ချင်းရှောင်ဂိုဏ်း ၏ လှုပ်ရှားမှုများ
Vol. 26 Ch. 251
လီချင်းချိုးက မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။
မိစ္ဆာကြီးလော့၏ တစ္ဆေမင်းဆက် အစီအစဉ်က သူ့အတွက် ကြီးမားသော စိုးရိမ်စရာ တစ်ခု ဖြစ်လာခဲ့သည်။
သို့သော်လည်း အရေးအကြီးဆုံး လုပ်ဆောင်ရမည့် အလုပ်မှာ ဝိညာဉ်နှုတ်မဟူရာမိစ္ဆာ၏ ခွဲထွက်ဝိညာဉ်ကို ကိုင်တွယ် ဖြေရှင်းရန် ဖြစ်ပြီး သူ ပြန်လည် အသက်ဝင်လာမည်ကို တားဆီးရန်ပင် ဖြစ်၏။
လီချင်းချိုးက မတ်တတ်ရပ်၍ ဟွမ်ရှန်း ကို လှည့်ကြည့်ကာ….
"မင်းတို့တွေ ဆက်ပြီး စောင့်ကြပ်နေကြ... ငါ သွားပြီး အဲဒီကောင်ကို အရင် ရှင်းလင်းလိုက်ဦးမယ်..."
ခွဲထွက်ဝိညာဉ်၏ မှတ်ဉာဏ်များမှ တစ်ဆင့် လီချင်းချိုးက သဲလွန်စ အချို့ကို ရရှိခဲ့ပြီး ၎င်းက ဝိညာဉ်နှုတ်မဟူရာမိစ္ဆာကို ရှာတွေ့ရန် အခွင့်အရေး ရှိသည်ဟု သူ့ကို ခံစားရစေသည်။
ဤမိစ္ဆာဝိညာဉ်များက အစွမ်းထက်ပြီး ထူးဆန်းသော မှော်ပညာရပ်များကို ပိုင်ဆိုင်ထားကြသော်လည်း မသေမျိုးလမ်းစဉ်ကို ကျင့်ကြံခြင်းတွင် အတွေ့အကြုံ မရှိကြချေ။ အနည်းဆုံးတော့ တစ္ဆေဘုရင်ကျိမင်နှင့် ဝိညာဉ်နှုတ်မဟူရာမိစ္ဆာတို့တွင် မရှိပေ။
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာက လီချင်းချိုး သူ့မှတ်ဉာဏ်များကို ခိုးယူနိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ခြင်း ဖြစ်နိုင်သည်။
ညွှန်ကြားချက်များ ပေးပြီးနောက် လီချင်းချိုးက ဝိညာဉ်သန့်စင်အလံကို ကောက်ယူ၍ လေထဲသို့ ခုန်တက်ကာ ဓားအလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားတော့သည်။
တပည့် ရာနှင့်ချီ၍ ရှိသော လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြပြီး အရာအားလုံးက ဤမျှ ချောမွေ့စွာ ပြီးဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။
"အစောက ဘာဖြစ်သွားလဲဆိုတာ သေချာ မြင်လိုက်ရလား..."
"မမြင်လိုက်ရဘူး... ဂိုဏ်းချုပ်က အလံတစ်ခုကို ဝှေ့ယမ်းလိုက်တာပဲ မြင်လိုက်ရတယ်... အဲဒီအလံက ဘယ်လို 'မှော်ပစ္စည်း' မျိုးလဲ..."
"ဂိုဏ်းချုပ်က တကယ်ကို အံ့သြစရာ ကောင်းတာပဲ... အစောက သူ အဲဒီမှာ တရားထိုင်နေတုန်းက ဘာတွေ လုပ်နေခဲ့တယ်လို့ ထင်လဲ..."
"ဂိုဏ်းချုပ်ရဲ့ တစ္ဆေလမ်းစဉ် မှော်ပညာရပ်ကျွမ်းကျင်မှု အဆင့်ကို ငါတို့က ဘယ်လိုလုပ် မှန်းဆနိုင်မှာလဲ..."
