နှစ်ကုန်ပိုင်း တိုက်ပွဲ
Vol. 26 Ch. 253
လျူကျင်း ဤကိစ္စကို စဉ်းစားနေစဉ် အရပ်ဘက် အရာရှိ တစ်ဦးက စကားပြောလာသည်။
"အရှင်မင်းကြီး... ဒီကိစ္စကို ချင်းရှောင်ဂိုဏ်းကို အသိပေးသင့်သလား..."
ဤစကားက အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိ အများအပြား၏ ထောက်ခံမှုကို ချက်ချင်း ရရှိသွားသည်။
မိစ္ဆာဝိညာဉ်များကို ကိုင်တွယ် ဖြေရှင်းရန် ကျင့်ကြံရေးဂိုဏ်းကို ရှာဖွေရမည် ဖြစ်၏။ မဟုတ်လျှင် သူတို့လို သာမန်လူများကိုသာ အားကိုးနေရပါက တွက်ချက်၍ မရနိုင်လောက်အောင် များပြားသော ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။
လျူကျင်းက….
"ချင်းရှောင်ဂိုဏ်းက ဒီကိစ္စကို ငါတို့ထက် နောက်ကျပြီးမှ သိမယ်လို့ မင်းတို့ ထင်နေတာလား... ဒီလောကကြီးမှာ ဘယ်အရာက ချင်းရှောင်ဂိုဏ်းရဲ့ မျက်လုံးတွေကနေ လွတ်ကင်းနိုင်လို့လဲ..."
ထိုအခါ ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း ဆွံ့အသွားကြ၏။ အဘယ်ကြောင့်ဆိုသော် လျူကျင်း ပြောသည်က မှန်ကန်ကြောင်း သူတို့ သိထားသောကြောင့်ပင်။
ချင်းရှောင်ဂိုဏ်း၏ သူလျှိုများက နေရာအနှံ့တွင် ရှိနေပြီး ၎င်းက သူတို့၏ သြဇာလွှမ်းမိုးမှုလား သို့မဟုတ် သူတို့၏ နတ်ဘုရားစွမ်းပကားလား ဆိုသည်ကို ခွဲခြား သိမြင်ရန် ခက်ခဲစေသည်။
လျူကျင်း၏ လက်အောက်ရှိ အရာရှိ တစ်ဦးက တစ်ခါက ချင်းရှောင်ဂိုဏ်း အကြောင်း အဆင်အခြင်မဲ့ စကားများ ပြောဆိုခဲ့ပြီး ဆူပူအုံကြွမှု တစ်ခု ဖြစ်ပေါ်စေရန်ပင် ပြင်ဆင်ခဲ့ဖူးသည်။ သို့သော်လည်း ထိုကိစ္စ လျူကျင်းထံ မရောက်မီမှာပင် ထိုအရာရှိက ချင်းရှောင်ဂိုဏ်းမှ တပည့်များ၏ ကွပ်မျက်ခြင်းကို ခံလိုက်ရသည်။ သူ ချန်ရစ်ခဲ့သော စာများအရ ဤကိစ္စက အမှန်တကယ်ပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဤဖြစ်ရပ် အပြီးတွင် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက မည်သည့် နေရာသို့ သွားသွား သူတို့ စောင့်ကြည့်ခံနေရသကဲ့သို့ ခံစားလာရပြီး သူတို့ကို လွန်စွာ မသက်မသာ ဖြစ်စေသည်။
"ချင်းရှောင်ဂိုဏ်းရဲ့ သဘောထား ဘယ်လိုပဲ ရှိနေပါစေ ငါတို့ လှုပ်ရှားရမယ်... ချန်းကျိုးကို ထောက်ပံ့ဖို့ ပြင်ဆင်ထားပြီး ဘေးနှစ်ဖက်ကနေ တိုက်ခိုက်ခံရမယ် ဆိုရင်တောင်မှ ချန်းကျိုးကို ငါတို့ သိမ်းပိုက်ရမယ်..."
