← Chapters

ဓားသွန်းမြို့တော်

Vol. 29 Ch. 281

ဓားသွန်းမြို့တော်

Vol. 29 Ch. 281

“တပည့်ချင်ယွမ် ဆရာ့ကို ဂါရဝပြုပါတယ်”

ချင်ယွမ်က အရင်ဆုံး တုံ့ပြန်နိုင်ခဲ့သူဖြစ်သည်။ သူ ချက်ချင်းပင် မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး ယဲ့ပေ့ရွှမ်ကို ဦးညွှတ်လိုက်လေသည်။

ဤစီနီယာသည် ဝမ်တောက်ကျောင်းတော်တွင် မည်သည့်ရာထူးရှိမှန်း သူ မသိသော်လည်း ယခုမျိုးဆက်၏ အတော်ဆုံး ပါရမီရှင်နှစ်ဦးဖြစ်သည့် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ကို အတူခေါ်ဆောင်လာနိုင်ခြင်းကပင် လုံလောက်နေပြီဖြစ်သည်။

နောင်တွင် အပြင်လောက၌ ဒုက္ခတစ်ခုခုနှင့် ကြုံလာပါက သူငည် ငါ့ ဆရာဦးလေးက ရှောင်ချန်းကွ ဟု အော်ဟစ်လိုက်ရုံသာ။

ဒုတိယမြို့ဝန် ချင်မင်မှာလည်း ဤမြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း ရင်ထဲတွင်တော့ အတိုင်းမသိ ဝမ်းသာနေမိသည်။ သူ့ ဓားသွန်းမြို့တော်မှ ချင်ယွမ်လေးမှာ နောက်ဆုံးတော့ လူလားမြောက်ခဲ့ပါ၏။

ယဲ့ပေ့ရွှမ် ပြုံးလျက် ချင်ယွမ်ကို ထူပေးလိုက်သည်။

“ထပါဦး။ တရားဝင် ဆရာတင်ပွဲကိုတော့ အခုချက်ချင်း မလုပ်နိုင်သေးဘူး။ မင်း ဝမ်တောက်ကျောင်းတော်ကို တရားဝင် ရောက်ပြီဆိုမှ ငါ့ရဲ့ ဆရာ့ကို အခမ်းအနား ကျင်းပပေးဖို့ ပြောပေးမယ်။ အခုကစပြီး ငါ့ကို ဆရာယဲ့လို့ပဲ ခေါ်နိုင်တယ်”

“နားလည်ပါပြီ ဆရာယဲ့”

ချင်ယွမ်မှာ အနည်းငယ် နှမြောသလို ခံစားလိုက်ရသော်လည်း ထိုအတွေးများကို ချက်ချင်းပင် ဖယ်ထုတ်လိုက်၏။

“ဆရာ့ယဲ့ ဆရာက ဝမ်တောက်ကျောင်းတော်က ဘယ်သူလဲဆိုတာ သိပါရစေ”

ယဲ့ပေ့ရွှမ် တည်ငြိမ်စွာဖြေလိုက်သည်။

“ငါ့ လေးစားရတဲ့ ဆရာက ဝမ်တောက်ကျောင်းတော်ရဲ့ အဓိက ဌာနမှူး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ သောင်းပြောင်းပညာရပ်ဌာနကို အုပ်ချုပ်နေတဲ့ ဌာနမှူးချူလေ”

“ဘာ”

“ငါတို့များ အိပ်မက်မက်နေတာလား”

ဓားသွန်းမြို့တော်မှ ကျင့်ကြံသူများသည် ဌာနမှူးချူ ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် သိသိသာသာ ဆွံ့အသွားကြ၏။

သူတော်စင်တစ်ပိုင်းချူသည် လက်ရှိတွင် အထင်ရှားဆုံးသော ပုဂ္ဂိုလ်ဖြစ်ပြီး ဝမ်တောက်ကျောင်းတော်၏ နောက်ထပ် သူတော်စင်ဖြစ်လာမည့်သူဟု လူအများက အသိအမှတ်ပြုထားကြသူ ဖြစ်၏။

ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့၏ အဆင့်အတန်းကို သိထားကြသော်လည်း ဤဆရာယဲ့သည် သူတော်စင်တစ်ပိုင်းချူနှင့် ပတ်သက်နေလိမ့်မည်ဟု သူတို့ လုံးဝ မတွေးမိခဲ့ကြပေ။

စိတ်အလှုပ်ရှားဆုံးသူမှာ ချင်ယွမ်ပင် ဖြစ်သည်။ သူ၏ ကံကောင်းမှုကြီးက သူတော်စင်တစ်ပိုင်း၏ တိုက်ရိုက်တပည့်ထံတွင် တပည့်ခံခွင့်ရစေရုံသာမက ဆရာဘိုးဘိုးမှာလည်း သူတော်စင်တစ်ပိုင်း ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးပေ။

ယဲ့ပေ့ရွှမ် ပြုံးလိုက်၏။

“ကဲ... ဒီနေရာက စကားပြောဖို့ မသင့်တော်သေးဘူး။ အရင်ဆုံး ဝေါ့နျူတောင်ကနေ ထွက်ကြစို့”

“နားလည်ပါပြီ”

ဓားသွန်းမြို့တော်သားများ တက်ကြွစွာ ပြန်လည် ထူးလိုက်ကြ၏။

တစ်လ ကြာပြီးနောက်။

ယဲ့ပေ့ရွှမ်နှင့် အဖွဲ့သည် ဓားသွန်းမြို့တော်သို့ ဆိုက်ရောက်လာကြသည်။

ခမ်းနားသော ကြိုဆိုပွဲများ သို့မဟုတ် ကြီးကျယ်သော စားသောက်ပွဲများ မရှိခဲ့ပေ။

သူတို့၏ ပထမဆုံး ခရီးစဉ်မှာ ဓားသွန်းမြို့ဝန်ကို ဂါရဝပြုရန် မြို့ဝန်ခန်းမသို့ သွားရောက်ခြင်းပင်။

“ရှောင်ချန်းနဲ့ ဂျူနီယာညီလေး ညီမလေးတို့က ဓားသွန်းမြို့ဝန်ကို လာရောက် တွေ့ဆုံပါတယ်”

ချင်ယိ ပြုံးလျက် နှုတ်ဆက်လိုက်သည်။ “ဒီလောက်အထိ ရိုသေပြနေစရာ မလိုပါဘူး။ လူငယ်ပါရမီရှင်တို့... ထိုင်ကြပါဦး”

စကားဆုံးသည်နှင့် သူ ဒုမြို့ဝန်နှင့် အခြားသူများကို အရိပ်အကဲ ပြလိုက်သည်။ မကြာမီတွင် ခန်းမထဲ၌ ချင်ယွမ်နှင့် ဝမ်တောက်ကျောင်းတော်မှ အဖွဲ့သားများသာ ကျန်ရှိတော့၏။

ချင်ယိ ပြောလိုက်သည်။

“မင်းတို့ထဲမှာ ယဲ့မျိုးနွယ်က တာအိုမိတ်ဆွေလေးက ဘယ်သူလဲဆိုတာ သိပါရစေဦး”

ယဲ့ပေ့ရွှမ် မတ်တတ်ရပ်ကာ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။

“ဂျူနီယာ ယဲ့ပေ့ရွှမ်က စီနီယာချင်ကို ဂါရဝပြုပါတယ်”

ချင်ယိက ယဲ့ပေ့ရွှမ်ကို သေချာကြည့်ရှုပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

“ဌာနမှူးချူရဲ့ တိုက်ရိုက်တပည့်ဆိုတဲ့အတိုင်းပါပဲ။ ဒီလို အရှိန်အဝါမျိုးက တကယ်ကို ရှားပါတယ်။ ရှောင်ယွမ်က မင်းရဲ့ လမ်းညွှန်မှုအောက် ရောက်သွားပြီဆိုတော့ ငါလည်း စိတ်အေးရပါပြီ”

ယဲ့ပေ့ရွှမ်း နှိမ့်ချစွာ ပြန်ပြောလိုက်သည်။ “စီနီယာက မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော်က ဆရာ့ရဲ့ ရွေးချယ်မှုကို ခံရတဲ့ ကံကောင်းသူတစ်ယောက်ပါပဲ။ စိတ်ချပါ စီနီယာ... ကျွန်တော် ရှိနေသရွေ့တော့ ချင်ယွမ်ကို ဘယ်သူ့အနိုင်ကျင့်မှုမှ မခံရစေရပါဘူး”

ချင်ယိ ခေါင်းညိတ်သည်။

“မင်းတို့က အမှတ်အသားကို လျှို့ဝှက်ထားချင်တယ်ဆိုတော့ လောလောဆယ် အနားယူကြဦး။ မနက်ဖြန်ကျမှ ငါကိုယ်တိုင် မီးဖိုဖွင့်ပြီး မင်းတို့အတွက် ရှေးဟောင်းပစ္စည်းတွေကို သန့်စင်ပေးမယ်”

ယဲ့ပေ့ရွှမ် လက်သီးဆုပ်ပြလျက်ဂါရဝပြုလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

“ရှောင်ယွမ်... သူတို့ကို အနားယူဖို့ လိုက်ပို့ပေးလိုက်ဦး”

“ဟုတ်ကဲ့”

စကားပြောပြီးနောက် ချင်ယွမ် ယဲ့ပေ့ရွှမ်နှင့် အခြားသူများကို ခန်းမအပြင်သို့ ခေါ်ဆောင်သွားလေသည်။

“ဒုတိယညီလေး... မင်း ဒါကို ဘယ်လို မြင်လဲ”

အားလုံး ထွက်သွားပြီးနောက် ချင်ယိက ဘေးမှလူကို လှည့်မေးလိုက်သည်။

ဒုမြို့ဝန်သည် လျှို့ဝှက်တံခါးနောက်မှ ထွက်လာပြီး ဦးညွှတ်ကာ ဆိုလိုက်သည်။

“အစ်ကိုကြီး... ကျွန်တော့်အမြင်အရတော့ အဲ့ဒီ ရှေးဟောင်းပစ္စည်း နှစ်ခုထဲမှာ ဝမ်တောက်ကျောင်းတော် လိုချင်နေတဲ့ ရတနာတွေ ပါနေမှာ အသေအချာပဲ”

ချင်ယိ ခေါင်းညှိတ်လိုက်သည်။

“အဲ့ဒီ ရှေးဟောင်းပစ္စည်းတွေထဲမှာ ဘာတွေများ ရှိနေလို့ပါလိမ့်”

“အစ်ကိုကြီးက အဲ့ဒီပစ္စည်းတွေက ကျွန်တော်တို့ ဓားသွန်းမြို့တော်ဆီ ဘေးဒုက္ခတွေ သယ်ဆောင်လာမှာကို စိုးရိမ်နေတာလား”

ဒုမြို့ဝန်က မေးလိုက်သည်။

“မှန်တာပေါ့။ ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင်တွေတောင် ဒီလောက်အထိ သတိထားနေရတယ်ဆိုတော့ ငါလည်း ပေါ့ပေါ့ဆဆ မနေနိုင်ဘူး။ ဒါပေမဲ့ ကံဆိုးတာက ဓားသွန်းမြို့တော်မှာ ဆုတ်ခွာစရာ လမ်းကြောင်း မရှိတော့ဘူး”

ချင်ယိ ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။

“မနက်ဖြန်ကျရင် မင်းနဲ့ငါ အတူတူ လုပ်ဆောင်ကြမယ်။ မှတ်ထားပါ... မင်း ဘာပဲမြင်မြင် ဘာကိုမှ ထုတ်မပြောမိစေနဲ့။ မဟုတ်ရင် ငါတို့ ဓားသွန်းမြို့တော် ပျက်စီးသွားလိမ့်မယ်”

ဒုမြို့ဝန်က တည်ကြည်စွာ ပြန်ဖြေသည်။

“ဘာလုပ်ရမလဲဆိုတာ ကျွန်တော် သိပါတယ်”

