← Chapters

အခန်း (၈၈၆-၈၈၈)

Vol. 60 Ch. 886-888

အခန်း (၈၈၆-၈၈၈)

Vol. 60 Ch. 886-888

အခန်း ၈၈၆ - မင်းတို့ကိုဒေါသထွက်အောင် တိုက်ရိုက်လွှင့်ပြီးစားပြမယ်

"မင်းတို့ ကြားလိုက်ကြလား။ အသံက တော်တော်လေး ငယ်ပုံရတယ်"

"ဟုတ်တယ်.. A1ဧရိယာက လူတွေအကုန်လုံးက ဗီအိုင်ပီတွေ ဖြစ်ရမှာ မဟုတ်ဘူးလား။ အဲဒီလူတွေက ရှေးဟောင်းပစ္စည်းကြီးတွေလေ။ သူတို့ကိုယ်စား သူတို့ရဲ့ မျိုးဆက်တွေကို လွှတ်လိုက်တာများလား"

"ကလေးဆန်လွန်းတယ်။ သူ ဘယ်လောက်တောင် မောက်မာနေလဲဆိုတာ သူ့မိသားစုကရော သိရဲ့လား"

ထိုအချိန်တွင် လေလံပွဲရှိ လူများက စတင်တုံ့ပြန်လာကြသည်။

လေလံပွဲရှိ ထိုင်ခုံတစ်ခုစီကို အထူးနည်းပညာဖြင့် ကာကွယ်ထားသည်။ မည်သို့ပင်ဆိုစေကာမူ လေလံပွဲတစ်ခုတွင် ရန်သူများဖြစ်သွားခြင်းကား အလွန်ပုံမှန်ဆန်သော ကိစ္စပင်။

အရေးကြီးဆုံးအချက်မှာ အကယ်၍ တစ်စုံတစ်ယောက်က မိမိအာဏာကို အသုံးချပြီး အခြားသူများကို အနိုင်ကျင့်ပါက လေလံပစ္စည်းများ၏ နောက်ဆုံးစျေးနှုန်းကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည်။ ဤသည်မှာ ရောင်းချသူ၏ အကျိုးစီးပွားကိုသာမက ပွဲစီစဉ်သူ၏ အကျိုးစီးပွားကိုပါ ထိခိုက်စေနိုင်သောကြောင့် လေလံဆွဲသူတိုင်းအတွက် အကာအကွယ်ပေးသည့် အစီအမံများကို အလွန်သေချာစွာ လုပ်ဆောင်ထားခြင်းပင်။

ထိုအဆင့်မြင့်သက်ရှိများက အသံပြောင်းပြီး သူတို့၏ သရုပ်မှန်ကို ဖုံးကွယ်ရန် အချိန်ကုန်ခံမည်မဟုတ်ပေ။ ထို့ကြောင့် ဤလူသည် A1ဧရိယာရှိ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦး၏ မျိုးဆက်တစ်ဦးဖြစ်ရမည်ဟု သူတို့ ကောက်ချက်ချလိုက်ကြသည်။

တိုက်ရိုက်ဖိတ်ကြားချက်ရထားသည့် ထိုဂုဏ်သရေရှိပုဂ္ဂိုလ်များကို သူတို့ သွားမရှုပ်ရဲသော်လည်း သာမန်မျိုးဆက်လေးတစ်ယောက်ကိုတော့ ရှင်းနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာတွင် တစ်ယောက်နှင့်တစ်ယောက် မည်သူမည်ဝါမှန်း မသိကြပေ။ သူက အိမ်ပြန်ပြီး တိုင်တန်းလျှင်ပင် ဘယ်သူလုပ်မှန်း မည်သူက သိမည်နည်း။

"လူငယ်လေး... မင်းလုပ်နေတာက နည်းနည်းလွန်လွန်းမနေဘူးလား"

"လူငယ်လေး ခွန်းဆိုတာ စကြဝဠာသားရဲတစ်ကောင်အနေနဲ့ ဘယ်လောက်တောင် တန်ဖိုးကြီးတယ်ဆိုတာ မင်းနားလည်ရဲ့လား။ စကြဝဠာတစ်ခုလုံးမှာ ခွန်းအကောင်ရေတစ်ထောင်တောင် ရှိချင်မှရှိမှာ။ ငယ်တဲ့အကောင်ဆိုရင် ပိုတောင်ရှားသေးတယ်။ မင်းက အဲဒါကိုဝယ်ပြီး မွေးမယ်ဆိုရင်လည်း တစ်မျိုးပေါ့။ ဒါပေမဲ့ မင်းက မင်းရဲစားချင်စိတ်အာသီသကို ဖြည့်ဆည်းဖို့သက်သက်ဆိုတော့ ဒါက အလဟဿဖြုန်းတီးတာပဲ"

"ဒီကိစ္စကိုသိသွားရင် မင်းရဲ့အကြီးအကဲတွေက မင်းကို ဆူမှာမကြောက်ဘူးလား။ ပိုက်ဆံရှိတာက တစ်ပိုင်း။ ဒါပေမဲ့ မင်းရဲ့အပြုအမူက စကြဝဠာမျိုးနွယ်စုတွေကြားထဲမှာ အများပြည်သူရဲ့ ဒေါသကို ဆွပေးသလိုပဲ။ ခွန်းချစ်သူတွေဆီက ပြစ်တင်ရှုတ်ချတာတွေကိုလည်း ခံရလိမ့်မယ်"

အထူးသဖြင့် သားရဲမျိုးနွယ်က အဆင့်ခုနစ် သက်ရှိအတွက်မူ ဤခွန်းလေးက တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုနှယ်။ ယခု သူ့ရတနာလေးက ချက်စားခံရတော့မည်ဆိုလေရာ သူ့အတွက်တော့ သည်းခံနိုင်စရာ အကြောင်းမရှိချေ။

တခြားလူတွေ အိမ်မက်ထဲမှာတောင် ထည့်မမက်ရဲတဲ့အရာကို မင်းက စားဖို့သက်သက်အတွက် ဝယ်တယ်ဆိုတော့ လူရော ဟုတ်သေးရဲ့လား။

ရုတ်တရက်ဆိုသလို စွပ်စွဲပြောဆိုသံများက အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသည်။ လေလံပွဲကို သက်ဝင်လှုပ်ရှားစေရန်အတွက် လေလံဆွဲသူများ၏ စကားပြောဆိုမှုအပေါ် ကန့်သတ်ချက်များ မထားရှိပေ။ သို့သော် တစ်ပွဲလုံး ကြားနိုင်ရန်အတွက် ဤကဲ့သို့သော စကားပြောဆိုမှုမျိုးမှာ အခကြေးငွေပေးဆောင်ရန် လိုအပ်ပြီး အခကြေးငွေကလည်း အလွန်မြင့်မားသည်။

"ငါဘယ်လိုပြောရမလဲ"

ကျန်းမုန့်လောင်က သူ့ဘေးရှိ ဝန်ထမ်းကို မေးလိုက်သည်။

"ဂုဏ်သရေရှိဧည့်သည်တော်... လူကြီးမင်းဘေးက ခလုတ်ကိုနှိပ်ပြီး အများပြည်သူကြားအောင် စကားပြောတဲ့စနစ်ကို ဖွင့်နိုင်ပါတယ်။ ကျွန်တော်တို့မှာ ဈေးနှုန်းသတ်မှတ်ချက် သုံးမျိုးရှိပါတယ်။ ပုံမှန်စကားပြောဖို့အတွက်တော့ အမှောင်ဒင်္ဂါး သန်း၂၀ကျသင့်မှာပါ။ အဲဒါက လူကြီးမင်း ခုနက ကြားခဲ့ရတဲ့ လွတ်လပ်စွာ ဆွေးနွေးပြောဆိုမှုမျိုး ဖြစ်ပါတယ်။ လူကြီးမင်း စကားပြောနေချိန်မှာ တခြားသူတွေက ဝင်ရောက်စွက်ဖက်ပြောဆိုနိုင်ပါတယ်။ အချိန်ကတော့ ၁၀စက္ကန့် ရပါမယ်"

"ဒုတိယဈေးနှုန်းသတ်မှတ်ချက်ကတော့ အမှောင်ဒင်္ဂါး သန်း၂၀၀ကျသင့်မှာပါ။ လူကြီးမင်းရဲ့အသံက တခြားသူတွေထက် နှစ်ဆ ပိုကျယ်သွားပါလိမ့်မယ်။ စကားပြောခွင့်ကတော့ စက္ကန့်၂၀ရပါမယ်"

