အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း (၆၉) ကလေး သမက်လောင်းလား...
ယန်ယန်ကျွင်း၏ မေးခွန်းကို ကြားချိန်တွင် နန်ကုန်းယွီက ခေါင်းအနည်းငယ် မော့လိုက်ပြီး နူးညံ့ကာ ချစ်စရာကောင်းသော အသံလေးဖြင့် ပြောလိုက်လေသည်။
"အသက်အရွယ်ကို ထည့်မတွက်ရင်တောင် မင်းက ဒုတိယအစ်မတော်ရဲ့ ခင်ပွန်းတစ်ယောက်အတွက် စံနှုန်းတွေနဲ့ မကိုက်ညီဘူးလေ..."
"ဘာအဓိပ္ပာယ်လဲ..."
ယန်ယန်ကျွင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူက အရှေ့မီးတောက်အင်ပါယာရဲ့ ဒုတိယမင်းသားပဲလေ... ချင်းယိုရဲ့ ဒုတိယမင်းသမီးရဲ့ ခင်ပွန်းတစ်ယောက်အတွက် စံနှုန်းတွေနဲ့ မကိုက်ညီဘူးတဲ့လား။
ဒါက ကောင်းမွန်တဲ့ ပေါင်းစပ်မှုတစ်ခုလို့ မယူဆနိုင်ဘူးလား...
လူတိုင်းက သိချင်စိတ်များဖြင့် နန်ကုန်းယွီဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။
"ဒုတိယအစ်မတော်က ဦးရီးတော်ရဲ့ ဒုတိယသမီးတော် ဖြစ်နိုင်ပေမဲ့ သူမက အဒေါ်ရဲ့ သမီးကြီးဖြစ်သလို တစ်ဦးတည်းသော သမီးလည်း ဖြစ်တယ်လေ..."
"ချင်းယိုအင်ပါယာရဲ့ မိဖုရားခေါင်ကြီးအနေနဲ့ အဒေါ်ရဲ့ သမီးကြီးက နဂါးနဲ့ ဖီးနစ်လို ထူးချွန်သူတစ်ယောက်နဲ့ပဲ လက်ထပ်လိမ့်မယ်လို့ ယူဆရတယ်... မဟုတ်ရင် အဒေါ်က သဘောတူမှာ မဟုတ်ဘူး..."
"အဲ့ဒီလိုဆိုရင် အဒေါ်နဲ့ ဆက်ဆံရေး အရမ်းကောင်းတဲ့ ဦးရီးတော်ကလည်း သူမရဲ့ ခံစားချက်တွေကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ သဘာဝကျကျ ငြင်းပယ်မှာပဲလေ... မင်း ဘယ်လိုထင်လဲ..."
ဤစကားကို ကြားချိန်တွင် လူတိုင်း ပြုံးမိသွားကြလေသည်။
သူတို့သည် မျက်နှာမကောင်းဖြစ်နေသော ယန်ယန်ကျွင်းကို ကြည့်လိုက်ကြပြီး ရယ်ချင်သော်လည်း မသင့်လျော်ဟု ခံစားရသဖြင့် အောင့်ထားရုံသာ တတ်နိုင်တော့ပေသည်။
ယန်ယန်ကျွင်း၏ နှုတ်ခမ်းများ ထပ်မံ၍ တုန်လှုပ်သွားလေသည်။ ဒါဆို သူတို့က သူ့ကို ပါးစပ်ပိတ်ဖို့အတွက် ဆင်ခြေတစ်ခု ပေးလိုက်တာပေါ့ ဟုတ်လား...
သို့သော် သူသည် ဤအကြောင်းပြချက်ကို ငြင်းခုံရန် အနည်းငယ် တွန့်ဆုတ်နေပေသည်။
အကယ်၍ သူသာ ဆက်လက်ငြင်းခုံနေပါက သူသည် တန်ဖိုးမရှိသူတစ်ယောက်ကဲ့သို့ ထပ်မံ အနှိမ်ခံရမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်ပေသည်။
အဓိကအချက်မှာ သူ၏ ဝိညာဉ်အမြစ်မှာ တကယ်ကို သိပ်မကောင်းဘဲ အဆင့်မြင့် ဝိညာဉ်အမြစ်သာ ရှိခြင်းပင်ဖြစ်ပေသည်။
တကယ်ပဲ ထူးကဲတဲ့ ဝိညာဉ်အမြစ်တစ်ခုခု ရှိနေတဲ့အခါမှသာ သူ နန်ကုန်းယွီနဲ့ ထပ်ပြီး ငြင်းခုံပါတော့မယ်။
ယန်ယန်ကျွင်းက လက်အုပ်အနည်းငယ်ချီကာ ထိုင်ချလိုက်လေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းအောက်ထျန်းက အပြုံးကိုရပ်လိုက်ပြီး ယန်ယန်ကျွင်းကို ကြည့်ကာ မေးလိုက်သည်။
"အရှေ့မီးတောက်ရဲ့ ဒုတိယမင်းသား... မင်း ထိမ်းမြားဖို့ တောင်းဆိုချင်သေးလား..."
ယန်ယန်ကျွင်း၏ နှုတ်ခမ်းများ အနည်းငယ် တုန်လှုပ်သွားပြီး လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်က မဆင်မခြင် ဖြစ်သွားမိတာပါ... ကျွန်တော် ထပ်ပြီး ထိမ်မြားဖို့မကမ်းလှမ်း တော့ပါဘူး..."
"ကောင်းပါပြီ..."
