← Chapters

လီချင်းချိုးနှင့် မိစ္ဆာကြီးလော့တို့၏ တိုက်ပွဲ…..

Vol. 26 Ch. 258

လီချင်းချိုးနှင့် မိစ္ဆာကြီးလော့တို့၏ တိုက်ပွဲ…..

Vol. 26 Ch. 258

ကောင်းကင်သက်တံဓားက တစ္ဆေအပြစ်သား၏ လည်ချောင်းကို ဖောက်ထွင်းသွားပြီး နက်မှောင်သော တစ္ဆေသွေးများ လီချင်းချိုးနှင့် တစ္ဆေအပြစ်သားကြားတွင် ပန်းထွက်နေသည်။ တစ္ဆေအပြစ်သားက သွေးမြားများအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားပြီး အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်ကာ လီချင်းချိုးနှင့် ဝေးရာသို့ ဆုတ်ခွာသွားသည်။ ထိုသွေးမြားများက မြေပြင်ပေါ်သို့ ကျရောက်သည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ ကြီးထွားလာပြီး တစ္ဆေအပြစ်သား၏ ခန္ဓာကိုယ်အဖြစ် ပြန်လည် ပေါင်းစည်းသွားပြန်သည်။ ထို့နောက် သူက ကိုယ်ပွား သုံးဆယ့်ခြောက်ခုအဖြစ် ကွဲထွက်သွားပြီး ကိုယ်ပွားအားလုံးက လီချင်းချိုးကို အငြိုးတကြီး စိုက်ကြည့်နေကြသည်။

"အင်မတန်မြန်ဆန်တဲ့ ဓားပဲ... မင်းက ချင်းရှောင်ဂိုဏ်းက ဖြစ်ရမယ်... ဂိုဏ်းချုပ် လီချင်းချိုးလား..."

တစ္ဆေအပြစ်သား၏ ကိုယ်ပွားတစ်ခုက ထိုသို့ပြောလိုက်ပြီး သူ့အသံတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေ၏။ အစောက ဓားချက်ကို သူ မရှောင်တိမ်းနိုင်ခဲ့ပေ။ မိစ္ဆာကြီးလော့က လီချင်းချိုးကို အထင်ကြီးနေသည်မှာ အံ့သြစရာ မဟုတ်ချေ။

လီချင်းချိုးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း တစ္ဆေအပြစ်သား၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။ မကောင်းဆိုးဝါး ဆယ့်ခြောက်ကောင်က တစ္ဆေမင်းဆက် တည်ထောင်ရန် ကြံစည်နေကြပြီး ချင်းရှောင်ဂိုဏ်း၏ ရန်သူများ ဖြစ်လာခဲ့ပြီ ဖြစ်ရာ ပြန်လည် သင့်မြတ်ရန် လမ်းစမရှိတော့ချေ။ စကားပြောနေမည့်အစား ဤမကောင်းဆိုးဝါးကို အမြန်ဆုံး အဆုံးသတ်ပစ်ရန်သာ လီချင်းချိုး ဆန္ဒရှိသည်။

လီချင်းချိုး ပြန်မဖြေသည်ကို မြင်သောအခါ တစ္ဆေအပြစ်သား ဒေါသထွက်သွား၏။ အခြား ကိုယ်ပွားတစ်ခုက ဟိန်းဟောက်လိုက်ပြီး ကိုယ်ပွား သုံးဆယ့်ခြောက်ခုစလုံးက လီချင်းချိုးထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။

"တော်လောက်ပြီ..."

သာမန်မျက်စိဖြင့် အစစ်အမှန်ကို မခွဲခြားနိုင်သဖြင့် လီချင်းချိုးက ရက်စက်သော နည်းလမ်းဖြင့် တစ္ဆေအပြစ်သား၏ အသက်ကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက် လီချင်းချိုးက ဓားကို ရုတ်ခြည်း မြှောက်လိုက်တော့ အောက်ခြေမှ ထွက်ပေါ်လာသော ဓားအလင်းတန်းက ညကောင်းကင်ယံကို လင်းထိန်သွားစေပြီး ပျံဝဲနေသော နှင်းပွင့်များကြားတွင် မျဉ်းကြောင်းတစ်ခု ဖြစ်ပေါ်သွားစေသည်။

