← Chapters

အခန်း (၈၉၈-၉၀၀)

Vol. 60 Ch. 898-900

အခန်း (၈၉၈-၉၀၀)

Vol. 60 Ch. 898-900

အခန်း ၈၉၈ - ငါ သဘောမတူသလို ပရိသတ်တွေကလည်း သဘောတူမှာ မဟုတ်ဘူး

မိနစ်အနည်းငယ်အတွင်းမှာပင် လေလံပွဲ၏ အခြေအနေက လုံးဝ ပြောင်းပြန်လန်သွားခဲ့ပြီ ဖြစ်၏။

လူငါးသောင်းနီးပါးခန့်ရှိသော ကြိတ်ကြိတ်တိုးနေသည့် လူအုပ်ကြီးဖြစ်ပေါ်နေပြီး ထိုအထဲမှ အားအနည်းဆုံးလူပင် အဆင့်ခြောက် သက်ရှိအဆင့်တွင် ရှိနေချေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများအနေနှင့် မခံစားနိုင်သော်လည်း လေလံခန်းမအနီးရှိ လူများကမူ ကောင်းကင်သို့ ထိုးတက်နေသည့် လွှမ်းမိုးနိုင်စွမ်းရှိသော ဤအရှိန်အဝါကြီး၏ ဆိုလိုရင်းကို ရှင်းလင်းစွာ ခံစားသိရှိကြသည်။

"အဆင့်မြင့်သက်ရှိတွေ အများကြီးပဲ။ အဆင့်ရှစ်သက်ရှိတွေတောင် အယောက်၁၀၀ကျော်တယ်။ သူက စကြဝဠာထဲက အဆင့်မြင့် သက်ရှိတစ်ဝက်လောက်ကို ဒီကို ခေါ်ချလိုက်တာများလား"

"စိတ်ဝင်စားစရာ ကောင်းလာပြီ။ စောစောက ကျီတီဖုတို့တွေက သူ့ကို ခြိမ်းခြောက်ခဲ့တာ။ အခုကျတော့ အင်အားကွာဟချက်က အရမ်းကြီးသွားပြီ။ အခု သူဘာလုပ်မလဲဆိုတာ ကြည့်ကြတာပေါ့"

"သေစမ်း လိုက်ဖ်ကြည့်ခ ကောက်နေပြီလား"

ထိုအချိန်မှာ အချိန်အကန့်အသတ်နှင့် ပေးထားသော ဆယ်မိနစ်အစမ်းကြည့်ခွင့်က ပြီးဆုံးသွားပြီဖြစ်ရာ ကြည့်ရှုသူများကို ဆက်လက်ကြည့်ရှုနိုင်ရန် စကြဝဠာဒင်္ဂါးတစ်သိန်း ပေးသွင်းရန် တောင်းဆိုထားသည်။

"သောက်ကျိုးနည်း... ပါးနပ်တဲ့ စီးပွားရေးသမား ဝမ်စီခုန်းက အခကြေးငွေနဲ့မှ ကြည့်လို့ရအောင် လုပ်ထားတာကိုး"

"စကြဝဠာဒင်္ဂါးတစ်သိန်းတောင်လား။ အဲဒီလောက်တောင် ဈေးကြီးတာလား။ အဲဒီဈေးနဲ့ဆို စကြဝဠာသိုင်းရုံက လိုက်ဖ်ကို သွားကြည့်တာမှ ကိုက်ဦးမယ်"

"ကိုယ့်လူရေ...စကြဝဠာဒင်္ဂါးတစ်သိန်းတည်းပါ။ ပုံမှန်အချိန်ဆိုရင် ဘယ်လောက်ပဲ ပိုက်ဆံပေးပေး ဒီလိုပွဲမျိုးကို ကြည့်ခွင့်ရမှာ မဟုတ်ဘူး"

စကြဝဠာဒင်္ဂါးတစ်သိန်းဆိုသည်မှာ သိပ်မများလှသော်လည်း အသေးအဖွဲတော့ မဟုတ်ပေ။ ဤသည်မှာ သာမန် သက်ရှိဂြိုဟ်တစ်လုံးနှင့် ညီမျှသည်။ သို့သော် ဤတိုက်ရိုက်ထုတ်လွှင့်မှုမျိုးမှာ ယခင်က မရှိခဲ့ဖူးပေ။ အနည်းဆုံး အဆင့်ခြောက်သက်ရှိသိုင်းပညာရှင် သောင်းဂဏန်းလည်း ဤနေရာတွင် စုဝေးနေကြသည်။ ဤမြင်ကွင်းကား သမိုင်းဝင်မြင်ကွင်းကြီးပင်။

နောက်ပိုင်းမှာ ပိုစိတ်လှုပ်ရှားစရာကောင်းသော မြင်ကွင်းများ ဆက်လာဦးမလားဆိုသည်ကို မည်သူသိနိုင်မည်နည်း။ အကယ်၍ ဤတိုက်ရိုက်ထုတ်လွှင့်မှုကိုသာ လွတ်သွားခဲ့ပါက တစ်သက်လုံး နောင်တရသွားနိုင်သည်။

"စကြဝဠာဒင်္ဂါးတစ်သိန်းတည်းပဲဟာ။ ငါ ဝယ်ကြည့်မယ်"

"ငါတို့ ဒီနေရာကို ဘယ်လိုရောက်လာတာလဲ။ ချမ်းသာကြွယ်ဝမှုကြောင့်လေ"

"ငါတို့တွေအားလုံးက ပိုက်ဆံပေးပြီး ကြည့်နေကြတာဆိုတော့ မှတ်ချက်ရေးတဲ့အခါ နည်းနည်းလောက် ပိုကြွားကြတာပေါ့ကွာ"

ကြည့်ရှုသူများမှာ ငွေပေးချေပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသည်။ မတတ်နိုင်သူတချို့ကလည်း လူစု၍ အချိုးကျငွေထည့်ဝင်ပြီး ဝင်ကြည့်ကြသဖြင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ပိုစည်ကားလာတော့သည်။

စကြဝဠာဒင်္ဂါးတစ်သိန်းကို အဆင့်သုံးမျိုးနွယ်စုများနှင့်အထက်ရှိ အထက်တန်းလွှာများအနေနှင့် ကြိတ်မှိတ်၍ ထုတ်ပေးနိုင်ကြပေသည်။

ကျန်းမုန့်လောင်၏ အကောင့်ထဲသို့ ငွေဝင်နေသည့် အသိပေးချက်များ ချက်ချင်း ရောက်ရှိလာပြီး စကြဝဠာအလင်းတန်းပလက်ဖောင်း၏ ဝေစုကို ဖယ်ထုတ်ပြီးနောက် လူတစ်ယောက်ဝင်ကြည့်တိုင်း ကျန်းမုန့်လောင်သည် စကြဝဠာဒင်္ဂါးကိုးသောင်းကိုးထောင်တိတိ ရရှိနေပေသည်။

ထိုမျှမကပါ​ချေ။ သူ အောင်မြင်စွာ လေလုံးထွားနိုင်ခဲ့ကြောင်း ပြသနေသည့်ခွန်အားအမှတ်များ တိုးပွားနေသည့် အသိပေးသံများကလည်း နားထဲတွင် ဆက်တိုက် မြည်ဟည်းနေတော့သည်။

ဤတစ်ကြိမ်တွင်မူ သူ့လေလုံးထွားမှုက အဆင့်သစ်တစ်ခုနှင့် အောင်မြင်မှုအသစ်တစ်ခုဆီသို့ ရောက်ရှိသွားပြီး စကြဝဠာတစ်ခုလုံးကိုပင် လွှမ်းမိုးသွားခဲ့လေပြီ။

စကြဝဠာထဲရှိ လူဘယ်နှယောက်က ဤတိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် သူ့ကို ကြည့်ရှုနေကြမည်ကို ခန့်မှန်း၍ပင် မရနိုင်တော့ချေ။

ကျီတိဖုခမျာ တည်ငြိမ်မနေနိုင်တော့ပေ။ ပြိုင်ဘက်တွင် လူအင်အား ပိုများနေရုံသာမက အဆင့်ရှစ်သက်ရှိ ၁၂၂ယောက်ထဲတွင် သူနှင့် အင်အားချင်းယှဉ်နိုင်သူ အယောက်၂၀ကျော်ပင် ပါဝင်နေသည်။ ဤသို့သော မြင်ကွင်းမျိုးကို သူ တစ်ခါမှ မကြုံဖူးခဲ့ချေ။

"မင်း ခုနက ပြောလိုက်တဲ့စကားလေး တစ်ခေါက်လောက် ပြန်ပြောပြပါလား"

