← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 21 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 21 Ch. 237-238

အပိုင်း (၂၃၇)

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဆရာ... ကျုပ် ဆရာ့ဆီ လာတာက တကယ်တော့ ထျန်းယီ စာအုပ်တိုက်မှာ စာအုပ်ထုတ်ဖို့ မဟုတ်ပါဘူး။”

“ကျုပ် သိပါတယ်။”

ကျူ့လန်ထျန်းက ပြောလိုက်၏။ “ခင်ဗျားရဲ့ စာအုပ်ကို ထျန်းယီ စာအုပ်တိုက်မှာ ထုတ်လို့ မရဘူး။ အဲဒီလို လုပ်လိုက်ရင် အခြားလူတွေ ပြောစရာ ဖြစ်သွားပြီး နောက်ပိုင်း ကျုပ် ခင်ဗျားဘက်ကနေ စကားပြောပေးရတာ အဆင်မပြေ ဖြစ်သွားလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဒါကြောင့် ဒီစာအုပ်ကို ကျုပ် ကိုယ်တိုင် ပုံနှိပ်ဖို့ ရည်ရွယ်ထားပါတယ်။ အရာအားလုံးကို လျှို့ဝှက် လုပ်ဆောင်သွားမှာပါ။ ဈေးကွက်ထဲ ရောက်မယ့် နေ့ကျမှသာ ကျောက်တုံးမှတ်တမ်းရဲ့ တကယ့် အကြောင်းအရာကို တရားဝင် ထုတ်ဖော်ပြသမှာပါ။ ဒါတင်မကသေးဘူး ကျုပ်က တခြား စာအုပ်ဆိုင်ကို ရှာပြီး တခြား စာအုပ်တစ်အုပ်ကို ပုံနှိပ်ခိုင်းကာ လူတွေရဲ့ အာရုံကို လွှဲထားအုံးမှာပါ။”

ကျောက်တုံးမှတ်တမ်းက အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းကို အပိုင်းပိုင်း အစစ ဖြစ်သွားအောင် ချေမှုန်းနိုင်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လုံးဝ အပိုင်းပိုင်း အစစတွေ ဖြစ်သွားအောင် ချေမှုန်းနိုင်မှာဖြစ်ပြီး တစ်ဖက်သတ် ချေမှုန်းမှု ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လျှို့ဝှက်ထားရန် အလွန် အရေးကြီးသည်။ ဈေးကွက်ထဲ ရောက်မည့်နေ့အထိ မည်သူ့ကိုမှ ကျောက်တုံးမှတ်တမ်း၏ တကယ့် အကြောင်းအရာကို ပေးမသိစေရပေ။

“ဆရာ... ကျုပ် ဆရာ့ဆီက အလုပ်ရုံ ငှားချင်ပါတယ်။ ပန်းပုဆရာ ရာပေါင်းများစွာ၊ ပုံနှိပ်လုပ်သား ရာပေါင်းများစွာ လိုအပ်ပြီး လုံးဝ ပိတ်လှောင်ထားတဲ့ ပတ်ဝန်းကျင်မှာ လျှို့ဝှက် အလုပ်လုပ်ဖို့ပါ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “စာအုပ် တရားဝင် ထွက်မယ့်နေ့ကျမှသာ သူတို့ လွတ်လပ်ခွင့် ရပြီး အလုပ်ရုံကနေ ထွက်သွားခွင့် ရမှာပါ။”

ကျူ့လန်ထျန်းက ခဏတာ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ အိမ်ကနေ ယုံကြည်ရဆုံး သိုင်းပညာရှင်တွေကို လွှတ်ပြီး အလုပ်ရုံကို ပိတ်ဆို့ထားဖို့ လိုလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောသည်။ “ပြဿနာ မရှိပါဘူး။”

ကျူ့လန်ထျန်းက ပြောလိုက်၏။ “အချိန်မဆွဲသင့်ဘူး။ ချက်ချင်း စတင်လို့ ရပြီ။”

ယွင်ကျုံးဟဲ့က ခါးညွှတ်၍ အရိုအသေပေးကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဆရာ။”

ကျူ့လန်ထျန်းက တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ “ကျုပ် ဒီလို လုပ်တာက ခင်ဗျားအတွက်ချည်းပဲ မဟုတ်ပါဘူး။ ကျုပ်အတွက်လည်း ပါပါတယ်။ ကျုပ် အမတ်ချုပ်ကြီးလင် ဆိုတဲ့လူကို ရှုံးခဲ့ရပေမဲ့ ကျုပ်တပည့်က သူ့တပည့်ကို အနိုင်ယူနိုင်တယ်။ နောက်ပိုင်းမှာ သူ့ကိုတောင် အနိုင်ယူနိုင်လိမ့်မယ်။”

ကျူ့လန်ထျန်း ဤစကားကို ပြောလိုက်ချိန်၌ သူ၏ အတွင်းစိတ် ခံစားချက်များကို မဖုံးကွယ်တော့ချေ။

သူသည် အသက် လေးဆယ်ကျော်တွင် ပညာရေးဝန်ကြီး ဖြစ်လာခဲ့ပြီး အစိုးရအဖွဲ့ထဲ ဝင်ရန်၊ ဝန်ကြီးချုပ် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူသည် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာနိုင်ပြီး အစိုးရအဖွဲ့ကို ဆယ်နှစ်ကျော်တိုင်တိုင် အုပ်ချုပ်နိုင်မှာဖြစ်၏။

သို့ပေမည့် နောက်ဆုံးတွင် လင် ဆိုသူ၏ ထောင်ချောက်ဆင်မှုကို ခံလိုက်ရပြီး အနာဂတ် ပျက်စီးသွားရုံ သာမက နန်းတွင်းမှပါ မောင်းထုတ်ခံခဲ့ရကာ ထျန်းယီ စာအုပ်တိုက်တွင် ဆယ်နှစ်ကျော်တိုင်တိုင် ပိတ်လှောင် ခံထားရပြီး ပြန်လည် အနိုင်ယူနိုင်မည့် မျှော်လင့်ချက် လုံးဝ မရှိတော့ချေ။

သူ့လို လူမျိုးက အစိုးရအဖွဲ့ထဲ မဝင်နိုင်ဘဲ ဝန်ကြီးချုပ် မဖြစ်နိုင်ခဲ့ခြင်းက တစ်သက်တာ နောင်တ၊ ပြန်လည် ကုစား၍ မရနိုင်သော နောင်တတစ်ခု ဖြစ်သည်။

ထို အမတ်ချုပ်ကြီးလင် သည် သူ၏ ရည်မှန်းချက်၊ သူ၏ အနာဂတ်၊ သူ၏ ဘဝကို ဖျက်ဆီးပစ်ခဲ့သည်။ ဤမျှ နက်ရှိုင်းသော ရန်ငြိုးကို သူ ကျူ့လန်ထျန်းက မည်ကဲ့သို့ မေ့ဖျောက်၍ ရမည်နည်း။

