အခန်း (၃၃၅-၃၃၆)
Vol. 34 Ch. 335-336
🌹Chapter 335
ချုံးချီသည် မိစ္ဆာသားရဲနှင့် ဝိညာဉ်သားရဲအားလုံးကို ခေါ်ဆောင်သွားပြီးနောက် ခွန်းလွင်နယ်မြေအတွင်း ‘သူမ’တစ်ဦးတည်းသာ ကျန်ခဲ့တော့သည်။
ခွန်းလွင်နယ်မြေအပြင်ဘက်တွင် လူအင်အားများ ပိုမိုစုဝေးလာသည်ကို ‘သူမ’ အာရုံခံမိပါသည်။ ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်မှ နတ်ဘုရားများသာမက အားလုံးထဲတွင် အရှိန်အဝါအကြီးဆုံးနှင့် အင်အားအကြီးဆုံးဖြစ်သော ဧကရာဇ်မင်းကြီးကိုယ်တိုင်ပါ ရောက်ရှိလာခဲ့လေပြီ။
ထိုသူများသည် ခွန်းလွင်နယ်မြေ၏ အကာအရံကို ချိုးဖောက်ဖျက်ဆီးပစ်ဖို့ ကြိုးစားနေကြသည်။ ထိုအကာအရံများ ပျက်စီးသွားသည်နှင့် နယ်မြေအတွင်းသို့ ဝင်ရောက်လာနိုင်ပြီး နယ်မြေတစ်ခုလုံး ပျက်စီးရပေတော့မည်။
‘သူမ’သည် ရွှမ်ကျီးကလောင်တံကို ထုတ်ယူလိုက်သည်။ မြစိမ်းရောင် ကလောင်တံမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ခွန်းလွင်နယ်မြေတစ်ခုလုံးကို လျှင်မြန်စွာ ဝှေ့ယမ်း ရေးဆွဲလိုက်ပါသည်။
ခွန်းလွင်နယ်မြေတစ်ခုလုံးကို ရေးဆွဲပြီးသွားသောအခါ သူမ၏ လက်ထဲတွင် ပန်းချီစာလိပ်တစ်ခု ရောက်လာခဲ့သည်။ ခွန်းလွင်နယ်မြေကြီးတစ်ခုလုံး ရုတ်တရက်ပျောက်ကွယ်သွားပြီး ထိုပန်းချီစာလိပ်အတွင်းရှိ ပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲသွားခဲ့တော့သည်။
‘သူမ’သည် ပန်းချီစာလိပ်ကို သိမ်းဆည်းလိုက်ပြီး ကျန်ရှိနေခဲ့သည့် ဖုန်သဲအပြည့်နှင့် မြေရိုင်းလွင်ပြင်ကြီးကို ငေးကြည့်လိုက်သည်။
အကာအရံများကို ချိုးဖျက်ဖို့ အသည်းအသန် ကြိုးစားနေကြသူများလည်း ခွန်းလွင်နယ်မြေကြီးတစ်ခုလုံး ပျောက်ချင်းမလှ ပျောက်ကွယ်သွားသည်ကိုမြင်ကာ ထိတ်လန့်ချောက်ချားသွားခဲ့ကြသည်။
ခွန်းလွင်နယ်မြေပျောက်ဆုံးသွားရခြင်းမှာ ‘သူမ’၏ လက်ချက်ဖြစ်မှန်း ဧကရာဇ်မင်းကြီး သိပါသည်။ သို့သော် သူ့အတွက် အရေးမပါလှပေ။ သူမကို ချက်ချင်း ပြန်ခေါ်သွားနိုင်ဖို့ကသာ အရေးကြီးပါသည်။
အားလုံးက သူမကို ကပ်ဘေးသယ်ဆောင်သူဟု ယုံကြည်နေကြပြီး သုတ်သင်ရှင်းလင်းချင်နေကြသည်။ ဧကရာဇ်မင်းကြီးတစ်ယောက်တည်းသာ အမှန်တရားကို သိထားပါသည်။ သူမသည် ကောင်းကင်တာအိုနှင့် နက်ရှိုင်းစွာ ပေါင်းစပ်ထားသဖြင့် သူမသာ သေဆုံးသွားလျှင် ကောင်းကင်တာအိုလည်း ချက်ချင်း ပျောက်ကွယ်သွားရလိမ့်မည်။
ထိုအခါမှ အမှန်တကယ် ကပ်ဆိုက်ရပေလိမ့်မည်။
ဧကရာဇ်မင်းကြီး ရှေ့သို့ ပျံထွက်သွားခဲ့ပြီး သူမကို လေးလံစွာ သတိပေးလိုက်သည်။
“ငါနဲ့အမြန်လိုက်ခဲ့စမ်း၊ အခုမင်းကို ကာကွယ်ပေးနိုင်တာ ငါတစ်ယောက်ပဲ ရှိတော့တယ်!”
‘သူမ’ ရယ်သာ ရယ်မောမိတော့သည်။
“ရှင်ပြောတော့ ကျွန်မမှာ သက်ရှိသတ္တဝါအားလုံးကို ကာကွယ်ပေးရမယ့် တာဝန် ရှိတယ်ဆို၊ အခုတော့ ကြည့်ပါဦး… အားလုံးက ကျွန်မကို သေစေချင်နေကြတာ… အဲ့ဒီတော့လည်း သူတို့ဆန္ဒကို ကျွန်မ ဖြည့်ဆည်းပေးရတာပေါ့”
စကားဆုံးသည်နှင့် သူမ၏ ဝတ်ရုံအတွင်းမှ နတ်ဘုရားသတ်ဆူးချွန်ကို ထုတ်ယူလိုက်သည်။
ဧကရာဇ်မင်းကြီး မျက်စိမျက်နှာ အကြီးအကျယ်ပျက်ကာ သိက္ခာပင် မဆည်နိုင်တော့ပေ။
“မလုပ်နဲ့!”
