← Chapters

အခန်း (၃၃၃-၃၃၄)

Vol. 34 Ch. 333-334

အခန်း (၃၃၃-၃၃၄)

Vol. 34 Ch. 333-334

🌹Chapter 333

ချုံးချီ၏ အသွင်မှာ အခြားမိစ္ဆာသားရဲများနှင့် ခြားနားနေသဖြင့် ‘သူမ’ စိတ်ဝင်တစား မေးမြန်းကြည့်လိုက်ပါသည်။

“အဲ့တာ ဘာကောင်ကြီးလဲ”

ဖုန့်ဟွိုက်ယွီက မိတ်ဆက်ပေးလိုက်သည်။

“ချုံးချီလို့ခေါ်တယ်၊ ခွေးမိစ္ဆာတစ်မျိုးပဲ”

ချုံးချီ အလွန်ပေါက်ကွဲသွားပြီး တရစပ် အော်ဆဲလေတော့သည်။

“ခွေးမိစ္ဆာက မင်းလေ! မင်းတို့တစ်မိသားစုလုံးလည်း ခွေးမိစ္ဆာပဲ! @#@$$@ ”

၎င်းသည် အသွင်သဏ္ဌာန်အားဖြင့် ခွေးနှင့်အနည်းငယ် ဆင်တူမှုရှိသော်လည်း ခွေးမိစ္ဆာများနှင့် တစ်စက်ကလေးမှ ဆက်နွယ်မှုမရှိပါ။ ၎င်းမှာ ရှေးဟောင်းကျိန်စာသားရဲကြီးလေးပါးထဲမှ တစ်ပါးဖြစ်သော ချုံးချီသားရဲပင်။

ဖုန့်ဟွိုက်ယွီသည် ချုံးချီ၏ နှာခေါင်းကို ဆွဲညှစ်ကာ ဆဲဆိုသံများကို ပါးစပ်ထဲ ပြန်ထည့်ပေးလိုက်ပြီး ‘သူမ’ကို တောက် တောက်ပပ ပြုံးပြကာ ဆိုလိုက်ပါသည်။

“ခွေးမိစ္ဆာတွေက ဒီလိုပဲ လျှောက်ဟောင်တတ်တယ်၊ ဂရုမစိုက်နဲ့နော်”

‘သူမ’သည် ချုံးချီ၏ အမွေးထူထူ ဦးခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

“သာမန်လူသားတွေ မွေးတတ်တဲ့ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ တော်တော် တူတယ်နော်”

သူမ ‘ခွေး’ကို ဆိုလိုခြင်းဖြစ်မှန်း ဖုန့်ဟွိုက်ယွီသိသဖြင့် အကြံပြုလိုက်လေသည်။

“အဲ့တာဆို အခုချိန်ကစပြီး သူ့ကို မင်းရဲ့ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးစားလိုက်တော့လေ”

ချုံးချီ ကန့်ကွက်ချင်သော်လည်း အသုံးမဝင်ခဲ့ပေ။ ဖုန့်ဟွိုက်ယွီက သူ့ဆန္ဒကို ထုတ်ပြောဖို့ပင် အခွင့်အရေးမပေးခဲ့ပါ။

သူ၏ မြင့်မားသော ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုပြီး ချုံးချီကို ဖိနှိပ်ကာ ဝိညာဉ်သားရဲစာချုပ်ကို အတင်းအ ကျပ် ချုပ်ဆိုစေခဲ့သည်။ ထို့ကြောင့် မိမိကိုယ်ကိုယ်မိမိ အပါးနပ်ဆုံးဟု ဂုဏ်ယူဝံ့ကြွားခဲ့သည့်၊ ရှေးဟောင်းကျိန်စာ သားရဲကြီး လေးပါးထဲမှ တစ်ပါးဖြစ်သော ချုံးချီသားရဲမှာ မိန်းကလေးတစ်ယောက်၏ အိမ်မွေးတိရိစ္ဆာန်ဖြစ်သွားခဲ့ရာ မြေပေါ်တွင် လူးလှိမ့် ငိုကြွေးနေရုံသာ တတ်နိုင်တော့သည်။

ထိုအချိန်မှစ၍ ‘သူမ’သည် သံသရာခွင်းဘုံမှတဆင့် ခွန်းလွင်နယ်မြေအတွင်းသို့ မကြာခဏ ခိုးထွက်ကာ ပျော်ပါးကစားလေ့ရှိပါသည်။ ထိုနယ်မြေမှ လေထုကို ရှူရှိုက်ရလျှင် လွတ်လပ်ခြင်း၏အရသာကို ရရှိသဖြင့် ခွန်းလွင်နယ်မြေတစ်ခုလုံးကို သူမ ချစ်မြတ်နိုးပါသည်။

သို့သော် မီးဟူသည် စက္ကူဖြင့် ကြာကြာဖုံးအုပ်ထား၍ မရနိုင်ပေ။ သူမနှင့် ဖုန့်ဟွိုက်ယွီတို့ ခိုးတွေ့နေကြသည့်အကြောင်းကိုဧကရာဇ်မင်းကြီး ကြားသိသွားခဲ့သည်။

သို့သော် သူတို့ကို ဧကရာဇ်မင်းကြီး မတားဆီးနိုင်ခဲ့ပါ။ အကြောင်းမှာ ‘သူမ’သည် ကောင်းကင်တာအိုနှင့် နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းလာသည်နှင့်အမျှ သူမ၏ စွမ်းအားမှာလည်း အဆမတန် ကြီးမားလာသောကြောင့် ဖြစ်သည်။

