အခန်း (၂၃၉-၂၄၀)
Vol. 21 Ch. 239-240
အပိုင်း (၂၃၉)
တွမ်ယင်းယင်း၏ ဧည့်ခံပွဲတွင် ကျန်းကျိုးမြို့မှ အဆင့်မြင့်ဆုံး ဂုဏ်သရေရှိ သခင်မလေးများ အားလုံး တက်ရောက်လာကြ၏။ နယ်စားအဆင့် အိမ်တော်များမှ သခင်မလေးများပင် ထောင့်စွန်းဘက်တွင်သာ ထိုင်ခွင့်ရကြသည်။ ဂုဏ်သရေရှိ သခင်မလေးများ အားလုံး စိတ်ထဲတွင် အားကျမနာလို ဖြစ်နေကြသော်လည်း ချီးမွမ်းစကားများ ဆိုနေကြရ၏။
“ဒီနေ့ကစပြီး သခင်လေး အောက်မင်ရဲ့ နံပါတ်တစ် စာပေပညာရှင်ဆိုတဲ့ နေရာကို ဘယ်သူမှ လှုပ်ရှား နိုင်တော့မှာ မဟုတ်ဘူး။”
“ဟုတ်ပါတယ်။ သူ့ရဲ့ ပါရမီ အရိပ်အောက်မှာ ကျန်းကျိုးမြို့က နှစ်ပေါင်းများစွာ ဖုံးလွှမ်းနေရတော့မှာပါ။ နန်းမြို့တော်က ကျင်းပမယ့် စာမေးပွဲပြီးလို့ သူ ပထမအဆင့် အောင်မြင်ပြီး အမတ်ဖြစ်သွားတဲ့ အချိန်ကျမှပဲ ကျန်းကျိုးမြို့က ပညာတတ်တွေ သက်ပြင်းချနိုင်ပြီး ခေါင်းထောင်နိုင်တော့မှာပဲ။”
“ဒါနဲ့ ဟိုလူရွှင်တော် အောက်ယွီရဲ့ ကျောက်တုံးမှတ်တမ်း ကရော ဘယ်လိုဖြစ်သွားပြီလဲ။ သူက အဲဒီစာအုပ်က ပိုကောင်းတယ်လို့ ကြွားထားတာ မဟုတ်ဘူးလား။ သခင်လေး အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းကို အနိုင်ယူမယ်ဆို။”
ထိုအခါ ဧည့်ခံပွဲရှိ ဂုဏ်သရေရှိ သခင်မလေးများက နှာခေါင်းကို ပုဝါဖြင့် ဖုံးကာပြီး ပြောလိုက်ကြ၏။
“သူ့အကြောင်း မပြောပါနဲ့။ နားကလော်တယ်။”
“အဲဒီလို အဆင့်နိမ့်တဲ့ လူယုတ်မာရဲ့ နာမည်ကိုတောင် မခေါ်ပါနဲ့။ သခင်လေး အောက်မင်က ကောင်းကင်ဘုံက ကျဆင်းလာတဲ့ နတ်သားတစ်ပါးလိုပဲ။ သူတို့ နှစ်ယောက် နာမည်ကို ယှဉ်တွဲခေါ်တာက ကြီးမားတဲ့ စော်ကားမှုပဲ။”
“ဟုတ်တယ် ဟုတ်တယ်။ အဲဒီ လူရွှင်တော်က နုလန်ဟောက် ရာထူးကို ဆက်ခံဖို့ အရည်အချင်း မရှိဘူး။ ဂုဏ်သရေရှိ အသိုင်းအဝိုင်းထဲ ဝင်ဖို့ မထိုက်တန်ဘူး။ သူလိုလူမျိုးသာ နုလန်ဟောက် ဖြစ်လာမယ်ဆိုရင် အင်ပါယာအတွက် ကြီးမားတဲ့ အရှက်ရစရာပဲ။”
ဟုတ်ပေသည်။ လူရွှင်တော် အောက်ယွီ၏ ကျောက်တုံးမှတ်တမ်းကကော ဘယ်ရောက်သွားသနည်း။ လူတိုင်းက သံသယ ဖြစ်နေကြ၏။ အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းနှင့် အတူတူ ဖြန့်ချိမည်ဟု ကြွေးကြော်ထားခဲ့သည် မဟုတ်ပါလား။
သို့သော်ငြား ယခုအချိန်အထိ အရိပ်အယောင်မျှပင် မတွေ့ရသေးပေ။ အောက်မင်နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း သိရှိသွားသောကြောင့် အရှက်ကွဲ မခံလို၍ စာအုပ် မထုတ်ဝေခဲ့ခြင်းလား။ သို့ပေမည့် အောက်ယွီက ထိုမျှ ကိုယ့်ကိုယ်ကိုယ် သိတတ်သူမျိုး မဟုတ်ပေ။
ကိုယ့်ကိုယ်ကိုယ် သိတတ်ပါက အစကတည်းက ဤကဲ့သို့ လောင်းကြေးထပ်ခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် အောက်ယွီ ကြောက်ရွံ့သွားပြီ၊ ကတိဖျက်တော့မည်၊ မယှဉ်ပြိုင်ရဲတော့ဘူးဟု လူများက ဝေဖန်ပြောဆို လာကြ၏။
“သူက တုံးအပေမယ့် သူ့အမေက မအဘူးလေ။ အောက်မင်နဲ့ တကယ် ယှဉ်ပြိုင်ခိုင်းမှာ မဟုတ်ဘူး။”
“အောက်ယွီက ဟန်ဆောင်နေတာပါ။ သူရေးထားတာတွေက ဘာတွေလဲဆိုတာ ကျွန်မတို့ မသိပေမယ့် သူ့မိဘတွေကတော့ သိမှာပေါ့။ သူ့အရည်အချင်းက သခင်လေး အောက်မင်ရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မတန်ဘူး။ ဒါကြောင့် အရှက်ကွဲခံပြီး ထုတ်ပြရဲပါ့မလား”
ယခင်က အလွန် လှုပ်ရှားတက်ကြွနေသော အောက်ယွီမှာ ရုတ်တရက် ငြိမ်သက်သွားပြီး ဟန်ဆောင်နေ သကဲ့သို့ ဖြစ်နေ၏။ သူ၏ ကျောက်တုံးမှတ်တမ်းကိုလည်း မတွေ့ရသလို သူကိုယ်တိုင်လည်း အသံထွက် မလာတော့ပေ။
ရန်သူများဘက်မှ ချက်ချင်း လူစုကာ အောက်ယွီ ကတိဖျက်တော့မည်ဟု နေရာအနှံ့ သတင်းလွှင့်ကြ၏။ ထို့အပြင် လူအုပ်စုကို စည်းရုံးကာ နုလန်ဟောက် အိမ်တော်ကို သွားရောက် ဝိုင်းရံကြလေသည်။
ထိုနေ့က ဝေမြို့စားကြီး အိမ်တော်ရှေ့တွင် လူထောင်ပေါင်းများစွာ ဝိုင်းရံခဲ့ကြသည်မှာ အောက်မင် လုပ်ကြံခံရသောကြောင့် ဖြစ်၏။
