အခန်း (၈၉၅-၈၉၇)
Vol. 60 Ch. 895-897
အခန်း ၈၉၅ - အရှင်သခင် သင့်တည်နေရာကို ပို့ပေးပါ
"ဘာ...ငါနားကြားများလွဲတာလား"
"သူက ဒီကိစ္စကို ဝင်မစွက်ဖက်နိုင်ဘူး ဟုတ်လား။ အဲဒါ ဘာသဘောလဲ။ သူ တကယ်ပဲ မစွက်ဖက်နိုင်တာလား။ ဒါမှမဟုတ် မစွက်ဖက်ချင်တာလား"
"သူတို့က တစ်ယောက်နဲ့တစ်ယောက် သိနေသလိုပဲလို့ ငါခံစားမိတယ်။ မင်းတို့ မြင်လိုက်ကြလား။ သူ တစ်စုံတစ်ယောက်ကို ဒီလိုမျိုး နူးညံ့တဲ့အကြည့်နဲ့ ကြည့်တာကို ငါပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
"ငါတော့ နားမလည်တော့ဘူး။ တကယ်နားမလည်တော့တာ"
"ဒီမိန်းမက အမြဲတမ်းပြတ်သားပြီး ရက်စက်တတ်တာ မဟုတ်ဘူးလား။ သူက လူတစ်ယောက်အတွက်နဲ့ သူရဲ့မူဝါဒတွေကို ဘယ်လိုလုပ်ပြီး ချိုးဖောက်နိုင်မှာလဲ။ အဓိပ္ပာယ်မရှိလိုက်တာ"
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက အာရီယာသည် အဆင့်ရှစ်သက်ရှိတစ်ယောက်မျှသာ။ ဤနေရာရှိ လူအများစုမှာ သူ(မ)နှင့် အနည်းအကျဉ်း ထိတွေ့ဆက်ဆံဖူးကြသဖြင့် သူ(မ)၏ စရိုက်လက္ခဏာကို အနည်းငယ် နားလည်ထားကြသည်။
အတိတ်က သူ(မ)၏မူဝါဒများကို ချိုးဖောက်ချင်ခဲ့သူတိုင်းမှာ သနားစရာကောင်းလောက်အောင် သေဆုံးခဲ့ကြရသည်။ သူ(မ) အဆင့်ကိုးသက်ရှိအဖြစ်သို့ ထိုးဖောက်ဝင်ရောက်သွားပြီးနောက်တွင်မူ ပို၍ပင် အေးစက်သွားခဲ့ပြီး သူ(မ)၏ အပြုံးကို မည်သူမှ မမြင်ဖူးကြတော့ပေ။
ယခုလက်ရှိ အာရီယာသည် သူတို့အတွက် အလွန်စိမ်းသက်နေသလို ခံစားရသည်။
အခြားသူများနှင့်ယှဉ်လျှင် ကျန်းမုန့်လောင်က ပို၍ပင် အံ့အားသင့်နေချေသည်။ အကြောင်းမှာ သူသည် ဤအမျိုးသမီးကို မသိကြောင်း သေချာနေပြီး သူတို့ကြားတွင် ဘာပတ်သက်မှုမျှ ရှိစရာအကြောင်း မရှိသောကြောင့်ပင်။
"ခင်ဗျားက ကျွန်တော့်ကို သိလို့လား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"မင်းက ငါ့ကိုမသိပေမဲ့ ငါကတော့ မင်းကိုသိတယ်။ မင်းက ကျန်းခိုင်ရဲ့ မျိုးဆက်မလား"
အာရီယာက ညင်သာစွာ ပြောလိုက်သည်။
"ချီးတဲ့မှပဲ"
ဤအခိုက်အတန့်တွင် ကျန်းမုန့်လောင် အရာအားလုံးကို နားလည်လိုက်သည်။ စောစောက အာရီယာက သူ့ကို ထူးဆန်းသောအပြုံးမျိုး ပြုံးပြပြီး သူ လေလံပွဲကို နှောင့်ယှက်နေသည်ကို ဂရုမစိုက်သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ဤအမျိုးသမီးက ကျန်းခိုင်နှင့် ပတ်သက်မှုတစ်ခု ရှိနေပေသည်။
"ခင်ဗျား... ခင်ဗျားက... ကျွန်တော့်ရဲ့ဘိုးဘေး ကျန်းခိုင်ရဲ့... အာ..."
ကျန်းမုန့်လောင်ခမျာ တဒင်္ဂမျှ သင့်တော်သောစကားလုံးကို ရှာမတွေ့ချေ။
"ငါက သူ့မိန်းမပဲ"
အာရီယာက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"သူက ငါ့ဘဝတစ်လျှောက် တွေ့ဖူးသမျှထဲမှာ အထူးချွန်ဆုံး အမျိုးသားပဲ။ သူက တခြားသူတွေနဲ့ ခဏခဏ ပရောပရည်လုပ်တတ်ပေမဲ့ သူ့အပေါ်ထားတဲ့ ငါ့ရဲ့လေးစားမြတ်နိုးမှုကိုတော့ မထိခိုက်စေခဲ့ပါဘူး"
"ခင်ဗျားက အချိန်တိုအတွင်းမှာ အဆင့်ကိုး သက်ရှိတစ်ယောက်အဖြစ် ရုတ်တရက် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်လို့ ကျွန်တော် ကြားထားတယ်"
"ကျန်းခိုင်က အရမ်းတော်တဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်လေ။ သူ့အတွက်တော့ ဒါက အခက်အခဲတစ်ခု မဟုတ်ခဲ့ဘူး"
"ဝိုး... ဒီမိန်းမက ငါ့ဘိုးဘေးရဲ့ အရူးအမူးပရိသတ်ကြီးပဲ"
ကျန်းမုန့်လောင်က တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး ကျန်းခိုင်တွင် စိတ်ဝင်စားဖွယ် လုပ်ရပ်အချို့ ရှိခဲ့လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ သို့သော် သူ့ဘိုးဘေးက အထင်ကြီးဖို့ကောင်းသည်ဟု ဆိုရပေမည်။
"သူ ဘယ်ကိုသွားလဲဆိုတာ မင်းသိလား"
အာရီယာက မေးလိုက်သည်။
"သူ စကားတစ်ခွန်းမှမပြောဘဲ ထွက်သွားတာ နှစ်ပေါင်းရာနဲ့ချီနေပြီ။ ငါ သူ့ကို အရမ်းလွမ်းတာပဲ"
"ဪ.. သူလား..."