လျူကျင်းက အသံနက်ကြီးဖြင့် ပြောလိုက်ပြီး ရပ်တည်ချက်ကို တိုက်ရိုက် ထုတ်ဖော် ပြောဆိုလိုက်သည်။
ထိုအခါ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သူကမျှ ပြန်လည် မချေပရဲကြချေ။
………
မိစ္ဆာကြီးလော့ကို ကိုင်တွယ် ဖြေရှင်းရန်အတွက် လီချင်းချိုးက ကြိုးကြိုးစားစား စတင် ကျင့်ကြံတော့သည်။
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာ၏ စစ်မှန်သော ပုံစံ မှတ်ဉာဏ်များမှ တစ်ဆင့် မိစ္ဆာကြီးလော့၏ စွမ်းအား အကြောင်းကို သူ သိရှိခဲ့သည်။မိစ္ဆာကြီးလော့၏ စွမ်းအားက အခြား မိစ္ဆာဝိညာဉ်များထက် များစွာ သာလွန်သော်လည်း သူတို့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည့် အဆင့်သို့တော့ မရောက်ရှိသေးချေ။
ဤတိုက်ပွဲတွင် လီချင်းချိုး သေချာပေါက် စွန့်စားရလိမ့်မည်။
သို့သော်လည်း လုပ်နိုင်သည့် အရာ မရှိပေ။ အကယ်၍ အချိန်က ချင်းရှောင်ဂိုဏ်း၏ ဘက်တွင် ရှိနေပါက သူ အချိန်ဆွဲထားမည် ဖြစ်သည်။
သို့သော်လည်း မိစ္ဆာကြီးလော့၏ ဖုတ်ကောင်အဖြစ် ပြောင်းလဲခြင်း အမြန်နှုန်းက လွန်စွာ မြန်ဆန်လွန်းပြီး ချင်းရှောင်ဂိုဏ်းကို ခြိမ်းခြောက်နေပြီ ဖြစ်၏။
အကယ်၍ ချင်းရှောင်ဂိုဏ်းမှ တပည့်များသာ ဖုတ်ကောင်များ အဖြစ် ပြောင်းလဲသွားပါက တကယ့် ပြဿနာ တစ်ရပ် ဖြစ်လာပေလိမ့်မည်။
စစ်မှန်သောတပည့် အများစုကလည်း ကြိုးကြိုးစားစား ကျင့်ကြံနေကြသည်။ မကြာမီ ပြုလုပ်မည့် စစ်ဆင်ရေး အစီအစဉ်များ အကြောင်းကို သူတို့ အတိုင်းအတာ တစ်ခု အထိ သိရှိထားပြီး ရွေးချယ်ခံရရန်အတွက် အချိန်ကို အကျိုးရှိရှိ အသုံးချကာ ကျင့်ကြံနေကြသည်။
သို့သော်လည်း လောကကြီးက လွန်စွာ ကျယ်ဝန်းလွန်းပြီး မိစ္ဆာကြီးလော့ကို ရှာဖွေရေးမှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ချေ။
စက်တင်ဘာလလယ်ပိုင်းတွင် ကျောက်ကျိန်းနှင့် ရှန်ယွဲ့တို့က မူလအားဖြည့်နယ်ပယ် နဝမအလွှာသို့ တစ်ယောက်ပြီးတစ်ယောက် အောင်မြင်စွာ တက်လှမ်းသွားကြပြီး ကျိယာနှင့် ရွှယ်ကျင်းတို့ကလည်း သူတို့၏ နေရာကို အစားထိုးကာ မူလအားဖြည့်နယ်ပယ အဋ္ဌမအလွှာ လစ်လပ်မှုကို ဖြည့်ဆည်းပေးခဲ့ကြသည်။
လက်ရှိတွင် ချင်းရှောင်ဂိုဏ်း၌ မူလအားဖြည့်နယ်ပယ် သတ္တမအလွှာသို့ ရောက်ရှိနေသော အဖွဲ့ဝင် ဆယ်ဦးကျော် ရှိပြီး ဆဋ္ဌမအလွှာသို့ ရောက်ရှိနေသော အဖွဲ့ဝင် ငါးဆယ်ကျော် ရှိသည်။ အပြင်တွင် ရောက်နေခြင်း သို့မဟုတ် တံခါးပိတ် ကျင့်ကြံနေခြင်းကြောင့် ကျင့်ကြံရေးခန်းမ သို့ သွားရောက်၍ သူတို့၏ ကျင့်ကြံခြင်း အဆင့်ကို မွမ်းမံရန် အချိန်မရသေးသော တပည့် အချို့လည်း ရှိသေးသည်။
အကယ်၍ မိစ္ဆာကြီးလော့၏ ခြိမ်းခြောက်မှုသာ မရှိပါက ချင်းရှောင်ဂိုဏ်းက အများဆုံး ဆယ်နှစ် အတွင်း ကဏ္ဍသစ် တစ်ခုသို့ ဝင်ရောက်သွားမည် ဖြစ်သည်။ ကံမကောင်းစွာဖြင့် ဤလောကကြီးက ဆန္ဒများကို အမြဲတမ်း ဖြည့်ဆည်းပေးလေ့ မရှိချေ။
ယခု အောက်တိုဘာလ အစောပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်၏….
