ငါတို့က သင်ယူဖို့လာတာ၊ ခွေးစာ စားဖို့ မဟုတ်ဘူး
Vol. 29 Ch. 284
“ပင်းယန်”
“တပည့် ရှိပါတယ်”
သူမ ဆရာ ခေါ်နေသည်ကို ကြားသော် ပင်းယန် ချက်ချင်း မတ်တပ်ထပြီး သူတော်စင်ရှောင်ယောင်ကို ဦးညွှတ်လိုက်၏။ သူမသည် မူလက တာအိုဟောကြားပွဲကို တက်ရောက်ရန် အစီအစဉ်မရှိပေ။ မည်သို့ပင်ဆိုစေ သူမ တာအိုအနှစ်သာရကို နားလည်ထားပြီးဖြစ်သည့်အတွက် သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။ လက်ရှိ ကျင့်ကြံခြင်းအမြန်နှုန်းနှင့်ဆိုလျှင် သူတော်စင်တစ်ပိုင်အဆင့်သို့ ဆယ်နှစ်အတွင်း ရောက်ရှိနိုင်ပေသည်။
ကျင့်ကြံခြင်းကို အထောက်အကူပြုသည့် ဝိညာဉ်ဆေးပင်များသည့် ဝမ်တောက်ကျောင်းတော်၌ မည်သည့်အခါကမျှ မရှားပါးပေ။
ပါရမီရှင်တစ်ဦး နောက်တစ်ဆင့်သို့ တက်နိုင် မတက်နိုင်ကို ဆုံးဖြတ်ပေးသည်မှာ နားလည်နိုင်စွမ်းပေ။
သူတော်စင်ရှောင်ယောင် တင်းမာစွာ မေးလိုက်သည်။ “ငါ မှတ်မိသလောက်ဆို မင်းက အရင်တုန်းက ငါစာသင်နေရင် အတက်ကြွဆုံးသူပါ။ ဘာလို့ ဒီနေ့ကြမှ မေးခွန်းလေးတစ်ခုတောင် မမေးရတာလဲ”
ပင်းယန် ရိုးသားစွာ ဖြေကြားပါ၏။ “ဆရာ့ကို အမှန်တိုင်းပဲ ပြောပါမယ်။ ဒီတပည့်က ဘာမေးရမှန်းကို မသိလို့ပါ”
သူမ ပြောပြီးသည်နှင့် လူတိုင်း ကြောင်အသွားပြီး အကြီးအကဲပင်းကို နားမလည်နိုင်စွာ ကြည့်လာကြသည်။ သူတော်စင်ရှောင်ယောင်၏ အမူအရာသည် လေးနက်သွားပြီး ဖြည်းညှင်းစွာ မေးလိုက်သည်။ “ ငါကြားထားတာတော့ မင်း ဒီနှစ်တွေတလျှောက် ကောင်စုတ်လေးချူနောက်လိုက်ပြီး ကမ္ဘာကြီးကို ပတ်နေတယ်တဲ့။ ကျင့်ကြံခြင်းတောင် မလုပ်ဖြစ်ဘူးဆို။ အဲဒါ မင်း ကျင့်ကြံခြင်းမှာ အတားအဆီးတွေ့နေလို့ မဟုတ်ဘူးလား”
သူ့လေသံက ဆူပူနေခြင်း မဟုတ်သော်လည်း အကြည့်ထဲတွင်တော့ ပြစ်တင်ရှုပ်ချဟန်များ ပါဝင်သည်။
ပင်းယန် သူမခေါင်းကို ခါယမ်းလိုက်သည်။ “အဲလို မဟုတ်ပါဘူး”
သူတောင်စင်ရှောင်ယောင် နားမလည်နိုင်ဖြစ်သွားပြီး အနည်းငယ် မကျေနပ်တော့ပေ။ “ဒါဆို ဘာဖြစ်တာလဲ။ အခုလေးတင် ငါသင်ပေးလိုက်တဲ့ အရာတွေကို နားလည်ပြီးသားလို့တော့ မပြောနဲ့”
ပင်းယန်သည် သူမ ဆရာ မကျေမနပ်ဖြစ်နေကြောင်း ခံစားမိသည့်အတွက် စိတ်ရှည်စွာ ရှင်းပြလိုက်သည်။ “ဆရာ့ကို အမှန်တိုင်းပြောရရင် ဒီတပည့်က တာအိုအနှစ်သာရကို နားလည်ပြီးပါပြီ”
သူမ လေသံက မကျယ်လောင်သော်လည်း လူတိုင်း ကြားနိုင်လောက်ပေသည်။ ထိုအသံက ငြိမ်သက်နေသည့် ကန်ရေပြင်ထက်ဝယ် ကျောက်တုံးတစ်တုံး ပစ်ချလိုက်သည့်ပမာ လှိုင်းဂယက်များ ထသွားတော့၏။
“ဟုတ်လို့လား”
“ဖြစ်နိုင်လို့လား”
“အစ်မပင်းက နီဗားနားရှင်သန်ခြင်းအဆင့်ကို တက်တာ လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်ကလေ။အများဆုံး ရှိလှ သူ့ဓားဆန္ဒက ပြီးပြည့်စုံခြင်းအဆင့်ပဲ ရှိဦးမှာ”
“…”