နန်ကုန်းအောက်ထျန်းသည် အနည်းငယ် အားမလိုအားမရဖြစ်နေဟန်ဖြင့် အနောက်မြူခိုး သံတမန်များရှိရာသို့ လှည့်ကြည့်လိုက်ရာ သတ္တမမင်းသား ကျီဝူဟန်အပေါ်သို့ အကြည့်ရောက်သွားသော်လည်း အခြားတစ်ဖက်က သူ့ကို မော့တောင်မကြည့်သည်ကို တွေ့လိုက်ရပေသည်။
အရှေ့မီးတောက်ရဲ့ ဒုတိယမင်းသားတောင် အရှုံးကြီး ရှုံးသွားပြီပဲလေ... အနောက်မြူခိုးရဲ့ သတ္တမမင်းသားက ဘာလို့ ဝင်ပါရမှာလဲ...
ဒါ့အပြင် မင်းက ကျီယွီဝေ့ရဲ့ ထိမ်းမြားမှုကိုပဲ သဘောကျတယ်လို့ ပြောပြီးပြီပဲလေ... ငါ့ကို ဘာလို့ ကြည့်နေတာလဲ...
ကျီဝူဟန်က သူ၏ရှေ့ရှိ အရသာရှိသော အစားအစာများကို ကြည့်ရင်း စိတ်ထဲမှ တွေးနေသော်လည်း အနည်းငယ် စိတ်ပျက်သွားလေသည်။
သူတို့ တိတ်ဆိတ်နေသည်ကို မြင်ချိန်တွင် နန်ကုန်းအောက်ထျန်းက ငွေလမင်းအင်ပါယာ သံတမန်များရှိရာသို့ လှည့်ကြည့်လိုက်ရာ ဖျင်ချွမ်း ဘုရင် ယဲ့မုချန်အပေါ်သို့ အကြည့်ရောက်သွားလေသည်။
ယဲ့မုချန်က အနည်းငယ် ပြုံးကာ ဆိုလိုက်သည်။
"ချင်းယိုဧကရာဇ်... ကျွန်မတို့ကို ထပ်ပြီး ကြည့်နေစရာ မလိုတော့ပါဘူး... ကျွန်မတို့မှာ လောလောဆယ် အဲ့ဒီလို ရည်ရွယ်ချက် မရှိပါဘူး..."
"ပြီးတော့ တကယ်လို့ ရှိခဲ့ရင်တောင်... ကျွန်မ ပြောရင်တောင် မင်းကြီး သဘောတူမှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်..."
"အိုး..."
နန်ကုန်းအောက်ထျန်းသည် ရုတ်တရက် စိတ်ဝင်စားသွားပြီး မမေးလိုက်လေသည်။
"မင်းပြောပုံအရဆိုရင် မင်းမှာ တစ်စုံတစ်ယောက်ကို စိတ်ထဲရှိနေပုံရတယ်နော်..."
ဤစကားကို ကြားချိန်တွင် ခန်းမဆောင်အတွင်းရှိ လူတိုင်း လှမ်းကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများထဲတွင် သိချင်စိတ်များ ပြည့်နှက်နေပေသည်။
အနောက်မြူခိုးရဲ့ ကျီချွန်းရှီးနဲ့ အရှေ့မီးတောက်ရဲ့ ယန်ယန်ကျွင်းတို့ တစ်ယောက်ပြီးတစ်ယောက် အနှောင့်အယှက်တွေနဲ့ ကြုံတွေ့ခဲ့ရပြီဆိုတော့ ကိုယ်စားလှယ်အဖွဲ့ သုံးခုစလုံး အရေးနိမ့်သွားတော့မှာလား...
လူတိုင်း လှမ်းကြည့်နေသည်ကို မြင်သော်လည်း ဖျင်ချွမ်း ဘုရင် ယဲ့မုချန်က ဂုဏ်မစိုက်ပုံရလေသည်။
သို့သော် ထို့နောက် သူမက ပြုံးကာ ဆိုလိုက်သည်။
"ကျွန်မတို့ ငွေလမင်းအင်ပါယာရဲ့ ဧကရာဇ်မက ထီးနန်းတက်တာ မကြာသေးဘူးလေ... သူ့မှာ ခင်ပွန်းလည်း မရှိသေးဘူး... သူမက ကလေး သမက်လောင်း တစ်ယောက်ကို ပြုစုပျိုးထောင်ရတာကို စိတ်မရှိဘူးလို့ ကျွန်မ ယူဆပါတယ်... ကျန်းပေ့မင်းသား... မင်း ဘယ်လိုထင်လဲ..."
ဤစကားများကို ပြောလိုက်သည့် ခဏမှာပင် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
နန်ကုန်းယွီ ခုနက ကိုင်ထားသော အနီရောင် ဝိညာဉ်သစ်သီးမှာ သူ မသိလိုက်ဘဲ မြေပြင်ပေါ်သို့ လိမ့်ကျသွားချေသည်။
မီးက ငါ့ဆီကို ဘယ်လိုလှည့်လာရတာလဲ...
