← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 21 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 21 Ch. 245-246

အပိုင်း (၂၄၅)

ထိုနေရာရှိ ပညာတတ်များ အားလုံး အလွန် စိတ်လှုပ်ရှားသွားကြ၏။ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းပြီး အရမ်းကို အံ့သြစရာ ကောင်းလှသည်။ မထင်မှတ်ထားသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာပြီ ဖြစ်၏။

ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်နှင့် ဖျင်ယန် နယ်စားငယ် အောက်ကျင်း တို့၏ မျက်နှာများမှာ ချက်ချင်း ဖြူရော်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာကြသည်။

မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ သူတို့၏ ဝိညာဉ်များ လွင့်စင်သွားကြပြီ ဖြစ်သည်။ တကယ့်ကို နာမည်ပျက် သွားပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့က ထိုနေရာတွင် မရှိသော်လည်း လူအများရှေ့တွင် သူတို့ကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ခြင်း ဖြစ်၏။ လုံးဝကို မြေကြီးပေါ် ဆွဲချပြီး အကြိမ်တစ်ရာမက ပွတ်တိုက် အရှက်ခွဲလိုက်ခြင်း ဖြစ်သည်။

ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်နှင့် ဖျင်ယန် နယ်စားငယ် အောက်ကျင်း တို့မှာ လုံးဝ ဆွံ့အသွားကြပြီး အနည်းငယ် ကြောင်တောင်တောင်ပင် ဖြစ်သွားကြသည်။ ယွင်ကျုံးဟဲ့၏ ဤအကွက်က အလွန် အဆိပ်ပြင်းလွန်းလှ၏။

‘ဒါက ပါးရိုက်တာ မဟုတ်တော့ဘူး။ လူကို မြေကြီးပေါ် ဆွဲချပြီး အကြိမ်ကြိမ် ပွတ်တိုက် နင်းချေလိုက်တာပဲ။ ပြီးတော့ မျက်နှာကို တည့်တည့် နင်းတာ။’

ဤအခြေအနေက အလွန် သေရေးရှင်ရေးတမျှ ဖြစ်သွား၏။ အနည်းဆုံး ဤအချိန် အတောအတွင်း၌ ပြန်လည် တိုက်ခိုက်ဖို့ ခွန်အား တစ်စက်လေးတောင် မရှိတော့ပေ။

ယွဲ့တန်းဖျင်၏ ခေါင်းဆောင် စာပေပညာရှင်က အောက်ကျင်းကို မီးပွင့်မတတ် အကြည့်ဖြင့် ကြည့်လိုက်၏။

‘ချီးတဲ့မှ... ခင်ဗျားတို့ တော်တော် အသုံးမကျတာပ။ ခင်ဗျားတို့ စာမူတွေကို ခိုးလာတုန်းက သေချာ မစစ်ဆေးခဲ့ဘူးလား။ အောက်ယွီက စာမူတွေထဲမှာ ဝှက်စာ ဘယ်လောက်တောင် ထည့်ထားလဲ ဆိုတာ မသိဘူးလား။ အနည်းဆုံး လေး၊ ငါးနေရာလောက် ရှိတယ်။

ခင်ဗျားတို့က မျက်ကန်းတွေလား။ ခင်ဗျားတို့ သေတာက ကိစ္စမရှိဘူး။ ကျုပ်တို့ ယွဲ့တန်းဖျင်ကို လာဆွဲမထည့်နဲ့လေ။ ကျုပ်တို့က နာမည်ကောင်းနဲ့ စားသောက်နေရတာကွ။’

ဖျင်ယန် နယ်စားငယ် အောက်ကျင်းကလည်း စိတ်ထဲတွင် ကျိန်ဆဲနေ၏။ ‘ခွေးကောင်… တကယ့် အသုံးမကျတဲ့လူတွေ... ခင်ဗျားတို့ စာပေပညာရှင်တွေက ဘာလုပ်နေကြတာလဲ။ လူတိုင်းက စာမူတွေကို ကိုယ်တိုင် ပြန်ကူးရေးခဲ့တာပဲ။ ဘာလို့ ဒီဝှက်စာတွေကို မတွေ့ခဲ့ရတာလဲ။’

သို့ပေမည့် အောက်ကျင်းက အပြစ်တင်တာ လွဲနေ၏။ ဤလိုအရာမျိုးကို မည်ကဲ့သို့ စစ်ဆေးလို့ ရမည်နည်း။ စာလုံးရေ လေးသိန်းကျော်ထဲ၍ စာလုံးလေး အလုံး နှစ်ဆယ်၊ သုံးဆယ်လောက်ကို မည်သည့်စည်းမျဉ်းမှ မရှိဘဲ ထည့်ထားခြင်းဖြစ်သောကြောင့်ပင်။

‘စာမျက်နှာတိုင်းရဲ့ ပထမဆုံး စာလုံး ဒါမှမဟုတ် နောက်ဆုံး စာလုံးတွေမှ မဟုတ်တာ။ ဒီဝှက်စာတွေက စာပိုဒ်တွေထဲမှာ ရောနှောနေတာ။ ကြိုတင် သိမထားဘူး ဆိုရင် မျက်လုံးကျွတ်ထွက်အောင် ကြည့်ရင်တောင် တွေ့မှာ မဟုတ်ဘူး။

ပြီးတော့ အချိန်ကလည်း အရမ်းကပ်နေတာလေ။ ယွဲ့တန်းဖျင် ရလဒ် ကြေညာမယ့် အချိန်က နီးနေပြီ။ သေချာ စစ်ဆေးဖို့ အချိန်မှ မရှိတာ။ စစ်ဆေးရင်တောင် တွေ့နိုင်မှာ မဟုတ်ဘူး။ အောက်ယွီ ဆိုတဲ့ ခွေးကောင်ကိုပဲ အပြစ်တင်ရမယ်။ သူ့ရဲ့ နည်းလမ်းက အရမ်း ယုတ်မာပြီး အရမ်း ရက်စက်လွန်းတယ်။’

ထိုစဉ် အစေခံမလေး ရှောင်ရွှီက ရုတ်တရက် ငိုယိုကာ ပညာတတ် အုပ်စုကြီးဆီသို့ ပြေးဝင်ကာ အော်ဟစ်လိုက်လေသည်။ “ကယ်ကြပါအုံး… အစ်ကိုကြီးတို့ ကယ်ကြပါအုံး။ သူတို့ ကျွန်မကို သတ်တော့မယ်… သူတို့ ကျွန်မကို သတ်တော့မယ်။”