တစ္ဆေအပြစ်သားက သူ့မြင်ကွင်းထဲတွင် ဓားအလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားသည်ကိုသာ ခံစားလိုက်ရပြီး အလိုအလျောက် မျက်တောင်ခတ်လိုက်မိသည်။ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ သူ့ရှေ့တွင် ဓားတစ်လက် ပေါ်လာ၏။ ဓားချီ၏ ပုံရိပ်မှာ လီချင်းချိုး၏ ပုံရိပ်အပြည့် ဖြစ်နေသည်။ တစ်မုဟုတ်ချင်းပင် တစ္ဆေအပြစ်သား၏ ကိုယ်ပွား သုံးဆယ့်ခြောက်ခုစလုံးမှာ လီချင်းချိုး၏ ဓားချီကြောင့် ဖျက်ဆီးခံလိုက်ရပြီး ကိုယ်ပွားများမှာ တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသည်။

လီချင်းချိုး၏ ဝိညာဉ်အသိအာရုံက တစ္ဆေအပြစ်သား၏ တစ္ဆေတည်ရှိမှုကို နောက်ဆုံးတွင် ထောက်လှမ်းမိသွားပြီး ထက်ပိုင်း ပိုင်းခံလိုက်ရသော တစ္ဆေအပြစ်သား၏ ကိုယ်ပွားတခု လေထဲတွင် ရုတ်တရက် ပေါ်လာ၏။ ကိုယ်ပွားများ ပျက်စီးသွားပြီးနောက် သူက ဘယ်ဘက်လက်ဖြင့် ဝိညာဉ်သန့်စင်အလံကို ထုတ်ယူကာ မူလချီကို ထည့်သွင်း၍ လျင်မြန်စွာ ဝှေ့ယမ်းလိုက်ပြီး ၎င်း၏ ဝိညာဉ်ကို ဖမ်းယူရန် ကြံရွယ်လိုက်သည်။

ထိုစဉ် ရုတ်တရက် အစွမ်းထက်သော အင်အားတစ်ခုက တစ္ဆေအပြစ်သား၏ ဝိညာဉ်ကို သူတို့ရှေ့ရှိ ခန်းမကြီးထဲသို့ ဆွဲယူသွားသဖြင့် လီချင်းချိုး၏ ဝိညာဉ်သန့်စင်အလံမှာ ပစ်မှတ် လွဲချော်သွား၏။ လီချင်းချိုးကလည်း ရပ်တန့်လိုက်ပြီး ခန်းမကြီးဆီသို့ လှည့်ကြည့်လိုက်သည်။

တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသော ရှန်ယွဲ့နှင့် လက်လေးဖက်မိစ္ဆာတို့ နှစ်ယောက်စလုံးမှာ လီချင်းချိုး၏ စွမ်းအားကြောင့် အံ့အားသင့်သွားကြသည်။

"အဲဒါ ကျန်းကျောက်ရှားရဲ့ နတ်ဘုရားစွမ်းပကား မဟုတ်လား... သူ အဲဒီလောက် မြန်မြန် တတ်မြောက်သွားတာပဲ... သူ့ဓားက ပိုတောင် မြန်လာသေးတယ်..."

ရှန်ယွဲ့ တိတ်တဆိတ် အံ့အားသင့်နေမိ၏။ သူ အစွမ်းကုန် ကြိုးစား ကျင့်ကြံခဲ့သော်လည်း သူနှင့် လီချင်းချိုးကြားရှိ ကွာဟချက်မှာ ပို၍ ကြီးမားလာကြောင်း တွေ့လိုက်ရသည်။ ကျန်းကျောက်ရှားနှင့် အခြားသူများ၏ သက်သေခံချက်သာ မရှိပါက လီချင်းချိုးက ရုပ်ဖျက်ထားသည့် နှစ်ရာပေါင်းများစွာ အသက်ရှင်နေသော မိစ္ဆာအိုကြီးတစ်ကောင်ဟု သူ အလေးအနက် သံသယဝင်မိမည် ဖြစ်သည်။