"လူကြီးမင်း စကားပြောနေချိန်မှာ တခြားသူတွေ စကားပြောလို့မရအောင် ပိတ်ထားနိုင်တဲ့ စနစ်လည်း ရှိပါသေးတယ်။ ဒီနည်းလမ်းကတော့ တစ်စက္ကန့်ကို အမှောင်ဒင်္ဂါးသန်းတစ်ရာကျသင့်မှာပါ။ လူကြီးမင်း စကားပြောတဲ့ ကြာချိန်အပေါ်မူတည်ပြီး ကောက်ခံသွားမှာ ဖြစ်ပါတယ်"

"မင်းတို့တွေက စီးပွားရေးလုပ်တတ်သားပဲ"

ကျန်းမုန့်လောင်သည် ဤစျေးနှုန်းဗျူဟာကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ ဤနည်းလမ်းက ဂိမ်းထဲတွင် စခရင်အပြည့် အော်ဟစ်ရသည့်စနစ်ထက် ပိုမိုက်နေသည်မဟုတ်လော။ အခြားသူများကို ပါးစပ်ပိတ်ခိုင်းထား၍ရသည်ဖြစ်ရာ ဂိမ်းထဲတွင် လူအများကို လိုက်ဆဲဖို့ မရှိမဖြစ်လိုအပ်သည့် နတ်စွမ်းအင်လက်နက်တစ်ခုပင်။ ပိုက်ဆံရှိဖို့တော့ လိုပေသည်။

"ငါဘယ်လိုငွေချေရမလဲ"

"လူကြီးမင်းရဲ့ အမှောင်ဒင်္ဂါးအကောင့်ကို စကားပြောစနစ်နဲ့ ချိတ်ဆက်လိုက်ရုံပါပဲ"

ဝန်ထမ်း၏ လမ်းညွှန်မှုအတိုင်း ကျန်းမုန့်လောင်လည်း သူ့အမှောင်ဒင်္ဂါးအကောင့်ထဲသို့ ဝင်ရောက်လိုက်သည်။

"မင်းတို့က အရေးမပါတဲ့စကားတွေ ပြောရတာ ကြိုက်တယ်ပေါ့လေ။ ဆိုရိုးစကားရှိတယ်လေ။ ကျန်းမုန့်လောင်သာ မရှိရင် ဆဲဆိုသံတွေက ညအမှောင်လို အဆုံးမဲ့နေလိမ့်မယ်တဲ့"

"မင်းတို့ ပေါက်ကရတွေ ပြောလို့ဝပြီလား"

ကျန်းမုန့်လောင်၏ မိုးခြိမ်းသံအလား အသံကြီးက ပွဲခင်းတစ်ခုလုံးတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

"ငါဘာဝယ်စားရမယ် မစားရဘူးဆိုတာကို မင်းတို့က လာ​ဆုံးဖြတ်ပေးနေတာလား။ ငါက မင်းတို့အိမ်က ဆန်ကို ခိုးစားထားလို့လား။ ဒါမှမဟုတ် မင်းတို့မိန်းမတွေနဲ့ပဲ ဖောက်ပြန်ထားလို့လား။ ငါ့ပိုက်ဆံ ငါကြိုက်သလိုသုံးမယ်။ အဲဒါ မင်းတို့ ငါ့ကို လာဝေဖန်ရမယ့်ကိစ္စလား"

"ပြီးတော့ မင်းတို့ပါးစပ်ကပြောနေတဲ့ လူသားဆန်မှု ဆိုတာကြီးကရော။ မင်းတို့ တခြားစကြဝဠာသက်ရှိတွေကို စားတဲ့အချိန်ကျတော့ ဘာလို့ အဲဒီလူ့အခွင့်အရေးအလံကြီးကို မလွှင့်ကြတာလဲ။ ခွန်းကိုစားတာက တရားမဝင်လို့လား။ ခွန်းကို မစားရဘူးဆိုတဲ့ ဥပဒေက ဘယ်မှာပြဋ္ဌာန်းထားလို့လဲ"

"ငါက စားရုံတင်မဟုတ်ဘူး။ ကြက်သွန်မြိတ်နဲ့ ဆီဆမ်းပြီးတော့ ပေါင်းစားမယ်။ ပြုတ်စားမယ်။ ကြော်စားမယ်။ မီးကင်စားမယ်။ ဟင်းခတ်အမွှေးအကြိုင် ဆယ့်သုံးမျိုးနဲ့ ချက်စားမယ်။ ကြက်သွန်ဖြူနဲ့ပါ ကင်စားပစ်ဦးမှာ။ အကြွင်းအကျန်တွေကို ဟော့ပေါ့ထဲထည့်စားပြီး အရိုးတွေကို သွားကြားထိုးတံအဖြစ် သုံးပစ်မယ်။ သောက်ကျိုးနည်း...ပြောရင်းနဲ့တောင် ဗိုက်ဆာလာပြီ"

"မင်းတို့ သဘောမကျရင် ငါ့ထက် ဈေးပိုပေးပြီး လေလံဆွဲလိုက်လေ။ မတတ်နိုင်ဘူးဆိုရင် မင်းတို့ရဲ့သောက်ပါးစပ်တွေကို ပိတ်ထားလိုက်ကြ။ ငမွဲကောင်တွေ... လူချောတွေရဲ့ ကိစ္စကို ဝင်ပါနေမယ့်အစား မင်းတို့ဟာမင်းတို့ နေကြစမ်းပါ"

ကျန်းမုန့်လောင်သည် သူ့အဆဲစကားများကို တစ်ထိုင်တည်း အဆုံးသတ်လိုက်သည်။

"သူ အခု ပွဲခင်းတစ်ခုလုံးကို အသံပိတ်ပြီး စကားပြောတဲ့စနစ်ကို သုံးလိုက်တာလား"

"တစ်စက္ကန့်ကို အမှောင်ဒင်္ဂါးသန်းတစ်ရာတောင်နော်။ သူ ဘယ်နှမိနစ်တောင် ပြောသွားတာလဲ"

"ဒါကြီးတစ်ခုလုံးအတွက် အမှောင်ဒင်္ဂါးဘီလီယံဆယ်ဂဏန်းလောက် ကုန်သွားမှာမဟုတ်ဘူးလား။ စကြဝဠာဒင်္ဂါးနဲ့ ပြောင်းလိုက်ရင် ကြယ်အလုံးပေါင်းများစွာ တန်ဖိုးရှိတယ်။ သူက စကားပြောဖို့အတွက်သက်သက် ငွေတွေဒီလောက်အများကြီးကို သုံးလိုက်တာလား"

"ပိုက်ဆံရှိတာ ကောင်းလိုက်တာကွာ"

"အမှန်အတိုင်းပြောရရင် သူပြောသွားတဲ့ စားနည်းတွေကို ငါ တစ်ခါမှမကြားဖူးဘူး။ တော်တော်အရသာရှိမယ့်ပုံပဲ"

"အေးလေ... ကလေးတွေတောင် သွားရည်ကျနေကြပြီ"

...

အဆဲခံလိုက်ရပြီးနောက် ကျန်းမုန့်လောင်ကို ဝေဖန်ခဲ့သူများမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်ကြတော့ပေ။

"ကောင်လေး... မင်းက အရမ်းမောက်မာလွန်းတယ်။မင်းရဲ့ လူကြီးတွေတောင်..."

"တောင်းပန်ပါတယ်။ ဧည့်သည်တစ်ယောက်က အသံပိတ်စကားပြောစနစ်ကို အသုံးပြုနေပါတယ်။ စကားဆက်ပြောဖို့ ခေတ္တစောင့်ဆိုင်းပေးပါ"

သူတို့ ပြန်လည်ချေပရန် ပြင်လိုက်သော်လည်း ယခုအချိန်တွင် စကားပြော၍မရနိုင်ကြောင်း စနစ်ထံမှ အသိပေးချက်ကို ချက်ချင်းရရှိလိုက်သည်။

ထိုအခါမှသာ ကျန်းမုန့်လောင်သည် စကားဆက်မပြောတော့သော်လည်း အသံပိတ်စကားပြောစနစ်ကို ဆက်ဖွင့်ထားသေးကြောင်း သူတို့ သဘောပေါက်သွားကြသည်။

"ဟားဟားဟား.. အခု စကားပြောလို့ မရတော့ဘူးမဟုတ်လား"

ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်သည်။

"ငါ့မှာ ပိုက်ဆံတွေအများကြီးရှိတယ်။ ဒီစနစ်ကို ဆက်ဖွင့်ထားလို့ရတယ်။ ငါကပဲ မင်းတို့ကို ဆဲလို့ရမှာ။ မင်းတို့က ငါ့ကို ပြန်ဆဲလို့မရဘူး။ အဲဒီခံစားချက်က ဘယ်လိုနေလဲ။ ဒေါသထွက်နေပြီလား။ ဘယ်လိုလဲ"

