← Chapters

အခန်း (၈၈၉-၈၉၁)

Vol. 60 Ch. 889-891

အခန်း (၈၈၉-၈၉၁)

Vol. 60 Ch. 889-891

အခန်း ၈၈၉ - မင်းကို မာကာဘာကာလို့ ခေါ်မယ်

"ဒီကောင်က ဘာလာလုပ်တာလဲ။ ဒါက လေလံပွဲရော ဟုတ်သေးရဲ့လား"

ဈေးကို ရုတ်တရက်ကြီး ဆယ်ဆလောက် တင်လိုက်သည့်အတွက် လူတိုင်း အနည်းငယ် မှင်တက်သွားကြပြီး သူတို့ ဈေးထပ်ပေးသင့်မပေးသင့်ဆိုသည်ကို ခဏတာ ဝေခွဲမရဖြစ်သွားကြသည်။

ရီထျန်းဂိုဏ်းက ဝမ်စီခုန်းတစ်ယောက် ပိုက်ဆံ ဘယ်လောက်တောင် သယ်လာသလဲဆိုသည်ကို မည်သူသိနိုင်မည်နည်း။ ပြီးခဲ့သည့်တစ်ခေါက်က လီကျားချီ ပစ္စည်းရောင်းရသမျှပိုက်ဆံ အကုန်သယ်လာခဲ့လျှင် ဤနေရာရှိ အရာအားလုံးကို အသာလေး ဝယ်သွားနိုင်လောက်၏။

"အမှောင်ဒင်္ဂါး ၁.၂ကွာဒရီလီယံ"

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ဈေးခေါ်လိုက်သည်။

"နယ်မြေအေကပဲ"

"ဒီတစ်ခါတော့ စိတ်ဝင်စားစရာပဲ။ ဝမ်စီခုန်းဆိုတဲ့ကောင် ဟိုထိပ်သီးပုဂ္ဂိုလ်တွေနဲ့ ယှဉ်ရဲမလားဆိုတာ ကြည့်ရသေးတာပေါ့"

"ပြောရခက်တယ်။ သူက မိုးမကြောက်လေမကြောက်ပုံစံမျိုးနော်"

"အမှောင်ဒင်္ဂါး၂ကွာဒရီလီယံ"

ဆွေးနွေးသံများ စက္ကန့်အနည်းငယ်မျှ မကြာလိုက်ခင်မှာပင် ကျန်းမုန့်လောင်က တုံ့ဆိုင်းခြင်းမရှိဘဲ ဈေးနှုန်းကို ချက်ချင်းတင်လိုက်သည်။

"၂.၁ကွာဒရီလီယံ"

"ကောင်လေး.. ငါက စကြဝဠာသိုင်းပညာအဖွဲ့အစည်းရဲ့ ဒေသဆိုင်ရာ မန်နေဂျာ ရာယိုင်ဇီပဲ။ အခုတလော ငါ အစွမ်းထက်တဲ့ ကျွန်တစ်ယောက် လိုအပ်နေလို့ပါ။ ငါ့မျက်နှာကို ထောက်ထားပေးပါဦး"

"ရာယိုင်ဇီ ဟုတ်လား။ ဒီလူ့အကြောင်း ငါကြားဖူးတယ်။ စကြဝဠာသိုင်းပညာအဖွဲ့အစည်းမှာ ရာထူးအဆင့်အတန်းမြင့်တဲ့ အဆင့်ရှစ်သက်ရှိလေ"

"ကျွတ် ကျွတ် ကျွတ်... စကြဝဠာသိုင်းပညာအဖွဲ့အစည်းက လူတွေဆိုတော့ ဒါက အဖွဲ့အစည်းအကြီးကြီးပဲ။ စကြဝဠာဘဏ်၊ စကြဝဠာသိုင်းပညာအဖွဲ့အစည်း၊ စကြဝဠာ မဟာမိတ်အဖွဲ့၊ ဒီအင်အားစုသုံးခုက အင်အားအကြီးဆုံးလို့ သတ်မှတ်ခံထားရတာနော်။ ဒီမျက်နှာကိုတော့ ထောက်ထားပေးသင့်တယ်မလား"

"ရီထျန်းဂိုဏ်းက နည်းနည်းတော့ လျှို့ဝှက်ဆန်းကြယ်တယ်ဆိုပေမယ့် ဒီအင်အားစုတွေနဲ့တော့ ဘယ်လိုမှ ယှဉ်လို့မရနိုင်ပါဘူး။ ဒီတစ်ခါတော့ ဝမ်စီခုန်းလည်း အရှုံးပေးရလောက်တယ်"

...

"ရာယိုင်ဇီလား။ မကြားဖူးပါဘူး။ ခင်ဗျားက ကျွန်တော့်အဖေကို သိလို့လား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ရီထျန်းဂိုဏ်းက ဘယ်သူ့ကိုမှ ငါမသိပါဘူး"

"ဒါဆို ကျွန်တော်က ခင်ဗျားကို အကြွေးတင်နေလို့လား"

"...အဲဒီလိုတော့ မဟုတ်ပါဘူး..."

"ကျွန်တော်က ခင်ဗျားအိမ်က ထမင်းကို စားထားဖူးလို့လား"

"မစားဖူးပါဘူး..."

အဓိပ္ပာယ်မရှိသော ဤမေးခွန်းသုံးခုကြောင့် ရာယိုင်ဇီ၏ လေသံကား ပိုတောင့်တင်းမာကျောလာသည်။

"ခင်ဗျားက ကျွန်တော့်မိသားစုကိုလည်း မသိဘူး။ ကျွန်တော်ကလည်း ခင်ဗျားဆီမှာ အကြွေးတင်မနေဘူး။ ခင်ဗျားအိမ်က ထမင်းကိုလည်း စားမထားဖူးဘူးဆိုတော့ ကျွန်တော်က ဘာလို့ ခင်ဗျားမျက်နှာကို ထောက်ထားပေးရမှာလဲ"

ကျန်းမုန့်လောင်လည်း နဝေတိမ်တောင်ဖြစ်ရသည်။

"၃ကွာဒရီလီယံ"

"ကောင်လေး.. မင်းက မင်းရဲ့မျိုးနွယ်စုအတွက် ပြဿနာရှာနေတာပဲ"

ရာယိုင်ဇီ၏ စကားများတွင် ခြိမ်းခြောက်လေဟန် အရိပ်အယောင်များ ပါဝင်နေချေပြီ။

"ညည်းမနေစမ်းပါနဲ့။ ကျွန်တော်က ကြောက်တတ်တယ်များ ထင်နေတာလား"

ကျန်းမုန့်လောင်က ရာယိုင်ဇီ၏ စကားများကို လုံးဝလျစ်လျူရှုလိုက်သည်။

"ခင်ဗျား ဈေးထပ်မခေါ်ဘူးဆိုရင် ကျွန်တော်က ဆက်ခေါ်မှာပဲ။ ၄ကွာဒရီလီယံ"

"???"

"ဘာတွေဖြစ်နေတာလဲ"

"ကိုယ့်ဈေးကိုယ်ပြန်တင်နေတာလား။ ဒါက ဘယ်လိုလုပ်ရပ်ကြီးလဲ"

"ငါတော့ ဇဝေဇဝါတွေဖြစ်ကုန်ပြီ။ ဒါက ဘယ်လိုသတ္တဝါကြီးလဲကွာ"

"ငါတော့ လိုက်မမီတော့ဘူး"

"တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ငွေကြေးစည်းစိမ်မျိုးနဲ့ ကြွားဝါပြနေတဲ့လူစားမျိုးကို မမြင်ဖူးပါဘူးကွာ"

"စကြဝဠာသိုင်းပညာအဖွဲ့အစည်းရဲ့ မျက်နှာကိုတောင် လျစ်လျူရှုရဲတယ်ဆိုတော့ သူက ဘာမှမသိလို့ မကြောက်မရွံ့ဖြစ်နေတာလား။ ဒါမှမဟုတ် သေချာကြိုတင်ပြင်ဆင်ထားလို့လား"

တစ်ဖက်လူဆီက ဈေးတက်မလာသေးဘဲ သူ့လေလံဈေးအပေါ် အမှောင်ဒင်္ဂါး ၁ကွာဒရီလီယံ ထပ်တင်လိုက်သတဲ့။

အဲဒါ ပိုက်ဆံတွေ မဟုတ်ဘူးလား။ မင်း ရူးနေတာလား။ ရူးရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ ချမ်းသာပေးသင့်တယ် မဟုတ်ဘူးလား။

