← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 21 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 21 Ch. 241-242

အပိုင်း (၂၄၁)

ယွင်ကျုံးဟဲ့ မွမ်းမံရေးသားထားသည့် ဤစာအုပ်က ကံတရား၏ အကျိုးပေးကိုသာ ပြသခြင်း မဟုတ်ဘဲ လူ့သဘာဝကို ဝေဖန်ထားခြင်း ဖြစ်ရာ အတွေးအခေါ်ပိုင်းတွင် အတော်လေး ခေတ်မီသည်။ အနည်းဆုံးတော့ အလွန် ထူးဆန်းလှ၏။

စာပေ အဆင့်အတန်းနှင့် ဝေဖန်နိုင်စွမ်း အရ ကျင်ဖင်မေကိုတော့ လုံးဝ မမီပေ။ သို့ပေမည့် သူ့ဟာသူတော့ ဆန်းသစ်ပြီး နက်နဲသော အဓိပ္ပာယ် ရှိသည်။

ထိုနက်နဲသော အတွေးအခေါ်များကို ဘေးဖယ်ထားပါက သာမန် စာတတ်သူများ အကြားတွင် ဤစာအုပ်က အကောင်းဆုံးဖြစ်ပြီး ကျောက်တုံးမှတ်တမ်းနှင့် ကျောက်စိမ်းမြို့မှတ်တမ်း တို့ထက်ပင် ပိုမို အကြိုက်တွေ့ကြ၏။

“သခင်လေး အောက်ယွီက ကျုပ်တို့ကို တကယ် မလိမ်ခဲ့ဘူး။ အရမ်းကို ကောင်းတာပဲ။”

သို့ပေမည့် အဆင့်မြင့် ပညာတတ်များ အတွက်ကတော့ ခံစားချက်က အလွန် ရှုပ်ထွေးနေ၏။ ဤစာအုပ် နှစ်အုပ်လုံးက လူတစ်ယောက်တည်း လက်ရာ ဖြစ်သည် ဆိုခြင်းကို ယုံကြည်ရန် ခက်ခဲလှသည်။

တစ်အုပ်က နှစ်ပေါင်းရာချီမှ တစ်ကြိမ်သာ ပေါ်ထွက်လာနိုင်သည့် ဂန္ထဝင်မြောက် လက်ရာ ဖြစ်ပြီး လူ့ဘဝနှင့် မင်းဆက်တစ်ခု၏ ပန်းချီကားချပ်ကြီး ဖြစ်၏။

အခြား တစ်အုပ်ကတော့ စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် အောက်တန်းကျပြီး ညစ်ညမ်းလှသည်။ စာအုပ်၏ ရှစ်ဆယ် ရာခိုင်နှုန်းက ထိုကိစ္စများကိုသာ ရေးသားထား၏။ ဇာတ်လမ်းကလည်း အလွန် ထူးဆန်းပြီး ယုတ္တိမတန်လှပေ။

မည်သို့ပင် ဖြစ်စေ ယွင်ကျုံးဟဲ့၏ ဤစာအုပ် နှစ်အုပ်က အဆင့်မြင့် လူတန်းစားနှင့် အခြေခံ လူတန်းစား အားလုံးကို ဖမ်းစားနိုင်ခဲ့၏။ လူတိုင်းက အောက်ယွီ အရမ်း တော်သည်ဟု အလိုအလျောက် အော်ဟစ်လိုက်မိကြသည်။

……………

ဝေမြို့စားကြီး အိမ်တော်အတွင်းတွင်မူ အပ်ကျသံပင် ကြားရလုမတတ် တိတ်ဆိတ်မှုမျိုး လွှမ်းမိုးနေသည်။ အခြေအနေများက အလွန် လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။

နေ့ခင်းဘက်က အောင်ပွဲခံကာ ပျော်ရွှင်နေကြပြီး လူသောင်းပေါင်းများစွာ၏ ချီးကျူးမှုများကြောင့် နတ်ပြည်ရောက်နေသကဲ့သို့ ခံစားနေရ၏။ သို့ပေမည့် ညဘက်ရောက်သောအခါ မြေကြီးထဲသို့ တိုက်ရိုက် ဆွဲချခံလိုက်ရသည်။

ပုဂ္ဂိုလ်ကြီး အများစုက ကျောက်စိမ်းမြို့မှတ်တမ်းနှင့် ကျောက်တုံးမှတ်တမ်းကို တိုက်ရိုက် နှိုင်းယှဉ်၍ မပြောဆိုကြသော်လည်း သူတို့၏ စကားများထဲတွင် အဓိပ္ပာယ်က ရှင်းလင်းနေ၏။

စာအုပ် နှစ်အုပ်မှာ အဆင့်ချင်း လုံးဝ မတူညီပေ။ ကျောက်တုံးမှတ်တမ်းက အဆပေါင်းများစွာ သာလွန်နေပြီး ကျောက်စိမ်းမြို့မှတ်တမ်းမှာ ယှဉ်တွဲ၍ပင် မရနိုင်ပေ။

ယခုအခါ စာအုပ် နှစ်အုပ်လုံးက သူတို့၏ ရှေ့တွင် ရောက်ရှိနေပြီ ဖြစ်၏။ အဆိပ်ပြင်းသော ပေါင်ယွီနှင့် မိန်းမလှ တစ်ရာ စာအုပ်ပင် စားပွဲပေါ်တွင် ရှိနေသည်။

ဝေမြို့စားကြီး တွမ်ပိ၊ တွမ်ယင်းယင်း၊ အောက်မင်၊ အောက်ထင်၊ အောက်မျိုးနွယ်စုမှ မြို့စားသုံးဦး၊ အမတ်ချုပ်ကြီးလင်စေလွှတ်လိုက်သော ပညာတတ် ဆယ်ယောက်နှင့် မြို့ဝန် ဝေ့ချီတွမ် တို့အားလုံး ရှိနေကြ၏။

သူတို့ အားလုံးက ကျောက်တုံးမှတ်တမ်းကို ဖတ်ပြီးကြပြီ ဖြစ်သည်။ သူတို့ အားလုံးက စာပေ ဝေဖန်နိုင်စွမ်း အလွန် မြင့်မားသူများ ဖြစ်ကြရာ ကျောက်တုံးမှတ်တမ်း၏ အနုပညာ အဆင့်အတန်းက ကျောက်စိမ်းမြို့ မှတ်တမ်းထက် အဆပေါင်းများစွာ သာလွန်ကြောင်း ချက်ချင်း သိရှိနိုင်ကြသည်။

အကယ်၍ အရည်အသွေးချင်း သိပ်မကွာခြားပါက သူတို့က သြဇာအာဏာကိုသုံးပြီး အဖြူကို အမည်းလုပ်ကာ ကျောက်တုံးမှတ်တမ်းကို ဖိနှိပ်ပြီး ကျောက်စိမ်းမြို့မှတ်တမ်းကို အနိုင်ပေးနိုင်၏။

