← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 21 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 21 Ch. 235-236

အပိုင်း (၂၃၅)

‘အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းကိုတောင် ကျုပ်တို့ ထျန်းယီ စာအုပ်တိုက်က ထုတ်ဝေမှာ မဟုတ်ဘူး။ ခင်ဗျားလိုမျိုး အသုံးမကျတတဲ့ အောက်ယွီရဲ့ ကျောက်တုံးမှတ်တမ်း ဆိုရင် ပိုတောင် ဆိုးသေးတယ်။ အရမ်း မာနကြီးလွန်းတယ်။ အရမ်း လွန်လွန်းတယ်။

ခင်ဗျားရဲ့ ကျောက်တုံးမှတ်တမ်း က အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းလောက် ကောင်းနေရင်တောင် ကျုပ်တို့က ခင်ဗျားအတွက် စာအုပ်ထုတ်ပေးမှာ မဟုတ်ဘူး။ ပိုဆိုးတာက ဒါက စာအုပ်ဆိုး တစ်အုပ် ဖြစ်ဖို့ သေချာနေတာပဲ။ ကျုပ်တို့က ခင်ဗျားအတွက် စာအုပ်ထုတ်ပေးလိုက်ရင် ကျုပ်တို့ ဂုဏ်သိက္ခာ လုံးဝ ကျဆင်းသွားမှာပေါ့။ ကျုပ်တစ်သက်တာလုံး အရှက်ရစရာ ဖြစ်သွားမှာပေါ့။

ကျုပ်တို့က သူတော်စင်တွေရဲ့ စာအုပ်တွေကိုပဲ ထုတ်ဝေတယ်။ ခေတ်အဆက်ဆက် ဂန္ထဝင် စာအုပ်တွေကိုပဲ ထုတ်ဝေတယ်။ အကယ်၍ ခင်ဗျားလို လူမိုက် အောက်ယွီရဲ့ စာအုပ်ဆိုးကိုသာ ထုတ်ဝေလိုက်ရင် ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ပြန်ရိုက်ချိုးလိုက်တာ မဟုတ်ဘူးလား။ ကျုပ်က ထျန်းယီ စာအုပ်တိုက်ရဲ့ ခေတ်အဆက်ဆက်က စီနီယာကြီးတွေကို ဘယ်လို မျက်နှာပြရတော့မလဲ။’

“သူ့ကို ပြန်ခိုင်းလိုက်။” ကျောင်းအုပ်ကြီး ကျူ့လန်ထျန်းက ပြတ်သားစွာ ပြောလိုက်၏။

သို့ပေမည့် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့က အတင်း ဝင်လာခဲ့ပြီ ဖြစ်သောကြောင့်ပင်။

အသက် ခုနစ်ဆယ့်ငါးနှစ်အရွယ် ကျောင်းအုပ်ကြီး ကျူ့လန်ထျန်းက ဒေါသတကြီး ပြောလိုက်သည်။ “ရိုင်းစိုင်းလိုက်တာ။ အရမ်း ရိုင်းစိုင်းလွန်းတယ်။ ကဗျာစာပေတွေကို စော်ကားတာပဲ။ သူ့ကို မောင်းထုတ်... သူ့ကို မောင်းထုတ်လိုက်။”

ယွင်ကျုံးဟဲ့က အလျင်အမြန် ပြောလိုက်၏။ “ကျောင်းအုပ်ကြီး ကျူ့လန်ထျန်း ... ကျုပ်ရဲ့ စာမူကို အရင်ကြည့်ပါအုံး။”

“မကြည့်ဘူး။”

ကျောင်းအုပ်ကြီး ကျူ့လန်ထျန်းက ပြောလိုက်သည်။ “ကျုပ်မျက်လုံးတွေ ညစ်ပတ်သွားမှာ စိုးတယ်။ မောင်းထုတ်... မောင်းထုတ်လိုက်ကြ။ နေက အနောက်ဘက်က ထွက်လာရင်တောင် ကျုပ်တို့ ထျန်းယီ စာအုပ်တိုက်က ခင်ဗျားအတွက် စာအုပ်ထုတ်ပေးမှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျောင်းအုပ်ကြီး ကျူ့လန်ထျန်း ... သုံးမျက်နှာလောက် ကြည့်ပါ။ သုံးမျက်နှာလောက်ပဲ ကြည့်ပေးပါ။ ကျုပ် ရေးထားတဲ့ စာအုပ်က ခေတ်အဆက်ဆက် အံ့မခန်း လက်ရာ၊ နှစ်တစ်ထောင်မှ တစ်ကြိမ် ပေါ်ထွက်လာနိုင်တဲ့ ဂန္ထဝင် လက်ရာ ဖြစ်တယ်လို့ အာမခံပါတယ်။ အကယ်၍ စာမျက်နှာ အနည်းငယ် ဖတ်ပြီးနောက်မှာ ခင်ဗျားကို မတုန်လှုပ်စေနိုင်ဘူးဆိုရင် ကျုပ် ဒူးထောက်ပြီး ထွက်သွားပါ့မယ်။”

ပြောပြီးနောက် ယွင်ကျုံးဟဲ့သည် ကျောက်တုံးမှတ်တမ်း စာမူကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

ကျောင်းအုပ်ကြီး ကျူ့လန်ထျန်း သည် ယူပြီးနောက် သုံးမျက်နှာခန့်ကို အလွတ်သဘော လှန်ကြည့်ပြီးနောက် အောက်ယွီ ဆိုသည့် ဤလူမိုက်ကို မောင်းထုတ်ရန် ရည်ရွယ်ထားခဲ့၏။

စာရေးသူ၏ စရိုက်က သူ၏ စာပေလက်ရာတွင် ပေါ်လွင်နေတတ်သည်။ အောက်ယွီကဲ့သို့ လူမိုက်မျိုးက ကောင်းမွန်သော စာအုပ်တစ်အုပ် ရေးသားနိုင်မည်ဟု သူ လုံးဝ မယုံကြည်ပေ။

‘ဘာ... ခေတ်အဆက်ဆက် အံ့မခန်း လက်ရာ၊ နှစ်တစ်ထောင်မှ တစ်ကြိမ် ပေါ်ထွက်လာနိုင်သော ဂန္ထဝင် လက်ရာ ဟုတ်လား။ လေကြီးလေကျယ် ပြောရဲတာ လျှာမထွက်သွားဘူးလား။ အရမ်း မသိနားမလည်လွန်းတယ်။ အရမ်း မာနကြီးလွန်းတယ်။ အရမ်း ရယ်စရာကောင်းလွန်းတယ်။

ခေတ်အဆက်ဆက် အံ့မခန်း လက်ရာဆိုတာ ဘာလဲဆိုတာ ခင်ဗျား သိလား။ ကျုပ် ကျူ့လန်ထျန်း တောင် ဒီလို စာမျိုး မရေးနိုင်တာ ခင်ဗျား အောက်ယွီလို စာပေဗဟုသုတ မရှိတဲ့ လူမိုက်က ရေးနိုင်ပါ့မလား။’

