သီးသန့်တည်ရှိနေသော ရှေးဟောင်းမြို့တော်အတွင်း၌
Vol. 29 Ch. 288
“အောက်တန်းစား လှည့်ကွက်...”
လင်းမင်တစ်ယောက် စကားကို ဆုံးအောင် မပြောနိုင်လိုက်မီမှာပင် သူ့မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။
သူ စူးရှအေးစက်သော အလင်းတန်းများ ဖြာထွက်နေသည့် ဓားသွားကို ခုခံရန်အတွက် ဓားကို အလျင်အမြန် ဆွဲထုတ်လိုက်ရ၏။
ဝုန်း
ဓားအရှိန်အဝါ နှစ်ခုမှာ လေထုထဲတွင် ထိပ်တိုက်တွေ့ဆုံသွားပြီး ပြင်းထန်သော အားအင်များဖြင့် ပေါက်ကွဲထွက်သွားသည်။
ရင်ပြင်ပေါ်ရှိ လူတိုင်းမှာ လင်းမင်တစ်ယောက် နောက်သို့ ခြေလှမ်းပေါင်း ဒါဇင်နှင့်ချီ၍ နောက်ဆုတ်သွားရပြီးမှ ဟန်ချက်ပြန်ထိန်းနိုင်သည်ကို ကြည့်နေကြရသည်။
အကြီးအကဲပင်းမှာ မူလနေရာ၌ ကျောက်ရုပ်ကဲ့သို့ မတုန်မလှုပ် ရပ်မြဲရပ်နေဆဲဖြစ်ကာ သူမ ဓားကို နောက်တစ်ကြိမ် ပြန်လည်မြှောက်ရုံသာ ရှိသေးသည်။
“နေဦး”
လင်းမင်က အလျင်အမြန် အော်ဟစ်လိုက်သဖြင့် အကြီးအကဲပင်း သူမဓားကို ရပ်တန့်လိုက်ပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေလိုက်၏။
“အကြီးအကဲပင်း၊ မင်းရဲ့ အစွမ်းက တကယ်ကို အထင်ကြီးစရာပဲ။ မင်းက အစဦးမှာ အသာစီးရယူသွားပေမဲ့ ငါသာ အစွမ်းကုန် တိုက်ခဲ့ရင်လည်း ငါတို့နှစ်ယောက်လုံး အထိနာတာနဲ့ပဲ အဆုံးသတ်မှာပါ။ အမှန်ပါပဲ ငါ့မှာ မင်းကို သင်ကြားပေးစရာ ဘာမှမရှိတော့ဘူး။ အကြီးအကဲပင်းအနေနဲ့ ကောင်းကင်စိတ်ဝိညာဉ်ဌာနကနေ ထွက်ချင်တယ်ဆိုရင်လည်း သဘောပါပဲ”
လင်းမင် သူမက ကန့်ကွက်မည်ကို စိုးရိမ်သဖြင့် ထိုစကားများကို တစ်ဆက်တည်း ပြောချလိုက်သည်။ ယခုအချိန်တွင် သူသည် သိက္ခာဆယ်ရန်ပင် ဂရုမစိုက်နိုင်တော့ပေ။
ဤအကြီးအကဲပင်းသည် ဓားတာအို အနှစ်သာရကို အမှန်တကယ်ပင် သိမြင်နားလည်ထားပြီး ဖြစ်မည်။ ထို့အပြင် ခုနက တိုက်ကွက်ကို ကြည့်ခြင်းအားဖြင့် သူမသည် အစွမ်းကုန်ပင် မထုတ်ရသေးပေ။
အကယ်၍ ဤတိုက်ပွဲသာ ဆက်ဖြစ်နေပါက သူ့ဂုဏ်သိက္ခာမှာ ယနေ့တွင် အဖတ်ဆယ်မရအောင် ပျက်စီးသွားပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ် ဌာနမှူးလင်း”
ထိုသို့ပြောပြီးနောက် ပင်းယန် စင်မြင့်ထက်သို့ ပြန်လည်ပျံသန်းသွားတော့၏။
