အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း (၆၇) မင်းက ဘာလို့ သဘောမတူတာလဲ...
တစ်စုံတစ်ခုကို တွေးတောရင်း နန်ကုန်းရိုရွှယ်သည် 'ဘာမှမထူးတော့ဘူး' ဆိုသည့် စိတ်ဓာတ်ဖြင့် ဟန်လီယန်အား ကြည့်လိုက်လေသည်။
သူမ၏ အကြည့်သည် ဟန်လီယန်၏ ရင်ခွင်ထဲရှိ နန်ကုန်းယွီအပေါ်သို့ ကျရောက်သွားပေသည်။
ထိုအချိန်တွင် နန်ကုန်းယွီ၏ အမူအရာသည် အနည်းငယ် မှုန်မှိုင်းသွားပြီး သူက မော့ကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်ချင်း ဆုံသွားကြသည်။
နန်ကုန်းရိုရွှယ်၏ မျက်လုံးများထဲရှိ မလိုလားမှုများကို နန်ကုန်းယွီ မြင်လိုက်ရသကဲ့သို့ တိတ်ဆိတ်နေသော နန်ကုန်းအောက်ထျန်းကိုလည်း လှမ်းကြည့်လိုက်ပြီးနောက် သူကိုယ်တိုင် အရေးယူရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သိလိုက်လေသည်။
သူသာ အလျင်အမြန် အရေးမယူပါက သူချစ်ရသော အစ်မတော်မှာ နှလုံးကြေကွဲရပေတော့မည်။
ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက နန်ကုန်းအောက်ထျန်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြကာ သူ့ကိုသာ အာရုံစိုက်နေကြပေသည်။
ထိုအချိန်မှာပင် လူတိုင်း၏ နားထဲသို့ ကလေးဆန်သော အသံတစ်သံ ပဲ့တင်ထပ်လာသည်။
"ဒါက ဘယ်လို ထိမ်းမြားမှု တောင်းဆိုတာလဲ... သူကိုယ်တိုင်လည်း ဒီမှာမရှိဘဲနဲ့... သူက ရိုးသားမှု မရှိတာလား..."
ဤစကားကို ကြားချိန်တွင် လူတိုင်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
နန်ကုန်းအောက်ထျန်း၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားသော်လည်း သူက စကားမပြောဘဲ အခြေအနေကို အရင်စောင့်ကြည့်ရန် ရည်ရွယ်ထားပုံရလေသည်။
အခြားသူအားလုံးကမူ ဟန်လီယန်၏ ရင်ခွင်ထဲတွင် ပါးစပ်သုတ်နေသော နန်ကုန်းယွီထံသို့ ခေါင်းလှည့်ကြည့်လိုက်ကြသည်။
အနောက်မြူခိုး အိမ်ရှေ့မင်းသား ကျီချွန်းရှီး၏ အမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး သူ၏ နှလုံးထဲတွင် မရေမရာသော မလုံခြုံမှုတစ်ခု ဖြတ်ပြေးသွားလေသည်။ သူက နန်ကုန်းအောက်ထျန်းကို ကြည့်ကာ ဆိုလိုက်သည်။
"အရှင်မင်းကြီး... ဒီကလေးက ဘယ်သူလဲ... ဒီလောက် ငယ်ငယ်လေးနဲ့ နိုင်ငံနှစ်ခုကြားက အရေးကြီးကိစ္စတွေကို ဝင်ရောက်စွက်ဖက်တာက မသင့်တော်ဘူး မဟုတ်လား..."
နန်ကုန်းအောက်ထျန်းက ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် နန်ကုန်းယွီက သူ၏ လက်ညှိုးလေးကို မြှောက်ကာ သူ့ကိုယ်သူ ပြန်ထိုးပြရင်း ရှုပ်ထွေးနေဟန်ဖြင့် ကြည့်လာသည်ကို မြင်လိုက်ရပေသည်။
"မင်းက ငါ့ကို ပြောတာလား... ကျန်းပေ့စစ်တပ် သုံးထောင်ကို ကွပ်ကဲတဲ့ မျိုးရိုးဆက်ခံ ကျန်းပေ့မင်းသားပဲ ... ဒီခန်းမထဲမှာ ငါ့ကို မသိတဲ့သူ ရှိလို့လား... မင်းကရော မသိဘူးလား..."
သူ၏ ရှုပ်ထွေးနေပြီး ချစ်စရာကောင်းသော အမူအရာကို မြင်ချိန်တွင် လူတိုင်း ရယ်မောချင်သွားကြသည်။
သို့သော် အနောက်မြူခိုး အိမ်ရှေ့မင်းသား ကျီချွန်းရှီးမှာမူ မရယ်နိုင်သကဲ့သို့ သူ၏ နောက်လိုက်များလည်း မရယ်နိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် နန်ကုန်းယွီသည် သူတို့၏ ကိစ္စများကို ဝင်ရောက်နှောင့်ယှက်ပြီး သူတို့၏ အစီအစဉ်များကို ဖျက်ဆီးနေသောကြောင့် ဖြစ်ပေသည်။
ကျီချွန်းရှီးသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူ၏ဘေးမှ သတ္တမမင်းသား ကျီဝူဟန်ကို အချက်ပြလိုက်လေသည်။ တစ်ဖက်လူက လူငယ်တစ်ဦးဖြစ်သောကြောင့် သူသည်လည်း လူငယ်တစ်ဦးကိုသာ ပြန်လည်ရင်ဆိုင်စေမည် ဖြစ်ပေသည်။
သတ္တမမင်းသား ကျီဝူဟန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး မတ်တပ်ရပ်ကာ ဆိုလိုက်သည်။
"မင်းသားငယ်... မင်းက ကျန်းပေ့မင်းသား ဖြစ်နေပေမဲ့ အသက်က ခြောက်လပဲ ရှိသေးတာလေ... ဒီလို အရေးကြီးတဲ့ အမျိုးသားရေးရာ ကိစ္စတွေမှာ ဘယ်လိုလုပ်ပြီး ပါဝင်နိုင်မှာလဲ..."