တပည့်များက သူတို့အချင်းချင်း ဆွေးနွေးနေကြပြီး အများအပြားက အနာဂတ်တွင် တစ္ဆေလမ်းစဉ် မှော်ပညာရပ်များကို ကျင့်ကြံရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့က တစ္ဆေကျင့်ကြံသူများ မဖြစ်လာလျှင်တောင်မှ အနည်းဆုံးတော့ တစ္ဆေများအတွက် မှော်ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်လာမည် ဖြစ်သည်။
ကူးချန်ဖိန်က လီချင်းချိုး ထွက်ခွာသွားသော ဦးတည်ချက်ကို စူးစိုက်ကြည့်နေ၏။
သူလည်း ဂိုဏ်းချုပ်လို ကျင့်ကြံသူ တစ်ဦး ဖြစ်လာရမည်။
...
နံနက်ခင်း အစောပိုင်းတွင်…..
တောင်တန်းများကြားတွင် တည်ရှိသော ရွာတစ်ရွာတွင် အဆိပ်ငွေ့များ လွှမ်းခြုံနေပြီး အိမ်များက ထိုအဆိပ်ငွေ့များကြားတွင် မိစ္ဆာများနှင့် သတ္တဝါဆိုးများကဲ့သို့ ဝင်လိုက်ထွက်လိုက် ဖြစ်နေသည်။
ထိုစဉ် မြေခွေးနက် တစ်ကောင်က အဆိပ်ငွေ့များ ကြားမှ ခုန်ထွက်လာသည်။ ၎င်းမှာ ဝိညာဉ်နှုတ်မဟူရာမိစ္ဆာပင် ဖြစ်သည်။
သူက လျင်မြန် ပေါ့ပါးစွာ လှုပ်ရှားနေပြီး ဝါးစည်းရိုး တစ်ခုကို လျင်မြန်စွာ ကျော်ဖြတ်ကာ ခြံဝင်း တစ်ခုထဲသို့ ခုန်ဆင်းပြီး ဝါးလုံး တစ်ခု ရှေ့တွင် ဆင်းသက်လိုက်သည်။
ထိုဝါးလုံးက မြေကြီးထဲတွင် စိုက်ထားပြီး ထိပ်တွင် လက်ကောက်ဝတ် အရိုး တစ်ခု ချိတ်ဆွဲထားသည်။ အလယ်လက်ချောင်းနှင့် လက်သူကြွယ် တို့ ပျောက်ဆုံးနေပြီး လက်ကောက်ဝတ် အရိုး တစ်ခုလုံးက လက်သည်း တစ်ခု ပုံသဏ္ဌာန် ဖြစ်နေကာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာက ဝါးလုံးကို ပတ်၍ လျှောက်သွားရင်း မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
ရုတ်တရက်….
ခြေသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ဆယ်ကျော်သက် အရွယ် လူငယ် လေးဦးက ခြံဝင်း တံခါးကို တွန်းဖွင့်၍ ပန်းများနှင့် သစ်သီးများကို ကိုယ်စီ သယ်ဆောင်ကာ ခြံဝင်း အတွင်းသို့ သတိထား၍ ဝင်ရောက်လာကြသည်။
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာကို မြင်သောအခါ သူတို့၏ အမူအရာများ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားကြသည်။ သူတို့က ရှေ့သို့ ပြေးသွားပြီး လက်ထဲရှိ ပန်းများနှင့် သစ်သီးများကို အောက်ချကာ မြေကြီးပေါ်တွင် ဒူးထောက်၍ ကြောက်လန့်တကြား တုန်ယင်နေကြသည်။
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာက သူတို့ကို အေးစက်သော မျက်လုံးများဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။
"ငါ မင်းတို့ကို ဒီကို လမ်းပြဖို့ လွှတ်လိုက်တာ... ဒါပေမဲ့ မင်းတို့ ကျရှုံးသွားတယ်... ဝိညာဉ် အသစ်တွေကို ငါ မခံစားရဘူး..."
ဒီစကားများက ဆယ်ကျော်သက် ယောက်ျားလေးနှင့် မိန်းကလေး လေးဦးကို ပို၍ပင် ထိတ်လန့်သွားစေပြီး သူတို့ အားလုံးက အသက်ချမ်းသာပေးရန် တောင်းပန်လိုက်ကြသည်။
"အစက မင်းတို့ကို ငါ့ရဲ့ တစ္ဆေကျွန် ဖြစ်လာဖို့ အခွင့်အရေး ပေးချင်ခဲ့တာ... ဒါပေမဲ့ ကံမကောင်းစွာပဲ မင်းတို့က သနားတတ်လွန်းပြီး ကြောက်တတ်လွန်းတယ်... မင်းတို့က အခွင့်အရေးကို မဆုပ်ကိုင်နိုင်ဘူး ဆိုတော့ မသေမျိုး အရိုးရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်း ဖြစ်လာလိုက်တော့..."
