အခန်း (၂၄၃-၂၄၄)
Vol. 21 Ch. 243-244
အပိုင်း (၂၄၃)
နုလန်ဟောက် အိမ်တော် အတွင်း၌ ယွင်ကျုံးဟဲ့သည် မျှော်လင့်ချက်များနှင့် စိုးရိမ်ပူပန်မှုများ ရောယှက်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
ရှောင်ရွှီက ခိုးယူသွားသော စာမူများကို အောက်ထင်ထံသို့ ပေးအပ်ပြီးလောက်ပြီ ဖြစ်မည်။ ထိုစာမူများက အစစ်လား၊ အတုလား။
ကိုးဆယ့်ရှစ် ရာခိုင်နှုန်းက အစစ်ဖြစ်ပြီး အနည်းငယ်သာ အတု ဖြစ်၏။ ထိုအတု ဖြစ်နေသော အပိုင်းကို ရှာဖွေတွေ့ရှိရန် အလွန် ခက်ခဲပြီး လုံးဝ မတွေ့ရှိနိုင်လောက်ပေ။
သို့ပေမည့် ထိုအတု ဖြစ်နေသော အပိုင်းက အလွန် သေရေးရှင်ရေးတမျှ အရေးကြီးလှ၏။ အဘယ်ကြောင့် ဆိုသော် ထိုအထဲတွင် စာကြောင်းများ ဖြစ်လာစေမည့် ဝှက်စာများ ပါဝင်နေသောကြောင့် ဖြစ်သည်။
ထို့အပြင် နေရာ တစ်နေရာတည်းတွင် မဟုတ်ပေ။ ဤစာမူများသည် အောက်ယွီ၏ လက်ရာဖြစ်ကြောင်း သက်သေပြနိုင်ရုံသာမက ရန်သူများကို လုံးဝ နာမည်ပျက်သွားစေနိုင်ပေလိမ့်မည်။
ယွင်ကျုံးဟဲ့က မည်မျှ အဆိပ်ပြင်းသနည်း။ အောက်ယွီ၏ နာမည်က အလွန် ဆိုးရွားလွန်းသောကြောင့် ရန်သူများက သူ့ကို ခိုးချသည် သို့မဟုတ် စာမူ ခိုးယူသည်ဟု သေချာပေါက် စွပ်စွဲမည်ကို သူ သိရှိထား၏။
ထို့ကြောင့် သူက ရန်သူ၏ အကြံကို ပြန်လည် အသုံးချလိုက်ခြင်း ဖြစ်၏။ သူလျှိုကို အသုံးချကာ ရန်သူကို ပြန်လည် ထိုးနှက်မည့် အကြံ ဖြစ်သည်။
‘ဟား.. ဟား.. ဟား... အချိန်တိုလေး အတွင်းမှာ ခင်ဗျားတို့ သေချာပေါက် ကျုပ်အကွက်ထဲ ဝင်လာတော့မယ်။ သေချာပေါက် နာမည်ပျက်တော့မယ်။’
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အမေ… ရှောင်ရွှီ ဘက်က ပြဿနာ မရှိနိုင်ဘူး မဟုတ်လား။”
မိခင် ဖြစ်သူက ပြန်ဖြေလိုက်သည်။ “စိတ်ချပါ။ အဲဒီ ကောင်မလေးက မျောက်ကနေ လူဝင်စားဖြစ်လာတာ။ မြွေမလေး တစ်ကောင်လိုပဲ သရဲထက်တောင် ပါးနပ်သေးတယ်။”
မိုးလင်းသွားပြီ ဖြစ်၏။
ယွဲ့တန်းဖျင် အိမ်တော် အပြင်ဘက်တွင် လူတိုင်းက မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။ လေးလပိုင်း အတွက် ယွဲ့တန်းဖျင် မှတ်ချက် ထွက်ပေါ်လာတော့မှာဖြစ်၏။ မည်သူက ပထမနေရာ ရမည်နည်း။
အကယ်၍ အောက်ယွီ၏ ကျောက်တုံးမှတ်တမ်းသာ ဖြစ်ခဲ့ပါက အမှန်တကယ် ထိုက်တန်သည်ဟု ဆိုရမည်။ အကယ်၍ အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းသာ ဖြစ်ခဲ့ပါက ယွဲ့တန်းဖျင်သည် လုံးဝ နာမည်ပျက် သွားမှာဖြစ်၏။
ပညာတတ် ရာပေါင်းများစွာနှင့် လူထောင်ပေါင်းများစွာက ယွဲ့တန်းဖျင် အိမ်တော် အပြင်ဘက်တွင် ဝိုင်းရံကာ ဤရလဒ်ကို စောင့်ကြည့်နေကြ၏။ အဘယ်ကြောင့်ဆိုသော် ဤသမိုင်းဝင် အခိုက်အတန့်ကို သက်သေခံရန် ဖြစ်သည်။
သို့ပေမည့် မိုးလင်းသွားပြီး နေလုံးကြီး ထွက်ပေါ်လာသော်လည်း ယွဲ့တန်းဖျင်၏ အဆင့်သတ်မှတ်ချက် ရလဒ်က ထွက်မလာသေးချေ။
အပြင်ဘက်ရှိ ပညာတတ် အမြောက်အမြားက စတင် ဆူညံလာပြီး အော်ဟစ်လာကြ၏။
“ယွဲ့တန်းဖျင်”
“ယွဲ့တန်းဖျင်”
“ယွဲ့တန်းဖျင်”
လူအုပ်ကြီးက တဖြည်းဖြည်း ပိုများလာပြီး လူရာဂဏန်းမှ ထောင်ဂဏန်းအထိ တိုးလာခဲ့သည်။
ယခင်ကလည်း ဤသို့ပင် ဖြစ်၏။ ယွဲ့တန်းဖျင် ရလဒ် ထွက်ပေါ်လာတိုင်း လူအများက စိတ်ဝင်တစား စောင့်ကြည့်လေ့ ရှိကြသည်။ ယခုတစ်ကြိမ်တွင်မူ ပို၍ပင် စိတ်ဝင်စားနေကြ၏။
နောက်ဆုံးတွင် အားလုံး မျှော်လင့်စောင့်စားနေသော ယွဲ့တန်းဖျင်မှ ခေါင်းဆောင် စာပေပညာရှင် ထွက်ပေါ်လာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
“ပညာတတ် အပေါင်းတို့… ဒီတစ်ကြိမ် ယွဲ့တန်းဖျင် ရလဒ်ကို ယာယီ ထုတ်ပြန်နိုင်မှာ မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီကိစ္စမှာ ညစ်ညမ်းတဲ့ အရှုပ်တော်ပုံ တစ်ခု ပါဝင်ပတ်သက်နေလို့ပါ။ ဒီကျောက်တုံး မှတ်တမ်း စာအုပ်ကို အောက်ယွီ ရေးခဲ့တာ မဟုတ်ဘူးဆိုတဲ့ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ကျုပ်တို့ဆီမှာ ရှိပါတယ်။”
