← Chapters

အမှောင်ထုထဲက သတ်ဖြတ်လိုစိတ်……

Vol. 26 Ch. 255

အမှောင်ထုထဲက သတ်ဖြတ်လိုစိတ်……

Vol. 26 Ch. 255

"ငါ့ကို အသေးစိတ် ပြောပြပါ..."

လီချင်းချိုးက ကျန်းကျောက်ရှားကို ကြည့်၍ စကားပြောကာ ကျန်းကျောက်ရှားကို ဝင်ထိုင်ရန် လက်ဟန်ပြလိုက်သည်။

ကျန်းကျောက်ရှားက လီချင်းချိုး၏ ဘေးတွင် ဝင်ထိုင်ပြီး သူ မြင်တွေ့ခဲ့ရသည်များကို စတင် ပြန်လည် ပြောပြတော့သည်။

စီရင်စုမြို့တော်ရှိ အစောင့်များက အရေအတွက် နည်းပါးပြီး သူတို့ အားလုံးက အခြေနေ တင်းမာနေပုံ ရကြောင်း သူ သတိပြုမိခဲ့သည်။ မြို့တွင်းရှိ ပြည်သူများက အိမ်တံခါးများကို တင်းကျပ်စွာ ပိတ်ထားကြပြီး ညအချိန်တွင် မည်သည့် မီးရောင်မျှ မရှိသဖြင့် သေဆုံးနေသော မြို့တစ်မြို့နှင့် တူနေသည်။

"မြောက်ပိုင်းနန်းတွင်းရဲ့ ဧကရာဇ်ကို မိစ္ဆာဝိညာဉ်က ပူးကပ်ထားတယ်ဆိုတာက ဒီကိစ္စက ချန်းကျိုး စီရင်စုမြို့တော် မှာ ပြန်လည် ဖြစ်ပွားနေတာ ဖြစ်နိုင်တယ်..."

ဤစစ်ဆင်ရေးတွင် ရွှီနင်းထက် ပိုမို ထူးချွန်ပြောင်မြောက်သော ရလဒ်များကို ရရှိရန် သူ စိတ်ပိုင်းဖြတ်ထားသည်။

သေချာသည်မှာ ကိုယ်ပိုင် ဂုဏ်မောက်မှု အတွက် ကိုယ့်သဘောနှင့်ကိုယ် လှုပ်ရှားမည် မဟုတ်ပေ။ သူက ဂိုဏ်း၏ အစီအစဉ်များကို မထိခိုက်စေနိုင်သလို ဂိုဏ်းချုပ်အတွက် အားနည်းချက် တစ်ခုလည်း မဖြစ်လာနိုင်ချေ။

ထိုစကားကို ကြားပြီးနောက် ထိုခန့်မှန်းချက်က အမှန်တကယ် ဖြစ်နိုင်ခြေ များကြောင်း လီချင်းချိုး ခံစားလိုက်ရသည်။

မိစ္ဆာကြီးလော့တွင် လက်စားချေရန် ပစ်မှတ် တစ်ခု ရှိသည်။ မြောက်ဘက်တွင် မိစ္ဆာနယ်မြေရှိပြီး အနောက်ဘက်တွင် မိုးပြာနဂါးနယ်မြေ ရှိကာ အရှေ့ဘက်တွင် အဆုံးအစမရှိသော သမုဒ္ဒရာ ရှိနေသည်။ သူ့အတွက် တောင်ဘက်က အားအနည်းဆုံးဖြစ်ပြီး တစ္ဆေမင်းဆက် တစ်ခု တည်ထောင်ရန် သူ့ကို ကူညီပေးနိုင်မည့် အကောင်းဆုံး နေရာ ဖြစ်သည်။ သူ့အနေဖြင့် အစွမ်းထက်သော တစ္ဆေစစ်တပ် တစ်ခု လိုအပ်နေ၏။

ထို့ကြောင့် မိစ္ဆာကြီးလော့၏ ဘက်က ပိုမို အစွမ်းထက်နေသဖြင့် သူက သဘာဝကျကျပင် ပိုမို ယုံကြည်မှု ရှိနေပြီး စွန့်စားမှုများကို ပိုမို ပြုလုပ်လိုစိတ် ရှိနေသည်။