ယခုအခါတွင် သူမ၏ ဘဝကို ဧကရာဇ်မင်းကြီး ခွန်အားတစ်ခုတည်းဖြင့် မထိန်းချုပ်နိုင်တော့ပေ။ ထို့အပြင် သူမသည် သံသရာခွင်းဘုံ၏အရှင်သခင်ဖြစ်ရာ ထိုနေရာကို သူမမှအပ အခြားမည်သူမှ မဖျက်ဆီးနိုင်ပါ။ ဧကရာဇ်မင်းကြီး ဖြစ်နေလျှင်ပင် မဖျက်ဆီးနိုင်ပေ။

ဧကရာဇ်မင်းကြီးက သူမကို ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်တွင် ပိတ်လှောင်ထားခဲ့ရခြင်း အကြောင်းအရင်းမှာ ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်တောက်ပြီး သူမ၏ စိတ်ကို ပြင်ပအရာများ လွှမ်းမိုးလာခြင်းမှ ကင်းဝေးအောင် တားဆီးဖို့ ဖြစ်ပါသည်။

သူမကို ခံစားချက်နှင့် တပ်မက်မှုကင်းမဲ့သည့် ‘ကောင်းကင်တာအို၏ ကိုယ်ထည်’အဖြစ် ထာဝရ စင်ကြယ်သွားစေချင်သည်။ သူမတွင် ကိုယ်ပိုင်ဆန္ဒများ ရှိလာခဲ့လျှင် ကောင်းကင်တာအိုပါ စွန်းထင်းသွားနိုင်ပြီး လောကသုံးပါးစလုံး ယိုယွင်းသွားနိုင်ပါသည်။

ဧကရာဇ်မင်းကြီးကလည်း ထိုကဲ့သို့ အဖြစ်မခံနိုင်ပေ။ ကပ်ဘေးသယ်ဆောင်သူနှင့် ပတ်သတ်သည့် ပိုင်ကျဲနတ်သားရဲ၏ ဟောကိန်းကို သူကြားခဲ့ပြီးပါပြီ။

ပထမတော့ ထိုဟောကိန်းကို သူဖုံးကွယ်ထားသော်လည်း ယခုအချိန်တွင် စိတ်ပြောင်းသွားခဲ့ပါပြီ။ ထို့ကြောင့် ထိုဟောကိန်းကို သက်ရှိသတ္တဝါ အားလုံးအား အသိပေးလိုက်သည်။ ထိုအခါ မဟာကပ်ဘေးကြီးကို တားဆီးဖို့အတွက် အားလုံးက ကပ်ဘေးသယ်ဆောင်သူထံသို့ ဓားဦးလှည့်လာခဲ့ကြသည်။

ပိုင်ကျဲ၏ဟောကိန်းအရ ကပ်ဘေးသယ်ဆောင်သူမှာ ခွန်းလွင်နယ်မြေအတွင်း ရှိနေသည်ဟု ဆိုသဖြင့် မရေမတွက်နိုင်အောင် များပြားသော နတ်ဘုရားများ၊ မိစ္ဆာများ၊ မကောင်း ဆိုးဝါးများက ခွန်းလွင်နယ်မြေကို ဝန်းရံခဲ့ကြသည်။

ခွန်းလွင်နယ်မြေကို စစ်မီးထဲ မပါစေချင်သဖြင့် ‘သူမ’သည် သံသရာခွင်းဘုံကို ဖြတ်ကျော်လျက် ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်သို့ ပြန်တက်ရောက်လာခဲ့ပါသည်။

ရင်းနှီးကျွမ်းဝင်နေသော အမှောင်ထုထဲသို့ သူမ ပြန်လာခဲ့ရသည်။ ထိုနေရာတွင် အဆုံးမဲ့ အထီးကျန်ခြင်းများမှအပ ဘာမှ မရှိခဲ့ပါ။

ထိုအချိန်တွင် ဧကရာဇ်မင်းကြီး တိတ်တဆိတ် ရောက်ရှိလာပြီး မိမိအလိုလျောက် ပြန်ရောက်လာသော သူမကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

“မင်းက ကပ်ဘေးသယ်ဆောင်သူဆိုတာ လူတိုင်းသိသွားကြပြီ… ဒီနေရာကြီးနေထွက်သွားတာနဲ့ မင်းကို အားလုံး အမဲလိုက်ကြတော့မှာ”

‘သူမ’ကို ဧကရာဇ်မင်းကြီးတစ်ယောက်တည်း မသတ်နိုင်သော်လည်း သတ္တဝါအားလုံး၏စွမ်းအားကို ပေါင်းစပ်လိုက်လျှင် သတ်နိုင်စွမ်း ရှိပါသည်။

ထို့ကြောင့် သူမ မသေချင်လျှင် ဤနေရာကြီးမှာ လိမ်လိမ်မာမာ ဆက်နေရလိမ့်မည်။ အမှန်တကယ်တော့ ‘သူမ’သည် သူမကိုယ်တိုင်၏ သေဆုံးခြင်း၊ ရှင်သန်ခြင်းကို ဂရုမစိုက်ပါ။ ဤငရဲခန်းတွင် နေထိုင်ရသည်မှာ သေသည်နှင့် မခြားလှပေ။

သို့သော် သူမ သေဆုံးသွားသည့်အခါ ကောင်းကင်တာအို ပျောက်ကွယ်သွားမည်ဖြစ်ပြီး ခွန်းလွင်နယ်မြေပါ ပျက်သုဉ်းသွားမည်ကို စိုးရိမ်မိပါသည်။