“ဘာလို့ မရရမှာလဲ’’
နန်ကုန်းယွီက ခေါင်းလေးစောင်းကာ ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်လေသည်။
"ငါက ဦးရီးတော် ကိုယ်တိုင် ခန့်အပ်ထားတဲ့ ကျန်းပေ့မင်းသားလေ... ငါက ဘာလို့ မပါဝင်နိုင်ရမှာလဲ..."
"အဲ့ဒီအစား မင်းကကျတော့ ဘွဲ့ထူးအာဏာလည်း မရှိ၊ ရာထူးလည်း မရှိတဲ့ မင်းသားတစ်ပါးပဲလေ... ပြီးတော့ နိုင်ငံရေးမှာ ပါဝင်ဖို့ အရွယ်တောင် မရောက်သေးဘူး... မင်းက ဘယ်လိုလုပ် ပါဝင်နေရတာလဲ..."
ဤစကားကို ကြားချိန်တွင် သတ္တမမင်းသား ကျီဝူဟန်သည် မှင်သက်သွားပြီး သူ၏ အမူအရာမှာ ဗလာဖြစ်သွားလေ၏။ တစ်ဖက်လူ ပြောလိုက်သော စကားလုံးတိုင်းမှာ သူ၏ နှလုံးသားကို ထိုးနှက်နေသကဲ့သို့ဖြစ်ပြီး မည်သို့ ပြန်ပြောရမည်ကိုပင် သူ မသိတော့ချေ။
ကျီချွန်းရှီးသည် မှင်သက်နေသော သတ္တမမင်းသား ကျီဝူဟန်ကို စိတ်ပျက်သည့် အရိပ်အယောင်များဖြင့် လှမ်းကြည့်လိုက်လေသည်။
သို့သော် ယခုအချိန်သည် အခြားသူများကို အပြစ်တင်ရမည့်အချိန် မဟုတ်ချေ။ ဤထိမ်းမြားမှုကို အမြန်ဆုံး အတည်ပြုနိုင်ရန်သာ လိုအပ်ပေသည်။
သူသည် တွေဝေမနေတော့ဘဲ စကားပြောရန် ပြင်လိုက်စဉ်မှာပင် နန်ကုန်းယွီ ထပ်မံ ပြောဆိုလာပြန်သည်။
"ဒါနဲ့... ဒါက နိုင်ငံတော်အဆင့် ကိစ္စ မဟုတ်သင့်ဘူးလေ... ဒါက ငါ့ရဲ့ အစ်မတော်ရဲ့ အိမ်ထောင်ရေးကိစ္စ ပဲ... ဒါက ငါတို့ မိသားစုကိစ္စလေ... ငါက သူမရဲ့ မောင်လေးတစ်ယောက်အနေနဲ့ ဘာလို့ ဝင်မပါနိုင်ရမှာလဲ..."
"အဲ့ဒီအစား မင်းတို့က ငါတို့ မိသားစုဝင်တွေလည်း မဟုတ်ဘဲနဲ့ ငါတို့ မိသားစုကိစ္စကို ဘာလို့ ဝင်ရှုပ်နေကြတာလဲ..."
ဤစကားကို ကြားချိန်တွင် လူတိုင်း၏ အမူအရာမှာ ထူးဆန်းသွားကြလေသည်။
ကျီချွန်းရှီးသည် မကျေမနပ်ဖြစ်သွားပြီး ပြောလိုက်သည်။
"ကလေးလေး... မင်းက အချက်အလက်တွေကို လိမ်နေတာပဲ... မင်းသမီးတစ်ပါးရဲ့ အိမ်ထောင်ရေးဆိုတာ အမျိုးသားရေးရာ ကိစ္စလည်း ဖြစ်တယ်လေ..."
"ဟုတ်လို့လား..."
နန်ကုန်းယွီက ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းလေးစောင်းလိုက်သည်။
"ဒါပေမဲ့ ဒါက နိုင်ငံတော်အဆင့် အရေးကြီးကိစ္စဆိုရင် အဲ့ဒီ အိမ်ရှေ့မင်းသားက ဘာလို့ ကိုယ်တိုင်မလာတာလဲ... သူက ဒါကို တန်ဖိုးမထားတာလား... ဒါမှမဟုတ် ငါ့ရဲ့ ချင်းယိုအင်ပါယာကို အထင်သေးတာလား..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းနှင့် အခြားသူများအပါအဝင် လူတိုင်း၏ အမူအရာ ပြောင်းလဲသွားကြလေသည်။
ဒီစကားတွေက အရမ်းပြင်းထန်လွန်းတယ်...
ဒါပေမဲ့ ကောင်လေးက ဘာမှ မသိဘဲ ပြောလိုက်တာလေ...
ကလေးတွေရဲ့ စကားက အပြစ်ကင်းစင်ပေမဲ့ လူတွေကို အများကြီး တွေးတောမိစေနိုင်တယ်... ဒီစကားကို ဘယ်လိုမှ လက်ခံလို့ မဖြစ်ဘူး...
