ကျွန်မ ကောင်းကင်စိတ်ဝိညာဉ်ဌာနကနေ ထွက်ခွာချင်ပါတယ်
Vol. 29 Ch. 287
“ဦးရီးတော်ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ”
အသစ်ခန့်အပ်ခံရသည့် ဌာနမှူး ကိုးဦးသည်လည်း လက်သီးဆုပ်ကာ ကျောင်းအုပ်ကြီးကို ဂါဝရပြုလိုက်ကြသည်။
“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
ကျောင်းအုပ်ကြီး တည်ငြိမ်စွာပင် ပြန်လည်ထူးလိုက်ပြီးနောက် ရောက်ရှိနေသူအားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။
သူ အေးအေးလူလူပင် စကားဆိုသည်။
“မင်းတို့ကို ဒီနေ့ ဘာလို့ခေါ်လိုက်တာလဲဆိုတာ အားလုံးသိကြလိမ့်မယ်လို့ ငါယုံကြည်ပါတယ်။ ဆက်လက်ပြီးတော့ အဓိက ဌာနကိုးခုအတွက် ခန့်အပ်မှုတွေကို ငါကြေညာပေးမယ်။ လင်းမင် က ကောင်းကင်စိတ်ဝိညာဉ်ဌာန ၊ ယီမိုက ဓားပညာဌာန ၊ လုံကျွမ်းက ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာန၊ ကျန်းရို့ချန်က မန္တာန်ပညာဌာန၊ ယွဲ့ဝူရွှမ်းက အစီအရင်ဌာန၊ ကျင်းဖေးယောင်က ဆေးပညာဌာန၊ ဟုန်ယီက လက်နက်သွန်းလုပ်ရေးဌာန၊ ချန်ချီအန်းက သားရဲထိန်းဌာနနဲ့ မင်ကျုံးလုံက ပြင်ပရေးရာဌာန တို့ကို ကြီးကြပ်ကွပ်ကဲရမယ်”
လုပ်ဖော်ကိုင်ဖက်သစ် ကိုးဦး၏ အမည်များကို ကြားလိုက်ရသောအခါ ချူဖုန်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
“ဒီကိုးယောက်က သာမန်တော့ မဟုတ်ဘူးပဲ။ သူတို့နာမည်တွေကို ကြားရုံနဲ့တင် ကံကြမ္မာ သားတော်သမီးတော်တွေလိုပဲ”
အကယ်၍ ကမ္ဘာပျက်မျက်ဝန်းဖြင့် တစ်ပါးသူကို ကြည့်ရှုစစ်ဆေးခြင်းမှာ မယဉ်ကျေးရာ မရောက်ခဲ့ပါက သူတို့ ဦးခေါင်းထက်တွင် မည်ကဲ့သို့သော ကံတရားများ ရှိနေသနည်းဆိုသည်ကို သူ တကယ်ပင် ကြည့်ချင်မိသည်။
ထိုအခါမှသာ စင်မြင့်အောက်ရှိ လူအုပ်ကြီးမှ စင်မြင့်ပေါ်မှ ပုဂ္ဂိုလ်ကိုးဦးကို ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
“ဌာနမှူးများကို ဂါရဝပြုပါတယ်”
ထိုကိုးဦးမှာမူ သူတို့၏ ခန့်အပ်မှုကို ကြားသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မပြကြပေ။
ကျောင်းအုပ်ကြီး မုတ်ဆိတ်ကိုသပ်ကာ ပြောလိုက်သည်။
“ဝမ်တောက်ကျောင်းတော် မှာ ရှေးကတည်းက ရှိခဲ့တဲ့ စည်းမျဉ်းတစ်ခု ရှိတယ်။ ဌာနမှူးအသစ်တွေ ခန့်အပ်တဲ့အခါ နီဗားနားရှင်သန်ခြင်းအဆင့် အကြီးအကဲတွေက သူတို့ကို စိန်ခေါ်ခွင့်ရှိတယ်။ ထုံးစံအတိုင်းပဲ၊ ကောင်းကင်စိတ်ဝိညာဉ်ဌာနကနေ စကြတာပေါ့”