သို့ပေမည့် ကျောက်တုံးမှတ်တမ်းက အလွန် ထူးချွန်လွန်းနေ၏။ အဆပေါင်းများစွာ သာလွန်နေသည်။ ထို့ကြောင့် ကျန်းကျိုးမြို့ရှိ အသံထွက်ပိုင်ခွင့် ရှိသူတိုင်းက မဖြစ်မနေ အသံထွက်ခဲ့ကြရခြင်း ဖြစ်သည်။

ဤအရာက ဘောလုံးပွဲနှင့် တူသည်။ ဒိုင်လူကြီးက ဘက်လိုက်၍ ရသော်လည်း အသင်းနှစ်သင်းက အဆင့်ချင်း သိပ်မကွာမှသာ ရပေလိမ့်မည်။ အကယ်၍ ဘရာဇီးအသင်းနှင့် ကန်ရမည်ဆိုပါက ဒိုင်လူကြီးက အသက်ထွက်မတတ် ဝီစီ တရွှီရွှီ မှုတ်ပေးလျှင်တောင် အနိုင်ရမည် မဟုတ်ပေ။

အထူးသဖြင့် တွမ်ယင်းယင်း၏ မျက်နှာက အလွန် ပျက်ယွင်းနေ၏။

ကျောက်စိမ်းမြို့မှတ်တမ်းသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အကောင်းဆုံး ဝတ္ထုတစ်ပုဒ် ဖြစ်ပြီး ပညာတတ် ဆယ်ယောက်၏ ပြင်ဆင်မွမ်းမံမှုများကြောင့် စာပေ အရေးအသားပိုင်းတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့ပေမည့် အောက်ယွီက ကျောက်တုံးမှတ်တမ်းကို ထုတ်ပြလာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ လုံးဝကို အဘက်ဘက်မှ ဖိနှိပ်သွားခြင်း ဖြစ်၏။

ထိုခေတ်အခါက ဖိနှိပ်ခြင်း ဟူသော စကားလုံး မရှိသေးသော်လည်း ထိုသဘောတရားမျိုးပင် ဖြစ်သည်။

အောက်ထင်က ပြတ်သားစွာ ပြောလိုက်၏။ “အောက်ယွီက အသုံးမကျတဲ့ကောင်ပါ။ ကျောက်တုံးမှတ်တမ်းလို ဂန္ထဝင်မြောက် စာအုပ်မျိုးကို သူ လုံးဝ ရေးနိုင်မှာ မဟုတ်ဘူး။”

နယ်စားလေး အောက်ကျင်းက ဝင်ပြော၏။ “ကျောက်တုံးမှတ်တမ်းကို ထျန်းယီ စာအုပ်တိုက်က ပုံနှိပ်ထုတ်ဝေတာ။”

သူသည် အောက်ရှင်း၏ အစ်ကိုဖြစ်ပြီး နယ်စားငယ်ဘွဲ့ ရရှိထားသူ ဖြစ်သည်။ လူတိုင်းက သူ့ကို လှမ်းကြည့်လိုက်ကြ၏။

‘ဘာလို့ စောစောက မပြောတာလဲ။ ဘာလို့ စောစောက မသိခဲ့တာလဲ။’

အောက်ကျင်းက ဆက်ပြောလိုက်သည်။ “အောက်ယွီက လောကနံပါတ်တစ် အသုံးမကျတဲ့လူ ဆိုတာ အားလုံး သိကြတာပဲ။ ပြီးတော့ သူက တခြား စာအုပ်ဆိုင် တစ်ခုမှာ စာအုပ်တစ်အုပ် ပုံနှိပ်နေသေးတယ်။ အားလုံးက ကျောက်တုံးမှတ်တမ်း ဆိုတာ အဲဒီ အဆိပ်ပြင်းတဲ့ အမှိုက်စာအုပ်လို့ပဲ ထင်ခဲ့ကြတာကိုး။”

ဟုတ်ပေသည်။ အောက်ကျင်း တစ်ယောက်တည်း ပေါ့ဆခဲ့ခြင်း မဟုတ်ဘဲ အားလုံးက ပေါ့ဆခဲ့ကြခြင်း ဖြစ်၏။

တွမ်ယင်းယင်းက မယုံကြည်စွာဖြင့် ပြောလိုက်သည်။ “ဒီစာအုပ်ကို ကျူ့လန်ထျန်း ရေးတာ ဖြစ်ရမယ်။ သူက နာမည်ကြီး စာပေပညာရှင် တစ်ယောက်ပဲ။ ပြီးတော့ ထျန်းယီ စာအုပ်တိုက်မှာ ဆယ်နှစ်ကျော် အောင်းနေပြီး စာအုပ်တွေ အများကြီး ဖတ်ခဲ့တယ်။ သူလို အဆင့်ရှိတဲ့ သူမှသာ ကျောက်တုံးမှတ်တမ်းလို စာအုပ်မျိုးကို ရေးနိုင်မှာ။ အောက်ယွီလို အသုံးမကျတဲ့ကောင်ကတော့ လုံးဝ မရေးနိုင်ဘူး။”

ဤအရာက လူတိုင်း၏ တူညီသော ကောက်ချက် ဖြစ်၏။ ကျောက်တုံးမှတ်တမ်း၏ အဆင့်အတန်းက အလွန် မြင့်မားလွန်းသောကြောင့် အောက်ယွီလို လူမျိုး လုံးဝ ရေးနိုင်မည် မဟုတ်ပေ။

တွမ်ယင်းယင်းက ဆက်ပြောလိုက်၏။ “ပြီးတော့ ကျောက်တုံးမှတ်တမ်းနဲ့ ပတ်သက်ပြီး မြို့ထဲက နာမည်ကြီးတွေ အားလုံး အသံထွက်ကြပေမယ့် ကျူ့လန်ထျန်း တစ်ယောက်ပဲ လူသိရှင်ကြား အသံမထွက်ခဲ့ဘူး။ ဒါက ဒီစာအုပ်ကို သူကိုယ်တိုင် ရေးခဲ့တယ် ဆိုတာကို ပိုပြီး သက်သေပြနေတာပဲ။”

မြို့ဝန် ဝေ့ချီတွမ်က မေးလိုက်သည်။ “ဒါဆို ဘယ်လိုလုပ်မလဲ။ အောက်ယွီ ခိုးချတယ်ဆိုပြီး လူသိရှင်ကြား စွပ်စွဲတော့မလား။”