လင်းရှောင်ဝင်းအတွင်း၌ ကျန်းယွီချွန်း၊ ကျူးယန်နှင့် ချူကျင်းတို့က လီချင်းချိုး၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြပြီး စားပွဲပေါ်တွင် သတင်းအချက်အလက် မှတ်တမ်းများ ပါဝင်သော စာလိပ်များ အထပ်လိုက် တင်ထားသည်။
"ဒါက တကယ်ကို ထူးဆန်းတယ်... အကယ်၍ မိုင်ဒါဇင်နဲ့ချီတဲ့ ဧရိယာ အတွင်းမှာ ပန်းတွေနဲ့ အပင်တွေ ညှိုးနွမ်း သေဆုံးနေတဲ့ လက္ခဏာတွေရှိနေတယ် ဆိုရင် ရှာရတာ လွယ်ကူသင့်တယ်လေ... ဒါပေမဲ့ မြောက်ပိုင်း တစ်ခွင်လုံးကို ရှာဖွေဖို့ တပည့်တွေ လွှတ်ထားခဲ့တာတောင် အဲဒီလို နေရာမျိုး လုံးဝ မတွေ့ရဘူး..." ဟု ကျန်းယွီချွန်းက မျက်မှောင်ကြုတ်၍ အသံနက်ကြီးဖြင့် ပြောလိုက်တော့ ကျူးယန်က….
"သူ ရှိနေတဲ့ နေရာက မြေရိုင်းလွင်ပြင်တစ်ခု ဖြစ်နေတာ ဒါမှမဟုတ် ပန်းတွေ၊ အပင်တွေ သိပ်မရှိတဲ့ နေရာမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်တယ်... မြို့တစ်မြို့ထဲမှာ ဖြစ်နေတာများလား..."
ထိုအခါ လီချင်းချိုး စဉ်းစားလိုက်ပြန်သည်။ ကျူးယန် ပြောသည်က အဓိပ္ပာယ် ရှိသော်လည်း ဤကဲ့သို့သော နေရာမျိုးက မြောက်ပိုင်းနယ်စပ်တွင် နေရာအနှံ့ ရှိနေသဖြင့် ရှာဖွေရမည့် ဧရိယာကို ကျဉ်းမြောင်းသွားစေရန်မှာ လွယ်ကူမည် မဟုတ်ပေ။
မြောက်ပိုင်းနယ်စပ်က လွန်စွာ ကျယ်ဝန်းပြီး လူသူကင်းမဲ့သော မြေရိုင်းလွင်ပြင်က ကိုးပြည်ထောင်နယ်မြေ ထက်ပင်ပို၍ ကြီးမားသဖြင့် မိစ္ဆာကြီးလော့ ကို ရှာဖွေရေးက ကောက်ရိုးပုံထဲ အပ်ရှာရသကဲ့သို့ပင်။
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာပင်လျှင် မိစ္ဆာကြီးလော့၏ တိကျသော တည်နေရာကို မသိရှိခဲ့ချေ။ မိစ္ဆာကြီးလော့က အခြား မိစ္ဆာဝိညာဉ်များနှင့် တွေ့ဆုံရာတွင် အလောင်းကောင် မိစ္ဆာပုံစံကို အသုံးပြုလေ့ရှိသည်။ မိစ္ဆာကြီးလော့က အခြား မိစ္ဆာဝိညာဉ်များနှင့် ရှင်းလင်းစွာ ကွာခြားပြီး သူက လောကီကမ္ဘာကို လွန်စွာ သတိထားနေပုံ ရသည်။
ချူကျင်းက ….
"သူတို့ မကြာခင် ကိုယ်ထင်ပြလာနိုင်တယ်..."
ကျန်းယွီချွန်းနှင့် ကျူးယန်တို့က ချူကျင်းကို ဝေခွဲမရ ဖြစ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
"လျူကျင်းက မြောက်ဘက်ကို စစ်တပ် စေလွှတ်လိုက်ပြီ... ပြီးတော့ သိုင်းပညာ ကျွမ်းကျင်တဲ့ စစ်သား အများအပြား စုဝေးရောက်ရှိလာကြတယ်... ဒါက မိစ္ဆာကြီးလော့ အတွက် ဘဝမှာ တစ်ကြိမ်သာ ရနိုင်မယ့် အခွင့်အရေးပဲ... အသက်ရှင်စဉ်က ပိုပြီး အစွမ်းထက်လေလေ ဖုတ်ကောင် ဖြစ်သွားပြီးရင် ပိုပြီး အစွမ်းထက်လေလေပဲ... အကယ်၍ သူက သာမန်လူတွေကိုပဲ ဆက်ရှာနေမယ်ဆိုရင် ဒီတစ္ဆေစစ်တပ် ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အားကောင်းမှာ မဟုတ်ဘူး... ဒီအချက်ကို သူ သိမှာ သေချာတယ်..."
ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်းနှင့် ကျူးယန်တို့၏ အမူအရာများ ပြောင်းလဲသွားလေသည်။
ချူကျင်းက လျူကျင်း၏ လက်ရွေးစင် စစ်တပ်ကို ငါးစာ အဖြစ် အသုံးပြုနေခြင်းများလား….
ဒါက နည်းနည်း အန္တရာယ် မများလွန်းဘူးလား….
လီချင်းချိုးက ….
"လျူကျင်းရဲ့ စစ်တပ်က ချန်းကျိုးနဲ့ ဘယ်လောက် ဝေးလဲ..."
"ခရီးသွားရမယ့် အချိန်ကို အခြေခံပြီး တွက်ကြည့်မယ်ဆိုရင် နှစ်မကုန်ခင် ချန်းကျိုး ကို ရောက်နိုင်လောက်တယ်..."
"နှစ်ကုန်ပိုင်း..."
လီချင်းချိုး ကောင်းကင်ကို မော့ကြည့်လိုက်တော့ မည်းမှောင်နေသော တိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းနေချေပြီ။
ကျန်းယွီချွန်းနှင့် ကျူးယန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ကုန်ပိုင်းတွင် ကြီးမားသော တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားတော့မည် ဖြစ်ကြောင်း နှစ်ဦးစလုံး နားလည်လိုက်ကြသည်။
...
ဇီယန်တောင်ထွတ်ရှိ ခြံဝင်း တစ်ခုထဲတွင် ဟူယန်နှင့် တွမ့်ရှောင်ကျွမ်းတို့က မျက်နှာချင်းဆိုင် ထိုင်နေကြပြီး တွမ့်ရှောင်ကျွမ်းက သူ့အတွက် လက်ဖက်ရည် ငှဲ့ပေးနေသည်။
"ဂိုဏ်းက ကြီးမားတဲ့ လှုပ်ရှားမှု တချို့ လုပ်နေတယ်လို့ကြားတယ်... နင် သွားမှာလား..." ဟု တွမ့်ရှောင်ကျွမ်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဂိုဏ်းချုပ် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်မည့် ဤမျှ ကြီးမားသော စစ်ဆင်ရေးမျိုးကို မည်သူက ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။
သို့သော်လည်း ဤအကြီးစား စစ်ဆင်ရေး၏ တိကျသော အသေးစိတ် အချက်အလက်များကို ဖြန့်ဝေထားခြင်း မရှိသဖြင့် ၎င်းက ကောင်းသော ကိစ္စလား သို့မဟုတ် ဆိုးသော ကိစ္စလား ဆိုသည်ကို မရှင်းလင်းပေ။ သို့သော်လည်း တွမ့်ရှောင်ကျွမ်းကမူ ၎င်းက ဆိုးသော ကိစ္စ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်ဟု ထင်မြင်မိသည်။
"ငါလည်း ဆရာ့ကို မေးကြည့်တယ်... ဒါပေမဲ့ ငါက ငယ်လွန်းသေးတယ်တဲ့... ပြီးတော့ အခု မဟုတ်ဘဲ နောက်ဆယ်နှစ်လောက်နေမှ ဂိုဏ်းရဲ့ တာဝန်တွေကို ငါ ယူသင့်တယ်လို့ ပြောတယ်... ငါ့ရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ဖို့ သူက ပြောတယ်..."
"ဂိုဏ်းချုပ်က တကယ်ကို အမြော်အမြင် ကြီးမားတာပဲ... သူ့နောက်လိုက်ပြီး ကျင့်ကြံရတာ တော်တော်လေး ချောမွေ့မှာပဲနော်..."