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာက အေးစက်စွာ ပြောလိုက်ပြီး ခန္ဓာကိုယ်မှ တစ္ဆေချီများ စတင် ထွက်ပေါ်လာကာ လျင်မြန်စွာ ပြန့်ကျဲသွားသဖြင့် ဧရာမ မြေခွေးနက်ကြီး တစ်ကောင် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လာသကဲ့သို့ ဖြစ်နေတော့သည်။
မိန်းကလေး နှစ်ဦးက ငိုကြွေးလိုက်ကြပြီး ယောက်ျားလေး နှစ်ဦးမှာမူ အလွန် ကြောက်လန့်နေသဖြင့် မြေကြီးကို ဆက်တိုက် ခေါင်းနဲ့ ဆောင့်ကာ တောင်းပန်နေကြရာ ဘုန်းခနဲ အသံများ ထွက်ပေါ်နေသည်။
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာက စူးရှပြီး နားကွဲမတတ် ရယ်မောလိုက်ရင်း ပို၍ပို၍ မာနကြီးလာသည်။ သူက အသက်ရှင်နေသူများ၏ စိတ်ပျက်အားငယ်မှုများနှင့် ရုန်းကန်မှုများကို နှစ်သက် သဘောကျပြီး ၎င်းကို အလှပဆုံးသော အခိုက်အတန့် တစ်ခု အဖြစ် သတ်မှတ်ထားသည်။
စိတ်ပျက်အားငယ်စွာဖြင့် သေဆုံးသွားသူများ၏ ဝိညာဉ်များက အလှပဆုံးပင်။
"ငါ သေရမယ် ဆိုရင်တောင် ရန်သူ သဘောကျတဲ့ ပုံစံမျိုးနဲ့တော့ အသေမခံနိုင်ဘူး..."
ထိုစဉ် ကျယ်လောင်သော အသံတစ်သံ ခြံဝင်း အတွင်းသို့ ဝင်ရောက်လာရာ ဝိညာဉ်နှုတ်မဟူရာမိစ္ဆာကို လန့်ဖြတ်သွားစေပြီး ရုတ်တရက် လှည့်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရချေ။
ဆယ်ကျော်သက် လေးဦးက အလိုအလျောက် မော့ကြည့်လိုက်ရာ လီချင်းချိုး၏ ပုံရိပ်ကို မြင်လိုက်ရသဖြင့် သူတို့ အံ့အားသင့်စွာဖြင့် အေးခဲသွားကြသည်။
လီချင်းချိုးက ဝိညာဉ်နှုတ်မဟူရာမိစ္ဆာ ၏ နောက်တွင် ရပ်နေပြီး အကြည့်များက အေးစက်နေသည်။
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာ အလိုအလျောက် လှည့်ကြည့်လိုက်တော့ လီချင်းချိုးကို မျက်လုံးထောင့်မှ မြင်လိုက်ရ၏။ သူ အလွန် ထိတ်လန့်သွားသဖြင့် ဝိညာဉ် ချက်ချင်း ပြန့်ကျဲသွားပြီး တစ္ဆေချီများ အဆက်မပြတ် ပြန့်ထွက်ကာ ပေါက်ကွဲထွက်လာတော့သည်။
လီချင်းချိုးက ဝိညာဉ်သန့်စင်အလံကို ထုတ်ယူ၍ မူလချီစွမ်းအင်များကို ထိုးသွင်းလိုက်၏။ ထို့နောက် ဝိညာဉ်သန့်စင်အလံက အစွမ်းထက်သော ဆွဲငင်အား တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ဝိညာဉ်နှုတ်မဟူရာမိစ္ဆာ၏ တစ္ဆေချီများကို ၎င်းအတွင်းသို့ ဆွဲသွင်းလိုက်သည်။
ချင်းရှောင်ဂိုဏ်းက သူတို့၏ ကိုယ်ပိုင် မှော်ပစ္စည်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေသော်လည်း ယခုအချိန်အထိ မည်သည့် မှော်ပစ္စည်း ကမျှ ဝိညာဉ်သန့်စင်အလံကို မယှဉ်နိုင်သေးချေ။ မူလချီစွမ်းအင်များ ပိုမို အစွမ်းထက်လေလေ ဝိညာဉ်သန့်စင်အလံ၏ စွမ်းအား ပိုမို အစွမ်းထက်လေလေပင်။ထို့အပြင် ဝိညာဉ်သန့်စင်အလံက အထက်ကန့်သတ်ချက် မရှိဘဲ ကြီးထွားလာနိုင်သော မှော်ပစ္စည်းတစ်ခု ဖြစ်သည်။
လီချင်းချိုးက မိစ္ဆာဝိညာဉ် အများအပြားကို မြင်တွေ့ခဲ့ဖူးသော်လည်း သူတို့ထဲမှ မည်သူကမျှ ဝိညာဉ်သန့်စင်အလံ အတွင်းရှိ အိပ်မောကျနေသော မိစ္ဆာဝိညာဉ်လောက် ကြောက်မက်ဖွယ် မကောင်းချေ။
"မလုပ်ပါနဲ့..."