ဧကရာဇ်မင်းကြီး ပြန်လည်ထွက်ခွာသွားသည်ကို သူမ မျက် နှာသေဖြင့် ငေးကြည့်နေခဲ့သည်။ ထို့နောက် ဖူရှန်းကြေးမုံကို ထုတ်ကာ မျက်နှာပြင်ကို ခပ်ဖွဖွပုတ်လိုက်ရာ ခွန်းလွင်နယ်မြေ၏ ပုံရိပ်များ ပေါ်လာခဲ့ပါသည်။

ကပ်ဘေးသယ်ဆောင်သူ မရှိတော့မှန်း သိလိုက်ရသဖြင့် နတ်ဘုရားနှင့် မိစ္ဆာမကောင်းဆိုးဝါးများ ပြန်လည် ဆုတ်ခွာသွားကြသည်။ ခွန်းလွင်နယ်မြေ ဘေးကင်းလုံခြုံသွားပြီဖြစ်သော် လည်း ဖုန့်ဟွိုက်ယွီကတော့ အမျက်ဒေါသ အလွန်ကြီးမားသွားခဲ့ပါသည်။

နောက်ကွယ်မှကြိုးကိုင်နေသူမှာ ဧကရာဇ်မင်းကြီးဖြစ်မှန်း သူသိပါသည်။ ပိုင်ကျဲနတ်သားရဲ၏ သတိပေးစကားများကိုပင် သူလျစ်လျူရှုလိုက်ပြီး ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်သို့ ထပ်မံတက်လှမ်းကာ ဧကရာဇ်မင်းကြီးနှင့် ရင်ဆိုင်ခဲ့ပြန်သည်။

ဒေါသတကြီး ရောက်ရှိလာသည့် ဖုန့်ဟွိုက်ယွီကို မြင်သော အခါ ဧကရာဇ်မင်းကြီးလည်း ခြေလှမ်းနှစ်လှမ်းလောက် နောက်ဆုတ်သွားခဲ့ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်လေသည်။

“ထပ်ပြီးတိုက်ခိုက်ချင်သေးတာလား၊ ဒီတစ်ခါတော့ ငါအလျှော့ပေးမှာ မဟုတ်ဘူးနော်”

ဖုန့်ဟွိုက်ယွီကတော့ စကားတစ်ခွန်းမှ ပြန်မပြောခဲ့ဘဲ လက်နက်များကို ထုတ်ကာ ချက်ချင်းတိုက်ခိုက်တော့သည်။ ဧကရာဇ်မင်းကြီးသည်လည်း နောက်မဆုတ်ခဲ့ပေ။

သူတို့ တိုက်ပွဲထပ်မံပြင်းထန်ခဲ့ကြရာ အသစ်ပြုပြင်ထားသော ကောင်းကင်ဘုံနန်းတော်ကြီးလည်း နောက်တစ်ဖန် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားရပြန်သည်။ ထိုအခါ ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်တွင် ရှိနေသည့် နတ်ဘုရားများ အားလုံး ရောက်ရှိလာကြပြီး ဧကရာဇ်မင်းကြီးအား ကူညီကာ ဖုန့်ဟွိုက်ယွီကို ချုပ်နှောင်လိုက်ကြပါသည်။

ဖုန့်ဟွိုက်ယွီတစ်ကိုယ်လုံး စုတ်ပြတ်နေပြီး နတ်ဘုရားတုပ်နှောင်ကြိုးများဖြင့် စည်းနှောင်ခံထားရသည်။ သို့သော် သူ့ဒုက္ခကို သူ ဂရုမစိုက်ဘဲ ဧကရာဇ်မင်းကြီးကို စူးစူးဝါးဝါးစိုက်ကြည့်ကာ မေးလိုက်သည်။

“သူ့ကို လမ်းဆုံးထိရောက်အောင် တွန်းပို့မှ ဖြစ်မှာလား!”

ဧကရာဇ်မင်းကြီးသည် ဖရိုဖရဲဖြစ်သွားသော သူ၏ ဝတ်ရုံကို ပြန်လည်ပြင်ဆင်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါသူ့ကို အတင်းအကျပ် လုပ်ခိုင်းခဲ့တာ မဟုတ်ဘူး၊ ဒါသူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းပဲ”

ထို့နောက် ဖုန့်ဟွိုက်ယွီကို ကရုဏာသက်စွာ ကြည့်ရင်း ဧကရာဇ်မင်းကြီး သက်ပြင်းချလိုက်ပါသည်။

“အခု ဒီလောကကြီးမှာ သူ့ကို ချုပ်နှောင်ထားနိုင်တဲ့လူဆိုတာ မရှိတော့ဘူး၊ သူသာ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ကနေ ထွက်သွားချင်တယ်ဆိုရင် အချိန်မရွေး ထွက်သွားလို့ရတယ်၊ ဒါပေမယ့် သူဆက်နေဖို့ပဲ ရွေးချယ်ခဲ့တယ်၊ အဲ့တာ ဘာသဘောလဲဆိုတာ ငါ့ထက် မင်က ပိုသိမှာပါ”

ဖုန့်ဟွိုက်ယွီ မျက်လုံးများ နီရဲသွားခဲ့သည်။ သူ၏ နာကျင်မှုကို မြင်သော်လည်း ဧကရာဇ်မင်းကြီးက မရပ်တန့်ခဲ့ဘဲ သူ့နှလုံးသားကို ဓားဖြင့်ထိုးသကဲ့သို့ ခံစားရစေအောင် ဆက်ပြောခဲ့သည်။