ယခု နုလန်ဟောက် အိမ်တော်ရှေ့တွင် လာရောက် ဝိုင်းရံကြခြင်းမှာမူ အဓိပ္ပာယ် မရှိလှပေ။ အောက်ယွီ ကတိဖျက်သည် ဖြစ်စေ၊ ဟန်ဆောင်နေသည် ဖြစ်စေ သာမန်ပြည်သူများ ဒေါသထွက်စရာ အကြောင်းမရှိပေ။
ထို့ကြောင့် နုလန်ဟောက် အိမ်တော်ကို လာရောက် ဝိုင်းရံရန် အချိန်အားနေမည် မဟုတ်ပေ။ တစ်စုံတစ်ဦးက ပြဿနာ ကြီးထွားအောင် ဖန်တီးနေခြင်းသာ ဖြစ်၏။
“အောက်ယွီ… ခင်ဗျားရဲ့ ကျောက်တုံးမှတ်တမ်း ဆိုတဲ့ စာအုပ်က ဘယ်မှာလဲ။”
“အောက်ယွီ… ခင်ဗျားက အောက်မင်ကို အနိုင်ယူမယ်ဆို။ မြေကြီးပေါ် ဆွဲချပြီး ပွတ်တိုက်ပစ်မယ်ဆို။”
“အောက်ယွီ… ခင်ဗျားက တွမ်ယင်းယင်းကို လက်ထပ်မယ်ဆို။”
“ကမ္ဘာ့နံပါတ်တစ် အသုံးမကျတဲ့ကောင် ပီသပါပေတယ်။ စကားပြောတာက လေလည်တာနဲ့ တူတူပဲ။ အောက်ယွီ… ခင်ဗျားရဲ့ ပါးစပ်က ကျုပ်ရဲ့ ဖင်လောက်တောင် အသုံးမကျဘူး။”
“လူရွှင်တော် အောက်ပေါင်ယွီ… လူရွှင်တော် အောက်ပေါင်ယွီ... ခင်ဗျားလို ဖားပြုတ်က တွမ်ယင်းယင်းလို ငန်းသားကို စားချင်နေသေးတယ်။ မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်အုံး။ ဘယ်နေရာက သခင်လေး အောက်မင်ကို မှီလို့လဲ။”
“ခင်ဗျားလို အသုံးမကျတဲ့ကောင်က စာရေးတတ်သေးတယ်ပေါ့။ သခင်လေး အောက်မင်ရဲ့ ကျောက်စိမ်းမြို့ မှတ်တမ်းထက် ပိုကောင်းတဲ့ စာအုပ် ရေးချင်သေးတယ်ပေါ့။ အရှက်မရှိတဲ့ကောင်… အရှက်မရှိတဲ့ကောင်ပဲ။”
“အောက်ယွီ… ခင်ဗျားရဲ့ ကျောက်တုံးမှတ်တမ်းက ကျောက်စိမ်းမြို့မှတ်တမ်းထက် ပိုကောင်းမှာ မဟုတ်ဘူး။ တစ်ဝက်လောက် ကောင်းရင်တောင် စာအုပ် တစ်အုပ်လုံးကို ကျုပ် စားပြမယ်။”
“နောက်မနေနဲ့။ တစ်ဝက်လောက် မပြောနဲ့။ ကျောက်စိမ်းမြို့မှတ်တမ်းရဲ့ ဆယ်ပုံတစ်ပုံလောက် ကောင်းရင်တောင် ကျုပ် အဝတ်အစားတွေ ချွတ်ပြီး ကျန်းကျိုးမြို့ တစ်ပတ် ပြေးပြမယ်။”
ထို့နောက် လူရာပေါင်းများစွာက လှောင်ပြောင်သံများ ပြုလုပ်လိုက်ကြတော့၏။
“လူရွှင်တော် အောက်ပေါင်ယွီ… လူရွှင်တော် အောက်ပေါင်ယွီ...”
ထိုစဉ် နုလန်ဟောက် အိမ်တော်၏ တံခါးကြီး ပွင့်လာသည်။ ထို့နောက် ရထားလုံးများ တစ်စီးပြီး တစ်စီး ထွက်ပေါ်လာ၏။ ရထားလုံးတိုင်းတွင် စာအုပ်များ အပြည့် တင်ဆောင်ထားသည်။
“ကျောက်တုံးမှတ်တမ်း...”
လူအုပ်ကြီးက ထပ်မံ လှောင်ပြောင်ကြပြန်၏။ “အောက်ယွီ… ခင်ဗျားက တကယ် သေရမှာ မကြောက်တာပဲ။ တကယ် အရှက်မရှိတာပဲ။ စာအုပ်ကို တကယ် ထုတ်ရောင်းရဲတာလား။ အရှက်ကွဲတာ မလုံလောက်သေးလို့လား။”
“ခင်ဗျား ရေးထားတဲ့ စာအုပ်က ဘာလဲဆိုတာ ကျုပ်တို့ ကြားပြီးပြီ။ အလွန် အဆိပ်ပြင်းတဲ့၊ အလွန် ညစ်ညမ်းတဲ့ အမှိုက်စာအုပ်ပဲ။ သခင်လေး အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းက အဲဒီလောက် ကောင်းနေတာကိုတောင် ခင်ဗျားက ကြက်ဥနဲ့ ကျောက်တုံးကို သွားတိုက်ရဲသေးတယ်။ တကယ်ကို အရှက်မရှိတာပဲ။”
ထို့နောက် လူရာပေါင်းများစွာက နုလန်ဟောက် အိမ်တော်၏ ယာဉ်တန်း နောက်မှ လိုက်ပါသွားကာ စာအုပ်ဆိုင်များဆီသို့ ဦးတည်သွားကြ၏။ ကျောက်တုံးမှတ်တမ်းစာအုပ် သောင်းနှင့်ချီ၍ စာအုပ်ဆိုင် အသီးသီးတွင် အထပ်လိုက် တင်ထားလိုက်ကြသည်။
စာအုပ်ဆိုင်များကလည်း ငြင်းပယ်မည် မဟုတ်ပေ။ ကျောက်တုံးမှတ်တမ်းက မည်မျှပင် ဆိုးရွားနေပါစေ စိတ်ဝင်စားမှုတော့ အလွန် မြင့်မားနေသည်။ မည်မျှ ဆိုးရွားသည်ကို သိလို၍ ဝယ်ယူမည့်သူများလည်း အများအပြား ရှိနေ၏။
အမှန်ပင်။ ယွင်ကျုံးဟဲ့၏ ကျောက်တုံးမှတ်တမ်းကို စာအုပ်ဆိုင် စားပွဲပေါ် တင်လိုက်သည်နှင့် လက်အများအပြားက လှမ်းယူကြလေသည်။
သေချာသည်မှာ အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်း ပဉ္စမတွဲ ရောင်းအားကိုတော့ မီမည် မဟုတ်ပေ။ အလွန် ကွာခြားလှ၏။ သို့ပေမည့် ရောင်းအားကောင်းသည်ဟုတော့ ဆိုနိုင်၏။