ထိုစကားကြောင့် လူတိုင်း အံ့အားသင့်သွားကြ၏။ “ဘာ… ခိုးချတာလား။”
ခေါင်းဆောင် စာပေပညာရှင်က ဆက်ပြောလိုက်သည်။ “မဟုတ်ဘူး… ခိုးချတာထက် ပိုဆိုးတယ်။ ခိုးယူတာပါ။ အောက်ယွီက နာမည်ကြီးချင်လို့၊ ပြိုင်ပွဲမှာ နိုင်ချင်လို့ သူ့အစ်ကိုရဲ့ စာမူတွေကို ခိုးယူပြီး သူ့နာမည်နဲ့ ထုတ်ဝေခဲ့တာပါ။ ဒီလောက် ယုတ်မာတဲ့ လုပ်ရပ်က တကယ်ကို ရွံရှာစရာ ကောင်းပါတယ်။”
ယွဲ့တန်းဖျင်မှ ခေါင်းဆောင် စာပေပညာရှင်၏ စကားအဆုံးတွင် နေရာတစ်ခုလုံး ဆူညံသွား၏။
လူတိုင်းက အံ့အားသင့်သွားကြသော်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားသကဲ့သို့လည်း ခံစားလိုက်ရသည်။ ဤသည်မှာ သူတို့၏ တွေးခေါ်မှုနှင့်ကိုက်ညီနေသောကြောင့် ဖြစ်သည်။
အစစ်အမှန်တရားမှာတော့ ဤပညာတတ်များ၏ စိတ်အခြေအနေက အလွန် ရှုပ်ထွေးလှသည်။ တစ်ဖက်တွင် သူတို့က ဤစာအုပ်ကို အောက်ယွီ ရေးသားခဲ့ခြင်း ဖြစ်စေချင်ကြ၏။ အဘယ်ကြောင့် ဤသို့သော စိတ်ကူးမျိုး ရှိနေကြသနည်း။
ဤသည်မှာ လောကကြီးနှင့်ကင်းကွာနေသော ဆရာကြီးများအပေါ် ထားရှိသည့် စိတ်ကူးမျိုး ဖြစ်သည်။ ခေတ်သစ် လူ့အဖွဲ့အစည်းရှိ လူအများစုသည် ငယ်စဉ်ကတည်းက သိုင်းဝတ္ထုများနှင့် သိုင်းကားများ၏ လွှမ်းမိုးမှုကို ခံခဲ့ရ၏။
နောက်ပိုင်းတွင် သိုင်းပညာရှင် ဆိုသူများ လိမ်လည်နေကြောင်း ဗီဒီယို အထောက်အထားများ ထွက်ပေါ်လာပြီး တတိယတန်းစား ကိုယ်ခံပညာကစားသမားများ၏ ရှေ့တွင်ပင် အလဲလဲအကွဲကွဲ ဖြစ်သွားကြသည်ကို မြင်တွေ့ခဲ့ရသည်။
ထိုအခါ သူတို့က စိတ်ပျက်သွားကြသော်လည်း နိုင်ငံ၏ တစ်နေရာရာတွင်တော့ ထိုကိုယ်ခံပညာ ကစားသမားများကို အလွယ်တကူ အနိုင်ယူနိုင်မည့် ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ဦး ရှိနေသေးသည်ဟု ယုံကြည်နေကြဆဲ ဖြစ်၏။
ဤပညာတတ်များကလည်း နှစ်စဉ်နှစ်တိုင်း စာပေများကို ကြိုးစားပမ်းစား လေ့လာနေကြရပြီး အောင်မြင်ရန်၊ စာမေးပွဲအောင်ရန် အလွန် ခက်ခဲကြောင်း သိရှိထားကြသည်။
ထို့ကြောင့် စာပေလောကတွင်လည်း ကိုယ်ထင်ပြလေ့ မရှိသော ဆရာကြီး တစ်ဦး ပေါ်ထွက်လာရန် မျှော်လင့် နေကြ၏။
ပုံမှန်အားဖြင့် စာမဖတ်ဘဲ အလဟဿ အချိန်ဖြုန်းကာ အပျော်အပါး လိုက်စားနေတတ် သော်လည်း အရေးကြီးသည့် အချိန်တွင် အံ့ဖွယ်များကို ဖန်တီးနိုင်ပြီး ဂန္ထဝင်မြောက် စာပေများကို ရေးသားနိုင်သူမျိုး ဖြစ်သည်။
အောက်ယွီ သည် ဤပုံစံနှင့် အလွန်ကိုက်ညီနေသည်။ အဘယ်ကြောင့်ဆိုသော် သူက ငယ်စဉ်ကတည်းက စာမဖတ်ခဲ့သော်လည်း အတွေ့အကြုံများစွာ ရှိပြီး မျိုးရိုးကလည်း ရှုပ်ထွေးသောကြောင့်ပင်။
သို့ပေမည့် အခြားတစ်ဖက်တွင်မူ ကျောက်တုံးမှတ်တမ်းကဲ့သို့ ဂန္ထဝင်မြောက် စာအုပ်ကို အောက်ယွီ ကဲ့သို့ အသုံးမကျသူက ရေးသားနိုင်သည် ဆိုခြင်းကို သူတို့ မယုံကြည်ချင်ကြပေ။ ဤသဘောထား နှစ်ရပ်က သူတို့၏ အသိဉာဏ်နှင့် စိတ်ခံစားမှုများကိုကိုယ်စားပြုနေပြီး အလွယ်တကူ လွှမ်းမိုးခံရနိုင်၏။
ထို့ကြောင့် ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ဤသတင်းကို ကြေညာလိုက်သည်နှင့် တပြိုင်နက် လူအများစု ယုံကြည်သွားကြသည်။
“သြော်… ဒီလိုကိုး။ လောကနံပါတ်တစ် အသုံးမကျတဲ့ကောင် အောက်ယွီက ဒီလို ဂန္ထဝင်မြောက် စာအုပ်ကို ဘယ်လိုလုပ် ရေးနိုင်မှာလဲလို့ ကျုပ် တွေးနေတာ။”
“ဒီလိုဆိုတော့မှ ယုတ္တိတန်သွားတော့တယ်။ သူက စာမူတွေကို ခိုးယူခဲ့တာကိုး။”
“အရမ်းကို အရှက်မရှိတာပဲ။ ဒီလိုလူမျိုးကို စာပေလောကကနေ လုံးဝ မောင်းထုတ်ပစ်သင့်တယ်။”
ပညာတတ် ရာပေါင်းများစွာက ကြီးမားသော နာကျင်မှုကို ခံစားလိုက်ရသကဲ့သို့ ဆူညံစွာ အော်ဟစ် လိုက်ကြ၏။
သို့ပေမည့် ခဏအကြာတွင် လူတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။ “ဆရာကြီးရွှီ… ခင်ဗျား ပြောတဲ့ ကိစ္စအတွက် သက်သေ ရှိလို့လား။”