ဟူယန် စဉ်းစားကြည့်လိုက်တော့ အချိန်အများစုတွင် ကျိယာက သူ့ကို သင်ကြားပေးနေခြင်း ဖြစ်ကြောင်း သဘောပေါက်သွားသည်။ လီချင်းချိုးကတော့ သူ့ရဲ့ပါရမီများကို ကျင့်ကြံရာတွင် လမ်းညွှန်မှု ပေးမည် ဖြစ်သည်။ မှော်ပညာရပ် အချို့ကိုသာ သူ အသုံးပြုနိုင်ပြီး အကြိမ်အရေအတွက် အများကြီး မဟုတ်ပေ။ သို့သော်လည်း ပြန်တွေးကြည့်သောအခါ သူ ရရှိနိုင်သော ကျင့်ကြံရေး အရင်းအမြစ် အားလုံးက လီချင်းချိုးထံမှ လာခြင်း ဖြစ်သည်။ ကျိယာ သူ့ကို သင်ကြားပေးနိုင်ခြင်းမှာ ကျိယာကို လီချင်းချိုးက သင်ကြား ပြုစုပျိုးထောင်ပေးခဲ့ခြင်းကြောင့်ပင်။
"တကယ်ကို ချောမွေ့ပါတယ်... ဆရာက အရမ်း ကောင်းတဲ့ ဆရာ တစ်ယောက်ပါ..."
ထိုအခါ တွမ့်ရှောင်ကျွမ်းက မျက်နှာပျက်သွားပြီး ….
"ငါ ဂိုဏ်းတူအစ်မကြီးရွှီနင်းနောက် လိုက်သွားပေမဲ့... ကျင့်ကြံရတာ သိပ်အဆင်မပြေဘူး... သူက ငါ့ကို အပြစ်မတင်ပေမဲ့ ငါက သူ့ရဲ့ အချိန်တွေကို ဖြုန်းတီးနေသလို အမြဲတမ်း ခံစားနေရတယ်..."
"ဂိုဏ်းတူအစ်မကြီးက ပွင့်လင်းတဲ့ သူတစ်ယောက်ပါ... အကယ်၍ နင့်အပေါ် ပြဿနာ တစ်ခုခု ရှိနေရင် လုံးဝ သည်းခံနေမှာ မဟုတ်ဘူး... အခု သူ သည်းခံနေတယ်ဆိုတာက နင့်အပေါ် မကျေနပ်ချက်မရှိဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ... ကျင့်ကြံရေးဆိုတာ အလျင်စလို လုပ်လို့ မရဘူးလို့ သူ ခံစားရလို့ နေမှာပါ..."
ထိုစကားကို ကြားသောအခါ တွမ့်ရှောင်ကျွမ်း၏ အမူအရာ ကောင်းမွန်လာပြီး အပြုံးတစ်ခု ထွက်ပေါ်လာ၏။
ထို့နောက် နှစ်ဦးသားက အနာဂတ် အကြောင်း စကားပြောကာ ရယ်မောနေကြသည်။
သူမ၏ အပြုံးကို ကြည့်ရင်း ဟူယန် ရုတ်တရက် အနည်းငယ် စိုးရိမ် ထိတ်လန့်လာမိသည်။
ငယ်စဉ်က အတွေ့အကြုံများက သူ့ကို ကံဆိုးသည်ဟု ခံစားရစေပြီး လူများနှင့် ပိုမို နီးကပ်သော ဆက်ဆံရေးများ တည်ဆောက်ရန် သူ ကြောက်ရွံ့နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ဆုံးရှုံးရမည်ကို မလိုလားသောကြောင့်ပင်။
သို့သော်လည်း ဆရာ့ရဲ့ စကားများကို သူ သတိရသွားသည်။ လူတွေ အနေဖြင့် အမြဲတမ်း မျှော်လင့်ချက် ရှိသင့်ကြောင်း၊ စိတ်ဓာတ်ကျနေခြင်းက မည်သည့်အရာကိုမျှ ပြောင်းလဲသွားစေမည် မဟုတ်ဘဲ သူ့ကို ပို၍သာ ဆင်းရဲဒုက္ခ ရောက်စေမည် ဖြစ်ကြောင်းပင်။
ဟူယန်က ဤအနှောင့်အယှက် ဖြစ်စေသော အတွေးများကို မတွေးမိအောင် အစွမ်းကုန် ကြိုးစားလိုက်၏။ ဂိုဏ်းအကြောင်း ဆွေးနွေးပြီးနောက် သူတို့က ဝိညာဉ်ရေးရာ ကျင့်ကြံခြင်းတွင် သူတို့၏ အတွေ့အကြုံများကို စတင် ဖလှယ်ကြတော့သည်။
ဤနှစ်ဦးက ပုံရိပ်ငယ် တစ်ခုသာ ဖြစ်၏။လူတိုင်းက မကြာမီ ပြုလုပ်မည့် အကြီးစား စစ်ဆင်ရေး အကြောင်းကို အာရုံစိုက်နေကြပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံများကို ပြန်လည် ပြောပြနေကြသော ချင်းရှောင်ဂိုဏ်း အတွင်းရှိ အခြား တပည့် အများအပြားလည်း ရှိနေသည်။
...