ကျောက်စိမ်းမြို့မှတ်တမ်း ပဉ္စမတွဲကို ဖတ်ပြီးသွားသူ အများစုက ကျောက်တုံးမှတ်တမ်းကို ချက်ချင်း လာရောက် ဝယ်ယူကြ၏။ စာအုပ်တစ်အုပ်က မည်မျှအထိ ဆိုးရွားနိုင်သည်ကို သိလိုသောကြောင့် ဖြစ်သည်။
အချို့က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ကာ ပြောနေကြသည်။ တန်ဖိုးကြီး ဟင်းလျာများကို စားပြီးနောက် ဝက်စာကို မြည်းစမ်းကြည့်ရသည်မှာလည်း တစ်မျိုး ကောင်းသည်ဟု ပြောနေကြခြင်းပင်။
အောက်မင်၏ စာအုပ်က တန်ဖိုးကြီး ဟင်းလျာဖြစ်ပြီး အောက်ယွီ၏ စာအုပ်က ဝက်စာ ဖြစ်သည်မှာ သေချာလှ၏။
ဘေးမှ လူတစ်ဦးက ဝင်ပြောလိုက်သည်။ “အဲဒါ ဝက်စာလား။ ချီးလေ”
ဝက်စာက အံကြိတ်ပြီး မျိုချလို့ ရသေးသည်။ ချီးကို မျိုချလို့ ရမည်လား။ မရနိုင်ပေ။ လည်ချောင်းတွင် တစ်နေလိမ့်မည်။
ဘေးမှ နောက်တစ်ဦးက ထပ်ပြောပြန်၏။ “ချီးတင် မကဘူး။ အဲဒီ ချီးထဲမှာ အဆိပ်ပါ ပါသေးတယ်။”
“ချီးတဲ့မှ… ခင်ဗျားကတော့ လွန်သွားပြီ။”
အောက်ယွီ၏ ကျောက်တုံးမှတ်တမ်းသည် အလွန် အဆိပ်ပြင်းကြောင်း၊ အလွန် ညစ်ညမ်းပြီး အောက်တန်း ကျကြောင်း ကြားသိထားသောကြောင့် မစောင့်နိုင်တော့ဘဲ လာရောက် ဝယ်ယူကြသူ အများအပြားလည်း ရှိနေသည်။
သူတို့က စာအုပ်ကို ဝယ်ယူပြီးနောက် အခန်းထဲတွင် တစ်ယောက်တည်း ပုန်းအောင်းကာ ပြတင်းပေါက်များနှင့် တံခါးများကို ပိတ်ပြီး လက်သုတ်ပုဝါ အသင့်ပြင်ထားကာ ဖတ်ရှုရန် ရည်ရွယ်ထားကြ၏။
စာအုပ်ကို ဝယ်ယူပြီးနောက် ထိုပညာတတ်များက ရွံရှာသော မျက်နှာထားဖြင့် စာမျက်နှာများကို လက်ချောင်း နှစ်ချောင်းဖြင့်သာ ကိုင်ကာ လှန်ကြ၏။ မျက်လုံးများကိုလည်း ခပ်ခွာခွာထားကာ အဆိပ်သင့်မည်ကို စိုးရိမ်နေသကဲ့သို့ ပြုမူကြသည်။
“ဘယ်လောက်တောင် ဆိုးရွားပြီး ဘယ်လောက်တောင် ညစ်ညမ်းနေလဲ ဆိုတာ ကျုပ် ကြည့်ချင်သေးတယ်။”
သို့ပေမည့် ဖတ်ရင်း ဖတ်ရင်းဖြင့် သူ အနည်းငယ် ငေးမောသွားပြီး စာအုပ်ကို အနီးသို့ ဆွဲယူလိုက်မိသည်။ ထို့နောက် သူ အနည်းငယ် မှင်တက်သွားကာ ဘေးဘီသို့ပင် လှည့်ကြည့်လိုက်မိ၏။
ဤပညာတတ်၏ စာပေ ဝေဖန်နိုင်စွမ်းက မမြင့်မားလှသောကြောင့် ချက်ချင်း အကဲဖြတ်ရန် ခက်ခဲနေ၏။ သို့ပေမည့် ရှေ့စာမျက်နှာ အနည်းငယ်ကို ဖတ်ကြည့်ရုံဖြင့် မဆိုးရွားကြောင်း၊ အတော်လေး ကောင်းမွန်နေကြောင်း ခံစားလိုက်ရသည်။
သူနှင့် ဘေးနားရှိ အခြား ပညာတတ် တစ်ဦးတို့ မျက်လုံးချင်း ဆုံသွားကြပြီး တစ်ဦး၏ အံ့သြမှုကို တစ်ဦးက နားလည်သွားကြ၏။
ထိုစဉ် ဘေးနားမှ လူမိုက်တစ်ဦးက ကျယ်လောင်စွာ ဆဲဆိုလိုက်လေသည်။ “ဘာအမှိုက်စာအုပ်လဲကွာ။ ဘယ်သူက နားလည်မှာလဲ။ ဘာတွေ ရေးထားတာလဲ။”
ဤလူမိုက်သည် အလွန် ညစ်ညမ်းသော စာအုပ်ဟု ကြားသိထားသောကြောင့် လာရောက် ဝယ်ယူခြင်း ဖြစ်၏။ ယခု စာမျက်နှာ သုံးဆယ်ခန့် ဖတ်ပြီးသည့်တိုင် ညစ်ညမ်းသည့် အခန်း တစ်ခန်းမှ မပါလာပေ။ အိမ်ပြန်ပြီး ဘောင်းဘီချွတ်ရန်ပင် ပြင်ဆင်ထားပြီးဖြစ်ရာ ဤကဲ့သို့သော အရာများကို ဖတ်ရမည်လား။
သို့ပေမည့် ထိုနေရာရှိ ပညာတတ် အချို့ကတော့ တိတ်ဆိတ်စွာပင် အိမ်သို့ ပြန်သွားကြ၏။ သေချာစွာ ဖတ်ရှုရန်နှင့် အမှန်တကယ် မည်သို့ ဖြစ်နေသည်ကို မသိနိုင်သောကြောင့် ဖြစ်၏။
ကျန်းကျိုးမြို့သည် ပညာရှင်များ၊ အကျော်အမော်များ ပေါများသော နေရာ ဖြစ်၏။ သာမန် ပညာတတ်များ၏ ဝေဖန်နိုင်စွမ်းက မမြင့်မားသော်လည်း ဝေဖန်နိုင်စွမ်း မြင့်မားသူများ အများအပြား ရှိနေသည်။
သူတို့က ကျောက်တုံးမှတ်တမ်း၏ ရှေ့ဆုံး စာမျက်နှာ အနည်းငယ်ကို ဖတ်ပြီးသည်နှင့် တပြိုင်နက် ငြိမ်ကျသွားကြသည်။ အထူးသဖြင့် အောက်မင်ကို ပထမဆုံး မှတ်ချက်ပေးခဲ့သော ပုဂ္ဂိုလ်ကြီး၊ ပညာရေးဝန်ကြီး ကျန်းချီကျန်း ဖြစ်၏။
အမှန်တကယ်၌ သူက ပထမဆုံး မှတ်ချက်ပေးခဲ့ခြင်းမှာ လာဘ်စားထား၍ မဟုတ်သလို အမတ်ချုပ်ကြီးလင်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်၍လည်း မဟုတ်ပေ။ သူသည် ဖြောင့်မတ်သူ တစ်ဦး ဖြစ်ပြီး ဝတ္ထုဖတ်ခြင်းကို အလွန် ဝါသနာပါသူ ဖြစ်သည်။