ကျန်းမုန့်လောင်လည်း သူ့အဖေဆီက ကြားထားသော စကားများကို ပြန်သတိရလိုက်သည်။ ကျန်းခိုင်သည် အလှမယ်အမြောက်အများရှိသော အပြိုင်ကမ္ဘာများကို သွားလည်ရသည်ကို အထူးနှစ်သက်ပုံရပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ဆရာမအများစုကိုလည်း မျိုးနွယ် သို့မဟုတ် လိင် မခွဲခြားဘဲ ခေါ်ဆောင်လာခဲ့ခြင်းပင်။
သူအမှတ်မမှားဘူးဆိုလျှင် ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ဆရာမနျဲ့ရှောင်ချန်၊ ဆရာမဝမ်းဒါးဝူးမန်း၊ ဆရာမမယ်ဒူဆာတို့သည် ကျန်းခိုင်နှင့် ပတ်သက်ခဲ့ပုံရသည်။
"သူက အဆင့်ကိုးသက်ရှိအဆင့်ကို ကျော်လွန်ပြီး ပိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးဆီကို ထွက်ခွာသွားတာပါ"
အာရီယာကို ကြမ်းတမ်းသော အမှန်တရားအကြောင်း မပြောပြခြင်းက ပိုကောင်းလိမ့်မည်ဟု ကျန်းမုန့်လောင် တွေးလိုက်သည်။ သို့မဟုတ်ပါက သူ(မ)၏ အသည်းကွဲခြင်းက အမုန်းတရားအဖြစ် ပြောင်းလဲသွားပါက သူ့အတွက် အဆုံးသတ် မကောင်းနိုင်ပေ။
"ထင်ထားတဲ့အတိုင်းပဲ"
ကျန်းမုန့်လောင်၏စကားကို ကြားပြီးနောက် အာရီယာ၏ မျက်လုံးထဲရှိ အလင်းရောင်မှာ ပို၍ပင် တောက်ပလာသည်။ သူ(မ)သည် တစ်ချိန်က ကျန်းခိုင်၏ လွှမ်းမိုးမှုကို အကြီးအကျယ် ခံခဲ့ရပြီး လုံးဝစွဲလမ်းနစ်မွန်းနေကြောင်း သိသာလှသည်။
"အင်းလေ... ဒီစကြဝဠာလေးက သူ့ကို ချည်နှောင်ထားလို့မှ မရတာ"
အာရီယာက သက်ပြင်းချလိုက်သည်။
"မင်း ငါ့အကူအညီ လိုလား"
"ငါ့လူတွေက မင်းကို ဒုက္ခပေးမှာမဟုတ်ပေမဲ့ တခြားသူတွေကတော့ ဒုက္ခပေးလိမ့်မယ်"
အာရီယာက ရယ်မောလိုက်သည်။
"ဟို ကျီတိဖုဆိုတဲ့ ကောင်က ဒီအထွတ်အမြတ်ကျောက်တုံးကို မင်း ဒီအတိုင်းယူသွားတာကို ခွင့်ပြုမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူက အဆင့်ရှစ် အထွတ်အထိပ်သက်ရှိတစ်ယောက်လေ။ ပြီးတော့ ဒီလူတွေလည်း ပါသေးတယ်"
"မလိုပါဘူး"
ကျန်းမုန့်လောင်က ခေါင်းခါပြလိုက်သည်။
"ခင်ဗျားက ခင်ဗျားရဲ့ မူဝါဒတွေကို ချိုးဖောက်ပြီးသွားပြီဆိုတော့ ဒီထက်ပိုပြီး ပါဝင်ပတ်သက်တာ မသင့်တော်ဘူး။ ဒီလေလံပွဲကတော့ ဆက်သွားလို့ရမှာ မဟုတ်တော့ဘူးပေါ့လေ"
"အဲဒါက ဘာအရေးပါလို့လဲ"
အာရီယာက မထီမဲ့မြင်ဟန်ဖြင့် ပြုံးလိုက်သည်။
"လေလံပွဲလေးတစ်ခုပဲလေ။ ငါက အချိန်ဖြုန်းရုံသက်သက်ပဲ။ မင်း သဘောရှိ ကစားနိုင်ပါတယ်"
အာရီယာက လေလံခန်းမ၏ အလယ်သို့ ပြန်သွားလိုက်၏။
"ဒီနေ့ကိစ္စမှာ ငါ ဝင်မစွက်ဖက်ဘူး။ ငါ့ရဲမူဝါဒတွေကို ငါ သစ္စာမဖောက်ဘူး။ ဒါကြောင့် ဘယ်သူ့ကိုမှလည်း ငါ ကူညီမှာမဟုတ်ဘူး။ မင်းတို့ သင့်တော်သလို ဖြေရှင်းနိုင်တယ်"
"သွားကြစို့"
ဤသို့ပြောပြီးနောက် အာရီယာက သူ(မ)၏လူများနှင့်အတူ မထင်မှတ်ထားပါဘဲ ပြန်ထွက်သွားခဲ့သည်။
"သူက ဘာကိုဆိုလိုချင်တာလဲ"
"အဲဒါက သူ ဘာလုပ်လုပ် ဒါမှမဟုတ် ငါတို့ ဘာလုပ်လုပ် ဂရုမစိုက်ဘူးလို့ ဆိုလိုတာလား"
"ဟားဟားဟား။ ဒါဆိုရင် ငါတို့က သူ့ကို ဒုက္ခပေးဖို့ ကုန်စည်ပြပွဲ ပြီးတဲ့အထိ စောင့်နေစရာ မလိုတော့ဘူးပေါ့"
"ဒီကောင်လေး ဒီနေ့တော့သေပြီပဲ"
မူလကတည်းက ကျန်းမုန့်လောင်အပေါ် မကောင်းသော ရည်ရွယ်ချက်များ ထားရှိခဲ့သူများသည် ချက်ချင်းပင် ယုတ်မာရက်စက်လိုဟန် အပြုံးများကို ပြသလာကြသည်။ အာရီယာ၏ တားဆီးမှု မရှိတော့ခြင်းကား သူတို့ ယခုချက်ချင်း လှုပ်ရှားနိုင်ပြီဟု ဆိုလိုသည်။
"သွားကြစို့။ ဒီနေရာက ခဏနေရင် ငရဲခန်းအဖြစ် ပြောင်းသွားတော့မှာ"
"ဒီနေရာကနေ အဝေးဆုံးမှာနေကြ"
"ဒါက ငါတို့ဝင်ပါသင့်တဲ့ ကိစ္စမဟုတ်ဘူး"
အဆင့်ခြောက်အောက် သက်ရှိများမှာ လေလံပွဲကျင်းပရာနေရာမှ ထွက်ပြေးလွတ်မြောက်လာသည့်အလား ချက်ချင်း ထွက်ပြေးသွားကြသည်။ အဆင့်ခြောက်သက်ရှိများပင် ဤနေရာတွင် ဆက်နေပြီး ပွဲကြည့်နေပါက ပြဿနာတက်နိုင်မလားဆိုသည်ကို စဉ်းစားရတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်း ဖြတ်တောက်လိုက်သဖြင့် လေလံခန်းမတွင် ဘာဆက်ဖြစ်သလဲဆိုသည်ကို မည်သူမှ သိတော့မည်မဟုတ်ပေ။
"ဟားဟားဟား.. မင်းလို ငတိလေးတော့ ဒီနေ့ သေချာပေါက် သေရတော့မှာပဲ။ ဘယ်သူကမှ မင်းကို မကာကွယ်ပေးနိုင်တော့ဘူး"
ရက်စက်ယုတ်မာသော အပြုံးနှင့်အတူ ထိတ်လန့်ဖွယ် အသွင်အပြင်ရှိသော လူတစ်ယောက် လေလံပွဲကျင်းပရာနေရာ၌ ပေါ်လာခဲ့သည်။
သူသည် သားရဲမျိုးနွယ်ရှိ ထိုအဆင့်ခုနစ်သက်ရှိပင်။
သူသည် လေလံခန်းမမှ ထွက်မသွားဘဲ နားနေခန်းထဲတွင် သူ့စိတ်ခံစားချက်ကို ထိန်းညှိနေခဲ့ခြင်းပင်။ အခြေအနေများက ဤမျှ စိတ်ဝင်စားစရာကောင်းလောက်အောင် ပြောင်းလဲသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"အထွတ်အမြတ်ကျောက်တုံးကို ယူပြီး ကျွန်တွေအတွက် ရပ်တည်ပေးချင်တာလား။ မင်းမှာ အဲဒီလိုလုပ်ပိုင်ခွင့်ရှိလို့လား"