ဒီဇင်ဘာလလယ်ပိုင်းတွင် ဆောင်းရာသီ နှင်းများ ကျဆင်းလာချေပြီ…..
စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်များက တောင်ထွတ်များနှင့် ခြံဝင်း အသီးသီးသို့ စတင် သွားလာကြပြီး တပည့် တစ်ယောက်ပြီးတစ်ယောက် နောက်နေ့ နံနက်ခင်းတွင် ချင်းရှောင်တောင် တံခါးရှေ့၌ စုဝေးရန် ဆင့်ခေါ်ခံရသည်။
လီချင်းချိုးက ချောက်ကမ်းပါးပေါ်တွင် ရပ်၍ ကျယ်ပြန့်သော နှင်းလွင်ပြင်ကြီးကို ငုံ့ကြည့်နေသည်။ သူ့အကြည့်က နှင်းမြူများ နောက်တွင် လျင်မြန်စွာ ရွေ့လျားနေသော တပည့်များကို မြင်တွေ့နိုင်ပေသည်။
ဤကာလအတွင်း သူကလည်း ကြိုးကြိုးစားစား ကျင့်ကြံခဲ့ပြီး ဂိုဏ်းတွင် လက်ရှိ ရရှိနိုင်သော အကောင်းဆုံး ဝိညာဉ်ချီဆေးလုံး အများအပြားကို အသုံးပြုခဲ့ရာ နောက်ဆုံးတွင် ဝိညာဉ်အသိအာရုံအဆင့်၏ စတုတ္ထအလွှာ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
မြောက်ဘက်သို့ သွားမည့် ဤခရီးစဉ်က သေချာပေါက် လွယ်ကူလိမ့်မည် မဟုတ်သော်လည်း ရှောင်လွှဲ၍ ရမည့် နည်းလမ်း မရှိကြောင်း လီချင်းချိုး ခံစားမိသည်။
နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ချင်းရှောင်ဂိုဏ်း အနေဖြင့် စမ်းသပ်မှု တစ်ခုကို ဖြတ်သန်းရန် အချိန်ကျလာချေပြီ။
ထိုနေ့ ညနေပိုင်းတွင် လီချင်းချိုးက ရွှမ်ရှင်းခန်းမတွင် အစည်းအဝေး တစ်ရပ် ခေါ်ယူခဲ့ပြီး ဂိုဏ်းရှိ အကြီးအကဲ အဆင့်နှင့် အထက်ရှိ ကျောင်းသားများ အားလုံး စုဝေးရောက်ရှိလာကြသည်။ သူ ထွက်ခွာသွားပြီးနောက် ရွှီနင်းနှင့် ကျန်းယွီချွန်းတို့က ဂိုဏ်းချုပ် နေရာတွင် ပူးတွဲ တာဝန်ယူရမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဤစစ်ဆင်ရေး၏ ရည်ရွယ်ချက်များကိုလည်း ရှင်းပြခဲ့သည်။
မြောက်ပိုင်းမှ မိစ္ဆာဝိညာဉ်များက တစ္ဆေမင်းဆက်တစ်ခု တည်ထောင်တော့မည်ဆိုသည်ကို ကြားသောအခါ ခန်းမထဲရှိ လူတိုင်း ဆူပူအုံကြွသွားကြသည်။
ဂိုဏ်းချုပ်က ဘာကြောင့် ဤမျှ ကြီးမားသော ခြေလှမ်းကို လှမ်းခဲ့ရသနည်းဆိုသည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြပြီး တစ်ချိန်တည်းမှာပင် နက်နဲသော စိုးရိမ်ပူပန်မှုများကို ခံစားလိုက်ရသည်။
လီချင်းချိုး ဤကိစ္စကို ပြောပြရခြင်းမှာ ဂိုဏ်းကို တွန်းအားပေးချင်သောကြောင့် ဖြစ်ပြီး တပည့်များက တစ္ဆေများကို ခွဲခြား သိမြင်နိုင်သော ပညာရပ်ကို လေ့ကျင့်ကြရပေမည်။
သူ့တပည့်များက ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ ခြေချလာခဲ့ကြပြီ ဖြစ်သော်လည်း သူ စိတ်ကူးထားသော ကျင့်ကြံသူများနှင့် ယှဉ်လျှင် လိုအပ်ချက်များ ရှိနေသေးသည်။ ဤသည်မှာ တပည့်များ၏ အမှား မဟုတ်ဘဲ ချင်းရှောင်ဂိုဏ်းကလည်း ဖွံ့ဖြိုးတိုးတက်ပြီး စူးစမ်းရှာဖွေနေဆဲ ဖြစ်သောကြောင့်ပင်။
လီချင်းချိုးက မိစ္ဆာကြီးလော့၏ သူလျှိုများကို မကြောက်ရွံ့ချေ။ ချူကျင်းက နေ့စဉ်နေ့တိုင်း တောင်ထွတ်များ တစ်ဝိုက်တွင် လှည့်လည် သွားလာနေပြီး မည်သည့် ထူးဆန်းသော တစ္ဆေများ၏ တည်ရှိမှုကိုမျှ သတိမပြုမိခဲ့ပေ။
ဤညတွင် လူအများအပြား အိပ်စက်ရန် အခက်အခဲ ရှိကြမည်မှာ သေချာသည်။
နောက်နေ့ နံနက်ခင်း အစောပိုင်းတွင်… ..
