သော့ထွက်ပေါ်လာခြင်း
Vol. 29 Ch. 282
ရွှစ်... ရွှစ်...
လိုဏ်ဂူအတွင်း၌ မီးတောက်များ၏ တဖျတ်ဖျတ်မြည်သံ ပဲ့တင်ထပ်နေသည်။
လူတိုင်း၏ အကြည့်များသည် မီးတောက်များကြားမှ တောက်ပသော အလင်းရောင်ထံသို့ စုပြုံရောက်ရှိနေကြ၏။
သေချာကြည့်လိုက်သောအခါ ထိုအလင်းရောင်၏ အရင်းအမြစ်မှာ ရှုပ်ထွေးလှသော စာသားများစွာ ထွင်းထုထားသည့် သော့တစ်ချောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“တွေ့ပြီ”
မီးတောက်များကြားမှ ရင်းနှီးနေသော သော့ကို ကြည့်ရင်း ယဲ့ပေ့ရွှမ်၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
ဘေးမှ အခြားသူများသည်လည်း သူတို့ စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်နေကြရ၏။ ဓားသွန်းမြို့တော်မှ လူသုံးယောက်သာ ရှိမနေပါက သူတို့ ဝမ်းသာအားရ အော်ဟစ်မိကြပေလိမ့်မည်။
ချင်ယိနှင့် သူ့အဖော်နှစ်ဦး ထိုသော့ကို ကြည့်ရင်း ဆွံ့အသွားကြသည်။ ထိုခဏ၌ သူတို့ ရင်ထဲတွင် တဝဲလည်လည် ဖြစ်နေသော သံသယများမှာ နောက်ဆုံးတော့ အဖြေထွက်သွားတော့၏။
ဝမ်တောက်ကျောင်းတော်၏ ပါရမီရှင်များ အစကတည်းက လိုချင်တောင့်တနေခဲ့သည်မှာ ဤသော့ဖြစ်နေခြင်းပင်။ နတ်ဆိုးဘုရားအရိုးသည် သူတို့အတွက် ဘာမှမဟုတ်ခဲ့ပေ။
ဤအချက်ကို သဘောပေါက်သွားပြီးနောက် ချင်ယိ အစီအရင်ကို လျင်မြန်စွာ ရပ်တန့်လိုက်ပြီး သော့ကို ဆယ်ယူလိုက်သည်။
သူ ယဲ့ပေ့ရွှမ်ကို ပြုံးလျက် သော့ကမ်းပေးလိုက်သည်။
“တာအိုမိတ်ဆွေလေးယဲ့... ဒါက မင်းတို့ ရှာနေတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်”
ယဲ့ပေ့ရွှမ် သော့ကို လှမ်းယူလိုက်၏။
“ဟုတ်ပါတယ် စီနီယာ။ ကျေးဇူးအများကြီး တင်ပါတယ်။ နတ်ဆိုးဘုရားအရိုးကိုတော့ စီနီယာတို့ပဲ စီမံလိုက်ပါတော့။ အဖိုးအခအတွက်ကတော့ ကျွန်တော့်ရဲ့ စီနီယာအစ်ကိုနဲ့ ညှိနှိုင်းလို့ ရပါတယ်”
“ကောင်းပြီ... ကောင်းပြီ။ ငါ ကျိန်းသေပေါက် မိတ်ဆွေလေးရှောင်ကို ကျေနပ်လောက်တဲ့ ဈေးနှုန်းတစ်ခု ပေးပါ့မယ်”
ချင်ယိသည် ထိုသော့၏ နောက်ကြောင်းကို ထပ်မံစပ်စုခြင်း မပြုတော့ပေ။ သော့ပေါ်ရှိ ထွင်းထုထားသော စာသားများကပင် ဤအရာသည် သေးငယ်သော ဓားသွန်းမြို့တော်အနေဖြင့် ဝင်ရောက်ပတ်သက်နိုင်သည့်အရာ မဟုတ်ကြောင်း ထင်ရှားစေသည်။