သူက ခေါင်းကို အနည်းငယ် မော့လိုက်ပြီး မျက်တောင်ခတ်ကာ အနည်းငယ် မှင်သက်နေဟန် ရှိပေသည်။
သူတို့ကို ကြည့်နေရုံတင်တင် ချစ်စရာကောင်းလွန်းသဖြင့်... လက်လှမ်းပြီး ဆွဲဖဲ့ချင်စိတ် ပေါက်သွားရချေသည်။
နန်ကုန်းအောက်ထျန်းသည် သူ၏ ရိုးရှင်းသော မေးခွန်းတစ်ခုက ယဲ့မုချန်အား နန်ကုန်းယွီအပေါ် အကြည့်ရောက်သွားစေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူသာ ထိုအကြောင်းကို သိခဲ့မည်ဆိုပါက သူ မမေးသင့်ခဲ့ချေ။
မလှမ်းမကမ်းတွင်ရှိသော ရှန်ကွမ်ယွဲ့ရှီးမှာ စိုးရိမ်ပူပန်နေပုံရပြီး နန်ကုန်းအောက်ထျန်းက နန်ကုန်းယွီကို 'ရောင်းစား' လိုက်မည်ကို တကယ် စိုးရိမ်နေမိပေ၏။
သို့သော် ၎င်းမှာ ဖြစ်နိုင်ခြေ နည်းပါးလေသည်။
မည်သို့ပင်ဆိုစေ ကျန်းပေ့စစ်တပ်သည် နန်ကုန်းယွီအပေါ် သစ္စာစောင့်သိရန် ကျိန်ဆိုထားပြီးဖြစ်ရာ နန်ကုန်းအောက်ထျန်းသည် ဤစစ်တပ်ကို ထွက်ခွာခွင့်ပြုမည် မဟုတ်သကဲ့သို့ နန်ကုန်းယွီကိုလည်း ထွက်ခွာခွင့်ပြုမည် မဟုတ်ပေ။
ထိုအချိန်တွင် လူတိုင်း တိတ်ဆိတ်နေသည်ကို မြင်သဖြင့် ယဲ့မုချန်က ရယ်ကာ ပြောဆိုလိုက်သည်။
"ဒါက ပြဿနာ မရှိသင့်ဘူး မဟုတ်လား... ဘယ်လိုပဲပြောပြော ကျွန်မတို့ရဲ့ ဧကရီက မြင့်မြတ်တဲ့ အဆင့်အတန်းရှိတာဆိုတော့ ကျန်းပေ့မင်းသားကို သူမရဲ့ ခင်ပွန်းအဖြစ် ထားရှိတာက ကျန်းပေ့မင်းသားအတွက် စော်ကားမှု မဟုတ်ဘူးလေ..."
"ဧကရီကိုယ်တိုင် ထိမ်းမြားဖို့ တောင်းဆိုတာကကျတော့ မသင့်တော်ဘူး မဟုတ်လား... ဒါကြောင့် ဘာပြဿနာမှ မရှိဘူးလို့ ထင်ရတာပဲ..."
ဤစကားကို ကြားချိန်တွင် လူတိုင်း၏ အမူအရာမှာ သိမ်မွေ့သွားကြပြီး ခဏတာမျှ ဘာပြောရမည်ကို မည်သူမျှ မသိကြတော့။
ကျန်းပေ့မင်းသား နန်ကုန်းယွီသည် ချင်းယိုအင်ပါယာ၏ အဓိကစစ်တပ်တစ်ခုကို ထိန်းချုပ်ထားကြောင်း လူတိုင်း သိကြလေသည်။
ဤအခြေအနေမျိုးအောက်တွင် ကျန်းပေ့မင်းသားသည် အခြားနိုင်ငံမှ ခင်ပွန်းတစ်ဦး ဖြစ်လာရန် မဖြစ်နိုင်ပေ။
ဒါဆို ငွေလမင်းအင်ပါယာရဲ့ ဖျင်ချွမ်း ဘုရင်က ဒါကို ဘာလို့ ပြောတာလဲ...
နန်ကုန်းအောက်ထျန်း ငြင်းပယ်တာကို သူက ကြားချင်ရုံသက်သက်ပဲလား...
နန်ကုန်းအောက်ထျန်းက ခါးသက်သက် ပြုံးလိုက်ပြီး သူ၏ဘေးမှ ပုံရိပ်သေးသေးလေးကို ငုံ့ကြည့်လိုက်လေသည်။
ခြောက်လသားလေး...
ကလေး သမက်လောင်း ဟုတ်လား...
ဒါက တကယ်ကို ရည်မှန်းချက်ကြီးမားတဲ့ အကြံအစည်ပဲ။
ထိုအချိန်တွင် နန်ကုန်းယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်... ကျွန်တော်က အရည်အချင်း မရှိလောက်ပါဘူး... ဘာပဲပြောပြော ကျွန်တော်က အလယ်အလတ်အဆင့် သတ္တု ဝိညာဉ်အမြစ်ပဲ ရှိတာလေ... ဧကရီရဲ့ ခင်ပွန်းဖြစ်လာဖို့ဆိုတာ ကျွန်တော် အများကြီး လိုပါသေးတယ်..."
ဤစကားကို ကြားချိန်တွင် လူတိုင်းက ခေါင်းအနည်းငယ် ညိတ်လိုက်ကြပြီး ဤစကားကို ရှင်းလင်းစွာ သဘောတူကြလေသည်။
မည်သို့ပင်ဆိုစေ ဧကရီ၏ ခင်ပွန်းဆိုသည်မှာ အနည်းဆုံးတော့ လူတွေထဲက နဂါးတစ်ကောင်လို ထူးချွန်သူ ဖြစ်သင့်ပေသည်။ ဖီးနစ်ကတော့ မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ။ ကြီးထွားနိုင်စွမ်းကို ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်တဲ့ စွန့်ပစ်ဆေးလုံး တစ်ယောက်ကိုတော့ မင်း မမျှော်လင့်နိုင်ဘူး မဟုတ်လား။
လူတိုင်းက တွေးနေကြသည်။ "ဒီအကြောင်းပြချက်က ဖျင်ချွမ်း ဘုရင်ကို လက်လျှော့သွားစေဖို့ လုံလောက်မှာပါ..."