“သူ့ကို တကယ်ပိတ်လှောင်ထားတာ ငါ မဟုတ်ဘူး… အဲ့တာ မင်းပဲ”

ထိုအမှန်တရားကို လက်ခံနိုင်ပုံမရဘဲ ဖုန့်ဟွိုက်ယွီ မျက်လုံးများကို မှိတ်လိုက်သည်။ ဧကရာဇ်မင်းကြီးက အေးစက်စွာ ဆိုလိုက်ပါသည်။

“သူက သက်ရှိသတ္တဝါအားလုံးကို ကာကွယ်ပေးဖို့ဆိုတဲ့ တာဝန်နဲ့ မွေးဖွားလာတဲ့လူပဲ… မင်းနဲ့ သူက လျှောက်လှမ်းရတဲ့ လမ်းချင်းဘယ်တော့မှ တူညီမှာ မဟုတ်ဘူး၊ နတ်ဘုရားအကျဉ်းထောင်ကိုသွားပြီး မင်းစိတ်ကို တည်ငြိမ်အောင် ထားလိုက်ပါ”

ဖုန့်ဟွိုက်ယွီ ရယ်ချင်သွားသည်။

“ခင်ဗျားပြောတဲ့ သက်ရှိသတ္တဝါတွေဆိုတာ ဘယ်လိုပုံစံရှိမှန်းတောင် သူသိမှာ မဟုတ်ဘူး၊ အဲ့ဒီသတ္တဝါတွေကို ကာကွယ်ပေးဖို့ဆိုတဲ့ တာဝန်ကို သူ့ကို ထမ်းဆောင်ခိုင်းခွင့် ခင်ဗျားမှာ ရှိလို့လား၊ အဲ့တာ အဓိပ္ပာယ်မဲ့လွန်းတယ်လို့ မထင်ဘူးလား”

ဧကရာဇ်မင်းကြီးသည် ထိုမေးခွန်းကို မကြားချင်ယောင်သာ ဆောင်ခဲ့ပြီး ဖုန့်ဟွိုက်ယွီကို အကျဉ်းထောင်ထဲ ပို့ဆောင်ဖို့ နတ်ဘုရားများကို အမိန့်ပေးလိုက်တော့သည်။

-

အေးစက်မှောင်မိုက်နေသည့် အကျဉ်းခန်းထဲ အချုပ်အနှောင်များစွာနှင့် ဖုန့်ဟွိုက်ယွီတစ်ယောက်တည်း တိတ်တဆိတ် ထိုင်နေခဲ့သည်။

‘သူမ’သည် ထိုမြင်ကွင်းကို ဖူရှန်းကြေးမုံမှတဆင့် မြင်နေရပါသည်။ သူ့ကို ထပ်မတွေ့သင့်တော့မှန်း သိနေသော်လည်း သူမကိုယ် သူမ မတားဆီးနိုင်ခဲ့ပါ။ ထို့ကြောင့် သံသရာခွင်းဘုံကို ထပ်ဖွင့်ကာ အကျဉ်းခန်းထဲသို့ တိတ်တဆိတ်ဝင်ရောက်လာခဲ့သည်။

လေထဲတွင် ရုန်တရက်ပေါ်လာသည့် အမျိုးသမီးကို ဖုန့်ဟွိုက်ယွီ မော့ကြည့်လိုက်ပါသည်။ ခေတ္တမှင်သက်သွားပြီးနောက် သူပျော်ရွှင်စွာ ပြုံးလျက် မတ်တပ်ထရပ်လိုက်သည်။

“နောက်ဆုံးတော့ ရောက်လာပြီပဲ! မင်း ရောက်လာမယ်ဆိုတာ ငါသိနေတယ်”

သူမသည် နှုတ်ခမ်းကို စေ့ကာ တိုးတိုးလေးပြောလိုက်သည်။

“ကျွန်မနဲ့ လိုက်ခဲ့၊ ရှင့်ကို ဒီကနေ ခေါ်ထုတ်သွားပေးမယ်”

ထို့နောက် သူမသည် သံသရာခွင်းဘုံထဲသို့ ဝင်ရန်ပြင်လိုက်သော်လည်း ဖုန့်ဟွိုက်ယွီက သူမလက်ကို ဆွဲထားခဲ့သည်။ သူမ အံ့အားသင့်သင့်သွားပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်ပါသည်။

သူမလက်ကို ဖုန့်ဟွိုက်ယွီ ကိုင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ၏ လက်ချောင်းလေးများက နူးညံ့ပျော့ပြောင်းသော်လည်း အနည်းငယ် အေးစိမ့်နေခဲ့သည်။ သူမ မရုန်းသည်ကိုမြင်သောအခါ ဖုန့်ဟွိုက်ယွီ အတင့်ရဲလာပြီး လက်ကို ပိုမိုတင်းကျပ်အောင် ဆုပ်ကိုင်လိုက်ပါသည်။

“ရုန်ရုန်… ဒီနေရာကနေ ထွက်သွားရမှာ ကိုယ်မဟုတ်ဘူး… မင်းပဲ”

သူမ ခေါင်းခါလိုက်သည်။

“ကျွန်မ အကြိမ်ကြိမ်ပြောခဲ့ပြီးပြီလေ… ဒီနေရာကြီးကနေ ကျွန်မ ထွက်သွားလို့မရဘူး”