အားလုံး တိတ်ဆိတ်သွားကြ၏။ အကယ်၍ အောက်ယွီက အခြား စာရေးဆရာ တစ်ဦးဦး (ဥပမာ - ရှန်ယီရှစ် ကဲ့သို့ နာမည်ကြီး စာရေးဆရာ)ကို ငှားရမ်းရေးခိုင်းခဲ့ပါက လူသိရှင်ကြား စွပ်စွဲ၍ ရသည်။ ပိုက်ဆံ ပိုပေးပြီး ထိုစာရေးဆရာကို ဝယ်ယူကာ ဖော်ထုတ်ခိုင်းလိုက်ရုံဖြင့် အောက်ယွီ လုံးဝ နာမည်ပျက်သွားမှာ ဖြစ်၏။

တကယ်တမ်း၌ အောက်ယွီမှာ နာမည်ကောင်း မရှိသည့်အပြင် နာမည်ဆိုးဖြင့် ကျော်ကြားနေပြီး ဖြစ်သည်။

သို့ပေမည့် ယခု အားလုံး၏ ကောက်ချက်အရ ကျောက်တုံးမှတ်တမ်းသည် ကျူ့လန်ထျန်း ရေးသားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူက အောက်ယွီ ဘက်တွင် ရပ်တည်နေမည်မှာ သေချာပြီး သူ့ကို ငွေပေး၍ ဝယ်ယူ၍လည်း မရနိုင်ပေ။

သူနှင့် အမတ်ချုပ်ကြီးလင်တို့ကြားရှိ ရန်ငြိုးက အလွန် နက်ရှိုင်းလွန်းသည်။ အမတ်ချုပ်ကြီးလင်က သူ၏ ပညာရေးဝန်ကြီး ရာထူးကို လုယူခဲ့ပြီး အနာဂတ်ကို ဖျက်ဆီးကာ အစိုးရအဖွဲ့ အတွင်းမှ မောင်းထုတ်ခဲ့ခြင်း ဖြစ်၏။ ဤမျှ ကြီးမားသော ရန်ငြိုးကို ဖြေရှင်းရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။

မြို့ဝန် ဝေ့ချီတွမ်က အကြံပေးလိုက်၏။ “အောက်ယွီ ခိုးချတယ်လို့ လူသိရှင်ကြား စွပ်စွဲလို့ မရဘူး။ အခု ထွက်လာတာက ပထမတွဲပဲ ရှိသေးတယ်။ သူ့ကို ခိုးချတယ်လို့ စွပ်စွဲမယ်ဆိုရင် မူရင်းရေးတဲ့သူကို ရှာထုတ်ပြရမယ်။ အကောင်းဆုံး နည်းလမ်းကတော့ ဒုတိယတွဲကို ရှာထုတ်ပြနိုင်ဖို့ပဲ။

ခင်ဗျားတို့ အားလုံး ပထမတွဲကို ဖတ်ပြီးကြပြီပဲ။ အဲဒီ အဆင့်အတန်းလောက် ရှိတဲ့ ဒုတိယတွဲကို ခင်ဗျားတို့ ရေးနိုင်မလား။ ရေးနိုင်မယ် ဆိုရင်တော့ အဖြူကို အမည်းလုပ်ပြီး အောက်ယွီ ခိုးချတာလို့ စွပ်စွဲလို့ ရတယ်။ ပြီးတော့ ဒီစာအုပ်က အောက်မင် ရေးတာလို့ ကြေညာလို့ ရတယ်။”

ဤသည်မှာ နည်းလမ်းကောင်း တစ်ခု ဖြစ်၏။ ဤနေရာရှိ စာပေပညာရှင် ဆယ်ယောက်က ကျောက်တုံးမှတ်တမ်း ပထမတွဲကို အခြေခံပြီး ဒုတိယတွဲကို ဆက်လက် ရေးသားမည်။

တူညီသော အဆင့်အတန်း သို့မဟုတ် ထို့ထက် ပိုကောင်းအောင် ရေးသားနိုင်ပါက အောက်ယွီကို ဖိနှိပ်ပစ်နိုင်မှာ ဖြစ်၏။ ခိုးချသည်ဟု စွပ်စွဲရုံသာမက အောက်မင်၏ စာမူကို ခိုးယူသည်ဟုပါ စွပ်စွဲနိုင်မှာ ဖြစ်သည်။ စာမူကို ခိုးယူပြီးကိုယ်ပိုင် အဖြစ် အသုံးပြုခြင်းက ခိုးချခြင်းထက် ပိုမို ကြီးလေးသော ပြစ်မှု ဖြစ်၏။

အောက်ထင်က မေးလိုက်သည်။ “စာပေပညာရှင်တို့… ခင်ဗျားတို့ ကျောက်တုံးမှတ်တမ်း ဒုတိယတွဲကို အဆင့်အတန်း တူအောင် ဒါမှမဟုတ် ပိုကောင်းအောင် ရေးနိုင်မလား။ ရေးနိုင်မယ်ဆိုရင် ကျုပ် အခုချက်ချင်း အစီအစဉ်ဆွဲပြီး အောက်ယွီက အောက်မင်ရဲ့ စာမူကို ခိုးယူတယ်ဆိုတဲ့ အမှုကို ခိုင်လုံအောင် တည်ဆောက်ပြီး သူ့ကို လုံးဝ နာမည်ပျက်သွားအောင် လုပ်ပစ်မယ်။”

ဤသည်မှာ အဆိုးရွားဆုံးနှင့် အထိရောက်ဆုံး နည်းလမ်း ဖြစ်၏။ ဤနည်းဖြင့် အောက်ယွီကို ဖိနှိပ်နိုင်ရုံသာမက အောက်မင်၏ ဂုဏ်သတင်းကိုလည်း ပိုမို မြင့်တက်သွားစေမှာဖြစ်၏။

ထိုအချိန်ရောက်လျှင် နှစ်ပေါင်းရာချီမှ တစ်ကြိမ် ပေါ်ထွက်လာသည့် ဂန္ထဝင်မြောက် စာအုပ်ကြီးသည် အောက်မင်၏ လက်ရာ ဖြစ်သွားမှာဖြစ်၏။ ဤစာအုပ် တစ်အုပ်တည်းဖြင့်ပင် သူ၏ နာမည်က သမိုင်းတွင် ကျန်ရစ်ပေလိမ့်မည်။

အားလုံး၏ အကြည့်များက အမတ်ချုပ်ကြီးလင်စေလွှတ်လိုက်သော စာပေပညာရှင် ဆယ်ယောက်ထံသို့ ရောက်ရှိသွားကြ၏။

သူတို့က အချင်းချင်း ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။ သူတို့၏ကိုယ်ကျင့်တရားက မည်သို့ပင် ရှိစေကာမူ အရည်အချင်းတော့ ရှိကြ၏။ ကျောက်တုံးမှတ်တမ်းလို စာအုပ်မျိုးကို ရေးနိုင်၊ မရေးနိုင် သူတို့ကိုယ်သူတို့ အသိဆုံး ဖြစ်သည်။