ကျန်းမုန့်လောင်က နားကလော်ရင်း ပြောလိုက်သည်။

"ငါ သေချာ မကြားလိုက်လို့။ မင်း ဘာပြောလိုက်တာလဲ။ ဒီနေ့ လေလံပွဲမှာ ငါရခဲ့တာတွေ အကုန်လုံးကို မင်းကို လွှဲပေးရမယ် ဟုတ်လား"

ကျန်းမုန့်လောင်က အာကာသမှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော သိုလှောင်ရေးပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။

"ဒီနေ့ ငါရခဲ့တာတွေအကုန်လုံး ဒီထဲမှာရှိတယ်။ လာလေ။ မင်း ယူနိုင်ရင် လာယူလှည့်။ လာမယူရဲရင်တော့ မင်းက ငါ့မြေးပဲကွာ"

ကျန်းမုန့်လောင်က သူတို့ကို ရန်စလှောင်ပြောင်နေချေသည်။

"ဘာစကားမှ မပြောကြတော့ဘူးလား။ ဒါဆို မင်းတို့အားလုံးက ငါ့မြေးတွေပေါ့"

တစ်ဖက်ရှိ လူအယောက်တစ်ရာကျော်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေကြသော်လည်း မည်သူကမှ အသံမထွက်ရဲကြပေ။

နောက်နေတာလား။ ဟိုဘက်မှာ အယောက်ငါးသောင်းနီးပါး ရှိနေတာလေ။ သူတို့ လှုပ်ရဲပါ့မလား။ တစ်ဖက်လူဆီက ထွက်ပေါ်နေသော အရှိန်အဝါကတင် သူတို့အပေါ် တောင်ကြီးတစ်လုံး ဖိချထားသလို ဖြစ်နေလေပြီ။

"ကျီတိဖု မဟုတ်လား"

ကျန်းမုန့်လောင်က ကျီတိဖုကို လက်ညှိုးထိုးပြလိုက်သည်။

"စောစောက မင်း ငါ့ကို သေအောင်ရိုက်သတ်ချင်တယ်လို့ ပြောနေတာ မဟုတ်ဘူးလား။ ရီထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်သူလဲဆိုတာ မင်း စဉ်းစားမကြည့်ခဲ့ဘူးလား။ အခုရော ငါ့ကို ဓားပြတိုက်ရဲသေးလား"

ကျန်းမုန့်လောင်က ဖင်ကုန်း၍ လက်ဖြင့် နှစ်ချက်ပုတ်ပြလိုက်သည်။

"လာလေကွာ၊ လာရိုက်လှည့်။ ငါကတော့ အရမ်းကြောက်နေပြီ။ ငါ့ကို ကယ်မယ့်လူတစ်ယောက်ယောက်များ ရှိကြလား"

"သူက လူယုတ်မာကောင်ပဲ။ ငါတောင် ကြည့်မနေနိုင်တော့ဘူး"

"ဒီလို ရူးကြောင်ကြောင်တောင်းဆိုမှုမျိုး ငါ တစ်ခါမှမမြင်ဖူးဘူး"

"ဟားဟားဟား... ဟိုဘက်က လူတွေတော့ အခုလောက်ဆိုရင် ကြောက်လန့်နေလောက်ပြီ။ သူက လူဆိုးတစ်ယောက်လို ပြုမူနေပေမဲ့ ကြည့်ရတာ တကယ်အရသာရှိတယ်"

"အဆင့်ရှစ်အထွတ်အထိပ် သက်ရှိတစ်ယောက် ဒီလောက်အထိ အရှက်ကွဲနေတာကို မြင်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ"

"ဒီကောင် ဒီနေ့တော့ အလှည့်ကျပြီ။ တကယ်ကျေနပ်စရာကောင်းလိုက်တာကွာ"

"ဒီကလေးကတော့လေ"

ထိုမြင်ကွင်းကြောင့် အာရီယာမှာ သဘောတကျ ရယ်မိသွားသည်။

"သူ ငါ့ကိုဝင်မပါခိုင်းတာ အံ့ဩစရာမရှိပါဘူး။ သူက အစစအရာရာ စီစဉ်ပြီးသားကိုး"

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကျန်းခိုင်နှင့် သူ(မ) ပထမဆုံးတွေ့ဆုံခဲ့ချိန်ကို ရုတ်တရက် ပြန်ပြောင်းသတိရလိုက်မိသည်။

ထိုစဉ်က ကျန်းခိုင်သည် စကြဝဠာမျိုးနွယ်စုများသို့ ဝင်ရောက်ခါစဖြစ်ပြီး အဆင့်ခုနစ် သက်ရှိတစ်ယောက်သာ ရှိသေးသည်။ သူသည် စကြဝဠာအင်ပါယာတစ်ခုမှ မင်းသမီး ရေချိုးနေသည်ကို ချောင်းကြည့်ခဲ့မိသဖြင့် အင်ပါယာ၏ အုပ်ချုပ်သူကိုယ်တိုင်က လိုက်လံဖမ်းဆီးခဲ့သည်။

ထိုစကြဝဠာအင်ပါယာ၏ အုပ်ချုပ်သူမှာ အဆင့်ရှစ် အထွတ်အထိပ် သက်ရှိတစ်ယောက် ဖြစ်၏။ ကျန်းခိုင်သည် အင်အားကြီးသော်လည်း ထိုလူနှင့်ယှဉ်လျှင် အလှမ်းဝေးလွန်းနေသေးသည်။

သို့သော် နောက်ပိုင်းတွင် ကျန်းခိုင်က အဆင့်ရှစ်သက်ရှိ အယောက်ငါးဆယ်ကျော်ကို ခေါ်ချလိုက်ပြီး ထိုစကြဝဠာအင်ပါယာ၏ အုပ်ချုပ်သူကိုပင် ပြန်လည် လိုက်လံဖမ်းဆီးခဲ့သည်။

နောက်ဆုံးတွင် ထိုအုပ်ချုပ်သူခမျာ သူ့အသက်ကို ကယ်တင်ရန်အတွက် သူ့မင်းသမီးကို ကျန်းခိုင်ထံသို့ ဆက်သခဲ့ရပြီး တန်ဖိုးကြီးမားလှသော လက်ဖွဲ့ပစ္စည်းများကိုပင် ထည့်ပေးလိုက်ရသည်။

သို့သော် ကျန်းခိုင်က စင်စစ် ခွေးတစ်ကောင်ပင်။ ရိုးအီသွားပြီးနောက် သူသည် အခြားမျိုးနွယ်စုများရှိ မိန်းကလေးများကို ဆက်နှောင့်ယှက်ခဲ့ပြန်သည်။

"ဂျွတ်..."

ကျီတိဖု၏ လက်သီးဆုပ်သံက အတိုင်းသား ထွက်ပေါ်လာသည်။

"မစ္စတာကျီတိဖု... ကျွန်တော့်ရဲ့ စကြဝဠာအင်ပါယာဆီ ဒီနေ့ ဧည့်သည်တွေ လာဖို့ရှိတာကို ရုတ်တရက် သတိရသွားလို့။ ကျွန်တော့်ကို အရင်ပြန်ခွင့်ပြုပါဦး"

"မစ္စတာကျီတိဖု... ကျွန်တော့်ဇနီးက ရုတ်တရက် မီးဖွားတော့မှာမို့ ဒီနေ့ကိစ္စတွေမှာ ကျွန်တော် ဝင်မပါတော့ပါဘူး"

"မစ္စတာကျီတိဖု.. ကျွန်တော်တို့မျိုးနွယ်စုမှာ မီးလောင်နေလို့ ချက်ချင်း ပြန်သွားငြှိမ်းရဦးမယ်"

သစ်ပင်လဲလျှင် မျောက်များ ထွက်ပြေးကြသည်ဟူသော စကားအတိုင်းပင်။ စောစောက သူတို့ ကျန်းမုန့်လောင်ကို ရန်စရဲခဲ့ခြင်းမှာ သူတို့ကို ဦးဆောင်ပေးနေသည့် အဆင့်ရှစ် အထွတ်အထိပ်သက်ရှိ ကျီတိဖုရှိနေသောကြောင့်ပင်။ အသားကို မစားရလျှင်ပင် ဟင်းရည်လေးတော့ သောက်ရမည်မဟုတ်လော။

သို့သော် ယခုအခါတွင်မူ ဟင်းရည်သောက်ရဖို့အရေးထက် ဘယ်သူက ဘယ်သူ့ကို စားမလဲဆိုသည်က အရေးကြီးနေပြီဖြစ်၏။

အဆင့်မြင့်သက်ရှိ ငါးသောင်းနီးပါးဆိုသည်မှာ သူတို့၏ အရေအတွက်ဆယ်ဆလောက် တိုးလာလျှင်ပင် ဖြေရှင်းနိုင်မည် မဟုတ်ပေ။ လုယက်ဖို့ဆိုသည်မှာ ဝေလာဝေး။ ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ မတူဘူးလား။

"လေယူရာယိမ်းတဲ့ကောင်တွေ"

ကျီတိဖုက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။

ခဏအကြာတွင် သူသည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရသည်။

"ဒီအထွတ်အမြတ် ကျောက်တုံးက မင်းအတွက်ပဲ။ အဲဒါကိုယူပြီး ထွက်သွားတော့"

"စော​စောကတည်းက ဒီလိုလုပ်မှပေါ့"

ကျန်းမုန့်လောင်က လေလံခန်းမအလယ်သို့ ဝင့်ကြွားစွာ လျှောက်သွားပြီး မိုဟာမျိုးနွယ်စု၏ အထွတ်အမြတ်ကျောက်တုံးကို ယူလိုက်သည်။

"နောက်ဆိုရင် လူကောင်းတစ်ယောက်ဖြစ်အောင်နေ... ကြားလား"

"ငါတို့ ပြန်မယ်"

ကျီတိဖု လှည့်ထွက်ရန် ပြင်လိုက်သည်။

"နေဦးလေ"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်နှင့် သောင်းနှင့်ချီသော အဆင့်မြင့်သက်ရှိများကလည်း ဖြန့်ကြက်၍ လေလံခန်းမတစ်ခုလုံးကို လုံးဝပိတ်ဆို့ထားလိုက်ကြသည်။

"မင်းတို့ကို ထွက်သွားလို့ရပြီလို့ ငါ ပြောမိလို့လား"

"မင်း ဘာသဘောလဲ"

ကျီတိဖု၏မျက်နှာကား မည်းမှောင်သွားသည်။

"မင်းလိုချင်တာကို ငါ ပေးပြီးပြီလေ။ ဘာထပ်လိုချင်နေသေးတာလဲ"

"ကြည့်လိုက်ဦး။ အခု ငါ့လိုက်ဖ်ကို လူဘယ်နှယောက်တောင် ကြည့်နေလဲဆိုတာ။ တကယ်လို့ မင်းတို့ကို ဒီအတိုင်းလွှတ်ပေးလိုက်ရင် ရီထျန်းဂိုဏ်းက လူတွေက ငါ့ကို ဘယ်လိုမြင်ကြတော့မလဲ။ ငါက သဘောတူရင်တောင် ပရိသတ်တွေက သဘောတူမှာ မဟုတ်သလို တရားမျှတမှုကလည်း သဘောတူမှာ မဟုတ်ဘူး"

"ပြောလိုက်စမ်းပါ"

"ဟုတ်တယ်။ ငါတို့က ဒီလိုက်ဖ်အတွက် စကြဝဠာဒင်္ဂါးတစ်သိန်းတောင် ပေးထားရတာ။ အခုချိန်ကြီးမှပြီးသွားရင် ငါတို့ တော်တော်ရှုံးမှာပေါ့"

"ဟုတ်တယ်။ လိုက်ဖ်လွှင့်သူအနေနဲ့ အစီအစဉ်တွေ ထပ်တိုးပေးဖို့ တောင်းဆိုပါတယ်"

"တိုက်ရိုက်ထုတ်လွှင့်သူရေ... သူတို့က မင်းကို ဓားပြတိုက်တော့မလို့လေ။ အဲဒါကို မင်းက ဒီအတိုင်း လွှတ်ပေးလိုက်တော့မလို့လား"

"ငါ ဝမ်ရီထျန်းကတော့ လုံးဝသဘောမတူဘူး"

"ငါ လုံအားထျန်းလည်း သဘောမတူဘူးကွ"

"ဒါကို ကြည့်လိုက်စမ်း"

ကျန်းမုန့်လောင်က မှတ်ချက်များကို ပြလိုက်သည်။ အခြားသူများ ဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြစ်နေသည့် အသံများကြောင့် သူတို့အားလုံး ကြက်သီးထသွားကြသည်။

"စောစောက ငါ မင်းကို အခွင့်အရေး ပေးခဲ့တယ်တော်။ မင်းသာ စောစောကတည်းက ထွက်သွားရင် ငါတားမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ဟက်..."

"ငါတို့ အရှုံးပေးပြီးပြီပဲ။ မင်း ဘာလိုချင်နေသေးတာလဲ"

အဆင့်ရှစ်သက်ရှိတစ်ယောက်က မှုန်ကုပ်ကုပ်မျက်နှာထားဖြင့် ပြောလိုက်သည်။

"ခွင့်လွှတ်ပေးလို့ရရင် ခွင့်လွှတ်ပေးလိုက်ပါ။ တအားမလွန်ကဲပါနဲ့"

"တောင်းပန်ရုံနဲ့သာ ပြီးသွားမယ်ဆိုရင် ရဲတွေက ဘာလုပ်ဖို့လိုတော့မှာလဲ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ငါက လွန်လွန်းတယ်ထင်လို့ မင်းတို့ သဘောမကျရင် လာချလေကွာ"

"အားလုံးပဲ နားထောင်ကြ။ အခု ဓားပြတိုက်ကြစို့ဟေ့"

**********************

အခန်း ၈၉၉ - သူ့အဝတ်အစားတွေကို ချွတ်ပစ်လိုက်စမ်း

"အစ်ကိုကြီး... ဒါက စကြဝဠာတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်နေတာနော်။ အစ်ကိုကြီး ဒီလိုလုပ်နေတာ တကယ်အဆင်ပြေရဲ့လား။ ကျွန်တော်တို့ ရီထျန်းဂိုဏ်းရဲ့ နာမည်ဂုဏ်သတင်းကိုရော မထိခိုက်နိုင်ဘူးလား"

ဂါနေးက ကျန်းမုန့်လောင်ကို တီးတိုးပြောလိုက်သည်။

"ဒါလည်း ဟုတ်တာပဲ"

ကျန်းမုန့်လောင်က လိုက်ဖ်လွှင့်နေသည့် ကင်မရာဘက်သို့ လှည့်လိုက်၏။

"ဟားဟားဟား... ငါပြောတဲ့ ဓားပြတိုက်တယ်ဆိုတာက တကယ့်ဓားပြတိုက်တာကို ပြောတာမဟုတ်ပါဘူး။ တစ်နည်းအားဖြင့်ပြောရရင် ဒါက အရေးပေါ် ကာကွယ်မှုတစ်ခုပဲ။ ဘာပဲဖြစ်ဖြစ် အားလုံးမြင်တဲ့အတိုင်းပဲလေ။ သူတို့က ငါ့ကို ဓားပြတိုက်ဖို့ အရင်ရန်လိုပြီး ရောက်လာခဲ့ကြတာလေ"

"ငါလုပ်တာ မမှားပါဘူး။ ငါက ပြန်လည်ခုခံရုံသက်သက်ပါ။ ငါတို့ရဲ့တိုက်ရိုက်ထုတ်လွှင့်ခန်းက အရမ်းယဉ်ကျေးတဲ့ နေရာတစ်ခုပါ။ ဆိုးဝါးတဲ့ အကြောင်းအရာတွေကို တိုက်ဖျက်ဖို့ဆိုတာ ငါ့ဆီက စတင်တယ်လေ။ ကျေးဇူးပြုပြီး အမျိုးသား လိမ်လည်မှုဆန့်ကျင်ရေးအက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ဖို့ မမေ့ကြနဲ့ဦးနော်... ဪ နေပါဦး။ ငါတို့က ကမ္ဘာမြေပေါ်မှာမှ မဟုတ်တာ။ ဒီမှာ အဲဒီလိုမျိုးမှ မရှိတာကိုး"

"ဟားဟားဟား... ဝမ်စီခုန်းက အရမ်းရယ်ရတာပဲ။ သူက တကယ် ပြောင်ချော်ချော်နိုင်တယ်နော်"

"ဒီနေရာမှာဖြောင့်မတ်မှန်ကန်ချင်ယောင် ဟန်ဆောင်နေတာပဲ။ဗ ဒါပေမဲ့ သူပြောတာလည်း အကြောင်းပြချက်တော့ ရှိပါတယ်။ စကြဝဠာ မဟာမိတ်အဖွဲ့ရဲ့ ဥပဒေတွေမှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ခြိမ်းခြောက်ခံရတဲ့အခါ ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတာပဲလေ"