လက်လေးဖက်မိစ္ဆာမှာလည်း အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။ တစ္ဆေအပြစ်သား၏ စွမ်းအားကို သူ ကောင်းကောင်း သိသည်။ သူတို့ မကောင်းဆိုးဝါး ဆယ့်ခြောက်ကောင်၏ အဆင့်သတ်မှတ်ချက်မှာ တိုက်ခိုက်မှုအပေါ် လုံးဝ အခြေခံထားခြင်းဖြစ်ပြီး ထိပ်ဆုံး သုံးယောက်မှာ မယိမ်းမယိုင်နိုင်သော တည်ရှိမှုများ ဖြစ်ကြသည်။ ထိုသူက တစ္ဆေအပြစ်သားကို လှုပ်ရှားမှု နှစ်ကွက်တည်းဖြင့် သတ်လုနီးပါး ဖြစ်သွားခဲ့ပေသည်။

ဤချင်းရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်က သာမန်လူ မဟုတ်ကြောင်း လက်လေးဖက်မိစ္ဆာ သဘောပေါက်သွားချေပြီ။ ကိုးပြည်ထောင်နယ်မြေတွင် ကျင့်ကြံရေးဂိုဏ်း တည်ထောင်ရန် ရဲဝံ့နေသည်မှာ အံ့သြစရာ မဟုတ်ပေ။

ရှန်ယွဲ့က အခွင့်အရေးကို ဆုပ်ကိုင်၍ ညာဘက်ခြေထောက်ကို ဆောင့်နင်းလိုက်ပြီး ဓားတစ်သောင်း နေရပ်သို့ပြန်ခြင်းကို ထုတ်သုံးလိုက်ရာ ဓားအရိပ်များက လက်လေးဖက်မိစ္ဆာ၏ အရပ်မျက်နှာ အသီးသီးမှ စုစည်းလာပြီး ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက်သွားကာ သူ့ကို မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်သည်။

လီချင်းချိုးက ရှန်ယွဲ့ကို နောက်ကြောင်းပြန်ကြည့်၍….

"သတိမလွတ်စေနဲ့... ကူညီပေးဖို့ လိုသေးလား..."

ရှန်ယွဲ့က လီချင်းချိုးကို ကျောပေးထားရင်း ….

"ခင်ဗျားရဲ့ ပြိုင်ဘက်က အထဲမှာ ရှိတယ်... ကျုပ်ဆီကနေ လုယူဖို့ မကြိုးစားနဲ့... ကျုပ်ရဲ့ ကံကြမ္မာက ဆိုးရွားကောင်း ဆိုးရွားနေနိုင်ပေမဲ့ သူ့ကို ဖျက်ဆီးနိုင်မယ်လို့ ယုံကြည်တယ်..."

လီချင်းချိုးက ရှန်ယွဲ့ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီးနောက် ဧရာမ နန်းတော်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

နန်းတော်အတွင်း၌…..

တစ္ဆေအပြစ်သားမှာ လှေကားထစ်များ၏ အောက်ခြေတွင် ဒူးထောက်ကျလျက် ပြင်းထန်စွာ မောဟိုက်နေပြီး လူမျက်နှာနှင့် ဝံပုလွေမျက်နှာ တစ်ခြမ်းတို့တွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။ သူ့ကို မိစ္ဆာကြီးလော့က ကယ်ဆယ်ခဲ့သော်လည်း လီချင်းချိုး၏ နတ်ဘုရားစွမ်းပကားက သူ့ကို ကြီးမားသော ထိခိုက်မှု ဖြစ်စေခဲ့သည်။

အပေါ်တွင် တရားထိုင်နေသော မိစ္ဆာကြီးလော့က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ခန်းမမကြီး၏ တံခါးပေါက်ဆီသို့ စိုက်ကြည့်နေသည်။

"အစောက အရမ်း မောက်မာနေခဲ့တာ မဟုတ်ဘူးလား... အခု ထရပ်စမ်း... မင်း ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာပဲ..."