ကျန်းမုန့်လောင်က ရန်စသည့်အနေနှင့် လှောင်ပြောင်လိုက်သော်လည်း ထိုလူများမှာ ဘာမှမတတ်နိုင်ရှာပေ။ သူ့ကို တိုက်ခိုက်မလား။ ထိုနေရာတွင် အာရီယာ စီစဉ်ထားသော အဆင့်မြင့်သက်ရှိများစွာ ရှိ၏။ စည်းကမ်းထိန်းသိမ်းမည့်သူ မရှိလျှင်ပင် အာရီယာဟူသည့် နာမည်က သူတို့ကို ခြိမ်းခြောက်ရန် လုံလောက်နေပြီဖြစ်၏။

ပြန်ဆဲမလား။

ယခု သူတို့အားလုံး အသံပိတ်ခံထားရသည်။ ဘယ်လိုလုပ် ပြန်ဆဲနိုင်မှာလဲ။ လက်တုံ့ပြန်ဖို့ နှစ်ဆပေးလျှင်လည်း တစ်မျိုးပင်။

အသံပိတ်ထားသည့် အတောအတွင်း မည်သူမဆို နှစ်ဆဈေးနှုန်းကို အသုံးပြု၍ အသံပိတ် တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်နိုင်သော်လည်း ဤလူကို ပြနါအသံပိတ်ရန်အတွက်မူ အကန့်အသတ်မရှိသော နှစ်ဆပေါင်းများစွာကို ပေးဆောင်ရမည်ဖြစ်၏။

"ပြောကြလေ။ မင်းတို့ငမွဲကောင်တွေ ဘာလို့ မပြောကြတော့တာလဲ။ ဒါမှမဟုတ် တစ်စက္ကန့်ကို အမှောင်ဒင်္ဂါးသန်း၂၀၀ပေးပြီး စကားမပြောနိုင်လို့လား။ မင်းတို့တွေက တော်တော်သနားဖို့ကောင်းတာပဲ"

ကျန်းမုန့်လောင်က ခနဲ့တဲ့တဲ့ ဆက်ပြောချေသည်။

"သြော် စကားမစပ် မင်းတို့ကို ပိုဒေါသထွက်သွားအောင် ပြောရဦးမယ်။ လေလံပွဲပြီးရင် အာကာသအလင်းတန်း ပလက်ဖောင်းပေါ်မှာ အစားအသောက်စားပြတဲ့ အစီအစဉ်တစ်ခု ထုတ်လွှင့်ဖို့ ဆုံးဖြတ်ထားတယ်။ အဲဒီမှာ ခွန်းကိုစားလို့ရတဲ့ နည်းလမ်းပေါင်းတစ်ရာကို ပြသသွားမှာပါ။ မင်းတို့ အဲဒါကိုကြည့်ပြီးသွားရင် သွားရည်ကျလာစေရမယ်။ ကျေးဇူးပြုပြီး ရီထျန်းဂိုဏ်းက ဘယ်လ်ဂရိတ်ရဲ့ အစားအသောက်ချန်နယ်ကို ဖောလိုးလုပ်ပေးကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်"

"ရီထျန်းဂိုဏ်း ဟုတ်လား။ ငါ နားကြားတော့ မလွဲပါဘူးနော်"

"သူကလည်း ရီထျန်းဂိုဏ်းကပဲလား"

"ရီထျန်းဂိုဏ်းဆိုတာ ဘာကြီးလဲ"

"ရီထျန်းဂိုဏ်းကို မင်း မသိဘူးလား။ အဆင့်ခုနစ်သိုင်းလက်နက်တွေကို ဖန်တီးတဲ့ အဂ္ဂိရတ်ပညာရှင်ကိုရော မင်းသိလား။ စွမ်းအင်ဆေးလုံးနဲ့ နတ်စွမ်းအင်ဆေးလုံးတွေကို ဖော်စပ်တဲ့ ဆရာသခင်ကိုရော မင်းသိလား။ သူက ရီထျန်းဂိုဏ်းကလေ"

"ပြီးတော့ ရီထျန်းဂိုဏ်းက လီကျားချီလို့ခေါ်တဲ့ တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်လည်း ရှိသေးတယ်။ မင်း ယုံချင်မှယုံလိမ့်မယ်။ သူက အာကာသအလင်းတန်းပေါ်မှာ အမှောင်ဒင်္ဂါးတွေနဲ့ ပေါ်တင်အရောင်းအဝယ် လုပ်ခဲ့တာတောင်မှ သူ့အကောင့်ကို အာကာသအလင်းတန်းဝက်ဘ်ဆိုက်က ဘယ်လိုမှ ဘန်းလို့မရခဲ့ဘူး"

"အာကာသအလင်းတန်းကလည်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့တယ် မဟုတ်လား။ သူတို့ရဲ့စနစ် ဟက်ခံလိုက်ရလို့ အဲဒီချန်နယ်ကို ပိတ်ပစ်လို့မရဘူးတဲ့။ လီကျားချီ တစ်ခုခု လှည့်စားထားတယ်လို့ ငါ သံသယဖြစ်မိတယ်"

"ကျွတ် ကျွတ် ကျွတ်... ရီထျန်းဂိုဏ်းက အဲဒီလောက်တောင် အင်အားကြီးတာလား"

"ဟုတ်တယ်။ သူတို့ဆီမှာ အရည်အချင်းရှိတဲ့လူတွေ ဘယ်လောက်တောင် များလဲဆိုတာ မင်းမြင်တဲ့အတိုင်းပဲ။ အဂ္ဂိရတ်ပညာရှင်ရယ်၊ ထိပ်တန်းဟက်ကာရယ်၊ အရောင်းဘုရင်ရယ်။ ပြီးတော့ အခု အရမ်းချမ်းသာတဲ့လူတစ်ယောက်ရယ်။ ဘယ်လ်ဂရိတ် ဆိုတဲ့လူကလည်း သာမန်တော့ မဟုတ်လောက်ဘူးဆိုတာ ငါလောင်းရဲတယ်"

"ကြည့်ထား။ ဒီလေလံပွဲကတော့ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတော့မှာ"

*********************

အခန်း ၈၈၇ - မင်းကို ကြည့်မရလို့

"မစ်စ်ဟီလင်နာရှီ လေလံပွဲကို ဆက်လုပ်လို့ ရပြီလား"

ကျန်းမုန့်လောင်က တစ်ဝကြီး ဆဲဆိုပြီးနောက် အနည်းငယ် မောပန်းသွားသည်။

"ရတာပေါ့ လူကြီးမင်း။ လူကြီးမင်းက ကျွန်မတို့ လေလံပွဲစည်းမျဉ်းတွေကို ဘာတစ်ခုမှ ဖောက်ဖျက်ထားတာ မရှိပါဘူး။ ဒီခွန်းကို အခု လူကြီးမင်းပိုင်သွားပါပြီ။ ချက်စားစား၊ ပေါင်းစားစား၊ ပြုတ်စားစား လူကြီးမင်း သဘောကျသလို စီမံနိုင်ပါတယ်။ ဘာမှပြဿနာမရှိပါဘူး"

လေလံမှူးတစ်ယောက်အနေနှင့် သူ(မ)၏ဝင်ငွေမှာ နောက်ဆုံးရောင်းရသည့် စျေးနှုန်းအပေါ် မူတည်နေသည်။

ပစ္စည်းတစ်ခုစီတွင် လေလံကြမ်းခင်းဈေးနှင့် ခန့်မှန်းဈေးဟူ၍ ရှိ၏။ အကယ်၍ ခန့်မှန်းဈေးနှုန်းသို့ မရောက်ပါက သူ(မ)က တာဝန်ယူရမည်ဖြစ်ပြီး သူ(မ) နောက်ဆုံးရမည့် ကော်မရှင်ခကို သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ နှုတ်ယူခံရမည်သာ။ သို့သော် ခန့်မှန်းဈေးထက် ကျော်လွန်သွားပါက သူ(မ)အနေနှင့် ပိုလျှံသွားသော ပမာဏကတစ်ဆင့် ကော်မရှင်ခကို မြိုးမြိုးမြက်မြက်ရရှိပေမည်။