ဤတိုက်ပွဲက အတိတ်က တိုက်ပွဲများနှင့် ကွာခြားမည်ဖြစ်ပြီး ၎င်းက ချင်းရှောင်ဂိုဏ်းအတွက် စစ်မှန်သော စမ်းသပ်မှု တစ်ခု ဖြစ်လာပေမည်။

လီချင်းချိုး မည်မျှပင် အစွမ်းထက်နေစေကာမူ မိစ္ဆာဝိညာဉ်များ အားလုံးနှင့် တစ္ဆေစစ်တပ်ကို လမ်းဖြတ်၍ တားဆီးနိုင်မည် မဟုတ်ချေ။ ချင်းရှောင်ဂိုဏ်းသားများပါ ဤစစ်ပွဲတွင် ပါဝင်ရမည် ဖြစ်သည်။ ဤဘေးဒုက္ခက လောကကြီးရှိ လူတိုင်းကို ရည်ရွယ်ထားခြင်း ဖြစ်ပြီး စစ်မှန်သောတပည့်များကလည်း ဖိအားများကို ခံယူသင့်ပေသည်။

ကျန်းကျောက်ရှား စကားပြော ပြီးဆုံးသွားသောအခါ ဂိုဏ်းချုပ် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဂိုဏ်းချုပ် ဘာတွေ တွေးနေသနည်း ဆိုသည်ကို သူ အကြမ်းဖျင်း ခန့်မှန်းနိုင်ပေသည်။

"ဂိုဏ်းချုပ်.. အထက်တန်းလွှာ မိသားစု တွေ ဒါမှမဟုတ် မင်းဆက်တွေနဲ့ မယှဉ်ရင်တောင်... သိုင်းလောကနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တောင်မှ... ဂိုဏ်းက လွန်ခဲ့တဲ့ နှစ်တွေ တစ်လျှောက်လုံး တပည့် အများအပြား ဆုံးရှုံးရတာမျိုး မကြုံခဲ့ရပါဘူး... အစ်ကို လုပ်ပေးခဲ့တာ လုံလောက်ပါပြီ..."

ချင်းရှောင်ဂိုဏ်း၏ ဤအမှတ်အထိ ဖွံ့ဖြိုးတိုးတက်မှုက လွန်စွာ ချောမွေ့လွန်းခဲ့သည်ဟု သူ အမှန်တကယ် ခံစားရသည်။ သေချာသည်မှာ ဤအောင်မြင်မှု၏ နောက်ကွယ်တွင် ဂိုဏ်းချုပ်က ဂိုဏ်းသားများ မဖြေရှင်းနိုင်သော ပြဿနာများကို တစ်ယောက်တည်း အကြိမ်ကြိမ် ဖြေရှင်းပေးခဲ့ခြင်းကြောင့် ဖြစ်ကြောင်းကိုလည်း သူ သိထားသည်။

လီချင်းချိုးက သူ့ကို ကြည့်၍ ….

"ငါက စိတ်ခံစားလွယ်တဲ့သူ မဟုတ်ပါဘူး... ဘယ်လို တိုက်ခိုက်ရမလဲ ဆိုတာကိုပဲ တွေးနေတာပါ..."

ကျန်းကျောက်ရှားက ပြုံးလိုက်သော်လည်း သူ့အစ်ကိုကြီး၏ ဟန်ဆောင်မှုကို မဖော်ထုတ်ခဲ့ချေ။

သူက လီချင်းချိုးကို ဆက်လက် အနှောင့်အယှက် မပေးတော့ဘဲ မူလချီစွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် တရားထိုင် ကျင့်ကြံနေတော့သည်။

လောကကြီး တစ်ခုလုံးကို မြှုပ်နှံပစ်တော့မည့်အလား နှင်းများ ပို၍ပို၍ ထူထပ်စွာ ကျဆင်းနေချေပြီ။

…………

နောက်ထပ် ညနေခင်းတစ်ခုသို့ ရောက်ရှိလာပြီး ချင်ယဲ့က နောက်ဆုံးတွင် တပ်ဖွဲ့ဝင် သုံးသိန်းနှင့်အတူ ချန်းကျိုးသို့ ရောက်ရှိလာခဲ့ပြီ။

စီရင်စုမြို့တော်၏ ရှေ့တွင်…..