အောက်မင်၏ လက်ရာက အမှန်တကယ် ကောင်းမွန်လွန်းသောကြောင့် ဖတ်ပြီးသည်နှင့် အလွန် သဘောကျသွားကာ ကျောက်စိမ်းမြို့မှတ်တမ်းကို ဖတ်ပြီးနောက် သုံးနှစ်အတွင်း အခြား ဝတ္ထုများကို မဖတ်ချင်တော့ကြောင်း ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်၏။
သူက ကျောက်တုံးမှတ်တမ်းကို ဝယ်ယူခဲ့ခြင်းမှာ မည်မျှအထိ ဆိုးရွားနိုင်သည်ကို သိလိုသောကြောင့် ဖြစ်၏။ သို့ပေမည့် စာမျက်နှာ အနည်းငယ်ကို ဖတ်ပြီးနောက် လုံးဝ ဆွံ့အသွားခဲ့သည်။
မကြာခင်မှာပဲ သူ နောင်တရသွားသည်။ ယနေ့ ကျောက်စိမ်းမြို့မှတ်တမ်းကို ပထမဆုံး ချီးကျူးခဲ့မိခြင်း အတွက် အမှန်တကယ် နောင်တရသွား၏။
သို့ပေမည့် သူက စကားမဆိုဘဲ ဆက်လက် ဖတ်ရှုနေခဲ့သည်။ ဖတ်ရင်း ဖတ်ရင်းဖြင့် လေးနာရီကျော် ကြာပြီးနောက် ကျောက်တုံးမှတ်တမ်း၏ ပထမတွဲကို အကြမ်းဖျင်း ဖတ်ရှုပြီးစီးသွားသည်။
ထိုအချိန်တွင် မိုးတောင် ချုပ်တော့မှာဖြစ်သည်။ သို့ပေမည့် သူက မီးမထွန်းဘဲ ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေဆဲ ဖြစ်၏။
“ယောက်ျား…. ဘာဖြစ်လို့လဲ။” ဇနီးဖြစ်သူက အံ့အားတသင့်ဖြင့် လာရောက် မေးမြန်းလေသည်။
ပညာရေးဝန်ကြီးက အတန်ကြာ တုံ့ဆိုင်းနေပြီးမှ အပြင်သို့ ထွက်သွားသည်။ ထင်ထားသည့်အတိုင်းပင် ပညာရေးဝန်ကြီးရုံး အပြင်ဘက်တွင် ပညာတတ် ရာပေါင်းများစွာ ရပ်စောင့်နေကြသည်။ အားလုံးက အဆင့်မြင့် ပညာတတ်များ ဖြစ်ကြ၏။
ထိုသူများ အားလုံးက ကျောက်တုံးမှတ်တမ်းကို အမြန်ဆုံး ဖတ်ရှုပြီးစီးသွားကြပြီး စိတ်ထဲတွင် အလွန် ကောင်းမွန်ကြောင်း ခံစားနေရသော်လည်း မည်သူကမှ အလွယ်တကူ ထုတ်ဖော် မပြောရဲကြပေ။
ယနေ့ ကျောက်စိမ်းမြို့မှတ်တမ်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီး ကျန်းချီကျန်းက ပထမဆုံး ချီးကျူးခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် လူတိုင်းက ပညာရေးဝန်ကြီးရုံးရှေ့သို့ လာရောက်ကာ ကျန်းချီကျန်း၏ လူသိရှင်ကြား မှတ်ချက်ကို ထပ်မံ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
အမှန်တကယ်တော့ ထိုအချိန်တွင် ကျန်းကျိုးမြို့ တစ်မြို့လုံး၌ ကျောက်တုံးမှတ်တမ်းကို ပထမအကြိမ် အမြန်ဖတ်ပြီးသူ အများအပြား ရှိနေပြီ ဖြစ်ပြီး အားလုံးက တိတ်ဆိတ်နေကြ၏။
စာပေ ဝေဖန်နိုင်စွမ်း မြင့်မားသူတိုင်းက ဤစာအုပ် နှစ်အုပ်မှာ လုံးဝ ယှဉ်ပြိုင်၍ မရနိုင်သော အဆင့်များ ဖြစ်ကြောင်း သိရှိနေကြသည်။
အနည်းဆုံး သာမန် ပညာတတ်အဆင့် ရှိသူများပင် ကျောက်တုံးမှတ်တမ်း၏ အနုပညာ အဆင့်အတန်းသည် ကျောက်စိမ်းမြို့မှတ်တမ်းထက် သာလွန်ကြောင်း အကြမ်းဖျင်း သိရှိနေကြ၏။
သို့ပေမည့် မည်သူကမှ ပထမဆုံး ထုတ်ဖော် မပြောရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းက ဘက်ရွေးချယ်လိုက်ခြင်း ဖြစ်နေသောကြောင့်ပင်။
အောက်ယွီ၏ နောက်ကွယ်တွင် နုလန်ဟောက် ရှိနေသည်။ သူသည် စစ်သူကြီး တစ်ဦး ဖြစ်သော်လည်း အပေါင်းအသင်း မရှိသူဖြစ်ပြီး ဂိုဏ်းဂဏ မဖွဲ့တတ်ပေ။ သူ့ကို ဖားယားခြင်းဖြင့် မည်သည့် အကျိုးအမြတ်မှ မရနိုင်သလို သူ့ကို စော်ကားမိလျှင်လည်း ကြီးမားသော ဆိုးကျိုးများ မရှိနိုင်ပေ။
သို့ပေမည့် အောက်မင်၏ နောက်ကွယ်တွင် ဝေမြို့စားကြီး အိမ်တော်နှင့် အမတ်ချုပ်ကြီးလင်တို့ ရှိနေ၏။ ဤသည်မှာ အမြစ်တွယ်နေသော ကြီးမားသည့် အကျိုးစီးပွား အုပ်စုကြီး တစ်ခု ဖြစ်သည်။
အကယ်၍ အောက်ယွီ၏ ကျောက်တုံးမှတ်တမ်းက ပိုကောင်းသည်ဟု ပြောဆိုမိပါက ထိုအာဏာရှင် အုပ်စုနှင့် ဆန့်ကျင်ဘက် ဖြစ်သွားမှာ ဖြစ်၏။
ထို့ကြောင့် ကျန်းကျိုးမြို့ တစ်မြို့လုံး ထူးဆန်းစွာ တိတ်ဆိတ်နေခြင်း ဖြစ်သည်။ အားလုံးက ပထမဆုံး အသံထွက်လာမည့်သူကို စောင့်ဆိုင်းနေကြခြင်းပင်။
....................