နယ်မြေအေမှ နောက်တစ်ယောက် ထွက်လာသည်။ သူသည် အရပ်သုံးမီတာကျော် မြင့်ပြီး အဆင့်ရှစ် အထွတ်အထိပ် သက်ရှိတစ်ယောက်၏ အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ သူသည် အာရီယာပြောခဲ့သည့် ကျီတိဖု ဖြစ်ရမည်။
"ကောင်လေး... မင်း ဘယ်လိုလွတ်မြောက်သွားလဲဆိုတာ ငါမသိဘူး"
ကျီတိဖုက ဂါနေးကို ကြည့်လိုက်သည်။
"ဒါပေမဲ့ ငါက မင်းတို့မျိုးနွယ်အပေါ် သဘောကောင်းလွန်းခဲ့ပုံရတယ်"
လူအများစု ထွက်သွားကြသော်လည်း လူရာပေါင်းများစွာ ကျန်ရစ်နေခဲ့သည်။ အားအနည်းဆုံးသူများမှာ အဆင့်ခြောက်သက်ရှိများ ဖြစ်ကြပြီး အသန်မာဆုံးသူမှာ အဆင့်ရှစ်အထွတ်အထိပ်သက်ရှိ ကျီတိဖုပင်။
"လူ၃၂၇ယောက်။ အဆင့်ခြောက်သက်ရှိ ၁၉၅ယောက်၊ အဆင့်ခုနစ်သက်ရှိ ၂၄ယောက်၊ အဆင့်ရှစ်သက်ရှိ ၈ယောက်တောင်ဆိုတော့ မင်းတို့က ငါ့ကို တော်တော်အထင်ကြီးနေကြတာပဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်ပြီးနောက် ကြီးမားလှသော သူ့အုပ်စုလိုက်စကားပြောဝိုင်းကြီးကို တိတ်တဆိတ် ဖွင့်လိုက်သည်။
"တီတီတီ... လူရှိလား"
ကျန်းမုန့်လောင်က 'ကြက်သွန်မြိတ်အမှတ်တစ်ဂရု' နှင့် 'ကြက်သွန်မြိတ်အမှတ်နှစ်ဂရု'ထဲသို့ စာနှစ်စောင် ရိုက်ထည့်လိုက်သည်။
"ညီအစ်ကိုတို့... ထွက်လာခဲ့ကြဟေ့။ ဆရာသခင် ထပ်ရောက်လာပြန်ပြီ"
"အရှင်သခင်... နောက်ကိစ္စတစ်ခုများ ရှိလို့လား"
"အရှင်သခင်... အလုပ်ရှိလို့လား"
ကြက်သွန်မြိတ်အမှတ်တစ်ဂရုသည် ကျန်းမုန့်လောင်က သိုင်းလက်နက်များ သွန်းလုပ်စဉ်က ဖန်တီးခဲ့သော ဂရုတစ်ခုဖြစ်ပြီး အဖွဲ့ဝင်၇၀၀၀ကျော်ရှိကာ အဆင့်ခြောက်သက်ရှိ ၆၈၀၀ကျော်၊ အဆင့်ခုနစ်သက်ရှိ ၂၀၀ကျော်နှင့် အဆင့်ရှစ်သက်ရှိ ၁၂ယောက် ပါဝင်သည်။
ကြက်သွန်မြိတ်အမှတ်နှစ်ဂရု၏ အဖွဲ့ဝင်များမှာ ပို၍ပင် များသေးသည်။ မြေအောက်ဈေးကွက် အရောင်းအဝယ်များနှင့် သူ့ကုန်ပစ္စည်းအရောင်းမြှင့်တင်ရေးများအတွင်း သူသည် ဂရုကို ကြော်ငြာခဲ့လေရာ ဂရုတွင် အဖွဲ့ဝင်၁၅၀၀၀၀ကျော်ရှိပြီး အဆင့်ခုနစ်သက်ရှိ ၄၀၀၀ကျော်နှင့် အဆင့်ရှစ် သက်ရှိ ၂၈၂ယောက်အထိ ပါဝင်လေသည်။
"ညီအစ်ကိုတို့... ငါတို့ရီထျန်းဂိုဏ်းက ညီအစ်ကိုတစ်ယောက်ကို လူတစ်ယောက်က လမ်းပိတ်ထားပြီး အဆင့်ခြောက်သက်ရှိ ၁၉၅ယောက်၊ အဆင့်ခုနစ်သက်ရှိ ၂၄ယောက်နဲ့ အဆင့်ရှစ်သက်ရှိ ၈ ယောက်တို့က ဝိုင်းထားကြတယ်။ ကူညီချင်တဲ့သူ ရှိလား"
"အလကားတော့ မဟုတ်ဘူးပေါ့။ အဆင့်ခြောက် သက်ရှိတွေက စွမ်းအားဆေးလုံးတစ်လုံးစီ၊ အဆင့်ခုနစ်သက်ရှိတွေက နတ်စွမ်းအင်ဆေးလုံး တစ်လုံးစီ၊ အဆင့်ရှစ်သက်ရှိတွေက ကံစမ်းမဲဘူးတစ်ဘူးစီရမယ်"
"အရှင်သခင်.. အဲလိုပြောတာ အရမ်းသူစိမ်းဆန်လွန်းပါတယ်။ ကျွန်တော်တို့က အဲဒီပစ္စည်းလေးတွေကို လောဘတက်နေလို့လား"
"ဟုတ်ပါတယ် အရှင်သခင်... ဆုလာဘ်နဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့က တိုက်ခိုက်ရတာကို သဘောကျလို့ပါ"
"ဆရာသခင်က ကျွန်တော်တို့ကို စိမ်းကားလွန်းတယ်။ ဆရာသခင်က ကျွန်တော်တို့ကို ဘာမှမပေးရင်တောင် ဒီလိုအကူအညီသေးသေးလေးလောက်ကိုတော့ ကျွန်တော်တို့ ကူညီပေးမှာပါ"
"ဒီဂရုထဲမှာ လူတိုင်းက မိသားစုတွေလိုပါပဲ။ ပြောသာပြောလိုက်ပါ။ ကျွန်တော်တို့ လှုပ်ရှားပေးမယ်"
"ညီအစ်ကိုတို့ ထွက်လာခဲ့ကြဟေ့။ လူသွားကယ်ကြမယ်"
"လူများလေ အင်အားပိုတောင့်လေပဲ။ အရှင်သခင်ရဲ့ သူငယ်ချင်းဆိုတာ ငါတို့ရဲ့သူငယ်ချင်းပဲ။ အရှင်သခင်ရဲ့ သူငယ်ချင်းကို ဘယ်ကောင်ကများ ရဲရဲတင်းတင်း လာထိရဲလဲဆိုတာ ကြည့်လိုက်ကြရအောင်"
"အရှင်သခင် တည်နေရာပို့ပေးပါ။ အနီးဆုံးလူတွေ အရင်သွားနှင့်ကြမယ်"
***********************
အခန်း ၈၉၆ - အုပ်စုလိုက်စကားပြောဝိုင်းကို ဝင်ကြည့်လိုက်
ကြက်သွန်မြိတ်ဂရုနှစ်ခုထဲက ဘယ်သူကမှ ကျန်းမုန့်လောင်၏ သတင်းကို နှောင့်နှေးအောင် မလုပ်ရဲကြပေ။ အကယ်၍ လူနည်းနေမည်ဆိုလျှင်မူ သူတို့ တကယ် စဉ်းစားရပေမည်။ ထိုပစ္စည်းများက တန်ဖိုးရှိသော်လည်း သူတို့၏ အသက်ကလည်း ပိုအရေးကြီးသည် မဟုတ်ပါလော။
သို့သော် ဤဂရုထဲတွင် အဆင့်ခြောက်အထက် သက်ရှိပေါင်း တစ်သိန်းကျော်ရှိပြီး တစ်ဖက်လူမှာ ရာဂဏန်းလောက်သာ ရှိသည်။
သူတို့က ဘာကို ကြောက်ရမှာလဲ။
တစ်ယောက်တစ်ပေါက် တံတွေးထွေးချလိုက်လျှင်ပင် သူတို့ကို နစ်သေသွားစေနိုင်သည်။
အကယ်၍ သောင်းနှင့်ချီသော လူအုပ်က လူအယောက်ရာဂဏန်းနှင့် တိုက်ခိုက်သည့်ကြားက ပြန်ခံရသည်ဆိုပါက သူတို့ကိုယ်တိုင် အားနည်းလွန်းနေခြင်းပင်။ တခြားဘယ်သူ့ကိုမှ အပြစ်တင်၍ မရပေ။
"ဆရာသခင်... တည်နေရာပို့ပေးပါ။ ကျွန်တော်တို့ အခုချက်ချင်း လာခဲ့မယ်"
"ဒီမှာပဲ"
ကျန်းမုန့်လောင်က သူ့တည်နေရာကို ချက်ချင်း ပို့ပေးလိုက်သည်။
"ဝူးဟူး... ဆရာသခင်... ခင်ဗျားက စကြဝဠာ မြေအောက်ကုန်စည်ပြပွဲမှာ ရှိနေတုန်းလား"
"ဒါ... ဒါက နည်းနည်းတော့..."