ချန်းကျိုး စီရင်စုမြို့တော်ကို ယွင်တိမြို့ ဟုလည်း ခေါ်ဆိုသော ထိုမြို့မှာ လွန်ခဲ့သော နှစ်တစ်ထောင်က ချန်းကျိုး ရှိ စီရင်စု တစ်ခု မဟုတ်ဘဲ မင်းဆက် တစ်ခု ဖြစ်ခဲ့သည်။ ထိုမင်းဆက်မှ ဧကရာဇ်ယွင်က မြောက်ပိုင်းနန်းတွင်းကို တစ်ခါက တိုက်ခိုက်ခဲ့ပြီး ကြီးမားသော စစ်ရေး အောင်မြင်မှုများကို တည်ဆောက်နိုင်ခဲ့သည်။

ယွင်တိမြို့က လူသူကင်းမဲ့သော လွင်ပြင်တစ်ခု အပေါ်တွင် တည်ရှိပြီး ၎င်း၏ အလွန်တွင် အဆုံးအစမရှိသော မြေရိုင်းလွင်ပြင်ကြီးရှိကာ နှင်းပွင့်များ လွင့်ဝဲနေပြီး ဤရှေးဟောင်း မြို့တော်ကြီးကို မမြှုပ်နှံနိုင်ချေ။

အဝေးမှ လှမ်းကြည့်ရင်း ချင်ယဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။ယွင်တိမြို့၏ အထက်တွင် မည်းမှောင်နေသော တိမ်တိုက်များ လှိမ့်တက်နေပြီး ထိုမြို့ကို လွန်စွာ ဖိနှိပ်ခံနေရသကဲ့သို့ ဖြစ်နေစေသည်။

"စစ်သူကြီး... ငါတို့ ဘာလို့ ရပ်လိုက်တာလဲ..." ဟု ကျားကွမ် က မေးလိုက်သည်။

လမ်းတစ်လျှောက်တွင် ဖုတ်ကောင် များ၏ တိုက်ခိုက်မှု အများအပြားနှင့် ကြုံတွေ့ခဲ့ရပြီး ချင်ယဲ့၏ စွမ်းအားက သူ့ကို အထင်ကြီးသွားစေသည်။ ချင်ယဲ့ အစွမ်းထက်ကြောင်း ယခင်က ကြားဖူးရုံသာ ရှိသော်လည်း ဤတစ်ကြိမ်တွင် စစ်တပ်နှင့်အတူ စစ်ချီလာရာ၌ ချင်ယဲ့၏ စွမ်းအားကို သူ ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရပြီး ကျင့်ကြံသူဆိုသည်မှာ အဘယ်အရာ ဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ချင်ယဲ့က….

"ဒီမြို့က တစ်ခုခု မှားယွင်းနေတယ်လို့ ငါ ခံစားရတယ်... ငါတို့ အလျင်စလို အထဲမဝင်သေးဘူး... တစ်ယောက်ယောက်ကို အရင် စုံစမ်းဖို့ လွှတ်လိုက်မယ်..."

ကျားကွမ်မှာ ဝေခွဲမရ ဖြစ်သွားသော်လည်း အမိန့်ကို နာခံကာ တဖက်လှည့်၍ အမိန့်များကို ဆက်လက် ပေးပို့လိုက်သည်။

မကြာမီမှာပင် စစ်သူကြီး နှစ်ဦးက သူတို့၏ မြင်းများကို ဒေါက်ခတ်၍ ခမ်းနားကြီးကျယ်သော မြို့တော်ဆီသို့ ဒုန်းစိုင်း ပြေးထွက်သွားကြပြီး သူတို့၏ ပုံရိပ်များက ကျယ်ပြန့်သော နှင်းပြင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

တပ်ဖွဲ့ဝင် သုံးသိန်းက နေရာ၌ပင် ရပ်တန့်၍ စတင် အနားယူကြတော့သည်။

အမှောင်ထု ကျရောက်လာပြီး နှင်းများ ပိုမို ထူထပ်စွာ ကျဆင်းလာသောအခါ စစ်သား အများအပြားက ချမ်းအေးမှုကို ခံစားလာရပြီး တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေကြသည်။

ကျားကွမ်က ဤမြင်ကွင်းကို သတိပြုမိသွားပြီး ချင်ယဲ့ကို မပြောဘဲ မနေနိုင်တော့ချေ။

"ဒီည နှင်းအရမ်း ထူတယ်... အကယ်၍ ငါတို့ မြို့ထဲကို မဝင်ဘူး ဆိုရင် လူမမာတွေ ပိုများလာမှာကို စိုးရိမ်တယ်..."