အချို့စာအုပ်များက အချိန်နှင့် လုပ်အားပေးရုံဖြင့် ရေးသား၍ ရနိုင်သော်လည်း အချို့စာအုပ်များမှာ ဆရာကြီးများ၏ လက်ရာဖြစ်ပြီး အတင်းအကျပ် ရေးသား၍ မရနိုင်ပေ။

ပညာတတ် တစ်ဦးက ပြောလိုက်သည်။ “ဒီစာအုပ်က တကယ်ကို ဂန္ထဝင်မြောက်တဲ့ စာအုပ်ပါ။ အပေါ်ယံ ကြည့်ရင်တော့ မင်းဆက်တစ်ခုရဲ့ အကျဉ်းချုပ်၊ မိသားစုကြီး အချို့ရဲ့ အတက်အကျ သမိုင်းလို့ ထင်ရပေမယ့် အတွင်းမှာ လျှို့ဝှက်ချက်တွေ အများကြီး ပါဝင်နေတယ်။ စာရေးသူကလွဲပြီး ဘယ်သူမှ မသိနိုင်ဘူး။ စာဖတ်သူတွေကလည်း အဆုံးထိ ဖတ်မှ နားလည်နိုင်မှာ။ အဆုံးထိ ဖတ်ရင်တောင် နားလည်နိုင်ဖို့ မသေချာဘူး။”

တွမ်ယင်းယင်းက အံ့သြစွာ မေးလိုက်၏။ “ဒီစာအုပ်က တကယ် အဲဒီလောက်ထိ ကောင်းတာလား။”

ထိုပညာတတ်က ပြန်ဖြေလိုက်သည်။ “ဒီနေ့ ကျန်းကျိုးမြို့က နာမည်ကြီးတွေ အားလုံးက ဒီစာအုပ်ကို ချီးကျူးခဲ့ကြတယ်။ ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ သူတို့ရဲ့ ချီးကျူးမှုတွေက ဘာမှ မဟုတ်တော့ဘူးလို့ ထင်ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီစာအုပ်က အခုထိ သူနဲ့ ထိုက်တန်တဲ့ တကယ့် ချီးကျူးမှုကို မရသေးလို့ပဲ။

အနာဂတ်မှာ ဒီစာအုပ်အပေါ် ချီးကျူးမှုတွေက ပိုပိုပြီး မြင့်တက်လာလိမ့်မယ်။ နောက်ဆုံးမှာတော့ မယုံနိုင်လောက်အောင် မြင့်မားတဲ့ နေရာတစ်ခုကို ရောက်သွားလိမ့်မယ်။”

…………………..

ယွဲ့တန်းဖျင် အိမ်တော်အတွင်းတွင်မူ မီးရောင်များ ထိန်လင်းနေပြီး တစ်ညလုံး အိပ်မပျော်နိုင် ဖြစ်နေကြ၏။

ယွဲ့တန်းဖျင်မှ နာမည်ကြီး ပညာတတ် ဆယ့်သုံးဦးက တိတ်ဆိတ်စွာ ထိုင်နေကြသည်။ မိုးလင်းရန် နာရီအနည်းငယ်သာ လိုတော့၏။ ဘာဆက်လုပ်ရမည်နည်း။

ကျူ့လန်ထျန်း ပြောခဲ့သလိုပင် မည်သည့် အဖွဲ့အစည်းမဆို အကျိုးစီးပွား၏ လွှမ်းမိုးမှုကို မခံရဘဲ နေရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ယွဲ့တန်းဖျင် မှ ပညာတတ် ဆယ့်သုံးဦးထဲတွင် အကျိုးစီးပွားကို မမက်မောဘဲ ဖြူစင်သူများ ပါဝင်သည်မှာ သေချာသော်လည်း လူတိုင်း ထိုသို့ ဖြစ်ရန်မှာ မဖြစ်နိုင်ပေ။ အကျိုးစီးပွားအတွက် အဝယ်ခံရသူများ သေချာပေါက် ရှိနေမှာဖြစ်၏။

ထို့ကြောင့် မနက်ဖြန် ယွဲ့တန်းဖျင်၏ ပထမနေရာကို အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းကို ပေးရန် ကြိုတင် သတ်မှတ်ထားပြီး ဖြစ်၏။ သို့ပေမည့် ယခု အခြေအနေများက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကျန်းကျိုးမြို့ရှိ နာမည်ကြီး ပညာတတ် အားလုံးက အသံထွက်ခဲ့ကြပြီး အပြင်ဘက်တွင်လည်း ပညာတတ် ရာပေါင်းများစွာက ဝိုင်းရံနေကြပြီ ဖြစ်၏။

အကယ်၍ မနက်ဖြန် ယွဲ့တန်းဖျင်၏ ပထမနေရာကို ကျောက်စိမ်းမြို့မှတ်တမ်းကို သာ ဆက်ပေးမည် ဆိုပါက ယွဲ့တန်းဖျင်၏ သြဇာအာဏာ လုံးဝ ပျက်စီးသွားမှာဖြစ်ပြီး ပညာတတ် ဆယ့်သုံးဦး၏ နာမည်ကောင်းလည်း လုံးဝ ပျက်စီးသွားပေလိမ့်မည်။

သို့ပေမည့် သူတို့ ဆယ့်သုံးဦးက အမတ်ချုပ်ကြီးလင်နှင့် အပေးအယူ လုပ်ထားပြီး ဖြစ်၏။ အကယ်၍ ကျောက်တုံးမှတ်တမ်းကို ပထမနေရာ ပေးလိုက်ပါက အမတ်ချုပ်ကြီးလင်ကို စော်ကားလိုက်သလို ဖြစ်သွားမည် မဟုတ်ပါလား။ မည်သို့ လုပ်ရမည်နည်း။ အလွန် ခေါင်းခဲစရာ ကောင်းလှသည်။

သို့ပေမည့် အဆုံးစွန် တွေးကြည့်ပါက သူတို့၏ နာမည်ကောင်းကသာ အရေးအကြီးဆုံး ဖြစ်၏။ နာမည်ပျက် သွားပါက ဘာမှ ကျန်တော့မည် မဟုတ်ပေ။

“အောက်ယွီကို ခိုးချတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့ ပထမနေရာကို ဖျက်သိမ်းလို့ မရဘူးလား။”

“အဲဒီစာအုပ်က ကျူ့လန်ထျန်း ရေးတာလို့ သတင်းတွေ ထွက်နေတယ်။ အဲဒီ အကြောင်းပြချက်နဲ့ အောက်ယွီရဲ့ ပထမနေရာကို ဖျက်သိမ်းပြီး ကျောက်စိမ်းမြို့မှတ်တမ်းကို ပထမနေရာ ပြန်ပေးလိုက်မယ်။”