မိစ္ဆာကြီးလော့က ပါးစပ်ဟ၍ ပြောလိုက်ရာ စကားလုံးများတွင် မကျေနပ်မှုများ ပြည့်နှက်နေ၏။ ထိုစကားကို ကြားသောအခါ တစ္ဆေအပြစ်သား လန့်နိုးသွားပြီး တုန်ရီစွာဖြင့် ကမန်းကတန်း ထရပ်လိုက်သည်။

တံခါးဝမှ ခြေသံများ ထွက်ပေါ်လာသဖြင့် တစ္ဆေအပြစ်သား လှည့်ကြည့်လိုက်သောအခါ လီချင်းချိုးက တံခါးဝတွင် ပေါ်လာပြီး ဓားကို ကိုင်ဆောင်လျက် အတွင်းသို့ လျှောက်လှမ်းလာသည်။

"တာအိုရောင်းရင်း... မင်းက ဘယ်မျိုးဆက်က ဆင်းသက်လာတာလဲလို့ ငါ မေးလို့ရမလား..."

မိစ္ဆာကြီးလော့က အက်ကွဲကွဲ အသံဖြင့် မေးလိုက်သည်။

လီချင်းချိုးက ….

"ဒါဆို ငါ့ရဲ့ ပညာတွေကို ဘယ်သူ့ဆီက သင်ယူခဲ့တယ်လို့ မင်း ထင်လဲ..."

"အဲဒါက နဂါးပြာဆီကနေ လာတာ မဟုတ်ဘူးဆိုရင် ထိုက်ကျွယ်ဂိုဏ်းရဲ့ အမွေအနှစ်ကို ရထားတာ ဖြစ်ရမယ်..."

မိစ္ဆာကြီးလော့၏ စကားများတွင် မည်သည့် စိတ်ခံစားမှုမျှ မပါဝင်ချေ။ ဒေါသလည်း မပါသလို၊ စိုးရိမ်ပူပန်မှုနှင့် အကြောက်တရားလည်း မရှိပေ။

ထိုက်ကျွယ်ဂိုဏ်း….

ယန်ကျွယ်တိန် ရရှိခဲ့သည့် အမြင့်ဆုံးဓားထိန်းချုပ်မှုပညာကို လီချင်းချိုး သတိရသွားသည်။ ထိုက်ကျွယ်ဂိုဏ်းသည် တစ်ချိန်က ကိုးပြည်ထောင်နယ်မြေ၏ ကျင့်ကြံရေးဂိုဏ်း ဖြစ်ခဲ့ပြီး တစ်ခုတည်းသော ကြီးစိုးသည့် ဂိုဏ်း ဖြစ်ပုံရသည်။ သို့မဟုတ်ပါက မိစ္ဆာကြီးလော့က အဘယ်ကြောင့် ၎င်းကို ထည့်ပြောမည်နည်း။

"မင်းက တစ္ဆေမင်းဆက်ကို တည်ထောင်ချင်တယ်ဆိုရင် ဘာဖြစ်လို့ ဤနယ်မြေမှာမှ ဖြစ်ရမှာလဲ..."

လီချင်းချိုးက မေးလိုက်ပြီး တစ်ချိန်တည်းမှာပင် ဝိညာဉ်အသိအာရုံက ပျံ့နှံ့သွား၏။

"မင်းက တစ္ဆေမင်းဆက်အကြောင်း သိနေတယ်ဆိုတော့ ငါ့ညီအစ်ကိုတွေကို သတ်ခဲ့တာပဲ... ဒါပေမဲ့ မင်း ဒီမေးခွန်းကို မေးတယ်ဆိုတဲ့ အချက်က ဒီကမ္ဘာကြီးအကြောင်းကို မင်း လုံးဝ နားမလည်ဘူးဆိုတာ ပြသနေတယ်..."

သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး ခြေအောက်မှ တစ္ဆေချီလှိုင်းလုံးကြီး တစ်ခုက ပြန့်ထွက်လာကာ လှေကားထစ်များကို ဖုံးလွှမ်း၍ လီချင်းချိုးထံသို့ တိုးဝင်လာသည်။

"ဒါဆို ငါ မင်းကို ပြောပြမယ်... မြောက်ဘက်နယ်စပ်က အန္တရာယ်များတဲ့ နေရာဖြစ်ပြီး အစစ်အမှန် အကြောက်တရားတွေ ပုန်းကွယ်နေတဲ့ နေရာပဲ... အနောက်ဘက်မှာ ကျင့်ကြံရေးဂိုဏ်းတွေ ပေါများတဲ့ မိုးပြာနဂါးနယ်မြေရှိတယ်... မင်းတို့ရဲ့ ချင်းရှောင်ဂိုဏ်းက မိုးပြာနဂါးနယ်မြေမှာ တတိယအဆင့်တောင် သတ်မှတ်ခံရမှာ မဟုတ်ဘူး... ပင်လယ်ပြင်ဆီ အရှေ့ဘက်ကို သွားဖို့ဆိုရင် ပင်လယ်က ကုန်းမြေထက် အများကြီး ပိုအန္တရာယ်များတယ်... ငါက တောင်ဘက်ကိုပဲ သွားလို့ရတယ်..."