"ပြန်လည်ခုခံတာ ဟုတ်လား။ လူငါးသောင်းနီးပါးက လူအယောက်တစ်ရာကျော်ကို ဝိုင်းထားတာကိုများ မင်းက ပြန်လည်ခုခံတယ်လို့ ခေါ်တာလား"

ကျန်းမုန့်လောင်၏ စကားများက ပရိသတ်များကို ရယ်မောသဘောကျစေခဲ့သော်လည်း ကျန်းမုန့်လောင်အနေနှင့် ထို့ထက်ပို၍ အထာကျပြီး လေလုံးထွားသည့် လုပ်ရပ်တစ်ခုခုကို လုပ်ပြနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

ရိုးရိုးသားသားပြောရလျှင် စကြဝဠာထဲရှိ သက်ရှိအများစုအတွက် အဆင့်ခြောက်နှင့်အထက် သက်ရှိများဆိုသည်မှာ မော်ကြည့်ရမည့် မြင့်မြတ်လှသော တည်ရှိမှုများပင်။ သို့သော် ဤနေရာတွင်မူ ထိုလူများမှာ လုံးလုံးလျားလျား အရှက်ခွဲခံနေရသည်။ အသစ်အဆန်းဖြစ်ခြင်းက တစ်ပိုင်း၊ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြစ်ခြင်းက တစ်ပိုင်းပင်။

"ဝမ်စီခုန်း... ငါတို့ အရှုံးပေးပါတယ်။ မင်းလိုချင်တာကိုလည်း ငါ ပေးပြီးပြီပဲ။ ဘယ်လိုလုပ်မှ ငါတို့ကို လွှတ်ပေးမှာလဲ"

ကျီတိဖုက အံကြိတ်လျက် မေးလိုက်သည်။

ဘီလီယံနှင့်ချီသော စကြဝဠာသက်ရှိများရှေ့တွင် အရှုံးပေးလိုက်ရခြင်းကား သူ့လူမှုဘဝကို အကြီးအကျယ် သေဆုံးသွားစေခဲ့သည်။ ဤကိစ္စပြီးသွားသည့်တိုင် သူတစ်ပါး၏ လှောင်ပြောင်မှုကို ခံရမည်ကို ကြောက်ရွံ့သဖြင့် အပြင်ထွက်၍ လူလုံးထွက်ပြရဲတော့မည် မဟုတ်ချေ။

"အခု မင်းက ငါ့ကို တောင်းပန်နေရတာလေ။ ကိုယ့်အဆင့်ကိုယ် သိစမ်းပါ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အခုအချိန်အထိ မင်းက ငါ့ကို မောက်မာတဲ့ လေသံနဲ့ စကားပြောနေတုန်းပဲ။ မင်းရဲ့ လက်ရှိအခြေအနေကို မင်း တကယ် သဘောမပေါက်သေးဘူး မဟုတ်လား"

"ဟွန့်... မင်းက အဆင့်လေးသက်ရှိလေးတစ်ယောက်ပါ။ ပုံမှန်အချိန်ဆိုရင် မင်းကို ငါ့လက်တစ်ဖက်တည်းနဲ့တောင် ခြေမွပစ်လို့ရတယ်"

"ဒါပေါ့။ ပုံမှန်ဆိုရင်တော့ မင်း ငါ့ကို ခြေမွပစ်နိုင်လောက်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေ ထူးခြားမနေဘူးလား"

ကျန်းမုန့်လောင်က သူ့အနောက်ရှိ လူများကို လှည့်ပြောလိုက်သည်။

"ကျီတိဖုကို တစ်ယောက်ယောက်လောက် ရှေ့ထွက်ပြီး ပါးနှစ်ချက်လောက် ပြင်းပြင်းလေး သွားချပေးလို့ရမလား"

ကျန်းမုန့်လောင်၏ အနောက်ရှိ လူများမှာ တုံ့ဆိုင်းသွားကြသည်။ ထိုအဆင့်ခြောက်နှင့် အဆင့်ခုနစ် သက်ရှိများတွင် စွမ်းရည်မရှိသည်မှာ သိသာထင်ရှားလှသဖြင့် သူတို့ တိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့ကြသည်။ အဆင့်ရှစ်သက်ရှိများထဲတွင်မူ ကျီတိဖုထက် သန်မာသူ ဒါဇင်နှင့်ချီ၍ ရှိနေပေသည်။

ကျန်းမုန့်လောင်ကို နောက်ခံပေး၍ ထောက်ခံအားပေးရန်မှာ ပြဿနာမရှိသော်လည်း အကယ်၍ ကိုယ်ထိလက်ရောက် ကျူးလွန်ရမည်ဆိုပါက သူတို့အနေနှင့် အကျိုးဆက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။

အကယ်၍ သူတို့သာ ကျီတိဖုကို လိုက်ဖ်လွှင့်နေစဉ်အတွင်း ပါးရိုက်လိုက်ပြီး ကျီတိဖုကလည်း ယနေ့ မသေသွားခဲ့ပါက သေချာပေါက် ရန်ငြိုးဖွဲ့သွားစေနိုင်သည့်အပြင် သေခန်းပြတ်တိုက်ခိုက်ရသည်အထိပင် ဖြစ်သွားနိုင်သည်။ ကျီတိဖုဆိုသည်မှာ အလွယ်တကူ လျစ်လျူရှုထား၍ရသည့် လူစားမျိုး မဟုတ်ပေ။

"နှမြောစရာပဲ"

ကျန်းမုန့်လောင်က သက်ပြင်းချလိုက်သည်။

"ငါ့သူငယ်ချင်းက ကံစမ်းမဲဘူးအပိုတချို့ကို မတော်တဆ ပြင်ထားမိတယ်တဲ့။ အဲဒါကို စွမ်းဆောင်ရည်အကောင်းဆုံးပြနိုင်တဲ့လူကို ပေးမလို့ပါပဲ။ ဒါပေမဲ့ ကြည့်ရတာတော့ အဲဒါတွေကို ငါကိုယ်တိုင်ပဲ သိမ်းထားလိုက်ရတော့မယ်ထင်တယ်"

"ကံစမ်းမဲဘူး ဟုတ်လား"

ထိုအဆင့်ရှစ်အထွတ်အထိပ် သက်ရှိအယောက်နှစ်ဆယ်ကျော်၏ မျက်လုံးများမှာ အရောင်လက်သွားလေသည်။ ကံစမ်းမဲဘူးတစ်လုံးဆိုလျှင် သူတို့ စိတ်လှုပ်ရှားမည် မဟုတ်သော်လည်း နှစ်ဘူးဆိုလျှင်မူ... ဤသည်မှာ သူတို့ဘက်က သွေးဆောင်ဖြားယောင်းမှုကို မတွန်းလှန်နိုင်ကြခြင်း မဟုတ်ပါဘဲ ကျန်းမုန့်လောင်က သူတို့ကိုပေးတာ များလွန်းနေခြင်းကြောင့်သာ။

"အဟမ်း အဟမ်း... ကောင်းပြီလေ။ ငါတို့တွေအားလုံးက ငြိမ်းချမ်းရေးကို မြတ်နိုးကြပြီး တိုက်ခိုက်သတ်ဖြတ်တာက မှားယွင်းတယ်ဆိုပေမဲ့ ငါ ကံစမ်းမဲဘူးကိုပဲ ရွေးလိုက်ပါ့မယ်"

"ဒါက ကံစမ်းမဲဘူးတွေကြောင့် မဟုတ်ဘူးနော်။ ငါတို့တွေက ဆရာသခင်ရဲ့ မိတ်ဆွေတွေလေ။ ဆရာသခင်ရဲ့မိတ်ဆွေတွေဆိုတာ ငါတို့ရဲ့ မိတ်ဆွေတွေပဲ။ ကိုယ့်သူငယ်ချင်း အနိုင်ကျင့်ခံနေရတာကိုမှ ရှေ့မထွက်ပေးရင် ငါတို့က ဘယ်လိုသူငယ်ချင်းတွေ ဖြစ်သွားမလဲ"

"ဟုတ်တယ်။ ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ကံစမ်းမဲဘူးတွေနဲ့ တိုင်းတာလို့ မရဘူး။ ညီအစ်ကိုဝမ်... ငါက သူ့ဘယ်ဘက်ပါးကို ရိုက်ရမလား။ ညာဘက်ပါးကို ရိုက်ရမလား"

...

"ဖြန်း..."