“သေချာပေါက် ရှိတာပေါ့။”
လူတစ်ယောက်က မာနတခွဲသားဖြင့် ထွက်လာ၏။ ထိုသူမှာ အောက်ကျင်း ဖြစ်သည်။ အောက်ရှင်း၏ အစ်ကို ဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်က ဧကရာဇ်ကိုယ်တိုင် ဖျင်ယန် နယ်စားငယ်ဘွဲ့ ပေးအပ်ထားသူ ဖြစ်ကာ အောက်ထင်၏ သားအကြီးဆုံးလည်း ဖြစ်၏။
“ဒါက သက်သေပဲ။” အောက်ကျင်းက အသံကျယ်ကျယ်ဖြင့် ပြောကာ စာမူများကို အထက်သို့ မြှောက်ပြလိုက်သည်။
“ဒါတွေက ဘာတွေလဲ ဆိုတာ ခင်ဗျားတို့ သိလား။ ဒါက ကျောက်တုံးမှတ်တမ်းရဲ့ ဒုတိယတွဲနဲ့ တတိယတွဲ စာမူတွေပဲ။ လာကြစမ်း… ရှေ့ဆုံးက စာလုံးရေ သုံးသောင်းပါတဲ့ စာမူတွေကို နံရံမှာကပ်လိုက်စမ်း။”
အစေခံ အနည်းငယ်က ထွက်လာပြီး စာမျက်နှာ တစ်ရာစာ၊ စာလုံးရေ သုံးသောင်း ပါဝင်သော စာမူများကို နံရံတွင်ကပ်လိုက်ကြ၏။
လူတိုင်းက အလုအယက် ရှေ့တိုးသွားကြသည်။ သို့ပေမည့် စာမျက်နှာ တစ်မျက်နှာတွင် စာလုံးရေ သုံးရာခန့်သာ ပါဝင်သောကြောင့် လူအများအပြား ရှင်းလင်းစွာ မြင်နိုင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် လူတစ်ယောက်က ထွက်လာပြီး အသံကျယ်ကျယ်ဖြင့် ဖတ်ပြလေသည်။
စာလုံးရေ တစ်ထောင်၊ နှစ်ထောင်ခန့် ဖတ်ပြလိုက်သည်နှင့် တပြိုင်နက် ဤသည်မှာ ကျောက်တုံးမှတ်တမ်း၏ နောက်ဆက်တွဲ ဇာတ်လမ်းများ ဖြစ်ကြောင်း အားလုံးက ချက်ချင်း သိရှိသွားကြ၏။ လုံးဝ အသေအချာပင် ဖြစ်၏။
“ဆက်ကပ်… ဆက်ကပ်ကြ...” အောက်ကျင်းက အော်ဟစ်လိုက်သည်။
အစေခံများက ယွဲ့တန်းဖျင် အိမ်တော်၏ အပြင်ဘက် နံရံများ အားလုံးတွင် စာမျက်နှာ သုံးရာ၊ စာလုံးရေ တစ်သိန်းနီးပါး ပါဝင်သော စာမူများကို ဆက်လက်ကပ်လိုက်ကြ၏။
အောက်ကျင်းက ပြောလိုက်သည်။ “ကျုပ်ဆီမှာ စာလုံးရေ လေးသိန်းကျော်ပါတဲ့ ကျောက်တုံးမှတ်တမ်း ဒုတိယတွဲနဲ့ တတိယတွဲ ဇာတ်သိမ်းပိုင်းအထိ စာမူတွေ ရှိတယ်။ ဒါက သခင်လေး အောက်မင်ရဲ့ အစွမ်းကုန် ကြိုးစားထားတဲ့ လက်ရာပဲ။ ဒီစာအုပ်အတွက် သူ အများကြီး ရင်းနှီးမြှုပ်နှံထားတယ်။
ပြီးတော့ ပိုအရေးကြီးတဲ့ အကြောင်းရင်း တစ်ခု ရှိသေးတယ်။ သခင်လေး အောက်မင်က ဒီစာအုပ်ကို အခုချိန်မှာ မထုတ်ဝေချင်သေးဘူး။ ကျန်းကျိုးမြို့ကနေ ထွက်ခွာသွားတဲ့ အချိန်ကျမှ ထုတ်ဝေဖို့ ရည်ရွယ်ထားတာ။ သူ့ရဲ့ စေတနာကို ခင်ဗျားတို့ နားလည်နိုင်မလား။”
လူတိုင်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်း သဘောပေါက်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် အောက်မင်က ကျောက်စိမ်းမြို့မှတ်တမ်းကို ထုတ်ဝေလိုက်ပြီး ကျန်းကျိုးမြို့ တစ်မြို့လုံးတွင် အောင်မြင်နေပြီ ဖြစ်၏။
အကယ်၍ ကျောက်တုံးမှတ်တမ်းကိုပါ ဆက်လက် ထုတ်ဝေလိုက်ပါက အခြားသူများ အသက်ရှူပေါက် ပိတ်သွားပေလိမ့်မည်။
နောက်နှစ်တွင် သူက မြို့တော်သို့ သွားရောက်ကာ စာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်ပါက မြို့တော်တွင်သာ အမတ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရမှာဖြစ်သည်။
ထိုအချိန်ရောက်မှ ဤကျောက်တုံးမှတ်တမ်းကို ကျန်းကျိုးမြို့သူ၊ မြို့သား သန်းပေါင်းများစွာအတွက် အကောင်းဆုံး လက်ဆောင်အဖြစ် ပေးအပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
သို့ပေမည့် အောက်ယွီက စာမူများကို ကြိုတင် ခိုးယူပြီး သူ၏ အမည်ဖြင့် ထုတ်ဝေလိုက်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
ဖျင်ယန် နယ်စားငယ် အောက်ကျင်းက သက်ပြင်းချကာ ပြောလိုက်၏။ “အမှန်တော့ ဒီစာအုပ်ရဲ့ နာမည်က ကျောက်တုံးမှတ်တမ်း မဟုတ်ဘူး။ ခန်းဆောင်နီအိပ်မက်လို့ အမည် ပေးထားတာ။”
လူတိုင်းက ကြားလိုက်သည်နှင့် ကြောင်အသွားခဲ့ကြသည်။ ကျောက်တုံးမှတ်တမ်း ဆိုသည့် နာမည်က ကောင်းမွန်သော်လည်း ခန်းဆောင်နီအိပ်မက် ဆိုသည့် နာမည်က ပို၍ပင် လှပနေသည် မဟုတ်ပါလား။