ဤခွန်း၏ လေလံကြမ်းခင်းဈေးက အမှောင်ဒင်္ဂါး၁၅ထရီလီယံဖြစ်ပြီး နောက်ဆုံးခန့်မှန်းဈေးနှုန်းမှာမူ ၃၀ထရီလီယံ ဖြစ်သည်။ သို့သော် ကျန်းမုန့်လောင်ကမူ အမှောင်ဒင်္ဂါး ၃၉ထရီလီယံဖြင့် လေလံဆွဲခဲ့သည်။ ပိုလျှံသွားသော အမှောင်ဒင်္ဂါး ၉ထရီလီယံတွင် သူ(မ)က ကော်မရှင်အများကြီး ရနိုင်သည်ဖြစ်ရာ ကျန်းမုန့်လောင်ကို ချက်ချင်း သဘောကျသွားပြီး သူ့ဘက်က ကာပြောပေးချင်စိတ်များပင် ပေါက်သွားသည်။

"သေစမ်း"

"ထားလိုက်ပါတော့။ ထားလိုက်ပါတော့။ ခွန်းတစ်ကောင်တည်းပါ။ ပြီးတော့ ပထမဆုံး လေလံပစ္စည်းပဲ ရှိပါသေးတယ်"

"အေးလေ။ ဘယ်သူသိမှာလဲ။ ဒီလေလံပွဲမှာ တခြားစကြဝဠာသားရဲတွေလည်း ထွက်လာနိုင်သေးတယ်။ အားလုံးပဲ စောင့်ကြည့်ကြတာပေါ့။ ဒီမှာ အချိန်ကုန်ခံပြီး ငြင်းခုံနေစရာ မလိုပါဘူး"

...

"ဒီမှာ သောက်စရာတစ်ခုခု ရှိလား"

ကျန်းမုန့်လောင်လည်း အားရပါးရဆဲဆိုပြီးနောက် အနည်းငယ် ရေဆာလာသည်။

"မင်းတို့ဆီက အကောင်းဆုံး သောက်စရာတစ်ခွက်လောက် ယူခဲ့ပေး"

"ဟုတ်ကဲ့ပါ လူကြီးမင်း။ ကျွန်တော်တို့ဆီက အကောင်းဆုံးသောက်စရာကတော့ အမှောင်ဒင်္ဂါး ၁ဘီလီယံတန်ဖိုးရှိတဲ့ စန္ဒာလမင်းနှင်းရည်ပါ။ စကြဝဠာထဲမှာ အရမ်းရှားပါးတဲ့ စန္ဒာလမင်းသစ်ပင်ရဲ့ နှင်းပေါက်တွေနဲ့ ဖော်စပ်ထားတာပါ။ စိတ်ဝိညာဉ်ကို တည်ငြိမ်စေပြီး စိတ်စွမ်းအားကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ အာနိသင်တွေရှိလို့ အရမ်းနာမည်ကြီးပါတယ်။ သိုင်းပညာကျင့်စဉ်အတွက်တောင် အကျိုးသက်ရောက်မှုရှိပါတယ်"

"နှစ်ခွက် ယူခဲ့လိုက်ပါ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဂါနေး မင်းလည်း နည်းနည်းမြည်းကြည့်"

"လူကြီးမင်း ဘယ်လိုပုံစံမျိုးလေး သုံးဆောင်ချင်ပါသလဲ"

"သကြားတစ်ဝက် ရေခဲမပါ တခြားဘာမှအပိုမထည့်နဲ့"

"??"

ဝန်ထမ်းဖြစ်သူမှာ ဆွံ့အသွားသည်။

"လူကြီးမင်း... ကျွန်တော်တို့ဆီမှာ အပူအအေးပဲ ရွေးချယ်စရာရှိပါတယ်ဗျ။ လူကြီးမင်းပြောတဲ့ဟာတွေတော့ မရှိပါဘူး"

"သြော် ဆောရီး.. ငါက နို့လက်ဖက်ရည်မှာသောက်နေကျမို့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"စကားမစပ် ခုံနံပါတ်D1565နဲ့ G156567အတွက်လည်း တစ်ခွက်စီ သွားပေးလိုက်ပါ။ ငါ့အကောင့်ထဲကပဲ ဖြတ်လိုက်"

"အစ်ကိုကြီး အဲဒီလူတွေက ခုနလေးတင် အစ်ကိုကြီးကို ဆဲနေကြတာလေ။ အခု အစ်ကိုကြီးက သူတို့ကို ဒီလောက်ဈေးကြီးတဲ့ သောက်စရာမျိုး ဝယ်တိုက်မလို့လား"

ဂါနေးခမျာ နားမလည်နိုင်ဖြစ်သွားချေသည်။ အနားရှိ စားပွဲထိုးလေးကလည်း ထိုနည်းတူပင် ဝေခွဲမရဖြစ်သွားသည်။

"ဘာမှမဖြစ်ပါဘူး။ သူတို့ ဆဲရလွန်းလို့ အမောဖောက်သွားမှာစိုးလို့ပါ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ပြီးတော့ စကားလေးတစ်ခွန်းလောက် ပါးလိုက်ပါဦး။ အရမ်းကြီး ဒေါသမထွက်ကြပါနဲ့။ ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါ။ ဒေါသထွက်တာက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်လို့ သွားပြောလိုက်"

"အထိနာတာကနည်းနည်း။ စော်ကားခံရတာက ခပ်များများပဲ"

စားပွဲထိုးလေးခမျာ သက်ပြင်းချရင်း တွေးလိုက်မိသည်။ သူတို့နှင့် အပြန်အလှန် အချေအတင်ဖြစ်ထားပြီးမှ ယခုလို သောက်စရာဝယ်တိုက်သည်ဆိုခြင်းမှာ ရန်စနေခြင်းပင် မဟုတ်လော။

"ဟုတ်ကဲ့ပါ လူကြီးမင်း"

သို့သော် ဖောက်သည်က မှာယူချင်နေမှတော့ သူလည်း တကယ်တမ်းတွင် ဝမ်းသာမိသည်သာ။ အကြောင်းမှာ ဤမျှစျေးကြီးသော သောက်စရာကို ရောင်းရလျှင် သူလည်း ကော်မရှင်ခ တော်တော်များများ ရမည်ဖြစ်သောကြောင့်တည်း။

...

"နောက်ထပ် အစီအစဉ်ကတော့ ကျွန်မတို့ရဲ့ ဒုတိယမြောက် လေလံပစ္စည်းပဲ ဖြစ်ပါတယ်"

ဟီလင်နာရှီက လေလံပွဲကို ဆက်လက်တင်ဆက်ချေသည်။

"တိုက်ဆိုင်ချင်တော့ ဒုတိယလေလံပစ္စည်းကလည်း စကြဝဠာသားရဲပါပဲ"

"စကြဝဠာသားရဲ နောက်တစ်ကောင်လား"

သားရဲမျိုးနွယ်စုမှ အဆင့်ခုနစ်သက်ရှိသည် စိတ်ပျက်အားလျော့နေရာမှ လေလံပွဲတွင် ဆက်တိုက်ဆိုသလို သားရဲနောက်တစ်ကောင် ပါလာလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။

အစကတည်းက စကြဝဠာသားရဲများမှာ အလွန်တန်ဖိုးကြီးမားလှသည်။ ယခင်ပွဲများတွင် တစ်ကောင်တလေ ပါလာလျှင်ပင် အလွန်ကောင်းနေပြီဖြစ်သော်ငြား ယခုတစ်ကြိမ်တွင်မူ နှစ်ကောင်အထိပင် ပါဝင်လာခဲ့သည်။

"အဲဒါ ဘာဖြစ်မယ်ထင်လဲ။ ဝါးမြိုခြင်းသားရဲများလား"

"လေဟာနယ်ဝါးမျိုသားရဲလည်း ဖြစ်နိုင်တယ်"

ထိုနေရာရှိ လူတိုင်းက ပွဲစီစဉ်သူများအနေနှင့် မည်သည့်အရာကို ထုတ်ပြလာမလဲဆိုသည်ကို ခန့်မှန်းနေကြတော့သည်။

"ဒီသားရဲက စကြဝဠာသားရဲအဆင့်သတ်မှတ်ချက်မှာ နောက်ဆုံးအဆင့်ကပါ"

"ဟင်"

"အဲဒါဆိုရင် အသုံးမကျတဲ့ သားရဲကြီးမဟုတ်ဘူးလား"

"နေဦး။ နောက်ဆုံးအဆင့်လား။ ဒါဆိုရင် အဲဒါက..."