မဟုတ်ရင် အနောက်မြူခိုးအင်ပါယာက ဝေဖန်မှုတွေရဲ့ ပစ်မှတ် ဖြစ်သွားလိမ့်မယ်...
ကျီချွန်းရှီး၏ အမူအရာ ပြောင်းလဲသွားပြီး သူ စကားပြောရန် ပြင်လိုက်သော်လည်း နန်ကုန်းယွီက သူ စကားပြောသည်ကို စောင့်မနေတော့ချေ။
သူက ကျီချွန်းရှီးကို မော့ကြည့်ကာ ပြောလိုက်လေ၏။
"ပြီးတော့... ငါက ဦးရီးတော်ကိုယ်တိုင် ခန့်အပ်ထားတဲ့ ကျန်းပေ့မင်းသားလေ... ဥပဒေအရ ဆိုရင် ငါက နိုင်ငံတော်အရေးကိစ္စတွေမှာ မင်းနဲ့ တန်းတူပဲ... ဒါပေမဲ့ ခုနက မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ..."
"ကလေးလေး ဟုတ်လား... မင်းက ငါ့ကို အထင်သေးတာလား... ဒါမှမဟုတ် ငါ့ရဲ့ ဦးရီးတော်ကို အထင်သေးတာလား..."
"ရှုးးးး."
နန်ကုန်းယွီ၏ စကားကို ကြားချိန်တွင် လူတိုင်း အမှန်တကယ် ထိတ်လန့်သွားကြရပေသည်။ ဒီကလေးက တကယ်ပဲ အသက် ခြောက်လပဲ ရှိသေးတာလား...
ဒီလောက် ကြည်လင်တဲ့ စိတ်ကူး၊ ဒီလောက် အားကောင်းတဲ့ တုံ့ပြန်မှုတွေနဲ့ အရှိန်အဝါကို အသုံးချတတ်ပုံက လူကြီးတစ်ယောက်လို့တောင် ယုံကြည်သွားနိုင်တယ်….
အဓိကအချက်က သူက ခြောက်လသား ကလေးလေးပဲလေ... သူ ပြောသမျှကို အပြစ်ကင်းစင်တဲ့ ကလေးစကားလို့ ယူဆလို့ရပေမဲ့ တခြားသူတွေကတော့ အဲ့ဒီဘက်ကို တွေးမိသွားကြလိမ့်မယ်...
"ငါ အဲ့ဒီလို မဟုတ်ဘူး... အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့..."
ကျီချွန်းရှီး၏ အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွားလေ၏။ အမူအရာ ပျက်ယွင်းနေပြီဖြစ်သော နန်ကုန်းအောက်ထျန်းကို ကြည့်ရင်း ထိုကလေးလေးကို လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်သွားရချေသည်။
"မဟုတ်ဘူး ဟုတ်လား..."
နန်ကုန်းယွီက ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းခါပြလိုက်သည်။
"ဒါဆိုလည်း မဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ့မယ်... ဒါပေမဲ့ ကလေးတစ်ယောက်ဖြစ်တဲ့ ငါတောင်မှ မင်းတို့ ဒီနေ့ လုပ်တာတွေက မှားနေတယ်လို့ ထင်တယ်..."
"ဒီလိုမျိုး ဘယ်လိုလုပ်ပြီး ထိမ်းမြားဖို့ တောင်းဆိုနိုင်မှာလဲ... တကယ်လို့ ငါက ချင်းယိုအင်ပါယာရဲ့ အိမ်ရှေ့မင်းသားကိုယ်စား အနောက်မြူခိုးအင်ပါယာရဲ့ စတုတ္ထမင်းသမီးကို ထိမ်းမြားဖို့ တောင်းဆိုရင် မင်း သဘောတူမှာလား..."
ဤစကားကို ကြားချိန်တွင် သက်ဆိုင်သူ၏ မျက်နှာ ပျက်သွားလေ၏။ မီးက သူတို့ဆီ ဘယ်လိုလုပ့လှည့်လာရတာလဲ...
ကျီချွန်းရှီး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ပြောလိုက်သည်။
"ငါက ထိမ်းမြားဖို့ တောင်းဆိုနေတာလေ... မင်းက ဘာလို့ ဝင်ရှုပ်နေရတာလဲ..."
"မဟုတ်ပါဘူး... မင်းက မင်းသားတစ်ပါးအနေနဲ့ တခြားမင်းသားတစ်ပါးအတွက် ထိမ်းမြားဖို့ တောင်းဆိုနိုင်တယ်ဆိုရင် ငါကလည်း ချင်းယိုအင်ပါယာရဲ့... ကျန်းပေ့မင်းသားအနေနဲ့ ဘာလို့ မရရမှာလဲ..."
နန်ကုန်းယွီက ဟနဟန်ဆောင်ရှုပ်ထွေးပြလိုက်သည်။
"မင်းတို့ အနောက်မြူခိုးရဲ့ အိမ်ရှေ့မင်းသားက ဒီကိုတောင် မလာဘူးလေ... ဒါက ရိုးသားမှုမရှိတာ သိသာနေတာပဲ... ဒါပေမဲ့ ငါတို့ ချင်းယိုရဲ့ အိမ်ရှေ့မင်းသားကတော့ ဒီမှာတင် ရှိနေပြီး ရိုးသားမှုတွေလည်း အပြည့်ပဲလေ... အဲ့ဒါကို မင်းက ဘာလို့ သဘောမတူတာလဲ..."