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာက သနားစရာကောင်းသော အော်ဟစ်သံ တစ်သံ ထုတ်လွှတ်လိုက်၏။သူသည် ဝိညာဉ်သန့်စင်အလံ၏ စွမ်းအားကို မယှဉ်နိုင်ချေ။
တစ္ဆေဘုရင်ကျိမင်ကို ကိုင်တွယ် ဖြေရှင်းခဲ့စဉ်ကထက် လီချင်းချိုးက များစွာ ပို၍ အစွမ်းထက်လာခဲ့ပြီ ဖြစ်ပြီး ဝိညာဉ်နှုတ်မဟူရာမိစ္ဆာက တစ္ဆေဘုရင် ကျိမင်လောက် မအစွမ်းထက်သည်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။
လီချင်းချိုးက ဝိညာဉ်သန့်စင်အလံကို ကိုင်ဆောင်၍ ဝိညာဉ်နှုတ်မဟူရာမိစ္ဆာ ကို ဝါးမျိုလိုက်သော မြင်ကွင်းက ဆယ်ကျော်သက် လေးဦးကို အလွန်အမင်းအံ့အားသင့်စေခဲ့သည်။ သူတို့ အားလုံး မျက်လုံးများ ပြူးကျယ်နေပြီး သူတို့၏ မျက်လုံးများတွင် အံ့အားသင့်မှုများ တောက်ပနေကာ နတ်ဘုရား တစ်ပါးကို မြင်တွေ့နေရသကဲ့သို့ပင်။
မကြာမီမှာပင် ဝိညာဉ်နှုတ်မဟူရာမိစ္ဆာခင်မျာ ဝိညာဉ်သန့်စင်အလံ အတွင်းသို့ ဖိနှိပ် ချုပ်နှောင်ခံလိုက်ရပြီး တစ္ဆေများဖြင့် ပြည့်နှက်နေသော မှော်ပစ္စည်း နေရာ တစ်ခုသို့ ရောက်ရှိသွားကာ ကောင်းကင်ယံတွင် လွင့်မျောနေသကဲ့သို့ ဖြစ်နေသည်။
ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ တစ္ဆေများ နေရာအနှံ့ ပျံသန်းနေသည်ကို မြင်လိုက်ရသည်။ လှုပ်ရှား၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသောအခါ ထိတ်လန့်သွားပြီး ဤခံစားချက်က သူ့ကို ကြောက်ရွံ့မှုနှင့် မသက်မသာ ဖြစ်မှုများဖြင့် ပြည့်နှက်သွားစေသည်။
ထို့နောက် အကြည့်များက အဝေးရှိ နေမင်း တစ်စင်းထံသို့ ဆွဲဆောင်ခံလိုက်ရပြီး ထိုနေမင်း အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာတစ်ကောင် ကွေးကွေးလေး အိပ်မောကျနေသည်ကို မြင်လိုက်ရသည်။
ထိုအခါ မျက်လုံးများ ပြူးကျယ်သွားပြီး တုန်ယင်နေသော အသံဖြင့် ရေရွတ်လိုက်သည်။
"ဒါ..ဒါ... ဘယ်လို ဖြစ်နိုင်မှာလဲ..."