"တကယ့်အရူးတစ်ကောင်နဲ့ လာတိုးနေတာပဲ"

ရာယိုင်ဇီက ကျန်းမုန့်လောင်ရှိရာဘက်သို့ စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ အမှောင်ဒင်္ဂါး ၄ကွာဒရီလီယံဆိုသည်မှာ သူတတ်နိုင်သော ကန့်သတ်ချက်ထက် ကျော်လွန်သွားပြီဖြစ်၏။

"ပိုက်ဆံတွေကို ဒီလောက်တောင် သုံးနေတာ။ နောက်ဆုံးကျန်တဲ့ ရတနာတွေကို မင်း ဘယ်လိုလုမလဲဆိုတာ ကြည့်ချင်သေးတယ်"

"အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိကျွန်ကို အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့တဲ့အတွက် မစ္စတာဝမ်စီခုန်းကို ဂုဏ်ပြုပါတယ်ရှင်"

ရှီလင်နာရှီ၏ မျက်နှာထက်တွင် အပြုံးများဝေဆာနေသည်။ နောက်ဆုံးရရှိသော ဈေးနှုန်းမှာ ခန့်မှန်းထားသည်ထက် နှစ်ဆနီးပါး ပိုများနေသည်မဟုတ်ပါလော။

"သူ့ကို တစ်ခါတည်းခေါ်လာပေးလို့ရမလား"

ကျန်းမုန့်လောင်က ငွေပေးချေမှုကို အပြီးသတ်လိုက်သည်။

"ကျွန်တော်က ကြောက်တတ်တော့ လေလံပွဲပြီးသွားရင် အသေရိုက်သတ်ခံရမှာ ကြောက်လို့။ လုံခြုံရေးအင်အားလေး နည်းနည်းတော့ လိုတယ်"

"ဟားဟားဟား!"

"သူက အသေရိုက်သတ်ခံရမှာကိုလည်း ကြောက်သေးတာလား"

"ရယ်ရပေမယ့် အရမ်းကြီး ရူးကြောင်ကြောင်တော့ မဖြစ်သေးဘူး"

"အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိကျွန်တစ်ယောက်က ဘာအသုံးကျမှာလဲ။ ဒီနေ့ သူက အဆင့်ရှစ်သက်ရှိတစ်ယောက်ထက်မက စော်ကားထားပြီးပြီလေ"

"စောင့်ကြည့်နေလိုက်။ ပွဲကတော့ ကြည့်ကောင်းဦးမှာ"

...

"ပြဿနာမရှိပါဘူးရှင်... ရောင်းချသူကလည်း ကျွန်က ပြပွဲထဲမှာ ရောက်နေပြီလို့ ပြောပါတယ်။ ဒါပေမဲ့ အထူးထိန်းချုပ်ရေးကိရိယာကြောင့် ရှင်ကိုယ်တိုင် သွားဖို့တော့ လိုလိမ့်မယ်"

"သြော်​ ကောင်းပါပြီ"

ကျန်းမုန့်လောင်က လေလံဆွဲခွင့်အာဏာကို ဂါနေးထံသို့ လွှဲပြောင်းပေးလိုက်သည်။

"ဂါနေး.. ငါ ခဏလောက် အပြင်ထွက်လိုက်ဦးမယ်။ နောက်လာမယ့် ပစ္စည်းတွေကို ဟိုငတုံးတွေ လိုချင်တယ်ဆိုရင်တောင် အကုန်သာ ဝယ်လိုက်။ ပိုက်ဆံအတွက် စိတ်မပူနဲ့။ တကယ်လို့ မင်း မရလိုက်ဘူးဆိုရင် မင်းကို ငါ သုံးရက်လောက် အငတ်ထားမယ်"

"စိတ်ချပါ အစ်ကိုကြီး"

ဤသည်မှာ ကျန်းမုန့်လောင်က သူ့အတွက် ပေးသော ပထမဆုံးတာဝန်ဖြစ်သည့်အပြင် ဤမျှရိုးရှင်းပြီး ပျော်စရာကောင်းသော တာဝန်ဖြစ်သောကြောင့် ဂါနေးမှာ အလွန်ဝမ်းသာနေပေသည်။

"တစ်ခုမှ လွတ်မသွားစေရဘူးလို့ ကတိပေးတယ်။ အကုန်ဝယ်ပစ်မယ်"

အနီးအနားရှိ ဝန်ဆောင်မှုဝန်ထမ်းမှာ မျက်နှာကြွက်သားများပင် တွန့်လိမ်သွားရသည်။

ဒီလူတွေက ဘယ်လိုလူတွေလဲ။ သူများတွေကို တမင်သက်သက် ဒုက္ခလိုက်ပေးနေတာလား။

"လူကြီးမင်း... ဒီဘက်ကိုကြွပါ"

ကျန်းမုန့်လောင်အား လမ်းပြပေးရမည့် တာဝန်ရှိသူက သူ့ဘေးသို့ လျှောက်လာလေသည်။ ထို့နောက် သူတို့ ထိုင်ခုံများအောက်ရှိ ဓာတ်လှေကားမှတစ်ဆင့် လေလံပွဲဧရိယာမှ ယာယီထွက်ခွာသွားကြသည်။

"ငါတို့ ဘယ်ကိုသွားမှာလဲ"

"ပစ္စည်းတွေသိမ်းဆည်းထားတဲ့ နေရာကိုပါ"

ထိုဝန်ထမ်းက ဆိုချေသည်။

သာမန်လူများ၏အမြင်တွင် ကျွန်များမှာ မည်မျှပင် အစွမ်းထက်စေကာမူ အနိမ့်ကျဆုံးပင်။ အကြောင်းမှာ သူတို့၏ဘဝကို သူတို့၏သခင်များက ထိန်းချုပ်ထားသောကြောင့်ပင်။ သခင်ဖြစ်သူက အားအနည်းဆုံးလူ ဖြစ်နေလျှင်ပင် အတွေးတစ်ချက်တည်းနှင့်ပင် သူတို့ကို အစဖျောက်၍ ဖျက်ဆီးပစ်နိုင်သည်။

သူတို့ ဂြိုဟ်တစ်ခုမှ အခြားဂြိုဟ်တစ်ခုသို့ ခရီးသွားခဲ့ကြပြီး ဟိုလိုဂရမ်ပုံရိပ်ယောင်တွင် ပြသထားသော ဂြိုဟ်ပေါ်သို့ အမြန်ရောက်ရှိလာခဲ့သည်။ ဂြိုဟ်တစ်ခုလုံးမှာ သံချေးတက်နေသော သံလုံးကြီးတစ်လုံးနှင့် တူနေချေသည်။ အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိ ကျွန်ကို ဤနေရာတွင် အကျဉ်းချထားခြင်းပင်။

"သူ ဘယ်မှာလဲ"

"ကျွန်တော် ဒီမှာပါ။ ဒီမှာပါ"

အဆီပြန်နေသော ရုပ်ရည်ရှိသည့် ဝဖိုင့်ဖိုင့်လူကြီးတစ်ယောက်က အနီးအနားရှိ စုတ်ချာချာအိမ်တစ်လုံးထဲမှ ပြေးထွက်လာသည်။ သူ့မျက်နှာပေါ်ရှိ အဆီပြင်များမှာ သူ့ပခုံးပေါ်ကိုပင် လျှံကျလာမတတ် တုန်ခါနေသည်။

"ခင်ဗျားက ဝယ်သူပေါ့ ဟုတ်လား။ တော်တော်ငယ်သေးတာပဲ။ ဘုရားရေ။ လူကြီးမင်းရဲ့အိမ်က လူကြီးတွေက ဘယ်သူတွေများလဲ"

ထိုလူဝကြီးမှာ လူမှုဆက်ဆံရေး အလွန်ကျွမ်းကျင်ပြီး အလွန်အမင်း ရင်းနှီးဟန်ပြနေပေသည်။

"အဲဒါကို စိတ်ပူမနေနဲ့"

ကျန်းမုန့်လောင်က ထိုလူဝကြီးထံမှ ငွေနံ့များကိုသာ အာရုံခံမိနေသည်။

"လွှဲပြောင်းတဲ့ကိစ္စကိုပဲ ဆက်လုပ်ရအောင်"

"ဟားဟား... ခင်ဗျားက တကယ်လောနေတာပဲ။ ဒါပေမဲ့ နားလည်ပေးလို့ ရပါတယ်။ အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိကျွန်ဆိုတာမျိုးက နှစ်သန်းပေါင်းများစွာကြာတာတောင် တစ်ခါကြုံဖို့ မလွယ်ဘူးလေ"