ရက်အနည်းငယ် ကြာပြီးနောက်
ရှောင်ချန်းနှင့် အခြားသူများသည် ကိုယ်ယောင်ဖျောက်ကာ ချင်ယွမ်၏ အကြည့်အောက်၌ ဓားသွန်းမြို့တော်မှ ထွက်ခွာခဲ့ကြပြီး အနောက်မြောက်ဘက်ရှိ အဝါရောင် သဲကန္တာရ ဆီသို့ ဦးတည်သွားကြသည်။
ချင်ယွမ်သည် လူအုပ်ကြားမှ ရင်းနှီးသော ပုံရိပ်ကို ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဆရာ... နောက်ဆယ်နှစ်ကြာရင် ကျွန်တော် ဝမ်တောက်ကျောင်းတော်ကို လာပြီး ဆရာ့ကို ရှာပါ့မယ်”
ဝမ်တောက်ကျောင်းတော်၊ သောင်းပြောင်းပညာရပ်ဌာနအတွင်း၌
နေ့စဉ်နေ့တိုင်း ချူဖုန်းသည် ကလေးမလေးနှစ်ယောက်နှင့်အတူ မြောင်တောင် ပေါ်၌ ပျော်ရွှင်စွာ လှည့်လည်သွားလာနေတတ်သည်။
ရံဖန်ရံခါတွင်လည်း သူ ဖုန်းမူကို ကျင့်ကြံခြင်းဆိုင်ရာများ လမ်းညွှန်ပေးတတ်သေး၏။
ယနေ့တွင်လည်း ပုံမှန်အတိုင်းပင် သူ ကလေးမလေးနှစ်ယောက်ကို ရေတံခွန်အောက်၌ ငါးဖမ်းရန် ခေါ်လိုက်သည်။
သို့သော် ခြံဝင်းတံခါးမှ အထွက်တွင်ပင် သူ့စိတ်ထဲ၌ ရင်းနှီးသော အသံတစ်ခု ပဲ့တင်ထပ်သွားသည်။
“သင့် တာအိုလက်တွဲဖော် ပင်းယန်သည် ပုံရိပ်ယောင်စာလိပ်ကို ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် ဓားတာအို အနှစ်သာရကို နားလည်သဘောပေါက်သွားပါပြီ။ ပိုင်ရှင်အား မဟာတာအို အနှစ်သာရ ဆယ်ခု ပေးအပ်ပါသည်”
ဤအသံကို ကြားလိုက်ရချိန်တွင် ချူဖုန်း တစ်ခဏ ရပ်တန့်သွား၏။
ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတ်ို့နှစ်ယောက်မှာ သူတို့ဆရာ ရပ်သွားသည်ကို သတိထားမိသွားကြသည်။
သူတို့က ခေါင်းလေးများကို စောင်းလိုက်ကြပြီး တပြိုင်တည်း မေးလိုက်ကြသည်။
“ဆရာ... ဘာဖြစ်လို့လဲ ဟင်”
ချူဖုန်း သူတို့ခေါင်းလေးများကို အသာအယာ ပုတ်ပေးလိုက်သည်။
“ဒီနေ့ ငါးမဖမ်းတော့ဘူး။ ငါ မင်းတို့ ဆရာကတော်အတွက် စားသောက်ပွဲတစ်ခု ပြင်ဆင်ပေးရမယ်”
ပင်းယန်နှင့် အရင်းနှီးဆုံးဖြစ်သော ချန်ကျင်းကျင်းသည် ဆရာကတော်ဟူသော စကားကို ကြားသည်နှင့် မျက်နှာလေး ဝင်းပသွားပြီး မေးလိုက်သည်။
“ဆရာ... ဆရာကတော်က ကျင့်ကြံရာကနေ ထွက်လာတော့မှာလား။ တစ်နှစ်တောင် ရှိသွားပြီနော်”
ချူဖုန်း တဟားဟား ရယ်မောလိုက်၏။
“မကြာခင် သိရမှာပေါ့။ လာ... မီးဖိုချောင်ကို သွားကြစို့”