သူ့စကားအဆုံးတွင် လင်းမင် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ၎င်းမှာ သာမန်ခြေလှမ်းလေးတစ်လှမ်းသာ ဖြစ်သော်လည်း လူတစ်ဦးကို ခြေလှမ်းတစ်သောင်းခန့် နောက်သို့ လွင့်စင်သွားစေနိုင်လောက်သည့် ပြင်းထန်သော ဖိအားများကို သယ်ဆောင်လာလေ၏။
ကြည့်ရှုနေသူများထဲမှ မည်သည့်အကြီးအကဲမျှ သူ့ကို စိန်ခေါ်ချင်စိတ် မရှိကြပေ။
ဤစည်းမျဉ်းမှာ ဝမ်တောက်ကျောင်းတော်တွင် ကြာမြင့်စွာကတည်းက တည်ရှိခဲ့သော်လည်း များသောအားဖြင့် ဌာနမှူးအသစ်များ၏ အရှိန်အဝါကို တည်ဆောက်ရန်အတွက်သာ အသုံးချလေ့ရှိသည်။
အထူးသဖြင့် ကျောင်းတော်တွင် အခြေအမြစ်မရှိသေးသည့် ဤကိုးဦးအတွက် နာမည်ရချင်လျှင် မိမိ၏ အစွမ်းအစကို ပြသခြင်းမှာ အတိုတောင်းဆုံး နည်းလမ်းပင်။
“ညီနောင်တို့... ငါကတော့ တစ်ယောက်တည်းနဲ့ အများကြီးကို တိုက်ရတာ ပိုကြိုက်တယ်။ မင်းတို့ထဲက ငါ့ကို စိန်ခေါ်ချင်တဲ့သူရှိရင် အားလုံး တစ်ပြိုင်နက်တည်း တက်လာလို့ ရတယ်”
ဤစကားကြောင့် လူအုပ်ထဲတွင် အံ့ဩတုန်လှုပ်မှုများ ဖြစ်ပေါ်သွားသည်။ “ဒီအဘိုးကြီးရဲ့ မောက်မာမှုကတော့ ကောင်းကင်ကျော်နေတာပဲ။ ငါတို့ကို ဘယ်သူများမှတ်နေလဲ”
သူတော်စင်ရွှေတောင်ပံသည် အလိုအလျှောက်ပင်ရှေ့သို့ ခြေတစ်ဝက်ခန့် တိုးလိုက်ပြီး စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သတ်ဖြတ်လိုသော အကြည့်တစ်ခုကို ခံစားလိုက်ရ၏။
သူ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ မွေးစားဖခင်က သူ့ကို နူးညံ့သော်လည်း သတိပေးသည့် အမူအရာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
ဘာမှမပြောသော်လည်း သူ့မျက်လုံးများက ရှင်းရှင်းလင်းလင်း ဖော်ပြနေ၏။
“မင်းသာ ရှေ့ကို တက်ရဲတက်ကြည့်၊ ဒီဖေဖေရဲ့ အစွမ်းကို မင်းကိုယ်တိုင် လက်တွေ့ခံစားစေရမယ်”
သူတော်စင်ရွှေတောင်ပံသည် ပညာရှိစွာပင် ခြေလှမ်းကို ပြန်ဆုတ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်တော့သည်။
လင်းမင် လူတိုင်း၏ တုံ့ပြန်မှုကို အတော်ပင် ကျေနပ်နေခဲ့၏။ သူ နှုတ်ခမ်းထောင့်ကို ကွေးညွှတ်လိုက်ပြီး ဆက်ပြောလိုက်သည်။ “ကောင်းပြီ။ ငါ့စကားတွေကို မင်းတို့ နားလည်သဘောပေါက်ကြပုံရတယ်။ ဒါပေမဲ့ ငါတစ်ခုတော့ ပြောပါရစေ ကောင်းကင်စိတ်ဝိညာဉ်ဌာနဆိုတာ ဝမ်တောက်ကျောင်းတော်ရဲ့ အတော်ဆုံး အရည်အချင်းရှိသူတွေ စုဝေးရာ ဖြစ်ရမယ်။ ဒါပေမဲ့ ငါကြားမိသလောက်တော့ ပြီးခဲ့တဲ့နှစ်တွေမှာ သောင်းပြောင်းပညာရပ်ဌာနက ကောင်းကင်စိတ်ဝိညာဉ်ဌာနကို ကျော်တက်သွားတယ်ဆိုပဲ။ ကောင်းကင်စိတ်ဝိညာဉ်ဌာနမှာ ပျင်းရိတဲ့သူတွေ အရမ်းများနေတာ ထင်ရှားနေတာပဲ။ ဒါကြောင့် ဒီနေ့ မင်းတို့အားလုံးကို ကိုယ့်သဘောနဲ့ကိုယ် နှုတ်ထွက်ခွင့်ပေးမယ်။ ငါ့ရဲ့ စမ်းသပ်မှုတွေကို မအောင်မြင်လို့ အတင်းအဓမ္မ မောင်းထုတ်ခံရတာထက်စာရင် ဒါက ပိုကောင်းပါလိမ့်မယ်။ အဲဒီလို ဖြစ်သွားရင်တော့ မင်းတို့ပဲ အရှက်ရလိမ့်မယ်”
ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ တပည့်များအားလုံး မှင်တက်သွားကြ၏။ သူတို့ ဌာနမှူးအသစ်ကို မယုံကြည်နိုင်သလို ကြည့်နေကြသည်။
‘သောင်းပြောင်းပညာရပ်ဌာနက ငါတို့ကို ကျော်တက်သွားတာ ငါတို့အပြစ်လား။ငါတို့လည်း တစ်ခုခုတော့ ပြောချင်တာပေါ့။ သောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူးက သူတော်စင်တစ်ပိုင်းအဆင့်လေ၊ ငါတို့ဌာနမှူးကတော့ နိဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူပဲ ရှိတာ ဒါကို ဘယ်လိုများ ယှဉ်လို့ ရမှာလဲ’
လင်းမင်သည် သူတို့ ထူးဆန်းသော အကြည့်များကြောင့် မကျေမနပ် ဖြစ်လာသည်။ သူက သူ့အရှိန်အဝါကို တည်ဆောက်ရန် လူအနည်းငယ်ကို ထုတ်ချင်နေခြင်း ဖြစ်၏။ သို့သော် သူတို့က သူ့ကို ထိုသို့ ကြည့်ရဲကြသည်လော။
“ဒါဆို မင်းတို့ အရင်က အစွမ်းမရှိတာက ငါ့အပြစ်လို့ ပြောချင်တာလား”
လေထုက တင်းမာလာစဉ်မှာပင် အေးစက်သော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာပြီး ထိုတင်းမာမှုကို ဖြိုခွဲလိုက်သည်။
“ဌာနမှူးလင်း၊ ပင်းယန်က ကောင်းကင်စိတ်ဝိညာဉ်ဌာနကနေ နှုတ်ထွက်ချင်ပါတယ်”
“ဟင်”
လင်းမင်သည် ထိုအသံကို လူအုပ်ထဲမှ မဟုတ်ဘဲ ဘေးနားမှ ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ ကောင်းကင်စိတ်ဝိညာဉ်ဌာနအကြောင်း သိပ်မသိသော်လည်း ပြီးခဲ့သည့်နှစ်ပိုင်းများတွင် သောင်းပြောင်းပညာရပ်ဌာနက ဝမ်တောက်ကျောင်းတော်၏ နံပါတ်တစ် ဌာနခွဲ ဖြစ်လာသည်ကို သိထားသဖြင့် အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်နေရသည်။
နတ်ဘုရားကျောင်းတော်၌ သူသည် ရွယ်တူများထဲတွင် ပြိုင်ဘက်ကင်းဖြစ်၏။ ယခု ဝမ်တောက်ကျောင်းတော်သို့ ရောက်လာချိန်တွင် ကောင်းကင်စိတ်ဝိညာဉ်ဌာနကို ဂုဏ်သိက္ခာပြန်လည် ရရှိအောင် လုပ်ဆောင်ရန်မှာ သူ့အတွက် ရိုးရှင်းသော ကိစ္စတစ်ခုသာ ဖြစ်သင့်သည်။