ထို့နောက် ရှောင်ရွှီက သူမရဲ့ အင်္ကျီလက်ကို ပင့်တင်ပြလိုက်၏။ သူမ၏ လက်မောင်း၌ ကြောက်မက်ဖွယ် ကောင်းသည့် ဒဏ်ရာများ အပြည့်ဖြစ်နေပြီး အပြာရောင် အပ်များ အများအပြား စိုက်ဝင်နေသည်ကို တွေ့လိုက်ရ၏။

လက်မောင်းမှာ တင်မကချေ။ လည်ပင်းနှင့် ခေါင်းပေါ်မှာလည်း အပ်များ အပြည့်စိုက်ထား၏။ ဤမြင်ကွင်းက တကယ်ကို ကြက်သီးထစရာ ကောင်းလှသည်။

အစေခံမလေး ရှောင်ရွှီက အသံကုန် ငိုယိုပြီး အော်ဟစ်လိုက်၏။ “အစ်ကိုကြီးတို့… သူတို့က ကျွန်မကို ဖမ်းပြီး ရက်ရက်စက်စက် နှိပ်စက်ကြတယ်။ ကျွန်မ တစ်ကိုယ်လုံးကို အဆိပ်အပ်တွေ စိုက်ထားတယ်။ သခင်လေး အောက်ယွီကို လုပ်ကြံဖို့ သူတို့နဲ့ မပူးပေါင်းရင် အဆိုးရွားဆုံး နည်းလမ်းနဲ့ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။

အစ်ကိုကြီးတို့…ကယ်ကြပါအုံး။ သခင်လေး အောက်ယွီက ကျွန်မ အပေါ် အရမ်း ကောင်းပါတယ်။ ညီမလေး အရင်းလို သဘောထားတာပါ။ သူက စာမူတွေကို လုံးဝ မခိုးခဲ့ပါဘူး။ ဒီအရှက်မရှိတဲ့ လူတွေကပဲ ကျွန်မကို အသက်အန္တရာယ် ခြိမ်းခြောက်ပြီး သခင်လေး အောက်ယွီ ဆီက စာမူတွေကို ခိုးခိုင်းတာပါ။

ပြီးတော့ သူတို့က အဲဒီစာမူတွေကို သူတို့ပိုင်တယ်လို့ ပြောပြီး သခင်လေး အောက်ယွီက စာမူခိုးပါတယ်လို့ ကျွန်မကို လိမ်လည် ထွက်ဆိုခိုင်းတာပါ။ ကျွန်မသာ သူတို့ ခိုင်းတဲ့အတိုင်း မလုပ်ရင် သူတို့က ကျွန်မကို သတ်ပစ်မယ်တဲ့။ အစ်ကိုကြီးတို့… ဦးလေးတို့…ကယ်ကြပါအုံး။ ကယ်ကြပါအုံး။”

အစေခံမလေး ရှောင်ရွှီက အတောင်ပံကျိုး၍ ငိုကြွေးနေသည့် ဥသြငှက်လေးလို မြေပြင်ပေါ်မှာ ဒူးထောက်ပြီး အသနားခံနေ၏။ ကြည့်ရသည်မှာ အရမ်းကို သနားစရာ ကောင်းလွန်းလှသည်။

ချက်ချင်းဆိုသလို ဤနေရာတွင် ရှိနေသည့် ပညာတတ် ရာပေါင်းများစွာက လုံးဝ ဒေါသထွက်သွားကြ၏။

‘အရမ်း ယုတ်မာတယ်… အရမ်း အရှက်မရှိတာပဲ။ အရွယ်မရောက်သေးတဲ့ ကောင်မလေး တစ်ယောက်ကို ဒီလို ရက်စက်တဲ့ နည်းလမ်းတွေ သုံးပြီး နှိပ်စက်ရက်တယ်ပေါ့။ ကိုယ့်သခင်ကို သစ္စာဖောက်အောင် အတင်းအကျပ် ခိုင်းစေရက်တယ်ပေါ့။ ခင်ဗျားတို့ အောက်မျိုးနွယ်စု လူတွေက ဒီလောက်တောင် ညစ်ပတ်ကြတာလား။’

အောက်ကျင်း၏ ခေါင်းတစ်ခုလုံး ထူပူသွားတော့သည်။ ‘ဒီသေနာမလေး… ကျုပ်တို့က မင်းကို ဘယ်တုန်းက နှိပ်စက်ဖူးလို့လဲ။ မင်းဘာသာမင်း အောက်မင်ကို ကြိုက်နေတယ်လို့ ပြောခဲ့လို့ ကျုပ်တို့က မင်းကို ချဉ်းကပ်ခဲ့တာလေ။

ပြီးတော့ အနာဂတ်မှာ မင်းကို အောက်မင်ရဲ့ ကိုယ်လုပ်တော်အဖြစ် ပေးစားမယ်လို့ ကတိပေးထားတာကို မင်းက ကျုပ်တို့ကို ဒီလို လုပ်ကြံရက်တယ်ပေါ့။

ပြီးတော့ မင်းကိုယ်ပေါ်က အပ်တွေက ဘယ်တုန်းက စိုက်ထားတာလဲ။ ဒီလိုမျိုး အပ်တွေ လျှောက်စိုက်ထားရင် ကိုယ့်ကိုယ်ကိုယ် သေအောင် လုပ်နေသလို ဖြစ်မှာ မကြောက်ဘူးလား။’

ထျန်းယီ စာအုပ်တိုက်မှ ကျူရန် ဝမ်ရွှေချင်းက ဝင်ပြောလိုက်၏။ “ဖျင်ယန် နယ်စားငယ်… ဒီအချိန်မှာ ခင်ဗျားတို့ အနေနဲ့ ပညာတတ် အများကြီးကို ရှင်းပြဖို့ လိုအပ်နေပြီ ထင်တယ်။”

အောက်ကျင်း၏ ခေါင်းမှာ နောက်တစ်ကြိမ် ထပ်ပြီး ထူပူသွားတော့သည်။ ‘ရှင်းပြရမယ်… ဒီအချိန်မှာ ဘယ်လိုလုပ် ရှင်းပြရမှာလဲ။’

ထိုစဉ် လူတစ်ယောက်က အလျင်အမြန် ပြေးဝင်လာကာ အော်ဟစ်လိုက်၏။ “သခင်လေး အောက်မင် သတိရလာပြီ… သခင်လေး အောက်မင် သတိရလာပြီ။”

