မိစ္ဆာများနှင့် နတ်ဘုရားများကို သတ်ဖြတ်သော ဓား
Vol. 26 Ch. 257
မင်းက ချင်းရှောင်ဂိုဏ်းက ဘယ်သူလဲ။
လက်လေးဖက်မိစ္ဆာက ရှန်ယွဲ့ကို လှည့်ကြည့်၍ မေးလိုက်ခြင်းပင်။ သူ့အသံက အက်ကွဲပြီး ရှေးဟောင်း ခေတ်ကာလများမှနေ၍ ပစ္စုပ္ပန်သို့ ခရီးနှင်လာသလိုထင်ရသည်။
ရှန်ယွဲ့က… .
"မင်းကကော ဘယ်သူလဲ... မင်းရဲ့ တစ္ဆေဘဝ အကြောင်းကို ငါ မေးနေတာ မဟုတ်ဘူး... မင်းရဲ့ ယခင် ဘဝမှာ မင်းက ကျွမ်းကျင်တဲ့ ဓားသမား တစ်ယောက် ဖြစ်ခဲ့ရမယ်…”
"ငါက မြောက်ပိုင်းနန်းတွင်းက လာတာ... တစ်ခါက မြောက်ပိုင်းနန်းတွင်းရဲ့ ဓားနတ်ဘုရား ဖြစ်ခဲ့ဖူးတယ်... အာဏာရှိတဲ့ သူတွေကို စော်ကားမိလို့ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရပြီး ဒီလို နိဂုံးချုပ်သွားရတာပဲ... ငါက အရုပ်ဆိုး အကျည်းတန်နေပေမဲ့ ငါ့ရဲ့ ဓားသိုင်းနဲ့ ဓားဆန္ဒက ငါ အသက်ရှင်နေတုန်းကထက်တောင် ပိုကောင်းနေသေးတယ်... မင်း စမ်းကြည့်ချင်လား..."
တစ်ဖက်လူက သူ့ကိုယ်သူ ဓားနတ်ဘုရားဟု ခေါ်ဆိုသည်ကို ကြားသောအခါ ရှန်ယွဲ့၏ အမူအရာ ပြောင်းလဲသွားပြီး ဘာမှ ထပ်မပြောတော့ဘဲ ရန်သူထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။
ရန်သူဆီသို့ ပြေးသွားနေစဉ် ရှန်ယွဲ့၏ ဓားဆန္ဒ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အမြန်နှုန်းကို သိသိသာသာ မြင့်တက်သွားစေသည်။
လက်လေးဖက်မိစ္ဆာကလည်း လေထဲသို့ ခုန်တက်ပြီး သူ့ကို ရင်ဆိုင်လိုက်သည်။ လူနှင့် တစ္ဆေတို့က ပြင်းထန်သော ဓားသိုင်းများကို အသီးသီး ထုတ်သုံးလိုက်ကြပြီး သူတို့၏ လှုပ်ရှားမှုများက အလွန် မြန်ဆန်လွန်းသဖြင့် မျက်စိကျိန်းလုမတတ်ပင်။ ဓားချီ များနှင့် တစ္ဆေချီများက မတူညီသော အရပ်မျက်နှာ များသို့ ပြန့်ထွက်သွားပြီး အမိုးများကို ရိုက်ခွဲကာ ခြံဝင်း နံရံများကို ဖြိုခွဲပြီး နှင်းများကို ပိုင်းဖြတ်သွားလေသည်။
တစ်ခဏမျှ မည်သည့်ဘက်က သာလွန်နေသည်ကို ဆုံးဖြတ်ရန် ခက်ခဲနေသည်။
လက်လေးဖက်မိစ္ဆာက ဒေါသထွက်နေပြီ။ သူ့ထက် နိမ့်ကျသော ဓားသမားတစ်ယောက်ကို ဘယ်လိုလုပ် မယှဉ်နိုင်ရတာလဲ။
ဒါက သူ့ရဲ့ ဓားသိုင်းက ပြိုင်ဘက်ရဲ့ ဓားသိုင်းထက် ညံ့ဖျင်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်လား။
လက်လေးဖက်မိစ္ဆာက မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး လက်လေးဖက်က ရုတ်တရက် ပြန့်ကားသွားကာ ပြင်းထန်သော ဓားချီများက လေဆင်နှာမောင်း တစ်ခုကဲ့သို့ မြေကြီးထဲမှ ထွက်ပေါ်လာပြီး လေထဲရှိ ရှန်ယွဲ့ကို ကာကွယ်ရန် သူ၏ ဓားကို မြှောက်ထားစေရန် တွန်းအားပေးလိုက်သည်။ သို့သော်လည်း ပြင်းထန်သော ဓားချီ များကြောင့် သူက နောက်သို့ ဆုတ်ခွာသွားရဆဲ ဖြစ်ပြီး သူ၏ ညာဘက်လက် ချက်ချင်း ဆုတ်ဖြဲခံလိုက်ရကာ သွေးများ နေရာအနှံ့ ပန်းထွက်သွားတော့သည်။
ရှန်ယွဲ့က လေထဲတွင် ကျွမ်းထိုးလိုက်ပြီး သူ လှည့်လာစဉ် လက်ထဲရှိ သစ်သားဓား ကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။
ဘုန်း...
