← Chapters

အခန်း (၃၃၇)

Vol. 34 Ch. 337 - final

အခန်း (၃၃၇)

Vol. 34 Ch. 337 - final

🌹Chapter 337

ယန်ရုန်ရုန်သည် ဧကရာဇ်မင်းကြီးအား လယ်ကွင်းဘေးရှိ လမ်းကလေးတစ်ခုပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချထားခဲ့လိုက်သည်။ လက်ရှိတွင် ဤနယ်မြေသည် စစ်မက်များဖြစ်ပွားလျက်ရှိကာ လယ်ကွင်းများမှာလည်း ပျက်စီးယိုယွင်းနေခဲ့ပါသည်။

သတိလစ်နေသော ဧကရာဇ်မင်းကြီးအား ယန်ရုန်ရုန် ငုံ့ကြည့်လိုက်သည်။ ယခုအခါတွင် ဧကရာဇ်မင်းကြီးသည် သာမန်လူသားတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ တစ်သက်လုံး ပြန်လည်ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။

“အရင်က ရှင်အမြဲတမ်း အမြင့်ဆုံးမှာပဲ နေထိုင်ပြီး သူတစ်ပါးရဲ့ ကံကြမ္မာကို ကစားခဲ့တယ်… အခုတော့ သူများတွေ ကစားတာကို ခံရတဲ့အရသာ၊ ကိုယ့်အသက်ကိုယ်တောင် မပိုင်တော့တဲ့ အရသာကို မြည်းစမ်းကြည့်လိုက်ပေတော့”

စကားအဆုံးတွင် ယန်ရုန်ရုန် ပျောက်ကွယ်သွားတော့သည်။

သူမ ထွက်သွားပြီး သိပ်မကြာလိုက်ဘဲ ဧကရာဇ်မင်းကြီး သတိလည်လာခဲ့ပါသည်။ သူ့ဒဏ်ရာများ သွေးတိတ်သွားခဲ့ပြီဖြစ်ပြီး ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကလည်း သာမန်အရပ်သား အကြမ်းထည်အဝတ်အစားများ ဖြစ်နေသည်။

မကြာမီ ထိုလယ်ကွင်းအနီးမှ ဖြတ်သွားကြသော စစ်သည်စုဆောင်းရေး အရာရှိများသည် ဧကရာဇ်မင်းကြီးအား ရှာတွေ့သွားခဲ့ကြသည်။ ကျန်းမာသန်စွမ်းပြီး အားကောင်းမောင်းသန်သည့် ယောက်ျားတစ်ဦးကို မြင်သောအခါ စစ်သည်စုဆောင်းရေး အရာရှိများက အလွတ်ပေးမည် မဟုတ်ပါ။

ထို့ကြောင့် ဧကရာဇ်မင်းကြီးကို ချက်ချင်းပင် တုပ်နှောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြတော့သည်။

သူသည် စစ်စခန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး အနိမ့်ကျဆုံးသော ခြေလျင်စစ်သားတစ်ဦးဖြစ်လာခဲ့သည်။ စခန်းရှိ လူတိုင်းက သူ့ကို အမိန့်ပေးနိုင်စွမ်းရှိပြီး ဒုက္ခများစွာကို ခံစားခဲ့ရသည်။

‘ဧကရာဇ်မင်းကြီး’ဟူသည့် အမည်က လက်ရှိ လူသားလောက၏ ဧကရာဇ်အစစ်အမှန်ကို စော်ကားရာကျသဖြင့် သူ့အမည်ကို ‘ကျန်းစန်’ဟု ပြောင်းလဲခဲ့ရသည်။

စစ်မြေပြင်တွင် ရှင်သန်နိုင်ဖို့ ကျန်းစန်တစ်ယောက် မည်သို့မည်ဖုံ ရုန်းကန်ခဲ့ရသည်ကတော့ နောက်ထပ်ပြောရမည့် ပုံပြင်တစ်ပုဒ်အဖြစ်သာ ကျန်ရှိခဲ့တော့သည်။

-

တစ်ဖက်တွင် ယန်ရုန်ရုန်သည် ပန်းချီစာလိပ်ကို ဖွင့်လိုက်ပြီး အထဲတွင် သိမ်းဆည်းထားသည့် ခွန်းလွင်နယ်မြေအား ပြန်လည် ထုတ်ယူလိုက်ပါသည်။

မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် ရှေးဟောင်း ခွန်းလွင်နယ်မြေကြီး ပြန်လည်ရောက်ရှိလာခဲ့သည်။ ချုံးချီသည် ညီအစ်ကိုသုံးယောက်ကို ဦးဆောင်လျက် ခွန်းလွင်နယ်မြေအတွင်းသို့ ပြေးဝင်သွားခဲ့သည်။ အခြားဝိညာဉ်သားရဲများကလည်း သူတို့နောက်မှ လိုက်သွားခဲ့ကြပါသည်။ ၎င်းတို့၏ မူလသားရဲအသွင်ကို ပြန်ပြောင်းကာ တောတောင် မြစ်ချောင်းများအကြား လွတ်လပ်စွာ ပျော်ပါးဆော့ကစားနေခဲ့ကြတော့သည်။

မဟာအပ်ဘေးကြီးကျရောက်လာစဉ်ကတည်းက သူတို့သည် ဧကရာဇ်မင်းကြီး၏ရန်ကို ကြောက်ရွံ့ရသဖြင့် အမြဲတမ်း ပုန်းအောင်းနေခဲ့ရသည်။ သူတို့၏ ဘဝများက အလွန်ပင် မွန်းကျပ်ခဲ့ရသည်။

ယခုတော့ ကောင်းကင်ဘုံသုံးဆယ့်သုံးထပ်နှင့် ဧကရာဇ်မင်းကြီးတို့ မရှိကြတော့သဖြင့် သူတို့သည် စိုးရိမ်စရာ မလိုတော့ဘဲ နေရောင်အောင်တွင် လွတ်လပ်စွာ ပြေးလွှားနိုင်ပြီဖြစ်သည်။ ထိုခံစားချက်မှာ စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။

