← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅) သံတမန်များ ဝင်ရောက်လာခြင်း

မိန်းမစိုး ယန်၏ အသံသည် အဝေးမှ ပဲ့တင်ထပ်လာပြီးနောက် မကြာမီမှာပင် အဖွဲ့သုံးဖွဲ့သည် အဓိကခန်းမဆောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်ရောက်လာကြလေသည်။

အရှေ့မီးတောက်အင်ပါယာ ကိုယ်စားလှယ်အဖွဲ့တွင် လူဆယ်ဦး ပါဝင်ပြီး အရှေ့မီးတောက်အင်ပါယာ၏ ဒုတိယမင်းသား ယန်ယန်ကျွင်းက ဦးဆောင်ကာ အခြားသူများအားလုံးမှာ သန်မာထွားကြိုင်းသော အမျိုးသား သံတမန်များ ဖြစ်ကြပေသည်။

သို့သော် ဤတိုက်ကြီးတွင် နိုင်ငံများအကြား သံတမန်ရေးရာ ခရီးစဉ်များ သွားရောက်သည့်အခါ အမျိုးသမီး သံတမန်များကို အမှန်တကယ် မြင်တွေ့ရခဲလှပေသည်။

ထိုနိုင်ငံကို အမျိုးသမီးတစ်ဦးက အုပ်ချုပ်နေခြင်း မဟုတ်လျှင်ပေါ့။

ဥပမာအားဖြင့် ငွေလမင်းအင်ပါယာ ဖြစ်လေသည်။

ငွေလမင်းအင်ပါယာ ကိုယ်စားလှယ်အဖွဲ့တွင်လည်း လူဆယ်ဦး ပါဝင်ပြီး ငွေလမင်းအင်ပါယာ၏ ဖျင်ချွမ်း ဘုရင် ယဲ့မုချန်က ဦးဆောင်ပေသည်။

အရှေ့မီးတောက်အင်ပါယာနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်အနေဖြင့် ငွေလမင်းအင်ပါယာ ကိုယ်စားလှယ်အဖွဲ့တွင် လူဆယ်ဦး ပါဝင်ပြီး သူတို့အားလုံးမှာ အမျိုးသမီးများ ဖြစ်ကြလေသည်။

သို့သော် သာမန်အမျိုးသမီးများနှင့်မတူဘဲ ငွေလမင်းအင်ပါယာ ကိုယ်စားလှယ်အဖွဲ့ဝင် ဆယ်ဦးစလုံးသည် ရဲရင့်ကြပြီး စစ်သည်တော်များ၏ အရည်အသွေးများ ပိုင်ဆိုင်ထားကြပေသည်။

အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူသည် တော်ဝင်မင်းသားတစ်ပါးနှင့် အမှန်တကယ် ထိုက်တန်သော မင်းတစ်ပါး၏ အရည်အသွေးကို ပိုင်ဆိုင်ထားလေသည်။

နောက်ဆုံးအနေဖြင့် အနောက်မြူခိုးအင်ပါယာ ဖြစ်ပြီး အနောက်မြူခိုး၏ အိမ်ရှေ့မင်းသား ကျီချွန်းရှီးက ဦးဆောင်ကာ အခြားသံတမန် ကိုးဦး ပါဝင်ပြီး အားလုံးမှာ အမျိုးသားများ ဖြစ်ကြပေသည်။

သို့သော် အရှေ့မီးတောက်အင်ပါယာ၏ သံတမန်များနှင့် နှိုင်းယှဉ်ပါက သူတို့သည် ပိုမိုပိန်ပါးပြီး အားနည်းပုံရကာ ပညာရှင်ဆန်သော အငွေ့အသက် အချို့ ရှိကြလေသည်။

အိမ်ရှေ့မင်းသားနှင့် သံတမန်ကိုးဦးအပြင် အနောက်မြူခိုးအင်ပါယာ ကိုယ်စားလှယ်အဖွဲ့တွင် မင်းသမီးကြီး ကျီယွင်ရှန်၊ စတုတ္ထမင်းသမီး ကျီယွီဝေ့နှင့် သတ္တမမင်းသား ကျီဝူဟန်တို့ သုံးဦးလည်း လိုက်ပါလာကြပေသည်။

သူတို့ထဲတွင် မင်းသမီးကြီး ကျီယွင်ရှန်သည် အသက် နှစ်ဆယ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျီကျစ်ယွီနှင့် အနည်းငယ် တူညီကာ နှစ်ဦးစလုံး အလွန်တရာ လှပကြလေသည်။

ကျီယွီဝေ့သည် နန်ကုန်းရိုရွှေနှင့် အသက်အရွယ်တူခန့် ရှိပုံရသော်လည်း သူမ၏ အရိုးသက်တမ်းအရ အသက်ခုနစ်နှစ် ရှိသင့်ပေသည်။

သတ္တမမင်းသား ကျီဝူဟန်နှင့် နန်ကုန်းကျင်းချီတို့သည် အသက်အရွယ်တူခန့် ရှိပြီး သူတို့၏ အရိုးသက်တမ်းအရ အသက် ၅ နှစ်မှ ၆ နှစ်ခန့် ရှိသင့်ပေသည်။

သူတို့သုံးဦးသည် အမှန်တကယ် သံတမန်များ မဟုတ်ဘဲ အပျော်သဘော လိုက်ပါလာခြင်းသာ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

"ကျွန်ုပ်တို့ ချင်းယိုဧကရာဇ်ကို ဂါရဝပြုပါတယ်..."