ထို့နောက် ကျောင်းအုပ်ကြီး ကျူ့လန်ထျန်း သည် စတင် ဖတ်ရှုလေတော့သည်။ သုံးမျက်နှာ ဖတ်မည်ဟု ပြောလျှင် သုံးမျက်နှာ သေချာပေါက် ဖတ်မှာဖြစ်၏။

ထို့နောက် တစ်မျက်နှာပဲ ဖတ်ရသေး၏။ ကျောင်းအုပ်ကြီး ကျူ့လန်ထျန်း သည် လုံးဝ အံ့အားသင့်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားတော့သည်။

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ဝတ္ထုဆိုသည်မှာ ကဗျာလည်း မဟုတ်သလို နိုင်ငံရေးဆောင်းပါးလည်း မဟုတ်သောကြောင့် ပထမ စာမျက်နှာမှာတင် အံ့မခန်း ဖြစ်သွားစေရန်မှာ အလွန် ခက်ခဲသည်။

ကဗျာများကဲ့သို့ ပထမ တစ်ကြောင်းတည်းနှင့် နားထဲတွင် စွဲနေအောင် မလုပ်နိုင်သလို နိုင်ငံရေး ဆောင်းပါးများ ကဲ့သို့ ပထမ တစ်ပိုဒ်တည်းနှင့် နားကွဲမတတ် အသံကျယ်ကျယ်ဖြင့် အသိပေးသလိုမျိုးလည်း မလုပ်နိုင်ပေ။

ထိုသို့ဆိုလျှင် ဤကျောင်းအုပ်ကြီး ကျူ့လန်ထျန်း သည် အဘယ်ကြောင့် တုန်ယင်သွားရသနည်း။ အဘယ်ကြောင့်ဆိုသော် အတွင်းရှိ စာသားများသည် စာပေအနုပညာ အဆင့်အတန်းကို အလွန်အမင်း စမ်းသပ်လွန်းသောကြောင့် ဖြစ်၏။

ထို့အပြင် ဤ ခန်းဆောင်နီအိမ်မက်ထဲမှ စာသားများသည် မည်မျှ ထူးချွန်ပြီး မည်မျှ အံ့မခန်း ဖြစ်သနည်း။

မည်သည့် စာကြောင်းကိုမဆို ကူးယူလိုက်ရုံဖြင့် ရွှေလိုတန်ဖိုးရှိသော စကားစုများ ဖြစ်လာနိုင်သည်။ အတွင်းတွင် နေရာအနှံ့ ရှိနေသော ကဗျာများအကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ချေ။

ဥပမာအားဖြင့်... စာရွက်တစ်ရွက်လုံး ယုတ္တိမရှိသော စကားများဖြင့် ပြည့်နှက်နေပြီး မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ စာရေးသူကို အရူးဟု အားလုံးက ပြောကြသော်လည်း ဤအရာ၏ အရသာကို မည်သူက နားလည်နိုင်မည်နည်း။

နောက်ထပ် ဥပမာတစ်ခု အနေဖြင့်... လောကီလူတွေက နတ်ဘုရား ဖြစ်ရတာ ကောင်းတယ်လို့ သိကြပေမဲ့ အောင်မြင်ကျော်ကြားမှုကိုတော့ မမေ့နိုင်ကြဘူး။ ရှေးခေတ်ကနေ အခုအချိန်အထိ စစ်သူကြီးတွေနဲ့ ဝန်ကြီးတွေ ဘယ်မှာလဲ။ မြက်ပင်တွေ ဖုံးလွှမ်းနေတဲ့ သင်္ချိုင်းကုန်းလေး တစ်ခုပဲ ကျန်တော့တယ်။

လောကီလူတွေက နတ်ဘုရား ဖြစ်ရတာ ကောင်းတယ်လို့ သိကြပေမဲ့ ရွှေနဲ့ငွေကိုတော့ မမေ့နိုင်ကြဘူး။ နေ့တိုင်း အများကြီး မစုဆောင်းနိုင်တာကိုပဲ စိတ်ညစ်နေကြပြီး အများကြီး ရလာတဲ့ အချိန်ကျတော့ မျက်လုံးမှိတ်သွားရပြီ။

ထိုစာသားများတွင် တမင်တကာ စာသားများကို လှပအောင် မလုပ်ထားဘဲ သာမန်လူများ နားလည်လွယ်သော စာကြောင်းများကို အများဆုံး အသုံးပြုထားသော်လည်း လောကရေးရာနှင့် လူ့သဘာဝအပေါ် ထိုးထွင်းသိမြင်မှုက တကယ်ကို အရိုးထဲထိ စိမ့်ဝင်သွားစေသည်။

ဤအဆင့်အတန်းရှိသော ဆောင်းပါးမျိုးသည် အနုပညာ ခံစားတတ်မှု အဆင့်အတန်း မြင့်မားလေ ပို၍ သာယာမိန်းမောသွားလေ ဖြစ်၏။ ကျူ့လန်ထျန်း သည် ဤသို့သော ထိပ်တန်း အနုပညာ ခံစားတတ်မှု အဆင့်အတန်းရှိသူ ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

ဤအထဲမှ စကားများစွာသည် မျက်စိထဲသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် ရင်ထဲသို့ တိုက်ရိုက် တိုးဝင်သွားသကဲ့သို့ ခံစားရသည်။

‘အရမ်း ကောင်းလွန်းတယ်။ အရမ်း ကောင်းတယ်။ အရမ်း ကောင်းတယ်။’

မည်သို့ ဖော်ပြရမည်ကို မသိသောကြောင့် တကယ်ပဲ အရမ်း ကောင်းတယ်ဆိုသည့် စကားလုံး သုံးလုံးကိုသာ အသုံးပြုနိုင်တော့၏။

ထို့နောက် သူသည် မတ်တပ်ရပ်လျက် တစ်မျက်နှာပြီးတစ်မျက်နှာ ဆက်လက် ဖတ်ရှုနေလေတော့၏။ ဖတ်လေလေ လုံးဝ ပင်ပန်းရကောင်းမှန်း မသိဘဲ သာယာမိန်းမောနေခဲ့သည်။

သေချာသည်မှာ ဤသည်မှာ သူ၏ အနုပညာ ခံစားတတ်မှု အဆင့်အတန်း မြင့်မားပြီး စာပေဗဟုသုတ မြင့်မားသောကြောင့် ဖြစ်သည်။ တကယ်တမ်း သာမန်လူများဆိုလျှင် ဤမျှ သဘောကျချင်မှ ကျပေလိမ့်မည်။