ခေါင်းဆောင်ဖြစ်သူ ပညာတတ်က ခေါင်းယမ်းလိုက်၏။ “မရဘူး။ ကျူ့လန်ထျန်း ရေးတာ ဆိုရင်တောင် သူက အောက်ယွီ ဘက်မှာ ရပ်တည်နေတာ သေချာတယ်။ သူက အမတ်ချုပ်ကြီးလင်ရဲ့ ရန်သူလေ။ ဒီစာအုပ်က အောက်ယွီ ရေးတာလို့ သူက အတင်း ငြင်းနေရင် ဘယ်လိုလုပ်မလဲ။”

ထို့နောက် ခေါင်းဆောင် ပညာတတ်က ဆက်ပြောလိုက်သည်။ “တခြား နည်းလမ်း မရှိတော့ဘူး ဆိုရင်တော့ ကျောက်တုံးမှတ်တမ်းကိုပဲ ပထမနေရာ ပေးရလိမ့်မယ်။ အမတ်ချုပ်ကြီးလင်နဲ့ လုပ်ထားတဲ့ အပေးအယူကို ဖျက်သိမ်းပြီး ရထားတဲ့ အကျိုးအမြတ်တွေကို ပြန်ပေးလိုက်ရုံပဲ။”

………………………………..

အပိုင်း (၂၄၂)

ဝေမြို့စားကြီး အိမ်တော်အတွင်း၌ ဝေမြို့စားကြီး တွမ်ပိက မေးလိုက်၏။ “စာပေပညာရှင်တို့… ခင်ဗျားတို့ အားလုံး ပေါင်းပြီးတော့တောင် ကျောက်တုံးမှတ်တမ်း ဒုတိယတွဲကို ဆက်မရေးနိုင်ဘူးလား။ ပိုကောင်းအောင် မရေးနိုင်ရင်တောင် အဆင့်တူလောက် ရေးလို့ မရဘူးလား။”

စာပေပညာရှင်များ အားလုံး ခေါင်းယမ်းလိုက်ကြသည်။

တွမ်ပိက မျက်လုံးများ အရောင်လက်သွားကာ မေးလိုက်၏။ “ဒီစာအုပ်က တကယ် အဲဒီလောက်ထိ ကောင်းတာလား။”

ပညာတတ် တစ်ဦးက ပြန်ဖြေလိုက်သည်။ “ခင်ဗျား ထင်ထားတာထက် အများကြီး ပိုပြီး ကောင်းပါတယ်။ အကယ်၍ ဒီစာအုပ်က သခင်လေး အောက်မင် ရေးတာသာဆိုရင် နောက်ဆယ်နှစ်အတွင်း သူ့ကို နံပါတ်တစ် စာရေးဆရာအဖြစ် ပုံဖော်ပေးလို့ ရတယ်။ နောက်နှစ်သုံးဆယ်အတွင်းမှာ လီထိုက်အာရဲ့ နာမည် သတင်းမျိုးကို ရရှိစေနိုင်တယ်။”

ထိုစကားကြောင့် တွမ်ပိ အလွန် အံ့အားသင့်သွား၏။

လီထိုက်အာ၏ နာမည်သတင်းက အလွန် ကြီးမားလှပေသည်။ ယခင်က တာရှအင်ပါယာ၏ အိမ်ရှေ့စံ မင်းသား ပုန်ကန်စဉ်က နီးစပ်သူ မှူးမတ်များ အားလုံး သတ်ဖြတ်ခံရသော်လည်း လီထိုက်အာ အဘယ်ကြောင့် အသက်ရှင်ခဲ့သနည်း။

သူသည် စာပေလောက၏ ခေါင်းဆောင် တစ်ဦး ဖြစ်နေသောကြောင့် ဧကရာဇ်ကပင် မသတ်ရဲခဲ့ခြင်း ဖြစ်၏။

ယခုနှစ်များအတွင်း လီထိုက်အာသည် နေရာအနှံ့ ခရီးလှည့်လည်နေပြီး မည်သည့်နေရာသို့ရောက်ရောက် အမြင့်ဆုံး ဧည့်သည်တော်အဖြစ် သတ်မှတ်ခံရသည်။ တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်နှင့် တာယင် အင်ပါယာ ဧကရာဇ်တို့က သူ့ကို ဖိတ်ကြားစာများ အကြိမ်ကြိမ် ပေးပို့ခဲ့ကြသည်။

ထိုအင်ပါယာကြီး နှစ်ခုသာမက လူရိုင်းများဟု သတ်မှတ်ခံထားရသော တာ့လျန်နိုင်ငံကပင် လီထိုက်အာကို အမြင့်ဆုံး ဧည့်သည်တော်အဖြစ် သတ်မှတ်ခဲ့၏။

တာ့လျန်နိုင်ငံ မြို့တော်သို့ လီထိုက်အာ ရောက်ရှိစဉ်က တာ့လျန်ဘုရင်နှင့် မိဖုရား တို့ကကိုယ်တိုင် သီချင်းဆိုကပြ ဖျော်ဖြေခဲ့ကြ၏။ ထို့အပြင် တာ့လျန်ဘုရင်က သူ့ကိုယ်သူ တပည့်တစ်ဦး အဖြစ်ပင် ခေါ်ဝေါ်ခဲ့သည်။

ထို့ကြောင့် ဤစာအုပ်သည် အလွန် ကြီးမားသော အကျိုးအမြတ်များနှင့် သက်ဆိုင်နေပြီ ဖြစ်၏။ အောက်ယွီ တွင် အာဏာ မရှိသည့်တိုင်အောင် ဤစာအုပ်က ဤမျှ ကြီးမားသော အရှိန်အဝါကို ရရှိနေပြီ ဖြစ်သည်။ အကယ်၍ ဤစာအုပ်သာ အောက်မင်၏ အမည်အောက်သို့ ရောက်သွားပါက မည်မျှ ကြီးကျယ် သွားမည်နည်း။

သူတို့ လက်ထဲတွင် အာဏာ ရှိနေ၏။ ဤစာအုပ်ကိုသာ ရရှိလိုက်ပါက အစွမ်းကုန် ကြော်ငြာပြီး မြှောက်ပင့် ပေးနိုင်မှာ ဖြစ်သည်။

ထိုအချိန်ရောက်လျှင် တွမ်ယင်းယင်း၏ စေ့စပ်ထားသူ အောက်မင်သည် ကျန်းကျိုးမြို့၏ နံပါတ်တစ် စာပေပညာရှင် သာမက တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံး၏ နံပါတ်တစ် စာပေပညာရှင် ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် သူမ၏ စိတ်ထဲတွင် အကြံတစ်ခု ရလာသော်လည်း နှုတ်မှ ထုတ်မပြောရဲပေ။ သို့ပေမည့် အခြားတစ်ယောက်က ထုတ်ပြောလိုက်၏။