သို့သော် သူတို့ ဖျင်ချွမ်း ဘုရင်ကို မော့ကြည့်လိုက်ချိန်တွင် သူက ခေါင်းအနည်းငယ် ခါယမ်းကာ ရယ်မောနေသည်ကို မြင်လိုက်ရပေ၏။
"မင်းသားငယ်... မင်း မှားနေပြီ... ကျွန်မတို့ ငွေလမင်းအင်ပါယာရဲ့ ဧကရီက နောက်ခံအနည်းငယ်ရှိပြီး အသိပညာ ဗဟုသုတရှိတဲ့ ခင်ပွန်းတစ်ယောက်ကိုပဲ လိုချင်တာပါ... ကြီးထွားနိုင်စွမ်း အားကောင်းတဲ့သူဆိုရင် အဆင်ပြေပေမဲ့ ကျွန်မတို့ သူ့ကို မဖြစ်မနေ လိုအပ်တာတော့ မဟုတ်ဘူးလေ..."
"မင်းသားငယ်က အရမ်းထက်မြက်ပြီး ဉာဏ်ကောင်းပါတယ်... အသက် ခြောက်လပဲ ရှိသေးတာတောင် ကြီးမားတဲ့ ပါရမီတွေကို ပြသထားပြီးပြီလေ... သူက ဧကရာဇ်မရဲ့ ခင်ပွန်းဖြစ်ဖို့ အရည်အချင်း ပြည့်မီပါတယ်... ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ဧကရီ သဘောတူလိမ့်မယ်လို့ ကျွန်မ ထင်တယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီ မှင်သက်သွားလေသည်။
ဒီတစ်ကြိမ်တွင် သူ တကယ်ပဲ ဆွံ့အသွားခဲ့ရပေသည်။ ဧကရီရဲ့ ခင်ပွန်းအတွက် လိုအပ်ချက်တွေက ဒီလောက်တောင် နိမ့်နေတာလား။
နန်ကုန်းယွီက သူ ငယ်သေးကြောင်း ပြောချင်သဖြင့် ခေါင်းခါလိုက်သော်လည်း အခြားတစ်ဖက်က သူသည် ကလေး သမက်လောင်းဖြစ်ကြောင်း ပြောခဲ့ပြီးပြီ ဖြစ်လေသည်။
သူတို့နှစ်ဦး မတွေ့ရသေးကြောင်း သူ ပြောချင်သော်လည်း ဤသည်မှာ ရှေးဟောင်း ကျင့်ကြံသူများ၏ ကမ္ဘာနှင့် ဆင်တူသော ကမ္ဘာတစ်ခုဖြစ်ပြီး ထိုကမ္ဘာ မဟုတ်တော့ကြောင်း သူ သတိရသွားပေသည်။
ဤကမ္ဘာတွင် လက်မထပ်မီ တစ်ခါမျှ မဆုံဖူးသော စုံတွဲများစွာ ရှိသောကြောင့် သူ၏ အကြောင်းပြချက်မှာ အလုပ်မဖြစ်။
သူတို့ ကိုယ်တိုင်မလာခြင်း (သို့မဟုတ်) ရိုးသားမှုမရှိခြင်း ဆိုသည့် အချက်အတွက်မူ သူတို့က ရှင်းပြပြီး ငြင်းပယ်ခဲ့ပြီး ဖြစ်လေသည်။
နန်ကုန်းယွီသည် ယခုအချိန်တွင် တကယ်ကို အခက်တွေ့နေပြီ ဖြစ်ပေသည်။
သူသည် ငြင်းပယ်ရန်အတွက် ရှဲဒိုးချမ်းကို အင်အားသုံးခိုင်းနိုင်သော်လည်း ၎င်းက သူ၏ လျှို့ဝှက်ချက်ကို ပေါ်ပေါက်သွားစေမည် မဟုတ်ပါလား။
နန်ကုန်းယွီသည် အကူအညီမဲ့စွာဖြင့် နန်ကုန်းအောက်ထျန်းကို ကြည့်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
"ဒါတွေအားလုံး ဦးရီးတော်ရဲ့ အပြစ်တွေချည်းပဲ... ဦးရီးတော်ကိုယ်တိုင် ဖြေရှင်းနည်း ရှာပါဦး..."
နန်ကုန်းအောက်ထျန်းသည် ခေါင်းကို အနည်းငယ် ခါယမ်းမိသွား လေသည်။ အခြားတစ်ဖက်က နန်ကုန်းယွီအပေါ် အကြည့်ရောက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သူ၏ သားနှစ်ယောက်ကို ရည်ရွယ်ခဲ့လျှင်ပင် သူက ယုတ္တိရှိသည်ဟု ခံစားရသော်လည်း နန်ကုန်းယွီက ဤသို့ဖြစ်လာလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
မည်သူမျှ စကားမပြောသည်ကို မြင်ချိန်တွင် ဖျင်ချွမ်း ဘုရင်က ပြုံးလိုက်ပြီး ထပ်မံ ပြောဆိုလာပြန်သည်။
"ချင်းယိုဧကရာဇ်... ကျန်းပေ့မင်းသားက ငယ်လွန်းသေးတယ်လေ... မင်းကြီးကပဲ ဒီဆုံးဖြတ်ချက်ကို ချပေးရင် ဘယ်လိုလဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းသည် ခါးသက်သက် ပြုံးလိုက်ရုံသာ တတ်နိုင်တော့ပေသည်။
သူသည် ခဏတာ တွေဝေသွားပြီးနောက် ယဲ့မုချန်ကို မော့ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်လေသည်။
အခန်း (၇၀) သူမကို မီးပုံထဲ မတွန်းပို့ချင်ဘူး...