ဟိုလိုဂရမ်ပုံရိပ်ထဲတွင် မြင်ကွင်းအသစ်တစ်ခု ပေါ်လာလေသည်။ ထိုအရာမှာ ကမ္ဘာမြေနှင့် အနည်းငယ်ဆင်တူသော စိမ်းလန်းသည့် မြက်ခင်းပြင်တစ်ခုဖြစ်ပြီး မြေပြင်ပေါ်တွင် ဖြူစင်ကြည်လင်နေသော သတ္တဝါငယ်လေးတစ်ကောင် ပြေးလွှားနေသည်။

သူ့ခန္ဓာကိုယ်မှာ အရှည်၂၀စင်တီမီတာခန့်သာရှိပြီး မျက်လုံးအစုံမှာ အနီရောင်ကျောက်မျက်ရတနာများအလားပင်။ ထို့ပြင် အလွန်ရှည်လျားသော နားရွက်တစ်စုံလည်း ပါရှိသည်။

"အဲဒါက... ယုန်လား"

ကျန်းမုန့်လောင် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

ဒါကို သားရဲလို့ ခေါ်တာလား။ သောက်ကျိုးနည်းသားရဲ... ကမ္ဘာပေါ်က အိမ်မွေးတိရစ္ဆာန် ဈေးကွက်ထဲမှာဆိုရင် လိုချင်သလောက်ရနိုင်တယ်။ အလွန်ဆုံးပြောရရင် ဒီယုန်က နည်းနည်းလေး ထူးဆန်းတဲ့ပုံပေါက်နေရုံပဲ ရှိတာလေ။

"အစ်ကိုကြီး... အဲဒါ ရတနာရှာတဲ့သားရဲလေ။ သူတို့ တကယ်ကြီး ရတနာရှာတဲ့သားရဲကို ရှာတွေ့ခဲ့တာပဲ"

"ရတနာရှာတဲ့သားရဲဆိုတာ ဘာတုန်းကွ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"သူက ရတနာရှာပေးနိုင်လို့လား"

"အစ်ကိုကြီး... ဒီရတနာရှာသားရဲက သားရဲအဆင့်သတ်မှတ်ချက်မှာ နောက်ဆုံးအဆင့်ရောက်နေရတဲ့ အကြောင်းအရင်းက သူ့ရဲ့ စွမ်းအားက သာမန်လူတစ်ယောက်ထက်တောင် အားနည်းနေလို့ပါ။ ဒါပေမဲ့ သူ့ရဲ့စွမ်းရည်ကတော့ ကောင်းကင်ဘုံကိုတောင် အာခံနိုင်စွမ်းရှိတယ်"

"ဆက်ပြောပါဦး"

"သူ့မျက်လုံးတွေနဲ့ နှာခေါင်းက အရမ်းထူးခြားတယ်။ သူတို့က ပုန်းကွယ်နေတဲ့ တွင်းထွက်သတ္တုကြောတွေ၊ အဖိုးတန်ဆေးဘက်ဝင်အပင်တွေ၊ သတ္တုတွေနဲ့ ရတနာအမျိုးမျိုးကို ရှာဖွေနိုင်တယ်။ တကယ်လို့ သူ့ကိုသာရလိုက်ရင် ရတနာသိုက်အကြီးစားကို ရှာတွေ့လိုက်သလိုပဲ"

"ဒီရတနာရှာသားရဲကို အဆင့်ရှစ်သက်ရှိတစ်ယောက်က ဖမ်းဆီးခဲ့တာပါ။ ရတနာရှာသားရဲတစ်ကောင်ကို အရှင်ဖမ်းမိဖို့ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတာ အားလုံးပဲ သိကြမှာပါ။ သူ့ရဲ့ လေလံကြမ်းခင်းဈေးက အမှောင်ဒင်္ဂါး ၂၅ထရီလီယံပါ"

"အမှောင်ဒင်္ဂါး ၃၀ထရီလီယံလား"

သားရဲမျိုးနွယ်မှ အဆင့်ခုနစ်သက်ရှိက ချက်ချင်းပင် ဈေးခပ်မြင့်မြင့်ဖြင့် လေလံဆွဲလိုက်သည်။

"၃၂ထရီလီယံ"

"၃၄ထရီလီယံ"

...

ရတနာရှာသားရဲတစ်ကောင်၏ တန်ဖိုးကို လူတိုင်း သိကြသည်။ ထိုအကောင်ကို ပိုင်ဆိုင်ထားခြင်းမှာ အဆုံးမဲ့ချမ်းသာကြွယ်ဝမှုကို ယူဆောင်လာပေးနိုင်ကြောင်း ဆိုလိုနေခြင်းပင်။ ဤစျေးနှုန်းမှာ အစသာ ရှိသေးသည်။

"၁၀၂ထရီလီယံ"

"၁၀၅ထရီလီယံ"

"၂၀၀ထရီလီယံ"

သားရဲမျိုးနွယ်ဝင်သည် ဈေးကို နှစ်ဆတိုးလိုက်ပြီး ကျန်းမုန့်လောင်၏ လေလံဆွဲမှုကို ကြားဖြတ်လိုက်သည်။

"အားလုံးပဲ။ ဒီရတနာရှာသားရဲတွေရဲ့ ထူးခြားမှုကို ခင်ဗျားတို့လည်း နားလည်ကြမှာပါ။ သူတို့က ဟင်းလင်းပြင်နိယာမကို မွေးရာပါနားလည်နိုင်စွမ်း ရှိကြတယ်။ စကြဝဠာရဲ့ ဘယ်ချောင်ကြိုချောင်ကြားမဆို လွတ်လွတ်လပ်လပ် သွားလာနိုင်ကြတယ်။ ဒီသားရဲကို ဖမ်းခဲ့တဲ့ စီနီယာကလည်း သူ့ခွန်အားတွေ အကုန်ထုတ်သုံးပြီးမှ ဖမ်းမိခဲ့တာ ဖြစ်ရမယ်။ ဒါပေမဲ့ ခင်ဗျားတို့ စဉ်းစားကြည့်ဖူးလား။ ခင်ဗျားတို့ ဝယ်လိုက်ရင်တောင် အဲဒါကို ထိန်းသိမ်းထားနိုင်ပါ့မလား"

ဤစကားများက လူတိုင်းကို ချက်ချင်းနှုတ်ဆိတ်သွားစေသည်။

မှန်ပေသည်။ အလွန်နက်ရှိုင်းသည့် အဆင့်အထိ ဟင်းလင်းပြင်နိယာမကို နားလည်သဘောပေါက်မထားလျှင် ဤရတနာရှာသားရဲကို ထိန်းချုပ်ရန်မှာ မလွယ်ကူပေ။

"ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကွာခြားတယ်။ သားရဲမျိုးနွယ်က သက်ရှိတွေနဲ့ စာချုပ်ချုပ်ဆိုနိုင်တဲ့ စွမ်းရည်ရှိလို့ ကျွန်တော်တို့က လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်တယ်။ အားလုံးပဲ ပိုက်ဆံတွေ အလဟဿဖြုန်းတီးပြီး သားရဲထွက်ပြေးသွားမယ့် အန္တရာယ်ကို ရင်ဆိုင်စရာ မလိုပါဘူး"

"အားလုံးပဲ ကျွန်တော့်ကို မျက်နှာသာပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်"

"ထားလိုက်ပါတော့။ သူပြောတာလည်း မှန်ပါတယ်။ ဝယ်ပြီးရင်တောင် ပိုက်ဆံတွေ အများကြီးအကုန်ခံပြီးမှ အဲဒီကောင်က ထွက်ပြေးသွားရင် အကုန်လုံး သဲထဲရေသွန် ဖြစ်သွားမှာ"

"ဟုတ်တယ်။ ဟင်းလင်းပြင်နိယာမကို အဲဒီအဆင့်အထိ နားလည်သဘောပေါက်ထားတဲ့လူက ဘယ်နှယောက်များ ရှိလို့လဲ။ တခြားပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံချန်ထားတာပဲ ပိုကောင်းတယ်"

ထင်ထားသည့်အတိုင်းပင် ထိုစကားအပြီး ဈေးနှုန်းတက်ခြင်း ရပ်တန့်သွားခဲ့သည်။ ဟီလင်နာရှီလည်း အနည်းငယ် စိတ်ပျက်သွားသော်ငြား ဤစျေးနှုန်းမှာ ခန့်မှန်းဈေးနှင့် သိပ်မကွာလှသောကြောင့် သူ(မ) သိပ်ဂရုမစိုက်တော့ပေ။

"ဒါဆိုရင်..."