ဧကရာဇ်မင်းကြီးသည် ဝိညာဉ်စွမ်းအင်မြောက်များစွာကို ထုတ်လွှတ်ပြီး သူမလက်ထဲမှ ဆူးချွန်ကို လုယူဖို့ ကြိုးစားလိုက်ပါသည်။
သို့သော် သူ့စွမ်းအင်များ အနားမကပ်နိုင်ခင်မှာပင် မမြင်နိုင်သည့် အကာအရံတစ်ခုကြောင့် လွင့်ပျယ်သွားခဲ့ရသည်။ သူမ၏ ဘေးပတ်လည်တွင် သန့်စင်ပြီး အားကောင်းလှသည့် ဝိညာဉ်စွမ်းအင်များ ဝန်းရံနေသည်ဖြစ်ရာ သူမ အသက်ရှင်နေသေးသရွေ့၊ ထိုစွမ်းအင်များ ပျက်ပျယ်မသွားသေးသရွေ့ သူမအနားသို့ မည်သူမှ ကပ်နိုင်မည် မဟုတ်ပေ။
‘သူမ’သည် နတ်ဘုရားသတ်ဆူးချွန်ကို ကိုင်မြောက်လိုက်ပြီး အေးစက်ချွန်ထက်နေသော ထိပ်ဝအား သူမ၏ နှလုံးသားတည့်တည့်သို့ ချိန်ရွယ်လိုက်သည့် မြင်ကွင်းကို ဧကရာဇ်မင်းကြီး ဒီတိုင်း ရပ်ကြည့်နေရသည်။
ဧကရာဇ်မင်းကြီးသည် အကာအရံကို ချိုးဖောက်ဖို့ အားကုန်ထုတ်ကာ ကြိုးစားသော်လည်း မအောင်မြင်ဘဲ အကာအရံ၏ တွန်းလှန်ခြင်းကို ခံရကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ရုပ်ပျက်ဆင်းပျက် ပြုတ်ကျသွားခဲ့တော့သည်။
‘သူမ’ကိုတစ်ယောက်တည်း တားဆီးနိုင်တော့မှာ မဟုတ်မှန်း ဧကရာဇ်မင်းကြီး သိလိုက်သဖြင့် အခြားသူများကို တောင်းတောင်းပန်ပန်ကြည့်ကာ အော်ဟစ်အကူအညီတောင်းရတော့သည်။
“သူ့ကို တားကြစမ်း! သူ့ကို တားမှဖြစ်မယ်! သူသေသွားလို့မရဘူး!”
သို့သော် မည်သူမှ မလှုပ်ခဲ့ကြပေ။ အားလုံးက ဧကရာဇ်မင်းကြီးကို အူကြောင်ကြောင် မျက်လုံးများဖြင့်သာ ကြည့်နေကြသည်။ သူတို့အားလုံး၏ အမြင်တွင်တော့ ‘သူမ’သည် မဟာကပ်ဘေးကြီးကို ကျရောက်စေမည့် ကပ်ဘေးသယ်ဆောင်သူသာ ဖြစ်သည်။
သူမကို သုတ်သင်နိုင်ဖို့အတွက် သူတို့ မိုင်ပေါင်းသောင်းနှင့်ချီအောင် ခရီးနှင်လာခဲ့ရသည်။ ယခု ကပ်ဘေးသယ်ဆောင်သူက မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြံစည်နေသဖြင့် သူတို့အတွက် ကောင်းမွန်သည့် ရလဒ်ပင် မဟုတ်ပါလား။
ဧကရာဇ်မင်းကြီး ဘာကြောင့် အသည်းအသန် တားဆီးဖို့ ကြိုးစားနေရသလဲ သူတို့ နားမလည်နိုင်ကြပေ။ အမှန်တကယ် ဆန်းကြယ်လွန်းပါသည်။
ဧကရာဇ်မင်းကြီးမှာလည်း ထုတ်ပြော၍မရသည့် အကြောင်းအရာများကြောင့် အလွန်ခါးသီးသွားခဲ့ရသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ‘သူမ’ ရယ်ချင်စိတ် ဖြစ်မိသည်။ သူမ ဘာအပြစ်မှ ကျူးလွန်မထားမှန်း အားလုံး သိကြပါသည်။ သို့သော် ကပ်ဘေးသယ်ဆောင်သူဟု ခေါင်းစဉ်တပ်ခံရရုံနှင့် သူမကို အားလုံး သတ်ဖြတ်ချင်နေကြသည်။ သူတို့ ရှင်သန်နိုင်အောင် မဟာကပ်ဘေးကြီးကို တားဆီးဖို့အတွက် ဤသို့ အသည်းအသန် ကြိုးစားနေကြရခြင်းပင်ဖြစ်သည်။
‘သူမ’သည် သူတို့၏ အလိုကျအတိုင်း ဖြစ်ခွင့်မပေးနိုင်ပေ။ အငြှိုးတရားကို မေတ္တာတရားဖြင့် သူမ မတုန့်ပြန်နိုင်ပါ၊ တစ်ကိုယ်ကောင်းသမားများအတွက် သူမကိုယ်သူမ စတေးမပေးနိုင်ပေ။
အားလုံးက ‘သူမ’ကို ရှင်သန်ခွင့်မပေးကြသဖြင့် သူမဘက်ကလည်း အားလုံးကို အလွတ်ပေးမည် မဟုတ်တော့ပေ။
နတ်ဘုရားသတ်ဆူးချွန်ကို အားဖြင့်ဖိကာ သူမရင်ဘတ်ထဲ ထိုးစိုက်ပစ်လိုက်သည်။ ထိုအခါ သွေးများပန်းထွက်လာကာ ကြယ်တစ်စင်း ကြွေကျသည့်ပမာ ကောင်းကင်ပေါ်မှ သူမ ပြုတ်ကျလာခဲ့ပြီး သံသရာခွင်းဘုံအတွင်းသို့ ကျရောက်သွားခဲ့တော့သည်။
တိမ်ကင်းစင်နေသည့် ကောင်းကင်ယံမှာ ရုတ်တရက် အရောင်ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ကောင်းကင်ကြီး ပြိုကျကာ မြေပြင်များ အက်ကွဲလျက် မီးမိုးများ ရွာသွန်းလာခဲ့တော့သည်။
အားလုံး သွေးပျက်သွားခဲ့ကြရသည်။
‘ဘာလို့လဲ… ကပ်ဘေးသယ်ဆောင်သူ သေသွားပြီလေ… မဟာကပ်ဘေးကြီး ဘာလို့ ကျရောက်လာသေးတာလဲ!’