လီချင်းချိုးက ကောင်းကင်သက်တံဓား ကို လွယ်၍ တောင်အောက်သို့ ဆင်းလာခဲ့ပြီး ရွှေသူငယ်က သူ့ ပခုံးပေါ်တွင် နားနေသည်။
သူ လင်းရှောင်ဝင်းအတွင်းသို့ ဝင်ရောက်လာသောအခါ ကျန်းကျောက်ရှား၊ ကျောက်ကျိန်း၊ ရှန်ယွဲ့၊ ယန်တောက်ကျုံး၊ ကျိယာ၊ ရှောင်ညီနောင်သုံးဖော်၊ ယွင်ချိုင်နှင့် အခြားသူများက တစ်ယောက်ပြီးတစ်ယောက် ထလာကြပြီး ခြံဝင်း အပြင်ဘက်သို့ သူ့ နောက်မှ လိုက်ပါလာကြသည်။
သူတို့ တောင်အောက်သို့ ဆင်းလာသည်နှင့်အမျှ ခန်းမ အသီးသီးမှ စစ်မှန်သောတပည့်များလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ပါလာကြရာ လီချင်းချိုး၏ နောက်ရှိ လူအရေအတွက်က ပို၍ပို၍ များပြားလာသည်။
လီရန်၊ ရွှယ်ကျင်း၊ ဟန်လန်၊ လုချင်း၊ ကူးချန်ဖိန်၊ ကျူးရွှင်ယန်၊ ယန်ချန်ယွီနှင့် ပထမအကြိမ် ဓမ္မတိုက်ပွဲ ညီလာခံမှ အခြားသော ထိပ်ဆုံး ဆယ်ယောက် စာရင်းဝင်များလည်း ထိုနေရာတွင် ရှိနေကြသည်ဖယ
အသက် ဆယ့်ကိုးနှစ် အရွယ် အထီးကျန်ဓားလည်း ရောက်ရှိနေပြီ ဖြစ်ပြီး သူက ယခုအခါ မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအလွှာ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ပိုင်နင်းအာ၏ ကံကောင်းသူ ကံကြမ္မာက သူတို့ကို ကံကောင်းမှုများ ယူဆောင်လာပေးလိမ့်မည်ဟု မျှော်လင့်ကာ လီချင်းချိုးက ပိုင်နင်းအာကိုပင် ခေါ်ထားသေးသည်။ အသက် ၂၉ နှစ် အရွယ် ပိုင်နင်းအာကလည်း မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအလွှာ ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်ထားသည်။
ဤတစ်ကြိမ်တွင် လီချင်းချိုးက ဂိုဏ်းမှ လက်ရွေးစင် ကျောင်းသားများကိုသာ ခေါ်ဆောင်လာခဲ့သည်။
ကျန်းဖိန်က ချောက်ကမ်းပါးပေါ်တွင် ရပ်၍ အောက်ဘက်ရှိ ဂိုဏ်း၏ လက်ရွေးစင် ကျောင်းသားများကို ငုံ့ကြည့်နေရာ သူ့အမူအရာက ရှုပ်ထွေးနေသည်။
သူသည် ကံကြမ္မာကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပြီးကတည်းက ကျင့်ကြံခြင်း အဆင့် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ယခုအခါ မူလအားဖြည့်နယ်ပယ်၏ သတ္တမအလွှာ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ထို့ကြောင့် ဂုဏ်သတင်းကလည်း တဖြည်းဖြည်း ကြီးထွားလာနေသည်။
ဂိုဏ်းက အကြီးစား စစ်ဆင်ရေး တစ်ရပ် ပြုလုပ်မည် ဆိုသည်ကို ကြားသောအခါ သူက ရွေးချယ်ခံရမည်ကို စိုးရိမ်ခဲ့သော်လည်း ရွေးချယ် မခံခဲ့ရချေ။
ယခုတော့ ဂိုဏ်းချုပ်ကို ကြည့်ရင်း အပြစ်ရှိသလို ခံစားနေရပြီ။