"ခဏလေး"

ကျန်းမုန့်လောင်က သူ(မ)ကို ကြားဖြတ်ပြောလိုက်သည်။

"အမှောင်ဒင်္ဂါး ၃၀၀ထရီလီယံ"

"မင်း"

ထိုသားရဲမျိုးနွယ်ဝင်ခမျာ ချက်ချင်းပင် ဒေါသထွက်သွားပြီး ကျန်းမုန့်လောင်ရှိရာဘက်သို့ စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"ရီထျန်းဂိုဏ်းက ဟိုကောင် ထပ်လုပ်ပြန်ပြီ"

"သူက တစ်ခါတည်းနဲ့ တစ်ရာထရီလီယံတောင် တိုးခေါ်လိုက်တာပဲ။ ကျွတ် ကျွတ် ကျွတ်"

"သူက ဒီရတနာရှာသားရဲကိုလည်း ချက်စားဦးမလို့လား"

"ပြောရခက်တယ်။ သူလိုလူမျိုးဆိုရင် ဘာမဆိုဖြစ်နိုင်တယ်"

"၃၅၀ထရီလီယံ"

သားရဲမျိုးနွယ်ဝင်မှာ ဒေါသထွက်လာချေပြီ။

"၅၀၀ထရီလီယံ"

ကျန်းမုန့်လောင်ကမူ ပေါ့ပေါ့ပါးပါးပင် ဈေးတင်လိုက်သည်။

"၆၀၀ ထရီလီယံ"

ထိုသားရဲမျိုးနွယ်ဝင်က ဤရတနာရှာသားရဲကို အရယူမည်ဟု ဆုံးဖြတ်ထားပုံရသည်။

"၁၀၀၀ထရီလီယံ"

"သေစမ်း"

၁၀၀၀ထရီလီယံဆိုသည်မှာ သူ့ပိုင်ဆိုင်မှုထက်ပင် ကျော်လွန်သွားလေပြီ။

"ဘာကိစ္စလဲ"

ထိုအချိန်တွင် စားပွဲထိုးတစ်ယောက်က သူ့ထိုင်ခုံဆီသို့ လျှောက်လာသည်။

"Honored guest, the guest at A1 position ordered a glass of Radiant Moon Dew and also wanted me to pass on a message."

"ဂုဏ်သရေရှိဧည့်သည်တော်ခင်ဗျာ...A1နေရာက ဧည့်သည်တော်က စန္ဒာလမင်းနှင်းရည်တစ်ခွက် မှာပေးထားပါတယ်။ စကားတစ်ခွန်းလည်း ပါးခိုင်းလိုက်ပါတယ် ခင်ဗျာ"

"A1လား။ သူက ဘာပြောလိုက်တာလဲ"

"သူက ပြောပါတယ်။ ဒေါသထွက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်တဲ့။ ကျန်းမာရေးက အရေးကြီးတယ်တဲ့ဗျ"

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သားရဲမျိုးနွယ်ဝင် လူသန်ကြီး၏ နဖူးထက်သို့ သွေးများ ရုတ်တရက် ဆောင့်တက်သွားသည်။

"ထွက်သွားစမ်း"

...

"မင်းက ဘာဖြစ်ချင်နေတာလဲ။ မင်းက ဒီရတနာရှာသားရဲကို ဝယ်ပြီးတော့ ထပ်စားဦးမလို့လား"

သားရဲမျိုးနွယ်ဝင် လူသန်ကြီးက မနေနိုင်ဘဲ မေးလိုက်တော့သည်။

"ယုန်လေးတွေက အရမ်းချစ်စရာကောင်းတာကို။ ငါက ယုန်လေးတွေကို ဘယ်လိုလုပ် စားရက်မှာလဲ"

ကျန်းမုန့်လောင်က လှောင်ပြောင်လေဟန်ဖြင့် ပြောလိုက်သည်။

"မင်း ခုနက ငါ့ကို ဆဲခဲ့တယ်လေ။ အဲဒါကြောင့် မင်းကို ကြည့်မရလို့ ဒီရတနာရှာသားရဲကို မင်း မဝယ်နိုင်အောင် လုပ်ချင်တာ။ ဒါနဲ့ မေးရဦးမယ်။ မင်း ဒေါသထွက်နေပြီလား"

*************************

အခန်း ၈၈၈ - ကျုပ် သွားစရာရှိသေးတယ်

"လွန်လွန်းနေပြီ"

သားရဲမျိုးနွယ်မှ အဆင့်ခုနစ်သက်ရှိသည် သူ့လက်ထဲရှိ ခွက်ကို ဒေါသတကြီးဖြင့် တစ်စစီဆုပ်ချေပစ်လိုက်သည်။ အကယ်၍သာ ဤနေရာက အာရီယာ၏နယ်မြေ မဟုတ်ခဲ့လျှင် ရီထျန်းဂိုဏ်းက သကောင့်သားလေးကို သူသတ်ပစ်ပြီးလောက်ပြီ။

"ကဲပါ နောက်နေတာပါ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"တကယ်တော့ ကျွန်တော်က ရီထျန်းဂိုဏ်းရဲ့ အဝယ်တော်ဌာနမှူး ဝမ်စီခုန်းပါ။ ပြန်သယ်သွားဖို့ တန်တဲ့ဟာများ ရှိမလားဆိုပြီး လာကြည့်တာ။ ကျွန်တော်က လောကကြီးအကြောင်း သိပ်မမြင်ဖူး မသိသေးတော့ ပစ္စည်းတွေမြင်ရင် မဝယ်ဘဲ မနေနိုင်အောင် ဖြစ်ဖြစ်သွားတာ"

"သြော် ဒီလိုကိုး"

"ဒီရီထျန်းဂိုဏ်းက တကယ်ထူးဆန်းတာပဲ။ သူတို့ဆီမှာ ဒီလောက်အစွမ်းထက်တဲ့လူတွေ ရှိနေတာတောင် လောကကြီးအကြောင်း သိပ်မသိကြသေးဘူးတဲ့လား"

"သူတို့ရဲ့မျိုးနွယ်စုက အမှောင်နယ်မြေထဲမှာ မွေးဖွားလာပြီး မကြာသေးခင်ကမှ စကြဝဠာမျိုးနွယ်စုအသိုင်းအဝိုင်းထဲကို ဝင်ရောက်လာတာလည်း ဖြစ်နိုင်တာပဲ"

"ဒါလည်း ဟုတ်တာပဲ။ ပျမ်းမျှသက်ရှိအဆင့် ငါးရှိတဲ့ အဲဒီမျိုးနွယ်စုတုန်းကလည်း ဒီလိုပဲလေ။ သူတို့ရဲ့ မျိုးနွယ်စုက စကြဝဠာမျိုးနွယ်စု အသိုင်းအဝိုင်းထဲကို ပထမဆုံး စမဝင်ခင်ကတည်းက အဆင့်နှစ်ကို ရောက်နေခဲ့တာ"

အမှောင်နယ်မြေဆိုသည်မှာ တွင်းနက်ကြီးတစ်ခုနှင့်တူသော အလွန်ထူးခြားသည့် ဒေသတစ်ခုဖြစ်၏။ ပြင်ပလူများက အတွင်းဘက်သို့ မမြင်နိုင်သလို အတွင်းဘက်ရှိ လူများကလည်း အာကာသကွေးညွှတ်ခြင်းနည်းပညာ သို့မဟုတ် အလင်းထက်မြန်သော အခြားနည်းပညာတစ်ခုခုကို မကျွမ်းကျင်မချင်း အပြင်သို့ ထွက်ခွာနိုင်ခြင်း မရှိပေ။

သို့သော် ကျန်းမုန့်လောင်၏ နောက်ဆက်တွဲစကားက လူတိုင်းကို ဒေါသပေါက်ကွဲစေလုမတတ် ဖြစ်သွားစေပြန်သည်။

"ကျွန်တော်တို့က လောကအကြောင်း သိပ်မသိလို့ ဒီနေ့ ဝယ်စရာလေးတွေ နည်းနည်းများသွားနိုင်တယ်။ ဒီမှာရှိတဲ့ လူအများစုက ချမ်းသာကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က လေလံပွဲတွေမှာ ပါဝင်တဲ့အခါ တခြားလူတွေမှာ ပိုက်ဆံရှိမရှိဆိုတာကို ဘယ်တော့မှ ထည့်မစဉ်းစားဘူး။ သူတို့မှာ ကျွန်တော့်ထက် ပိုများများရှိနေတာတော့ မဟုတ်တာသေချာတယ်"

"ဝမ်စီခုန်းဆိုတဲ့ ဒီကောင်က အမုန်းပွားအောင် လုပ်တဲ့နေရာမှာတော့ ဆရာတစ်ဆူပဲကွ"

"ဒါပေမဲ့ သူပြောတာ အမှန်ပဲ။ အဲဒီနေ့က လီကျားချီရဲ့ ရီထျန်းဂိုဏ်းတိုက်ရိုက်ထုတ်လွှင့်ပွဲမှာ အမှောင်ဒင်္ဂါး ထရီလီယံဆယ်ဂဏန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရောင်းရတယ်လို့ ကြားတယ်။ ငါတို့အားလုံး ပေါင်းလိုက်ရင်တောင် သူချမ်းသာသလောက် ရှိချင်မှရှိမှာ"

"ဘာ။ ဒါဆို ငါတို့က ဘာလို့ ဒီမှာ လေလံလာဆွဲနေကြသေးတာလဲ။ သူ လိုချင်တာမှန်သမျှ အကုန်ဝယ်သွားမှာပဲ မဟုတ်ဘူးလား။ အဲဒီတော့ ငါတို့က ဒီကို သူ့အတွက် အဖော်လာလုပ်ပေးသလို ဖြစ်မနေဘူးလား"

"ဒါတော့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ သူသာ တကယ်ကြီး အဲဒီလိုလုပ်ခဲ့ရင် စကြဝဠာတစ်ခုလုံးနီးပါးကို စော်ကားသလို ဖြစ်သွားမှာပေါ့။ ဘယ်သူမှ အဲဒီလောက်အထိ ရဲတင်းမှာမဟုတ်ပါဘူး"

"ဒါလည်း ဟုတ်တာပဲ"

...