ကျယ်လောင်လှသော ပါးရိုက်သံကြီး ထွက်ပေါ်လာလေသည်။ ကျီတိဖုခမျာ အချိန်မီတုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

ဤအဆင့်ရှစ် းအထွတ်အထိပ် သက်ရှိ၏ အာကာသနိယာမကျွမ်းကျင်မှုမှာ အလွန် နက်နဲသော အဆင့်တစ်ခုသို့ ရောက်ရှိနေချေပြီ။ သူ့အင်အားမှာ ကျီတိဖုထက် များစွာသာလွန်နေလေရာ ထိုပါးရိုက်ချက်ကြောင့် ကျီတိဖု၏ ခေါင်းထဲတွင် ချာချာလည်သွားရသည်။

သို့သော် ပါးရိုက်ခံရသဖြင့် တုန်လှုပ်၍မဆုံးသေးခင်မှာပင် ဒုတိယပါးရိုက်ချက်တစ်ချက်က သူ့မျက်နှာပေါ်သို့ ထပ်မံကျရောက်လာသည်။

"ဘီလာဝေါ့... မင်း အတင့်ရဲလှချည်လား"

ကျီတိဖု ပြန်လည်တုံ့ပြန်ချင်နေသည်။ အားလုံးက အဆင့်ရှစ်အထွတ်အထိပ် သက်ရှိများဖြစ်ပြီး ဘီလာဝေါ့ဟုခေါ်သော ထိုလူကလည်း သူ့ထက် အများကြီး ပိုသန်မာနေခြင်းမျိုး မဟုတ်ပေ။

သို့သော် ထိုအချိန်မှာပင် သူ့ခန္ဓာကိုယ်ကို သူကိုယ်တိုင် မထိန်းချုပ်နိုင်တော့ကြောင်း သဘောပေါက်သွားခဲ့သည်။

ဖိအားပေးခြင်းဖြင့်ဆိုလျှင် အဆင့်ရှစ် အထွတ်အထိပ် သက်ရှိတစ်ယောက်တည်းက သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ သို့သော် ဆယ်ယောက် အယောက်နှစ်ဆယ်လောက် ဖြစ်လာသောအခါတွင်မူ အရေအတွက် ပြောင်းလဲမှုက အရည်အသွေးပြောင်းလဲမှုကို ဖန်တီးပေးလိုက်သည်။ ထို့ပြင် အခြားအဆင့်ရှစ်သက်ရှိ အယောက်တစ်ရာကျော်ထံမှ ဖိအားများပါ ပေါင်းစပ်သွားသည့်အခါ သူ့ကို ခုခံနိုင်စွမ်း လုံးဝဆုံးရှုံးသွားဖို့ ဖိအားပေးလိုက်သလို ဖြစ်သွားသည်။

"ဖြန်း..."

တတိယမြောက် ပါးရိုက်ချက်က သူ့မျက်နှာပေါ်သို့ ကျရောက်လာပြန်သည်။

"ဖြန်း..."

ထို့နောက် စတုတ္ထမြောက်ပါးရိုက်ချက် ထပ်ရောက်လာသည်။

...

ပါးရိုက်သံများက ဆက်တိုက် ထွက်ပေါ်နေသည်။ အဆင့်ရှစ်အထွတ်အထိပ်သက်ရှိများ ရိုက်ပြီးသွားသောအခါ အဆင့်ရှစ်အလယ်အလတ် သက်ရှိများက ရိုက်ကြသည်။ သူတို့ ပြီးသွားသည့်အခါ အဆင့်ရှစ်အခြေခံသက်ရှိများက ဆက်ရိုက်ကြပြန်သည်။

ပါးရိုက်ချက်တိုင်းက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုကို သိပ်မဖြစ်စေသလို ပိုအားနည်းသူများက သူ့မျက်နှာကို ရိုက်သည့်အခါ သိပ်မနာကျင်ရသော်လည်း အရှက်ကွဲမှုကား ခန့်မှန်း၍မရနိုင်လောက်အောင်ပင်။

"အားလုံးပဲ တောင်းပန်ပါတယ်။ စကြဝဠာအလင်း ပလက်ဖောင်းမှာ ပါးရိုက်တာကို လိုက်ဖ်လွှင့်ခွင့်မပြုဘူးဆိုတဲ့ စည်းမျဉ်းမရှိပါဘူးနော်။ ဟုတ်တယ်မလား။ အခုပုံရိပ်တွေက နည်းနည်းလေး ဆွဲဆောင်မှုပြင်းပြီး အကြမ်းဖက်လွန်းနေလို့ အသက် ၁၈နှစ်အောက်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကနေ ကိုယ့်ဘာသာထွက်သွားပေးကြပါ။ ဒါမှမဟုတ်လည်း လူကြီးတစ်ယောက်နဲ့အတူတူ ကြည့်ကြပါ"

"အရမ်းကျေနပ်စရာကောင်းတာပဲ။ ငါတို့ရော စမ်းကြည့်သင့်လား"

အဆင့်ရှစ်သက်ရှိတစ်ယောက်ကို ပါးရိုက်ခွင့်ရဖို့ဆိုသည်မှာ အလွန်ရှားပါးလှသဖြင့် ကျန်းမုန့်လောင်နောက်ရှိ အဆင့်ခြောက်နှင့် အဆင့်ခုနစ် သက်ရှိများပင် သွေးဆောင်ခံရသလို ခံစားလိုက်ကြရသည်။

"စိတ်ကြိုက်သာ ပါးရိုက်ကြ။ တကယ်လို့ မင်းတို့ သူ့ကို သတ်မိသွားရင် ငါ တာဝန်ယူတယ်"

ကျန်းမုန့်လောင်က အော်ပြောလိုက်သည်။

"မင်းတို့ရိုက်တဲ့ ပါးတစ်ချက်အတွက် မင်းတို့ရဲ့ ဆုလာဘ်ကို ငါ နှစ်ဆတိုးပေးမယ်"

"နှစ်ဆ ဟုတ်လား။ ဒါဆို စွမ်းအင်ဆေးလုံးနှစ်လုံးရမယ်ဆိုတဲ့ သဘောလား"

"ဝိုး.... ငါလည်း ပါမယ်ကွ"

"ဟေ့ မတွန်းကြနဲ့လေ။ တန်းစီကြ။ မင်းအလှည့် မရောက်သေးဘူး"

"မင်းတို့မှာ အမူအကျင့်ကောင်းဆိုတာ မရှိကြဘူးလား။ တစ်ယောက်ချင်းစီ အလှည့်ရမှာပါကွ။ စိတ်လေး နည်းနည်းထိန်းကြပါဦး"

"ဆရာသခင်... ကျွန်တော် နောက်ထပ်အချက်ရေနည်းနည်းလောက် ထပ်ရိုက်ရင်ရော ဆုလာဘ်ကို နှစ်ဆနည်းနည်းလောက် ထပ်တိုးပေးလို့ ရနိုင်မလား"

...

ကျီတိဖု၏မျက်နှာကား ပါးရိုက်ခံရခြင်းကြောင့်ရော၊ အလွန်အမင်း အရှက်ရခြင်းကြောင့်ပါ နီရဲနေတော့သည်။ သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှကြမ်းတမ်းစွာ ဆက်ဆံခံရခြင်းမှာ ပထမဆုံးအကြိမ်ပင်။ ထိုအဆင့်ခြောက်နှင့် အဆင့်ခုနစ် သက်ရှိများကပင် သူ့ကို အရှက်ခွဲရန် ရဲတင်းနေကြသည်။

"ဝမ်စီခုန်း... မင်းကို ငါ သတ်မယ်။ မင်းကို ငါ သတ်ကိုသတ်ပစ်ရမယ်"

သူလည်း ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ အကယ်၍ အကြည့်ဖြင့်သာ လူသတ်၍ရမည်ဆိုပါက ကျန်းမုန့်လောင်မှာ မရေမတွက်နိုင်အောင် သေဆုံးပြီးလောက်ပြီဖြစ်၏။

"အမလေး ငါတော့ အရမ်းကြောက်သွားပြီ။ ငါ့ကို လာသတ်ပါလို့ တောင်းပန်ပါတယ်ကွာ"

ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်သည်။

"အားလုံးပဲ ကြည့်ထားကြ။ သူက ငါ့ကို ခြိမ်းခြောက်ရဲသေးတယ်။ မင်းတို့ သူ့ကို ပညာပေးဖို့ ကူညီပေးရမယ်နော်"

"သောက်ကျိုးနည်း... ဒီကောင်က အခုထိ အာကြမ်းနေတုန်းပဲ"