နန်ကုန်းအောက်ထျန်းက ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်သည်။
"ဖျင်ချွမ်း ဘုရင်... ငါက သဘောမတူချင်တာ မဟုတ်ပါဘူး... သဘောတူလို့ မရတာပါ..."
"အိုး..."
ဖျင်ချွမ်း ဘုရင်၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားပြီး နန်ကုန်းအောက်ထျန်းကို ဟန်ဆောင်ရှုပ်ထွေးနေဟန်ဖြင့် ကြည့်လိုက်လေသည်။
နန်ကုန်းအောက်ထျန်းက အကူအညီမဲ့စွာဖြင့် ဆက်ပြောလိုက်သည်။
"ယွီအာက ကျန်းပေ့မင်းသားအနေနဲ့ ကျန်းပေ့တပ်သား သုံးထောင်ကို ကွပ်ကဲနေတာလေ... သူတို့ကလည်း ယွီအာအပေါ် သစ္စာစောင့်သိဖို့ ကျိန်ဆိုထားကြပြီးပြီ..."
"ကျန်းပေ့တပ်သား သုံးထောင်က သူ့ကို ခွဲခွာလို့မရသလို ချင်းယိုအင်ပါယာကိုလည်း စွန့်ခွာလို့ မရဘူးလေ... ဒါကြောင့် သူက ငွေလမင်းအင်ပါယာ ဧကရီရဲ့ ခင်ပွန်း ဖြစ်မလာနိုင်ပါဘူး..."
ဤစကားကို ကြားချိန်တွင် လူတိုင်း ခေါင်းညိတ်လိုက်ကြပေ၏။
နန်ကုန်းယွီ၏ အခြေအနေမှာ အမှန်တကယ်ပင် အထူးသီးခြားဖြစ်နေပေသည်။ မည်သည့် ဧကရာဇ်ကမျှ သူ့ကို ထိမ်းမြားလက်ထပ်ရန်အတွက် အခြားနိုင်ငံသို့ ပေးလိုက်မည် မဟုတ်ချေ။
ထို့အပြင် နန်ကုန်းယွီသည် မြောက်ပိုင်းပြည်သူများ၏ နှလုံးသားထဲတွင် အလွန်အရေးပါသော အဓိပ္ပာယ်ရှိနေနိုင်ရာ သူ့ကို မဟာမိတ်ဖွဲ့ရန်အတွက် အတင်းအကျပ် ထိမ်းမြားခိုင်းခြင်းမှာ မသင့်လျော်လှပေ။
ဖျင်ချွမ်း ဘုရင်က အနည်းငယ် ပြုံးလိုက်သည်။
"ဒါဆိုရင်တော့ ကျွန်မလည်း ဘာမှ မတတ်နိုင်တော့ဘူးပေါ့... ကျွန်မ သင့်တော်တယ်လို့ ထင်တဲ့သူ၊ ပြီးတော့ ဧကရီ သဘောကျလိမ့်မယ်လို့ ကျွန်မ ထင်တဲ့သူကို ချင်းယိုဧကရာဇ်က မပေးနိုင်ဘူးဆိုရင် တခြားသူတွေကိုလည်း ဧကရီသဘောကျလိမ့်မယ်လို့ ကျွန်မ မထင်ဘူး..."
"ဒါကြောင့် ကျွန်မ ပြောခဲ့တာလေ... ကျွန်မက သဘောတူချင်ရင်တောင် မင်းကြီးက သဘောတူမှာ မဟုတ်ဘူးဆိုတာ..."
ဤသည်ကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းက အကူအညီမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။
"မင်းက ယွီအာကို သဘောကျလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး... တကယ်လို့ တခြားသူသာ ဆိုရင် ငါ သဘောတူကောင်း သဘောတူနိုင်မှာပါ..."
"အင်း... ဘာမှ မတတ်နိုင်ဘူးလေ... ကျွန်မက သူ့ကိုပဲ မျက်စိကျသွားတာကိုး..."
ဖျင်ချွမ်း ဘုရင်က ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်သည်။
"သူ့ရဲ့ စွမ်းအားက အနာဂတ်မှာ အရမ်းကြီးလာဖို့ မရှိဘူးဆိုတော့ သူ့မှာ ရည်မှန်းချက်ကြီးကြီးမားမား ရှိမှာ မဟုတ်ဘူးလေ... ပြီးတော့ သူက ထက်မြက်ပြီး ဉာဏ်လည်းကောင်းတယ်... ပါရမီတွေကလည်း အံ့ဩစရာပဲ... သူ့ကို သဘောမကျဘဲ နေဖို့ဆိုတာ ခက်ပါတယ်..."
ထိုအချိန်တွင် ဖျင်ချွမ်း ဘုရင်က ပြုံးကာ ဆိုလိုက်၏။
"ချင်းယိုဧကရာဇ် သဘောမတူဘူးဆိုမှတော့... ကျွန်မ ဒီအကြောင်းကို မပြောခဲ့ဖူးဘူးလို့ပဲ သဘောထားလိုက်ပါ... အဲ့ဒီအတွက် စိုးရိမ်မနေပါနဲ့တော့..."