လက်တွေ့တွင် လီချင်းချိုးက အလံကို အောက်ချလိုက်ပြီး သိုလှောင်အိတ်ထဲမှ အစာခြောက် အချို့ကို ထုတ်ယူကာ မြေကြီးပေါ်တွင် ချထားလိုက်သည်။ ထို့နောက် ဝါးလုံးပေါ်မှ လက်ကောက်ဝတ် အရိုးကို ဖြုတ်ယူ၍ သိုလှောင်အိတ် ထဲသို့ ပစ်ထည့်လိုက်ပြန်သည်။
ယောက်ျားလေးနှင့် မိန်းကလေး လေးဦး စကားမပြောနိုင်မီမှာပင် လီချင်းချိုးက လေထဲသို့ ခုန်တက်သွားပြီး ပျံသန်းနေသော နတ်ဘုရား တစ်ပါးကဲ့သို့ အဆိပ်ငွေ့များ ကြားသို့ ပျောက်ကွယ်သွားတော့သည်။
………
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာကို ဖိနှိပ် ချုပ်နှောင်ပြီးနောက် လီချင်းချိုးက ထျန်းရှန်းဝိညာဉ်ရေကန်သို့ အမြန်ဆုံး နှုန်းဖြင့် ပြန်လည် ပျံသန်းလာခဲ့သည်။
ထို့နောက် တပည့်များ အားလုံး၏ ရှေ့တွင် ဝိညာဉ်နှုတ်မဟူရာမိစ္ဆာ ကို ရှင်းလင်းစွာ မြင်တွေ့နိုင်စေရန် ထုတ်ပြလိုက်ပြီးနောက် ဝိညာဉ်သန့်စင်အလံထဲသို့ ပြန်ထည့်လိုက်သည်။
"သေဆုံးသွားတဲ့ သူတွေကို ချင်းရှောင်ဂိုဏ်းကို ပြန်ပို့ဖို့ စီစဉ်လိုက်ပါ... မိစ္ဆာ နှိမ်နင်းဖို့ ပြင်ဆင်ရမှာမို့ ငါ အရင် ပြန်သွားနှင့်မယ်..."
လီချင်းချိုးက ဟွမ်ရှန်းကို ညွှန်ကြားလိုက်ရာ ဟွမ်ရှန်းက ချက်ချင်း အမိန့်ကို လက်ခံလိုက်ပြီး လီချင်းချိုး ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
ဂိုဏ်းချုပ်က လေပြေကဲ့သို့ လာရောက်ပြီး လေပြေကဲ့သို့ ထွက်ခွာသွားကာ ပြတ်သားပြီး ထိရောက်မှု ရှိသဖြင့် တပည့်များ ကြားတွင် လေးစား အားကျမှုနှင့် တောင့်တမှုများကို ဖြစ်ပေါ်စေသည်။
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ဖိအားများ ပျောက်ကွယ်သွားသော်လည်း ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး မနေနိုင်ကြတော့ချေ။
မွန်းတည့်ချိန်သို့ နီးကပ်လာသောအခါ လီချင်းချိုးက လင်းရှောင်ဝင်းတွင် နေရာယူပြီး ဖြစ်ကာ ကျန်းယွီချွန်း၊ ကျူးယန်၊ ရှန်ယွဲ့၊ ရွှယ်ကျင်းနှင့် ချင်းရှောင်ဘိုးဘေးတို့က သူ့ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။
သူက ဝိညာဉ်နှုတ်မဟူရာမိစ္ဆာနှင့် ပတ်သက်သော သတင်းအချက်အလက်များ အားလုံးကို ပြန်လည် ပြောပြပြီး ဖြစ်ရာ လူတိုင်းကို တိတ်ဆိတ်သွားစေသည်။
မိစ္ဆာဝိညာဉ် ဆယ့်ငါးကောင်လည်း တက်ကြွစွာ လှုပ်ရှားနေပြီး သူတို့ အားလုံးက ကိုးပြည်ထောင်နယ်မြေကို မျက်စိကျနေကြသဖြင့် လူတိုင်း ဖိအားများကို ခံစားလိုက်ရသည်။
ဤမိစ္ဆာဝိညာဉ်များကို ဝိညာဉ်အသိအာရုံအဆင့် ကျွမ်းကျင်သူများကသာ ကိုင်တွယ် ဖြေရှင်းနိုင်သည်မှာ ထင်ရှားပြီး ချင်းရှောင်ဂိုဏ်းတွင် လောလောဆယ် ဝိညာဉ်အသိအာရုံအဆင့် ကျွမ်းကျင်သူ သုံးဦးသာရှိသည်။
လီချင်းချိုးက ….