အပိုင်း (၂၄၀)
ပညာရေးဝန်ကြီး ကျန်းချီကျန်းက ရုံးပြင်ပရှိ ပညာတတ် ရာပေါင်းများစွာကို ကြည့်ကာ ပြောလိုက်သည်။ “ပညာတတ် အပေါင်းတို့… ခင်ဗျားတို့ ဘာကို စောင့်နေကြလဲ၊ ဘာပြောချင်ကြလဲ ဆိုတာကို ကျုပ် သိပါတယ်။”
ပညာရေးဝန်ကြီး ကျန်းချီကျန်းက ဖြည်းညင်းစွာ ဆက်ပြော၏။ “ဒီနေ့ မနက်မှာ ကျုပ်က ပထမဆုံး အသံထွက်ခဲ့တဲ့ အဆင့်မြင့် အရာရှိ တစ်ယောက်ပါ။ အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းကို ကျုပ် ချီးကျူးခဲ့တယ်။ ဒီစာအုပ်ကို ဖတ်ပြီးသွားရင် သုံးနှစ်အတွင်း တခြား ဝတ္ထုတွေကို ထပ်မဖတ်ချင်တော့ဘူးလို့ ပြောခဲ့တယ်။ အဲဒီစကားက ရင်ထဲကလာတဲ့ စကားအစစ်ပါ။
အခုအချိန်အထိ ကျောက်စိမ်းမြို့မှတ်တမ်း ပဉ္စမတွဲရဲ့ အဆင့်အတန်းက အလွန် မြင့်မားတယ်လို့ ကျုပ် ယုံကြည်နေတုန်းပဲ။ ဆယ်စုနှစ်ပေါင်းများစွာ အတွင်းမှာ ကျန်းကျိုးမြို့ တစ်မြို့လုံးအနေနဲ့ ဒါဟာ အလွန် ထူးချွန်တဲ့ လက်ရာတစ်ခုပါပဲ။
ကျောက်စိမ်းမြို့မှတ်တမ်းက ကောင်းတယ်၊ အလွန် ကောင်းတယ်၊ အရမ်းကို ကောင်းပါတယ်။ ဒါပေမဲ့…”
ပညာရေးဝန်ကြီး ကျန်းချီကျန်းက ဆက်ပြောလိုက်သည်။ “ကျောက်တုံးမှတ်တမ်းကို ဖတ်ပြီးသွားတော့ ဘယ်လို ဖော်ပြရမလဲဆိုတာ ကျုပ် မသိတော့ဘူး။ စကားလုံးတွေကို သေချာ ရွေးချယ်ရအုံးမယ်။
ကျုပ် မြင်တွေ့ခဲ့ရတာက ပုံပြင်တစ်ပုဒ် မဟုတ်ဘူး၊ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းဝင် ပန်းချီကားချပ်ကြီး တစ်ခုပါပဲ။ အစစ်အမှန် ကမ္ဘာကြီး တစ်ခုကို မြင်တွေ့လိုက်ရသလိုပဲ။
ကျောက်စိမ်းမြို့မှတ်တမ်းကို ဖတ်ရတာ အလွန် ကောင်းမွန်ပြီး ကျေနပ်စရာ ကောင်းပေမယ့် ဖတ်နေတဲ့ အချိန်မှာ ဒါဟာ ပုံပြင်တစ်ပုဒ်ဆိုတာကို ကျုပ်ရဲ့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေခဲ့တယ်။ ဒါပေမဲ့ ကျောက်တုံးမှတ်တမ်းကို ဖတ်ပြီးသွားတော့ ဒါဟာ ဘဝတစ်ခု ဆိုတာကို ကျုပ် သိလိုက်ရတယ်။
မဟုတ်ဘူး… ဒါဟာ ဘဝပေါင်း မြောက်မြားစွာပါ။ မင်းဆက် တစ်ခုရဲ့ ပန်းချီကားချပ်ကြီး တစ်ခု၊ အသက်ပေါင်းများစွာရဲ့ လှုပ်ရှားမှုတွေပါပဲ။ ဒါက ကျုပ်ရဲ့ ဝိညာဉ်ကို ရိုက်ခတ်သွားတယ်။ ကျုပ်ရဲ့ ကြက်သီးမွေးညင်း တစ်ချောင်းချင်းစီကို လောင်ကျွမ်းသွားစေတယ်။ တချို့အချိန်တွေမှာ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားရပြီး တချို့အချိန်တွေမှာ ချွေးစေးတွေ ပြန်လာခဲ့တယ်။
ဒါကြောင့် ကျောက်စိမ်းမြို့မှတ်တမ်းနဲ့ ကျောက်တုံးမှတ်တမ်း ဘယ်ဟာ ပိုကောင်းလဲလို့ မေးလာရင်… ကျုပ် ပြောနိုင်တာက ဒါတွေဟာ အဆင့်ချင်း မတူညီတဲ့ အရာတွေမို့ ယှဉ်တွဲပြီး မနှိုင်းယှဉ်သင့်ဘူး ဆိုတာပါပဲ။”
ပညာရေးဝန်ကြီး ကျန်းချီကျန်းက ကျောက်တုံးမှတ်တမ်း စာအုပ်ကို မြှောက်ကိုင်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ဒါက ဂန္ထဝင် လက်ရာပါပဲ။ နှစ်ပေါင်း ရာချီအောင် တည်တံ့နိုင်မယ့် ဂန္ထဝင် လက်ရာပါ။”
ဤစကားအဆုံးတွင် အောက်ဘက်မှ လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာ၏။
ကျန်းချီကျန်းက သူတို့ ပြောချင်သော်လည်း မပြောရဲသော စကားများကို ပြောပြပေးခဲ့သောကြောင့် ဖြစ်သည်။ သူတို့ စဉ်းစားမရသော အရာများကိုပင် ပြောပြပေးခဲ့သည်။
ပညာရေးဝန်ကြီး ကျန်းချီကျန်းသည် ချန်လန်ပြည်နယ်၏ ပညာရေးလောက ခေါင်းဆောင်တစ်ဦးပီပီ သူတို့ကို စိတ်ပျက်မသွားစေခဲ့ပေ။ သူ၏ ကိုယ်ကျင့်တရားကို ထိန်းသိမ်းနိုင်ခဲ့၏။
စကားပြောပြီးနောက် ကျန်းချီကျန်းက ဦးညွတ်ကာ ရုံးအတွင်းသို့ ပြန်ဝင်သွားလေသည်။
သူ၏ နေအိမ်မှာ ရုံး၏ အနောက်ဘက်တွင် ရှိသည်။ နေအိမ်သို့ ပြန်ရောက်သောအခါ သူက မီးမထွန်းဘဲ ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်ကာ စဉ်းစားနေတော့၏။
“ဘာဖြစ်လို့လဲ ယောက်ျား…” ဇနီးဖြစ်သူက မေးလိုက်သည်။