"စကားမစပ် အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ"

ကျန်းမုန့်လောင်က ဆက်ပြောပြန်သည်။

"ဘာလို့လဲဆိုတော့ ဒီနေ့ လေလံပွဲမှာ ခင်ဗျားတို့ထဲက လူအများစု ဘာမှဝယ်နိုင်မှာမဟုတ်လို့ပါ။ တကယ်လို့ ခင်ဗျားတို့ကို စော်ကားမိသလိုဖြစ်သွားရင် အားမနာတမ်း လာရိုက်လို့ရပါတယ်"

"မောက်မာလိုက်တာ။ သူက တော်တော်ဘဝင်မြင့်တာပဲ"

"သူ သေချင်နေတာပဲ"

"မင်းကို ဘယ်သူမှ မမှတ်မိစေနဲ့ပေါ့ကွာ။ မဟုတ်လို့ကတော့ ဒီမြေအောက်ပြပွဲက အထွက်မှာတင် ဇာတ်လမ်းပြတ်ပြီပဲ"

"လူကြီးမင်း ကျေးဇူးပြုပြီး လေလံပွဲအစီအစဉ်ကို အနှောင့်အယှက်မပေးပါနဲ့"

ရှီလင်းနာရှီက ပွဲစီစဉ်သူများထံမှ ကျန်းမုန့်လောင်အား သတိပေးသည့် အချက်ပြကို လက်ခံရရှိခဲ့သည်။

"ကျွန်တော့်ကို အပြစ်တင်လို့ မရဘူးလေ"

ကျန်းမုန့်လောင်လည်း ပခုံးတွန့်ပြလိုက်သည်။

"သူတို့က ကျွန်တော့်ကို အရင်စပြီးဆဲကြတာ။ ကျွန်တော်က ပြန်တုံ့ပြန်ရုံသက်သက်ပါ"

"ဟုတ်ပါပြီ"

ရှီလင်းနာရှီလည်း သတိပေးလိုက်သည်။

"ဒီမှာရှိတဲ့လူအားလုံး လေလံပွဲစည်းမျဉ်းတွေကို မချိုးဖောက်ကြဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးပြုပြီး ရန်စတာမျိုးတွေ မလုပ်ကြပါနဲ့။ လေလံပွဲဆိုတာ အမြင့်ဆုံးဈေးပေးတဲ့သူအတွက်ပါ။ မစ္စတာဝမ်စီခုန်းက သူဝယ်ထားတဲ့ ပစ္စည်းတွေကို ဘာပဲလုပ်လုပ် တခြားဘယ်သူနဲ့မှ မသက်ဆိုင်ပါဘူး"

အာဏာကို ပြသလိုက်သည့်အလား အဆင့်ရှစ်သက်ရှိ အယောက်နှစ်ဆယ်ကျော်ထံမှ အစွမ်းထက်စွမ်းအင်လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာလေရာ လူတိုင်း ကြောက်လန့်တကြား နှုတ်ဆိတ်သွားချေသည်။

"မိန်းကလေးရှီလင်နာရှီက ကျိုးကြောင်းဆီလျော်အောင် တွေးတတ်သားပဲ"

ကျန်းမုန့်လောင်လည်း လက်ချောင်းလေးများဖြင့် အသည်းပုံလေး လုပ်ပြလိုက်သည်။

"ချစ်တယ်နော်"

"ဒါဆိုရင် ရတနာရှာသားရဲလေးကို အခု မစ္စတာဝမ်စီခုန်း ပိုင်သွားပါပြီ။ ဒီထက်ပိုပြီး ဈေးပေးမယ့်သူ မရှိလောက်တော့ဘူးမဟုတ်လား"

ရှီလင်နာရှီက သုံးကြိမ်တိုင်တိုင် မေးလိုက်သည်။

"ဂုဏ်ယူပါတယ် မစ္စတာဝမ်"

"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ တကယ်ကျေးဇူးတင်ပါတယ်ဗျာ"

ကျန်းမုန့်လောင်က ဟန်ဆောင်ပန်ဆောင်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

"အစ်ကိုကြီး ရတနာရှာသားရဲဗျ။ ဒီတစ်ခါတော့ ကျွန်တော်တို့ ထီပေါက်တာပဲ"

ဂါနေးက စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ပြောနေတော့သည်။

"အေးကွ။ ဒီရတနာရှာသားရဲက အရသာဘယ်လိုနေမလဲ မသိဘူးနော်"

ကျန်းမုန့်လောင် နှုတ်ခမ်းသပ်လိုက်လေသည်။

"ယုန်ပေါင်ကင် စားမလား။ ယုန်သားသုပ် စားမလား"

ဂါနေးခမျာ ဆွံ့အသွား​လေသည်။

ခုနလေးတင် "ယုန်လေးတွေက အရမ်းချစ်စရာကောင်းတာကို။ ငါက ယုန်လေးတွေကို ဘယ်လိုလုပ်စားရက်မှာလဲ"လို့ ပြောခဲ့တာ အစ်ကိုကြီးမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ မျက်လှည့်ပြလိုက်သလို ချက်ချင်းကြီး စားတော့မယ်လို့ ပြောရတာလဲ။ အစ်ကိုကြီးက မိစ္ဆာကြီးများလား။

"ခွန်းကို အဓိကဟင်းလျာအဖြစ်ထားပြီး ယုန်ကိုတော့ အမြည်းလုပ်ရမယ်။ ငါဆုံးဖြတ်လိုက်ပြီ။ စီချွမ်းစားဖိုမှူးတွေကို စီချွမ်စတိုင် ယုန်သားသုပ်လေး လုပ်ခိုင်းလိုက်မယ်"

ရိုးရိုးသားသားပြောရလျှင် ရတနာရှာသားရဲသည် ကျန်းမုန့်လောင်အတွက် ထူးထူးခြားခြား စွဲဆောင်မှုမရှိလှပေ။

အဆင့်မြင့် သတ္တုတွေလား။ ဤကမ္ဘာပေါ်ရှိ ထိပ်တန်းအဆင့် သတ္တုများမှာ အဆင့်မြင့်စကြဝဠာများထဲတွင် သာမန်သတ္တုများသာ ဖြစ်လောက်သည်။ သူကိုယ်တိုင် ထိုအရာများကို မရနိုင်သော်ငြား သူ့မိဘနှစ်ပါး သို့မဟုတ် ဘိုးဘေးများက ရနိုင်ပေသည်။ ထို့ကြောင့် ကျန်းမုန့်လောင်၏ မျက်လုံးထဲတွင်မူ ရတနာရှာသားရဲဆိုသည်မှာ သာမန်ယုန်တစ်ကောင်နှင့် မကွာလှပေ။

ဖြုန်းတီးရာကျမကျဆိုသည်မှာ ဤအကောင်က သူဖွင့်မည့် ကံစမ်းမဲဘူးတစ်ဘူးလောက်ပင် တန်ကြေးမရှိပါချေ။ ပင်မနည်းပညာကိုသာ ပိုင်နိုင်ထားမည်ဆိုပါက ငွေရေးကြေးရေးမှာ အသေးအဖွဲကိစ္စတစ်ခုပင်။ ယခုမူ ကျန်းခိုင်တစ်ယောက် နှစ်ပေါင်းနှစ်ထောင်မျှဖြင့် ဤမျှများပြားလှသော စည်းစိမ်ဥစ္စာများကို ဘယ်လိုစုဆောင်းနိုင်ခဲ့သလဲဆိုသည်ကို သူ နားလည်လိုက်ချေပြီ။

အဲဒါက တကယ်ရော ခက်လို့လား။

"တတိယမြောက်လေလံပစ္စည်း"

ရှီလင်နာရှီက အံ့ဩသွားလေဟန် အမူအရာကို ပြသလိုက်သည်။

"ဒါက..."