တီးတိုးပြောသံများ ထွက်ပေါ်လာသည်။ ပင်းယန်၏ တပည့်ရင်းများပင် သူတို့ဆရာကို မယုံကြည်နိုင်စွာ ကြည့်လာကြသည်။ သူတော်စင်ရှောင်ယောင်၏ အမူအရာသည် ထူးဆန်းသွားတော့၏။ “ဒီလိုလား။ ဒါဆိုရင် မင်း ဓားကို ထုတ်လိုက်စမ်း”
ပင်းယန် ခြေလှမ်းတစ်ဝက်ဆုတ်လိုက်ပြီး လေးစားစွာ ပြောလိုက်သည်။ “ဆရာ ကျေးဇူးပြုပြီး ဂရုစိုက်ပါ”
သူမ ပြောပြီးသည်နှင့် လက်နှစ်ချောင်းကို ဓားသဏ္ဍာန် ဆန့်ထုတ်ပြီး သူတော်စင်ရှောင်ယောင်ကို ညွှန်ပြလိုက်၏၊။
ချွင်
ဓားရောင်တစ်ချက် လက်သွားသည်။
သူတော်စင်ရှောင်ယောင်၏ အမူအရာ လေးနက်သွားတော့၏။ သူ လက်မြှောက်ပြီး ဓားချီတစ်ခုထုတ်လွှတ်ကာ ထိုရိုက်ချက်ကို တားဆီးလိုက်သည်။
ဘုန်း
ဓားအရှိန်အဝါနှစ်ခုသည် လေထုအလယ်တွင် ထိပ်တိုက်တွေ့သွားသည်။ သူတော်စင်ရှောင်ယောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပင်းယန်ကို အားရစွာ ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှ တပည့်များသည် ကြောင်အ မှင်တက်ကုန်ကြသည်။
နီဗားနားရှင်သန်ခြင်းအဆင့်တပည့်များသာ ထိုဓားအရှိန်အဝါနှစ်ခုတွင် ပါဝင်သော အနှစ်သာရကို နားလည်လိုက်ကြသည်။
“ကောင်းတယ်..အရမ်းကောင်းတယ်”
သူတော်စင်ရှောင်ယောင် သတိပြန်ဝင်လာပြီး ပင်းယန်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ကောင်းကင်စိတ်ဝိညာဉ်ဌာနမှာ ငါပြီးရင် ဘယ်သူမှ မအောင်မြင်တော့မှာ စိုးရိမ်နေတာ။ တော်ပါသေးတယ်။ ငါအခု နတ်ဘုရားကျောင်းတော်ကို စိတ်ဖြောင့်ဖြောင့်နဲ့ သွားလို့ရပြီ။ မဟုတ်ရင် အဲဒီက ငတုံးတွေက ငါတို့ကို အထင်သေးနေမှာ”
“ဆရာက ချီးကျူးလွန်းနေပါပြီ။ ဒီတပည့်က ကံကောင်းသွားလို့ပါ”
ပင်းယန် တည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီး ချီးကျူးခံရမှုကြောင့် ဟန်မပျက်သွားပေ။
သူတော်စင်ရှောင်ယောင် ပြုံးကာ ပြောသည်။ “ပင်းယန် မင်း ဓားအနှစ်သာရကို ဘယ်လိုနားလည်သွားတာလဲ။ ဘာလို့ ငါတို့ကို မမျှဝေပေးတာလဲ။ ငါတို့ ကောင်းကင်စိတ်ဝိညာဉ်ဌာနက နီဗားနားရှင်သန်ခြင်းအဆင့် တပည့်တွေလည်း နားလည်ဆင်ခြင်လို့ ရတာပေါ့”
အနားမှ နီဗားနားရှင်သန်ခြင်းအဆင့် တပည့်များသည် ပင်းယန်ကို မျှော်လင့်တကြီး ကြည့်လာကြသည်။
သူတော်စင်ရှောင်ယောင် မမေးခဲ့လျှင်ပင် သူတို့ကိုယ်တိုင် သီးသန့်သွားမေးဖို့ စီစဉ်ထားသည်။ ကံမကောင်းသည်က ပင်းယန်မှာ နှုတ်ဆိတ်နေခြင်းပေ။
သူတော်စင်ရှောင်ယောင် နားလည်သွားသည်။ “မင်း မဖြေချင်ဘူးဆိုရင်လည်း အတင်းမမေးတော့ပါဘူး”
လူတိုင်း နောင်တကြီးစွာ သက်ပြင်းချလိုက်ရပြီး စိတ်ပျက်သွားကြ၏။
ပင်းယန် ပါးပြင်များသည် အနည်းငယ် နီမြန်းသွားသည်။ “ကျွန်မ မဖြေချင်တာ မဟုတ်ပါဘူး။ ရှင်တို့တွေ ကျွန်မ နည်းလမ်းကို ပုံတူကူးနိုင်မှာ မဟုတ်ဘူး”
“ဟားဟားဟား...”