အမှန်တကယ်၌ ခန်းဆောင်နီအိမ်မက်သည် သာမန် စာဖတ်ပရိသတ်များအတွက် အလွန် အဆင်ပြေလှသည်တော့ မဟုတ်ပေ။

ထို့ကြောင့် နောင်ခေတ်များတွင် မာစတာ၊ ပါရဂူဘွဲ့ ရထားသူများပင် ဖြစ်လင့်ကစား... ၎င်းတို့ကို အနောက်သို့ ခရီးသွားမှတ်တမ်းနှင့် သိုင်းခေတ်မှတ်တမ်းကို ဖတ်ဖူးသလားဟု မေးကြည့်လျှင် အများစုက ဖတ်ဖူးရုံသာမက တစ်ကြိမ်ထက်မက ဖတ်ဖူးကြောင်း ဖြေကြပေလိမ့်မည်။

သို့ပေမည့် ခန်းဆောင်နီအိမ်မက်ကို ဖတ်ဖူးသလားဟု မေးကြည့်လျှင် လူအများအပြားက ခေါင်းခါကာ အကြိမ်အနည်းငယ် ဖတ်ဖူးသော်လည်း အဆုံးအထိ မဖတ်ဖြစ်ကြောင်း ပြောကြမှာ ဖြစ်၏။

ဆိုလိုသည်မှာ ထိုစာအုပ်က အလွန် ကောင်းကြောင်း သိသော်လည်း တကယ်ပဲ ဆက်ဖတ်၍ မရနိုင်ခြင်း ဖြစ်၏။ ဥပမာ နှစ်တစ်ရာ အထီးကျန်ခြင်းကဲ့သို့သော စာအုပ်မျိုးကဲ့သို့ပင်။ အဆင့်အတန်း အလွန် မြင့်မားကြောင်း သိသော်လည်း လူအများအပြားအတွက် တကယ်ပဲ ဆက်ဖတ်ရန် ခက်ခဲလှသည်။

သို့ပေမည့် ခန်းဆောင်နီအိမ်မက်သည် ကျူ့လန်ထျန်း ကဲ့သို့သော ပညာရှင်ကြီးများအတွက်တော့ တကယ်ပဲ နတ်ဆေးတစ်ခွက်ကဲ့သို့ ဖြစ်ပြီး ဖတ်ပြီးသွားလျှင် သုံးလတိုင်တိုင် အသားအရသာကိုပင် မသိနိုင်တော့သည့် အဆင့်မျိုး ဖြစ်၏။

ဤအဘိုးအိုသည် စာဖတ် အလွန် မြန်သည်။ စာဖတ်မြန်လေ အလေးအနက် မထားလေဟု ဆိုလိုခြင်း မဟုတ်ပေ။

သူက အလွန် မြန်မြန် ဖတ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ပထမအကြိမ် ဖြစ်ပြီး နောက်ပိုင်းတွင် ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် ထပ်မံ ဖတ်ရှုဦးမည် ဖြစ်သောကြောင့်ပင်။

သို့ပေမည့် ထိုသို့ပင်ဖြစ်လင့်ကစား ဤကျောက်တုံးမှတ်တမ်း ပထမတွဲကို ဖတ်ပြီးရန် အချိန် ခြောက်နာရီခန့် ကြာမြင့်သွားခဲ့သည်။

ထိုကြားထဲတွင် အစေခံက သူ့အတွက် ခုံတစ်လုံး ယူလာပေးခဲ့၏။

သို့ပေမည့် သူက မထိုင်ဘဲ ဤသို့သော စာအုပ်မျိုးကို ထိုင်ဖတ်ခြင်းက အရမ်း မရိုမသေ လုပ်ရာကျသောကြောင့် မတ်တပ်ရပ်ဖတ်ရမည်ဟု ပြောဆိုခဲ့သည်။

ထို့ကြောင့် ဤသို့ မတ်တပ်ရပ်ဖတ်လိုက်သည်မှာ ငါးနာရီနီးပါး ကြာမြင့်သွားခဲ့၏။

ပထမအကြိမ် ဖတ်ပြီးသွားပြီးနောက်မှ ကျူ့လန်ထျန်း သည် ထိုင်ချလိုက်ပြီး မျက်လုံးမှိတ်ကာ တိတ်ဆိတ်စွာ အရသာခံနေသည်။

‘အရမ်း လှပတယ်။ အရမ်း ကောင်းတယ်။ အရမ်း ကောင်းတယ်။ မထင်မှတ်ထားခဲ့ဘူး။ ကျုပ် အသက် ခုနစ်ဆယ့်ငါးနှစ် ရှိနေပြီ... သက်တမ်းကုန်ခါနီး အချိန်ကျမှ ဒီလို စာအုပ်မျိုးကို ဖတ်ခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဒီလိုဆိုရင် ကုန်ဆုံးသွားတဲ့ နှစ်တွေရဲ့ အချိန်တွေက အလကား မဖြစ်တော့ဘူးပေါ့။’

ထိုင်၍ အချိန်အတော်ကြာ အရသာခံပြီးနောက် သူသည် နောက်တစ်ကြိမ် လမ်းလျှောက်နေပြန်၏။

အချိန်အတော်ကြာပြီးနောက်မှ အောက်ယွီ(ယွင်ကျုံးဟဲ့)ကို မြင်တွေ့လိုက်ရပြီး ရုတ်တရက် အံ့အားသင့် သွားခဲ့သည်။

“ဟင်... ဒီမှာ လူတစ်ယောက် ရှိနေသေးတာပဲ။ ခင်ဗျားက ဘယ်သူလဲ။ ဪ... ဒါ အောက်ယွီ ပဲ။ ဒီစာအုပ်ရဲ့ စာရေးသူပဲ။”

တကယ်တော့ ကျူ့လန်ထျန်း သည် ဤစာအုပ်ကို ခင်ဗျားကိုယ်တိုင် ရေးတာလားဟု တကယ်ပဲ မေးချင်နေခဲ့၏။

သို့ပေမည့် နောက်ဆုံးတွင် မမေးထွက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤသို့ မေးလိုက်ခြင်းက တစ်ဖက်လူ၏ ကိုယ်ကျင့်တရားကို သံသယဝင်ရာ ကျသွားမည် ဖြစ်သောကြောင့်ပင်။

ထို့အပြင် အောက်ယွီသည် ဤစာအုပ်ကို ရေးသားရန် တကယ်ပဲ သင့်တော်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ နေ့စဉ်ဘဝသည် အလွန် ရှက်စရာကောင်းပြီး အခြားသူများ၏ လှောင်ပြောင်မှုကို အမြဲ ခံနေရ၏။

မှူးမတ်အိမ်တော်မှ ဆင်းသက်လာသော်လည်း သေခြင်းတရား၏ ခြိမ်းခြောက်မှုကို အချိန်မရွေး ခံနေရပြီး အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သောကြောင့် လောကဓံ၏ အေးစက်မှုကိုလည်း ခံစားနိုင်သောကြောင့် ဖြစ်သည်။