ဤမျှအရှက်ခွဲလိုက်ခြင်းက ကျီတိဖုကို ပြိုလဲသွားစေပြီး သူ့ကိုယ်သူ သုံ့ပန်းတစ်ယောက်မျှသာ ဖြစ်ကြောင်း သဘောပေါက်ကာ အထက်စီးဆန်သော စိတ်ထားဖြင့် ပြောဆိုခြင်းမရှိတော့ဘူးဟု ကျန်းမုန့်လောင် ထင်မှတ်ထားခဲ့သည်။

သို့သော် သူသည် ကျီတိဖု၏ မျက်နှာပြောင်တိုက်နိုင်မှုကို အထင်သေးမိသွားပုံရကြောင်း သဘောပေါက်လိုက်သည်။ ကျီတိဖုသည် အရှက်မရှိဟန်ဖြင့် ဆက်လက်ကြွားဝါနေဆဲပင်။

"အရှက်ခွဲတာက မလုံလောက်သေးဘူး ထင်ပါရဲ့"

ကျန်းမုန့်လောင်က အသန်မာဆုံးသော အဆင့်ရှစ် အထွတ်အထိပ် သက်ရှိကို ပြောလိုက်သည်။

"အစ်ကိုရေ... ခင်ဗျားကို ကံစမ်းမဲဘူးနောက်တစ်ဘူး ထပ်ပေးမယ်။ ကျွန်တော့်ကို အကူအညီတစ်ခုလောက် ပေးလို့ရမလား"

"နောက်တစ်ဘူးလား"

ထိုအဆင့်ရှစ်အထွတ်အထိပ် သက်ရှိမှာ ဝမ်းသာလုံးဆို့သွားချေသည်။ ဤသည်မှာ ထီပေါက်ခြင်းထက်ပင် ကျော်လွန်နေပြီး လုံးဝတန်ဖိုးရှိလှသည်။

"ညီအစ်ကိုဝမ်... ကျုပ်က ဆိုင်ဂါပါ။ အဆင့်ခြောက်နဲ့အထက် သက်ရှိအားလုံး ကျုပ်ကို သိကြပါတယ်။ ကျုပ်က စကြဝဠာနိယာမနှစ်ခုကို ကျွမ်းကျင်ထားတာဆိုတော့ ကျီတိဖုက ကျုပ်ကို မယှဉ်နိုင်ပါဘူး။ ခင်ဗျား သူ့ကို ပါးရိုက်ခိုင်းချင်တာလား"

"ရိုက်စရာမလိုပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါတို့ရီထျန်းဂိုဏ်းက လူတွေက ယဉ်ကျေးတဲ့လူတွေပါ။ ငါတို့ရဲ့အိပ်မက်က ကမ္ဘာ့ငြိမ်းချမ်းရေးမို့ ခိုက်ရန်ဖြစ်ပွားတာကို မနှစ်သက်ဘူး"

"ဒါဆို ဘာကိုဆိုလိုချင်တာလဲ"

"သူ့အဝတ်အစားတွေကို ချွတ်ပစ်လိုက်။ ငါ သူ့ကို နှစ်ဆလောက် အရှက်ခွဲချင်လို့"

***********************

အခန်း ၉၀၀ - တော်တော်အရှက်မရှိတာပဲ

"အဝတ်အစားတွေ အကုန်ချွတ်ပစ်ရမယ် ဟုတ်လား"

ဂါနေးခမျာ တစ်ခဏမျှ ကြက်သေသေသွားလေသည်။

ဒါက ယဉ်ကျေးတဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းပါလို့ ခုနက ဘယ်သူပြောခဲ့တာလဲ။ ဘယ်သူကများ ခုနလေးတင် ငြိမ်းချမ်းရေးကို မြတ်နိုးသူပါလို့ ကြွေးကြော်ခဲ့တာလဲ။ ဘယ်လိုလုပ်ပြီး ဒီလောက် ယုတ်မာပြီး အရှက်မရှိတဲ့ တောင်းဆိုမှုမျိုးကို လုပ်နိုင်ရတာလဲ။

စကြဝဠာထဲရှိ သက်ရှိများဟာ မရေမတွက်နိုင်သော ထူးဆန်းသည့် ပုံပန်းသဏ္ဌာန်များ ရှိကြသော်ငြား ကာဗွန်အခြေခံသက်ရှိအများစုကတော့ ဆင်တူသည့် ရှင်သန်မှုလက္ခဏာများ ရှိကြသည်။ သူတို့၏ ကိုယ်တွင်းအင်္ဂါများကလည်း ကမ္ဘာမြေသားများနှင့် အလွန်ဆင်တူပြီး ပုံပန်းသဏ္ဌာန်၊ လုပ်ဆောင်ချက်နှင့် အရွယ်အစားလောက်သာ ကွာခြားကြသည်။

အဆင့်မြင့်မျိုးနွယ်စုများကြားမှာပင် ရှက်ရွံ့စိတိကဲ့သို့သော အခြေခံအကျဆုံး လူသားဗီဇတချို့က လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

ကျီတိဖုကို ပရိသတ်အများကြီးရှေ့မှာ အဝတ်အစားအကုန်ချွတ်ချလိုက်ခြင်းမှာ သူ့ကို သတ်ပစ်ခြင်းထက် ပိုခံရခက်စေမည်မှာ သေချာပေသည်။

"ဒါ... ဒါက သိပ်မသင့်တော်ဘူးမလား"

ဂါနေး အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူ့အနေနှင့် မလုပ်နိုင်၍ မဟုတ်ပါဘဲ ဤလုပ်ရပ်မျိုးက စင်စစ်ယုတ်မာပြီး အရှက်မရှိလွန်းရာ ကျနေသောကြောင့်ပင်။

"အင်း...ဒီကိစ္စက မင်းတို့အားလုံးအတွက် ခက်ခဲနေမယ်ထင်တယ်"

ကျန်းမုန့်လောင်က နောင်တတကြီး သက်ပြင်းချလိုက်သည်။

"ဒါဆိုရင်လည်း ငါ့သူငယ်ချင်း အခုလေးတင် ဖန်တီးထားတဲ့ အဆင့်ရှစ်နိယာမသိုင်းလက်နက်ကို ပြန်ပေးလိုက်ရတော့မှာပေါ့လေ"

"အဆင့်ရှစ်သိုင်းလက်နက် ဟုတ်လား။ ပြီးတော့ နိယာမလက်နက်တဲ့"

ဂါနေး၏ မျက်နှာအမူအရာမှာ ချက်ချင်း အေးခဲသွားသည်။

"ဆရာသခင်က တကယ်ပဲ အဆင့်ရှစ်နိယာမသိုင်းလက်နက်တွေကို ဖန်တီးနိုင်တာလား"

ယနေ့အထိ စကြဝဠာနိယာမသိုင်းလက်နက်များမှာ ရှားပါးလှပြီး ထိုလက်နက်များအားလုံးကလည်း အဆင့်ကိုးသက်ရှိ လက်တစ်ဆုပ်စာလောက်ဆီမှာသာ ရှိကြသည်။

စကြဝဠာတစ်ခုလုံးရှိ အဆင့်ရှစ်အထွတ်အထိပ် သက်ရှိများအကြားမှာပင် သူ့ခွန်အားက ထိပ်တန်းစာရင်းဝင်သည်။ အကယ်၍ သူသာ အဆင့်ရှစ် နိယာမလက်နက်တစ်ခုကို ပိုင်ဆိုင်နိုင်မည်ဆိုပါက အဆင့်ကိုးအောက်ပိုင်းတွင် ထိပ်ဆုံးသက်ရှိတစ်ယောက် ဖြစ်လာနိုင်၏။

"အဲဒါများ ဘာခက်လို့လဲ"

ကျန်းမုန့်လောင်က လေလုံးထွားလိုက်သည်။

"ငါပြောရင် မင်းတို့ ယုံချင်မှယုံလိမ့်မယ်။ ရီထျန်းဂိုဏ်းထဲက ကြောင်ချေးကော်တဲ့ ဂေါ်ပြားလေးကတောင် အဆင့်ရှစ်သိုင်းလက်နက်တွေကွ"

"ထားလိုက်ပါတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် မင်း တကယ်မလိုချင်တဲ့ပုံပဲ"

"အဟမ်း"

ဂါနေးလည်း ချက်ချင်း လည်ချောင်းရှင်းလိုက်သည်။

"အစ်ကိုကြီး ကျွန်တော် ခုနကပြောတဲ့စကားကို နားလည်မှုလွဲသွားတာကိုး"

"မင်းပဲ ဒီလိုလုပ်ရပ်မျိုးက သိပ်မသင့်တော်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ကျွန်တော်ဆိုလိုချင်တာက သူ့အဝတ်အစားတွေချည်း ချွတ်ရတာ သိပ်မပျော်ရဘူးလေ။ သူ့ဘောင်းဘီတွေကိုပါ ချွတ်ပစ်ချင်တာ"

ဂါနေးက ပြန်ဖြေလိုက်၏။

"အစ်ကိုကြှီး ကျွန်တော့်ကို ယုံချင်မှယုံမယ်။ ဒါပေမဲ့ ကျွန်တော်က စကြဝဠာအတွင်းခံချွတ်ပြိုင်ပွဲရဲ့ ချန်ပီယံလေ။ ငါးမိနစ်အတွင်း အထည်ပေါင်း ၁၆၅၆၂ထည်ကို ချွတ်နိုင်ခဲ့တယ်..."