“ဆရာ... သမီးလည်း ကူချင်တယ်”
ချန်ကျင်းကျင်း ပျော်ရွှင်စွာ အော်လိုက်သည်။
“ကောင်းပြီ။ ငါ မင်းကို လုပ်ခိုင်းမယ်”
ကောင်းကင်စိတ်ဝိညာဉ်ဌာန၊ ဝမ်တောက်ကမ်းပါး ရှိ သီးသန့်ဂူတစ်ခုအတွင်း။
ပင်းယန်သည် သူမ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူမသည် ဓားကို ဆွဲထုတ်ကာ ပေါ့ပေါ့ပါးပါးပင် ဝေ့ယမ်းလိုက်သည့်အခါ ချက်ချင်းပင် လေထုထဲ၌ ရေခဲပန်းတစ်ပွင့် ပွင့်လန်းလာ၏။
“နောက်ဆုံးတော့ ငါ ဓားတာအိုရဲ့ အနှစ်သာရကို ဆုပ်ကိုင်နိုင်ခဲ့ပြီ”
သူမ မလှမ်းမကမ်းရှိ ပန်းချီကားတစ်ချပ်ကို ကြည့်ရင်း ပြောလိုက်သည်။ ထိုပုံတူပန်းချီကားထဲမှ ပုဂ္ဂိုလ်မှာ သူမကိုယ်တိုင်ပင် ဖြစ်သော်လည်း သူမသည် ထိုပုံထဲက ပုံရိပ်ထက် အများကြီး လိုအပ်နေသေး၏။
“ချူဖုန်း မျှော်မှန်းထားတဲ့ လူမျိုး မဖြစ်လာသေးပေမဲ့ ငါ သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်ဖို့ နီးစပ်နေပြီ။ ဒါဆိုရင်တော့ ငါ နောက်ဆုံးမှာ သူ့ဘေးနားမှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်တော့မှာပါ”
ပင်းယန် စကားပြောနေရင်း သူမ စိတ်ထဲတွင် ရင်းနှီးသော ပုံရိပ်တစ်ခု ပေါ်လာသဖြင့် မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွား၏။
သူမ ပန်းချီကားကို သိမ်းဆည်းလိုက်ပြီး ဝမ်တောက်ကမ်းပါးမှနေ၍ ဓားပျံ စီးနင်း၍ ပျံသန်းထွက်ခွာလာခဲ့သည်။သူမ တောင်ထွတ်သို့ မပြန်ဘဲ ချူဖုန်းကို ရှာရန် တန်းတန်းမတ်မတ် ဦးတည်သွားသည်။
တစ်ခဏအကြာတွင် ပင်းယန်သည် သောင်းပြောင်းပညာရပ်ဌာနသို့ ရောက်ရှိလာသည်။ ခြံဝင်းမှာ ယခင်အတိုင်းပင် ဖြစ်သော်လည်း ယနေ့တွင် ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့၏။
‘ဟို ပြဿနာရှာတတ်တဲ့ ကလေးမလေး နှစ်ယောက် ဘယ်ရောက်နေကြတာလဲ။ ဘာလို့ သူတို့ အသံတွေ မကြားရတာလဲ’
ပင်းယန် အနည်းငယ် စပ်စုချင်စိတ်ဖြင့် ချူဖုန်း၏ သီးသန့်ခြံဝင်းဆီသို့ လျှောက်သွားလိုက်သည်။
မကြာမီ မီးဖိုချောင်ထံမှ ရင်းနှီးသော အသံများကို ကြားလိုက်ရသည်။
ပင်းယန် မီးဖိုချောင်ဆီသို့ ခြေလှမ်းများကို လှမ်းလိုက်၏။
မကြာမီတွင် မီးဖိုချောင်၏ အဝင်ဝ၌ သူမ နေ့ညမပြတ် လွမ်းဆွတ်တောင့်တနေခဲ့ရသော မျက်နှာကို မြင်လိုက်ရသည်။