နိုင်ငံသုံးခုမှ သံတမန်များအားလုံးသည် အနည်းငယ် ဦးညွှတ်ကာ ဂါရဝပြုကြပြီး မမျှော်လင့်ထားသော မာနထောင်လွှားမှုမျိုး မပြသခဲ့ကြချေ။

နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ ခမ်းနားထည်ဝါသော အသံ ထွက်ပေါ်လာလေ၏။

"လေးစားရတဲ့ သံတမန်များ... ထကြပါ... မနေ့က မင်းတို့ ရောက်လာတယ်လို့ ကြားရတဲ့အခါ ပြင်ဆင်မှုတွေ ချက်ချင်းလုပ်ဖို့ ငါကိုယ်တိုင် အမိန့်ပေးခဲ့ပြီး မင်းတို့ကို ကြိုဆိုဖို့နဲ့ ခရီးပန်းလာတာတွေကို ဖြေဖျောက်ဖို့ ဒီနေ့ စားသောက်ပွဲ ကျင်းပပေးတာပါ... မင်းတို့ စိတ်မကျေမနပ် မဖြစ်ဘူးလို့ မျှော်လင့်သလို အားနာမနေပါနဲ့လို့လည်း တောင်းဆိုပါတယ်..."

"ချင်းယိုဧကရာဇ်ကို ကျေးဇူးတင်ပါတယ်..."

လူတိုင်းက ကျေးဇူးတင်စကားဆိုကာ ခေါင်းညိတ်ပြလိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

အရှေ့မီးတောက်အင်ပါယာ၏ ဒုတိယမင်းသား ယန်ယန်ကျွင်းသည် ရှေ့တစ်လှမ်းတိုးကာ အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော်က အရှေ့မီးတောက်အင်ပါယာရဲ့ ဒုတိယမင်းသား ယန်ယန်ကျွင်းပါ... ကျွန်တော်တို့ နိုင်ငံနှစ်ခုကြား မဟာမိတ်ဖွဲ့ဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့၊ ကုန်သွယ်ရေး ဖလှယ်မှုတွေနဲ့ အပြန်အလှန် အကျိုးခံစားခွင့်တွေ ရရှိဖို့အတွက် အရှေ့မီးတောက်အင်ပါယာက ကျွန်တော့်ကို ဒီကို စေလွှတ်လိုက်တာပါ..."

"ဒါ့ကြောင့် ခမည်းတော်က ကျွန်တော်တို့ရဲ့ အရှေ့မီးတောက်အင်ပါယာရဲ့ အထူးထုတ်ကုန်တွေကို ယူလာဖို့ အထူးစေလွှတ်လိုက်တာပါ... အရှေ့မီးတောက်အင်ပါယာကနေ အလွန်တရာ လှပတဲ့ အဆိုတော် ၁၀ ဦး၊ အဆင့်မြင့် မီးတောက်နဂါးသံမဏိ ပိဿာ ၁၀၀၊ အဆင့် ၈ မီးတောက်စိမ်း ဆေးလုံး တစ်လုံးနဲ့ အခြား ဆေးဖက်ဝင် ပစ္စည်းတွေနဲ့ တခြား လက်ဆောင်တွေ ပါဝင်ပါတယ်... ချင်းယိုဧကရာဇ်က ဝမ်းမြောက်ဝမ်းသာ လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်..."

ဤစကားကို ကြားချိန်တွင် ချင်းယိုအင်ပါယာ၏ မှူးမတ်အရာရှိများသည် အနည်းငယ် အံ့အားသင့်သွားကြလေသည်။မီးတောက်နဂါးသံမဏိ... မီးတောက်စိမ်း ဆေးလုံး...

အရှေ့မီးတောက်အင်ပါယာက တကယ်ကို ရက်ရောတာပဲ...

မီးတောက်နဂါးသံမဏိသည် မီးဂုဏ်သတ္တိ ဝိညာဉ်ရတနာများ သွန်းလုပ်ရန်အတွက် အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်ပေသည်။ဝိညာဉ်ရတနာတစ်ခု သွန်းလုပ်ချိန်တွင် မီးတောက်နဂါးသံမဏိ ဆယ်ပေါင် ထည့်သွင်းမည်ဆိုပါက ရတနာဖန်တီးရှင်သည် အရည်အချင်းမရှိသူ မဟုတ်သရွေ့ အဆင့်မြင့် မီးဂုဏ်သတ္တိ ဝိညာဉ်ရတနာတစ်ခု ဖန်တီးနိုင်မည်မှာ သေချာပေသည်။

၎င်းသည် အရှေ့မီးတောက်အင်ပါယာ၏ နဂါးတောင်တန်းများတွင် ပေါများစွာ ရှိပြီး အနီးအနားရှိ မည်သည့်နိုင်ငံတွင်မျှ ဤဝိညာဉ်ပစ္စည်း မရှိသောကြောင့် ၎င်းကို မီးတောက်နဂါးသံမဏိဟု အမည်ပေးထားခြင်း ဖြစ်လေသည်။

မီးတောက်စိမ်း ဆေးလုံးသည် အဋ္ဌမအဆင့် ဆေးလုံးဖြစ်ပြီး အရှေ့မီးတောက်အင်ပါယာ၏ ဆေးဆရာများက နဂါးတောင်တန်းများတွင်သာ ရှိသော မီးတောက်စိမ်း မြက်ပင်ကို အခြေခံ၍ နှစ်ရာချီကြာအောင် ဖန်တီးခဲ့ကြခြင်း ဖြစ်ပေသည်။

ဤမီးတောက်စိမ်း ဆေးလုံးသည် သက်တမ်းကို ဆယ်နှစ်တိုးစေပြီး ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိလေ၏။ ထို့ကြောင့် မီးတောက်စိမ်း မြက်ပင်နှင့် မီးတောက်စိမ်း ဆေးလုံး နှစ်မျိုးစလုံးကို အရှေ့မီးတောက်အင်ပါယာ၏ တော်ဝင်မိသားစုကသာ လက်ဝါးကြီးအုပ်ထားပေသည်။ အပြင်လူများသည် ၎င်းအကြောင်းကို ကြားသာကြားဖူးသော်လည်း ၎င်းတို့ထဲမှ တစ်ခုကို အမှန်တကယ် ပေးလာလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ကြ။