ထိုမြင်ကွင်းကို မြင်သောအခါ ကျောင်းအုပ်ကြီးသည် မုတ်ဆိတ်ကိုသပ်လိုက်ပြီး မလှမ်းမကမ်းရှိ ချူဖုန်းကို လှမ်းကြည့်လိုက်သည်။
ဤလူငယ်လေးသည် သူ့ကို အချိန်တိုင်း အံ့အားသင့်အောင် လုပ်နိုင်စွမ်းရှိသည်ပင်။ ယနေ့ကျင်းပသည့် ဤစိန်ခေါ်ပွဲသည် နတ်ဘုရားကျောင်းတော်မှ အသစ်ရောက်လာသူများကို အတောင်ပံကျိုးသွားစေရန် အထောက်အကူ ဖြစ်စေပေလိမ့်မည်။
သို့သော်လည်း အနီးနားရှိ အခြားသော ဌာနမှူးရှစ်ဦး၏ မျက်နှာများမှာ အတော်ပင် ပျက်ယွင်းနေကြသည်။
လင်းမင်၏ ပထမဆုံး လှုပ်ရှားမှုမှာ သူတို့အားလုံးကို အရှက်ရစေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
‘မင်းက နတ်ဘုရားကျောင်းတော်က ပါရမီရှင်တစ်ယောက် ဖြစ်ပါလျက်နဲ့ နီဗားနားရှင်သန်ခြင်း အဆင့် အကြီးအကဲတစ်ယောက်ရဲ့ ဖိနှိပ်မှုကို ခံလိုက်ရတယ်ပေါ့။ဒါကိုသာ ကြိုသိခဲ့ရင် ငါတို့ထဲက တစ်ယောက်ယောက်ကပဲ ဝင်တိုက်လိုက်မှာလေ’
သို့သော် အံ့ဩတုန်လှုပ်မှု အရှိဆုံးမှာ ရင်ပြင်တွင် စုဝေးနေကြသည့် ကျင့်ကြံသူများပင်။ တိုက်ပွဲက ဤမျှမြန်မြန် ဆုံးခန်းတိုင်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
သူတို့ထဲတွင် မည်သူမျှ ငတုံးမဟုတ်ကြပေ။ အကြီးအကဲပင်းသည် အစမှအဆုံး အသာစီးရခဲ့သည်ကို မည်သူမဆို မြင်နိုင်ပေသည်။
သို့သော်လည်း သောင်းပြောင်းပညာရပ်ဌာန သို့ ချက်ချင်းပြေးဝင်ရန် မည်သူမျှ မစဉ်းစားကြသေးပေ။ ပြဇာတ်က စောစောစီးစီး ပြီးသွားခြင်းကိုသာ နှမြောနေကြမိသည်။
ခဏအကြာတွင် ကျောင်းအုပ်ကြီးက ခန့်အပ်ပွဲ အခမ်းအနား ပြီးဆုံးကြောင်း တရားဝင် ကြေညာလိုက်၏။
ဌာနမှူးအသစ်ကိုးဦးစလုံး တညီတညွတ်တည်း ထွက်ခွာသွားကြသည်။
ကျင်းဖေးယောင် လင်းမင်ကို ပထမဆုံး စနောက်လိုက်သည်။
“စီနီယာအစ်ကိုကြီးလင်း၊ အကြီးအကဲပင်းကို သဘောကျသွားလို့တော့ မဟုတ်ပါဘူးနော်”
လင်းမင်မှာ အခြားသူများ၏ ပြစ်တင်ဝေဖန်မှုများကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သဖြင့် အေးစက်စွာပင် ပြန်လည်တုံ့ပြန်လိုက်သည်။