-
ယန်ရုန်ရုန်သည် သူမ၏ဝိညာဉ် ခန္ဓာကိုယ်ထဲသို့ ဘယ်အချိန် ပြန်ရောက်သွားမှန်းပင် မသိလိုက်ပေ။ သတိပြန်လည်လာချိန်တွင် သူမသည် သံသရာခွင်းဘုံထဲ ပြန်လည်ရောက်ရှိနေခဲ့ပါပြီ။
ရောင်စုံဝတ်ရုံနှင့် ‘ယန်ရုန်ရုန်’က လေးနက်စွာ မေးလိုက်သည်။
“သေချာရဲ့လား၊ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူ့ကို တွေ့ရင်တောင်…”
သူမ စကားမဆုံးခင် ကြက်သေသေသွားခဲ့ရပြီး အံ့အားသင့်စွာ မေးမြန်းလိုက်ပါသည်။
“ဘာလို့ ငိုနေတာလဲ”
ထိုအခါမှ သူမ မျက်ဝန်းများ စိုစွတ်နေမှန်း ယန်ရုန်ရုန် သတိထားမိသွားသည်။ မျက်ရည်များကို ပျာပျာယာယာ သုတ်ရင်း ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပါသည်။
“ဘာရယ် မဟုတ်ပါဘူး… ကျွန်မ မှတ်မိသွားတဲ့အရာတချို့ရှိလို့လေ… စိတ်မထိန်းနိုင်လို့ပါ”
ရောင်စုံဝတ်ရုံနှင့် ယန်ရုန်ရုန်က သူမကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီး သဘောပေါက် နားလည်သွားခဲ့သည်။
“ကြည့်ရတာ အားလုံးကို မင်းမှတ်မိသွားပြီထင်တယ်… လာပါ ခဏလောက် ဖက်ထားရအောင်”
ယန်ရုန်ရုန် မငြင်းဆန်နိုင်ခင် သူမ၏ အတိတ်ပုံရိပ်က လက်နှစ်ဖက်ကို ဆန့်တန်းလျက် သူမကို ပွေ့ဖက်လိုက်တော့သည်။ ထိုအမျိုးသမီးသည် ရုပ်ခန္ဓာမရှိသော ဝိညာဉ်အပိုင်းအစတစ်ခုသာ ဖြစ်သော်ငြားလည်း ‘သူမ’ထံမှ နွေးထွေးမှုအချို့ကို ယန်ရုန်ရုန် ခံစားမိပါသည်။
ထို့နောက် သူမ၏ အတိတ်ပုံရိပ်က ဆိုလိုက်သည်။
“ပြန်လည်ကြိုဆိုပါတယ်”
ယန်ရုန်ရုန် အသက်ဝဝရှူလိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ ‘သူမ’ကို ပြန်လည် ပွေ့ဖက်လိုက်ပါသည်။ ထိုအမျိုး သမီး၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မှုန်ရီဝေဝါးသွားခဲ့ပြီး နောက်ဆုံးတွင်တော့ နူးညံ့မှေးမှိန်သည့် အလင်းစက်လေးတစ်ခုအဖြစ် အသွင်ပြောင်းကာ ယန်ရုန်ရုန့် ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားတော့သည်။
ယခုအချိန်တွင် ယန်ရုန်ရုန်သည် မှတ်ဉာဏ်အားလုံးကို ပြန်လည်ရရှိလိုက်ရုံတင်မကဘဲ ကျင့်ကြံခြင်း စွမ်းအားများကိုပါ အပြည့်အဝ ပြန်လည်ရရှိလိုက်ပါပြီ။
ပြင်ပအကူအညီများကို သူမ မလိုအပ်တော့ဘဲ သံသရာခွင်းဘုံအား လိုသလို ထိန်းချုပ်နိုင်လေပြီ။ သံသရာခွင်းဘုံထဲတွင် ရှိသမျှအရာအားလုံးကို သူမ အာရုံခံနိုင်သည်။
ထို့ကြောင့် ရင်းနှီးကျွမ်းဝင်နေသည့် စာလိပ်တစ်ခုကို အလျှင်အမြန်ရှာဖွေလိုက်ပါသည်။ ထို့နောက် သူမ လက်ကို မြှောက်လိုက်ရာ စာလိပ်မှာ ပြေကျသွားခဲ့ပြီး ခွန်းလွင်နယ်မြေ၏ ရှုခင်းများ အထင်းသား ပေါ်လာခဲ့တော့သည်။