ရှည်လျားသော ခရီးစဉ်၊ အထူးသဖြင့် ဆောင်းရာသီတွင် စစ်သား အများအပြားကို ဖျားနာစေခဲ့သည်။ ထိုနေရာက လွန်စွာ ကျယ်ဝန်းပြီး သစ်ပင်များ ထူထပ်နေသဖြင့် သူတို့ကို ပို၍ပင် ချမ်းအေးလာစေသည်။

ချင်ယဲ့က ရှေ့ကို ကြည့်၍ ….

"အကယ်၍ ငါတို့ အလျင်စလို ဝင်သွားရင် ပိုကြီးမားတဲ့ ထိခိုက်သေဆုံးမှုတွေ ဖြစ်လာမှာကို ငါ စိုးရိမ်တယ်..."

ကျင့်ကြံသူ တစ်ဦးအနေဖြင့် သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က မူလအားဖြည့်နယ်ပယ်၏ ပဉ္စမအလွှာ တွင်သာ ရှိသော်လည်း ရှေ့ရှိ ယွင်တိမြို့ တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အာရုံခံမိနိုင်သည်။

ကျားကွမ်က သူ့ရဲ့ တည်ကြည်လေးနက်သော အမူအရာကို သတိပြုမိသွားပြီး အကဲဖြတ်မှုကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။

လီရွှီကျုံးက မြင်းပေါ်မှ ဆင်းပြီး ခန္ဓာကိုယ် နွေးထွေးလာစေရန် လှံရှည်ကို ဝှေ့ယမ်းနေသည်။

စစ်သားများက သူတို့အချင်းချင်း တီးတိုး စကားပြောနေကြပြီး အချို့က မသက်မသာ ဖြစ်နေကာ အချို့က မကျေမနပ် ဖြစ်နေကြသော်လည်း မည်သူကမျှ ရှေ့ထွက်၍ ချင်ယဲ့၏ အမိန့်များကို မဖီဆန်ရဲကြချေ။

လုံးဝ မှောင်မိုက်သွားပြီးနောက်တွင် စစ်သူကြီး နှစ်ဦး ပြန်မရောက်လာသေးသဖြင့် ချင်ယဲ့ ပို၍ပင် စိုးရိမ်လာသည်။

ထိုစဉ် လီရွှီကျုံးက အနီးသို့ လျှောက်လာပြီး မေးလိုက်သည်။

"ကျွန်တော် သွားကြည့်လိုက်ရမလား..."

ချင်ယဲ့က ခေါင်းယမ်းလိုက်ပြီး…

"မရဘူး... ခင်ဗျား သွားလို့ မရဘူး... ငါတို့ နည်းနည်း ထပ်စောင့်ကြည့်ရအောင်..."

သူက လီရွှီကျုံး မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ပတ်သက်၍ ခန့်မှန်းချက် အချို့ ရှိထားပြီး ဖြစ်၏။ အဓိက အကြောင်းရင်းမှာ ကောလာဟလများအပြင် လီရွှီကျုံး၏ ရုပ်သွင်က လီချင်းချိုးနှင့် အနည်းငယ် ဆင်တူနေသောကြောင့်ပင်။

ဤသည်က သူ လီရွှီကျုံးနှင့် အနီးသို့ မကပ်ရဲသည့် အကြောင်းရင်းလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စည်းကျော်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။

ထိုစကားကို ကြားသောအခါ လီရွှီကျုံး မျက်မှောင်ကြုတ်သွား၏။ သူ ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ရှေ့မှ မြင်းခွာသံများ ထွက်ပေါ်လာသည်။

အစောက စေလွှတ်ခဲ့သော စစ်သူကြီး နှစ်ဦး အနက်မှ တစ်ဦး ပြန်ရောက်လာပြဌး ဤစစ်သူကြီးက အထိအခိုက် မရှိဘဲ အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရသည်။

သူက ချင်ယဲ့ ထံသို့ အလျင်အမြန် မြင်းစီးလာပြီး….

"စစ်သူကြီးကို သတင်းပို့ပါတယ်... ခရိုင်အုပ်ချုပ်ရေးမှူးက ခင်ဗျားကို အိမ်တော်မှာ ကြိုဆိုဖို့ ညစာစားပွဲ တစ်ခု ပြင်ဆင်ထားပါတယ်... မြို့ထဲမှာ ထူးခြားတာ ဘာမှ မရှိပါဘူး... ပြီးတော့ မြို့ထဲက တပ်ဖွဲ့တွေ အားလုံးက ကာကွယ်ရေးအတွက် မြောက်ပိုင်း နယ်စပ်ကို သွားကြပါပြီ..."