မှူးမတ်အရာရှိများသည် အနည်းငယ် အံ့အားသင့်သွားကြပြီး အနည်းငယ် ရှုပ်ထွေးသွားကြလေသည်။

သူတို့သည် လက်ရှိတွင် ပေ့ချွမ်းအင်ပါယာနှင့် စစ်ဖြစ်နေကြရာ အရှေ့မီးတောက်အင်ပါယာက အဘယ်ကြောင့် နောက်ကွယ်မှ လက်တုံ့ပြန်ရန် မကြိုးစားဘဲ ဤမျှလောက် စေတနာကောင်း ပြသနေရသနည်း။

နန်ကုန်းအောက်ထျန်း၏ အမူအရာ ပြောင်းလဲခြင်း မရှိဘဲ အနည်းငယ် ပြုံးကာ ဆိုလိုက်သည်။

"အရှေ့မီးတောက်အင်ပါယာက အရမ်းသဘောကောင်းတာပဲ... ဒီလက်ဆောင်ကို ငါ လက်ခံပါ့မယ်... အရှေ့မီးတောက် ဧကရာဇ်ကို ငါ့ရဲ့ ကျေးဇူးတင်စကား ပြန်ပါးပေးမယ်ဆိုရင် ကျေးဇူးတင်ပါတယ်... ငါတို့နိုင်ငံနှစ်ခုကြား သံတမန်ဆက်ဆံရေးကို မြင်ရလို့ ငါ အရမ်းဝမ်းသာပါတယ်..."

"ဒီနေ့ ငါတို့ စားသောက်ပွဲ လုပ်နေတာပါ... ဒုတိယမင်းသား... မင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ခေါ်လာပြီး နေရာယူပါ... အားနာမနေပါနဲ့..."

"ချင်းယိုဧကရာဇ်ကို ကျေးဇူးတင်ပါတယ်... မင်းကြီးရဲ့ စကားကို ခမည်းတော်ဆီ ပြန်ပါးလိုက်ပါ့မယ်..."

ယန်ယန်ကျွင်းက ကျေးဇူးတင်စကား ပြောကြားလိုက်ပြီး သူ၏နောက်မှ သံတမန်များကို နေရာယူရန် ဦးဆောင်သွားလေသည်။

ဤသည်ကို မြင်ချိန်တွင် ငွေလမင်းအင်ပါယာ၏ ဖျင်ချွမ်း ဘုရင် ယဲ့မုချန်က ရှေ့တစ်လှမ်းတိုးကာ အနည်းငယ် ဦးညွှတ်လိုက်သည်။

"ချင်းယိုဧကရာဇ်... ကျွန်မက ငွေလမင်းအင်ပါယာရဲ့ ဖျင်ချွမ်း ဘုရင် ယဲ့မုချန်ပါ... ကျွန်မတို့ နိုင်ငံနှစ်ခုကြား မဟာမိတ်ဖွဲ့ဖို့နဲ့ ကုန်စည်ဖလှယ်မှုတွေကို လွယ်ကူချောမွေ့စေဖို့အတွက် ငွေလမင်းအင်ပါယာက ကျွန်မကို ဒီကို စေလွှတ်လိုက်တာပါ..."

"ဒါ့ကြောင့် ဧကရာဇ်မင်းမြတ်က ကျွန်မတို့ကို လက်ဆောင်တချို့ ပေးလိုက်ပါတယ်... ဝိညာဉ်သားရဲဖြစ်တဲ့ လဟစ်ကြွေး ကောင်းကင်ဝံပုလွေ သားပေါက် နှစ်ကောင်၊ အဆင့် ၈ ရေဂုဏ်သတ္တိ အဆောင်မှင် အချိုးတစ်ရာ၊ အဆင့် ၈ သစ္စာဆို အဆောင် တစ်ခုနဲ့ တခြားလက်ဆောင် အတော်များများ ပါဝင်ပါတယ်... ချင်းယိုဧကရာဇ် ဝမ်းမြောက်ဝမ်းသာ လက်ခံမယ်လို့ မျှော်လင့်ပါတယ်..."

ဤစကားကို ကြားချိန်တွင် မှူးမတ်အရာရှိများသည် ထပ်မံ၍ အနည်းငယ် အံ့အားသင့်သွားကြပြန်လေ၏။ တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်ပါပဲ။

ငွေလမင်းအင်ပါယာ၏ ဝိညာဉ်သားရဲဖြစ်သော လဟစ်ကြွေး ကောင်းကင်ဝံပုလွေသည် နိုင်ငံကို ကာကွယ်ပေးသော နတ်ဘုရားသားရဲ ဖြစ်ပေ၏။ ၎င်းသည် သမိုင်းတစ်လျှောက် ဧကရာဇ်များ၏ မွေးမြူယဉ်ပါးစေခြင်း ခံထားရသော သားရဲ ဖြစ်လေသည်။ လဟစ်ကြွေး ကောင်းကင်ဝံပုလွေ သားပေါက်လေး တစ်ကောင်ကို လက်ဆောင်အဖြစ် ပေးခြင်းက ရိုးသားမှုကို ပြသနေပေသည်။

မွေးရာပါ ဝိညာဉ်အမြစ်များ ပိုင်ဆိုင်ကြသော လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့နှင့်မတူဘဲ သားရဲနတ်ဆိုးမျိုးနွယ်သည် ၎င်းတို့၏ ကျင့်ကြံမှုကို ဆက်လက်ပြုလုပ်ရန် ဝိညာဉ်အမြစ်ကို စုစည်းဖို့ အသွင်ပြောင်း မိုးကြိုးကပ်ဘေးကို အသုံးပြုရန် လိုအပ်ပေသည်။