သူ သေချာပြင်ဆင်လာခဲ့သော အစီအစဉ်များက ဤနေရာတွင် အသုံးမဝင် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“အကြီးအကဲပင်း၊ မင်းကိုယ်မင်း ကောင်းကင်စိတ်ဝိညာဉ်ဌာနမှာ ဆက်နေဖို့ မထိုက်တန်ဘူးလို့ ယူဆတယ်ဆိုရင်လည်း မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးပါ့မယ်။ မင်းရဲ့ အမှတ်အသားကို အပ်လိုက်ပါ”
ပင်းယန်၏ မျက်နှာထားမှာ ထိုစကားကြောင့် အေးစက်သွားသည်။ သူမသည် အလွန်မာနကြီးသူတစ်ဦး ဖြစ်၏။ ချူဖုန်းနှင့် ရှိနေသည့် အချိန်မှလွဲ၍ သူမ၏ နူးညံ့သိမ်မွေ့သော အသွင်ကို ပြလေ့မရှိဘဲ အခြားသူများရှေ့တွင် အမြဲတမ်း အေးစက်ခက်ထန်နေသူဖြစ်သည်။
သူမ ရှေ့တွင် ရှိနေသူမှာ နတ်ဘုရားကျောင်းတော်မှ ပါရမီရှင်တစ်ဦး ဝမ်တောက်ကျောင်းတော်၏ ဌာနမှူး ကိုးဦးထဲမှ တစ်ဦး ဖြစ်နေစေကာမူ သူမ အရှက်ခွဲခံမည် မဟုတ်ပေ။
သူမက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “ဌာနမှူးလင်း၊ နားလည်မှု မလွဲပါနဲ့။ ကျွန်မ ကောင်းကင်စိတ်ဝိညာဉ်ဌာနမှာ ကျင့်ကြံဖို့ မထိုက်တန်တာ မဟုတ်ပါဘူး။ ကျွန်မကို လမ်းညွှန်ပေးနိုင်မဲ့သူ ဒီမှာ မရှိတော့ဘူးလို့ ခံစားရလို့ပါ။ ဒါကြောင့် ကျွန်မ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာပါ”
ထိုစကားအဆုံး၌ ရင်ပြင်တစ်ခုလုံးတွင် ပင့်သက်ရှိုက်သံများ ပြိုင်တူထွက်ပေါ်လာ၏။
“အကြီးအကဲပင်းဆိုတဲ့အတိုင်းပါပဲ။ ဌာနမှူး ချူရဲ့ နှိမ်နင်းတာကို ခံခဲ့ရပေမဲ့ သူ့အကျင့်ကတော့ နည်းနည်းမှ မပြောင်းလဲသေးဘူးပဲ။ ပွဲကြည့်လို့ကောင်းတော့မယ်”
သူတော်စင်ရွှေတောင်ပံ သူ့မွေးစားဖခင်ကို ခိုးကြည့်လိုက်သည်။ ဖခင်ဖြစ်သူက ဝင်ရောက်တားဆီးလိမ့်မည်ဟု သူ မျှော်လင့်ထားသော်လည်း အံ့ဩစရာကောင်းသည်မှာ အဘိုးကြီးက ပြဇာတ်ကြည့်နေသကဲ့သို့ အတော်ပင် သဘောကျနေပုံရလေ၏။
လင်းမင်၏ ဘေးတွင် ရပ်နေသည့် အခြားသော ဌာနမှူး ရှစ်ဦးသည်လည်း ပင်းယန်ကို လှောင်ပြောင်သလို အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
နတ်ဘုရားကျောင်းတော်တွင် သူတို့ကြား ပြိုင်ဆိုင်မှုများ ရှိခဲ့သော်လည်း ယခုအခါတွင်မူ သူတို့ ရာထူးများကို ခိုင်မြဲစေရန်အတွက် ညီညွတ်ရမည့် အချိန်ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ လင်းမင်ကို နှောက်ယှက်ရန် ရှေ့သို့ ထွက်မလာကြပေ။
“အဲဒီလိုလား”
လင်းမင်၏ မျက်နှာတွင် အမျက်ဒေါသ အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တောင် ရှိနေသေးသည်။