လက်စားချေချင်သော်ငြား အားစိုက်ရမယ့် နေရာကို လုံးဝ ရှာမတွေ့ခဲ့ချေ။ သို့ပေမည့် ယခု ယွင်ကျုံးဟဲ့က သူ့ရှေ့ကို ရောက်လာပြီး အကောင်းဆုံး အားစိုက်ရမယ့် နေရာကို ပြသလိုက်၏။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို ကျူ့လန်ထျန်းက လက်လွှတ်ခံမည် မဟုတ်ပေ။

ဤအချိန်တွင် ယွင်ကျုံးဟဲ့သည် ပထမဆုံးသော တကယ့် မဟာမိတ်ကို ရှာတွေ့သွားပြီဖြစ်ပြီး အလွန် အင်အားကြီးမားသော မဟာမိတ်လည်း ဖြစ်သည်။

ကျူ့လန်ထျန်း၏ အကူအညီဖြင့် ကျောက်တုံးမှတ်တမ်း စာမူကို လျှို့ဝှက် အလုပ်ရုံသို့ ပို့ဆောင်လိုက်ပြီး ပန်းပုဆရာ ရာပေါင်းများစွာက အလောတကြီး ထွင်းထုနေကြကာ အခြား အလုပ်သမား ရာပေါင်းများစွာ ကလည်း စက္ကူများနှင့် မင်များကို ပြင်ဆင်နေကြပြီး သစ်သားပြားများ ထွင်းထုပြီးစီးသည်နှင့် တပြိုင်နက် ချက်ချင်း ပုံနှိပ်ထုတ်ဝေတော့မှာဖြစ်၏။

ပထမအသုတ် စာအုပ်များက သိပ်အများကြီး မလိုအပ်ဘဲ အုပ်ရေ နှစ်သောင်းဆိုလျှင် လုံလောက်သည်။

အကယ်၍ အခြား စာအုပ်တိုက်များကို ပေးမည်ဆိုလျှင် အချိန်တိုအတွင်း အုပ်ရေ နှစ်သောင်း ပုံနှိပ်နိုင်ရန်မှာ အလွန် ခက်ခဲသည်။ သို့ပေမည့် ထျန်းယီ စာအုပ်တိုက်အတွက်ကတော့ အားစိုက်ထုတ်စရာပင် မလိုအပ်ချေ။

ဤသည်မှာ နှစ်စဉ် စာအုပ်ပေါင်း သန်းချီ ပုံနှိပ်နေသော အထူး အလုပ်ရုံကြီး ဖြစ်သည် မဟုတ်လား။

အခြားတစ်ဖက်တွင်တော့ ယွင်ကျုံးဟဲ့သည် လျှို့ဝှက်စွာဖြင့် အခြား စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်ကို ရှာဖွေကာ အခြား စာအုပ်တစ်အုပ်ကို ပုံနှိပ်ခိုင်းထားသည်။

ဟုတ်ပေသည်။ တကယ်တမ်း၌ ထိုစာအုပ်ကလည်း ဆိုးရွားသည့်ထဲ မပါချေ။ ထိုစာအုပ်နာမည်ကို ပေါင်ယွီနှင့် မိန်းမလှတစ်ရာ ဟု အမည်ပေးထား၏။

ထိုသို့ဆိုလျှင် ဤစာအုပ်က မည်သည့်စာအုပ်ကို ကူးချထားသည့် စာအုပ် ဖြစ်သနည်း။ တရုတ် ရှေးခေတ်ဟောင်းက အရမ်း နာမည်ကြီးသည့် ကျင်ဖင်မေ စာအုပ်ကို ကူးချထားခြင်းပင်။

အကယ်၍ ကျောက်တုံးမှတ်တမ်းက မြင့်မားသည့် စာပေအနုပညာ တန်ဖိုး ရှိသည်ဟု ပြောလျှင် ဤ ကျင်ဖင်မေ ကတော့ တကယ့်ကို အပြာစာအုပ် စစ်စစ် ဖြစ်သည်။

ဤစာအုပ်ရဲ့ နာမည်ကျော်ကြားမှုကလည်း အရမ်း ကြီးမား၏။ နောင်ခေတ်တွင် ဤစာအုပ်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင် အနည်းဆုံး ဆယ်ဂဏန်းနီးပါး ရှိသည်။ ဇာတ်လိုက် ဝေ့ယန်ရှန်း၏နာမည် ကျော်ကြားမှုက ရှီးမန်ချင်းထက် အနည်းငယ်သာ နိမ့်၏။

ယွင်ကျုံးဟဲ့က ဤစာအုပ်ကို နည်းနည်း ပြင်ဆင်လိုက်ပြီး ပို၍ ဆွဲဆောင်မှုရှိအောင် လုပ်လိုက်၏။ ထို့အပြင် ဇာတ်လိုက်၏ နာမည်ကိုလည်း ဝေ့ယန်ရှန်း ဟု မခေါ်တော့ဘဲ ဝေ့ပေါင်ယွီ ဟု ပြောင်းလိုက်သည်။

ထို့နောက် အရမ်းကို အသက်ဝင်ပြီး ဆွဲဆောင်မှုရှိသည့် မျက်နှာဖုံးကိုလည်း ပြင်ဆင်ထားသေးသည်။ ထို့ကြောင့် စာအုပ်ဆိုင်ပိုင်ရှင်က စာမူကို မြင်သည့်အချိန်တွင် ရတနာတစ်ပါးလို သဘောထားနေတော့၏။

သူက အဆက်မပြတ် အာမခံနေသည်။ “သခင်လေး… ဒီစာအုပ်က ကျိန်းသေပေါက် နာမည်ကြီးမယ်။ အနည်းဆုံး အုပ်ရေ ငါးသောင်းကနေ ရှစ်သောင်းအထိ ရောင်းရလိမ့်မယ်။”

‘ချမ်းသာပြီ... ချမ်းသာပြီကွ။’

သေချာသည်မှာ နောက်ထပ် စကားတစ်ခွန်းဖြစ်သည့် ဤ ပေါင်ယွီနှင့် မိန်းမလှတစ်ရာ စာအုပ်က ကျောက်စိမ်းမြို့မှတ်တမ်းကို လုံးဝ မမီနိုင်ဘူး ဆိုသည်ကိုတော့ သူ လုံးဝ မပြောခဲ့ချေ။

‘အဲဒါက ဘာဖြစ်လဲ။ အောက်ယွီ ရှုံးတာက ကျုပ်နဲ့ ဘာဆိုင်လို့လဲ။ ကျုပ်က ပိုက်ဆံအများကြီး ရဖို့ပဲ လိုတာလေ။’

………………….