သို့သော် လူအသွင်ပြောင်းနိုင်သော သူများသည် အလယ်အလတ်အဆင့် (သို့မဟုတ်) ထိုထက်ပိုမြင့်သော ဝိညာဉ်အမြစ်ကို စုစည်းနိုင်စွမ်း ရှိရမည် ဖြစ်လေသည်။

လဟစ်ကြွေး ကောင်းကင်ဝံပုလွေသည် ထူးခြားသော ကြီးထွားနိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိကာ လူအသွင်ပြောင်းလေ့ရှိပေ၏။ ထို့အပြင် ၎င်း၏ ဝိညာဉ်အမြစ်သည် အဆင့်မြင့် ဝိညာဉ်အမြစ်အောက်သို့ ရောက်ခဲလှပေသည်။

အကယ်၍ မျိုးပွားရန် အခက်အခဲ မရှိခဲ့ပါက ငွေလမင်းအင်ပါယာသည် လဟစ်ကြွေး ကောင်းကင်ဝံပုလွေကို အားကိုး၍ ပတ်ဝန်းကျင်နိုင်ငံများကို လွန်ခဲ့သည့်အချိန်ကတည်းက စည်းလုံးနိုင်ခဲ့ပြီ ဖြစ်ပေလိမ့်မည်။

ထို့အပြင် အဆင့်ခုနစ်နှင့်အထက် အရင်းအမြစ်များကို အင်ပါယာနှင့် ဂိုဏ်းကြီးများက လက်ဝါးကြီးအုပ်ထားကြပေ၏။ အဆင့် ၈ ရေဂုဏ်သတ္တိ အဆောင်မှင်ကို အဆင့် ၈ ရေဂုဏ်သတ္တိ ဝိညာဉ်အဆောင်များ ရေးဆွဲရန် အသုံးပြုနိုင်ပြီး ၎င်းကို အင်ပါယာရှိ အရေးကြီးသော အရင်းအမြစ်တစ်ခုအဖြစ်လည်း ယူဆကြလေသည်။

ထို့အပြင် ထို အဋ္ဌမအဆင့် သစ္စာဆို အဆောင်သည် သာမန်ပစ္စည်း မဟုတ်။

သစ္စာဆို အဆောင်သည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်နိုင်ပြီး စာချုပ်များ၏ စွမ်းအားကို ထုတ်လွှတ်နိုင်ပေ၏။ အခြားသက်ရှိများနှင့် စာချုပ်ချုပ်ဆိုရာတွင် သစ္စာဆို အဆောင်ကို အသုံးပြုခြင်းဖြင့် တစ်စုံတစ်ဦးသည် ရန်ငြိုးဖွဲ့ခြင်း (သို့မဟုတ်) ၎င်းတို့အပေါ် ခိုင်မာသော အရေးယူမှုများ ပြုလုပ်ပါက စာချုပ်၏ စွမ်းအားဖြင့် အပြစ်ပေးခံရမည် ဖြစ်လေသည်။ အကောင်းဆုံးမှာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ခံစားရမည်ဖြစ်ပြီး အဆိုးဆုံးမှာ သေဆုံးသွားမည် ဖြစ်ပေ၏။

သေချာသည်မှာ ဤအရာတွင် ကန့်သတ်ချက် တစ်ခု ရှိလေသည်။

၎င်းမှာ ကနဦး စာချုပ်ချုပ်ဆိုချိန်တွင် ထုတ်လွှတ်သော စာချုပ်စွမ်းအားသည် သစ္စာဆို အဆောင်၏ အဆင့်ပေါ်မူတည်၍ အားကောင်းမှု ကွာခြားမည် ဖြစ်ပေသည်။

အကယ်၍ စာချုပ်ချုပ်ဆိုသူသည် အလွန်အမင်း အားကောင်းနေပါက စာချုပ်မှာ ပျက်ပြယ်သွားမည်ဖြစ်ပြီး စာချုပ်အပေါ် ဆန့်ကျင်သွားနိုင်ခြေပင် ရှိလေသည်။

သို့သော် စာချုပ် အောင်မြင်သွားသည်နှင့်တပြိုင်နက် စာချုပ်ချုပ်ဆိုသူ၏ စွမ်းအား တိုးလာသည်နှင့်အမျှ စာချုပ်၏ စွမ်းအားသည်လည်း တိုးလာမည်ဖြစ်ပြီး အခြားတစ်ဖက်က ကောင်းကင်နှင့် မြေကြီးကို မကျော်လွန်နိုင်သရွေ့ သူတို့သည် တစ်သက်လုံး လွတ်မြောက်နိုင်မည် မဟုတ်။

ထို့အပြင် ဤ အဋ္ဌမအဆင့် သစ္စာဆို အဆောင်သည် ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် ကျင့်ကြံသူများအတွက် ၇၀% (သို့မဟုတ်) ထို့ထက်ပို၍ စာချုပ်အောင်မြင်စွာ ချုပ်ဆိုနိုင်ခြေ ရှိပြီး အင်ပါယာအတွက် တန်ဖိုးရှိသော အရာတစ်ခု ဖြစ်လာစေပေမည်။

မည်သို့ပင်ဆိုစေ သူတို့သည် ပိုင်ရှင်မရှိသော တောရိုင်း ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် နတ်ဆိုးကျင့်ကြံသူ တစ်ဦးနှင့် ကြုံတွေ့ရပါက သူတို့၏ တိုက်ခိုက်ရေးသမား တစ်ဦးကို ဖမ်းဆီးနိုင်ကောင်း ဖမ်းဆီးနိုင်ပေလိမ့်မည်။

လူတွေအတွက်လည်း အသုံးဝင်ပါတယ်...