‘အောက်မင်က အစောကြီးတည်းက သတိရနေတာလေ။ လွန်ခဲ့တဲ့ ရက်နှစ်ဆယ်ကျော်တည်းက လူရှေ့မှာ လုပ်ကြံခံရပြီး အသက်အန္တရာယ် ရှိနေတယ်လို့ ဟန်ဆောင်နေခဲ့တာ မဟုတ်ဘူးလား။’

ပြေးဝင်လာတဲ့ သတင်းပို့သူက အသံကျယ်ကျယ်နှင့် ဆက်ပြောလိုက်သည်။ “သခင်လေး အောက်မင် သတိရလာပြီးနောက် ကျောက်တုံးမှတ်တမ်း စာအုပ်အကြောင်း ကြားတော့ သူ့ရဲ့ ဒဏ်ရာကိုတောင် ဂရုမစိုက်နိုင်ဘဲ အဲဒီ ကျောက်တုံးမှတ်တမ်းကို ဖတ်ကြည့်ပါတယ်။

သူက ပြောတယ်။ ဒီစာအုပ်က သူ့ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းထက် အများကြီး ပိုကောင်းတယ်တဲ့။ ဒါကြောင့် သူက ကျုပ်ကို လွှတ်ပြီး ယွဲ့တန်းဖျင်က ဆရာကြီးတွေကို လာပြောခိုင်းတာပါ။ ဒီတစ်ကြိမ် ယွဲ့တန်းဖျင် စာရင်းမှာ သူ့နာမည် လုံးဝ မပါသင့်ဘူးတဲ့။ ဒုတိယ နေရာရော၊ တတိယ နေရာရော မပါသင့်ဘူးတဲ့

သခင်လေး အောက်မင်က ပြောသေးတယ်။ ကျောက်တုံးမှတ်တမ်းက ဂန္ထဝင်မြောက် စာအုပ်ပဲ။ ဒီတစ်ကြိမ် ယွဲ့တန်းဖျင်မှာ ကျောက်တုံးမှတ်တမ်း တစ်အုပ်တည်းပဲ ပထမ ရသင့်တယ်။ တခြား ဘယ်စာအုပ်မှ သူနဲ့ ယှဉ်လို့ မရဘူးတဲ့။ သူ့ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်း အပါအဝင်ပေါ့။ ကျောက်တုံးမှတ်တမ်းကို ရေးတဲ့ စာရေးဆရာရဲ့ စာပေ အဆင့်အတန်းက ခန့်မှန်းလို့ မရအောင် မြင့်မားလွန်းတယ်။ သူ လုံးဝ မမီဘူးတဲ့။”

အောက်မင်၏ လက်အောက်ငယ်သား ပြောပြီးသွားသည့် အချိန်၌ တည်နေရာ တစ်ခုလုံး တိတ်ဆိတ်သွား၏။ မည်သူမှ ဘာမှ မတုံ့ပြန်ကြချေ။

ထျန်းယီ စာအုပ်တိုက်မှ ကျူရန် ဝမ်ရွှေချင်းက ရယ်မောလိုက်သည်။ “ဒါက တကယ်ကို ရယ်စရာ ကောင်းတာပဲ။ ကျုပ်တို့ ဒီဘက်မှာ ဝှက်စာတွေကို ရှာတွေ့ပြီး အမှန်တရားကို ဖော်ထုတ်လိုက်တာနဲ့ တပြိုင်နက် ဟိုဘက်မှာ သခင်လေး အောက်မင်က ချက်ချင်း အရှုံးပေးလိုက်တယ်။

ပြီးတော့ အောက်ယွီ ဆီကနေ စာမူခိုးတဲ့ ကိစ္စကို ဘာမှ မသိသလို ဟန်ဆောင်နေတယ်။ စောစောကပဲ ဖျင်ယန် နယ်စားငယ် အောက်ကျင်းက ဒီကျောက်တုံးမှတ်တမ်းကို အောက်မင် ရေးတာပါလို့ ပါးစပ်က အမြှုပ်ထွက်မတတ် ပြောနေခဲ့တာ မဟုတ်ဘူးလား။ အခုကျတော့ သခင်လေး အောက်မင်က ဘာမှ မသိသလို ဟန်ဆောင်နေတာ အရမ်းကို တိုက်ဆိုင်လွန်းမနေဘူးလား။”

“ဟုတ်တယ်… ဟုတ်တယ်။ အရမ်းကို တိုက်ဆိုင်လွန်းတယ်။”

“ခင်ဗျားတို့ အောက်မျိုးနွယ်စုတွေရဲ့ လုပ်ရပ်က အရမ်း အရုပ်ဆိုးလွန်းတယ်။ အရမ်း အရှက်မရှိတာပဲ။”

“အောက်မင်က နာမည်ကောင်း လိုချင်တဲ့ လူယုတ်မာပဲ။”

“ကျုပ် အရင်က အောက်မင်လို လူမျိုးကို လေးစားမိခဲ့တာ တကယ် မျက်ကန်းဖြစ်ခဲ့တာပဲ။”

ထိုနေရာတွင် ရှိနေသည့် ပညာတတ် ရာပေါင်းများစွာက အောက်မင်ကို လှောင်ပြောင်ပြီး တိုက်ခိုက်လိုက် ကြ၏။

အဘယ်ကြောင့်ဆိုသော် ဤလုပ်ရပ်က အရမ်းကို ညစ်ပတ်လွန်း၏။ စာပေ ယှဉ်ပြိုင်မှုမှာ အောက်ယွီကို ရှုံးသွားသည့်တိုင် အရှုံးမပေးတဲ့အပြင် အောက်ယွီ၏ စာမူများကို ခိုးယူပြီး ကိုယ်ပိုင် ပြုလုပ်သည့်အပြင် အောက်ယွီက သူခိုးပါ ဆိုပြီး ပြောင်းပြန် စွပ်စွဲလိုက်သေးသည်။

ဤကဲ့သို့ ညစ်ပတ်ပြီး အောက်တန်းကျသည့် လုပ်ရပ်များက တကယ်ကို အံ့သြစရာ ကောင်းလွန်းလှသည်။ အရင်က အောက်မင်၏ နာမည်ကောင်းများက အလကား ဖြစ်သွားခဲ့ချေ၏။