"ခင်ဗျား သူ့ကို ဘယ်လိုများဖမ်းမိခဲ့တာလဲ"

ကျန်းမုန့်လောင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"သူတို့ ကံဆိုးသွားရုံလေးပါ"

လူဝကြီးက ဆိုလေသည်။

"သူတို့က အဆင့်ရှစ်သက်ရှိတစ်ယောက်ကို သွားစော်ကားမိတာ။ သူ့ရဲ့မျိုးနွယ်စုကို ကာကွယ်ဖို့အတွက် သူက ကျွန်တစ်ယောက်အနေနဲ့ သူ့ကိုယ်သူ အလဲအလှယ်လုပ်ပြီး သူတို့ရဲ့ အသက်တွေကို ကယ်ခဲ့တာပေါ့။ ဒါပေမဲ့ ဒီလိုလုပ်တာက ဘာများထူးခြားသွားလို့လဲ"

"တော်တော်မွန်မြတ်တာပဲ"

ကျန်းမုန့်လောင်က ထိုကျွန်ကို နောက်တစ်ကြိမ် လှမ်းမကြည့်ဘဲ မနေနိုင်လိုက်ပေ။ ထိုကျွန်ကလည်း ကျန်းမုန့်လောင်ကို အကဲခတ်နေပြီး သူ့သခင်လောင်းမှာ ဤမျှငယ်ရွယ်သူတစ်ဦးဖြစ်နေကြောင်း တအံ့တသြ သိလိုက်ရသည်။

"လွှဲပြောင်းမှုကို ဘယ်လိုလုပ်ရမလဲ"

"ဒီမှာ သူ့ရဲ့ထိန်းချုပ်ရေးကိရိယာပါ"

လူဝကြီးက ကျန်းမုန့်လောင်ထံသို့ ချစ်ပ်ပြားတစ်ခု ကမ်းပေးလေသည်။

"ခင်ဗျားရဲ့ ဉာဏ်ရည်တုကို သုံးပြီး တိုက်ရိုက် ထိန်းချုပ်နိုင်ပါတယ်။ ကျွန်ဆီက ပုန်ကန်ချင်တဲ့ စိတ်ကူးပဲဖြစ်ဖြစ် အပျက်သဘောဆောင်တဲ့ အတွေးပဲဖြစ်ဖြစ် ရှိလာတဲ့အခါတိုင်း ခင်ဗျားကို ချက်ချင်းအသိပေးလိမ့်မယ်"

"ဟိုလည်ပတ်ကို မြင်လား"

သူက ကျွန်၏လည်ပင်းထက်ရှိ သတ္တုလည်ပတ်ကို လက်ညှိုးထိုးပြသည်။

"အဲဒါက သူ့ကို တစ်ခါတည်းသတ်ပစ်နိုင်တဲ့ မျိုးရိုးဗီဇအဆိပ်ပါဝင်တဲ့ ထိန်းချုပ်ရေးကိရိယာပဲ။ ဒါပေမဲ့ တစ်ဖက်လူက ခုခံမှုကို စွန့်လွှတ်လိုက်မှသာ ဒါကအလုပ်လုပ်တာ။ အဲဒါကြောင့် ဒီလောက်အဆင့်မြင့်တဲ့ ကျွန်ကို

ဖမ်းဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ခင်ဗျား သိတယ်နော်"

"သူက သူ့မျိုးနွယ်စုအတွက်နဲ့ ခုခံမှုကို စွန့်လွှတ်ခဲ့တာပေါ့"

"ဟုတ်တယ်။ အဲဒါကြောင့် သူက မိုက်မဲတယ်လို့ ပြောရမှာပေါ့။ အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိတစ်ယောက်အနေနဲ့ ထွက်ပြေးလို့ ရသားပဲ။ တကယ်တမ်းကျတော့ သူများကို စော်ကားခဲ့တာက သူမှမဟုတ်တာ"

"ကောင်းပါပြီ။ လွှဲပြောင်းမှု ပြီးစီးသွားပြီ"

လူဝကြီးက ပြုံးလျက် ပြောသည်။

"နောက်နောင် ခင်ဗျား ကျွန်တွေ ထပ်ဝယ်ချင်ရင် ကျွန်တော့်ကို လာရှာလို့ရတယ်။ ကျွန်တော့်ဆီမှာ အဆင့်မြင့်အဆင့်ခြောက် သက်ရှိတွေ အများကြီးရှိတယ်။ ဈေးနှုန်းကိုလည်း ညှိနှိုင်းလို့ရပါတယ်"

"ရပြီ။ ခင်ဗျား သွားလို့ရပြီ"

ကျန်းမုန့်လောင်လည်း ထိုကျွန်ရှိရာသို့ လျှောက်သွားလိုက်သည်။ ထိုကျွန်က မတ်တတ်ထရပ်ပြီးနောက် ဒူးတစ်ဖက် ထောက်လိုက်သည်။ အကယ်၍ သူသာ သခင့်ရှေ့တွင် ဤကဲ့သို့ကျိုးနွံသော အပြုအမူကို မလုပ်ပါက သူ့ကို ပုန်ကန်သူအဖြစ် သတ်မှတ်ပြီး မျိုးရိုးဗီဇအဆိပ်၏ နှိပ်စက်မှုဒဏ်ကို ခံစားရမည်ဖြစ်၏။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"သခင်... ကျွန်တော့်နာမည်အရင်းက မာကာလွိုင်ယာပါ"

ကျွန်ဖြစ်သူကလည်း ပြန်ဖြေသည်။

"ဒါပေမဲ့ သခင်ဆန္ဒရှိရင် တခြားနာမည်တစ်မျိုး ပေးနိုင်ပါတယ်"

"အင်း...ဒီနာမည်က သိပ်ချစ်စရာမကောင်းဘူး"

ကျန်းမုန့်လောင် ခဏမျှ စဉ်းစားလိုက်သည်။

"ကောင်းပြီလေ။ မင်းကို ပိုချစ်စရာကောင်းတဲ့ နာမည်တစ်ခု ပေးမယ်။ အခုကစပြီး မင်းကို မာကာဘာကာလို့ ခေါ်မယ်"

**********************

အခန်း ၈၉၀ - အပြင်အဆင်များကို အဆင့်မြှင့်တင်ခြင်း

"မာ... မာကာဘာကာ"

ကျွန်က ထိုနာမည်ကို နှစ်ခါတိတိ ထပ်ရွတ်လိုက်သည်။ နားထောင်ရအဆင်ပြေပြီး သူ့နာမည်အရင်းနှင့်ပင် အနည်းငယ်ဆင်တူနေသော်လည်း သူ့သခင်က တစ်ခုခုထူးဆန်းနေသလို ခံစားရသဖြင့် စိတ်ထဲတွင် ကသိကအောက်ဖြစ်နေခြင်းကိုမူ ဖယ်ရှား၍ မရနိုင်သေးပေ။

"ဘာမှပြဿနာမရှိဘူးမလား"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါတို့မျိုးနွယ်စုမှာတော့ အဲဒါက အရမ်းရေပန်းစားတဲ့ နာမည်ပဲ"

"ဟုတ်ကဲ့ပါ။ ဒီနေ့ကစပြီး ကျွန်တော့်နာမည်က မာကာဘာကာပါ"

"ဖူး"

ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုများကြောင့် ပုံမှန်အားဖြင့် မိမိကိုယ်ကို ကောင်းစွာထိန်းချုပ်နိုင်သော ကျန်းမုန့်လောင်ခမျာ အသံထွက်၍ ရယ်မိသွားသည်။ နောက်ပြောင်ရုံသက်သက် ရည်ရွယ်ခဲ့သော်လည်း တစ်ဖက်လူ၏ အလွန်တရာ လေးနက်နေသော အမူအရာကြောင့် ရယ်ချင်စိတ်ကို အောင့်ထား၍ မရနိုင်ခဲ့ပေ။

"ကဲ... ဒီထိန်းချုပ်ရေးကိရိယာက အခု မလိုအပ်တော့ဘူး"

ကျန်းမုန့်လောင်က သူ့လက်ထဲရှိ ချစ်ပ်ပြားကို ခြေမွပစ်လိုက်သဖြင့် မာကာဘာကာလည်း အံ့သြထိတ်လန့်သွားရှာသည်။