သို့ပေမည့် တကယ်ပဲ ယုံကြည်ရန် ခက်ခဲလှသည်။ ဤမျှ ထူးချွန်သော စာအုပ်မျိုးက အသက်နှစ်ဆယ်အရွယ် လူငယ်လေး တစ်ယောက်၏ လက်ထဲမှ ထွက်ပေါ်လာသည်လား။

‘သူ တကယ်ပဲ လိမ်မပြောခဲ့ဘူး။ ဒီစာအုပ်က တကယ်ပဲ ခေတ်အဆက်ဆက် အံ့မခန်း လက်ရာ တစ်ခုပဲ။ ဒီစာအုပ်ကို ခင်ဗျားရေးတာလားဆိုတာကို တိုက်ရိုက် မေးလို့တော့ မရဘူး။ ဒါပေမဲ့ ဒီအချက်ကို သေချာအောင် ဘယ်လို လုပ်ရမလဲ။’

ချက်ချင်းပဲ ကျူ့လန်ထျန်းက ပြောလိုက်၏။ “သခင်လေး အောက်ယွီ... ကျုပ်နဲ့ အပေါ်ထပ်ကို လိုက်ခဲ့ပါ။”

ယွင်ကျုံးဟဲ့သည် အဘိုးအိုနှင့်အတူ အပေါ်ထပ်သို့ လိုက်ပါသွားခဲ့၏။ ဤအချိန်တွင် ညအချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဝေးတွင် မြစ်တစ်စင်း ရှိသည်။

ကျန်းကျိုးမြို့ကို ကျန်းကျိုးဟု ခေါ်ဆိုရခြင်းမှာ လန်ကျန်း ဟု အမည်ရသော မြစ်တစ်စင်း ရှိနေသောကြောင့် ဖြစ်၏။

ဤ လန်ကျန်းမြစ်သည် ထျန်းကျန်းမြစ်လောက် မရှည်လျားသလို မကျယ်ဝန်းသော်လည်း မိုင်ပေါင်း သောင်းချီ ရှည်လျားသည်။

ထို့အပြင် နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် ထျန်းကျန်းမြစ်က ကျယ်ဝန်းပြီး ကြီးမားသော်လည်း တည်ငြိမ်သည်။ ဤလန်ကျန်းမြစ်ကတော့ အပြောင်းအလဲ များလှ၏။

အနောက်ဘက်တွင် လှိုင်းလုံးကြီးများ ထန်ပြီး အလွန် ကြမ်းတမ်းကာ အန္တရာယ်များသောကြောင့် နုကျန်းမြစ် (ဒေါသမြစ်)ဟု ခေါ်ဆိုကြပြီး အရှေ့ဘက်သို့ ရောက်သောအခါ ရေက ကြည်လင်သွားပြီး အချိန်တော် တော်များများတွင် မှန်ကဲ့သို့ တည်ငြိမ်နေသောကြောင့် လန်ကျန်းမြစ် ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

ကျူ့လန်ထျန်း နေထိုင်သော အဆောက်အအုံသည် လန်ကျန်းမြစ်နှင့် မဝေးလှဘဲ အရှေ့ဘက်သို့ စီးဆင်းနေသော မြစ်ကြီးကို မြင်တွေ့နိုင်၏။

ဤအချိန်တွင် နေဝင်သွားပြီဖြစ်ပြီး ညမှောင်မလာသေးသော်လည်း မြစ်ပြင်ထက်တွင် လှေအများအပြားက မီးများ ထွန်းနေကြပြီ ဖြစ်၏။

တလက်လက် တောက်ပနေသော ရေပြင်ထက်တွင် မြစ်ရေက အရှေ့ဘက်သို့ တိတ်ဆိတ်စွာ စီးဆင်းနေသည့် မြင်ကွင်းက စည်ကားပြီး အထီးကျန်ဆန်လှသည်။

ကျူ့လန်ထျန်းက မေးလိုက်၏။ “သခင်လေး အောက်ယွီ... ဒီ လန်ကျန်းမြစ်ကြီး အရှေ့ဘက်ကို စီးဆင်းနေတာကို ကြည့်ပြီး ခင်ဗျားမှာ ကဗျာစပ်ချင်စိတ် ပေါ်လာလား။ အများကြီး မလိုပါဘူး။ တစ်ကြောင်းဆို ရပါပြီ။”

ဤသည်မှာ ကျူ့လန်ထျန်းက သူ၏ စာပေစွမ်းရည်ကို စမ်းသပ်နေခြင်းဖြစ်ပြီး ကျောက်တုံးမှတ်တမ်း ကဲ့သို့သော ခေတ်အဆက်ဆက် အံ့မခန်း လက်ရာကို တကယ် ရေးနိုင်မရေး စမ်းသပ်နေခြင်းဖြစ်ကြောင်း ယွင်ကျုံးဟဲ့ သိလိုက်သည်။

အကယ်၍ သူက ကူးယူထားခြင်း သို့မဟုတ် လူစားရေးခိုင်းထားခြင်း ဖြစ်ကြောင်း ပေါ်ပေါက်သွားပါက ကျူ့လန်ထျန်း လည်း နာမည်ပျက်ပြီး ဂုဏ်သိက္ခာ ကျဆင်းသွားမှာ ဖြစ်၏။

ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။ “အရှေ့ဘက်ကို စီးဆင်းနေတဲ့ မြစ်ကြီးကို အကြောင်းပြုပြီး ကဗျာစပ်ရမှာလား။”

“ဟုတ်တယ်။”

ကျူ့လန်ထျန်းက ပြောလိုက်၏။ “တစ်ကြောင်းဆို ရပြီ။”

ယွင်ကျုံးဟဲ့သည် ခဏတာ အချိန်ယူ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“ဘယ်လောက်တောင်

ဝမ်းနည်းပူဆွေးရမလဲလို့ မေးရင်...

နွေဦးရေစီးကြောင်းကြီး

အရှေ့ဘက်ကို စီးဆင်းသွားသလိုပါပဲ။”

........................