အောက်မင်၏ လက်အောက်ငယ်သား ဖြစ်သူ ပညာတတ်က ဝင်ပြောလိုက်သည်။ “ပညာတတ် အပေါင်းတို့… ခင်ဗျားတို့ ဘာတွေ ပြောနေတာလဲ။ ဝှက်စာ ဆိုတာ ဘာလဲ။ အမှန်တရား ဖော်ထုတ်တယ် ဆိုတာ ဘာလဲ။ သခင်လေး အောက်မင်က လွန်ခဲ့တဲ့ နာရီဝက်လောက်တည်းက ဝေမြို့စားကြီး အိမ်တော်ရှေ့မှာ ဒဏ်ရာကြီးနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။”

လူတိုင်း အံ့အားသင့်သွားကြ၏။ ‘နာရီဝက်လောက်တည်းက ဟုတ်လား။ အဲဒီအချိန်တုန်းက ဝှက်စာတွေကို မရှာတွေ့သေးဘူး။ အမှန်တရားကိုလည်း မဖော်ထုတ်ရသေးဘူးလေ။ အောက်မင်က အဲဒီအချိန်တည်းက ကြေညာချက် ထုတ်ခဲ့တာလား။ ဒါဆိုရင် ဒီလူက အပြစ်ကင်းတယ် ဆိုတဲ့ သဘောပဲပေါ့။ သူက တကယ် ဘာမှ မသိခဲ့ဘူး ဆိုတဲ့ သဘောပဲ။’

အောက်မင်က နာရီဝက် အလိုမှာ ကြေညာချက် ထုတ်ခဲ့သည်လား။ အမှန်တကယ် ထိုကဲ့သို့ ဖြစ်ခဲ့ခြင်းပင်။

မနေ့ည သန်းခေါင်ယံ အချိန်လောက်တည်းက အောက်မင်နှင့် ပညာတတ် ဒါဇင်ပေါင်းများစွာက ကျောက်တုံးမှတ်တမ်း ဒုတိယတွဲနှင့် တတိယတွဲ စာမူ အားလုံးကို ပြန်ကူးရေးဖို့ တာဝန် ခွဲဝေ ယူခဲ့ကြသောကြောင့် အလွန် အလုပ်များနေခဲ့ကြသည်။

သူကိုယ်တိုင်လည်း မအိပ်မနားဘဲ စာလုံးရေ နှစ်သောင်းခွဲလောက်ကို ပြန်ကူးရေးခဲ့၏။ ထို့နောက် ကျောက်တုံးမှတ်တမ်း၏ ကျန်ရှိနေသည့် စာလုံးရေ လေးသိန်းလောက်ကို ဇာတ်လမ်း အကြောင်းအရာ အားလုံးကို မှတ်မိနေရန် သေချာ ပြန်ဖတ်ရသေးသည်။ ထိုမှသာ နောက်ပိုင်း ဇာတ်လမ်း အကြောင်း ပြောသည့်အချိန်တွင် မူရင်း စာရေးဆရာနှင့် တူမှာဖြစ်၏။

အချိန်က အရမ်းကပ်လွန်းနေသောကြောင့် လူ ဒါဇင်ပေါင်းများစွာက စာလုံးရေ လေးသိန်းကျော် ပါသည့် စာမူများကို မနည်း ကူးရေးခဲ့ရသည်။

မိုးလင်းချိန်မှာတော့ အောက်ကျင်းက စာမူများကို ယူပြီး ယွဲ့တန်းဖျင်ကို ချက်ချင်း ထွက်သွားတော့၏။

ထိုအချိန် ကုတင်ပေါ်၌ လှဲနေသည့် အောက်မင်မှာ အဘယ့်ကြောင့်မှန်း မသိဘဲ အရမ်းကို စိုးရိမ်ပူပန် လာတော့သည်။

အချိန်တွေ ကုန်ဆုံးလာတာနှင့်အမျှ သူ ပိုပိုပြီး စိုးရိမ်လာ၏။ သို့သော်ငြား အဘယ့်ကြောင့် စိုးရိမ်နေရသနည်း ဆိုသည်ကို သူအဖြေရှာ၍ မရနိုင်ခဲ့ချေ။

ထို့ကြောင့် သူက အောက်ယွီဆီမှ ခိုးလာသော ကျောက်တုံးမှတ်တမ်း မူရင်းစာမူကို အကြိမ်ကြိမ် ပြန်ဖတ်နေမိ၏။ ထိုမှသာ သူ အဘယ့်ကြောင့် စိုးရိမ်နေရသနည်း ဆိုခြင်းကို သဘောပေါက်သွားတော့၏။

အဘယ့်ကြောင့်ဆိုသော် သူက စာမူထဲ၌ သူ၏ နာမည် အောက်မင်ကို မတော်တဆ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ဟုတ်ပေသည်။ ထိုစာလုံး နှစ်လုံးက အရမ်းကို ကွာဝေး၏။ တစ်လုံးက တတိယ စာမျက်နှာမှာ ပါပြီး နောက်တစ်လုံးက စာမျက်နှာ သုံးဆယ်မှာ ပါ၏။ စာလုံးရေ တစ်သောင်းကျော် ခြားနေသသောကြောင့် ဤစာလုံး နှစ်လုံး ပါနေသည်ကို မည်သူမှ ရှာတွေ့နိုင်မှာ မဟုတ်ချေ။

သို့သော်ငြား အောက်မင်က တစ်ချက်ကြည့်ရုံနှင့် မှတ်မိနိုင်စွမ်း ရှိသူဖြစ်၏။ ထို့အပြင် သူက သူ့နာမည် အပေါ်တွင် အရမ်းကို အကဲဆတ်၏။

ပိုပြီး တိတိကျကျ ပြောရလျှင် တခြားသူများက သူ့ကို ဒုက္ခပေးလာနိုင်တဲ့အပေါ် အရမ်းကို အကဲဆတ်ခြင်း ဖြစ်သည်။

အပိုင်း (၂၄၆)

သူက ထိပ်တန်း ပညာတတ် တစ်ယောက်ဖြစ်ပြီး စာလုံးများကို သုံးပြီး လူကို ဒုက္ခပေးသည့် နေရာမှာ အတော်ဆုံးဖြစ်၏။ ဒါကြောင့် တခြားသူများက စာလုံးများကို သုံးပြီး သူ့ကို ဒုက္ခပေးလာရင်လည်း သူက အရမ်းကို သိလွယ်သည်။ အတိုတောင်းဆုံး အချိန်အတွင်းမှာ သူ သိနိုင်၏။