ဤအဓိပ္ပာယ်ကား သူသည် မာကာဘာကာအား ထိန်းချုပ်နိုင်သည့် အာဏာကို ဆုံးရှုံးသွားပြီဖြစ်၏။ ယခုအချိန်တွင် မာကာဘာကာသာ ကျန်းမုန့်လောင်ကို သတ်ချင်ပါက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် လုံလောက်သည်။

ဤကဲ့သို့သော အဖြစ်အပျက်မျိုး သမိုင်းတွင် ရှိခဲ့ဖူးသည်။ ထိန်းချုပ်မှု လွတ်ကင်းသွားသော ကျွန်များသည် သူတို့၏ သခင်များကို သတ်ဖြတ်၍ စကြဝဠာထဲတွင် လှည့်လည်သွားလာတတ်ကြပြီး နောက်ဆုံးတွင် လူဆိုးများနှင့် ပုန်ကန်သူများဖြင့် ဖွဲ့စည်းထားသော ဂြိုဟ်များ သို့မဟုတ် မျိုးနွယ်စုများထံသို့ သွားရောက်ပူးပေါင်းတတ်ကြသည်။

"ကျွန်တော်က သခင့်ကို သတ်ပစ်မှာမကြောက်ဘူးလား"

မာကာဘာကာက ကျန်းမုန့်လောင်ကို လေးလေးစားစား ပြောလိုက်သည်။

"ငါက သာမန်ကျွန်တစ်ယောက်ကို လိုချင်တာ မဟုတ်ဘူး"

ကျန်းမုန့်လောင်လည်း ရယ်သွမ်းသွေးလိုက်သည်။

"မင်းရဲ့ ဇာတ်လမ်းကို ငါ ကြားပြီးသွားပြီ။ မင်းက မင်းဂြိုဟ်က လူတွေကို ကယ်တင်ဖို့အတွက် ကျွန်အဖြစ် ခံယူခဲ့တယ်ဆိုတာကိုလေ။ မင်းရဲ့ အဲဒီစိတ်ဓာတ်ကို ငါ လေးစားတယ်။ ငါနဲ့ ပူးပေါင်းပါ။ မင်းကို ရီထျန်းဂိုဏ်းရဲ့ ဘယ်လက်ရုံးရာထူးကို ငါ ပေးနိုင်တယ်"

"ရီထျန်းဂိုဏ်းလား"

ကျွန်တစ်ယောက်အနေနှင့် မာကာဘာကာသည် ပြင်ပသတင်းအချက်အလက်များနှင့် များစွာစိမ်းသက်နေသဖြင့် ရီထျန်းဂိုဏ်းဆိုသည်မှာ ဘယ်လိုအရာဖြစ်ကြောင်း သူ လုံးဝ မသိပေ။

"မင်း နောက်မှ သိလာလိမ့်မယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကဲ မင်း သဘောတူလား။ သဘောတူတယ်ဆိုရင် မင်းရဲ့ စိတ်ပိုင်းဆိုင်ရာအမှတ်အသားကို ဒီနေရာမှာ ချန်ထားခဲ့လိုက်"

ကျန်းမုန့်လောင်က သူ့လက်နှစ်ဖက်ဖြင့် ရွှေရောင်အမှတ်အသားတစ်ခုကို ဖန်တီးလိုက်သည်။ ထိုအရာမှာ သူ့ဆရာ လော့ဖုန်းထံမှ သင်ယူခဲ့သော "ဝိညာဉ်တံဆိပ်တုံး" ဟုခေါ်သည့် လျှို့ဝှက်သိုင်းကွက်တစ်ခုဖြစ်ပြီး အချို့ကျွန်များကို ထိန်းချုပ်ရာတွင် အထူးတလည် အသုံးပြုသည်။ ဤအရာသည် ကြမ်းတမ်းသော ထိုထိန်းချုပ်ရေးကိရိယာများထက် များစွာသာလွန်ပြီး သူတို့၏ ဝိညာဉ်များကိုပါ ထိန်းချုပ်နိုင်စွမ်းရှိသည်။

ကျွန်မဖြစ်ခင်က အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိတစ်ဦးဖြစ်ခဲ့သောကြောင့် မာကာဘာကာမှာ ဗဟုသုတကြွယ်ဝသော်လည်း တစ်စုံတစ်ယောက်၏ ရှင်ခြင်းသေခြင်းကို ချုပ်ကိုင်ရန် ဝိညာဉ်ကို ကြိုးကိုင်ခြယ်လှယ်နိုင်သည့် ဤကဲ့သို့သော လျှို့ဝှက်သိုင်းကွက်မျိုးကို တစ်ခါမှ မကြားဖူးပေ။

ရုတ်တရက်ဆိုသလို သူ့ရှေ့ရှိ လူငယ်လေးကို မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သူတစ်ယေယာက်အဖြစ် မြင်လာရသည်။

"ကျွန်တော်က ကတိတည်တဲ့လူပါ"

ခဏမျှ တုံ့ဆိုင်းပြီးနောက် မာကာဘာကာလည်း ထိုတံဆိပ်ပေါ်တွင် သူ့အမှတ်အသားကို ချန်ရစ်လိုက်လေရာ ထိုခဏတွင်ပင် ကျန်းမုန့်လောင်သည် သူ့ဝိညာဉ်ကို ဖမ်းယူထိန်းချုပ်နိုင်သွားသည်။

ကျန်းမုန့်လောင် အလိုရှိပါက အတွေးတစ်ချက်ဖြင့်ပင် မာကာဘာကာအား အလောင်းတစ်လောင်းအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။

ထိုအခိုက်အတန့်တွင် မာကာဘာကာလည်း ကျန်းမုန့်လောင်အပေါ် ကွဲပြားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

လွန်ခဲ့သည့် မိနစ်အနည်းငယ်ကမူ သူသည် ကျန်းမုန့်လောင်အား သူ့သခင်အဖြစ်သာ သတ်မှတ်ထားခဲ့သည်။ ၎င်းမှာ သူ့ကတိကဝတ်တစ်ခုမျှသာဖြစ်ပြီး မည်သည့် စိတ်ခံစားချက်မှ မပါဝင်သော ဆက်ဆံရေးမျိုးပင်။

သို့သော် ယခုအခါတွင်မူ သူ့ကံကြမ္မာသည် ကျန်းမုန့်လောင်နှင့် အပြည့်အဝဆက်နွှယ်သွားပြီဟု ခံစားလိုက်ရပြီး ကျန်းမုန့်လောင်မှာ သူ့အတွက် အင်အားကြီးမားပြီး လေးစားဖွယ်ကောင်းနေတော့သည်။

"ဘာတွေဖြစ်နေတာလဲ"

အလိုလိုသိစိတ်ကြောင့်ဖြစ်စေ၊ အကြောင်းပြချက်တစ်ခုခုကြောင့်ဖြစ်စေ သူသည် ကျန်းမုန့်လောင်အပေါ် ရွံရှာမုန်းတီးမှုမျိုး မရှိတော့ကြောင်း တွေ့လိုက်ရသည်။

"ကောင်းပြီ။ အခုကစပြီး မင်းက ငါ့ရဲ့ရီထျန်းဂိုဏ်းက ဘယ်လက်ရုံးဖြစ်သွားပြီ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဟုတ်ကဲ့ သခင်"

"ငါ့ကို သခင်လို့မခေါ်နဲ့။ ဂိုဏ်းချုပ်လို့ ခေါ်"

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"

ထိုစကားလုံးများက မည်သည့်အဓိပ္ပာယ်ဆောင်ကြောင်း သူ နားမလည်သော်လည်း သူ့အနေနှင့် ကျန်းမုန့်လောင်၏ စကားကို မေးခွန်းထုတ်ခြင်းမရှိဘဲ လိုက်နာခဲ့သည်။

"ဒါနဲ့ မင်းကို အရင်ဆုံး တစ်ခုပြောပြထားမယ်"

ကျန်းမုန့်လောင်က ဆက်ပြောသည်။

"ခုနတုန်းက လေလံပွဲမှာ ငါ လူတော်တော်များများကို စော်ကားခဲ့မိတယ်။ အဲဒီအထဲမှာ အဆင့်ခုနစ်နဲ့ အဆင့်ရှစ်သက်ရှိတွေလည်း ပါသေးတယ်။ ငါ့နောက်ကိုလိုက်ရတာက အရမ်းအန္တရာယ်များတဲ့ ကိစ္စပဲ။ မင်းအနေနဲ့ လေကြွားဆိုပြီး အချိန်မရွေး အသတ်ခံရနိုင်တယ်နော်"