ဤကိုဩဒိနိတ်ကို မြင်လိုက်ရသောအခါ လူအများစုကား တုံ့ဆိုင်းသွားကြသည်။ သိကြသည့်အတိုင်းပင် ဤနေရာမှာ အာရီယာဟူသော အမျိုးသမီး လွှမ်းမိုးထားသည့် နယ်မြေပင်။ အကယ်၍ သူတို့သာ ဤနေရာတွင် ပြဿနာလာရှာပါက အကျိုးဆက်များမှာ အလွန်ဆိုးဝါးသွားနိုင်သည်။
သူတို့တွင် လူအင်အားများသော်လည်း အာရီယာ၏ လက်အောက်ငယ်သားများကလည်း အလွယ်တကူ အနိုင်ယူ၍ရသူများ မဟုတ်ပေ။ အကယ်၍ တိုက်ပွဲသာ ဖြစ်ပွားခဲ့လျှင် လူကယ်ဖို့နေနေသာသာ အာရီယာကိုပင် ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
"စိတ်မပူကြနဲ့။ ငါ သူ့ကို အသိပေးထားပြီးပြီ။ အဲဒီအမျိုးသမီး ဝင်စွက်ဖက်မှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က သူတို့ ဘာကို စိုးရိမ်နေကြကြောင်း သိသဖြင့် နောက်ထပ်စာတစ်စောင် ချက်ချင်းထပ်ပို့လိုက်သည်။
"အရှင်သခင်ရဲ့မျက်နှာက တော်တော်ကြီးတာပဲ။ အာရီယာလို လူမျိုးကတောင် အလျှော့ပေးဖို့ ဆန္ဒရှိတယ်တဲ့"
"အဲဒီလိုဆိုရင်တော့ ပြဿနာမရှိတော့ဘူး။ ကျွန်တော်က ကုန်စည်ပြပွဲမှာ ရောက်နေပြီသားဆိုတော့ အခုချက်ချင်းလာခဲ့မယ်"
"ဆရာသခင်... ဆရာ့သူငယ်ချင်းက ဝမ်စီခုန်းဆိုတဲ့ တစ်ယောက်တော့ မဟုတ်ပါဘူးနော်။ တည်နေရာက လေလံပွဲကျင်းပတဲ့နေရာ ဖြစ်နေတယ်"
"ဟုတ်တယ်။ သူပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါ့သူငယ်ချင်းက ကြွားရတာ အရမ်းသဘောကျတယ်။ မင်းတို့သိတဲ့အတိုင်း ကြွားတဲ့လူတွေက အထိုးခံရတတ်တယ်လေ။ ဒီတစ်ခေါက် နည်းနည်းလက်လွန်သွားတော့ ငါလည်း ဝင်မရှင်းနိုင်တော့ဘူး။ ဒါကြောင့် မင်းတို့ရဲ့အကူအညီကို တောင်းရတာပေါ့"
"ဟားဟားဟား အရှင်သခင်... ဒါက ကိစ္စကြီးမဟုတ်ပါဘူး။ လူငယ်တွေဆိုတာ ကြွားချင်တတ်တာ နားလည်ပေးလို့ရပါတယ်။ ကျွန်တော်တို့သာ ဆရာတို့လို လူငယ်တွေဖြစ်ပြီး အောင်မြင်နေမယ်ဆိုရင် ဒီထက်တောင် ပိုရူးသွပ်နေဦးမှာ"
"ဒါပေါ့ ဆရာသခင်... စိတ်မပူပါနဲ့။ ကျွန်တော် အခု လာနေပြီ"
"ဆရာသခင်... ကျွန်တော်က ကုန်စည်ပြပွဲမှာ မရှိပေမဲ့ သိပ်မဝေးပါဘူး။ ကျွန်တော့်ကို မိနစ်ပိုင်းလောက် အချိန်ပေးပါ"
"တိုက်ဆိုင်လိုက်တာ။ ငါလည်း ဒီမှာပဲ"
"သေစမ်း။ ငါက လမ်းတစ်ဖက်ကူးမှာတင် ရှိနေတာ။ ဆရာသခင်... ခဏပဲစောင့်ပါ။ ဆရာ့သူငယ်ချင်းရဲ့ ဘေးနားကို ကျွန်တော် အခုချက်ချင်းသွားလိုက်မယ်"
ကြီးကျယ်ခမ်းနားလှသော ပွဲကြီးတစ်ခုကို ဤသို့သော ထိပ်တန်းပုဂ္ဂိုလ်များက မည်သို့ပျက်ကွက်မည်နည်း။ ကုန်စည်ပြပွဲဧရိယာထဲမှာပင် လူပေါင်း တစ်သောင်းကျော် ရှိပြီး အနီးအနားမှာ ရှိနေသော အခြားလူအများအပြားကလည်း လာနေကြသည်။
အဝေးမှာရှိနေသူများပင် သူတို့၏ လူမှုကွန်ရက် အဆက်အသွယ်များကို အကောင်းဆုံး အသုံးချနေကြသည်။ သူတို့ကိုယ်တိုင် မသွားနိုင်လျှင်ပင် သူတို့၏ သူငယ်ချင်းများ သွားနိုင်ကြသည်မဟုတ်လော။ ထို့ပြင် အရှင်သခင်၏ မျက်နှာသာပေးမှုကို မရသည့်တိုင် သူတို့သူငယ်ချင်းများ၏ ကျေးဇူးတင်မှုကိုတော့ ရနိုင်သေးသည် မဟုတ်ပါလော။
"ဒါဆို မင်းတို့ကိုပဲ အပ်လိုက်တော့မယ်"
ကျန်းမုန့်လောင်က ဆို၏။
"တကယ်လို့ မင်းတို့ဆီမှာ လက်မှတ်မရှိရင် ငါ့နာမည်ကိုသာ ပြောလိုက်။ ငါက ရီထျန်းဂိုဏ်းက ဂျက်မားလို့"
...
"ဝမ်စီခုန်း မင်းဘာသာမင်း ဒီလမ်းကို ရွေးချယ်ခဲ့တာဆိုတော့ ငါတို့ကို အပြစ်လာမတင်နဲ့။ ဒီနေ့ လေလံပွဲမှာ မင်းရခဲ့တဲ့အရာတွေအားလုံးကို ငါတို့လက်ထဲ လွှဲပေးလိုက်။ ဒါဆိုရင် မင်း ငယ်ရွယ်ပြီး ရိုးအလွန်းတာကို ထောက်ထားတဲ့အနေနဲ့ ငါတို့ ခွင့်လွှတ်ချင် ခွင့်လွှတ်ပေးနိုင်တယ်"
ဤလူအုပ်ထဲတွင် အဆင့်ခုနစ်နှင့် အဆင့်ရှစ် သက်ရှိအမြောက်အများ ရှိနေလျှင်ပင် ကျန်းမုန့်လောင်ကို ရင်ဆိုင်ရသည့်အခါ သူတို့ အနည်းငယ် စိုးရိမ်နေကြဆဲပင်။
ရီထျန်းဂိုဏ်းက မည်သူကမှ အလွယ်တကူ ရန်စ၍ရသူများ မဟုတ်ပေ။ ဤသည်မှာ သူတိုနောက်ကွယ်ရှိ မျိုးနွယ်စုကြီးက မည်မျှကြီးမားသော အင်အားစုကြီးဖြစ်ကြောင်း ဖော်ပြနေသည်။ နောင်တစ်ချိန် ဆုံတွေ့သည့်အခါ မျက်နှာပျက်စရာမရှိအောင် လမ်းဖွင့်ထားပေးသင့်သည်ဟု ဆိုကြသည်။ ထို့ကြောင့် သူတို့အနေနှင့် ဤတစ်ကြိမ် ကျန်းမုန့်လောင်ဝယ်ယူခဲ့သည့် အရာများကိုသာ လိုချင်ကြသည်။
အကယ်၍ သူတို့ သူ့ကို သတ်ပစ်လိုက်ပြီးမှ သူ့တွင် ကြောက်စရာကောင်းသည့် နောက်ခံအင်အားတစ်ခုခု ရှိနေပါက သူတို့လည်း ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။
သို့သော် ကျန်းမုန့်လောင်ကတော့ ထိုခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်ပေ။ သူသည် ပစ္စည်းအချို့ကို အေးဆေးစွာ ထုတ်ယူပြီး ဂါနေးထံသို့ ကမ်းပေးလိုက်သည်။