"လီချင်းချိုး... မင်း ဂိုဏ်းတည်ထောင်ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ထောက်ထားပြီး ငါ မင်းကို အခွင့်အရေး တစ်ခုပေးမယ်... မင်းနဲ့ မင်းရဲ့ တပည့်တွေ အခုချက်ချင်း ဆုတ်ခွာသွားသင့်တယ်... ပြီးရင် မင်းရဲ့ ချင်းရှောင်ဂိုဏ်းကို ကိုးပြည်ထောင်နယ်မြေမှာ ဆက်လက် တည်ထောင်ခွင့်ပေးပြီး တစ္ဆေမင်းဆက်နဲ့ ကမ္ဘာကြီးရဲ့ သယံဇာတတွေကို မျှဝေသုံးစွဲခွင့် ပေးမယ်... မင်း ခေါင်းမာနေဉီးမယ်ဆိုရင် မင်းရဲ့ ချင်းရှောင်ဂိုဏ်း တစ်ခုလုံး စစ်သားတွေအဖြစ် တစ္ဆေမင်းဆက်ထဲကို ဝင်ရလိမ့်မယ်..."

မိစ္ဆာကြီးလော့၏ အရှိန်အဝါက စကားများနှင့်အတူ ပိုမို မြင့်မားလာပြီး သူ စကားပြောပြီးချိန်တွင် အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်ရှိသွားကာ နန်းတော်ကြီးကို တုန်လှုပ်သွားစေ၏။ ကြီးမားလှသော တစ္ဆေချီက မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ပြီး လီချင်းချိုးထံသို့ ရိုက်ခတ်သွားသည်။ ဤသည်က အလွန် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေချီပင် ဖြစ်သည်။ ဤအခိုက်အတန့်တွင် မြို့တစ်ခုလုံးရှိ ချင်းရှောင်ဂိုဏ်း တပည့်များအားလုံး သူတို့၏ နှလုံးသားထဲမှ အကြောက်တရားနှင့် ထိတ်လန့်တုန်လှုပ်မှုတို့ကို ခံစားလိုက်ရပြီး အားလုံး လှည့်ကြည့်လိုက်ကြသည်။ သို့သော်လည်း မကောင်းဆိုးဝါးများကမူ ဒေါသတကြီး ဖြစ်သွားကြပြီး ပိုမို ပြင်းထန်သော တိုက်ခိုက်မှုများကို စတင်လိုက်ကြသည်။

ဝုန်း…….

ညကောင်းကင်ယံတွင် မိုးကြိုးများ ထစ်ချုန်းမြည်ဟီးနေပြီး လိမ့်တက်နေသော မိုးတိမ်မည်းများထဲမှ မည်းမှောင်၍ ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင် ထွက်ပေါ်လာသည်။

တစ္ဆေအပြစ်သားက မိစ္ဆာကြီးလော့၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသောအခါ စိုးရိမ်ပူပန်မှုများ လွင့်စင်သွားသည်။ မိစ္ဆာကြီးလော့၏ ကျင့်စဉ်စွမ်းအင်က ဤအဆင့်အထိ ပြန်လည်ကောင်းမွန်လာမည်ဟု သူ မမျှော်လင့်ထားခဲ့သဖြင့် အလွန် ဝမ်းသာ အံ့သြသွားသည်။

သူ လီချင်းချိုးကို ပြန်ကြည့်လိုက်တော့ သူ့ရဲ့ဝံပုလွေဆန်သော မျက်နှာက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ရှုံ့မဲ့သွားပြီး လူမျက်နှာကတော့ လှောင်ပြောင်နေသည်။ လီချင်းချိုးက ထိတ်လန့်နေပုံရပြီး ၎င်းက တစ္ဆေအပြစ်သားကို ပို၍ မောက်မာသွားစေ၏။

"ဝိညာဉ်အသိအာရုံအဆင့်က ဒီစွမ်းအားကို မတုန်လှုပ်စေနိုင်ဘူး... ဒါကြောင့် မြန်မြန် ဒူးထောက်ပြီး သနားဖို့ တောင်းပန်လိုက်စမ်းပါ..."