အောက်ကျင်းက ဆက်ပြောလိုက်၏။ “နှမြောစရာပါပဲ။ သခင်လေး အောက်မင် ပြောတာက ဒီစာအုပ်က မပြည့်စုံသေးဘူးတဲ့။ အထူးသဖြင့် ဇာတ်သိမ်းပိုင်းကို အကြိမ်ကြိမ် ပြန်လည် စဉ်းစားဖို့ လိုအပ်နေ သေးတယ်လို့ ပြောတယ်။ မပြည့်စုံတဲ့ လက်ရာတစ်ခုကို သူ မထုတ်ဝေချင်ခဲ့ဘူး။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ စာမူတွေ ခိုးယူခံလိုက်ရတော့ အခုလို လူသိရှင်ကြား ပြသလိုက်ရတာပဲ။
အားလုံးပဲ ဇာတ်သိမ်းပိုင်း စာမူတွေကို ကြည့်လိုက်ပါ။ ပြင်ဆင်ထားတဲ့ အရာတွေ အများကြီး ပါပါတယ်။ ဘာလို့လဲဆိုတော့ သခင်လေး အောက်မင်က ဇာတ်သိမ်းပိုင်းကို ဘယ်လို ရေးရမလဲဆိုတာ သေချာ မဆုံးဖြတ်ရသေးလို့ပါ။
အရင်က စာမူတွေကို လက်ရေးလှနဲ့ ရေးထားပေမယ့် ဇာတ်သိမ်းပိုင်းမှာကျတော့ သာမန် လက်ရေးတွေ၊ အမြန်ရေးထားတဲ့ လက်ရေးတွေ ပါနေတယ်။ ဇာတ်သိမ်းပိုင်းကို စဉ်းစားနေချိန်မှာ သူ ဘယ်လောက်တောင် စိတ်ရှုပ်ထွေးနေလဲဆိုတာ သိသာပါတယ်။”
ထို့နောက် အောက်ကျင်းက နောက်ဆုံး စာမျက်နှာ အနည်းငယ်ကို ကပ်ပြလိုက်၏။ ထင်ထားသည့်အတိုင်းပင် ပြင်ဆင်ထားသော အရာများစွာ ပါဝင်နေသည်။
အောက်ကျင်းက ဆက်ပြောလိုက်၏။ “ဒါကြောင့် အခု အမှန်တရား ပေါ်ပေါက်သွားပါပြီ။ ဒီ ကျောက်တုံး မှတ်တမ်းက အောက်မင်ရဲ့ လက်ရာပါ။ အောက်ယွီက စာမူတွေကို ခိုးယူပြီး သူ့နာမည်နဲ့ ထုတ်ဝေခဲ့တာပါ။ တကယ်ကို အရှက်မရှိတဲ့ ယုတ်မာမှုပါပဲ။ စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရဘူး။”
ချက်ချင်းပဲ လူတိုင်းက အပြစ်တင် ဝေဖန်လာကြ၏။
ထို့နောက် အောက်ကျင်းက ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင် အနီးသို့ သွားကာ လက်သီးဆုပ်၍ ပြောလိုက်သည်။ “အစ်ကိုရွှီ… ကျုပ်တို့ အောက်မျိုးနွယ်စုမှာ အခုလို လူယုတ်မာ တစ်ယောက် ပေါ်လာတဲ့အတွက် ရှက်စရာ ကောင်းပါတယ်။ ခင်ဗျားကိုလည်း အခက်တွေ့စေခဲ့ပြီ။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က မေးလိုက်၏။ “ဒီကျန်နေတဲ့ စာလုံးရေ လေးသိန်းကျော်က ကျောက်တုံးမှတ်တမ်း နောက်ဆုံး နှစ်တွဲရဲ့ မူရင်းစာမူတွေဖြစ်ပြီး အောက်မင်ရဲ့လက်ရာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အားလုံးလည်း လက်ခံကြတယ် မဟုတ်လား။”
ထိုနေရာရှိ ပညာတတ် ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာက ခေါင်းညိတ်လိုက်ကြသည်။
အပိုင်း (၂၄၄)
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ဆက်ပြော၏။ “ဒါပေမဲ့ ကျုပ်တို့ ကျန်းကျိုး ယွဲ့တန်းဖျင်က အလွန် တိကျသေချာပါတယ်။ တခြား သက်သေ အထောက်အထားတွေ ရှိသေးလားလို့ မေးပါရစေ။”
အောက်ကျင်းက ပြန်ဖြေလိုက်သည်။ “အစ်ကိုရွှီ… မိသားစုရဲ့ အရှက်ကို အပြင်မထုတ်ချင်ပါဘူး။ တခြား သက်သေတွေ တကယ် လိုအပ်သေးလို့လား။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ပြော၏။ “သက်သေ အထောက်အထား တချို့ ပြသတာ ပိုကောင်းပါတယ်။”
အောက်ကျင်းက အမိန့်ပေးလိုက်သည်။ “လာကြစမ်း… ရှောင်ရွှီကို ခေါ်ခဲ့။”
ခဏအကြာတွင် ခန္ဓာကိုယ် အချိုးအစား ပြေပြစ်သော မိန်းကလေးတစ်ဦး လူတိုင်း၏ အမြင်အာရုံထဲသို့ ရောက်ရှိလာ၏။ သူမက အလွန်လှပသူ မဟုတ်သော်လည်း ကိုယ်လုံးကိုယ်ပေါက်က အလွန် လှပသည်။ မျက်လုံးများက မကြီးသော်လည်း တက်ကြွမှုများ ပြည့်နှက်နေပြီး သနားစရာ ကောင်းလှ၏။
အောက်ကျင်းက ပြောလိုက်သည်။ “ဒီ ရှောင်ရွှီ ဆိုတဲ့ မိန်းကလေးက အောက်ယွီရဲ့ အစေခံပါ။ အသက် ခြောက်နှစ်အရွယ်တည်းက နုလန်ဟောက် အိမ်တော်ကို ရောက်လာပြီး ဆယ့်နှစ်နှစ် အရွယ်တည်းက အောက်ယွီကို ပြုစုခဲ့တာ အခုဆို ရှစ်နှစ်ကျော်ပြီ။ အောက်ယွီရဲ့ အနီးကပ်ဆုံးနဲ့ အယုံကြည်ရဆုံး အစေခံပဲ။ ရှောင်ရွှီ… မင်း ဘာတွေ တွေ့ခဲ့ရလဲ ဆိုတာ အားလုံးကို ပြောပြလိုက်...”