"ဒါ... ငါ..."
ကျီချွန်းရှီးမှာ အသက်ရှူရပ်လောက်အောင် ဖြစ်သွားရချေသည်။
ဒါက တကယ်ပဲ အသက် ခြောက်လအရွယ် ကလေးတစ်ယောက်လား...
သို့သော် နန်ကုန်းယွီက ကိစ္စကို ဤမျှနှင့် ရပ်မပစ်သေးချေ။ သူက ကျီချွန်းရှီးကို ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။
"မင်းသားကြီး… မင်းက ဘာလို့ သဘောမတူတာလဲ..."
"ငါတို့ ချင်းယိုအင်ပါယာရဲ့ မင်းသား နန်ကုန်းကျင်းချီနဲ့ အနောက်မြူခိုးရဲ့ စတုတ္ထမင်းသမီး ကျီယွီဝေ့တို့က အသက်ချင်းလည်း တူကြတယ်... ဒါပေမဲ့ နန်ကုန်းကျင်းချီက အိမ်ရှေ့မင်းသား ဖြစ်ပြီး ကျီယွီဝေ့ကတော့ စတုတ္ထမင်းသမီးပဲ ရှိသေးတာ... မင်းက ဘာလို့ သဘောမတူတာလဲ..."
"မင်းက ထိမ်းမြားမှုကနေတစ်ဆင့် ဆွေမျိုးဆက်ဆံရေးကို ခိုင်မာအောင်လုပ်ပြီး မဟာမိတ်ဖွဲ့ချင်တာ မဟုတ်ဘူးလား... ဒီထက်ပိုကောင်းတဲ့ ရွေးချယ်မှုတွေ ရှိနေတာတောင် မင်းက ဘာလို့ သဘောမတူတာလဲ... မင်းက ငါတို့ ချင်းယိုရဲ့ အိမ်ရှေ့မင်းသားကို အထင်သေးတာလား... ဒါမှမဟုတ်... မင်းက မဟာမိတ် လုံးဝမဖွဲ့ချင်တာလား... ဒါမှမဟုတ် မင်းမှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတာလား..."
ဤစကားကို ကြားချိန်တွင် ကျီချွန်းရှီး၏ အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွားလေသည်။
"ကျန်းပေ့မင်းသား... အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့... ငါက ဒီကိစ္စကို သဘာဝကျကျ သဘောတူပါတယ်... ဒါပေမဲ့ စတုတ္ထမင်းသမီးရဲ့ အိမ်ထောင်ရေးကို ငါ ဆုံးဖြတ်လို့ မရဘူးလေ... ငါ့ရဲ့ အစ်ကိုတော်ကို မေးရဦးမယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီ၏ မျက်လုံးများ အရောင်လက်သွားပြီး နန်ကုန်းအောက်ထျန်းကို လှမ်းကြည့်လိုက်လေသည်။
"ဦးရီးတော်... ကြားလိုက်လား... သူ သဘောတူလိုက်ပြီ..."
"ထိမ်းမြားပြီး မဟာမိတ်ဖွဲ့ဖို့က တစ်နေရာတည်းဆို ရပါပြီ... အခု အစ်ကိုတော် ကျင်းချီအတွက် သမက်လောင်း ရပြီဆိုတော့ အစ်မတော်အတွက် မလိုတော့ဘူးနော်..."
ကျီချွန်းရှီးသည် ဤစကားကို ကြားချိန်တွင် လုံးလုံးလျားလျား မှင်သက်သွားလေ၏။ သူ ဘယ်တုန်းက သဘောတူလိုက်လို့လဲ...
"မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ..."
သို့သော် သူ စကားမပြောမီမှာပင် နန်ကုန်းအောက်ထျန်းက ရယ်မောလိုက်ပြီး အရင်ဦးအောင် ပြောလိုက်လေ၏။
"မင်းသားကြီးက သဘောတူပြီဆိုတော့... ပြန်သွားပြီး မင်းတို့နိုင်ငံမှာ ပြင်ဆင်မှုတွေ လုပ်ထားလိုက်ပါ... နောက်နှစ်နှစ်နေရင် အိမ်ရှေ့မင်းသမီးကို ကြိုဆိုဖို့အတွက် ငါ သံတမန်တစ်ဦး စေလွှတ်လိုက်ပါ့မယ်..."
"ဒီထိမ်းမြားမှုနဲ့အတူ ငါတို့နိုင်ငံနှစ်ခုကြား မဟာမိတ်အဖွဲ့က ပိုပြီး ခိုင်မာလာလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်... ငါတို့ အတူတူ ဖွံ့ဖြိုးတိုးတက်ကြတာပေါ့..."
"ဒါ... ငါ..."
ကျီချွန်းရှီး၏ မျက်နှာမှာ အလွန်ပင် ညိုးငယ်သွားလေသည်။ သူ ထောင်ချောက်ဆင်ခံလိုက်ရပုံရ၏။အသက် ခြောက်လသားလေးရဲ့ ထောင်ချောက်ထဲကိုပေါ့။
သူ၏ ထူးဆန်းသော အမူအရာကို မြင်ချိန်တွင် နန်ကုန်းအောက်ထျန်းက မျက်မှောင်ကြုတ်လိုက်ကာ
"ဘာလဲ... မင်း ခုနက ပြောတာတွေက နောက်နေတာလား..."
အခန်း (၆၈) ဒါဆို သူက ဘာမှ မဟုတ်တော့ဘူးပေါ့...