နန်ကုန်းအောက်ထျန်းက အနည်းငယ် ပြုံးလိုက်သည်။

"ငွေလမင်း ဧကရာဇ်မက အရမ်းသဘောကောင်းတာပဲ... ဒီလက်ဆောင်ကို ငါ လက်ခံပါ့မယ်... ငွေလမင်း ဧကရာဇ်မကို ငါ့ရဲ့ ကျေးဇူးတင်စကား ပြန်ပါးပေးဖို့ ဖျင်ချွမ်း ဘုရင်ကို တောင်းဆိုပါတယ်... စစ်ပွဲတွေ လျော့ကျသွားပြီး ပြည်သူတွေ ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ဖို့ မဟာမိတ်ဖွဲ့နိုင်ဖို့လည်း မျှော်လင့်ပါတယ်..."

"ဖျင်ချွမ်း ဘုရင်... မင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ခေါ်လာပြီး နေရာယူပါ... အားနာမနေပါနဲ့..."

"ချင်းယိုဧကရာဇ်ကို ကျေးဇူးတင်ပါတယ်... ဧကရာဇ်မင်းမြတ်ရဲ့ စကားတွေကို ကျွန်မ ပြန်ပါးလိုက်ပါ့မယ်..."

ယဲ့မုချန်သည်လည်း ကျေးဇူးတင်စကား ပြောကြားလိုက်ပြီး သူမနောက်မှ သံတမန်များကို နေရာယူရန် ဦးဆောင်သွားလေသည်။

ထို့နောက် လူတိုင်း၏ အကြည့်များသည် အနောက်မြူခိုး သံတမန်အပေါ် ကျရောက်သွားပြီး သူတို့၏မျက်လုံးများတွင် သိချင်စိတ်များ ပြည့်နှက်နေပေသည်။

အခန်း (၆၆) ထိမ်းမြားလက်ထပ်ဖို့ တောင်းဆိုခြင်း

အရှေ့မီးတောက်နှင့် ငွေလမင်း သံတမန်တို့၏ လက်ဆောင်များကြောင့် အနောက်မြူခိုး သံတမန်က မည်သည့်အရာကို ယူဆောင်လာမည်ကို လူတိုင်း သိချင်နေကြလေသည်။

အနောက်မြူခိုး၏ အိမ်ရှေ့မင်းသားသည် အနည်းငယ် ပြုံးကာ ရှေ့တစ်လှမ်းတိုးပြီး ပြောလိုက်သည်။

"အနောက်မြူခိုး အိမ်ရှေ့မင်းသား ကျီချွန်းရှီးက ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်... ကျွန်တော်တို့ နိုင်ငံနှစ်ခုကြား မဟာမိတ်အဖွဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဖို့နဲ့ ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာစေဖို့အတွက် ဧကရာဇ်မင်းမြတ်က ကျွန်တော့်ကို ဒီကို စေလွှတ်လိုက်တာပါ..."

"ဒါ့ကြောင့် ကျွန်တော့်ရဲ့ အစ်ကိုတော်က လက်ဆောင်တချို့ ယူလာဖို့ အထူးတောင်းဆိုလိုက်ပါတယ်... ဝိညာဉ်ပြောင်းလဲခြင်းအဆင့် မြေခွေးနတ်ဆိုး တစ်ကောင်၊ အဆင့် ၉ ကောင်းကင်မြေကြီး ဆေးလုံး တစ်လုံး၊ အဆင့် ၈ ဝိညာဉ် ဆေးလုံး တစ်လုံးနဲ့ တခြားလက်ဆောင် အတော်များများ ပါဝင်ပါတယ်... ချင်းယိုဧကရာဇ် ဝမ်းမြောက်ဝမ်းသာ လက်ခံမယ်လို့ မျှော်လင့်ပါတယ်..."

"ထို့အပြင်... ကျွန်တော်နဲ့အတူ မင်းသမီးကြီး ကျီယွင်ရှန်၊ သတ္တမမင်းသား ကျီဝူဟန်နဲ့ စတုတ္ထမင်းသမီး ကျီယွီဝေ့တို့ သုံးဦးလည်း လိုက်ပါလာပြီး အနောက်မြူခိုးအင်ပါယာရဲ့ ထျန်းယွီ မင်းသမီးကြီးဆီ လာရောက်လည်ပတ်တာပါ... ချင်းယိုဧကရာဇ် ခွင့်ပြုပေးပါ..."

ဤစကားကို ကြားချိန်တွင် လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြလေ၏။ မှန်ပုံရသော်လည်း အနည်းငယ် ထူးဆန်းနေပေသည်။

အဆင့် ၉ ကောင်းကင်မြေကြီး ဆေးလုံးသည် ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်ပြီး ဝိညာဉ်အရှင်မြတ်အဆင့်အတွက်ပင် ကျင့်စဉ်အဆင့်ငယ် တစ်ခု တိုးစေနိုင်လေ၏။

ထို့အပြင် ၎င်း၏ ထူးခြားချက်မှာ အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်းရှိပြီး အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူများကို ကန့်သတ်ချက်အချို့ ဖောက်ဖျက်ကာ နတ်ဘုရားပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်စွမ်း ရှိခြင်းပင် ဖြစ်ပေသည်။

၎င်းသည် ၎င်း၏ အမှန်တကယ် ဖုံးကွယ်ထားသော ရည်ရွယ်ချက် ဖြစ်လေသည်။

လူတိုင်းက မိဖုရားခေါင်ကြီး ဟန်လီယန်၏ ရင်ခွင်ထဲရှိ နန်ကုန်းယွီကို လှမ်းကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများမှာ အနည်းငယ် ရှုပ်ထွေးနေကြပေသည်။

ဝိညာဉ်ပြောင်းလဲခြင်းအဆင့် မြေခွေးနတ်ဆိုး...

ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ဖြစ်သောကြောင့် သူမသည် အသွင်ပြောင်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးဖြစ်ကာ ဝိညာဉ်အမြစ်မှာ အနည်းဆုံး အလယ်အလတ်အဆင့် ရှိပေမည်။

သို့သော် မြေခွေးနတ်ဆိုးများသည် လူများကို ပြုစားပြီး သူတို့၏ ကျင့်ကြံမှုများကို ဖြုန်းတီးစေခြင်းနှင့် မကြာခဏ အဓိပ္ပာယ်တူလေ့ရှိပေ၏။ အနောက်မြူခိုးအင်ပါယာတွင် နောက်ကွယ်မှ ရည်ရွယ်ချက်များ ရှိနေပုံရလေသည်။

၎င်းသည် အလွန်တရာ လှပသော အဆိုတော်တစ်ဦးကို စေလွှတ်သည့် အရှေ့မီးတောက်အင်ပါယာနှင့် ဆင်တူသော်လည်း ပို၍ပင် လွန်ကဲလှပေသည်။

ဝိညာဉ် ဆေးလုံးသည် ဝိညာဉ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးရန်အတွက် ဆေးလုံးတစ်လုံးဖြစ်ပြီး ကျင့်ကြံသူများအတွက် တစ်ခါတစ်ရံတွင် အသက်ကယ်ဆေးလုံးအဖြစ် သတ်မှတ်နိုင်လေသည်။

နန်ကုန်းအောက်ထျန်းသည် အနည်းငယ် ရှုပ်ထွေးသွားသော်လည်း သူ၏အမူအရာ ပြောင်းလဲခြင်းမရှိဘဲ ပြုံးကာ ဆိုလိုက်သည်။

"အနောက်မြူခိုး ဧကရာဇ်က အရမ်းသဘောကောင်းတာပဲ... လက်ဆောင်တွေကို ငါ လက်ခံပါ့မယ်... အနောက်မြူခိုး ဧကရာဇ်ကို ငါ့ရဲ့ ကျေးဇူးတင်စကား ပြန်ပါးပေးဖို့ တောင်းဆိုပါတယ်... ငါတို့ နိုင်ငံနှစ်ခု ထာဝရ ချစ်ကြည်ရင်းနှီးစွာ ပေါင်းစည်းနိုင်ပါစေ..."

"မင်းကြီး... ငါတို့က ဆွေမျိုးတွေလို ဆက်စပ်နေတာဆိုတော့ ဒီမှာ အရမ်းကြီး တရားဝင်ဖြစ်နေစရာ မလိုပါဘူး... မင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ကို နေရာယူခိုင်းလိုက်ပါ..."

"ဒါ့အပြင်... ငါ့မိခင်ရဲ့ တူမနဲ့ မြေးတွေ သူမဆီ လာလည်ချင်တာကို ငါ ကန့်ကွက်စရာ မရှိပါဘူး... စားသောက်ပွဲအပြီးမှာ ငါ့ရဲ့ မိဖုရားခေါင်ကြီးက သူတို့သုံးယောက်ကို အဲ့ဒီကို ခေါ်သွားပေးမယ်ဆိုရင် ဘယ်လိုလဲ..."

"ချင်းယိုဧကရာဇ်ကို ကျေးဇူးတင်ပါတယ်..."

အနောက်မြူခိုး အိမ်ရှေ့မင်းသား ကျီချွန်းရှီးက ကျေးဇူးတင်စကား ပြောကြားလိုက်ပြီး သူ၏နောက်မှ လူများကို နေရာယူရန် ဦးဆောင်သွားလေသည်။

နန်ကုန်းအောက်ထျန်းက အနည်းငယ် ပြုံးလိုက်ပြီး အောက်ရှိ လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

"ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရောက်လာပြီဆိုတော့ စားသောက်ပွဲ စကြရအောင်... ဒီနေ့ ငါတို့ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးမှာ မဟုတ်ဘဲ သောက်စားပြီး ပျော်ပျော်ပါးပါး နေကြမယ်..."

သူပြောနေစဉ် ယန်ယန်ကျွင်းနှင့် အခြားနိုင်ငံသုံးခုမှ သံတမန်များအား သူ၏ ဝိုင်ခွက်ကို မြှောက်ပြကာ ပြောလိုက်သည်။

"ကောင်းကောင်း စားသောက်ကြပါ... အားနာမနေကြပါနဲ့..."

"ချင်းယိုဧကရာဇ်ကို ကျေးဇူးတင်ပါတယ်..."

လူတိုင်းက သူတို့၏ခွက်များကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ကြလေသည်။

နန်ကုန်းယွီသည် ဟန်လီယန်၏ ရင်ခွင်ထဲတွင် ထိုင်နေရင်း ဤမြင်ကွင်းကို ကြည့်နေကာ သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးသော အကြည့်တစ်ခု ဖြတ်ပြေးသွားပေသည်။

ဒီလူတွေအားလုံးက မယုံနိုင်လောက်အောင် ကောက်ကျစ်ကြတာပဲ... သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက တကယ်ကို ထိပ်တန်းပဲ...

ဒါ့အပြင် အဘိုးကြီးတချို့က အရမ်းလည်လွန်းပြီး စကားသိပ်မပြောကြဘူး... နန်ကုန်းယွီက ထိပ်တန်းသရုပ်ဆောင် တစ်ယောက်ဖြစ်နေရင်တောင် သူတို့ရဲ့ လှည့်ကွက်တွေကို မဖောက်ထွင်းနိုင်ဘူး...

သူ စကားမပြောသည်ကို မြင်ချိန်တွင် ဟန်လီယန်သည် ခေါင်းငုံ့ကာ မေးမိသွားလေသည်။

"ယွီအာ... စားချင်တာ တစ်ခုခု ရှိလား... အဒေါ် ယူပေးမယ်လေ နော်..."

သူမ၏အသံသည် နူးညံ့ပြီး ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိကာ သူမ၏အမူအရာတွင် မကြာခဏဆိုသလို ကြင်နာမှုအရိပ်အယောင်များ ပေါ်လွင်နေပေသည်။

နန်ကုန်းယွီက စားပွဲပေါ်ရှိ ဆီးသီးနှင့် အနည်းငယ်တူသော တောက်ပသော အနီရောင် ဝိညာဉ်သစ်သီး ပန်းကန်ကို လက်ညှိုးထိုးပြလိုက်သည်။

"အဒေါ်... အဲ့ဒါ ဘာလဲ... တောက်ပတဲ့ အနီရောင်လေး... ယွီအာ စားချင်တယ်..."