သူမသည် ‘ထွက်မသွားချင်ခြင်း’မဟုတ်ဘဲ ‘ထွက်သွား၍မရခြင်း’သာ ဖြစ်သည်။

ထိုအချက်ကို နားလည်သည့် ဖုန့်ဟွိုက်ယွီက ခါးသီးစွာ ပြုံးလိုက်ပါသည်။

“ကိုယ်သိပါတယ်… တကယ်တော့ မင်းက အပြင်လောကကြီးကို အရမ်းမြင်ချင်ခဲ့တာလေ… ဒါပေမယ့် ဒီနေရာမှာပဲ ဆက်နေရတဲ့အကြောင်းအရင်းက ကိုယ်နဲ့ ခွန်းလွင်နယ်မြေကို ကာကွယ်ပေးချင်စိတ်ကြောင့်ပဲ မဟုတ်လား…”

သူမသည် မျက်လွှာလေးများကို ချလိုက်ပြီး သူ့စကားကို မငြင်းဆိုခဲ့ပေ။

🌹Chapter 334

ထိုစဉ် သူမနှာခေါင်းထဲသို့ သွေးနံ့အချို့ တိုးဝင်လာခဲ့သည်။

သူမ ထိတ်လန့်သွားခဲ့ပြီး ချက်ချင်း ခေါင်းမော့ကြည့်လိုက်ရာ ဖုန့်ဟွိုက်ယွီသည် ‘နတ်ဘုရားသတ်ဆူးချွန်’တစ်ချောင်းကို သူ့နှလုံးသားထဲသို့ ကိုယ်တိုင် ထိုးစိုက်လိုက်ပြီဖြစ်မှန်း မြင်လိုက်ရပါသည်။

ဒဏ်ရာအတွင်းမှ နီရဲနေသော သွေးများ စီးကျလာခဲ့ပြီး သူ၏ ဝတ်ရုံကို စွန်းထင်းသွားစေခဲ့တော့သည်။

ဖုန့်ဟွိုက်ယွီ၏ ကျင့်ကြံခြင်းအဆင့်နှင့် နတ်ဘုရားအဆင့် အတန်းအရ သူ့တွင် ရှင်သန်လိုစိတ်သာ ရှိနေသေးလျှင် မည်သူမှ သူ့ကို မသတ်နိုင်ပါ။ ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်ကို အုပ်စိုးသော ဧကရာဇ်မင်းကြီး ဖြစ်နေလျှင်ပင် သူ့ကို သုတ်သင်နိုင်မည် မဟုတ်ပေ။

ထိုအကြောင်းအရင်းကြောင့်ပဲ ကောင်းကင်ဘုံနန်းတော်တွင် ဖုန့်ဟွိုက်ယွီ အကြိမ်ကြိမ်အခါခါ သောင်းကျန်းခဲ့သော်လည်း ဧကရာဇ်မင်းကြီးက သူ့ကို ချုပ်နှောင်ရုံမှတပါး အခြားမတတ်နိုင်ခဲ့ခြင်းပင်။ ဧကရာဇ်မင်းကြီးက သူ့ကို မသတ်ချင်၍ မဟုတ်ဘဲ သတ်ဖို့ စွမ်းအားလုံလုံလောက်လောက် မရှိခြင်းကြောင့်သာ ဖြစ်သည်။

သို့သော် ယခုတော့ ဖုန့်ဟွိုက်ယွီ သေဆုံးရပါတော့မည်။

နတ်ဘုရားသတ်ဆူးချွန်တစ်ချောင်းက နှလုံးသားကို ထိုးခွင်းသွားသည့်အခါ နတ်ဝိညာဉ်ကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည်။ မည်မျှ အစွမ်းထက်သော နတ်ဘုရားဖြစ်နေပါစေ ရှင်သန်နိုင်စွမ်းမရှိတော့ဘဲ ပျောက်ကွယ်သွားရပါလိမ့်မည်။

ဖုန့်ဟွိုက်ယွီ လဲကျတော့မည်ကို မြင်သောအခါ သူမသည် အပြေးအလွှား သွားရောက် ထိန်းမပေးလိုက်သည်။

ခန္ဓာကိုယ်ချင်း နီးကပ်သွားသောအခါ ဖုန့်ဟွိုက်ယွီ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ အလျှင်အမြန်ပင် ယုတ်လျော့နေသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သူ့အသားအရေများလည်း သိသိသာသာ ဖြူဖျော့သွားခဲ့ပြီး အကျဉ်းခန်းတစ်ခုလုံးကို သွေးနံ့များ ဖုံးလွှမ်းသွားခဲ့သည်။

ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ‘သူမ’ ထိတ်လန့်ချောက် ချားသွားခဲ့ရကာ တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

“ဘာလို့လဲ… ဘာလို့ ဒီလိုလုပ်ရတာလဲ”

ဖုန့်ဟွိုက်ယွီသည် သူမ၏ ရင်ခွင်ထဲတွင် မှီခိုလျက် နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေရသော်လည်း အပြုံးမပျက်ခဲ့ပေ။

“ဧကရာဇ်မင်းကြီးကပြောတယ်… မင်းမှာ သက်ရှိသတ္တဝါအားလုံးကို ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်တဲ့… ဒါပေမယ့် ကိုယ်ကတော့ မတရားဘူးလို့ ထင်မိတယ်… အပြင်လောကကြီးကိုတောင် မင်းသေချာ မမြင်ဖူးသေးဘူး၊ သူတို့ကောင်းကျိုးအတွက်နဲ့ မင်းကို အတင်းအကျပ် စတေးခိုင်းလို့ ဖြစ်ပါ့မလား… မင်းဒီနေရာကြီးကနေ ထွက်သွားရမယ်… မင်းသွားချင်တဲ့ နေရာကို သွားနိုင်ရမယ်၊ ကိုယ် မင်းကိုတုပ်နှောင်ထားတဲ့ အချုပ်အနှောင်တစ်ခုအဖြစ် ရှိမနေချင်ဘူး… ကိုယ်… ကိုယ်မင်းကို လွတ်မြောက်စေချင်တယ်…”