"ဂိုဏ်းချုပ်... ကျွန်တော် မသေမချင်း ဂိုဏ်းချုပ်ကို ဘယ်သူမှ ဒုက္ခပေးလို့မရအောင် ကာကွယ်ပေးပါ့မယ်"

"ငါက အဲဒီလိုသဘောနဲ့ ပြောတာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။

"ငါပြောချင်တာက မင်းရဲ့အပြင်အဆင်တွေကို အဆင့်မြှင့်ဖို့လိုတယ်လို့ ပြောတာ"

"ဒါတော့ သိပ်မလွယ်ဘူး"

မာကာဘာကာခမျာ ခါးသက်သက် ရယ်မောလိုက်သည်။

"ကျွန်တော်က အဆင့်ခုနစ်အထွတ်အထိပ်မှာ တဝဲလည်လည်ဖြစ်နေတာ နှစ်သန်းပေါင်း နှစ်သန်းကျော်ပြီ။ ဥပဒေသတွေရဲ့ အခြေခံကိုတောင် မထိတွေ့ဖူးသေးဘူး။ အဆင့်ရှစ် သက်ရှိတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ချက်ဆိုတာကိုလည်း မမြင်ဖူးပါဘူး"

"ဒါများ ဘာခက်တာမှတ်လို့။ မင်း အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါ ဆေးနည်းနည်း သောက်လိုက်ရုံပဲလေ။ တစ်လုံးတည်းနဲ့ မလောက်ဘူးဆိုရင် နှစ်လုံးသောက်။ နှစ်လုံးတည်းနဲ့ မလောက်ဘူးဆိုရင် ဆယ်လုံးလောက် သောက်ချလိုက်"

ကျန်းမုန့်လောင်က တိုက်ပွဲဧကရာဇ်ဆေးလုံးများနှင့် လင်းလုံဆေးလုံးများကို အသာထုတ်ယူ၍ မာကာဘာကာထံသို့ ပစ်ပေးလိုက်သည်။

"ကိုင်း... ဒီမှာ အဆင့်တက်စေတဲ့ဆေးလုံး... ဒါက ရိုးတွင်းခြင်ဆီနဲ့သွေးပေါင်းစပ်ရေးဆေးလုံး... အင်း.. မူလအစဆေးလုံး၊ ယင်ယန်ဆန်းကြယ်နဂါးဆေးလုံး။ အဲဒါတွေက ဘာလုပ်ပေးလဲဆိုတာတော့ ငါလည်း သေချာမသိဘူး"

ကျန်းမုန့်လောင်က သူ့ကိုယ်ပေါ်ရှိ ပစ္စည်းအမြောက်အမြားကို ထုတ်ယူလိုက်သည်။ ဤအရာများမှာ ဂါနေး ဝယ်ယူခဲ့သော ပစ္စည်းများဖြင့် သူကိုယ်တိုင် ဖော်စပ်ထားသည့် ဆေးအချို့ပင်။

"စမ်းသောက်ကြည့်လိုက်။ အဲဒါတွေက ဘာအာနိသင်တွေပေးမလဲဆိုတာ ငါတောင်မသိဘူး"

"ဟုတ်ကဲ့"

မာကာဘာကာသည် ရိုးတွင်းခြင်ဆီနှင့်သွေးပေါင်းစပ်ရေးဆေးလုံး တစ်လုံးကို သူ့ပါးစပ်ထဲသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ပစ်ထည့်လိုက်သည်။ ၎င်းမှာ အဆိပ်ဖြစ်နေလျှင်ပင် သူကတော့ အသာလေးမျိုချပစ်မည်သာ။

သို့သော် မိနစ်အနည်းငယ်အကြာတွင် ဆေးစွမ်းများ ပျံ့နှံ့လာသည်နှင့်အမျှ မာကာဘာကာ၏ ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်လာခဲ့သည်။

"ကျွန်တော်... ကျွန်တော်... ဂိုဏ်းချုပ် ဒါက..."

"ဘယ်လိုနေလဲ။ ဆေးစွမ်းက ဘာလဲ"

"ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ တံခါးပေါက်ကြီးတစ်ချပ် ပွင့်သွားသလို ခံစားရတယ်။ ကျွန်တော့်ရဲ့ စွမ်းအားနဲ့ သက်ရှိအဆင့်ကတော့ ဘာမှမပြောင်းလဲသွားပေမဲ့ ရုတ်တရက်ကြီး အဆုံးအစမရှိတဲ့ အလားအလာတွေကို ခံစားလိုက်ရတယ်"

"သြော်"

ကျန်းမုန့်လောင်လည်း ကောထန်ကို အသုံးပြု၍ သူ့အား ချက်ချင်း စကင်ဖတ်စစ်ဆေးစေလိုက်သည်။

ယခင်က မာကာဘာကာ၏ အလားအလာညွှန်းကိန်းမှာ ၇၈သာရှိခဲ့သော်လည်း ဤ ရိုးတွင်းခြင်ဆီနှင့် သွေးပေါင်းစပ်ရေးဆေးလုံးကို မျိုချပြီးနောက် သူ့အလားအလာညွှန်းကိန်းမှာ ၉၅အထိ ထိုးတက်သွားသဖြင့် ဂါနေး၏ အဆင့်နှင့်ပင် နီးစပ်သွားသည်။

"ဒီဟာက အလားအလာကို တိုးမြင့်ပေးနိုင်တာပဲ"

ကျန်းမုန့်လောင်က မှတ်ချက်ချလိုက်သည်။

"ဆက်လုပ်။ ကျန်တဲ့ဆေးတွေကိုပါ သောက်လိုက်ဦး"

"ဟုတ်ကဲ့"

မာကာဘာကာသည် ကျန်ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး စိတ်လှုပ်ရှားစွာဖြင့် မျိုချလိုက်သည်။

လင်းလုံဆေးလုံးနှစ်လုံးက မာကာဘာကာအား အာကာသဥပဒေသနှင့် စွမ်းအားဥပဒေသတို့ကို နားလည်သဘောပေါက်စေခဲ့သည်။ ထိုမူလအစဆေးလုံးတစ်လုံးက ဥပဒေသများအပေါ် နားလည်နိုင်စွမ်းကို ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာအထိ မြှင့်တင်ပေးခဲ့ပြီး အဆင့်တက်စေသည့်ဆေးလုံးကမူ...

"ဂိုဏ်းချုပ် ကျွန်တော်... ကျွန်တော့်ရဲ့ သက်ရှိအဆင့် တက်လာတော့မယ်လို့ ခံစားနေရတယ်"

"မဟုတ်ဘူး။ တက်လာရုံတင်မဟုတ်ဘူး။ အဆင့်ကျော်တက်သွားတာ"

ကျန်းမုန့်လောင်၏ အချက်အလက်များအရ မာကာဘာကာ၏ မျိုးရိုးဗီဇအဆင့်မှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ အဆင့်ရှစ် သက်ရှိအဖြစ်သို့ ရောက်သွားရုံသာမက အဆင့်ရှစ်အလယ်အလတ် သက်ရှိအဖြစ်သို့ တစ်ဟုန်ထိုးခုန်တက်သွားခဲ့သည်။

"ဒါက ယင်ယန်ဆန်းကြယ်နဂါးဆေးလုံးရဲ့ အာနိသင်များလား"

ဝတ္ထုများထဲတွင် ဤဆေးမှာ သေခါနီးဆဲဆဲ အစွမ်းထက်သူတစ်ဦးကို ကယ်တင်နိုင်ပြီး ဆိုင်ယန်တစ်ဦး၏ လှုပ်ရှားမှုစွမ်းရည်ကဲ့သို့ သူတို့၏စွမ်းအားကို သိသိသာသာမြှင့်တင်ပေးနိုင်ကြောင်း ကျန်းမုန့်လောင် သတိရလိုက်သည်။

သို့သော် တကယ့်လက်တွေ့တွင်မူ ဤအာနိသင်မှာ ပိုတိုးတက်လာပုံရပြီး အဆင့်တက်နေစဉ်အတွင်း နောက်ထပ်အဆင့်တစ်ခုသို့ ထိုးဖောက်သွားခဲ့သည်။

စကြဝဠာအချိန်တစ်နာရီ မပြည့်ခင်မှာပင် မာကာဘာကာသည် အဆင့်ရှစ်အလယ်အလတ် သက်ရှိတစ်ယောက် ဖြစ်လာခဲ့သည်။

"အခု အဲဒီလူနဲ့ ထပ်ဆုံရင်တောင် သူ့ကို ငါ အနိုင်ယူနိုင်ကောင်းပါရဲ့"