ဟန်လီယန်က ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး တစ်လုံးကို ယူကာ နန်ကုန်းယွီ၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်လေသည်။

"ဒါက အနီရောင် ဝိညာဉ်သစ်သီးလို့ ခေါ်တယ်... ဝိညာဉ်စွမ်းအင် သိပ်မရှိပေမဲ့ ချိုပြီး အရည်ရွှမ်းလို့ အရမ်းစားကောင်းတယ်... ယွီအာ ဒါကို အရင်စားကြည့်... ပြီးတော့ အဆင်ပြေလားလို့ အဒေါ့်ကို ပြောပြနော်..."

"ကျေးဇူးတင်ပါတယ် အဒေါ်..."

နန်ကုန်းယွီက ကျေးဇူးတင်စကားဆိုကာ ဖွံ့ဖြိုးဆဲ သွားလေးများဖြင့် အနည်းငယ် ကိုက်စားလိုက်ရာ သူ၏မျက်လုံးများ အရောင်လက်သွားလေသည်။

ဤအနီရောင်ဆီးသီးသည် မှည့်နေသော စိန့်တက်စ်သစ်သီးနှင့် အနည်းငယ် ဆင်တူပြီး ညင်သာစွာ ကိုက်လိုက်သည်နှင့် ၎င်း၏အရည်များက ပါးစပ်ထဲတွင် ပြည့်နှက်သွားပေသည်။

အရည်များက အနည်းငယ် ချဉ်သော အရသာရှိပြီး ထူးခြားသော အချိုဓာတ်နှင့် ရောစပ်နေကာ ဆက်စားချင်စိတ်ကို ဖြစ်ပေါ်စေလေသည်။

ဟန်လီယန်သည် နန်ကုန်းယွီ၏ အမူအရာကို သတိထားမိနေဆဲပင်။ သူမက အနည်းငယ် ပြုံးလိုက်ပြီး စားပွဲပေါ်ရှိ သစ်သီးပန်းကန်များအားလုံးကို နန်ကုန်းယွီ၏ မျက်နှာရှေ့သို့ သူလှမ်းယူနိုင်ရုံလေး ရွှေ့ပေးလိုက်သည်။

ထို့နောက် သူမသည် နန်ကုန်းယွီ၏ ပြုံးနေသော မျက်နှာလေးကို ပုတ်ကာ ပြောလိုက်သည်။

"ကြိုက်တာစားနော်... တခြားဘာကိုမှ စိတ်မပူနဲ့..."

"ကျေးဇူးတင်ပါတယ် အဒေါ်..."

နန်ကုန်းယွီက ပြုံးကာ ပြောလိုက်သည်။

နန်ကုန်းအောက်ထျန်းက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ရှေ့ရှိ သစ်သီးပန်းကန်ကို ယူကာ ပြောလိုက်လေသည်။

"ကြိုက်ရင် များများစားနော်... နန်းတော်ထဲမှာ ဒီဝိညာဉ်သစ်သီးတွေ အများကြီး ရှိသေးတယ်..."

"ကျေးဇူးတင်ပါတယ် ဦးရီးတော်..."

လူအတော်များများက ဤမြင်ကွင်းကို မျက်မြင်တွေ့ခဲ့ကြသော်လည်း အများစုမှာ ၎င်းကို ကျင့်သားရနေကြပြီ ဖြစ်ပေသည်။

ယခင်က ဧကရာဇ်သည် သူ၏နေရာကို ဧကရာဇ်အား ပေးခဲ့သော်လည်း ယခုအခါ ဧကရာဇ်သည် မိဖုရားခေါင်ကြီး၏ ပေါင်ပေါ်တွင် ထိုင်နေလေ၏။ ဤသည်မှာ ယခုဖြစ်ပျက်နေသည့်အရာနှင့် နှိုင်းယှဉ်ပါက ဘာမျှမဟုတ်ချေ။

သေချာသည်မှာ သံတမန်များလည်း ၎င်းကို သတိထားမိကြပေသည်။

သူတို့၏ စကားပြောဆိုမှုကို ကြားပြီးနောက် နန်ကုန်းယွီ၏ အဆင့်အတန်းကို သူတို့ မရေမရာ သသိရှိသွားကြလေသည်။

ကျန်းပေ့မင်းသား နန်ကုန်းအောက်ချန်၏ မိဘမဲ့သား နန်ကုန်းယွီသည် နန်ကုန်းအောက်ထျန်းနှင့် ဟန်လီယန်တို့၏ အံ့အားသင့်ဖွယ်ရာ မျက်နှာသာပေးမှုကို ခံရမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြ။

အနောက်မြူခိုး အိမ်ရှေ့မင်းသား ကျီချွန်းရှီး၏ မျက်လုံးများ နက်ရှိုင်းရာတွင် အပြုံးတစ်ခု ဖြတ်ပြေးသွားပေ၏။ နောက်ဆုံးတွင် မည်သူက ဆေးလုံးကို ရရှိမည်ကို သူ အနည်းငယ် သိချင်နေပြီ ဖြစ်လေသည်။

သူသည် အနည်းငယ် ထကာ နန်ကုန်းအောက်ထျန်းကို ညင်သာစွာ ဦးညွှတ်လိုက်သည်။

"အရှင်မင်းကြီး... ဒီလို ပျော်ရွှင်စရာကောင်းတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံနှစ်ခုကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ခိုင်မာစေဖို့နဲ့ မဟာမိတ်ဖွဲ့မှုကို မြှင့်တင်ဖို့အတွက် ကျွန်တော့်ရဲ့ အနောက်မြူခိုးအင်ပါယာ အိမ်ရှေ့မင်းသားအတွက် ထိမ်းမြားလက်ထပ်ဖို့ စီစဉ်ချင်ပါတယ်..."