သူ့နာမည်ကို တွေ့လိုက်သည်နှင့် တပြိုင်နက် အောက်မင်က ဝှက်စာ ဖြစ်မည်ဟု ချက်ချင်း တွေးမိလိုက်၏။

လူဆိုးများ၏ တွေးခေါ်ပုံက တူညီကြသည်ဟု ပြောရပေလိမ့်မည်။

ယွင်ကျုံးဟဲ့က ဒီနည်းလမ်းကို သုံးပြီး ဒုက္ခပေးသလို အောက်မင်ကလည်း ရန်သူက ဒီနည်းလမ်းကို သုံးပြီး သူ့ကို ဒုက္ခပေးလိမ့်မည်ဟု အလိုအလျောက် တွေးမိလိုက်သည်။

ထို့ကြောင့် သူက စာမူထဲမှာ တခြား စာလုံးများ ရှိနေမည်လား သေသေချာချာ ရှာဖွေလိုက်သည်။ ဤအရာက တိုက်ဆိုင်မှုလား သို့မဟုတ် တကယ်ပဲ ဝှက်စာ ဖြစ်နေသည်လား ဆိုသည်ကို သိချင်သောကြောင့်ပင်။

သူက အရမ်း ဉာဏ်ကောင်းသူဖြစ်၏။ ဖြစ်နိုင်ချေ ရှိသည့် ဂဏန်း အတွဲအစပ်များကို ချက်ချင်း တွက်ချက်ကြည့်လိုက်၏။

အောက်ယွီရဲ့ မွေးနေ့… အောက်ယွီ မိဘတွေရဲ့ မွေးနေ့။

ကျောက်တုံးမှတ်တမ်း ထုတ်ဝေသည့်နေ့၊ ဆောင်းဦးရာသီ ပြည်နယ်စာမေးပွဲ ဖြေရမည့်နေ့၊ အောက်မင်နှင့် တွမ်ယင်းယင်း တို့၏ စေ့စပ်ပွဲနေ့ အစရှိသည်ဖြင့် အောက်မင်က ဖြစ်နိုင်ချေ ရှိသည့် ဂဏန်း အတွဲအစပ် ဒါဇင်ပေါင်းများစွာကို စာရင်းလုပ်လိုက်၏။ ပြီးနောက် ထိုဂဏန်း အတွဲအစပ်များအတိုင်း စာမူထဲမှ ဝှက်စာများကို လိုက်ရှာလိုက်သည်။

ထို့နောက် သူ ပထမဆုံး ဝှက်စာကို ရှာတွေ့သွား၏။ “အောက်မင် ခိုး ငါ့စာမူ၊ လိုး ခင်ဗျားမယား။”

ချက်ချင်းပဲ ကျန်းကျိုးမြို့၏ နံပါတ်တစ် စာပေပညာရှင် အောက်မင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားပြီး ခေါင်းက ဆံပင်များတောင် ထောင်မတ်သွားမတတ် ခံစားလိုက်ရ၏။ သူ၏ တစ်ကိုယ်လုံး အေးစက်သွားသည်။

‘အောက်ယွီက အရမ်း ရက်စက်တာပဲ။ ဒါက… ဒါက ကျုပ်ကို နာမည်ပျက်သွားအောင် လုပ်မယ့် အကြံပဲ။ ဘယ်လိုလုပ်မလဲ… ဘယ်လိုလုပ်မလဲ။ အောက်ကျင်းကို လိုက်ခေါ်ပြီး စာမူတွေကို ပြန်ယူခိုင်းရမလား။ မမီတော့ဘူး… သေချာပေါက် အချိန်မမီတော့ဘူး။’

အချိန်နှင့် အပြေးအလွှား ယှဉ်ပြိုင်ရမည့် အခြေအနေဖြစ်သည်။ ခြေတစ်လှမ်း နောက်ကျတာနှင့် သူ လုံးဝ နာမည်ပျက်သွားတော့မှာဖြစ်၏။

ယခုအချိန်တွင် ဂုဏ်သိက္ခာ ဆိုသည်မှာ အောက်မင်၏ အကြီးမားဆုံး ပိုင်ဆိုင်မှုဖြစ်၏။ ဂုဏ်သိက္ခာ ကျဆင်းသွားလျှင် သူ၏ ဘဝနှင့် အနာဂတ်က တစ်ဝက်လောက် ပျက်စီးသွားပြီ ဖြစ်သည်။

‘အချိန်ဆွဲနေလို့ မရဘူး။ ကျုပ်ရဲ့ ဂုဏ်သိက္ခာကိုကယ်တင်ဖို့ ကျုပ်ကိုယ်တိုင် ချက်ချင်း ကြေညာချက် ထုတ်ပြန်ရမယ်။’

အောက်မင်က ဝေမြို့စားကြီးနှင့် တိုင်ပင်ဖို့ အချိန်မရတောချေ။ ထို့ကြောင့် သူ ကုတင်ပေါ်ကနေ ချက်ချင်း ထပြီး မြန်မြန်ဆန်ဆန်ဖြင့် ဖြူဖျော့နေပြီး နေမကေင်းဟန် ပြင်ဆင်လိုက်သည်။ သူ့ကို ပိုပြီး သနားစရာ ကောင်းအောင် လုပ်လိုက်ခြင်းဖြစ်၏။

ထို့အပြင် သူ၏ ဒဏ်ရာမှာ သေချာ ကုသထားသောကြောင့် ကျက်နေပြီဖြစ်၏။ သို့သော်ငြား လူအများအမြင်တွင် သူ၏ ဒဏ်ရာ ပြင်းထန်သည့်ပုံစံ ဖြစ်နေစေချင်နေ၏။ ထို့ကြောင့် သူက ရက်ရက်စက်စက်ဖြင့် သူ့ကျောက ဒဏ်ရာကို ပြန်ဆွဲဖြဲလိုက်တော့၏။ သွေးများ ပြန်ထွက်လာပြီး အင်္ကျီ တစ်ခုလုံး နီရဲသွားတော့သည်။

ပြီးနောက် သူ့အား ထမ်းစင်ဖြင့် သယ်ခိုင်းကာ ဝေမြို့စားကြီး အိမ်တော် ရှေ့ကို ထွက်လာ၏။ လမ်းတစ်လျှောက်လုံး သူက အဆက်မပြတ် ဆုဆောင်းလို့နေလေ၏။ “လူတွေ ရှိနေပါစေ… လူတွေ ရှိနေပါစေ။ ပွဲကြည့်ချင်တဲ့ လူတွေ၊ ပညာတတ်တွေ ရှိနေပါစေ။”