သူတို့မျိုးနွယ်စု ရန်စမိခဲ့သော အင်အားစု၏ ခေါင်းဆောင်ကလည်း အဆင့်ရှစ် အလယ်အလတ် သက်ရှိတစ်ယောက်ပင်။

သူ့သခင်တွင် ကမ္ဘာမြေကို တုန်လှုပ်စေနိုင်လောက်သည့် ဤသို့သော အံ့မခန်းစွမ်းရည်များ ရှိနေလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားပေ။

အပြင်အဆင်များကို အဆင့်မြှင့်တင်သည်ဆိုသည်မှာ ဤအရာလေလား။

"ဒီလောက်နဲ့ မလုံလောက်သေးဘူး"

ကျန်းမုန့်လောင်က ထိုသို့ကြေညာလိုက်ပြီး သိုလှောင်ရေး ကိရိယာတချို့ကို ထုတ်ယူလိုက်၏။

" 'တာထာဂတနတ်ဘုရားလက်ဝါး'၊ 'မဟာကပ်ဘေးကျမ်းစာ'၊ 'မဟာကောင်းကင် အသွင်ပြောင်းလက်ဝါး'၊ 'မိုးကြိုးသုံးထောင် ရွေ့လျားမှု'၊ 'ကောင်းကင်နဲ့မြေကြီး စိုးမိုးရေး ချီသိုင်း' ဒါတွေကို ယူပြီး လေ့လာလိုက်ဦး။ ပြီးသွားရင် ငါ့ဆီပြန်လာခဲ့"

"ဒါတွေက... အဆင့်ရှစ်သိုင်းကျမ်းတွေ အဆင့်ကိုးတွေတောင် ပါသေးတယ်"

တစ်နေ့တည်းတွင် မာကာဘာကာ ကြုံတွေ့ခဲ့ရသော အံ့သြမှုပမာဏမှာ သူ့တစ်သက်တာလုံး ကြုံတွေ့ခဲ့ရသမျှထက် သာလွန်နေသည်။

"ဂိုဏ်းချုပ်... ဒီပစ္စည်းတွေက အရမ်းအဖိုးတန်လွန်းတယ်။ ဒါတွေအကုန်လုံး ကျွန်တော့်ကို ပေးလိုက်တာ။ ကျွန်တော်..."

"ဘာက အဖိုးတန်ရမှာလဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အဲဒါတွေကို ငါ ဒီအတိုင်းကောက်ရလာခဲ့တာ။ ငါ အချိန်ရတဲ့အခါကျရင် မင်းအတွက် အဲဒီထက်ပိုကောင်းတာတွေကို ရှာပေးဦးမယ်။ အခုလောလောဆယ်တော့ ဒါတွေကိုပဲ လေ့လာထားလိုက်ဦး"

"ကောက်ရလာခဲ့တယ် ဟုတ်လား..."

"လာ...လေလံရုံကို ပြန်သွားကြစို့"

ကျန်းမုန့်လောင်က လက်နောက်ပစ်လျက် ယုံကြည်မှုအပြည့်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်ရင်း ပြောလိုက်သည်။

"ငါနဲ့လိုက်ခဲ့။ ဈေးဆက်ဝယ်ကြမယ်"

***********************

အခန်း ၈၉၁ - နှုတ်ဆက်ပါတယ်

"ဒီနေ့ကစပြီး မာကာဘာကာက သခင့်အတွက် သေတဲ့အထိ အလုပ်အကျွေးပြုသွားမှာပါ"

ကျန်းမုန့်လောင် လှည့်ထွက်သွားချိန်မှာပင် မာကာဘာကာသည် သူ့အနောက်တွင် ဒူးတစ်ဖက်ထောက်ချပြီး အရိုအသေပေးလိုက်ပြန်သည်။

ကျေးကျွန်တစ်ယောက် ဖြစ်သွားကတည်းက သူသည် သူ့အနာဂတ်နှင့်ပတ်သက်ပြီး ဝေခွဲမရဖြစ်နေခဲ့သည်။ သူ့ဘဝမှာ သူ့အပိုင်မဟုတ်တော့ဘူးဟုသာ သိတော့သည်။

သို့သော် ဤသခင်လေးက အံ့ဖွယ်ဖြစ်ရပ်၏ အဓိပ္ပာယ်ကို သူ့အား ပြသခဲ့သည်။ သူ့ကို ကျေးကျွန်တစ်ယောက်လို မဆက်ဆံသည့်အပြင် သူ့သက်ရှိအဆင့်နှစ်ဆင့်ကိုပါ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့သေးသည်။ ယခုဆိုလျှင် သူ့မျိုးနွယ်စုကို ကယ်တင်နိုင်သည့် စွမ်းဆောင်ရည်မျိုးပင် သူ့မှာ ရှိနေချေပြီ။

"မင်း ဘာလုပ်နေတာလဲ။ ငါက အဲဒီလိုမျိုးတွေ သဘောမကျဘူးနော်"

ကျန်းမုန့်လောင်က ပြုံးပြီး ပြောလိုက်သည်။

"ဒါနဲ့ မင်း အချုပ်ခံထားရတာ ဘယ်လောက်ကြာပြီလဲ"

"နှစ်ပေါင်း ၁.၂သန်းပါ"

မာကာဘာကာက ပြန်ဖြေ၏။ ဤ၁.၂သန်းသော နှစ်များအတွင်း သူ့အတွက်မူ စစ်ပွဲတစ်ခုပြီးတစ်ခုသာ ကြုံခဲ့ရသည်။ သူနှင့် သူ့သခင်ဟောင်းများက မျိုးနွယ်စုပေါင်းမည်မျှဖျက်ဆီးခဲ့သလဲ။ သူ့လက်တွင် သွေးဘယ်လောက်စွန်းထင်းနေပြီလဲဆိုသည်ကိုပင် သူ မသိတော့ပေ။

သူသည် ငြိမ်းချမ်းရေးကို မြတ်နိုးသော သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး စစ်ပွဲများ၊ သတ်ဖြတ်မှုများကို မနှစ်သက်သော်ငြား သူ့မှာ ရွေးချယ်စရာ မရှိခဲ့ချေ။ သူသာ မလုပ်လျှင် သူသေရမည်ကို ဂရုမစိုက်သော်လည်း သူ့မျိုးနွယ်စုပါ သူနှင့်အတူ မြှုပ်နှံခံရပေလိမ့်မည်။

နောက်ပိုင်းတွင် သခင်အမျိုးမျိုး၏ လက်ထဲသို့ ပြောင်းရွှေ့ခံရပြီးနောက် ယခု ကျန်းမုန့်လောင်ထံသို့ ရောင်းချခံလိုက်ရခြင်းပင်။

"မင်း ငါ့နောက်လိုက်ဖို့ တန်တယ်လို့ထင်ရင် ငါ့နောက်ကို လိုက်နိုင်ပါတယ်။ မင်း လိုချင်တာ မှန်သမျှ ရမယ်လို့တော့ ငါ အာမမခံနိုင်ဘူး။ ဒါပေမဲ့ မင်းမလုပ်ချင်တဲ့ အရာတွေကို ငြင်းဆန်နိုင်အောင်တော့ ငါ လုပ်ပေးနိုင်ပါတယ်"

"ဟုတ်ကဲ့"

ကျန်းမုန့်လောင် မလုပ်နိုင်သည့် အရာဟူ၍ ဤလောကတွင် မရှိကြောင်း မာကာဘာကာ အခိုင်အမာယုံကြည်နေမိသည်။

"ဒါလေး ယူထားလိုက်"

ကျန်းမုန့်လောင်က ဉာဏ်ရည်တုလက်ပတ်တစ်ခုကို မာကာဘာကာအား ပစ်ပေးလိုက်၏။

"မင်း အွန်လိုင်းမတက်ရတာ နှစ်သန်းပေါင်း ၁.၂သန်းတောင် ရှိပြီမလား။ ခေတ်နောက်ကျမကျန်ရစ်အောင် ဒီ ၁.၂သန်းအတွင်း စကြဝဠာကြီးရဲ့ တိုးတက်ပြောင်းလဲမှုတွေကို လေ့လာထားလိုက်ဦး"

"ပြီးတော့ မင်းအတွက် သီးသန့်အကောင့်တစ်ခု ဖွင့်ပေးထားတယ်။ ရီထျန်းဂိုဏ်းရဲ့ဘယ်လက်ရုံးဖြစ်လာတဲ့အတွက် ကြိုဆိုမှုဆုကြေးအဖြစ် စကြဝဠာဒင်္ဂါးပြား တစ်ဘီလီယံထည့်ပေးထားတယ်"