"ဂါနေး... ငါ့အစား တိုက်ရိုက်ထုတ်လွှင့်ပေးဦး"
"တိုက်.. တိုက်ရိုက်ထုတ်လွှင့်မယ်တဲ့လား"
ဂါနေးခမျာ ပစ္စည်းများကိုပင် သေချာ မကိုင်နိုင်တော့မတတ် ဖြစ်သွားချေသည်။ ယခုလိုအချိန်ကြီးမှာပင် ကျန်းမုန့်လောင်က တိုက်ရိုက်ထုတ်လွှင့်ချင်နေသေးသလား။
"ဒီလောက်စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိစ္စကို ငါတို့က တိုက်ရိုက်မလွှင့်ဘဲ နေရမှာလား"
ကျန်းမုန့်လောင်က ပြောလိုက်၏။ "
"ငါ့အတွက် ထိပ်ဆုံးနေရာအထိ ရောက်အောင် ဝယ်လိုက်။ ပြီးတော့ ဆယ်မိနစ်အစမ်းကြည့်ခွင့် ပေးထား။ ဆယ်မိနစ်ပြည့်သွားရင်တော့ စကြဝဠာဒင်္ဂါးတစ်သိန်း ကောက်လိုက်"
ကျန်းမုန့်လောင်မှာ အထိတ်တလန့်မဖြစ်သည့်အပြင် တိုက်ရိုက်ထုတ်လွှင့်မှုပါ လုပ်နေသည်ကို မြင်လိုက်ရသောအခါ စတိဗ်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။
"ဝမ်စီခုန်း...မင်းဘက်မှာ တစ်ယောက်တည်း ရှိတာနော်။ ငါတို့ဘက်မှာ ၃၂၇ယောက် ရှိတယ်။ မင်း လွတ်အောင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ခုခံမနေနဲ့တော့။ စကြဝဠာတစ်ခုလုံး သိသွားရင်တောင် ဘယ်သူကမှ ဒီကိစ္စကို ဂရုစိုက်မှာမဟုတ်ဘူး"
"ဘာ ၃၂၇ယောက်လဲ။ ၃၂၆ယောက်လေ"
စတိဗ်၏စကားအဆုံးတွင် ကျန်းမုန့်လောင်ထံမှ လုယက်ရန် စီစဉ်နေသော အုပ်စုထဲမှ အဆင့်ခုနစ် သက်ရှိတစ်ယောက် ထွက်လာခဲ့သည်။
"ဟားဟားဟား... မစ္စတာဝမ်စီခုန်း ကျွန်တော်က အရှင်သခင်ဂျက်မားရဲ့ မိတ်ဆွေပါ။ ခင်ဗျားတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို ကျွန်တော် မသိခဲ့ဘူး။ တောင်းပန်ပါတယ် ဟားဟားဟား။ တကယ်တော့ ကျွန်တော်က ခင်ဗျားကိုကူညီဖို့ ရောက်လာတာပါ။ ကျွန်တော်က သူတို့နဲ့ လုံးဝမပတ်သက်ပါဘူး"
ဂါနေးနှင့် မာကာဘာကာတို့၏ အံ့ဩနေသော အကြည့်များအောက်တွင် သူသည် ကျန်းမုန့်လောင်၏ အနောက်သို့ လျှောက်သွားလိုက်သည်။
"မင်းတို့တွေက တော်တော်အောက်တန်းကျတာပဲ။ မစ္စတာဝမ်က ဒီပစ္စည်းတွေကို မျှမျှတတ ဝယ်ယူခဲ့တာလေ။ မင်းတို့ အခုလုပ်နေတာက လုယက်တာနဲ့ ဘာကွာလို့လဲ။ မင်းတို့ကို မြန်မြန်လူစုခွဲဖို့ ငါ အကြံပေးချင်တယ်"
"ဟုတ်တယ်။ ပြောလိုက်စမ်းပါ"
အခြားအဆင့်ခုနစ်သက်ရှိတစ်ယောက်ကလည်း ရှေ့သို့ ထွက်လာခဲ့သည်။
"မင်းတို့တွေ ဘယ်လောက်တောင် အရှက်မရှိလဲဆိုတာ ကြည့်ဖို့အတွက် ငါက ဒီထဲကိုရောဝင်လာခဲ့တာ။ မစ္စတာဝမ်... ကျွန်တော်ကလည်း အရှင်သခင်ရဲ့ သူငယ်ချင်းပါ။ ခင်ဗျားအပေါ် သူတို့ ခြိမ်းခြောက်ခဲ့တာတွေကို ကျွန်တော် မှတ်တမ်းတင်ထားပြီးပြီ"
"ဟားဟားဟား... သဘောထားချင်းတိုက်ဆိုင်တဲ့သူကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ မင်းတို့ရဲ့လုပ်ရပ်တွေက အရမ်းညစ်ပတ်လွန်းတယ်။ ဒါက ငါတို့ စကြဝဠာမျိုးနွယ်စုတွေအတွက် ရှက်စရာပဲ။ မစ္စတာဝမ်... ကျွန်တော်လည်း အရှင်သခင်ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။ ပြီးတော့ ကျွန်တော်က ခင်ဗျားတို့ရီထျန်းဂိုဏ်းရဲ့ ပလက်တီနမ် ဗီအိုင်ပီအဖွဲ့ဝင်တစ်ယောက်ပါ"
"ပလက်တီနမ်အဖွဲ့ဝင်ဆိုတာ ဘာမှမဟုတ်သေးဘူး။ ငါက စိန်ဗီအိုင်ပီကွ"
အဆင့်ရှစ်သက်ရှိတစ်ယောက်က ကျန်းမုန့်လောင်နောက်သို့ ဝင်ရပ်လိုက်သည်။
"မစ္စတာဝမ်... ခင်ဗျားနဲ့ အရှင်သခင်က ရင်းနှီးတဲ့ သူငယ်ချင်းတွေဆိုတာကို ကျွန်တော် မသိခဲ့ဘူး။ ကျွန်တော် ဆင်ခြင်တုံတရား ကင်းမဲ့သွားတာပါ။ တကယ်လို့ သူတို့အနေနဲ့ ခင်ဗျားကို အန္တရာယ်ပြုချင်တယ်ဆိုရင် ကျွန်တော့်ကို အရင်ကျော်ဖြတ်ရလိမ့်မယ်"
"အိုနာ ဂရုထဲကို ဝင်ကြည့်လိုက်"
ဘက်ပြောင်းသွားသော အဆင့်ရှစ်သက်ရှိက လူအုပ်ထဲရှိ အခြားအဆင့်ရှစ်သက်ရှိတစ်ယောက်ကို အော်ပြောလိုက်သည်။
"ဟမ်... ဂရု။ ဘာဂရုလဲ"
"မင်းကို ငါပို့ပေးခဲ့တဲ့ စကားပြောဝိုင်းကြီးပေါ့ကွ"
အိုနာဟုခေါ်သော အဆင့်ရှစ်သက်ရှိက တုံ့ဆိုင်းသွားပြီးနောက် ဂရုကို အမြန်ဖွင့်ကြည့်လိုက်သည်။
"အရှင်သခင်ရဲ့ မိတ်ဆွေလား"
ဝမ်စီခုန်းနှင့် အရှင်သခင်ဂျက်မားတို့ နှစ်ယောက်စလုံးက ရီထျန်းဂိုဏ်းမှ လာကြကြောင်း သူ သိသော်လည်း တစ်နေရာတည်းမှ လာရုံမျှဖြင့် သူတို့အချင်းချင်း သိနေကြသည်ဟု မဆိုလိုပေ။ ထို့ကြောင့် အရှင်သခင်ကို မျက်နှာသာပေးစရာ မလိုဘူးဟု သူ ထင်ခဲ့မိသည်။
သို့သော် ယခုမူ အရှင်သခင်က ကိုယ်တိုင်ကိုယ်ကျ ထုတ်ပြောလာချေပြီ။ အဆင့်ရှစ်သက်ရှိများပင်လျှင် ကျေးဇူးဆပ်သည့်အနေနှင့် ကံစမ်းမဲဘူးတစ်ဘူးကို ရနိုင်မည်ဖြစ်၏။ အကယ်၍ သူသာ ဆက်လက်အရေးယူဆောင်ရွက်နေဦးမည်ဆိုလျှင် ကျေးဇူးကန်းရာကျပေလိမ့်မည်။
"နေဦး။ ငါ့ကိုလည်း ထည့်တွက်လိုက်။ ငါလည်း ဆရာသခင်ကြီးရဲ့မိတ်ဆွေပဲ"
...