ကာကွယ်ရေး ဟုတ်လား….

ချင်ယဲ့ မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရသော်လည်း ယွင်တိမြို့ကို စစ်တပ်က စောင့်ကြပ်မထားသဖြင့် သူတို့ ကြောက်ရွံ့နေရန် မလိုအပ်တော့ချေ။

"မြို့ထဲကို ဝင်ဖို့ အမိန့်ပေးလိုက်..."

ချင်ယဲ့က ညွှန်ကြားလိုက်ပြီး ကျားကွမ် ကို အမိန့် သွားပေးရန် ချက်ချင်း ပြောလိုက်သည်။

ပုံမှန်အားဖြင့် စစ်တပ်ကို မြို့ထဲသို့ ဝင်ခွင့် မပြုသော်လည်း အခု အပြင်ဘက်တွင် အရမ်း အေးနေပြီး စစ်သားများ၏ အခြေအနေကို သူ ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။

ထို့ကြောင့် တပ်ဖွဲ့ဝင် သုံးသိန်းက သူတို့၏ ချီတက်မှုကို ဆက်လက် လုပ်ဆောင်ခဲ့ပြီး ယွင်တိမြို့ ဆီသို့ ဦးတည်သွားသော နဂါးရှည်ကြီး တစ်ကောင်နှင့် တူနေပေတော့သည်။

အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်ဆုံးပြီးနောက်….

ချင်ယဲ့ ၊ လီရွှီကျုံးနှင့် ကျားကွမ်တို့ မြို့တံခါးသို့ ပထမဆုံး ရောက်ရှိလာကြပြီး သူတို့၏ နောက်ရှိ ပင်မ စစ်တပ်က ပေတစ်ရာခန့် အကွာအဝေးတွင် ရှိနေသည်။

မြို့တံခါးရှေ့တွင် မြို့စောင့် နှစ်ယောက်သာ မတ်တတ်ရပ်နေကြသည်။ သူတို့က ချင်ယဲ့နှင့် အခြား နှစ်ဦးကို ချက်ချင်း ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။

ချင်ယဲ့၏ အကြည့်များက မြို့ကို ဖြတ်သန်းသွားသည်။ အိမ်အနည်းငယ်တွင်သာ မီးရောင်များ ရှိနေသဖြင့် ယေဘုယျ လေထုက မှေးမှိန်ပြီး ဖိနှိပ်ခံနေရကာ တစ္ဆေမြို့တော် တစ်ခုနှင့် တူနေပေသည်။

သူက သူ့ဘယ်ဘက်ရှိ မြို့စောင့်ကို လှည့်ကြည့်၍ မေးလိုက်သည်။

"မကြာသေးခင်က ယွင်တိမြို့မှာ ထူးခြားတာ တစ်ခုခု ဖြစ်ခဲ့သေးလား..."

မြို့စောင့်တပ်သားက…

"မြောက်ပိုင်း နယ်စပ်မှာ ပြဿနာ ရှာနေတဲ့ မိစ္ဆာဝိညာဉ်တွေက ချန်းကျိုး ကို အရမ်း မသက်မသာ ဖြစ်စေပါတယ်... ဒီမြို့မှာ ထူးဆန်းတဲ့ ကိစ္စ တော်တော်များများ ဖြစ်ပျက်နေပေမဲ့ ယေဘုယျအားဖြင့်တော့ ငြိမ်းချမ်းနေတုန်းပါပဲ..."

ထိုစကားကို ကြားသောအခါ ချင်ယဲ့ စိတ်သက်သာရာ ရသွားသည်။

အကယ်၍ တစ်ဖက်လူက အရာအားလုံး အဆင်ပြေကြောင်း အတိအကျ ပြောဆိုပါက သူ သံသယ ဝင်မိပေလိမ့်မည်။

ချင်ယဲ့က ခေါင်းညိတ်လိုက်ပြီးနောက် မြို့ထဲသို့ ဝင်သွားတော့ လီရွှီကျုံးနှင့် ကျားကွမ်တို့က အနီးကပ် လိုက်ပါလာပြီး တပ်ဖွဲ့ဝင် သုံးသိန်းက မြို့တံခါးသို့ လျင်မြန်စွာ ရောက်ရှိလာကာ မြို့ထဲသို့ အလှည့်ကျ ဝင်ရောက်သွားကြသည်။