ယန်ရုန်ရုန်သည် ပန်းချီကားကို လက်ချောင်းထိပ်လေးများဖြင့် အသာအယာထိတွေ့ကြည့်လိုက်ပြီး နှလုံးသားထဲမှာလည်း လွမ်းဆွတ်တမ်းတမှုတို့ကို ခံစားလိုက်ရသည်။ ထိုပန်းချီစာလိပ်ကို ချန့်ခွင်းအိတ်ထဲသို့ ထည့်သိမ်းထားလိုက်ပြီး ယန်ရုန်ရုန် သံသရာခွင်းဘုံကို ဖွင့်ကာ ဝင်ရောက်သွားခဲ့သည်။
သံသရာခွင်းဘုံအတွင်းမှ ပြန်ထွက်လာသောအခါ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ရှိ ကောင်းကင်ဘုံနန်းတော်သို့ ချက်ချင်း ရောက်ရှိလာခဲ့ပါသည်။
ဧကရာဇ်မင်းကြီးသည် စစ်တုရင်ခုံကို ကြည့်ကာ လေးလေးနက်နက် စဉ်းစားနေဆဲပင်။ ထိုစဉ် ဖြူဖွေးသည့် လက်တစ်ဖက်က ရုတ်တရက်ပေါ်လာပြီး သူ့လက်ထဲမှ အနက်ရောင် နယ်ရုပ်ကို လုယူကာ ခုံပေါ်သို့ ချပေးလိုက်ပါသည်။
ဧကရာဇ်မင်းကြီး လန့်ဖျပ်သွားခဲ့ပြီး ခေါင်းမော့ကြည့်လိုက်ရာ ယန်ရုန်ရုန့်ကို မြင်လိုက်ရသည်။
‘သူဘယ်အချိန်က ရောက်လာတာလဲ… ငါဘာမှ မခံစားခဲ့ရပါလား!’
ထိုအခါမှ ဧကရာဇ်မင်းကြီး နားလည်သွားခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းစွမ်းအားများကို သူဖောက်ထွင်း မမြင်ရတော့ပေ။ ထို့အတွက် အဖြေက တစ်ခုတည်းသာ ရှိပါသည်။
သူမ၏ လက်ရှိကျင့်ကြံခြင်းအဆင့်က သူ့ထက် အဆပေါင်းများစွာ မြင့်မားနေခြင်းကြောင့်သာ…။
ဧကရာဇ်မင်းကြီး မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ ရုတ်တရက်ကြီး ဘာလို့ မြင့်တက်သွားရတာလဲ၊ ဧကန္တ… ဧကန္တ မင်းမှတ်ဉာဏ်တွေ ပြန်ရသွားပြီလား…”
ယန်ရုန်ရုန် ခပ်ပါးပါးပြုံးကာ ဖြေလိုက်သည်။
“ဂုဏ်ယူပါတယ်… ရှင်ခန့်မှန်းတာ မှန်တယ်”
ဧကရာဇ်မင်းကြီး မကြားချင်ဆုံး အဖြေကလည်း ထိုအဖြေပင်ဖြစ်သည်။ သူ့မျက်နှာ အကျည်းတန်သွားလောက်အောင် ဖြူဆုပ်သွားခဲ့သည်။
ယခု ယန်ရုန်ရုန် အရာအားလုံးကို မှတ်မိသွားပြီဖြစ်၍ ကောင်ကင်တာအိုသည်လည်း သူမ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာသည့် သဘောသက်ရောက်သည်။ ကောင်းကင်တာအိုကို ဧကရာဇ်မင်းကြီး အနိုင်မယူနိုင်ပါ။ တစ်နည်းအားဖြင့် ယန်ရုန်ရုန့်ကိုလည်း သူအနိုင်မယူနိုင်ပါ။
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ဧကရာဇ်မင်းကြီး မေးမြန်းလိုက်သည်။
“အဲ့ဒီအချိန်တုန်းက မင်းသဘောနဲ့မင်း သတ်သေခဲ့တာလေ… ဘာလို့ အခုမှ ပြန်ရောက်လာခဲ့တာလေ”
ယန်ရုန်ရုန်က ပြန်ဖြေသည်။
“ဘာလို့လဲဆိုတော့ ကျွန်မတစ်ယောက်ယောက်နဲ့ အလောင်း အစားလုပ်ထားလို့ပေါ့၊ ကျွန်မတို့နှစ်ယောက်အကြား ပေးထားတဲ့ ကတိကို တည်ဖို့ ပြန်လာခဲ့တာ”
ဧကရာဇ်မင်းကြီး ချက်ချင်း နားလည်သွားခဲ့သည်။
“ဖုန့်ဟွိုက်ယွီ! ဒါပေမယ့် သူက သေသွားပြီလေ!”