အပြစ်ရှိသလို ခံစားရမှုက သတ္တိကြောင်မှုကြောင့် မဟုတ်ဘဲ စွမ်းအား မလုံလောက်မှုကြောင့် ဖြစ်သည်။ အကယ်၍ သူသာ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိနေပြီဆိုပါက ဤစစ်ဆင်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့မည်မှာ သေချာသည်။
သူက လီချင်းချိုး၏ နောက်ရှိ ကျန်းကျောက်ရှား၊ ကျောက်ကျိန်း၊ ကျိယာ၊ လီရန်နှင့် အခြားသူများကို လှမ်းကြည့်လိုက်သည်။ သူတို့က ဇာတ်လမ်း တစ်ပုဒ်ထဲရှိ ဇာတ်လိုက်များ ကဲ့သို့ တက်ကြွမှုများဖြင့် ပြည့်နှက်နေပြီး သူကမူ သူတို့ကို လေးစား အားကျရုံသာ တတ်နိုင်သော ဇာတ်ပို့ တစ်ယောက်သာပင်။
လီချင်းချိုးက သူ့လူများကို ဦးဆောင်၍ တောင်အောက်သို့ ဆင်းလာခဲ့ပြီး သူ့ နောက်တွင် ပါလာသော လူအရေအတွက်က လမ်းတစ်လျှောက်ရှိ တပည့်များကို အံ့အားသင့်သွားစေသည်။
ဂိုဏ်းချုပ်က မိစ္ဆာတွေကို အမြစ်ပြတ် ချေမှုန်းဖို့ တကယ့်ကို စိတ်ပိုင်းဖြတ်ထားတာပဲ…
လီချင်းချိုးတို့တွေ တောင်ခြေသို့ ရောက်ရှိလာသောအခါ စစ်မှန်သောတပည့်ရာနှင့်ချီ၍ တောင်တံခါးရှေ့တွင် စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ လီချင်းချိုးကို မြင်သောအခါ သူတို့ အားလုံးက လက်မြှောက်၍ နှုတ်ဆက်လိုက်ကြရာ ခမ်းနားကြီးကျယ်သော မြင်ကွင်း တစ်ခုကို ဖန်တီးပေးလိုက်သည်။
ထိုနေရာတွင် ရှိနေသူများ အနက် အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာ မူလအားဖြည့်နယ်ပယ် စတုတ္ထအလွှာ ပင် ဖြစ်သည်။
ယမန်နေ့က ကျင့်ကြံရေးခန်းမက သူတို့ကို ဆေးလုံး မျိုးစုံ ဝေငှပေးခဲ့သဖြင့် လူတိုင်း ယုံကြည်မှု အပြည့် ရှိနေကြသည်။
လီချင်းချိုး၏ နောက်က ဂိုဏ်း၏ အထင်ရှားဆုံး ပုဂ္ဂိုလ်များကို မြင်သောအခါ သူတို့ အားလုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။ ဤတိုက်ပွဲက ဂိုဏ်း၏ သမိုင်းတွင် မှတ်တမ်းတင်ခံရမည်မှာ သေချာပြီး အနာဂတ်တွင် ကိုယ့်ကိုယ်ကိုယ် ကြွားဝါရန် အသုံးပြုနိုင်မည် ဖြစ်သည်။
လီချင်းချိုးက ရပ်တန့်လိုက်ပြီး သူ့ နောက်ရှိ တပည့်များက သူ့ကို ပတ်၍ ရှေ့ဆုံးတန်းတွင် ဝင်ရောက် နေရာယူလိုက်ကြသည်။
ရှေ့က တပည့်များကို ကြည့်ရင်း လီချင်းချိုးက ကြီးမားသော ဂုဏ်ယူမှု တစ်ခုကို ခံစားလိုက်ရသည်။ ဤသည်မှာ ဆယ့်ရှစ်နှစ်တာ ကာလအတွင်း သူ ပြုစုပျိုးထောင်ခဲ့သော အင်အားစုများ ပင်။
ဤလူများအပြင် အခြားသော ပါရမီရှင် အများအပြားလည်း ဂိုဏ်းတွင် ကျန်ရစ်နေခဲ့ပြီး ကြီးပွား တိုးတက်နေကြသည်မဟုတ်ပေလော။