သူ၏ ဆုတောင်း ပြည့်သွား၏။ ထိုသူများ အမှန်တကယ် တည်ရှိနေကြသည်။

မနေ့က ကျောက်တုံးမှတ်တမ်းမှာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားပြီးနောက် အောက်မင် မည်သို့တုံ့ပြန်မည်ကို သိရှိလိုသောကြောင့် လူအများအပြားမှာ ဝေမြို့စားကြီး၏ အိမ်တော်ရှေ့တွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။

ယွဲ့တန်းဖျင် ရှေ့တွင်လောက် လူမများသော်လည်း အတော်အတန် များပြားလှသည်။

သူသည် ကျောက်တုံးမှတ်တမ်း၏ မူရင်းစာရေးဆရာ မဟုတ်ကြောင်း လုံးဝ ထုတ်ဖော်ပြောဆို၍ မရနိုင်သည်ကို အောက်မင် သိရှိနားလည်ထား၏။

သူ့အနေဖြင့် ဘာမျှမသိရှိသလို ဟန်ဆောင်ရမည် ဖြစ်သကဲ့သို့ အရာအားလုံးမှာ အောက်မျိုးနွယ်စုမှ အခြားသူများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဟန်ဆောင်ရပေမည်။

ထို့အပြင် သူ့အနေဖြင့် လောလောဆယ်တွင် မည်သည့်အရာကိုမှ မလုပ်ဆောင်ဘဲ အလွန်တည်ငြိမ် အေးဆေးစွာ နေထိုင်ရမှာ ဖြစ်သည်။

သို့ဖြစ်၍ အောက်မင်သည် ထမ်းစင်ဖြင့် ထွက်လာသည့်အခါတွင် အပြင်၌ စောင့်ကြည့်နေကြသော လူအားလုံးမှာ ဆူညံသွားကြတော့၏။

ပညာတတ် အများအပြားကလည်း ချက်ချင်းပဲ မေးမြန်းကြလေသည်။

“သခင်လေး အောက်မင်… အောက်ယွီရဲ့ ကျောက်တုံးမှတ်တမ်းကို ဖတ်ပြီးပြီလား။ ဘယ်လို ထင်လဲ။ ခင်ဗျားရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ။ ဒီကနေ့ ယွဲ့တန်းဖျင် ရလဒ်ကို ဘယ်လို ရွေးချယ်သင့်တယ်လို့ ထင်လဲ။”

အောက်မင်သည် ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး လက်ထဲတွင်လည်း နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော လက်ကိုင်ပဝါကို ကိုင်ဆောင်ထားသည်။ ၎င်းမှာ ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ပုံစံမျိုး ဖြစ်လို့နေ၏။

အောက်မင်က ပြောလိုက်သည်။ “ပညာတတ် အပေါင်းတို့… ကျုပ် မတ်တတ် မရပ်နိုင်လို့ ဒီလိုလှဲပြီး စကားပြောရတဲ့အတွက် ခွင့်လွှတ်ပါ။ ခင်ဗျားတို့ ပြောတဲ့ ကျောက်တုံးမှတ်တမ်းကို ကျုပ် ဖတ်ပြီးပါပြီ။ ဒီစာအုပ်က ဘယ်လိုနေလဲ၊ ကျုပ်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းနဲ့ ယှဉ်ရင် ဘယ်လိုနေလဲလို့ မေးမယ်ဆိုရင် ကျုပ် ပြောနိုင်တာက ဒီစာအုပ် နှစ်အုပ်ဟာ အဆင့်ချင်း လုံးဝ မတူပါဘူး။

ကျုပ်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းက ဖတ်လို့ ကောင်းတဲ့ စာအုပ် တစ်အုပ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖတ်လို့ ကောင်းရုံ သက်သက်၊ ဝတ္ထုတစ်ပုဒ် သက်သက်ပါပဲ။ ဒါပေမဲ့ ကျောက်တုံးမှတ်တမ်းကတော့ လူ့ဘဝရဲ့ အရိပ်အယောင် အားလုံး ပါဝင်နေပါတယ်။ သူ့ရဲ့ ထူးချွန်ပြောင်မြောက်မှုကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရပါဘူး။

ဒီစာအုပ်ကို ရေးတဲ့ စာရေးဆရာဟာ မရေမတွက်နိုင်တဲ့ အတက်အကျတွေ၊ ကြီးကျယ်ခမ်းနားမှုတွေ၊ ဘဝရဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရလို့ ဒီလောက် ကောင်းမွန်တဲ့ လက်ရာမျိုးကို ရေးနိုင်တာပါ။

ခင်ဗျားတို့ အားလုံးက ကျောက်တုံးမှတ်တမ်းဟာ ထူးချွန်တဲ့ လက်ရာ တစ်ခုလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ မှားပါတယ်။ ဒါဟာ ကြီးကျယ်ခမ်းနားတဲ့ လက်ရာ တစ်ခုပါ။ အချိန်တွေ ကုန်ဆုံးလာတာနဲ့ အမျှ ဒီလက်ရာရဲ့ တန်ဖိုးဟာ ပိုပိုပြီး မြင့်တက်လာပါလိမ့်မယ်။

ကျောက်တုံးမှတ်တမ်းက ထာဝရ တည်တံ့နေမှာဖြစ်ပြီး ကျုပ်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းကတော့ ဆယ်စုနှစ် အနည်းငယ်ကြာရင် ဘယ်သူမှ သတိရတော့မှာ မဟုတ်ပါဘူး။ ကွာခြားချက်က အရမ်း ကြီးမားလွန်းပါတယ်။

နောက်တစ်ခု ကျုပ် အကူအညီ တောင်းချင်ပါတယ်။ ပညာတတ် အပေါင်းတို့ ကျုပ်ကို ကူညီပြီး ပြောပေးကြပါ။ ဒီတစ်ကြိမ် ယွဲ့တန်းဖျင်မှာ စာအုပ် တစ်အုပ်တည်းပဲ ပါသင့်ပါတယ်။ အဲဒါက ကျောက်တုံးမှတ်တမ်းပါ။

ကျုပ် နာမည် လုံးဝ မပါသင့်ပါဘူး။ ကျုပ် စာအုပ်လည်း လုံးဝ မပါသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ် မထိုက်တန်လို့ပါ။ ဒုတိယ နေရာ၊ တတိယ နေရာ၊ စတုတ္ထ နေရာ၊ ပဉ္စမ နေရာတွေ အတွက်တောင် မထိုက်တန်ပါဘူး။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