ရှောင်ရွှီက လူတိုင်းကို ကြောက်ရွံ့စွာ ကြည့်ကာ ခေါင်းခါယမ်းလိုက်၏။ “ကျွန်မ… ကျွန်မ မပြောရဲဘူး။ မပြောချင်ဘူး။”
အောက်ကျင်းက အားပေးလိုက်သည်။ “မကြောက်ပါနဲ့။ ဒီမှာ ပညာတတ်တွေ အများကြီး ရှိတယ်။ ဘယ်သူမှ မင်းကို အန္တရာယ် မပေးရဲပါဘူး။ ကျုပ်တို့ အားလုံးက မင်းကို ကာကွယ်ပေးမှာပါ။”
ရှောင်ရွှီက တုန်ယင်စွာဖြင့် ပြန်မေး၏။ “တကယ်… တကယ် ပြောရမှာလား။ ကျွန်မ တကယ် မပြောချင်ဘူး။”
အောက်ကျင်းက ခေါင်းညိတ်လိုက်သည်။ “ပြော… မကြောက်နဲ့။”
ရှောင်ရွှီက တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ “သခင်လေး အောက်ယွီရဲ့ စာမူတွေက… ခိုး… ခိုးလာတာပါ။”
စကားအဆုံးတွင် သူမက ခွန်အားများ အားလုံး ကုန်ခမ်းသွားသကဲ့သို့ မြေပြင်ပေါ်သို့ ခွေကျသွားလေသည်။
ဖျင်ယန် နယ်စားငယ် အောက်ကျင်းက မေးလိုက်၏။ “အစ်ကိုရွှီ… ဒီသက်သေက လုံလောက်ပြီလား။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ခေါင်းညိတ်လိုက်သည်။ “သက်သေခံ လူရော၊ ပစ္စည်းပါ ပြည့်စုံသွားပြီ။ လုံလောက်ပါပြီ။”
ထို့နောက် သူက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်၏။ “လေးလပိုင်းလ တစ်ရက်နေ့... ယွဲ့တန်းဖျင်ရဲ့ ရလဒ်ကို ကြေညာပါပြီ။”
ထို့နောက် အိမ်တော်အတွင်းမှ အနီရောင် အဝတ်ဖြင့် ဖုံးအုပ်ထားသော ဆိုင်းဘုတ်တစ်ခုကို သယ်ဆောင်လာကြသည်။
“ဖွင့်...”
“ဖွင့်...”
“ဖွင့်...”
လူထောင်ပေါင်းများစွာက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြ၏။
ဆိုင်းဘုတ်ပေါ်ရှိ အနီရောင် အဝတ်ကို ဖယ်ရှားလိုက်၏။ လေးလပိုင်း အတွက် ယွဲ့တန်းဖျင် ရလဒ် တရားဝင် ထွက်ပေါ်လာပြီ ဖြစ်သည်။
“ပထမနေရာ - ကျောက်တုံးမှတ်တမ်း၊ စာရေးသူ အောက်မင်၊ ဒုတိယနေရာ - ကျောက်စိမ်းမြို့မှတ်တမ်း၊ စာရေးသူ အောက်မင်။”
တတိယနေရာ မရှိတော့ပေ။ ပထမနေရာနှင့် ဒုတိယနေရာ နှစ်ခုသာ ရှိသည်။ လူတိုင်းက လက်ခုပ်တီးကာ အားပေးလိုက်ကြ၏။
“တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ စာပေပွဲတော်ကြီးပါပဲ။ ကျန်းကျိုး ယွဲ့တန်းဖျင် သမိုင်းမှာ ပထမဆုံး အကြိမ် သမိုင်းသစ်ကို ဖန်တီးလိုက်တာလား။ ပထမနေရာနဲ့ ဒုတိယနေရာက မတူညီတဲ့ စာအုပ်တွေ ဖြစ်ပေမယ့် စာရေးသူကတော့ တစ်ယောက်တည်း ဖြစ်နေတယ်။”
ယွဲ့တန်းဖျင်တွင် ပုံသေ အဆင့် သတ်မှတ်ချက် မရှိပေ။ တစ်ခါတစ်ရံတွင် သုံးဦး၊ တစ်ခါတစ်ရံတွင် ငါးဦး ပါဝင်နိုင်သည်။ ယခုတစ်ကြိမ်တွင်မူ အံ့အားသင့်ဖွယ် ဖြစ်စေရန် ပထမနေရာနှင့် ဒုတိယနေရာ နှစ်ခုလုံးကို အောက်မင် တစ်ဦးတည်းကိုသာ ပေးအပ်ခဲ့ခြင်း ဖြစ်၏။
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ပြောလိုက်သည်။ “ပြီးခဲ့တဲ့ သုံးလပိုင်း အတွင်းမှာ ကျန်းကျိုးမြို့မှာ ကောင်းမွန်တဲ့ စာအုပ်တွေ မထွက်ပေါ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျောက်တုံးမှတ်တမ်းနဲ့ ကျောက်စိမ်းမြို့မှတ်တမ်းက အလွန် ထူးချွန်လွန်းနေပါတယ်။
အထူးသဖြင့် ကျောက်တုံးမှတ်တမ်းကတော့ ဂန္ထဝင်မြောက် စာအုပ်ပါ။ ဒါပေမဲ့ နှမြောစရာကောင်းတာက ယုတ်မာတဲ့ အကြောင်းရင်း တချို့ကြောင့် ဒီစာအုပ်က အချိန်မတိုင်ခင် ထွက်ပေါ်လာခဲ့ရတယ်။ သခင်လေး အောက်မင်အနေနဲ့ အချိန်ယူ ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် ပိုပြီး ပြီးပြည့်စုံတဲ့ သမိုင်းဝင်မယ့် စာအုပ် ဖြစ်လာမှာပါ။