သူမက ဤသို့ပြောကာ ပြုံးလျက် ပြန်ထိုင်လိုက်ပေသည်။ သူမက စမ်းကြည့်ရုံသက်သက်သာ ဖြစ်လေသည်။
ကိစ္စက အဆင်မပြေနိုင်ဘူးဆိုမှတော့ သူမအတွက် ဘာမှ အရေးမကြီးတော့ချေ။
သူမက စကားများများမပြောသည်ကို မြင်ချိန်တွင် လူတိုင်း သက်ပြင်းတစ်ချက် ချလိုက်နိုင်ကြတော့သည်။ သူမက အတင်းအကျပ် တောင်းဆိုခြင်း ၊ လာဘ်ထိုးခြင်းမျိုး လုပ်မည်ကို သူတို့ စိုးရိမ်နေခဲ့ကြခြင်း ဖြစ်ပေသည်။
ကိစ္စများ ပြေလည်သွားသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည်လည်း စိတ်အေးသွားကာ အနီရောင် ဝိညာဉ်သစ်သီးကို ပြန်ကောက်ပြီး သူ၏ ပါးစပ်လေးထဲသို့ အတင်းထိုးထည့်နေတော့သည်။
ထိမ်းမြားမှု တောင်းဆိုချက်များအပြီးတွင် စားသောက်ပွဲမှာ ယေဘုယျအားဖြင့် ပျော်ရွှင်စရာကောင်းသော်လည်း သိမ်မွေ့သော ခံစားချက်တစ်ခုတော့ ကျန်ရှိနေခဲ့ပေသည်။
အချိန်အတော်ကြာပြီးနောက် နိုင်ငံသုံးနိုင်ငံမှ သံတမန်များသည် တစ်ယောက်ပြီးတစ်ယောက် ထကာ နှုတ်ဆက်ပြီး သူတို့၏ တည်းခိုဆောင်များသို့ ပြန်သွားကြလေသည်။
မင်းသမီးကြီး ကျီယွင်ရှန်၊ ကျီယွီဝေ့နှင့် သတ္တမမင်းသား ကျီဝူဟန်တို့မှာမူ မယ်တော်ကြီး ကျီကျစ်ယွီနှင့် တွေ့ဆုံရန် ရှိနေသေးသဖြင့် ခဏတာ ကျန်ရစ်ခဲ့ကြပေသည်။
သံတမန်အများစု ထွက်ခွာသွားသည်ကို မြင်ချိန်တွင် ဟန်လီယန်သည် နန်ကုန်းအောက်ထျန်းကို နှုတ်ဆက်လိုက်ပြီးနောက် မင်းသမီးကြီး ကျီယွင်ရှန်တို့နှင့်အတူ ထွက်ခွာသွားလေတော့သည်။
သေချာသည်မှာ အခြားလူငါးဦးလည်း သူတို့နှင့်အတူ လိုက်ပါသွားကြပေသည်။
ရှန်ကွမ်ယွဲ့ရှီးနှင့် သူမ၏သားအပြင် နန်ကုန်းရိုရွှယ်၊ နန်ကုန်းရိုရွှေနှင့် နန်ကုန်းကျင်းချီတို့လည်း ပါဝင်ကြလေသည်။
ရှိုးရှန်းနန်းဆောင်သို့ သွားရာလမ်းတွင် ဖြစ်ပေသည်။
နန်ကုန်းကျင်းချီသည် အနားသို့ တိုးကပ်လာပြီး ရှန်ကွမ်ယွဲ့ရှီး၏ ရင်ခွင်ထဲရှိ နန်ကုန်းယွီကို ကြည့်ကာ မေးလိုက်သည်။
"ရှောင်ယွီ... အမှန်အတိုင်းပြောပါ... ငါ မင်းကို တစ်ခုခု စော်ကားမိလို့လား... မင်း ဘာလို့ ငါ့ကို အဲ့ဒီလိုမျိုး အပြင်ကို တွန်းထုတ်လိုက်ရတာလဲ..."
သူ၏အသံမှာ တိုးသော်လည်း လူတိုင်း ရှင်းလင်းစွာ ကြားလိုက်ရသဖြင့် နားစွင့်မိသွားကြ လေသည်။
ကျီယွီဝေ့ပင်လျှင် သူမ၏ခေါင်းကို လှည့်ကာ နန်ကုန်းယွီကို မကျေမနပ် ကြည့်လိုက်လေ၏။ သူမသည်လည်း ကြားညှပ်ပြီး ဒုက္ခရောက်ခဲ့ရသော အပြစ်မဲ့သူ မဟုတ်ပါလား။
ဒါတွေအားလုံး ဒီကလေးကြောင့်ချည်းပဲ။
နန်ကုန်းယွီသည် နန်ကုန်းကျင်းချီကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
"သားမှာ ရွေးချယ်စရာ မရှိလို့ပါ... သားသာ ဒီလိုမလုပ်ရင် အစ်မတော်က ဝေးလံတဲ့ တိုင်းပြည်ကို သွားရတော့မှာလေ... ပြီးတော့ တစ်ခါမှ မတွေ့ဖူးတဲ့၊ ဘယ်လိုပုံစံမှန်းတောင် မသိတဲ့ လူတစ်ယောက်နဲ့ လက်ထပ်ရမှာ... သားက အစ်ကိုတော့်ကို မတွန်းရင် ဘယ်သူ့ကို တွန်းရမှာလဲ... ဒုတိယအစ်မတော်ကို တွန်းရမှာလား... ဒါမှမဟုတ် အစ်ကိုတော်မှာ တခြားအကြံ ရှိလို့လား..."
နန်ကုန်းကျင်းချီက ခေါင်းခါလိုက်သည်။
"ဒုတိယအစ်မတော်ကတော့ လုံးဝမဖြစ်နိုင်တာ သေချာပါတယ်... ဒါပေမဲ့ ဘာလို့ ကျင်းလင်ကို မညွှန်းပေးခဲ့တာလဲ..."