‘သူမ’ ခေါင်းကို အသည်းအသန် ခါယမ်းလိုက်ပြီး ငြင်းဆန်နေမိသည်။

“ရှင်က ကျွန်မရဲ့ အချုပ်အနှောင် မဟုတ်ပါဘူး! ရှင့်ကြောင့်သာ မဟုတ်ရင် ဒီလောကကြီးထဲမှာ အရသာရှိတဲ့ အစားအ သောက်တွေ၊ လှပတဲ့ ရှုခင်းတွေရှိနေမှန်း ကျွန်မသိခဲ့မှာ မဟုတ်ဘူး… ကျွန်မကို ဘဝရဲ့နွေးထွေးမှုတွေ ခံစားရအောင် ဖန်တီးပေးခဲ့တဲ့သူက ရှင်ပါ… ရှင်က ကျွန်မအတွက် အရမ်းအရေးပါတယ်၊ မသေပါနဲ့… ကျွန်မတောင်းပန်ပါတယ်… ကျေးဇူးပြုပြီး မသေပါနဲ့”

ဖုန့်ဟွိုက်ယွီ အားစိုက်ထုတ်ကာ လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး သူမ၏ မျက်ဝန်းထောင့်များကို ပွတ်သပ်ပေးရင်း အားနည်းပျော့ညံ့စွာပြောလိုက်သည်။

“မငိုပါနဲ့…”

ထိုအခါမှသာ ‘သူမ’သည် မိမိကိုယ်မိမိ ငိုနေမှန်း သတိပြုမိခဲ့ပါသည်။ သူမ၏ ခန္ဓာတွင် စိတ်ခံစားချက်ဟူသည် ဖြစ်တည်လာစဉ်ကတည်းက ဘယ်လို ခံစားချက်ကိုမှ မခံစားခဲ့ရပါ။

ဖုန့်ဟွိုက်ယွီနှင့် ဆုံတွေ့မှသာ အရာရာ ပြောင်းလဲခဲ့ရသည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးများ ရှိလာခဲ့သည်။ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ချမ်းမြေ့ခြင်းတို့အနက် ဝမ်းနည်းခြင်းမှအပ ခံစားချက်ပေါင်းစုံကို သူမ ခံစားခဲ့ဖူးပါပြီ။

ယခုတော့ ‘ပူဆွေးခြင်း’ဟူသည်ကို သူမ နားလည်ခဲ့ရလေပြီ။

ဖုန့်ဟွိုက်ယွီသည် သူမ၏ မျက်နှာလေးကို တမ်းတမ်းတတ ငေးကြည့်ရင်း တီးတိုးပြောလိုက်သည်။

“မတောင်းပန်ပါနဲ့… မင်းဘယ်သူ့ကိုမှ တောင်းပန်စရာမလိုဘူး…”

‘သူမ’သည် ဖုန့်ဟွိုက်ယွီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်စွမ်းအင်အချို့ ထည့်ပေးရင်း သွေးထွက်မှုကို တားဆီးရန် အသည်းအသန် ကြိုးစားခဲ့ပါသည်။ သို့သော် အသုံးမဝင်ခဲ့ပေ။

သွေးများက အဆက်မပြတ် စီးထွက်လာခဲ့ပြီး တားဆီးဖို့ မဖြစ်နိုင်ခဲ့ပါ။ ဖုန့်ဟွိုက်ယွီက သူမကို အင်အားတွေ မဖြုန်းတီးတော့ဖို့ တားမြစ်လိုက်ပါသည်။

အမှန်တကယ်တော့ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်တွင် ဧကရာဇ်မင်းကြီးကို ဖုန့်ဟွိုက်ယွီ လာရောက် တိုက်ခိုက်ခဲ့ခြင်းမှာ ‘သူမ’အမြဲတမ်း စောင့်ကြည့်နေလိမ့်မည်ဟု ယုံကြည်ထားခြင်းကြောင့်ပင်။

သူသာ နတ်ဘုရားအကျဉ်းထောင်ထဲ ရောက်ရှိလာခဲ့လျှင် ‘သူမ’ ကျိန်းသေပေါက် လာတွေ့မည်ဖြစ်မှန်း ဖုန့်ဟွိုက်ယွီ ယုံကြည်ထားခဲ့သည်။ သူ့ယုံကြည်ချက်များ အလကားမဖြစ်ခဲ့ပါ။ ‘သူမ’အမှန်တကယ် ရောက်ရှိလာခဲ့သည်။

ဤအခွင့်အရေးကို အသုံးချပြီး သူပြောချင်သမျှကို ထုတ်ပြောခဲ့ပါသည်။

“သက်ရှိသတ္တဝါတိုင်းမှာ ကိုယ်ပိုင် ကံကြမ္မာတွေ ရှိကြတယ်၊ အဲ့ဒီကံကြမ္မာတွေကို ပြောင်းလဲချင်ရင် သူတို့အတွက်သူတို့ အားထုတ်ကြိုးစားရမယ်လေ… အဲ့ဒီတာဝန်ဝတ္တရားတွေကို မင်းတစ်ယောက်တည်းရဲ့ ပခုံးပေါ် ပုံချလို့ ဘယ်ဖြစ်ပါ့မလဲ၊ ဒီနေရာကြီးကနေ ထွက်သွားပါ၊ မင်းသွားချင်တဲ့နေရာကိုသာသွား… ပြန်မလာပါနဲ့… ထပ်ပြီး ချုပ်နှောင်မခံရစေနဲ့တော့…”