သစ်သားဓားက အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ညကောင်းကင်ယံကို ဖြတ်သန်းသွားသော အေးစက်သည့် အလင်းရောင် တစ်ခုကဲ့သို့ လက်လေးဖက်မိစ္ဆာ၏ ဓားချီများကို ဖောက်ထွင်းကာ လက်လေးဖက်မိစ္ဆာ၏ ရင်ဘတ်ဆီသို့ တည့်မတ်စွာ ဦးတည်သွားသော်လည်း ကံမကောင်းစွာဖြင့် လက်လေးဖက်မိစ္ဆာ က ၎င်းကို အလွယ်တကူ ရှောင်တိမ်းသွားနိုင်ခဲ့သည်။
လက်လေးဖက်မိစ္ဆာက ယိမ်းနွဲ့ ရှောင်တိမ်းသွားသဖြင့် အောက်သို့ ကျဆင်းလာသော ရှန်ယွဲ့မှာ လက်လေးဖက်မိစ္ဆာကို တစ်ချက်လောက် မြင်တွေ့နိုင်ရန် အကြည့်များကို အလျင်အမြန် ပြောင်းလဲလိုက်ရသည်။
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော် အတွင်း၌….
အဘိုးအို တစ်ဦး၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသော မိစ္ဆာကြီးလော့က တရားထိုင်ကာ စွမ်းအင်များကို လှည့်ပတ်နေဆဲ ဖြစ်သည်။ သူက အပြင်ဘက်မှ ထွက်ပေါ်လာသော ပေါက်ကွဲသံများကို ကြားနိုင်ပြီး တိုက်ပွဲက လွန်စွာ ပြင်းထန်နေကြောင်း ညွှန်ပြနေပေသည်။
ထိုစဉ် ပင်မခန်းမဆောင်၏ ထောင့်တစ်နေရာမှ အဖြူရောင် ဆံပင်များရှိသော အမျိုးသား တစ်ဦး အမှောင်ထုထဲမှ ထွက်လာသည်။ထိုသူ၏ မျက်နှာ တစ်ဝက်က ဝံပုလွေ တစ်ကောင်နှင့် တူနေပြီး အခြား တစ်ဝက်က ချောမောနေသဖြင့် သူ့ကို လွန်စွာ ထူးဆန်းသော အသွင်အပြင် တစ်ခု ပေးစွမ်းနေပေသည်။ သူက အမည်းရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဝတ်ရုံစ အောက်တွင် လှိမ့်တက်နေသော တစ္ဆေချီ များ ရှိနေသည်။
"အစ်ကိုကြီး... ကျင့်ကြံသူတွေ အများကြီးပဲ... ချီအချက်ပြမှုက ချင်းရှောင်ဂိုဏ်းက ဖြစ်ရမယ်... ဒါပေမဲ့ ငါတို့ ခန့်မှန်းခဲ့သလိုပဲ ချင်းရှောင်ဂိုဏ်း က အစွမ်းမထက်ဘူး..." ဟု အဖြူရောင် ဆံပင်များ ရှိသော အမျိုးသားက သရော်လိုက်သည်။
သူ့နာမည်က တစ္ဆေအပြစ်သားဖြစ်ပြီး မိစ္ဆာ ဆယ့်ခြောက်ကောင် ယအနက် ဒုတိယ အဆင့် ရှိကာ မိစ္ဆာကြီးလော့ ပြီးလျှင် အစွမ်းအထက်ဆုံး ပင် ဖြစ်သည်။
ထိုအခါ မိစ္ဆာကြီးလော့က မျက်လုံးများကို ဖွင့်၍ အသံနက်ကြီးဖြင့်…
"ချင်းရှောင်ဂိုဏ်းက အရင်တုန်းက သိုင်းလောကဂိုဏ်း သေးသေးလေး တစ်ခုပဲလို့ ဆိုကြတယ်... ဒါပေမဲ့ လီချင်းချိုးက အနှစ် ၂၀ တောင် မပြည့်တဲ့ အချိန် အတွင်းမှာ ကျင့်ကြံသူ တွေ အများကြီး ပြုစုပျိုးထောင်နိုင်ခဲ့တယ်... သူတို့ကို အထင်သေးလို့ မရဘူး..."