"ပန်းတွေ၊ အပင်တွေ ညှိုးနွမ်း သေဆုံးနေတဲ့ နေရာတွေကို စုံစမ်းဖို့ တပည့်တွေကို လွှတ်လိုက်ပါ... မှတ်ထားပါ... သူတို့ကို တွေ့တာနဲ့ ချက်ချင်း ဆုတ်ခွာရမယ်... အထဲကို ဆက်မဝင်နဲ့..."
ကျန်းယွီချွန်းနှင့် ရွှယ်ကျင်းတို့က ခေါင်းညိတ်လိုက်ကြသည်။ ဤကိစ္စကို သူတို့ စီစဉ်ပေးမည် ဖြစ်သည်။
"မိစ္ဆာကြီးလော့က တစ္ဆေမင်းဆက် တစ်ခု တည်ထောင်ချင်နေတယ်... အဲဒါက ကိုးပြည်ထောင်နယ်မြေ တစ်ခုလုံးကို ဘေးဒုက္ခတွေ ယူဆောင်လာလိမ့်မယ်... သူ့ကို ရှင်းလင်းပစ်ရမယ်... ငါတို့တွေ စစ်ပွဲအတွက် ကြိုတင် ပြင်ဆင်ထားရမယ် ပြီးတော့ တပည့် တစ်ထောင်ကို ရွေးချယ်ရမယ်... မိစ္ဆာကြီးလော့နဲ့ သူ့ရဲ့ တစ္ဆေစစ်တပ်ကို ရှင်းလင်းဖို့ သူတို့ကို ငါ ကိုယ်တိုင် မြောက်ဘက်ဆီ ဦးဆောင် သွားမယ်..."
ထို့နောက် လီချင်းချိုး အမိန့်ပေးလိုက်ရာ လူတိုင်းက မကန့်ကွက်ဘဲ လက်ခံလိုက်ကြသည်။
ဤကိစ္စကို အလျင်စလို လုပ်ဆောင်၍ မရနိုင်ချေ။ လီချင်းချိုးက သူတို့ကို သူတို့၏ ကိုယ်ပိုင် လူများကို အရင်ဆုံး ရွေးချယ်ခိုင်းလိုက်သည်။ နောက်ထပ် မစဉ်းစားမီ ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ပြန်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေမည် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ချင်းရှောင်ဂိုဏ်း တွင် တာဝန်ယူ ကြီးကြပ်မည့် အစွမ်းထက်သော ဝိညာဉ်အသိအာရုံအဆင့် ခေါင်းဆောင် တစ်ဦး ရှိရမည် ဖြစ်သည်။
နောက်ရက်များတွင် မိစ္ဆာဝိညာဉ်များက ထျန်းရှန်းဝိညာဉ်ရေကန်ကို တိုက်ခိုက်ခဲ့သည် ဆိုသော သတင်းများ ဂိုဏ်းသို့ ရောက်ရှိလာပြီး အလောင်းများကို ပြန်လည် သယ်ဆောင်လာသောအခါ ဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားတော့သည်။
ညနေခင်း တစ်ခုတွင် လီချင်းချိုးကို ယွင်ချိုင် လာရှာခဲ့သည်။
"ဂိုဏ်းချုပ်... အကယ်၍ ရှင် မြောက်ဘက်ကို သွားမယ်ဆိုရင် ကျွန်မကို သေချာပေါက် ခေါ်သွားပေးပါ..."
ယွင်ချိုင် က လီချင်းချိုး၏ ရှေ့တွင် ရပ်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သော်လည်း သူမ၏ နှလုံးသားကမူ တည်ငြိမ်မနေချေ။
သူမ.ယခင်က ပေါ်ကျောက်နှင့်ပေါ်ကျောက်၏ သူငယ်ချင်း နှစ်ယောက်ကို ထျန်းရှန်းဝိညာဉ်ရေကန်သို့ သွားရန် အကြံပြုခဲ့ဖူးပြီး သူတို့ကို ဝိညာဉ်ရေးရာ ကျင့်ကြံခြင်းအတွက် ပိုမို ကောင်းမွန်သော ပတ်ဝန်းကျင် တစ်ခု ပံ့ပိုးပေးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သေဆုံးသူ စာရင်းတွင် ပေါ်ကျောက် နောက်သို့ လိုက်ပါသွားသော ရာဇဝတ်အမှုထမ်း နှစ်ဦး ပါဝင်နေသဖြင့် သူမကို လွန်စွာ ဝမ်းနည်းစေပြီး အပြစ်ရှိသလို ခံစားရစေသည်။
လီချင်းချိုးက ဤကိစ္စကို ယခင်ကတည်းက သိရှိထားသော်လည်း ထျန်းရှန်းဝိညာဉ်ရေကန်တွင် အသက်ရှင် ကျန်ရစ်ခဲ့သော ပေါ်ကျောက် ကို သူ အထူး အာရုံစိုက်ခြင်း မပြုခဲ့ပေ။ သူ့ မျက်လုံးထဲတွင် ဤတပည့်များ အားလုံးက တန်းတူ ဖြစ်ကြသည်။
"ကောင်းပြီလေ..."