လွင့်ဝဲနေသော နှင်းများနှင့် မြူများ ကြားတွင် ကောင်းကင်ယံက ဓားပျံပေါ်တွင် ရပ်နေသော ကျန်းကျောက်ရှားက ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့သည်။ ထို့နောက် သူက တဖက်လှည့်၍ ကျယ်ပြန့်သော နှင်းများနှင့် မြူများ ကြားသို့ ပျောက်ကွယ်သွားတော့သည်။

ယွင်တိမြို့ ၊ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော် အတွင်း၌……

ခမ်းနားကြီးကျယ်သော ခန်းမဆောင် တစ်ခု အတွင်းတွင် ဖရိုဖရဲ ဆံပင်များ ရှိသော ခါးကုန်းကုန်း အဘိုးအို တစ်ဦးက ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။

သူ့လက်များကို ဒူးပေါ်တွင် တင်ထားပြီး လက်ဝါးများကို အပေါ်သို့ လှန်ထားကာ တစ္ဆေချီမျှင်များက သူ့ကို ဝန်းရံနေသည်။ ဖယောင်းတိုင် မီးရောင်က သူ့အရိပ်ကို နံရံပေါ်တွင် ထင်ဟပ်နေစေပြီး မိစ္ဆာ တစ်ကောင်ကဲ့သို့ ထင်မှတ်ရစေသည်။

ပင်မခန်းမဆောင်တွင် မတ်တတ်ရပ်နေသူမှာ ယဉ်ကျေးသိမ်မွေ့ပြီး ပညာရှင်ဆန်သော အသွင်အပြင်ရှိသည့် အမျိုးသား တစ်ဦး ဖြစ်ပြီး အသက် သုံးဆယ် အစောပိုင်းတွင်ရှိပုံ ရသည်။ သူက ချောမောပြီး အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့နာမည်က လီချန်ကျဲ ဖြစ်ပြီး လင်းချွမ် လီမိသားစု မှ တပည့် တစ်ဦး ဖြစ်သည်။

ဖခင်ဖြစ်သူ ဤမျှ လူမဆန်ဘဲ အရုပ်ဆိုး အကျည်းတန် သွားသည်ကို မြင်သောအခါ လီချန်ကျဲ၏ နှလုံးသားကို ဆွဲဖြဲခံရသကဲ့သို့ ခံစားနေရသည်။

"လျူကျင်းရဲ့ စစ်တပ်က မြို့ထဲကို ဝင်လာနေပြီ... ခင်ဗျား တောင်းဆိုသမျှ အားလုံးကို ကျွန်တော် လုပ်ပေးပြီးပြီ... ကျွန်တော့် ဖခင်ရဲ့ ခန္ဓာကိုယ် ထဲကနေ ဘယ်တော့ ထွက်သွားမှာလဲ..."

ထိုစကားကို ကြားသောအခါ အဖိုးတန် ကုတင်ပေါ်ရှိ အဘိုးအိုက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ မျက်လုံးများက မည်းမှောင်နေပြီး သူငယ်အိမ်များက သွေးကဲ့သို့ နီရဲနေကာ ကြောက်မက်ဖွယ် ကောင်းလှသည်။

မိစ္ဆာကြီးလော့က လီချန်ကျဲကို ငုံ့ကြည့်၍ …..

"ဒီစစ်တပ်ကို ငါ ပေါင်းစည်းပြီးသွားရင် ငါ့အတွက် ရွေးချယ်စရာ ရုပ်ခန္ဓာကိုယ်တွေ အများကြီး ရှိလာလိမ့်မယ်... ဒါဆိုရင် မင်းရဲ့ ဖခင်ကို ငါ ထပ်ပြီး ဒုက္ခပေးတော့မှာ မဟုတ်ဘူး..."