သူသည် ရှေ့တွင်ရှိနေသော ဤအကြီးအကဲအကြောင်း များများစားစား မသိပေ။
သို့သော် သူမသည် သူတော်စင်ရှောင်ယောင်၏ တပည့်တစ်ဦး ဖြစ်မည်ဟု သူ ခန့်မှန်းနိုင်သည်။ မဟုတ်လျှင် ဤမျှများပြားလှသော လူအုပ်ကြီးရှေ့တွင် သူ့ကို အရှက်ခွဲရဲလိမ့်မည် မဟုတ်ပေ။
“ဒါဆိုရင် အကြီးအကဲပင်းရဲ့ အစွမ်းကို ငါကိုယ်တိုင် မြင်ချင်မိတယ်။ မင်းပြောတဲ့စကားတွေက ဘယ်လောက်အထိ အနှစ်သာရရှိလဲဆိုတာ ကြည့်ရသေးတာပေါ့”
ပင်းယန်က မည်သည့်အမူအရာမျှ မပြဘဲ စကားတစ်လုံးတည်းသာ ပြန်ပြောလိုက်သည်။
“ကောင်းပြီ”
လင်းမင် ကျောင်းအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။
ကျောင်းအုပ်ကြီး မုတ်ဆိတ်ကိုသပ်ကာ ပြောလိုက်၏။
“မင်းတို့နှစ်ယောက်လုံးက ကျောင်းတော်ရဲ့ ဆရာတွေပဲ။ ဒီတိုက်ပွဲကို ကောင်းကင်ယံမှာပဲလုပ်ပါ။ တိုက်ပွဲကွင်းပြင်က မင်းတို့ရဲ့ အစွမ်းတွေကို ကန့်သတ်ထားသလို ဖြစ်နေလိမ့်မယ်”
“နားလည်ပါပြီ။”
လင်းမင် ပင်းယန်ကို ကြည့်လိုက်၏။
စကားတစ်ခွန်းမှ မဆိုဘဲ ပင်းယန်သည် ကောင်းကင်သို့ ပျံတက်သွားသည်။ လင်းမင်ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားရာ လူအုပ်ကြီး၏ အကြည့်များမှာလည်း သူတို့နှင့်အတူ အထက်သို့ မြင့်တက်သွားတော့သည်။
လင်းမင်သည် ညာဘက်လက်တွင် ဓားကို ကိုင်ထားပြီး ဘယ်ဘက်လက်ကို နောက်ပစ်ထားကာ အေးစက်စွာ ပြောလိုက်သည်။
“ငါက မင်းထက် စီနီယာကျတဲ့သူဆိုတော့ မင်းကို အရင်တိုက်ခွင့်ပေးမယ် ဒါမှ မျိုးဆက်သစ်တွေကို အနိုင်ကျင့်တယ်လို့ ဘယ်သူမှ မပြောနိုင်မှာ”
“အဲဒီလို လုပ်ဖို့ မလိုပါဘူး။ ကျွန်မ ဓားထုတ်လိုက်တာနဲ့ ရှင် ပြန်တိုက်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ ဌာနမှူးလင်း၊ ကျွန်မတို့ တန်းတူပဲ တိုက်ခိုက်ကြရအောင်”
စကားပြောရင်း ပင်းယန် သူမခါးမှ ရတနာဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ရာ ထိုခဏမှာပင် သူမ အရှိန်အဝါများမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာ၏။
“ဟွန်း”
သူမ၏ နီဗားနားရှင်သန်ခြင်း တတိယအဆင့် ကျင့်ကြံမှုကို ခံစားလိုက်ရသောအခါ လင်မင် နှာခေါင်းရှုံ့လိုက်သည်။
“ဒီလောက် အစွမ်းလေးနဲ့ ငါ့ရှေ့မှာ ကြွားဝါရဲတယ်ပေါ့ တကယ်ပဲ ကိုယ့်အတိုင်းအတာကိုယ် မသိတာပဲ”
ချွမ်း
သူ စကားပင် မဆုံးသေးမီမှာပင် ပင်းယန်၏ ဓားချက်က ကျဆင်းလာခဲ့လေပြီ။