သူတော်စင်ရှောင်ယောင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ပင်းယန် မင်းက ငါတို့ ကောင်းကင်စိတ်ဝိညာဉ်ဌာနက ပါရမီရှင်တွေကို အထင်မှားနေပြီ။ မင်းသာ နည်းလမ်းကို မျှဝေပေးရင် သူတို့တွေ အဲဒီကနေ တစ်ခုခုနားလည်နိုင်မယ်လို့ ငါသေချာပေါက် ပြောရဲတယ်”
လူတိုင်း သဘောတူစွာ ခေါင်းညိတ်ကြသည်။
“ဟုတ်တယ်။ စီနီယာအစ်မပင်း ကျွန်တော်တို့ကို ကောင်းကင်ကြီးရဲ့ အကျယ်ကို မြင်ခွင့်ပေးပါ”
“စီနီယာအစ်မပင်း ပြောသာပြောပါ။ နားလည်မလား မလည်ဘူးလားဆိုတာ ကျွန်တော်တို့ အရည်အချင်းနဲ့ပဲ ဆိုင်တာပါ”
“…”
ပင်းယန် တစ်ခဏ တုန့်ဆိုင်းသွားပြီး ခေါင်းအသာ ညိတ်ပြလိုက်သည်။ “အမှန်တိုင်းပြောရရင် ကျွန်မ တာအိုအနှစ်သာရကို ပုံရိပ်ဖော်ပန်းချီကားကနေ နားလည်သွားတာ”
သူမပြောပြီးနောက် လက်ပေါ်မှ သိုလှောင်လက်စွပ်သည် အရောင်တစ်ချက်လက်သွားပြီး စာလိပ်တစ်ခု ပေါ်လာတော့သည်။ မည်သူမှ မမေးရသေးခင် စာလိပ်မှာ ပြန့်သွားပြီး တိုင်းပြည်ပင် ပျက်လောက်သည့် ပြိုင်ဘက်ကင်းအလှလေးတစ်ဦး ပေါ်လာတော့သည်။ လူတိုင်း ပန်းချီကားပေါ်မှ ပုံရိပ်ကို စိုက်ကြည့်နေကြတော့သည်။ ထိုအထဲမှ သူသည် အကြီးအကဲပင်းပေ။ သူမသည် ဓားတစ်လက်ကိုင်ကာ အရပ်ရှစ်မျက်နှာကို ဖိနှိပ်နေ၏။ သူတို့ အကြီးအကဲပင်း၏ လက်ထဲမှ ဓားသည် ပန်းချီကားကို ဖောက်ထွက်ကာ သူတို့ကို ဖြတ်တောက်တော့မည့်အလား ခံစားလိုက်ရသည်။ တစ်ခဏအတွင်းမှာ လူတိုင်း ကြောင်အသွားကြပြီး အကြီးအကဲပင်း ဓားအရှိန်အဝါ၌ နစ်မြောသွားကြတော့၏။
တစ်ခဏ ကြာပြီးနောက်
ပင်းယန် ပုံရိပ်ဖော်ပန်းချီကာကို သိမ်းလိုက်သည်။ ထိုအခါမှ လူအုပ်ကြီးမှာ သတိဝင်လာကြ၏။
သူတော်စင်ရှောင်ယောင် ညည်းတွားလိုက်သည်။ “ပင်းယန် ပန်းချီကားကို ဘယ်သူဆွဲတာလဲ”
ပင်းယန် လေးစားစွာ ဖြေကြားပါ၏။ “ ဆရာ့ကို အမှန်တိုင်းပြောပါမယ်။ ဒီပန်းချီကားကို ကျွန်မ တာအိုလက်တွဲဖော် ချူဖုန်း ဆွဲတာပါ”
ဟူး
အခန်းထဲတွင် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။
အမျိုးသားကျင့်ကြံသူများမှ တွေးလိုက်သည်။
‘ငါတို့က သင်ယူဖို့လာတာ။ ခွေးစာစားဖို့ မဟုတ်ဘူးကွ’
[T/N ခွေးစာစားတယ်ဆိုတာ တရုတ်မှာဆို ချစ်သူရည်းစားတွေ ရိုပြတာကို ကြည့်နေရတဲ့အခါ သုံးတဲ့ ဗန်းစကားတစ်မျိုးပါ]
အမျိုးသမီးကျင့်ကြံသူများမှ တွေးလိုက်သည်။