အချိန်များ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့ပြီး သုံးလပိုင်း သုံးဆယ်ရက်နေ့နှင့် ပိုပို၍ နီးကပ်လာခဲ့ပြီ ဖြစ်၏။

လူထုထင်မြင်ချက်ကလည်း အထွတ်အထိပ်သို့ ရောက်ရှိလာပြီး လူတိုင်းကလည်း မျှော်လင့်စောင့်စား နေကြသည်။

စာအုပ်နှစ်အုပ်စလုံး မထွက်ရှိသေးသော်လည်း သတင်းအချို့ ထွက်ပေါ်နေပြီဖြစ်၏။

အောက်မင်၏ ဤနောက်ဆုံး တစ်အုပ်ဖြစ်သော ကျောက်စိမ်းမြို့မှတ်တမ်းသည် အလွန်အမင်း ကောင်းမွန်စွာ ရေးသားထားပြီး ရှေ့လေးအုပ်နှင့် နှိုင်းယှဉ်လျှင် နောက်ထပ် အဆင့်တစ်ဆင့်သို့ မြင့်တက်သွားကြောင်း သိရသည်။

ကဗျာများ၊ စာသားများနှင့် ရည်ရွယ်ချက်များ အားလုံးက ကြီးမားစွာ တိုးတက်လာခဲ့သည်ဟု ပြောကြ၏။

မတိုးတက်ဘဲ နေနိုင်ပါမည်လား။ အမတ်ချုပ်ကြီးလင်သည် ပညာရှင် ဆယ်ယောက်ကို စေလွှတ်၍ အောက်မင်၏ ဤစာမူကို တစ်လုံးချင်း၊ တစ်ကြောင်းချင်း စစ်ဆေးပြီး ပြင်ဆင်ပေးခဲ့ကြခြင်း ဖြစ်သည်။

ဤသည်မှာ အောက်မင် တစ်ယောက်တည်း၏ လက်ရာ မဟုတ်တော့ဘဲ ပညာရှင် ဆယ်ယောက်၏ ဉာဏ်ပညာများ စုပေါင်းထားသည့် စာအုပ် ဖြစ်သွားပြီ ဖြစ်၏။

ဤစာကြောင်းများက အံ့မခန်း မဖြစ်ဘဲ နေပါ့မည်လား။ ဤကဗျာများက မခမ်းနား၊ မကြီးကျယ်ဘဲ နေပါ့မည်လား။

ထို့အပြင် သူတို့သည် နှစ်တစ်ရာအတွင်း မကြုံစဖူးသော ဂန္ထဝင် လက်ရာတစ်ခု ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

အောက်ယွီ၏ လက်ရာကလည်း ပေါက်ကြားသွားခဲ့ပြီဖြစ်၏။

တိကျသော အကြောင်းအရာများ မပါဝင်သော်လည်း ပန်းပုဆရာများက တီးတိုး ပြောဆိုနေကြသည်။ “အလွန် အောက်တန်းကျတယ်။ အလွန် ညစ်ညမ်းတယ်။ ဖတ်လို့တောင် မရဘူး။”

အောက်မင်ဘက်မှ လူများကလည်း ထိုစာအုပ်ဆိုင်ပိုင်ရှင်၏ အလုပ်ရုံထဲသို့ ခိုးဝင်ကာ ပေါင်ယွီနှင့် မိန်းမလှ တစ်ရာ စာအုပ်ကို ဖတ်ရှုခဲ့ကြသည်။ ထိုလူ ပြန်ရောက်လာသောအခါ မျက်နှာများ နီရဲနေခဲ့လေ၏။

“ဘယ်လိုလဲ။ ဘယ်လို ရေးထားလဲ။” အကြီးအကဲ အောက်ထင်က မေးလိုက်သည်။

“အင်း... အလွန် အောက်တန်းကျတယ်။ အလွန် ညစ်ညမ်းတယ်။ ဖတ်လို့တောင် မရဘူး။” ထိုစာရေးက ပြန်ဖြေလိုက်၏။

အကြီးအကဲ အောက်ထင်က မေးလိုက်သည်။ “ကျောက်စိမ်းမြို့မှတ်တမ်းနဲ့ နှိုင်းယှဉ်လို့ ရလား။”

ထိုစာရေးက ခေါင်းခါလိုက်၏။ “ဖိနပ်သယ်ပေးဖို့တောင် အရည်အချင်း မမီပါဘူး။ ဒီလို စာအုပ်မျိုး ရေးတဲ့သူကို လက်တွေ၊ ခြေတွေ ရိုက်ချိုးပစ်သင့်တာ။ အရမ်း ဆိုးရွားလွန်းတယ်။ အဆင့်နိမ့်လွန်းတယ်။ လုံးဝ အသုံးမကျဘူး။”

ထို့ကြောင့် နုလန်ဟောက်၏သား အောက်ယွီသည် တကယ်ပဲ အဆိပ်ပြင်းသော အပြာစာအုပ်ကြီး တစ်အုပ်ကို ရေးသားခဲ့ကြောင်း လူတိုင်း သိသွားကြတော့သည်။

ဤစကားက ပိုပိုပြီး ကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့သည်။ နောက်ဆုံးတွင် အောက်ယွီ ရေးသော ဤစာအုပ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မျက်လုံးကန်းသွားနိုင်သည်ဟူ၍ပင် ပြောဆိုနေကြတော့၏။

အမျိုးသမီးများ ဖတ်မိပါက ဖောက်ပြန်ချင်စိတ်များ ပေါ်လာမည်ဟုပင် ဆိုကြသည်။

အချုပ်အားဖြင့် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိသွားပြီး အောက်တန်းအကျဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

မူလက ဤယှဉ်ပြိုင်မှုမှာ အဖြေပေါ်ပြီးသား ဖြစ်သော်လည်း ယခုတော့ ပို၍ပင် သေချာသွားခဲ့ပြီ ဖြစ်သည်။

‘အောက်ယွီ... ကမ္ဘာ့နံပါတ်တစ် အသုံးမကျသူပီပီ ဒီလို အောက်တန်းကျတဲ့ စာအုပ်ဆိုးကြီးကို ရေးနိုင်တယ်ပေါ့။ ခင်ဗျားကများ အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းနဲ့ ယှဉ်ချင်သေးတယ်လား။ တကယ်ပဲ ရယ်စရာကောင်းလွန်းတယ်။ တကယ်ပဲ မသိနားမလည်လွန်းတယ်။ ခင်ဗျားရဲ့ အဲဒီ စာအုပ်ဆိုးကြီးက ကျောက်စိမ်းမြို့မှတ်တမ်းနဲ့ အတူတူယှဉ်ထားဖို့တောင် အရည်အချင်း မမီပါဘူး။’