ကျန်းချီကျန်း ပြောလိုက်၏။ “မိန်းမ… ပြင်ဆင်ထားလိုက်။ ငါတို့ ကျန်းကျိုးမြို့ကနေ ထွက်သွားရတော့မယ်။”
ဇနီးသည် အံ့အားသင့်သွားသည်။ “အဲဒီလောက်ထိ ဖြစ်သွားမှာလား။”
ကျန်းချီကျန်းက ခေါင်းညိတ်လိုက်၏။ “ဘယ်လိုလုပ် မဖြစ်ဘဲ နေမလဲ။ ငါက ပထမဆုံး ဘက်ရွေးချယ်ပြီး ပထမဆုံး သဘောထား ထုတ်ဖော်ခဲ့တဲ့သူလေ။ အမတ်ချုပ်ကြီးလင်က ငါ့ကို ဒီရာထူးမှာ ဆက်နေခွင့်ပြုမှာ မဟုတ်တော့ဘူး။”
ဇနီးသည်က မေးလိုက်သည်။ “သူက ရှင့်ကို ဒုက္ခပေးမှာလား။”
ကျန်းချီကျန်းက ခေါင်းခါလိုက်၏။ “အဲဒီလောက်ထိတော့ မဖြစ်လောက်ပါဘူး။ ရာထူးချခံရတဲ့ အထိလည်း မရောက်လောက်ဘူး။ ဒါပေမဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာတစ်ခုကို ပို့ပြီး အာဏာမရှိတဲ့ ရာထူးတစ်ခု ပေးမှာကတော့ သေချာတယ်။”
ထို့နောက် ကျန်းချီကျန်းက ဆက်ပြောသည်။ “အမှန်တော့လည်း မသေချာပါဘူး။ အမတ်ချုပ်ကြီးလင်က အရမ်း အစွမ်းထက်တယ်။ အရင်က ဆရာကြီး ကျူ့လန်ထျန်းကို အစိုးရအဖွဲ့ထဲကနေ ဘယ်လို မောင်းထုတ်ခဲ့လဲဆိုတာ အခုထိ မျက်လုံးထဲ မြင်ယောင်နေတုန်းပဲ။
ဒါပေမဲ့ ငါက ဖြောင့်မတ်တဲ့သူ တစ်ယောက်ပါ။ သူက ငါ့ကို မောင်းထုတ်နိုင်ပေမယ့် ဖျက်ဆီးပစ်လို့တော့ မရပါဘူး။ သူက တတိယမြောက် ဝန်ကြီးချုပ် ဆိုပေမဲ့ အဲဒီလောက်ထိတော့ အာဏာရှင်ဆန်ခွင့် မရှိပါဘူး။”
ဇနီးသည်က နားမလည်နိုင်သည့် အမူအရာဖြင့် မေးလိုက်၏။ “ဒါဆို စောစောက ရှင် ဘာလို့ အပြင်ထွက်သွားသေးလဲ။ ပုန်းနေလိုက်ပြီး ဘာမှ မပြောဘဲ နေလို့ ရသားပဲ။”
ကျန်းချီကျန်းက ပြုံးလိုက်သည်။ “အားလုံးက ငါ ပထမဆုံး အသံထွက်လာမှာကို စောင့်နေကြတာလေ။ ငါသာ ပထမဆုံး အသံမထွက်ခဲ့ရင် ငါ့ရဲ့ ဂုဏ်သိက္ခာတွေ အားလုံး ပျက်စီးသွားမှာပေါ့။ အားလုံးက ငါ့ကို အာဏာရှင်ကို ဖားယားတဲ့၊ အရိုးပျော့တဲ့၊ ဒူးထောက်တတ်တဲ့ သူလို့ ထင်သွားကြမှာပေါ့။
အဲဒီအချိန်ကျရင် ငါ တကယ် ပြီးဆုံးသွားပြီ။ တစ်သက်လုံး တည်ဆောက်ခဲ့တဲ့ နာမည်ကောင်းလည်း ပျက်စီးသွားမှာပဲ။ ငါတို့ ပညာတတ်တွေ တစ်သက်လုံး တန်ဖိုးထားတာက နာမည်ကောင်း တစ်ခုပဲ မဟုတ်လား။ အဲဒီ ဂုဏ်သရေရှိ မှူးမတ်တွေက သူတို့ လုပ်ချင်တာ လုပ်လို့ ရပေမယ့် ငါတို့က လုပ်လို့ မရဘူး။”
ကျန်းချီကျန်း၏ ဇနီးသည်က မျက်ရည်များကို သုတ်ကာ ပြောလိုက်၏။ “ဟင်း… ကျွန်မက ကျန်းကျိုးမြို့ကို တော်တော်လေး သဘောကျတာ။ ဘာလို့ ထွက်သွားရမှာလဲ။ အဲဒီလောက်ထိ ဖြစ်စရာ မလိုပါဘူးရှင်။”
သူမက နှုတ်မှ ပြောနေသော်လည်း ပစ္စည်းများကိုတော့ သိမ်းဆည်းနေလေသည်။
ပညာရေးဝန်ကြီး ကျန်းချီကျန်းကမူ ရာထူးမှ နှုတ်ထွက်စာကို စတင် ရေးသားနေပြီ ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ကိုယ်တိုင် နှုတ်ထွက်ခွင့် တောင်းခံပါက အခွင့်အရေးအချို့ ရှိနိုင်သေးသောကြောင့်ပင်။
ထင်ထားသည့်အတိုင်းပင် ပညာရေးဝန်ကြီး ကျန်းချီကျန်းက ပထမဆုံး အသံထွက်ပြီးနောက် ကျန်းကျိုးမြို့၏ ထင်မြင်ယူဆချက်များ လုံးဝ ပေါက်ကွဲထွက်သွားတော့သည်။
ပုဂ္ဂိုလ်ကြီးများ၊ အကျော်အမော်များ အားလုံးဆီမှ အသံများ အသီးသီး ထွက်လာကြသည်။ အလုအယက်ဖြင့် ယခင်က မကြုံဖူးလောက်အောင် အဆက်မပြတ် အသံထွက်လာကြခြင်း ဖြစ်၏။
သူတို့ကို ပထမဆုံး အသံထွက်ခိုင်းပါက အမတ်ချုပ်ကြီးလင်ကို စော်ကားမိမည် ဖြစ်သောကြောင့် မည်သူမှ လုပ်မည် မဟုတ်ပေ။
သို့ပေမည့် ကျန်းချီကျန်းက ပထမဆုံး အသံထွက်ပြီးနောက် သူတို့က အမြန်ဆုံး အသံထွက်ရမှာ ဖြစ်သည်။ ဤအချိန်တွင် အသံမထွက်ပါက နာမည်ပျက်သွားပေလိမ့်မည်။
‘ခင်ဗျားရဲ့ ဂုဏ်သိက္ခာက ဘယ်မှာလဲ။ ခင်ဗျားရဲ့ အမြင်က ဘယ်မှာလဲ။’
ထို့အပြင် အမတ်ချုပ်ကြီးလင်က အပြစ်တင်မည် ဆိုလျှင်တောင် လူအများအပြားကို အပြစ်တင်၍ မရပေ။ ကျန်းချီကျန်း တစ်ယောက်တည်းကိုသာ အပြစ်တင်နိုင်မှာ ဖြစ်၏။