သို့သော် နန်ကုန်းယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး သက်ပြင်းတိုးတိုး ချလိုက်လေ၏။
"ဒီအစ်မတော် ယွီဝေ့က ကြည့်ရတာ အရမ်းလှသလို လူကောင်းတစ်ယောက်ပဲ... သားက သူ့ကို မီးပုံထဲ မတွန်းပို့ချင်ပါဘူး"
ဤစကားကို ကြားချိန်တွင် လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြပြီး ကျင်းလင်၏ အစောပိုင်းက အကြည့်ကို ပြန်လည်အမှတ်ရသွားကြပေသည်။
၎င်းမှာ အေးစက်ပြီး စိုစွတ်နေခဲ့ပေသည်။
မနာလိုမှု။
မုန်းတီးမှုတောင် ပါဝင်နိုင်ပါသေးသည်။
ဤအရာကို တွေးမိသည်နှင့် လူတိုင်း နန်ကုန်းယွီကို ကြည့်မိသွားကြ လေသည်။ ဒီကလေးက တကယ်ပဲ လူတွေကို အကဲခတ်တတ်တာလား။
ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းယွီ၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်လေ၏။
"ယွီအာ... အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့နော်..."
"အွန်း..."
နန်ကုန်းယွီက ခေါင်းခါပြလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
ရှန်ကွမ်ယွဲ့ရှီးသည် ထိုလူစုကို စိုးရိမ်တကြီး ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
"မယ်တော် သားကို လွှတ်ပေးမယ်... ဒါပေမဲ့ စည်းကျော်တာတွေ ဘာမှ မပြောနဲ့နော်... ဟုတ်ပြီလား..."
နန်ကုန်းယွီ ခေါင်းညိတ်ပြသည်ကို မြင်မှ ရှန်ကွမ်ယွဲ့ရှီးက သူ့ကို လွှတ်ပေးလိုက်ပြီး ထိုလူစုကို ကြည့်ကာ ပြောလိုက်လေသည်။
"အားလုံးကို အားနာပါတယ်... ယွီအာက ငယ်သေးလို့ ဘာမှ နားမလည်သေးတာပါ... သူ ပြောတာတွေက နောက်ပြောင်တာ သက်သက်မို့လို့ အပြင်ကို မပြန့်ပါစေနဲ့လို့ တောင်းပန်ပါတယ်..."
ထိုလူစုက အနည်းငယ် ခေါင်းညိတ်ပြလိုက်ကြသည်။
သို့သော် နန်ကုန်းယွီက ငယ်လွန်းလို့ ဘာမှ နားမလည်ဘူးဆိုသည့် အချက်ကိုတော့ သူတို့ သဘောမတူကြချေ။ ဘာမှနားမလည်တဲ့သူက အနောက်မြူခိုး အိမ်ရှေ့မင်းသား ကျီချွန်းရှီးနဲ့ ယန်ယန်ကျွင်းတို့ကို အရှက်ရအောင် ဘယ်လိုလုပ်နိုင်မှာလဲ။
ဘာမှနားမလည်တဲ့သူက သူ့ရဲ့ အစ်မတော်ကို ဘယ်လိုမျိုး ကာကွယ်နိုင်မှာလဲ။
ဘာမှနားမလည်တဲ့သူက ကျီယွီဝေ့ကို နန်ကုန်းကျင်းလင်ဆီ မတွန်းပို့ဖို့ ဘယ်လိုသိနေမှာလဲ။
ဒီကလေးလေးက အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်းလှပေသည်။ သူ၏ ထက်မြက်ပြီး ထိုးထွင်းသိမြင်တတ်သော စိတ်မှာ သာမန်လူများနှင့် လုံးဝကို ကွာခြားလွန်းလှပေသည်။
သူ၏ ဝိညာဉ်အမြစ်အတွက်တော့ နှမြောစရာပါပဲ။
အကယ်၍ နန်ကုန်းယွီ၏ ဝိညာဉ်အမြစ်သာ အဆင့်မြင့်အဆင့်သို့ ရောက်ခဲ့မည်ဆိုပါက သူ၏ အနာဂတ် အောင်မြင်မှုများမှာ အကန့်အသတ် ရှိလိမ့်မည် မဟုတ်။
ထိုအချိန်တွင် နန်ကုန်းယွီက မျက်နှာလေး မကောင်းဖြစ်နေသော ကျီယွီဝေ့ကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် နနှစ်သိမ့်လိုက်လေသည်။
"အစ်မတော် ယွီဝေ့... စိုးရိမ်မနေပါနဲ့... ဦးရီးတော်က ဒီထိမ်းမြားမှုကို အတင်းအကျပ် လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး..."
"ချင်းယိုအင်ပါယာမှာ မယ်တော်ကြီး ရှိနေတာဆိုတော့ ဒီမဟာမိတ် ထိမ်းမြားမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးပါဘူး... အဲ့ဒီအချိန်ကျရင် အစ်မတော့် ခမည်းတော်က ငြင်းပယ်ဖို့ ဆင်ခြေတစ်ခု ပေးလိုက်ရုံပါပဲ..."
ဤသည်ကို ကြားချိန်တွင် သူတို့နှစ်ဦးမှာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရလေ၏။
သို့သော် ထို့နောက် နန်ကုန်းယွီက ဆက်ပြောလိုက်ပြန်သည်။
"သေချာတာပေါ့... တကယ်လို့ အစ်မတော်နဲ့ အစ်ကိုတော် ကျင်းချီတို့ နှစ်ယောက်လုံးက သဘောတူတယ်ဆိုရင်တော့ သား ပြောခဲ့တာတွေကို မေ့လိုက်ပါ..."