ထို့အပြင် ယွဲ့တန်းဖျင် အဖွဲ့ဝင်များကလည်း ထိုသို့သော အောက်တန်းကျသည့် စာအုပ်မျိုးကို သူတို့ထံ လုံးဝ မပို့ရန်နှင့် မျက်စိ ညစ်ပတ်သွားမည်ကို စိုးရိမ်ကြောင်း ပြောဆိုထားကြ၏။

ထို့ကြောင့် စာအုပ်နှစ်အုပ်စလုံး မထွက်ရှိသေးသော်လည်း အလွန် နာမည်ကြီးနေပြီ ဖြစ်သည်။ အောက်ယွီသည်လည်း အလွန် နာမည်ကြီးနေပြီဖြစ်သော်လည်း နာမည်ပျက်ဖြင့် နာမည်ကြီးနေခြင်းသာ ဖြစ်သည်။

သို့ပေမည့် ရိုးရိုးသားသား ပြောရမည်ဆိုလျှင် လူအများအပြားက သူ၏ ဤအောက်တန်းကျသော စာအုပ်ကို တကယ်ပဲ မျှော်လင့်နေကြသည်မှာ အမှန်ဖြစ်၏။

သူက အဆင့်နိမ့် ပြည့်တန်ဆာရုံများတွင် မိန်းမတစ်သောင်းနှင့် အိပ်မည်ဟု ပြောခဲ့သူဖြစ်ရာ သူရေးသားသော စာအုပ်သည် အဆိုးဆုံး ဖြစ်နေလျှင်တောင် အလွန် ထူးဆန်းနေမည်မှာ သေချာသည်။

သို့ပေမည့် အောက်ယွီနှင့် အောက်မင်တို့၏ ဤအရည်အချင်း ယှဉ်ပြိုင်မှုက လူတိုင်း၏ စိတ်ထဲတွင် မစတင်ရသေးမီကပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ အနိုင်အရှုံး ပြဿနာ မဟုတ်တော့ဘဲ အောက်ယွီက စင်ပေါ်တက်ရန်ပင် အရည်အချင်း မမီသောကြောင့် ဖြစ်၏။

……………….

သုံးလပိုင်း နှစ်ဆယ့်ကိုးရက်နေ့…

စာအုပ်နှစ်အုပ် ထွက်ရှိရန် တစ်ရက်သာ လိုတော့သည်။

သို့ပေမည့် လူတိုင်းက အောက်ယွီ၏ ကျောက်တုံးမှတ်တမ်းမှာ မည်မျှအထိ ဆိုးရွားပြီး မည်မျှအထိ အောက်တန်းကျမည်ကို သိချင်နေကြသေးသော်လည်း သူတို့က လျစ်လျူရှုထားကြပြီ ဖြစ်သည်။

ထို့အပြင် အောက်ယွီ၏ စာအုပ်က နာမည်တပ်၍ ခေါ်ဝေါ်ရန်ပင် အရည်အချင်း မမီချေ။

ပညာတတ်များ၊ လူငယ်လူရွယ်များ အားလုံးသည် အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်း ပဉ္စမတွဲကိုသာ မျှော်လင့်စောင့်စားနေကြသည်။

ဆယ်နာရီလောက် ကြိုတင်ပြီး စာအုပ်ဆိုင် အသီးသီး၌ တန်းစီနေကြမှာ ရထားတွဲကြီး အလားပင်။ စာအုပ်ဆိုင်တိုင်း၏ အပြင်ဘက်၌ ရှည်လျားသည့် လူတန်းကြီးများ ရှိနေကြ၏၊

ခန့်မှန်းခြေအားဖြင့် ကျန်းကျိုးမြို့ တစ်မြို့လုံးမှာ လူသောင်းချီ တန်းစီနေကြပြီး အားလုံးက အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းကို ပထမဆုံး ရောင်းချသည့်အချိန်၌ ဝယ်ယူချင်သောကြာင့် ဖြစ်သည်။

မှောင်ခိုသမား တော်တော်များများကလည်း ဤအခြေအနေကို မြင်ချိန်၌ အမြန် လူလွှတ်ပြီး တန်းစီခိုင်းကြ၏၊ ဝယ်လို့ရသည်နှင့် ဈေးနှစ်ဆတင် ရောင်းရလျှင်တောင် သေချာပေါက် အမြတ်အများကြီး ရမည် မဟုတ်ပါလား။

အဘယ်ကြောင့်ဆိုသော် စာအုပ်ဆိုင် အသီးသီးက ကျောက်စိမ်းမြို့မှတ်တမ်း၏ ပထမအသုတ် ရောင်းချမှုတွင် အုပ်ရေ ငါးသောင်းသာ ကန့်သတ်ရောင်းချမည်ဖြစ်ပြီး တစ်ယောက်ကို တစ်အုပ်သာ ဝယ်ခွင့်ပြုမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သေချာပေါက် လုယက်ဝယ်ယူကြမှာပင်။

‘အောက်မင်နဲ့ အောက်ထင်တို့က တော်လိုက်တာ။ ဒီအချိန်မှာတောင် ငတ်မွတ်အောင် ပြုလုပ်ခြင်းဆိုင်ရာ ဈေးကွက်ဗျူဟာ (Hunger Marketing) ကို သုံးတတ်နေပြီပဲ။

အဲတာထက် ပိုပြီး ဈေးကွက်ဗျူဟာကို ပိုင်နိုင်တာတော့ ပြည်တန်ဆာမလေးတွေပဲ။ သူတို့က မနေ့တည်းက ထမင်းမစားတော့ဘဲ ရေကိုပဲ သောက်မယ်။ ပြီးရင် ရေချိုးပြီး နံ့သာရည်တွေ လူးကြမယ်။ ပြီးတော့မှ အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းကို ဖတ်ကြမယ်တဲ့။ ဈေးကွက်ဗျူဟာကို ဖော်ဆောင်တဲ့ နေရာမှာတော့ ခင်ဗျားတို့က ခေတ်ရှေ့ပြေးလွန်းနေပြီ။’

အချုပ်အားဖြင့်ဆိုရလျှင် ဤရက်အနည်းငယ်အတွင်း ကျန်းကျိုးမြို့ ယဉ်ကျေးမှု အသိုင်းအဝိုင်း တစ်ခုလုံးတွင် အခြားကိစ္စများ အားလုံး နောက်ဆုတ်ပေးရမှာဖြစ်သည်။

အဓိက အာရုံစိုက်စရာ တစ်ခုတည်းသာ ရှိသည်။ ထိုအရာမှာ အောက်မင်နှင့် သူ၏ ကျောက်စိမ်းမြို့မှတ်တမ်း ပဉ္စမတွဲပင် ဖြစ်၏။

............................