အောက်မင်သည် ထိုစကားများကို ပြောကြားပြီးနောက် ခွန်အားများအားလုံး ကုန်ခမ်းသွားသကဲ့သို့ပင်။ ထို့နောက် ပြင်းထန်စွာ ချောင်းဆိုးလာရာ အဖြူရောင်လက်ကိုင်ပဝါဖြင့် အလျင်အမြန်ပင် အုပ်လိုက်လေ၏။

သူသည် အလွန် လျင်မြန်စွာ ဝှက်လိုက်သော်လည်း မျက်စိရှင်သူများမှာမူ သူ၏လက်ကိုင်ပဝါပေါ်၌ သွေးများ ပေကျံနေသည်ကို မြင်တွေ့လိုက်ကြ၏။

“သခင်လေး အောက်မင် သွေးအန်နေတယ်။”

“သခင်လေး အောက်မင် သွေးအန်နေတယ်။ မြန်မြန် အိမ်ထဲ ပြန်ဝင်ပြီး အနားယူပါတော့။”

“သခင်လေး အောက်မင်က တကယ်ကို စိတ်သဘောထား ကြီးမြတ်တာပဲ။ အမှန်တကယ်တော့ သူက အရမ်းကို ထူးချွန်နေပါပြီ။ ကျောက်တုံးမှတ်တမ်းလို ဂန္ထဝင်မြောက် စာအုပ်နဲ့ သွားဆုံနေလို့သာ သူ ရှုံးသွားရတာပါ။ သူ့ရဲ့ အပြစ် မဟုတ်ပါဘူး။ ရှုံးသွားပေမယ့်လည်း ဂုဏ်ယူစရာ ကောင်းပါတယ်။”

ရာပေါင်းများစွာသော လူများမှာ ခေါင်းညိတ်ကြလျက် အောက်မင်၏ စိတ်နေသဘောထားကို ချီးကျူး အသိအမှတ်ပြုကြလေသည်။

အားလုံး၏ လေးစားအားကျသော အကြည့်များအောက်တွင် အောက်မင်ကို ထမ်းစင်ဖြင့် ဝေမြို့စားကြီး၏ အိမ်တော်အတွင်းသို့ ပြန်လည်သယ်ဆောင်သွားကြ၏။

နုလန်ဟောက်၏ အိမ်တော်အတွင်း၌မူ...

“ချီးတဲ့မှ… ခွေးလိုကောင်... သေသင့်တဲ့ကောင်” ယွင်ကျုံးဟဲ့က ကျိန်ဆဲလိုက်သည်။

အောက်မင်မှာ အမှန်တကယ်ပင် သရဲတမျှ ပါးနပ်လှသည်။ သူသည် နာမည်ပျက်ရတော့မည့် အခြေအနေသို့ ရောက်ရန် အနည်းငယ်သာ လိုတော့ခြင်း ဖြစ်၏။

သို့သော်ငြား အရေးကြီးဆုံးအချိန်၌ စာမူအတွင်းရှိ ဝှက်စာများကို သူက ရှာဖွေတွေ့ရှိသွားကာ ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလျက် အရှုံးပေးကြောင်း ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

လူအများအပြားက အချိန်ကို တွက်ချက်ကြည့်ကြပြီး ဖြစ်သည်။ အောက်မင် အရှုံးပေးကြောင်း ကြေညာသည့် အချိန်မှာ ယွဲ့တန်းဖျင်၌ ဝှက်စာများကို ဖော်ထုတ်သည့် အချိန်ထက် နာရီဝက်ခန့် စောနေခြင်း ဖြစ်၏။

ဤနာရီဝက်ခန့် အချိန်လေးမှာ စာမူခိုးယူသည့် ကိစ္စနှင့် အောက်မင်မှာ လုံးဝမသက်ဆိုင်ကြောင်း၊ သူသည် ဘာမှ မသိရှိခဲ့ဘဲ သူကိုယ်တိုင်ပင် သားကောင်ဖြစ်ခဲ့ရကြောင်းကို သက်သေပြနေခြင်းပင်။

အရာအားလုံးမှာ အောက်မျိုးနွယ်စုမှ အခြားသူများ၏ ကြံစည်မှုသာ ဖြစ်သည်။ အောက်မင်အနေဖြင့် အပြစ်ကင်းစင်သွားအောင် လုံးဝဆေးကြော၍ မရနိုင်သည်မှာ သေချာလှသကဲ့သို့၊ လူအများအပြားမှာလည်း စိတ်အတွင်း၌ သံသယဝင်နေကြမည်သာ ဖြစ်သည်။

အမှန်တကယ်ပင် ထူးဆန်းလှပေသည်။ ယခင်တစ်ခေါက်က အောက်မင် လုပ်ကြံခံရပြီး အောက်ယွီတို့ သားအမိကို အပြစ်ပုံချစဉ်ကလည်း အောက်ဖျင် တစ်ဦးတည်းသာ လုပ်ဆောင်ခြင်းဖြစ်ပြီး၊ သခင်လေး အောက်မင်နှင့် မသက်ဆိုင်ဟု ပြောခဲ့ကြ၏။

ယခုတစ်ကြိမ် အောက်ယွီ၏ စာမူကိုခိုးယူကာ ကျောက်တုံးမှတ်တမ်းကို ပိုင်ဆိုင်ရန် ကြိုးပမ်းသည့် အခါတွင်လည်း အောက်ကျင်း ကိုယ်တိုင် လုပ်ဆောင်ခြင်း ဖြစ်ပြီး အောက်မင်နှင့် လုံးဝမသက်ဆိုင်ဟု ပြောကြပြန်သည်။

အောက်မျိုးနွယ်စုအတွင်း၌ အောက်မင်တစ်ဦးတည်းသာ ဖြူစင်သော ကြာပန်းလေး ဖြစ်နေသည်လား။ ထို့ကြောင့် အောက်မင်၏ နာမည်မှာ သေချာပေါက် ညစ်နွမ်းသွားခဲ့ပြီ ဖြစ်၏။

သို့သော်ငြား အနည်းဆုံးအနေဖြင့် သူ့ကို နာမည်ပျက်စေမည့် ခိုင်လုံသော သက်သေအထောက်အထား မရှိပေ။ နောင်တွင် သူတို့၏ အားကောင်းသော ထင်မြင်ယူဆချက် အာဏာကို အသုံးပြု၍ နာမည်ကောင်း ပြန်လည်ရရှိအောင် သေချာပေါက် လုပ်ဆောင်ကြပေလိမ့်မည်။