ထိုအချိန်တွင် ဂါနေးက တိုက်ရိုက်ထုတ်လွှင့်ရန် ပြင်ဆင်ပြီးသွားပြီဖြစ်၏။ ယနေ့ ပြင်းထန်လှသော ခေါင်းစီးသတင်း ပြိုင်ဆိုင်မှုမရှိသောကြောင့် တစ်မိနစ်လျှင် စကြဝဠာဒင်္ဂါး၂၀ဘီလီယံဟူသည့် ဈေးနှုန်းဖြင့် ကျန်းမုန့်လောင်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ပင်မစာမျက်နှာအကြံပြုချက်တွင် ပါဝင်လာခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်း၏ အမည်မှာ "စကြဝဠာ မြေအောက်ကုန်စည်ပြပွဲ လေလံခန်းမမှ တိုက်ရိုက်ထုတ်လွှင့်မှု"ဟူ၍ပင်။
တရားဝင်ထုတ်လွှင့်မှုများကို ဖြတ်တောက်ထားပြီးဖြစ်သော်လည်း ပြင်ပတိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးက အခင်းဖြစ်ပွားရာနေရာကတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
လူအများစုသည် ဤလေလံပွဲတွင် ဘာဆက်ဖြစ်လာမလဲဆိုသည်ကို သိချင်နေကြသော်လည်း အတင်းအဓမ္မ ဝင်မသွားသရွေတော့ သိချင်စိတ်ကို မျိူသိပ်ထားရုံသာ။ သို့သော် သူတို့အနေနှင့် ထိုသို့လုပ်ရန်လည်း သတ္တိမရှိကြပေ။
ဤတိုက်ရိုက်ထုတ်လွှင့်ခန်း ပေါ်လာသောကြောင့် လူအများအပြား ချက်ချင်းဆွဲဆောင်ခံလိုက်ရပြီး မူလက မြေအောက်ကုန်စည်ပြပွဲကို စိတ်မဝင်စားသူများပင် ကြုံကြိုက်တုန်း ဝင်ရောက်ကြည့်ရှုကြသည်။
သို့သော် အကြောင်းအရာများ စတင်ပေါ်ထွက်လာချိန်တွင် သူတို့ အံ့အားသင့်သွားကြသည်။ ကျန်းမုန့်လောင်ကို တိုက်ခိုက်ရန် ရည်ရွယ်ထားသူများမှာ တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာပြီး ကျန်းမုန့်လောင်၏အနောက်တွင် ဝင်ရပ်ကာ တစ်ဖက်လူများကိုပင် ဆဲရေးတိုင်းထွာနေကြတော့သည်။
ဟေ့လူတွေ... မင်းတို့က ကျန်းမုန့်လောင်ကို ပစ္စည်းတွေလွှဲပေးဖို့ အော်ဟစ်နေကြတဲ့လူတွေ မဟုတ်ဘူးလား။ ဒါက ဘာသောက်ချိုးလဲကွ။
"ဘာတွေဖြစ်ကုန်တာလဲ။ အဲဒီလူတွေက ဝမ်စီခုန်းကို အပြတ်ရှင်းပစ်မလို့ မဟုတ်ဘူးလား။ ဘာလို့ အခုကျမှ သူ့ကို ဝိုင်းကူညီနေကြတာလဲ"
"စောစောက တိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်သွားတဲ့အချိန်အတွင်းမှာ ဘာတွေဖြစ်သွားတာလဲ"
"ဒါက... ပိုပြီးတော့တောင် စည်ကားလာသလိုပဲ"
*************************
အခန်း ၈၉၇ - ရီထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်
"မင်း..."
စတိဗ်ခမျာ သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ပြီး အလွန်အမင်း အံ့ဩသွားသဖြင့် စကားပင် မပြောနိုင်တော့ချေ။ ဤလူများအားလုံး သူ့ကို ပြန်ဆန့်ကျင်ကြလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
ဘာတွေဖြစ်ကုန်တာလဲ။ မိနစ်ပိုင်းအတွင်းမှာတင် ဒီလူတွေအကုန်လုံးက ဘယ်လိုလုပ်ပြီး ဘက်ပြောင်းသွားကြတာလဲ။ တစ်ယောက် နှစ်ယောက်တည်း မဟုတ်ဘူး။ ၃၂၇ယောက်ဆိုတော့ သူတို့အင်အားရဲ့ ထက်ဝက်နီးပါးလောက် ရှိနေတယ်လေ။
အဆင့်ခြောက်နဲ့ အဆင့်ခုနစ်သက်ရှိတွေက ထားပါတော့။
သူ့အတွက်တော့ သူတို့က အမြောက်စာအဆင့်သာ ရှိသည်။ သို့သော် အဆင့်ရှစ်သက်ရှိ နှစ်ယောက် ပါဝင်နေခြင်းမှာမူ အဓိပ္ပာယ် လုံးဝကွာခြားသွားချေပြီ။
"စတိဗ်ဆိုတာ မင်းမလား။ မင်း ဂရုထဲကို မဝင်ထားဘူးထင်တယ်"
ကျန်းမုန့်လောင်က စတိဗ်ဘက်သို့ ခေါင်းခါပြလိုက်သည်။
"ကျန်တဲ့လူတွေက ငါ့ဆီက လုယက်ချင်တယ်ဆိုတာ တကယ်သေချာပြီလား"
"လုယက်တယ် ဟုတ်လား"
စတိဗ်က ပြောလိုက်သည်။
"မင်းက လေလံပွဲရဲ့ စည်းမျဉ်းတွေကို ဖျက်ဆီးပြီး ငါရောင်းမယ့်ပစ္စည်းတွေကို လုယူချင်နေတာလေ။ ဒါကို မင်းက ဆင်ခြေတွေ ပေးနေသေးတာလား"
"ဝူးဟူး... ဒီအကြောင်းကို ပြောချင်တယ်ဆိုရင်တော့ ငါ သေချာနားထောင်ပေးမှာပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"တခြားမျိုးနွယ်စုတွေကို ကျူးကျော်ပြီး ကျွန်ရောင်းကျွန်ဝယ်လုပ်နေတဲ့ မင်းတို့လိုလူတွေက ဘယ်အချိန်ကစပြီး ဒီလောက်တောင် မောက်မာလာကြတာလဲ"
ထိုနေရာရှိ လူအများစုက စတိဗ်ကို သိကြသည်။ သူသည် ဧရာမအဆင့်ငါး အထွတ်အထိပ် မျိုးနွယ်စုတစ်ခုကို ပိုင်ဆိုင်ထားသည့် အဆင့်ရှစ်အထွတ်အထိပ် သက်ရှိတစ်ယောက်ဖြစ်ပြီး သူ့မျိုးနွယ်စုမှာ စကြဝဠာထဲတွင် အဆင့်မြင့်မားစွာ ရပ်တည်နေပေသည်။
သူ့တွင် ကြွယ်ဝသော တိုက်ခိုက်ရေး အတွေ့အကြုံများနှင့် သိုင်းတာအိုအဆင့်ကို ကိုယ်စီပိုင်ဆိုင်ထားကြသည့် အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိ ရာပေါင်းများစွာပါဝင်သော အစွမ်းထက်လှသည့် အထူးတပ်ဖွဲ့တစ်ခု ရှိသည်ဟု ဆိုကြသည်။
ထို့ပြင် သူ့တွင် အဆင့်ငါးအထွတ်အထိပ် မျိုးနွယ်စုများ၏ စံပြစစ်သင်္ဘောအုပ်စု၅၀၀ ကိုလည်း ပိုင်ဆိုင်ထားပြီး တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်တရာ အားကောင်းလှသည်။
လက်ရှိတွင် စတိဗ်သည် လုံခြုံရေးနှင့် ကြေးစားဝန်ဆောင်မှုများကို အပေါ်ယံပံ့ပိုးပေးနေသည့် ကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း သူ၏အကြီးဆုံးလုပ်ငန်းမှာ ကျွန်ကုန်သွယ်ရေးလုပ်ငန်း ဖြစ်ကြောင်း လူတိုင်းသိကြသည်။
သူသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုဟူ၍ ခေါင်းစဉ်တပ်ကာ ဖွံ့ဖြိုးမှုနည်းပါးသော မျိုးနွယ်စုများကို မကြာခဏ လုယက်လေ့ရှိ၏။ ထို့နောက် ဂြိုဟ်များနှင့် ကျွန်များကို အရောင်းအဝယ် ပြုလုပ်တတ်သည်။ သူ၏ ကျွန်ကုန်သွယ်ရေးလုပ်ငန်းမှာ စကြဝဠာထဲတွင် ထိပ်ဆုံးငါးခုစာရင်းဝင်ဖြစ်၏။