အပိုင်း (၂၃၈)

သုံးလပိုင်း သုံးဆယ်ရက်နေ့ ရောက်လာ၏။ နေထွက်လာသည်နှင့် တပြိုင်နက် စာအုပ်ဆိုင်ကြီးများ ဖွင့်လှစ်လိုက်ချိန်မှာတော့ လူအုပ်ကြီးက ဒီရေလှိုင်းများကဲ့သို့ စာအုပ်ဆိုင်များ အတွင်းသို့ ဝင်ရောက် လာကြသည်။

လူတိုင်းက စာအုပ်စင်များဆီသို့ အပြေးအလွှား သွားရောက်ကာ ကျောက်စိမ်းမြို့မှတ်တမ်း ပဉ္စမတွဲကို အလုအယက် ဝယ်ယူကြတော့၏၊

ထိုအတွက်ကြောင့် မြို့ဝန်ရုံးက အကြီးဆုံး စာအုပ်ဆိုင် အချို့သို့ စည်းကမ်းထိန်းသိမ်းရန် အစောင့်များကို စေလွှတ်ပေးခဲ့ရသည်။

“တန်းစီ... တန်းစီ... သေချာ တန်းစီကြ။”

“တစ်ယောက်ကို အများဆုံး တစ်အုပ်ပဲ ဝယ်လို့ရမယ်။ ပိုမဝယ်ရဘူး။ ပိုမဝယ်ရဘူး။”

ကျောက်စိမ်းမြို့မှတ်တမ်း ပဉ္စမတွဲ၏ အရောင်းသွက်မှုက အလွန် ကြီးမားမည်ဟု မှန်းဆထားခဲ့သော်လည်း ဤအဆင့်အထိ ရောက်လာမည်ဟုတော့ မထင်မှတ်ထားခဲ့ကြပေ။

ဤသည်က စာအုပ်ဝယ်ခြင်း မဟုတ်တော့ဘဲ လုံးဝ လှိုင်းလုံးကြီး တစ်ခု ဖြစ်နေပြီ ဖြစ်၏။

‘မင်း စာတတ်တယ်ဆိုရင်၊ ခင်ဗျား ကျောက်စိမ်းမြို့မှတ်တမ်းကို မဖတ်ဘူးဆိုရင် ခင်ဗျားက ခေတ်နောက်ကျနေပြီ... ခင်ဗျားက ငါတို့နဲ့ စကားပြောဖို့ အရည်အချင်း မမီတော့ဘူး။’

အနာဂတ်မှ လူများကတော့ ဤအခြေအနေကို စိမ်းနေမည် မဟုတ်ပေ။ အက်ပဲလ်ဖုန်း လုဝယ်ကြသလို၊ ရီဇီ ဖိနပ် လုဝယ်ကြသလို၊ AJ လုဝယ်ကြသလိုမျိုးပဲ ဖြစ်သည်။

(ရီဇီဖိနပ် - ကမ္ဘာကျော် အမေရိကန် ရက်ပ်ပါတစ်ဦးဖြစ်သော Kanye West (ယခု Ye) နှင့် အားကစားပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Adidas တို့ ပူးပေါင်းဖန်တီးခဲ့သည့် ဖိနပ်၊

AJ - ကမ္ဘာကျော် ဘတ်စကက်ဘော ကစားသမား Michael Jordan နဲ့ Nike တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Air Jordan ဖိနပ်)

နာရီဝက်ပင် မကြာလိုက်ပေ။

ကျန်းကျိုးမြို့ အတွင်းရှိ စာအုပ်ဆိုင် အားလုံးက ဆိုင်းဘုတ်ကြီး တစ်ခုကို ချိတ်ဆွဲလိုက်ကြသည်။ “ကျောက်စိမ်းမြို့မှတ်တမ်း ပဉ္စမတွဲ ရောင်းကုန်သွားပါပြီ။”

“ကောင်းကင်ဘုံ.. အုပ်ရေ ငါးသောင်းကို နာရီဝက်တည်းနဲ့ ရောင်းကုန်သွားတာလား။ အရမ်း မြန်လွန်းတယ်။ တစ်မြို့လုံးကို ဆူညံပွက်လောရိုက်သွားစေတာပဲ။”

“အောက်မင်က ကောင်းကင်ပေါ် ရောက်တော့မှာပဲ။ ကျန်းကျိုးမြို့ရဲ့ နံပါတ်တစ် စာပေပညာရှင် နေရာကို ဘယ်လိုမှ လှုပ်ခါလို့ မရနိုင်တော့ဘူး မဟုတ်လား။”

“ဒါနဲ့... အောက်ယွီရော။ ဒီလူရွှင်တော်လေးက ဘယ်ရောက်နေလဲ။ သူက နံပါတ်တစ် စာပေပညာရှင် ဆိုတဲ့ နေရာကို လုယူမယ်လို့ အော်နေခဲ့တာ မဟုတ်လား။ သူ့စာအုပ်က ဘယ်မှာလဲ။ သူ့ရဲ့ ကျောက်တုံးမှတ်တမ်းက ဘယ်မှာလဲ။”

ကျောက်စိမ်းမြို့မှတ်တမ်း ပဉ္စမတွဲကို ဝယ်ယူရရှိသူများမှာ တစ်မိနစ်မျှပင် မစောင့်နိုင်တော့ဘဲ အလုအယက် ဖတ်ရှုကြလေ၏။

စာအုပ်ဆိုင်အတွင်းတွင်သာမက အပြင်ဘက် လမ်းမများပေါ်တွင်လည်း ထိုင်ကာ ဖတ်ရှုနေသူများကို နေရာအနှံ့ တွေ့မြင်နေရ၏။ မကြာမီမှာပဲ သူတို့အားလုံး စာအုပ်ထဲတွင် လုံးဝ နစ်မြောသွားကြသည်။

“ကောင်းကင်ဘုံ.. ကောင်းလိုက်တာ။ အရမ်း ဖတ်လို့ ကောင်းတာပဲ။”

မူလက အောက်မင်၏ ပဉ္စမတွဲသည် အရည်အသွေး ကျဆင်းသွားမည်ကို လူအများက စိုးရိမ်ခဲ့ကြ၏။ တိတိကျကျ ဆိုရလျှင် အရည်အသွေး ကျဆင်းသွားခြင်း မဟုတ်ဘဲ ကြီးမားသော တိုးတက်မှုမျိုး မရှိတော့မည်ကို စိုးရိမ်ခဲ့ကြခြင်း ဖြစ်၏။

ကြော်ငြာမှုများက အလွန် အားကောင်းလွန်းသောကြောင့် လူအများ၏ မျှော်လင့်ချက်များကလည်း အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။

သို့ပေမည့် အောက်မင်က သူတို့ကို စိတ်ပျက်မသွားစေခဲ့ပေ။ အလွန်ကို ထူးချွန်ပြောင်မြောက်လှသည်။ စာသားများဖြစ်စေ၊ ကဗျာလင်္ကာများ ဖြစ်စေ ယခင်ကထက် တစ်ဆင့်မက မြင့်တက်သွား၏။