တရုတ်သမိုင်းတစ်လျှောက်တွင် မည်မျှပင် ကြီးကျယ်သော စာပေပညာရှင် သို့မဟုတ် သူတော်စင် ဖြစ်ပါစေ၊ နာမည်ကောင်းမှာ အမြဲတမ်း ဖြူစင်နေခဲ့ခြင်း မဟုတ်ဘဲ ညစ်နွမ်းသော အချိန်များ ရှိခဲ့စမြဲ ဖြစ်သည်။

လူအများရှေ့တွင် အသတ်မခံရသရွေ့နှင့် နာမည်လုံးဝ ပျက်စီးမသွားသရွေ့ အနာဂတ်၌ အခွင့်အရေး ရှိနေသေး၏။

သို့ပေမည့် ဤအောက်မင်မှာမူ အမှန်တကယ်ပင် ပါးနပ်လွန်းလှ၏။ ထောင်ချောက်အတွင်းသို့ ခြေတစ်ဖက် ဝင်နေပြီဖြစ်သော သားကောင်တစ်ကောင်မှာ ရုတ်တရက် သတိပြုမိသွားကာ ခုန်ထွက်သွားသည့်နှယ်ပင်။

ဤလူမှာ အမှန်တကယ်ပင် ကောင်းမွန်လှသကဲ့သို့ တော်လည်း တော်လှပေသည်။ သို့သော်ငြား အောက်မျိုးနွယ်စုအနေဖြင့် ဤသို့သော အရှက်ကွဲစရာ ကိစ္စရပ်များ တစ်ကြိမ်ပြီး တစ်ကြိမ် ဖြစ်ပွားနေခြင်းကိုမူ လူတိုင်းအား ရှင်းပြရန် လိုအပ်ပေလိမ့်မည်။

လေးလပိုင်း သုံးရက်နေ့...

အောက်မင်သည် ဝေမြို့စားကြီး၏ အိမ်တော်မှ ထွက်ခွာခဲ့ပြီး အောက်မျိုးနွယ်စုသို့ တရားဝင် ပြန်လည် ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင် အောက်ထင်က ဖျင်ယန်နယ်စားငယ် အောက်ကျင်းကို လူအများရှေ့တွင် အပြစ်ပေးမည် ဖြစ်ကြောင်း ကြေညာလိုက်၏။

ထိုနေ့တွင် အောက်မျိုးနွယ်စု၏ အိမ်တော်တံခါးဝ၌ လူများ တိုးကြိတ်နေကြသည်။

ဖျင်ယန်နယ်စားငယ် အောက်ကျင်းမှာ အင်္ကျီချွတ်လျက် ကျောပေါ်တွင် ဆူးများပါသော သစ်ကိုင်းကို ထမ်းကာ မြေပြင်ပေါ်၌ ဒူးထောက်နေသည်။ ၎င်းမှာ အပြစ်ဝန်ခံသည့် ပုံစံပင် ဖြစ်၏။

ဤတစ်ကြိမ်တွင်မူ အောက်ထင်သည် စိတ်မကောင်းဖြစ်ဟန် မဆောင်တော့ပေ။ သူသည် သစ်သားတုတ် တစ်ချောင်းကို ယူဆောင်ကာ အောက်ကျင်း၏ ကျောပြင်ကို သွေးထွက်သံယိုဖြစ်သည်အထိ ပြင်းထန်စွာ ရိုက်နှက်တော့သည်။

လူတိုင်းမှာ ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြသော်လည်း၊ မျက်လုံးများအတွင်း၌မူ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေလေ၏။

အောက်ထင်အနေဖြင့် ဤကဲ့သို့သော ပြဇာတ်မျိုးကို တစ်ကြိမ်ကပြရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။ ဒုတိယ အကြိမ် ထပ်မံကပြလျှင်မူ မည်သူမှ ယုံကြည်ကြတော့မည် မဟုတ်ပေ။

ရိုက်နှက်ပြီးနောက်တွင် ဖျင်ယန်နယ်စားငယ် အောက်ကျင်းမှာ မြေပြင်ပေါ်၌ ဒူးထောက်လျက် ဦးညွှတ်ကာ ပြောလိုက်လေသည်။ “အဖေ… အဘိုးတို့… အဘွားတို့… ကျုပ် အောက်ကျင်း အပြစ်ရှိပါတယ်။ ကျုပ် အောက်ကျင်း အပြစ်ရှိပါတယ်။

ကျုပ် အောက်ကျင်းက စိတ်ယိုင်သွားခဲ့တာပါ။ တစ်ယောက်ယောက်က ကျောက်တုံးမှတ်တမ်းရဲ့ နောက်ဆုံး နှစ်တွဲ စာမူတွေကို ခိုးပေးမယ်လို့ ပြောတော့ ကျုပ် အရမ်း ဝမ်းသာသွားတယ်။ မိသားစုနဲ့ မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ပြီး ဒီစာမူတွေကို အောက်မင် ရေးတာပါလို့ ပြောခဲ့တယ်။

ပြီးတော့ အောက်ယွီကို စာမူခိုးပါတယ်လို့ ပြောင်းပြန် စွပ်စွဲခဲ့တယ်။ ကျုပ်က အောက်မင်ကို ကူညီတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ သူ့ကို ဒုက္ခပေးသလို ဖြစ်သွားခဲ့တယ်။ တူတော်မောင် အောက်မင်က ဒဏ်ရာ မကျက်သေးဘူးလေ။ ကျုပ်ရဲ့ အရှက်ကွဲစရာ ကိစ္စကို သိလိုက်ရတော့ သူ့ရဲ့ ဒဏ်ရာက ချက်ချင်း ပွင့်ထွက်သွားတယ်။

အဖေ… ကျုပ်က တခြားသူတွေရဲ့ အဆိပ်ပြင်းတဲ့ အကြံအစည်ထဲ ကျရောက်သွားတာပါ။ ကျုပ်သာ မိသားစုနဲ့ ကြိုတင် တိုင်ပင်ခဲ့မယ်ဆိုရင် ဒီစာမူတွေထဲက ဝှက်စာတွေကို ရှာတွေ့နိုင်ပြီး ဒါဟာ ရန်သူတွေရဲ့ အဆိပ်ပြင်းတဲ့ အကြံအစည် ဆိုတာကို သိနိုင်မှာပါ။”

...............................

All Chapters