ထိုစဉ် ရှုယင်ကို ယန်ရုန်ရုန် ပြောလိုက်သည်။

“ကျွန်မနဲ့လိုက်ခဲ့ပါ…”

ထို့နောက် သူမလှည့်ထွက်သွားခဲ့ရာ ရှုယင်လည်း အနောက်မှ တိတ်တဆိတ် လိုက်လာခဲ့ပါသည်။

မကြာမီ သူမတို့နှစ်ယောက် ခွန်းလွင်နယ်မြေ၏ အလယ်တည့်တည့်တွင်ရှိနေသော ခြံဝန်းငယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ကြသည်။

ခြံဝန်းထဲတွင် အရောင်အသွေးစုံလင်စွာ တောက်ပဖူးပွင့်နေကြသော ပန်းပွင့်ကလေးများ၊ လေထဲတွင် ကခုန်ပျော်ပါးနေကြသော ဝိညာဉ်လိပ်ပြာကလေးများနှင့် စီးဆင်းနေသော စမ်းချောင်းလေးတစ်စင်းပေါ်တွင် ခွဆောက်ထားသော တံတားငယ်လေးတစ်စင်းတို့ ရှိကြသည်။

အရာအားလုံးက ရင်းနှီးနေသလို ခံစားရပါသည်။ ပန်းကလေးများ၊ လိပ်ပြာကလေးများနှင့် တံတားတို့မှာ ဖုန့်ဟွိုက်ယွီ သူမထံသို့ လျှို့ဝှက်ယူဆောင်လာပေးဖူးသည့် အရာများပင်။

ထိုခြံဝန်းငယ်ကို ကြည့်ရင်း အချိန်တွေနောက်ပြန်ဆုတ်သွားသကဲ့သို့ ယန်ရုန်ရုန် ခံစားလိုက်ရသည်။ သူမ ခေတ္တ မှင်သက်သွားခဲ့ရပြီး ခြံဝန်းကို ဖြတ်သန်းကာ အိမ်တံခါးအား တွန်းဖွင့်လိုက်ပါသည်။

ကုတင်ပေါ်တွင် ဖုန့်ဟွိုက်ယွီသည် အိပ်စက်နေသကဲ့သို့ ငြိမ်သက်စွာ လှဲလျောင်းနေသည်။ သူသည် မဟာကပ်ဘေးကြီး ကျရောက်မလာခင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကအတိုင်း ရှိနေပါသေးသည်။

ဖုန့်ဟွိုက်ယွီကို ယန်ရုန်ရုန် အတန်ကြာအောင် ငေးကြည့်နေပြီးနောက် သူမနောက်တွင် မည်သူမှ ပါမလာသည်ကို သတိပြုမိသွားသည်။ ထို့ကြောင့် နောက်လှည့်ကြည့်လိုက်ရာ တံခါးအပြင်ဘက်တွင် မျက်မှောင်ကြုတ်လျက် မတ်တပ် ရပ်နေသည့် ရှုယင်ကို မြင်လိုက်ရပါသည်။ သူ့ပုံစံက တစ်စုံတစ်ခုကို ခက်ခက်ခဲခဲ စဉ်းစားနေရသည့်ပုံစံပင်။

ယန်ရုန်ရုန်က မေးသည်။

“ဘာလို့အထဲမဝင်တာလဲ”

ရှုယင်လည်း သူ့ခံစားချက်များကို ရှင်းမပြတတ်ပေ။ ဤနေရာရှိ အရာအားလုံးက ရင်းနှီးနေသလို ခံစားရသော်လည်း သူ့နှလုံးသားထဲတွင် ဖော်ပြ၍မရနိုင်သည့် အကြောက်တရားတစ်ခု ရှိနေပါသည်။

ထိုစည်းကို ကျော်လိုက်ပါက သူလက်မခံနိုင်သည့် အမှန်တရားတစ်ခုကို ရင်ဆိုင်ရတော့မည့်အလား ခံစားနေရသည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ရှုယင် ရုတ်တရက် ပြောလိုက်သည်။

“ရုန်ရုန်… ငါ မင်းကို သဘောကျတယ်”

ထို့နောက် သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။

ယန်ရုန်ရုန် ခေတ္တမှင်သက်သွားသော်လည်း ပြုံးကာ ပြန်ပြောလိုက်သည်။

“ကျွန်မ သိပါတယ်… ကျွန်မသိခဲ့တာ ကြာပြီ”

‘ကြာပြီ’ဟူသည်မှာ မည်မျှကြာနိုင်မှန်း ရှုယင်နားမလည်ပါ။ သို့သော် သူမ အပြုံးထဲက အဖြေကို သူနားလည်နိုင်ပါသည်။

ရုတ်ခြည်းဆိုသလို သူ့ရင်ထဲက ပဋိပက္ခများပျောက်ကွယ်သွားခဲ့ရသည်။ ထို့နောက် အသက်ဝဝရှူလိုက်ပြီး အကြောက်တရား အားလုံးကိုဖိနှိပ်ကာ အခန်းထဲသို့ဝင်လာခဲ့တော့သည်။

ထို့နောက် ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေသည့် ဖုန့်ဟွိုက်ယွီကို သူမြင်လိုက်ရသည်။ ရှုယင် ကြက် သေသေသွားပြီး သူ့မျက်နှာပေါ်တွင်လည်း ဖုံးမကွယ်နိုင်သည့် တုန်လှုပ်မှုများ အထင်းသား ပေါ်လာခဲ့ပါသည်။

မရေမတွက်နိုင်အောင် များပြားသော မှတ်ဉာဏ်အစိတ် အပိုင်းများ သူ့အာရုံအတွင်းသို့ ဝင်ရောက်လာခဲ့ကာ သူ့မျက်နှာလည်း အလွန်ရီဝေသွာားခဲ့ရသည်။