အလွန် ထူးချွန်လှသည်။ အချို့ဆိုလျှင် ဖတ်ရင်းနှင့်ပင် မျက်ရည်များ ကျဆင်းလာကြ၏။ အလွန် အသည်းခိုက်စရာ ကောင်းလွန်းသောကြောင့် ဖြစ်သည်။ သခင်လေး အောက်မင်ကို အနိုင်ယူနိုင်မည့်သူမှာ သူကိုယ်တိုင်သာ ရှိပေလိမ့်မည်။

သခင်လေး အောက်မင်သည် ကျန်းကျိုး၏ နံပါတ်တစ် စာပေပညာရှင် အစစ်အမှန် ဖြစ်၏။ နောက်ထပ် မည်သူမှ ရှိနိုင်တော့မည် မဟုတ်ချေ။

စာအုပ် ငါးသောင်း ရောင်းချပြီးသွားချိန်တွင် ခေတ္တ တိတ်ဆိတ်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုလူ ငါးသောင်းလုံးက စာအုပ်ကို တိတ်ဆိတ်စွာ ဖတ်ရှုနေကြသောကြောင့် ဖြစ်သည်။

အခြားသူများကကော…

အမှန်တကယ်တော့ ကျန်းကျိုးမြို့၏ ထင်မြင်ယူဆချက် အာဏာသည် ထိုလူ ငါးသောင်း၏ လက်ထဲတွင်သာ ရှိနေ၏။

စာအုပ် ဖတ်ပြီးသွားချိန်တွင် ကျန်းကျိုးမြို့တွင်း၌ စာပေဆွေးနွေးပွဲများ အမြောက်အမြား ပေါ်ပေါက်လာမှာ ဖြစ်သည်။ ထိုခေတ်အခါက ဤဝေါဟာရ မရှိသေးသော်လည်း ထိုသဘောတရားမျိုးပင် ဖြစ်သည်။

အဆင့်မြင့် လက်ဖက်ရည်ဆိုင်များ၊ ပြည့်တန်ဆာရုံများနှင့် ဂုဏ်သရေရှိ အိမ်တော်များအတွင်း မိမိတို့၏ အသိုင်းအဝိုင်းအလိုက် စုဝေးကာ ဤစာအုပ်အကြောင်းကို စတင် ဆွေးနွေးကြပေလိမ့်မည်။ အဆင့်အမြင့်ဆုံး ဆွေးနွေးပွဲမှာမူ ဝေမြို့စားကြီး အိမ်တော်အတွင်းတွင် ဖြစ်မည်မှာ သေချာလှ၏။

နှစ်နာရီကြာပြီးနောက်…

ပထမဆုံး စာအုပ်ဖတ်ပြီးသွားသူ တစ်ဦး ပေါ်ထွက်လာ၏။ သူကတော့ ချန်လန် ပြည်နယ်၏ ပညာရေးဝန်ကြီး ဖြစ်သည်။

ဤရာထူးသည် မည်သို့သော ရာထူးမျိုး ဖြစ်သနည်း။ ပြည်နယ် တစ်ခုလုံးရှိ စာမေးပွဲများနှင့် ပညာရေး ကိစ္စရပ်များကို တာဝန်ယူရသော အမြင့်ဆုံး အရာရှိ ဖြစ်ပြီး ပြည်နယ်အတွင်း ထိပ်ဆုံး ငါးနေရာတွင် ပါဝင်၏။

သူက မှတ်ချက်ပြုလိုက်သည်။ “ဒီစာအုပ်ကို ဖတ်ပြီးသွားရင် သုံးနှစ်အတွင်း တခြား ဝတ္ထုတွေကို ထပ်မဖတ်ချင်တော့ဘူး။”

ဤမှတ်ချက်သည် အလွန်အမင်း မြင့်မားလှ၏။ ဤစာအုပ်ကို ဖတ်ပြီးနောက် အခြားစာအုပ်များကို ဖတ်ရသည်မှာ အရသာ မရှိတော့ဘူးဟု ဆိုလိုခြင်း ဖြစ်သည်။

ဆရာကြီး ကျင်းယုံက သိုင်းဝတ္ထုလောကကို အဆုံးသတ်ပေးလိုက်သည် ဆိုသော အယူအဆမျိုးနှင့် ဆင်တူ၏။ မည်မျှပင် ရေးသားစေကာမူ ဆရာကြီး၏ အဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ပညာရေးဝန်ကြီး၏ စကားသံ ထွက်ပေါ်လာပြီးနောက် ချီးကျူးသံများက မြစ်ရေအလား အဆက်မပြတ် စီးဆင်းလာခဲ့၏။ အလွှာအသီးသီးမှ ပုဂ္ဂိုလ်ကြီးများက မိမိတို့၏ ထင်မြင်ယူဆချက်များကို အသီးသီး ထုတ်ဖော်ပြောဆိုလာကြသည်။ အားလုံးက တစ်သံတည်း ချီးကျူးနေကြ၏။

ထိုအထဲတွင် ပိုမိုကျယ်လောင်သော အသံတစ်သံ ရှိနေသည်။ ထိုသူမှာ ယခင် စုံစမ်းရေးအမတ် နင်ပုချီ ဖြစ်၏။ လွန်ခဲ့သော ရက်နှစ်ဆယ်ကျော်က သူသည် အောက်ယွီဘက်မှ ရပ်တည်ခဲ့ပြီး အောက်ထင်နှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။

သူက အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်း ပဉ္စမတွဲကို ဖတ်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။ “ဒီစာအုပ်ကို ဖတ်ပြီးသွားတော့ ကျုပ်တောင် စာရေးချင်စိတ် ပေါက်လာတယ်။”

ဤသည်မှာလည်း အလွန်မြင့်မားသော ချီးကျူးမှုတစ်ခု ဖြစ်၏။ စာအုပ်ကို ဖတ်ပြီးနောက် စာရေးချင်စိတ်များ၊ ဖော်ပြချင်စိတ်များ ပြည့်လျှံလာသည်ဆိုလျှင် မည်မျှ ကောင်းသနည်း။

ပြည့်တန်ဆာရုံများ၊ လက်ဖက်ရည်ဆိုင်များနှင့် ဂုဏ်သရေရှိ အိမ်တော်များအတွင်းရှိ ဆွေးနွေးပွဲများ တွင်လည်း ရူးသွပ်လုမတတ် ချီးကျူးနေကြ၏။ အစွမ်းကုန် ချီးကျူးစကားများ ဆိုနေကြသည်။