လီချင်းချိုးက ချက်ချင်း သဘောတူလိုက်သည်။ အကယ်၍ ယွင်ချိုင်ကို လက်စားချေရန် အခွင့်အရေး မပေးပါက အစွဲအလမ်း ကြီးနေလိမ့်မည်ကို သူ သိထားသည်။
ယွင်ချိုင် ဦးညွှတ် နှုတ်ဆက် ထွက်ခွာသွားပြီး လီချင်းချိုးကမူ တောအုပ်ထဲတွင် ဆက်လက် ကျင့်ကြံနေခဲ့သည်။
ဂိုဏ်း၏ စီစဉ်ထားသော အကြီးစား စစ်ဆင်ရေး အကြောင်း သတင်းများ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဂိုဏ်းက မည်သည့် သတိပေးချက်မျှ မကပ်ထားသော်လည်း တပည့်များက သူတို့၏ အဆက်အသွယ်များမှ တစ်ဆင့် ဤစစ်ဆင်ရေးက အန္တရာယ်များကြောင်း သိရှိသွားကြသည်။
မူလအားဖြည့်နယ်ပယ် စတုတ္ထအလွှာရှိ တပည့်များသာ စာရင်းသွင်းခွင့်ရှိပြီး ထိုအချိန်တွင်ပင် ခွင့်ပြုချက် ရရှိရန် အာမခံချက် မရှိချေ။
ဤကိစ္စက တပည့်များ ကြားတွင် ကြီးမားသော ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့ပြီး ဂိုဏ်းက မည်သူ့ကို ပစ်မှတ်ထားနေသနည်းဆိုသည်ကို သူတို့ မသေချာကြပေ။ ၎င်းက အထက်တန်းလွှာ မိသားစု အသီးသီးကိုလည်း စိုးရိမ် ထိတ်လန့်စေခဲ့ပြီး သူတို့၏ ကလေးများက ဤအရေးကြီးသော အချိန်တွင် မိုက်မဲသော အလုပ် တစ်ခုခုကို လုပ်ဆောင်မိမည်ကို စိုးရိမ်နေကြသည်။
ယခု ဇွန်လလယ်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့လည်း နောက်ဆုံးတွင် ပြန်ရောက်လာကြပြီ။
သူတို့ နှစ်ဦး လင်းရှောင်ဝင်း အတွင်းသို့ အတူတကွ လျှောက်ဝင်လာကြသည်နှင့် လီချင်းချိုးက ရှောင်ဝူချင်းကို လင်းရှောင်ခေါင်းလောင်း တီးခိုင်းလိုက်သည်။ အထက်လူကြီးများ အားလုံး စုရုံးရောက်ရှိလာပြီးနောက် သူတို့ နှစ်ဦးက သူတို့ စုဆောင်းရရှိလာသော သတင်းအချက်အလက်များကို စတင် ပြန်လည် ပြောပြခဲ့သည်။
"ချန်းကျိုး နယ်စပ်မှာ မိစ္ဆာဝိညာဉ် တစ်ကောင်နဲ့ ကျွန်တော် ကြုံတွေ့ခဲ့ရတယ်... မူလအားဖြည့်နယ်ပယ်အဆင့်က သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... သူက စိတ်ချောက်ချားမှုတွေ ဖြစ်ပေါ်စေပြီး လူတွေကို သူတို့ရဲ့ ပတ်ဝန်းကျင် အာရုံခံစားမှုတွေ ဆုံးရှုံးသွားအောင် လုပ်နိုင်စွမ်း ရှိတယ်... ကျွန်တော် သူ့ကို ခဲယဉ်းစွာ တွန်းလှန်နိုင်ခဲ့ပေမဲ့ မသတ်နိုင်ခဲ့ဘူး..."