"အစ်ကိုကြီး... လူတစ်ယောက်က ပါရမီရှင်ဖြစ်ရင်တောင်မှ ဆယ်စုနှစ် အနည်းငယ် အတွင်းမှာ အစ်ကိုကြီး ဒါမှမဟုတ် ကျွန်တော်ထက် ပိုအစွမ်းထက်တဲ့ အဆင့်အထိ ကျင့်ကြံဖို့ ဆိုတာ မဖြစ်နိုင်လောက်ပါဘူး..."
သူတို့ နှစ်ဦးစလုံးက ယခင် ဘဝများက ကျင့်ကြံသူများ ဖြစ်ခဲ့ကြပြီး ကျင့်ကြံခြင်း အပေါ် သူတို့၏ နားလည်သဘောပေါက်မှုက အခြား မိစ္ဆာဝိညာဉ်များထက် ပိုမို နက်ရှိုင်းသည်။
သူတို့က ချင်းရှောင်ဂိုဏ်းသို့ တစ္ဆေများကို စေလွှတ်၍ ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း သိုင်းလောကမှ တစ်ဆင့် ချင်းရှောင်ဂိုဏ်း၏ ယေဘုယျ အခြေအနေကို သူတို့ သိရှိခဲ့ကြသည်။
လီချင်းချိုးက အသက် ဆယ့်ခြောက်နှစ် အရွယ်တွင် ဂိုဏ်းချုပ်နေရာကို လွှဲပြောင်း ရယူခဲ့ပြီး ဆယ့်ရှစ်နှစ် အတွင်း ချင်းရှောင်ဂိုဏ်းကို လူခုနစ်ယောက်သာ ရှိသော သိုင်းလောကဂိုဏ်းငယ်လေး တစ်ခု အဖြစ်မှ အဖွဲ့ဝင် သောင်းနှင့်ချီ၍ ရှိသော ကျင့်ကြံရေးဂိုဏ်းတစ်ခု အဖြစ်သို့ ပြောင်းလဲပစ်နိုင်ခဲ့သည်။
မိစ္ဆာကြီးလော့နှင့်တစ္ဆေအပြစ်သားတို့ပင်လျှင် လီချင်းချိုးက အလွန် ကျွမ်းကျင်ကြောင်း ဝန်ခံရမည် ဖြစ်သော်လည်း ၎င်းက ထိုမျှသာ ဖြစ်၏။ ကျင့်ကြံခြင်းဆိုသည်မှာ နှစ်ပေါင်းများစွာ စုဆောင်းမှု လိုအပ်သည်။ လီချင်းချိုး မည်မျှပင် ပါရမီပါနေစေကာမူ ဆယ့်ရှစ်နှစ် အတွင်း သူ မည်မျှအထိ ဖြစ်လာနိုင်မည်နည်း။
"ဝိညာဉ်နှုတ်မဟူရာမိစ္ဆာ သဲလွန်စ မရှိဘဲ ပျောက်ကွယ်သွားခဲ့တယ်... သူ့ကို ယချင်းရှောင်ဂိုဏ်းက ဖျက်ဆီးလိုက်တာ ဖြစ်နိုင်တယ်... လီချင်းချိုးရဲ့ စွမ်းအားကို အထင်မသေးသင့်ဘူး..."
ထိုစကားကို ကြားသောအခါ တစ္ဆေအပြစ်သား၏စိတ်ထဲတွင် ချက်ချင်း မနှစ်မြို့သလိုဖြစ်သွားသည်။ ယခု အခြေအနေက ဒီအထိ ရောက်နေပြီ ဆိုတော့ ရန်သူကို ဒီလို ချီးကျူးနေရတာ ဘာအဓိပ္ပာယ် ရှိလို့လဲ….
ထိုအခိုက်၌ ခန်းမကြီး တုန်လှုပ်သွားပြီး ဖုန်မှုန့်များနှင့် သဲများ အောက်သို့ ကျဆင်းလာသဖြင့် တစ္ဆေအပြစ်သားက လှည့်ကြည့်လိုက်တော့ သူ့မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်လွင်နေသည်။
"ဒီလူက တကယ်ကို ကြောက်စရာ ကောင်းတာပဲ... မူလအားဖြည့်နယ်ပယ် ရဲ့ နဝမအလွှာ ကျင့်ကြံခြင်း အဆင့်လောက်လေးနဲ့ သူ့ရဲ့ ဓားဆန္ဒက ဒီအဆင့်အထိ ရောက်နေတယ်... ဓားတစ္ဆေက သူ့ကို မယှဉ်နိုင်တာများလား..."