ကျန်းကျိုးမြို့ရှိ ယဉ်ကျေးမှုနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးတိုင်းက ထွက်ပေါ်လာကာ ချီးကျူးစကား ဆိုကြရ၏။ မဖြစ်မနေ ပြောဆိုရမည့် အခြေအနေ ဖြစ်လို့နေ၏။

အကယ်၍ မပြောဆိုဘဲ နေပါက အခြားသူများက မနာလိုဝန်တို ဖြစ်နေသည်ဟု ဆိုကြပေလိမ့်မည်။

အသက်အရွယ် ကြီးရင့်သော ပညာရှိကြီးများက နှုတ်ဆိတ်နေပါက လူငယ်များ၏ တိုးတက်မှုကို မလိုလားသော သဘောထားကျဉ်းမြောင်းသူများဟု ကဲ့ရဲ့ခံရမှာ ဖြစ်သည်။

အတိုချုပ်ဆိုရလျှင် ကျန်းကျိုးမြို့ရှိ နာမည်ကြီးသူများ၊ ပညာတတ်များ၊ ပြည့်တန်ဆာမယ်များနှင့် မျက်နှာပန်း လှသူတိုင်းက ထွက်ပေါ်လာကာ ချီးကျူးစကား ဆိုကြရသည်။ အချို့က အလွန်အကျွံ ချီးကျူးကြပြီး အချို့ကတော့ အနည်းငယ် ထိန်းသိမ်းကာ ချီးကျူးကြ၏။

ထိုအထဲတွင် ဆရာကြီး တစ်ဦး ကျန်နေ၍ မဖြစ်ပေ။ ထိုသူမှာ ထျန်းယီ စာသင်ကျောင်း၏ ကျောင်းအုပ်ကြီး ကျူ့လန်ထျန်း ဖြစ်သည်။

လူတစ်ဦးက သူ့အား သွားရောက် မေးမြန်းလိုက်၏။ “ဆရာကြီးကျူ့… အောက်မင်ရဲ့ ကျောက်စိမ်းမြို့ မှတ်တမ်းကို ဖတ်ပြီးပြီလား။”

“ဖတ်ပြီးပြီ။”

“ဘယ်လိုနေလဲ။”

“အတော်လေး ကောင်းတယ်လို့ ထင်တယ်။”

အတော်လေး ကောင်းသည် ဟူသော စကားမှာ မြင့်မားသော ချီးကျူးမှု တစ်ခု ဖြစ်သော်လည်း အောက်မင်၏ ပရိသတ်များကတော့ လုံးဝ မကျေနပ်ကြပေ။

သခင်လေး အောက်မင်၏ စာအုပ်သည် အတော်လေး ကောင်းရုံတင် မကဘဲ နှစ်ပေါင်းရာချီမှ တစ်ကြိမ်သာ ပေါ်ထွက်လာနိုင်သည့် ဂန္ထဝင်မြောက် လက်ရာတစ်ခု ဖြစ်၏။ ဖတ်ပြီးပါက သုံးလတိုင်တိုင် အသားဟင်း အရသာကိုပင် မေ့ပျောက်သွားစေနိုင်သည်။

ထိုသို့သော စာအုပ်ကို အတော်လေး ကောင်းသည်ဟုသာ မှတ်ချက်ပေးသည်လား။ ဆရာကြီး ကျူ့လန်ထျန်း၏ သဘောထားက သိပ်မကောင်းလှပေ။

ထို့နောက် လူအများက တီးတိုးပြောဆိုလာကြ၏။ ယခင်က ဆရာကြီး ကျူ့လန်ထျန်း၏ နေရာကို အမတ်ချုပ်ကြီးလင်က လုယူခဲ့ပြီး ရာထူးမှ စောစီးစွာ အနားယူစေခဲ့သည်။ ယခု ထို အမတ်ချုပ်ကြီးလင်သည် အစိုးရအဖွဲ့၏ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်နေပြီဖြစ်ပြီး သခင်လေး အောက်မင်၏ ဆရာလည်း ဖြစ်၏။

ထိုအခါမှ လူတိုင်းက သဘောပေါက်သွားကြသည်။ “သြော်… ဒီလိုကိုး။”

သုံးလပိုင်း သုံးဆယ်ရက်နေ့သည် အောက်မင်အတွက် လုံးဝ အောင်မြင်သော နေ့တစ်နေ့ ဖြစ်၏။ ယနေ့ ကျန်းကျိုးမြို့ တစ်မြို့လုံး၏ ဂုဏ်သိက္ခာအားလုံးကို သူက သိမ်းပိုက်ထားပြီး အခြားသူများ အားလုံးမှာ မှေးမှိန်သွားခဲ့၏။

မနက်ဖြန်တွင် ယွဲ့တန်းဖျင်၏ မှတ်ချက် ထွက်ပေါ်လာတော့မှာဖြစ်၏။ ရလဒ်ကို လုံးဝ လျှို့ဝှက်ထားပြီး လဆန်းတစ်ရက်နေ့မှသာ ထုတ်ပြန်ကြေညာပေလိမ့်မည်။ သို့ပေမည့် မည်သည့် ရင်ခုန်စရာမှ မရှိတော့ပေ။

ယွဲ့တန်းဖျင် အဖွဲ့ဝင် ပုဂ္ဂိုလ်ကြီး တစ်ဦးက ကျောက်စိမ်းမြို့မှတ်တမ်း ပဉ္စမတွဲကို ဖတ်ပြီးနောက် မနက်ဖြန် ယွဲ့တန်းဖျင် မှတ်ချက်ကို မည်သူမှ ကြည့်တော့မည် မဟုတ်ကြောင်း နောက်ပြောင်ကာ ပြောဆိုခဲ့သောကြောင့်ပင်။

ထို့ကြောင့် ရင်ခုန်စရာ မရှိတော့ပေ။ မနက်ဖြန် ယွဲ့တန်းဖျင် မှတ်ချက်တွင် အောက်မင်၏ ကျောက်စိမ်းမြို့ မှတ်တမ်းသည် ပထမနေရာ ရရှိမည်ကို လူတိုင်းက သိရှိနေကြပြီ ဖြစ်၏။

ထိုအချိန်တွင် အောက်မင်၏ ဒဏ်ရာများ လုံးဝ ပျောက်ကင်းနေပြီ ဖြစ်သည်။ သို့ပေမည့် သူက ကုတင်ပေါ်တွင် ဆက်လက် လဲလျောင်းနေဆဲ ဖြစ်၏။ ဒဏ်ရာ ပြင်းထန်သည့်ပုံစံ ဟန်ဆောင်ထားရန် လိုအပ်ပြီး အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်နေချိန်တွင် သိုသိုသိပ်သိပ်နေရန် လိုအပ်သောကြောင့်လည်း ဖြစ်သည်။

သို့ပေမည့် လက်အောက်ငယ်သားများက ကျန်းကျိုးမြို့၏ အခြေအနေများကို အသေးစိတ် လာရောက် သတင်းပို့ကြ၏။