“ကျွန်မလည်း သေသွားခဲ့တာပဲလေ၊ ဒါပေမယ့် အခုရှင့်ရှေ့ကို ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာပြီပဲ မဟုတ်လား”
ဧကရာဇ်မင်းကြီး ကြက်သေသေသွားခဲ့သည်။ ယန်ရုန်ရုန်သည် သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း ဖြည်းညှင်းစွာ ပြောလိုက်လေသည်။
“တကယ်တော့ ဖုန့်ဟွိုက်ယွီကို ရှင်ကျေးဇူးတင်သင့်တာ… သူ့ကြောင့်သာ မဟုတ်ရင် ရှင်အခုချိန်ထိ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး”
🌹Chapter 336
ဧကရာဇ်မင်းကြီးသည်လည်း ယခင်က ထိုကဲ့သို့ စကားလုံးများကို ရည်ရွယ်ချက်ရှိရှိ အသုံးချကာ ဖုန့်ဟွိုက်ယွီကို ရန်စဖို့ ကြိုးစားခဲ့ဖူးပါသည်။ ဖုန့်ဟွိုက်ယွီ ဒေါသစိတ်ကြောင့် စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီး ပိုမိုဆိုးရွားသော အပြုအမူများ ပြုလုပ်လာစေရန် တွန်းအားပေးခဲ့ခြင်းပင် ဖြစ်သည်။
ထိုအခါမှသာ ဧကရာဇ်မင်းကြီးသည် ဖြောင့်မတ်မှန်ကန်သည့်ဘက်တွင် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ပြီး နောက်နောင် ဖုန့်ဟွီုက်ယွီကို မည်သို့ပင် စီရင်စေကာမူ မည်သူမျှ စောဒက တက်နိုင်တော့မည် မဟုတ်ပေ။
သို့သော် ဖုန့်ဟွိုက်ယွီသည် သေဆုံးခြင်းဖြင့် သစ္စာတရားကို သက်သေထူခဲ့ပြီး ယန်ရုန်ရုန့်၏ နောက်ဆုံးလက်ကျန် တွန့်ဆုတ်မှုများကိုပါ ဖယ်ရှားပေးခဲ့သည်။ ထိုလုပ်ရပ်ကြောင့် လောကကြီးတစ်ခုလုံး ပျက်စီးကိန်း ဆိုက်ခဲ့ရသည်။
ထို့အတွက် ဖုန့်ဟွိုက်ယွီကို ဧကရာဇ်မင်းကြီး အလွန့်အလွန် စက်ဆုပ်မုန်းတီးခဲ့ပါသည်။
ယခု ယန်ရုန်ရုန်၏ စကားကို ကြားသောအခါ ဧကရာဇ်မင်းကြီး၏ ဒေါသမီးများ ပြန်လည်တောက်လောင်လာခဲ့ရသည်။
“သူ့ကို ကျေးဇူးတင်ရမယ်ဟုတ်လား! အဲ့ဒီအချိန်တုန်းက သူ့ကို ချက်ချင်းမသတ်ခဲ့မိတာကိုပဲ ငါနောင်တရနေတာ!”
ယန်ရုန်ရုန် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
“ရှင့်မှာ နောင်တစိတ် နည်းနည်းလေးတောင် မရှိဘူးထင်တယ်”
ဧကရာဇ်မင်းကြီးက ပြန်ချေပသည်။
“ငါဘာအမှားမှ မလုပ်ခဲ့တာကို ဘာလို့ နောင်တရရမှာလဲ”
ယန်ရုန်ရုန် ရုတ်တရက် ရယ်မောလိုက်လေသည်။
ဧကရာဇ်မင်းကြီး အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
“မင်းဘာရယ်တာလဲ”
“ကျွန်မ ဘယ်လောက်ထိ ရူးမိုက်ခဲ့သလဲဆိုတာကို ပြန်စဉ်းစားမိလို့ ရယ်မိတာပါ”
ယန်ရုန်ရုန် ရယ်မောရင်း ရှင်းပြလိုက်သည်။
“ရှင့်လိုလူမျိုးကို ကျိုးသင့်ကြောင်းသင့် ရှင်းပြနိုင်မယ်လို့ ထင်ခဲ့မိတာ၊ ရှင့်လို ခေါင်းမာပြီး ပြုပြင်လို့မရတဲ့ လူမျိုးအတွက် စကားနဲ့ပြောရတာ အပိုပဲ၊ အင်အားသုံးပြီး ဖြေရှင်းတာက ပိုအဆင်ပြေတာပေါ့”
စကားအဆုံးတွင် သူမရှေ့ရှိ စစ်တုရင်ခုံကို ဆွဲလှန်ပစ်လိုက်သည်။
အနက်ရောင်နှင့် အဖြူရောင် နယ်ရုပ်များ လေထဲသို့ လွင့်စင်သွားခဲ့ပါသည်။ ဧကရာဇ်မင်းကြီးလည်း ထိတ်လန့်သွားခဲ့ပြီး အနောက်သို့ အမြန်ပြန်ဆုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်အလွန်တောက်ပလာခဲ့ပြီး ကောင်းကင်ဘုံနန်းတော်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ အားလုံးကို စုပ်ယူကာ သူ့ရှေ့တွင် မချိုးဖျက်နိုင်အောင် ခိုင်မာသည့် အကာအရံတစ်ခုကို ဖန်တီးလိုက်ပါသည်။
ယန်ရုန်ရုန် မျက်လွှာချလိုက်သည်။ သူမ၏ မျက်နှာက အလွန်တည်ငြိမ်အေးချမ်းနေပါသည်။ သူမ၏ လက်တစ်ဖက်ကို မြှောက်ကာ ပြန်လည်ကျဆင်းလာသည့် အနက်ရောင် စစ်တုရင် နယ်ရုပ်တစ်ရုပ်ကို ဖမ်းယူလိုက်သည်။
ထို့နောက် သူမလက်ချောင်းလေးဖြင့် တောက်လိုက်ရာ ထိုနယ်ရုပ်မှာ မမြင်နိုင်သော အလျှင်ဖြင့် ရှေ့သို့ ပျံထွက်သွားခဲ့ပြီး ဧကရာဇ်မင်းကြီး၏ အကာအရံကို ဖောက်ထွင်းကာ သူ့နှလုံးသားတည့်တည့်သို့ တန်းတန်းမတ်မတ် ထိမှန်သွားလေတော့သည်။
ဧကရာဇ်မင်းကြီးသည် နောက်သို့ ယိုင်နဲ့သွားခဲ့ပြီး သူ့ရင်ဘတ်ကို ဆုပ်ကိုင်ကာ လက်ချောင်းများအကြားမှ သွေးများ စိမ့်ထွက်လာခဲ့လေသည်။
နာကျင်မှုကြောင့် သူ့မျက်နှာ ဖြူဖျော့သွားခဲ့ပြီး ယန်ရုန်ရုန့်ကို ကြောက်စရာမကောင်းဆိုးဝါးတစ်ကောင်ပမာ စိုက်ကြည့်လိုက်ပါသည်။ ကောင်းကင်ဘုံနန်းတော်အတွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို စုစည်းခဲ့သော်လည်း သူမ၏ တိုက်ကွက်တစ်ကွက်ကိုပင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။
‘သူဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ!’
