယ်သွားချင်နေတာ၊ ရှင်ကသာ ကောင်းကင်တာအိုကို မစွန့်လွှတ်နိုင်ဘဲ ရသမျှနည်းလမ်းထုတ်သုံးပြီး ချုပ်နှောင်ထားခဲ့တာ!”
“တော်တော့! မင်းပါးစပ်ကို ပိတ်ထား!”
ဧကရာဇ်မင်းကြီး ဒေါသမထိန်းနိုင်တော့ဘဲ စစ်တုရင်ခုံကို လက်ဖြင့် ရိုက်ထုတ်ပစ်လိုက်ရာ နယ်ရုပ်များအားလုံး လေထဲ လွင့်စင်ကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။
သို့သော် ယန်ရုန်ရုန်ကတော့ သူ့ကို အလွတ်ပေးဖို့ အစီအစဉ်မရှိပါ။ ထို့ကြောင့် လှောင်ပြုံးပြုံးလျက် သူ လက်မခံနိုင်သော အမှန်တရားတစ်ခုကို ထုတ်ပြောလိုက်သည်။
“ကောင်းကင်တာအိုက ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ကို စွန့်ပစ်သွားတာ ကြာခဲ့ပြီပေါ့… ကျွန်မတို့အားလုံးကို စွန့်ပစ်သွားခဲ့တာ”
ထိုစကားလုံးများက ဧကရာဇ်မင်ကြီး၏ အရှိုက်ကို ထိမှန်သွားပုံရပြီး ဒေါသစိတ်ကို ချုပ်တည်းမရတော့ပေ။ ထို့ကြောင့် ယန်ရုန်ရုန်၏ လည်ပင်းကို သူဆွဲညှစ်လိုက်သည်။
ယခုအချိန်တွင် သူသည် ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်၏ အရှိန်အဝါအကြီးဆုံး အရှင်သခင်ဖြစ်သည်ဟူသည့် ဂုဏ်သိက္ခာကိုပင် မေ့လျော့နေခဲ့ပါပြီ။ သူ၏ မှောင်မိုက်ကာ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာပေါ်တွင် ဒေါသနှင့် အငြှိုးတရားများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
“မင်းကိုငါ ပါးစပ်ပိတ်ထားလို့ ပြောနေတယ်လေ၊ နားမလည်ဘူးလား!”
ယန်ရုန်ရုန် အသက်မရှူနိုင်တော့သဖြင့် မျက်နှာတစ်ခုလုံး နီရဲလာခဲ့သည်။ သို့သော် ထိုသို့ဖြစ်နေသည့် ကြားကပင် ဧကရာဇ်မင်းကြီး နားမထောင်ချင်သည့် စကားလုံးများကို အားတင်းကာ ညှစ်ပြောခဲ့ပါသည်။
“ရှင်က ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်မှာ စွမ်းအားအကြီးမားဆုံး ဧကရာဇ်မင်းပါ… ရှင့်ကိုယ်တိုင်တောင်မှ ဒီလောက်ထိ အတ္တတွေ ကြီးနေတာ တခြားသူတွေဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး၊ ရှင်တို့တွေက မသေမျိုး နတ်ဘုရားတွေဆိုတဲ့ အပေါ်ယံအရေခွံကို ခြုံထားပြီး မြင့်မြတ်သလို ဟန်ဆောင်နေကြပေမယ့် နတ်ဘုရားဖြစ်ဖို့ မထိုက်တန်ကြတော့တဲ့လူတွေပဲ၊ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ဆိုတာ မြင့်မြတ်ခမ်းနားတယ်လို့ ထင်ရပေမယ့် ရှင်တို့ရဲ့ အတ္တအပုပ်နံ့တွေနဲ့ ဖုံးလွှမ်းနေတာ… အဲ့တာကြောင့်လည်း ကောင်းကင်တာအိုက ရှင်တို့ကို စွန့်ပစ်ခဲ့တာပေါ့…”
ဧကရာဇ်မင်းကြီး ဆက်နားမထောင်နိုင်တော့ဘဲ ယန်ရုန်ရုန့် လည်ပင်းကို ချိုးကာ ခေါင်းနှင့်ခန္ဓာကိုယ်တို့ကို ပိုင်းခြားပစ်လိုက်တော့သည်။
ကြမ်းပြင်ပေါ် သွေးများအိုင်ထွန်းသွားပြီး အချို့မှာ ဧကရာဇ်မင်းကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ပက်စင်သွားခဲ့သည်။ ယခင်က ဧကရာဇ်မင်းကြီးသည် သတ်ဖြတ်သည့်အခါတွင်ပင် သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်းပြီး လူမြင်မကောင်းသည့် မြင်ကွင်းမျိုး မဖြစ်အောင် နေလေ့ရှိသော်လည်း ယခုအကြိမ်မှာတော့ ထိုစည်းကမ်းကို သူကိုယ်တိုင် ချိုးဖောက်ခဲ့လေပြီ။