ညတာသည် အေးအေးချမ်းချမ်းဖြင့် ကုန်ဆုံးသွားခဲ့၏။

နောက်တစ်နေ့တွင် ယဲ့ပေ့ရွှမ်နှင့် အဖွဲ့သည် ချိန်းဆိုထားသည့်အတိုင်း မြို့ဝန် ချင်ယိနှင့် လာရောက်တွေ့ဆုံခဲ့သည်။

“အားလုံး ရောက်လာကြပြီပဲ”

ချင်ယိ ခပ်ပြုံးပြုံးဖြင့် ပြောသည်။

“ငါ လိုအပ်တာတွေ အားလုံး ပြင်ဆင်ပြီးပြီ။ မင်းတို့ဘက်ကရော ပြင်ဆင်စရာ ကျန်သေးလား”

ယဲ့ပေ့ရွှမ် ပြုံးလျက် ပြန်ဖြေသည်။ “ကျွန်တော်တို့က ရှေးဟောင်းပစ္စည်း နှစ်ခုကိုပဲ သန့်စင်မှာဆိုတော့ တခြား ဘာမှ မလိုအပ်ပါဘူး”

ချင်ယိ ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် ငါ့နောက်ကို လိုက်ခဲ့ကြ”

“ကျေးဇူးတင်ပါတယ်”

ယဲ့ပေ့ရွှမ်နှင့် အခြားသူများသည် ချင်ယိ၏ နောက်မှ လိုက်သွားကြသည်။ ခဏအကြာတွင် နေရာပြောင်းအစီအရင် တံခါးဝသို့ ရောက်ရှိလာကြ၏။

ချင်ယိက ရှင်းပြသည်။

“ဓားသွန်းမြို့တော်ရဲ့ ဓားသွန်းလုပ်တဲ့နေရာက မြို့ထဲမှာ ရှိတာ မဟုတ်ဘူး။ အဲ့ဒီနေရာကို ရောက်ဖို့ နေရာပြောင်းအစီအရင်ကို သုံးရတယ်”

ပြောပြောဆိုဆိုနှင့် သူ အစီအရင်ထဲသို့ အရင်ဆုံး ဝင်သွား၏။

ယဲ့ပေ့ရွှမ်နှင့် အခြားသူများလည်း နောက်မှ ကပ်လိုက်သွားကြသည်။ သူတို့ ပြန်ထွက်လာချိန်တွင် ပြင်းထန်သော မီးစွမ်းအင်များ ပြည့်နှက်နေသည့် လိုဏ်ဂူကြီးတစ်ခုအတွင်းသို့ ရောက်ရှိနေကြ၏။

လိုဏ်ဂူအတွင်း၌ အကာအကွယ်စစ်သားများ မရှိသော်လည်း ထောင်ချောက်များနှင့် ရှုပ်ထွေးသော ယန္တရားများဖြင့် ပြည့်နှက်နေ၏။

မည်သူမျှ စကားမပြောဘဲ ချင်ယိ၏ နောက်ကွယ်မှ ငြိမ်သက်စွာ လိုက်ပါလာကြသည်။

အတွင်းပိုင်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင် အပူချိန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

နာရီဝက်ခန့်အကြာတွင် မြေအောက်၌ စီးဆင်းနေသော မီးလျှံသွေးကြော တစ်ခုကို သူတို့ တွေ့လိုက်ရ၏။

“ထိပ်တန်းအဆင့် မီးလျှံကြောပဲ”

ရှောင်ချန်း မြင်မြင်ချင်းမှာပင် မသိစိတ်ဖြင့် ရေရွတ်လိုက်မိသည်။

ချင်ယိက ရယ်မောလျက် ဆိုလိုက်သည်။

“တာအိုမိတ်ဆွေလေး ရှောင်ချန်းက တကယ်ပဲ မျက်စိစူးရှတာပဲ... ငါတို့ ဓားသွန်းမြို့တော်ရဲ့ မီးလျှံသွေးကြောအဆင့်ကို တစ်ချက်ကြည့်ရုံနဲ့ သိတယ်ဆိုတော့”

ရှောင်ချန်း လက်သီးဆုပ်ကာ ပြောလိုက်သည်။

“စီနီယာက မြှောက်ပင့်နေပြန်ပါပြီ”