နန်ကုန်းအောက်ထျန်း၏ စကားကို ကြားချိန်တွင် ကျီချွန်းရှီး၏ အမူအရာမှာ တင်းမာသွားလေ၏။
သူသည် အလျင်အမြန် ခေါင်းခါပြလိုက်ပြီး ပြောလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော် အဲ့ဒီလို မဆိုလိုပါဘူး... ခုနက ကျွန်တော် ပြောခဲ့သလိုပါပဲ... စတုတ္ထမင်းသမီးရဲ့ အိမ်ထောင်ရေးကို ကျွန်တော် ဆုံးဖြတ်လို့မရပါဘူး... အစ်ကိုတော် ဧကရာဇ်ကပဲ ဆုံးဖြတ်ရမှာပါ..."
"ဒါက အဆင်ပြေပါတယ်..."
နန်ကုန်းအောက်ထျန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏မျက်လုံးများတွင် အပြုံးတစ်ခု ရှိနေပေသည်။
"ယွီဝေ့က မိန်းကလေးကောင်းတစ်ယောက်လို့ ငါ ထင်တယ်... ငါ ဒီထိမ်းမြားမှုကို အရမ်းသဘောကျတယ်... ဒီတစ်ခုတည်းကိုပဲ သဘောကျတာပါ... မင်း ပြန်သွားပြီး အနောက်မြူခိုး ဧကရာဇ်ကို အဲ့ဒီအကြောင်း စဉ်းစားခိုင်းလိုက်ပါ..."
ဤစကားကို ကြားချိန်တွင် ကျီချွန်းရှီး၏ မျက်နှာမှာ အလွန်ပင် မကျေမနပ် ဖြစ်သွားသော်လည်း အခြေအနေမှာ ပြန်ပြင်မရတော့ကြောင်း သူ သိလိုက်ပေသည်။
သူသည် အကူအညီမဲ့နေဟန်ဖြင့် ကြည့်လိုက်ပြီး ပြောရုံသာ တတ်နိုင်တော့ချေသည်။
"ဒီကိစ္စကို အစ်ကိုတော်ဆီ ကျွန်တော် အကြောင်းကြားလိုက်ပါ့မယ်..."
ထိုသို့ပြောပြီးနောက် သူသည် နန်ကုန်းယွီကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ထိုင်ချလိုက်လေသည်။
နန်ကုန်းအောက်ထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ခွက်ကို မြှောက်ကာ ဆိုလိုက်သည်။
"ငါတို့ ချင်းယိုနဲ့ အနောက်မြူခိုးတို့ ဆွေမျိုးဆက်ဆံရေး ဖြစ်တော့မယ်လို့ ထင်ရတယ်... ဒီနေ့ ငါ အရမ်းဝမ်းသာလို့... အားလုံးပဲ ဒီကိစ္စအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ခွက်တွေကို မြှောက်လိုက်ကြစမ်း..."
အနောက်မြူခိုး သံတမန်များမှလွဲ၍ အခြားသူအားလုံးမှာ ပြုံးပြုံးရွှင်ရွှင်ဖြင့် သူတို့၏ ခွက်များကို မြှောက်လိုက်ကြသော်လည်း အနောက်မြူခိုး သံတမန်များမှာမူ စိတ်ပျက်နေပုံရလေသည်။
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး နန်ကုန်းရိုရွှယ်ကို လှည့်ကြည့်လိုက်ရာ သူမက ပြုံးရွှင်နေပြီး သူမ၏ မျက်လုံးများတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရပေ၏။
သူမသည် နန်ကုန်းယွီအား သူမကိုယ်စား တောင်းပန်ပေးရန်၊ သူမ၏ နားထဲတွင် တိုးတိုးလေး ပြောပေးရန်နှင့် ဧကရာဇ်က နန်ကုန်းယွီ၏ လွှမ်းမိုးမှုကို ထည့်သွင်းစဉ်းစားပေးရန်သာ လိုလားခဲ့ခြင်း ဖြစ်ပေသည်။ မျက်နှာချင်းဆိုင်တွင်မူ သူတို့က ဤအကြံဉာဏ်ကို ငြင်းပယ်ကောင်း ငြင်းပယ်နိုင်ပေသည်။
မထင်မှတ်ထားဘဲ နန်ကုန်းယွီ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်ပင် အံ့ဩစရာကောင်းလှပြီး သူ၏ဖခင်ပင်လျှင် ခက်ခဲနေသည့် ကိစ္စတစ်ခုကို သူ တစ်ယောက်တည်း ဖြေရှင်းနိုင်ခဲ့ပေသည်။
ခဏတာမျှ နန်ကုန်းရိုရွှယ်သည် သူ့ကို လေးစားမိသွားလေသည်။ သူမ၏ မောင်လေးသည် ဤမျှလောက် အံ့ဩစရာကောင်းမည်ဟု သူမ ဘယ်တုန်းကမှ မသိခဲ့ချေ။
ထိုအချိန်တွင် အရှေ့မီးတောက်အင်ပါယာ၏ ဒုတိယမင်းသား ယန်ယန်ကျွင်းသည် ခဏတာ တွေဝေသွားပြီးနောက် မတ်တပ်ရပ်လိုက်လေသည်။
ဤသည်ကို မြင်ချိန်တွင် ချင်းယိုအင်ပါယာဝင်များမှာ အနည်းငယ် ထိတ်လန့်သွားကြသည်။ ပြဿနာတွေက တစ်ခုပြီးတစ်ခု လာနေတာလား...