အရာအားလုံးကို သူမှတ်မိသွားပါပြီ။ သူဘယ်သူဘယ်ဝါဖြစ်မှန်း နားလည်သွားခဲ့လေပြီ။

ဖုန့်ဟွိုက်ယွီ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့စဉ်က နတ်ဘုရားသတ်ဆူးချွန်ကြောင့် သူ့ဝိညာဉ်မှာ လေးပိုင်းကွဲထွက်သွားရသည်။ ထိုဝိညာဉ်အပိုင်းအစများသည် အသွင်အမျိုးမျိုးပြောင်းလျက် ဧကရာဇ်မင်းကြီး သတိမထားမိအောင် ပြန်ဝင်စားခဲ့ကြခြင်းပင်။

ယခုတော့ ဧကရာဇ်မင်းကြီး မရှိတော့သဖြင့် သူတို့၏သရုပ်မှန်ကို ဖုံးကွယ်ထားဖို့ မလိုအပ်တော့ပေ။ အကွဲကွဲအပြားပြား ဖြစ်နေသည့် ဝိညာဉ်များ မူလနေရာသို့ ပြန်လာချိန်တန်ခဲ့ပါပြီ။

ရှုယင်သည် ဖုန့်ဟွိုက်ယွီကို တိတ်တဆိတ်ငေးကြည့်ရင်း သူ့ထံ တစ်လှမ်းချင်းလျှောက်လှမ်းသွားမိသည်။ သူတို့ကြားမှ အကွာအဝေး တဖြည်းဖြည်း နီးကပ်လာသောအခါ ရှုယင်၏ ခန္ဓာကိုယ်သည်လည်း သိသိသာသာဝေဝါးလာခဲ့ပါသည်။

ဖုန့်ဟွိုက်ယွီ၏နဖူးကို သူ့လက်ဖြင့် ထိတွေ့လိုက်သောအခါ သူ့တစ်ကိုယ်လုံး ဝိညာဉ်အပိုင်းအစတစ်ခုအဖြစ် အသွင်ပြောင်းကာ ဖုန့်ဟွိုက်ယွီခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့တော့သည်။

ထိုမြင်ကွင်းကိုမြင်ပြီး ရှုယင်နှင့်သက်ဆိုင်သည့် ဝိညာဉ်အပိုင်းအစမှာ မူလခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီဖြစ်မှန်း ယန်ရုန်ရုန် နားလည်လိုက်ပါသည်။

-

ယန်ရုန်ရုန်သည် သံသရာခွင်းဘုံကို ဖွင့်လျက် ယွင်မုန့်မြို့တော်သို့ သွားရောက်ခဲ့သည်။

လက်ရှိတွင် ကျင့်ကြံသူအားလုံး မြို့ပြင်တွင် စုဝေးနေကြပါသည်။ ရှန်းဝမ်ချင်း၊ လင်းယွမ်နှင့် ဟမ်ယဲ့တို့လည်း အပါအဝင်ပင်။

ခြားနားချက်မှာ အခြားကျင့်ကြံသူများက ‘ကပ်ဘေးသယ် ဆောင်သူ’ကို သုတ်သင်ဖို့ ရောက်ရှိလာကြခြင်းဖြစ်ကာ ရှန်းဝမ်ချင်း၊ လင်းယွမ်နှင့် ဟမ်ယဲ့တို့ကမူ သူမကို ကာကွယ်ပေးဖို့ ရောက်လာကြခြင်းသာ။

သူတို့သုံးဦးသည် အကြွင်းမဲ့စွမ်းအားများကို ပိုင်ဆိုင်ထားကြသော ကျင့်ကြံသူများဖြစ်ကာ အခြားကျင့်ကြံသူများကလည်း လူအင်အား အားသာချက်ရှိပါသည်။

ထို့ကြောင့် နှစ်ဦးနှစ်ဖက် အလျှော့မပေးခဲ့ကြဘဲ တိုက်ပွဲဖြစ်တော့မည့်ဆဲဆဲအချိန်တွင် ကောင်းကင်ယံ၌ တိမ်နက်များ ဖုံးလွှမ်းလာပြီး မိုးချုန်းသံများလည်း ထွက်ပေါ်လာသည်။ ထိုထိတ်လန့်စရာအခြေအနေကြားတွင် ကြမ္မာရှင်အဘိုးအိုနှင့် ချင်းယောင်တို့ ရောက်ရှိလာခဲ့ကြပါသည်။

အမှန်တော့ ယွင်မုန့်မြို့တော်၏ ရာဇဝင်သမိုင်းကို တွက်ချက်ကြည့်ဖို့ ကြမ္မာရှင်အဘိုးအိုအား ချင်းယောင် တောင်းဆိုခဲ့သည်။ ကြမ္မာရှင်အဘိုးအိုလည်း ထိုသို့ ဆောင်ရွက်ခဲ့ရာ ယခင်က ယွင်မုန့်မြို့တော်တွင် မဟာကပ်ဘေးကြီး အမှန်တကယ် ကျရောက်လာခဲ့ဖူးကြောင်း သိရှိလိုက်ရသည်။

ဆိုလိုသည်မှာ ယန်ရုန်ရုန် မလိမ်ညာခဲ့ပေ။ ရှေးခေတ်က မဟာကပ်ဘေးကြီး အမှန်တကယ် ကျရောက်လာခဲ့ဖူးပါသည်။ ထိုစဉ်က ပိုင်ကျဲနတ်သားရဲလည်း ထို့နည်းတူစွာ ဟောကိန်းထုတ်ခဲ့ဖူးသည်။ သို့သော် ကပ်ဘေးသယ်ဆောင်သူ သေဆုံးသွားသည့်တိုင်အောင် မဟာကပ်ဘေးကြီးက ရပ်တန့်မသွားခဲ့ပါ။

ထို့ကြောင့် ကပ်ဘေးသယ်ဆောင်သူနှင့် မဟာကပ်ဘေးကြီးတို့အကြားတွင် ဆက်နွယ်မှုမရှိကြောင်း သက်သေပြနိုင်ခဲ့သည်။ ကြမ္မာရှင်အဘိုးအိုရရှိခဲ့သည့် ဟောကိန်းမှာ အလိမ် အညာတစ်ခုထက် မပိုခဲ့ပေ။

အမှန်တရားကို ကြားလိုက်ရပြီးနောက် ကျင့်ကြံသူအားလုံး ဆူညံပွက်လောရိုက်သွားခဲ့ကြသည်။ သူတို့ လုပ်ထားသမျှ အဓိပ္ပာယ်မဲ့ခဲ့ရသည်။