ကျန်းကျောက်ရှားက အရင်ဆုံး စကားပြောလိုက်ပြီး ဤကိစ္စကို ပြောပြသောအခါ သူ့ အမူအရာက တည်ကြည်လေးနက်နေသည်။
ထိုမိစ္ဆာဝိညာဉ်များကို အမှန်တကယ် ရင်ဆိုင်ရမှသာ သူတို့ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို သိနိုင်မည် ဖြစ်သည်။ ကျန်းကျောက်ရှားက ဤကိစ္စကို တွေးမိတိုင်း လီချင်းချိုးကို သတိရမိခဲ့သည်။
ဂိုဏ်းချုပ်က ဤမျှ အစွမ်းထက်သော မိစ္ဆာဝိညာဉ်ကို ဘယ်လိုများ ဒီလောက် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့တာပါလိမ့်…
ကျန်းကျောက်ရှားက မိစ္ဆာဝိညာဉ်ကို မသတ်ဖြတ်နိုင်ခဲ့ကြောင်း ကြားသောအခါ ရှန်ယွဲ့နှင့် ယန်တောက်ကျုံးအပါအဝင် လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။
ကျန်းကျောက်ရှားက….
"တစ္ဆေစစ်သည်တွေ ရှိနေတယ်ဆိုတာ အမှန်ပဲ... တစ်ညမှာ သူတို့နဲ့ ကျွန်တော် ကြုံတွေ့ခဲ့ရတယ်... တစ္ဆေစစ်တပ်ထဲမှာ လွန်စွာ အစွမ်းထက်တဲ့ တစ္ဆေချီနှစ်ခု ရှိနေတဲ့အတွက် ကျွန်တော် နောက်ဆုတ်နေခဲ့တယ်... မိုးလင်းတဲ့အခါ သူတို့ ပျောက်ကွယ်သွားကြတယ်..."
"တစ္ဆေစစ်သည် တစ်ထောင်ကျော်ကို ကျွန်တော် မြင်ခဲ့ရတယ်... နောက်ထပ် ရှိမရှိတော့ ကျွန်တော် မသိဘူး... ဒါပေမဲ့ ဒီတစ္ဆေစစ်သည်တွေက ကျွန်တော်တို့ရဲ့ ချင်းရှောင်ဂိုဏ်းအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေပြီ..."
သူက အကြည့်များကို ရွှီနင်းထံသို့ လှည့်လိုက်သည်။ ဤအရာများက သူ စုဆောင်းရရှိခဲ့သော အရေးကြီးသော သတင်းအချက်အလက် နှစ်ခု ဖြစ်ပြီး ရွှီနင်းရော မိစ္ဆာဝိညာဉ်များနှင့် ကြုံတွေ့ခဲ့ရသလား ဆိုတာကို သူ သိချင်နေသည်။
သူတို့ နှစ်ဦးက လမ်းကြောင်း တစ်ခုတည်း အတိုင်း ပြန်လာခဲ့ကြသော်လည်း လမ်းခရီးတွင် စကားငါးခွန်းပင်ပြည့်အောင် မပြောဖြစ်ခဲ့ကြပေ။
ရွှီနင်းက ….
"ကျွန်မလည်း မိစ္ဆာဝိညာဉ် နှစ်ကောင်နဲ့ ကြုံတွေ့ခဲ့ရတယ်... သူတို့ နှစ်ကောင်စလုံးက ဝိညာဉ်အသိအာရုံအဆင့်နဲ့ ညီမျှတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတယ်... သူတို့ထဲက တစ်ကောင်က အံ့မခန်း အစွမ်းထက်ပြီး မြေကြီးကို တုန်လှုပ်စေနိုင်ပြီး ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်စွမ်းရှိတယ်... နောက်တစ်ကောင်ကတော့ ဓားသွားတွေလို ထက်မြက်တဲ့ လက်သည်းတွေနဲ့ အရမ်း မြန်ဆန်တယ်... ကျွန်မက အံ့မခန်း အစွမ်းထက်တဲ့ မိစ္ဆာဝိညာဉ်ကိုပဲ သတ်ဖြတ်နိုင်ခဲ့တယ်... နောက်တစ်ကောင်က အရမ်း မြန်လွန်းလို့ ထွက်ပြေး လွတ်မြောက်သွားတယ်..."
ထိုစကားကို ကြားသောအခါ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားပြီး သူမကို လေးစား အားကျစွာဖြင့် ကြည့်လိုက်ကြကာ ကျန်းကျောက်ရှား၏ အမူအရာကမူ သိသာထင်ရှားစွာ အေးခဲသွားတော့သည်။