မာကာဘာကာ၏ လက်အစုံကား အနည်းငယ် တုန်ယင်သွားသည်။ သူ အအောင်မြင်ဆုံးအချိန်ကပင် စကြဝဠာဒင်္ဂါးပြား တစ်ဘီလီယံဟူသော ဓနဥစ္စာမျိုးကို မပိုင်ဆိုင်ခဲ့ဖူးချေ။

"ဂိုဏ်းချုပ်... ခင်ဗျားက ဘယ်သူများလဲ။ ပြီးတော့ ခင်ဗျားရဲ့ ရီထျန်းဂိုဏ်းကရော ဘယ်လိုအဖွဲ့အစည်းမျိုးလဲ"

"အချက်အလက်တွေကို မင်းဘာသာမင်း ရှာကြည့်လို့ရပါတယ်"

မာကာဘာကာလည်း ရီထျန်းဂိုဏ်းအကြောင်း အွန်လိုင်းမှာ ချက်ချင်းရှာဖွေကြည့်လိုက်လေရာ သတင်းအချက်အလက်အမြောက်အများကို တွေ့လိုက်ရသည်။

အချက်အလက်များကို ဖတ်လေလေ၊ မာကာဘာကာ၏အမူအရာဟာ ပိုမိုအံ့အားသင့်လာလေပင်။ နောက်ဆုံးမှာတော့ အံ့သြမှင်တက်သွားတော့သည်။

အဆင့်ခုနစ်သိုင်းလက်နက်များကို ဖန်တီးနိုင်ပြီး စကြဝဠာ၏ နိယာမတရားများကို နားလည်သဘောပေါက်စေနိုင်သည့် အံ့ဖွယ်ဆေးလုံးများကို ဖော်စပ်နိုင်သော အဂ္ဂိရတ်ပညာရှင်တစ်ယောက်တဲ့။ ဒါက ဘယ်လို နတ်ဘုရားမျိုးလဲ။

"ဂိုဏ်းချုပ်... အဲဒီအဂ္ဂိရတ်ပညာရှင်နဲ့ အဲဒီ တိုက်ရိုက်ထုတ်လွှင့်သူက ဂိုဏ်းချုပ်ရဲ့မိတ်ဆွေတွေလား"

"သြော်.. မင်းမြင်ရတဲ့ ရီထျန်းဂိုဏ်းသားတွေအားလုံး... အဲဒီအဂ္ဂိရတ်ပညာရှင်နဲ့ တိုက်ရိုက်ထုတ်လွှင့်သူအပါအဝင် အကုန်လုံးက တကယ်တော့ ငါပဲလေ"

ကျန်းမုန့်လောင်အနေနှင့် သူ့လူများကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပါချေ။

"ဒါကြောင့်ကိုး"

ကျန်းမုန့်လောင် သူ့ကို ပေးလိုက်သည့်ပစ္စည်းက ဘာကြောင့် ဤမျှအစွမ်းထက်နေရသလဲဆိုသည်ကို မာကာဘာကာ နောက်ဆုံးတော့ နားလည်သွားသည်။

"ရီထျန်းဂိုဏ်းမှာတော့ ဒီလိုဆေးလုံးမျိုးကို ထမင်းစားသလို စားလို့ရတယ်။ အားလုံးအတွက် အလုံအလောက်ရှိတယ်"

ကျန်းမုန့်လောင်က ရက်ရက်ရောရော ပြောလိုက်၏။

...

"အမှောင်ဒင်္ဂါးပြား ၁၂၅ထရီလီယံ"

"သန်း၁၃၀!"

လေလံပွဲက ဘယ်လိုအရှိန်အဟုန်နှင့် ရှေ့ဆက်နေကြောင်း မည်သူမှ မသိသော်ငြား စကြဝဠာတစ်နာရီကျော် ကြာမြင့်သွားလေပြီ။ ခန့်မှန်းခြေအားဖြင့် လေလံပစ္စည်း အနည်းဆုံး ဆယ်ဂဏန်းလောက်တော့ ရောင်းချပြီးသွားလောက်ပြီ။

ကျန်းမုန့်လောင်နှင့် မာကာဘာကာတို့ဟာ သူတို့နေရာသို့ ပြန်လာခဲ့ကြသည်။ သို့သော် ဤတစ်ခေါက်တွင်မူ သီးသန့်လမ်းကြောင်းက ဝင်မလာတော့ဘဲ အပြင်ဘက်က ပွင့်ပွင့်လင်းလင်း ဝင်လာခဲ့ကြခြင်းပင်။

ဤသည်မှာ အလွန်ကွာခြားလှသည်။ အကြောင်းမှာ အထူးလမ်းကြောင်းသည် လူတစ်ယောက်၏ စွမ်းအင်အရှိန်အဝါကို ပိတ်ဆို့ပေးသည့် လုပ်ဆောင်ချက် ပါဝင်သဖြင့် တစ်ယောက်၏ရုပ်သွင်ကို တစ်ယောက်က မမြင်နိုင်ကြချေ။

သို့သော် ကျန်းမုန့်လောင် ယခုလိုဝင်လာချိန်တွင်မူ သူ့ရုပ်သွင်၊ အရှိန်အဝါနှင့် အခြားအချက်အလက်များအားလုံးက ပေါ်လွင်ထင်ရှားနေတော့သည်။

သူ ပြန်ရောက်လာခြင်းမှာ ချက်ချင်းဆိုသလို အခမ်းအနားတစ်ခုလုံး၏ အာရုံစိုက်ရာ ဖြစ်သွားခဲ့သည်။

"သူ ဒီအတိုင်းပြန်လာတာလား"

"အခု သူ လူဘယ်နှယောက်ကို စော်ကားမိထားလဲဆိုတာ မသိဘူးလား"

"သူ့ကို လူပေါင်းများစွာက မျက်စိဒေါက်ထောက် ကြည့်နေကြလောက်ပြီ။ ခဏနေရင် သူ ဘယ်လိုထွက်သွားမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

"သူ့အနောက်ကလူက ခုနက သူဝယ်ထားတဲ့ သက်တော်စောင့်လား"

"ဟုတ်လောက်တယ်။ နေပါဦး။ ဒါက အဆင့်ခုနစ်အထွတ်အထိပ် သက်ရှိတစ်ယောက်ရဲ့ အရှိန်အဝါမျိုး မဟုတ်ဘူးနော်"

လေလံရုံထဲရှိ အဆင့်ရှစ်သက်ရှိအနည်းငယ်မှာမူ သတိကြီးကြီးထားနေလေဟန် မျက်နှာအမူအရာများ ပေါ်လာကြသည်။

"ဒီအရှိန်အဝါက... သူ့ရဲ့သက်ရှိအဆင့်က အနည်းဆုံးတော့ အဆင့်ရှစ်ကို ရောက်နေပြီ"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပွဲစီစဉ်သူတွေများ အမှားလုပ်မိတာလား"

"မဖြစ်နိုင်ဘူး။ လေလံပစ္စည်းတွေအားလုံးကို တင်းတင်းကျပ်ကျပ် စစ်ဆေးထားပြီးသား။ အမှားရှိခဲ့ရင်တောင် ရောင်းချတဲ့သူက ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး။ ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်"

"အဲဒီကျွန်က အခုလေးတင် အဆင့်တက်သွားတာ"

"ဘာ! ဒါ ဘယ်လိုတောင် မယုံနိုင်စရာ ကံကောင်းမှုကြီးလဲ။ အဆင့်ရှစ်သက်ရှိကျွန်တစ်ယောက်ကို အဆင့်ခုနစ်သက်ရှိဈေးနှုန်းနဲ့ ဝယ်လိုက်ရတာလား။ သောက်ကျိုးနည်း"

"ငတုံးတွေ... ဒါက ကံကောင်းရုံသက်သက်တော့ မဖြစ်နိုင်ဘူး။ မမေ့နဲ့နော်။ အဲဒီအဂ္ဂိရတ်ပညာရှင်က ရီထျန်းဂိုဏ်းကပဲ"

"မင်းပြောချင်တာက ဝမ်စီခုန်းက ဆရာသခင် ဖော်စပ်ထားတဲ့ အံ့ဖွယ်ဆေးလုံးကို အဲဒီကျွန်ကို တိုက်လိုက်လို့ သက်ရှိအဆင့်တက်သွားတာလို့ ပြောချင်တာလား"

"ဒါက... ဒါက သိပ်ကြောက်စရာကောင်းလွန်းတယ်"

"သူက ငါတို့ကို သတိပေးနေတာများလား"

အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိအများအပြားဟာ ကျန်းမုန့်လောင်ကို ပြဿနာရှာမည့် သူတို့၏ အစီအစဉ်များကို လက်လျှော့လိုက်ကြလေပြီ။

"ဟွန့်... အဆင့်ရှစ်သက်ရှိသက်တော်စောင့်တစ်ယောက် ရှိနေတော့ရော ဘာဖြစ်လဲ။ အရင်ကရော အဆင့်ရှစ်သက်ရှိတွေ မသေခဲ့ဖူးလို့လား။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ သက်တော်စောင့် တစ်ယောက်တည်းပဲ ရှိတာပါ"

...