ဒါပေမဲ့ ဒါကလည်း လှပတဲ့ အမှားတစ်ခုပါပဲ။ ဒီလို ဂန္ထဝင်မြောက် စာအုပ်ကို ကျုပ်တို့ အချိန်စောပြီး ဖတ်ခွင့်ရခဲ့တာကိုး။ သူခိုး အောက်ယွီရဲ့ လုပ်ရပ်က အလွန် ယုတ်မာပြီး အရှက်မရှိတာ မှန်ပေမယ့် သူ စာမူတွေကို ခိုးယူခဲ့လို့ ကျုပ်တို့ ကျောက်တုံးမှတ်တမ်းကို တစ်နှစ်စောပြီး ဖတ်ခွင့်ရခဲ့တာက သူ့ရဲ့ တစ်ခုတည်းသော ကောင်းကျိုးပါပဲ။
ကျုပ်တို့က အစိုးရရုံး မဟုတ်တဲ့အတွက် သူခိုး အောက်ယွီကို အပြစ်ပေးနိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ဒီနေ့ကစပြီး ကျုပ်တို့ ကျန်းကျိုး ယွဲ့တန်းဖျင်က သူ့နာမည်ကို ဘယ်တော့မှ ထပ်မခေါ်တော့ပါဘူး။ ခင်ဗျားတို့ရဲ့ နားတွေ ညစ်ပတ်သွားမှာ စိုးလို့ပါ။ လေးလပိုင်းအတွက် ယွဲ့တန်းဖျင် ရလဒ်ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါပြီ။”
ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က ဤကိစ္စကို လုံးဝ အဆုံးအဖြတ် ပေးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။ “အားလုံးပဲ ဒီမှာ ကျန်ခဲ့ပြီး ကျောက်တုံးမှတ်တမ်းရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေကို ဖတ်ရှုကြပါ။ နှမြောစရာပါပဲ။
ဒီသူခိုးက စာမူတွေကို ခိုးယူပြီး သခင်လေး အောက်မင်ကို မူရင်း စာမူတွေ ထုတ်ပြအောင် ဖိအားပေးခဲ့တာ။ မဟုတ်ရင် ပိုကောင်းတဲ့ စာအုပ် ဖြစ်လာမှာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီသူခိုးက တကယ် သေဒဏ် ပေးခံရထိုက်တယ်။ သူက နှစ်ပေါင်းထောင်ချီမှ တစ်ကြိမ် ပေါ်ထွက်လာနိုင်တဲ့ ဂန္ထဝင်လက်ရာတစ်ခုကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့တာပဲ။”
ထိုစကားအဆုံးတွင် လူအများအပြားက အောက်ယွီကို ပြင်းပြင်းထန်ထန် ဆဲဆိုကြလေသည်။
ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် အရှက်မရှိသော သူခိုး အောက်ယွီ သည် အလွန် ကြီးလေးသော ပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း သိသာလှ၏။
နောက်ဆုံး ဇာတ်သိမ်းပိုင်း စာမူများကို ကြည့်လျှင် အနည်းငယ် ရှုပ်ထွေးနေသည်ကို တွေ့ရမှာဖြစ်သည်။ မပြည့်စုံသေးပေ။ အကယ်၍ စာမူများကို ခိုးယူမခံရပါက သခင်လေး အောက်မင်က ပိုမို ကောင်းမွန်အောင် ရေးသားနိုင်ပေလိမ့်မည်။
‘အောက်ယွီ… ခင်ဗျားလို အရှက်မရှိတဲ့ လူယုတ်မာက နာမည်ကြီး စာပေပညာရှင် တစ်ယောက်ရဲ့ သွေးထွက်အောင် ကြိုးစားထားတဲ့ လက်ရာကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့တာပဲ။ ဂန္ထဝင်မြောက် စာအုပ်ကြီး တစ်အုပ်ကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့တာပဲ။ တကယ်ကို အပြစ်ကြီးလွန်းတယ်။
ခင်ဗျားက ဘာကောင်မို့လို့လဲ။ အသုံးမကျတဲ့ကောင်လေ။ ခင်ဗျားက ကျောက်တုံးမှတ်တမ်းကို ခိုးရဲတယ်ပေါ့။ ဒီစာအုပ်က ဘယ်လောက် အဆင့်အတန်း မြင့်လဲဆိုတာ ခင်ဗျား သိလား။ ဘယ်လောက် ကြီးကျယ်ခမ်းနားတဲ့ စာအုပ်လဲ ဆိုတာ ခင်ဗျား သိလား။
ခင်ဗျားလို အသုံးမကျတဲ့ကောင်က ဒီစာအုပ်ကို ခိုးယူဖို့ ထိုက်တန်လို့လား။ ခင်ဗျားရဲ့ နာမည်ကို ဒီစာအုပ်ပေါ်မှာ ရေးထားတာက ကြီးမားတဲ့ အရှက်ရစရာပဲ။ ခင်ဗျားလို လူမျိုးက နုလန်ဟောက် ရာထူးကို ဆက်ခံဖို့ ဘယ်လို မျက်နှာ ရှိမှာလဲ။
မိသားစု ပိုင်ဆိုင်မှုတွေကို ဆက်ခံဖို့ ဘယ်လို အရည်အချင်း ရှိမှာလဲ။ကိုယ်ကျင့်တရား မရှိတဲ့ကောင်… ဂုဏ်သရေရှိ မှူးမတ်တွေရဲ့ အရှက်ပဲ။ ကျန်းကျိုးမြို့ရဲ့ အရှက်ပဲ။ ခင်ဗျားလို လူမျိုးကို ကျန်းကျိုးမြို့ကနေ နှင်ထုတ်ပြီး ဘယ်တော့မှ ပြန်လာခွင့် မရအောင် ပိတ်ပင်ပစ်ရမယ်။’
“အရှက်မရှိတဲ့ သူခိုး အောက်ယွီကို ကျန်းကျိုးမြို့ကနေ နှင်ထုတ်ကြ...”