ယန်ရုန်ရုန်ကတော့ သူ့ကို ငြိမ်းချမ်းစွာသာ ကြည့်နေခဲ့သည်။ သူမ၏ မျက်ဝန်းများတွင် ဝမ်းနည်းခြင်း မရှိသလို၊ ပျော်ရွှင်ခြင်းလည်း မရှိပေ။ ဘာမှမရှိသလို ထင်ရသော်လည်း တစ်ချိန်တည်းမှာပင် အရာအားလုံး ပြည့်ဝနေသလို ခံစားရသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်တာအိုအား ဧကရာဇ်မင်းကြီး ရုတ်တရက် အမှတ်ရသွားခဲ့သည်။ ကောင်းကင်တာအိုသည်လည်း ထိုနည်းလည်းကောင်ပင်။ ကိုယ်ထည်မရှိသလို ကိုင်တွယ်၍ပင် မရသော်လည်း နေရာတိုင်းတွင် တည်ရှိနေပြီး အရာရာကို စွမ်းဆောင်နိုင်စွမ်းရှိပေသည်။
ထို့ကြောင့် ကောင်းကင်တာအို၏ စွမ်းအားကို ပိုင်ဆိုင်ထားသည့် ယန်ရုန်ရုန့်ကို မည်သူမှ အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။
ဧကရာဇ်မင်းကြီး ထွက်ပြေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။
သူသည် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ ကောင်းကင်ဘုံနန်းတော်၏ အမိုးထက်မှ နက်ပြာရောင် ကောင်းကင်ဘုံ မိုးကြိုးများ ဆင်းသက်လာခဲ့သည်။
ထိုမိုးကြိုးများက ကွန်ရက်တစ်ခုသဖွယ် နွယ်ယှက်ကာ ယန်ရုန်ရုန့်ကို ဖုံးလွှမ်းသွားခဲ့ရာ သူမ ထွက်ပြေးဖို့ နေရာ မရှိတော့ပေ။
ဧကရာဇ်မင်းကြီးသည်လည်း မဆိုင်းမတွ လှည့်၍ ထွက်ပြေးလာခဲ့တော့သည်။ သူမ၏ အစွမ်းနှင့်သာဆိုလျှင် ထိုမိုးကြိုးများကြောင့် သေဆုံးနိုင်မည်မဟုတ်မှန်း ဧကရာဇ်မင်းကြီး နားလည်ပါသည်။ သို့သော် အနည်းဆုံးတော့ သူမကို ခဏတာ တားဆီးထားနိုင်လိမ့်မည်။
သူ့အတွက်မူ ထိုခဏလေးသည်ပင် လုံလောက်လှပါပြီ။
ဧကရာဇ်မင်းကြီးသည် နန်းတော်အပြင်သို့ အလျှင်အမြန် ပျံသန်းသွားပြီးနောက် မန္တန်တစ်ခုကို ထပ်မံ ရွတ်ဆိုလိုက်ပြန်သည်။
ထိုအခါ နန်းတော်၏ နံရံနှင့် ကြမ်းပြင်များပေါ်တွင် ရှုပ်ထွေးလှသော မှော်သင်္ကေတများ ပေါ်လာပြီး အချင်းချင်း ပေါင်းစည်းကာ ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ယန်ရုန်ရုန်ရှိရာထံသို့ အရပ်မျက်နှာပေါင်းစုံမှ ပစ်ခွင်းကြတော့သည်။
မိုးကြိုးများအကြား ပိတ်မိနေသဖြင့် ယန်ရုန်ရုန် ရှောင်ရှားနိုင်မည်မဟုတ်ဘဲ သေဖို့ကိုသာ စောင့်စားနေရတော့မည်။
ရွှေရောင်အလင်းတန်းများကြောင့် နန်းတော်၏ နံရံများနှင့် ကြမ်းပြင်များမှာ အပေါက်အပြဲများ ဖြစ်ကုန်ကြသည်။ တစ်ခဏအတွင်းမှာပင် မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံနက်ကြီးနှင့်အတူ နန်းတော်ကြီးတစ်ခုလုံး ပြိုကျ ပျက်စီးသွားတော့သည်။
ထိုအရှိန်ကြောင့် ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်တစ်ခုလုံး တုန်ခါသွားခဲ့ရသည်။
သွေးထွက်နေသည့် ရင်ဘတ်မှဒဏ်ရာကို လက်ဖြင့်ဖိထားရင်း ဧကရာဇ်မင်းကြီး ပြုံးလိုက်ပါသည်။
‘အစွမ်းတွေထက်လာလည်း ဘာဖြစ်လဲ၊ ဒါ သူ့အတွက် အထူးစီစဉ်ထားတဲ့ ထောင်ချောက်ပဲ! ဘယ်လောက်အစွမ်းထက်တဲ့ နတ်ဘုရားပဲဖြစ်နေပါစေ ဒီထောင်ချောက်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး!’
သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ သူ့မျက်နှာပေါ်မှအပြုံး အေးခဲသွားခဲ့ရသည်။ ဖြူဖွေးသွယ်လျသည့် လက်တစ်ဖက်က အနောက်မှ ရုတ်တရက် ထွက်ပေါ်လာကာ သူ့ပခုံးပေါ်သို့ အသာအယာ ရောက်ရှိလာခဲ့သည်။
“ရှင် ဘာတွေ ရယ်နေတာလဲ”
ဧကရာဇ်မင်းကြီးတစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ရသည်။ သူ၏အရိုးအဆစ်များ သံချေးတက်နေသကဲ့သို့ အနောက်သို့ ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်ရသည်။
နောက်တွင်ရပ်နေသူကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများတွင် ထိန်းချုပ်၍ မရနိုင်သော ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့တော့သည်။
ယန်ရုန်ရုန်သည် တည်တည်ငြိမ်ငြိမ်ပင် မတ်တပ်ရပ်နေခဲ့ပြီး သူမ၏ နောက်တွင်လည်း ပျောက်ကွယ်မသွားသေးသည့် သံသရာခွင်းဘုံဝင်ပေါက်တစ်ခု ရှိနေပါသည်။
ဧကရာဇ်မင်းကြီး အသုံးပြုခဲ့သည့် ကောင်းကင်မိုးကြိုးကွန်ရက်သည် သူမအပေါ်တွင် အလုပ်မဖြစ်ခဲ့ပေ။ သံသရာခွင်းဘုံကို အသုံးပြုလျက် နန်းတော်ထဲမှ သူမ ထွက်လာခဲ့သည်မှာ ကြာခဲ့ပါပြီ။
သူတစ်ချိန်က ပြောခဲ့ဖူးသလိုပင်။ ယန်ရုန်ရုန်သာ ထွက်သွားလိုသည့် ဆန္ဒရှိလျှင် မည်သူမှ တားဆီးနိုင်မည် မဟုတ်ပါ။ ဧကရာဇ်မင်းကြီး ဖြစ်နေလျှင်ပင် တားဆီးနိုင်မည် မဟုတ်ပေ။
ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးအကြားက စွမ်းအားကွာဟမှုကို ဧကရာဇ်မင်းကြီး နားလည်သွားခဲ့ပါပြီ။ သူဘယ်လိုမှ အနိုင်ရရှိနိုင်မည် မဟုတ်တော့ပေ။ ဆက်ပြီး ရုန်းကန်နေလျှင် သူ့ပုံစံက သနားစရာပိုကောင်းသွားရုံသာ ရှိပါလိမ့်မည်။
ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် သရော်သောအပြုံးမျိုးပြုံးကာ သူပြောလိုက်သည်။
“ငါ ရှုံးနိမ့်သွားပြီ… ငါ့ကို သတ်လိုက်ပါတော့”
သို့သော် ယန်ရုန်ရုန်သည် သူ့ကို ချက်ချင်း မသတ်ခဲ့ပေ။ သူ့ကျင့်ကြံခြင်းစွမ်းအား အားလုံးကို စုပ်ယူလိုက်ပြီး နတ်ဘုရားအရိုးကိုပင် ဆွဲထုတ်ကာ သူ့ကို သာမန်လူသားတစ်ဦးဖြစ်အောင် ပြောင်းလဲပစ်လိုက်သည်။
ကျင့်ကြံခြင်းစွမ်းအားများ မရှိတော့သောအခါ ကောင်းကင် ဘုံသုံးဆယ့်သုံးထပ်၏ အေးစက်လှသော အပူချိန်နှင့် အားကောင်းလှသော ဝိညာဉ်ဖိအားများကို ဧကရာဇ်မင်းကြီး ခံနိုင်ရည် မရှိတော့ပါ။
သူ့မျက်နှာမှာ စက္ကူပမာ ဖြူဖျော့သွားခဲ့ပြီး တစ်ကိုယ်လုံး ယိမ်းယိုင်ကာ မြေပေါ်သို့ လဲကျသွားခဲ့သည်။ ခြေလက်များ အလွန်တုန်ယင်နေသဖြင့် မြေပေါ်တွင် တွားပင် မသွားနိုင်တော့ချေ။
အဆက်မပြတ်သွေးထွက်နေသည့် ရင်ဘတ်မှ ဒဏ်ရာနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် အလွန်မူးဝေလာပြီး အသက်ရှူပင် ခက်ခဲလာခဲ့ပါသည်။
ယန်ရုန်ရုန်သည် သူ့ကို ငုံ့ကြည့်လိုက်သော်လည်း ထပ်မံနှိပ်စက်ခြင်း မပြုခဲ့ပေ။ သူမ တည်ငြိမ်စွာ ပြောလိုက်သည်။
“တကယ်တော့ ရှင်တို့အားလုံးကို ကျွန်မ အခွင့်အရေးပေးခဲ့ဖူးတယ်”
ယခင်က ဧကရာဇ်မင်းကြီးသည် သူမကို အမှောင်ထုထဲ ပိတ်လှောင်အကျဉ်းချခဲ့ပြီး သူမခန္ဓာကိုယ်အား အကြိမ်ကြိမ်အခါခါ သန့်စင်ခဲ့ဖူးသည်။ ထိုနာကျင်စရာ အခိုက်အတန့်များတွင် သူမစိတ်ထဲ၌ မိမိကိုယ်ကိုယ် ဖျက်ဆီးချင်စိတ်များ ကြီးထွားလာခဲ့ဖူးသည်။