သူက ပထမဆုံး အသံထွက်ခဲ့သည်။ ဒုတိယ အသံထွက်သူမှာ အနည်းဆုံး လူတစ်ရာခန့် ရှိ၏။ ဤအကျော်အမော်များ၏ ထုတ်ဖော်ပြောဆိုချက်များမှာလည်း လုံးဝ တူညီနေကြသည်။
“ဒါက ဝတ္ထု မဟုတ်ဘူး၊ ဘဝတစ်ခုပဲ။”
“ဒါက စိတ်ကူးယဉ် မင်းဆက်တစ်ခု၊ စိတ်ကူးယဉ် သမိုင်းတစ်ခု ဖြစ်ပေမယ့် လူတိုင်းက စာအုပ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့နိုင်တယ်။”
“ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့လိုက်ရရင် မှန်ကြည့်လိုက်ရသလိုပဲ ကြက်သီးထသွားတယ်။ ခင်ဗျားလည်း ဒီမှာ ရှိနေတာလား။ ကျုပ်လည်း စာအုပ်ထဲမှာ ပါနေတာလား။ ကျုပ်က ဒီလိုလူမျိုး ဖြစ်နေတာလား။”
ထို့အပြင် စာပေပညာရှင်များ အားလုံး၏ ချီးကျူးစကားများထဲတွင် ကျောက်စိမ်းမြို့မှတ်တမ်း အကြောင်းကို လုံးဝ မထည့်သွင်းကြတော့ပေ။
အားလုံးက ဤစာအုပ် နှစ်အုပ်မှာ တူညီသော အဆင့်အတန်း မဟုတ်ဘဲ အဆင့်ချင်း လုံးဝ မတူညီကြောင်း လက်ခံထားကြသောကြောင့်ပင်။
မနက်ပိုင်းက ကျောက်စိမ်းမြို့မှတ်တမ်းနှင့် ပတ်သက်၍ ချီးကျူးမှုများနှင့် ဝေဖန်မှုများကို လူထောင်ပေါင်း များစွာ၊ သောင်းပေါင်းများစွာက တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြသည်။ စာတတ်သူတိုင်း၊ ပြည့်တန်ဆာမ ဖြစ်စေ၊ လမ်းဘေးက ဗေဒင်ဆရာ ဖြစ်စေ မှတ်ချက်ပေး ချီးကျူးနိုင်ကြ၏။
ကျောက်တုံးမှတ်တမ်းနှင့် ပတ်သက်၍မူ လူရာဂဏန်းခန့်သာ အသံထွက်ပြီး မှတ်ချက်ပေးရဲကြသည်။ ပညာတတ် အဆင့်အောက် ရှိသူများ အားလုံး နှုတ်ဆိတ်နေရ၏။
‘ခင်ဗျားတို့က ဝေဖန်ဖို့ အရည်အချင်း မမီဘူး။’
ပညာတတ်အဆင့် ရှိသူများကလည်း အရှက်မကွဲစေရန် သတိထားပြီး စကားပြောကြရသည်။ အောင်မြင်ပြီးသူများမှသာ မှတ်ချက်ပေး ဝေဖန်နိုင်စွမ်း ရှိကြ၏။ ကျန်ရှိနေသူများ အားလုံးက ဒူးထောက်ကာ စာဖတ်နေရုံသာ ဖြစ်သည်။
‘ဒီလို ဂန္ထဝင်မြောက် လက်ရာကို ခင်ဗျားတို့လို သာမန်လူတွေက ဝေဖန်လို့ မရဘူး။ နားလည်ရင် တော်လှပြီ။’
စာအုပ် နှစ်အုပ်တွင် မည်သည့်စာအုပ်က ပိုကောင်းသနည်း။ မည်သူကမှ ထုတ်မပြောသော်လည်း အဖြေက ထွက်ပေါ်နေပြီ ဖြစ်၏။
အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းသည် ယွင်ကျုံးဟဲ့၏ ကျောက်တုံးမှတ်တမ်း၏ အရိပ်အောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အစအနပင် မကျန်တော့ပေ။ အဘယ်ကြောင့်ဆိုသော် မည်သည့် စာပေပညာရှင်ကမျှ စာအုပ် နှစ်အုပ်ကို ယှဉ်တွဲ၍ မပြောဆိုကြသောကြောင့်ပင်။
ပို၍ ပြတ်ပြတ်သားသား ပြောရလျှင် ကျောက်စိမ်းမြို့မှတ်တမ်းသည် ကျောက်တုံးမှတ်တမ်း၏ ဖိနပ်ကိုပင် သယ်ပေးရန် မထိုက်တန်ပေ။
နုလန်ဟောက် အိမ်တော်မှ အောက်ယွီသည် စာအုပ် တစ်အုပ်တည်းဖြင့် ဂန္ထဝင် ဖြစ်သွားခဲ့ပြီ ဖြစ်၏။
ဤစာပေပညာရှင်များ အသံထွက်ပြီးနောက် ချက်ချင်း ငြိမ်ကျသွားကာ အိမ်သို့ပြန်၍ အခြေအနေကို စောင့်ကြည့်နေကြသည်။ သို့ပေမည့် စာပေ ဝါသနာရှင်များနှင့် သာမန်လူများကတော့ ဘက်ရွေးချယ်စရာ မလိုသလို ဘက်ရွေးချယ်ခွင့်လည်း မရှိကြပေ။
သူတို့ကတော့ ပွဲကြည့်ခွင့် ရှိပြီး ပွဲပိုကြီးလာမည်ကို မကြောက်ကြပေ။ ထို့ကြောင့် လူရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာက ဝေမြို့စားကြီး အိမ်တော်ဆီသို့ ထပ်မံ သွားရောက်ကြပြန်၏။
ဤလူအုပ်ကြီးက အလွန် ဆိုးသွမ်းလှသည်။ သူတို့က ဝေမြို့စားကြီး မည်သို့ တုံ့ပြန်မည်ကို သိလိုကြ၏။ အောက်မင်က မည်သို့ တုံ့ပြန်မည်နည်း။ တွမ်ယင်းယင်း ကရော မည်သို့ တုံ့ပြန်မည်နည်း။
အချို့ကလည်း ယွဲ့တန်းဖျင် အိမ်တော်ရှေ့သို့ သွားရောက်ကြ၏။ မနက်ဖြန်သည် လေးလပိုင်း၏ လဆန်း တစ်ရက်နေ့ ဖြစ်ပြီး ယွဲ့တန်းဖျင် ရလဒ် ထွက်ပေါ်လာတော့မည် ဖြစ်သည်။ ဤအရာကသာ စာအုပ် နှစ်အုပ်၏ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးမည့် အရေးကြီးဆုံး အညွှန်းကိန်း ဖြစ်၏။
………………..