“အောက်ယွီကို ကျန်းကျိုးမြို့ကနေ နှင်ထုတ်ကြ...”
လူတစ်ယောက်က စတင် အော်ဟစ်လိုက်ပြီးနောက် လူရာပေါင်းများစွာက တပြိုင်နက်တည်း အော်ဟစ်လိုက် ကြ၏။
ထို့နောက် လူအုပ်ကြီးက နုလန်ဟောက် အိမ်တော်ဆီသို့ ဦးတည်သွားကြသည်။ ဤပညာတတ် ထောင်ပေါင်းများစွာက အရှက်မရှိသော သူခိုး ယွင်ကျုံးဟဲ့ကို နုလန်ဟောက် အိမ်တော်အတွင်းမှ ဆွဲထုတ်ကာ လမ်းတကာ လှည့်လည် အရှက်ခွဲပြီး ကျန်းကျိုးမြို့မှ နှင်ထုတ်ရန် ရည်ရွယ်ထားကြသည်။
‘စာမူ ခိုးယူတဲ့ကိစ္စကို အစိုးရက အပြစ်ပေးဖို့ ခက်ခဲပေမယ့် ကျုပ်တို့ ပညာတတ်တွေကတော့ ခင်ဗျားကို လွှတ်ထားမှာ မဟုတ်ဘူး။ ကျုပ်တို့က ခင်ဗျားရဲ့ ဆံပင်တွေကို ရိတ်ပစ်မယ်။ အဝတ်အစားတွေကို ချွတ်ပစ်မယ်။ မြို့ထဲ သုံးပတ် လှည့်ပြီးရင် လုံးဝ နှင်ထုတ်ပစ်မယ်။ ခင်ဗျားလို လူမျိုး ရှိနေတာက ကျန်းကျိုးမြို့ရဲ့ အရှက်ပဲ။ စာပေလောကရဲ့ အရှက်ပဲ။’
“အရှက်မရှိတဲ့ သူခိုး အောက်ယွီကို ကျန်းကျိုးမြို့ကနေ နှင်ထုတ်ပြီး ကျန်းကျိုး စာပေလောကကို သန့်စင်ကြ...”
“ကျန်းကျိုး စာပေလောကကို သန့်စင်ကြ...”
ပညာတတ် ရာပေါင်းများစွာက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြ၏။
ထိုစဉ် လူတစ်ယောက်က ရုတ်တရက် မေးလိုက်သည်။ “ဖျင်ယန် နယ်စားငယ် အောက်ကျင်း… ဒီစာမူတွေက သခင်လေး အောက်မင်ရဲ့ မူရင်း စာမူတွေ ဖြစ်ပြီး အောက်ယွီက သခင်လေး အောက်မင် ဆီကနေ ခိုးယူလာတာလို့ ခင်ဗျား သေချာလား။”
ဖျင်ယန် နယ်စားငယ် အောက်ကျင်းက ပြန်ဖြေ၏။ “သေချာတာပေါ့။ သက်သေခံ လူရော ပစ္စည်းပါ အစုံရှိတယ်။ ခင်ဗျား စောစောက ရှင်းရှင်းလင်းလင်း ကြားခဲ့တယ် မဟုတ်လား။”
ထိုလူက ဆက်ပြောလိုက်သည်။ “ကျုပ် ကြည့်ရတာ မတူသလိုပဲ။”
အောက်ကျင်း၏ မျက်နှာ အေးစက်သွားပြီး မေးလိုက်၏။ “ခင်ဗျားက ဘယ်သူလဲ။ သူခိုး အောက်ယွီ ဘက်ကနေ ဘာလို့ ဝင်ပြောနေတာလဲ။ ခင်ဗျားကို သူ လာဘ်ထိုးထားလို့လား။”
ထိုလူက ပြန်ဖြေသည်။ “ကျုပ်က ထျန်းယီ စာအုပ်တိုက်က ကျူရန် ဝမ်ရွှေချင်း ပါ။”
အောက်ကျင်းက ခပ်ငေါ့ငေါ့ ပြောလိုက်၏။ “သြော်… အောက်ယွီ ဘက်က ဝင်ပြောမယ့်သူပဲ။ ခင်ဗျားမှာ ဘာရည်ရွယ်ချက် ရှိလဲ။ အောက်ယွီဆီက ဘာအကျိုးအမြတ်တွေ ရထားလဲ ပြောစမ်း။ ဒီလို နေရောင်အောက်မှာ၊ လူအများရှေ့မှာ ခင်ဗျားက အဖြူကို အမည်းလုပ်ရဲတယ်ပေါ့။ ဒီမှာ ရှိနေတဲ့ ပညာတတ် ထောင်ပေါင်းများစွာက လက်ခံပါ့မလားလို့ ခင်ဗျား မေးကြည့်ပါလား။
ပညာတတ် အပေါင်းတို့… ခင်ဗျားတို့ သွေးနဲ့ချွေးနဲ့ ကြိုးစားပြီး ရေးထားတဲ့ စာအုပ်ကို လူမိုက် တစ်ယောက်က ခိုးယူပြီး သူ့နာမည်နဲ့ ထုတ်ဝေလိုက်မယ်ဆိုရင် ခင်ဗျားတို့ လက်ခံနိုင်ပါ့မလား။”
ပညာတတ် ရာပေါင်းများစွာက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသည်။ “လက်မခံနိုင်ဘူး… လက်မခံနိုင်ဘူး။”
ထို့နောက် လူအုပ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာ၏။ “ဒီ ကျူရန် ဝမ်ရွှေချင်းက သူခိုး အောက်ယွီ ဘက်ကနေ ဝင်ပြောနေတာ သေချာပေါက် လာဘ်စားထားလို့ပဲ။ သူက ကျုပ်တို့ ပညာတတ်တွေရဲ့ အရှက်ရစရာပဲ။ သူ့ကို ရိုက်သတ်ကြ။ ရိုက်သတ်ကြ...”