ထိုအချိန်တွင် တိမ်နက်များလည်း ပြန်လည်ကင်းစင်သွားပြီး မိုးကြိုးများလည်း ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ဘုံကိုယ်တိုင်က ကြမ္မာရှင်အဘိုးအို၏ စကားကို ထောက်ခံနေသည့်အလား ထင်ရသည်။ လူတိုင်းက အလှည့်စားခံခဲ့ရသည့်အတွက် ဒေါသထွက်မိကြသော်လည်း ကြမ္မာရှင်အဘိုးအိုသည်လည်း လှည့်စားခံခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် အဘိုးအိုကို သူတို့အပြစ်တင်၍ မရဘဲ နောက်ဆုံးတွင်တော့ လူစုခွဲကာ သက်ဆိုင်ရာနေရာသို့ ပြန်ကြရတော့သည်။

ကြီးကျယ်ခမ်းနားလှသော ‘ကပ်ဘေးသယ်ဆောင်သူ’စစ်ပွဲကြီးမှာ မစတင်မီမှာပင် ဟာသတစ်ခုအဖြစ် ပြီးဆုံးသွားခဲ့တော့သည်။

-

ယွင်မုန့်မြို့တော်သို့ ယန်ရုန်ရုန် ရောက်ရှိလာချိန်တွင် ကျင့်ကြံသူများ ပြန်လည်ထွက်ခွာသွားကြပါပြီ။ ချင်းယောင်သည် ယန်ရုန်ရုန့်ကို မြင်လိုက်သည်နှင့် သိသိသာသာပြောင်းလဲမှုတစ်ခုကို ချက်ချင်း သတိပြုမိသွားခဲ့သည်။

သူမ၏ အသွင်သဏ္ဌာန်တစ်ခုတည်းသာ မဟုတ်ဘဲ ကျင့်ကြံခြင်းစွမ်းအားများသည်လည်း ချင်းယောင် စိတ်ကူးပင်မယဉ်နိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပါပြီ။

ချင်းယောင် မနေနိုင်ဘဲ မေးကြည့်မိသည်။

“နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ တက်သွားပြီလား”

ယန်ရုန်ရုန် ခေါင်းညိတ်သည်။

“ဟုတ်တယ်… ကျွန်မ ခွန်းလွင်နယ်မြေကို ရှာတွေ့ပြီး မဟာကပ်ဘေးကြီးရဲ့ ဇာစ်မြစ်ကို သိခဲ့ရတယ်လေ”

“ဇာစ်မြစ်ကဘာတဲ့လဲ”

ချင်းယောင် အလောတကြီး မေးလိုက်သည်။

ရှင်းပြရခက်သဖြင့် ယန်ရုန်ရုန် အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ ပြောလိုက်သည်။

“မဟာကပ်ဘေးကြီးဆိုတာ ကမ္ဘာလောကရဲ့ အညစ်အထေးတွေကို သန့်စင်ဖို့အတွက် ကောင်းကင်တာအို အသုံးပြုတဲ့ နည်းလမ်းတစ်ခုလို့ မှတ်ယူလို့ရတယ်၊ သက်ရှိသတ္တဝါအများစုရဲ့ နှလုံးသားထဲမှာ ညစ်နွမ်းတဲ့စိတ်တွေမရှိဘဲ စေတနာ မေတ္တာတရားတွေပဲရှိနေသေးသရွေ့ အဲ့ဒီမဟာကပ်ဘေးကြီး ကျရောက်လာမှာမဟုတ်ဘူး”

ချင်းယောင် နားလည်သွားခဲ့သည်။ မဟာကပ်ဘေးကြီးကျရောက်လာတော့မည် မဟုတ်ကြောင်း သိလိုက်ရသဖြင့် သူမ အပျော်လွန်သွားခဲ့ပါသည်။

“ငါအခုပဲ ရှမ့်ယွင်ဂိုဏ်းကိုပြန်ပြီး အားလုံးကိုသတင်းကောင်း သွားပြောရမယ်!”

ချင်းယောင် ဓားပျံကို ဆင့်ခေါ်လိုက်စဉ် ယန်ရုန်ရုန်က သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

“ရှန်းဝမ်ချင်း ဘယ်မှာလဲ”

ချင်းယောင် ထူးထူးဆန်းဆန်း ပြုံးလိုက်ပြီး သူမနောက်သို့ ညွှန်ပြလိုက်သည်။

“သူ အဲ့ဒီဘက်မှာ လူတချို့နဲ့ လမ်းစဉ်အကြောင်း ဆွေးနွေးနေတယ်၊ အခုလိုက်သွားရင် မှီနိုင်သေးတယ်နော်”

ထို့နောက် ချင်းယောင်သည် ဓားပျံစီးလျက် ရှမ့်ယွင်ဂိုဏ်းသို့ ထွက်ခွာသွားခဲ့တော့သည်။

ယန်ရုန်ရုန်လည်း သူမ ညွှန်ပြသည့်နေရာအတိုင်း လိုက်လာခဲ့ရာ မြို့စားစံအိမ်၏ အနောက်ဘက်တွင် ရှန်းဝမ်ချင်းကို ရှာတွေ့ခဲ့ပါသည်။ သူအမှန်တကယ် ‘လမ်းစဉ်’အကြောင်း ဆွေးနွေးနေခြင်းဖြစ်သော်လည်း သူ့ပြိုင်ဘက်များက သူမ၏ မိတ်ဆွေဟောင်းများဖြစ်ကြသော လင်းယွမ်နှင့် ဟမ်ယဲ့တို့ပင်ဖြစ်သည်။

သူမရောက်ရှိလာသောအခါ ထိုသုံးဦးမှာ အသည်းအသန်တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။ ဓားစွမ်းအင်၊ နတ်ဆိုးစွမ်းအင်နှင့် မိစ္ဆာစွမ်းအင်တို့မှာ နေရာတစ်ခုလုံးတွင် ရောထွေးလျက် ဗရုတ်သုတ်ခဖြစ်နေခဲ့တော့သည်။ ကံကောင်းစွာဖြင့် သူတို့အားလုံး ကိုယ့်စွမ်းအင်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိကာ စံအိမ်ကြီးကိုတော့ မပျက်စီးစေခဲ့ပါ။