မျက်ရည်များကြောင့် ‘သူမ’၏ အမြင်အာရုံများ ဝေဝါးလာခဲ့ပြီး ထိန်းမနိုင်သိမ်းမရ ရှိုက်ငိုနေမိသည်။

“ကျွန်မ… ကျွန်မ ဘယ်သွားမလဲ မသိဘူး”

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြား လောကသုံးပါးစလုံးက အလွန်ကျယ်ပြန့်ပြီး အဆုံးမဲ့လှပါသည်။ သို့သော် ထိုကျယ်ပြောမှုများအကြား သူမအတွက် နေရာတစ်ခုပင် မရှိပေ။

ယခု ‘သူမ’သည် ကပ်ဘေးသယ်ဆောင်သူဖြစ်ကြောင်း အားလုံး သိရှိသွားခဲ့ကြပြီဖြစ်၍ သူမကို သုတ်သင်ဖို့ ကြိုးစားကြတော့မည်မှာ သေချာပါသည်။ ထို့ကြောင့် သူမအတွက် နေရာဟူသည်မှာ ပိုလို့ပင်ရှားပါးသွားခဲ့ပါပြီ။

ဖုန့်ဟွိုက်ယွီက သူမကို ခွန်းလွင်နယ်မြေသို့ သွားရောက်ဖို့ ပြောချင်ခဲ့သော်လည်း သူသေဆုံးသွားပြီးနောက်တွင် ခွန်းလွင်နယ်မြေပါ ကျိန်းသေပေါက် ကျဆုံးသွားတော့မည်ဖြစ်မှန်း နားလည်လိုက်ပါသည်။ သူမအတွက် ထိုနေရာက လုံခြုံမှာ မဟုတ်တော့ပေ။

ထို့ကြောင့် ဖုန့်ဟွိုက်ယွီ ပြောလိုက်သည်။

“ဒီကမ္ဘာကြီးက မင်းကို လက်မခံနိုင်တော့ဘူးဆိုရင် အခြားကမ္ဘာတစ်ခုကို သွားလိုက်ပါ… ကမ္ဘာပေါင်း သုံးထောင်မှာ မင်းသဘောကျတဲ့ ကမ္ဘာတစ်ခု ရှိနိုင်လိမ့်မယ်… အဲ့ဒီကမ္ဘာကို ရောက်ရင် မင်းလွတ်လွတ်လပ်လပ် နေနိုင်မှာပါ… တစ်နေ့နေ့တစ်ချိန်ချိန် ကိုယ့်ကို သတိရလာတဲ့အခါ ပြန်လာတွေ့လှည့်ပေါ့… အဲ့ဒီအချိန်ကျရင် ကိုယ်လည်း အခြားအသွင်တစ်ခုနဲ့ ပြန်ဝင်စားလာလောက်ပြီ၊ မင်းကိုယ့်ကို မမှတ်မိလောက်တော့ပေမယ့်… ကိုယ်ကတော့ မင်းကို ကျိန်းသေ မှတ်မိနေမှာပါ…”

‘သူမ’အသက်ပင် မရှူနိုင်တော့လောက်အောင် ငိုကြွေးနေမိသည်။ စကားမပြောနိုင်တော့သဖြင့် ခေါင်းကိုသာ အသည်းအသန် ခါယမ်းနေခဲ့သည်။

ဖုန့်ဟွိုက်ယွီ၏ အမြင်အာရုံများ တဖြည်းဖြည်း မှောင်မိုက်လာပြီး ‘သူမ’၏ ပါးကိုထိတွေ့ထားသည့် သူ့လက်လည်း ဖြည်းဖြည်းချင်း လျှောကျလာခဲ့သည်။ သို့သော် သူကျီစယ်ချင်ယောင်ဆောင်ပြီး ခက်ခက်ခဲခဲ ပြောလိုက်သေးသည်။

“ကိုယ်ပြောတာ မယုံဘူးလား… ဒါဆို အလောင်းအစားတစ်ခုလုပ်ရအောင်၊ ကိုယ်နိုင်ရင်…မင်း… မင်းကတိတစ်ခု ပေးရမယ်”

“ဘာကတိပဲဖြစ်ဖြစ် ကျွန်မ ပေးပါ့…”

သို့သော် သူမ စကားမဆုံးခင် ဖုန့်ဟွိုက်ယွီ မျက်လုံးများ မှိတ်သွားပြီး အသက်ရှူသံများ ရပ်တန့်သွားခဲ့သည်။ သူ့အမည်ကို ထပ်ခါတလဲလဲ ခေါ်ဆိုခဲ့သော်လည်း အသုံးမဝင်တော့ပေ။ သူမ၏ အသံကို ဖုန့်ဟွိုက်ယွီ မကြားနိုင်တော့ပါ။

‘သူမ’အချိန်အတော်ကြာအောင် ငိုကြွေးခဲ့သည်။ နောက်ဆုံးတော့ ရက်စက်သည့် အမှန်တရားကို လက်ခံခဲ့ရပါသည်။ ဖုန့်ဟွိုက်ယွီ သေဆုံးသွားခဲ့လေပြီ။ သူမ ဘယ်လိုပဲ ကြိုးစားပါစေ သူပြန်လည် နိုးထလာနိုင်တော့မည် မဟုတ်ပေ။