ထို့နောက် လူအချို့က ဦးဆောင်ကာ ထျန်းယီ စာအုပ်တိုက်မှ ကျူရန် ဝမ်ရွှေချင်း ထံသို့ လက်သီးများ ဝှေ့ယမ်းကာ ပြေးဝင်သွားကြသည်။
“ရိုက်သတ်ကြ… ရိုက်သတ်ကြ...”
“အောက်ယွီ ဘက်ကနေ ဝင်ပြောရဲတဲ့ ဒီစာပေလောကက လူယုတ်မာကို ရိုက်သတ်ကြ...”
“လူယုတ်မာကို ရိုက်သတ်ကြ...”
လူဒါဇင်ပေါင်းများစွာက အုတ်ခဲများကိုင်ဆောင်ကာ ကျူရန် ဝမ်ရွှေချင်း ထံသို့ ပြေးဝင်သွားကြ၏။
သို့ပေမည့် ထျန်းယီ စာအုပ်တိုက်မှ ကျူရန် ဝမ်ရွှေချင်းက ရယ်မောကာ မေးလိုက်သည်။ “ဖျင်ယန် နယ်စားငယ် အောက်ကျင်း… ဒီစာမူတွေက အောက်မင်ရဲ့ မူရင်း စာမူတွေ ဖြစ်ပြီး အောက်ယွီ ခိုးယူသွားတယ် ဆိုတာ ခင်ဗျား သေချာရဲ့လား။”
အောက်ကျင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြော၏။ “ခင်ဗျားလို လူယုတ်မာနဲ့ ကျုပ် စကား မပြောချင်ဘူး။”
ကျူရန် ဝမ်ရွှေချင်းက ဆက်ပြောလိုက်သည်။ “မဖြစ်နိုင်လောက်ဘူး ထင်တယ်။ အားလုံးပဲ ကြည့်ကြ။ ကြည့်ကြ...”
ထို့နောက် ဝမ်ရွှေချင်းက နံရံတွင်ကပ်ထားသော စာမူများကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်၏။ “ကျောက်တုံးမှတ်တမ်း ထုတ်ဝေတဲ့နေ့က သုံးလပိုင်း သုံးဆယ်ရက်နေ့။ ယွဲ့တန်းဖျင် ရလဒ် ထွက်တဲ့ နေ့က လေးလပိုင်း တစ်ရက်နေ့။ ပြီးတော့ ဆောင်းဦးရာသီ ပြည်နယ် စာမေးပွဲက ရှစ်လပိုင်း ဆယ့်သုံးရက်နေ့။ နောက်နှစ် မြို့တော် စာမေးပွဲက ငါးလပိုင်း ကိုးရက်နေ့ မဟုတ်လား။
အားလုံးပဲ… စာမျက်နှာ ၃၊ စာမျက်နှာ ၃၀၊ စာမျက်နှာ ၄၊ စာမျက်နှာ ၁၊ စာမျက်နှာ ၈၊ စာမျက်နှာ ၁၃၊ စာမျက်နှာ ၅၊ စာမျက်နှာ ၉ တို့ကို ကြည့်လိုက်ကြ။ စာမျက်နှာ ၃က တတိယ စာလုံး။ စာမျက်နှာ သုံးဆယ်က အလုံး သုံးဆယ်မြောက် စာလုံး။ စတုတ္ထ စာမျက်နှာက စတုတ္ထ စာလုံး။ ဒီလိုပဲ အစဉ်လိုက် မှတ်သွားကြ။ အဲဒီစာလုံးတွေကို ဆက်ဖတ်ကြည့်လိုက်ရင် ဘာဖြစ်သွားမလဲ။”
ထို့နောက် ဝမ်ရွှေချင်းက ထိုစာလုံးများ အားလုံးကို လက်ညှိုးထိုးပြလိုက်သည်။
ပညာတတ် ရာပေါင်းများစွာက အတူတကွ ဖတ်လိုက်ကြ၏။ “အောက်မင် ခိုး ငါ့စာမူ၊ လိုး ခင်ဗျားမယား”
ထျန်းယီ စာအုပ်တိုက်မှ ကျူရန် ဝမ်ရွှေချင်းက ပြောလိုက်သည်။ “အောက်မင် ခိုး ငါ့စာမူ၊ လိုး ခင်ဗျားမယား။ အကယ်၍ ဒါက သခင်လေး အောက်မင်ရဲ့ မူရင်း စာမူသာ ဆိုရင် ဒီလိုမျိုး ဝှက်စာတွေ ချန်ထားခဲ့မှာ မဟုတ်ဘူး ထင်တယ်။ သူ့ရဲ့ အကြိုက်က အဲဒီလောက်ထိ မဆိုးရွားလောက်ပါဘူး။ ကိုယ့်စာမူထဲမှာ ကိုယ့်ဘာသာကိုယ် ဆဲထားတဲ့ စကားတွေ ရေးထားမလား။
ဒါတင် မကသေးဘူး။ နောက်ထပ် ဝှက်စာတွေ ရှိသေးတယ်။ ဒီစာလုံးတွေကို ဆက်ဖတ်ကြည့်ကြအုံး။ အောက်မင်… ခင်ဗျားက တကယ့် ငတုံးကြီးပဲ။
ဒီမှာလည်း ရှိသေးတယ်။ ဒါကို ဆက်ဖတ်ကြည့်ကြ။ ယင်းယင်း အစ်မ… ကျုပ်က အောက်ယွီ ပါ။ အစ်မနဲ့ ကျုပ် အကြိမ်ပေါင်း ထောင်ချီ အိပ်ချင်တယ်။
ဒီမှာလည်း ရှိသေးတယ်။ ဒီမှာလည်း ရှိသေးတယ်။ ဒီစာလုံးတွေကို ဆက်ဖတ်ကြည့်ကြ။ ကျန်းကျိုး ယွဲ့တန်းဖျင်… အရှက်မရှိဘူး။ ခင်ဗျားတို့ရဲ့ ပါးစပ်က ကျုပ်ရဲ့ ဖင်လောက်တောင် အသုံးမကျဘူး။”
ကျူရန် ဝမ်ရွှေချင်းက ဝှက်စာများကို တစ်ခုပြီး တစ်ခု လက်ညှိုးထိုးပြလိုက်၏။
နေရာတစ်ခုလုံး အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
....................