တစ္ဆေအပြစ်သားက ရူးသွပ်စွာ ရယ်မောလိုက်သည်။

မိစ္ဆာကြီးလော့က လှေကားထစ်များပေါ်တွင် ရပ်နေသည်။ ကျောပြင်မတ်လာပြီ အိုမင်းနေသော ခန္ဓာကိုယ်က ဖြည်းညင်းစွာ မြင့်တက်လာကာ ဆံပင်ဖြူများက လွင့်လူးနေပြီး သူပိုင်ဆိုင်သော တစ္ဆေနယ်မြေတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေသည့် နတ်ဆိုးနတ်ဘုရား တစ်ပါးနှင့် တူနေသည်။

လီချင်းချိုး၏ ထိတ်လန့်နေသော အမူအရာက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အေးစက်သော သတ်ဖြတ်လိုစိတ်ဖြင့် အစားထိုးသွား၏။ သူ့ရဲ့ မျက်နှာအမူအရာ အပြောင်းအလဲက တစ္ဆေအပြစ်သား၏ မောက်မာသော ရယ်မောသံကို ရုတ်ခြည်း တိတ်ဆိတ်သွားစေသည်။

"ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားရှိတဲ့ မင်းကို ဒီကမ္ဘာမှာ ထားရစ်ခဲ့မယ်ဆိုရင် ငါ တကယ်ကို ကောင်းကောင်း အိပ်နိုင် စားနိုင်မှာ မဟုတ်ဘူး..."

လီချင်းချိုး၏ အသံ ထွက်ပေါ်လာပြီး စကားသံ အဆုံးတွင် လက်ထဲရှိ ကောင်းကင်သက်တံဓားက ဓားချီများ လျှံကျလာကာ လျင်မြန်စွာ သိပ်သည်းလာပြီး ပြင်းထန်သော မီးတောက်တစ်ခုပေါ်ထွက်လာသည်။

ထိုစဉ် ချူကျင်း၏ ဝိညာဉ် အကောင်အထည် ပေါ်လာပြီး ကောင်းကင်သက်တံဓားနှင့် ထပ်တူညီသော ဓားအရိပ် တစ်ခုကိုလည်း ကိုင်ဆောင်ထားသည်။ သူက လီချင်းချိုး၏ နောက်ကျောတွင် ရပ်နေပြီး အရပ် နှစ်ကျန်းခန့် မြင့်မား၏။ ချူကျင်း၏ အရှိန်အဝါ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ တစ္ဆေချီများကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်သည်။

"ဒါက သခင်ရဲ့ မူလချီပဲ..."

ချူကျင်းမှာ ဓားဝိညာဉ် အနေအထားဖြင့် ပုံစံအစစ်ကို မပြသခဲ့ပေ။ သူ့ခန္ဓာကိုယ်အတွင်းရှိ ကျယ်ပြောလှသော မူလချီကို ခံစားလိုက်ရသောအခါ လုံးဝ အံ့အားသင့်သွားရသည်။ဤမျှ ကြောက်စရာကောင်းသော မူလချီမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ဘဲ ယခင်ဘဝက သူ့ရဲ့ ကြံစည်မှုများ အားလုံး ရယ်စရာကောင်းခဲ့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ဤမျှ ကြီးမားလှသော စွမ်းအားကို ရင်ဆိုင်ရချိန်တွင် အကြံအစည်များနှင့် လှည့်ကွက်များ အားလုံး အချည်းနှီးသာ ဖြစ်ကုန်ပေမည်။

လီချင်းချိုးက ဓားဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်ကို မြင်သောအခါ မိစ္ဆာကြီးလော့ မျက်မှောင်ကြုတ်သွား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့ရှေ့ရှိ တစ္ဆေချီထဲမှ ပုံရိပ်လေးခု တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ သူတို့အားလုံးက အနက်ရောင်များ ဖြစ်ကြပြီး သံချပ်ကာ ဝတ်ဆင်ထားသော တစ္ဆေစစ်သူကြီးများသဖွယ် လီချင်းချိုးကို ခုတ်ပိုင်းရန် လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားကြ၏။