ဒါဆို ဒီလူတွေက ငါတို့ ချင်းယိုမင်းသမီးကို ဖမ်းဖို့ ကြိုးစားနေကြတာပေါ့ ဟုတ်လား... ချင်းယိုဧကရာဇ်ရဲ့ ထူးဆန်းတဲ့ အမူအရာကို သူတို့ မမြင်ကြဘူးလား...
ဒါက သူ့သမီးကို လက်မထပ်ပေးချင်ဘူးဆိုတာ ရှင်းလင်းစွာ ပြသနေတာပဲလေ။
နန်ကုန်းယွီသည်လည်း လှမ်းကြည့်လိုက်ရာ ယန်ယန်ကျွင်းက သူ့ကိုကြည့်ပြီး အနည်းငယ် ပြုံးပြနေသည်ကို မြင်လိုက်ရပေသည်။
ထို့နောက် သူက ပြုံးကာ ဆိုလိုက်သည်။
"အရှင်မင်းကြီး... ထိမ်းမြားပြီး မဟာမိတ်ဖွဲ့တာက တကယ်ကို ကောင်းတဲ့ အကြံဉာဏ်ပါပဲ... ကျွန်တော့်မှာရော အဲ့ဒီလို လုပ်ဖို့ အခွင့်အရေး ရှိမလားလို့ သိချင်မိပါတယ်..."
နန်ကုန်းအောက်ထျန်းသည် ခဏတာ တန့်သွားပြီး အနည်းငယ် အကူအညီမဲ့နေသကဲ့သို့ ခံစားလိုက်ရသော်လည်း နန်ကုန်းယွီဘက်သို့ လှည့်ကြည့်လိုက်လေသည်။
နန်ကုန်းယွီမှာလည်း အနည်းငယ် အကူအညီမဲ့နေဟန် ရှိပေသည်။ ဒီလူတွေက မရပ်တော့ဘူးလား...
သူက မော့ကြည့်လိုက်ပြီး မျက်တောင်ခတ်ကာ ယန်ယန်ကျွင်းကို ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သော အကြည့်လေးဖြင့် ကြည့်လိုက်လေ၏။
"အရှေ့မီးတောက်ရဲ့ ဒုတိယမင်းသား... မင်းကဘယ်သူကိုထိမ်းမြားချင်တာလဲ..."
ယန်ယန်ကျွင်းက အနည်းငယ် ပြုံးလိုက်ပြီး နန်ကုန်းယွီကို ကြည့်ကာ ဆိုလိုက်သည်။
"မင်းသားငယ်ကရော... ဘယ်သူ့ကို ထိမ်းမြားသင့်တယ်လို့ မင်းထင်လဲ..."
နန်ကုန်းယွီ၏ နှုတ်ခမ်းများမှာ မသိမသာမျှ လှုပ်ခတ်သွားလေ၏။ သူတို့က ကိစ္စကို ငါ့ဆီ လွှဲပစ်လိုက်တာလား...
ဒါက တကယ်ပဲ ခွေးကျင့်ခွေးကြံ လုပ်တာလား...
သူက မျက်မှောင်ကြုတ်ဟန်ဆောင်လိုက်ပြီး သူ၏ခေါင်းကို ကုတ်လိုက်ကာ ပြောလိုက်သည်။
"မင်းက ငါ့ကို တကယ်ပဲ အခက်တွေ့အောင် လုပ်တာပဲ... ငါ့ရဲ့ အသိပညာ ဗဟုသုတ နည်းပါးမှုနဲ့ဆိုရင် ဒီအကြောင်းကို ငါ တကယ် ဘာမှ မသိဘူး..."
သူ၏ အမူအရာမှာ အနည်းငယ် ချစ်စရာကောင်းသော်လည်း ယခုအချိန်တွင် မည်သူမျှ သူ့ကို ချစ်စရာကောင်းသော အရုပ်လေးတစ်ရုပ်ကဲ့သို့ မဆက်ဆံရဲကြတော့ချေ။ မည်သို့ပင်ဆိုစေ ယခင်က သာဓကများ ရှိခဲ့သည် မဟုတ်ပါလား။
ယန်ယန်ကျွင်းသည် သူ့ကို အတင်းအကျပ် မလုပ်ဘဲ တည်ကြည်လေးနက်သော အမူအရာဖြင့် နန်ကုန်းယွီကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး စဉ်းစားနေလေ၏။
ဒီကောင်လေးက စကားပြောတတ်ရုံသာရှိသေးပေမယ့် အလွန်လည်ပတ်ပြီး ထောင်ချောက်ဆင်တတ်သူတစ်ယောက်ဖြစ်တာကို သူ အခုမှသာ သဘောပေါက်သွားခဲ့သည်။
သူ့မှာ ထိမ်းမြားဖို့ ရည်ရွယ်ချက် မရှိပေမဲ့ သိချင်စိတ်ကြောင့်သာ ထကာ ဒီလူငယ်လေးက သူ့ကို ဘာပြောမလဲဆိုတာ သိချင်မိခြင်း ဖြစ်လေသည်။
ခဏချင်းမှာပင် လူတိုင်း၏ အကြည့်များမှာ နန်ကုန်းယွီထံသို့ ကျရောက်သွားကြပေ၏။
တချို့လူတွေရဲ့ မျက်လုံးထဲမှာ သိချင်စိတ်တွေ ဖြတ်ပြေးနေကြ၏။တချို့လူတွေကတော့ စိုးရိမ်နေကြ၏။ တချို့လူတွေရဲ့ မျက်လုံးထဲမှာတော့ မကျေနပ်မှုတွေ၊ သတ်ဖြတ်လိုတဲ့ စိတ်တွေ ၊ မနာလိုမှုတွေ ဖုံးကွယ်နေ၏။
နန်ကုန်းယွီက ခေါင်းလေးစောင်းကာ ခဏတာ စဉ်းစားလိုက်ပြီးနောက် ယန်ယန်ကျွင်းကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။
"ဒီမင်းသားလည်း မသိဘူး..."