ချင်ယိ ကြွားဝါလိုစိတ် မရှိသလို ထိုအကြောင်းကိုလည်း ဆက်လက် မဆွေးနွေးတော့ဘဲ သူ့အကြည့်က ယဲ့ပေ့ရွှမ်ထံသို့ ရောက်သွား၏။

“တာအိုမိတ်ဆွေလေးယဲ့... အခု အဲ့ဒီ ရှေးဟောင်းပစ္စည်း နှစ်ခုကို ငါ့ကို ကြည့်ခွင့်ပေးလို့ ရပြီလား”

ယဲ့ပေ့ရွှမ်၏ လက်မှ သိုလှောင်လက်စွပ်က လက်ခနဲ ဖြစ်သွားပြီး ရွှေရောင်သေတ္တာနှစ်လုံးသည် သူတို့ရှေ့ရှိ ကွင်းပြင်၌ ပေါ်လာသည်။

သူ ချီလင် ဦးခေါင်းခွံပါသော သေတ္တာကို အရင်ဆုံး ဖွင့်လိုက်သည်။

ချင်ယိ၏ မျက်နှာအမူအရာမှာ ထိုပစ္စည်းကို မြင်ရချိန်တွင် သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိပေ။

ကလပ်...

ယဲ့ပေ့ရွှမ် ဒုတိယမြောက် သေတ္တာကို ထပ်မံ ဖွင့်လိုက်သည်။ နတ်ဆိုးဘုရားအရိုး ပေါ်ထွက်လာသည့် ခဏတွင် ချင်ယိ၏ မျက်လုံးများထဲ၌ ပြင်းထန်သော လိုလားတောင့်တမှုတစ်ခု ဖြတ်ပြေးသွား၏။

ယဲ့ပေ့ရွှမ်တို့ ဤနတ်ဆိုးဘုရားအရိုးကို ဓားသွန်းမြို့တော်သို့ လဲလှယ်ပေးရန် ဆန္ဒရှိသည်ကိုသာ မသိထားခဲ့ပါက သူ့စိတ်ထဲ၌ လောဘဇောများ ချက်ချင်းပင် ထကြွလာပေလိမ့်မည်။

“တာအိုမိတ်‌ဆွေလေး... ဒီနတ်ဆိုးဘုရားအရိုးထဲက မကောင်းတဲ့ အငွေ့အသက်တွေက သိပ်ကို ပြင်းထန်လွန်းတယ်။ အခုချက်ချင်း မသန့်စင်ဘူးဆိုရင် ပြန်ပိတ်ထားတာ အကောင်းဆုံးပဲ”

ယဲ့ပေ့ရွှမ် ခေါင်းညိတ်ကာ သေတ္တာကို ပြန်ပိတ်လိုက်သည်။

“ဒါဆိုရင် စီနီယာ့ကိုပဲ ဒုက္ခပေးပါရစေ... အရင်ဆုံး ချီလင်ဦးခေါင်းကို အရင် သန့်စင်ပေးပါ”

“ပြဿနာမရှိပါဘူး။ ငါ အခုပဲ စလိုက်မယ်”

ချင်ယိ ပြောရင်းနှင့် လက်ဟန်တစ်ခုကို လျင်မြန်စွာ ဖော်ဆောင်လိုက်၏။

ဟိန်းဟောက်သံကြီးနှင့်အတူ မီးလျှံသွေးကြောထဲမှ မီးတောက်တစ်ခုသည် ဝုန်းခနဲ ပွင့်ထွက်လာသည်။

ထို့နောက် သူ ချီလင်ဦးခေါင်းခွံကို လှမ်းဖမ်းကာ မီးတောက်ထဲသို့ ပစ်ထည့်လိုက်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာကာ ချီလင်ဦးခေါင်းခွံသည် တဖြည်းဖြည်း အရည်ပျော်လာခဲ့၏။ သုံးရက်နှင့် သုံးည တိတိ ကြာပြီးနောက်တွင် ချီလင်ဦးခေါင်းခွံ၏ ပါးစပ်ထဲ၌ ငုံထားသော နီလာပုလဲမှ တောက်ပသော အလင်းတန်းကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။

All Chapters