လီချင်းချိုးက ဓားကို မြှောက်၍ မိစ္ဆာကြီးလော့ဆီသို့ ချိန်ရွယ်လိုက်သည်။ ချူကျင်းက ဓားကို လွှဲခုတ်ရန် ဖိအားပေးနေသော တားဆီးမရနိုင်သည့် အင်အားတစ်ခုကို ခံစားလိုက်ရ၏။ ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားချီက နန်းတော်နံရံများကို ဖောက်ထွင်းသွားပြီး လမ်းကြောင်းတလျှောက်ရှိ တစ္ဆေစစ်သူကြီး လေးဦး အပါအဝင် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဝုန်း……

မိစ္ဆာကြီးလော့က လီချင်းချိုး၏ ဓားချီကို ကာကွယ်ရန် တစ္ဆေချီကို အသုံးပြု၍ လက်ကို မြှောက်လိုက်ရင်း မျက်မှောင်များက တွန့်ချိုးသွားပြီး ဒေါသများက သူ၏ မျက်လုံးများတွင် တောက်လောင်နေသည်။

"ငါ မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား..."

ပထမဆုံးအကြိမ်အဖြစ် မိစ္ဆာကြီးလော့၏ အသံတွင် ကောင်းကင်ဘုံ၏ စွမ်းအားကဲ့သို့ ဒေါသများ ပါဝင်နေပြီး သူ့အသံက ပြိုကျနေသော နန်းတော်တစ်လျှောက် ပဲ့တင်ထပ်သွား၏။ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် နန်းတော်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး လိမ့်တက်နေသော ဖုန်မှုန့်များကို လေထဲသို့ လွင့်စင်သွားစေကာ လေပွေနှင်းများထဲသို့ အဟုန်ပြင်းပြင်း ဝင်ရောက်သွားသည်။

လက်လေးဖက်မိစ္ဆာနှင့် တိုက်ခိုက်နေသော ရှန်ယွဲ့မှာ အစွမ်းထက်သော အရှိန်အဝါကြောင့် လွင့်ထွက်သွားပြီး စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော် အပြင်ဘက်သို့ လွင့်စင်သွားကာ နောက်ဆုံးတွင် ခေါင်မိုးတစ်ခုပေါ်သို့ ကျသွားသဖြင့် ဘယ်ဘက်လက်က ခေါင်မိုးတန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို ကြည့်ကာ အံကြိတ်လိုက်လေသည်။

"ဒါ ဘယ်လို စွမ်းအားမျိုးလဲ..."

ရှန်ယွဲ့ အလွန် အံ့အားသင့်သွားပြီး ဓားဆန္ဒပင် ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့သည်။

ကျန်းကျောက်ရှားပင်လျှင် အံ့အားသင့်သွားရသည်။ သူသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်နှင့် ဆယ်မိုင်ကျော် ကွာဝေးသော်လည်း မိစ္ဆာကြီးလော့၏ ဖိနှိပ်ထားသော အရှိန်အဝါကို ခံစားနေရဆဲပင်။ဤတစ္ဆေအရှိန်အဝါကို အာရုံခံလိုက်ရုံဖြင့် မိစ္ဆာကြီးလော့ကို သူ မည်သို့မျှ အနိုင်မယူနိုင်ကြောင်း သိလိုက်၏။

ချင်းရှောင်ဂိုဏ်း၏ တပည့်များမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခေါင်းများ လှည့်ကြည့်လိုက်ကြပြီး စစ်သားများဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။ ကျောက်ကျိန်း၊ ကျိယာ၊ လီရန်၊ ယန်တောက်ကျုံး​၊ ယွင်ချိုင်၊ ရှောင်ညီနောင်သုံးဖော်၊ အထီးကျန်ဓား၊ ရွှယ်ကျင်းနှင့် အခြားသူများအားလုံးမှာလည်း ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှု အမူအရာများကို ပြသနေကြသည်။