ယခင်တစ်ခေါက် သူတို့သုံးဦး တိုက်ခိုက်ခဲ့ကြသည်မှာ ရွှမ်တောင်ထိပ်တွင် သူမ၏ ‘လှေနံလေးဖက်နင်းခြင်း’ အကြောင်းကို ဖော်ထုတ်ပြီးနောက် သူမကို ပိုင်ဆိုင်နိုင်ဖို့ အပြိုင်လုခဲ့ကြခြင်းသာဖြစ်သည်။ ထိုစဉ်က ယန်ရုန်ရုန်သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းအားမရှိခဲ့ဘဲ ထွက်ပြေးဖို့သာ ကြံစည်နိုင်ခဲ့ပါသည်။

ယခုတော့ ယန်ရုန်ရုန် ခြေလှမ်းတစ်လှမ်းသာ လှမ်းလိုက်ရာ သူမခန္ဓာကိုယ်မှ နူးညံ့သိမ်မွေ့သော်လည်း အားကောင်းသည့် ဝိညာဉ်စွမ်းအင်များ ဖြာထွက်လာခဲ့သည်။ ပန်းကလေးများ ကိုင်းညွတ်ကာ ရေပြင်ကလေးများ လှိုင်းထသွားခဲ့သည်။

တိုက်ခိုက်နေသည့် ယောက်ျားသုံးဦးတို့လည်း ချက်ချင်း ရပ်တန့်ကာ ယန်ရုန်ရုန့်ကို လှည့်ကြည့်လိုက်ကြပါသည်။

သူတို့သုံးဦးကို ယန်ရုန်ရုန် ခပ်ပါးပါး ပြုံးပြလိုက်သည်။

“ရှင်တို့ သောင်းကျန်းလို့ဝရင် ကျွန်မနဲ့အတူ ပြန်လိုက်ခဲ့ပါ”

သူမတစ်စုံတစ်ရာခြားနားနေသည်ကို ရှန်းဝမ်ချင်း၊ လင်းယွမ်နှင့် ဟမ်ယဲ့တို့အားလုံး သတိပြုမိခဲ့ကြပါသည်။ သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူမထံမှ ဖြာထွက်နေသည့် ဝိညာဉ်စွမ်းအင်များက အလွန်ကြီးမားလှပါသည်။

စိတ်မရှည်သော ဟမ်ယဲ့က အလျှင်အမြန်မေးလိုက်သည်။

“မဟာအခွင့်အရေးတစ်ခုနဲ့ ကြုံလာရလို့လား၊ ဘာလို့ မင်းရဲ့ကျင့်ကြံခြင်းစွမ်းအားတွေ အဲ့လောက် မြင့်တက်သွားရတာလဲ”

ယန်ရုန်ရုန် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်၊ ကျွန်မ အရမ်းကြီးမားတဲ့ မဟာအခွင့်အရေးတစ်ခုနဲ့ ကြုံလာရတာ”

သူမအတွက် ဟမ်ယဲ့ ပျော်ရွှင်သွားခဲ့သည်။

“မင်းအခု အရမ်းအစွမ်းထက်နေပြီပဲ၊ မင်းသာ မိစ္ဆာဘုရင်မ ဖြစ်လာမယ်ဆို မိစ္ဆာနယ်မြေတစ်ခုလုံး ကန့်ကွက်ရဲတဲ့သူရှိမှာ မဟုတ်ဘူး”

ထိုစကားကို ကြားပြီး ရှန်းဝမ်ချင်းနှင့် လင်းယွမ်တို့ အလွန်မကျေမနပ်ဖြစ်သွာားကြသည်။ ရှန်းဝမ်ချင်းက အေးစက်နေသော မျက်လုံးများဖြင့် ဆိုလိုက်သည်။

“ရုန်ရုန်က မင်းရဲ့ မိစ္ဆာဘုရင်မ ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး!”

လင်းယွမ် ကြက်သေသေသွားသည်။

“ရုန်ရုန် ဟုတ်လား”

ကျုံးရှောင်းရှောင်း ဟူသည်မှာ သူမ အမည်အရင်းမဟုတ်မှန်း လင်းယွမ်သိသော်လည်း သူမ၏အမည်အစစ်အမှန်ကိုတော့ မသိခဲ့ရပါ။

ဟမ်ယဲ့က အားရပါးရရယ်မောကာ လှောင်ပြောင်လိုက်သည်။

“သူ့နာမည်အရင်းက ရုန်ရုန်ဆိုတာကိုတောင် မင်းမသိဘူးတဲ့လား၊ ဟားဟားဟား! ဒါတောင် ကိုယ့်ကိုယ်ကိုယ် ပါးနပ်လှပြီလို့ထင်နေတယ်ပေါ့၊ ရယ်ရလွန်းလို့ သေတော့မှာပဲ!”

ထိုစကားက လင်းယွမ်၏အရှိုက်ကို လာထိပြီး သူ့မျက်နှာအကျည်းတန်ကာ နတ်ဆိုးစွမ်းအင်များ ဖြာထွက်လာခဲ့သည်။

“ငါ မင်းကို သေအောင် သတ်ပေးမယ်!”

ဟမ်ယဲ့သည်လည်း စိတ်ရွှင်နေကာ ကြောက်ရွံ့မှုအလျှင်းမရှိပါ။

“လာစမ်းပါ၊ ရုန်ရုန့်ရဲ့ နာမည်အရင်းကိုတောင် မသိတဲ့ ငတုံးကောင်ကများ!”