ဤစကားကို ကြားချိန်တွင် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

နန်ကုန်းအောက်ထျန်း၏ မျက်လုံးများသည် မသေချာမရေရာမှုများဖြင့် တောက်ပသွားပြီး မေးလိုက်သည်။

"မင်းရဲ့ အကြံအစည်ကို အရင်ပြောပြပါဦး..."

အနောက်မြူခိုး အိမ်ရှေ့မင်းသား ကျီချွန်းရှီးက အနည်းငယ် ပြုံးလိုက်ပြီး နန်ကုန်းရိုရွှယ်နှင့် နန်ကုန်းရိုရွှေတို့ကို တစ်ချက်ကြည့်ကာ သူ၏အကြည့်ကို နန်ကုန်းရိုရွှယ်အပေါ် ရပ်တန့်လိုက်လေသည်။

နန်ကုန်းရိုရွှယ်၏ အမူအရာသည် အနည်းငယ် တောင့်တင်းသွားပြီး မကောင်းသော နိမိတ်တစ်ခုက သူမအပေါ် လွှမ်းမိုးလာပေသည်။

သို့သော် ထို့နောက် အနောက်မြူခိုး အိမ်ရှေ့မင်းသား ကျီချွန်းရှီးသည် သူ၏လက်ကို မြှောက်ကာ နန်ကုန်းရိုရွှယ်ကို တည့်တည့် လက်ညှိုးထိုးလိုက်လေသည်။

"ချင်းယိုအင်ပါယာရဲ့ မင်းသမီးကြီးက အနောက်မြူခိုး အိမ်ရှေ့မင်းသားထက် အများကြီး မငယ်ပါဘူး... နှစ်ယောက်စလုံးက သူတို့ မျိုးဆက်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေပါ... သူတို့နှစ်ယောက် လက်ထပ်တာက ဒီထက်ပိုပြီး သင့်တော်တာ မရှိနိုင်တော့ဘူး... ဘယ်လိုထင်လဲ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်၏ မျက်နှာသည် တောင့်တင်းသွားပြီး ခေါင်းထဲတွင် အူဝေသွားကာ အနည်းငယ် မှင်သက်သွားလေသည်။

နန်ကုန်းအောက်ထျန်းသည် နန်ကုန်းရိုရွှယ်ကို လှည့်ကြည့်လိုက်ရာ သူမ၏ အနည်းငယ် ဖြူရော်နေသော မျက်နှာကို သတိထားမိသွားပြီး မေးမိသွား‌ လေသည်။

"ရိုရွှယ်... သမီး ဘယ်လိုထင်လဲ..."

နန်ကုန်းရိုရွှယ်၏ ခန္ဓာကိုယ်သည် တုန်ရီသွားပြီး သတိပြန်ဝင်လာချိန်တွင် သူမ အနည်းငယ် ဆုံးဖြတ်ရခက်နေဆဲ ဖြစ်လေသည်။

သူမသည် ထကာ ဒူးထောက်လိုက်ပြီး သူမ၏အမူအရာတွင် မလိုလားမှုများ ပြည့်နှက်နေပေသည်။

"ခမည်းတော်... သမီးက... မဟာမိတ်ဖွဲ့ဖို့ မလက်ထပ်ချင်ပါဘူး..."

ဤစကားကို ကြားချိန်တွင် အနောက်မြူခိုး အိမ်ရှေ့မင်းသား ကျီချွန်းရှီး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

"အရှင်မင်းကြီး... အမျိုးသမီးတစ်ယောက်ရဲ့ အိမ်ထောင်ရေးက မိဘသဘောတူညီချက်နဲ့ အောင်သွယ်ရဲ့ စကားပေါ်မှာ မူတည်တာပါ... မင်းသမီးကြီးကို ဘာလို့ မေးနေရတာလဲ..."

နန်ကုန်းအောက်ထျန်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး ဤလူယုတ်မာက ထောင်ချောက်ဆင်နေကြောင်း သဘောပေါက်သွားလေ၏။

သူ့သမီးအတွက် သူ ဆုံးဖြတ်ချက်ချနိုင်သလား။

သေချာတာပေါ့ ရပါတယ်။

သို့သော် ရိုးရိုးသားသားပြောရလျှင် သူ့တွင် သမီးနှစ်ယောက်သာ ရှိပြီး သူတို့ နိုင်ငံခြားသို့ သွားရမည်ကို သူ မလိုလားချေ။

တစ်နေ့တွင် နိုင်ငံနှစ်ခု စစ်ဖြစ်ပါက သူတို့သာ ဒုက္ခရောက်ပြီး ပြဿနာတက်ရမည် ဖြစ်လေသည်။ သူ ဘယ်လိုခံစားနိုင်မည်နည်း။

သို့သော် ယခု ချင်းယိုအင်ပါယာနှင့် ပေ့ချွမ်းအင်ပါယာတို့ စစ်ဖြစ်နေကြရာ ဤကိစ္စအတွက် အနောက်မြူခိုးအင်ပါယာကို မကျေမနပ်ဖြစ်အောင် လုပ်နိုင်ပါမည်လော။

နန်ကုန်းရိုရွှယ်သည် မော့ကြည့်လိုက်ပြီး သူမ၏ ဖခင်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးထဲမှ အလင်းရောင် မှေးမှိန်သွားသကဲ့သို့ ငြိမ်သက်နေသော ရေကဲ့သို့ တည်ငြိမ်နေသော အမူအရာကို တွေ့လိုက်ရပေသည်။

သို့သော် ထို့နောက် သူမ တစ်စုံတစ်ခုကို သတိရသွားပြီး သူမ၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားလေသည်။

All Chapters