"ထွက်သွား... ဘယ်သူက သဘောတူလို့လဲ..."
သူတို့နှစ်ဦးမှာ တစ်ပြိုင်နက်တည်းနီးပါး အော်လိုက်ကြပြီး သူတို့၏ မျက်နှာလေးများတွင် မလိုလားမှုအချို့ ရှိနေကြရာ ဤထိမ်းမြားမှုအပေါ် နှစ်ဦးစလုံးက အနည်းငယ် ဆန့်ကျင်နေကြကြောင်း ထင်ရှားလှပေသည်။
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး မိခင်၏ ရင်ခွင်ထဲတွင် မှီလိုက်ကာ ဘာမျှ ထပ်မပြောတော့ချေ။
ချင်းလင်၏ ကိစ္စကြောင့် ချင်းယိုနန်းတော်အတွင်းရှိ လူအတော်များများက သူ့ကို သတိပြုမိနေကြပြီ ဖြစ်ပေသည်။
ယခုအခါ သူသည် နန်ကုန်းရိုရွှယ်ကို ကူညီပေးခဲ့မှုကြောင့် နောက်တစ်ကြိမ် အာရုံစိုက်ခြင်း ခံရပြန်လေသည်။ သူ၏ ကျော်ကြားမှုသည် ဝေးဝေးလံလံသို့ ပြန့်နှက်သွားရန် မကြာတော့ဟု ထင်ရပေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဤကမ္ဘာပေါ်တွင် မွေးရာပါ အသိပညာများဖြင့် မွေးဖွားလာသူများစွာ ရှိလေသည်။ နန်ကုန်းယွီကဲ့သို့ အရွယ်နဲ့မလိုက်အောင် ထက်မြက်ပြီး ဉာဏ်ကောင်းသူများမှာ အလွန်အမင်း ထူးခြားနေခြင်း မဟုတ်ချေ။ သို့မဟုတ်ပါက သူ ဒုက္ခရောက်နိုင်ပေသည်။
ရှဲဒိုးချမ်းက ထိုပြဿနာများကို ဖြေရှင်းပေးနိုင်လျှင်တောင် သူ့အပေါ် လူတွေ၏ နားလည်မှုလွဲမှားမှုများက ပို၍သာ နက်ရှိုင်းလာမည် မဟုတ်ပါလား။
ဒုက္ခတွေက တစ်ခုပြီးတစ်ခု လာနေတော့မှာပဲ။
ကံကောင်းထောက်မစွာဖြင့် ဤကမ္ဘာကြီးမှာ အထူးသီးခြားဖြစ်နေပေသည်။ သူက အရွယ်နဲ့မလိုက်ဘဲ ထက်မြက်ပြီး ဉာဏ်ကောင်းရုံသာရှိပြီး မွေးရာပါ အသိပညာများတော့ မရှိသေးချေ။
မကြာမီမှာပင် ထိုလူစုသည် ရှိုးရှန်းနန်းဆောင်၏ အပြင်ဘက်သို့ ရောက်ရှိလာကြရာ ချင်းကျူမှာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရပေသည်။
"ချင်းကျူက မိဖုရားခေါင်ကြီးနဲ့ ကျန်းပေ့ မင်းသမီးကို ဂါရဝပြုပါတယ်... မယ်တော်ကြီးက စောင့်နေပါတယ်... အထဲကို ကြွပါ..."
"ကျေးဇူးအများကြီးတင်ပါတယ် အဒေါ်ကြီးချင်.."
ဟန်လီယန်နှင့် အခြားသူများက အနည်းငယ် ခေါင်းညိတ်ပြလိုက်ကြပြီး ချင်းကျူ၏နောက်သို့ လိုက်ကာ မယ်တော်ကြီး ကျီကျစ်ယွီ၏ အိပ်ဆောင်အတွင်းသို့ ဝင်သွားကြလေသည်။
"မယ်တော်ကြီး ၊အဒေါ် ၊ဘွားဘွား ၊ဘွားဘွားကြီး ကို ဂါရဝပြုပါတယ်..."
ကျီကျစ်ယွီကို မြင်သည်နှင့် လူတိုင်း လေးစားစွာ ဦးညွှတ်လိုက်ကြပေသည်။
ဤအချိန်တွင် နန်ကုန်းယွီပင်လျှင် နန်ကုန်းရိုရွှယ်၏နောက်မှ လိမ္မာပါးနပ်စွာ လိုက်ပါကာ အနည်းငယ် ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။
သူသည် ကိစ္စရပ်များကို နားလည်နိုင်သော အရွယ်သို့ ရောက်နေပြီဖြစ်ကာ ယခုအခါ လမ်းလျှောက်နိုင်ပြီဖြစ်သော်လည်း ဤကဲ့သို့သော ယဉ်ကျေးမှုများမှာ လိုအပ်နေဆဲပင် ဖြစ်ပေသည်။
ဤသည်ကို မြင်ချိန်တွင် ကျီကျစ်ယွီက ပြုံးမိသွား လေသည်။
"ကောင်းပါပြီ... ဒီလို ထုံးတမ်းစဉ်လာတွေ မလိုပါဘူး..."
"ဟုတ်ကဲ့ပါ..."
လူတိုင်းက ခေါင်းညိတ်လိုက်ကြပြီး ပြန်မတ်တပ်ရပ်လိုက်ကြလေ၏။
ကျီကျစ်ယွီသည် ခန်းမထဲရှိ ပုံရိပ်သေးသေးလေးကို ကြည့်ကာ ရယ်မိသွားလေသည်။
"ယွီအာ... ဘွားဘွားဆီ လာပါဦး..."