ဧကရာဇ်မင်းကြီးသည် မြေပေါ်တွင် ရှိနေသည့် ယန်ရုန်ရုန်၏ အလောင်းနှင့် သွေးစွန်းနေသော သူ့လက်ချောင်းများကို တစ်လှည့်စီ ကြည့်လိုက်သည်။ သူ့မျက်နှာမှာ ယခင်တုန်းထက် ပိုမိုအကျည်းတန်လာခဲ့ပြီး တစ်ယောက်တည်း တဖွဖွ ရေရွတ်နေခဲ့တော့သည်။
“မင်းနားမလည်ဘူး… မင်းဘာမှ နားမလည်ပါဘူး”
-
ကြောင်သူတော်ကြွက်သူခိုးတစ်ယောက်၏ အတွေးများကို ယန်ရုန်ရုန် အမှန်တကယ် နားမလည်သလို နားလည်း မလည်ချင်ပေ။
စနစ်က အရေးပေါ်ပရိုတိုကောကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာပြီးနောက် သူမ၏ ဝိညာဉ်လည်း ခန္ဓာကိုယ်ထဲမှ နောက်တစ်ဖန် ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
ဤတစ်ကြိမ်တွင်တော့ ရှေးခေတ်က ခွန်းလွင်နယ်မြေသို့ သူမ ရောက်ရှိသွားခဲ့သည်။
မှတ်ဉာဏ်ထဲတွင် ဖုန့်ဟွိုက်ယွီက သူမ၏ အတိတ်ပုံရိပ်နှင့် စကားပြောနေပါသည်။
“ကောင်းကင်ဘုံကနေ မင်းထွက်လာခဲ့ပြီဆိုတော့ ပြန်မသွားနဲ့တော့လေ၊ အဲ့ဒီနေရာကို မင်းသဘောကျတာလည်း မဟုတ်ဘဲနဲ့… အခုချိန်ကစပြီး ဒီမှာပဲ နေပါ၊ ဒါမှမဟုတ် ငါနဲ့အတူ လောကအနှံ့ကို ခရီးအတူတူထွက်ချင်လား၊ မင်းလိုချင်တာကိုသာပြော ငါအားလုံးလုပ်ပေးမယ်”
ထိုကမ်းလှမ်းချက်ကို ‘သူမ’ တပ်မက်မိသော်လည်း နောက်ဆုံးတွင်တော့ ခေါင်းခါလိုက်ရပါသည်။
“မဖြစ်ဘူး… ကျွန်မ အဲ့ဒီနေရာကနေ အကြာကြီးခွဲနေလို့မဖြစ်ဘူး”
ကောင်းကင်တာအို၏ စွမ်းအင်တစ်စိတ်တစ်ပိုင်းက သူမကိုယ်ထဲတွင် ရှိနေပါသည်။ ထို့ကြောင့် ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်နှင့် အချိန်အတော်ကြာအောင် ခွဲနေလျှင် ကောင်းကင်တာအို မတည်မငြိမ် ဖြစ်လာလိမ့်မည်။
ထိုအခါ ကောင်းကင်ဘုံတစ်ခုတည်းသာမဟုတ်ဘဲ လောကသုံးပါးစလုံး ဒုက္ခရောက်ရပါလိမ့်မည်။ ကောင်းကင်ဘုံကို ‘သူမ’ ဂရုမစိုက်သော်ငြား ခွန်းလွင်နယ်မြေကိုတော့ သူမ ချစ်မြတ်နိုးပါသည်။ ဤနေရာကြီးကို မပျက်စီးစေလိုပါ။
ဖုန့်ဟွိုက်ယွီ အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း သူမကို တွန်းအားမပေးခဲ့ပေ။ ထို့နောက် သူမကို ခေါ်ဆောင်ပြီး လင်းမြစ်တွင် ငါးအတူတူမျှားခဲ့သည်။ ဝူတောင်ပေါ်မှ ဝိညာဉ်သစ်သီးများကိုခူးဆွတ်ခဲ့ကြသည်။ ထို့အပြင် ခွန်းလွင်နယ်မြေတစ်ခုလုံးရှိ ဝိညာဉ်သားရဲများကိုလည်း အတူတူ လိုက်ဖမ်းခဲ့ကြပါသည်။
သနားစရာ ဝိညာဉ်သားရဲများခမျာ တောတောင်များပေါ်တွင် ပြေးလွှားနေရပြီး ၎င်းတို့၏ ကြောက်လန့်တကြား အော်ဟစ်သံများက ပဲ့တင်သံ ထပ်နေတော့သည်။
အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် ခွန်းလွင်နယ်မြေထဲတွင် ရုတ်တရက် သက်ဝင်စည်ကားလာခဲ့သည်။ ဖုန့်ဟွိုက်ယွီကတော့ ဤမျှလောက်နှင့် မကျေနပ်နိုင်သေးဘဲ အခြားနယ်မြေများမှ စိတ်ဝင်စားစရာကောင်းပြီး ရှားပါးသည့် သားရဲများကို လိုက်လံဖမ်းဆီးခဲ့သည်။
ထိုထဲတွင် ချုံးချီသားရဲလည်း အပါအဝင်ဖြစ်ပြီး ကြိုးနှင့်တုပ်ကာ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်လာခြင်းကို ခံခဲ့ရပါသည်။