သူတို့ ထပ်ပြီး တိုက်ခိုက်ဖို့ ကြံနေကြသည်ကိုမြင်ပြီး ယန်ရုန်ရုန် ဝင်တားလိုက်သည်။

“တော်ကြတော့”

သူတို့သုံဦးသည် ယန်ရုန်ရုန့်ဘက်သို့ ပြိုင်တူလှည့်ကာ တောက်လောင်နေသော မျက်လုံးများဖြင့် ပြိုင်တူ မေးလိုက်ကြသည်။

“ငါတို့သုံးယောက်ထဲမှာ မင်းဘယ်သူ့ကို ရွေးမှာလဲ”

ယန်ရုန်ရုန် ပဟေဠိဆန်စွာ ပြုံးလျက်ဆိုသည်။

“သိချင်လား၊ ကျွန်မနဲ့လိုက်ခဲ့လေ၊ ရှင်တို့လိုချင်တဲ့ အဖြေကို သိရမယ်”

ထို့နောက် ယန်ရုန်ရုန်သည် သံသရာခွင်းဘုံကို ဖွင့်ကာ ဝင်သွားခဲ့သည်။ ကျန်ခဲ့သည့် သုံးဦးလည်း ခေတ္တတွန့်ဆုတ်သွားကြပြီး တစ်ဦးကိုတစ်ဦး ပြန်ကြည့်လိုက်ကြသည်။ ဤကဲ့သို့ အချိန်မျိုးတွင် သွေးကြောင်သည့်လူက ရှုံးနိမ့်ပါလိမ့်မည်။

မည်သူမှ မရှုံးနိမ့်ချင်ကြသဖြင့် သုံးယောက်စလုံး သံသရာခွင်းဘုံအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။

-

သူတို့လေးယောက်သား ခွန်းလွင်နယ်မြေသို့ ရောက်ရှိလာခဲ့ကြသည်။ ယန်ရုန်ရုန် အိမ်ထဲဝင်သွားပြီး တံခါးဝတွင် တွန့်ဆုတ်နေကြသည့် ယောက်ျားသုံးဦးကို အပြုံးဖြင့် လှည့်မေးလိုက်သည်။

“ကျွန်မ ဘယ်သူ့ကို ရွေးမှာလဲ မသိချင်ဘူးလား၊ အထဲဝင်လာခဲ့လေ”

ထိုအဖြေက အလွန်ပင် ဆွဲဆောင်မှုရှိနေသဖြင့် သူတို့နှလုံးသားထဲ ဖြစ်တည်လာသည့် ချောက်ချားမှုများကို လျစ်လျူရှုလိုက်ကြပြီး အိမ်ထဲ ပြိုင်တူဝင်လာခဲ့ကြသည်။ ထို့နောက် ကုတင်ပေါ်တွင် လှဲလျောင်းနေသည့် ဖုန့်ဟွိုက်ယွီကို မြင်သွားခဲ့လေသည်။

ချက်ချင်းဆိုသလိုပင် တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့သည်။ သူတို့အာရုံထဲ မှတ်ဉာဏ်အစိတ်အပိုင်းများစွာ ပြန်လည် ဝင်ရောက်လာခဲ့သည်။

သူတို့သည် ကုတင်နားသို့ တစ်လှမ်းချင်း လှမ်းသွားခဲ့ကြပြီး ခန္ဓာကိုယ်များမှာလည်း တဖြည်းဖြည်း မှုန်ရီဝေဝါးလာခဲ့ကြသည်။ နောက်ဆုံးတွင်တော့ သူတို့သုံးဦးစလုံး ဝိညာဉ်အပိုင်းအစလေးများအဖြစ် အသွင်ပြန်ပြောင်းကာ ဖုန့်ဟွိုက်ယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြတော့သည်။

ဝိညာဉ်လေးခုစလုံး ပြန်လည်ဆုံစည်းသွားခဲ့ပြီဖြစ်ရာ လေးဦးစလုံး၏မှတ်ဉာဏ်များသည်လည်း တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပါသည်။

ယန်ရုန်ရုန်သည် ကုတင်ဘေးတွင်ထိုင်ကာ ဖုန့်ဟွိုက်ယွီကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။ ထိုစဉ် သူ့ရင်ဘတ်သည် ရုတ်တရက် နိမ့်ချည်မြင့်ချည် လှုပ်ရှားလာပြီးမျက် တောင်များလည်း တဖျပ်ဖျပ် လှုပ်ခါလာသည်။

ခေတ္တကြာသောအခါ သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး နက်မှောင်သော သူငယ်အိမ်များ အထင်းသား ပေါ်လာခဲ့ကာ ယန်ရုန်ရုန်နှင့် အကြည့်ချင်း ဆုံသွားခဲ့ပါသည်။

ဖုန့်ဟွိုက်ယွီ၏အကြည့်က နွေဦးလေပြည်ကဲ့သို့ နူးညံ့လွန်းလှသည်။

“ရုန်ရုန်…”

ယန်ရုန်ရုန် ပြုံးလိုက်သည်။

“ကဲ… ကျွန်မ ဘယ်သူ့ကို ရွေးရမလဲ”

ဖုန့်ဟွိုက်ယွီ အလိုက်တသင့် မေးသည်။

“ကိုယ့်ကိုလား”

ယန်ရုန်ရုန်က ကျီစယ်သည်။

“မှားတယ်၊ ကျွန်မ ရှုယင်ကို ရွေးမှာ”

ဖုန့်ဟွိုက်ယွီ စိတ်မဆိုးခဲ့ဘဲ မျက်လုံးများကို မှိတ်လိုက်သည်။ သူ့မျက်လုံးများ ပြန်ပွင့်လာသောအခါ မျက်နှာက မပြောင်းလဲသော်လည်း အရှိန်အဝါက ရှုယင်ကဲ့သို့ပင် အေးစက်မှောင်မိုက်သွားခဲ့ပါသည်။

ဖုန့်ဟွိုက်ယွီက မေးလိုက်သည်။

“ရှုယင်က ကိုယ်ပဲ၊ သူ့ကိုရွေးရင် ကိုယ့်ကိုရွေးတာနဲ့ အတူတူပဲ”

ယန်ရုန်ရုန် ချက်ချင်း လေသံပြောင်းသွားပြန်သည်။

“ကျွန်မ မှားသွားလို့၊ ရှန်းဝမ်ချင်းကိုပဲ ရွေးတော့မယ်”