တစ်စုံတစ်ယောက်၏ အကြည့်ကို ခံစားမိသဖြင့် ချူဖုန်း မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ရာ တံခါးဝတွင် တောက်ပသော အပြုံးဖြင့် ရပ်နေသည့် ပင်းယန်ကို တွေ့လိုက်ရသည်။
ချူဖုန်း သူ လုပ်လက်စများကို ဘေးချ၍ ချစ်သူထံသို့ အပြေးအလွှား မသွားနိုင်ခင်မှာပင် ချန်ကျင်းကျင်းက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ “ဆရာကတော် ကျင်းကျင်းက ဆရာကတော့်ကို သိပ်လွမ်းနေတာ”
ပြောပြောဆိုဆိုနှင့် ချန်ကျင်းကျင်းသည် သူမ၏ ခြေတံတိုလေးများဖြင့် ပြေးလာကာ ပင်းယန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။
ပင်းယန်က သူမကို ပွေ့ချီလိုက်ပြီး အလိုလိုက်သော အသံဖြင့် မေးလိုက်သည်။ “ကျင်းကျင်း... ငါ့ကို လွမ်းနေတာလား”
“ဟုတ် နေ့တိုင်း လွမ်းနေတာ ဒါပေမဲ့ ဆရာက သမီးကို ဆရာကတော့်ဆီ လာခွင့်မပေးဘူး”
ချန်ကျင်းကျင်း ချူဖုန်းကို ခိုးကြည့်ရင်း တိုင်တန်းလိုက်သည်။
ယခင်ဘဝက လူငယ်စုံတွဲ တော်တော်များများ အဘယ်ကြောင့် ကလေးမလိုချင်ကြသလဲဆိုတာ ချူဖုန်း အခုမှပဲ ကောင်းကောင်း နားလည်သွားတော့၏။ ကလေးများက အချိန်အခါကောင်းကို ဖျက်ဆီးတတ်ကြသည်ပင်။
ပင်းယန် ချန်ကျင်းကျင်းကို ပွေ့ချီလျက် ချူဖုန်းထံသို့ လျှောက်လာသည်။
“ချူဖုန်း... မတွေ့ရတာ ကြာပြီနော်”
“ယန်အာ... တကယ်ပဲ ကြာသွားပြီ”
ချူဖုန်း ပြန်ဖြေလိုက်ပြီး သူ့တပည့်နှစ်ယောက်ရှေ့မှာပင် ပင်းယန်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ချန်ကျင်းကျင်းနှင့် ပိုင်ကျင်း နှစ်ယောက်လုံး ချက်ချင်းပင် လက်ကလေးများဖြင့် မျက်လုံးကို အုပ်လိုက်ကြပြီး တိုးတိုးလေး ပြောလိုက်ကြသည်။
“ဆရာကတော့ ရှက်စရာကြီး လုပ်နေပြန်ပြီ”
“ဟားဟား”
ချူဖုန်း မအောင့်နိုင်ဘဲ အသံထွက်၍ ရယ်မောလိုက်သည်။ သူသည် ကလေးမလေးနှစ်ယောက်၏ ပါးလေးများကို ဆွဲညှစ်လိုက်ပြီးနောက် ပင်းယန်နှင့်အတူ ဆက်လက် ချက်ပြုတ်၏။
သူတို့လေးယောက်မှာ မီးဖိုချောင်ထဲ၌ ပျော်ရွှင်စရာ မိသားစုလေးတစ်ခုလို လှုပ်ရှားသွားလာနေကြသည်။
ထိုနေ့ညနေတွင် ပင်းယန် ကျင့်ကြံရာမှ ထွက်လာခြင်းကို ဂုဏ်ပြုသောအားဖြင့် ချူဖုန်း ဝိုင်အိုးတစ်လုံးကို ဖွင့်လိုက်သည်။ မူလက သူတော်စင်ရွှေတောင်ပံ ကိုပါ ဖိတ်ကြားပြီး အတူတူ မြည်းစမ်းရန် အစီအစဉ်ရှိခဲ့သည်။