ကျောက်တုံးမှတ်တမ်း ထွက်ပေါ်လာပြီးနောက် အဆင့်မြင့် ပညာတတ်များ အားလုံး အလွန်အမင်း ပျော်ရွှင် ကြည်နူးသွားကြ၏။ သို့ပေမည့် လူမိုက်များနှင့် သာမန် အရပ်သားများကတော့ အတော်လေး စိတ်ပျက် သွားကြသည်။
“ပြောထားတဲ့ အောက်တန်းကျမှုတွေက ဘယ်မှာလဲ။ ပြောထားတဲ့ ညစ်ညမ်းမှုတွေက ဘယ်မှာလဲ။ ပြောထားတဲ့ အဆိပ်ပြင်းတဲ့ အမှိုက်စာအုပ် ဆိုတာက ဘယ်မှာလဲ။”
“ခင်ဗျားက လူလိမ်ပဲ။ ပြောထားတဲ့ ပေါင်ယွီနှင့် မိန်းမလှ တစ်ရာ ဆိုတဲ့ စာအုပ်က ဘယ်မှာလဲ။”
“ကျုပ် စာအုပ် တစ်အုပ်လုံးကို လှန်လှောပြီး ရှာလိုက်တာတောင် အဲဒီလို အခန်းမျိုးက သုံးပိုဒ်၊ ငါးပိုဒ်လောက်တောင် မပြည့်ဘူး။ ဘာမှလည်း အရသာ မရှိဘူး။ လူလိမ်၊ လူလိမ်ပဲ။ ငွေပြန်ပေး၊ ငွေပြန်ပေး။”
သို့ပေမည့် မကြာမီမှာပဲ သူတို့ အလွန်အမင်း ကျေနပ်သွားကြ၏။ နောက်ထပ် စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။
“ပေါင်ယွီနှင့် မိန်းမလှ တစ်ရာ”
“ဒီစာအုပ်ရဲ့ မျက်နှာဖုံးကို ကြည့်လိုက်တာနဲ့ အလွန် အဆိပ်ပြင်းတဲ့ အမှိုက်စာအုပ်ဆိုတာ သိသာတယ်။ အရမ်းကို ညစ်ညမ်းပြီး အောက်တန်းကျတယ်။ အရမ်းကို အသက်ဝင်ပြီး အရမ်းကို ကောင်းတယ်။”
စာအုပ်ကို လှန်ကြည့်လိုက်တော့ ပိုပြီး အံ့သြသွားရ၏။
“စာမျက်နှာ နှစ်ရာကျော် ရှိတဲ့ စာအုပ်မှာ တစ်ဝက်လောက်က ပန်းချီကားတွေချည်းပဲ။ ပန်းချီကားတိုင်းက အရမ်းကို ဆွဲဆောင်မှုရှိပြီး အသက်ဝင်လွန်းတယ်။”
“ဇာတ်လမ်းကလည်း အရမ်း ကောင်းတယ်။ ကျောက်တုံးမှတ်တမ်းက ဇာတ်လမ်းထဲမှာ အသားကို ရှာရတာ။ ဒီ ပေါင်ယွီနှင့် မိန်းမလှ တစ်ရာက အသားထဲမှာ ဇာတ်လမ်းကို ပြန်ရှာရတာပဲ။”
သမိုင်းမှတ်တမ်းများအရ ကျင်ဖင်မေက အရမ်းမရှည်သော်ငြား ယွင်ကျုံးဟဲ့ အတွက်ကတော့ စာလုံးရေ တစ်သိန်းကျော်အထိ ချဲ့ကားရေးဖို့ဆိုတာ အရမ်းကို လွယ်ကူသည့် ကိစ္စဖြစ်၏။
မည်သည့်နည်းဖြင့် အများကြီး တိုးလာအောင် လုပ်ရမည်နည်း။ အလွန် ရိုးရှင်း၏။ ဆရာကြီးရှော (ကမ္ဘာကျော် အိုင်းရစ် စာရေးဆရာကြီး ဂျော့ချ် ဘားနတ် ရှော) ၏ နာမည်ကြီး စကားအတိုင်း အရောင်တွေ ထပ်ဖြည့်လိုက်ရုံသာဖြစ်သည်။
ရှေးခေတ် ညစ်ညမ်းစာပေတွေက အတော်လေး သိုသိပ်ကြ၏။ သို့သော်ငြား ယွင်ကျုံးဟဲ့က ခေတ်သစ် စာရေးဆရာကြီးများ၏ အတွေ့အကြုံတွေကို ရယူထားသူဖြစ်ရာ မည်မျှအထိ ခေတ်မီနေမည်နည်း ဆိုသည်ကို တွေးကြည့်၍ ရနိုင်၏။
ထို့ကြောင့် ဤစာအုပ် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် သာမန် အရပ်သားများကြားတွင် လုံးဝ ပေါက်ကွဲထွက်သွား၏။ ပညာတတ် အချို့ပင်လျှင် ရူးသွပ်သွားကြသည်။
“အရမ်းကို… အရမ်းကို အဆိပ်ပြင်းလွန်းတယ်။”
“အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းပြီး အရမ်းကို ဖတ်လို့ ကောင်းတယ်။ ဒါပေမဲ့ ကျုပ် အရမ်း သဘောကျတာပဲ။”
လူအားလုံး ရူးသွပ်မတတ် နစ်မြောသွားကြ၏။ ဤမျှ ထူးဆန်းသော စာအုပ်ကို တစ်ခါမှ မဖတ်ဖူးခဲ့ကြပေ။ ထို့ကြောင့် သာမန်လူများ သာမက အဆင့်မြင့် ပညာတတ် အများအပြားလည်း ဝယ်ယူကာ အိမ်တွင် ခိုးဖတ်ကြပြီး လုံးဝ အံ့အားသင့်သွားကြ၏။
“ကောင်းကင်ဘုံ… ဒါက အရမ်းကို ညစ်ညမ်းလွန်းတယ်။”
သို့ပေမည့် ဤစာအုပ်မှာ တရုတ်ရှေးဟောင်း နာမည်ကျော် ပြဇာတ်ဆရာ လီယွီ ၏ လက်ရာ ဖြစ်သောကြောင့် လုံးဝ အမှိုက်စာအုပ်တော့ မဟုတ်ပေ။ ဂန္ထဝင် လက်ရာ တစ်ခုဟုပင် ဆိုနိုင်သည်။