လီချန်ကျဲက သူ့ကို စူးစိုက်ကြည့်နေပြီး သူ့မျက်နှာတွင် နာကြည်းချက်များ ပြည့်နှက်နေသည်။

အကယ်၍ မိစ္ဆာကြီးလော့သာ အောင်မြင်သွားပါက ဖြစ်ပေါ်လာမည့် ဖရိုဖရဲ ဖြစ်မှုများကို လီချန်ကျဲ စိတ်ကူး၍ပင် မကြည့်ရဲချေ။ သို့သော်လည်း ဖခင်ကို သူ မစွန့်ပစ်နိုင်ပေ။

ထိုစဉ် ခန်းမ၏ မှောင်မိုက်သော ထောင့်တစ်နေရာမှ ကျောချမ်းဖွယ် ရယ်မောသံ တစ်သံ ပဲ့တင်ထပ်လာပြီး ထိုအသံက ယောက်ျားလား၊ မိန်းမလား ဆိုသည်ကို ခွဲခြား၍ မရနိုင်လောက်အောင် စူးရှနေ၏။

"အစ်ကိုကြီး... အဲဒီ စစ်တပ်ရဲ့ သွေးတွေက ပြစ်ချွဲပြီး အစွမ်းထက်တယ်... အဲဒါက အစ်ကို လိုချင်တဲ့ တစ္ဆေစစ်တပ်ကို သေချာပေါက် ဖန်တီးပေးနိုင်လိမ့်မယ်... ပြီးတော့ ခေါင်းဆောင်က ကျင့်ကြံသူ တစ်ယောက်ပဲ... ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မရဘူး..."

ကျင့်ကြံသူ တစ်ဦး ရှိနေကြောင်း ကြားသောအခါ မိစ္ဆာကြီးလော့၏ အိုမင်းနေသော မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လွင်လာပြီး လွန်စွာ ဝမ်းသာသွားမည့် အစား ညွှန်ကြားလိုက်သည်။

"မြို့အပြင်ကို သွားပြီး တခြား ကျင့်ကြံသူတွေ ရှိသေးလား သွားကြည့်ချေ..."

"ဟုတ်ကဲ့ပါ..."

ကျောချမ်းဖွယ်ကောင်းသော အသံ ပျောက်ကွယ်သွားပြီးနောက် လီချန်ကျဲ က အအေးဓာတ် တစ်ခု ပျောက်ကွယ်သွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ဖခင်ဖြစ်သူ၏ ရုပ်ခန္ဓာကိုယ် ကို ပူးကပ်ထားသော မိစ္ဆာဝိညာဉ်အပြင် အခြားသော မိစ္ဆာဝိညာဉ်များလည်း စီရင်စုမြို့တော် အတွင်း သောင်းကျန်းနေကြသဖြင့် သူ ထွက်ပြေး၍ မရနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျင့်ကြံသူတစ်ဦး လာနေကြောင်း ကြားသောအခါတွင်ပင် သူ လွန်စွာ စိတ်ပျက်အားငယ်နေပြီး ဤအခက်အခဲမှ မည်သို့ လွတ်မြောက်ရမည်ကို မသိအောင် ဖြစ်နေတော့သည်။

ချင်းရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ် လီချင်းချိုး ရောက်လာလျှင်ပင် ဤမိစ္ဆာဝိညာဉ်ကို ယှဉ်နိုင်မည် မဟုတ်ချေ။

ဤကိစ္စကို တွေးမိသောအခါ လီချန်ကျဲ က လျှို့ဝှက်စွာ လက်သီးတင်းတင်း ဆုပ်ထားလိုက်လေသည်။

"အပြင်ထွက်ပြီး ပွဲသွားကြည့်ရအောင်..."

ဤသို့ ပြောပြီးနောက် မိစ္ဆာကြီးလော့က မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

လီချန်ကျဲက တစ်ခဏမျှ တွေဝေသွားသော်လည်း အဆုံးတွင် လှည့်ထွက်ရန် ရွေးချယ်လိုက်သည်။ လျူကျင်း၏ လက်အောက်တွင် စစ်သူကြီးများနှင့် မူးမတ်များအဖြစ် အမှုထမ်းနေသော လီမိသားစုဝင် များနှင့်အတူ အကယ်၍ သူသာ ကိုယ်ပိုင် မျိုးနွယ်စုမှ သူတစ်ယောက်ယောက်နှင့် ကြုံတွေ့ပါက သူတို့ကို သတိပေးချက် တစ်ခု ပေးနိုင်မည် ဖြစ်ကြောင်း သူ သိထားသည်။

……..