မိစ္ဆာကြီးလော့က ခန်းမ အပြင်ဘက်ကို လှမ်းကြည့်၍ ….
"ငါ့ရဲ့ တစ္ဆေစစ်သည်တွေက အမြန်နှုန်းနဲ့ လျော့နည်းနေတယ်... အဲဒီ ချင်းရှောင်ဂိုဏ်းက တပည့်တွေက အစွမ်းမထက်ပေမဲ့ ငါ့ရဲ့ တစ္ဆေစစ်သည် တွေကို ကိုင်တွယ် ဖြေရှင်းဖို့တော့ လုံလောက်တယ်... မင်း ပေါ့ဆလို့ မရဘူး... မကြာခင် လီချင်းချိုးက ငါတို့ကို လာသတ်ကောင်း သတ်နိုင်တယ်..."
ထိုစကားကို ကြားသောအခါ တစ္ဆေအပြစ်သားက ညာဘက်လက်ကို မြှောက်လိုက်ရာ လက်ဖဝါးထဲမှ အရိုးဓား တစ်လက် ထွက်ပေါ်လာသည်။ သူက လက်ကိုင်ရိုး လက်ဖဝါးမှ ထွက်ပေါ်လာသည်အထိ အလျင်အမြန် ဆန့်ထုတ်လိုက်ပြီးနောက် လက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ပင်မခန်းမဆောင် ၏ အရှေ့ဘက်သို့ လျှောက်သွားပြီး တံခါးကို မျက်နှာမူကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်၏။
...
လမ်းမကြီးပေါ်တွင် ယွင်ချိုင် ဆင်းသက်လာပြီး မော့ကြည့်လိုက်တော့ သူမ၏ ငွေပြာရောင် မျက်လုံးများက လင်းလက်သွားပြီး အမှောင်ထုထဲတွင် ရတနာများ ကဲ့သို့ တောက်ပနေသည်။
ဖုတ်ကောင် ဒါဇင်နှင့်ချီ၍ သူမဆီသို့ ပြေးဝင်လာနေသော်လည်း သူမက ကြောက်ရွံ့ခြင်း မရှိဘဲ မှော်ပညာရပ် တစ်ခုကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
ထိုစဉ် သူမ၏ ခေါင်းပေါ်မှ ပုံရိပ် သုံးခု ခုန်ကျော်သွားပြီး ရှေ့သို့ ပြေးထွက်သွားကြသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ရှောင်ဝူတိ ဖြစ်သည်။ လက်သီးတစ်ချက် ထိုးလိုက်ရုံဖြင့် ကြီးမားသော မူလချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လေဆင်နှာမောင်း တစ်ခု၏ အင်အားဖြင့် သူ့ရှေ့ရှိ ဖုတ်ကောင်များကို ဆုတ်ဖြဲပစ်လိုက်ကာ လေထဲတွင် လမ်းကြောင်း တစ်ခု ရှင်းလင်းသွားပြီး အသွေးအသားများ နေရာအနှံ့ လွင့်စင်သွားတော့သည်။
ရှောင်ဝူမင်ကလည်း ချင်းရှောင်ဓားကို ကိုင်ဆောင်ထားပြီး လှုပ်ရှားမှုများက ပေါ့ပါး သွက်လက်ကာ တိုက်ခိုက်မှု တိုင်းက ပြတ်သားပြီး သန့်ရှင်းသည်။ ဓားသွားတွင် အဆိပ်များ ရစ်ပတ်နေပြီး ဖုတ်ကောငများ၏ နှလုံးသားများကို ဖောက်ထွင်းသွားကာ ခြေတစ်လှမ်း လှမ်းတိုင်း မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်နေတော့သည်။
ရှောင်ညီနောင်သုံးဖော် ကူညီရန် ရောက်ရှိလာသည်ကို မြင်သောအခါ ယွင်ချိုင်က နှုတ်ခမ်းကို စူလိုက်ပြီး သူတို့ နောက်သို့ ချက်ချင်း လိုက်ပါသွားတော့သည်။
ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့လည်း ချင်းရှောင်ဂိုဏ်းမှ တပည့်များက နေရာအသီးသီးတွင် ပြန့်ကျဲနေပြီး လျူကျင်း၏ စစ်တပ်ကို ဖုတ်ကောင် များ မတိုက်ခိုက်နိုင်အောင် တားဆီးပေးနေကြသည်။
အဆုံးအစမရှိသော ဖုတ်ကောင်များ အပြင် ညအချိန်တွင် သောင်းကျန်းနေသော တစ္ဆေများနှင့် သတ္တဝါဆိုးများလည်း ရှိနေသဖြင့် ချင်းရှောင်ဂိုဏ်းမှ တပည့်များ အပေါ် ကြီးမားသော ဖိအားများ ကျရောက်နေစေသည်။
တစ္ဆေဘုရင်တောင်ကြာ မှ ထွက်ပေါ်လာသော မိစ္ဆာဝိညာဉ်များက ငြိမ်သက်စွာ မနေခဲ့ကြချေ။ သူတို့တွေ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။
ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့က မိစ္ဆာဝိညာဉ် တစ်ကောင်စီကို ထိန်းချုပ်ထားကြပြီး ကျောက်ကျိန်းနှင့် လီရန်တို့က မိစ္ဆာဝိညာဉ် တစ်ကောင်ကို တိုက်ခိုက်နေကာ ကျိယာနှင့် စစ်မှန်သောတပည့် တစ်ဒါဇင်ခန့်က မိစ္ဆာဝိညာဉ် နှစ်ကောင်ကို ဝိုင်းရံ တိုက်ခိုက်နေကြသည်။
ဘုန်း...
တောင့်တင်း ခိုင်မာသော အဖြူရောင် ဆံပင်များနှင့် မိစ္ဆာ တစ်ကောင်က အမိုးစွန်းများကို ဖြတ်ကျော်၍ ရှောင်ဝူမင် ထံသို့ ခုန်ဆင်းလာသည်။
ဤမိစ္ဆာဝိညာဉ်နှင့် ယှဉ်လျှင် ရှောင်ဝူမင် မှာ လွန်စွာ သေးငယ်နေပုံ ရပြီး သူ့ မျက်လုံးထဲတွင် မိစ္ဆာဝိညာဉ်က မြင်ကွင်း တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
ဝှစ်...
ထိုစဉ် လေထုကို ခွဲထွက်သွားသော အသံတစ်သံ ထွက်ပေါ်လာ၏။ ၎င်းက ငွေရောင် ဓားအရိပ် တစ်ခု ဖြစ်ပြီး အဖြူရောင် ဆံပင်များနှင့် မိစ္ဆာ၏ ရင်ဘတ်ကို ဖောက်ထွင်းသွားကာ သူ့ကို နောက်သို့ လဲကျသွားစေသည်။
ရှောင်ဝူမင်က ချက်ချင်း နောက်သို့ ခုန်ဆုတ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ တိုက်ခိုက်ခဲ့သူမှာ အခြား မည်သူမျှ မဟုတ်ဘဲ ယွင်ချိုင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ယွင်ချိုင်က သူမ၏ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးကို ဖွင့်ထားပြီး ဝိညာဉ်နှုတ်ဓားပျံကို ထုတ်သုံးလိုက်သည်။ ဤတိုက်ခိုက်မှုက သူမအတွက် ခက်ခဲပုံရပြီး သူမ၏ အမူအရာက လွန်စွာ တည်ကြည်လေးနက်နေပေသည်။
အဖြူရောင်ဆံပင်များနှင့်မိစ္ဆာက လမ်းမကြီး ပေါ်သို့ ဆင်းသက်လိုက်ကာ ရင်ဘတ်ကို ငုံ့ကြည့်လိုက်ပြီးနောက် ယွင်ချိုင်ကို မော့ကြည့်လိုက်၏။ထို့နောက် သူ့ မျက်နှာက ရက်စက်ကြမ်းကြုတ်လာပြီး အေးစက်သော အသံဖြင့် ….
"ကလေးမ... ငါ့ကို တစ္ဆေစစ်သည် တွေလို့များ ထင်နေတာလား..."