ရှင်သန်ဖို့ သူမ မလိုလားခဲ့သလို အခြားသူများကိုလည်း ကောင်းမွန်သည့် ဘဝနှင့် နေထိုင်စေလိုခြင်း မရှိခဲ့ပေ။ ဖုန့်ဟွိုက်ယွီ ရောက်ရှိလာသည့်အခါမှသာ သူမသည် ဘဝ၏ ပျော်ရွှင်မှုများကို ခံစားခဲ့ရပြီး တစ်စုံတစ်ယောက်ကို ကာကွယ်ပေးချင်စိတ်များလည်း ပထမဆုံးအကြိမ်အဖြစ် ပေါ်လာခဲ့ပါသည်။
သို့သော် ဖုန့်ဟွိုက်ယွီ သေဆုံးသွားခဲ့ရသည်။ ထို့အပြင် သူမကိုလည်း အားလုံးက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။
“အဲ့ဒီတုန်းက ကျွန်မ တွေးခဲ့တယ်… တကယ်လို့ ကျွန်မဘက်က ရပ်တည်ပြီး ကူညီပြောဆိုပေးမယ့်လူ တစ်ယောက်လောက်ပဲ ရှိနေခဲ့ရင်တောင် အားလုံးနဲ့အတူတူ အပျက်စီးခံမယ့် အကြံအစည်ကို ကျွန်မ စွန့်လွှတ်လိုက်မယ်လို့… ဒါပေမယ့် ဘယ်သူမှ ကျွန်မဘက်ကနေ ရပ်တည်မပေးခဲ့ကြဘူး၊ အားလုံးက ကျွန်မကို သေစေချင်ခဲ့ကြတယ်”
“ရှင်တို့အားလုံးဆီက ကျွန်မ မေတ္တာတရားးကို မခံစားခဲ့ရဘူး၊ အဆုံးမဲ့တဲ့ အငြှိုးအတေးတွေကိုပဲ ခံစားခဲ့ရတယ်၊ အဲ့လိုဆိုမှတော့ ကျွန်မဘက်ကလည်း ထပ်တူညီတဲ့ အငြှိုးအတေးတွေ ပြန်ပေးခဲ့တာ ဘာထူးဆန်းသေးလို့လဲ၊ ကျွန်မကြောင့် မဟာကပ်ဘေးကြီး ကျရောက်လာရတာလို့ ဟောကိန်းကဆိုပေမယ့် တကယ်တမ်းတော့ ရှင်တို့ရဲ့ ယုတ်ညံ့တဲ့ နှလုံးသားတွေထဲကနေ ပေါက်ဖွားလာခဲ့တာ၊ နောက်ဆုံးကျတော့လည်း အရာအားလုံးက တန်ပြန်ပေးဆပ်ရတာတွေပါပဲ”
ဧကရာဇ်မင်းကြီး သတိလည်တစ်ချက် မလည်တစ်ချက် ဖြစ််နေပါပြီ။ သူမ၏ စကားသံများကို ကြားနိုင်သော်လည်း ပြန်မပြောနိုင်ပေ။
ယန်ရုန်ရုန်သည်လည်း သူမ ရင်ထဲတွင် ချုပ်တည်းထားခဲ့ရသည့် ခံစားချက်များကို ထုတ်ဖော်ပြောဆိုနေခြင်းသာ ဖြစ်၍ တုံ့ပြန်မှုကို မလိုအပ်ခဲ့ပါ။ ဗလာကျင်းဖြစ်နေသည့် ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ကို ငေးကြည့်ရင်း တစ်ယောက်တည်း ဆက်ပြောခဲ့သည်။
“ရှင့်ရဲ့ အုပ်ချုပ်မှုကြောင့် ကမ္ဘာလောကကြီးက ငြိမ်းချမ်းနိုင်ခဲ့တာလို့ ရှင်အမြဲတမ်း ထင်ခဲ့တာပဲ… ဒါပေမယ့် မဟာကပ်ဘေးကြီး ကျရောက်လာတော့ နတ်ဘုရားတွေ အားလုံးနီးပါး ပျက်သုဉ်းခဲ့ရတယ်၊ ကောင်းကင်ဘုံကြီးလည်း ဗလာကျင်းဖြစ်သွားခဲ့သလို ရှင့်ရဲ့ ဧကရာဇ်မင်းကြီးဆိုတဲ့ ရာထူးကလည်း အမည်သက်သက်ပဲ ကျန်တော့တယ်”
“ရှင့်ရဲ့ အုပ်ချုပ်မှုမရှိရင်တောင် ကမ္ဘာကြီးက ဆက်ပြီးလည်ပတ်နေဦးမှာပဲ၊ အရှေ့အရပ်က နေထွက်လာဦးမှာ ဖြစ်သလို အချိန်တွေကလည်း အရင်အတိုင်း စီးဆင်းနေဦးမှာပဲ၊ တကယ်တော့ ဘယ်အရာမှာမဆို ကိုယ်ပိုင် လည်ပတ်နိုင်စွမ်း ရှိပြီးသားပါ၊ ရှင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး”
ထိုစကားလုံးများက နောက်ဆုံးရိုက်ချက်ပင်ဖြစ်သည်။ ဧကရာဇ်မင်းကြီး ဒေါသစိတ်ကြောင့် သွေးများပင် အန်ထွက်လာပြီး နေရာမှာပင် သတိလစ်မေ့မျောသွားခဲ့တော့သည်။
ယန်ရုန်ရုန်သည် သူ့ ဝတ်ရုံအားလည်ပင်းမှဆွဲကာ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်မှ ပျံသန်းထွက်ခွာလာခဲ့သည်။
ခမ်းနားလှသည့် ကောင်းကင်ဘုံနန်းတော်ကြီးများကို ယန်ရုန်ရုန် နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်ခဲ့ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ် တစ်ခုလုံး ပြာကျပျက်စီးသွားခဲ့ရတော့သည်။
ယခုချိန်မှစ၍ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်ဟူသည် မရှိတော့ဘဲ ဧကရာဇ်မင်းကြီးဟူသည်လည်း ရှိနိုင်မည် မဟုတ်တော့ပေ။