အပိုင်း (၂၃၆)

‘ကောင်းကင်ဘုံ…’

ထိုကဗျာကို ကြားလိုက်သည်နှင့် တပြိုင်နက် ကျူ့လန်ထျန်း၏ ဦးရေပြားမှာ ထုံကျင်သွားတော့၏။ ‘ခင်ဗျားရဲ့ ဒီအရည်အချင်း၊ ဒီစာပေစွမ်းရည်က တကယ်ပဲ သေးပေါက်သလိုကို ဒလဟော ထွက်ကျလာတာပဲ။ ဒီလောက်တောင် ထူးဆန်းနေဖို့ လိုလို့လား။ ပါးစပ်ကနေ အလွယ်တကူ ထွက်လာတာကပဲ နှစ်တစ်ရာလောက် နာမည်ကြီးမယ့် ကဗျာ ဖြစ်နေတာလား။’

ဤကဲ့သို့သော ကဗျာကောင်းများကို ကြားရတိုင်း ကျူ့လန်ထျန်းတွင် ပိုမို သိသာထင်ရှားသော ဦးရေပြား ထုံကျင်ပြီး ကြက်သီးထသွားခြင်း ကဲ့သို့ ဇီဝကမ္မ တုံ့ပြန်မှုတစ်ခု ရှိတတ်သည်။

ဤသည်မှာ ဤကဗျာကောင်းများကို ကြားပြီးနောက် ပထမဆုံး ဇီဝကမ္မ တုံ့ပြန်မှုဖြစ်ပြီး ထို့နောက်မှသာ စိတ်ပိုင်းဆိုင်ရာ တူညီမှုကို ခံစားရခြင်း ဖြစ်၏။

ခဏအကြာတွင် ကျူ့လန်ထျန်းက မေးလိုက်သည်။ “ဒီကဗျာတစ်ကြောင်းက အရမ်း ဝမ်းနည်းလွန်းတယ်။ နည်းနည်း ပိုပြီး ရဲရင့်တာလေး မရဘူးလား။”

ယွင်ကျုံးဟဲ့က ရွတ်ဆိုလိုက်၏။

“မြစ်ကြီး

အရှေ့ဘက်ကို စီးဆင်းသွားတယ်။

လှိုင်းလုံးတွေက

ခေတ်အဆက်ဆက်က

သူရဲကောင်းတွေကို

သယ်ဆောင်သွားတယ်။”

ကျူ့လန်ထျန်း၏ ဦးရေပြားသည် နောက်တစ်ကြိမ် ထုံကျင်သွားပြန်သည်။ ‘အရမ်း တော်တယ်။ အံ့မခန်းပဲ။’

ထို့နောက် သူက ထပ်မေးလိုက်သည်။ “ဒီကဗျာက အရမ်း ရဲရင့်လွန်းတယ်။ အဲဒီလောက် ဝမ်းနည်းစရာ မကောင်းသလို၊ အဲဒီလောက်လည်း မရဲရင့်တာမျိုး မရှိဘူးလား။”

ယွင်ကျုံးဟဲ့က ထပ်ရွတ်လိုက်၏။

“လှိုင်းလုံးတွေ ထန်နေတဲ့

ချန်ကျန်းမြစ်ကြီးက

အရှေ့ဘက်ကို စီးဆင်းသွားတယ်။

လှိုင်းပုတ်သံတွေက

သူရဲကောင်းတွေကို

သယ်ဆောင်သွားတယ်။”

ကျူ့လန်ထျန်းက လက်ရန်းကို ရုတ်တရက် ရိုက်လိုက်ပြီး ပြောလိုက်သည်။ “ဒီတစ်ကြောင်း ကောင်းတယ်။ ဒီတစ်ကြောင်း ကောင်းတယ်။”

ဤကဗျာတစ်ကြောင်းက သူ၏ စိတ်နှလုံးထဲသို့ လုံးဝ ဝင်ရောက်သွားခဲ့၏။

အောက်ယွီ၏ ဤကဗျာသုံးကြောင်းစလုံးက အလွန် ကောင်းမွန်ပြီး တစ်ကြောင်းချင်းစီကပင် လူများကို ကြက်သီးထသွားစေနိုင်သည်။

သို့ပေမည့် ပထမ တစ်ကြောင်းက ဝမ်းနည်းစရာ ကောင်းလွန်းပြီး သံယောဇဉ် ကြီးမားလွန်းသောကြောင့် ကျူ့လန်ထျန်းက သိပ်မကြိုက်လှပေ။

ဒုတိယ တစ်ကြောင်းကတော့ ကောင်းသော်လည်း အရမ်း ရဲရင့်လွန်းကာ လူငယ်များ၏ မာနမျိုး ဖြစ်နေသည်။

ကျူ့လန်ထျန်း သည် အသက်ကြီးနေပြီဖြစ်ရာ ဤသို့သော စိတ်ဓာတ်မျိုး မရှိတော့ချေ။ ထို့အပြင် ဤလောကတွင် တကယ့် သူရဲကောင်း ရှိသည်ဟုပင် သူ မယုံကြည်တော့ပေ။

မည်သည့် သူရဲကောင်းမဆို အချိန်ကာလ၏ ဖျက်ဆီးမှုကို မခံနိုင်ချေ။ သေဆုံးသွားပြီးနောက် အခေါင်း ပိတ်သည့်နေ့ရောက်မှသာ လူတစ်ယောက်၏ အမှားအမှန်၊ အကောင်းအဆိုးကို သတ်မှတ်နိုင်မှာ ဖြစ်သည်။

တတိယ တစ်ကြောင်းကတော့ သူ၏ စိတ်နှလုံးထဲသို့ လုံးဝ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်၏။

“လှိုင်းလုံးတွေ ထန်နေတဲ့

ချန်ကျန်း မြစ်ကြီးက

အရှေ့ဘက်ကို စီးဆင်းသွားတယ်။

လှိုင်းပုတ်သံတွေက

သူရဲကောင်းတွေကို

သယ်ဆောင်သွားတယ်။”

ကျူ့လန်ထျန်း သည် အသက် ခုနစ်ဆယ့်ငါးနှစ် ရှိနေပြီဖြစ်ပြီး အောင်မြင်မှုများ ရှိခဲ့သလို လွန်ခဲ့သော ဆယ်နှစ်ကျော်က နန်းတွင်းမှ မောင်းထုတ်ခံခဲ့ရသည်။

ထို့ကြောင့် အတိုင်းအတာ တစ်ခုအထိ သူ၏ အတွင်းစိတ်က ရဲရင့်သလို ဝမ်းနည်းမှုလည်း ရှိနေ၏။

မည်မျှပင် အစွမ်းထက်သော လူဖြစ်ပါစေ အချိန်ကာလနှင့် သမိုင်းကြောင်းကိုတော့ မယှဉ်နိုင်ဟု သူ ခံစားရသည်။

ကမ္ဘာကြီး ပြောင်းလဲသွားသော်လည်း အချိန်ကာလကတော့ ထာဝရ တည်တံ့နေမှာ ဖြစ်၏။

“ဒီကဗျာရဲ့ နောက်ပိုင်း ရှိသေးလား။” ကျူ့လန်ထျန်းက မေးလိုက်သည်။

ယွင်ကျုံးဟဲ့က ရွတ်ဆိုပြလိုက်၏။

“လှိုင်းလုံးတွေ ထန်နေတဲ့

ချန်ကျန်း မြစ်ကြီးက

အရှေ့ဘက်ကို စီးဆင်းသွားတယ်။

လှိုင်းပုတ်သံတွေက

သူရဲကောင်းတွေကို

သယ်ဆောင်သွားတယ်။

အမှားအမှန်၊ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုတွေက

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဗလာဖြစ်သွားတယ်။

တောင်တန်းစိမ်းတွေက ရှိနေတုန်းပဲ။

နေဝင်ချိန်တွေက ဘယ်နှကြိမ်တောင် နီရဲခဲ့ပြီလဲ။”