သို့သော် ဖုန်းမူသည် စိတ်ပျက်စရာ သတင်းကို ယူဆောင်လာသည်။ သူတော်စင်ရွှေတောင်ပံသည်လည်း တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားပြီ ဖြစ်၏။
စားသောက်ပြီးနောက်
ချူဖုန်းနှင့် အကြီးအကဲပင်းတို့ တောင်နောက်ဘက်ရှိ ကမ်းပါးယံ၌ အတူထိုင်ကာ နေဝင်ချိန်ကို ကြည့်နေကြသည်။
“ယန်အာ... မင်းရဲ့ ကျင့်စဉ်အဆင့်က သူတော်စင်တစ်ပိုင်းအဆင့်ကို မရောက်သေးဘူးလို့ ကိုယ် ခံစားနေရတယ်”
ချူဖုန်းက ပြောလိုက်သည်။
အကြီးအကဲပင်းက ခေါင်းညိတ်သည်။
“ဟုတ်တယ်။ ကျွန်မ နီဗားနားရှင်သန်ခြင်းအဆင့် မှာပဲ ရှိနေသေးတယ်။ ဒီတစ်ခေါက် ကျင့်ကြံတာက ဓားတာအို အနှစ်သာရကိုပဲ နားလည်ဆင်ခြင်ခဲ့တာ။ ဒါပေမဲ့ အဲ့ဒီ နားလည်မှုနဲ့တင် နီဗားနားရှင်သန်ခြင်းအဆင့်မှာ ပြိုင်ဘက်ကင်းနေပြီ။ ကျင့်စဉ်အဆင့် တက်လာတာနဲ့ သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်သွားမှာပါ”
“အင်း...”
ချူဖုန်း တိုးတိုးလေး ပြန်ထူးလိုက်သော်လည်း ထိုအကြောင်းကို ဆက်မပြောတော့ပေ။
ရက်များ ကုန်လွန်လာသည်နှင့်အမျှ အကြီးအကဲပင်း၏ အဖော်ပြုမှုကြောင့် ချူဖုန်း၏ ဝမ်တောက်ကျောင်းတော်မှ ဘဝမှာ ပိုမိုသက်ဝင်လှုပ်ရှားပြီး ပြည့်စုံလာခဲ့သည်။
နှစ်လ ကြာပြီးနောက်။
မြောင်တောင်၏ တောင်ထိပ်တစ်ခုပေါ်မှ ရုတ်တရက် လင်းယုန်တစ်ကောင်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
ကျိး...
ထိုအသံကို ကြားလိုက်ရသည်နှင့် ချူဖုန်း လင်းယုန်ကြီး ကျင့်ကြံရာမှ ထွက်လာကြောင်း တွေးလိုက်မိသည်။
နောက်တစ်စက္ကန့်တွင် ရင်းနှီးသော စက်ရုပ်အသံတစ်သံ ထွက်ပေါ်လာသည်။
“သူတော်စင်ရွှေတောင်ပံသည် တာအိုအနှစ်သာရ နှစ်ခုကို နားလည်သဘောပေါက်သွားပါတယ်။ ပိုင်ရှင်အား မဟာတာအိုအနှစ်သာရ အခု (၂၀)အား ဆုလာဘ်အဖြစ် ပေးအပ်ပါသည်”
မြင့်မြတ်သားရဲသွေးပါသူပီသစွာ တစ်ခါတည်းနှင့် နှစ်ခုတောင် နားလည်သွားခြင်းပင်။
ချူဖုန်း တစ်ယောက်တည်း ရင်ထဲ၌ အံ့ဩနေစဉ်မှာပင် ကောင်းကင်မှ ရွှေရောင်အလင်းတန်းတစ်ခု ဆင်းသက်လာပြီး သူ့ရှေ့၌ ရပ်တန့်လိုက်သည်။
သူတော်စင်ရွှေတောင်ပံက ပါးစပ်ကြီးဖြဲကာ ပြုံးပြလိုက်၏။
“အစ်ကိုကြီး... မတွေ့ရတာ ကြာပြီနော်။ ကျုပ်ကို လွမ်းနေလား။”