ထို့ကြောင့် ဖုန့်ဟွိုက်ယွီ မျက်နှာထားကို ပြောင်းလဲလိုက်ရပြန်သည်။ ဒီတစ်ခါတော့ တည်ကြည်လေးနက်သည့် ရွှမ်ယွဲ့ဓားသခင်ဖြစ်သွားခဲ့လေပြီ။

ယန်ရုန်ရုန် ထပ်ဆိုပြန်သည်။

“ကျွန်မ လင်းယွမ်ကို ပိုသဘောကျတာ အခုမှ သတိရတယ်”

ဖုန့်ဟွိုက်ယွီ ပြုံးလိုက်ပြီး သူ့မျက်ဝန်းများ ကြက်သွေးရောင်သန်းကာ လင်းယွမ်ကဲ့သို့ ဆွဲဆောင်မှုမျိုး ပေါ်လာခဲ့သည်။

ယန်ရုန်ရုန် ရယ်မောလိုက်မိပါသည်။

“ဟမ်ယဲ့ဆိုရင်ကော”

ဖုန့်ဟွိုက်ယွီ မျက်ခုံးတစ်ဖက်ပင့်လိုက်ရာ သူ့မျက်လုံးများ ကြက်သွေးရောင်မှ ရွှေရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သွားပေါ်အောင် ပြုံးလိုက်ရာ အစွယ်နှစ်ချောင်း အထင်းသားပေါ်လာခဲ့ပါသည်။

သူမ ရှုယင်ကိုရွေးသည်ဖြစ်စေ၊ ရှန်းဝမ်ချင်းကို ရွေးသည်ဖြစ်စေ၊ ဟမ်ယဲ့သို့မဟုတ် လင်းယွမ်ကို ရွေးသည်ဖြစ်စေ နောက်ဆုံးတွင် သူတစ်ယောက်တည်းသာရှိမှန်း ဖုန့်ဟွိုက်ယွီ အလုပ်ဖြင့် သက်သေပြခဲ့ပါသည်။

ယန်ရုန်ရုန် သူ့ပါးလေးကို ဖျစ်ကာ ကျီစယ်လိုက်သည်။

“ရှင့်တော်တော် မျက်နှာများတာပဲ”

ဖုန့်ဟွိုက်ယွီလည်း အခွင့်အရေးကိုအရယူပြီး သူမလက်ကလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

“ကိုယ်တို့ အလောင်းအစားလုပ်ထားတာ မှတ်မိသေးလား”

ယန်ရုန်ရုန် ကျိန်းသေမှတ်မိပါသည်။ သူမ ပြန်ရောက်လာခဲ့လျှင် ဘယ်လိုအသွင်ပုံစံမျိုးပဲ ရှိနေပါစေ ဖုန့်ဟွိုက်ယွီက မှတ်မိနေမည်ဟု ဆိုခဲ့သည်။

“ရှင် ကျွန်မကို မမှတ်မိပါဘူး”

ဖုန့်ဟွိုက်ယွီက ချေပသည်။

“ဒါပေမယ့် ကိုယ်ဘယ်သူပဲဖြစ်ခဲ့ဖြစ်ခဲ့ အကြိမ်တိုင်းမှာ မင်းကို မြင်မြင်ချင်း ချစ်မိသွားခဲ့တာပဲလေ၊ အဲ့တာကလည်း မှတ်မိခြင်းတစ်မျိုးပဲ မဟုတ်ဘူးလား”

ယန်ရုန်ရုန်က မယုံကြည်ဘဲ တစ်ဖန်ပြန်မေးလိုက်သည်။

“မြင်မြင်ချင်း ချစ်မိတာဆိုရင် ကျွန်မကို စိတ်ဆင်းရဲအောင် ဘာလို့လုပ်ခဲ့တာလဲ”

ဖုန့်ဟွိုက်ယွီ၏ ဝိညာဉ်မှာလေးပိုင်းကွဲသွားခဲ့ခြင်းဖြစ်ရာ ဝိညာဉ်တိုင်းက စွမ်းအားကြီးမားကြသော်လည်း ပြစ်ချက်အချို့ ရှိနေခဲ့ပါသည်။ ထိုပြစ်ချက်များကြောင့်ပင် လေးဦးစလုံးမှာ နှလုံးသားရေးရာနှင့် ပတ်သတ်လာလျှင် အလွန်ထုံအခဲ့ကြပြီး ယန်ရုန်ရုန့်ကို ဒုက္ခများစေခဲ့သည်။

ထို့ကြောင့် ဖုန့်ဟွိုက်ယွီသည် အပြစ်ရှိသလို ခံစားလိုက်ရပြီး နှစ်နှစ်ကာကာ တောင်းပန်လိုက်ပါသည်။

“ကိုယ် တောင်းပန်ပါတယ်၊ အားလုံး ကိုယ့်အပြစ်တွေပါ၊ ကိုယ့်ကို ကြိုက်သလို အပြစ်ပေးလို့ရတယ်”

ယန်ရုန်ရုန်သည် မေတ္တာကို မေတ္တာဖြင့်သာ တုံ့ပြန်တတ်သူဖြစ်ပါသည်။ ဖုန့်ဟွိုက်ယွီ၏ နှိမ့်ချမှုကိုမြင်ပြီး သူမက သဘောထားကြီးစွာ ပြောလိုက်သည်။

“အပြစ်တော့မပေးတော့ပါဘူး၊ ကျွန်မက အဲ့လောက်သဘောထားသေးသိမ်တဲ့လူမဟုတ်ဘူး၊ ဒါပေမယ့် နောက်နောင် ကျွန်မစကားကို ရှင်အမြဲတမ်း နားထောင်ရမယ်၊ အရှေ့ကိုသွားဆိုရင် အနောက်ကို သွားလို့မရဘူး၊ ကျွန်မ ကြယ်တွေ ကြည့်ချင်တယ်ဆိုရင် လမင်းကို ရှင်သွားကြည့်လို့မရဘူး”

ဖုန့်ဟွိုက်ယွီ မဆိုင်းမတွ သဘောတူလိုက်သည်။

“ကောင်းပြီလေ”