သို့သော် သူက အရှက်မရှိယုတ်မာနေသော်လည်း လေးစားခံရသည့်ပုံစံမျိုး ဟန်ဆောင်ချင်နေသေးသည်။ အပြင်လူများအတွက်တော့ သူသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ အစွမ်းထက်သိုင်းပညာရှင်တစ်ဦးဖြစ်သော်လည်း နောက်ကွယ်တွင်မူ သူသည် ကျူးကျော်သူတစ်ဦးပင်။
လူတော်တော်များများက ဤအချက်ကို သိထားသော်လည်း သူ့အာဏာကြောင့် မည်သူကမှ သူ့မျက်နှာတည့်တည့်တွင် ထုတ်မပြောရဲကြပေ။
ကျန်းမုန့်လောင်ထံမှ ဖော်ကောင်လုပ်ခံလိုက်ရသောကြောင့် သူလည်း အရှက်ကွဲသွားပြီး ချက်ချင်း ဒေါသထွက်သွားလေသည်။
"ကောင်လေး... ငါ စိတ်ပြောင်းသွားပြီ။ မင်းနောက်ကွယ်က မျိုးနွယ်စုက ဘယ်လောက်ပဲ အင်အားကြီးကြီး ဒီနေ့ ဒီနေရာကနေ မင်း ထွက်သွားလို့ရမယ်မထင်နဲ့"
"ဆောရီးပဲ... ငါလည်း ထွက်သွားဖို့ အစီအစဉ်မရှိပါဘူး"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"မင်းတို့က ဆက်နေဖို့ ဆုံးဖြတ်ထားမှတော့လည်း ကောင်းပြီလေ။ ယောကျ်ားလေးတွေက ဘယ်ဘက်ကိုသွား...မိန်းကလေးတွေက ညာဘက်ကိုသွား။ ဟိုမရောက်ဒီမရောက်တွေက အလယ်မှာနေ။ မင်းတို့ဆီက ပစ္စည်းတွေနဲ့ ပိုက်ဆံတွေ အကုန်ထုတ်ပေးကြစမ်း။ ဒါ ဓားပြတိုက်နေတာနော်"
"ဓားပြတိုက်တာလား"
"သူတို့ဘက်က အရေအတွက်က သိပ်မကွာဘူးဆိုပေမဲ့ ဟိုဘက်မှာ အဆင့်ရှစ်သက်ရှိ ခြောက်ယောက်တောင် ရှိတယ်လေ။ သူ့ဘက်မှာ သုံးယောက်တည်းရှိတာကို သူက ဓားပြတိုက်ရဲသေးတယ်ပေါ့"
"သူ ရူးများရူးနေတာလား"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများအားလုံး ဆွံ့အသွားကြသည်။ လက်ရှိ အင်အားကွာဟချက်အရ စတိဗ်နှင့် သူ့လူများမှာ ကျန်းမုန့်လောင်ကို အင်အားအနည်းငယ်စိုက်ရုံဖြင့် ရှင်းပစ်နိုင်ပေသည်။
ထိုအဆင့်မြင့်သက်ရှိများက ကျန်းမုန့်လောင်ကို ကာကွယ်ရန် ဘာကြောင့် ရုတ်တရက် ဘက်ပြောင်းသွားကြသလဲဆိုသည်ကို သူတို့ မသိသော်လည်း အကယ်၍ သူတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာပါက သူ့ကို ကာကွယ်ရန်အတွက် သူတို့၏အသက်ကို စတေးရဲကြမည် မဟုတ်ပေ။
လူတိုင်း ဇဝေဇဝါဖြစ်နေချိန်တွင် ကျန်းမုန့်လောင်က ကင်မရာဘက်သို့ ရုတ်တရက်လှည့်လိုက်သည်။
"ဟေး... တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေတဲ့ လူတွေ လက်ဆောင်လေးတွေ ပို့ပေးကြပါဦး။ ဒီအဆင့်ခုနစ်နဲ့ အဆင့်ရှစ်သက်ရှိတွေ သီချင်းဆိုတာကို ကြည့်ချင်ရင် ၁ကိုနှိပ်။ ကတာကိုကြည့်ချင်ရင် ၂ကိုနှိပ်၊ မျက်လှည့်ပြတာကို ကြည့်ချင်ရင် ၃ ကိုနှိပ်ပါ..."
"မင်းတော့ သေချင်နေတာပဲ"
အဆုံးတွင်မူ စတိဗ်လည်း သည်းမခံနိုင်တော့ပေ။ ကျန်းမုန့်လောင်က သူတို့ကို မျောက်များနှယ် သဘောထားနေသည်ဟု ခံစားလိုက်ရသည်။
"ခဏနေဦး"
ကျန်းမုန့်လောင်က လက်ကို ဆန့်ထုတ်လိုက်၏။
"မလှုပ်ရှားခင် ဘယ်သူ့မှာ လူအင်အားပိုများလဲဆိုတာကို အရင်အတည်ပြုချင်သေးလား"
"အဲဒါ ဘာကိုဆိုလိုချငါတာလဲ"
စတိဗ်ခမျာ ဇဝေဇဝါဖြစ်သွားပြီး ရုတ်ခြည်းဆိုသလို နိမိတ်မကောင်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
"မင်းကိုပြောဖို့ မေ့နေတာ။ ငါက ရီထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ ငါက အုပ်စုဖွဲ့ပြီး ချရတာကို ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး။ လူတွေ ခေါ်ထားပြီးပြီ"
ကျန်းမုန့်လောင်က ပါးစပ်ဖြင့် ဟန်လုပ်ပြလိုက်၏။
"ငါက စာအများကြီး ဖတ်ထားတာ။ မင်းကို လိမ်မပြောဘူးနော်။ မယုံရင် မင်းဘာသာ သွားစစ်ကြည့်လိုက်"
ရုတ်ခြည်းပင် စတိဗ်၏ စိတ်စွမ်းအင်နယ်ပယ်ထဲတွင် အစွမ်းထက်လှသော သက်ရှိစွမ်းအင်လှိုင်းလုံးကြီးများ ပေါ်ပေါက်လာသည်။ တစ်ယောက်၊ နှစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ...
ရုတ်တရက်ဆန်ဆန် ပေါ်ထွက်လာသော ဤလူများထဲတွင် မည်သူကမှ အဆင့်ခြောက် သက်ရှိအောက် မနိမ့်ကြချေ။
ဂြိုဟ်တစ်လုံးရှိ ကုန်စည်ပြပွဲကျင်းပရာနေရာ၏ အနက်ရှိုင်းဆုံးအပိုင်းတွင် အာရီယာက ဝိုင်ကောင်းကောင်းတစ်ခွက်ကို သောက်ရင်း ကျန်းမုန့်လောင်နှင့် စတိဗ်တို့ ထိပ်တိုက်ရင်ဆိုင်နေသည့် ဟိုလိုဂရမ်ပုံရိပ်ကို ဖွင့်ကြည့်နေပေသည်။
"သခင်မလေးအာရီယာ.... အဆင့်မြင့်သက်ရှိတွေအများကြီး ကျွန်တော်တို့ရဲ့ ကုန်စည်ပြပွဲဆီကို ဦးတည်လာနေပါတယ်"
အဆင့်ရှစ်သက်ရှိတစ်ယောက်၏ အသံက သူ(မ)၏နားထဲတွင် တီးတိုးထွက်ပေါ်လာသည်။
"ဒါကို ဘယ်လိုဖြေရှင်းရမလဲ။ သူတို့ကို တားလိုက်ရမလား"
"မလိုဘူး"
အာရီယာ၏ နှုတ်ခမ်းနီနီလေးကား အနည်းငယ် လှုပ်ရှားသွားသည်။
"သူတို့ကို ဝင်ခွင့်ပြုလိုက်။ ဝင်ကြေးကောက်စရာမလိုဘူး။ ကလေးက ကစားချင်နေမှတော့ သူ့စိတ်တိုင်းကျကစားပါစေ"
"သခင်မ... ဒီလူငယ်လေးကို ဘာလို့ ဒီလောက်တောင် မျက်နှာသာပေးနေတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်တော့ဘူး"
"မင်းနဲ့ မဆိုင်တာတွေကို ဝင်မစွက်ဖက်နဲ့"
အာရီယာ၏ လေသံမှာ အေးစက်သွားသည်။
"ကိုယ့်အလုပ်ကိုယ် သေချာလုပ်"
"ဟုတ်ကဲ့"
ထိုအဆင့်ရှစ်သက်ရှိခမျာ သွေးများ ခဲသွားသလို ခံစားလိုက်ရသည်။
"ရီထျန်းဂိုဏ်း ဝမ်စီခုန်း... တကယ်ပဲ ဘယ်သူများလဲ"
...