“ဒါဆို အောက်ယွီ ဆီကနေ ကျောက်တုံးမှတ်တမ်းရဲ့ ဒုတိယတွဲနဲ့ တတိယတွဲ စာမူတွေကို ခိုးယူဖို့ နည်းလမ်း ရှာလို့ မရဘူးလား။ အဲဒီစာမူတွေကို ရလိုက်တာနဲ့ ဒီစာအုပ်က ကျုပ်တို့ပိုင် ဖြစ်သွားပြီ။ သခင်လေး အောက်မင် ရေးတာ ဖြစ်သွားပြီ။

ပြီးတော့ အောက်ယွီ လို အသုံးမကျတဲ့ကောင်က အောက်မင် ဆီကနေ စာမူကို ခိုးယူသွားတယ်လို့ ပြောင်းပြန် စွပ်စွဲလိုက်လို့ ရတာပဲ။ အဲဒီလိုဆိုရင် လူထုရဲ့ အမြင်နဲ့လည်း ကိုက်ညီသွားမယ်။”

လူထု၏အမြင် ဆိုသည်မှာ အောက်ယွီ သည် ကမ္ဘာ့နံပါတ်တစ် အသုံးမကျသူ ဖြစ်သောကြောင့် ကျောက်တုံးမှတ်တမ်း ကဲ့သို့ ဂန္ထဝင်မြောက် စာအုပ်ကို မရေးနိုင်ကြောင်း လူတိုင်းက ယုံကြည်ကြ၏။ အောက်မင် ကဲ့သို့ ကျန်းကျိုးမြို့၏ နံပါတ်တစ် စာပေပညာရှင်က ရေးသည်ဟု ဆိုလျှင် ပိုပြီး ယုတ္တိတန်မှာ ဖြစ်သည်။

ထို့အပြင် အောက်ယွီသည် လူရမ်းကားတစ်ဦးဖြစ်ရာ စာမူခိုးယူခြင်းက သူ၏ စရိုက်နှင့် အလွန်ကိုက်ညီနေ၏။

ထို့ကြောင့် အားလုံး၏ အကြည့်များက အောက်ထင် ထံသို့ ရောက်ရှိသွားကြသည်။

အောက်ထင်က လက်ဖက်ရည် တစ်ခွက်ကို မော့သောက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ “အစီအစဉ် ချထားပြီးပါပြီ။ အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာကတော့ အခြေအနေပေါ် မူတည်ပါတယ်။”

မြို့ဝန် ဝေ့ချီတွမ်က ဝင်ပြောလိုက်သည်။ “ဒါဆို မြန်မြန် လုပ်ပါဗျာ။ မိုးလင်းဖို့ နာရီအနည်းငယ်ပဲ လိုတော့တယ်။ ယွဲ့တန်းဖျင် ရလဒ် ထွက်လာတော့မယ်။”

အဘယ်ကြောင့်ဆိုသော် ယွဲ့တန်းဖျင် သည် အောက်မင် နှင့် အောက်ယွီ တို့၏ ပညာစွမ်းရည် ယှဉ်ပြိုင်မှုတွင် အရေးအကြီးဆုံး အညွှန်းကိန်း ဖြစ်သောကြောင့် ဖြစ်၏။

ထိုအချိန်တွင် လူတစ်ယောက်က အလျင်အမြန် ဝင်ရောက်လာပြီး တုန်ယင်သော အသံဖြင့် သတင်းပို့လိုက်သည်။ “သခင်ကြီး အောက်ထင်… သခင်ကြီးရဲ့ အိမ်တော်က လူတစ်ယောက် လာတွေ့ပါတယ်။ အရမ်း အရေးကြီးတယ်လို့ ပြောပါတယ်။”

အောက်ထင်က ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး အမိန့်ပေးလိုက်၏။ “မြန်မြန်… မြန်မြန် ဝင်ခိုင်းလိုက်”

ခဏအကြာတွင် သွယ်လျသော လူရိပ်တစ်ခု ဝင်ရောက်လာ၏။ အမျိုးသမီး တစ်ဦး ဖြစ်နေသည်။ သူမ၏ ရင်ခွင်ထဲတွင် ပစ္စည်း တစ်ခုကို တင်းကြပ်စွာ ပိုက်ထားသည်။

“ရှောင်ရွှီ… ရပြီလား။” အောက်ထင်က မေးလိုက်၏။ သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။

ထိုအမျိုးသမီးမှာ အောက်ယွီ၏ကိုယ်ရေးကိုယ်တာ အစေခံမလေး ရှောင်ရွှီ ဖြစ်သည်။ အသက် ခြောက်နှစ် အရွယ်ကတည်းက နုလန်ဟောက် အိမ်တော်သို့ ရောက်ရှိလာပြီး အသက် ဆယ့်နှစ်နှစ်တွင် အောက်ယွီကို စတင် ပြုစုခဲ့ရသူ ဖြစ်၏။

အောက်ယွီ သည် အစေခံများအပေါ် အလွန် ကောင်းမွန်စွာ ဆက်ဆံတတ်သည်။ သူသည် မိန်းမလှ တစ်သောင်းကို သိမ်းပိုက်မည်ဟု ကြွေးကြော်ထားသော်လည်း အနီးအနားရှိ မိန်းကလေးများကို မည်သည့်အခါမျှ အဓမ္မ မပြုကျင့်ခဲ့ပေ။

ကိုယ်ရေးကိုယ်တာ အစေခံများကိုပင် မထိခိုက်စေဘဲ ပြည့်တန်ဆာရုံများကိုသာ သွားလေ့ရှိ၏။

ရှောင်ရွှီ သည် အောက်ယွီ အနီးရှိ အစေခံများထဲတွင် အလှဆုံး ဖြစ်ပြီး အသက် ခြောက်နှစ် အရွယ်ကတည်းက သိုင်းပညာနှင့် အကပညာကို သင်ယူခဲ့သောကြောင့်ကိုယ်လုံးကိုယ်ပေါက် အလွန် လှပသူ ဖြစ်သည်။

သူမက အလုပ်ကြမ်းများ မလုပ်ရဘဲ အိမ်တော်အတွင်း အလွန် အချစ်ခံရသော အစေခံ တစ်ဦး ဖြစ်၏။ အောက်ယွီကလည်း သူမကို ညီမလေး တစ်ယောက်လို ချစ်ခင်၏။

ရှောင်ရွှီက အခန်းတွင်းသို့ ဝင်လာသည်နှင့် မျက်လုံးများကို ပြူးကျယ်ကာ လူတစ်ယောက်ကို ရှာဖွေနေ၏။ သို့ပေမည့် သူမ ရှာဖွေနေသော သခင်လေး အောက်မင်ကို မတွေ့ရပေ။