“အဲ့လောက် လွယ်လွယ်ကတိပေးတာလား၊ နှလုံးသားထဲက မပါမှန်း သိသာလိုက်တာ”

ဖုန့်ဟွိုက်ယွီသည် သူမ၏ လက်ဖျားထိပ်ကလေးများကို နမ်းရှိုက်ရင်း နွေးနွေးထွေးထွေး ပြောလိုက်ပါသည်။

“နှလုံးသားထဲကပါ မပါ အချိန်က သက်သေထူပါလိမ့်မယ်”

ယခုချိန်ကစ၍ ကောင်းကင်ဘုံတွင်ဖြစ်စေ ကမ္ဘာမြေတွင်ဖြစ်စေ ယန်ရုန်ရုန့်အနားတွင်သာ သူနေထိုင်ပါတော့မည်။ ဘဝအဆက်ဆက် ခွဲခွာခြင်းမရှိဘဲ အတူတူ ပေါင်းစည်းသွားတော့မည် ဖြစ်သည်။ သူ၏ ချစ်ခြင်းမေတ္တာများကို ယန်ရုန်ရုန် ခံစားမိခဲ့ပြီး မျက်ဝန်းတွေထဲ အပြုံးပန်းများ ဝေဆာနေခဲ့တော့သည်။

သူတို့ ခန္ဓာကိုယ်ချင်း နီးကပ်လာပြီး နှုတ်ခမ်းချင်း ထိတွေ့လိုက်ကြသည်။

ကြည်နူးစရာကောင်းနေသည့် အခြေအနေတွင် ပြူတင်းပေါက်အပြင်ဘက်၌ တစ်စုံတစ်ယောက် ရှိနေသည်ကို ယန်ရုန်ရုန် သတိပြုမိသွားသည်။

ထို့ကြောင့် ဖုန့်ဟွိုက်ယွီကို ချက်ချင်းတွန်းထုတ်ကာ အပြင်သို့ လှမ်းကြည့်လိုက်ရာ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေသော ချုံးမင်ငှက်ကို မြင်လိုက်ရပါသည်။

လူမိသွားပြီဖြစ်၍ ချုံးမင်ငှက်သည် မျက်လုံးများကို အတောင်ဖြင့်အုပ်ကာ အသည်းအသန် အော်ဟစ်တော့ သည်။

“အောင်မယ်လေး! ကျုပ်ဘာမှမမြင်ဘူး! ဘာမှမမြင်လိုက်ဘူး!”

ယန်ရုန်ရုန်က သူ့ကို အထဲဝင်လာဖို့ လှမ်းခေါ်လိုက်သည်။ ချုံးမင်ငှက်ကလည်း အရိုက်ခံရဖို့သက်သက်နှင့် ဝင်လာမည် မဟုတ်ပေ။ ထို့ကြောင့် အတောင်ပံများကို အသည်းအသန်ခတ်ရင်း ထွက်ပြေးသွားလေတော့သည်။

ယန်ရုန်ရုန် နောက်မှပြေးလိုက်ချင်သော်လည်း ဖုန့်ဟွိုက်ယွီက သူမလက်ကို ဆွဲထားပါသည်။ ထို့နောက် သနားစရာကောင်းစွာ ဆိုလိုက်သည်။

“ကိုယ့်ရင်ဘတ်ထဲ စူးစူးရှရှ နာကျင်နေသလိုပဲ… ဒဏ်ရာတွေ မပျောက်သေးဘူးထင်တယ်၊ မြန်မြန် စစ်ပေးပါဦး”

သူ့စကားကို ယုံကြည်သွားပြီး ယန်ရုန်ရုန်သည် သူ့ဝတ်ရုံကို ဆွဲဖွင့်ကြည့်လိုက်သည်။ ထိုအခါ သူ့ရင်ဘတ်တွင် အနာအဆာပင်မရှိဘဲ ချောမွေ့နေသည်ကို မြင်လိုက်ရပါသည်။

ဖုန့်ဟွိုက်ယွီက ထိုအခွင့်အရေးကို အရယူကာ သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ နမ်းရှိုက်လိုက်တော့သည်။

“ရုန်ရုန် အကြင်နာပေးရင် နာမှာ မဟုတ်တော့ဘူး”

ယန်ရုန်ရုန် စိတ်လည်းရှုပ်၊ ရွှင်လည်းရွှင်မြူးသွားသည်။ သူ့ကို ကုတင်ပေါ်သို့ ဖိချကာ ပညာပေးရန်ပြင်လိုက်တော့သည်။

ပြူတင်းပေါက်အပြင်ဘက်တွင် နေဝင်ရိုးရီ အလင်းတန်းလေးများက ခွန်းလွင်နယ်မြေပေါ်သို့ ကျရောက်လာကာ ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံတစ်ခုသဖွယ် လှပသွားစေပါသည်။

အခန်းထဲတွင် ဖုန့်ဟွိုက်ယွီနှင့် ယန်ရုန်ရုန်တို့ ကျီစယ်နေခဲ့ကြသည်။

ဖုန့်ဟွိုက်ယွီ မေးလိုက်သည်။

“အဲ့ဒီကမ္ဘာကို ပြန်သွားဦးမှာလား”

ယန်ရုန်ရုန်ကဆိုသည်။

“မပြန်တော့ပါဘူး၊ ဒီမှာပဲ လှပတဲ့ တောတောင်မြစ်ချောင်းတွေဆီကို ခရီးနှင်ပြီး အရသာရှိတဲ့အစားအသောက်တွေကို စားပြီးနေတော့မယ်”

“ဒါဆို ဒီကအဖော်ကိုကော အတူတူခေါ်သွားဖို့ အစီအစဉ်ရှိရဲ့လား”

“ရှင့် အစွမ်းအစပေါ်မှာ မူတည်တာပေါ့”

“ဒါဆို အခုပဲ ကိုယ့်အစွမ်းအစကို ထုတ်ပြလိုက်တော့မယ်လေ”

“အဲ့လို အစွမ်းအစကို ပြောတာမဟုတ်ဘူး! တော်စမ်း!”

(ပြီးပါပြီ)

All Chapters