ဤကဗျာကို ကြားပြီးနောက် ကျူ့လန်ထျန်း သည် ကောင်းကင်ယံရှိ နေဝင်ချိန်ကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်လျက် မျက်ရည်များ စီးကျလာတော့သည်။

ဤကဗျာက သူ၏ စိတ်နှလုံးထဲသို့ တကယ်ပဲ ရောက်ရှိသွားခဲ့သည်။ “တောင်တန်းစိမ်းတွေက ရှိနေတုန်းပဲ။ နေဝင်ချိန်တွေက ဘယ်နှကြိမ်တောင် နီရဲခဲ့ပြီလဲ။”

သူသည် နန်းတွင်း တိုက်ပွဲတွင် ရှုံးနိမ့်သူ တစ်ဦးဖြစ်ပြီး နောက်ဆုံး၌ ထျန်းယီ စာအုပ်တိုက်ကို ဦးစီးကာ ဘဝ၏ နောက်ဆုံးအချိန်များကို ဖြတ်သန်းနေရသူ ဖြစ်၏။

နာမည်ဂုဏ်သတင်း ရှိနေသေးသော်လည်း နန်းတွင်း အာဏာစက်နှင့် ကင်းကွာနေသည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်သည်။ တကယ်ပင် မကျေနပ်နိုင်ချေ။ သို့သော်ငြား မကျေနပ်နိုင်တော့ရော ဘာလုပ်၍ ရမည်နည်း။

အောက်ယွီ၏ ဤကဗျာက အကောင်းဆုံး နှစ်သိမ့်မှုပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့က တီးတိုးရေရွတ်လိုက်၏။ “လူတွေက ကိုယ့်ကိုယ်ကိုယ် ပြေလည်အောင် ဖြေရှင်းတတ်ရမယ်။ လက်လွှတ်တတ်ရမယ်။ ခင်ဗျားက စိတ်ထဲမှာ မှတ်ထားပြီး နာကျင်နေရင် ခင်ဗျားရဲ့ ရန်သူတွေက ပျော်နေမှာပဲ။ ပြီးတော့ သူတို့က ခင်ဗျားကိုတောင် မေ့သွားလောက်ပြီ။”

ကျူ့လန်ထျန်းက မျက်ရည်များကို သုတ်ကာ တုန်ယင်နေသည့် လေသံဖြင့် ပြောလိုက်သည်။ “ခင်ဗျားက အသက်ငယ်ငယ်လေးနဲ့ ကျုပ်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်လာလိမ့်မယ်လို့ ကျုပ် တကယ် မထင်ထားဘူး။ ခင်ဗျားရဲ့ ဒီကဗျာအတွက် ကျေးဇူးတင်ပါတယ်။”

အဘိုးအိုက မျက်ထောင့်မှ မျက်ရည်များကို သုတ်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒီနေ့ကစပြီး ကျုပ် ခင်ဗျားဘက်က ရပ်တည်ပေးမယ်။”

ကျူ့လန်ထျန်း၏ အသံက သာမန်ဖြစ်သော်လည်း ခွန်အားများ ပြည့်နှက်နေသည်။

“အောက်မင်က ခင်ဗျားနဲ့ နုလန်ဟောက် ရာထူးကို လုနေတာကို ကျုပ်က ဘေးကနေ မီးပွဲကြည့်သလို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။”

ကျူ့လန်ထျန်းက ပြောလိုက်၏။ “အကြောင်းပြချက် သောင်းချီ ရှိနေပါစေ သူတို့ သုံးတဲ့ နည်းလမ်းတွေက အရမ်း ညစ်ပတ်လွန်းတယ်။ ကျုပ်တို့ရဲ့ နန်းတွင်းက ဒီလို မဖြစ်သင့်ဘူး။ ဒါက သူများရဲ့ ပိုင်ဆိုင်မှုကို လုယူတာပဲ။

ခင်ဗျားက အရည်အချင်းမရှိရင်တော့ ထားလိုက်တော့။ ဒါပေမဲ့ ခင်ဗျားက အရည်အချင်းတွေ ပြည့်နှက်နေတာပဲ။ ဒီလိုသာ ဆက်သွားနေရင် မကောင်းတဲ့သူတွေက ကောင်းတဲ့သူတွေကို နေရာလုသွားပြီး အကျိုးဆက်က စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။”

ယွင်ကျုံးဟဲ့က ခါးညွှတ်၍ အရိုအသေပေးကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဆရာ။”

ကျူ့လန်ထျန်းက သက်ပြင်းချကာ ပြောလိုက်၏။ “ကျုပ်ကသာ ခင်ဗျားကို ကျေးဇူးတင်ရမှာပါ။ ခင်ဗျားရဲ့ နောက်ဆုံး ကဗျာက ကျုပ်ရဲ့ ဆယ်နှစ်ကျော်ကြာ စိတ်ဓာတ်ကျနေမှုကို ဖြေဖျောက်ပေးနိုင်ခဲ့တယ်။”

တကယ်ပဲ ဖြေဖျောက်ပေးနိုင်ခဲ့သည်လား။ တကယ်တမ်းတော့ ဖြေဖျောက်မပေးနိုင်ပေ။

ဤကဗျာသည် မင်မင်းဆက်မှ နာမည်ကြီး ပညာတတ် ယန်ရှန် အပြစ်ပေးခံရပြီး နယ်နှင်ဒဏ်ခံရချိန်တွင် ရေးစပ်ခဲ့ခြင်း ဖြစ်သည်။

ယန်ရှန် ဆိုသည်မှာ မည်သူနည်း။ ဤသူသည် တရုတ်သမိုင်း တစ်လျှောက်လုံးတွင်ပင် ရှေ့တန်းမှ ရပ်တည်နိုင်သော ကောင်းကင်ဘုံက မျက်နှာသာပေးထားသူ ဖြစ်၏။

မင်မင်းဆက်၏ အကြီးမြတ်ဆုံး ပညာတတ် သုံးဦးတွင် ထိပ်ဆုံးမှဖြစ်ပြီး ဖခင်မှာ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ယန်ထင်ဟဲ ဖြစ်ကာ အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားပြီး ကျားကျင့် ဧကရာဇ်ကိုပင် သူက တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

အချိန်အတော်ကြာအောင် ဧကရာဇ်ကိုပင် မြေကြီးပေါ် ဖိချထားနိုင်သော ထိပ်တန်းအကြီးအကဲ တစ်ဦး ဖြစ်ကာ ယန်ရှန် ကိုယ်တိုင်ကလည်း ကျွမ့်ယွမ်အဖြစ် အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် နာမည်ကြီးသူ ဖြစ်၏။