ရှောင်ရွှီက တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “သခင်ကြီး… သခင်လေး အောက်ယွီက ကျွန်မအပေါ် အရမ်း ကောင်းပါတယ်။ ညီမလေး အရင်းလို သဘောထားတာပါ။ ကျွန်မ ဒီလို လုပ်တာက သူ့ကို သစ္စာဖောက်လိုက်တာပဲ။ ကျွန်မ… ကျွန်မ အရမ်း ကြောက်တယ်။”

အောက်ထင်က ကြင်နာသည့် လေသံဖြင့် ပြောလိုက်၏။ “ကောင်မလေး… မကြောက်ပါနဲ့။ အောက်မျိုးနွယ်စုရဲ့ အကျိုးစီးပွားက အရေးအကြီးဆုံး ဆိုတာ မင်း သိရမယ်။ အောက်ယွီက ဘယ်လိုလူလဲ ဆိုတာ မင်း အသိဆုံးပါ။

သူလိုလူက နုလန်ဟောက် ရာထူးကို ဆက်ခံရင် မိသားစု ပိုင်ဆိုင်မှုတွေ အားလုံး ပျက်စီးသွားမှာပေါ့။ အသိုက်ပျက်သွားရင် ဥတွေ ဘယ်လိုလုပ် အကောင်းပကတိ ကျန်တော့မလဲ။ ဒါကြောင့် မင်း အခုလို လုပ်တာက အောက်မျိုးနွယ်စု တစ်ခုလုံးနဲ့ နုလန်ဟောက် အိမ်တော် အတွက်ပဲ။”

ရှောင်ရွှီက တုန်ယင်စွာဖြင့် ဆက်မေးလိုက်သည်။ “ဒါဆို… သခင်လေး အောက်မင်က ကျွန်မကို ကိုယ်လုပ်တော်အဖြစ် တကယ် ယူမှာလား။”

အောက်ထင်က ပြုံးလိုက်၏။ “သေချာပေါက် ယူမှာပေါ့။ မင်းလို ချစ်စရာကောင်းတဲ့ ကောင်မလေးကို ယူရတာ အောက်မင်အတွက် ကံကောင်းတာပဲ။”

ဘေးမှ တွမ်ယင်းယင်းကလည်း ဝင်ပြောလိုက်သည်။ “ယူမှာပေါ့။ ညီမလေး ရှောင်ရွှီ… ဒီနေ့ကစပြီး ကျွန်မတို့ ညီအစ်မတွေ ဖြစ်သွားပြီ။”

ထိုအခါမှ ရှောင်ရွှီက ရင်ခွင်ထဲမှ စာမူများကို အောက်ထင်ထံသို့ ကမ်းပေးကာ ပြောလိုက်၏။ “ဒါက စာမူတွေပါ။ သခင်လေး အောက်ယွီက အရမ်းကို လျှို့ဝှက်ပြီး သိမ်းထားတာ။ ကျွန်မ အချိန်အကြာကြီး စောင့်ကြည့်ပြီးမှ ဘယ်မှာ ဖွက်ထားလဲ သိခဲ့ရတာပဲ။”

အောက်ထင်က ဝမ်းသာအားရ လက်ခံယူလိုက်ပြီး ဘေးမှ စာပေပညာရှင်ထံသို့ ချက်ချင်းကမ်းပေးလိုက်သည်။

“ဒါက ကျောက်တုံးမှတ်တမ်းရဲ့ ဒုတိယတွဲနဲ့ တတိယတွဲ စာမူတွေ ဟုတ်ရဲ့လား။” အောက်ထင်က မေးလိုက်၏။

စာပေပညာရှင်က စာမူများကို ယူပြီးနောက် နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။ “လက်ရေးက တော်တော် ဆိုးတာပဲ။”

ထို့နောက် သူက သေချာစွာ စတင် ဖတ်ရှုလေသည်။ စာမျက်နှာ အနည်းငယ် ဖတ်ပြီးသည်နှင့် စာပေပညာရှင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်တယ်။ ဒါက သေချာပေါက် ကျောက်တုံးမှတ်တမ်းရဲ့ ဒုတိယတွဲ စာမူပဲ။ အတု လုံးဝ မဖြစ်နိုင်ဘူး။”

အောက်ထင် အလွန် ဝမ်းသာသွားသည်။ “ဒါဆို အောင်မြင်ပြီ။ အောင်မြင်ပြီ။ ဒီစာမူတွေကို ရသွားရင် ကျုပ်တို့ ပိုင်သွားပြီ။ ပြီးရင် အောက်ယွီက စာမူတွေကို ခိုးယူတယ် ဆိုပြီး ပြောင်းပြန် စွပ်စွဲလို့ ရပြီ။”

ထို့နောက် အောက်ထင်က ဆက်ပြော၏။ “ရှောင်ရွှီ… မင်းက အောက်ယွီရဲ့ကိုယ်ရေးကိုယ်တာ အစေခံပဲ။ အချစ်ရဆုံး အစေခံလည်း ဖြစ်တယ်။ အောက်ယွီက အောက်မင်ရဲ့ စာမူတွေကို လူလွှတ်ပြီး ခိုးခိုင်းတာပါ ဆိုပြီး မင်းက လူပုံအလယ်မှာ သက်သေထွက်ဆိုပေးရမယ်။”

အစေခံမလေး ရှောင်ရွှီက တုန်ယင်စွာ ပြောလိုက်သည်။ “အဲ… အဲဒါက ပိုပြီး ရက်စက်တဲ့ သစ္စာဖောက်မှု မဟုတ်ဘူးလား။ ကျွန်မ… ကျွန်မ မရဲဘူး။ မရက်စက်နိုင်ဘူး။”

တွမ်ယင်းယင်းက ရှေ့တိုးလာပြီး ပြောလိုက်၏။ “ညီမလေး… ရှင်က အနာဂတ်မှာ အောက်မင်နဲ့ လက်ထပ်ရမှာလေ။ သူက ရှင့်ရဲ့ ခင်ပွန်း ဖြစ်လာမှာ။ ရှင် အခု လုပ်သမျှ အားလုံးက ရှင့်ရဲ့ ခင်ပွန်းနဲ့ ရှင့်ရဲ့ အနာဂတ် မိသားစုလေး အတွက်ပဲ။”

ရှောင်ရွှီ တစ်ကိုယ်လုံး တုန်ယင်နေပြီး စကားပင် မပြောနိုင်တော့လောက်အောင် ကြောက်ရွံ့နေ၏။ အချိန်မရွေး ငိုချတော့မည့် ပုံပေါ်နေသည်။