"???"

ကျန်းမုန့်လောင်မှာ ကြောင်အမ်းသွားချေသည်။ စကြဝဠာထဲမှာ ဤသို့နှယ် အောက်တန်းကျသော ပြိုင်ပွဲမျိုး ရှိလေသလား။ ကမ္ဘာမြေပေါ်ရှိ စာရိတ္တပျက်ပြားနေသော နိုင်ငံများလောက်သာ ဤပြိုင်ပွဲမျိုး ကျင်းပလောက်မည်ဟု သူ ထင်ထားခဲ့သည်။

သူလည်း စကြဝဠာကွန်ရက်ကို ရှာဖွေကြည့်လိုက်လေရာ "ဂါနေး၊ ၂၃၇ကြိမ်မြောက် စကြဝဠာ အတွင်းခံချွတ်ပြိုင်ပွဲ ချန်ပီယံ၊ စကြဝဠာမှာ အမြန်ဆုံးချွတ်နိုင်တဲ့ စံချိန်တင်ထားသူ"ဟူသည်ကို တွေ့လိုက်ရသည်။

"သေလိုက်ပါတော့။ တကယ်ကြီးလား"

"ဒီကိစ္စအတွက် သင့်တော်တဲ့လူကို ရှာတွေ့လိုက်တာပဲ"

အဆင့်ရှစ်နိယာမသိုင်းလက်နက်ကို ရရန်အတွက် အဝတ်အစား နည်းနည်းပါးပါး ချွတ်ပေးရုံဖြင့် ရပြီဖြစ်လေရာ ဤသို့သောအပေးအယူမျိုး သောင်းဂဏန်းလောက် ရှိမည်ဆိုလျှင်ပင် အကြိမ်တစ်သောင်းလုံး သူ လုပ်မည်သာ။

"အားလုံး ဖယ်ကြစမ်း"

ဂါနေးက ပါးရိုက်ဖို့ တန်းစီ၍ စောင့်နေသူများ၏ ရှေ့ဆုံးသို့ ဖောက်ထွက်လိုက်သည်။

"မစ္စတာဂါနေး... ခင်ဗျား... ခင်ဗျား ဘာလုပ်မလို့လဲ"

ကျီတိဖုက ကြောက်လန့်တကြား မျက်နှာထားဖြင့် သူ့ကို ကြည့်လိုက်သည်။

ဤလူအယောက်တစ်သောင်းအထဲမှာ သူ့ကို ကြောက်ရွံထိတ်လန့်အောင် လုပ်နိုင်သူဟူ၍ ခပ်ရှားရှားပင်။ အခု ဂါနေးကလည်း ထိုအထဲက တစ်ယောက်အပါအဝင် ဖြစ်၏။

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ အစ်ကိုကြီးရဲ့ သူငယ်ချင်းက မင်းအဝတ်အစားတွေ ချွတ်ပေးဖို့ ငါ့ကို အကူအညီတောင်းထားလို့လေ"

"ဘာ"

ကျီတိဖု၏ မျက်နှာအမူအရာကား အကြီးအကျယ် ပြောင်းလဲသွားသည်။

ကျန်းမုန့်လောင်အနေနှင့် ဤမျှလူမဆန်စွာ ပြုမူနေခြင်းက တစ်ပိုင်းပင်။ ယခု သူက ခွေးကျင့်ခွေးကြံပါ ကြံလာလေပြီ။

လူအများကြီးက သူ့ကို အရှက်ခွဲနေရုံတင် မလုံလောက်သေးသည့်အပြင် ယခု သူ့ကို ကိုယ်တုံးလုံးပါ ချွတ်ချင်နေကြသေးသည်။

"မစ္စတာဂါနေး.. သူက ခင်ဗျားကို ဘယ်လိုဆုလာဘ်တွေ ပေးလို့လဲ။ သူ ဘာပဲပေးပေး ကျွန်တော်လည်း ပေးနိုင်ပါတယ်။ ကျွန်တော်..."

"စိတ်မကောင်းပါဘူး"

ဂါနေးက ခေါင်းယမ်းလိုက်သည်။

"သူ ငါ့ကိုပေးနိုင်တာမျိုး မင်း သေချာပေါက် မပေးနိုင်ပါဘူး။ အဆင့်ရှစ်သိုင်းကျင့်စဉ်လက်စွဲစာအုပ် သုံးအုပ်ရယ် အဆင့်ရှစ်နိယာမသိုင်းလက်နက်တစ်ခုရယ်... အဲဒါတွေကို မင်း ငါ့ကို ပေးနိုင်လို့လား"

"ဘာပြောလိုက်တယ်"

ကျီတိဖု၏ မျက်လုံးအိမ်များ တုန်ခါသွားသည်။

ဂါနေးပြောခဲ့သည့် အရာများထဲက ဘယ်အရာမဆို ထွက်ပေါ်လာပြီဆိုသည်နှင့်မုန်တိုင်းကြီးတစ်ခုနှယ် လှုပ်ခတ်သွားစေလိမ့်မည်။

ဂါနေးကို အရှက်မရှိသည့် အလုပ်တစ်ခုလုပ်ပေးသည့် အဖိုးအခအနေနှင့် ဤမျှတန်ဖိုးကြီးသော ရတနာများကို အသုံးပြုနိုင်သော ရီထျန်းဂိုဏ်းဆိုသည်မှာ ဘာများလေလဲ။

"ကျီတိဖု... မစော်ကားသင့်တဲ့လူကို စော်ကားမိတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့"

ထို့နောက် ဂါနေးက သူ့အဝတ်အစားများကို ချွတ်ပစ်လိုက်တော့သည်။

"ဝိုး.. အရမ်းလှပတဲ့ မြင်ကွင်းလေးပဲ"

"ကလေးတွေ ကြည့်ခွင့်မရှိဘူးနော်။ စီမံခန့်ခွဲသူတွေ ဘယ်ရောက်နေကြလဲ"

"အမလေး... ဒီလိုမြင်ကွင်းမျိုးကို စကြဝဠာဒင်္ဂါးတစ်သိန်းတည်းနဲ့ ကြည့်ရတာ တကယ်တန်လွန်းတယ်"

"တိုက်ရိုက်ထုတ်လွှင့်သူရေ... အခကြေးငွေ ပိုကောက်စမ်းပါ။ ဒါကို ကြည့်ပြီးရင် ဒီည ကောင်းကောင်း အိပ်ပျော်ပါ့မလားတောင် မသိတော့ဘူး"

"မင်းတို့ ဘာလို့ ရပ်ကြည့်နေကြတာလဲ။ လက်ဆောင်တွေ ပို့ပေးကြလေ"

[ xxxထံမှ "အပြာရောင်နှလုံးသား" လက်ဆောင်ကို ရရှိတဲ့အတွက် တိုက်ရိုက်ထုတ်လွှင့်သူကို ဂုဏ်ပြုပါတယ်]

[xxx ထံမှ "အဆုံးစွန်တွင်းနက်ကြီး"လက်ဆောင်ကို ရရှိတဲ့အတွက် တိုက်ရိုက်ထုတ်လွှင့်သူကို ဂုဏ်ပြုပါတယ်]

[xxxထံမှ "နဂါးငွေ့တန်းစစ်သင်္ဘော"လက်ဆောင်ကို ရရှိတဲ့အတွက် တိုက်ရိုက်ထုတ်လွှင့်သူကို ဂုဏ်ပြုပါတယ်]

...

"ဝန်ကြီး... ကျွန်တော်တို့ တိုက်ရိုက်ထုတ်လွှင့်တာကို ဆက်ခွင့်ပြုထားသင့်လား။ ဒီအကြောင်းအရာတွေက နည်းနည်း..."