"မဖြစ်နိုင်တာ။ လေလံမှူးတောင် အံ့သြသွားတာလား"

"ဘာဖြစ်လို့ပါလိမ့်"

"ဘာများပါလိမ့်။"

ပုံရိပ်ထဲတွင် အေးစက်ပြီး မှောင်မိုက်နေသည့် ဂြိုဟ်တစ်ခုပေါ်၌ လက်ထိတ်နှင့် ခြေကျင်းများ အခတ်ခံထားရပြီး အင်္ကျီဗလာကျင်းနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မြေပြင်ပေါ်တွင် ထိုင်နေကြောင်း မြင်လိုက်ရသည်။ သူသည် လောကကြီးအပေါ် စိတ်ပျက်နေဟန်ပင်။

"ကျွန်တစ်ယောက်လား"

"သူက ဘယ်အဆင့်လဲဆိုတာတော့ သေချာမသိဘူး။ ဒါပေမဲ့ လေလံပွဲမှာ ပါလာတယ်ဆိုတော့ အနည်းဆုံး အဆင့်ခြောက်သက်ရှိတော့ ဖြစ်ရမှာပေါ့။ ဟုတ်တယ်မလား"

"ကျွတ် ကျွတ်... အဆင့်ခြောက်သက်ရှိကို ကျွန်အဖြစ် ဖမ်းထားတာလား။ သူ့ဘာသာဆိုရင် စကြဝဠာအင်ပါယာတစ်ခုရဲ့ အရှင်သခင်တောင် ဖြစ်နိုင်တယ်လေ"

"တတိယမြောက် လေလံပစ္စည်းကတော့ သက်ရှိအဆင့် ခုနစ်အထွတ်အထိပ်မှာရှိတဲ့ ကျွန်တစ်ယောက်ပဲ ဖြစ်ပါတယ်"

"ဝိုး"

ဤစကားများ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အံ့သြမှင်တက်သံများ ထွက်ပေါ်လာတော့သည်။

အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိလား။ ဤပုဂ္ဂိုလ်မျိုးမှာ အဆင့်ငါးမျိုးနွယ်စု အတိုင်းအတာရှိသော အဆင့်မြင့်မျိုးနွယ်စု ရာပေါင်းများစွာကို ပိုင်ဆိုင်နိုင်စွမ်းရှိသူပင်။

သူက ဘယ်လိုလုပ်ပြီး ဒီလိုသနားစရာ အခြေအနေမျိုးကို ရောက်နေရတာလဲ။

သို့သော် အဆင့်ခုနစ်အထွတ်အထိပ်သက်ရှိ ကျွန်တစ်ယောက်ဆိုသည်မှာ သမိုင်းတစ်လျှောက် မည်သည့်လေလံပွဲတွင်မှ မရှိခဲ့ဖူးပေ။ အဖွင့်လေလံပစ္စည်း သုံးခုစလုံးက မျှော်လင့်မထားသော စိတ်လှုပ်ရှားမှုများကို ယူဆောင်လာပေးခဲ့သည်။

အကယ်၍ ဈေးနှုန်းသာ သင့်တော်မည်ဆိုလျှင် မိမိတို့၏ မျိုးနွယ်စုကို ကာကွယ်ရန်ဖြစ်စေ၊ နယ်မြေချဲ့ထွင်ရန်ဖြစ်စေ သို့မဟုတ် မိမိတို့၏ မျိုးဆက်များအတွက် သက်တော်စောင့်အဖြစ်ဖြစ်စေ ဤမျှအစွမ်းထက်သော ကျွန်တစ်ယောက်ကို မည်သူမှ ငြင်းဆန်မည်မဟုတ်ပေ။ စျေးနှုန်းကလည်း ကြောက်ခမန်းလိလိ မြင့်မားနေမည်သာ။

"လေလံကြမ်းခင်းဈေးက အမှောင်ဒင်္ဂါး၁၀၀ ထရီလီယံပါ။ တစ်ကြိမ်တိုးတိုင်း တစ်ထရီလီယံထက် မနည်းရပါဘူး"

ထိလွယ်ရှလွယ်သော ကိစ္စဖြစ်သောကြောင့် ဖြစ်ဟန်တူသည်။ ရှီလင်နာရှီက ဤကျွန်၏ နောက်ခံဇာစ်မြစ်ကို အသေးစိတ် မပြောပြခဲ့ပေ။ သို့သော် နောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ် ရှိနေမည်မှာတော့ စိတ်ကူးကြည့်၍ရနိုင်သည်။

"အစ်ကိုကြီး... ကျွန်တော်..."

ဂါနေးကမူ ထိုကျွန်၏ မျက်လုံးများကို ကြည့်ရင်း အံ့သြစရာကောင်းလောက်အောင် ကိုယ်ချင်းစာစိတ်များ ဝင်လာသည်။ သူ့တွင် တတ်နိုင်စွမ်းမရှိသော်လည်း ကူညီချင်စိတ်များ ဖြစ်ပေါ်လာသည်။

"မင်းက ငါ့ကို သူ့ကို ဝယ်စေချင်တာလား"

ကျန်းမုန့်လောင်က ဂါနေး၏ ဆိုလိုရင်းကို နားလည်သည်။

"အစ်ကိုကြီးပဲ ကျွန်တွေအများကြီး ဝယ်ချင်တယ်ဆို။ အဲဒါကြောင့်..."

"အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိဆိုတော့ တကယ်အထင်ကြီးစရာပဲ"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။

"နောက်ကျရင် ငါ ကျွန်တွေအများကြီးဝယ်လိုက်တဲ့အခါ သူ့ကို ငါ့ကိုယ်စား စီမံခန့်ခွဲခိုင်းလို့ ရတာပေါ့။ ဒါဆိုရင် ကြွားလုံးထုတ်တိုင်း ခွန်အားအမှတ်တွေ အများကြီး အကုန်ခံစရာ မလိုတော့ဘူး"

ယခုလောလောဆယ်တွင်မူ ကျန်းမုန့်လောင်သည် အန္တရာယ်များကို ရှောင်ရှားဖို့ ခွန်အအမှတ်များကို သုံးနေရသော်ငြား ဤမျှအစွမ်းထက်သည့် ကျွန်တစ်ယောက်သာ ရှိနေမည်ဆိုလျှင် ကြွားဝါမှုတော်တော်များများက ကုန်ကျစရိတ် လုံးဝရှိတော့မည်မဟုတ်ချေ။

ယောက်ျားတစ်ယောက်က ဆင်းရဲလျှင် ဆင်းရဲမည်။ သို့သော် ခွန်အားအမှတ်များ ပြတ်လပ်နေ၍ မဖြစ်ပါချေ။

"ကောင်းပြီ။ ဒီလူ့ကို ငါယူမယ်"

အမှောင်ဒင်္ဂါး ၁၀၀ထရီလီယံဆိုသည်မှာ စကြဝဠာဒင်္ဂါး ၁၀၀၀၀နှင့် ညီမျှသည်။ အဆင့်ခုနစ် အခြေခံသက်ရှိတစ်ယောက်အတွက်တော့ တန်သော်လည်း အဆင့်ခုနစ် အထွတ်အထိပ် သက်ရှိတစ်ယောက်အတွက်မူ သိပ်မများလှပေ။

ကျန်းမုန့်လောင်လည်း လေလံစနစ်ကို ဖွင့်လိုက်ပြီး အမှောင်ဒင်္ဂါး ၁၀၀၀ထရီလီယံဟု ရိုက်ထည့်လိုက်သည်။

လူအုပ်ကြီးထံမှ အံ့သြမှင်တက်သံများကို မစောင့်တော့ဘဲ ကျန်းမုန့်လောင်က ရန်စကားများကို စတင်ပြောဆိုလိုက်လေသည်။

"ကိုယ့်လူတို့... ကျုပ်ရဲ့အချိန်က တန်ဖိုးရှိတယ်နော်။ ဒီတော့​ လေလံမြန်မြန်ဆွဲကြ။ သွားတိုက်ဆေး ညှစ်နေသလိုမျိုး အချိန်ဆွဲမနေကြနဲ့။ ကျုပ် သွားစရာရှိသေးတယ်"

All Chapters