“သူက ဓားတာအိုအနှစ်သာရကို သိမြင်ထားပြီးသား။ မင်းတို့ မယုံဘူးဆိုရင်လည်း သောင်းပြောင်းပညာရပ်ဌာနကို သွားပြီး အရှက်ကွဲခံကြည့်ကြပေါ့”
သူ ထိုသို့ပြောလိုက်သည့် ခဏ၌ ကျန်ရှိသည့်ရှစ်ဦးစလုံး မှင်တက်သွားကြ၏။
“မဖြစ်နိုင်တာ”
“ဒါလုံးဝ မဖြစ်နိုင်ဘူး”
“…”
သူတို့၏ မျက်နှာတွင် အံ့အားသင့်မှုများ အထင်သား ပေါ်လာခဲ့၏။
သူတို့အားလုံးမှာ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသော်လည်း မည်သူမျှ တာအို အနှစ်သာရကို မသိမြင်နိုင်ကြသေးပေ။
ဝမ်တောက်ကျောင်းတော်သို့ လာရောက်ခြင်း၏ ရည်ရွယ်ချက်မှာလည်း မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ရန်နှင့် ထိုကဲ့သို့သော သိမြင်နားလည်မှုမျိုး ရရှိရန်အတွက်ပင်။
ယခုမူ နီဗားနားရှင်သန်ခြင်း တတိယအဆင့် ကျင့်ကြံသူလေးက ဓားတာအို အနှစ်သာရကို သိမြင်ထားသည်ဟု လင်းမင်က ပြောနေသည် မဟုတ်ပါလား။
မည်သူမျှ ထိုအချက်ကို လွယ်လွယ်နှင့် လက်မခံနိုင်ကြချေ။
သူတို့ သူ့ကို မယုံကြည်နိုင်သလို စိုက်ကြည့်နေစဉ်မှာပင် လင်းမင် သူ့ညာဘက်လက်ဖဝါးကို မြှောက်ပြလိုက်၏။
လူတိုင်း သေချာကြည့်လိုက်ကြသည်။ သူ့ လက်ဖဝါးမှာ ကွဲအက်ကာ သွေးထွက်နေသည့် ဒဏ်ရာများဖြင့် ပြည့်နေပြီး ထိုဒဏ်ရာများအတွင်း၌ ဓားဆန္ဒ အကြွင်းအကျန်များ ကိန်းဝပ်နေဆဲ ဖြစ်သည်။
သေချာစစ်ဆေးကြည့်ပြီးနောက်တွင်မူ အုပ်စုတစ်ခုလုံး လုံးဝ ငြိမ်သက်သွားတော့၏။
“ဒါက တကယ်ကို ဓားတာအိုအနှစ်သာရပဲ... အကြီးအကဲပင်းက ဘယ်လိုမျိုး ကျင့်ကြံခဲ့လဲဆိုတာ ငါ တကယ် စဉ်းစားလို့ မရတော့ဘူး”
ကျန်းရို့ချန် မယုံနိုင်သလို ရေရွတ်လိုက်၏။
ယွဲ့ဝူရွှမ်းက ပြောသည်။
“ငါ ဒီကို မလာခင်မှာ သူတော်စင် ရှောင်ယောင်နဲ့ တွေ့ပြီး ဝမ်တောက်ကျောင်းတော်မှာ ငါတို့ မနှောင့်ယှက်သင့်တဲ့သူ ဘယ်သူရှိလဲလို့ မေးခဲ့ဖူးတယ်။
အဲဒီတုန်းက သူက သောင်းပြောင်းပညာရပ်ဌာနက လူသုံးယောက်ရဲ့ နာမည်ကို ပြောခဲ့တယ်။ သူတော်စင်ရွှေတောင်ပံ၊ နောက်တစ်ယောက်က အဲဒီ အကြီးအကဲပင်းပဲ။ အဲဒီတုန်းက ဘာလို့ အကြီးအကဲပင်းရဲ့ နာမည်ပါနေတာလဲဆိုတာ ငါ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ရှင်းသွားပြီ။ သူ ဓားတာအို အနှစ်သာရ သိမြင်ထားတာကို သူသိနေခဲ့တာပဲ။ ပြီးတောသူက သောင်းပြောင်းပညာရပ်ဌာနမှူးရဲ့ တာအိုလက်တွဲဖော်လေ။ ဝမ်တောက်ကျောင်းတော်ကို စတင်တည်ထောင်ကတည်းက ပထမဆုံး ပေါ်ထွက်လာတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သလို ကျောင်းတော်ရဲ့ နောက်ထပ် နတ်ဘုရားဧကရာဇ် လည်း ဖြစ်လာမဲ့သူ”
လူတိုင်း ဆိတ်ဆိတ်နေလိုက်ကြပြီး မျက်နှာများတွင် အတွေးကိုယ်စီဖြင့် လေးနက်သွားကြ၏။
သူတို့အားလုံးမှာ ယခင်က စိတ်ထဲတွင် အစီအစဉ်ကိုယ်စီ ရှိခဲ့ကြသော်လည်း ခုနတိုက်ပွဲက သူတို့ကို အချက်တစ်ခု သတိပေးလိုက်သည်။
နတ်ဘုရားကျောင်းတော်သားဟူသော အဆင့်အတန်းကို သုံးပြီး အခြားသူများကို ဖိအားပေးရန် ကြိုးစားခြင်းမှာ ဤနေရာတွင် အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။
မြောင်တောင်
သူတော်စင်ရွှေတောင်ပံသည် ထိုနေ့တွင် စိတ်အခြေအနေ အလွန်ကောင်းမွန်နေ၏။
သူ ပြုံးဖြဲဖြဲဖြင့် မေးလိုက်သည်။
“မရီး... ဘာလို့ ဟိုလင်းမင်ဆိုတဲ့ ကောင်လေးကို အပီအပြင် မဆုံးမလိုက်တာလဲ”
ချူဖုန်းက သူ့ပုခုံးကို ပုတ်ကာ ဆိုလိုက်သည်။
“ငါတို့အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပဲဟာ။ သတိပေးချက်လေး တစ်ခုပေးလိုက်ရင် လုံလောက်ပါပြီ။ သူ့ကို အရမ်းကြီး ခက်ခဲအောင် လုပ်ဖို့ မလိုပါဘူး။ ကျင့်ကြံခြင်းဆိုတာ တိုက်ခိုက်သတ်ဖြတ်နေဖို့တင် မဟုတ်ဘဲ လူမှုဆက်ဆံရေးလည်း ပါတာပဲလေ”
သူတော်စင်ရွှေတောင်ပံ ခေါင်းကို စောင်းပြီး စဉ်းစားလိုက်၏။
“အစ်ကိုကြီးပြောမှပဲ အဲဒါကလည်း အဓိပ္ပာယ်ရှိသားပဲ။ ဒါကြောင့်လည်း ကျွန်တော့်မွေးစားအဖေက အစ်ကိုကြီးဆီကနေ အများကြီး သင်ယူပါလို့ ကျွန်တော့်ကို ပြောတာနေမှာ”
“နောက်မှာ သင်ယူစရာတွေ အများကြီး ရှိလာဦးမှာပါ။ လာ... ဆက်သောက်ကြရအောင်”
ချူဖုန်း ပြောရင်းနှင့် သူ့လက်ထဲမှ အရက်ခွက်ကို မြှောက်လိုက်သည်။
ရှေးဟောင်းမြို့ လျှို့ဝှက်နယ်မြေအတွင်း၌
ရှောင်ချန်းနှင့် အဖွဲ့မှာ ဝါဂွမ်းရောင် သဲများဖြင့် တည်ဆောက်ထားသည့် မြင့်မားသော မြို့တော်ကြီးရှေ့တွင် ရပ်နေကြပြီး မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေကြသည်။