သို့ပေမည့် ဤကဲ့သို့သော ကောင်းကင်ဘုံက မျက်နှာသာပေးထားသူသည် ကောင်းသောနေ့ရက်များကို နှစ်အနည်းငယ်လေးပင် မဖြတ်သန်းခဲ့ရပေ။ ကျားကျင့် ဧကရာဇ်သည် ကြီးမားသော နန်းတွင်းရေး အရှုပ်တော်ပုံကို ဖြေရှင်းပြီးနောက် ယန်ထင်ဟဲ ကို အနိုင်ယူနိုင်ခဲ့သည်။

ထို့နောက် ယန်ရှန် သည် ကံဆိုးသွားခဲ့တော့သည်။ ဧကရာဇ်ကို ဒေါသထွက်စေသောကြောင့် ရိုက်နှက်ခံရကာ ယူနန်ပြည်နယ်တောင်ပိုင်းသို့ ဆယ်နှစ်ကျော်တိုင်တိုင် နယ်နှင်ဒဏ် ပေးခံခဲ့ရ၏။

ထိုသို့ဆိုလျှင် ဤအမတ်ကြီး ယန်ရှန် သည် တကယ်ပဲ စိတ်ဓာတ်ကျနေမှုကို ဖြေဖျောက်နိုင်ခဲ့သည်လား။ မဟုတ်ပေ။

ထို့ကြောင့် ကျူ့လန်ထျန်း သည်လည်း ဖြေဖျောက်နိုင်မည် မဟုတ်ဘဲ အများဆုံး နှစ်သိမ့်မှုမျှသာ ရရှိနိုင်မှာ ဖြစ်သည်။

ကျူ့လန်ထျန်းက ပြောလိုက်၏။ “အောက်ယွီ... ယွဲ့တန်းဖျင်က သန့်ရှင်းတယ်လို့ ဆိုနိုင်ပေမဲ့ လုံးဝ သန့်ရှင်းတာတော့ မဟုတ်ဘူး။ အာဏာရဲ့ လွှမ်းမိုးမှုကိုလည်း ခံရနိုင်တယ်။ ခင်ဗျား ရင်ဆိုင်ရမှာက အောက်မင် တစ်ယောက်တည်း မဟုတ်ဘူး။ အင်အားကြီးတဲ့ အာဏာရှင် အုပ်စုကြီး တစ်ခုပဲ။

ဒါပေမဲ့ စိတ်ချပါ။ ယွဲ့တန်းဖျင်ကို ဖြောင့်မတ်တဲ့ အရာရှိတွေက ထိန်းချုပ်ထားတာဆိုတော့ အရေးကြီးတဲ့ အချိန်ရောက်ရင် ကျုပ် စကားပြောပေးပါ့မယ်။ သေချာတာပေါ့။ ဒီတစ်ကြိမ် ယှဉ်ပြိုင်မှုမှာ ခင်ဗျား အရမ်းကြီး စိုးရိမ်နေစရာ မလိုပါဘူး။ အခြေခံအားဖြင့် ခင်ဗျား နိုင်သွားပါပြီ။”

ကျူ့လန်ထျန်းက ဆက်ပြောသည်။ “ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ ဒီ ကျောက်တုံးမှတ်တမ်းနဲ့ အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းက လုံးဝကို အဆင့်အတန်း ကွာခြားလွန်းလို့ပဲ။ ရှို့ချိုင် (မြို့နယ်) အဆင့်လောက် ရှိတဲ့သူဆိုရင် ဒီနှစ်အုပ်ရဲ့ အဆင့်အတန်းက ကောင်းကင်နဲ့ မြေကြီးလောက် ကွာခြားတယ်ဆိုတာ သိနိုင်တယ်။

အဆင့်မြင့်လေလေ ဒီအချက်ကို ပိုသိလေလေပဲ။ ဘယ်သူကများ ကျောက်စိမ်းမြို့မှတ်တမ်းက ပိုကောင်းတယ်လို့ ပြောရဲမှာလဲ။ အဲဒီလို ပြောလိုက်ရင် နာမည်ပျက်ပြီး ဂုဏ်သိက္ခာ ကျဆင်းသွားမှာပဲ။ ဘယ်သူကမှ ဒီလို အန္တရာယ်မျိုး မယူရဲပါဘူး။”

ကျူ့လန်ထျန်း ၏ အနုပညာ ခံစားတတ်မှု အဆင့်အတန်းက အလွန် မြင့်မား၏။

ကျောက်စိမ်းမြို့မှတ်တမ်း စာအုပ် ရှေ့လေးအုပ်ကို သူ အားလုံး ဖတ်ဖူးပြီး အလွန်လည်း သဘောကျကာ ကြီးကျယ်ခမ်းနားသော လက်ရာဟု ပြောနိုင်ကြောင်း တွေးမိခဲ့သည်။

တကယ် ကောင်းမွန်စွာ ရေးသားထားပြီး လွန်ခဲ့သော ဆယ်နှစ်ကျော်အတွင်း ကျန်းကျိုးမြို့၏ အကောင်းဆုံး ဝတ္ထုစာအုပ်ဟု ဆိုနိုင်၏။

သို့ပေမည့် စာအုပ်ဆိုသည်မှာ နှိုင်းယှဉ်ရမည်ကို အကြောက်ဆုံး ဖြစ်သည်။ လူကို လူချင်း နှိုင်းယှဉ်လျှင် ဒေါသထွက်သေနိုင်ပြီး ပစ္စည်းကို ပစ္စည်းချင်း နှိုင်းယှဉ်လျှင် လွှင့်ပစ်ရပေမည်။

စာလုံးရေ တစ်သိန်းတောင် မလိုအပ်ပေ။ စာလုံးရေ တစ်သောင်းတည်းနှင့်တင် အောက်ယွီ၏ ကျောက်တုံးမှတ်တမ်းက ကျောက်စိမ်းမြို့မှတ်တမ်းထက် ပိုပြီး ကောင်းမွန်သည်ဆိုခြင်းကို မြင်နိုင်၏။

ကျောက်စိမ်းမြို့မှတ်တမ်း တစ်အုပ်တည်းကို ဖတ်လျှင် အရမ်း ကောင်း၏။ သို့သော်ငြား ကျောက်တုံး မှတ်တမ်းနှင့် အတူတူယှဉ်ကြည့်လိုက်ပါက ဖန်တီးယူထားတဲ့ ပုံစံမျိုး ဖြစ်နေသည်ကို မြင်ရပေလိမ့်မည်။