ထိုသို့ပြောနေသော်လည်း စိတ်ထဲတွင် လျှို့ဝှက်စွာ လန့်ဖြတ်သွားသည်။ ယွင်ချိုင်၏ တိုက်ခိုက်မှုက အလွန် မြန်ဆန်ပြီး လွန်စွာ ကောက်ကျစ်လွန်းလှသဖြင့် ရှောင်တိမ်းရန် အချိန်မရလိုက်ချေ။ အရေးအကြီးဆုံး အချက်မှာ ဓားအရိပ် က သူ့ရဲ့တစ္ဆေဝိညာဉ်ကို အမှန်တကယ် ဒဏ်ရာရရှိစေခဲ့ခြင်းပင်။
သူ စကားပြော ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် အဖြူရောင်ဆံပင်များနှင့် မိစ္ဆာက လက်မောင်းများကို ခါယမ်းလိုက်ရာ ကြီးမားသော တစ္ဆေချီ များ ပြန့်ထွက်လာပြီး ရှောင်ညီနောင်သုံးဖော်နှင့် ယွင်ချိုင် တို့ကို လွှမ်းခြုံသွားတော့သည်။
ယွင်ချိုင်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ဓားကို မြှောက်လိုက်ပြီးဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံး အမြင်အာရုံတွင် ဤတစ္ဆေချီများက လွှမ်းခြုံသွားရုံ သက်သက် မဟုတ်ဘဲ လမ်းတစ်လျှောက်တွင် ထူးဆန်းပြီး ရှုပ်ထွေးသော မမြင်ရသည့် အတားအဆီး များကို ချန်ရစ်ထားခဲ့သည်မှာ တစ်ချက်ကြည့်ရုံဖြင့် လမ်းမကြီးကို သံကြိုး ထောင်ပေါင်းများစွာက ပိတ်ဆို့ထားသည့်နှယ်။
ထို့နောက် ချက်ချင်းပင် အဖြူရောင် ဆံပင်များနှင့်မိစ္ဆာက လေထဲသို့ ခုန်တက်ပြီး ယွင်ချိုင်ကို ခုန်အုပ်လိုက်သည်။
ရှောင်ညီနောင်သုံးဖော်မှာ သူတို့ လှုပ်ရှား၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် ထိတ်လန့်သွားကြ၏။ အကယ်၍ သူတို့ လှုပ်ရှားရန် ကြိုးစားပါက တစ်ကိုယ်လုံးကို အပ်များဖြင့် ထိုးဆွနေသကဲ့သို့ ခံစားရသည်။
ယွင်ချိုင်က အဖြူရောင်ဆံပင်များနှင့် မိစ္ဆာ၏ နည်းလမ်းများကို ထိုးဖောက် မြင်နိုင်ခဲ့ပြီး အားနည်းချက်တစ်ခုကို ရှာတွေ့ခဲ့သော်လည်း သူမ၏ ကျင့်ကြံခြင်း အဆင့်က သူ့ထက် နိမ့်ကျနေသည်။ သူမက ထိုဦးတည်ချက်သို့ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် အဖြူရောင် ဆံပင်များနှင့်မိစ္ဆာက သူမကို တိုက်ခိုက်နေပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ယွင်ချိုင်က အဖြူရောင်ဆံပင်များနှင့်မိစ္ဆာ၏ တိုက်ခိုက်မှုတွင် အားနည်းချက် တစ်ခုကို မြင်တွေ့ခဲ့ရသော်လည်း သူမ၏ ခန္ဓာကိုယ်က တုံ့ပြန်နိုင်စွမ်း မရှိခဲ့ချေ။
ဝှစ်….
ထိုစဉ် ဓားချီတစ်ခုက အလျားလိုက် ခုတ်ပိုင်းသွားပြီး အဖြူရောင် ဆံပင်များနှင့်မိစ္ဆာ၏ ခေါင်းကို ဖြတ်တောက်ကာ လေထဲသို့ မြင့်မားစွာ လွင့်စင်သွားစေပြီး သွေးများ ပန်းထွက်လာတော့၏။ထိုအခိုက်အတန့်တွင် အရပ်မျက်နှာ အသီးသီးရှိ မမြင်ရသော အတားအဆီးများ ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန် အတိုင်း ပြန်ဖြစ်သွားသည်။
ယွင်ချိုင် အလိုအလျောက် လှည့်လိုက်ပြီး အဖြူရောင် ဆံပင်များနှင့်မိစ္ဆာ း၏ အလောင်းကို ရှောင်ရှားလိုက်ရာ ၎င်း၏ ခန္ဓာကိုယ်က လမ်းမကြီး ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
သူမ ခေါင်းလှည့်ကြည့်လိုက်တော့ ဓားချီ များ လွှမ်းခြုံထားသော လီချင်းချိုးက လက်တစ်ဖက်တွင် ဓားတစ်လက်နှင့် အခြား လက်တစ်ဖက်တွင် အလံတစ်ခုကို ကိုင်ဆောင်၍ သူမ၏ ရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ဝိညာဉ်သန့်စင်အလံ က ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အား တစ်ခုကို ထုတ်လွှတ်ပြီး အဖြူရောင် ဆံပင်များနှင့် မိစ္ဆာ၏ ဝိညာဉ်ကို အလံထဲသို့ ဆွဲသွင်းလိုက်ချေပြီ။
ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် လီချင်းချိုးက လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ထိုအခါမှသာ ယွင်ချိုင် စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်နိုင်သည်။ လွန်ခဲ့သော အခိုက်အတန့်လေးက သူမ၏ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးက အရာအားလုံးကို မစွမ်းဆောင်နိုင်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။
...