ထိုအခိုက်တွင် သီးသန့်မြို့ဟောင်း၏ တံခါးများမှာ တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။ ပတ်ဝန်းကျင် လီတစ်ရာအတွင်း မည်သည့်အသံ သို့မဟုတ် သက်ရှိအရိပ်အယောင်မျှ မရှိပေ။
ထိုကဲ့သို့သော ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေမှုမှာ လျှို့ဝှက်နယ်မြေအတွင်းရှိ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေ၏။
ချောင်ရို့ချန် မြို့အတွင်းပိုင်းကို စစ်ဆေးရန် သူ့နတ်ဘုရားအာရုံကို လွှတ်ရန် ပြင်လိုက်သော်လည်း မြို့ရိုးကြီးက လုံးဝ ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။
သူ ယဲ့ပေ့ရွှမ်ကို လှည့်ကြည့်လိုက်၏။
“ဂျူနီယာညီလေးယဲ့၊ ငါတို့ ဆက်ပြီး ဘာလုပ်ကြမလဲ”
ယဲ့ပေ့ရွှမ် ပြန်ဖြေသည်။
“တိုက်ရိုက်ပဲ ဝင်ကြတာပေါ့။ ကျွန်တော် တစ်ခါက ရှေးဟောင်းမှတ်တမ်းတစ်ခုမှာ ဒီနေရာအကြောင်း ဖတ်ခဲ့ဖူးတယ်။ ဧကရာဇ်နန်းဆက်ပုန်ကန်ခြင်း စစ်ပွဲ ပြီးတဲ့နောက်မှာ ဆိတ်သုဉ်းနေတဲ့ ရှေးဟောင်းမြို့တော်ဟာ မြို့ပျက်ကြီး ဖြစ်သွားခဲ့တယ်။ အထဲမှာ ဝိညာဉ်သတ္တဝါအချို့ ရှိနိုင်ပေမဲ့ ဆရာပေးထားတဲ့ ဓားကျောက်စိမ်း တွေနဲ့ဆိုရင် သူတို့ကို အလွယ်တကူ မောင်းထုတ်နိုင်သင့်ပါတယ်”
ရှောင်ချန်း ပြောလိုက်သည်။
“ငါတို့ သတိမလွတ်ဖို့တော့ လိုတယ်။ ငါ့အကြံကတော့ အားလုံး အတူတူ ရှာဖွေကြပြီး ရတနာတွေကိုတော့ တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ခွဲဝေကြတာပေါ့”
“သဘောတူတယ်”
“ပြဿနာမရှိပါဘူး”
လူတိုင်းက တွေဝေခြင်းမရှိဘဲ ပြန်လည်ဖြေကြားလိုက်ကြ၏။
အခြားသော ကျင့်ကြံရာနေရာများနှင့် မတူဘဲ သောင်းပြောင်းပညာရပ်ဌာနတွင် ပရိယာယ်များ သို့မဟုတ် အတွင်းရေး အားပြိုင်မှုများ အလွန်နည်းပါးသည်။ ပုံမှန်နေ့ရက်များတွင် အတူတူ အချိန်များစွာ မကုန်ဆုံးကြသော်လည်း သူတို့ကြားတွင် စစ်မှန်သော သံယောဇဉ်များ ရှိကြ၏။။
“သွားကြစို့”
ရှောင်ချန်း ရှေ့ဆုံးမှ ဦးဆောင်ကာ ရှေးဟောင်းမြို့ဟောင်း ဆီသို့ လှမ်းတက်လိုက်သည်။
ယဲ့ပေ့ရွှမ် သော့ကို ထုတ်ယူကာ မြို့တံခါးကို ပစ်ပေါက်လိုက်သည်။