ဤသို့သော ရလဒ် ထွက်ပေါ်လာမည်ကို ကြိုတင် သိရှိထားသော်လည်း အမှန်တကယ် ဖြစ်လာသောအခါ အလွန် ကြည်နူးစရာ ကောင်းလှသည်။ အရက်မူးနေသကဲ့သို့ ခံစားရ၏။ နတ်ပြည်သို့ ရောက်နေသကဲ့သို့ လွင့်မျောနေသော ခံစားချက်မျိုး ဖြစ်သည်။

အောက်ယွီကတော့ မြေကြီးပေါ်က ပုရွက်ဆိတ် တစ်ကောင်လို ဖြစ်သွားပြီ ဖြစ်၏။ ကောင်းကင်ဘုံမှ ငုံ့ကြည့်လိုက်ပါက အရိပ်ကလေးမျှပင် မမြင်ရတော့ပေ။

ကောင်းကင်နှင့် မြေကြီးအလား ကွာခြားသွားပြီ ဖြစ်သည်။ တစ်ဦးက မြေကြီးပေါ်တွင် တွားသွားနေပြီး တစ်ဦးက ကောင်းကင်ပေါ်တွင် ပျံသန်းနေ၏။

အောက်ယွီ အနေဖြင့် အောက်မင်၏ ကျောပြင်ကိုပင် မြင်တွေ့နိုင်တော့မည် မဟုတ်ပေ။ ကောင်းကင်ပေါ်တွင် ပျံသန်းနေသော အောက်မင်၏ အမြင်အာရုံထဲတွင်လည်း အောက်ယွီ ရှိနေတော့မည် မဟုတ်ပေ။

....................

အောက်မင်၏ စေ့စပ်ထားသူ တွမ်ယင်းယင်းက သူ၏ ကိုယ်စား ချီးကျူးမှု အားလုံးကို လက်ခံရယူနေပြီး သူငယ်ချင်းများ၏ အားကျမှုများကိုလည်း ရယူနေ၏။ အမှန်တကယ်ပင် ဂုဏ်ယူစရာ ကောင်းလှသည်။

သူမသည် မြို့စားအိမ်တော်မှ သခင်မလေးတစ်ဦး ဖြစ်သော်လည်း အိမ်ထောင်ပြုရာတွင် အဆင့်အတန်းများ ခွဲခြားထား၏။

ဧကရာဇ် သို့မဟုတ် အိမ်ရှေ့စံမင်းသားနှင့် လက်ထပ်ခြင်းက အမြင့်ဆုံး ဖြစ်၏။ သို့ပေမည့် ထိုအရာက အလွန် ခက်ခဲလှသည်။

ထို့အပြင် အိမ်ရှေ့စံမင်းသား ဖြစ်လာနိုင်သော မင်းသားများသည် အသက်အရွယ် ကြီးရင့်နေကြပြီဖြစ်ပြီး လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက စေ့စပ်ထားပြီးဖြစ်ရာ ဂုဏ်သရေရှိ သခင်မလေးများ အနေဖြင့် အခွင့်အရေး မရှိတော့ပေ။

သာမန် မင်းသားတစ်ပါးနှင့် လက်ထပ်ပါက အနာဂတ်တွင် ချင်ဝမ်အဖြစ် ခန့်အပ်ခံရပြီး မင်းသမီး ဟူသော ဘွဲ့အမည်ကို ရရှိနိုင်၏။ သို့ပေမည့် ချင်ဝမ် အများစုမှာ အာဏာ မရှိလှချေ။

ထို့ကြောင့် အကောင်းဆုံး ခင်ပွန်းလောင်းမှာ မည်သို့သော လူမျိုးနည်း။ မျိုးရိုးမြင့်မားပြီး အာဏာကြီးမားသူ ဖြစ်၏။ မျိုးရိုးမြင့်မားခြင်း ဆိုသည်မှာ ဂုဏ်သရေရှိ အသိုင်းအဝိုင်းများ အချင်းချင်း လက်ထပ်ခြင်း ဖြစ်သည်။

သို့ပေမည့် အဆင့်မြင့် မှူးမတ် အများစုမှာ တိုးတက်လိုစိတ် ကင်းမဲ့နေကြပြီး အိမ်တွင် စည်းစိမ်ခံနေကြ၏။ ဘွဲ့ထူးခံရာထူးကို ဆက်ခံမည့်သားများကလည်း လှဲလျောင်း၍ စည်းစိမ်ခံနေကြပြီး ကြိုးစားလိုစိတ် မရှိကြပေ။

ထိုသို့ဆိုလျှင် အာဏာကို ချုပ်ကိုင်ထားသူများမှာ မည်သူနည်း။ စာမေးပွဲ ဖြေဆိုပြီး အမတ်ဖြစ်လာမည့် ပညာတတ်များ ဖြစ်၏။

သို့ပေမည့် ထိုသူအများစုမှာ ပညာတတ် အသိုင်းအဝိုင်းမှ ဖြစ်ကြပြီး ဂုဏ်သရေရှိ မှူးမတ်များ မဟုတ်ကြပေ။ ပထမအဆင့် အောင်မြင်သူ ဖြစ်လျှင်တောင် အနာဂတ်ကို ကြိုတင် မသိနိုင်ပေ။ အဆင့်မြင့်အမတ် ရာထူးများမှာ နည်းပါးလှပြီး လူမည်မျှ ကျရှုံးသွားမည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။

သို့ပေမည့် အောက်မင်ကတော့ မတူပေ။ အနာဂတ်တွင် နုလန်ဟောက် ရာထူးကို ဆက်ခံရမည်ဖြစ်ပြီး နောက်တစ်ကြိမ် စာမေးပွဲတွင် ပထမအဆင့်ဖြင့် အောင်မြင်မည်မှာ သေချာနေ၏။

သူ၏ နောက်ကွယ်တွင် ကြီးမားသော ကျောထောက်နောက်ခံ သုံးခုရှိနေပြီး အစိုးရအဖွဲ့အတွင်း ဝင်ရောက်ကာ ဝန်ကြီးချုပ် ဖြစ်လာမည်မှာ ကျိန်းသေပေါက်ပင်။

အောက်မင်မှာ ဘွဲ့ထူးခံ ရာထူး၊ အာဏာ၊ ဂုဏ်သတင်း၊ အရည်အချင်းနှင့် ရုပ်ရည် အားလုံး ပြည့်စုံနေသည့် ပထမတန်းစား ခင်ပွန်းလောင်း တစ်ဦးဖြစ်ရာ ကျန်းကျိုးမြို့မှ ဂုဏ်သရေရှိ သခင်မလေးများ အားကျမနာလို ဖြစ်နေကြသည်မှာ မဆန်းပေ။

............................

All Chapters