ပထမဆုံး ရောက်လာသူမှာ အဆင့်ခုနစ် သက်ရှိတစ်ယောက်ပင်။ သူသည် နှစ်ဖက်စလုံးကို အကဲခတ်လိုက်ပြီးနောက် ကျန်းမုန့်လောင်ဆီသို့ လျှောက်သွားလိုက်၏။
"ခင်ဗျားက အရှင်သခင်ဂျက်မားရဲ့ သူငယ်ချင်းလား"
"ဟုတ်တယ်။ ကျုပ်ပဲ"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။
သူလည်း စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ကျန်းမုန့်လောင်၏ဘေးတွင် တိတ်တဆိတ် ရပ်လိုက်သည်။
"ဆရာသခင်က ခင်ဗျားကို လာကူညီခိုင်းလိုက်လို့ပါ"
လေလံပွဲကျင်းပရာ ခန်းမထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ သူတို့က ကျန်းမုန့်လောင် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် သူ့ဘက်သို့ သွားရောက်ပူးပေါင်းကြသည်။
တစ်စက္ကန့်ပြည့်တိုင်း လူအသစ်များ ထပ်ရောက်လာပြီး တစ်ခါတစ်ရံ တစ်ယောက် သို့မဟုတ် နှစ်ယောက်တည်းဖြစ်တတ်သော်ငြား တစ်ခါတစ်ရံတွင် ဒါဇင်နှင့်ချီ၍ အုပ်စုလိုက် ပေါ်လာတတ်သည်။ ကျန်းမုန့်လောင်၏ နောက်ကွယ်ရှိ လူအရေအတွက်မှာ ပိုမိုများပြားလာသည်။
မကြာခင်မှာပင် သူ့အနောက်ရှိ လူအရေအတွက်က စတိဗ်နှင့် သူ့လူများထက် ကျော်သွားလေသည်။
"စတိဗ်... ဆရာသခင်ရဲ့ သူငယ်ချင်းကိုတောင် စော်ကားရဲတယ်ဆိုတော့ တော်တော်အတင့်ရဲတာပဲ"
ဟက်ဟက်ပက်ပက် ရယ်မောသံနှင့်အတူ တောင့်တင်းသန်မာသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အာကာသကိုဖြတ်ကျော်၍ ပေါ်ထွက်လာသည်။
သူသည် အာကာသနိယာမကို နားလည်သဘောပေါက်ထားသည့် အဆင့်ရှစ် အထွတ်အထိပ် သက်ရှိတစ်ယောက်ဖြစ်ပြီး စတိဗ်နှင့် တစ်တန်းတည်းရှိသော သိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်၏။
"ဆယ်ရီလား။ မင်းကပါ သူ့ကို လာကူညီတာလား"
စတိဗ်၏မျက်နှာကား မည်းမှောင်သွားသည်။ သူ့အနေနှင့် ထိုလူ့ကို အနိုင်ယူနိုင်ရန် ယုံကြည်မှုမရှိပေ။
"စတိဗ်... ဆယ်ရီတစ်ယောက်တည်း မဟုတ်ဘူးကွ။ ငါလည်း ရှိသေးတယ်"
အဆင့်ရှစ် အထွတ်အထိပ်သက်ရှိ နောက်တစ်ယောက် ပေါ်လာလေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဧရာမသက်ရှိစွမ်းအင်မှာ စတိဗ်နှင့် ဆယ်ရီတို့ထက်ပင် ပိုခြိမ်းခြောက်နိုင်စွမ်းကြီး၏။
"ဘာ... ဘာတွေ ဖြစ်နေတာလဲ။ အဆင့်ရှစ်အထွတ်အထိပ် သက်ရှိနှစ်ယောက်က သူ့ကို လာကူညီတာလား"
"သူ ဘယ်လိုများလုပ်လိုက်တာလဲ"
"ငါ သူ့ကိုသိတယ်။ သူက အဆင့်ကိုးသက်ရှိအဆင့်ကိုရောက်ဖို့ အနီးစပ်ဆုံးလို့ လူသိများတဲ့ လီဂိတ်မျိုးနွယ်စုရဲ့ အရှင်သခင်လေ"
"သူက အဲဒီလူလား။ ဘုရားရေ...ဝမ်စီခုန်းက သူ့ကိုတောင် ထွက်လာအောင် လုပ်နိုင်တာလား"
"မဟုတ်ဘူး။ တခြားတစ်ယောက်ယောက်က သူတို့ကို ခေါ်လိုက်တာဖြစ်မယ်။ မမေ့နဲ့နော်။ ရီထျန်းဂိုဏ်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အဂ္ဂိရတ်ပညာရှင် တစ်ယောက်ရှိတယ်။ တကယ်လို့ သူရှာထားတဲ့ အမှောင်ဒင်္ဂါးတွေကို ဝမ်စီခုန်းဆီ ပေးထားမယ်ဆိုရင် သူ့ရဲ့အဆက်အသွယ်တွေကို အသုံးချပြီး အကူအညီရှာတာက မဖြစ်နိုင်စရာတော့ မရှိဘူး"
"ဟုတ်သားပဲ။ ငါ အဲဒါကို ဘယ်လိုများမေ့သွားရတာလဲ။ အဆင့်ခုနစ်သိုင်းလက်နက်တွေကို အသာလေးသွန်းလုပ်နိုင်ပြီး အံ့ဖွယ်ဆေးဝါးတွေကို ဖော်စပ်နိုင်တဲ့လူတစ်ယောက်ကို အဆင့်ရှစ်အထွတ်အထိပ်သက်ရှိတွေကတောင် မျက်နှာလိုမျက်နှာရလုပ်ကြမှာ မဟုတ်ဘူးလား"
"အမလေး... စတိဗ်တော့ ဒီနေ့ ကံဆိုးမိုးမှောင်ကျတော့မှာပဲ"
...
"သောက်ကျိုးနည်း... လူတွေအများကြီး ရောက်နေကြပြီကိုး။ ငါ နောက်ကျသွားပုံပဲ"
"နောက်ပိုင်း လူတွေများလာရင် ဆရာသခင် မမှတ်မိမှာစိုးလို့ ဆယ်လ်ဖီ အရင်ရိုက်ထားလိုက်ဦးမယ်"
ကြက်သွန်မြိတ်အမှတ်တစ် ဂရုနှင့် ကြက်သွန်မြိတ်အမှတ်နှစ်ဂရုတို့မှာ တစ်ဖန် ပြန်လည်စည်ကားလာပြီး ထိုနေရာရှိ လူတိုင်းလည်း သူတို့ရောက်နေကြောင်း သက်သေပြရန် ဆယ်လ်ဖီများ ရိုက်ကြတော့သည်။
အင်အားကြီးပုဂ္ဂိုလ်များက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြချေသည်။ ကြိတ်ကြိတ်တိုးနေသော လူအုပ်ကြီးကို မြင်လိုက်ရသောအခါ စတိဗ်နှင့် သူ့လူများလည်း ချွေးပြန်သွားသည်။
"အားလုံးပဲ.. ဆုလာဘ်တွေ ရှင်းပေးလို့ရအောင် ကျွန်တော့်အစ်ကိုကြီးက လူစာရင်းရေခိုင်းထားတယ်။ အဲဒါကြောင့် ကျေးဇူးပြုပြီး ပူးပေါင်းပါဝင်ပေးကြပါ"
ကျန်းမုန့်လောင်က အော်ပြောလိုက်သည်။
"အဆင့်ခြောက်သက်ရှိတွေ အသံပေးကြပါ"
"၁"
"၂"
...
"၄၅၂၅၂"
"ပြီးပြီလား။ အဆင့်ခုနစ်သက်ရှိတွေ အသံပေးကြပါ"
"၁"
"၂"
...
"၁၇၂၃"
"အဆင့်ရှစ်သက်ရှိတွေ အသံပေးကြပါ"
"၁၂၂"