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော် အတွင်း၌….
မိစ္ဆာကြီးလော့က မျက်လုံးများကို ထပ်မံ ဖွင့်လိုက်ပြီး အသံနက်ကြီးဖြင့်….
"အပြင်က ဓားသမား တွေကို အခုချက်ချင်း မြန်မြန် သွားသတ်ချေ..."
ထိုစကားကို ကြားသောအခါ တစ္ဆေအပြစ်သားက မသင်္ကာမှု မရှိဘဲ နေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ နေရာအများစုမှာ အပျက်အစီးများ အဖြစ် ပြိုကျသွားပြီ ဖြစ်၏။ ရှန်ယွဲ့၏ ညာဘက် လက်မောင်းက သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ့လက်ထဲရှိ သစ်သားဓား တွင် အရာထင်မှု အများအပြား ရှိနေသည်။ သူက အဝေးရှိ လက်လေးဖက်မိစ္ဆာကို ကြည့်ရင်း အသက်ပြင်းပြင်း ရှူနေရသည်။
ဤမြောက်ပိုင်းနန်းတွင်းမှ ဓားသမားနှင့် တိုက်ခိုက်ရာတွင် ရှန်ယွဲ့အနေဖြင့် အာရုံလွှဲရန် အခွင့်အရေး မရှိခဲ့ဘဲ လှုပ်ရှားမှု တိုင်းတွင် အစွမ်းကုန် ကြိုးပမ်းခဲ့ရသဖြင့် မူလချီစွမ်းအင်များ လွန်စွာ လျင်မြန်စွာ ကုန်ခမ်းသွားစေခဲ့သည်။
အစွမ်းကုန် ကြိုးပမ်းခဲ့သည့်တိုင် လက်လေးဖက်မိစ္ဆာကို သူ မသတ်ဖြတ်နိုင်ခဲ့ချေ။
လက်လေးဖက်မိစ္ဆာကလည်း အသက်ပြင်းပြင်း ရှူနေရသည်။ မိစ္ဆာများက မည်သည့်အခါမျှ မပင်ပန်းတတ်သော်လည်း ရှန်ယွဲ့နှင့် တိုက်ခိုက်ခြင်းက ဓားဆန္ဒကုန်ခမ်းစေပြီး သူ့ရဲ့စိတ်အပေါ် ကြီးမားသော ဖိအား တစ်ခု သက်ရောက်စေခဲ့သည်။
ရှန်ယွဲ့၏ ဓားသိုင်းက သူ့ကိုမနာလိုမှု ဖြစ်ပေါ်စေခဲ့သည့။
"မင်းကို တစ္ဆေ ဒါမှမဟုတ် နတ်ဘုရား တစ်ပါး ဖြစ်လာဖို့ ငါ ခွင့်ပြုလို့ မရတော့ဘူး ထင်တယ်... မဟုတ်ရင် မင်းကို ငါ ဘယ်တော့မှ ကျော်တက်နိုင်မှာ မဟုတ်ဘူး..."
လက်လေးဖက်မိစ္ဆာက ရှန်ယွဲ့ကို စူးစိုက်ကြည့်၍ အေးစက်စွာ ပြောလိုက်ပြီး ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။
ရှန်ယွဲ့ကလည်း မတ်တတ်ရပ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သကဲ့သို့ အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ နောက်တွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
တစ္ဆေအပြစ်သားပဲ….
တစ္ဆေအပြစ်သားက အရိုးဓားကို ဝှေ့ယမ်းလိုက်ပြီး ရှန်ယွဲ့၏ ခေါင်းကို တစ်ချက်တည်းဖြင့် ဖြတ်တောက်ရန် ရည်ရွယ်လိုက်ခြင်းပင်။
ဒုက္ခပဲ….
ရှန်ယွဲ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့တွင် ရှောင်တိမ်းရန် အချိန်မရတော့ချေ။
ထိုစဉ် ဂျိန်းခနဲ အသံနှင့်အတူ...