ထို့ကြောင့် အဆင့်အတန်း လုံလောက်ပြီး မျက်လုံးမကန်းသရွေ့ အားလုံးက ကျောက်တုံးမှတ်တမ်းက ကျောက်စိမ်းမြို့မှတ်တမ်းထက် အများကြီး သာလွန်တယ်ဆိုသော တူညီသည့် ကောက်ချက် ရရှိမှာဖြစ်၏။

“စာလုံးရေ သုံးသောင်း ဖတ်ပြီးသွားတော့ ဒီခံစားချက်က ပိုပြီး ပြင်းထန်လာတယ်။ စာလုံးရေ တစ်သိန်းအထိ ဖတ်ပြီးသွားတော့ လုံးဝ နှိုင်းယှဉ်နေစရာတောင် မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ကွာဟချက်က အရမ်း ကြီးမားလွန်းလို့ပဲ။

စာအုပ်နှစ်အုပ်ကို အတူတူယှဉ်ထားတာက ကျောက်တုံးမှတ်တမ်းကို စော်ကားလိုက်သလိုပဲ။ လုံးဝ တစ်ဆင့်တည်းမှာ ရှိတဲ့ အရာတွေ မဟုတ်ဘူး။

အောက်ယွီ... ဒါကြောင့် နောက်ပိုင်းမှာ ခင်ဗျားက ဆောင်းဦးပေါက် စာမေးပွဲကိုပဲ အဓိက အာရုံစိုက်ရမယ်။ ဒါကမှ အရေးအကြီးဆုံးပဲ။”

ကျူ့လန်ထျန်းက ပြောလိုက်သည်။ “ခင်ဗျားက ဉာဏ်ကောင်းသားပဲ။ ပါးစပ်ကတော့ ပထမနေရာရ ကျွမ့်ယွမ် ဖြစ်အောင် ဖြေမယ်လို့ အော်နေပေမဲ့ စစ်ကြေညာစာထဲမှာကျတော့ ထိပ်ဆုံး သုံးနေရာထဲ ဝင်အောင် ဖြေမယ်လို့ပဲ ရေးထားတယ်။ ဘာလို့လဲဆိုတော့ ပထမနေရာရ ကျွမ့်ယွမ် ဆိုတာ တိုက်ဆိုင်မှု အရမ်းများတယ်။ အရည်အချင်းကို ကြည့်ရုံတင်မကဘူး ကံကြမ္မာကိုပါ ကြည့်ရသေးတယ်လေ။”

ထို့နောက် ကျူ့လန်ထျန်းက ဆက်မေးလိုက်၏။ “အောက်ယွီ... ခင်ဗျားရဲ့ နိုင်ငံရေးဆောင်းပါး အဆင့်အတန်းက ဘယ်လိုနေလဲ။”

နိုင်ငံတော် စာမေးပွဲကို အပိုင်းများစွာ ခွဲခြားထားသော်လည်း နိုင်ငံရေးဆောင်းပါးက အလေးအနက်ဆုံး ဖြစ်သည်။ ပထမနေရာ သို့မဟုတ် ထိပ်ဆုံး သုံးနေရာ ရရှိရန်ဆိုလျှင် နိုင်ငံရေးဆောင်းပါးက အလွန် ထူးချွန်နေရမည်။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ပြဿနာ မရှိပါဘူး။”

ကျူ့လန်ထျန်းက မေးလိုက်၏။ “ခင်ဗျားရဲ့ ကဗျာ အဆင့်အတန်းနဲ့ ယှဉ်ရင်ရော။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “သိပ်မကွာပါဘူး။”

ကျူ့လန်ထျန်းက အံ့အားတသင့်ဖြင့် မေးလိုက်ပြန်၏။ “ဒါဆို ဘာလို့ အရင်တုန်းက မပြခဲ့တာလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “အရင်တုန်းက ပြဖို့ အခွင့်အရေးမှ မရှိတာ။ ပြီးတော့ လူတွေက ကျုပ် နေ့တိုင်း ဆိုးသွမ်းနေတာကိုပဲ မြင်ကြတာ။ ကျုပ် မိဘအပေါ် ကျေးဇူးသိတတ်တာကို မမြင်ကြဘူး။ ကျုပ်လည်း စာဖတ်ဝါသနာပါတာကို မမြင်ကြဘူး။ အဆင့်နိမ့်တဲ့ ပြည့်တန်ဆာရုံတွေ သွားပြီး မိန်းမတစ်သောင်းနဲ့ အိပ်ချင်နေတယ် ဆိုတာကိုပဲ သိကြတာ။”

ကျူ့လန်ထျန်းက ပြောလိုက်၏။ “ကောင်းပြီ။ ဒီလိုဆိုရင် ကျုပ်လည်း အစွမ်းကုန် ကြိုးစားပေးလို့ ရပြီပေါ့။”

ဘာကို ကြိုးစားပေးမည်နည်း။ ဆောင်းဦးပေါက် စာမေးပွဲ၏ ပင်မ စာမေးပွဲ စစ်ဆေးသူနှင့် ဒုတိယ စာမေးပွဲ စစ်ဆေးသူများ သတ်မှတ်ရာတွင် ကျိန်းသေပေါက် ဘက်မလိုက်သူ၊ ဖြောင့်မတ်သူများ ဖြစ်စေရန်ပင်။

‘အနည်းဆုံးတော့ အားလုံးက ရန်သူ့ဘက်က လူတွေ မဖြစ်စေရဘူး။ အကယ်၍ ပင်မ စာမေးပွဲ စစ်ဆေးသူက ရန်သူ့ဘက်က လူဆိုရင် အခု ပြဿနာရှာပြီး သူ့ကို ဖြုတ်ချဖို့ အချိန်မီပါသေးတယ်။ စာမေးပွဲ စစ်ဆေးသူတွေက အောက်ယွီဘက်ကို ပါစရာ မလိုပေမဲ့ အနည်းဆုံးတော့ သူ့ကို ဖိနှိပ်တာမျိုး မလုပ်ရဘူး။’

ဤကိစ္စက ကျူ့လန်ထျန်း၏ အားသာချက်ဖြစ်သည်။ အရင်တည်းက နိုင်ငံတော် စာမေးပွဲဆိုတာ ဖြောင့်မတ်သော အရာရှိများ၏ အဓိက နေရာပင်။ သူက တိုက်ပွဲမှာ ရှုံးနိမ့်ပြီး နန်းတွင်းကနေ မောင်းထုတ်ခံရသော်ငြား ပညာရေးဝန်ကြီးအဖြစ် နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသောကြောင့် တပည့်နှင့်မိတ်ဆွေဟောင်းများ အများကြီး ရှိနေသည်။

အမတ်ချုပ်ကြီးလင်၏ အာဏာက ကြီးမားသော်ငြား ကောင်းကင်ကြီး တစ်ခုလုံးကို လက်တစ်ဖက်တည်းနှင့် ဖုံးကွယ်ထား၍ မရချေ။

................

All Chapters