ဧကရာဇ်မင်းကြီးက သူမကို အကြိမ်ကြိမ်အခါခါ ဦးနှောက်ကျင်းခဲ့ပြီး တာဝန်ဝတ္တရားအားလုံးကို ပခုံးတင်ထမ်းခိုင်းခဲ့သည်။ ကမ္ဘာလောကကြီးအတွက်ဟုဆိုကာ သူမကိုယ်သူမ စတေးခိုင်းခဲ့သည်။

သို့သော် ယခုတော့ ဖုန့်ဟွိုက်ယွီက သူ့ကိုယ်သူ စတေးပြီး သူမကို လွတ်မြောက်စေခဲ့ပါပြီ။

‘သူမ’၏ မျက်ရည်များကို သုတ်ပစ်လိုက်ပြီး ဖုန့်ဟွိုက်ယွီဘေးနားရှိ အချုပ်အနှောင်များကို အားသုံးကာ ချိုးဖျက်ပစ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို သံသရာခွင်းဘုံထဲသို့ သယ်ဆောင်သွားခဲ့ပါသည်။

အချုပ်အနှောင်များ ပျက်စီးသွားသည့်အခါ နတ်ဘုရားအကျဉ်းထောင်အတွင်းရှိ အစီအရင်များ ပွင့်သွားပြီး အသိပေးသံများ မြည်ဟည်းလာခဲ့သည်။ ဧကရာဇ်မင်းကြီးနှင့် နတ်ဘုရားများ ရောက်ရှိလာချိန်တွင် အကျဉ်းခန်းထဲ သွေးအိုင်တစ်ကွက်မှအပ ဘာမှ မရှိတော့ချေ။

သူမသည် ဖုန့်ဟွိုက်ယွီကို ခွန်းလွင်နယ်မြေသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ ပထမဦးဆုံး သူ့ရင်ဘတ်ထဲရှိ နတ်ဘုရားသတ်ဆူးချွန်ကို ဆွဲထုတ်ကာ သူမဝတ်ရုံထဲ ထည့်သိမ်းထားလိုက်သည်။ ထို့နောက် သူမ၏ ကျင့်ကြံခြင်း စွမ်းအားများကို အသုံးပြုလျက် သူ့ဒဏ်ရာကို ကုသပေးကာ သွေးများကို သန့်စင်ပေးခဲ့သည်။ ထို့နောက် ဝတ်ရုံအသစ်များ ပြောင်းလဲဝတ်ဆင်ပေးခဲ့သည်။

ဖုန့်ဟွိုက်ယွီကို သူမ မြေမမြှုပ်ခဲ့ဘဲ သူအသုံးပြုလေ့ရှိသည့် ကုတင်ပေါ်တွင်သာ လှဲလျောင်းစေခဲ့ပြီး ပိုးသားစောင်လေးတစ်ထည်ဖြင့် ခြုံပေးခဲ့သည်။ ရုတ်တရက်ကြည့်လိုက်လျှင် သူ့ပုံစံမှာ အိပ်ပျော်နေသည်ဟုသာ ထင်ရပါသည်။

ထိုစဉ် ချုံးချီအသည်းအသန် ပြေးဝင်လာပြီး အော်ဟစ်လေသည်။

“မင်းဒီမှာရှိမှန်း ဟိုကောင်တွေ သိသွားကြပြီ! အခု ခွန်းလွင်နယ်မြေကို ထပ်ဝန်းရံနေကြပြီ၊ ငါတို့ ဘာလုပ်ကြမလဲ!”

အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ဖြစ်ရသည်ကို ချုံးချီ သဘောမကျသော်လည်း ခွန်းလွင်နယ်မြေတွင် အချိန်အတော်ကြာအောင် နေထိုင်ပြီးနောက် ဤနေရာကို အတော်လေးသဘောဘကျလာခဲ့သည်။ ယခုတော့ ‘ငါတို့’ဟူ၍ပင် သုံးနှုန်းပြောဆိုတတ်နေပါပြီ။

‘သူမ’သည် ဖုန့်ဟွိုက်ယွီ၏ ပါးကလေးကို ထိတွေ့ရင်း တီးတိုးပြောလိုက်သည်။

“ကျွန်မတို့ ကတိပြုထားတာကို အမှတ်ရနေမယ်နော်… ရှင်လည်း မမေ့လိုက်ပါနဲ့၊ ဂရုစိုက်ပါ”

ထို့နောက် ခွန်းလွင်နယ်မြေအတွင်းရှိ မိစ္ဆာသားရဲနှင့် ဝိညာဉ်သားရဲများအားလုံးကို ‘သူမ’ဆင့်ခေါ်ခဲ့သည်။ ချုံးချီနှင့် ချုပ်ဆိုထားသည့် ဝိညာဉ်သားရဲစာချုပ်ကို ဖျက်သိမ်းကာ သူ့အား လွတ်မြောက်ခွင့် ပေးလိုက်သည်။ ထို့နောက် မဟာကပ်ဘေးကြီး ကျရောက်လာချိန်တွင် ချုံးချီ၏ ညီအစ်ကို သုံးယောက်ကို ကယ်တင်ပေးမည်ဟုလည်း ကတိပြုခဲ့ပါသည်။

သူမဘက်က ပြန်တောင်းဆိုသည့် တစ်ခုတည်းသောတောင်း ဆိုချက်ဟူ၍ ခွန်းလွင်နယ်မြေအတွင်းရှိ သားရဲများကို ချုံးချီ ခေါ်ထုတ်သွားပေးပြီး အနီးနားရှိလျှို့ဝှက်သောနေရာတစ်ခုတွင် သွားရောက်နေထိုင်ကြစေဖို့သာ။

All Chapters