သော့သည် သူ့လက်ထဲမှ လွင့်ထွက်သွားပြီး တံခါးထဲသို့ စိုက်ဝင်သွား၏။ ခဏအကြာတွင် တံခါးကြီးမှာ တကျီကျီ အသံပေးကာ ဖြည်းညှင်းစွာ ပွင့်လာတော့၏။
သူတို့၏ မျက်စိရှေ့တွင် မြင်လိုက်ရသည်မှာ ဖြူဖွေးသော အရိုးစုများ ပြန့်ကျဲနေသည့် မြေပြင်တစ်ခုပင်။
ထိုအရိုးစုများသည် သက်ရှိများ၏ အငွေ့အသက်ကို ခံစားမိသွားပုံရပြီး တစ်ခုပြီးတစ်ခု ထကြွလာကာ ကြောက်မက်ဖွယ် သတ္တဝါများအသွင် ပြောင်းလဲသွားပြီး သူတို့အုပ်စုထံသို့ ဦးတည်လာကြသည်။
တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် လူတိုင်းမှာ တွေဝေခြင်းမရှိဘဲ လှုပ်ရှားလိုက်ကြပြီး ထိုအရိုးစုသတ္တဝါများကို ချက်ချင်း နှိမ်နင်းလိုက်ကြသည်။
တိုက်ခိုက်နေရင်းဖြင့် ယဲ့ပေ့ရွှမ် ပြောလိုက်သည်။
“ညီကိုတို့... ဒီမြို့တော်ဟောင်းထဲမှာ ပျံသန်းခြင်းကို တားမြစ်ထားတယ်။ ဒီအရိုးစုသတ္တဝါတွေက အဆုံးမရှိဘူး။ ငါတို့ အဓိကလုပ်ရမှာက နန်းတော်ရှိရာကို အမြန်ဆုံး ပြေးဖို့ပဲ။ အဲဒီကို ရောက်သွားတာနဲ့ ဒီအရိုးစုတွေက ရှေ့ဆက်မတိုးတော့ဘူး”
ထိုစကားကို ကြားသောအခါ လူတိုင်း အလိုအလျှောက်ပင် အရှိန်ကိုမြှင့်လိုက်ကြသည်။ တစ်နာရီခန့်အကြာတွင် ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခုကို မြင်လိုက်ရလေ၏။
ယဲ့ပေ့ရွှမ် ပြောခဲ့သလိုပင် အရိုးစုသတ္တဝါများမှာ ရပ်တန့်သွားကြတော့သည်။
၎င်းကို မြင်သောအခါ ချောင်ရို့ချန် ပြုံးကာ စနောက်လိုက်သည်။
“ဂျူနီယာညီလေး ယဲ့၊ မင်းဖတ်ခဲ့တာက ရှေးဟောင်းမှတ်တမ်းဆိုတာ သေချာရဲ့လား၊ အပျက်အစီးရှေးဟောင်းမြို့ထဲက လျှို့ဝှက်နယ်မြေကို လမ်းညွှန်ပေးတဲ့ စာအုပ်များ ဖြစ်နေမလား”
ယဲ့ပေ့ရွှမ် “…”
ဘာသာပြန်စာရေးသူ၏ ပန်ကြားချက်။ ။ အရင်တုန်းက သူတော်စင်တစ်ပိုင်းအဆင့်တွေကို သူတော်စင်လို့ ဘွဲ့ထူးပေးပြီး ရေးသားခဲ့ပါတယ်။ သူတော်စင်ရွှေတောင်ပံ၊ သူတော်စင်ရှောင်ယောင်၊ သူတော်စင် ဘယ်သူဘယ်ဝါဆိုပြီးပါ။ အဲဒါက နောက်ပိုင်း တစ်ပိုင်း တကယ့်သူတော်စင်တွေ ပါလာရင် အဆင့်တွေ တူပြီးရှုပ်မှာဆိုးလို့ ယခင် သူတော်စင်တစ်ပိုင်းအဆင့်တွေကို သူတော်စင်ဘွဲ့တပ်ခေါ်ရာမှ ယခု မဟာပဏ္ဍိတလို့ ပြောင်းလဲပါမယ်ဗျ