"အစ်ကိုကြီး ပြန်ရောက်လာပြီပဲ"

ကျန်းမုန့်လောင် ပြန်ရောက်လာသည်ကို မြင်သောအခါ ဂါနေးက ဝမ်းသာအားရ မျက်နှာထားဖြင့် ဆိုလိုက်သည်။

"ကျွန်တော် ခုနကပဲ လေလံပစ္စည်းလေးခု ထပ်ဝယ်လိုက်လို့ ဟိုလူအိုကြီးတွေ ဒေါသထွက်ကုန်ကြပြီ။ ဒါပေမဲ့ ကျွန်တော် ပိုက်ဆံတွေအများကြီး သုံးပစ်လိုက်မိတယ်ဗျ"

"ကိစ္စမရှိဘူး။ သူတို့ မရသွားသရွေ့ အဆင်ပြေတယ်။ ငါတို့မှာ ပိုက်ဆံမှမရှားတာ"

ကျန်းမုန့်လောင်က ထိုလေလံပစ္စည်းများကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ထိုအရာများထဲက တစ်ခုကတော့ ပန်းချီဆရာတစ်ယောက်၏ လက်ရာပင်။ ဤပန်းချီဆရာဟာ ကမ္ဘာမြေက သာမန်ပန်းချီဆရာမျိုး မဟုတ်ပါချေ။ သူတို့၏ လက်ရာများမှာ စကြဝဠာ၏ စည်းမျဉ်းတချို့ ပါဝင်ပြီး နိယာမအမျိုးမျိုးကို နားလည်သဘောပေါက်စေရန်ပင် ကူညီပေးနိုင်သည်။ ထိုပန်းချီကားမှာ ဧရာမလျှပ်စီးမုန်တိုင်းကြီးတစ်ခုကို အမိအရရေးဆွဲထားသည်။

ငြိမ်သက်နေသော ပုံရိပ်တစ်ခုဖြစ်သော်ငြား ကျန်းမုန့်လောင်၏ အကြည့်များက ထိုပန်းချီကားပေါ် ရပ်တန့်သွားချိန်ဝယ် သူကိုယ်တိုင် လျှပ်စီးမုန်တိုင်း၏ အလယ်ဗဟိုသို့ ရောက်နေသလို ခံစားလိုက်ရသည်။

"မဆိုးဘူး။ မကောင်းဆိုးဝါးတွေ အန္တရာယ်မပြုနိုင်အောင် တံခါးမှာ ချိတ်ထားလို့ရတယ်"

ကျန်းမုန့်လောင်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။ ကျန်ပစ္စည်းသုံးခုကလည်း အလွန်ကောင်းမွန်လှသည်။ အသုံးမဝင်လျှင်ပင် သူ့စုဆောင်းမှုများထဲတွင် ထည့်ထား၍ရသည်။

"သြော်.. ဂါနေး.. မင်းကို ငါ မိတ်ဆက်ပေးရဦးမယ်။ ဒါက မာကာဘာကာတဲ့။ ဒီနေ့ကစပြီး သူက ရီထျန်းဂိုဏ်းရဲ့ဘယ်လက်ရုံးပဲ"

ကျန်းမုန့်လောင်က မိတ်ဆက်ပေးလိုက်သည်။

"မာကာဘာကာ.. ဒါကတော့ ငါ့တပည့် ဂါနေး"

မာကာဘာကာနှင့် ဂါနေးတို့လည်း အချင်းချင်း အပြုံးဖလှယ်လိုက်ကြသည်။ သူတို့နှစ်ဦးမှာ အလားတူ အတွေ့အကြုံမျိုး ရှိခဲ့ဟန်တူသည်။ သူတို့နှစ်ဦးကြားရှိ သက်ရှိအဆင့်ကွာဟချက်မှာ ဘာအခက်အခဲမှ မဖြစ်စေဘဲ အချင်းချင်း အခက်အခဲများကို အတူတူဖြတ်သန်းခဲ့ရသလို ခံစားချက်မျိုးကိုပင် ခံစားရစေသည်။

"အမှောင်ဒင်္ဂါး၄၀၀ထရီလီယံ"

လေလံဆွဲသည့် တိုက်ပွဲကတော့ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေသည်။

လက်ရှိ လေလံတင်နေသည့် အရာမှာ သက်ရှိသလင်းကျောက်ဟုခေါ်သည့် အရာတစ်ခုပင်။ ထိုအရာမှာ အစုလိုက်အပြုံလိုက် သေဆုံးမှုများရှိသည့် နေရာမှာမှ ဖြစ်ပေါ်လာသော သလင်းကျောက်ဖြစ်ပြီး စကြဝဠာသားရဲများလို လူမဟုတ်သည့် သက်ရှိများအတွက် သူတို့၏ သက်ရှိအဆင့်ကို မြှင့်တင်ဖို့ ကူညီပေးနိုင်သည်။

"အမှောင်ဒင်္ဂါး၅၀၀ထရီလီယံ"

သားရဲမျိုးနွယ်စုရှိ အဆင့်ခုနစ်သက်ရှိတစ်ယောက်ဟာ ကျန်းမုန့်လောင်ဘက်ကို သတိထားကြီးကြီးထားပြီး လှမ်းကြည့်ရင်း ဤဈေးကို ခေါ်လိုက်သည်။

"အမှောင်ဒင်္ဂါးတစ်ထောင်ထရီလီယံ"

ကျန်းမုန့်လောင်လည်း ထိုလူဖြစ်ကြောင်း သိလိုက်သည်နှင့် တုံ့ဆိုင်းမနေဘဲ ဈေးကို တမင်သက်သက် ချက်ချင်း တင်ခေါ်လိုက်၏။

"ဒီနေ့ ဒီလူချောလေး ရောက်နေတာနော်။ မင်းတို့ ငတုံးတစ်သိုက် တစ်ခုလေးတောင် ဝယ်လို့ရမယ်လို့ မထင်လေနဲ့"

"မင်း တစ်ယောက်တည်းပဲ အပိုင်သိမ်းနေတော့မှာလား"

သားရဲမျိုးနွယ်စုရှိ ထိုလူလည်း အဆုံးမှာတော့ သည်းမခံနိုင်တော့ပေ။ သူလိုချင်သည့် ပစ္စည်းတော်တော်များများကိုလည်း လက်လွှတ်ခဲ့ရပြီးပြီ။ သူ ဈေးခေါ်လိုက်သည်နှင့် ကျန်းမုန့်လောင်က ချက်ချင်း ဈေးအပြတ်တင်ခေါ်တတ်သော်ငြား တခြားလူများ လေလံဆွဲသည့်အခါမျိုးတွင် အစောတုန်းက သူ့ကို မစော်ကားထားဖူးလျှင် ကျန်းမုန့်လောင်က ဂရုပင်မစိုက်ပါချေ။

ဒါက သူ့ကို ပစ်မှတ်ထားနေတာ အသိသာချည်းလေ။

ကျန်းမုန့်လောင် ရှိနေသရွေ့တော့ သူ ယနေ့လေလံပွဲတွင် ပါဝင်ခွင့်ရမည်မဟုတ်။

ဤနေရာတွင် အချိန်ဖြုန်းနေမည့်အစား ဝယ်စရာပစ္စည်းကောင်းတစ်ခုခုများ ရှိမလားဟု အခြားနေရာများကို သွားကြည့်ခြင်းကသာ ပိုကောင်းပေလိမ့်မည်။

"ဟမ်... ဘာလို့ပြန်သွားတာလဲ"

ကျန်းမုန့်လောင်က အော်ပြောလိုက်၏။

"မသွားနဲ့ဦးလေ။ မခံနိုင်တော့လို့လား။ တာ့တာ... အခုလိုလာပေးတာ ကျေးဇူးပဲနော်။ နောက်မှပြန်တွေ့ကြတာပေါ့"

All Chapters