ရှည်လျားသော ဓားတစ်လက်က တစ္ဆေအပြစ်သား၏ အရိုးဓားကို သူ့ကိုယ်စား ပိတ်ဆို့ ကာကွယ်ပေးလိုက်သဖြင့် သူ့ကို အလိုအလျောက် လှမ်းကြည့်မိစေပြီး လီချင်းချိုး၏ ပုံရိပ်က သူ့ မြင်ကွင်းထဲသို့ ဝင်ရောက်လာတော့သည်။
လီချင်းချိုးက အလွန်မြန်ဆန်သော ခြေလှမ်းသိုင်းကို အသုံးပြု၍ ရှေ့သို့ ခုန်တက်ကာ ရှန်ယွဲ့ အတွက် အသက်အန္တရာယ် ရှိသော တိုက်ခိုက်မှုကို ပိတ်ဆို့ ကာကွယ်ပေးလိုက်ခြင်းဖြစ်သည်။
သူက ကောင်းကင်သက်တံဓားကို ကိုင်ထားသော ညာဘက် လက်ကောက်ဝတ်ကို လိမ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားချီ ကို ထုတ်လွှတ်လိုက်ရာ တစ္ဆေအပြစ်သားကို လွင့်ထွက်သွားစေသည်။
တစ္ဆေအပြစ်သားက ခေါင်မိုးတန်း ပေါ်တွင် ဆင်းသက်လိုက်ပြီး လီချင်းချိုးကို အဝေးမှ လှမ်းကြည့်နေပြီး…
"ဝိညာဉ်အသိအာရုံအဆင့်... မင်းက ဘယ်သူလဲ..."
လီချင်းချိုးက သူ့ကို ပြန်မဖြေဘဲ ရှန်ယွဲ့ကို တစ်ချက် လှမ်းကြည့်ကာ….
"အဆင်ပြေရဲ့လား..."ဟု မေးလိုက်၏။
ရှန်ယွဲ့က မတ်တတ်ရပ်ပြီး သူ့ကို ဖြတ်လျှောက်သွားကာ လက်လေးဖက်မိစ္ဆာကို ဆက်လက် ရင်ဆိုင်လိုက်ပြီး …
"ဝတ်ရုံ နည်းနည်း စုတ်ပြဲသွားရုံပါပဲ..."
ထိုစကားကို ကြားသောအခါ လီချင်းချိုး၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း နီးပါး လှုပ်ရှားလိုက်ကြသည်။
လူတစ်ယောက်က လက်လေးဖက်မိစ္ဆာ ထံသို့ ပြေးဝင်သွားပြီး အခြား တစ်ယောက်က တစ္ဆေအပြစ်သားထံသို့ ပြေးဝင်သွားကြလေသည်။
လီချင်းချိုး သူ့ထံသို့ တည့်မတ်စွာ ပြေးဝင်လာသည်ကို မြင်သောအခါ တစ္ဆေအပြစ်သားက ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုကို ပြသလိုက်ပြီး အရိုင်းဆန်စွာ ရယ်မောလိုက်ကာ ရုတ်တရက် ဓားကို မြှောက်၍ လီချင်းချိုးကို ခုတ်ပိုင်းလိုက်လေသည်။
ထိုအခါကြီးမားသော တစ္ဆေချီများက ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီး တစ်ခုကဲ့သို့ လီချင်းချိုးထံသို့ ရိုက်ခတ်လာပြီး တားဆီး၍ မရနိုင်ချေ။ တစ္ဆေချီများ အတွင်း၌ အရိုးဓားသွားအျား မရေမတွက်နိုင်အောင် ထွက်ပေါ်လာပြီး လွန်စွာ ထက်မြက်နေသည်။
လီချင်းချိုးက ရှောင်တိမ်းခြင်း မရှိဘဲ ရှန်းကျယ် ဓားသုံးလက်၏ ပထမအကွက်ကို ထုတ်သုံးလိုက်သည်။
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်တွင် ဓားအလင်းရောင် တစ်ခု လင်းလက်သွားချေပြီ။
လီချင်းချိုး၏ ပြောင်းလဲသွားသော ဓားအလင်းတန်းက ကြီးမားကျယ်ပြန့်သော တစ္ဆေချီများကို ဖောက်ထွင်းသွားပြီး အရိုးဓားသွား အစအနများ မရေမတွက်နိုင်အောင် လွင့်စင်သွားစေသည်။ ထို့နောက် သူက ဓားတစ်ချက်တည်းဖြင့် တစ္ဆေအပြစ်သားထံသို့ သတ်ဖြတ်ရန် ဝင်ရောက်သွားတော့သည်။
ထိုအခါ တစ္ဆေအပြစ်သား၏ ရက်စက်ကြမ်းကြုတ်ပြီး လောဘကြီးသော အပြုံးက ချက်ချင်း အေးခဲသွားတော့သည်။