"မင်းလည်း မသိဘူး ဟုတ်လား..."
ယန်ယန်ကျွင်းသည် ခဏတာ စောင့်ဆိုင်းပြီးနောက် ဤရလဒ်ကို ရရှိလိမ့်မည်ဟု ရှင်းလင်းစွာ မမျှော်လင့်ထားခဲ့သဖြင့် အနည်းငယ် စိတ်ပျက်သွားခဲ့ လေသည်။
ထိုအချိန်တွင် နန်ကုန်းယွီက ထပ်မံ ပြောဆိုလာပြန်၏။
"အရှေ့မီးတောက်ရဲ့ ဒုတိယမင်းသား... ငါလည်း မသိပေမဲ့ စကားအနည်းငယ်တော့ ပြောလို့ရပါသေးတယ်... မင်း ကြားချင်လား..."
"အိုး..."
ယန်ယန်ကျွင်း၏ မျက်လုံးများ အရောင်လက်သွားပြီး အလျင်အမြန် ပြောလိုက်လေ၏။
"ကျေးဇူးပြုပြီး ပြောပြပါ မင်းသားငယ်..."
သူ၏အမူအရာကို မြင်ချိန်တွင် နန်ကုန်းယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ယန်ယန်ကျွင်းက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ...
သို့သော် သူ ထိုအရာကို သိပ်မတွေးဘဲ တိုက်ရိုက် မေးလိုက်လေ၏။
"ငါ မင်းကို မေးခွန်းတစ်ခု အရင်မေးပါရစေ... မင်းက အရှေ့မီးတောက်ရဲ့ ထီးနန်းကို ဆက်ခံပြီး နောက်ထပ် အရှေ့မီးတောက် ဧကရာဇ် ဖြစ်လာနိုင်မယ်လို့ ထင်လား..."
ဤစကားကို ကြားချိန်တွင် ယန်ယန်ကျွင်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။
သူသည် သူ၏နောက်မှ သံတမန်များကို လှည့်ကြည့်လိုက်ရာ သူတို့၏ အမူအရာများမှာလည်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရပေသည်။
နန်ကုန်းယွီ၏ စကားမှာ မပြောသင့်သော အရာတစ်ခုကို ထိမိသွားပုံရကြောင်း ထင်ရှားလှပေသည်။
တကယ်ပါပဲ။
ယန်ယန်ကျွင်းသည် အလျင်အမြန် ခေါင်းခါပြလိုက်ပြီး ပြောလိုက်သည်။
"မင်းသားငယ်... မင်း နောက်နေတာပဲ... အရှေ့မီးတောက်အင်ပါယာမှာ အိမ်ရှေ့မင်းသားကပဲ ထီးနန်းဆက်ခံရမယ်ဆိုတဲ့ ဓလေ့က အမြဲရှိခဲ့တာလေ... အနည်းဆုံးတော့ အိမ်ရှေ့မင်းသားရဲ့ သားကြီးက ထီးနန်းဆက်ခံရလိမ့်မယ်... ဘယ်တုန်းကမှ ခြွင်းချက်မရှိခဲ့ဖူးဘူး..."
"ပုန်ကန်ဖို့ ကြိုးစားတဲ့ တခြားဘယ်သူမဆို တစ်နိုင်ငံလုံးရဲ့ အပြစ်ပေးမှုကို ခံရမှာဖြစ်ပြီး မြေမြှုပ်စရာ နေရာတောင် ရှိမှာမဟုတ်ဘူး... မင်း အဲ့ဒီလို စကားတွေ မပြောပါနဲ့... မဟုတ်ရင် ငါ အသတ်ခံရလိမ့်မယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက မျက်တောင်ခတ်လိုက်၏။
"အဲ့ဒီလောက်တောင် အခြေအနေ ဆိုးတာလား... တောင်းပန်ပါတယ်... ငါ မမေးသင့်တာကို မေးမိသွားတယ်..."
သို့သော် သူက ပေါ့ပေါ့ပါးပါးပင် တောင်းပန်လိုက်ပြီးနောက် အကူအညီမဲ့သော အမူအရာဖြင့် ပြောလိုက်လေသည်။
"မင်းက မလုပ်နိုင်ဘူးဆိုမှတော့... မင်း ဘယ်သူ့ကို တောင်းဆိုမှာလဲဆိုတာ ငါ တကယ် မသိတော့ဘူး..."
နန်ကုန်းယွီက ထိုမျှနှင့် ရပ်မနေဘဲ ဆက်ပြောလိုက်၏။
"ငါသိသလောက်တော့ လက်ရှိ ချင်းယိုအင်ပါယာမှာ မင်းသမီး နှစ်ပါးပဲ ရှိတာလေ... အဲ့ဒါက အစ်မတော် နန်ကုန်းရိုရွှယ်နဲ့ ဒုတိယအစ်မတော် နန်ကုန်းရိုရွှေပေါ့..."