တွမ်ယင်းယင်းက ဆက်ပြောလိုက်၏။ “ညီမလေး… မကြောက်ပါနဲ့။ မကြောက်နဲ့။ ကျွန်မတို့က ရှင့်နောက်မှာ အမြဲ ရှိနေမှာပါ။ ရှင့်ရဲ့ အနာဂတ် သာယာပျော်ရွှင်တဲ့ ဘဝလေးအတွက် ရှင် ကြိုးစားရမယ်လေ။ ရှင် လုပ်ရမယ့် အလုပ်က အရမ်း လွယ်ပါတယ်။ အောက်ယွီက စာမူတွေကို ခိုးယူခဲ့တယ်လို့ လက်ညှိုးထိုးပြရုံပဲ။”

ရှောင်ရွှီက တုန်ယင်စွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။ “ကောင်း… ကောင်းပါပြီ။”

အောက်ထင်က တွမ်ယင်းယင်းထံသို့ အချက်ပြလိုက်ပြီး စပျစ်ရည် ပုလင်း တစ်လုံးဆီသို့ အကြည့်ရောက် သွား၏။

ထိုအဓိပ္ပာယ်က အလွန် ရှင်းလင်းလှ၏။ အစေခံမလေး ရှောင်ရွှီကို စပျစ်ရည် အနည်းငယ် တိုက်ပြီး သတ္တိသွင်းပေးရန် ဖြစ်သည်။

အရက်သောက်ပြီးပါက မကြောက်တော့ဘဲ အောက်ယွီကို စာမူခိုးယူသည်ဟု ရဲရဲဝံ့ဝံ့ လက်ညှိုးထိုးနိုင်မှာ ဖြစ်သည်။

ထို့နောက် အောက်ထင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “မြန်မြန်… မြန်မြန်။ လူ ဒါဇင်လောက် ခွဲပြီး ဒီစာမူတွေကို အမြန် ပြန်ကူးရေးကြ။ အောက်မင်ရဲ့ လက်ရေးနဲ့ လုံးဝ တူအောင် ကူးရေးနိုင်မလား။”

စာပေပညာရှင်က ပြန်ဖြေလိုက်သည်။ “မဖြစ်နိုင်ဘူး။ အဲဒါက အရမ်း ခက်တယ်။”

တွမ်ယင်းယင်းက ဝင်ပြော၏။ “ဒါဆိုရင် ပုံမှန် လက်ရေးလှနဲ့ပဲ ရေးလိုက်။ လက်ရေးဟန် အရမ်း မပေါ်စေနဲ့။ ပုံနှိပ်စာအုပ်လို ဖြစ်နေပါစေ။”

“ဟုတ်တယ်… ဟုတ်တယ်။”

စာပေပညာရှင်က ထောက်ခံလိုက်သည်။ “ဒီလိုဆိုရင်တော့ ရတယ်။ ဒါပေမဲ့ ရှေ့ဆုံး စာလုံးရေ နှစ်သောင်းလောက်ကိုတော့ သခင်လေး အောက်မင်ကိုယ်တိုင် ရေးရမယ်။ ပြီးတော့ သခင်လေး အောက်မင် အနေနဲ့ အတိုတောင်းဆုံး အချိန်အတွင်း ဒီစာအုပ် တစ်အုပ်လုံးကို ဖတ်ပြီး ဇာတ်လမ်း အကြောင်းအရာတွေကို မှတ်မိနေအောင် လုပ်ရမယ်။”

ထို့နောက် ကျန်စာပေပညာရှင်များက ဝိုင်းကာ ပြောဆိုလိုက်ကြ၏။

“စိတ်ချပါ။ ကျန်းကျိုးမြို့ တစ်မြို့လုံးရဲ့ ထင်မြင်ယူဆချက်တွေက ကျုပ်တို့ဘက်မှာ ရှိတယ်။ အောက်ယွီရဲ့ ဘေးမှာ ကျူ့လန်ထျန်း တစ်ယောက်ပဲ ရှိတာ။ စာမူတွေကို ရလိုက်တာနဲ့ ကျုပ်တို့ နိုင်ပြီပဲ။”

“ဟုတ်တယ်။ အောက်ယွီရဲ့ နာမည်က အရမ်း ဆိုးလွန်းတယ်။ အမြဲတမ်း ကမ္ဘာ့နံပါတ်တစ် အသုံးမကျတဲ့ကောင် ဖြစ်နေတာ။ အခုချိန်မှာ ကျန်းကျိုးမြို့ တစ်မြို့လုံးက ဒီစာအုပ်ကို သူ ရေးတာ မဟုတ်ဘူးလို့ သံသယ ဝင်နေကြတာ။”

“အောက်မင်ကတော့ မတူဘူးလေ။ သူက ကျန်းကျိုးမြို့ရဲ့ နံပါတ်တစ် စာပေပညာရှင်ပဲ။ ကျုပ်တို့က ဒုတိယတွဲနဲ့ တတိယတွဲ မထုတ်ရသေးတဲ့ မူရင်း စာမူတွေကို ထုတ်ပြလိုက်နိုင်တာနဲ့ ဒါဟာ အောက်မင် ရေးတာလို့ သက်သေပြပြီးသား ဖြစ်သွားမယ်။

သူ့ရဲ့ကိုယ်ရေးကိုယ်တာ အစေခံမလေး ရှောင်ရွှီကိုယ်တိုင်က သူ စာမူ ခိုးယူခဲ့တယ်လို့ ထွက်ဆိုပေးမယ် ဆိုရင် ဒါက ခိုင်လုံတဲ့ အမှု ဖြစ်သွားပြီ။ အဲဒီအချိန်ကျရင် အောက်ယွီက လန်ကျန်းမြစ်ထဲ ခုန်ချပြီး ဆေးရင်တောင် စင်တော့မှာ မဟုတ်ဘူး။ သူ လုံးဝ နာမည်ပျက်သွားပြီ။”

“အောက်မင်ကတော့ နာမည်ကြီး စာရေးဆရာကြီး တစ်ယောက် ဖြစ်လာတော့မှာပဲ။ အားလုံး မြန်မြန် လုပ်ကြ။ မြန်မြန် လုပ်ကြ....”

“စာမူတွေ အားလုံးကို ပြန်ကူးရေးကြ။ ပြင်လို့ ရတဲ့ နေရာတွေကို ပိုကောင်းအောင် ပြင်ရေးကြ…။ လူ ဒါဇင်လောက် အတူတူ လုပ်ကြ။ မိုးမလင်းခင် စာမူတွေ အားလုံး ပြန်ကူးရေးပြီးပါစေ။ မိုးလင်းတာနဲ့ အောက်ယွီက စာမူ ခိုးယူတယ်ဆိုတဲ့ ပြစ်မှုကို ဖော်ထုတ်ပြီး သူ့ကို အရှက်ခွဲပစ်ရမယ်။”

........................

All Chapters