ထို့နောက် ချက်ချင်းပင် ချင်းရှောင်ဂိုဏ်း တပည့်အားလုံးက စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ထဲမှ ပုံရိပ်နှစ်ခု တစ်ဟုန်ထိုး ထွက်လာပြီး ညကောင်းကင်ယံသို့ ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရကာ ထိုအရာက အရှိန်အဟုန်ပြင်းပြင်းဖြင့် ဝင်တိုက်နေသည့် ဥက္ကာပျံ နှစ်ခုကဲ့သို့ အဆက်မပြတ် အစွမ်းထက်သော တုန်လှုပ်မှုလှိုင်းများကို ဖန်တီးနေကြ၏။

လီချင်းချိုးက ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ ဓားရေးက ထက်မြက်ပြီး အစွမ်းထက်ကာ ဓားချီများ လျှံကျနေသည်။ မိစ္ဆာကြီးလော့က တစ္ဆေချီဖြင့် ဖွဲ့စည်းထားသော ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး သူ့ရဲ့ ဓားပညာကလည်း လီချင်းချိုးထက် မည်သို့မျှ မနိမ့်ကျချေ။ ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ကို တစ္ဆေချီများဖြင့် ဖုံးလွှမ်းထားပြီး အိုမင်းနေသော မျက်နှာက အရည်ပျော်နေကာ မီးပွားများ လွင့်စင်သွားသည်နှင့်အမျှ သူ၏ အရိုးများက ပေါ်ထွက်လာသည်။

ဝုန်း….

လူတစ်ယောက်နှင့် တစ္ဆေတစ်ကောင်က ကောင်းကင်ယံမှ ဆင်းသက်လာပြီး မြို့အတွင်းရှိ အဆောက်အအုံများကို ဖျက်ဆီးကာ လိမ့်တက်နေသော နှင်းများနှင့် ဖုန်မှုန့်များကို ထောင်းထောင်းထစေခဲ့သည်။

လီချင်းချိုးက ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး နတ်ဘုရားစွမ်းပကားကို ထုတ်လွှတ်လိုက်သည်။

တောင်ရွှေ့နတ်ဘုရားဖိနှိပ်ခြင်း….

ထိုအခါ လမ်းတစ်လျှောက်လုံးရှိ ကျောက်ပြားများနှင့် ခြံဝင်းနံရံများက မြင့်တက်လာပြီး ဒီရေလှိုင်းကဲ့သို့ မိစ္ဆာကြီးလော့အပေါ် ပြိုကျလာ၏။

မိစ္ဆာကြီးလော့က လီချင်းချိုးကို စိုက်ကြည့်လိုက်ပြီး လက်ထဲကတစ္ဆေဓား တုန်ခါသွားကာ သွေးနီရောင် လျှပ်စီးကြောင်း ထောင်ပေါင်းများစွာနှင့်အတူ ပေါက်ကွဲထွက်လာပြီး တောင်များကို ရွှေ့ကာ ပင်လယ်ကို မှောက်လှန်ပစ်မည့် တိုက်ခိုက်မှုကို ဖောက်ထွင်းသွားသည်။ ထိူ့နောက် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယခင်က အရှိန်ထက် အဆပေါင်းများစွာ သာလွန်သော အရှိန်ဖြင့် လီချင်းချိုးထံသို့ ပြေးဝင်သွား၏။

လီချင်းချိုးက တစ္ဆေဓားကို ရှောင်တိမ်းရန် အလျင်မြန်ဆုံး ကိုယ်ဖော့သိုင်းကို ချက်ချင်း အသုံးပြုလိုက်သည်။ သူ ဓားကို ဝှေ့ယမ်းလိုက်စဉ် အနက်ရောင် ဓားချီက လမ်းမရှည်ကြီးကို ဖြတ်သန်းသွားပြီး မိုင်ဝက်ခန့်ကို လွှမ်းခြုံသွား၏။ အမှောင်ထုထဲတွင် ပုန်းအောင်းနေသော အလောင်းများစွာမှာ ဓားချီကြောင့် တစ်စစီ ဆုတ်ဖြဲခံလိုက်ရပြီး လျူကျင်း၏ စစ်သားအချို့လည်း ကြားညပ်သွားကြသည်။

မိစ္ဆာကြီးလော့၏ ပေါ့ပေါ့ပါးပါး ဓားချက်တစ်ချက်၏ စွမ်းအားသက်သက်က ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ကို မွန်းကြပ်စေခဲ့သည်။

All Chapters