စကြဝဠာအလင်းတန်း ပလက်ဖောင်း၏ သုတေသနစင်တာရှိ ဖန်သားပြင်အကြီးကြီးပေါ်တွင် ဂါနေးက ကျီတိဖု၏ အဝတ်အစားများကို ချွတ်နေသည့်မြင်ကွင်း ပေါ်နေချေသည်။

"မင်း ဘာတတ်နိုင်မှာမို့လို့လဲ။ ရီထျန်းဂိုဏ်းမှာ နည်းပညာကျွမ်းကျင်သူတစ်ယောက် ရှိတယ်။ ငါတို့ရဲ့ပလက်ဖောင်းက သူတို့ရဲ့ အိမ်နောက်ဖေးခြံဝင်းလို ဖြစ်နေတာ။ ပိတ်ပစ်လို့ရရင် စောစောကတည်းက ပိတ်ပစ်ပြီးလောက်ပြီပေါ့"

"ဒီအဖွဲ့အစည်းက တကယ်ကြောက်စရာကောင်းတာပဲ"

...

"ဝိုး... အဆင့်ရှစ်သက်ရှိတစ်ယောက်ရဲ့ ဇီဝဖွဲ့စည်းပုံက ငါတို့နဲ့ နည်းနည်းပါးပါးကွဲပြားမယ်လို့ ထင်ထားခဲ့တာ။"

"ကျစ် ကျစ်... ထင်တဲ့အတိုင်း ဒီလိုပါပဲလား"

"ဒါပေမဲ့ သူက တော်တော်သေးတာပဲ။ သက်ရှိအဆင့်တွေ ဆင့်ကဲပြောင်းလဲလာတာနဲ့အမျှ ကာဗွန်အခြေခံသက်ရှိတွေရဲ့ လိင်ပိုင်းဆိုင်ရာ လက္ခဏာတွေက တဖြည်းဖြည်းပျောက်ကွယ်လာတာများလား"

"မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ။ ငါလည်း အဆင့်ရှစ်သက်ရှိတစ်ယောက်ပါ။ ငါက သူ့ထက် အများကြီး ပိုကြီးတယ်။ လူတွေကို ဖြစ်ကတတ်ဆန်း မစော်ကားနဲ့ကွ"

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ စကြဝဠာကောင်းကင်ဘုံကျောင်းတော်က ဇီဝဗေဒပါမောက္ခတစ်ယောက်ပါ။ အဆင့်တစ်ကနေ အဆင့်ရှစ် သက်ရှိမျိုးနွယ်စု၂၀၀ကျော်ရဲ့ ဇီဝကမ္မဖွဲ့စည်းပုံတွေကို ကျွန်တော် လေ့လာခဲ့ဖူးပါတယ်။ သက်ရှိအဆင့် ဆင့်ကဲပြောင်းလဲမှုက လိင်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ပျောက်ကွယ်သွားစေတာ မဟုတ်ပါဘူးလို့ ကျွန်တော် အာမခံနိုင်ပါတယ်။ သူက ထူးထူးခြားခြားကို သေးနေတာပါ"

"ဟားဟားဟားဟား ပါမောက္ခကို လိုက်ခ်တစ်ခု ပေးလိုက်ကြဟေ့"

"ပါမောက္ခကြီး... ကျွန်တော်တို့ အဆင့်သုံးမျိုးနွယ်စုတွေအနေနဲ့ရော ခင်ဗျားရဲ့ အွန်လိုင်းသင်တန်းတွေကို တက်လို့ရနိုင်မလား"

...

"အစ်ကိုကြီး အကုန်ချွတ်ပြီးပြီ"

ဂါနေးက ကျီတိဖု၏ အဝတ်အစားများနှင့် ဘောင်းဘီများကို ကျန်းမုန့်လောင်ထံသို့ လာပေးလိုက်သည်။

"ဒီလူက တော်တော် ချမ်းသာတာပဲ။ ဒီအဝတ်အစားတွေကို အရမ်းတန်ဖိုးကြီးတဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတာ။ အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စု စစ်သင်္ဘောတွေရဲ့ တိုက်ခိုက်မှုတွေကိုတောင် ခံနိုင်ရည်ရှိတယ်"

"ဒီဖိနပ်တွေကလည်း အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုရဲ့ ထုတ်ကုန်တွေပဲ။ ပြင်းထန်တဲ့ ပွတ်တိုက်မှုနဲ့ ထိခိုက်မှုတွေကို ခံနိုင်ရည်ရှိတယ်။ လွန်ခဲ့တဲ့ နှစ်ငါးရာအတွင်း ဖန်တီးထားတာ ဖြစ်လောက်တယ်"

"ပြီးတော့ ဒီအတွင်းခံတွေက အဆရှစ်ရာလောက် ဆွဲဆန့်လိုက်ရင်တောင် သူရဲ့ပျော့ပျောင်းမှုနဲ့ စွမ်းဆောင်ရည်ကို မပျက်စီးစေနိုင်ဘူး"

"ဒီပစ္စည်းတွေက တန်ဖိုးကြီးတာလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ဒါပေါ့။ အနည်းဆုံး ကြယ်ဒင်္ဂါးရာဂဏန်းလောက်တော့ တန်တယ်"

"ဂါနေး... ပစ္စည်းလင့်ခ်တွေတင်ပေးဖို့ ငါ့ကိုကူညီပါဦး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

သူသည် ချွတ်ခါစ နွေးတေးတေးဖြစ်နေသေးသည့် အဝတ်အစားများကို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကင်မရာရှေ့သို့ ယူသွားလိုက်၏။

"အားလုံးပဲ ကြည့်လိုက်ကြဦး။ အဆင့်ရှစ်အထွတ်အထိပ်သက်ရှိတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေနော်။ အခု လေလံပွဲ စတင်ပါပြီ။ ကြိုက်သလောက် ဈေးခေါ်နိုင်ပါတယ်။ ငွေချေပြီးတာနဲ့ မင်းတို့အပိုင်ဖြစ်သွားပြီ။ ငါ အရင်ဆုံး လင့်ခ်ချပေးမယ်"

"အမလေး... တိုက်ရိုက်ထုတ်လွှင့်သူက တော်တော်မျက်နှာပြောင်တိုက်လွန်းတယ်။ လူတစ်ယောက်ကို အဝတ်အစားတွေ ချွတ်ခိုင်းပြီးတော့ အခု သူတို့ရဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေကို လူသိရှင်ကြား လေလံတင်နေတယ် ဟုတ်လား"

"အမလေးလေး... အတွင်းခံတွေပါ ပါတာလား"

"အတွင်းခံကို ဘယ်သူက ဝယ်မှာလဲ။ တစ်ခုခုကူးစက်ရင် ဘယ်လိုလုပ်မလဲ။ ငါကတော့ အဲဒီလိုမျိုး သေးသေးလေး မဖြစ်ချင်ပါဘူး"

"ဒါက ငါမြင်ဖူးသမျှထဲမှာ အကြမ်းဆုံး တိုက်ရိုက်ထုတ်လွှင့်သူပဲ။ ဒါပေမဲ့ သူက ကောင်းကောင်းကြီး မျက်နှာပြောင်တိုက်နိုင်တယ်ကွ။ ဒါကို ငါ သဘောကျတယ်"

...

နောက်ဆုံးကျန်နေသေးသည့် ဂုဏ်သိက္ခာကိုပါ အချွတ်ခံလိုက်ရသော ကျီတိဖုခမျာ လုံးဝ တိတ်ဆိတ်သွားသည်အထိ မောက်မာခဲ့ဖူးသော သူ့လေသံကို တဖြည်းဖြည်း ဆုံးရှုံးသွားသည်။

ကျန်းမုန့်လောင်ကိုကြည့်သော သူ့အကြည့်များက ခက်ထန်ခြင်း၊ မုန်းတီးခြင်းများ မရှိတော့ဘဲ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့်သာ ပြည့်နှက်နေတော့သည်။

ကျန်းမုန့်လောင်က ကျီတိဖုအနားသို့ တိုးကပ်လာသောအခါ ကျီတိဖုခမျာ သူ့ဆီသို့ လာနေသူမှာ လူသားတစ်ယောက် မဟုတ်ဘဲ နတ်ဆိုးတစ်ကောင်နှယ် တစ်ကိုယ်လုံး မတုန်ယင်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။

"အခု ကိုယ့်အခြေအနေကိုယ် ကောင်းကောင်းသိသွားပြီလား"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"အခု မင်းက ငါ့သုံ့ပန်းပဲ။ ငါ လုပ်ချင်တာမှန်သမျှ အကုန်လုပ်လို့ရတယ်။ မင်း စာရင်းသွင်းချင်တယ်ဆိုရင် ငါ့ကိုနှိမ့်ချပြီး တောင်းပန်ရမယ်။ ကြားလား"

**********************

All Chapters