"အစ်မတော်က ချင်းယိုအင်ပါယာရဲ့ လက်ရှိ အိမ်ရှေ့မင်းသမီးအနေနဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းရှိပြီး ယောက်ျားတစ်ယောက်ကိုပဲ လက်ထပ်လိမ့်မယ်... အဲ့ဒါက နဂါးနဲ့ ဖီးနစ်လို ထူးချွန်သူ (ဒါမှမဟုတ်) အနာဂတ် ဧကရာဇ်ပေါ့... မင်းက နိုင်ငံတစ်ခုရဲ့ အုပ်စိုးရှင် ဖြစ်လာမှာ မဟုတ်ဘူးဆိုတော့ မင်းမှာ အဲ့ဒီနှစ်ခုလုံး မရှိဘူးလေ... အဲ့ဒါက လုံးဝ လက်ခံနိုင်စရာ မရှိဘူး..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်က ပြုံးလိုက်ပြီး နန်ကုန်းယွီကို စိုက်ကြည့်နေခဲ့ပေ၏။
သူမက တွေးနေမိသည်။ "ဒီမောင်လေးက ဒီနေ့ တော်တော်ချောတာပဲ..."
သူမ ဒီနှစ်တွေအတွင်း သူ့အပေါ် တကယ်ပဲ ကောင်းကောင်း ဆက်ဆံခဲ့တာပါ... ဒီနေ့ သူက သူမကို ပြဿနာကြီးတစ်ခုကနေ ကူညီပေးခဲ့ရုံတင်မကဘဲ သူမကို ဒီလိုမျိုးလည်း ချီးကျူးခဲ့သေးတယ်လေ။
သူမ တကယ်ကို ပီတိတွေ ဖြာနေချေပြီ။
နန်ကုန်းအောက်ထျန်းနှင့် အခြားသူများလည်း ပြုံးလိုက်ကြပြီး သူတို့၏ စကားတစ်ခွန်း ဖြတ်တောက်ခံလိုက်ရသလားဟု တွေးနေကြလေ၏။
ကျီချွန်းရှီးနှင့် အခြားသူများပင်လျှင် အနည်းငယ် ပြုံးလျက် လှမ်းကြည့်လိုက်ကြပေသည်။
အမှန်တကယ်ပင် ကိုယ်တိုင် ဒုက္ခရောက်ရသည်မှာ အလွန်နာကျင်ဖွယ်ကောင်းသော်လည်း အခြားသူများ အနှိမ်ခံရသည်ကို မြင်ရခြင်းမှာမူ အလွန်သာယာလေသည်။
သက်ဆိုင်သူ ယန်ယန်ကျွင်းမှာမူ သူ၏ နှုတ်ခမ်းများ တုန်လှုပ်နေလေ၏။ သူက အဲ့ဒီလောက်တောင် ဆိုးရွားနေတာလား...
ဒါဆို သူက ဘာမှ မဟုတ်တော့ဘူးပေါ့...
သူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး မေးလိုက်လေသည်။
"ဒါဆို ချင်းယိုမင်းသမီးလေးကရော..."
သို့သော် သူ စကားပြောအပြီးတွင် နန်ကုန်းယွီက သူ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရပေ၏။ မိစ္ဆာကောင်ကို ကြည့်နေသကဲ့သို့ပင်။
ယန်ယန်ကျွင်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
"ဘာဖြစ်လို့လဲ... ငါ တစ်ခုခု မှားပြောမိလို့လား..."
နန်ကုန်းယွီက ချစ်စရာကောင်းသော်လည်း ရှုပ်ထွေးသော အမူအရာဖြင့် သူ့ကို ကြည့်ကာ ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။
"မင်း ဘယ်လိုထင်လဲ... အစ်မတော်က အခု အသက် ဆယ့်နှစ်နှစ် ရှိပြီလေ... သူမက ငယ်သေးပေမဲ့ ချင်းယိုအင်ပါယာမှာတော့ လူကြီးတစ်ယောက်လို ဖြစ်နေပြီ..."
"ဒါပေမဲ့ ဒုတိယအစ်မတော်က အသက် ခုနစ်နှစ်ပဲ ရှိသေးတာလေ... သူမက ကလေးပဲ ရှိသေးတာ... လူကြီးတစ်ယောက်ဖြစ်တဲ့ မင်းက ဒီလိုစကားမျိုး ဘယ်လိုပြောနိုင်ရတာလဲ..."
"ဒါ... ငါ..."
ယန်ယန်ကျွင်း၏ အမူအရာ ပြောင်းလဲသွားပြီး သူ၏နဖူးကို ပွတ်မိသွားလေသည်။ သူလည်းပဲ ဆေးခတ်ခံလိုက်ရပြီလားဟု သူ ခံစားလိုက်ရပေသည်။
သူက နန်ကုန်းယွီကို ကြည့်ကာ အလျင်အမြန် ပြောလိုက်လေသည်။
"ကျင့်ကြံသူတွေရဲ့ ကမ္ဘာမှာ အသက်အရွယ်က ပြဿနာ မဟုတ်ပါဘူး... ငါ ဆယ်နှစ်ကျော်လောက် စောင့်နိုင်ပါတယ်... ငါ အခုလို့ မပြောပါဘူး..."
"အဲ့ဒါလည်း မရဘူး..."
နန်ကုန်းယွီက ဘာမှ မစဉ်းစားဘဲ ငြင်းပယ်လိုက်သည်ကို မြင်ချိန်တွင် ယန်ယန်ကျွင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"ဘာလို့လဲ..."