ယွင်တိမြို့က စီရင်စုမြို့တော်တစ်ခု ဖြစ်သည့် အလျောက် ဘေးနှစ်ဖက်တွင် ညီညာမှု မရှိသော နှင်းများ စုပုံနေသည့် ကျယ်ဝန်းသော လမ်းများ ရှိပြီး အိမ်များ၏ အမိုးစွန်းများတွင် ရေခဲများနှင့် နှင်းများ ဖုံးလွှမ်းနေကာ ၎င်းတို့ကို အချိန်ကြာမြင့်စွာ မပြုပြင်ရသေးကြောင်း ရှင်းလင်းစွာ ညွှန်ပြနေပေသည်ဖယ

ချင်ယဲ့ ၊ လီရွှီကျုံးနှင့် ကျားကွမ်တို့က မြင်းပေါ်တွင် ယှဉ်တွဲ၍ စီးနင်းလာကြပြီး သူတို့ တစ်ယောက်စီက မီးတုတ် တစ်ချောင်းစီ ကိုင်ဆောင်ထားကာ သူတို့၏ အမူအရာများက ပို၍ပို၍ တည်ကြည်လေးနက်လာကြသည်။

မြို့ထဲသို့ ဝင်ရောက်လာသောအခါ ကျင့်ကြံသူ မဟုတ်သော ကျားကွမ် ပင်လျှင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သဘောပေါက်သွားသည်။

"ငါတို့ ဆုတ်ခွာသင့်လား..."

လီရွှီကျုံးက ချင်ယဲ့ကို ကြည့်၍ တိုးတိုးလေး မေးလိုက်သည်။

"ဒီနေ့ အရမ်း အေးတယ်... အကယ်၍ အခု ဆုတ်ခွာဖို့ အမိန့်ပေးလိုက်ရင် တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်တွေ ယိမ်းယိုင်သွားနိုင်တယ်..."

လီရွှီကျုံး နောက်သို့ လှည့်ကြည့်လိုက်တော့ စစ်သား အချို့က လမ်းနှစ်ဖက်ရှိ အဆောက်အအုံများ အတွင်းသို့ အလျင်စလို ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။ သူတို့ အမိန့်မပေးမီမှာပင် စစ်သား အများအပြားက အအေးဒဏ်ကို မခံနိုင်တော့ဘဲ အနားယူရန် အိမ်များကို သွားရောက် ရှာဖွေခဲ့ကြသည်။

"ဘာလို့ ပိုပိုပြီး အေးလာရတာလဲ... တစ္ဆေတစ်ကောင်ကများ မှော်ပညာအသုံးပြုနေတာလား..."

ကျားကွမ် မနေနိုင်ဘဲ တီးတိုး ရေရွတ်လိုက်ပြီး လက်မောင်းကို ဖက်ကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။

ထိုစကားကို ကြားသောအခါ ချင်ယဲ့က အလိုအလျောက် ညကောင်းကင်ယံကို မော့ကြည့်လိုက်ရာ လှိမ့်တက်နေသော မည်းမှောင်သည့် တိမ်တိုက်များက ဖြည်းညင်းစွာ ရွေ့လျားနေပြီး အချိန်မရွေး ပြိုကျလာတော့မည့် အလား ဖြစ်နေသည်။

ရုတ်တရက်…

“ဘယ်သူလဲ..”

လီရွှီကျုံးက ဟိန်းဟောက်လိုက်ပြီးနောက် ခုန်ဆင်းကာ လမ်းသွယ်လေး တစ်ခုဆီသို့ ပြေးသွားရန် ပြင်လိုက်သော်လည်း ချင်ယဲ့က ရွှေရောင် တောင်ဝှေးဖြင့် လှမ်းတားလိုက်သည်။

လီရွှီကျုံးက ချင်ယဲ့ကို လှည့်ကြည့်လိုက်တော့ ချင်ယဲ့က သူ ပြေးသွားမည့် ဦးတည်ချက်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

"စိတ်လိုက်မာပါ မလုပ်နဲ့... ဒီည ငါတို့ ပြင်းထန်တဲ့ တိုက်ပွဲ တစ်ခု ဆင်နွှဲရမယ့် ပုံပဲ..."

ချင်ယဲ့က အသံနက်ကြီးဖြင့် ပြောလိုက်ပြီးနောက် ချက်ချင်း လှည့်၍ အမိန့်များကို တစ်ခုပြီးတစ်ခု စတင် ပေးတော့ပြီး စစ်သားများကို အနီးနားရှိ လမ်းများနှင့် ခြံဝင်းများကို ပိတ်ဆို့ထားရန် ညွှန်ကြားလိုက်လေသည်။

All Chapters