‘အကြီးအကဲပင်းကို မနာလိုသွားပြီ။ ဘာလို့ ငါတို့မှာလည်း သူတော်စင်တစ်ပိုင်းအဆင့် တာအိုလက်တွဲဖော် မရှိရတာလဲ’
သူတော်စင်ရှောင်ယောင် သက်ပြင်းလေးကြီး ချလိုက်သည်။ “ဌာနမှူးချူက ဝမ်တောက်ကျောင်းတော်ရဲ့ ပြိုင်ဘက်ကင်းဖြစ်ထိုက်ပါတယ်။ ငါက သူနဲ့ မယှဉ်နိုင်ပါဘူး”
သူမဆရာ သက်ပြင်းချသည်ကို ပင်းယန် ပထမဆုံး မြင်ဖူးခြင်းပင်။ သူမ အလိုလို မေးလိုက်မိသည်။ “ဆရာ အဆင်ပြေရဲ့လား”
သူတော်စင်ရှောင်ယောင် ခေါင်းခါလိုက်သည်။ “ငါအဆင်ပြေပါတယ်။ ငါက အိုလွန်းနေပြီလို့ ခံစားရရုံပါ။ ဒီတစ်ခေါက်တော့ ငါ နတ်ဘုရားကျောင်းတော်ကို သွားတော့မယ်။ ဝမ်တောက်ကျောင်းတော်ကို မင်းတို့လို လူငယ်တွေ လက်ထဲ ထားခဲ့ပါပြီ”
ပင်းယန် သူမ စကားများသည် အဓိပ္ပာယ် မရှိမှန်း သဘောပေါက်သွားသည်။ သူမ ဆရာသည် အမြဲတမ်း ဂုဏ်ယူဝံ့ကြွားတတ်ပြီး သူ့ကိုယ်သူ ဝမ်တောက်ကျောင်းတော်၏ အတော်ဆုံးဟု ခံယူထားသူပင်။ သို့သော် ယခုတော့ သူမ ခင်ပွန်းကြောင့် အရောင်မှိန်သွားရတော့သည်။
“ဆရာက ငယ်ပါသေးတယ်။ အချိန်တန်လာရင် ဆရာ သေချာပေါက်....”
“ရပြီ။ ဆက်မပြောနဲ့တော့။ မင်းတို့ အားလုံးသွားလို့ရပြီ။ ငါတစ်ယောက်တည်း နေချင်တယ်”
ထိုသို့ဆိုကာ သူတော်စင်ရှောင်ယောင်သည် သူ့တပည့်များ၏ အကြည့်အောက်တွင် လှည့်ထွက်သွားတော့သည်။
သူတို့ တီးတိုးပြောဆိုရင်း တိတ်တဆိတ် လူစုခွဲလိုက်တော့၏။
ထိုညတွင် သူတော်စင်ရှောင်ယောင် စာကြည့်ခန်းထဲ၌ တိတ်တဆိတ် ကျင့်ကြံနေသည်။ သူ ရုတ်တရက် သူတော်စင်တစ်ပိုင်းအဆင့် တစ်ဦး၏ အရှိန်အဝါကို ခံစားလိုက်ရ၏။
သူ့မျက်လုံးများ ဆက်ခနဲ ပွင့်လာသည်။ “ဘယ်သူက ညကြီးမင်းကြီး ငါ့ကို လာနှောင့်ယှက်တာလဲ”
“ရှောင်ယောင်ဆိုတဲ့ ကောင်စုတ်လေး။ မင်းအစ်ကိုကြီး ရွှေတောင်ပံကို ထွက်လာပြီး လာတိုက်စမ်းပါ”
သူတော်စင်ရွှေတောင်ပံ အသံမှာ အပြင်ဘက်မှ ထွက်လာသည်။ စိတ်မသက်မသာဖြစ်မှုကို သည်းခံရင်း သူတော်စင်ရှောင်ယောင် ထိုစိန်ခေါ်မှုကို လက်ခံလိုက်သည်။ သို့သော် အဆုံးတွင် သူ အရိုက်ခံလိုက်ရပြီး နောက်တစ်နေ့၌ ရက်အတော်ကြာ တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်ကြောင်း ကြေညာလိုက်၏။ ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ တပည့်များသည် များစွာ မတွေးတောပေ။ လဝက်ကြာပြီးနောက် ဝမ်တောက်ကျောင်းတော်မှ ဌာနမှူးကိုးဦးသည် ကျောင်းအုပ်ကြီးထံသို့ သွားရောက်လည်ပတ်ခဲ့သည်။